“ကြာခဲ့ပြီပဲ နှစ်တွေတောင် အိုဟောင်းဆွေးမြေ့လို့“


          နေညိုညနေခင်းတစ်ခုမှာ ဆူညံနေတဲ့ ရွာကလေးက အနောက်ဘက်အရပ်က နေလုံးကြီးကို လက်ပြနုတ်ဆက်နေတယ်။ နွားသံ၊ ဆိတ်သံတွေနဲ့အတူ ယာထဲမှ ပြန်လာကြတဲ့ လူသံတွေကလည်း တစ်ရွာလုံးကို အုတ်အော သောင်းနင်းမှန်စေတယ်။ ခြူသံ၊ ခလောက်သံတွေက ဖုန်တထောင်းထောင်း ကြားကနေ ထွက်ပေါ်နေပြီး ဆိတ်တွေ၊ နွားတွေက ဖုန်လုံးကြီးတွေကြားမှ တစ်ကောင်ပြီးတစ်ကောင် ဘွားခနဲ ဘွားခနဲပေါ်လာလိုက်ပုံများ အသည်းယားစရာ။ ဦးလေးရဲ့ အိမ်အောက် ကွတ်ပျစ်ပေါ်ကနေ ရွာကလေးရဲ့ ညနေ အလုပ်သိမ်းချိန်ကို ကျွန်တော်က လိုက်ပါ စီးမျောမိနေတယ်။ နေလုံးကြီး ပျောက်ကွယ်သွားသည့် တိုင်အောင်  ပူလောင်အိုပ်စပ်မှုက ပျောက်မသွားပဲ တိုးလို့လာနေတယ်။

စွပ်ကျယ်တစ်ထည်ဝတ်ပြီး ယပ်တောင်တစ်ချပ်နဲ့ထိုင်နေတဲ့ ကျွန်တော်ကို အဝေးကနေ လှမ်းမြင်ရရင် ပူတတ်ရန်ကောရယ်လို့ မေးငေါ့သွားနိုင်တယ်။ ကျွန်တော် တစ်ယောက်တည်းမို့ ညနေ နေညိုရင် ရောက်လာမယ့် ညီတစ်ဝမ်းကွဲ ကိုဌေးကို မျှော်နေမိတာ။ ညနေတိုင်း ညနေတိုင်းမှာ ဒီကောင်က အရင်ရောက်ရောက်လာတတ်ပြီး လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အဖြစ်အပျက်တွေကို တွေးမိတိုင်း သ..ပြီးပြောပြောနေတတ်တာ ဒီကောင့်အကျင့်။ ပြီးရင်တော့ တောလေးတစ်လုံးလောက် သွားဆွဲလာပြီး ကျွန်တော့်ကို မသောက်သောက်ချင်အောင် မဲဆွယ်တတ်သေးတယ်။ ပြီးရင်တော့ ခပ်ထွေထွေနဲ့ ဆွေမျိုးတွေ စုနေတိုင်း ဟောဒီ တစ်ဝိုင်းလုံးကို ဂျစ်တိုက်အော်ဆဲတော့တာ ဒီကောင့်အကျင့်။ ပြီးတော့လည်း ဟိုဦးလေးက ဆုံးမ၊ ဒီကြီးတော်က ဆုံးမနဲ့ ငြိမ့်ငြိမ့်လေး ငြိမ့်ပြီး ငြိမ်သွားတတ်စမြဲ။ နောက်တစ်နေ့မနက်မှာတော့ ကိုဌေးရယ်လို့ မဟုတ်တဲ့အတိုင်း ငြိမ်ငြိမ်ကုတ်ကုတ်နဲ့ ဝက်စာလိုလို နေ့စားလိုလိုနဲ့ နေကုန်နေခမ်း ပျောက်နေတတ်တယ်။ ဒါပေမယ့် ညနေ နေညိုပြီဆိုတာနဲ့ ကိုဌေးတို့များ အချိန်မှန်ကို အိမ်ကိုပြန်ပြီး ရောက်ရောက်နေတတ်တယ်။ ဝက်စာလည်းပါသည်ရှိရဲ့၊ နေ့စားလည်းရသည်ရှိရဲ့။

ကျွန်တော်ကတော့ ခုချိန်မှာ ဒီရွာလေးရဲ့ ဧည့်သည်တော်မှတ်တမ်းမှာ စာရင်းသွင်း မှတ်ထားခြင်း ခံရတဲ့သူတစ်ယောက်။ ဆွေရယ် မျိုးရယ်လို့ မမေ့အောင် ဒီရွာကလေးကို ဆယ်နှစ်ကျော်မှ ပြန်လည် ခြေချ အမျိုးမှတ်ရအောင် ရောက်နေတာ။ ဘာကြာသေးလို့လဲ။ ရှိလှ တစ်ပတ်သာသာ။ အဲဒီ တစ်ပတ်သာသာမှာ ဆွေရယ် မျိုးရယ်လို့ အမျိုးတွေ စပ်ကြ။ အလွမ်းသယ်ကြနဲ့ အချိန်ဆိုတာ ကုန်မြန်လိုက်တာ ဘယ်လို ဘယ်လိုမှန်း မသိလိုက်ဘူး။

ထူးထွေဆန်းပြားတဲ့ အကြောင်းတွေဆိုတာ ပါးစပ်မပိတ်နိုင်အောင် အံ့ဩငေးယူရတဲ့အထိ။ ကျွန်တော့်နားနဲ့ ဆက်ဆက်ကြားတာတောင် ဟုတ်ရဲ့လားဆိုတာ ထပ်ခါထပ်ခါ အပ်ကြောင်းထပ်အောင် ပြန်ပြန် မေးယူရသေးတာ။ ပြောရရင် ကျွန်တော့်ညီအရွယ်တွေက ဒီလို ဒီလိုတွေ ဖြစ်နေပျက်နေကြတာလို့ ပြောတာကို မယုံချင်တာ။ ဒါပေမယ့်လည်း ဖြစ်ပြီးသမျှကိစ္စတွေဆိုတာ အဟောင်းကို အသစ်ဖြစ်အောင် ပြန်လည်ပြုပြင်ယူလို့မှ မရတော့တာ။ နဂိုရည်မပျက်ရင်တောင် ငြိုးနွမ်း မွဲခြောက်ပြီး အရောင် ဖျော့တော့တော့အဖြစ်ကို  လက်တွေ့မြင်နေရတာ စိတ်ချမ်းသာတယ်ရယ်လို့ မရှိတော့ဘူး။

ခုချိန်မှာ ဆုံးမဩဝါဒ ပေးရအောင်လည်း အနီးကပ်နေတဲ့ မိရင်း ဖရင်း ဆွေးရင်း မျိုးရင်းတွေတောင် ဆုံးမလို့ မရလို့ လွှတ်ထား ခဲ့လိုက်ရတာမို့ ဆုံးမကွတ်ကောင်း မကွတ်ကောင်းဆိုတာကို ပြန်ပြန် တွေးနေမိပြန်တယ်။ ပြောပြန်ရင်တော့ ခေါင်းကလေးတွေငြိမ့်ပြီး ဟုတ်ပါတယ် အစ်ကိုရာနဲ့ ပြောသမျှ အဆုံး ဒီစကားလုံးနဲ့ချည်း ပြန်ပြန်ပိတ်နေတတ်တာမို့ ကျွန်တော်လည်း ထူးပြီးမဆုံးမသာတော့ဘူး။

(၂)

ခုပဲကြည့်လေ။ ကိုဌေးဆိုတဲ့ကောင်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဆေးလိပ်မပြောနဲ့ အရက်ဆိုတာ ဘာမှန်းညာမှန်း မသိတဲ့ကောင်။ ဟောခုကြည့် မျက်စိအောက်ကနေ ဆယ်နှစ်လောက် မတွေ့ခဲ့တဲ့ အချိန်ကာလ နှစ်တွေအတွင်းမှာ ဆေးလိပ်ဆိုတာ အဖြူကစလို့ ဖက်ကြမ်းအဆင့်ကိုရောက်နေပြီ။ အရက်ဆိုတာ ပြောမနေနဲ့တော့ တောတစ်လုံးဆိုတာ ဒီကောင့်ပါးစပ်ဖျားမှာ ကန်တော့တက်ပြီး လောင်းချတာတောင် လောက်ငမယ်လို့မထင်ဘူး။

