ကျွန်တော်နှင့် ရီအင်ကာနေးရှင်းများ
၁။
“ရှင့်ခြေဖဝါးအောက်မှာ ဘာရှိလဲ”
“ဗျာ .. ”
“မဗျာနဲ့ .. ရှင့် ခြေဖဝါးအောက်မှာ ဘာရှိလဲ မေးနေတာ”
“ဟင် ….
မြေကြီး .. မြေကြီးရှိတာပေါ့”
“မှားတယ် .. ရှင့်ခြေဖဝါးအောက်မှာ ဖိနပ်ရှိတယ် …
ရှင်တို့ ယောက်ျားတွေက အဲလိုပဲ ..
ကိုယ်နဲ့ အနီးဆုံးတွေကို ဘယ်တော့မဆို ဂရုမစိုက်တတ်ကြဘူး ..”
“ဟင် .. ဘာဆိုင်လို့လဲ”
“ဆိုင်တာပေါ့ .. ခုပဲ ကြည့်လေ .. ခြေဖဝါးအောက်က ဖိနပ်ကို ကျော်ပြီး
ရှင်ကိုယ်တိုင် မြေကြီးလို့ ဖြေခဲ့တယ်မဟုတ်လား ..”
ကျွန်တော်ဖိနပ်ချွတ်၍ ပြန်လာဖြစ်ခဲ့သည်။ ပြန်လာခဲ့ခြင်းမှာ သူမကို နိုင်အောင် မပြောနိုင်၍ ဖြစ်ကာ ဖိနပ်ချွတ်ရခြင်းမှာ အကယ်၍ နောက်ထပ် မိန်းမတစ်ယောက်ကများ ထိုမေးခွန်းကို ထပ်မေးလာလျှင် ကျွန်တော် မြေကြီးဟု ဖြေနိုင်ရန်ဖြစ်သည်။
၂။
“အမှန်တော့ကွ ..”
အမှန်တော့များသည် ကွနေကြသည် မဟုတ်ပါ။ ကွချင်လည်း ကွနိုင်ပါတယ်။ သို့သော် အမှန်တရားအားလုံး မကွကြပါ။
“အမှန်တော့ကွ … ကမာ္ဘကြီးလုံးရတာ ..
အလွမ်းတွေကို မကြည့်ရက်လို့ ..”
“အန် .. ဘာဆိုင်လို့လဲ ..”
“ကျောခိုင်းပြီး လမ်းခွဲခဲ့သူတိုင်းအတွက်
တည့်တည့်ကိုသာ ကျောခိုင်းပြီးလျှောက်ပါ
ကမာ္ဘကြီးက လုံးနေတဲ့အတွက် တစ်နေ့တော့ မျက်နှာချင်းဆိုင်ကို ပြန်ဆုံကြမှာပဲ”
သူ့စကားကြားတော့ ကျွန်တော် ကမာ္ဘကြီးကို ကျေးဇူးတင်မိသွားတယ်။ ဟုတ်တယ်။ ကျွန်တော်လည်း ကျောခိုင်းပြီး တည့်တည့်ကြီး လျှောက်ရမယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် သူမကို ချစ်လို့………။
၃။
“လောကမှာ ချိန်သီးဟာသဆိုတာရှိတယ်”
“ဟုတ်”
“ဟိုဘက်ရောက်လိုက် .. ဒီဘက်ရောက်လိုက် .. ဟာသမျိုးပေါ့ ..”
“ဟုတ် .. ဥပမာပေးပါလားဗျ”
“အင်း ….
တစ်နေ့ မင်းထီပေါက်တယ်
ဒါပေမယ့် ထီလက်မှတ်က ပျောက်နေတယ်
ဒါပေမယ့် ပျောက်တဲ့ ထီလက်မှတ်က မင်းအကျင်္ ီထဲမှာ
ကံဆိုးတာက မင်းအဲဒီ အကျင်္ ီကို လျှော်ပစ်လိုက်တယ်
ကံကောင်းတာက ထီလက်မှတ်က မစုတ်ပြဲသွားဘူး ..
ကံဆိုးချင်တော့ ထီလက်မှတ်ကို သူများခိုးသွားတယ်
ကံကောင်းတာက ခိုးတဲ့သူက တကယ်ခိုးတာ မဟုတ်ဘူး ..
