မြတ်သောဆရာ….သူ့လိုဆရာ (၃)
ဆရာမဒေါ်မာဂရက် ဆိုရင် ကျမတို့မြို့လေးက လူတိုင်းသိကြပါတယ်။
အလွန်ရိုးသားတဲ့ Baptist ဘာသာဝင် ကရင်လူမျိုး အပျိုကြီးပါ။ အရပ်မြင့်မြင့် ၊တစ်ခေါင်းလုံးဖြူနေတဲ့ ဆံပင်တွေကို သပ်သပ်ရပ်ရပ် ထုံးဖွဲ့၊အမြဲတမ်း အဝတ်အစားလည်း သန့်သန့်ပြန့်ပြန့်နဲ့ ရုပ်ချောတဲ့ ဆရာမဖြစ်ပါတယ်။
(ဒီလောက်ရုပ်ချော သဘောကောင်းတဲ့ ဆရာမ ဘာလို့ အပျိုကြီး ဖြစ်နေလဲဆိုတာ ငယ်ငယ်တုံးက သဘောမပေါက်ခဲ့ပါဘူး။)
စာသင်တာလည်း အလွန်ကောင်း၊စိတ်လည်းရှည်၊ကျောင်းသားတွေကိုလည်းချစ် ၊ကျောင်းသားတိုင်းကလည်း ချစ်တဲ့ ဆရာမပါ။
ဆရာမသက်တမ်းအလွန်ရှည်တော့ တစ်မြို့လုံး ဆရာမတပည့်တွေချည်းပါပဲ။အားလုံးကိုလည်း နာမည်နဲ့ တကွမှတ်မိသူဖြစ်ပါတယ်။
သတ္တမတန်း “A” ခန်းရဲ့ အတန်းပိုင်ဆရာမအဖြစ်နဲ့ အင်္ဂလိပ်စာ သင်ကြားခြင်းမှာ တစ်သက်တာလုံး မြုှပ်နှံသွားသူပါ။
ကျမတို့ခေတ်က ၅တန်းရောက်မှ အင်္ဂလိပ်စာ စသင်ရပါတယ်။ ကျူရှင်တွေလည်း မတက်ချင်တဲ့ ကျမ ၅ တန်းအတက်မှာ အင်္ဂလိပ်စာ အခက်အခဲနဲ့ စတွေ့တော့တာပါဘဲ။
၄ တန်းအောင်ပြီး နွေရာသီ ကျောင်းပိတ်တုံးမှာ ကျူရှင်ယူထားကြတဲ့ သူငယ်ချင်းတွေက “This is a book” တို့ “Please sit down” တို့ ဆိုတာတွေကို
၅ တန်း အင်္ဂလိပ်စာ ဆရာမ ဒေါ်မူမူ သင်သလို သွက်သွက်လက်လက် ဆိုနိုင်နေကြပေမယ့် ကျမမှာ ခွေးအကြီး လှည်းနင်းတာမှ ဂိန်ဂိန်အသံထွက်သေး။
ခုတော့ လှည်းကျိုးကြီးကို ခွေးအနင်းသလို အသံတောင် မထွက်တတ်တော့ပါဘူး။
အဲဒီ ၅ တန်းနဲ့ ၆ တန်း ၂နှစ်မှာ အင်္ဂလိပ်စာကို ရေးနိုင် နားလည်နိုင် ဖတ်နိုင်ပေမယ့် ပြောထွက်ဖို့ဆိုတာတော့ တော်တော်ဝန်လေးခဲ့ရပါတယ်။
ကျမတော်တော်လည်း ကြိုးစားခဲ့ရပြီး အခြားဘာသာတွေမှာ အမှတ်ကောင်းလို့သာ ၆ တန်းမှာ တတိယလောက် ချိတ်နိုင်ခဲ့ပါတယ်။
ရ တန်းနှစ်စမှာတော့ အတန်းပိုင်ဆရာမ ဒေါ်မာဂရက် နဲ့ ဆုံစည်းခွင့်ရခဲ့ပါတယ်။ ဆရာမရဲ့ အသံ ချိုချိုအေးအေးလေးရယ်။ စေတနာပါတဲ့ စကားချိုချိုတွေရယ် ၊
ကျောင်းသင်ခန်းစာ သာမက ပြင်ပက အင်္ဂလိပ် စာ ဗဟုသုတလေးတွေရယ်ပါ ညှပ်ပြီးသင်ပေးတဲ့အတွက် အင်္ဂလိပ်စာကို မကြောက်တော့ဘဲ ချစ်လာပါတယ်။
စာကိုလဲချစ် ၊ ဆရာမကိုလည်း ချစ်ပေါ့။ ဆရာမကို ချစ်လို့လည်း သူ့စာကိုပိုကြိုးစားချင်လာတာပါပါတယ်။
ဆရာမက ကျမတို့ကို အင်္ဂလိပ်ကဗျာလေးတွေ ရွတ်ပြတယ်။ ပုံပြင်လေးတွေ ဖတ်ပြပါတယ်။
အင်္ဂလိပ်လို ပုံပြင်လေးတွေပြောပြတဲ့အခါ ဆရာမကို ငေးကြည့်ပြီး သူ့လို သိပ်ပြောတတ်ချင်တာပါပဲ။
ကျမမှတ်မိသလောက် ဆရာမဟာ ရှေးခေတ် ရ တန်းပဲ အောင်ပါတယ်။ ဒါပေမယ့် သူ့အင်္ဂလိပ်အသံထွက် Pronuncication အလွန်ကောင်းပါတယ်။