ဒီကောင် ခပ်ထွေထွေဖြစ်နေတဲ့အချိန်ဆိုရင် ကျွန်တော့်တို့နား လာလေ့မရှိဘူး။ လူပါး လူနှပ်လိုလိုနဲ့ ရှောင်ရှောင်နေတော့တာ။ ခုဒီရွာကို ကျွန်တော်ရောက်နေတဲ့အချိန်ကလည်း ဒီရွာရဲ့ တစ်နှစ်မှာ တစ်ခါ ကျင်းပလေ့ရှိတဲ့ ရွာဆွမ်းလောင်းပွဲ။ တစ်ရွာလုံးဆိုတာ ဆွမ်းလောင်းပွဲအတွက် လုံးပမ်းနေကြတာများ ဟိုနေရာ အုတ်ကျတ် အုတ်ကျတ် ဒီနေရာ အုတ်ကျတ် အုတ်ကျတ်နဲ့။ တရုန်းရုန်း တဝုန်းဝုန်းပဲ။ ရပ်ဝေး နယ်ဝေးမှာရောက်နေကြတဲ့ ဆွေမျိုးတွေကို ရွာပြန်လာဖို့ ဖုန်းဆက်အကြောင်းကြားရ ၊ လူကြုံ စကားပါးရနဲ့။ နောက်ပြီး ဆွမ်းလောင်းအတွင်းမှာ ချက်ပြုတ်ဖို့ ဟင်းစာအတွက်၊ အချိုပွဲတည်စရာ မုန့်ဆီကြော်ကို ချပ်ရေ ဘယ်လောက်ထိကြော်မှာက အထိ စဉ်းစားနေလိုက်ကြတာ ခုသလော ယာထဲကိုင်းထဲ ဆင်းကြတယ်ရယ်လို့ကို မရှိဘူး။ ဒီလိုပွဲရှုပ်ရှုပ် လူစည်စည် အချိန်တွေမှာ ကျွန်တော့်ရဲ့ ညီတော် တစ်ဝမ်းကွဲတွေကလည်း ဘယ်လိုအဝတ်အစားနဲ့ ဘယ်လိုစတိုင်လ်ထုတ်ပြီး ဘယ်နေ့မှာတော့ ပျော်ပွဲရွှင်ပွဲလေး ဘယ်လိုနွဲရမလဲဆိုတာကို စီကာစဉ်ကာ တွေးတောနေတော့တာ။ ဒီနေရာမှာတော့ ကိုဌေးဆိုသူက အငြိမ်။

ဒီကောင်က သောက်ရ မူးရမယ့်နေရာမှာ ငဝိုင်းကို သိပ်မထုတ်နိုင်တော့ စကားကို ဟောင်ဖွာ ဟောင်ဖွာပြောပြီး ဦးမဆောင်ရဲဘူး။ ကျန်ကောင်တွေကလည်း တစ်ဦးတစ်ယောက်နဲ့ မတည်လို့မပြီးတော့ တစ်ယောက်ကို ဘယ်ရွေ့ ဘယ်လောက်မှ တစ်ဝိုင်းတည်းထိုင်ခွင့်ရမယ်ဆိုတာကို တိုင်ပင်နှီးနှောနေရတယ်။ တော်တော်ကြာ စကားရော ဖွဲရောနဲ့ တစ်ခွက်တစ်ဖလား ဝင်ဝင်မော့သွားတာနဲ့တင် ပုလင်းလဲပြီး လူက ငုတ်တုတ်ဖြစ်နေမှာကိုလည်း စိုးရိမ်နေရသေးတာ။

“ကိုသော်ကိုတော့ ကျွန်တော်တို့ အစ်ကိုဧည့်သည်အနေနဲ့ ချွင်းချက်ထားပြီး ဘာမှမကောက်ပါဘူး“

ဆွေဦးဆိုတဲ့ ညီတစ်ယောက်က ကျွန်တော့်ကိုပြောတယ်။

“ဟ ဘယ်ဟုတ်မလဲ ညီ မင်းတို့တွေ စီစဉ်နေကြတယ်ဆိုတာ မှန်ပေမယ့် အစ်ကိုကလည်း ဝိုင်းမ စပေးရမှာပေါ့။ “

ကျွန်တော့်စကားကို သန်းမြင့်ဦးဆိုတဲ့ ဆွေဦးရဲ့ ညီက ပျာပျာသလဲလဲ လက်ကာပြပြီး

“ဘယ်ဟုတ်မလဲ အစ်ကိုက လာလည်တဲ့ ဧည့်သည်။ လက်မခံနိုင်ပါဘူးဗျာ။ မဟုတ်ဘူးလား ဟေ့ကောင်တွေ“

“ဟုတ်တယ် ဟုတ်တယ်.။ လက်မခံနိုင်ဘူး ကိုသော်။ ဘယ့်နှယ့် ဧည့်သည်ကို ဧည့်ဝတ်ကျေရမှာက ကျုပ်တို့ရဲ့ တာဝန်လေဗျာ။ ဝတ္တရားလေဗျာ။ ဟုတ်တယ် ။ ဟုတ်“

မျိုးဦးပြောလာတဲ့ စကားအဆုံးမှာ

“ဟုတ်တာပေါ့။ မှန်တယ်။ ကိုသော် တစ်ပြားတစ်ချပ်မှ ဝင်ကူစရာမလိုဘူး။ ဒီအတိုင်းလေး အဆင်သင့်ပြင်ဆင်ပြီးတဲ့ ဝိုင်းမှာ မြိန့်မြိန့်ကြီးထိုင်လိုက်ရုံပဲ။“

“ဟုတ်တယ်ဗျို့။ ဟုတ်တယ်။ ဒီလိုပဲဖြစ်သင့်တယ်။ အားလုံးလက်ခံတယ်မလား“

ဆွေဦးက ဒီလိုမေးလိုက်ရင်ပဲ

(၃)

“လက်ခံတယ်။ ကိုသော် တစ်ပြားတစ်ချပ်မှ ထည့်ဝင်စရာမလိုဘူး“

ဆိုတဲ့ စကားတစ်လုံးတည်းနဲ့တင် ကျွန်တော်လည်း ရေငုံနှုတ်ပိတ်ပြီး ညီတော်တွေရဲ့ အလိုကိုလိုက်လို့ သူတို့လေးတွေ ပြင်သမျှ ဆင်သမျှကို လက်ပိုက်ကြည့်နေ လိုက်ရတော့တာ။ ခုတော့ ရွာက ညီတော်မောင်တွေကလည်း တိုးတက်လာတာပဲလား ဆုတ်ယုတ်လာတာပဲလားတော့မသိဘူး။ ဒီလို ဆွမ်းလောင်းအတွင်းမှာ တောတွေ ဘာတွေ စဉ်းစားမနေတော့ပဲ ဘီယာတွေ၊ ဝီစကီတွေလုပ်ချလိုက်ကြတော့တာ။ အရည်ကောင်းမှတော့ အမြည်းကောင်းရမယ်ဆိုတဲ့ စကားလို ကျွန်တော့်ညီတော်မောင်တွေ အမြည်းအတွက် အပူတပြင်းဖြစ်ကုန်ကြတော့တာ။

“ဟ ဆွေဦးရ မင်း ကြည့်လည်းလုပ်ဦးလေ။ ဒီလို အရည်ကောင်းကောင်းဆိုတာ ပဲကြီးလှော်၊ လက်ဖက်သုပ်လေးနဲ့ ခပ်ပါးပါးလုပ်လို့ဘယ်ကောင်းမလဲ။ ကို့သော်ကို အားနာစရာ။ ကိုသော်တို့မြို့လောက် မစီစဉ်ပေးနိုင်ရင်တောင် တင့်တင့်တယ်တယ်လေးဖြစ်အောင် လုပ်မှပေါ့“

ကိုဌေး ပြောနေတာကိုနားထောင်နေရင်းက ကျွန်တော် စကားဝင်ပြောရတော့တယ်။

“ဒီမယ် ငါ့ညီတို့ ။ ဘာကိုမှ ဇာချဲ့မနေနဲ့။ ဒီလောက်ဆိုရင်လည်းဖြစ်တယ်။ အစ်ကိုက သောက်ချင်လွန်းလို့လည်းမဟုတ်ဘူး။ ခု ညီတို့ က စီစဉ်ပေးတော့လည်း ဘာဖြစ်ဖြစ် နွှဲလိုက်မယ်လို့ပဲ တွေးထားတာ။ ဘာအမြည်းနဲ့မှ ညာ အမြည်းနဲ့မှရယ်လို့ ဇီဇာ မကြောင်ပါဘူး။ ဒီလောက်လည်းဖြစ်တယ်ကွ။ အချင်းချင်းတော့ စကားမများကြနဲ့။ အစ်ကို မကြိုက်ဘူး“

ကျွန်တော့်စကားသံကြောင့်ထင်တယ်။ နုတ်ဆိတ်သွားကြတယ်။ ဒါနဲ့ပဲ ပျော်ပွဲဝိုင်းကလေးကို ဘယ်နေ့စမလဲဆိုတာ မေးကြည့်တော့။ ရွာဆွမ်းလောင်းပွဲနေ့တဲ့။ နေရာကတော့ ခု ကျွန်တော်တည်းနေတဲ့ ဦးလေးရဲ့ အိမ်နဲ့တစ်အိမ်ကျော်မှာ  စီစဉ်ထားလိုက်ကြတယ်။ ရွာလူငယ်တွေဆိုတာလည်း မိဘက သိသာ သိစေ မမြင်စေနဲ့ဆိုတဲ့ သဘောမျိုးနဲ့တူပါရဲ့။ အချိန်ကိုတော့ ည ၈နာရီလောက် သတ်မှတ်လိုက်ကြတယ်။