မင်းကိုစတာ ဒီလိုနဲ့ မင်းထီပေါက်သွားတယ်
အဲလိုမျိုးပေါ့ .. ချိန်သီးဟာသ ဆိုတာ”
“ဪ .. တော်သေးတာပေါ့ .. ထီပေါက်သွားလို့ .. ကားဝယ်စီးနိုင်မှာပေါ့ ကျွန်တော်”
“အေး .. မင်းကားဝယ်စီးပြီးတော့ .. ကားမှောက်တာမျိုးကလည်း ချိန်သီးပဲဟေ့”
သူ့စကားကြားတော့ ကျွန်တော် စိတ်ညစ်သွားတယ်။ စိတ်လည်း တိုသွားတာပေါ့။ ပြန်ခါနီးမှာ သူ့ကို အော်ပြီး ပြောလိုက်သေး။
“ဒီမယ် .. ခင်ဗျား ဟာသက ချိန်သီးဟာသ မဟုတ်ဘူး…
ကံတရားဟာသကြီး .. အပိုတွေပဲ”
၄။
တစ်နေ့သ၌ မောင်မောင်ခင်အေးသည် ရေချိုးရင်း တွေးဖြစ်လေ၏။
“အင်း .. ငါများ ခုချိန် .. ဒီရေပုံးထဲ ဝင်.. ကိုယ်လုံးတီးနဲ့ ရေချိုး ..
ပြီးရင် .. အောင်ပြီ အောင်ပြီလို့ အော်ပြီး ရပ်ကွက်ထဲ .. ပတ်ပြေး …
အင်း.. ဟုတ်ပြီ.. ဟုတ်တော့ ဟုတ်နေပြီ … အဲလို ပတ်ပြေးတဲ့ အခါ ..
လူတွေက ငါ့ကို ပထမတော့ ရူးသွားပြီလို့ ထင်မယ် ..
ဒါပေမယ့် ခဏကြာတဲ့အခါ သူတို့ သင်ခဲ့တဲ့စာထဲက အာခိမီဒီးလို .. ငါဟာ ပညာရှိလို့
တွေးကြမယ် .. ဟား ဟား .. ဟုတ်တယ် ..
ပြီးရင် ငါ့ကို မေးကြမယ် .. ဆရာ .. ဘာအောင်တာလဲလို့ …
ငါက ရုပ်တည်ကြီးနဲ့ ဖြေလိုက်မယ် …
အို.. အသင်လူသားတို့ .. ကျုပ်အောင်တာဟာ တခြားတော့ မဟုတ်ဘူး..
ကျုပ်စိတ်ကို အောင်ခြင်းသာ ဖြစ်လေတယ် ..
ဟား .. ဟား .. အဲဒီအခါ .. လူတွေက ငါ့ကို ပညာရှိကြီး ..
စိတ်ကိုတောင် အောင်သွားတဲ့ ပညာရှိကြီး … လို့ ပူဇော်ပသကြမယ် ..
ပြီးရင် .. ဘာပြောရဦးမလဲ .. စဉ်းစားစမ်း … စဉ်းစားစမ်းဦး …”
ထိုသို့ဖြင့် မောင်မောင်ခင်အေးသည် အတွေးပင်လယ်တွင် လှိုင်းများထကာ မျှောနေတော့၏။
“ဆရာ .. ဆရာသိတာလေးတွေ .. ပြောပြပါလား ..”
“အသင်လူသား .. ဘဝမှာ ကျုပ်သိခဲ့တာ တစ်ခုပါပဲ ..
အဲဒါကတော့ ကျုပ်ဘာမှ မသိဘူးဆိုတာပါပဲ ..”
မောင်မောင်ခင်အေးသည် ထိုသို့ပြန်လည် ဖြေကြားပြီး သကာလ ဘေးဘီဝဲယာသို့လှည့်ကြည့်လေ၏။ သူ့ကို လူအများအပြားသည် အထူးအဆန်းသတ္တဝါလို ဝိုင်း၍ ကြည့်နေကြလေ၏။ ခဏနေတော့ သူ့ကို မေးနေသော ယူနီဖောင်းနှင့်လူက သူ့ကို လက်ထိပ်ခတ်လိုက်လေတော့သည်။
မောင်မောင်ခင်အေးကို ဝိုင်းကြည့်နေကြသော သူများ သူတစ်ခွန်း ငါတစ်စ စကားပင်လယ်ဝေကြလေသည်။
“တွေ့လား .. မေမေ.. သားကို စာတွေ ဇွတ်မကျက်ခိုင်းနဲ့ ..