သူသင်ပေးခဲ့တဲ့အတွက်လည်း ကျမတို့တောမှာ ကြီးပြင်းရလို့ ငါးပိသံပါပေမယ့် အသံထွက် ဆိုးဆိုးဝါးဝါးတွေ (Purpose ကို ပါးပို့စ် ဆိုတာမျိုးပေါ့) မထွက်မိတော့ပါဘူး။
ကြုံတုံးစာသင်နည်းစနစ်အကြောင်း ပြောရရင် ဆရာမဒေါ်မာဂရက်ရဲ့ သင်နည်းအပြင် ၈ တန်း အင်္ဂလိပ်စာသင်တဲ့ ဆရာမဒေါ်တင့်တင့်ဆိုရင်လည်း
အတန်းထဲမှာ ယောကျာ်းလေး ၊ မိန်းကလေးခွဲပြီး Vocabulary Competition ခေါ်တဲ့ ဝေါဟာရ ဘယ်လောက်ကြွယ်တယ်ဆိုတာ ပြိုင်ခိုင်းပါတယ်။
ဥပမာ Timetable ဆိုတဲ့ စာလုံးရေးပြပြီးရင် ဒီထဲက Word ဘယ် ၂ လုံးပြန်ထွက်မလဲ ဆိုတာမျိုးပေါ့။
Time, Table, Eat, Ate, Mat, Able…..etc များများစဉ်းစားနိုင်တဲ့ အဖွဲ့ကနိုင်ပါတယ်။
အဲဒီလို စာသင်လို့လဲ ကျမတို့ သူငယ်ချင်းတွေ အားလုံး အင်္ဂလိပ်စာသိပ်မညံ့တဲ့ စာရင်းဝင်ကြပါတယ်။
ဆရာမဒေါ်မာဂရက်ကို ဘယ်လောက် ချစ်ခင်ရင်းနှီးကြသလဲဆိုရင် နောက်အတန်းတွေ တက်သွား တာတောင်မှ နွေရာသီစာမေးပွဲနောက်ဆုံးနေ့ ဖြေပြီးရင်
ဆရာမတို့အိမ်မှာ ပေါက်တဲ့အရွက်တစ်မျိုး (ချေလိုက်ပြီး သူရဲ့အရည် ကို ခွက်ကလေးထဲထည့်ရင် ကျောက်ကျောလို ခဲသွားလို့ ကျောက်ကျောရွက်လို့ ကျမတို့က ခေါ်ပါတယ်။)
အဲဒီ အရွက်တွေသွားခူးပြီး ဆရာမအိမ်မှာဆော့တတ်ကြပါတယ်။
ကျမတို့ တက္ကသိုလ်တက်ချိန်မှာ ဆရာမ သက်ပြည့်ပင်စင်ယူလိုက်ပါတယ်။ ကျမကျောင်းပြီးလို့ မြို့ကိုပြန်ရောက်ချိန်မှာတော့ ဆရာမဟာ သူ့အိမ်မှာ ကလေးငယ်လေးတွေ ကျူရှင်သင်ပေးနေတာ တွေ့ရ ပါတယ်။
ဒါပေမယ့် ယိုယွင်းလာတဲ့ ပညာရေးစနစ်အောက်မှာ အတန်းပိုင်ဆရာမဆီမှာတက်မှ အမှတ်ရတဲ့ ခေတ်ကြီးကို မလွန်ဆန်နိုင်တော့ ဆရာမ ကျူရှင်မှာ ကျောင်းသားတဖြည်းဖြည်း လျော့လာပါတယ်။
ဆရာမဟာ အပျိုကြီးဆိုပေမယ့် သူ့မှာညီမဖြစ်သူ ဆရာမဒေါ်မူမူရဲ့ သားသမီးတွေအတွက် ကူညီတာဝန်ထမ်းရရှာပါတယ်။
အဲဒီတော့ ရတဲ့ပင်စင်လစာလေးနဲ့ မလောက်ငတော့ပါဘူး။ ဖြစ်ချင်တော့ ဝန်ထမ်းတွေလစာတိုးချိန်မှာလည်း သူတို့ပင်စင်လစာတွေက မတိုးတော့ ပိုခက်ခဲနေပါတယ်။
ဆရာမရဲ့ တပည့်ဟောင်းတစ်ချို့က သူတို့သားသမီးတွေ အင်္ဂလိပ်စာ ပိုတော်အောင် အပိုခေါ်သင် ရင်း ဆရာမတို့ကို ထောက်ပံ့ကြပါတယ်။
တစ်ရက်တော့ ဆရာမ ကျမဆီရောက်လာပါတယ်။ လက်ထဲမှာ ပါလာတဲ့ အထုပ်ကလေးကို ဖြည်ပြတော့ ကျောက်နီလက်စွပ်လေးတစ်ကွင်းပါ။ အဲဒါလေးယူပြီး ဆရာမကို ပိုက်ဆံချေးပါတ၊ဲ့ အတိုးလဲ ယူပါတဲ့။
ကျမ တော်တော်စိတ်မကောင်း ဖြစ်သွားပါတယ်။ ဒါပေမယ့် အဲဒီအချိန် အလုပ်မှာ ကျမက ဦးစီးသူ မဟုတ်တော့ ဆရာမကို ရော့ယူသွားလို့ မပေးလိုက်နိုင်ပါဘူး။
ဆရာမရဲ့ လက်စွပ်လေးကိုယူထားပြီး သူလိုသလောက် ပိုက်ဆံချေးပေးလိုက် ရပါတယ်။ လမကြာခင် ဆရာမအဆင်ပြေ ငွေပေါ်သွားလို့ ပြန်လာရွေးတော့မှ အတိုးမယူ ပြန်ပေးလိုက် ရပါတယ်။