*************

ရွာဆွမ်းလောင်းပွဲနေ့

          ဝါခေါင်လ နေက မနက် ဆယ်နာရီလောက်မှ ပူပူလောင်လောင်ကြီးနဲ့ ရွာသားတွေကို ကြိုလင့်နေတယ်။ ရောင်စုံနီဝါ ဖြူပြာတွေက နေရာအစုံစုံမှာ ဖူးဖူးပွင့်ပွင့် စွင့်စွင့်ငွားငွား ပွင့်နေကြတယ်။ လုံမပျိုတွေဆိုတာ ဟိုတုန်းကလို သနပ်ခါးရည်ကျဲနဲ့ နူးညံတဲ့ ပါးပြင်ထက်မှာ ခြယ်သမနေတော့ပဲ ဒီနေ့ ခေတ်စားနေတဲ့ ကာလာခြယ် မိတ်ကပ်တွေကိုသာ သွင်သွင်ကြီး ခြယ်သကြလို့။ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်ကြီးကို လှချင်တိုင်းလှနေကြတာ။ ကာလာစုံအသားအရည်ပေါ်မှာ တစ်ချို့ကလည်း ပြာဟောက်လို့။ တစ်ချို့ကလည်း ပနံရလို့။ တစ်ချို့ကလည်း ရောင်စုံစပ်ကြားသနပ်ခါးနဲ့။ လူပျိုလေးတွေကို မြင်ရတော့ ရယ်ချင်စိတ်ကဖြစ်လာပေမယ့် သူတို့ခေတ်နဲ့ သူတို့အထာပဲလေဆိုပြီး ဖြေတွေးလိုက်ရတယ်။ မြင်ရတဲ့ပုံက ရှေးလူကြီးများက မထော်မနမ်းတွေလုပ်လာတယ်ဆိုပြီး ဘယ်လောက်ပြောပြော ဒီဘက်နားက ဝင် ဟိုဘက်နားကထွက်ဆိုပြီး သဘောထားပြီး ရူပါကိုဖွင့်လာလိုက်ကြတာ မျက်စိထဲမှာ ကိုယ့်ဟာကိုယ် ပြန်လည် တွဲစပ်ရတဲ့အထိ။

ကြည့်လိုက်ပါလေ။ မြင်ရတဲ့ မြင်ကွင်းမှာ။ လူပျိုလေးတွေရဲ့ခေါင်းမှာ မာမီးခေါက်ဆွဲလို အတွန့်အလိမ်တွေနဲ့ ဆံပင်တွေက ရောင်စုံခြယ်သထားကြလို့။ နေရောင်အောက်မှာ ဟိုတစ်ယောက်ခေါင်းက မီးထတောက်တော့မလို၊ ဒီတစ်ယောက်ခေါင်းက မီးထတောက်တော့မလိုလို။ ဝတ်ထားလိုက်ကြတာများ ကိုးရီးယား မင်းသားတွေကိုများ အားကျနေကြတယ်ထင်ရဲ့ မလိုက်ဖက်လိုက်ပုံများ ပန်းနုရောင်ဖင်ကျပ်ကလေးတွေနဲ့။

(၄)

အပေါ်အောက်ဖက်ရှင်က ဘယ်လိုမှ တွဲစပ်လို့မရဘူး။ ဒါပေမယ့်လည်းပေါ့လေ သူတို့လေးတွေ ပျော်နေကြတယ်။ လူကြီးတွေကလည်း ပျော်နေကြတယ်။

ကျွန်တော့်မျက်စိရှေ့မှာ ဝင်လာတဲ့ လူငယ်လေးတစ်ယောက်က ကျောပေးပြီး မတ်တပ်ရပ်နေတာက လူလည်ခေါင်ကြီးမှာ။ သန်းမြင့်ဦးတို့ မျိုးဦးတို့ ကိုဌေးတို့ကျွန်တော့်နားမှာတင် ဟိုအပျိုကိုစလိုက် ဒီအပျိုကို နောက်လိုက်လုပ်နေကြတယ်။ ကိုဌေးတစ်ယောက်ကလွဲလို့ လူပျိုဆိုတဲ့အရသာကို စိတ်လွှတ်ကိုယ်လွှတ်ကို အပြည့်အဝ ခံစားနေကြတယ်။ စောစောတုန်းက ကျောပေးထားတဲ့ ကိုယ်တော် ကျွန်တော့်တို့ဘက် မျက်နှာလှည့်လာတယ်။ ဒီတော့မှ

“ဟာ ဆွေဦး“

“ဟေ့ကောင် မင်း ဘယ်လိုပုံကြီးလုပ်လာတာလဲ“

“ဟင် ဒါ ဆွေဦးလား။ ငါ့ညီ မင်းဟာကလဲကွာ“

ကျွန်တော် စိတ်ပျက်စွာနဲ့ နှာခေါင်းရှုံ့မိတော့မလို့။ ဆွေဦးရဲ့ ဆံပင်တွေဟာ မီးမြိုက်ခံလိုက်ရသလို တွန့်လိမ်ကောက်ကွေးလို့ နီရဲနေတယ်။ ပန်းရောင် တီရှပ်နဲ့။ လေးညှင်းရောင် ဖင်ကျပ်ဘောင်းဘီနဲ့။ နောက်အသားက မည်းမည်းနဲ့။ ဘယ်လိုမှကို သဟဇာတမဖြစ်။ ဒါပေမယ့်လည်းပေါ့။ သူတို့လေးတွေ ပျော်နေကြတယ်လေ။

အဲဒီအချိန်မှာပဲ မြောက်ဘက်ရွာက တီးလိုက်တဲ့ ဆိုင်းသံက ကျယ်ကျယ်လောင်လောင်ကြီး ထမြည်လာတယ်။ ဒီတော့မှ ကျွန်တော်တို့တောင်ဘက်ရွာက ရွာသူ ရွာသားတွေ လှုပ်လှုပ်ရွရွဖြစ်ကုန်ကြတယ်။ ဟိုဘက်ရွာက ဆိုင်းတောင်တီးနေပြီး တို့ဘက်ရွာက ဆိုင်းက ဘာလုပ်နေတာတုန်း။ ဆိုင်းဆရာ သေနေသလား။ မင်းသမီးတွေ ပြင်နေကြတုန်းလား။ လုပ်ပါဟ တီးကြပါဟ။ လော်စပီကာကို မြောက်ဘက်ကိုလှည့်ပါဟ။ အသံချဲ့ပါဟ။ တီးပါဟရယ်လို့ဖြစ်ကုန်ကြတာ။ ပြောရရင် တောင်ရွာနဲ့မြောက်ရွာဆိုတာ ဟိုးပဝေသဏီကတည်းက မတည့်အတူနေ မမြင်ချောင်းကြည့်ဆိုသလို တဇောင်းစေးနဲ့ မျက်ချေးတွေပေါ့။ ရွာနှစ်ရွာရဲ့ကြားမှာ ရေကန်ခြားနေပြီး နွေခါမှာတော့ ရေမရှိလို့ ဖြတ်သွား ဖြတ်သွားလုပ်လို့ရတယ်။ ခုချိန်က သာစည် မင်းလှကန်က ရေမဝင်လို့ ကန်ကခြောက်နေတာ။

ဘာပဲလုပ်လုပ် အပြိုင်အဆိုင်ရယ်လို့လုပ်လာကြတာကလည်း ဟိုးရှေးရှေးတုန်းကတည်းက။ ဆိုရရင် ဗွီဒီယိုပြရင်တောင် တောင်ရွာ မြောက်ရွာ ဘယ်လိုပြိုင်ကြတုန်းဆိုရင် တောင်ရွာက-

“အဟမ်း အဟမ်း အဟမ်း။ သမန်းကန်ရွာအတွင်းမှာရှိတဲ့ ချစ်စွာသော ဗွီဒီယိုချစ်သူများခင်ဗျား။ ယနေ့ညမှာဖြင့် အများနဲ့မတူ တမူထူးခြားစွာ တင်ဆက်ပြသမယ့် ဇာတ်ကားကတော့ အတိုက်အခိုက်မှာ စွာစွာလန်ကျဲ အပြောမှာချိုလန်ချဲတဲ့ မင်းသားချောလေး မြင့်မြတ်နဲ့ ပျိုပျိုတွေ အူတို ကာလသားလူပျိုတွေ ဖင်ထိုင်ငေးပါတဲ့ မင်းသမီးချောလေး  ခိုင်သင်းကြည့်တို့ရဲ့ ဗလာဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဖြင့် အကယ်ဒမီများရှင် ချိုပြုံးက အငိုကောင်း အပြောကောင်းနဲ့ ဇာတ်ပို့အဖြစ် ပါဝင် သရုပ်ဆောင်ထားမှာမို့ အပြေးလေးသော့လှမ်းလို့ ဟောဒီက ကျွန်တော်များရဲ့ တောင်ဘက်သမန်းကန်ရွာက မောင်မောင်တုတ်ရဲ့ ဗွီဒီယိုရုံကို ကြွလှမ်းခဲ့ပါလို့ သတင်းကောင်းပါးလိုက်ပါရစေလား….ခင်ဗျား။“

လို့ ကြေငြာလိုက်ရင်ပဲ မြောက်ဘက်ရွာဆိုတာ ဆွေ့ဆွေ့ကိုခုန်နေပြီ။ ခုန်ဆို သိရတာက သူတို့မြောက်ဘက်ရွာ ဗွီဒီယိုပိုင်ရှင်ရဲ့သားက ဇာတ်ကားသွားဌားရာက ပြန်မလာသေးလို့ပဲ။ ဒီတော့ အနိုင်မခံ အရှုံးမပေး အကျောမပေးလိုတဲ့စိတ်ဓါတ်နဲ့ ဒီလို ပြန်ကြေငြာတယ်။