စာတွေ တအားကျက်ရင် .. အဲလို ကိုယ်လုံးတီးနဲ့ အရူးဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”
ပြောလိုက်သည့် ကလေး၏ မိဘများ ဗျာများစိတ်ထွေ တွေဝေကုန်ကြ၏။
“အေး .. သား စာကို ပုံမှန်လေး ကျက်နော် .. ”
ပညာရှိပုံစံရှိသော ပုဂ္ဂိုလ်တစ်ဦးက မှတ်ချက်ထုတ်လေသည်။
“အင်း .. သမိုင်းဆိုတာ ကိုးကားဖို့ပါပဲ ..
တကယ်လိုက်လုပ်ဖို့ မဟုတ်လေဘူး .. အသစ်ကိုပဲ ထွင်ကြလေကွယ်..”
၅။
ကြည်ပြာရှင်းသန့်၍ သာယာလှပသော ရာသီဥတုတစ်ခုတွင် ကျွန်တော်နှင့် သူမ ပြန်ဆုံကြပါသည်။
“ရှင် .. အရင်နဲ့ မတူတော့ဘူး ..”
“အင်း .. မင်းရောပဲ ..”
“ရှင့်ဖိနပ်တွေကို ရှင်သတိရတတ်နေပြီပဲ”
“No.. ခြေဖဝါးအောက်မှာ.. ခြေမှုန်တွေကပ်နေတယ်..
ပြီးမှ ဖိနပ်လာတယ် ..”
သူမက အမှတ်မပေးပါဘူး။ ပြုံးတော့ ပြုံးပြလေသည်။ ထို့နောက် မဲ့ပြန်လေသည်။ ပြီးတော့မှ တစ်ခွန်းချင်း ကျွန်တော့်ကို မကြည့်ဘဲ ပြောသွားသည်။
“အော်..
ရှင်ဟာ .. ရှင့်တွေ့ရှိမှုတွေကို ဖက်တွယ်ပြီး
အမှန်တရားကို သိပ်စွဲလန်းတတ်နေပါကော ..
ရှင့်ဖဝါးတွေကို ကာကွယ်ပေးခဲ့တဲ့ .. ဝေးဝေးက ဖိနပ်ကို မေ့ပြီး
ဘာမှ အသုံးမဝင်တဲ့ ခြေမှုန်တွေကို စွဲလန်းနေတယ်..”
၆ (သို့မဟုတ်) ရ (သို့မဟုတ်) တစ်ခုခု။
လောကတွင် ဆိုခရေးတီးများ၊ အာခိမီးဒီးများ၊ အက်ဒီဆင်များ၊ ရှိတ်စပီးယားများ ပြန်လည် ပေါက်ဖွားလာကြပါသည်။ အမှန်စင်စစ် သူတို့သည် ငတုံးများဖြစ်ကြလေသည်။ ငအများဖြစ်ကြလေသည်။ ပိုဆိုးသည်က သူတို့ကို သူတို့ ဘယ်သူဘယ်ဝါမှန်းပင် မသိခဲ့ကြ။ တစ်နေ့တွင် သူတို့ချင်း ပွဲတော်တစ်ခုပြုလုပ်ကြသည်။ ထိုပွဲတော်သည် သူတို့လို ပြန်လည် မွေးဖွားလာသူချည်း ကျင်းပကြသည့် ပွဲတော် ဖြစ်သည်။
အက်ဒီဆင်ကြီးက အဖွင့်စကားကို စတင်လိုက်သည်။
“လေးစားအပ်ပါသော .. ဂုဏ်သရေရှိလူသားတို့ ………………….”