ဆရာမကိုလည်း ပွဲရုံကရောင်းတဲ့ ဆီ ၊ ပဲ ၊ ငရုတ် စတဲ့ ဆရာမစားလို့ ရတာတွေကို လာတိုင်း ကန်တော့တဲ့အနေနဲ့ ပေးလိုက်ပါတယ်။
ဆရာမလည်း သိပ်အဆင်မပြေတဲ့အခါတွေမှာသာ ဘုရာ်းကျောင်းက အပြန်လာလာတွေ့ရှာပါတယ်။ ဆရာမကို မြင်ရင် ဆရာမစားလို့ရမှာလေးတွေ ကြုံတိုင်းပေးရုံလောက်ဘဲ ကူညီခဲ့ရပါတယ်။
ကျမ ရန်ကုန်ပြောင်းလာပြီးနောက်ပိုင်း မြို့ကိုပြန်ရင် ဆရာမကို သွားကန်တော့ဖြစ်တဲ့အခါလည်းရှိ သိပ်အလုပ်ကျပ်ရင်တော့ မကန်တော့ဖြစ်ပါဘူး။
မနှစ်ကတော့ သူငယ်ချင်းဆွေဆွေသင်းက ပြောလာပါတယ်။ “ဆရာမဒေါ်မာဂရက်နေမကောင်းဘူး နော် အိပ်ရာထဲ လဲနေပြီတဲ့” ၊
သူတောင် Shine Hope Co ကို လျှောက်လွှာတင်ပေးပြီး ထောက်ပံ့ငွေ တောင်းပေး လိုက်သေးတယ်လို့ သတင်းပေးလာပါတယ်။
အဲဒီနှစ်မြို့ကို အပြန်မှာတော့ ဆရာမဆီသွားဖြစ်အောင် သွားရပါတယ်။ ကျမနဲ့အတူ ဆရာမကို ဆေးအမြဲကုပေးနေတဲ့ အကိုဆရာဝန် ၂ ယောက်သား ဆရာမအိမ်ရောက်သွားတော့
ဆရာမကို အိပ်ရာပေါ်မှာ ပက်လက်လေးတွေ့ရပါတယ်။ အသက် ၉ဝ ကျော်ပြီဖြစ်တဲ့ ဆရာမဟာ လူကြီးနာခေါ်တဲ့ တဖြည်းဖြည်း အားအင်ဆုတ်ယုတ် ၊ မှတ်ဉာဏ်ချို့ယွင်းလာတာပါဘဲ။
ဆရာမဒေါ်မူမူက ဒေါက်တာတို့လေ မှတ်မိလားဆိုတော့ ပြုံးပြီးခေါင်းခါပါတယ်။ သူဘယ်သူကိုမှ မမှတ်မိတော့ပါဘူး။ ထမင်းစားပြီးမှန်း မပြီးမှန်းလည်းမသိတော့ပါဘူး။
အိပ်ရာပေါ်လဲနေပေမယ့် ဆရာမမျက်နှာလေးကတော့ ကြည်ကြည်လင်လင်လေးပါဘဲ။ ဆရာမ ပါးစပ်က ပြုံးပြီး လှုပ်လှုပ်လှုပ်လှုပ် ရွတ်နေလို့ ဘာလဲလို့ ကပ်နားထောင်ကြည့်လိုက်တော့ “Always” ပါတဲ့။
အော် မှတ်ဉာဏ်ချို့ယွင်းနေတာတောင် စာသင်နေတုံးပါလား ဆရာမရယ်။
ဆရာမ ၂ ယောက်လုံးကို ပါသွားတဲ့ငွေနဲ့ စားစရာလေးတွေကို အနားချပေးပြီး ကျမတို့ မောင်နှမ ၂ယောက် ကန်တော့ခဲ့တာ ဆရာမဒေါ်မာဂရက်ကို နောက်ဆုံးကန်တော့ခဲ့ခြင်းပါဘဲ။
နောင်ဘယ်တော့မှ ကန်တော့ခွင့်မရနိုင်တော့ပါဘူး။ အခုဆို ဆရာမဆုံးပါးသွားတာ တစ်နှစ်ကျော်ပါပြီ။
ဆရာမသင်ပေးခဲ့တဲ့ အင်္ဂလိပ်စာနဲ့ ကျမ ကမာ္ဘလောကကြီးကို လေ့လာနေရဆဲပါ။
ဆရာမရဲ့ကျေးဇူးကိုလည်း ထိထိရောက်ရောက် မဆပ်နိုင်ခဲ့ပါဘူး။
သက်ရှိထင်ရှားကျန်နေသေးတဲ့ ကျေးဇူးရှင် ဆရာ ဆရာမတွေကိုတော့ မကြာခင်ကျင်းပမယ့် ဆရာကန်တော့ပွဲမှာ ကန်တော့ခွင့်ထပ်ရပါအုံးမယ်။
အားလုံးပဲ ကိုယ်တတ်စွမ်းသ၍ပမာဏနဲ့ ကိုယ့်ကျေးဇူးရှင်ဆရာ ဆရာမများကို သူတို့အသက်ထင်ရှားရှိကြစဉ်မှာ လက်အုပ်ချီကန်တော့ကြပါစို့။
25 comments
မဟာရာဇာ အံစာတုံး
October 15, 2012 at 4:26 am
အန်တီ … အန်တီ …
ဆရာမကြီး တိုးတိုးလေး ရွက်ပြတဲ့ “Always” ဆိုတာ …
ရတနာသိုက်ညွှန်း ဖြစ်ချင်ဖြစ်မှာဗျ …
ကျနော် ပဟေဠိ ဖော်ကြည့်လိုက်ဦးမယ် …
ပြီးရင် သွားရှာကြတာပေါ့ …. အဟီးးးး
အန်တီရေ … နောက်တာပါ ခင်ဗျာ ….