(၅)

“ဟယ်လို အဟမ်းဟမ်း။ အဟမ်း။ အဟမ်း။ ချစ်စွာသော မြောက်ဘက်ရွာက ဗွီဒီယို ချစ်သူများခင်ဗျား။ ကနေ့ညမှာတော့ ကဲကျွန်တော်များ မြောက်ဘက်ရွာ ဗွီဒီယိုရုံမှာ တင်ဆက်ပြသမယ့် ဇာတ်ကားမှာဖြင့် အကယ်ဒမီ မင်းသားချောလေး နေတိုး၊ ဇာတ်မင်းသားလေး ကျော်ကျော်ဗိုလ်၊ ခင်လှိုင်၊ ဒိန်းဒေါင်၊  လူကြမ်းမင်းသား အောင်ခိုင်၊ ညီညီမင်းထက်၊ အံမင်းညို၊ လူကြမ်းတစ်ရာနဲ့ မှုန်ထ လှပ ကျော့ရှင်းတဲ့ မင်းသမီးချောလေး မိုးဟေကို၊ ဝတ်မှုန်ရွှေရည်၊ သက်မွန်မြင့်၊ ချောရတနာ၊နဝရတ်၊ ခိုင်သင်းကြည်၊  ဂွမ်းပုံ၊ မျိုးမျိုးခိုင်၊ အေးသီတာတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကို ပြသပေးမှာ ဖြစ်ပါကြောင်း ကျွန်တော်များ မြောက်ဘက် သမန်းကန်ရွာ အောင်ညိုကြီး ဗွီဒီယို မိသားစုမှ ချစ်စွာသော ဗွီဒီယို ပရိတ်သတ်ကြီးအတွက် အထူး တင်ဆက်ပြသ ပေးမှာဖြစ်တဲ့အတွက် ကြွလှမ်းခဲ့ကြပါလို့ ကြွလှမ်းခဲ့ကြပါလို့ ..အဲ ဇာတ်ကားအမည်ကတော့ ငါ့သားလာမှ သိမယ်..။ ငါ့သားလာမှသိမယ်..။“

ဆိုပြီး ပါးစပ်ထဲတွေ့ရာ မင်းသားနာမည်တွေရွတ် မင်းသမီးနာမည်တွေရွတ်ပြီး အမည်မသိသေးတဲ့ ဇာတ်ကားနာမည်ကို ငါ့သားလာမှ သိမယ်လို့ပြောပြီး ကြေငြာလိုက်တော့တာ။ မသိရင်တော့ ဇာတ်ကားနာမည်ကပဲ ငါ့သားလာမှ သိမယ် ဆိုသလိုလိုပေါ့။ ပြီးရင်တော့ လော်စပီကာတွေကို မြောက်ဘက် တောင်ဘက်လှည့်ပြီး ဗွီဒီယိုပြကြတော့တာ။

အဲလို နှစ်ရွာဆိုတော့ ခု ဆွမ်းလောင်းပွဲမှာ ဆိုင်းတွေအပြိုင်ဌား၊ မင်းသမီးတွေ အပြိုင်အဆိုင်ဌားကြလို့ ဘယ်သူဆိုင်းကဖြင့် ဘယ်မြို့ဘယ်ရွာမှာ ပြဲပြဲစင်နာမည်ကျော်ဆိုင်းကြီးပေါ့။ ဘယ် မင်းသမီးကတော့ နာမည်ကျော် အဆို၊ အက၊ အငိုမှာ စွယ်စုံရမင်းသမီးကလေးပါ့။ မြောက်ဘက်ရွာက မင်းသမီးထက် တို့တောင်ရွာက မင်းသမီးက အပုံတစ်ရာသာတယ်ဆိုတာက တစ်မျိုး။ တောင်ဘက်ရွာက ဆိုင်းထက် တို့ဆိုင်းကမှ နာမည် ဟိုးဟိုးကျော်တာက တစ်ဖုံ ပါးစပ်စစ်တွေ တိုက်နေလိုက်ကြတာ  နားကွဲမတတ်ကို ကြားနေရတယ်။ ခုလည်း မြောက်ဘက်ရွာ ဆိုင်းတီးသံကြောင့် တောင်ဘက်ရွာသူ ရွာသားတွေ လှုရွလာကြတာ ဘယ်ဆန်းမတုန်း။

လုပ်လိုက်စမ်းဟဲ့၊ တီးလိုက်စမ်းဟဲ့၊ လုပ်လိုက်ပါဟ၊ တီးလိုက်ပါဟ ရွာစားရဆိုပြီး ဝိုင်းညာသံပေးကြ၊ မင်းသမီးတွေကို ကလိုက်ပါဟ ဆိုလိုက်ပါဟ…ဟေးဟေး ဟဟနဲ့ တစ်ရွာလုံး ဆူညံနေကြတော့တာ။

ကန်တော့ဗန်းလေးတွေ ခေါင်းမှာကိုယ်စီရွက်ပြီး တောင်ရွာ မြောက်ရွာ ဆွမ်းလောင်းဖို့ထွက်ကြပြီ။ လူတန်းကြီးနောက်မှာမှ မင်းသမီးပါတဲ့လှည်း၊ အဲဒီနောက်မှာမှ ဆိုင်းဝိုင်းပါတဲ့လှည်း။ ဆိုင်းဝိုင်းဆိုပေမယ့်လည်း အပြည့်အစုံပါတဲ့ အလှူမင်္ဂလာဆိုင်းဝိုင်းကြီးရယ်လို့ မထင်လိုက်လေနဲ့။ တကယ့်ကို ခနော်နီခနော်နဲ့ ဆိုင်း။ ပြောရရင် မင်းသမီးကလည်း သူ့အရပ် သူ့ဇာတ်မှာတော့ နာမည်ကြီးချင်လို့သာကြီးလာတဲ့ မင်းသမီးရယ်လို့ ပြောလို့ရတယ်။ တောင်ရွာ မြောက်ရွာ လေလုံးထွားတဲ့ ကြားမှာ ဆိုင်းဝိုင်းနဲ့ မင်းသမီးဆိုတာ နာမည်ကြီး ထမင်းငတ်နေကြရတာ။ ရွာသားတွေ ပြောသမျှ မြင့်ရသလို၊ ရွာသားတွေ ချသမျှလည်း နှိမ့်ရတဲ့ ဘဝ။ခုတော့ လှည်းတွေ လူတွေ စည်စည်ကားကားနဲ့ ရွာရှေ့က စေတီငယ်ကလေးမှာ ဆုံကြတော့မယ်။ ကျွန်တော်တို့ညီအစ်ကိုတွေကလည်း ဟိုငမ်း ဒီငမ်းနဲ့ ဖြည်းဖြည်းချင်းခြေလှမ်းရွေ့လို့ လူတန်းကြီးသယ်ရာနောက် လိုက်ပါလာခဲ့တော့တာ။

ဆွေဦးဆိုတာ ဆိုင်းတီးသံကြားရကတည်းကကို မြူးလို့ ထူးလို့။ရွာကထွက်ပါပြီဆိုကတည်းက နှစ်ရွာက နှစ်ဖက်ဆိုင်းနဲ့ နှစ်ဖက် မင်းသမီးဆိုတာ တီးလိုက်ရတာ၊ ကလိုက်ရတာ ဖက်ဖက်ကိုမောလို့။ မင်းသမီးတစ်ယောက်မောရင် နောက်ထပ်မင်းသမီးက ထက။ တစ်ယောက်ထိုင်တစ်ယောက်ကနေရတာများ ရုပ်သေးရုပ်ကလေးတွေကို ကြိုးဆွဲဆရာက မညှာမတာ ကိုင်ဆွဲကခိုင်း နေသလိုကို ဖြစ်နေတော့တာ။ မကလို့လည်းမရဘူး။ မောလို့ရယ်မှ မထိုင်ရဘူး။ တောင်ရွာ မြောက်ရွာနှစ်ဖက်စလုံးက ကစမ်း။ အပြိုင်က။ အကရပ်၊ အတီးရပ်တဲ့ ဘက်က အရှုံးရယ်လို့ သတ်မှတ်ထားကြတာ။ ဒီတော့လား ငါတို့ဘက် ရှုံးလို့မဖြစ်ဘူး။ သူတို့ဘက်ကရှုံးအောင် တီးလိုက်ပါဦး ရွာစားရဲ့၊ ကလိုက်ပါဦး မင်းသမီးရဲ့၊ လုပ်ဟ တီးပါဟ၊ ကပါဟ…။

(၆)

ဒီလို ဝိုင်းအော်ကြ။ လှည်းဘေးအောက်ဘက်က ဝိုင်းကလိုက်ကြနဲ့ မင်းသမီးတွေ ချွေးစို့၊ ဆိုင်းဆရာတွေ ချွေးစို့စို့။ တီးလိုက် ကလိုက်ရတာ မရပ်မနား။ နောက်ဆုံး ပြိုင်မကနိုင်တော့တဲ့ မင်းသမီးတစ်ယောက်ယောက်က ရပ်လိုက်တော့တာနဲ့ ဆက်ကနေတဲ့ မင်းသမီးရှိရာရွာဘက်က ဟေးခနဲထအော်ကြတော့တာ။