အားလုံး လက်ခုတ်တီးလိုက်ကြသည်။ အက်ဒီဆင်ကြီး ထပ်၍ ပြောစရာမလိုတော့ပါ။ အားလုံးသည် ပညာရှိချည်း ဖြစ်သောကြောင့် မည်သည့်အကြောင်းထပ်ပြောမည်ကို သိပြီးသား ဖြစ်သောကြောင့် ဖြစ်လေသည်။ ဆိုခရေးတီးက ထပ်မံ၍ စင်ပေါ်တက်လာသည်။
“ပရိတ်သတ်များ ခင်ဗျာ… ဒိုင်ယာလက်တစ်ဆိုတာ………”
အားလုံးလက်ခုတ်တီးလိုက်ကြပါသည်။ သူတို့အားလုံးသည် သိနှင့်ပြီးသားဖြစ်လေသည်။ ထိုနောက် နယူတန်ကြီးအလှည့်ဖြစ်သည်။ သူက စင်ပေါ်မှနေ၍ လက်ကို မြှောက်ပြလိုက်သည်။ သူ့လက်ထဲတွင်ကား ပန်းသီးကြီးတစ်လုံး။
အားလုံးလက်ခုတ်တီးလိုက်ကြပါသည်။
“တကယ့်ကို .. လိုအပ်တဲ့ အမှန်တရားပါပဲ .. စွဲငင်အားကိုသာ မသိခဲ့ကြရင် ..”
လက်ခုတ်တီးရင်းဖြင့် သူတို့ချင်း တီးတိုးစကားပြောကြပါသည်။ ထို့နောက်တွင်တော့ သူတို့အားလုံးတွေဝေသွားသော လူတစ်ယောက် တက်လာပါသည်။ ပုံစံက ဂွကျကျ၊ ပညာရှိနှင့်မတူ။ သူက စင်ပေါ်တက်လာခဲ့သည်။
စင်အောက်ကလူများ .. တစ်ယောက်နှင့် တစ်ယောက် မေးနေကြသည်။
“သူက ဘယ်သူလဲ .. ဘယ်ပညာရှိလဲဟ”
“အေး.. သူဘယ်သူလဲ .. ဘာတွေ တွေ့ရှိခဲ့တဲ့ ပညာရှိလဲ”
ပွဲတော်သည် စကားသံများ တိတ်ဆိတ်သွားလေ၏။ အချိန်စက္ကန့်များ ခဏတာရပ်တန့်သွားလေ၏။ ထိုခဏတွင် စင်ပေါ်သို့တက်လာသူက စင်အောက်က ပညာရှိများကို မေးခွန်းတစ်ခုကို မေးလိုက်လေသည်။
“ခင်ဗျားတို့ ခြေဖဝါးအောက်မှာ .. ဘာရှိသလဲ …………….”
(ရီအင်ကာနေးရှင်း – Reincarnation – တဖန်ပြန်လည် မွေးဖွားခြင်း)
ရင်နင့်အောင်
2 comments
မောင်ပေ
October 11, 2012 at 12:15 pm
Reincarnation – တဖန်ပြန်လည် မွေးဖွားခြင်း
Love Reincarnation ဖြစ်ရန်မူ kiss တစ်ခုဖြင့် ပြန်စရမည်ဖြစ်ပါသည်။ ( ကျမ်းကိုး ကိုရင်နင့်အောင် )
kai
October 11, 2012 at 2:36 pm
မိုးသည်းသောတညနေတွင် သူမကို တိုက်လှေကားအဝင်ပေါက်တွင် ရေတွေစိုလျှက် ပြန်တွေ့ပါသည်။
“ရှင်.. ထီးပါတာပဲ။ ဘာလို့ဝင်လာသလည်း”
“အင်း.. မင်းကိုတွေ့လို့”
“ရှင့်ဖိနပ်တွေ ရေစိုလို့ပါလား”
“ဟုတ်တယ်။ ဒါပေမယ့် ခေါင်းမစိုဖို့လိုတယ်လေ။ ဒါနဲ့.. ရေစိုဆံပင်ရှည်တွေက လူကိုဖျားတတ်တယ်မဟုတ်လား”
“ရှင်.. ကျမဆံပင်တွေကို ပြောနေတာလား”
သူမ ပြုံးလျှက်မှ နှုတ်ခမ်းတင်းတင်းစေ့လျှက်ပြန်ပြောပါသည်။
“မဟုတ်ဖူး.. ခုနတင် ကားပေါ်တင်ပေးလိုက်တဲ့ မိုးမိသွားတဲ့ချစ်သူကိုစိတ်ပူလို့မေးကြည့်တာ”
ပြောပြီးသည်နှင့်ကျွန်တော် လှည့်ထွက်ခဲ့သည်။
ပလက်ဖောင်းဘေး မြေကြီးများမှာ မိုးရေများနှင့် ဗွက်ထလို့နေလေသည်။