+++++++++++
အန်တီရဲ့ မြတ်သောဆရာ၊ သူ့လိုဆရာ ပို့စ်ကို ဖတ်အပြီးမှာ …
ကျောင်းသားတွေအပေါ်မှာ အသံချိုချို၊ စိတ်ရှည်ရှည်နဲ့ သင်ပြပေးတတ်တဲ့
ဆရာမကြီး ဒေါ်မာဂရက်ကိုလည်း လေးစားမိသလို …
အသက်အရွယ်နဲ့ မှတ်သားဉာဏ်တို့ရဲ့ ဆက်စပ်ပြီး တည်နေမှုကိုလည်း
သံဝေဂ ရသလိုလို၊ ဘာလိုလို ဖြစ်သွားမိပါတယ် ခင်ဗျာ …
padonmar
October 15, 2012 at 7:13 pm
မောင်အံ
ရတနာသိုက်ရရင် ဝှက်စာဖော်ပေးတဲ့ အန်တီ့ကိုမမေ့နဲ့နော်။
ကိုယ်အသက်ကြီးရင်လည်း alzeimer ဝင်မှာစိုးရပြန်ရော။အမှတ်သတိရှိရင် သူငယ်မပြန်ပါဘူးတဲ့။
ဆရာမက မှတ်ဉာဏ်ချို့ယွင်းသွားပေမယ့် သူငယ်ပြန်သလောက်မဆိုးသွားပါဘူး။
nozomi
October 15, 2012 at 10:02 am
အန်တီလေး စာဖတ်မိလိုက်တာနဲ့ ဆရာမ ရဲ့ မေတ္တာ ဂရုဏာ စေတနာတွေ ရင်ထဲ ရောက်လာတယ်
ကျွန်တော်တို့ကို သင်ပေးခဲ့တဲ့ ဦးဖိုးပြုံး နဲ့ ဒေါ်နန့်မေရီ ဆိုတဲ့ ကရင်ဆရာ မောင်နှမ နှစ်ယောက်ကိုလဲ သတိရမိသွားတယ် ၊ ဆရာမတို့ သက်ရှိထင်ရှားတောင် ရှိသေးရဲ့လား မသိ
သတိရလက်စ နဲ့ ရ တန်းတုန်းက အတူတူ သင်ခဲ့ရတဲ့ ဒူရင်းသီး လို့ စနောက်နေကျ ဒိုရင်းစံ ဆိုတဲ့ ကရင်မ လေး ရော ..အင်း ကလေး ရ လောက်တောင် မွေးပြီးလောက်ပြီ ထင်ရဲ့
padonmar
October 15, 2012 at 7:14 pm
ကိုနို
ဆရာမကနေ ကရင်မလေးဆီရောက်တဲ့ အတွေး မဒမ်နိုကို တိုင်လိုက်မယ်။
စိန်ဗိုက်ဗိုက်
October 15, 2012 at 10:48 am
အန်တီလေးပြောမှ ကျော်လဲ ဆရာတွေကို ပြန်သတိရမိတယ်ဗျား..
ဆယ်တန်းမှာ တစ်ကယ်ကြမ်းတဲ့ တီချယ်သန်းဆို အသေ အရိုက်ကြမ်းတာ
တစ်ခါတလေ ခန်းလုံးကျွတ် ကြိမ်လုံးနဲ ့သမ.တာ
တစ်ယောက်သုံးချက် အယောက်ခြောက်ဆယ်လောက်ကို ဒိုင်ခံဗျင်းတာ…
အူးဗိုက် အဗျင်းခံရမဲ့ အလှည့်ရောက်တော့ ငါးဆယ်ကျော်ပြီမို ့ တီချယ်သန်းလဲ အားမစိတော့ဘူး ဟန်ပဲရှိတော့တာမို ့ အရိုက်ခံရတာ နာတော့ဘူး..
အပြစ်လုပ်မိတဲ့နေ ့ဆို ဘောင်းဘီ ၃ထည်လောက် ခံဝတ်ထားရတယ်..
