မိန်းမသားဘဝ
မိန်းမသားဘဝ
မြန်မာပြည်က မိန်းမသားတို့ဘဝအကြောင်း နည်းနည်းရေးမလား စိတ်ထဲမတင်မကျဖြစ်နေရာကနေ မအိတုန်ရဲ့ ခိုးရာလိုက်ပြေးခြင်းအကြောင်းပို့စ်ကလေးကို ဖတ်မိပြီးတော့ ရေးချင်စိတ်ပေါ်လာတာကို ဝန်ခံပါတယ်ရှင်။ တကယ်တော့ မြန်မာပြည်မှာ မိန်းကလေးတစ်ဦး အိမ်ထောင်ပြုဖို့မလွယ်ပါဘူး။ မိဘနောက်ခံကောင်းတဲ့ မိန်းကလေးတွေ၊ လူနည်းစုဖြစ်တဲ့ လူလတ်တန်းစားမှဆင်းသက်လာတဲ့ မိန်းကလေးတွေသာ အိမ်ထောင်ရေးကိုစဉ်းစားနိုင်ကြပြီး မိမိကိုယ်ကို တန်ဖိုးထားနိုင်ကြတယ်။ တန်သင့်တဲ့မာန်မာနထားရှိနိုင်ကြတယ်။
မွေးရာပါသဘာဝအားဖြင့် မိန်းကလေးတွေဟာ ချင့်ချင့်ချိန်ချိန်ရှိကြတာကို ကလေးဘဝအရွယ်ကတည်းက ပြသပါတယ်။ မိန်းကလေးတွေဟာ စိတ်ရောခန္ဓာကိုယ်ရော ယောက်ျားလေးတွေထက် ဖွံ့ဖြိုးမြန်ကြပြီး မိန်းကလေးတစ်ဦးဟာ အသက် ၁၅၊ ၁၆ လောက်ဆိုရင်ကို သူတို့မှာသဘာဝကပေးတဲ့ အသိတစ်မျိုးရှိနေကြပါပြီ။ အသက် ၂ဝကျော်ပြီဆိုရင်တော့ သူတို့ဟာ သူတို့ရဲ့အနာဂတ်ကို တွေးတတ်ခေါ်တတ်လာပါပြီ။ မိန်းကလေးတိုင်းလိုလိုဟာ အိမ်ထောင်ရေးအသိရှိတယ် ဆိုရင် ယုံနိုင်ကြမလား။ မိန်းကလေးတိုင်းလိုလိုဟာ အိမ်ထောင်ကောင်းကောင်းကျချင်ကြတယ်။ အရွယ်ရဲ့တန်ဖိုးကို သူတို့သိကြတယ်။ အရွယ်ရှိတုန်း အိမ်ထောင်ပြု၊ မှန်ကန်တဲ့ အိမ်ထောင်တစ်ခုကိုထူထောင်၊ သားသမီးမွေးဖွား၊ သက်ကြီးပိုင်း အတွက် ကြွေးသစ်ချ၊ စတာတွေကိုလုပ်ရမယ်လို့ အသိရှိကြပါတယ်။ မလုပ်နိုင်တော့တဲ့အခါမှသာ အိမ်ထောင်မပြုချင် ဘူးတို့၊ ယောက်ျားမုန်းတယ်တို့ ဖြစ်ကုန်ကြတာပါ။
လိုရင်းရောက်အောင် ကျွန်မရဲ့ကိုယ်ပိုင်ဥပမာတစ်ခုကို ပြောပြချင်ပါတယ်။ ကျွန်မအိမ်မှာခေါ်ခဲ့ဖူးတဲ့ မိန်းကလေး တွေအကုန်လုံးကို ကျွန်မပြောတဲ့စကားက ”ရည်းစားထားရင်အိမ်ပေါ်ကကြွ” ဆိုတဲ့စကားပါပဲ။ ဒါတရားသလား။ ကျွန်မကိုယ်တိုင်က စိတ်ကျေနပ်စရာကောင်းတဲ့အိမ်ထောင်တစ်ခုကို ထူထောင်ထားပြီး မိန်းမချင်းကိုယ်ချင်းမစာ သူများကျတော့ မယူရဘူးလုပ်တာ လုံးဝမတရားပါဘူး။ ဒါဘာဖြစ်လို့လဲဆိုတော့ သူများကိစ္စ ကူညီရိုင်းပင်းလိုစိတ် မရှိလို့ စောစောစီးစီးခေါင်း ရှောင်တာပါ။ ခေါ်ခဲ့ဖူးတဲ့ မိန်းကလေးတွေဟာ စာသာကောင်းကောင်းမတတ်တာ၊ ချစ်စရာကောင်းတဲ့ မိန်းမမာယာကိုလည်း ကောင်းကောင်းနားလည်ပြီး အိမ်ထောင်ရေးအသိလည်းရှိကြတယ်။ အရွယ်ရှိတုန်း အိမ်ထောင်ကောင်းကောင်းကျဖို့ လိုအပ်တာ၊ ဘဝအတွက်အရေးကြီးတာတွေ အကုန်လုံးနီးပါးကို သဘာဝအတိုင်းသိနေကြတယ်ရှင်။ မိန်းကလေးတိုင်းဟာ ရည်စား ထားနိုင်ဖို့ တော်တော်ကလေးကြိုးစားခဲ့ကြပါတယ်။
ညနေညနေတိုင်ရင် ရွာ့အပျိုများ ရေအိုးကိုယ်စီရွက်လို့ရေခပ်ဆင်းအလာ လူပျိုတွေ ခြင်းလုံးခတ်ရင်းစောင့်ကြတာတွေ ဟိုယခင်ခေတ်ရဲ့ လူပျိုအပျိုအခွင့်အရေးတွေကို ရုပ်ရှင်တွေထဲ စာအုပ်တွေထဲ မြင်ဖူးတွေ့ဖူးကြမှာပါ။ ဒီလိုလုပ်ရပ်အတွက် ဘယ်မိန်းကလေးမှ အထင်သေးခံရမယ် အစော်ကားခံရမယ်မထင်ပါဘူး။ ဒီခေတ်မှာတော့ ဒီလိုပုံမဟုတ်တော့ဘူး။ ညနေညနေတိုင်ရင် မိန်းကလေးတွေဟာ ဖြီးလိမ်းပြင်ဆင်ပြီး စက်ဘီးကိုယ်စီနဲ့ အင်တာနက်ဆိုင်ကိုချီတက်ကြပါတယ်။ ပြီးတော့ ချက်တင်းဝင်ကြပါတယ်။ သူတို့တွေဟာ လုံးဝဂိမ်းမဆော့ဘူး။ သူတို့လုပ်စရာရှိတာကိုပဲ စိုက်လိုက်မတ်လိုက် လုပ်ပါတယ်။ ချက်တင်းဝင်ပြီး ရည်းစားရှာတာပါ။ တစ်ဖက်ယောက်ျားလေးတွေက တောင်းဆိုမှုတွေလုပ်တဲ့အခါ မိန်းကလေးတွေခမျာ မိမိကိုယ်ကိုထိန်းသိမ်းလိုမှုနဲ့ စွန့်စားလိုမှုအကြား ဗျာများသွားကြရတယ်။ အသက်ပိုရတဲ့ မိန်းကလေးတွေက ပိုပြီး အလျင်စလိုနိုင်ကြတယ်။ ယောက်ျားလေးတွေကတော့ ကြောင်ကကြွက်ကိုဆော့သလိုဆော့တယ်။ ဒါတွေ ကျွန်မ ဘယ်လိုသိလဲဆိုတော့ ဈေးထဲကမိန်းကလေးတွေအတွက် ကျွန်မ အကောင့်လုပ်ပေးခဲ့လို့ပါပဲ။ သူတို့ဟာ အကောင့်ကို ပါ့စ်ဝါဒ်ပြောင်းသုံးဖို့ စိတ်ကူးမရှိကြဘူး။ လုပ်ဖို့လည်း အချိန်မရကြဘူး။ ကျွန်မ အားတဲ့အခါ အကောင့်တွေကို လူနဲ့နာမည်နဲ့တွဲပြီးမသိပေမယ့် ဖွင့်ဖတ်ကြည့်တဲ့အခါ မိန်းကလေးတိုင်းလိုလိုဟာ တော်တော်ကို ပိုးစိုးပက်စက် စော်ကားမော်ကား အပြောခံထားရတယ်ဆိုတာပါပဲ။ ကျွန်မလုပ်ရပ်က သိက္ခာသိပ်မရှိပေမယ့် ကိစ္စတစ်ခုကို ခြေခြေမြစ်မြစ် သိလာစေပါတယ်။ ဟိုယခင်ခေတ်တုန်းက ရေခပ်ဆင်းတဲ့သဘောသွားနဲ့ ဘာမှမကွာတဲ့လုပ်ရပ်အတွက် ဒီခေတ်မိန်းကလေး မှာ ဘာဖြစ်လို့ အထင်သေးခံရတာပါလဲ။
ပြီးတော့တစ်ခါ ဒီခေတ်မှာအဝတ်အစား အလှအပအသုံးအဆောင်ပစ္စည်းတွေ ပေါချင်းသောချင်းဖြစ်နေတယ်။ ဈေးပေါ တာမဟုတ်၊ ကုန်ပစ္စည်းပေါတာကိုပြောတာပါ။ မိန်းကလေးတွေဟာ ရည်စားရှာရေးအတွက် ဒါတွေကို အပြိုင်အဆိုင် သုံးစွဲကြရတယ်။ မသုံးတဲ့မိန်းကလေးကို ဉာဏ်ပိုရှိတယ်ခေါ်လို့ရပေမယ့် ဒါတွေသုံးစွဲတာကိုလည်း အပြစ်တင်လို့ သိပ်မရပါဘူး။ ဒါတွေသုံးပြန်ရင်လည်း မိန်းကလေးတွေ ထတယ်၊ ရွတယ်၊ လင်ဖမ်းနေတာ၊ စသဖြင့် အမျိုးစုံအပြောခံ ရပါတယ်။ အရွယ်ရှိတုန်း ချစ်သူတစ်ယောက်အရဖမ်းရမယ်လို့ အတွင်းစိတ်ထဲမှာသိနေတဲ့ မိန်းကလေးတစ်ယောက်ဟာ ဘယ်နည်းလမ်းမဆို သုံးမိမှာပါ။ ဒီခေတ်ရဲ့အမြင်တစ်ခုလုံးလုံးကိုက မိန်းကလေးတစ်ယောက်ရဲ့ အိမ်ထောင်ပြုချင်တဲ့ ဆန္ဒကို အမှန်အတိုင်းမမြင်ဘဲ အပေါစားအဖြစ်သတ်မှတ်လိုက်တာ များပါတယ်။ ရန်ကုန်က ငွေရှိပညာတတ် မိဘနောက်ခံကောင်းတဲ့ မိန်းကလေးအနည်းစုကို ကျွန်မ မရည်ရွယ်ပါဘူး။ သာမန်လူတန်းစား ဈေးထဲကမိန်းကလေးတွေ၊ အထည်ချုပ်စက်ရုံလို စက်ရုံမျိုး၊ ဆေးလိပ်ခုံလိုမျိုးက ကာယလုပ်သားမိန်းကလေးအများစုကို ကျွန်မရည်ရွယ်ပြီးပြောတာပါ။ သူတို့တွေဟာ ကြီးကြီးကျယ်ကျယ်လည်း သိပ်မတွေးတတ်ပါဘူး။ ယောက်ျားကိုခိုင်းစားဖို့ စိတ်ကူးမျိုးမရှိဘဲ ဒိုးတူဘောင်ဖက်လုပ်ကိုင်စားဖို့ အသင့်ပါပဲ။ အမဲဖမ်းဖို့ဆိုတာထက် မိမိဘဝရှေ့ရေးအတွက် အိမ်ထောင်ရေးအသိက အများကြီးပိုပါတယ်။ အထဆုံးအရွဆုံးလို့စိတ်ထဲထင်မိတဲ့ မိန်းကလေးတစ်ယောက်လောက်နဲ့ မိန်းမချင်းချင်း အတွင်းစကားပြောမိဖူးသူတိုင်း ဒီအချက်ကိုသိကြမှာပါ။ အပေါ်ယံအမြင်မှာ မိန်းကလေးတွေ ပေါ့ပျက်ပျက်နဲ့ လင်ရှာ နေကြတယ်လို့ ထင်မိပေမယ့် သူတို့အားလုံးနီးပါးမှာ အိမ်ထောင်ရေးအသိရှိနေကြပါတယ်။ တစ်ပြိုင်တည်းမှာ ယောက်ျား လေးတွေကတော့ လက်တည့်စမ်းလိုစိတ်သာအားသာနေပြီး အိမ်ထောင်ပြူဖို့ကိုများ ယောင်လို့တောင်မတွေးတတ်ကြသေး ပါဘူး။
သာမန်မိန်းကလေးတွေအတွက် သင့်တော်ထဲ့ယောက်ျားကလည်း ရှားပါးလို့နေပြန်တယ်။ အဖိုးကြီးနဲ့ ကလေးတွေသာ များပြားနေပြီး တကယ်တမ်းမှာ လူအချိုးအစားမညီပါဘူး။ တက္ကသိုလ်တွေမှာ ကြည့်လိုက်ရင် မိန်းကလေးများပြီး ယောက်ျားလေး နည်းနေတယ်။ ယောက်ျားလေးတစ်ယောက်ကို မိန်းကလေးနှစ်ယောက်အပြိုင်လုရတဲ့ ဇာတ်လမ်းတွေပဲ ကြားနေရတယ်။ အိမ်ထောင်ပြုတဲ့အရွယ် ယောက်ျားတွေ ဘယ်ရောက်ကုန်သလဲ စဉ်းစားစရာတောင် ကောင်းနေပါပြီ။ လူဦးရေစာရင်းဇယားမရှိတော့ ဒီအကြောင်းကျွန်မ သေသေချာချာ မပြောနိုင်ပေမယ့် ယေဘုယျသဘောအားဖြင့်မှာ ယောက်ျားလေးတစ်ယောက်ကို မိန်းကလေးနှစ်ယောက်ပြိုင်လုရတာက ပိုများပါတယ်။
ဒီလိုနဲ့ သာမန် လက်လုပ်လက်စားမိန်းကလေးတွေဟာ ရည်စားတစ်ယောက်ကို အပြိုင်အဆိုင်အနိုင်ကြဲပြီး ရလာပြီဆိုရင် လက်ထပ်နိုင်ဖို့ကို သေကောင်ပေါင်းလဲကြိုးပမ်းရပြန်ပါတယ်။ ဟိုယခင်ခေတ်တုန်းက အိမ်ထောင်တစ်ခုထူထောင်ဖို့ ကုန်ဈေးနှုန်းပြသနာသိပ်မကြီးပါဘူး။ အိမ်ခြံဝိုင်းလေးတစ်ဝိုင်းတော့ အချိန်တန်ရင် ဖြစ်လာကြတာပါပဲ။ ဒီခေတ်မှာတော့ ရန်ကုန်လည်း ရန်ကုန်အလျောက်၊ နယ်မြို့လေးတွေမှာလည်း ဈေးကမသေးဘူး။ အိမ်ခန်းလေးတစ်ခုဖြစ်တည်လာဖို့တောင် မလွယ်တဲ့အပြင် တခြားစားဝတ်နေရေးစိန်ခေါ်မှုတွေ၊ မိဘ အိမ်ပေါ်ကို လူပိုတစ်ယောက်ခေါ်တင်ဖို့ မဖြစ်နိုင်တော့တာတွေ၊ ဒါတွေကြောင့် ရည်းစားရှိပြီးသားမိန်းကလေးတွေထဲ တချိုု့က အရွယ်လွန်မှပဲ တင့်တောင့်တင့်တယ် ယူနိုင်ကြသလို တချို့ကတော့ အတူနေဘဝကို အချိန်အတိုင်းအတာအထိ ကုန်လွန်စေခဲ့ပြီး လမ်းခွဲကြရတယ်။ အိမ်ထောင်မကျတဲ့ မိန်းကလေးကတော့ ပိုများပါတယ်။ အနည်းဆုံးအရေအတွက်ကသာ အိမ်ထောင်ကောင်းကောင်းထူထောင်နိုင်ကြပါတယ်။
လူလတ်တန်းစားမိန်းကလေးများမှာတော့ ကိုယ့်မိဘကိုယ်ပိုင်တဲ့သဘောမျိုးရှိတာကြောင့် ခိုးရာလိုက်ပြေးခြင်းအားဖြင့် ပြဿနာကို ဖြတ်လမ်းနည်းသုံးပြီး ဖြေရှင်းနိုင်ပါတယ်။ ဆင်းရဲသားမိသားစုထဲက မိန်းကလေးတစ်ယောက် ခိုးရာလိုက် ပြေးမယ်ဆိုရင် သူ့မိဘတွေထတောင်ကြည့်မှာမဟုတ်၊ အချိန်တန်တော့ ကိုယ့်အိမ်ကိုယ်ကုပ်ကုပ်လေးပြန်လာရမှာပါ။ ဒါကြောင့် ခိုးရာလိုက်ပြေးတာဟာလည်း အခွင့်ထူးခံမိန်းကလေးတစ်ချို့အတွက်သာ ဖြစ်နေပါတယ်။ နှစ်ဖက်မိဘကို ငဲ့ကွက်လွန်းတဲ့စုံတွဲတွေမှာတော့ ကိုယ့်အိမ်ကိုယ့်ယာထူထောင်နိုင်ဖို့ အချိန်မနည်းမနောယူပြီး ကြိုးစားကြပါတယ်။ အဲဒီ အခါ ပညာတတ်မိန်းကလေးတွေကတော့ အချိန်မီဖြစ်လာနိုင်ပေမယ့် သာမန်မိန်းကလေးတွေအတွက်ကတော့ လက်ထပ် နိုင်ကြတဲ့အချိန်မှာ သိပ်ကိုအရွယ်နှောင်းသွားတာ ကြုံကြရမှာပါ။ သက်ကြီးကိုယ်ဝန်ဆောင်တာ ဘယ်လောက်ဒုက္ခများ သလဲ ကိုယ်တွေ့ကြုံရင်သိမှာပါ။
မိန်းကလေးတွေ မှန်ကန်စွာအိမ်ထောင်ပြုဖို့အရေးဟာ တနေ့တခြားကြီးမားတဲ့ စိန်ခေါ်ချက်တစ်ခုဖြစ်လာနေပါပြီ။ ဒါဆိုရင် မြန်မာပြည်မှာ လူဦးရေဒင်းကြမ်းဖြစ်နေတာ ဘာကြောင့်လဲလို့မေးခွန်းထုတ်စရာရှိပါတယ်။ မြန်မာပြည်လူဦးရေ သန်း ၆ဝနီးပါးရှိတယ်လို့ဆိုထားပါတယ်။ လူဦးရေဒင်းကြမ်းဖြစ်နေတာ၊ ကလေးအသေအပျောက်မထိမ်းချုပ်နိုင်တာဟာ မှန်ကန် တဲ့ အိမ်ထောင်ပြုမှု မဟုတ်လို့ပါပဲ။ တောနယ်မှာ မိန်းကလေးတွေ ၁၄နှစ်ဆိုအိမ်ထောင်ကျပြီ။ လယ်ကွင်းထဲလှဲလိုက်ရုံ လွယ်လွန်းတာကြောင့်ရော၊ ကလေးသာသာဆိုတော့ ဘာမှနားမလည်ကြတာကြောင့်ရော၊ ဆင်းရဲသားမိသားစုတွေ ကလေး တပြွတ်ပြွတ်မွေးတာကြောင့်ရော၊ တခြားကျွန်မ မသိသေးတဲ့အကြောင်းများကြောင့်ရော၊ အများကြီးဖြစ်နိုင်ပါတယ်။ တိုင်းပြည် နဲ့ချီတဲ့အကြောင်းများကို ကျွန်မ ဉာဏ်မမီပါဘူး။ ကျွန်မ လက်ငင်းကြုံနေရတဲ့ အဖြစ်ကလေးများကတော့ သာမန်လက်လုပ်လက်စား မိန်းကလေးများကို ကိုယ်စားပြုနိုင်မယ်ထင်လို့ ဒီပို့စ်ကလေးကို ရေးတင်ပါတယ်ရှင်။
65 comments
အရီးခင်လတ်
October 13, 2012 at 2:16 am
မပြုံးရေ
မပြုံး Post တိုင်း ရဲ့ ထုံးစံ အတိုင်းပါဘဲ။
တန်ဖိုးရှိတဲ့ စိတ်ဝင်စားစရာ အချက်အလက် အပြည့်နဲ့ပါ။
အသေအချာ ဝင်ပြီး ဆွေးနွေးပါမယ်နော်။
တစ် ကို ဝင်ယူသွားတာ။ အဟိ။ :hee:
garuda
October 13, 2012 at 6:09 am
ကောင်း၏ကောင်း၏..ကျေးဇူး..
ကထူးဆန်း
October 13, 2012 at 6:56 am
တောက် (စ်) …. အဖိုးကြီးဖြစ်သွားတာ .. နာတယ် ကွာ.. :hee:
မှန်တာ ပြောရရင် တစ်ခါတစ်လေ နားမလည် မိအောင်ဖြစ်ရပါတယ် ။
ဘာဖြစ်လို့လဲဆိုတော့ မိန်းမရှိမှန်း သိသိနဲ့ ၊ ရှုပ်တတ်တဲ့ သူမှန်း သိသိနဲ့ လက်ခံကြ ၊ ငြိကြတာဘဲ ။ အဲ ပညာ မတတ်လို့လဲ ပြောလို့ မရ ။ ပညာလဲ တတ်ရဲ့သားနဲ့ ဖြစ်ကြတာ ။ တစ်ယောက်လဲ မဟုတ် ၊ နှစ်ယောက်လဲ မဟုတ် ။ပြီးတော့ ငွေကြေး အရလည်း အားကိုးလို့ ရတာ မဟုတ် ။ ရုပ်ကြည့်တော့လဲ မင်းသားရုပ်မဟုတ် ။ အဲ့ဒီ့ ယောကျာင်္းတွေက ဘဲ ဘာတွေ တော်ပြီးစည်းရုံးတတ်လား ၊ မိန်းကလေး တွေ ကိုယ်နိုက်ကဘဲ ဆရာမပြုံး ပြောသလို အကြိုးစားလွန်တာလား ..
we R one
October 13, 2012 at 10:57 am
အဲဒါတွေက လိုချင်တာတွေ အရမ်းများသွားလို့ဖြစ်တာ…။ ဖုန်းတွေ ပေါ်လာတော့ သူများတွေ ဖုန်းကိုင်ရင် ကိုယ်လည်းကိုင်ချင်လာတယ်..။ သူများတွေ ကောင်းတာဝတ် ရင် ကိုယ်လည်းကောင်းတာ ဝတ်ချင်လာတယ်..။ မိဘက မတတ်နိုင်တော့ မကြံစည်သင့်တာတွေ ကြံစည်လာတယ်..။
လယ်ထွန်Z
October 13, 2012 at 8:53 am
ဒီစာဒေကို.
အိသဒ္ဒါမိုး. တို့.
ဂျူလီမြအိုတူး တို့
စီစီလီယာဇော် တို့.
ခင်ကုမုဒြာလွင် တို့ကို
ဖတ်ဖူးဇီဂျင် ဇမ်းပါဘိ. တော်.
အိုဘယ့် ကံကွက်ကျားမိုးးးး
ဒက်ဂလောက်. ဒက်ဂလောက်
uncle gyi
October 13, 2012 at 8:59 am
ယောကျာ်လေးတွေရှားတာယိုးဒယားကစလို့အခြားနိုင်ငံတွေကိုအလုပ်သွားလုပ်နေလို့ပါဗျာ
ကိုယ့်နောင်ရေးအတွက်ကြိုးစားတာကဒီတနည်းထဲရှိတယ်လို့သူတို့ထင်နေလို့ဖြစ်မှာပါ
စဉ်းစားတွေးဆမှုပွါးများလာအောင်အသိပညာပေးတွေများများလုပ်ပေးရမယ်ထင်ပါတယ်မပြုံးရေ
ကထူးဆန်းရေသိသိကြီးနဲ့မေးတာလားမသိလို့မေးတာလား
ကြိုးစားတာလားဘာလားဆိုတာ
အဲလိုမိန်းကလေးတွေကိုလိုက်ဗျူးရအောင်ဗျာ
ကျွန်တော်လည်းသိနေမြင်နေရတာအသဲယားလွန်းလို့
ဦးဦးပါလေရာ
October 13, 2012 at 9:01 am
ကောင်းပါပြီ…
ဆရာမဝင်းပြုံးမြင့်က မိန်းကလေးတွေအကြောင်းရေးတော့
တယောက်ယောက်ကလဲ ယောက်ျားလေးတွေအကြောင်း ရေးဦးမှ တော်မယ်….။ 🙂
ဒီပိုစ့်မှာ သတိထားမိတာတခု ရှိပါတယ်။
အချိုးအစား
မိန်းကလေးနဲ့ ယောက်ျားလေး တို့ရဲ့အချိုးအစား ပါ..။
အဲဒါလေးကို ချဲ့တွေးရရင်
ရည်းစားထားမယ့်အရွယ် မိန်းကလေးနဲ့ ယောက်ျားလေး အချိုးအစားက တစ်မျိုး…
အိမ်ထောင်ပြုမယ့်အရွယ် မိန်းကလေးနဲ့ ယောက်ျားလေး အချိုးအစားက တစ်မျိုး…
အိမ်ထောင်ပြုချင်တဲ မိန်းကလေးနဲ့ ယောက်ျားလေး အချိုးအစားက တစ်မျိုး…
အိမ်ထောင်ပြုဖို့ အဆင်ပြေလောက်သောအခြေအနေရှိတဲ့ မိန်းကလေးနဲ့ ယောက်ျားလေး အချိုးအစားက တစ်မျိုး…
အဲဗျာ….
လက်ရှိ မြန်မာပြည်မှာ ရှိနေသေးတဲ့
လူငယ်လေးတွေ တွေးတောဆင်ခြင်ကြပုံ(အမှားကြီး)အရ-
အိမ်ထောင်ပြုမယ်ဆိုရင် မိန်းကလေးဘက်က မှတ်ပုံတင်တခုပဲ ပါလာစရာလိုပါတယ်…
ယောက်ျားလေးဘက်ကတော့………
မဟာရာဇာ အံစာတုံး
October 13, 2012 at 9:23 am
ဥပါ …
ဟို .. နံပါတ်လေး အချက်က ..
လူပျိုဂျီး ဒွေနဲ့ အာပျိုဂျီးဒွေကို ပေါဒါလားဟင်င် …
etone
October 13, 2012 at 9:18 am
ဆရာမရေ … မင်္ဂလာပါနော် ။
မိန်းမတစ်ယောက်အနေနဲ့ … မိန်းမတွေရဲ့ ဘဝကို ကိုယ်စားပြုရေးသွားတဲ့ ပို့စ်လေးမို့ သဘောကျမိပါတယ် ။ ကျွန်မရဲ့ မမှီတဲ့ ဉာဏ် ခနော်နီခနော်နဲ့ လေးနဲ့ နည်းနည်း ပွားခွင့်ပြုပါဦးနော် ။ 🙂
သူများနိုင်ငံတွေမှာတော့မသိပါဘူး …ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ မိန်းမဆိုတာမျိုးကို တဆင့်နိမ့် လူတန်းစားလို ခွဲခြားဆက်ဆံတဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု အခြေနေလေးတွေ တွေ့ရတယ် ။ အဲ့ဒီလို ခွဲခြားတဲ့ အမြင်ပိုင်ဆိုင်ထားသူတွေက လက်လှုပ်လက် ၊ ခြေလှုပ်ခြေ ပြောဖို့ပဲ စောင့်နေကြတာမျိုးပါ ။ မြန်မာမှု ပတ်ဝန်းကျင်မှာတော့ … မိန်းမအများစုက အဲ့ဒီလို ခွဲခြားဆက်ဆံတဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု ဒဏ်ကို ကြောက်ကြပါတယ် ။ ဒါကြောင့်လည်း … လူပြောစရာမဖြစ်အောင် နေခဲ့ကြတာမျိုးဖြစ်မယ်ထင်ပါတယ် ။ အထူးသဖြင့် (အများစုယူဆထားတဲ့) ကိုယ်ကျင့်သိက္ခာနဲ့ ဆက်နွယ်တဲ့ အိမ်ထောင် ပြုခြင်း ကိစ္စလိုမျိုးပေါ့ ။
အိမ်ထောင်ရေး …. ။ ။အလွှာတန်းစား အသီးသီးက မိန်းမ အတော်များများက အလွန်ပြည့်စုံကောင်းမွန်တဲ့လူနဲ့ လက်ထပ်ချင်ကြတယ် ၊ အိမ်ထောင်ဖက်ဖြစ်ချင်ကြတယ် ။ ဒါသူတို့ရဲ့ မျှော်လင့်ချက် ၊ သူတို့စိတ်ကူးပါ ။ ဒါကြောင့်လည်း သူတို့ ကြိုးစား အားထုတ်ခဲ့ကြတာဖြစ်မယ် … ။ အဲ့လိုမိန်းမတစ်ယောက်ရဲ့ ဘဝဟာ အိမ်ထောင်ပြုတဲ့ ကိစ္စမှာ မှီခိုလိုစိတ်တွေ (100% မဟုတ်လျှင်တောင် ၊ ရာခိုင်နှုန်း အတော်များများ ) ရောပါနေခဲ့လို့ …. ပြည့်စုံကောင်းမွန်တဲ့ အိမ်ထောင်ဘက် လိုချင်ကြတာလို ့ ကျွန်မတော့ ယူဆပါတယ် ။ ဒါကြောင့်လည်း .. သူတို့ အားထုတ်ကြိုးစားခဲ့ကြတာ အပြစ်မဆိုရက်ပါဘူး ။ အရွယ်ရှိတုန်း သူများနည်းတူ ၊ ပြည့်စုံတဲ့ လူကို လိုချင်ကြတာကိုးဆိုတဲ့ စိတ်နဲ့ …. သူတို့ အတ္တ နဲ့ လောဘကို နားလည်ပေးလို့ ရပါတယ် ။
ဒါပေမယ့်လည်း ဆရာမရေ ….. ရွှေးလွန်းလျှင် မရ သေးလွန်းလျှင် မရဆိုသလိုပေါ့လေ … ရွေးရင်းနဲ့ အိမ်ထောင်ပြုချိန်လွန်သွားရတဲ့ အဖြစ်တွေလည်း ရှိကြပါတယ် ။
ဆရာမရေ … ကျွန်မကတော့ ပြည့်စုံကောင်းမွန်တဲ့ အိမ်ထောင်ဖက်ဆိုတာထက် ၊ နွေးထွေးတဲ့ မိသားစုဘဝကို ပိုတမ်းတပါတယ် ။ ဆိုလိုတာကလေ ကိုယ့်ရဲ့ အိမ်ထောင်ဖက်က ပြည့်စုံကောင်းမွန်တဲ့ လူဖြစ်ချင်မှ ဖြစ်မယ် ….ဒါပေမယ့် မိသားစုကို နွေးထွေးမှု ပေးနိုင်သူမျိုးဖြစ်ရပါမယ် ။ မှီခိုလို့ ရတဲ့ လူဖြစ်ချင်မှ ဖြစ်မယ် ၊ တက်ညီလက်ညီ ရုန်းကန်နိုင်တဲ့ လူမျိုးဖြစ်သင့်တယ်လို့ ဆိုလိုပါတယ် ။ လူတိုင်းမှာ အားနည်းချက်၊ အားသာချက်တွေရှိလို့ ပြည့်စုံလွန်းတဲ့ လူကို မမှန်း ထားပေမယ့် ၊ အိမ်ထောင်ဖက်ဖြစ်လာတဲ့ လူကို ပြည့်စုံကောင်းမွန်တဲ့ လူအဖြစ်တော့ ဖန်တီးနိုင်တဲ့ အခွင့်ရေး … မိန်းမတိုင်းမှာ ရှိပါတယ် ။ ဒါကို မေ့လျော့ပြီး လူကောင်းကိုချည်းလိုက်ရှာနေလို့ ….. ငါးမရ ရေချိုးပြန်ရတဲ့ မိန်းမတွေလည်း ဒုနဲ့ဒေးပါပဲလေ ။
မိန်းမတွေရဲ့ ပင်ကိုယ် အသိစိတ်ဓါတ်နဲ့ ၊ဉာဏ်ရည်ကွဲပြားမှူပေါ် မူတည်ပြီး အိမ်ထောင်ပြုခြင်းအပေါ်မှာခံယူချက်ကွဲ လွဲ ကြတယ်လို့ လက်ခံယုံကြည်ထားပါတယ် ။ ဘဝပေးကံကြမ္မာ နုံချာတာနဲ့ … ပင်ကိုယ် အသိစိတ်ဓါတ်နဲ့ ၊ဉာဏ်ရည် တိုက်ရိုက်မသက်ဆိုင်ဘူးလို့လည်း နားလည်လက်ခံထားပါတယ် ။ ကျွန်မလို အတွေးကြောင်တဲ့ အခြေခံ လူတန်းစားအလွှာထဲက အရည်ချင်းမရှိတဲ့ မိန်းမတစ်ယောက်အတွက်တော့ အိမ်ထောင် ပြုခြင်းကိစ္စက ထင်သလောက်မလွယ်ကူပြန်ဘူး ။ ဗေဒင်ကတော့ ပြောပါတယ် …. ဒီနှစ်လွန်လျှင် … အပျိုကြီးဖြစ်မယ်တဲ့ ဆရာမရေ … ဟီး ။
ကိုရင်မောင်
October 13, 2012 at 10:47 am
သီတင်းကလဲကျွတ်တော့မည် ဒီနှစ်လွန်ယင်အပျိုကြီးဖြစ်ကိန်ရှိဆိုတော့..ဟီဟိ
ဒီနှစ်မကုန်ခင် ဝါကျွတ်ယင်အစွန်ထုတ်တော့မယ်ထင်ပါ့….
ရွာသူရွာသားတွေမင်္ဂလာပွဲနွဲ့ရတော့မယ်ထင်တယ်….
အိတုန်ရေ…ဖိတ်စာပို့လိုက်နော်…..
etone
October 13, 2012 at 11:28 am
မဟုတ်ပါဘူး ကိုရင်မောင်ရယ် …. အထင်မကြီးပါနဲ့ .. ဒီနှစ်တော့ လုံးဝမဟုတ်တာ အသေချာပါပဲ … ။
နှောင်နှစ်လည်း မသေချာ မရေရာ … နောက်တနှစ်လည်း .. ထိုနည်းလည်းကောင်းပါ … ။ :harr:
garuda
October 13, 2012 at 8:45 pm
ဟုတ်ပါ့ သမီး etone ရယ်။ ဟိုနိုင်ငံတွေလောက်မဆိုးပေမဲ့…မိန်းမတွေ အများစု အနှိမ်ခံရတာကတော့ မှန်ပါတယ်။ ယဉ်ကျေးမှုဆိုတာ အကြောင်းပြပြီး ပတ်ဝန်းကျင်က မယဉ်ကျေးစွာ နှိပ်ကွယ်ခံရတဲ့ မိန်းကလေးတွေ အများကြီးပါ။ ခုလို အမျိုးသမီးများရဲ့ ကိုယ်ပိုင် တွေးခေါ် ယုံကြည်ချက် အမြင်ကလေးများ ဖတ်ရှုခွင့်ရတဲ့ အတွက်ကျေးဇူးပါ ခင်ဗျာ။
ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု
October 13, 2012 at 10:03 am
ကောင်းပါတယ်ဗျာ မိန်းမတွေရဲ့ အခြခံဘဝအကြောင်းလေးထက် သူငယ်မလေးတွေရဲ့
အပျိုဘော်ဝင်စ အပျိုဖြစ်ပြီး အပျိုကြီး မှသည် အိမ်ထောင်သည်ဘဝ မျှော်လင့်ချက်လေးတွေကိုပါ
ခြုံ့ပြီးရေးထားတဲ့သဘောလေးရှိပြီး
မိန်းမတွေရဲ့ စိတ်သဘောကို မြင်ခွင့်ရမိတဲ့အတွက်
မိန်းမ……ဆိုဒါ ရှူးပေါက်မလွယ်ပါလို့ ဦးစွာပထမပြောကြားလိုပါတယ် ဒေါ်ဒေါ်
ဒီနေရာမှာမှ ဆိုခဲ့ပြီးသလို မိန်းမငယ်လေးတွေရဲ့ ထတဲ့ရွတဲ့အရွယ်မှာ ( ခရက်ဒစ် စာရေးသူ )
ရည်းစားလိုခြင်တာကို ပါဝင်ဆွေးနွေးလိုပါတယ်ခင်ဗျာ
ကျနော် မိုက်ကယ်ဂျော်နီအောင်ပုပါ
ပြောခြင်တာက အားမငယ်ဂျပါနဲ့
တားတား တူတို့အရွယ်တုန်းကလည်း ဒီလိုဘာဘဲလို့ ပါဝင်ဆွေးနွေးပေးလိုက်ပါတယ်ခညား
ကြောင်ကြီး
October 13, 2012 at 10:17 am
သမီးလေးတို့ရယ် ဦးကြောင် ဒါတွေ မသိခဲ့ရိုး အမှန်ပါကွယ်။ ဦးကြောင်ကို ခွင့်လွှတ်နိုင်သေးတယ်ဆိုရင် နှစ်ယောက်မက နှစ်ဆယ် နှစ်ရာ နှစ်ထောင် ဝိုင်းလုနိုင်ပါတယ်။ တစစီဖြစ်သွားလည်း ဘာအရေးလဲ… ဘဝမှာ ကြောက်ရင် နှစ်ခါသေတယ်တဲ့…။ ကြောက်ဖူးကွ လာလုလှည့်…. :harr:
Shwe Tike Soe
October 13, 2012 at 10:42 am
အန်တီပြုံးရေ အားပေးသွားပါတယ်…
ကျွန်တော်ထင်တာကတော့ မိန်းခလေးတွေ အများအားဖြင့် ကျွန်တော်တို. နိုင်ငံက မြန်မာမိန်းကလေးတွေပေါ့နော်…သူတွေတွေက တန်းဖိုးမထားသင့်တာတွေ တန်ဖိုးထား ယဉ်ကျေးမှု နဲ. ရောထွေးနေတဲ့ အမှားတွေကို လုပ် ပြီးရင် ပြင်မရနိုင်ဘူးလို.သိထားတဲ့အရာတွေက သူတို.ဘဝ ကို ဖျက်နေကျတာပါပဲ…ပတ်ဝန်းကျင် က ပြောမှာကြောက်တဲ့ ကြောက်စိတ် မိဘကို ပြန်ရှင်းပြရမှာစိုးလို. ယောင်္ကျားနောက်လိုက်ပြေးသွားကြတဲ့ သူတွေလဲ အများကြီးပဲ…. အမှန်ကတော့ မိန်းခလေးတွေ ဘယ်သူမှ မကြောက်နဲ. ဘယ်သူပြောတာမှ မယုံနဲ. အားလဲမကိုးနဲ. ဒါဆို အမှန်အကန် ရွေးချယ်နိုင်မှာပါ….
