ကိန္နရီရုပ်လေး အလှပျက်မှာ စိုးမိပါသည်

ဦးသုOctober 12, 20121min2568

အင်တာနက်ပေါ်မှာ လတ်တလောရေပန်းစားနေသော သတင်းတွေ လိုက်ဖတ်ပြီး ညအိပ်ရာဝင်တော့ ခေါင်းထဲကို အတွေးတွေတသီကြီး ဝင်ရောက်လာပါသည်။

ကျနော်ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးရောက်ရှိလာစ မဲဆောက်မြို့မှာ တနှစ်လောက် သောင်တင်နေ ခဲ့သည်။ ကျနော်နေသော အိမ်နှင့်အနီးတဝိုက်မှာ ရခိုင်ရုံးရှိသည်။ ခပ်လှမ်းလှမ်းမှာ မွန်ရုံးရှိသည်။ သူတို့နှင့်ကျနော် မိတ်ဆွေတွေ ဖြစ်ခဲ့ကြသည်။

မွန်ရုံးမှာ ဟံသာဝတီနန်းတော် ပျက်သုန်းသည့် နှစ်ပတ်လည်အထိမ်းအမှတ်နေ့ ကျင်းပသည့်အခါ ကျနော့်ကို ဖိတ်သဖြင့် သွားရောက်ခဲ့ပါသည်။ သူတို့ခေါင်းဆောင်တွေ အသီးသီး ဟောကြပြောကြတာ နားထောင်ရသည်။ တခေတ်တခါက ကိုယ့်ထီးကိုယ့်နန်းနှင့် ထယ်ထယ်ဝါဝါနေနိုင်ခဲ့သော မွန်လူမျိုးတွေ မြန်မာဘုရင်အဆက်ဆက် က အနိုင်ကျင့်ကျူးကျော်မှုကြောင့် ထီးနန်းပျောက်ကာ ယခုအခါ သူတို့အမြတ်တနိုးထားစောင့်ရှောက်လာသော စာပေယဉ်ကျေးမှုပင် ကွယ်ပျောက်လုမတတ် ကြုံတွေ့နေရပုံတွေကို ကြားသိရတော့ စိတ်မကောင်းဖြစ်ရပါ သည်။

အခမ်းအနား ပြီးဆုံးခါနီးမှာ ဧည့်ခံကျွေးမွေးရေး အစီအစဉ်အရ ကျနော်တို့ထိုင်နေရာသို့ ထမင်းပွဲနှင့် ဟင်းတွေ လာချပေးပါသည်။ ထိုအချိန်တွင် ကျနော့်ကို ဖိတ်စာလာကမ်းသွားသော မိတ်ဆွေ စတိတ်စင်ပေါ်တက်လာပြီး ‘ကျုပ်တို့မွန်လူမျိုးတွေ ခုလိုထီးပျောက်နန်းပျောက်ဘဝနဲ့ ခိုကိုးရာမဲ့ဖြစ်နေရတာ ဗမာဘုရင် အောင်ဇေယျ ကြောင့်ပဲ… အောင်ဇေယျရဲ့ တပ်ဖွဲ့တွေက မွန်လူမျိုးတွေကို အနိုင်ကျင့်စော်ကားတယ်။ မွန်သမီးပျိုတွေကို အဓမ္မဖျက်ဆီးတယ်၊ မွန်ရဟန်းတော်တွေကိုတောင် သတ်ဖြတ်ခဲ့တယ်။ အဲဒီအချိန်က ထိုင်းလူမျိုးတွေနဲ့ မွန်လူမျိုးတွေဟာ ဘဝတူအဖိနှိပ်ခံတွေ ဖြစ်ခဲ့ရတယ်။ ဒါကြောင့် ဗမာလူမျိုးကြီးဝါဒကို ကျုပ်ပြတ်ပြတ်သားသား ဆန့်ကျင်တယ်’

သူစကားကြားတော့ ကျနော်စိတ်ထိခိုက်သွားရသည်။ ထမင်းစားပြီးလို့ အိမ်အပြန်လမ်းမှာ ကျနော်နှင့် အတူပါလာသူ မွန်အမျိုးသား မိတ်ဆွေတဦးက စကားစလာပါသည်။

‘စောစောက နောက်ဆုံးပြောသွားတဲ့လူရဲ့စကားကို ကျနော်မထောက်ခံနိုင်ဘူး။ ကျနော်လည်း မွန်လူမျိုးပါပဲ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာကျော်သုံးရာလောက်က အကြောင်းတွေ ပြန်တူးဖော်ပြီး နာကျည်းနေတာဟာ သမိုင်းအဆိပ်သင့်တာပဲ။ ကျနော်တို့က လက်ရှိကာလမှာ လူဖြစ်လာရသူတွေဆိုတော့ လက်ရှိအနေအထားနဲ့ တိုင်းတာသုံးသပ်မှ သဘာဝကျမှာ။ ဗမာစစ်အစိုးရမကောင်းတာနဲ့ ဗမာလူမျိုးကို ကျနော်တို့မုန်းစရာမလိုဘူး’

ကျနော်သူ့ကို ဘာမှ ခွန်းတုန့်ပြန် မဆွေးနွေးဖြစ်ခဲ့ပါ။

နောက်တခါ ‘ရခိုင်ပြည်နယ် ဆန်ပြဿနာနေ့’ အခမ်းအနားကို ဖိတ်ကြားခံရသဖြင့် ရောက်ခဲ့ရပြန်သည်။