စာမေးပွဲဖိုင်နယ်ဖြေတော့ ကိုယ့်ကျောင်း ကိုယ့်ဆရာမဆိုပြီး အထာလေးနဲ ့ ခိုးချလို ့ရမလား အောင့်မေတယ်..
ခြံစည်းရိုးမှာ တစ်ထပ်..အခန်းဝမှာတစ်ထပ် ရှာချက်က ချိုင်းဂျား ဆံပင်ကြားတောင် မချန်ဘူး..
တော်သေးတယ်..ဘေးက Repeater အမကြီးက အပြကောင်းလို ့ ဆယ်တန်းကျွတ်ခဲ့တာ…
အယ်….
တီချယ်သန်းကနေ စာပြပေးတဲ့ Repeater အမကြီးဆီရောက်သွားတယ်..
ဘာပဲဖစ်ဖစ် သူလဲ စာပြပေးတော့ ချာမလိုပဲ ကျေးဇူးတင်ရမပေါ့နော်
padonmar
October 15, 2012 at 7:16 pm
စိန်ဗိုက် ကံကောင်းလို့ ဆယ်တန်းအောင်ခဲ့တာ။ကံမကောင်းရင် ဆယ်တန်း ၂လီ =အတန်း၂ဝ ရောက်မှာပေါ့။
သကြားလုုံးကြော်
October 15, 2012 at 11:31 am
အန်တီ ပဒုုမ္မာတိုု့လိုု ကံကောင်းတဲ့ ခေတ်/နေရာဒေသ ကလူတွေသာ ဆရာဆရာမတွေဆွဲဆွဲမြဲမြဲရှိကြတာပါ။ ကိုုယ့်မှာရော အဲဒီလိုုဆရာဆရာမမျိုး ဘယ်သူ့ကိုု လက်ညှိုးညွှန်ရမလဲ စဉ်းစားကြည့်တော့ သေသေချာချာ ကွက်ကွက်ကွင်းကွင်း မြင်လာတဲ့ ဆရာဆရာမတွေမရှိဘူးဖြစ်နေတယ်။ ရန်ကုုန်ပြန်ရောက်လိုု့ ဆရာဆရာမ တစ်ယောက်နှစ်ယောက်လောက်ကိုု အန်တီ ပဒုုမ္မာ့လိုုပဲ သွားကန်တော့မယ်ဆိုုရင်တောင် ဘယ်သူ့ဆီသွားရမှန်းမသိ။ ကျမရဲ့အနှစ်သက်အလေးစားဆုုံး ဒါငါ့ဆရာပါလိုု့ နာမည်တပ်ဖိုု့တော်တော်စဉ်းစားရတယ်။
မူလတန်းအလယ်တန်းက ဆရာဆရာမတွေထဲကပဲရွေးရမလား၊ ကျူရှင်ဆရာဆရာမတွေ ထဲကပဲရွေးရမလား၊ ကျောင်းကအတန်းပိုုင်တွေထဲကပဲရွေးရမလား ၊ကိုုယ့်ကိုုမှတ်မိတဲ့ ဆရာဆရာမတွေထဲကပဲရွေးရမလေား ၊ ကျူရှင်နှစ်နှစ်ဆက်တိုုက်ယူဖြစ်တဲ့ ဆရာကိုုပဲနာမည်တပ်ရမလား၊ နောက်ဆုုံးတော့ သေချာမှတ်သားမိတဲ့ ဆရာဆရာမ မရှိဘူးဖြစ်နေတယ်။ တစ်ပွဲထိုုးတွေဖြစ်ကုုန်လိုု့များလား။ ဆရာဆရာမတွေ မကောင်းတော့ဘူးလိုု့ဆိုုလိုုတာမဟုုတ်ပါ။ ဆရာနဲ့ကျောင်းသား ရေရှည်ဆက်ဆံရေး တည်ဆောက်ပုုံချင်းမတူတာကိုုပြောတာပါ။ မမေ့မပျောက် လေးစားရတဲ့ ဆရာဆရာမတွေ တော့ အများကြီးရှိတာပေါ့ ။ ဒါပေမဲ့ကျောင်းပြီးသွားတော့ ဆရာဆရာမတွေလည်း ကျောင်းစာနဲ့အတူကျောင်းမှာ ကျန်ရစ်ခဲ့ကြပြီ။
သကြားလုုံးကြော်
October 15, 2012 at 12:25 pm
စဉ်းစားမိတဲ့ ဆရာတွေ နာမည်တပ်လိုုက်ဦးမယ်။
ကျောင်းမှာ ၈တန်းတုုန်းက Cheerleading အတွက် draft လုုပ်ခံရလိုု့ အကတိုုက်ဖိုု့ကျင့်ရတာနဲ့ အိမ်စာလုုပ်ဖိုု့ရော စာအုုပ်ယူလာဖိုု့ရော မေ့သွားလိုု့ သင်္ချာဆရာ ဝဝ ဦးညွန့်လွင် (ပိန်ပိန် ဦးညွန့်လွင်လည်းရှိလိုု့) က ဘဝမမေ့နဲ့ဆိုုပြီး ကြိမ်လုုံးနဲ့ ၅ချက်လား ၉ ချက်လား ရိုုက်လိုုက်လိုု့ အဲဒီဆရာကိုု အမှတ်ရဆုုံးပဲ။