မိန်းကလေးတွေရေးးးးးးးးးးးးး ကိုယ့်အပေါ်မကောင်းရင်တော့ ဘာဖြစ်ဖြစ် ကျိတ်မှိတ်ချစ်မနေနဲ. ဂျောင်းးးးးးးးးးးးးးးးးးးးးးး ဒါပဲ…… :kwi: :kwi:
we R one
October 13, 2012 at 10:54 am
ကျွန်မ ရဲ့ ခံယူချက်နဲပတ်သက်လို့နည်းနည်းဝင် ဆွေးနွေး ကြည့်ချင်ပါတယ်…။ မိန်းကလေး တိုင်းဟာ သင့်တော်တဲ့ အိမ်ထောင်တစ်ခု ကိုပြုချင်ကြတယ် ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ရှင့်..။ ကျွန်မ အတွက်တော့ အသက်၂ဝ ကျော်သည့် တိုင်အောင် တစ်ခါမှ အိမ်ထောင်ပြုဖို့ကို တစ်ခါမှ မစဉ်းစားခဲ့ဖူးပါဘူး..။ ကျွန်မ က အမြဲတမ်း အပျိုကြီးပဲ ဖြစ်ချင်နေခဲ့တာ ငယ်ငယ် တည်းကပါ..။ နောက်ပြီးတော့ ကိုယ့်အနီးအနား ပတ်ဝင်ကျင်မှာ မြင်တွေ့နေရတာ အိမ်ထောင်ရေးအဆင်မပြေမှုတွေ.၊ အငယ်အနှောင်းထားတာ တွေကို ကြည်ပြီးတော့ ပိုပြီး စိတ်ကုန်လာပါတယ်..။ အိမ်ထောင်ပြုတယ်ဆိုတာ ကံကိုယုံပြီး ဆူးပုံ တက်နင်သလိုများဖြစ်နေသလားလို့ပါ..။ ဒါက ကျွန်မ အထင်နဲ ပြောနေတာမဟုတ်ပါဘူး..။ ကျွန်မ ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အိမ်ထောင်ရေပြသနာတွေနဲ ယှဉ်ထိုးပြီးတော့ တွေးကြည့်တာပါ..။ နောက်ပြီး ကျွန်မ ကြားဖူးတာ တစ်ခု ရှိတယ် “ဒီကမာ္ဘမှာ ယောကျာ်းတွေးရဲ့ အချစ်တွေဟာ မပြောင်းလဲဘူး သစ္စာရှိကြတယ် ဆိုရင် ပြည့်တန်ဆာ လုပ်ငန်းဆိုတာ ပေါ်လာစရာ မရှိဘူး” တဲ့..။ နောက်ပြီး ကိုယ်စွမ်းကိုယ်စ ရှိတဲ့ မိန်းမတွေဟာ အိမ်ထောင်မပြုသင့်ဘူးတဲ့ ..။ ဒီတော့ ကျွန်မ မှာ အရမ်းချစ်ရတဲ့ ချစ်သူ ရှိရင်တောင် အိမ်ထောင်ပြုဖြစ်မယ်မထင်ဘူးဗျို့..။ (မှတ်ချက်။ ။ “အနာဂတ်အကြောင်းပြောရသည်မှာ မထင်မှတ်ပဲ လိမ်သလို ဖြစ်သွားတတ်သည်” အီရက် စကားပုံ) ဒီနေ့ အထိပဲ ပြောတာနော် ..နက်ဖြန်ကို အာမမခံဘူ.. ဟီး.:D
Shwe Ei
October 13, 2012 at 11:11 am
ဆရာမပြုံးရှင့် မိန်းမသားဘဝကို ကိုယ်ချင်းစာတတ်တဲ့ ဆရာမပြုံးအနေနဲ့ အိမ်ဖေါ်မိန်းကလေးရည်းစားထားရင် အိမ်ပေါ်ကကြွ လို့ လွယ်လွယ်လေးပြောလိုက်နိုင်တာကို စိတ်မကောင်းဖြစ်မိပါတယ်။ ဒီ့ထက်ပို အဖိုးတန်တာတွေ အများကြီး ချပြနိုင်တဲ ့အုံးနှောက်ပိုင်ရှင်မို့ပါ။ ဈေးသည်မိန်းကလေးတွေ အသိပညာနည်းလို့ စေတနာနဲ့ အီးမေးအကာင့်ဖွင့်ပေးတာကို လေးစားပေမဲ့ ပါ့စ်ဝါ့ဒ်မှတ်ထားပီးဖွင့်စစ်တဲ့အကြာင်းမသိစေချင်လို့ အပျိုရွယ်မိန်းကလေးတွေ အင်တာနက်မှာ ပိုးစိုးပက်စက် ပြောဆိုအရှက်ခွဲခံရာတာကို ဘလို ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း နည်းလမ်းလေးမှ မပေးနိုင်ရင် ဆရာမအကောင့်ဖွင့်ပေးလိုက်တာ ဈေးသည်မိန်းကလေးတွေ အပြောခံရဖို့ထက်ပိုပြီးအကျိုးမရှိနိုင်ပါဝူး။ နောက်တခုက ပို့စ်ရဲ့အသွားအလာမှာ လူတန်းစားအလွှာလိုက် အိမ်ထောင်ပြုခြင်းအပေါ်အမြင်တွေကို စေ့စေ့စုံစုံ ချပြထားပေမဲ့ ဆရာမရဲ့ကိုယ်ပိုင်အမြင်သက်သက်လို့ယူဆပါတယ်။ ကျမက တောမှာမွေးတောမှာကြီးပြီး ပဲ၊နှမ်းစိုက်အသက်မွေးတဲ့မိသားစုရဲ့ မျိုးဆက်ဖြစ်လို့ လယ်ကွင်းထဲလှဲရုံနဲ့ ခလေးထွက်တဲ့ဇာတ်လမ်းမျိုးဟာ ရှားပါးစာရင်းဝင်ဇာတ်လမ်းမျိုးဖြစ်ကြောင်းအခိုင်အမာပြောပါရစေ။ ဆိုလိုချင်တာက သူရင်းငှားသမီးမို့လို့ ထင်သလိုလင်ရှာခွင့် ထင်သလိုအိမ်ထောင်ပြုခွင့်ရှိတယ်လို့ စာဖတ်သူတွေကို အထင်မမှားစေချင်လို့ပါ။ ဆင်းရဲသူတိုင်း၊ လက်လုပ်လက်စားဆိုတိုင်း အတွေးအခေါ်မနိမ့်ကျပါဘူး။ ကိုယ့်သားသမီးအပေါ်ကောင်းစားစေလိုတဲ့ ဆန်ဒတခုမိဘတိုင်းရှိကျပေမဲ့ ဝမ်းရေးကြောင့် အိမ်ဖေါ်လုပ်ခိုင်းရတယ် ဝမ်းရေးကြောင့်ဈေးရောင်းစားခိုင်းရတယ်။ သို့သော် ကုဋေရှစ်ဆယ်သူဌေးသမီးမို့ လင်ရှာစရာမလိုဘဲ အော်တိုမက်တစ်ရပီး လမ်းဘေးဈေးသည်မို့ မိန်းမအိန်ဒရေပျက်လောက်အောင် လင်ရှာရတယ်ဆိုတာကို လက်မခံပါရစေနဲ့ရှင်။
လေးစားခင်မင်စွာဖြင့်
မရွှေအိ
garuda
October 13, 2012 at 8:30 pm
တစ်ယောက်..အတွေ့အကြုံ/နားလည်မှု တစ်မျိုးစီပါလား..ကောင်း..ကျေးဇူးပါ။
ကိုခင်ခ
October 13, 2012 at 11:51 am
1.To find a woman you need time and money therefore :
woman = Time x money
2.Time is money, so
Time = money
3. Therefore
woman = money x money
woman = ( money ) 2
4. Money is the root of all problems
monery = √Problems
5. Therefore
woman = (√Problems)2
woman = Problems
အဲလိုမျိုးအတွေးပေါက်ပြီး တွက်ကြည့်လိုက်တော့ ရတဲ့အဖြေပါဗျာ။ ဒါနဲ့ဘဲ လူပျိုကြီး၊ အပျိုကြီးတွေ များလာသလားလို့ပါ။ ( အပျင်းပြေလေး အတွေးပါးပါး အရေးအသားပေါ့ )
ရွှေ ကြည်
October 13, 2012 at 12:08 pm
ဆရာမပြုံးရေ မှန်သင့်သလောက်တော့မှန်ပါတယ် တော်တော်များများမှန်ပါတယ်။
ဒါပေမယ့် ရွှေအိပြောသွားသလိုပါပဲ လယ်ကွင်းဇာတ်လမ်းတွေကတော့ ရွှေကြည်တို့နယ်ဘက်မှာလည်းမရှိသလောက်ပါပဲ။
ဒါပေမယ့် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့တော့ အိမ်ထောင်ကျတဲ့သူတွေလည်းရှိပါတယ်။
ပညာရေးကိုဆုံးခန်းမတိုင်နိုင်တဲ့အခါ သူတို့မှာစိတ်ဝင်စားစရာဆိုတာ ဘဝပဲရှိပါတယ်(လက်ရှိဘဝပေါ့)
အလုပ်လုပ်ဖို့နဲ့ မိသားစုတခု ဒါပဲလေ ဒါဟာပုံမှန်ဘဝတွေပါပဲ။
ရန်ကုန်မှာတော့ဆရာမပြောသလိုမိန်းကလေးတချို့ကို အင်တာနက်ဆိုင်တခုမှတွေ့ဖူးပါတယ်။
အရာရာတိုင်းမှာတော့ ချွင်းချက်ဆိုတာရှိနေနိုင်တော့ကာ အကုန်လုံးတော့မဟုတ်ဘူးပေါ့။
လက်ရှိမြင်တွေ့နေရတဲ့မိန်းကလေးတော်တော်များများကတော့ ဆရာမပြောသလိုဖြစ်နေတယ်လို့
မြင်မိသလိုပါပဲ။ မိန်းကလေးတိုင်းတော့မဟုတ်ဘူးပေါ့ဆရာမရေ။
ဆရာမအကောင့်ဖွင့်ပေးထားသူလေးတွေကို အဆင်ပြေရင်ကြုံရင်ကြုံသလို ဆုံးမပညာပေးပြီး
လမ်းမှန်ရောက်အောင်လုပ်ပေးစေချင်ပါတယ်လို့..။
အင်တာနက်ချက်တင်ဆိုတာကြီးက လိမ်လို့ညာလို့အကောင်းဆုံးဖြစ်ပြီး မျက်နှာကြည့်ပြောရတာမဟုတ်လို့အားနာခြင်း မရှိပြောချင်တိုင်းပြောနိုင်တဲ့ နေရာကြီးဖြစ်လို့စဉ်းစားချင့်ချိန်နိုင်ကြစေချင်ပါတယ်။
မောင်ဘလိူင်
October 13, 2012 at 12:39 pm
ဆရာမရေ..
ဆိုင်မွန်ဒီဗူဗွား ပြောတာလေး သွားသတိရမိတယ်
“ လင်ဖမ်းတယ်ဆိုတာ အနုပညာပဲ..အဲဒီလင်ကို
ထိန်းသိမ်းဖို့ကတော့ အလုပ်သဘော ဖြစ်သွားပြီ” တဲ့။
ဝင့်ပြုံးမြင့်
October 13, 2012 at 12:51 pm
We r One – အချစ်ကသတ်သတ်၊ ပြည့်တန်ဆာလုပ်ငန်းက သတ်သတ် ပါ။ အိမ်ထောင်ရှင်မများဟာ သူတို့ယောက်ျားတွေကို မသိချင်ဟန်ဆောင်ပြီး ဇက်လွှတ်ပေးရတာလေးတွေ အများကြီးရှိပါတယ်။ အမပြောတာက အောင်မြင်တဲ့အိမ်ထောင်တစ်ခု ထူထောင်တာကိုပါပဲ။ အချစ်နဲ့တည်ဆောက်တဲ့ကမာ္ဘကြီးကို ပြောတာမဟုတ်ဘူးနော်။ ညီမက ငယ်သေးတော့ ငယ်စိတ်ပြင်းထန်လို့ နေပါလိမ့်မယ်။ အစွမ်းအစရှိတဲ့ မိန်းမတွေ ပိုပြီး အိမ်ထောင်ပြုသင့်တယ်လို့ ထင်ပါတယ်။
မရွှေအိရေ – ခြုံငုံပြီးရေးရလို့ မရှင်းမရှင်းဖြစ်သွားတာပါ။ တောနယ်က မိန်းကလေးတွေကို ပုတ်ခတ်လိုတဲ့စိတ် မဟုတ်ပါဘူး။ အိမ်မှာခေါ်ထားခဲ့ဖူးတဲ့ ခလေးမလေး ၁၃နှစ်ရှိသေး၊ ရွာကိုခဏပြန်ချင်လို့ လွှတ်လိုက်တာ ခလေးသဘာဝဆော့ကစားရင်း ဗိုက်ဖြစ်သွားခဲ့ဖူးတယ်။ တောက ခလေးတွေ ဒီလိုပုံချည်းပဲလို့ သိခဲ့ရလို့ပါ။ ဈေးသည်မလေးများကိုလည်း ဒီနည်းနဲ့ အစစ်အမှန် မရနိုင်ဘူးလို့ ပြောခဲ့ဖူးပေမယ့် သူတို့က မရမက အကောင့်လုပ်ခိုင်းတယ်။ ဆိုင်မှာ ဝယ်ရင် အကောင့်တစ်ခုကို တစ်ထောင်ပေးရလို့ပါတဲ့။ အမလုပ်ပေးခဲ့တဲ့ အကောင့်ပေါင်း ၅ဝကျော်ပါတယ်။
အမဆိုလိုတာက လူတန်းစားအလွှာလိုက် ပတ်သက်နေတဲ့ ကိုယ်ကျင့်စာရိတ္တကို ပြောတာမဟုတ်ပါဘူး။ ကိုယ်ကျင့်စာရိတ္တပိုင်းကို အမ စိတ်မဝင်စားဘူး။ လူဆိုတာ ကိုယ့်sex ကိုယ်ပိုင်တယ်လို့ ခံယူထားလို့ပါ။ အိမ်ထောင်ပြုရခက်ခဲခြင်းဟာ ခေတ်ရဲ့ ကြပ်တည်းမှုလို့ ဆိုလိုချင်တာပါ။ အိမ်ထောင်တစ်ခု ထူထောင်တာကို တိုင်းပြည့်တာဝန်ထမ်းဆောင်တယ်လို့ တွေးမိတာလေးလည်း ရှိပါတယ်။ စိတ်ထဲရှိတာ ရှင်းရှင်းပြောတတ်တဲ့ ညီမကို BC ပေးချင်တာ လက်ခံပါနော်။
မအိတုန်ရေ – အချိန်သိပ်မဆွဲနဲ့နော်။ ကိုယ်ပဲခံရမှာ။ မိန်းမတွေမှာ အရွယ်က စကားပြောတယ်။
ကိုထူးဆန်းရေ့- လူဖြစ်စောသွားတာ နောင်တရနေပြီပေါ့။ ကိုယ်ကျင့်စာရိတ္တသိပ်မကောင်းတဲ့ မိန်းကလေးဦးရေက နည်းနည်းပါ။ အများစုကတော့ အသိဉာဏ်မှန်ကန်စွာနဲ့ ကိုယ့်နောင်ရေးမျှော်တွေးပြီး ရိုးရိုးသားသားပဲ အိမ်ထောင်ပြုချင်ကြတာပါ။ ဒါကို ခေတ်အခြေအနေက ခွင့်မပြုဘူးလေ။ ၂ယောက်ပေါင်းမှ လစာ ၁သိန်းခွဲလောက်ရမယ်ဆိုရင် တန်ဖိုးနည်းအိမ်ယာက အိမ်ခန်းလေးတစ်ခန်း ဝယ် နိုင်ဖို့ ဘယ်လောက်ကြာအောင် စောင့်ရမလဲ။ တိုင်းပြည်တိုးတက်ဖို့ဆိုတာ အိမ်ထောင်တစ်ခုကို ကောင်းကောင်းတည်ဆောက် နိုင်ခြင်းကစတယ်လို့ ပြောရင် ပိုလွန်းရာကျမလား။
အနောက်နိုင်ငံက ပရော်ဖက်ဆာတစ်ဦးကတော့ ပြုံးကို ဒီလိုပဲ ပြောခဲ့ဖူးတယ်။ ဟုတ် မဟုတ်တော့ သိဘူးနော်။
သူတို့နိုင်ငံမှာ ပူပူနွေးနွေး ဇနီးမောင်နှံတွေကို ဖေးမပေးတဲ့ foundation တစ်မျိုးရှိတယ်။ အဲဒါမျိုးလေးတွေ တိုင်းပြည်မှာ ဖြစ်လာစေချင်တာပါ။
ဝင်ရောက်ဆွေးနွေးသူအပေါင်းကို ကျေးဇူးအထူးပါရှင်။
မောင်ပေ
October 13, 2012 at 1:01 pm
ကျုပ်ထိုင်နေကြ ဘီယာဆိုင်က ဝိတ်တာကောင်လေးတွေ ပြောတာကို အသံဖမ်းယူလာပြီး ဂေဇက်မှာ ဖိုင်လာတင်ပေးရမလို ဖြစ်နေပြီ
နယ်ကတော့ မြင်းခြံ ၊ တောင်သာ နယ်သားတွေ…၊ ကောက်ရိုးပုံ မဟုတ်ဘူးတဲ့ ၊ ရေကောတဲ့ ချောင်းတွေထဲမှာတဲ့ ၊ ရည်းစားထားလို ့ချိန်းရင် လူမမိအောင် ချိန်းရသတဲ့ ၊ မိရင် လျော်ကြေး ငါးသိန်းတဲ့ ။ အဲဒီမှာ မလျော်နိုင်လို ့.. မြို ့ကို ပြေးလာပြီး ကြံရာအလုပ် လုပ်စားနေတဲ့ ရွာသားတွေလဲ တစ်ပုံကြီး ။ တစ်ချို ့အရှက်နဲနဲကြီးတဲ့ အတွဲများကြတော့ ဘုရားပွဲရက်ရောက်ဖို ့စောင့်နေကြပါသတဲ့
ဘုရားပွဲဆိုလို ့.. ကညာလုတဲ့ ရန်ပွဲတွေလဲ မနဲပါပဲတဲ့
ရဲတွေကလဲ ဖြစ်တဲ့လူက ဘယ်ရွာသားလဲ ဆိုတာ အရင်ကြည့်ပြီးမှ ဝင်ရဲပါသတဲ့ ၊ တစ်ချို ့ရွာသားတွေကြ ရဲ ကိုတောင် ပြန်ပြီး ဝိုင်းရိုက်လို ့ပါသတဲ့
နောက်ထပ်ရှိသေးတာက လဘက်ရည်ဆိုင်က စားပွဲထိုး ညောင်ဦးသားတွေ ၊ သူရို ့ဘက်က ပိုဆိုးတယ်
အပျိုမပြောနဲ ့၊ အိမ်ထောင်ရှိတောင် မသက်သာဘူး ၊ ယောက်ျားလုပ်သူ မနက် ယာထဲသွားဖို ့နွားထုတ်ရင် အသံမမြည်အောင် ထုတ်ရသတဲ့..။ အသံထွက်တာနဲ ့ လူမရှိတော့ဘူးဆိုပြီး….
ကိုပေါက်(မန္တလေး)
October 13, 2012 at 2:59 pm
မိန်းမသားဆိုတာ ကိုယ်ဝန်ဆောင်ရမယ်ဆိုတဲ့ တာဝန်အပိုတစ်ခုပါလာလို့
အစစအရာရာချင့်ချိန်သင့်ပါတယ်.
တောကမိန်းကလေး မြို့ကမိန်းကလေး သဘာဝအရ အတူူတူပါဘဲ
အဲတော့ ………………………….အမည်မဖော်နိုင်ဘဲ မပူချင်ရင်တော့ကိုယ့်အသိတရားနဲ့ကိုယ်ဆင်ခြင်လို့ ကြည့်ရှောင်ရုံပါဘဲ။
ဝင့်ပြုံးမြင့်
October 13, 2012 at 4:12 pm
ပို့စ်ရဲ့ဆိုလိုရင်းတွေက တစ်လွဲတွေ ဖြစ်ကုန်ပြီလား မသိဘူး။ မိန်းကလေးတွေရဲ့ အိမ်ထောင်ရေးအသိဆိုတာကို ထည့်ရှင်းမပြထားမိဘူးလေ။ အဲဒါက မိန်းကလေးတွေဟာ အသက်ကြီးလာရင် ကိုယ့်ကိုပြုစုဖို့ ခုကတည်းက သားသမီးမွေးဖွားထားဖို့ လိုအပ်တာ၊ အိမ်ထောင်တစ်ခုရဲ့ လိုအပ်ချက်မှန်သမျှ အိုးအိမ်ကအစ၊ အိုးခွက်ပန်းကန် အထည်အလိပ်အဆုံး စသဖြင့် စုဆောင်းသိုမှီးထားဖို့ရာ၊ စီးပွားရေးခိုင်မာအောင် လုပ်ထားဖို့၊ စတာမျိုးတွေအတွက် စိတ်ထဲမှာ ရှိနေတတ်ပါတယ်။ သက်ကြီးပိုင်းအတွက် စိုးရိမ်မှု အမြဲရှိပါတယ်။ (မိန်းမတိုင်းရှိတယ်ရှင်) နှစ်ကိုယ်တူပျော်ပါးလိုစိတ်က နည်းလွန်းပါတယ်။ အိမ်ထောင်တစ်ခု ထူထောင်လိုစိတ်ကို လင်လိုချင်တယ်လို့ လူတွေက လွယ်လွယ်လေး အသွင်ပြောင်းလိုက်နိုင်တာပါ။ ခေတ်ကကြပ်တည်းတော့ အိမ်ထောင်တစ်ခု ထူထောင်ရာမှာ အစစ စဉ်းစား လွန်ပြီး အရွယ်ဟိုင်းသွားတော့ ကျန်းမာတဲ့သားကောင်းမိခင် ဖြစ်လာနိုင် ပါ့မလား။ ပြုံးအမြင်အရ မိန်းကလေးတွေဟာ မှန်ကန်တဲ့ အိမ်ထောင်ပြုမှုကိုပြုသင့်ပြီး အရွယ်ကောင်းတုန်း မှာ ကိုယ်လည်းကျန်းမာ၊ သားသမီးလည်းကျန်းမာ၊ ကြံ့ခိုင်တဲ့ အိမ်ထောင်တစ်ခုကို ထူထောင်သင့်တယ် မှတ်ယူတာပါပဲ။
pooch
October 13, 2012 at 4:21 pm
“ကိုယ်ကျင့်စာရိတ္တပိုင်းကို အမ စိတ်မဝင်စားဘူး။”
ဆိုတော့ အမပြုံးရေးတဲ့ သဘောက အပေါ်ယံကို သုံးသပ်ထားတယ်လို့ ဆိုချင်တာလား အမ။ ခြုံငုံသုံးသပ်မယ်ဆိုရင် အကုန်လုံး ထည့်တွက်မှ ရမယ် ထင်တယ် ။ ထင်တာကို ပြောတာပါ။
ဥပမာ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတတ်တဲ့သူတွေဆို ဒီလို တွေ ဖြစ်တတ်တယ် ဆိုတာမျိုး ပေါ့။
ဈေးသယ် မိန်းကလေး ၅ဝ က ဒီလို ပြသာနာဖြစ်တာဆိုတော့ အဲ့ဒီ ၅ဝ ထဲ မပါတဲ့ တခြား ဈေးသယ် ၁၀ဝ သို့မဟုတ် ၁၀၀ဝ လောက်ကတော့ ဟုတ်ချင်မှ ဟုတ်မယ် ဆိုတာမျိုးပေါ့။
လောလောဆယ် မြင်မိတာကတော့ အဲ့ဒီ အကောင့် လုပ်ပေးလိုက်တဲ့ မိန်းကလေး ၅ဝ ဟာ သူတို့ရဲ့ ဆင်းရဲခြင်း ၊ မသိနားမလည်မှု ၊ ပညာချို့တဲ့မှုကြောင့် ၂ ခါတိတိ အစော်ကားခံလိုက်ရပါတယ်။ ပထမတခုက အမပြောစကားအရ ယောက်ျားလေးများရဲ့ ပိုးစိုးပက်စက် အပြောဆိုခံရတယ်။
နောက်တခုက သူတို့ ယုံကြည်သူရဲ့ စည်းဖောက်မှုကို ခံရယုံသာ ပါစင်နယ်ကိုပါ လူသိရှင်ကြား ဖြစ်သွားတာပါ။
သူတို့သာ စာတတ်တဲ့သူတွေဆို ဒီလိုများ ပြန်ပြောနေမလားပဲ
My Life,
MY Choices,
My Mistakes,
My Lessons,
Not your business. ( နောက်တာနော် အမ)
ဒါတွေအားလုံးရဲ့ ပြသာနာ ဇာစ်မြစ်က ပညာချို့တဲ့မှုပါ။ ခုတော့ မူလတန်း ပညာရေးက အခမဲ့ဖြစ်လာပြီ ဆိုတော့ နောက်ဆို အလယ်တန်းပညာရေးအထိ ဖြစ်လာမှာပါ။ နောက် Sexual Education ကို တောရော မြို့ပါ မကျန် ပညာပေးလုပ်ရမယ် ထင်ပါတယ်။
ဝင့်ပြုံးမြင့်
October 13, 2012 at 5:11 pm
မယ်ပုရေ – အကောင့်လုပ်ခိုင်းတဲ့ မိန်းကလေးက နှစ်ယောက်တည်းပါ။ သူတို့ကနေ တခြားလူတွေ တဆင့်ယူကြတာပါ။ ကြည့်ရတာ သူတို့က ပြန်ရောင်းစားပုံပဲ။
ကိုယ်ကျင့်စာရိတ္တပိုင်းကို ထည့်မပြောချင်တာက လူအများစုဟာ အူမတောင့်ရင် သီလစောင့်မယ်ဆိုတာ အမ ယုံကြည်နေလို့ပါ။ မိန်းကလေးတွေ အိမ်ထောင်ဘက်ရှာတာကို မှားယွင်းတဲ့လုပ်ရပ်အဖြစ် အစ်မက မမြင်ဘူး။ လူတွေ အမြင်စောင်းတာကို ပြောချင်တာပါ။ အမကိုယ်တိုင်လည်း အစစစဉ်းစားလွန်လို့ အိမ်ထောင်ပြု နောက်ကျခဲ့တယ်။ ဒီအတွက် အမြဲနောင်တရတယ်။ နောက်တော့ ပရော်ဖက်ဆာ တစ်ဦးရဲ့ ရှင်းလင်းတဲ့အပြောတွေကြောင့် အမြင်ပွင့်တယ်ပေါ့နော်။ အဲဒါလေးကို ပြန်မျှချင်တာ။ တိုင်းပြည်မှာ အိမ်ထောင်ပြု မမှန်ကန်မှု၊ သားသမီး မရယူမှုတွေဟာ ကြာရင် တိုင်းပြည်နာလာစေတယ်။ ဒီကိစ္စ ဖြေရှင်းသင့်တယ်။
အလင်းဆက်
October 13, 2012 at 8:26 pm
အင်း…
တားတားလည်း..
ယောကျာ်းသားတွေ ဘဝ ဆိုပီး…
ပိုစ်လေး တစ်ပုဒ်လောက် ရေးကြည် ့မလားလို ့…
အဟိ ။
:kwi:
aanyar thar
October 13, 2012 at 8:40 pm
ကြာနီကန်ဆရာတော် ဟောကြားတဲ့ သနပ်ခါး…သွေးတဲ့ တရားလေး..သတိ့ရမိ့ပါ့……၂ဝ ကျော်အရွယ်သနပ်ခါးသွေးတော့ ကျောက်ပျဉ်နဲ့သနပ်ခါးတုန်း ပွတ်လို့ထွက်လာတဲ့ အသံက(.. စစ်ဗိုလ်မှ့ ချရာဝန်မှ့..).နည်းနည်းလေး..အသက်ကလေးထောက်လို့ အပျိုမကြီးတကြီး မဟိုင်းတဟိုင်းကြတော့….သနပ်ခါးသွေးသံကပြောင်းသွားရော(…ရရာပေါ့..ရရာပေါ့…)..ဆရာတော်ဟောတာပြောပြတာနော့…(ကပေရေ…ကျူပ်တို့အညာအကြောင်းသိ့ပါ့…နှံ့စပ်ပါ့…တော်ပါ့ဗျာ…အမှန်တွေပဲ..ဒါလေးပါ ထည့်ပြောပါဦးဗျ..တိုင်းပြည်ကို လွတ်လပ်ရေးရအောင် ကြိုးစားခဲ့တာလည်း အညာသား…..တိုင်းပြည်ကိုကျွန်ဖြစ်အောင်..ခု့လိုမိန်းကလေးတွေ လူငယ်လေးတွေ စားဝတ်နေရေးကြောင့် ပျက်စီးကုန်အောင် လုပ်ခဲ့တာလည်း..အညာသား..ပဲဆိုတာ….ပေါ့ဗျာ..)
Hnin Hnin
October 13, 2012 at 10:38 pm
မိန်းကလေးတိုင်းဟာ အိမ်ထောင်သားမွေးအမှုကို တစ်သက်မှာ တစ်ခါတော့
အနည်းဆုံးစိတ်ကူးကြပါတယ်တဲ့…ဖတ်ဖူးတာပါ…အမျိုးသမီးတိုင်းဟာ မိခင်စိတ်
ရှိကြသူချည်းပါပဲ…အခြေအနေအကြောင်းကြောင့်သာ အနည်းနဲ့အများ မိခင်စိတ်
ဒီဂရီတွေ ကွာဟသွားကြတာပါ…..ဒါကြောင့်..မိန်းမအရွယ်သုံးပါးမရွေး ငယ်ငယ်၊
လတ်လတ်၊ကြီးကြီး တော်များများ ဒီအမှုကို စဉ်းစားဖူးကြမှာပါ…အဲ့ဒီအထဲကမှ
ချစ်ရသူနဲ့အတူနေချင်လို့ပဲဖြစ်ဖြစ်…ချစ်ရသူကို ဘဝတစ်လျှောက်လုံးမှီခိုအားထား
ပြုချင်လို့ပဲဖြစ်ဖြစ်…မိဘကတိုက်တွန်းပေးစားလို့ပဲဖြစ်ဖြစ်…မိမိမျိုးဆက်ကျန်စေချင်
လို့ပဲဖြစ်ဖြစ်…သက်ကြီးဘဝနေဝင်ချိန်မှာ ကျောထောက်နောက်ခံအမှီသဟဲပြုစရာ
သားသမီးမရှိမှာစိုးလို့ပဲဖြစ်ဖြစ် ဘာစံနှုန်းသတ်မှတ်ချက်မှ မရှိဘဲ အကြောင်းအမျိုး
မျိုးနဲ့ အိမ်ထောင်တည်ကြတာပါ…ဒါကတော့ စွန့်စားဝံ့သူများလို့ပဲ ဆိုချင်ပါတယ်..
မစွန့်စားဝံ့သူများကျတော့ ပတ်ဝန်းကျင်နဲ့တိုက်ဆိုင်ပြီး စဉ်းစားရသလောက်က
တော့…….
အပျိုဘဝရဲ့အချုပ်အချယ်မရှိ လွတ်လပ်မှုထဲမှာ ပျော်မွေ့နေရတာ နှစ်သက်ခြင်း၊
မိမိအလုပ်ရည်မှန်းချက်ကြီးခြင်း၊မိမိပတ်ဝန်းကျင် သို့ သွေးရင်းရဲ့အိမ်ထောင်ရေး
ပြဿနာများကို နဖူးတွေ့ဒူးတွေ့တွေ့ထားခြင်းကြောင့် ယောက်ျားယူရမှာ စိုးရွံ့ခြင်း၊ အိမ်ထောင်သည်ဘဝရဲ့ ဖြစ်တည်မှုတွေကို ကြိုသိမြင်တွေးထားပြီး ရင်ဆိုင်ရမှာ
မဝံ့ရဲ(သေး)ခြင်း၊ခင်ပွန်းစံနှုန်းသတ်မှတ်ချက်တွေ အထားလွန်ခြင်း၊ဗေဒင်ဆရာရဲ့
စကားကို ယုံစားပြီး အိမ်ထောင်ပြုနှောင့်နှေးခြင်း(သို့)မပြုတော့ခြင်း၊ မိသားစု၊မောင်နှမ၊
တူ၊တူမတွေရဲ့ ဒဏ်ပိနေလို့ ငဲ့ညှာပြီး ယောက်ျားမယူေသေး(တော့)ခြင်း၊မိမိကိုယ်တိုင်
ကပဲ အပျိုကြီးလုပ်မယ်လို့ ရည်မှန်းထားခြင်းတို့ပါပဲ….
အချုပ်ကတော့ ‘ မိမိကိုယ်ကို အချစ်ဆုံး ‘ ဖြစ်နေလို့သာ အိမ်ထောင်သားမွေးအမှုကို မပြုကြခြင်း၊မပြုရဲကြခြင်းလို့ ထင်ပါတယ်..
ယောကျာ်းလေးများနဲ့တော့ ကွဲလွဲနိုင်ပေမယ့် နည်းနည်းလေးတော့ တူမယ်ထင်တယ်..
အိမ်ထောင့်တာဝန် ဦးစီးမယူလိုခြင်း၊မိန်းကလေးထက် ခုခေတ်မှာ စိတ်လွယ်လွယ်ဖြေ
ဖျောက်နိုင်သောနည်းများ ပေါများခြင်း(ကန်တော့နော်..အားလုံးကို မဆိုလိုပါ)စသဖြင့်
ပေါ့ရှင်…
အစ်မပြုံးရေးထားတာဖတ်ပြီး ဝေဖန်ချက်မပေးတတ်ပေမယ့် အဲ့ကတစ်ဆင့်
အတွေးလေးပေါ်လာလို့ နှင်းနှင်းအမြင်လေး ရေးကြည့်တာပါ….
နှင်းနှင်းအမြင်ကတော့ အိမ်ထောင်တစ်ခုသည် နွေးထွေးမှု၊သစ္စာရှိမှု၊စောင့်စည်းမှုတို့
လိုအပ်တယ်…အချစ်ထက် မေတ္တာနဲ့ကြင်နာမှုကို ပိုအလေးထားတယ်..ငွေတွေ
အများကြီးနဲ့တည်ဆောက်တာထက် လက်ရှိကိုယ့်အနေအထားလေးအတိုင်း
ဆက်သွားနေရင်ရပြီ…နှစ်ယောက်တက်ညီလက်ညီ ရှာဖို့လည်း လိုအပ်တယ်…
နှင်းနှင်းကိုယ်တိုင်လည်း မစွန့်စားဝံ့သူများထဲ ပါနေပါသေးတယ်…စိတ်သွားတိုင်း
ကိုယ်ပါတဲ့ နံပါတ်၁ အချက်ထဲက မရုန်းထွက်နိုင်သေးကြောင်းပါ….
နောက်ပိုင်း အပြီးရုန်းမထွက်နိုင်ရင်လည်း သူများဒုက္ခမပေးဘဲ သိသမျှ ဘိုးဘွားရိပ်
သာတွေမှာ သွားနေရမလားလို့ အဆုံးစွန်တွေးထားပါသည်…. :kwi: …..
MRTV-4 က ကြည့်လိုက်ရတဲ့ ကောလင်းမြို့(ဆိုလား..မှားရင်သည်းခံပါ)က
”စံတော်သာ” ဘိုးဘွားရိပ်သာကိုတော့ တရားလည်းရ၊တော်လည်းသဘောကျ…
ဟားးး…အဲ့ဒါ ငါ့ခိုလှုံရာများဖြစ်နေမလား….ဆိုပြီး…
Hnin Hnin
October 13, 2012 at 10:42 pm
မိန်းကလေးတိုင်းဟာ အိမ်ထောင်သားမွေးအမှုကို တစ်သက်မှာ တစ်ခါတော့
အနည်းဆုံးစိတ်ကူးကြပါတယ်တဲ့…ဖတ်ဖူးတာပါ…အမျိုးသမီးတိုင်းဟာ မိခင်စိတ်
ရှိကြသူချည်းပါပဲ…အခြေအနေအကြောင်းကြောင့်သာ အနည်းနဲ့အများ မိခင်စိတ်
ဒီဂရီတွေ ကွာဟသွားကြတာပါ…..ဒါကြောင့်..မိန်းမအရွယ်သုံးပါးမရွေး ငယ်ငယ်၊
လတ်လတ်၊ကြီးကြီး တော်များများ ဒီအမှုကို စဉ်းစားဖူးကြမှာပါ…အဲ့ဒီအထဲကမှ
ချစ်ရသူနဲ့အတူနေချင်လို့ပဲဖြစ်ဖြစ်…ချစ်ရသူကို ဘဝတစ်လျှောက်လုံးမှီခိုအားထား
ပြုချင်လို့ပဲဖြစ်ဖြစ်…မိဘကတိုက်တွန်းပေးစားလို့ပဲဖြစ်ဖြစ်…မိမိမျိုးဆက်ကျန်စေချင်
လို့ပဲဖြစ်ဖြစ်…သက်ကြီးဘဝနေဝင်ချိန်မှာ ကျောထောက်နောက်ခံအမှီသဟဲပြုစရာ
သားသမီးမရှိမှာစိုးလို့ပဲဖြစ်ဖြစ် ဘာစံနှုန်းသတ်မှတ်ချက်မှ မရှိဘဲ အကြောင်းအမျိုး
မျိုးနဲ့ အိမ်ထောင်တည်ကြတာပါ…ဒါကတော့ စွန့်စားဝံ့သူများလို့ပဲ ဆိုချင်ပါတယ်..
မစွန့်စားဝံ့သူများကျတော့ ပတ်ဝန်းကျင်နဲ့တိုက်ဆိုင်ပြီး စဉ်းစားရသလောက်က
တော့…….
အပျိုဘဝရဲ့အချုပ်အချယ်မရှိ လွတ်လပ်မှုထဲမှာ ပျော်မွေ့နေရတာ နှစ်သက်ခြင်း၊
မိမိအလုပ်ရည်မှန်းချက်ကြီးခြင်း၊မိမိပတ်ဝန်းကျင် သို့ သွေးရင်းရဲ့အိမ်ထောင်ရေး
ပြဿနာများကို နဖူးတွေ့ဒူးတွေ့တွေ့ထားခြင်းကြောင့် ယောက်ျားယူရမှာ စိုးရွံ့ခြင်း၊ အိမ်ထောင်သည်ဘဝရဲ့ ဖြစ်တည်မှုတွေကို ကြိုသိမြင်တွေးထားပြီး ရင်ဆိုင်ရမှာ
မဝံ့ရဲ(သေး)ခြင်း၊ခင်ပွန်းစံနှုန်းသတ်မှတ်ချက်တွေ အထားလွန်ခြင်း၊ဗေဒင်ဆရာရဲ့
စကားကို ယုံစားပြီး အိမ်ထောင်ပြုနှောင့်နှေးခြင်း(သို့)မပြုတော့ခြင်း၊ မိသားစု၊မောင်နှမ၊
တူ၊တူမတွေရဲ့ ဒဏ်ပိနေလို့ ငဲ့ညှာပြီး ယောက်ျားမယူေသေး(တော့)ခြင်း၊မိမိကိုယ်တိုင်
ကပဲ အပျိုကြီးလုပ်မယ်လို့ ရည်မှန်းထားခြင်းတို့ပါပဲ….
အချုပ်ကတော့ ‘ မိမိကိုယ်ကို အချစ်ဆုံး ‘ ဖြစ်နေလို့သာ အိမ်ထောင်သားမွေးအမှုကို မပြုကြခြင်း၊မပြုရဲကြခြင်းလို့ ထင်ပါတယ်..
ယောကျာ်းလေးများနဲ့တော့ ကွဲလွဲနိုင်ပေမယ့် နည်းနည်းလေးတော့ တူမယ်ထင်တယ်..
အိမ်ထောင့်တာဝန် ဦးစီးမယူလိုခြင်း၊မိန်းကလေးထက် ခုခေတ်မှာ စိတ်လွယ်လွယ်ဖြေ
ဖျောက်နိုင်သောနည်းများ ပေါများခြင်း(ကန်တော့နော်..အားလုံးကို မဆိုလိုပါ)စသဖြင့်
ပေါ့ရှင်…
အစ်မပြုံးရေးထားတာဖတ်ပြီး ဝေဖန်ချက်မပေးတတ်ပေမယ့် အဲ့ကတစ်ဆင့်
အတွေးလေးပေါ်လာလို့ နှင်းနှင်းအမြင်လေးတွေ ရေးကြည့်တာပါ….
နှင်းနှင်းအမြင်ကတော့ အိမ်ထောင်တစ်ခုသည် နွေးထွေးမှု၊သစ္စာရှိမှု၊စောင့်စည်းမှုတို့
လိုအပ်တယ်…အချစ်ထက် မေတ္တာနဲ့ကြင်နာမှုကို ပိုအလေးထားတယ်..ငွေတွေ
အများကြီးနဲ့တည်ဆောက်တာထက် လက်ရှိကိုယ့်အနေအထားလေးအတိုင်း
ဆက်သွားနေရင်ရပြီ…နှစ်ယောက်တက်ညီလက်ညီ ရှာဖို့လည်း လိုအပ်တယ်…
နှင်းနှင်းကိုယ်တိုင်လည်း မစွန့်စားဝံ့သူများထဲ ပါနေပါသေးတယ်…စိတ်သွားတိုင်း
ကိုယ်ပါတဲ့ နံပါတ်၁ အချက်ထဲက မရုန်းထွက်နိုင်သေးကြောင်းပါ….
နောက်ပိုင်း အပြီးရုန်းမထွက်နိုင်ရင်လည်း သူများဒုက္ခမပေးဘဲ သိသမျှ ဘိုးဘွားရိပ်
သာတွေမှာ သွားနေရမလားလို့ အဆုံးစွန်တွေးထားပါသည်…. :kwi: …..
MRTV-4 က ကြည့်လိုက်ရတဲ့ ကောလင်းမြို့(ဆိုလား..မှားရင်သည်းခံပါ)က
”စံတော်သာ” ဘိုးဘွားရိပ်သာကိုတော့ တရားလည်းရ၊တော်လည်းသဘောကျ…
ဟားးး…အဲ့ဒါ ငါ့ခိုလှုံရာများဖြစ်နေမလား….ဆိုပြီး…
ဝင့်ပြုံးမြင့်
October 14, 2012 at 1:21 am
နှင်းနှင်းရယ် စာရေးကောင်းလိုက်တာ။ တကယ်ပြောတာပါ။ နှင်းနှင်း အဲဒီလိုဖြည့်စွက်ရေးပေးလိုက်တော့မှ ပြည့်စုံသွားတယ်။ ဒီပို့စ်မှာ ကီးနည်းနည်းလွဲသွားတာက ကိစ္စတစ်ခုကို ချဉ်းကပ်တဲ့အခါ တစ်ဦးချင်းသဘောနဲ့ အများသဘော မှာ မတူနိုင်တော့တာပါ။
အမက ဟိုလေ ကိုကျော်သူရဲ့ နာရေးကူညီမှုအသင်းလိုမျိုး သာရေးကူညီမှုအသင်းလေးများ ဖြစ်လာနိုင်မလား လို့ စိတ်ကူးယဉ်ကြည့်မိတာလည်း ပါပါတယ်။ ဟိုအရင်တုန်းက အသုဘကားဆို မမောင်းချင်ကြတော့ ကိုကျော်သူ ကိုယ်တိုင်မောင်းပြသလိုမျိုး၊ အခုလည်း အိမ်ထောင်ပြုတာကို လူတွေက အဆိုးမြင်လွန်းတယ်။ လူဦးရေ တိုးလာတဲ့နေရာမှာ ဟန်ချက်မညီမှုဟာ ( ဆင်းရဲသားက သားသမီး တပြွတ်ပြွတ်မွေး၊ နောင်မျိုးဆက်ကို ပံ့ပိုးတဲ့နေရာမှာ အဖေအမေ နှစ်ဦးရဲ့ အားထုတ်မှု မရှိတာ၊ ) တနေ့ အန္တရာယ်အဆင့် ရောက်လာနိုင်တယ်။ ဒါက စိတ်ထဲမှာ သိနေသလိုရှိပေမယ့် ပညာရှင်မဟုတ်တော့ အတိအလင်း ချရေးပြနိုင်စွမ်းမရှိဘူး။ တကယ်တော့ သာရေးကူညီမှု ဆိုတာမျိုး လူကြားထဲသွားချပြရင် အဟားခံရမှာပေါ့နော်။
kai
October 14, 2012 at 2:27 am
အမျိုးသမီးအခွင့်အရေးတခုစီထောက်ပြပြီး.. လိုက်ရှင်းပေးတဲ့အလုပ်လုပ်တဲ့.. အဖွဲ့အစည်းသဘောမျိုးပိုလိုအပ်နေတယ်ထင်မိတယ်..။
ကျုပ်နေခဲ့ဖူးတဲ့နိုင်ငံတွေနဲ့ နှိုင်းကြည့်ရသလောက်တော့.. မြန်မာမိန်းမတွေက.. မိန်းမအခွင့်အရေးအရနည်းပါတယ်..
… ဓလေ့ထုံးတမ်းတွေ အတားအဆီးကြောင့်.. မိန်းမတွေဟာ.. ယောက်ျားတွေနဲ့.. အခွင့်အရေးပိုင်း တော်တော်(တော်တော်လေး)နိမ့်ရနေတယ် ခံစားမိတာပါ..။
စိတ်ပိုင်းဆိုင်ရာတွေကို ပြောရမှာ ကျုပ်ကတော့ ဘာသာရေးကို လက်ညိုးညွှန်ချင်ပါတယ်..။
ဆိုင်ရာဒေသနဲ့လူတွေရဲ့..အတွေးအခေါ်ပိုင်းလွှမ်းမိုး ချုပ်စီးထားတာ.. ဘာသာရေးဖြစ်လို့ပါ..။
ဒီပို့စ်ကို..
ဦးပါရဲ့.. အောက်ကလင့်ခ်က ပို့စ်နဲ့တွဲဖတ်ရင်..မြန်မာ ယောက်ျားမိန်းမ လူမှုရေးဆိုင်ရာ အကျိုးအပြစ်..အဖြစ်တွေအကြောင်း ပိုပြီး ခြုံငုံမြင်နိုင်မယ်ထင်မိပါတယ်..။
http://myanmargazette.net/151972/
ဆက်ပြီးဆွေးနွေးကြစေလိုကြောင်း…
.. ဆိုင်ရာပုဂ္ဂိုလ်တွေ ဖတ်နိုင်ကြအောင်.. လုပ်ကြည့်မည်ဖြစ်ကြောင်း.. :kwi:
အရီးခင်လတ်
October 14, 2012 at 5:16 am
မပြုံးရေ
ကိုယ်မမြင်နိုင်တဲ့ ရှုဒေါင့် တွေလဲ ရှိတာ မို့ စာထဲက အကြောင်း တွေကို ခံစားပြီး မြင်အောင် ကြည့်ခဲ့ပါတယ်။
ပေးလာတဲ့ မှတ်ချက်လေးတွေ ကလဲ သူ့နည်းသူ့ဟန် နဲ့ မပြုံး စာတွေ ကို ဖြည့်ပေးခဲ့တာမို့ မပြုံး ဆိုလိုချင်တာ ကို ဖမ်းမိ ခဲ့တယ် ထင်တာပါဘဲ။ (လွဲ နိုင်သေး)
မပြုံး က မိန်းကလေးတွေ မှန်ကန်စွာအိမ်ထောင်ပြုနိုင်ရေး အတွက် ကူညီချင် နေတာကို သိလိုက်ရတာ မို့ အဲဒီ စေတနာ အတွက် တကယ်ဘဲ လေးစား ဦးညွတ် ပါတယ်။
ပြောရရင် ကျွန်မလဲ ပါချင်ပါရဲ့။
အဲဒီ ကနေ စဉ်းစားကြည့်မိတယ်။
တကယ်တော့ မပြုံးရေ – ဆင်းရဲတဲ့ တောက မိန်းကလေးတွေ ဘဲ မှန်ကန်စွာ အိမ်ထောင်ပြုနိုင်ဖို့ ပညာ ပေးရမယ် ထင်တယ်လား။
မဟုတ်ပါရှင်။
ဒီခေတ်ကြီးထဲ မှာ မြန်မာပြည် က ချမ်းသာတဲ့ အသိုင်းအဝိုင်း က မိန်းကလေးတွေ (တစ်ချို့ခေါ်မလား၊ အများခေါ်ရမလားတောင် မသိပါ) မှာလဲ မှန်ကန်စွာ အိမ်ထောင်ပြုခြင်းအတွက် အသိဉာဏ်လိုနေပါတယ်။
တောရောမြို့ မှာ ရှိတဲ့ မိဘ အားလုံး ကိုတော့ သိမ်းကြုံးပြီး ဝါးလုံး နဲ့ မရမ်းလိုပါဘူး။
နယ်က မိန်းကလေးတွေ ကတော့ သူတို့ မိဘ က ကို ပညာမတတ်လို့။
မြို့ပေါ်က ချမ်းသာ တဲ့ မိန်းကလေး တွေထဲ မှာတော့ မိဘ က ကလေးတွေကို ဂရုမစိုက်ဘဲ ပိုက်ဆံနောက်ဘဲ လိုက်နေတာမို့ ကလေး တွေကို မဆိုဆုံးမ နိုင်ကြလို့ပါ။
တစ်ချို့ မိန်းကလေးတွေ ဆို ဆယ်ကျော်သက် အပြင်တောင် သွားစရာ မလိုဘူး။
အိမ်ခန်းထဲ ကို ယောကျာင်္လေး သူငယ်ချင်း ပေါ်တင်ဘဲ ခေါ်သွင်းတဲ့ ဇာတ်လမ်း တွေ ကြားဖူးပါရဲ့။
ဒါပေမဲ့ မပြုံး ပြောသလိုဘဲ သူတို့ က ချမ်းသာတော့ မဖုံးဖိ နိုင်လဲ နွားမရွှံ့ပိတ် ချင်ပိတ် ရောင်း၊ မဟုတ်လဲ ပေးစားလိုက်၊ နောက်မှ ကွဲရင်ကွဲ၊ မဟုတ်လဲ ကိုယ့်ကြိုက်သလို စခန်းသွား ကြ နဲ့ သာယာတဲ့ အိမ်ထောင် မဖြစ်နိုင်ပါဘူး။ ကြားက ကလေး တွေမှာ မြေဇာပင်ပေါ့။
ဒီလို ကလေးတွေမှာ စိတ်ဒါဏ်ရာ နဲ့ ဘဝ မှာ ပျော်ရွှင်မှုမရဘဲ ရှုံးဖို့အစ ပါဘဲ။
ဒီတော့ မိန်းကလေး တွေ ကို ကိုယ့် ရဲ့ ဘဝ တစ်ခု တင့်တောင့်တင့်တယ် ဖြစ်စေဖို့ ဘယ်လို တွေးခေါ် စဉ်းစား နေထိုင် ရမယ် ဆိုတာ အသင်းအဖွဲ့ တစ်ခု လိုဖွဲ့ပြီး အားပေး ကူညီ သင့်ပါတယ်။
နောက်တစ်ချက် က ကလေးတွေ ရဲ့ စိတ် ကို မှိုင်းတိုက် စေတဲ့ ဇာတ်လမ်း တွေ။
ပြသနာ က ဒီ ဇာတ်လမ်းတွေ ကြောင့် လို့ တော့ အတိအကျ ပြောမရဘူး။
ဒီလို ဇာတ်လမ်း တွေ ရှိလဲ ဒါတွေ နဲ့ ဆန့်ကျင်ဖက် ဘဝ မှာ ကောင်းအောင် ကြိုးစား ရုန်းကန်ကြတဲ့ လူငယ်ဘဝ လို ဇာတ်လမ်းလေးတွေ၊ documentary လေးတွေ ရှိခဲ့ရင် ယှဉ်ကြည့်ပြီး အကောင်း အဆိုးကို ချင့်ချိန်နိုင်မှာပါ။
အခုတော့ ဒီလို အဆီအနှစ် မဲ့ ဇာတ်လမ်း တွေကိုဘဲ ရွေးပြ နေတာမို့ ဒီအစိုးရ ကဘဲ တကဲ့ကို အသိဉာဏ်နဲ တာလား။ ပြည်သူတွေ အတွက် ဘာလုပ်ပေးရမယ် ဆိုတာ ခေါင်းထဲ မရှိလို့လား။
တမင် စိတ်ဓာတ်စစ်ဆင်ရေး brain wash လုပ် များ နေသလား။
တစ်ခုခုပါဘဲ။
ဒါကလဲ တိုင်းပြည်ကို တကယ် စေတနာရှိပြီး လုပ်နိုင်တဲ့ အရည်အချင်း ရှိသူများ နေရာ မရသ၍ ဘာမှ လှုပ်လို့ရမယ် မထင်ပါဘူး။
တိုင်းပြည်က မိန်းကလေး တွေ အားကျ အတုယူ နိုင်ဖို့ တွေ ကောင်းတဲ့ ဖက်ကို ညွန်ပြမဲ့ Role Model များများ လိုနေတာ အမှန်ပါဘဲ။
လောလောဆယ်မှာတော့ မိန်းကလေး တွေ အားကျ တာ နေရာလွဲ နေတာ ကြောင့် လို့လဲ ထင်ပါတယ်။
မနက်ဖြန်အချိန်ရခဲ့ရင် ကျွန်မ တို့ ကျောင်းတုန်းက သူငယ်ချင်းတွေ နဲ့ ပြောလေ့ရှိတဲ့ ဆိုတဲ့ Right Time & Right Person အကြောင်း ကို ငှက်ကထကြီး ကိုပါ ရဲ့ Post မှာ ဆွေးနွေး ပါဦးမယ်။
ဆက်ပြီး ဆွေးနွေး ချင်တာက သူကြီးမင်း ရဲ့
“ကျုပ်နေခဲ့ဖူးတဲ့နိုင်ငံတွေနဲ့ နှိုင်းကြည့်ရသလောက်တော့.. မြန်မာမိန်းမတွေက.. မိန်းမအခွင့်အရေးအရနည်းပါတယ်.”
မိန်းမအခွင့်အရေး ဆိုတာ ယောကျာင်္းက ဖေးမတာ ကို ပြောတာလား။
အခွင့် အရေးမရတာ ကတော့ အဲဒီ ယောကျာင်္း ဆိုတဲ့ ဟာတွေ အများစု ထက် အမှတ်များ နေပါရက် နဲ့ RIT မတက်ခဲ့ရတာဘဲ။
အမေရိကန် မှာတောင် ထိတ်တန်းအခွင့်အရေးတွေ ကို မိန်းမ တွေ သိပ်မရ သေးပါဘူး။
မဟုတ်ရင်တော့ အဲဒီ အခွင့်အရေး ဆိုတာ ကိုရှင်းပြပါ။
ရှေးက ဘုန်းကြီးဆွမ်းကပ်ရင် ယောကျာင်္း တွေက ဘုန်းကြီးနားနေ၊ မိန်းမတွေ က မီးဖိုထဲ ချက်ရလို့ ကျွန်မ သူငယ်ချင်း မိန်းမဝါဒီ တစ်ယောက်က မကျေမနပ် ပြောဘူးတယ်။
မိန်းမ တွေကို အဆင့်ခွဲတယ်ပေါ့။
ဒီတော့ ကျွန်မက ပြောပါတယ်။
ဒါဟာ အလုပ်ခွဲခြားလုပ်ကိုင်ခြင်း ဖြစ်စဉ် လို့ မှတ်လိုက်ပါလို့။
အဲဒီ အတွက် တော့ ကျွန်မ စိတ်ထဲ သိမ်ငယ်ခြင်း မဖြစ်မိပါဘူး၊
ဘုရားပေါ်မိန်းမ မတက်ရတို့။
ရေကန် ထဲ မိန်းမ မဆင်းရတို့။
ဒီလို ရှေးစကား တွေ နဲ့ မပြောပါနဲ့။
အဲဒါတွေကို မလုပ်ရလဲ ကျွန်မ တို့ ဘာမှ မထိခိုက်ပါဘူး။
ခန္တာကိုယ်ဖွဲ့စည်းပုံ အရ မိန်းမတွေ မလုပ်သင့်တဲ့ နေရာ တွေ ကို သတ်မှတ် တာလဲ လက်ခံနိုင်ပါတယ်။
သူကြီး ဂျပန်မှာ နေဖူးသားဘဲ။
အရင်က ဆို ဂျပန်တွေ လောက် မိန်းမ ကို နှိမ်တာရှိမလား။
အခု တော့ အတော်လေး တော်နေလောက်ပါပြီ။
တစ်ခြားမှာတော့ မသိဘူး။
အိုင်တီလောက မှာတော့ ဂျပန်မှာရော၊ ယူကေမှာပါ ဂျပန်/အင်္ဂလိပ် မိန်းမ ပရိုဂရမ်မာ အလုပ်လုပ် နေတာ မရှိသလောက်ပါဘဲ။
ယူကေမှာ မြန်မာ မိန်းကလေး ပရိုဂရမ်မာ တွေ အများကြီးပါ။
သဘောကတော့ မြန်မာမ လေးတွေဟာ ငယ်ကထဲ က အနှိမ်မခံခဲ့ရလို့ ယောကျာင်္းတွေ နဲ့ ရင်ဘောင်တန်း လုပ်ဖို့ စိတ်ဓာတ်ရခဲ့လို့ပါဘဲ။
တစ်ခုတော့ရှိတယ်။
ကိုယ်ကိုယ်တိုင်ကိုက မှီဖို့ ရှာနေတဲ့ အဖေးမ ခံလိုစိတ်ရှိတဲ့ စိတ်ဓာတ်ရှိနေသူတွေ ကတော့ ဘယ်မှာမဆို အဲဒီ ကျား ဆိုတာတွေရဲ့ နောက်မှာ နေနေမှာပါ။
မဟုတ်ရင်တော့ မိန်းကလေး တွေ ကို နှိမ်လိုတဲ့ စိတ် မြန်မာယောကျာင်္းတွေမှာ တွေ့ရခဲ ပါတယ်။
တွေ့ရရင်လဲ အဲဒီ လူ ဟာ မိန်းမတစ်ယောက် နဲ့ ယှဉ်ပြီး အလုပ်မလုပ် ရဲ သူဖြစ်မယ်။
အရည်အချင်း မရှိသူဖြစ်မယ်။
ပြောရရင် မြန်မာယောကျာင်္းတွေ ဟာ မိန်းမ တွေ ကို နှိမ်ရလောက်အောင် ကျွန်မတို့ မြန်မာ မိန်းမ တွေ မညံ့ပါဘူး ရှင်။
ပြောချင်တာကတော့ ကျွန်မတော့ မြန်မာပြည်မှာ မိန်းမ ဖြစ်ရတာ အနှိမ်ခံ ခဲ့ရတယ်လို့ တစ်ခါမှ မတွေး၊ မထင်ခဲ့ပါဘူး။
အဲလို လာနှိမ် ရင်လဲ …… 😈 အဟိ
ဒီ အတိုင်းဆို ကျွန်မ နဲ့ မြန်မာပြည်မှာ အလုပ်တွဲလုပ် ခဲ့ဘူးသော၊ ကျွန်မ ကို မနှိမ်ခဲ့သော ပုရိသ အပေါင်း ကို တောင် ကျေးဇူးတင်ရမလို ဖြစ်နေပါရောလား သူကြီးရယ်။
မြန်မာပြည်မှာလဲ ဘုရင်တွေ ကို ကြိုးဆွဲ ခဲ့တဲ့ မိဖုရားတွေ ရှိခဲ့ကြောင်း သမိုင်းတွေ ရှိပါ့။
အခု မှလာပြီး မိန်းမ မကြောက်ချင်ယောင် လာဆောင် မနေပါနဲ့။
ဒါမှမဟုတ်
ကြည့်ရပုံထောက်ရင်တော့ မိန်းမတွေ ကို နှိမ်တတ်တဲ့ အထဲ တို့ သူကြီးများ ရှေ့တန်းက ပါနေရော့သလား။
ဟုတ်များနေလို့ကတော့ တွေ့မယ်။
တောက်စ် (မူ- ဂဂ) 😆
အခုရက် သတင်း တွေထဲမှာ ပါကစ္စတန်က ၁၄နှစ်အရွယ် ကျောင်းသူကလေးမလေး ကို တာလီဘန် တွေ သေနတ်နဲ့ ခေါင်း ကိုပစ်သွားတဲ့ သတင်း။
မိန်းကလေးတွေကို ကျောင်းတက်ခွင့်မပေး တာ မြန်မာပြည်မှာ လက်ရှိ မရှိပါဘူး။
အဲဒီ နေရာ တွေမှာ ရှိနေဆဲ။
အကြီးအကျယ် နှိမ့်ချ နေဆဲ။
ဒါကို ကမ်းပိန်း လုပ်တဲ့ မိန်းကလေး ကို သတ်ဖို့ လုပ်ခဲ့တာ။
ဘယ်လောက်တောင် အောက်တန်းကျ သေးသိမ် တဲ့ အတွေးအခေါ် နဲ့ လူတွေလဲ ဆိုတာ မြင်သာပါတယ်။
အစွန်းရောက်တဲ့ စိတ်ဓာတ်တွေ ရိုက်သွင်းခံ ထား ရတာ။
ကိုယ့်ဘာသာ၊ လူမျိုး တည်မြဲ ဖို့ အတွက် ဒါကို ထိပါးသူမှန်သမျှ သတ် ရမယ် ဆိုကထဲ က အဲဒီမှာ အကြီးအကျယ် မှားနေပြီ။
ကိုယ်မှားတာ မမြင်ဘဲ မျက်ကန်း ရမ်းနေသမျှ ကမ္ဘာမှာ သွေးစွန်းနေမှာဘဲ။
သူကြီး ဆိုလိုရင်း ကို သဘောမပေါက်လို့ တလွဲပြော မိရင်လဲ ကျွန်မ အာဘော် လို့သာ ယူဆကြပါ ကုန်လော့။ :harr:
အမှန် က ဒါတွေ ကို ကိုဆန်နီ ရဲ့ ရေဒီယို -၅ (ထင်ရဲ့) မှာထဲ က ပြောချင်တာ။
လက်က မပါနိုင်ခဲ့လို့။
အဲဒီ အတွက် ကိုဆန်နီ ကိုလဲ တောင်းပန်ပါတယ်။
ပြောချင်တာတွေ မပြောလိုက်ရတဲ့ Post တွေ အများကြီးပါ။ 😕
ကထူးဆန်း
October 14, 2012 at 6:34 am
အရီးရေ .. + လုပ်ခဲ့ပါတယ် .. သူကြီးကို နားလည်အောင် ပြောပြလိုက်စမ်းပါ .. ပြောပြလိုက်စမ်းပါ .. :hee:
ရှူံးနိမ့်မှုများနဲ့.. လူ
October 14, 2012 at 8:03 am
ဆရာမဝင့်ပြုံးမြင့်ခင်ဗျား…
ဒါဆရာမရေးသမျှထဲမှာ ကျွန်တော့်အနေနဲ့ ပထမဆုံးမန့်တာပါလို့ ဝန်ခံခြင်းပါ။ ဆရာမ ညကြီးသန်းခေါင်ရေးတင်လိုက်ကတည်းက ကျွန်တော်ဖတ်ဖြစ်ခဲ့ပါတယ်.. အဲဒီအချိန်ကျွန်တော့်အနေနဲ့ Living Together က ပိုကောင်းတယ်ဆိုတဲ့ စာတစ်ပုဒ်ကို အားကြိုးမာန်တက် ရေးနေတုန်းပေါ့.. ဆရာမရေးထားတာဖတ်ပြီး ကိုယ့်အတွေးအခေါ် သိပ်ဘုဂလန့်ကျသွားရာ ကျပေမပေါ့ဆိုပြီး ရေးလက်စကို Word File အနေနဲ့ပဲ သိမ်းထားလိုက်ပါတော့တယ်.. ကျွန်တော့်အမြင်နဲ့ ..ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေလို့ပါ။
ဆိုတော့ကာ.. ဆက်ကြမယ်ပေါ့.. ကျွန်တော့်အတွေးအခေါ်တစ်ခုကို..
မိန်းကလေးတွေ လင်ဖမ်းတယ်၊ လင်ရှာတယ်ဆိုရာမှာပေါ့..
ဒါကတော့ ဆရာမမြင်မိတဲ့အပိုင်းတစ်ခုပေါ့၊ ကျွန်တော့်အနေနဲ့ မြန်မာမိန်းကလေးများသည် ခေါင်းမြီးခြုံများထက်၊ ဆာရီဝတ်များထက် လူ့အခွင့်အရေး ပိုရတယ်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်သည်လည်း ယောကျာ်းသားဖြစ်နေတဲ့အတွက် ပိုနားလည်သဘောပေါက်တယ်လို့ ထင်မိပါတယ်။ မြန်မာမိန်းကလေးတွေအများစုဟာ သူတို့မှာ မွေးရာပါအရင်းအနှီးကြီးတစ်ခုရှိတယ်ဆိုတာ သိကြပါတယ်.. ဒါပေမယ့် သူတို့မှာ ရသင့်ရထိုက်တာထက် ပိုရချင်တဲ့ (တစ်နည်း) မြန်မာခေတ်ပေါ်ကားတွေထဲက အတုယူလွဲမှားစရာ အားလုံးပြီးပြည့်စုံနေတဲ့ ယောကျာ်းတစ်ယောက်ကိုယူပြီး ပျော်ပျော်ပါးပါး တူနှစ်ကိုယ်ချစ်ပွဲဝင်ကြလေသတည်းဆိုပြီး စိတ်ကူးယဉ်နေတာလဲ ပါမပေါ့။ ဒါက ဆရာမရည်ညွှန်းတဲ့ မိန်းမအတန်းအစား။
ကျွန်တော့် လွတ်လပ်စွာအမြင်ပေါ့နော်…
မြန်မာမလေးတွေ သိပ်ကံကောင်းကြပါတယ်… သူတို့ကိုချစ်တဲ့ ယောကျာ်းတစ်ယောက်စိတ်ထဲမှာ နတ်သမီးလေးတွေအလား၊ သိပ်ကို အဖိုးမဖြတ်နိုင်တဲ့ အရာတွေအလား တန်ဖိုးထားချစ်ခင်ခြင်းကိုခံရပါတယ်။ အားလုံးတော့ မတူနိုင်ဘူးပေါ့လေ… ဥပမာ ကျွန်တော့်အနီးစပ်ဆုံးဥပမာဆိုရင် အင်ဂျင်နီယာတွေနဲ့ ပါတ်သက်ဆက်နွယ်နေတဲ့ ပါတ်ဝန်းကျင်က မိန်းကလေးတစ်ယောက်ကို သာမန်အလုပ်ကြမ်းသမားတွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ ကျွန်တော့်လိုလူမျိုးက ချစ်မိတယ်ဆိုပါတော့.. သူမဟာ ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးလို တန်ဖိုးထားတယ်ပေါ့.. သူမဘက်မှာတော့ သူမကိုယ်ပိုင်တွေဟာ အင်ဂျင်နီယာအဆင့်လောက်တောင် မတူမတန်ဖြစ်ပီး အင်ဂျင်နီယာ့ဘိုးအေကြီးတွေ၊ အင်ဂျင်နီယာဒေါက်တိုဘွဲ့ရကြီးတွေမှ သူမဘွလေး ပေးဆပ်ရတာ တန်တယ်လို့ထင်နေသလိုပေါ့။
ဆရာမရည်ညွှန်းတဲ့ မိန်းမလေးတွေလည်း သူတို့လက်ရှိလူ့အတိုင်းအထွာ လူလတ်တန်းစားဖြစ်နေတော့ သူတို့ထက်သာတဲ့၊သာမယ့်ဘဝ ပေးနိုင်မယ့် လူ့အထက်တန်းစားခေါ်တဲ့ လူတန်းစားတစ်ခုကို ရှိသမျှအရင်းနဲ့ တက်လှမ်းချင်တာပေါ့နော်… ဒါ့အတွက်ကြောင့်ကြိုးစားနေတယ်လို့ပဲ နားလည်ပါတယ်..
ဒါပေမယ့်လူတိုင်းအမြင့်ကိုပဲမှန်းတတ်တာလား… ယောကျာ်းတွေလဲ တူတူပေါ့
ကိုယ့်ထက်သာတယ်ထင်တဲ့မိန်းမကို သိပ်တန်ဖိုးထားကြပြီး ကိုယ့်အနီးဝန်းကျင်က မိန်းမတွေကို ယောင်လို့တောင် လှည့်မကြည့်တတ်ကြပါဘူး..
တစ်ကယ့်တစ်ကယ်မှာတော့ မိန်းကလေးတွေအနေနဲ့ အရှင်သခင်ဘဝနဲ့ပဲ တဲအိုပျက်မှာနေရနေရ၊ သူတို့ကို သည်းသည်းလှုပ်ဖြစ်တဲ့သူတွေပဲ မျက်စိမှိတ်ရွေးချယ်လေ့ရှိပါကြောင်းကို ကိုယ့်အမြင်၊ ကိုယ့်အတွေးသက်သက်နဲ့ ရေးသားလိုက်ရပါကြောင်း….
ရင်ထုပြီး လင်လုကြသူများ ယခုလိုနိုင်ငံမှာ ခေါင်းမြီးချုံပြီး မျက်နှာငယ်လေးနှင့် ကျွန်မကိုယူပါရှင်၊ ကျွန်မ တစ်နှစ်ကလေးဘယ်နှစ်ယောက်မွေးပါ့မယ်၊ ရှင့်ကိုသာဘုရားသခင်အနေနဲ့ ကျန်တဲ့ဘယ်ယောကျာ်းကိုမှ မျက်နှာတောင်စေ့စေ့မကြည့်ပဲ လက်ထပ်ပါ့မယ်လို့ တောင်းဆိုနေရတဲ့သူများဘဝကို နောင်ဖြစ်လေရာဘဝတိုင်း ဖြစ်ရပါစေ၏လို့ ဆုတောင်းပြည့်ဘုရားတွေမှာ ဆုတောင်းစေလိုကြပါကြောင်း…
ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)
etone
October 15, 2012 at 11:10 am
အထက်ပါစာလေးတွေ ဖတ်ပြီး ပြောချင်တာလေးတွေ … ပြည့်ကြပ်သွားပါတယ်ကိုရှုံးရေ … ။
ဒါပေသိ …. အသက်မွေးဝမ်းကြောင်း တောက်တိုမယ်ရအလုပ်မှာက အဂ္ဂမဟာ ဘီးဇီးဘွဲ့ ရထားတာမို့ …. အခွင့်ခါ သင့်တော့မှပဲ .. ဝင်ဆွေးနွေးပါဦးမယ် ။ ကိုရှုံးတင်မယ့် ပို့စ်ကိုလည်း .. စောင့်ဖတ်ပါဦးမယ်နော် ။ :gee:
Crystalline
October 14, 2012 at 10:39 am
ကိုယ့်ရှေ့မှာမြင်ခဲ့ရတွေကနေမှတ်ချက်ချမိတာကတော့လူသည်သာအဓိကပါပဲ…နိုင်ငံခြားမှာပညာတတ်ဖြစ်နေပြီး အလုပ်အကိုင်အတည်တကျနဲ့ အော်ဇီမှာနိုင်ငံသားတောင်ဖြစ်နေပြီ… အင်တာနက်ကတွေ့တဲ့ကောင်လေးရှိတဲ့ ဒီနိုင်ငံကိုပြန်လာတယ်…အသက်ကလည်းစဉ်းစားတတ်တဲ့အရွယ် ၃ဝကျော်..ကောင်လေးကိုတွေ့တော့တော်တော်လေးငယ်ပြီး တက်တူးအပြည့်နဲ့သိပ်ဘဝင်ကျချင်စရာ မကောင်းတဲ့ပုံမျိုးနဲ့..နောက်အများကြီးတွေ့ဖူးတာတွေရှိသေးတယ်.. ကိုယ်သာလျှင်အဓိကပါ..
Thu Wai
October 14, 2012 at 12:10 pm
သဘောင်္သား မိတ်ဆွေတစ်ယောက် ပြန်လာတယ် သူရန်ကုန်ရောက်တော့ကြားရတဲ့ သတင်းက သူမိန်းမက နောက်ယောက်ျားယူသွားတယ် သူရှာထားတဲ့ပိုက်ဆံ ကားနဲ့ တိုက်ခန်းအကုန်ပဲ သူအတွက်တော့ ကလေးနှစ်ယောက်ကိုထားခဲ့ပေးတယ် အဲဒီမိန်းမကလဲ ရုပ်ရှင်သရုူပ်ဆောင်ကစ်ကစ် ထက်တောင် ရုပ်ဆိုးသေးတယ် အဲဒါကို ကျတော့ ဘယ်လိုပြောရမလဲဆိုတော့ ဘယ်လိုပြောရမလဲဆိုတော့……………..ဘယ်လိုပြောရမလဲဆိုတော့
စိန်ဗိုက်ဗိုက်
October 14, 2012 at 12:54 pm
ပြန်လာရင် ဆိတ်ဆိုးမယ်လို ့ပြောလိုက်လေ..
:harr:
kokothandar
October 14, 2012 at 6:02 pm
လောကဝင်္ဂဘာ သောကဝင်လာတာက တဏှာဆိုတဲ့ မရှောင်သာတဲ့မီးပါဘဲ။ မီးဆိုတာ ကောင်းကျိုုးလဲပြုပါတယ်။ ဆိုးကျိုးလဲပြုပါ တယ် သတ္တဝါတစ်ခု ကံတစ်ခုပေမို့ စိတ်လွယ်လွန်းရင် သောက ဒုက္ခ တွေဖြစ်လာတာဟာ မြွေဟာဖါးကိုမြိုတယ် ကျားဟာ သမင်ကို ဖမ်း ပြီးစားတယ် လူသတ္တဝါတွေဟာ စားလို့ရသမျှ သတ္တဝါတွေကို နည်းမျိုးစုံနဲ့စားတယ် ။ နောက် ကိလေသာတဏှာဖက်လာတော့ နောက်တစ်နာရီ ဆိုတာကို တောင်မတွေးအားပါဘူး။ အရာရာကို မေ့နိူင်ပြီး စွန့်လွှတ်ရဲတဲ့ ထိတွေ့သာယာမှုတွေ ကြောင့်လဲ ဒုက္ခ ပင်လယ်ဝေ ခဲ့ရသူတွေက ဒုနဲ့ ဒေးပါဘဲလေ
ဝင့်ပြုံးမြင့်
October 14, 2012 at 6:12 pm
ကိုရှုံးရေ — ပြုံးကိုုယ်တိုင်လည်း living together ကို အားပေးပါတယ်။ ဒဲ့ပြောမယ်ဆိုရင် ပြုံးသမီးကို living together ကိစ္စ ခွင့်ပြုမှာပါ။ ဘယ်မှသွားစရာတောင် မလိုဘူး။ မိဘအိမ်မှာတင် ခွင့်ပြုထားနိုင်ပါတယ်။ ဒီပို့စ် တစ်ခုလုံးမှာ လွဲသွားတာက အိမ်ထောင်ရေးကို ပြုံးက အားပေးတာပါ။ မိန်းကလေး အနှိမ်ခံရတယ်လို့ ထင်တာ မဟုတ်ပါဘူး။ တကယ်ဖြစ်နေတာက ယောက်ျားလေး မိန်းမလေး နှစ်ဘက်စလုံးက အိမ်ထောင်ရေးကို အသေကြောက်နေကြတာ။ မြန်မာမလေးတွေအတွက် မြန်မာ့ရိုးရာ ဥပဒေက အခိုင်အမာ ကာကွယ်ပေးထားပါတယ်။ သိပ်ကို အားရစရာကောင်းတဲ့ ဥပဒေလို့ ထင်ပါတယ်။ ဒါပေမယ့် အဲဒီ့ဥပဒေကလည်း ခေတ်ရဲ့ကြပ်တည်းမှုကို မလွန်ဆန်နိုင်ပါဘူး။ ဥပမာ တစ်မိုးအောက်ထဲမှာ ယောက်ျားလေး မိန်းမလေး နှစ်ယောက်နေတာကို ဘေးအိမ်သိရင် လင်မယားအရာမြောက်ပါတယ်။ လက်တွေ့မှာတော့ အဲဒါတွေက ဘာမှအသုံးမဝင်တော့ဘူး။ အမွေဆက်ခံခြင်းဥပဒေမှာလည်း မိန်းမတွေက အားပိုကောင်းတယ်။ ဥပမာ၊ ယောက်ျားသေရင် မိန်းမအကုန်ရ ဥပဒေမျိုး။ ဥပဒေပိုင်းကတော့ ကျေနပ်စရာကောင်းတာချည်းပါပဲ။
living together ကိစ္စ ရေးသာရေးပါ ကိုရှုုံးရေ၊ ပြုံးကိုယ်တိုင် အရမ်းထောက်ခံတဲ့ အကြောင်းအရာမျိုးပါပဲ။
ဒါပေမယ့် အဲဒီမှာ အချိန်ကြာသွားရင် မိန်းကလေးရဲ့ကျန်းမာရေးအတွက် သိပ်မကောင်းလှဘူး။
မြန်မာပြည်မှာ single mother လုပ်ရဲတဲ့ မိန်းမ မရှိသေးပါဘူး ကိုရှုံးရေ။
ခေါင်းမြီးခြုံမိန်းမတွေရဲ့ဘဝ အကြောင်း ပြုံးကောင်းကောင်းသိတာပေါ့ရှင်။ ကိုရှုံးသာ အလိုရှိမယ်ဆိုရင် ပြုံးပြန်ပြီးသား ဝတ္ထုတစ်အုပ်လုံးကို မေးလ်ထဲပို့ပေးလိုက်ပါ့မယ်။ pdf ်file ဆိုတာတော့ မလုပ်တတ်ဘူး။ ရိုက်ပြီးသားစာတွေကို ဇော်ဂျီဖောင့်ပြောင်းပြီး ပို့တာတော့ လုပ်တတ်ပါတယ်။ မေးလ်လိပ်စာလေးသာ ပေးမယ်ဆိုရင် ပြုံးပို့ပေးပါ့မယ်။
——–
အရီးလတ်ရေ — ရန်ကုန်မှာ ယောက်ျားလေးသူငယ်ချင်း အိမ်ခန်းထဲခေါ်သွင်းတဲ့ ဇာတ်လမ်းလေးမျိုးကို ပြုံးထောက်ခံတယ်ဆိုလို့ အထင်သေးသွားလောက်ပြီလား။ အဲဒါတွေက လူမှုဝန်းကျင်မှာ လုံးဝလက်မခံသေးတဲ့အချိန်ပါ။ ပြုံးကိုယ်တိုင်လည်း စိတ်ထဲမှာရှိတာကို ဒီထဲမှာရေးတာပါ။ အပြင်မှာ ထုတ်တောင်မပြောရဲဘူး။ နဂိုကတည်းက ဂွသမားမို့ ပတ်ဝန်းကျင်နဲ့ သိပ် အဆင်မပြေလှဘူး။ မြန်မာပြည်မှာ အပျိုကြီး လူပျိုကြီးတွေ များလွန်းတာတော့ တကယ်မကောင်းဘူး။ လူဦးရေ တိုးတက်တာ၊ မျိုးဆက်သစ် ပျိုးထောင်မှုဟာ ဟန်ချက်ညီဖို့လိုပါတယ်။ တစ်ဖက်စောင်းနင်း ဖြစ်လို့ မရဘူး။ ဒါ အန္တရာယ်ကို ဖိတ်ခေါ်နေတာ။ ကိုယ်စီကိုယ်င တတ်နိုင်တဲ့ဝန်ကို မျှမျှတတလေး ထမ်းရမှာပါ။ ဒါကြောင့် အိမ်ထောင်ရေးကို အားပေးရမယ်လို့ ဆိုလိုချင်တာပါ။ ပြုံးက ဒီသဘောသွားလေးကို ချပြချင်ပေမယ့် အရေးမတတ်လို့ လွဲသွားခဲ့တယ်။
—-
Crystalline နဲ့ ကိုသုဝေ — အဲဒါတွေက လူချမ်းသာတွေရဲ့ ဇာတ်ပါနော်။ လက်လုပ်လက်စား မိန်းကလေးအများစုရဲ့ ဘာမှမပြောပလောက်တဲ့ ရှိသင့်သလောက်သာရှိတဲ့ လောဘသေးသေးလေးအတွက် ဘယ်လို ဖြေရှင်းမလဲ။
—–
သူကြီးရေ — မန်းဂဇက်ကို ယာယီခွဲရဦးမယ်ထင်တယ် သူကြီးရေ၊ ကျန်းမာရေးကြောင့်ပါ။ တကယ်က “ကြံကြီးစည်ရာ ဒို့ဗမာ“ ဆိုပြီး အတွဲလိုက်ဆွဲမလို့ စိတ်ကူးထားတာ လက်တွေ့မှာ မရေးနိုင်ဘူးဖြစ်သွားတယ်။ ရေးရင်လည်း အဆဲခံရဖို့များတယ်။
ရှူံးနိမ့်မှုများနဲ့.. လူ
October 15, 2012 at 4:38 am
ဆရာမပြုံးရေ
ပို့ပေးမယ်ဆိုရင်တော့ t.konaing@gmail.com ကို ပို့ပေးစေလိုပါကြောင်းနှင့် ဖတ်လိုလှပါကြောင်း
etone
October 15, 2012 at 11:41 am
ဆရာမရေ…ရိုးသားစွာ ဝန်ခံပါတယ် ။
ပို့စ်ကို ဖတ်အပြီး .. ကျွန်မဖီလင်က …ဆရာမတစ်ယောက်တော့ လူတန်းစားခွဲခြားပြီး ယောကျာ်းရှာကြတယ်ဆိုတဲ့ အကြောင်းရေးတယ်လို့ မှတ်သွားခဲ့တယ် ။ အခုလို ကော့မန့် တွ ပြန်ဖတ်ရတော့လည်း .. မိန်းမတွေ အရွယ်မလွန်ခင် အိမ်ထောင်ပြုသင့်တယ်ဆိုတဲ့ အကြောင်း တီးခေါက်ထားတော့ ၊လစ်ဘရယ်အမြင်တွေတွေ့ရပြီး အပေါ်ကလို မဟုတ်ဘူးလို့ တွေးမိပြန်ပါရော ။
ဘာပဲဖြစ်ဖြစ်ပေါ့ဆရာမရယ် … မြန်မာပြည်မှာ စင်ဂဲလ်မားသား မရှိသေးဘူးဆိုတာနဲ့ ပတ်သတ်လို့ …. အနည်းငယ် ပြောပါရစေ ။
စင်ဂဲလ်မားသား မရှိဘူးတော့မဟုတ်ဘူး … ရှိပါတယ် … ဆရာမရေ . ဒါပေမယ့်ဒီနိုင်ငံမှာတော့ စင်ဂဲ မားသား ဖြစ်ဖို့ မရည်ရွယ်ပဲ ဖြစ်ခဲ့ရသူတွေပါ ။ အရည်တွက်အားဖြင့်နည်းပါးချင်ပါးမယ် ကျွန်မကိုယ်တိုင် မြင်ခဲ့ဖူးတာလေး သတိရမိလို့ ပို့စ်တစ်ခုထဲမှာ ၊ တတိယအကြိမ်မြောက်ကော့မန့်လေးနဲ့ သက်သေလာထူခဲ့ပါတယ်နော် ။
စင်ဂဲလ်မားသား မဖြစ်ချင်ပဲ ဖြစ်ခဲ့ရတာ ကျန်းမာရေး ဗဟုသုတအားနည်းလို့ ထင်ပါတယ် ။ တချို့ကျတော့လည်း … စင်ဂဲလ်မားသားအဖြစ်ရပ်တည်ဖို့တောင် သတ္တိမရှိပဲ ၊ လက်တလော ကိစ္စကို လွဲမှားစွာနဲ့ ဖြေရှင်း လာကြတယ် ။ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ အဆိုးဆုံး အသက်ဆုံးရှုံးရတဲ့အခြေနေတွေလည်း ရှိတယ် ….. ကိုယ့်ကိုယ်တွင်းမှာ ဖြစ်နိုင်တဲ့ ပြသနာကို အခြေခံ ကျန်းမာရေး ဗဟုသုတလေးတောင် မရှိတဲ့ အနေထားမျိုးတွေကြောင့်ပါပဲ … ။ Sexual Education ရဲ့ အခန်းကဏ္ဍရောက်ဖို့ အချိန်ခါသင့်နေပါလျှက် …. ရှေးရိုးစွဲအယူဆတွေကြောင့် …. ခရီးမပေါက်သေးဘူးပဲ ။
pooch
October 15, 2012 at 1:06 pm
အမပြုံးရေ ကျမလည်း ဖတ်ချင်ပါတယ် အဆင်ပြေရင် ကျမမေးလ်ကိုလည်း ပို့ပေးပါနော်။ ကွန်းမန့်မှာ မြင်ရတဲ့ မေးလ်ကိုပဲ ပို့ပေးပါနော်။ စိတ်ဝင်စားတယ်။
နောက်တခုက အမရေ ကျမအမြင်ကတော့ မိန်းမပဲ ဖြစ်ဖြစ် ယောက်ျားပဲ ဖြစ် ဖြစ် အချိန်တန်အရွယ်ရောက်လာတာနဲ့ ရည်းစားရရေး အိမ်ထောင်ပြုရေးကို ငယ်ငယ်ရွယ်ရွယ်မှာ ပထမဦးစားပေး စဉ်းစားတာကို အားမပေးပါဘူး။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ကို ဘယ်လူတန်းစား ဘယ်အလွှာမဆို မဖြစ်မနေ ကြိုးစားရမဲ့ ပထမဦးစားပေးလို့ မြင်ပါတယ်။
(မယူနိုင်ခင် စပ်ကြား living together နေကြဖို့ဆိုရင် လုံလောက်တဲ့ Sexual Education ကို လူတိုင်း သိထားဖို့ လိုပါတယ် အမ။ မဟုတ်ရင် ပြသာနာ ကြီးနိုင်ပါတယ်။) ဒါက နေချင်တဲ့သူတွေ ကို ပြောတာပါ။ လူတိုင်း တော့ မဟုတ်တန်ကောင်းပါဘူး။
အခြေကျမှ အိမ်ထောင်ပြုရင် ကိုယ့်မွေးလာတဲ့ ကိုယ့်ကလေး တနည်းအားဖြင့် ကြီးကြီးကျယ်ကျယ်ပြောရရင် တိုင်းပြည်အနာဂတ်ကို ကောင်းကောင်းစောင့်ရှောက်ပျိုးထောင်နိုင်မယ်လို့ ယူဆပါတယ်။ အိမ်ထောင်ပြု နောက်ကျတာကို ပြသာနာ တခုလို မမြင်ပါဘူး။ ဆေးပညာလည်း အံ့မခန်းတိုးတက်နေပြီပဲ ။ မောင်တထမ်း မယ်တရွက် အတူတူ ရုန်းကြမှာမို့ အိမ်ထောင့်ဝန်လည်း သိပ်ပိမယ် မထင်တော့ပါဘူး။
ဒါကြောင့်မို့ လူငယ်တွေကို အားပေးရမှာက ပညာရှာတဲ့ အရွယ်မှာ ပညာရှာနိုင်အောင် ကူညီပေးရမယ်။ ဥစ္စာရှာရမဲ့ အရွယ်မှာအခွင့်အလန်း များများ ရအောင် ရှိအောင် ဖန်တီးပေးရမယ်။ဒီနေရာမှာ ပညာမရှာနိုင်လဲ ဉာဏ်စွမ်း ကိုယ်စွမ်းသုံးပြီး ဥစ္စာရှာနိုင်တဲ့ အခြေနေတွေလည်း ပါပါတယ်။အဲ့လို အချိန် အိမ်ထောင်ပြုမှ လှပတဲ့ အနာဂတ်လေးတွေကို ပျိုးထောင်ပေးနိုင်မှာပါ။
အစစအရာရာ ချို့တဲ့သူက မွေးထုတ်လိုက်တဲ့ အနာဂတ်လေးတွေဟာ ဘယ်နည်းနဲ့မှ လှပနိုင်စရာ အကြောင်းမရှိသလို ရှိခဲ့ရင်လည်း အလွန်နည်းပါးပါလိမ့်မယ်။ဒီနေ့ ကျမတို့ တိုင်းပြည်ရဲ့ နေလောင်ခံပန်းလေးတွေ ကို လမ်းမပေါ်မှာ မမြင်ရက်စရာအကြောင်းမျိုးစုံ နဲ့ တွေ့နေရတာဟာ ဒီချို့တဲ့သူတွေက ပေါက်ဖွားလာတဲ့ အတွက်ကြောင့်မို့ပါ ။
အနာသိရင် ဆေးရှိပါတယ် အမရေ။
weiwei
October 14, 2012 at 7:25 pm
မပြုံးပို့စ်နဲ့ ဦးပါလေရာပို့စ် ဖတ်ပြီး ဆုံးဖြတ်ပြီးသားကိစ္စတောင် တွေဝေသွားမိတယ် … 😛
မြှောက်ပေးနေတဲ့သူတွေများလာတော့လဲ ကချင်လာမိသား … 🙂
အရီးခင်လတ်
October 14, 2012 at 9:42 pm
ဝေဝေ ရေ
Right Person ရှိနေပြီလား။
အချိန် မလွန်သေးပါဘူးလေ။ :hee:
padonmar
October 15, 2012 at 3:06 am
ပြုံးရေ
မအားတာရော
ဦးပါနဲ့ပြုံးကြား ဘာပြောရမှန်းမသိတာရော ဖတ်လိုက် ပြန်ထွက်လိုက် အကြိမ်ပေါင်းမနည်းဘူး။
ပြုံးရေးပြတဲ့ထဲ ကိုယ်နဲ့ နီးစပ်တဲ့ ပတ်ဝန်းကျင်က အထည်ချုပ်စက်ရုံမှာဆို ယောကျင်္ားလေး နဲ့ မိန်းကလေးက 1:50 လောက်ရှိတယ်။တစ်နေကုန်နီးစပ်တာမြင်နေရတာလည်း ဒီယောကျင်္ားတွေပဲဆိုတော့ ဝိုင်းကြိုက်ကြသလို ဇာတ်လမ်းတွေဖြစ်ကြတော့တာပါပဲ။
နောက်ပြီး ကိုယ်ဝန်ဖျက်ချတာ၊အလုပ်ဆင်းချင်ယောင်ဆောင်ပြီး ချိန်းတွေ့တာတွေ အဖြစ်များလာတော့ Marie Stopes International ကသူငယ်ချင်းကို ပြောပြပြီး ပညာပေးပွဲလေးလုပ်ပေးလိုက်တာ အသံတွေအတော်ငြိမ်သွားတယ်။ကိုယ်ပဲပြန်မသိရတာလားတော့မသိဘူး။အကယ်၍ ပြုံးတို့ပတ်ဝန်းကျင်မှာ လိင်ပညာပေး ၊သားဆက်ခြားပညာပေးတွေ လုပ်ချင်ရင်တော့ ဆက်သွယ်ပေးလို့ရပါတယ်။
အိမ်က အိမ်အကူလေးတွေကတော့ အန်တီပဲကံကောင်းလား၊သူတို့ပဲ အပိုဂျီးနားကပ်နေရလို့လားမသိ၊တော်တော် ငြိမ်ဝပ်ပိပြားလိမ္မာကြတယ်။
အခုခေတ်ကြီးမှာ မိန်းကလေးရော ယောကျင်္ားလေးရော အိမ်ထောင်ပြုဖို့ ဝန်လေးလာကြတာဟာ စားဝတ်နေရေး စားရိတ်တွေကြောင့် လည်းတစ်ကြောင်းပါသလို ၊ကိုယ့်ကိုကိုယ်ပိုချစ်တဲ့ Narcisssism ကြောင့်လည်းပါမယ်ထင်ပါရဲ့။
shwe pont
October 15, 2012 at 10:30 am
ဆရာမပြုံးရေ
ဆရာမနှိုင်းယှဉ်ပြတဲ့ ယောက်ျားလေးအချိုးနဲ ့ မိန်းကလေးအချိုးကို ကျွန်မ စီးပွားရေးတက္ကသိုလ်တက်တုန်း က ထင်းထင်းရှင်းရှင်းကြီးမြင်ခဲ့ရပါတယ်။ ကျွန်မတို ့တက်တဲ့နှစ်မှာ မိန်းကလေး 700 ကျော်ပေမဲ့ ယောက်ျား လေးက 50 မပြည့်ပါဘူး။ နောက်ဆုံးနှစ်တက်ရတော့ ကိုယ့်အတန်းမှာ မိန်းက လေး 300 ကျော်ပေမဲ့ ယောက်ျားလေး ဆယ်ဂဏန်းမကျော်ပါဘူး။ ထုံးစံအတိုင်း မိန်းမများတဲ့ မေဂျာ ဖြစ်တာလည်းပါပါလိမ့်မယ်။
အခု သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်တဲ့အချိန်ရောက်လို ့ ကျွန်မလည်း အိမ်ထောင်တခုကို တည်ထောင်ပြီးဖြစ်ပေမဲ့။ နယ်မှာကျန်ခဲ့တဲ့ ကျွန်မရဲ ့သူငယ်ချင်းမိန်းကလေး 80 ရာခိုင်နှုန်းလောက်ဟာ အိမ်ထောင်မပြုကြသေးပါဘူး။ အသက်အရွယ် က အိမ်ထောင်တခုကို စတင်ဖို ့အချိန်တန်ပြီဖြစ်ပေမဲ့ သူတို ့ပြောတာက အားကိုးလောက်စရာ ယောက်ျားမရှိပါတဲ့။ အားကိုးသင့်လောက်တဲ့ သင့်တင့်လျောက်ပတ်တဲ့ အရည်အချင်းရှိသူများက လည်း မိသားစုအတွက် ဘဝအတွက် နိုင်ငံရပ်ခြားမှာ ငွေရှာထွက်နေကြတယ်လေ။ ကျွန်မသူငယ်ချင်း တွေဟာ ကိုယ်ပိုင်စီးပွားရေးတွေနဲ ့ ဘဝကိုတင့်တောင်းတင့်တယ်နဲ ့ကိုယ်ပိုင်ရပ်တည် နိုင်လောက်နဲ ့အရည်အချင်းရှိသူတွေဖြစ်ပြန်တော့ နယ်မှာကျန်ရှိတဲ့ ကိုကို မောင်မောင်တွေကိုလည်း အားကိုးလောက်သူတွေရယ်လို ့ မမှတ်ယူကြပြန်လို ့ပါ။ သူတို ့စံနဲ ့မကိုက်ဘူးပေါ့ ဆရာမရယ်။ စဉ်းစားတွေးခေါ်တာတွေ များတဲ့အသက်အရွယ်ကို ရောက်သွားလို ့လည်း အိမ်ထောင်တခုကို လွယ်လင့် တကူမပြုနိုင်တာလည်း ပါပါလိမ့်မယ်။ 19-20 အရွယ်တွေကတော့ ခိုးရာလိုက်ပြေးလို ့ကောင်းတုန်း၊ ခု ချစ် ခုညား ပြီး ခုချက်ချင်းလည်း ပြန်ကွဲ တာကိုလည်း မြင်တွေ ့နေရပါတယ်။ ခုလည်း သီတင်းကျွတ်ပြန်တော့မယ်လေ။ ကျွန်မသူငယ်ချင်းတွေလည်း ဦးဦးပါလေရာပြောတဲ့ မညီမျှသော အချိုးတခုထဲ ပါဝင်နေသူတွေပါ။
nozomi
October 15, 2012 at 10:51 am
သဂျီးက ” ကျုပ်နေခဲ့ဖူးတဲ့နိုင်ငံတွေနဲ့ နှိုင်းကြည့်ရသလောက်တော့.. မြန်မာမိန်းမတွေက.. မိန်းမအခွင့်အရေးအရနည်းပါတယ်..
… ဓလေ့ထုံးတမ်းတွေ အတားအဆီးကြောင့်.. မိန်းမတွေဟာ.. ယောက်ျားတွေနဲ့.. အခွင့်အရေးပိုင်း တော်တော်(တော်တော်လေး)နိမ့်ရနေတယ် ခံစားမိတာပါ..” ဆိုပေမဲ့
ကာယကံရှင် မိန်းကလေးတွေ ဖြစ်တဲ့ အရီးလတ်တို့ကတောင် မြန်မာပြည်မှာ မိန်းကလေးတွေကယောကျင်္ားလေးတွေနဲ့ တန်းတူအခွင့်အရေးရပါတယ် ပြောယူရတယ်
တကယ်လဲ တန်းတူပါပဲ အများစုကတော့ မိန်းမကို လေးစား (တကယ်တော့ ကြောက်တယ် ပြောမကောင်းလို့) ကြသူတွေက အများစုပါ
သဂျီး ခဏခဏ ဒီလိုပြောပုံထောက်ရင် မိန်းမကြောက်တာ လူ မသိအောင် ဖုံးကွယ်ချင်လို့ ထင်ရဲ့
ဒေါ်ရွှေပုံ့ပြောတဲ့ ” အသက်အရွယ် က အိမ်ထောင်တခုကို စတင်ဖို ့အချိန်တန်ပြီဖြစ်ပေမဲ့ သူတို ့ပြောတာက အားကိုးလောက်စရာ ယောက်ျားမရှိပါတဲ့ ” ဆိုတာလေး ကိုတော့ နဲနဲပြောကြည့်ချင်တယ်
ခေတ်တွေ ပြောင်းလာတော့ အယူအဆတွေလဲ ပြောင်းဖို့ လိုလာတယ်
အရင်လို ယောကျင်္ာယူတာ မှီခိုချင်လို့ အားကိုးချင်လို့ ဆိုတာမျိုး မဖြစ်သင့်တော့ဘူး
အခွင့်အရေး ရပိုင်ခွင့်တွေက အတူတူ ဖြင်သင့်သလို
ဘဝ ဆိုတဲ့ ခရီးကြမ်းကြီးမှာ အတူတူ လက်တွဲရင်ဆိုင်မဲ့
ဘဝ ရဲ့ လက်တွဲဖော်ဆိုတဲ့ အမြင်မျိုးပဲဖြစ်သင့်တယ်
kai
October 15, 2012 at 2:18 pm
အပြည်ပြည်ဆိုင်ရာစံညွှန်းတွေနဲ့ကြည့်လည်း.. မြန်မာဟာ.. အမျိုးသမီးအခွင့်အရေး..အဆင့်… ခပ်ညံ့ညံ့ထဲမှာပါ..။ ၁၄၆နိုင်ငံမှာ အဆင့်၉၆ တဲ့..။
ရန်ကုန်.. မန္တလေးမြို့ကြီးများမှ.. မိန်းမများကို(သာ) မကြည့်ကြစေလိုပါကြောင်း… :kwi:
Online Burma Library > Main Library > Women > Women’s rights
http://www.ibiblio.org/obl/show.php?cat=2235&lo=&sl=1
Asian Development Bank Interim Country Partnership Strategy: Myanmar, 2012-2014 GENDER ANALYSIS (SUMMARY)
Sep-12
A. Progress and Key Challenges: 1. Myanmar ranks 96 out of 146 countries in the 2011 Gender Inequality Index (GII), ahead of Cambodia and Lao PDR, ranked 99 and 107, respectively. 1 It has achieved gender parity in education with regard to enrollment ratios of girls and boys in primary and secondary education. However, disaggregated analysis points to gender disparities in some of the poorest rural areas. 2 Women in Myanmar enjoy equal rights in inheritance laws and equal marital property rights in the case of divorce. However, patriarchal cultural values related to women’s roles and responsibilities still shape familial relationships, contribute to the gendered division of labour and limit women’s participation in decision making at all levels. Key issues of concern include: high maternal mortality ratio and insufficient access to reproductive and basic health services; low levels of women’s participation in public decision making and in the labour market, increasing HIV among women and lack of reliable and sex-disaggregated data across all sectors which hampers evidence-based policy and programme interventions. Gender disparities are more marked in rural areas and amongst some ethnic groups…Education…Health…Water and Sanitation…Electricity…Economic empowerment…Public decision-making [“In Myanmar, only 4% of parliamentary seats are held by women…”]…Gender based violence…Institutional Assessment…ADB Gender Strategy…
Asian Development Bank (ADB)
http://www.burmalibrary.org/docs14/mya-interim-gender.pdf
28-Sep-12
==
http://www.thedailybeast.com/articles/2011/09/18/best-and-worst-countries-for-women-from-iceland-to-the-u-s-to-pakistan-and-afghanistan.html
shwe pont
October 15, 2012 at 11:22 am
ကိုနိုဇိုမီပြောသလိုမျိုး ကျွန်မသူငယ်ချင်းတွေက ယူမဲ့ယောက်ျားကို လုံးဝမှီခိုအားကိုးဖို ့စောင့်နေတာမျိုး မဟုတ်ပါဘူး။ သူတို ့ကိုယ်တိုင် ကိုုယ်ပိုင်အလုပ်အကိုင် ကိုယ်ပိုင်ဝင်ငွေတွေနဲ ့ပါ။ ဒါပေမဲ့ ဘယ်မိန်းကလေး မဆို ကိုယ်ယူမဲ့ယောက်ျားက ကိုယ်ထက် မြင့်သော အလုပ်အကိုင် ဝင်ငွေ မရှိတောင် ကိုယ်နဲ ့တန်းတူ ဝင်ငွေ ရှာဖွေနိုင်တဲ့ ယောက်ျားမျိုးမဟုတ်ရင် ကျွန်မဆိုရင်တော့ အဲဒီလိုလူမျိုး ကို အိမ်ထောင်ဦးစီးရာထူးမှာ ထားဖို ့တွန် ့ဆုတ် တွေဝေနေမှာပါ။ ငွေကြေးတခုတည်းကို မဆိုလိုပါဘူး။ ကျန်တဲ့ ယုံကြည်ထိုက်တဲ့ အရည်အချင်းလည်း လိုပါတယ်။ ကျွန်မဆိုလိုချင်တာက လုံးဝယောက်ျားလုပ်စာ ထိုင်စားမှာမျိုးကို ပြောတာမဟုတ်ပါဘူးနော။ အတူတူလက်တွဲလျှောက်လှမ်းရာမှာ ကိုယ်က အားကိုးထိုက် လောက်တဲ့သူလို ့ယူဆတာမျိုးပါ။ ပြောရရင် ကျွန်မတို ့မြို ့မှာ အဲသလောက်ထိအောင် အရည်အချင်းရှိတဲ့ယောက်ျားမျိုးတွေ ရှားပါးနေသလားဆိုတော့လည်း လူနည်းစုရှိပါတယ်။ အဓိကက လူဦးရေ အချိုးလေ။ ယောက်ျား မိန်းမ မမျှတာကြောင့် ပိုရွေးဖို ့ခက်သွားတာပါ။ ကျွန်မသူငယ်ချင်းတွေ ပြောတာလည်း အဲဒီသဘောပါပဲ။ဆွေးနွေးထောက်ပြတဲ့အတွက် ကျေးဇူးပါ။
လုံမလေး မွန်မွန်
October 15, 2012 at 11:54 am
မင်္ဂလာပါ ဆရာမရေ..
မွန်မွန်လည်း ဒီပို့စ်လေးကို ဖတ်နေတာကြာပါပြီ..အခြေအနေမပေးတာရယ်..တစ်ခြားသူတွေရဲ့ကွန်မန့်တွေကိုကြည့်ချင်တာရယ်ကြောင့် ဝင်မရေးဖြစ်သေးတာပါ…
မွန်မွန်တို့လို အသက် ၂၀-၂၅ ဝန်းကျင် သူငယ်ချင်းတော်တော်များများဟာ အခုချိန်အထိ အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိကြပါဘူး။ တက္ကသိုလ်ကျောင်းသားဘဝမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုသွားတဲ့သူတွေရှိကြပေမယ့် အခုကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်နေတဲ့အချိန်မှာ အိမ်ထောင်ပြုဖို့ စိတ်ကူးတဲ့သူ နည်းပါတယ်။
မွန်မွန်တို့ သူငယ်ချင်းတွေ ပြောနေကျစကားတစ်ခွန်းရှိပါတယ်။ “အိုချင်ရင် အခုချက်ချင်း အိုလို့ရတယ်..ပြန်ပျိုဖို့ မဖြစ်နိုင်တော့ဘူး” လို့ပါ။ ရပ်တည်ဖို့ခက်ခဲလှတဲ့ ဒီခေတ်ကြီးမှာ တစ်ယောက်တည်းကနေ နှစ်ယောက်ဖြစ်ဖို့ကို သတိ္တမရှိကြသေးပါဘူး။ ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ အိမ်ထောင်ရေးပြဿနာတွေကြားမှာ၊ တိုးတက်လာတဲ့ခေတ်ကြီးထဲမှာ ယောက်ျားတစ်ယောက်ကို ထိန်းသိမ်းဖို့ ယုံကြည်ချက်မရှိသေးပါဘူး။ ပိုက်ဆံချမ်းသာတဲ့ယောက်ျားတွေကို ပိုကြောက်တတ်ပြီး ကိုယ့်ကိုဦးဆောင်ပေးနိုင်တဲ့အရည်အချင်းရှိတဲ့ ယောက်ျားမျိုးကိုပဲ ရွေးချယ်ချင်ပါတယ်။ ကိုယ့်အရည်အချင်းတွေကို နှမြောလို့ အိမ်ထောင်ရှင်မပဲ မလုပ်ချင်တဲ့စိတ်ရယ်၊ ကိုယ့်ခင်ပွန်းအပေါ်မှာ အိမ်ထောင့်တာဝန်ကျေချင်တဲ့စိတ်တွေနဲ့ အိမ်ထောင်သည်ဆိုတာကို တွေးမိတိုင်း ရင်မောမိပါတယ်။ (လက်ဆုပ်လက်ကိုင်ပြရမယ့်သူ မရှိသေးတာကြောင့်လည်း ပါမယ်ထင်ပါတယ်။) “တစ်ယောက်တည်းတောင် မနည်းရုန်းကန်နေရတာ နှစ်ယောက်တစ်ဘဝလုပ်ဖို့ မလွယ်ပါဘူး” လို့လည်း ခဏခဏပြောတတ်ကြပါသေးတယ်။ ပြီးတော့ အားကိုးရလောက်တဲ့ယောက်ျားမရှိပါဆိုတာကိုလည်း ထောက်ခံချင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းရှားပါးနေတဲ့ဒီခေတ်မှာ မိန်းမတစ်ယောက်ကို ဦးဆောင်စောင့်ရှောက်နိုင်လောက်တဲ့ ဝင်ငွေ၊ အလုပ်အကိုင်၊ အရည်အချင်းရှိတဲ့ယောက်ျားမျိုး သိပ်များများစားစား မတွေ့မိပါဘူး။ (ကျွန်မတို့ ဇီဇာကြောင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။) ပြီးတော့ မိန်းကလေးတွေတင်မကပါဘူး။ ယောက်ျားလေးတွေဘက်ကလည်း အိမ်ထောင်တစ်ခုတည်ထောင်ဖို့၊ မိန်းမတစ်ယောက်ကို တာဝန်ယူဖို့ကို အများကြီးစဉ်းစားကြပါတယ်။
နောက်ပြီး generation gap ဆိုတာကိုလည်း စဉ်းစားမိပါတယ်။ မွန်မွန့်အမေက အသက် ၂၂ နှစ်မှာအိမ်ထာင်ပြု၊ ကလေးနှစ်ယောက်ကို ဆက်တိုက်ယူပြီး အခု အမေ့အသက် ၄ဝ ကျော်မှာ မွန်မွန်တို့ မောင်နှမနှစ်ယောက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့အချိန်၊ အမေ့အနေနဲ့လည်း လူငယ်တွေကို နားလည်ပေးနိုင်ပြီး သားသမီးအတွက် တိုင်ပင်ဖော်တိုင်ပင်ဖက် သူငယ်ချင်းကောင်း ဖြစ်ပေးနိုင်တဲ့အချိန် ဖြစ်နေပါတယ်။ ဒါပေမယ့် အမေတို့ခေတ်နဲ့ မွန်မွန်တို့ခေတ် မတူတဲ့အတွက် အပျိုကြီးဖြစ်တဲ့မိန်းကလေးတွေ၊ အိမ်ထောင်ပြုနောက်ကျတဲ့ မိန်းကလေးတွေ များလာတယ်လို့ ထင်မိပါတယ်။ အမှန်အတိုင်းပြောရင် ဒီကျပ်တည်းလှတဲ့ခေတ်ကြီးထဲမှာ မွန်မွန်လည်း အိမ်ထောင်ပြုပြီး အိမ်ထောင့်တာဝန်ထမ်းဖို့၊ သားသမီးကို ပြုစုစောင့်ရှောက်ဖို့ ယုံကြည်ချက်မရှိသေးပါကြောင်း… 🙂
Khaing Khaing
October 15, 2012 at 2:22 pm
ဆရာမရေ …. ဆရာမရဲ့ တင်ပြချက်ကလေးအလွန်ကောင်းပါတယ် … အောက်မှာပေးထားတဲ့ ကော်မန့်တွေလည်း အလွန်များနေတာကြောင့် အကုန်မဖတ်မိတော့ပါဘူး …
ဆရာမပြောတဲ့ သက်ကြီးကိုယ်ဝန်ဆောင်တာ ဘယ်လောက်ဒုက္ခများ သလဲ ကိုယ်တွေ့ကြုံရင်သိမှာပါ။ အဲဒါလေးကို ထောက်ခံပါတယ် …. အသက်ကြီးမှ အိမ်ထောင်ကျပြီးကိုယ်ဝန်ဆောင်ရင် မိမိရင်သွေးငယ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အသက်အရွယ်ကြီးနေတာရယ် … ကိုယ်ဝန်ဆောင်ချိန်မှာလည်း ငယ်ရွယ်သူတွေလို စိတ်သွားတိုင်းကိုယ်မပါတော့တာတွေ အများကြီး အများကြီးကိုပူပန်နေရပါတယ် ….
ဆွေးနွေးချက်တွေ စုံလင်လို့ အများကြီး ထင်မြင်ချက်မပေးတော့ပါဘူး ………