စစ်တွေမြို့ ဆန်ပြဿနာအရေးအခင်းမှာ ပါဝင်ခဲ့သူတချို့ ဟောပြောကြသည်။ ဆန်စားစရာမရှိသဖြင့် အရေးဆို သူတွေကို ကျည်ဆန်လက်ဆောင် အပေးခံရသည့် အကြောင်းတွေပြန်ပြောင်းပြောတာ ကြားရသဖြင့် ရင်ထဲမှာ ဆို့နင့်လာမိသည်။ ထိုအချိန်က ပြည်တွင်းမှာ အငတ်ပြဿနာဆိုက်နေသူတွေကို ဆန်ဝေငှမပေးဘဲ အိမ်နီးချင်း နိုင်ငံတချို့ကို အစိုးရက ဆန်တင်ပို့ရောင်းချကြောင်း သိရပါသည်။

ဟောပြောသူတွေထဲမှာ တချို့က ရှေးရခိုင်ဘုရင်များလက်ထက် ရခိုင်ပြည်ကြီး သာယာစည်ပင်ဝပြောကြောင်း၊ ရခိုင်မင်း အုပ်ချုပ်စိုးစံသော နယ်မြေဧရိယာအကျယ်အဝန်းမှာ ယခုမြန်မာပြည်မြေပုံထက်ပင် ကျယ်ဝန်းခဲ့ ကြောင်း၊ ပြည်သူလူထုအရေအတွက်မှာလည်း လက်ရှိမြန်မာနိုင်ငံလူဦးရေထက် များပြားခဲ့ကြောင်း သိရသဖြင့် မုဒိတာပွားနေမိချိန်.. မြန်မာဘုရင်ကျူးကျော်သိမ်းပိုက် ဖျက်ဆီးခံရသဖြင့် ရခိုင်ဘုရင်ထီးနန်းစွန့်ခဲ့ရပြီး ရခိုင်လူမျိုးတို့ ယနေ့တိုင် ကျွန်သပေါက်ဘဝရောက်ခဲ့ရကြောင်း ကြားရပြန်တော့ စိတ်ထဲညှိုးနွမ်းသွားရပြန် သည်။ ဗမာလူမျိုးကြီးဝါဒ ဆန့်ကျင်ရေးမှာ နိဂုံးချုပ်သွား၏။

မဲဆောက်မြို့အနီး မယ်ပကျေးရွာမှာ အထက်တန်းကျောင်းတည်ထောင်ထားသော ဆရာကြီး ဦးခိုင်ဦးမောင် ပြောတာကတော့ ရှင်းသည်။

‘ကျနော် တော်လှန်ရေးထဲမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပါတယ်။ ဒါပေမဲ့ ကျနော့်မှာ လူမျိုးစွဲမရှိပါဘူး။ စစ်တွေ ဆန်ပြဿနာ အရေးအခင်းမှာတုန်းက ရခိုင်လူမျိုးတွေကို ပစ်သတ်တဲ့စစ်သားတွေထဲမှာ ရခိုင်တွေ လည်းပါတယ်။ အမိန့်ပေးတဲ့ စစ်ဗိုလ်ကလည်း ရခိုင်လူမျိုးပဲ။ ဒါကြောင့် ကျနော်ကတော့ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံရသူ လို့ပဲ မြင်ပါတယ်။ မတရားဖိနှိပ်သူဆိုရင် ဘယ်လူမျိုးဖြစ်ဖြစ် ကျနော်တို့ ဆန့်ကျင်ရမှာပဲ။ အဖိနှိပ်ခံရသူ အချင်းချင်း ညီညွှတ်လက်တွဲနိုင်ရမယ်’

ကျနော် မည်သူ့ကိုမှ အပြစ်မတင်လိုပါ။ အလောင်းဘုရားဦးအောင်ဇေယျကို နာကျည်းအပြစ်ဖို့သူကိုလည်း ကျနော် စိတ်မဆိုးပါ။ ကျနော်နှင့် ဦးအောင်ဇေယျ နေရပ်ချင်းဝေးကွာသလို မျိုးဆက်တွေလည်း များစွာခြားပါ သည်။ ပဒေသရာဇ်ခေတ်က မြန်မာဘုရင်တွေ နိုင်ငံထူထောင်ပုံက စစ်အင်အားသာ ပဓာန၊ အားနည်းသူ ဦးညွှတ်ခစားစတမ်း ပုံစံဖြစ်သည်ကို ကျနော်သဘောပေါက်ပါသည်။ လွတ်လပ်ရေးရပြီးနောက် မြန်မာအစိုးရ အဆက်ဆက် အုပ်ချုပ်ခဲ့သည့်ပုံစံ အကောင်းအဆိုးကို တိုင်းတာအကဲဖြတ်ရန်မှာလည်း လက်ရှိမြန်မာပြည်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း နိမ့်ကျမှုက သက်သေခံနေသဖြင့် အလွယ်တကူ သိသာမြင်သာရှိပေသည်။

သို့သော် ‘ဗမာလူမျိုးကြီးဝါဒ’ ဆိုသည့်အသုံးအနှုန်းအပေါ်မှာတော့ ကျနော် ဘဝင်မကျနိုင်ပါ။ ထိုအသုံးအနှုန်း နောက်ကွယ်မှာ ဗမာလူမျိုး မုန်းတီးရေး အရိပ်အယောင်တွေ ထင်ဟပ်နေတာ သတိထားမိပါသည်။