ဇစ်ပိုုမီးချစ်နဲ့အမြဲခေါင်းခေါက်တယ်လိုု့နာမည်ကြီးတဲ့ အင်္ဂလိပ်စာ ဆရာ ဦးညွန့်လွင်(?) နဲ့တော့ ကံကောင်းလိုု့လွဲသွားပါတယ်။
ကျူရှင်ဆရာ သင်္ချာဦးကိုုကိုုကြီးဆီကတော့ အပတ်စဉ်စာမေးပွဲဖြေရင်ဘောပင်ရလိုု့ မှတ်မိပါတယ်။
ကျူရှင်ဆရာ အင်္ဂလိပ်စာ ဦးသိန်းဝင်းကိုုတော့ အရင်ကတည်းကမကြိုက်တာကြောင့် မှတ်မိပေမဲ့ နည်းနည်းမှမလွမ်းပါ။ (ဦးသိန်းဝင်းရဲ့သားသမီးများဖတ်မိရင်တော့ခွေးလွှတ်ပါ)
ဆရာမတွေထဲကတစ်ယောက်မှမမှတ်မိပါ။ ဆရာမတွေသင်လိုုက်တဲ့ ပထဝီတွေ၊ ဘောဂတွေလည်း တစ်လုုံးမှမမှတ်မိပါ။ တိန်။
စကားအတင်းစပ်၊၊ မီးကအကုုန်ချစ်တဲ့ ဒဂုုံတစ်က။ လသာနှစ်တိုု့ TTC တိုု့ဆိုု လူမထင်ဘူး။ ဟီဟီ။ ရန်စတာကျောင်းကအကျင့်ပါနေလိုု့ ရန်စပြီးပြေးပြီ။
ဒက်ဂလောက် ဒက်ဂလောက်
padonmar
October 15, 2012 at 7:22 pm
သမီးရယ်
သူ့ခမျာ သူ့ကျောင်းတော်ကြီး ထိခိုက်လို့ စိတ်ထိခယက်ရင် အန်ကယ်ဒုံတို့ တစ်ရှူးမလောက်ဖြစ်နေပါမယ်။
…………
သမီးတို့နဲ့ အန်တီတို့ ခေတ်မတူတာအပြင် နယ်နဲ့မြို့ကွာတာလည်းပါမယ်ထင်ပါတယ်။
နယ်မှာက မြို့လေးကျဉ်းတော့ ဆရာမကလည်း ကျောင်းသားကို မှတ်မိနေသေးသလို ကျောင်းသားကလည်း ဆရာမရဲ့ update တွေ အကုန်သိရတာကိုး။
……
အန်တီ့တူမလေးရဲ့ မူကြိုကဆရာမတွေဆို တူမလေးက ချစ်စရာလည်းကောင်းသင်တိုင်းလည်းတတ်၊မိဘတွေကိုလည်းသိဆိုတော့ ခုထိတွေ့တိုင်းမေးနေတုံးပဲ။
KyawThein
October 15, 2012 at 12:04 pm
အစ်မကြီး မပဒုမ္မာ ရဲ ့ ဆရာအကြောင်းဖတ်မိပြန်တော ့ကြည်နူးစရာကောင်းသလို
ငယ်ဘဝက ဆရာဟောင်းတွေလည်းသတိယမိပါတယ် ။ ဟိုတလောက ကျောင်းတွေ
ဆရာတွေ အကြောင်းရေးမိရာက ငယ်ဆရာတစ်ယောက်အကြောင်းသတိယလို ့
ရေးမိတာလေးကလည်း တစ်ဝက် တစ်ပျက်နဲ ့ ရေးလက်စရှိသေးတယ် ။
အဆင်ပြေရင်တော ့ တင်ဖြစ်မယ်ထင်တယ် ။ အခုခေတ်မှာက အပေါ်ကညီမတစ်ယောက်
ပြောသလို ဆရာတွေကို မမှတ်မိတော ့ဘူးလေ ။
padonmar
October 15, 2012 at 7:24 pm
ကိုကျော်သိန်းရဲ့ ငယ်ဆရာအကြောင်းလေးလည်း ဖတ်ချင်ပါတယ်။
Thu Wai
October 15, 2012 at 1:11 pm
ကောလိပ်ဂျင်နေဝင်းက ကျော်ဟိန်းကိုစာသင်ပေးတဲ့
ဇာတ်ကားကိုပြေးမြင်မိတယ် ခင်ဗျ
padonmar
October 15, 2012 at 7:24 pm
တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမည် တဲ့ ၊ရုပ်ရှင်နာမည်လေး။
ဦးဦးပါလေရာ
October 15, 2012 at 1:13 pm
မပဒုမ္မာရေ
ဒီပိုစ့်လေးဖတ်ရတော့ ဆရာဟောင်းတွေကို သတိရသွားပါတယ်..။