“တောင်ဘက်ရွာကွ၊ ဒါမှ ငါတို့ တောင်ဘက်ရွာ ရွာစားကွ မင်းသမီးကွ“လို့ တစ်ဖက်ရွာ အမြင်ကပ်အောင် မျက်နှာထိ မျက်နှာပေးတွေ၊ စကားအရွဲ့အစောင်းတွေနဲ့ ချိတ်မိအောင်ပြောကြ၊ မခံချင်အောင်ပြောကြ။ ဆွေဦးမှာလည်း ကလိုက်တာလည်း ကွေးလို့။ ကြည့်ဦး ချွေးတွေချွဲနှစ်နေတာ။

စောစောက မင်းသမီးကနားမလို အလုပ်မှာ ဆွေဦးဘာလုပ်သလဲဆိုရင် လှည်းပေါ်ကို ဆွေ့ခနဲခုန်တက်ပြီး မင်းသမီးလက်ကိုဆွဲလို့ အတင်းကခိုင်းနေတာ ကျွန်တော်တို့အောက်က ညီအစ်ကိုတတွေ မျက်ခုံးတွေကိုလှုပ်လို့။ ဆွေဦးပဲ အတင်းလက်ဆွဲကခိုင်းလို့လားရယ်လို့မသိ။ မင်းသမီးကဆက်ကလိုက်တာ မြောက်ဘက်ရွာက မင်းသမီးခင်မျာ ဖင်ထိုင်ကိုလဲချယူလိုက်ရတော့တာ။ တကယ်တော့ မင်းသမီးတွေခင်မျာ ပြိုင်ပြီးရယ်လို့လဲ ကချင်ဟန်မတူပါဘူး။

ဆွေဦးလှည်းပေါ်တက်ခါစက ရွာသားတွေ က

“ဟ ဘာလုပ်တာလဲ အဲဒီကောင်.. “

“ငလေးသာ သား ဆွေဦးမလား ဆွဲချစမ်း ။ ဘာလုပ်တာလဲ ဒီကောင်.. “

“ကြည့်စမ်း လူပါးဝလို့ မင်းသမီးလက်ကိုများဆွဲလားရမ်းလားနဲ့ မိုက်ရိုင်းလိုက်တာ နှာဘူး အဲဒီ တဏှာရူးကို ဆွဲချကြပါဟဲ့။ “

“ဟုတ်တယ် အရှက်ကိုမရှိဘူး ဗိုင်းသာမ သား ဆွဲချဟ“

နဲ့ကို ရွတ်ကုန်ကြတော့တာ။ ခုတော့လည်း အဲဒီအသံတွေတိတ်။ ဆွေဦးတို့များတော်လိုက်တာ။ မင်းသမီးလက်ဆွဲကလို့ တို့ရွာက နိုင်လိုက်တာနဲ့ ဘုရားမှာ သံဃာတော်တွေကို ဆွမ်းလောင်းသာတောင် အာရုံမလာကြတော့ဘူး။ ကျွန်တော်ကတော့ လူတွေများ လှူပွဲနဲ့ ပျော်ပွဲမှားပြီးကျင်းပနေသလားလို့တောင် တွေးပြီး ဖုန်တလုံးလုံးကြားမှာ အသက်ရှုမဝတဝနဲ့ ပူလောင်စပ်ပြင်းတဲ့ နေအပူရှန်အောင်မှာ စိတ်မော လူမောကိုဖြစ်လို့။

****************

          ရွာထဲမှာ ဆူညံနေတယ်။ ညနေစောင်းနေက အနောက်အရပ်မှာ ပျောက်ကွယ်သွားပြီ။ အပူရှိန်ကလည်း တဖြည်းဖြည်းလျှော့လို့ လေညှင်းလေး သော့သော့တိုက်နေပြီ။ မနက်တုန်းက ဆွမ်းလောင်းပွဲအတွေ့အကြုံတွေကို အာဘောင် အာရင်းသံသံနဲ့ မိန်းမတစ်ချို့က ပြောနေဆိုနေကြတုန်း။ တစ်ရွာ့ တစ်ရွာ ဧည့်သည်တွေကို ထမင်းကျွေးရ ဟိုဘက်ဆွေမျိုးအိမ် ပို့ ဒီဘက်ဆွေမျိုးအိမ်ပို့နဲ့ ခုတော့ လူတွေနည်းနည်းကျဲသွားခဲ့ပြီ။ ယောကျာ်းသားတွေ၊ ကာလသားလူပျိုလေးတွေ အချို့ မူးလို့နေကြပြီ။ နေခင်းပိုင်းတုန်းက မကြားရသေးတဲ့ ဆူပူတဲ့အသံတွေက ထွက်စ ပြုလာပြီ။ တစ်ချို့က ဟိုလူ့စောင်းဆဲ၊ ဒီလူ့စောင်းဆဲနဲ့ ဖရုဿဝါစာစကားသံတွေကိုကြားလာရတာ ကျွန်တော်ဖြင့် နားကလောလာမိတော့တယ်။

ညနေစာကို အနည်းငယ်လျှော့စားပြီး ကျွန်တော့်ရဲ့ ညီတော်မောင်တွေကို စောင့်နေလိုက်တာ တစ်ယောက်စနှစ်ယောက်စနဲ့  ညီတော် လေးယောက်အပါအဝင် သူတို့ရဲ့ အပေါင်းအပါတွေနဲ့ လူက ကိုးယောက် ဆယ်ယောက်လောက်ကိုဖြစ်သွားတော့တယ်။ ညနေခင်းကနေ ည အဖြစ်ကို ချည်းနှင်းဝင်ရောက်နေချိန်မှာ ကျွန်တော့်တို့ကလည်း အရက်ဝိုင်းနားကို ချဉ်းကပ်လို့။ ဝိုင်းကို စမြင်လိုက်ရတော့ ကျွန်တော် အံ့ဩမိတာများ မယုံနိုင်ဘူး။ ညီတော်တွေကတော့ မျက်ခုံးတွေ တစ်ယောက်နဲ့ တစ်ယောက် ပင့်တင် ကျေနပ်ရင်း ဒါ ကျုပ်တို့ စီမံထားတာလေ ဘယ့်နှယ့်လဲဆိုတဲ့ သဘောမျိုးနဲ့ ကျေနပ်ပီတိဖြစ်နေကြတယ်။

(၇)

ဖယောင်းတိုင် မီးရောင်အောက်မှာ ကြက်ကောင် လုံးကြော်ကြီးက ဟီးထနေတယ်။ တော်တော်လေးကို ဆူဖြိုးတဲ့ ကြက်ရယ်လို့ တွေးမိလိုက်သေးတယ်။ ဝက်သားကြော်တွေလည်းပါရဲ့။ အမဲသား လုံးကြော်လည်းပါရဲ့။ ရွာမှာ ရှားပါးတဲ့ အာလူးကြော်ကိုတောင် ဘယ်ကရှာလာသလဲ မသိဘူး။ စတီးဇလုံထဲမှာ အပြည့်။ မြို့ကိုရောက်စ ပေါက်စရှိလို့ထင်ရဲ့ ငရုပ်ချဉ်သုံး လေးခွက်ကလည်း ပါလိုက်သေး။ ခေါက်ဆွဲကြော်ကလည်း အဆီတွေ ဝင်းလို့။ ကြံကြံဖန်ဖန် ဟင်းရည်လေးတစ်ခွက်ကို ချက်ထားလိုက်ပုံများ သောက်ချင်စရာကို ဖြစ်နေကြတာ။ စီးကရက်လည်းပါရဲ့။ ရေမီးအစုံနဲ့ကို ပြည့်စုံကုန်လုံနေတယ်။

“ဒါတွေ မင်းတို့ စီစဉ်ထားတာလား“

“ဟုတ်တယ် ကိုသော် ။ ဘယ့်နှယ့်လဲ ပြည့်စုံရဲ့လား“

“ပြည့်စုံတာထက်ကို ပိုနေတယ်။ တော်တယ် ငါညီတွေ“

“ဟေး…..“

ရုတ်တရက် ကျွန်တော်လန့်သွားတယ်။ တပြိုင်တည်း ဟေးရယ်လို့ ထအော်လိုက်ကြတာကိုး။

“ဘာဖြစ်တာလဲ မင်းတို့က“

“ဟီး ပျော်လို့“

စကားတွေ၊ စကားတွေပြောလိုက်ကြတာများ သောက်ကောင်းကောင်း၊ စားကောင်းကောင်းနဲ့ အာညောင်းလို့ အာညောင်းမှန်းမသိဘူး။ကိုဌေးရဲ့မျက်နာက မှိုရတဲ့မျက်နှာပုံကို ပေါက်နေမယ်ဆိုရင် ဆွေဦးက မှိုကျင်းကိုတွေ့တဲ့ မျက်နှာပုံမျိုး။ ကျွန်တော်ကတော့ ဧည့်သည်ဆိုတော့ စကားအမှားမပါအောင် များများမသောက်ရဲ။ ဧည့်သည်  ဧည်သည်လို့နေတတ်မှလေ။ ညီတွေနဲ့ သောက်ရင်း စားရင်းက ကိုဌေး အိမ်ထောင်ကျသွားတဲ့ အကြောင်းကိုရောက်တယ်။ ကျွန်တော်က

“မင်းကွာ ငယ်ငယ်လေးရှိသေးတာ ခုတော့ ဘယ်လိုလဲ အဆင်ပြေလား“

“မပြေပါဘူး ကိုသော်ရာ။ မိန်းမဆိုတာ မရခင်တာ ပျော်ဖို့ကောင်းတာ။ ကျုပ်မှာ သူနဲ့သာ ပေါင်းလိုက်ရရင် ပျော်စရာတွေ အတိလို့မှတ်သာ ၊ ခုတော့ ဘယ်..စိတ်ညစ်စရာကြီး။ အစစအရာရာ ပြည့်စုံနေတဲ့ သူတွေအတွက်တော့ အိမ်ထောင်ရေးက ဘယ်လို ဘယ်လိုပြောမလဲ“

“သုခပေါ့“

ဆွေဦးက စကားဝင်ထောက်တယ်။

“ဆွေဦးပြောသလို သုခပေါ့ ကိုသော်ရာ။ ကျုပ်တို့လို့ ရရစားစာအဖို့တော့ ဒုက္ခဗျို့ ဒုက္ခ“

“မင်းမိန်းမက ခုဘာလုပ်လဲ“

“သူလည်း ဟိုယာကခေါ်ရင် လိုက် ဒီယာကခေါ်ရင်လိုက် တစ်ခါတစ်ရံကောက်စိုက်ပေါ့။ နေ့စားလေး တစ်ထောင်၊ တစ်ထောင့်ငါးရာနဲ့ ကျုပ်တို့လင်မယား စားသောက်နေတာ။ ကျုပ်က အဖြစ်ရှိတာမဟုတ်ဘူး။ သူ့လောက်တောင် မရှာတတ်ဘူး။ ဟိုမြို့ ဒီမြို့ကိုသွားလိုက်သေးတယ်။ မိန်းမနဲ့ ကလေး လွမ်းသာနဲ့ ပြန်လာရတာ။ ရွာမှာပဲ ဖြစ်သလိုလုပ်စားမယ်ပေါ့။ ခုတော့ တွေ့တဲ့အတိုင်း ဒါကြောင့်ကျုပ်လဲ လေပြီး သောက်လိုက် စားလိုက်နဲ့ ခု ငပျင်းကြီးဖြစ်နေတာ“

“မင်းကိုယ်မင်းတော့ သိသားပဲကွ“

(၈)

“သိသာပေါ့ ကိုသော်ရာ။ ဒါပေမယ့် ကျုပ်စိတ်ကိုက ခုဖြစ်နေတာ တေချင်လေချင်နေတာ။ ခု မိန်းမက သောက်ရင် ဆူပူရွတ်နေတော့တာ။ ဟိုတုန်းကတော့ သောက်လည်း မပြောဘူး။ ခု ကလေးရပြီးမှကို ဆူဆူပူပူလုပ်နေတာ နေ့တိုင်း။ ကျုပ်ကလည်း သောက်လိုက်တာ နေ့တိုင်း။ ဟိုလူတစ်ခွက်တိုက်ရင်သောက် ဒီလူ တိုက်ရင်သောက်။ နေ့တိုင်းမသောက်ဖြစ်တဲ့နေ့ကိုမရှိဘူး။“

“တခြားတော့ မပြောချင်ဘူး ကိုဌေး။ မင်းက အိမ်ထောင်ဦးစီး။ ငါတို့ ယောကျာ်းတွေဟာ အိမ်ဦးနတ်တွေ။ မိန်းမဆိုတာ ယောကျာ်းတွေကို အားကိုးဖို့ မှီခိုဖို့ သဘာဝတရားကြီးကိုက ဒီလိုဖန်တီးထားတာ။ မင်းက ရှာကျွေးရမှာ။ ချစ်တာတွေ မေတ္တာတွေဆိုတာ တကယ့်လက်တွေ့ဘဝမှ နောက်ကျောဘက်ကို ပို့ထားရတယ်။ ချစ်တာလည်းချစ်ပေါ့။ အိမ်ထောင်ရေး သုခကိုဖန်တီးပေးရမှာ မင်းတို့ ငါတို့တွေရဲ့ တာဝန်လေ။

မင်းက လင့်ဝတ္တရားကျေရမယ်။ မင်းမိန်းမက မယားဝတ္တရားကျေရမယ်။ ခု မင်းမှာ ကလေးနဲ့လေ။ ဒီမယ် တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့ စကားကမှန်တယ်။ အဲ သေချင်တဲ့ကျား တောပြောင်းဆိုတဲ့ စကားရှိတယ်လို့တော့ မင်းက စကားကပ်မပြောနဲ့ပေါ့“

“ဟား..ဟား..ဟား..ဟား..ဟား“

ကျန်တဲ့ ညီတော်တွေက ရယ်ကြတယ်။ သူတို့တွေလည်း ကျွန်တော်ပြောတာကို ဝိုင်းနားထောင်နေကြတော့ ကျွန်တော်ပြောတာ အရှိန်ရလာတယ်။

“ခု မင်းက မင်းမိန်းမနဲ့ ကလေးကိုလွမ်းလို့ပြန်လာတယ်။ မင်းဘာရလိုက်သလဲ။ ဘာတွေဆုံးရှုံးသွားသလဲ။ သံယောဇဉ်ဆိုတာ ဖြတ်တတ်ရတယ်။ ရှာတုန်းဖွေတုန်းမှာ အဲဒီစိတ်ကိုဖျောက်ထားကွ။ ဘယ်သူက ကိုယ့်သား ကိုယ့်မယား၊ ကိုယ့်မိဘနဲ့ ခွဲပြီးနေချင်လို့လဲ။ ဒါပေမယ့် ဘဝဆိုတာ လှိုင်းတွေနဲ့တူတယ်။ နိမ့်လိုက် မြင့်လိုက်ရှိမယ်။ ဒါကိုက လောကဓံပဲ။ ပြောချင်တာကတော့ မင်း ယောကျာ်းကောင်း တစ်ယောက် ပီသအောင်လုပ်ပါ။ အိမ်ထောင်ဦးစီးကောင်း တစ်ယောက်ဖြစ်အောင်လုပ်ပါ။ မင်းမိန်းမလေး ဒီအချိန် ဘာလုပ်နေလဲ“

“အိပ်နေလောက်ပြီပေါ့ “

“မိန်းမသား တစ်ယောက်ဟာ ပင်ပမ်းမှုဒဏ်ကိုရေရှည် မခံနိုင်ဘူးလေ။ ဒီကြားထဲ မင်းက သောက်လိုက် မူးလိုက်ဆိုတော့ ပွစိပွစိလုပ်တာမဆန်းပါဘူး“

“ဟုတ်တယ်ဗျို့“

“ဒီတော့ မင်း မနက်ဖြန်ကစပြီး ပျင်းရိခြင်းခြောက်ပါးကနေ လွတ်အောင် လုပ်ပြီး ယောကျာ်းကောင်း တစ်ယောက်ဖြစ်အောင် လုပ်တော့ကွာ။ ဟုတ်လား“

“ဟုတ်ကဲ့ ကိုသော် “

ကျွန်တော်ပြောတာကို ကိုဌေးကြားမကြားမသိ။ ခေါင်းကတော့ ငိုက်နေပြီ။ ကောင်းလေစွ။ ကိုဌေး ခေါင်းပြန်မော့လာပြီး

“ဟေ့ကောင်တွေ မင်းတို့လည်း ငါလို့ဖြစ်အောင်မလုပ်ကြနဲ့ ကြားလား အေ့“

“အောင်မာ မင်းကများ မိကျောင်းမင်းတွေကို ရေခင်းပြလို့ မင်းပြောရမှာ မျိုးဦးကိုကွ“

ဆွေဦးက မျိုးဦးဘက်ကို မြှားဦးလှည့်လိုက်တာမို့ ကျွန်တော် စိတ်ဝင်းစားသွားရတယ်။ ကြည်စမ်း။ မေ့နေတာ။ မျိုးဦးအကြောင်း ရောက်စကတည်းက ကြားမိတာ။ အမေလောက်ရှိတဲ့ မိန်းမတစ်ယောက်နဲ့ ညားသွားတယ်ဆိုတာ။ ကြားခါစက မယုံနိုင်ဘူး။ လူပြော သူပြောများလာတာနဲ့ ယုံလိုက်ရတာ။

(၉)

“ဟေ့ ဟေ့ ဟေ့ကောင်တွေ ငါ့ဘက်မြှားဦးလှည့်မလာနဲ့။ ငါ့ဟာ ငါ ငြိမ်ငြိမ်လေးပဲ နေပါရစေကွာ“

ကျွန်တော်က

“ဒီလိုရှိတယ် မျိုးဦး ငါညီ။ မင်းစိတ်တော့မဆိုးနဲ့ကွာ။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက မင်း ညီအစ်ကိုတွေချည်းပဲလေ။ သူတို့တွေပြောတယ်ဆိုတာ အပြစ်တင်တာမဟုတ်ဘူး။ စချင်တာ နောက်ချင်တာဖြစ်လိမ့်မယ်။ အဲ မင်းတို့ကလည်း အတိုင်းအတာတစ်ခု အထိပဲပြောကြပေါ့ကွ“

ကျွန်တော်က ကျန်လူတွေဘက်ကိုလှည့်ပြောတော့ ရယ်ကြတယ်။

“ဒီအချိန်မျိုးမှာ ပြောလာတဲ့ စကားဆိုတာ မှားဖို့က ရာခိုင်နှုန်းများတယ်။ ဒီတော့ ဒီနေရာမှာ စိတ်ရှည်သည်းခံတတ်ဖို့ကလည်း အဓိကကျတယ်။ ဆိုတော့ ဘာကြောင့် ဒီလိုဖြစ်သွားသလဲဆိုတာ အစ်ကိုလဲ သိချင်တယ်ကွာ“

“ဟာဗျာ ကိုသော်ကလဲ.. “

“ဟား..ဟား..ဟား   ကိုသော်ကလည်း နောက်တတ်တယ်ဟေ့..အတည်ပေါက်ကြီးနဲ့“

စကားဝိုင်းကလေး စည်စည်ကားကားလေးဖြစ်လာတယ်။ ပီပြင်လာတယ်။ ဝိုင်းကလည်း တစ်ဝက်ကျိုးနေပြီ။

“ပြောပြရရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေသလိုဖြစ်မှာပေါ့ဗျ။ ချစ်လို့ပဲလို့ မှတ်ထားလိုက်ပါဗျာ“

“ဟေ ဟေ့….ချစ်လို့တဲ့“

“အသာနေ သန်းမြင့်ဦး မှန်တယ်။ မိန်းမနဲ့ ယောကျာ်းတစ်ယောက်နဲ့ တစ်ယောက်ပေါင်းဖို့ရာ မေတ္တာမျှဖို့လိုအပ်တယ်။ အဲ မင်းပြောသလိုဆို ချစ်ဖို့လိုအပ်တယ်ပေါ့။ ဒါကြောင့်ပြောတာ အချစ်မှာ မျက်စိမရှိလို့..။ ဒါပေမယ့် မင်း အဲ မင်းမိန်းမ ဘယ်လို ဘယ်လိုပြောရမလဲ.. “

“မိန်းမလို့ပဲပြောပါဗျာ ကိုသော်ကတော့ လုပ်တော့မယ်“

“အေး မင်းမျက်စိနဲ့ပဲ ကြည့်ချစ်ခဲ့တာမလား။ မင်းမကန်းခဲ့ပါဘူး။“

“ဟုတ်တယ် ကိုသော် ကျုပ် မြင်တယ်ဗျ။ “

“ဘာကိုလဲကွ…“

“အေးလေ မရှင်းမရှင်းနဲ့“

ဆွေဦးနဲ့ ကိုဌေးက ဝင်ပြောတယ်။

“ဟေ့.. “

ကျွန်တော် ဝင်ဟန့်လိုက်ရတယ်။ ဟိုနှစ်ကောင်လည်း ဇက်ကလေးပုလို့ ငြိမ်သွားတယ်။

“ကျုပ်သိတာပေါ့ ကျုပ်အမေလောက်ရှိတယ်ဆိုတာ။ ကျုပ်နဲ့သူနဲ့ပေါင်းရင် ဘယ်လိုအခက်အခဲတွေ၊ ဘယ်လို ပြဿနာတွေ ရင်ဆိုင်ရမလဲဆိုတာ သိတာပေါ့။ နောက် ပတ်ဝန်းကျင်မှာ ကျုပ်တို့ ဘယ်လောက်ထိ ပက်လက်မြောရမယ်ဆိုတာ။ ကုန်ကုန်ပြောရရင် ကျုပ်အဖေနဲ့ ကျုပ်အမေကရော ခွင့်လွှတ်ပါ့မလား၊ ကြည်ဖြူပါ့မလားဆိုတာ တွေးမိတာပေါ့။ ဒါပေမယ့် အဲဒါတွေအားလုံးကို ကျော်လွှားနိုင်ခဲ့တယ်။ အဲဒါက အချစ်ရဲ့ စွမ်းအားလေ။

(၁၀)

သူ့ဘက်ကလဲ ကျုပ်ထက်မသာရင်တောင် ကျုပ်လောက်နီးနီး အပြောအဆိုခံပြီး အိမ်ထောင်တစ်ခုကို ထူထောင်ခဲ့ရတာ။ အစကတော့ ဘယ် ကျုပ်မိဘများက ရှက်လွန်းလို့ဆိုပြီး ရွာထဲ လမ်းလျှောက်တာမဟုတ်ဘူး။ ခုတော့လည်း အနေအထားက အသားကျသွားပြီလေ။ ကျုပ်တို့ အိမ်ထောင်ရေးက အဆင်ပြေတယ်။ အစတုန်းက လူတွေထင်ခဲ့သလိုမျိုး မကြာခင်ပဲ ကွဲပြဲကြမယ်ဆိုတာ မမှန်တော့ဘူးလေ။ ကျုပ်တို့ သက်သေပြနိုင်တာက ခိုင်မာတဲ့ ချစ်ခြင်းတွေပေါ့“

“မင်းက ကဗျာဆန်သားပဲကွ“

“အချစ်က ကဗျာစပ်နည်းသင်ပေးလိုက်တာပါ ကိုသော်ရာ“

ကျွန်တော် မျိုးဦးကို ဘာမှမပြောချင်တော့ဘူး။ သူ့ဘဝလေးနဲ့ သူ ကျေနပ် သာယာနေတာပဲ ကောင်းတယ်လေ။ ဆွေဦးက ငြိမ်နေတယ်။ သူ့ညီ သန်းမြင့်ဦးလဲ မူးနေပြီ။

ဒါပေမယ့် ထိုင်နိုင်သေးတယ်။ အခြေအနေက ပျက်ယွင်းနေတာ တစ်ယောက်မှ မပါသေးဘူး။ ဒီတစ်ခါ မြှားဦးလှည့်သွားတာ ဆွေဦး။ကိုဌေးကပဲ ဆွေဦးဘက်ကို မြှားဦးလှည့်ပေးလိုက်တာ။

“သူများတွေကတော့ အိမ်ထောင်တွေကျပြီး ဒုက္ခ သုခတွေခံစားနေရပြီ ကိုသော်ရ ငှက်ပျောတုံး ဖက်သေရမယ့်ကောင်က အဲဒီကောင် ဆွေဦး“

“ဟ ငါက မယူချင်လို့ မယူတာ။ ငဆွေဦး ယူချင်ရင် ဟောဒီတစ်ရွာလုံး ပုဆိုးတစ်ခါရမ်းရုံနဲ့ ရတယ်ကွ သိလား“

“အေ့ ဟုတ်လည်း ဟုတ်ဘဲနဲ့ကွာ လျှောက်ပြီး ကြွားလုံးတွေ ထုတ်မနေနဲ့ တစ်ခါတစ်ရံမှ လာလည်တဲ့ ကိုသော့်ကိုသာပြော ယုံလိမ့်မယ် ငတို့များကတော့ မယုံရေးချ မယုံ“

မျိုးဦးက ဒီလိုပြောတော့ ဆွေဦးက မခံနိုင်ဘူး။

“ဒီမယ် မျိုးဦးရ ငါက အပူမရှာချင်တာ။ အိမ်ထောင်တစ်ခု တည်ထောင်တယ်ဆိုတာ အပူရှာခြင်း တစ်မျိုးပဲကွ။ ကြည့်လေ မယူခင်ကတည်းက တွေးပူရတဲ့အပူ။ ယူပြီးတော့လည်း ဟိုပူရ ဒီပူရနဲ့ ပူလိုက်ရတဲ့အပူတွေ သားတွေ သမီးတွေရလာရင် သာတောင်ဆိုးသေး။ နားပူဒဏ်ခံရမယ်။အေး အပြင်ရောက်တော့ ကျောပါပူရော။ ဟော ငါ့များကြည့် မလုပ်ချင်ရင် မလုပ်ဘူး။ ဘာလို့လဲဆိုတော့ ငါက လူပျိုလေ ဘယ်သူ့အတွက်မှ ပူစရာမလိုဘူး။ အိမ်မှာ ထမင်းကတော့ နပ်မှန်အောင်စားနေရမှာပဲ။ မင်းတို့တွေ ဘာပြောပြော ငါ့ ဒဿနနဲ့ ငါကတော့ မှန်တယ်ကွာ အေ့.. “

ဆွေဦးပြောတော့လည်း ဟုတ်နေပြန်ပါရော။ ကျွန်တော်တောင် တွေးပူလွန်းအားကြီးလို့ မိန်းမမရသေးတာ။ စိုးရိမ်သောကတွေ များနေလိုက်တာ။

“ဒီလိုရှိတယ် ငဆွေဦးရ ။ မင်းက ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ကျန်ရစ်ဖြစ်နေမှာစိုးလို့ပြောနေတာ။ မင်း ဒီအတိုင်းသွား လူပျိုကြီးဖြစ်လိမ့်မယ်။ လူပျိုကြီးဆိုတာ နာမည်သာကောင်းတာနော် ။ ဘာတစ်ခုမှ ကောင်းတာမရှိဘူး။သိလား။ အသက်ကြီးလာရင်လည်း ဘယ်ညီအစ်ကို မောင်နှမမှ မကြည့်နိုင်သလို ဘယ် တူ တူမမှလည်း မတင်ကျွေးနိုင်ဘူးကွ။ သိလား။ မသကာ အပျိုကြီးဆိုရင်တော်သေးတယ်လို့ တွက်မယ်။ သူတို့ကလေးထိန်းဖော်လည်းရ ၊ အဖော်လည်းရတယ်လေ။ လူပျိုကြီးများတော့ အများကရှောင်ကြမှာပဲ။ ကိုယ့်ရှိမှ ကိုယ်စားရမှာ။ သိလား ငတုံး..အေ့“

ကိုဌေးက ချက်ကျလက်ကျ ဝင်တွယ်လိုက်တယ်။ ဆွေဦးက ဆွံ့အလို့နေတယ်။ ကျွန်တော်တောင် ပါးစပ်ပိတ်မိသွားတယ်။ မှန်နေသလိုလိုဖြစ်နေတယ်လေ။ ဒီလိုနဲ့ စကားတွေက တောင်ရောက် မြောက်ရောက်ပေါ့။

(၁၁)

“အေး ငဆွေဦးတို့ကတော့ မိန်းမရရ မရရ ဘာမှမဖြစ်ဘူး။ ကိုယ်က ချစ်နေရရင်ကျေနပ်တယ်။ မိန်းမတွေ ငါ့လာကြိုက်နေရင်လည်း ကျေနပ်တယ်။ ပိုင်ဆိုင်လိုခြင်းကင်းတယ်ကွ။ နော ကိုသော် ဘယ်လိုပြောမလဲ။ ရောင့်ရဲတင်းတိမ်နိုင်တယ်ပေါ့နော် အေ့“

“သောက်ကြီးကျယ်နေတယ် အဲဒီကောင် သောက်လေကြီးနေတာ“

“ဟား..ဟား..ဟား“

သန်းမြင့်ဦးက ထရယ်နေတယ်။

“ကိုသော် ကြက်ကြော်စားပါဗျ…။“

“အေးစားတယ်လေကွာ“

“ဝက်သားရော..အမဲသားရော“

“စားတယ်၊ အမဲတော့ အစ်ကိုမစားဘူး“

သန်းမြင့်ဦးက အမဲပန်းကန်ကိုနေရာပြင်ရွေ့လိုက်တယ်။ပုလင်းတွေ ကုန်ခါနီးပြီ။ စကားတွေလည်း လေးလာတယ်။ ကျွန်တော်တစ်ယောက်တည်း ထူထူ ထောင်ထောင်ကို ဖြစ်လို့နေတယ်။ ညီတော်တွေရဲ့ အပေါင်းအသင်းတွေ နုတ်ဆက်ပြီး ပြန်သွားကြပြီ။ ညီတော်တွေနဲ့ ကျွန်တော် ငါးယောက်တည်း ကျန်ရစ်ခဲ့တယ်။ မူးနေကြတဲ့ သူတို့လေးတွေကိုကြည့်ပြီး လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကအချိန်တွေကို ပြန်ရောက်သွားချင်နေမိတယ်။ ဘာဆိုဘာမှ နားမလည်တဲ့ အဖြူထည်တွေ၊ ဖြူစင်ခြင်းသက်သက်နဲ့ ဘဝအကြောင်းကို ဘာမှ နားမလည်သေးတဲ့အရွယ်။ ယောကျာ်းဆိုတာ မသင်ပဲ တတ်လာမယ့် အတတ်ပညာတွေ အများကြီးဆိုတဲ့ စကားသိပ်မှန်တယ်လို့ ကျွန်တော်တွေးမိတယ်။ ကျွန်တော်ညီတွေ အရက်သောက်တတ်အောင် ဘယ်သူသင်ပေးခဲ့သလဲ။ ဘယ်သူ့မှမသိဘူး။ ကျွန်တော်ကိုယ်တိုင်တောင် ကျွန်တော် ဘယ်လို အရက်သောက်တတ်ခဲ့သလဲဆိုတာ မသိဘူး။

သေချာတာက ဆင်းရဲခြင်းဒဏ်က လွတ်မြောက်အောင်လုပ်ခဲ့ကြလို့ပဲလို့ထင်တယ်။ စိတ်ဆင်းရဲခြင်း။ ကိုယ်ဆင်းရဲခြင်း၊ ကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်း။ ဒါတွေဟာ ယိုးမယ်ဖွဲ့ခြင်းတစ်မျိုးလို့ ကျွန်တော် နားလည်တာပေါ့။ ဒါပေမယ့်လည်း..။

“ဒါနဲ့ ဒီနေ့ အမြည်းစီစဉ်တာ ဘယ်သူလဲကွ“

“အနော် ကိုသော်အနော်“

ကိုဌေးက သူ့ရင်ဘတ်ကြီးပုတ်ပြတယ်။

“ကြက်က မိန်းမမသိအောင် ရိုက်သတ်ပြီး ကြော်တာ။ ဝက်သားကတော့ ဆွေဦး နှစ်ပိဿာ အကြွေးနဲ့ဝယ်လိုက်တာ။ အမဲသားက သန်းမြင့်ဦး အကြွေးနဲ့သိမ်းလာတာ။ အာလူးကြော်တွေ ငရုပ်ချဉ်တွေက ဒီကောင် ဒီကောင် မျိုးဦး သူ့မိန်းမဈေးတောင်းထဲက နိုက်လာတာလေ။ ဘယ့်နှယ့်လဲ ကောင်းတယ်မလား“

“ဟေ…ကောင်းကွာ…မင်းတို့ စီမံထားတာတွေက “

“ဟုတ်တယ် ကိုသော် စား ..စား….သောက်လေဗျာ စားပါ ဗျ မြည်းပါဦး“

ကျွန်တော် မမြည်းနိုင်တော့ဘူး ။ နှစ်တွေ ကြာညောင်းလာခဲ့ပါပြီ။ အိမ်ထောင်ရက်သားကျသူတွေ၊ တစ်ကိုယ်တည်း လူပျိုသိုးလုပ်နေသူတွေလည်း ရှိနေကြပြီ။

(၁၂)

 ပြောင်းလဲလာတဲ့ စိတ်တွေနောက်မှာ တစ်ချို့လည်း နေသားကျခဲ့ပြီးပြီ။ ရွာကလေးကလည်း ပြောင်းလဲသင့်သလောက် ပြောင်းလဲခဲပေမယ့် မပြောင်းလဲ သေးတာတွေလည်း ရှိနေသေးတယ်။ ဒါပေမယ့် ကျွန်တော်ညီတွေများ ကြာခဲ့ပြီပဲ နှစ်တွေတောင် အိုးဟောင်းဆွေးမြေ့လို့နေပြီ။ ခုထိ ငယ်ငယ်တုန်းကအတိုင်း ။ ကြက်သတ်ကြော်ကြွေးရမလား။ အိမ်ကမသိအောင် အကြွေးယူကြွေးရမလား။ ဒါတွေကိုပဲ မသိပဲ ကျွန်တော် စားခဲ့တာ ။ ဒါတွေကိုပဲ ညီတော်တွေကို ချစ်နေလိုက်ရတာ။ ကြာခဲ့ပြီပဲလေ..။

 သော်ဇင်(လွိုင်ကော်)

8th-Oct-2012

8:35PM

 

 

3 comments

  • ကြည်ဆောင်း

    October 11, 2012 at 9:20 am

    မရောက်ဘူးတဲ့ရပ်ရွာအကြောင်း ….
    မတွေ့ဘူးတဲ့ ရွာသူားတွေအကြောင်း …
    မသိဘူးတဲ့ ရွာ့ဓလေ့အကြောင်း ….
    ဟိုအကြောင်း ဒီအကြောင်း …
    အကြောင်းစုံကိုဖတ်သွားပါတယ်…

    • Thaw Zin Loikaw

      October 11, 2012 at 11:35 am

      ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ ခုလို လာရောက်ဖတ်ရှုနေတာကို ကျွန်တော့်မှာသာ အချိန်မရလို့ ကိုယ့်စာလေးတွေ မြန်မြန် မြန်မြန်တင်ပြီး ထွက်ထွက်သွားရသာ။ ဂေဇက် မန်ဘာတွေ သိပ်ချစ်ဖို့ကောင်းတယ်ဗျာ။ နောက်လည်း ဖတ်ရှုအားပေးဝေဖန်ပေးပါဦးဗျာ။

  • amatmin

    October 11, 2012 at 4:57 pm

    ရေးထားတာလေး သဘောကျသဗျာ…
    ကျေးလက် မြို့ပြ ဘောင်ခတ်လို့ မရတော့တဲ့ ဝတ်စားဆင်ယင်မှုတွေ..
    အသောက်အစား ယဉ်ကျေးမှုတွေ ကွက်ကွက်ကွင်းကွင်း ပဲဗျို့..။
    ကျနော့ ညီတွေဆိုလည်း နယ်ပြန်သွားတို်င်း ခင်ဗျားရေးပြသလို
    လူတိုင်းနီးပါး အဆင်ရောင်စုံတွေကို ဖြစ်လို့..
    သေချာတာတခုကတော့ ဧည့်သည်လာရင် ဧည့်ဝတ်ကျေချင်တဲ့
    ယဉ်ကျေးမှုကတော့ ဘယ်လောက်ကြာကြာ လက်ဆင့်ကမ်းနေတုန်းပဲရယ်.. 🙂

Leave a Reply