အားလုံးသိကြသည့်အတိုင်း မြန်မာပြည်ကို ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော စစ်အာဏာရှင်စနစ်က ဗမာလူမျိုးတွေအတွက်ရော အခွင့်ထူးခံကောင်းကျိုးပေးခဲ့ပါသလား။ ၁၉၆၂ ခုနှစ်မှစ၍ ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး လှုပ်ရှားမှု အရေးအခင်းများနှင့် အဓိကရုဏ်းများတွင် သေကျေခဲ့ရ ထောင်တန်းကျခဲ့ရသူတွေထဲမှာ ဗမာလူမျိုး တွေ အများဆုံးဖြစ်ပေလိမ့်မည်။ စစ်အာဏာရှင်စနစ်၏ ရက်စက်မှုဒဏ်ကို လူနည်းစုတိုင်းရင်းသားများနည်းတူ လူများစု ဗမာတိုင်းရင်းသားတွေလည်း ခါးစည်းခံခဲ့ရပေသည်။

ထို့အတူ အုပ်ချုပ်ရေး ယန္တရားအတွင်းမှာလည်း လူနည်းစုတိုင်းရင်းသား အမျိုးသားတွေ ပါဝင်ဖွဲ့စည်းထားသည်။ ကျနော်တို့ရေတပ်ထဲမှာပင် လက်ရှိဒုတိယ အကြီးဆုံးပုဂ္ဂိုလ် စစ်ဦးစီးအရာရှိချုပ်(ရေ) မှာ ရခိုင်လူမျိုးဖြစ် ပါသည်။ နောက်ထပ် ဗိုလ်မှူးကြီးတွေလည်း ရှိပါသည်။  သူတို့လည်း သူတို့လူမျိုးကိုတော့ ချစ်ကြပါသည်။ ခေတ်စနစ်တွေထဲမှာ သူတို့မျောပါနေကြသည်။

တခါတခါ ကျနော် အတွေးလွန်မိသည်။ အာဏာရှင်စစ်ခေါင်းဆောင်ကြီးတချို့၏ လုပ်ရပ်တွေက လူနည်းစု တိုင်းရင်းသားတွေ၏ အမျိုးသားရေးစိတ်ချွန်မြမှုကို အားပေးအားမြှောက်ပြုခဲ့လေသလားဟု သုံးသပ်ကြည့် သည်။ လူနည်းစုတိုင်းရင်းသား ဒေသတွေမှာ သူတို့ကိုယ်ပိုင်စာပေယဉ်ကျေးမှု သင်ကြားခွင့်ကို အစိုးရက ပိတ်ပင် တားမြစ်ထားကြောင်း မကြာခဏကြားသိရသည်။

အကယ်၍ ကိုယ်ပိုင်စာပေယဉ်ကျေးမှုကို လွတ်လွတ်လပ်လပ်သင်ကြားခွင့်ပြုလျှင်ရော ဘာဖြစ်လာမည်နည်း။ အစိုးရအတွက် ဘာတွေ စိုးရိမ်ပူပန်ကြောင့်ကြစရာ ရှိသနည်း။ မည်သည့် လူနည်းစုတိုင်းရင်းသား စာပေမှ မြန်မာနိုင်ငံ၏ တရားဝင်ရုံးသုံးစာပေအဖြစ် တက်လှမ်းနေရာယူလာနိုင်မည်မဟုတ်ပါ။ လူ့စိတ်သဘာဝကိုက ပိတ်ပင်တားမြစ်ထားလျှင် ပို၍လုပ်ချင်သိချင်စိတ် ဖြစ်လာတတ်တာ ဓမ္မတာသဘောဖြစ်သည်။

တခေတ်တခါက လက်ဝဲကွန်မြူနစ်စာပေဆိုလျှင် စာအုပ်နီအဖြစ် ကန့်သတ်တားမြစ်ထားသဖြင့် စူးစမ်းလေ့လာ ချင်သော ပညာတတ်လူငယ်တွေ မရမက ရှာဖွေကာ ခိုးချောင်ခိုးဝှက် ဖတ်ရှုရင်း နီသွားကြတာရှိသည်။ ယခု လမ်းဘေးစာအုပ်တန်းမှာ မလိုချင်လောက်အောင် ပေါများလာချိန်မှာ ဘယ်သူမှ အရေးတယူမရှိလှတော့။ သူ့အလျင်အတိုင်း ပုံမှန်စီးဆင်းနေသော ရေမြောင်းတခုကို ကန့်လန့်ဖြတ်ဘောင်ခတ်လိုက်မှ ပတ်ဝန်းကျင်ကို ရေတွေလျှံကျလာတော့သည်။

လူနည်းစုတိုင်းရင်းသားစာပေသင်ကြားခွင့်ကို ပိတ်ပင်တားမြစ်မှုကြောင့် ကာယကံရှင်တွေ မခံမရပ်နိုင်ဖြစ်ကာ သမိုင်းကိုတူးဆွရင်း ဇာတိပုညတွေ အစပေါ်လာသည်။ အလွန်အကျွံတွေးခေါ်သူတချို့က လူမျိုးရေး အမုန်းတရား ဖြန့်ဝေကြသည်။ ကြမ်းတမ်းရက်စက်သော ဗမာလူမျိုးခေါင်းဆောင်တချို့ကြောင့် ဗမာလူမျိုးတွေ အမုန်းပွားခံရသည်။ မဖြစ်သင့်မှန်းသိသော်လည်း လက်တွေ့ရင်ဆိုင်နေကြရပါပြီ။ ရှေ့ခရီးဘယ်လိုဆက်ကြ မည်လဲ။

မိတ်ဆွေတဦးက မြန်မာပြည်မြေပုံကို ကိန္နရီရုပ်လေး မြူးမြူးကြွကြွကနေဟန်နှင့် တင်စားဖော်ပြတာကို ကျနော် အလွန်သဘောကျပါသည်။ ထိုကိန္နရီရုပ်လေး ခေါင်းပြတ်သွားမှာ ပူပန်မိသည်။ အတောင်ကျိုးမှာ စိုးရိမ်မိသည်။ ဝမ်းဗိုက်အလယ်မှ ဟက်တက်ကွဲသွားမှာလည်း အဖြစ်မခံလိုပေ။