လက်လှမ်းမီသလောက် တတ်အားသရွေ့ ကျေးဇူးပြန်ဆပ်ဖို့ စိတ်ထဲရှိပေမယ့် ကိုယ့်ကိစ္စတွေနဲ့ကိုယ် မေ့မေ့ နေတတ်တာလေ။
ဆရာကန်တော့ပွဲတွေမှာလဲ မလွတ်တမ်းထည့်ဝင်ပေမယ့်
တချို့ဆရာဆရာမတွေကျတော့ အခြားသူတွေထက် ပိုလိုအပ်ပါတယ်။
အဲဒါလေးတွေလဲ သတိထားပြီး တတ်နိုင်သလောက် ဝင်ဖြည့်ရသေးတယ်။
pooch
October 15, 2012 at 1:53 pm
ဒေါ်ဒေါ်ရေ ကျမတို့ ခပ်ငယ်ငယ်ကျောင်းမှာ စာသင်ခဲ့ရတဲ့ ဆရာမတွေ ထဲမှာတော့ ခုထိ အဆက်အသွယ်မပြတ် သီးသန့် ကန်တော့ဖြစ်တဲ့ ဆရာတွေတော့ မရှိခဲ့ပါဘူး။ ကိုယ်တိုင်က အမေ့မေ့အလျော့လျော့နေခဲ့တာလည်း ပါပါလိမ့်မယ်။ နှစ်တိုင်း ဆရာကန်တော့ပွဲဆိုရင်တော့ အလှူငွေ မပြတ်ထည့်ဖြစ်ပါတယ်။ စာသင်ကောင်းတဲ့ မြတ်ဆရာတော်တော်များများတော့ ကြုံခဲ့ဖူးပါတယ်။
ခေတ်ပြောင်းလာတာမို့ သိပ်မတွယ်တာမိတာလည်း ဖြစ်ပါလိမ့်မယ်။
ကျောင်းပြီးလို့ အပြင်ရောက်မှ အကြောင်းမျိုးစုံကြောင့် တက်ဖြစ်တဲ့ သင်တန်းတွေ ကျောင်းတွေမှာတော့ တသက်မမေ့နိုင်စရာ ဆရာတွေကို တွေ့ခဲ့ပါတယ်။ တီချယ်အပါအဝင်ပေါ့။ အားလုံးက သက်ကြီးပိုင်းတွေပါ။ ဝါရော အတွေ့အကြုံရော စေတနာရော အလွန်ပြည့်လှတဲ သက်ကြီးဆရာတွေပါ။
ခုခေတ်မှာ ဒီလိုဆရာတွေ နည်းလာတာ စိတ်မကောင်းစရာပါ ဒေါ်ဒေါ်။
လုံမလေး မွန်မွန်
October 15, 2012 at 2:01 pm
အန်တီပဒုမ္မာရေ…
(၁)၊ (၂)၊ (၃) အကုန်လုံးကို ဖတ်သွားပါတယ်။ ဒီလိုဆရာကောင်းတွေနဲ့ တွေ့ခဲ့တာရော၊ ဆရာ့ကျေးဇူးကို သိတတ်ခဲ့တာရော၊ ကျေးဇူးပြန်ဆပ်ခွင့်ရခဲ့တာရောအတွက် အားကျဂုဏ်ယူမိပါတယ်။ သမီးတို့ငယ်ငယ်တုန်းကလည်း အဲဒီလို ဆရာမျိုးတွေနဲ့ ကြုံခဲ့ရပေမယ့် အခုချိန်အထိတော့ ကျေးဇူးပြန်ဆပ်ခွင့်မရသေးပါဘူးရှင့်။ ပြီးတော့ အခုလို ကျပ်တည်းလှတဲ့ခေတ်ကြီးထဲမှာ နာသုံးနာအရင်းမခံနိုင်တော့တဲ့ ဆရာတွေအတွက်လည်း နှမြောမိပါတယ်…
Ma Ei
October 15, 2012 at 3:09 pm
အမပဒုမ္မာရေ…
မြတ်သောဆရာ သူ့လိုဆရာကိုဖတ်ပြီးသတိရမိတာက တာမွေ(၁)မှာ ကိုးတန်းတုံးက
အင်္ဂလိပ်စာသင်တဲ့ ဆရာမ ဒေါ်ထားထားသင်း ပါ…
အသံကောင်း၊ရုပ်ချော၊သဘောကောင်း၊စာသင်ကောင်းတဲ့ ချစ်တဲ့ဆရာမပေါ့…
ဆရာမဆိုပြတဲ့ ဂျပန် သီချင်းလေးတွေ ဘာမှန်းမသိပေမဲ့ နားထောင်လို့ အရမ်းကိုကောင်းခဲ့ပါတယ်…
သူငယ်ချင်းတွေကိုလဲ သတိရမိသွားပြီ…
jullies cezer
October 15, 2012 at 3:55 pm
အခုခေတ်မှာတော့ဒီလိုမြတ်ဆရာမျိုးအင်မတန်ကိုရှားပါးသွားပါပြီ။ ဆရာမဒေါ်မာဂရက် ကိုအရမ်းလေးစားမိပါတယ်……….