ယခုပုံလေးအတိုင်း ကမ္ဘာ့မြေပုံပေါ်မှာ ဝင့်ဝင့်ထယ်ထယ် ဂုဏ်တင့်တယ်စွာ အစဉ်ထာဝရ ဆက်လက်တည်ရှိ သွားစေချင်ပါသည်။

 

နေမင်းသူ

FACEBOOK ပေါ်မှ မူရင်းစာရေးသူ၏ အမည်အတိုင်းကူးယူဖော်ပြခြင်းဖြစ်ပါသည်။

8 comments

  • Thu Wai

    October 12, 2012 at 9:03 am

    နေမင်းသူ ဆိုသော သူ၏ စာကို မိတ်တွေတစ်ယောက်မှ Share ပေးလာပြီး ဖတ်ပြီးပြီးချင်း ဂေဇက်တွင် မျှဝေချင်စိတ်ပေါ်လာ သောကြောင့် ချက်ခြင်းတင်ပေးလိုက်ပါတယ်။
    ရွာသူား များလဲ သဘောကျမယ်လို့ထင်ပါတယ်။

  • အင်း… ပင်လုံစိတ်ဓာတ်နဲ့ ဒီမိုလမ်းကို လျှောက်ပါမယ်ဆိုမှ အချင်းချင်းက နွားကွဲနေမှတော့… 🙄
    တိုင်းရင်းသားယဉ်ကျေးမှုတွေကို တိုးတက်ပြန့်ပွားအောင် လုပ်ပေးသင့်ပြီလို့ ထင်ပါတယ်…

  • San Hla Gyi

    October 13, 2012 at 9:00 am

    အင်း ဒီပို့စ်ကိုတော့ နည်းနည်းဝင်ပြီး ကွန်မန့်ပေးလိုက်ပါတယ်။ အဲဒီကိစ္စက တချို့နေရာမှာ တော်တော် ဟုတ်ပါတယ်။ တခါတလေတော့လဲ တိုင်းရင်းသားတွေဘက်က ဗမာမုန်းတီးရေးနဲ့ ဝါဒဖြန့်တာလို့တောင် ထင်ပါတယ်။ ဥပမာ အစိုးရက တိုင်းရင်းသားစာပေ ယာဉ်ကျေးမှုတွေကို ပိတ်ပင်တယ်ဆိုတာ သိပ်မဟုတ်လောက်ပါဘူး။ အားမပေးဘူးဆိုရင် ဆိုတော့ ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပိုင်းကပဲ မွန်အမျိုးသားနေ့အတွက် လက်ကမ်းစာစောင်ကို မွန်ဘာသာနဲ့ မြန်မာပြည်တွင်းမှာပဲ ဖြန့်ခွင့်ပေးခဲ့တာ မှတ်မိပါတယ်။ ပိုစတာတွေလဲ ထောင်ခွင့်ပေးပါတယ်။ ဒါပေမယ့် ဗမာဘာသာနဲ့ ရေးတာကိုတော့ တချို့စာပိုဒ်တွေကို ဖြုတ်ခိုင်းပါတယ်။ ဘာလို့လဲဆိုတော့ တချို့စာသားတွေက ဗမာအမျိုးသားတွေနဲ့ ပြဿနာ ဖြစ်နိုင်လို့ပါ။ တချို့ ရခိုင်လူမျိုးတွေကလည်း ရခိုင်စာပေ ပညာရှင်တွေကို အစိုးရက ဆေးထိုးသတ်သလိုလို ပြောတာတောင် ကြားဖူးပါတယ်။ နည်းနည်း များနေတယ်လို့ ထင်ပါတယ်။ အမှန်အတိုင်း ပြောရရင် တိုင်းရင်းသားစာပေတွေက အစိုးရ အာဏာစက်ကို ချိုးဖျက်နိုင်ဖို့ ဆိုတာ စဉ်းစားလို့ မရပါဘူး။ သူတို့ အာဏာကို မထိခိုက်ရင် အစိုးရက မကြောက်ပါဘူး။ သူတို့ကို ဆန့်ကျင်ပြီး နိုင်ငံရေးလုပ်ရင်တော့ ဖြစ်နိုင်ပါတယ်။ အဲဒီစွဲချက်နဲ့ ထောင်ထဲမှာ နှိပ်စက်ရင်းနဲ့ လက်လွန်သွားတဲ့ ဗမာနိုင်ငံရေးသမားတွေ အများကြီးပါ။
    အကျဉ်းချုပ် အနေနဲ့ ပြောရရင် တိုင်းရင်းသားစာပေတွေ သင်ကြားမှုကို အစိုးရက ပိတ်ပင်ဖို့ ပေါ်လစီချထားတာ မရှိဘူးလို့ ထင်ပါတယ်။ သက်ဆိုင်ရာ ဒေသအာဏာပိုင် တယောက်တလေ အနေနဲ့တော့ ကိုယ့်အမြင်နဲ့ကိုယ် ပိတ်ပင်တာတော့ ရှိနိုင်ပါတယ်။
    ကျုပ်သူငယ်ချင်း ဗမာပြည်ပေါက် တရုတ်လူမျိုးတယောက် ပြောသလို သူအနေနဲ့ တရုတ်စာ သင်ချင်ရင် အချိန်မရွေး ဘုံကျောင်းသွားပြီး သင်နိုင်ပါတယ်။ သူ့ကိုလဲ ဘယ်သူမှ မဖမ်းပါဘူး။ ဒါပေမယ့် သူမသင်ဖြစ်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူအနေနဲ့ လူများစုနဲ့ ပြောဆိုဆက်ဆံရာမှာ မလိုဘူးဆိုပြီး မသင်ဖြစ်ခဲ့တာပါ ဆိုသလိုပေါ့။ အခု တိုင်းရင်းသားတွေ ဖြစ်တာ အဲဒီသဘောပါ။ ကိုယ့်ဘာသာ သင်ချင်ရင်တော့ တနိုင်တပိုင် သင်နိုင်မယ့် သဘောရှိပါတယ်။ အစိုးရက အကြီးအကျယ် အားမပေးလဲ ပိတ်ပင်တာတော့ လုပ်ဖို့ခက်မှာပါ။
    ခုန ပြောသလို သမိုင်းထဲက ကိစ္စတွေကို မကြာခဏ အနာလုပ်တာလဲ တွေ့ဖူးပါတယ်။ အမှန်အတိုင်း ပြောရရင် ကျနော့်အမြင်အရ ဘယ်သူမှ အဲဒီကိစ္စတွေမှာ အပြစ်မကင်းပါဘူး။ မေ့လိုက်တာ ပိုကောင်းပါတယ်။ မမေ့နိုင်ဘူး ဆိုရင်တော့ ကိုယ်က သူများကို လက်ညှိုးထိုးရင် သူများဘက်ကလည်း ကိုယ့်ကို လက်ညှိုးပြန်ထိုးစရာ ရှိမယ်ထင်ပါတယ်။ တကယ်တမ်း တယောက်မျက်နှာ တယောက် မထောက်စတမ်း ပြောကြေးဆိုရင် ဗမာတွေဘက်ကလဲ အသာစီးနဲ့ကို ပြောစရာတွေ ရှိနိုင်ပါတယ်။ မပြောဘူး ဆိုတာကတော့ ကိုယ့်ဆွေကိုယ့်မျိုးတွေကို မပြောရက်သေးလို့ပါ။

  • ကြောင်ကြီး

    October 13, 2012 at 11:43 am

    အဲလိုလူမျိုးတွေ အများဂျီးမှ အများဂျီး… နိုင်ငံရေးမှာ အမျိုးသားရေး ဘာသာရေး အစွန်းရောက် ဝါဒနဲ့လုပ်စားဖို့က အချောင်ဆုံးပဲ…။ ဥနှောက်မပြေးသူတွေ နောက်လိုက်မရှိသူတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းသူတွေ အဲဒီလမ်းစဉ်လိုက်တာ တွေ့ရတယ်။ မြန်မာစစ်အစိုးရကိုပဲကြည့် နိုင်ငံခြားငွေရှိနေရင် ပြည်ပရင်းနှီးမြှုပ်နှံမှုအားကောင်နေရင် အပြောတမျိုး၊ ဘိုင်ပြတ်ရင် နိုင်ငံခြားအရင်းအနှီး မလာတော့ရင် တမျိုး ပြောတာမြင်နေရတာပဲ။ ဒီနေ့အချိန်ကတော့ ဧည့်သည်အလာများတော့ ဒီမိုကရေစီယောင်ယောင် ပွင့်လင်းသယောင်ပေါ့ဗျာ၊ ဧည့်တိတ်သွားရင် ဒါမှမဟုတ် မတည့်တော့ရင် အမျိုးသားရေးဝါဒဖက် ပြန်လှည့်ပါလိမ့်မယ်။ မြန်မာပြည်မှမဟုတ် နိုင်ငံတကာမှာ ဒီလိုပဲ၊ အာရှတိုက်မှမဟုတ် အာဖရိက၊ ဥရောပ၊ လက်တင်အမေရိက ဒီသဘောကြီးပဲ။ နိုင်ငံရေးထက် လူ့သဘောသဘာဝနဲ့ ပိုနွယ်ပုံရတယ်။ အာဏာရှင်စနစ်မှာ အုပ်ချုပ်သူတဦး တစုတဖွဲ့ရဲ့ သဘောထား အခရာကြတော့ သူတို့စိတ်ထားအတိုင်း တိုင်းပြည်စနစ် ပုံပေါ်တာပေါ့။ တိုင်းရင်းသားလူနဲစုအကြား လူမျိုးရေးနာကြည်းချက် ပုံဖော်နေကြတာလည်း ဒီသဘောပဲ၊ ခေါင်းဆောင်များရဲ့ ရင့်ကြက်မှုကို ဖော်ပြတာပါ။ ဒါကို တဖက်က မြင်တတ် နားလည်တတ်ရမယ်။ cool down လုပ်ပေးနိုင်ရမယ်၊ ဖြစ်ခဲ့တာ မေ့ဖို့မဟုတ် သင်ခန်းစာယူ ရှေ့ဆက်ဖို့ဆိုတာ နားချပေးနိုင်ရမယ်။ မြန်မာနိုင်ငံမှာ လက်ရှိ အတိုက်အခံ ဒေါ်စုအပါအဝင် အန်အယ်လ်ဒီ၊ ၈၈မျိုးဆက်ခေါင်းဆောင်များရဲ့ နိုင်ငံရေး ဖြတ်သန်းမှု အတွေ့အကြုံသည် အကောင်းဆုံး အနေအထားပဲ။ ခံထားရတဲ့ တိုင်းရင်းသားတွေကို စစ်ဗိုလ်တွေက ညီအကို တမြေထဲနေ တရေထဲသောက်လို့ ပြောလို့နားမဝင်နိုင်ဘူး၊ သူတို့လို တကယ်ခံထားရတဲ့ အတိုက်အခံ ဗမာလူမျိုး ခေါင်ဆောင်များက ဘဝတူ တိုင်းရင်းသား မြေပေါ်နိုင်ငံရေး ခေါင်းဆောင်များနဲ့အတူ တောထဲရောက်နေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ လက်တွဲလုပ်မှ ပြသနာလမ်းစ အဖြေပေါ်မယ်။ ဗမာလူမျိုးကြီးဝါဒ နာကြည်းချက် ရှေ့တန်းတင်လာရင် မင်းတို့လိုပဲ ငါတို့လည်း ခံခဲ့ရပါတယ်ဆိုတာ သက်သေပြနိုင်မယ်၊ ဒါမှ တဖက်သား ယုံကြည်မှုအစစ်ကို ရမယ်။ စစ်တပ်လို သေနတ်မဖောက်တာနဲ့ ယုံကြည်မှုတည်ဆောက်တယ်ဆိုလို့ကတော့ လဗြွတ်ပဲရမယ်။

  • kai

    October 13, 2012 at 1:02 pm

    လူတိုင်းလူတိုင်း.. ကွယ်ဝှက်ဖုန်းဖိထားခြင်းမရှိ.. (တတ်နိုင်သလောက်) သမိုင်းအမှန်တွေသိရမယ်.။ ပညာရှင်တွေက.. သမိုင်းအမှန်တရားတွေ.. ရှာဖွေရမယ်.။ စိတ်ဝင်စားသူတွေက.. ဆွေးနွေးရမယ်..။
    သမိုင်းအမှားတွေ..။ သမိုင်းအကောင်းတွေ.. မှတ်တမ်းတင်ရမယ်..။
    လက်ဆင့်ကမ်းရမယ်.။ သင်ရိုးညွှန်းတန်းတွေထဲ ပြဌာန်းရှင်းလင်းရမယ်..။
    သင်ခန်းစာယူရမယ်..။

    တာဝန်ယူရဲပြီး. အများအတွက်ကိုယ်စားပြုတဲ့ နိုင်ငံရေးခေါင်းဆောင်တွေတက်လာရင်.. ( လောလောဆယ်လက်ငင်းခေတ်အခြေအနေအရ) တောင်းပန်သင့်တာတွေရှိတယ်ထင်ရင်…. တောင်းပန်ရမယ်.။
    တာဝန်ယူရဲပြီး… အများအတွက်ကိုယ်စားပြုတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရှိနေရင်…ခွင့်လွှတ်ကျေစရာရှိရင်.. ခွင့်လွှတ်ကျေအေးပြကြရမယ်..။
    တောင်းပန်ကျေအေးတယ်ဆိုတာဟာ.. နောင်..သဘောတူ..ပုံစံတူအမှားထပ်မလုပ်မိဖို့.. ဝန်ခံကတိပေးချက်တမျိုးပဲ..။
    ရှိတဲ့..ရှိဖူးတဲ့..အပြန်အလှန်ကူညီခဲ့ခြင်း.. ကျေးဇူးတရားတွေကိုလည်း.. သတိရအောက်မေ့ကြရမယ်..။
    အတူူတူ အထိမ်းအမှတ်ပွဲတော်တွေ.. အမှတ်တရနေ့တွေလုပ်ရမယ်..။

    အဲလိုနဲ့.. အေးအတူပူအမျှ.. လူမျိုးစုတွေ.. တိုင်းရင်းသားတွေ.. အတူူတူဆက်သွားလို့ရရင်.. သွားကြ…
    သွားလို့မရရင်.. လမ်းခွဲပြီး.. ဆက်သွားကြဖို့ပါပဲ..။
    ဒါဟာ ပြည်ထောင်စုတခုထောင်ရာမှာ.. အခြေခံစိတ်ဓါတ်ဖြစ်ရလိမ့်မယ်..။

    • မိုးတိမ်

      October 13, 2012 at 11:05 pm

      အခုမှဒီ(ပိုစ့်)ကိုဖတ်မိတာပါ။ဝင်ပြောကိုပြောရပါမယ်။
      ကျွန်တော်က ဗမာစစ်စစ်ကြီးပါ။အခုရောက်နေတဲ့နေရာက တိုင်းရင်းသားအများစုနေထိုင်တဲ့နေရာပါ။
      ကျွန်တော့်ကိုဘယ်ကလာလဲလို့မေးလို့ ပြန်ဖြေရင်တောင် အော်ဗမာပြည်ကလားဆိုပြီးပြောတဲ့ဒေသပါ။
      စစကြားချင်းတုန်းကအတော်အူကြောင်ကြောင်နိုင်ခဲ့ပါတယ်။ဒီဟာက မြန်မာပြည်မဟုတ်ဘူးလားမေးတော့
      မဟုတ်ဘူး–ပြည်လို့ပြန်ဖြေပါတယ်။ရင်ထဲမှာဝမ်းနည်းမိတာတော့အမှန်ပါ။သို့သော် ကျွန်တော်တို့ ချစ်ချစ်
      ခင်ခင်နေနှိုင်ပါတယ်။ညီအစ်ကိုတွေလို ဖော်ရွေမှု့လဲရှိတယ်။သူတို့ဘာသာရေးပွဲတွေ၊ပွဲလမ်းသဘင်တွေက
      အစကျွန်တော်တို့ကိုဖိတ်ပါတယ်။အခုတော့ ကျွန်တော့အတွက်ဆိုအသက်ပေးမယ့်သူငယ်ချင်းတွေ၊
      မိတ်ဆွေတွေ ရှိနေပါပြီ။သူတို့ဟာကျွန်တော်တို့ရဲ ့တိုင်းရင်းသား ညီအကိုမောင်နှမများအစစ်တွေပါ။
      ဟိုငတိတွေကို ကျုပ်မကြိုက်သလို သူတို့လဲမကြိုက်ပါဘူး။ဒါပေမယ့်နေရာကအဝေးကြီးပါ အနေသာကြီးပါ
      တစ်ကယ်တမ်း ဖြစ်လာတော့ သူတို့သဘောထားက ကျွန်တော်တို့နဲ့ထပ်တူပါပဲ။ကချင်၊ကယား၊ကရင်၊ချင်း
      မွန်၊ဗမာ၊ရခိုင်၊ရှမ်းတို့ဟာ မြန်မာနိုင်ငံရဲ ့အဓိက လူမျိုးစုတွေပါ။ခွဲခွာသွားဖို့ လက်မခံနှိုင်ပါ။ဗမာလူမျိုးကြီး
      ဝါဒလဲမရှိပါ။အတူတူ ပြည်ထောင်စုကြီးကိုထိမ်းသိမ်းရပါမယ်။ဒါကြောင့် Burma လို့တောင်လက်မခံပဲ
      Myanmar လို့သာခေါ်ဖို့ပြောနေရတာပါ။ထပ်ပြောချင်တာကျုပ်တို့ဟာလူမျိုးကြီးဝါဒ မရှိပါ။

  • (ဒါကြောင့် ကျနော်ကတော့ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံရသူ လို့ပဲ မြင်ပါတယ်။ မတရားဖိနှိပ်သူဆိုရင် ဘယ်လူမျိုးဖြစ်ဖြစ် ကျနော်တို့ ဆန့်ကျင်ရမှာပဲ။ အဖိနှိပ်ခံရသူ အချင်းချင်း ညီညွှတ်လက်တွဲနိုင်ရမယ်’)
    အမှန်ဆုံးသော စာသားလေးပါဘဲ။
    ခက်တာက ကျနော်တို့မြန်မာပြည်က ပြဇာတ်ထုပ်တွေ ရုပ်ရှင်တွေက
    ဇာတ်မနာ နာအောင်ရေးရင်း ကရင်းနဲပ အချင်းချင်း သွေးကွဲအောင်ဖန်တီးခဲ့တဲ့ဇာတ်ထုတ်တွေဖြစ်မှန်းမသိဖြစ်ကုန်ပါတယ်.။
    ဘာသာ လူမျိုး ကွဲပြားတာက ပဓာန မဟုတ်ပါဘူး ဘယ်ဘက်မှာရပ်တည်နေသလဲဆိုတာက အဓိကလို့မြင်မိပါကြောင်း

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    October 13, 2012 at 6:03 pm

    လူမျိုးရေးအကြောင်းဆိုတာ တိုင်းရင်းသာတွေကြားတည်းမှာ နေကြည့်ဘူးမှသိတာ
    ( လေ့လာတတ်ဘို့ကလည်းလိုတာပေါ့နော )
    သတိထားမိတာက ဘက်စုံအောင်မလေ့လာကြလို့လားမပြောတတ်
    ကိုယ့်ကိုယ်ကိုယ်ဘက်စုံလေ့လာဘူးတယ်လို့ မဆိုလိုပါဘူး ကျုပ်ဖင်ကုန်းပြီေးအာ်နေတယ်သဘောထားဘါ
    သူများကိုသာပြောနေတာ ကျုပ်ကိုယ်တိုင်တောင် ငယ်ငယ်ကတည်းက
    သတင်းစာလိုဟာတွေချည်းဘဲဖတ်လာခဲ့ဘူးတာ
    အင်တာနက်ဆိုတာတွေကို ဟိုနှိပ်ဒီနှိပ်နည်းနည်းပါးပါးကလိကြည့်ဘူးမှ
    သတင်းတစ်ပုဒ် အကြောင်းရာတစ်ခုမှာ ဝေဖန်စရာ ရှု့ထောင့်အမြင်တွေ အမျိုးမျိုးရှိပါလားလို့
    ကော်မန့်တွေကို ဖတ်ဘူးမှ အကြောင်းအရာတစ်ခုကို စာရွက်မှာရေးထားတဲ့အတိုင်း
    တစ်သွေမတိမ်းယုံကြည်ခဲ့ဘူးတဲ့ အချိန်တွေနမြောမိပါရဲ့
    ဆိုလိုတာက ဒီဆိုဒ်လိုမျိုးပေါ့ :mrgreen: အကြောင်းရာတစ်ခုမှာ အကြောင်းရာကို အခြေခံပြီး
    ဝေဖန်မှု့တွေက လေ့လာနိုင်ရင် လေ့လာနိုင်သလောက် တယ်အမြင်ကျယ်နိုင်သကိုး
    ပိုစ့်ပါအကြောင်းရာကို နည်းနည်းပါးပါးမန်းမှုတ်ရရင်တော့
    ဆိုခဲ့ဘူးသလို တိုင်းရင်းသားအချို့မှာ ဖုံတက်နေတဲ့ စာအုပ်တွေကို
    ဒါ
    ရှေးဟောင်း ဒို့လူမျိုးကြီးတွေရေးခဲ့တဲ့စာတွေဘဲလို့ဖတ်ပြီး ဟုတ်သည်ရှိမဟုတ်သည်ရှိ စိတ်ထဲစွဲပြီး
    လူမျိုးရေးအစွန်းရောက်စိတ်တွေ ဝင်နေကြတာပါ
    အပေါ်က ဟံသာဝတီနန်းတော်ပျက်သုန်းခြင်းနှစ်ပတ်လည်နေ့မှာ ဟောပြောတဲ့သတ္တဝါရဲ့
    စကားကိုပြန်ကောက်ရင် လက်ရှိအခြေနေကို ( အကြမ်းဖျင်း ) ပြောရရင်
    ( ဒီစကားကတော့ ထိတဲ့လူထိမှာဘဲ ငြိတဲ့သူငြိမှာဘဲ မတတ်နိုင်ဘူး )
    ဒီမိုကရေစီဆိုလည်း စစ်အစိုးရမကောင်းကြောင်းကို ပါးစပ်အမြှုပ်ထွက်အောင်ပြောမှ ထောက်ခံသူရှိမှာ
    အဲ့သည်အကြောင်းမှာလည်းဒီလိုဘဲ ဗမာတွေမကောင်းကြောင်းကို ဗွက်ထအောင်ပြောမှ
    ထောက်ခံသူရမှာဆိုတော့ လွှတ်ပြောတော့တာပေါ့ လက်ရှိသူတို့က ထိုင်းကိုမှီနေတော့
    ထိုင်းကိုမသိမသာဖါးရသေးတာပေါ့
    ( ဒီစကားအတွက် အလွန်လည်းဝမ်းနည်းမိပါတယ် )
    အဲ့သည်လိုဘဲ လူထုထောက်ခံမှု့ရရှိဘို့ကို သူတို့ကြားဘူးနားဝတွေကို တစ်ဆိတ်တစ်အိပ်လုပ်ပြီး
    ချဲပြောကြ လူစုမိတာနဲ့ စိတ်ဓာတ်တွေကြွ မုန်းတီးရေးတွေဖြစ်
    အကြောင်းကတော့ ရှင်းရှင်းလေးဘဲ တကယ့်ရှင်းရှင်းလေးဘဲ
    တစ်နေ့ တိုင်းရင်းသား လူငယ်လေးတစ်ယောက်နဲ့ တောပြောတောင်ပြောရာကနေ
    လူမျိုးရေးအကြောင်းဖက် ရောက်သွားတယ်
    အဲ့သည်မှာ အဲ့သည်လူငယ်လေးရဲ့ စကားလေးကိုနားထောင်ပြီးမှ အလွန်ရိုးရှင်းတဲ့သဘောလေးကို
    တွေးမိတယ်ဗျ သူပြောတာက ရိုးရိုးလေးဘဲ
    ကျနော်တို့တိုင်းရင်းသားတွေအနေနှင့်
    ကျနော်တို့တိုင်းရင်းသားရိုးရာစကားနဲ့စာပေတွေမပျောက်ပျက်အောင်တော့ ထိမ်းသိမ်းရမှာဘဲ
    အဲ့သည်စကားလေးကို ကြားတဲ့အခါ အတော်ကြေနပ်မိတယ်ဗျ
    ဘာဖြစ်လို့လဲဆိုတော့ ကျုပ်ကြားဘူးခဲ့တဲ့ တိုင်းရင်းသားခံပြင်းမှု့အများစုက
    အထက်က နှစ်ပတ်လည်နေ့မှာပြောတဲ့လူရဲ့ အာဘော်အတိုင်းဘဲ
    သမိုင်းဟောင်းကိုတူးစွမယ် ဒေါခွီးမယ် ဘာမှန်းကိုမှ မသိဘူး ကြားဘူးတာကိုမှတ်ထားပြီးဒေါခွီးနေကြတာ
    အားလုံးတော့မဟုတ်ဘူးဆိုပေမယ့် အများစုဗျ
    ခုကျုပ်ပြောတဲ့ ငတိလေးက နယ်မြေပိုင်ဆိုင်မှု့ဆိုတာကို လုံးဝမပြောဘူး
    ဘာသာစကား စာပေ ယဉ်ကျေးမှု့ကို ထိမ်းသိမ်းဘို့ ကိုပြောနေတာ
    နောက်တစ်ခုက
    ဗမာလူမျိုးတွေမှာလည်း လူမျိုးရေးမဆင်မခြင်ပြောဆိုမှု့တွေကို ဆင်ခြင်သင့်တယ်
    ဥပမာ
    တိုင်းရင်းသားရွာတစ်ရွာရှိမယ်ဗျာ
    ဘေးပတ်ပတ်လည်မှာ ဗမာရွာတွေ ဒါမှမဟုတ် ဗမာတွေအများကြီးရှိတဲ့ ရွာထဲမှာ တိုင်းရင်းသားအစုတွေ
    ရှိမယ်ဗျာ ( ဟို ကလားတွေဘာတွေတော့ လာမရောနဲ့ ရောတဲ့ကောင် လီးဘဲ 👿 )
    အဲ့သည်အနေထားမျိုးကြရင်လည်း ဗမာတွေလူမျိုးတွေမှာ ဆိုခဲ့ပြီးတဲ့ လူမျိုးစုကို
    နှိမ်နှိမ်ချချသဘောထားတဲ့ အကျင့်လေးတွေရှိတတ်တယ် ရှိတတ်တယ်ဆိုတာထက်
    ရှိကိုရှိတာ ကျုပ်က သေခြာလေ့လာဘူးတယ်နော်
    လူမျိုးစုတွေအထဲမှတော့ ဘယ်လောက်ပြင်းထန်တယ်ဆိုတာကတော့ ပြောဘို့ခက်တယ်
    ပြောရရင်တော့လည်း အများကြီးဘဲဗျ
    ပြောဒေါ့ဘာဘူး

Leave a Reply