padonmar
October 15, 2012 at 7:30 pm
ဦးပါ၊မယ်ပု၊မွန်မွန်၊မအိ၊ဆီဇာ
လူတိုင်းမှာ ဆရာကောင်းတစ်ယောက်တော့ ကြုံဖူးကြမှာပါ။
ကျမ ကံကောင်းတာတစ်ခုက ကျမတို့ အတန်းက သူငယ်ချင်းတွေကလည်း အဲဒီလို ကူညီဖို့ စိတ်ဝင်စားကြတော့ အဖော်ရှိရင် ပို ခရီးရောက်တယ်ဆိုသလိုဖြစ်သွားပါတယ်။
သူငယ်ချင်းများကျေးဇူးပါ အောက်မေ့ရပါတယ်။
အဲဒီတုံးက ဆရာမတွေရဲ့ စာသင်ပုံနည်းစနစ်တွေကလည်း ကြောင်ဝတုတ်လေးတို့ ရေးနေသလို ဒါသင ်ဒါကျက် ဒါပဲဖြေ မဟုတ်ကြောင်းလေးလည်း သိသလောက် ရေးပြခဲ့ပါတယ်။
မောင်ပေ
October 15, 2012 at 9:02 pm
အန်တီမာ့ စာကိုဖတ်အပြီးမှာပေါ့
ကျုပ် ၁၉၉၉-၂၀၀ဝ မှာ ဆယ်တန်းအောင်ခဲ့ပါတယ်
သူငယ်တန်းကနေ ဆယ်တန်းအထိ တစ်ကျောင်းထဲမှာပဲ နေခဲ့ပါတယ်
နှစ်စဉ် ဆရာကန်တော့ပွဲ အတွက် အလှူငွေ တစ်သောင်းကျပ် ပုံမှန် ထည့်ဝင်ခဲ့ပေမယ့် ၊ ပွဲကိုတော့ ကိုယ်တိုင်ကိုယ်ကျ မရောက်ခဲ့ပါဘူး
ဘာလို ့လဲဆိုတော့.. ကိုယ်နဲ ့အတူတူတက်ခဲ့တဲ့ရွယ်တူတွေထဲမှာ တစ်ချို ့ဆိုရင် ပါဝါကြီးတွေ ၊ ခရိုနီလေးတွေ ဖြစ်နေပြီမို ့အရောင်အဝါတောက်ပနေမှာ အသေချာပါပဲ ။ ဆိုတော့..ကိုယ်က အခုမှ ရုန်းကန်တုန်းဆိုတော့ သွားရမှာ ရှိန်တယ်
အန်တီမာ့စာကိုဖတ်အပြီး.. ဒီနှစ်ပွဲတော့ သွားဖို ့စိတ်ကူးမိတယ်ဗျာ
padonmar
October 16, 2012 at 7:50 am
မောင်ပေရေ
တကယ်တော့ ရှိန်တယ်ဆိုတာ ကိုယ့်ရဲ့စိတ်ကြောင့်ပါ။သူက အကောင်းပြောလည်း ကိုယ်ကငါ့ကို နှိမ်တာလားဆိုတဲ့ အတွေးရှိရင် မကောင်းပဲထင်မှာပဲ။
သူလည်း ခရိုနီ၊ကိုယ်လည်း ဂဇက်က မောင်ပေ ပဲ၊ဆရာကန်တော့ပွဲကို ရဲရဲကြီး သွားလိုက်စမ်းပါ။
သူက ၁ဝ သိန်းထည့်တာ သူ့ရဲ့ ၁% ဖြစ်ချင်ဖြစ်မယ်။
ကိုယ့် တစ်သောင်းက ကိုယ့်ရဲ့ ၁၀% ဆိုရင် ကိုယ့် သဒ္ဓါတရားက ပိုများတာဖြစ်လို့ ပိုတောင်သာနေပါသေးတယ်။
TTNU
October 15, 2012 at 10:16 pm
ပဒုမ္မာရေ…
ဖတ်ရင်းဖတ်ရင်း ကိုယ်တိုင် ဒေါ်မာဂရက်ဖြစ်သွားမိသလိုခံစားမိပါရဲ့။
ငယ်ဘဝလေးကို ဖော်ပြထားတာများ သပ်ရပ်လိုက်တာ။
တစ်ခုသော ခံစားချက်လေး ဖြစ်လာမိတယ်။ ဒီစာမူလေးကို ဒေါ်မာဂရက်ကို
ပေးဖတ်ချင်လို့တာ။
padonmar
October 16, 2012 at 7:53 am
တီချာကြီးလည်း ကျမရဲ့ ချစ်သောဆရာမလို ရုပ်ချော သဘောကောင်း စာသင်ကောင်းတဲ့ ဆရာမပါပဲ။
တပည့် အားလုံးကိုယ်စား ဆရာ၊ဆရာမအားလုံးသို့ ကန်တော့တဲ့စာအဖြစ် မြင်ပေးပါနော်။
ကြောင်ကြီး
October 16, 2012 at 9:59 am
မာဂရက်
ဆရာမြတ်
အရှာမတတ်
လျှာထွက်
စာဖက်
အစာငတ်
ဒါမှတ်
ရွာပတ်..။
သီဟသူရ ပရော်ဖက်ဆာဒေါက်တာကြီးမိုက်
October 18, 2012 at 12:36 pm
ဘယ်လိုညွှန်းဆို ဆို မရိုးအီနိုင်တဲ့
မြတ်ဆရာအကြောင်းဖတ်ရတော့
အခြားစာဖတ်သူတွေလိုပဲ ငယ်ဆရာတွေရဲ့
စေတနာ ဝါသနာ အနစ်နာ
တကယ့်နာ သုံးနာအစစ်တွေနဲ့သင်ပေးလမ်းညွှန်ပေးခဲ့တဲ့
ကျေးဇူးတွေကိုသတိရသွားပါတယ်မပဒုမ္မာရေ…
ကျနော်လည်းအချိန်ရရင် ဖေါ်ထုတ်ဖွင့်ဟပါအုံးမယ်… :528: