Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အားနာကြသူများ…။

black chawOctober 15, 20121min62831

အနုပညာခံစားမှု ဆိုတာ ဆရာလိုမလို ဆိုတဲ့ ကိစ္စလေး ဆွေးနွေးကြည့်မလား လို့ပါ…။
အနုပညာတစ်ခုခုဟာ ဖန်တီးသူနဲ့ ခံစားမယ့်သူနဲ့ ကြားမှာ အကွာအဝေးတစ်ခုခုရှိနေတတ်ပါတယ်…။
ပို့စ်မော်ဒန် တွေခေတ်စားကာစက တောင်စဉ်ရေမရတွေ လျှောက်ရေးနေတာပါကွာ..၊ နားကိုမလည်ပါဘူးလို့ အလွန်အကျွံ
ဝေဖန်ခဲ့ကြသူတွေလည်း မနည်းလှပါဘူး…။
နားမှမလည်ဘူးဆိုမှတော့ ဘယ်လိုလုပ်ခံစားနိုင်စွမ်းရှိတော့မလဲဗျာ…နော့…။
ဆိုလိုချင်တာက
အနုပညာတစ်ခုဟာ ခံစားမယ့်သူထက် နိမ့်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်…။
နောက်တစ်ဖက်က ပြန်ကြည့်ရင်
အနုပညာတစ်ခုဟာ ခံစားမယ့်သူထက် မြင့်လွန်းနေတာလဲ ဖြစ်နိုင်တာပါပဲ…။
နောက်တစ်ခုက ခံစားမယ့်သူရဲ့ ခံစားနိုင်စွမ်းပေါ်မူတည်ပြီး အနုပညာတစ်ခုက ပေးနိုင်တဲ့ ရသတွေ အတွေးအခေါ်တွေဟာ
ကွဲပြားခြားနားနေတယ် ဆိုတာပါပဲ…။
စာပေလွတ်လပ်ခွင့်မရခဲ့ခင်တုန်းက အောင်ဆန်းစုကြည် ကို ကဗျာရေးတာတောင် ဝင်္ကဝုတ္တိတွေသုံးပြီးရေးခဲ့ကြရတာပါ…။
စာပေစိစစ်တဲ့လူတွေကို လှည့်စားရတာပေါ့ဗျာ…။
ဥပမာ…။
ဆရာဇော်ဇော်အောင်ကြီးက အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး ရေးခဲ့ဘူးတယ်ဆိုတဲ့ စာလေး တင်ပြချင်ပါတယ်…။
ပန်းတွေဝေနေအောင် ပန်ထားသော မိန်းမတစ်ယောက်၏ပုံသည် ကဗျာဖြစ်၏
တဲ့…။
အောင်ဆန်းစုကြည် ရယ်လို့ တိုက်ရိုက်ရေးလို့မှ မရခဲ့တဲ့ ခေတ်ကြီးကိုးဗျ…နော့်…။
ဒီစာလေးကို ရေးဖြစ်စေခဲ့တဲ့ ကဗျာလေးဘက်လှည့်လိုက်ကြရအောင်ဗျာ…။
ရေးသူက ဆရာကြီးမင်းသုဝဏ်..။
ကဗျာနာမည်က သူ့မှာတမ်း..။
ဆရာချစ်ဦးညိုကတော့ ကောင်းကင်မရှိတဲ့ ကြယ်ကလေးတစ်ပွင့်အကြောင်း ဂုဏ်ပြုမှတ်တမ်းတင်ထားတယ်ရယ်လို့ကို
တင်စားသွားပါတယ် … ။
အဲဒါလေးကိုက မိုက်နေပြန်ရော… ။
သူတို့ခင်ဗျာ လင်းလက်စရာ ကောင်းကင်မရှိရာကြပါဘူး…။
ကဗျာလေးက တိုပေမယ့် ဇာတ်လမ်းလည်းပါသတဲ့…၊
အသံလည်း ပါသတဲ့…၊
ရသတွေလည်း ပါသတဲ့…။
နည်းနည်းလေး အားထည့်ပြီး ဖတ်ကြည့်လိုက်ရအောင်ပါဗျာ…။

သူ့မှာတမ်း
သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည့်
ဗုံးငုတ် တိုက်မှား၊ မောင်ပျောက်ကျားကို
ရွာသား ရွာသူ၊ မေးကြ မြူသည်
အူအူ ယမ်းငွေ့၊ ထတုန်းတည်း ။

“အမောင် ပြောက်ကျား၊ ချစ်သူအားကို
ဘာများ မှာခဲ့ လိုသနည်း။”

“ငယ်က ကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွတ ်ခဲ့ကြောင်း ပြောပါလေ။”

“အမောင် ပြောက်ကျား၊ မိဘအားကို
ဘာများ မှာခဲ့ လိုသနည်း”

“မွေးသည့် မိခင်၊ မွေးဖခင်ကို
ဦးတင် ခဲ့ကြောင်း ပြောပါလေ ”

“အမောင် ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများ မှာခဲ့ လိုသနည်း။”

”ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ် ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ။”

ယမ်းငွေ့ အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း ၊ အနောက်ကုန်းတွင်
နေလုံး ကွယ်လေပြီ တကား။ ။
မင်းသုဝဏ်

ကဗျာလေးက တိုတို ရိုးရိုးလေးပါ…။
ဗုံးနင်းမိလို့ သေအံ့မူးမူး ဖြစ်နေတဲ့ ပျောက်ကျားရဲဘော်လေးကို ရွာသူရွာသားတွေက
ချစ်သူကိုဘာမှာမလဲ…။
မိဘကိုဘာမှာမလဲ…။
တိုင်းပြည်ကို ဘာမှာမလဲ…။
ဆိုတဲ့မေးခွန်းလေးတွေမေးတယ်…။
ပျောက်ကျားရဲဘော်လေးကလည်း မေးခွန်းလေးတွေကို ဖြေပေးခဲ့ပြီး ကျဆုံးသွားတယ်…။
ဒါပါပဲ…။
ကျွန်တော် ဟိုတုန်းက… ဖတ်ခဲ့တုန်းက အဲဒီလောက်ပဲ နားလည်ခဲ့တာပါ…။
အရမ်းကြီး ဖီလင်မရခဲ့ဘူးဗျာ…။
အခု ဆရာချစ်ဦးညို စာပေဟောပြောပွဲတစ်ခုမှာ ဒီကဗျာလေးကို ရွတ်ဆိုခံစားပြလိုက်တော့…
ဟား… အရမ်းမိုက်တဲ့ ကဗျာလေးပါလား… ဆရာကြီးမင်းသုဝဏ်ရေးတတ်လိုက်တာရယ်လို့ကို…
ဖြစ်သွားခဲ့ပါတယ်…။
နည်းနည်းလေး ခံစားကြည့်လိုက်ရအောင်ဗျာ…။

သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည့်
ဗုံးငုတ် တိုက်မှား၊ မောင်ပျောက်ကျားကို
ရွာသား ရွာသူ၊ မေးကြ မြူသည်
အူအူ ယမ်းငွေ့၊ ထတုန်းတည်း ။

မြန်မာတစ်နိုင်ငံလုံး ဖက်ဆစ်တော်လှန်ရေးကြီး ဆင်နွှဲကြတဲ့အချိန် …
ဂျပန်တွေဟာ ဆုတ်ခွာပြေးကြရင်း ဗုံးထောင်ထားခဲ့ပါတယ် တဲ့ …။
ဂျပန်တွေအဆုတ်မှာ လိုက်တိုက်တဲ့ မြန်မာပျောက်ကျားစစ်သားလေးဟာ အဲဒီဗုံးကို နင်းမိသွားရှာတယ်တဲ့ ခင်ဗျာ…။
ဗုံးပေါက်လို့ ထွက်လာတဲ့ ယမ်းငွေ့တွေကြားမှာပဲ ရွာသူရွာသားတွေဟာ
ဒဏ်ရာတွေဗလပွ သွေးတွေ အလိမ်းလိမ်းနဲ့ ကျဆုံးရရှာတော့မယ့်
ပျောက်ကျားစစ်သားလေးကို ပွေ့ပိုက်ပြီး မေးကြမြန်းကြပါတယ်တဲ့ …။
စစ်သားလေးရဲ့ နောက်ဆုံးအချိန်ကိုးဗျ…။
“အမောင် ပြောက်ကျား၊ ချစ်သူအားကို
ဘာများ မှာခဲ့ လိုသနည်း။”

စစ်သားလေးမှာ ချစ်သူရှိပါတယ်တဲ့ …။
ကျဆုံးတော့မယ့်ဆဲဆဲမှာ ချစ်သူကို ဘာများမှာခဲ့လိုသလဲ လို့ မေးခွန်းလေး မေးလိုက်ပါတယ်…။
ကွယ်လွန်တော့မယ့်ဆဲဆဲအချိန်ဆိုတော့ စကားတွေအများကြီးပြောဖို့လည်း အချိန်မရဘူးပေါ့…။
အဓိကကျတဲ့ မေးခွန်းလေးတွေကိုပဲ မေးရတော့မယ့်အချိန်မျိုးမှာ…
ပျောက်ကျား ကောင်လေးက အားတင်းပြီး ပြန်ဖြေပါတယ်…။
“ငယ်က ကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွတ ်ခဲ့ကြောင်း ပြောပါလေ။”

ချစ်သူခင်သူ နောက်တစ်ယောက်ရှာဖို့ ခွင့်လွှတ်ပေးခဲ့ပါကြောင်း ချစ်သူကို ပြောပေးပါ… တဲ့။
အော် သေအံ့မူးမူးအချိန်မှာတောင် သဘောထားကြီးနိုင်ခဲ့သေးတယ် နော့…။
ဒုတိယမေးခွန်းကို ဆက်မေးပြန်ပါတယ် …။
“အမောင် ပြောက်ကျား၊ မိဘအားကို
ဘာများ မှာခဲ့ လိုသနည်း”

ချစ်သူပြီးတော့ မိဘ…။
ဇာတ်ရှိန်တစ်ဆင့် ထပ်မြှင့်လိုက်ပါတယ်…။
ပျောက်ကျားကောင်လေးက ပြန်ဖြေပါတယ်…။
“မွေးသည့် မိခင်၊ မွေးဖခင်ကို
ဦးတင် ခဲ့ကြောင်း ပြောပါလေ ”

အဖေတို့ အမေတို့ကို ရှစ်ခိုးကန်တော့ခဲ့ကြောင်း ပြောပေးပါ… တဲ့ …။
အော် ကောင်လေးရဲ့ အဖေတို့ အမေတို့ သိများသိရင် ဘယ်လောက် စိတ်မကောင်းဖြစ်ကြမလဲဗျာ…။
နောက်ဆုံးမေးခွန်းမှာ ဇာတ်ရှိန်အမြင့်ဆုံးကို ထပ်တင်လိုက်ပါတယ်…။
ချစ်သူ…။
ပြီးတော့ မိဘ…။
မိဘပြီးတော့ …
“အမောင် ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများ မှာခဲ့ လိုသနည်း။”

ကောင်လေးရေ…တိုင်းပြည်ကို ဘာများမှာခဲ့ချင်ပါသလဲ…တဲ့။
ကောင်လေး ဘယ်လိုဖြေခဲ့သလဲ…။
ခင်ဗျားဆိုရင်ရော ဘယ်လိုဖြေမလဲ…။
ကျွန်တော်ဆိုရင်ရော…။
”ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ် ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ။”

ကောင်လေးရေ…
မင်းက အားနာနေသေးသတဲ့လား…
သူရဲကောင်းပီသစွာ တိုက်ပွဲဝင်ရင်းကျဆုံးခဲ့ရတာတောင်မှ အားရကျေနပ်ခြင်းမရှိသေးဘူးတဲ့လား…။
လွတ်လပ်ရေးမရသေးပဲ အသက်စွန့်သွားရလို့ တိုင်းပြည်အတွက်တာဝန်မကျေခဲ့ဘူးဆိုပြီး…
အားနာနေသေးသတဲ့လားကွယ်…။
မင်းတို့လို လူမသိသူမသိ တိုင်းပြည်အတွက်အသက်ပေးသွားခဲ့သူတွေကို…
ချစ်သူကလည်း ခွင့်လွှတ်မှာပါ ကောင်လေးရေ…။
မိဘတွေကလည်း သာဓုခေါ်မှာပါ ကောင်လေးရေ…။
တိုင်းပြည်ကလည်း အလေးပြုမှာပါ ကောင်လေးရေ…။
ဆရာကြီးမင်းသုဝဏ်က
ယမ်းငွေ့ အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း ၊ အနောက်ကုန်းတွင်
နေလုံး ကွယ်လေပြီ တကား….။
လို့ ကဗျာလေးကို အဆုံးသတ်ထားပါတယ်…။
မေးကြဖြေကြရင်း ပျောက်ကျားကောင်လေး ကျဆုံးသွားခဲ့ပါတယ်… တဲ့။
ဆိုတော့…၊
ဆရာချစ်ဦးညို က ဒီကဗျာလေးကို ရွတ်ဆိုပြီးတော့ ခံစားပြသွားတာလေးရယ်…။
ရသစာပေ နဲ့ အနုပညာရဲ့ တာဝန်အကြောင်း ရှင်းလင်းပြောဆိုထားတာလေးရယ်…။
ဖတ်သင့်တယ်ထင်မိလို့…
အောက်မှာ မူရင်းအတိုင်း ပြန်ရိုက်တင်ပေးလိုက်ပါတယ်ဗျာ…။

ရသစာပေ…
အနုပညာရဲ့တာဝန်…
သုံးဆင့်ရှိပါတယ်…။
နံပတ်တစ်အချက် နှစ်သက်မှုကို ပေးရမယ်…။
ရသကိုးပါးထဲက တစ်ပါးပါး သို့မဟုတ် နှစ်ပါးသုံးပါး ပေးရမယ်…။
နှစ်သက်မှု…၊ ဖျော်ဖြေမှု ပေးရမယ်…။
မပြီးသေးဘူး…။
သူ့ထက်နောက်ထပ်တစ်ဆင့် တန်ဘိုးက
အဲဒီရသစာပေ အဲဒီအနုပညာသည် မိမိကိုယ်ကို မိမိ သုံးသပ်တတ်သောစိတ်ဓါတ် အတွေးအခေါ်ကိုလည်း ပေးရမယ်…။
မပြီးသေးဘူး…။
တတိယအဆင့် ယူနီဗာဆယ် ထရု(ပ်) လို့ခေါ်တဲ့…လောကဆိုင်ရာအမှန်တရားကိုလည်း
ရသစာပေက ပေးရမယ်…။
အဲဒါမှ တာဝန်ကျေပါတယ်…။
နံပတ်တစ်အဆင့်မှာတင် ရပ်နေတဲ့ အနုပညာဟာ ခဏလေးနဲ့ ကျဆုံးပါတယ်…။
အခု ဆရာကြီးမင်းသုဝဏ် ရဲ့ သူ့မှာတမ်းကိုကြည့်ပါ…။
ကောင်လေးကျဆုံးမှုနဲ့ သိမ်းသွားတယ်…။
ကျွန်တော်တို့ ကြေကွဲပြီးတော့ ကျန်ခဲ့တယ်…။
ဒါပေမယ့် ကြေကွဲပြီးတော့ ကျန်ရစ်ခဲ့ရင်းနဲ့
မင်းလို ကလေးကတောင် တိုင်းပြည်အားနာသေးရင်…
ကွယ်…
ဆိုပြီးတော့… ဒီကလေးကို ပြန်အားနာတာနဲ့ပဲ ကျွန်တော်တို့မှာ
ကရုဏာရသကနေ ဝီရရသလို့ခေါ်တဲ့ ရဲဝံ့တက်ကြွမှုကို ကျွန်တော်တို့ ထပ်ပြီးရတယ်…။
ကဗျာဆုံးတော့မှ အလုပ်တွေက ဆက်လုပ်သွားတာ…။

ဆိုတော့ အနုပညာတစ်ခုခုဟာ ခံစားမယ့်သူနဲ့ နည်းနည်းဝေးကောင်းဝေးနေတတ်ပါတယ်…။
ကြားထဲက ခံစားနိုင်သူတစ်ယောက်ယောက်ကများ ဝင်ရှင်းပြလျှင်ဖြင့် ခံစားရတာ ပိုမိုလွယ်ကူသွားနိုင်ပါတယ်လို့
ထင်မြင်ယူဆမိပါကြောင်း…။
လွဲနေတယ်ဆိုရင်လည်း ပြင်ပေးကြပါဦး ဗျာ…။
(ဆရာချစ်ဦးညို၏ စာပေဟောပြောချက်တစ်ခုကို နားထောင်ပြီး ပြန်လည်ရေးဖွဲ့ထားတာ ဖြစ်ပါတယ်)။

(ထပ်တိုးစာ)

ဒီအထိက ကျွန်တော် ရေးထားခဲ့တာ တစ်လလောက်ရှိနေခဲ့ပါပြီ…။
ပိုစ်အဖြစ်တော့ မတင်ဖြစ်ခဲ့ပါဘူး…။
မကြာသေးခင်ကမှထွက်လာတဲ့ ပြည်သူ့ခေတ်ဂျာနယ်ထဲမှာ ဆရာမောင်ဝံသ ရဲ့ အားနာခဲ့ကြောင်းမပြောလိုသေးပါ ဆိုတဲ့
ဆောင်းပါးလေး ဖတ်လိုက်ရပါတယ်…။
ဆရာမောင်ဝံသမှာ အဆုတ်ကင်ဆာရှိနေပါပြီတဲ့…။
စိတ်မကောင်းလိုက်တာ ဆရာရေ…။
ဘယ်လောက်ဆက်နေနိုင်ဦးမယ်ဆိုတာ မသေချာပါဘူးတဲ့…။
အဲဒီမှာ ဆရာမောင်ဝံသက ဆောင်းပါးဆုံးခါနီးမှာ ဆရာကြီးမင်းသုဝဏ်ရဲ့ သူ့မှာတမ်းကဗျာလေးကို ကိုးကားပြီး
အောက်ပါအတိုင်း ရေးသွားခဲ့ပါတယ် ဗျာ…။

အနည်းဆုံးတော့ ကျွန်တော့်တိုင်းပြည် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော် ချစ်မြတ်နိုး
တန်ဖိုးထားသော စာနယ်ဇင်းပညာဖြင့် သည့်ထက်မက အလုပ်အကျွေးပြုချင်ပါသေးတယ်…။ သို့မဟုတ်ရင်ဖြင့်…
“ခရီးမတ်တတ် လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ ခွဲရပါ၍
အားနာခဲ့ကြောင်း….”
ပဲ ပြောရတော့မှာပါ…။
အားနာခဲ့ကြောင်းပြောဖို့မလိုတော့ဘဲ မိမိတာဝန်အားလုံး ကျေပွန်ခဲ့ပြီလို့ ဥဒါဏ်းကျူးရင့်ကာ ကျေကျေနပ်နပ်
ထွက်ခွာနိုင်မယ့်အချိန်ကိုပဲ မျှော်လင့်မိပါတယ်…။

တဲ့…။
ဗုံးနင်းမိပြီး သေအံ့ဆဲဆဲ မောင်ပျောက်ကျားလေးကလည်း အားနာကြောင်း မှာတမ်းချွေပါတယ်…။
အဆုတ်ကင်ဆာရောဂါ ခံစားနေရတာကို လက်ခံလိုက်ရရှာတဲ့ ဆရာမောင်ဝံသကလည်း
အားနာခဲ့ကြောင်းပြောဖို့မလိုပဲ ထွက်ခွာချင်ပါသတဲ့…။
ခင်ဗျားတို့…။
ကျွန်တော်တို့မှာတော့ အားနာခဲ့ကြောင်းလေးတောင် ပြောရဲကြပါရဲ့လား မိတ်ဆွေတို့ရေ…။
ဘလက်ချော…။

31 comments

  • စိန်ဗိုက်ဗိုက်

    October 15, 2012 at 5:37 pm

    အားနာသလား..အားမနာတတ်ဘူးလား..အားကော နာတတ်တဲ့ အကျင့်ရှိရဲ့လား..
    ကိုယ့်ကိုယ်ကို ပြန်မေးရင် ရှက်စရာအဖြေပဲထွက်သမို ့
    မောင်ပျောက်ကျားရေ..တစ်ကယ်သေသင့်တာ ဘီအီးမူးလိုက် မြောင်းထဲကျလိုက် အီးပေါက်လိုက် လေပေါလိုက် လုပ်နေတဲ့ ကျနော် ချီးထုတ် အူးဗိုက်ပါခင်ဗျား..

    • စိန်ဗိုက်ဗိုက်

      October 15, 2012 at 5:38 pm

      မသေခင် အကြွေးလေးတော့ ကြေအောင် ဆပ်သွားဦးနော်..

  • Fall Guy

    October 15, 2012 at 5:44 pm

    ဖတ်ပြီးတော့
    ကိုယ့်ကို ကိုယ် အထင်သေးမိတယ်………

  • မိုးသောက်ချိန်

    October 15, 2012 at 6:24 pm

    အားနာပြီး ဖတ်တာတော့မဟုတ်ပါဘူး 😆
    တစ်စုံတစ်ခုကို နားလည်သဘောပေါက်ခဲ့ရတဲ့
    ကျေးဇူးပါ ….

  • ဦးဦးပါလေရာ

    October 15, 2012 at 6:28 pm

    အနုပညာတစ်ခုခုဟာ ခံစားမယ့်သူနဲ့ နည်းနည်းဝေးကောင်းဝေးနေတတ်ပါတယ်…။
    ကြားထဲက ခံစားနိုင်သူတစ်ယောက်ယောက်ကများ ဝင်ရှင်းပြလျှင်ဖြင့် ခံစားရတာ ပိုမိုလွယ်ကူသွားနိုင်ပါတယ်

    အမှန်ပဲ ကိုချောရေ…
    ကျုပ်တို့လဲငယ်စဉ်က မော်ဒန်ခေတ်ဦးမှာ ကိုယ်မှီသလောက် ကိုယ်မိသလောက်တော့ ခံစားကြည့်ပါတယ်။
    ဒါပေမယ့် ကျုပ်တို့ဖတ်ခဲ့ပြီးသားကဗျာတွေကို မောင်သာနိုး ဖတ်ပွားပြလိုက်တော့
    အဲဒီကဗျာတွေက အသစ်ကို ဖြစ်သွားတာ…..။

    အေးဗျာ….
    တာဝန်သိတဲ့ တာဝန်ကျေချင်လွန်းတဲ့ အညတရ ပျောက်ကျားရဲဘော်လေးရဲ့မှာတမ်းကိုဖတ်ပြီး
    ကိုယ့်အလှည့်မှာလဲ ကိုယ့်ဝန်းကျင်လူ့အဖွဲ့အစည်းအတွက်
    အားမနာပဲနှုတ်ဆက်ထွက်ခွာနိုင်ပါ့မလား…. ဆိုတာ
    အတွေးဆင့်ပွားမိရပါတယ်…။

  • padonmar

    October 15, 2012 at 7:45 pm

    ဆရာမောင်ဝံသရဲ့ အဲဒီဆောင်းပါးလေး ကြိုက်လွန်းလို့ တွေ့တဲ့သူတိုင်း လက်တို့ ပြောပြီး ဖတ်ခိုင်းရပါတယ်။
    တတ်နိုင်သလောက် ကိုယ့်ပတ်ဝန်းကျင်ကို ဆောရီးပါလို့ တောင်းပန်ခဲ့စရာမလိုအောင် ကြိုးစားကြည့်နေပါတယ်။

  • htet way

    October 15, 2012 at 9:25 pm

    “အမောင် ပြောက်ကျား၊ ချစ်သူအားကို
    ဘာများ မှာခဲ့ လိုသနည်း။”
    ဒီကဗျာလေးကို ခင်ဗျားက ခံစား ဆင့်ပွားလိုက်တော့ ဟိုးကာလ တစ်ခုကတက္ကသိုလ် ကျောင်း
    မှာ ကျွန်တော် ဒုက္ခရောက်ပုံလေး ပြန်ပြောင်း သတိရမိတယ် ဆရာချောရေ
    သင်ခန်းစာမှာ ကဗျာ သင်တဲ့ ဆရာမက သူ့မှာတန်းကို သင်ပါလေရောကျွန်တော်ကလည်း
    အဲ့ဒီ အချိန်က စာရူပေရူးဘဝလေး မဂ္ဂဇင်းမှာတော့ကဗျာရေးနေပြီရုပ်ရှင် မျက်မှန်မှာ အကယ်ဒမီ
    စာစောင်၊ သစ်ဆန်း တို့ မှာ ကဗျာလေးတွေ ရေး နေဆဲကာလ ၊ နောက် တစ်ခုက ရန်ကုန်မှာ တက္ကသိုလ်ကျောင်းသားပေါ့
    ဆရာမက ““ငယ်က ကြင်မြတ်၊ မိသက်မှတ်ကို
    ခွင့်လွတ ်ခဲ့ကြောင်း ပြောပါလေ။”ဆိုတဲ့ အပိုဒ်မှာ “ငယ်စဉ်က ချစ်ခင်ကြင်နာရသော မိသက်ကို အတူတွေ့စဉ်က ပြု မိမှားတာ ရှိခဲ့ရင် ခွင့်လွှတ်ပါကြောင်း မောင်ပြောက်ကျားလေးက မှာတယ်လို့ ဘာသာပြန်ပါတယ်။ဒီအချိန်မှာ မည်းမည်း ပိန်ခြောက်ခြောက်နဲ့ လူတစ်ယောက်က ဆတ်ကနဲ ထပြီး
    ဆရာမ ခင်ဗျား အဲ့ဒီခေတ်က အတူတွေ့စဉ်က ပြု မိမှားတာတွေ ဘာတွေ မရှိနိုင်ပါဘူး
    အချစ်ကြီး ချစ်တတ်တယ် ဒါပေမယ့် ညစ်တီး ညစ်ပတ်တွေ မရှိဘူးလို့ ထပြောလိုက်တာမှာ ဆရာမက ရှက်သွားလေရဲ့ ( ဆရာမက အပျိုလေးပါ တော်တော် ချောပါတယ်)ဒီတော့ ဆရာမက မျက်နှာကြီးရဲတက်လာပြီး မင်း ဋ္ဌာန ကို လိုက်ခဲ့ပါတယ် ဆိုပြီး ပါမေက္ခဆီ ခေါ်သွားခဲ့တယ်
    ဆရာမကြီးက ပြုံးပြုံးရွှင်ရွှင်နဲ့
    ကဲ မောင်ကျောင်းသား ဒီကဗျာကို ဆရာမ ယူဆချက်ကို ကန့်ကွက်တယ် လို့ သိရတယ် မင်း သဘောကိုပြောပြပါဆိုတော့ “ ငယ်စဉ်က ချစ်ခင်ကြင်နာ ခဲ့ရတဲ့ မိသက်ကို မိမိ မရှိတဲ့ေ နာက်ပိုင်း ချစ်ခင်ကြင်နာရသူတွေ့ခဲ့ရင် ၊ ဘဝတစ်သက်မှာ လက်တွဲ ပျော်ပါ ခွင့်လွှတ်ပါတယ် လို့ ပဲ ထင်ပါတယ်လို့
    ပြောမိပါတယ်။ဒီနေရာမှာ ရန်ကုန်ဘဆွေရဲ့ မြန်မာပြည်သားတို့ ၊ အစောဆုံး မြန်မာကဗျာတို့ ဖတ်ထားတာကိုး။ ငယ်စဉ်က တော့ မိုက်မိပါတယ် ဆရာ ချောရေ။
    ကျွန်တော်ကတော့ မောင်ပြောက်ကျားလေးကို သနားတယ် လေးစားတယ်ပြီးတော့ ဂုဏ်ယူပါတယ်ဗျာ။
    နောက်တခု တင်ပြ ချင်တာက မော်ဒန်ကဗျာ ဆိုပြီးကျေးလက်က လက်မခံ ဘူး လို့ တော့ မထင်နဲ့ဗျ
    မန္တလေး သိန်းဇော် ဇာတ်ကတော့ မော်ဒန်ကဗျာ နှစ်ပါးမှာ ရွတ်တယ် ပရိသတ်ကို ငြိမ်လို့
    တလောက ကျွန်တော်ကလည်း ကျေးရွာ စာပေဟောပြောပွဲလေး တစ်ခု ကျုံကနိကျေးရွာမှာ
    ပြောရင်း ဟောရင်း အဆုံးသတ်မှာ မော်ဒန်ကဗျာ တစ်ပုဒ် ကျွန်တော်ရွတ်သွားတယ် ပရိသတ်က ငြိမ်နေတာပဲ။နောက်မှ သိရတာက ဘာတွေ ပြောနေမှန်း မသိပါဘူးတဲ့ ပါလာတဲ့ ရဲစခန်းမှူးကိုကြောက်လို့ သာ နားထောင်နေရတာဆိုပဲ ဟာဟ..။ ဆရာ ဘလက်ချော ကျန်းမာရွှင်လန်းပါစေဗျာ။ဆရာ မောင်ဝံသလည်း သက်ရှည်ကျန်းမာပါစေ လို့ မေတ္တာပို့သလိုက်ပါတယ်

  • အလင်းဆက်

    October 15, 2012 at 9:35 pm

    မှတ်သားစရာ…
    အနုပညာ..လက်ရာ../ အတွေး..ဆောင်းပါး ပါပဲ ။

    ဒါမျိုး.. အနုပညာ ရေးရာတွေ…
    ပြောသူ…နည်းနေတယ်..လို ့ ခံစားနေရချိန်မှာ…

    လေးလေး..ရဲ ့ပိုစ့်ကို ဖတ်လိုက်ရတော့….

    အတော်လေး.နေသာ ထိုင်သာရှိသွားပါပြီ ။

    ဆက်လက်.ပြီး….

    ကဗျာ..ကောင်းလေးတွေ..ဝေမျှ…ပေးပါဦး..လေးလေး…

    ချစ်သော…

    အလင်းဆက်
    :kwi:

  • TTNU

    October 15, 2012 at 10:57 pm

    ကိုချောရေ…
    ဘာပြုလို့ ပျောက်နေတာလဲလို့ မေးရမှာ အားနာပါတယ်။
    ခင်သော
    တီချာ

  • Foreign Resident

    October 16, 2012 at 1:49 am

    ကို ဘလက် ရဲ့ လက်ရာလေးတွေ ၊
    မတွေ့ရတာတောင် ကြာပြီ ။
    မျှော်နေပါတယ် ။

    ” ကိုယ်လွတ် ရှောင်ခွာ၊ ခွဲရပါ၍ ၊
    အားနာခဲ့ကြောင်း ပြောပါလေ ”

    ဂဇက် ကိုရော အားမနာဘူးလားဟင် ။
    နောက်တာနော် ။ 😛

  • kai

    October 16, 2012 at 3:12 am

    မတူတဲ့အတွေးနဲ့ပေါ့…
    “အားနာခဲ့ကြောင်း….” တတိယလူကပြောပါရင်.. ပိုအနှစ်သာရရှိမယ်… ထင်မိတယ်.. :kwi:
    မတူတဲ့အတွေးနဲ့ပေါ့… နော… ။

  • အရီးခင်လတ်

    October 16, 2012 at 4:12 am

    ဘာမှ ဝင် မဆွေးနွေးနိုင်ဘဲ ဖတ်ရုံဖတ်ပြီး မှတ်ချက် တိုတို လေး ပေးရတာ အားနာပါတယ် ကဘချော ရယ်။ :harr:

  • kyeemite

    October 16, 2012 at 8:35 am

    ဆရာကြီးမင်းသုဝဏ်ရဲ့“သူ့မှာတမ်း ”ကဗျာလေးကိုဖတ်ဖူးခဲ့ပါတယ်
    ဒါပေမဲ့ ဒီလောက်လေးလေးနက်နက်တွေးပြီး မခံစားခဲ့မိပါဘူး
    ငယ်သေးလို့လည်းဖြစ်မယ်..ရဲဘော်ဘလက်ပြောသလို..
    “ကြားထဲက ခံစားနိုင်သူတစ်ယောက်ယောက်ကများ ဝင်ရှင်းပြလျှင်ဖြင့် ခံစားရတာ ပိုမိုလွယ်ကူသွားနိုင်ပါတယ်” ဆိုတာကြောင့်လည်းဖြစ်ပါလိမ့်မယ်…
    ပြီးခဲ့တဲ့အပါတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်က ဆရာမောင်ဝံသရဲ့
    စာလေးဖတ်လိုက်တော့မှ ဆိုလိုရင်းကို လေးလေးနက်နက်ခံစားမိတယ်…
    တိုင်းပြည်ကောင်းကျိုး နဲ့ ကိုယ့်ဝန်းကျင်လူ့အဖွဲ့အစည်းအတွက်
    တစ်စုံတစ်ရာမလုပ်ဖူးသူကျုပ်တို့လိုလူတွေအတွက်
    ပျောက်ကျားရဲဘော်လေး လို လူ့ဘဝကထွက်ခွါခါနီးမှာ
    အားနာတယ်လို့များပြောမိရင် တိုင်းပြည်ကလှောင်ရယ်ရယ်လိမ့်မယ်ဗျို့…
    ဒီတော့ မိမိအသက်ရှင်ရပ်တည်နေတုံးမှာ…ကိုယ့်ဝန်းကျင်လူ့အဖွဲ့အစည်းအတွက်
    ကောင်းကျိုးတစ်စုံတစ်ရာတော့ လုပ်ဆောင်သင့်ကြကြောင်း
    အသိလေးတစ်ခုဝင်မိပါတယ်….
    ဒီကဗျာလေးကိုခံစားတင်ပြတဲ့အတွက် စာဖတ်သူတွေအတွက်
    အတွေးကောင်းလေးတွေပေါ်စေလို့ ရဲဘော်ဘလက်ကတော့
    ကောင်းကျိုးတစ်ခုပြုမိတာပါပဲဗျာ…
    လေးစားခင်မင်လျှက်….
    “အားနာခဲ့ကြောင်း….”မပြောဝံ့သေးတဲ့…
    ကြီးမိုက်။ :buu:

  • Ma Ei

    October 16, 2012 at 10:25 am

    …ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
    ကိုယ်လွတ် ရှောင်ခွာ၊ ခွဲရပါ၍
    အားနာခဲ့ကြောင်း ပြောပါလေ…

    ကောင်လေးရေ…
    မင်းက အားနာနေသေးသတဲ့လား…
    သူရဲကောင်းပီသစွာ တိုက်ပွဲဝင်ရင်းကျဆုံးခဲ့ရတာတောင်မှ အားရကျေနပ်ခြင်းမရှိသေးဘူးတဲ့လား…။
    လွတ်လပ်ရေးမရသေးပဲ အသက်စွန့်သွားရလို့ တိုင်းပြည်အတွက်တာဝန်မကျေခဲ့ဘူးဆိုပြီး…
    အားနာနေသေးသတဲ့လားကွယ်…။

    အရမ်းကိုကောင်းမွန်တဲ့ စာသားတွေပါ ကိုဘလက်ရေ…
    ခုခေတ်မှာ တိုင်းပြည်အတွက် ပေးဆပ်ခြင်းမရှိ အခွင့်ထူးယူနေကြတဲ့
    ကောင်းစားနေသူတွေများ ဖတ်မိကြပါလေစ…
    အားနာရကောင်းမှန်းတောင် သိပါလေစ…

  • amatmin

    October 16, 2012 at 11:07 am

    ကျောင်းဒကာကြီးရေ..
    ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးစဉ်ကတော့ ဒီအညတရပြောက်ကျားရဲဘော်ကို သနားခဲ့မိရုံပေါ့ ဗျာ..
    နောက်ပိုင်း သက်လတ်ပိုင်းအရွယ် ခုလိုအချိန်မှာ ပြန်ဖတ်လိုက်တော့လည်း..
    ခံစားတတ်ရင်တတ်သလို.ခေတ်တိုင်းအတွက် မှန်နေတာမို့..
    ခုလိုချိန်မျိုးဝယ်..ရှေ့တန်းနေရာကနေ တိုင်းပြည်အပေါ်ကို.
    အားနာစရာမလိုအောင် တာဝန်ကျေပြနေတဲ့ သူတွေကို အားကျမိသလို..
    ကိုယ်တိုင်အတွက်တော့ အားနာတယ်လို့ပြောရမှာကိုတောင်..ခပ်ရှက်ရှက်မို့..
    ဖတ်ရင်း ဝင်လိုက်မိတဲ့ ကောင်းတဲ့အသိသေးသေးလေးတွေကိုပဲ..
    သိမ်းထုပ်နေရတုန်းပေါ့ ဗျာ..
    ဆိုတော့ ကျော်တို့အဖို့တော့ အားနာတဲ့စကားနဲ့ လားလားမှကို ဆိုင်စရာမရှိသေးပါဘူး ရယ်… 🙁
    ဒီကဗျာလေးကို ” ဖိုးမောင်လာပြီ ” ကဗျာလေးနဲ့ တွဲဖတ်ရင် ခံစားမှုပိုထိ ပိုမိ တယ် ဆို… 🙂

  • nozomi

    October 16, 2012 at 12:12 pm

    ကိုချောခင်ဗျ
    မှာရတဲ့ အချိန်များရောက်ခဲ့ရင်

    ကိုချောကြီး
    သူကြီးကိုဘာမှာချင်ခဲ့ပါသလဲ
    ဖတ်ရွေးအဖွဲ့ကိုဘာမှာချင်ခဲ့ပါသလဲ
    ကျန်ရွာသူားများကိုရောဘာမှာချင်ခဲ့ပါသလဲ ခင်ဗျာ

  • ကြောင်ဝတုတ်

    October 16, 2012 at 12:18 pm

    ဦးဘလက်ရေ…

    ကျွန်တော်လောကကြီးထဲက ထွက်သွားရမယ့်အချိန်ကျရင် အားမနာရအောင်ကြိုးစားနေပါတယ်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • blackchaw

    October 16, 2012 at 3:23 pm

    @ စိန်ဗိုက်ဗိုက် :
    ကွန်းမန့်လေး ဝင်ရေးပေးတာ ကျေးဇူးပါ ညီလေးရေ…။

    @ Fall Guy :
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ ဗျာ…။

    @ မိုးသောက်ချိန် :
    တစ်စုံတစ်ခုကို နားလည်သဘောပေါက်တယ်ဆိုလို့
    ကျေးဇူးပါဗျာ…။

    @ ကိုပါလေရာ :
    ကွန်းမန့်လေး ချီးမြှင့်ပေးတာ ကျေးဇူးပါ ကိုပါလေရာကြီးရေ…။
    ကျွန်တော်ကတော့ တိုင်းပြည်အတွက် အခုအချိန်အထိ အားနာတဲ့စကား
    ပြောရဲတဲ့သူစာရင်းမှာ မပါသေးဘူးဆိုတာ သေချာပါတယ်ဗျာ…။

    @ မပဒုမ္မာ :
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ အစ်မရေ…။
    သူ့မှာတမ်းကဗျာလေးကို အခု ပြန်ဖတ်ကြည့်ရင်း
    အရင်ဖတ်ခဲ့ဘူးတုန်းက ရခဲ့ဘူးတာထက်
    နည်းနည်းလေး ပိုရခဲ့တယ်ဆိုရင် ကျွန်တော် ကျေနပ်ပါတယ်ခင်ဗျာ…။

    @ ဆရာထက် :
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ ဆရာထက်ရေ…။

    @ အလင်းဆက် :
    အဆင်ပြေရင် ရေးပါဦးမယ် ကိုအလင်းဆက်ရေ…။
    ခင်ဗျားရဲ့မှတ်ချက်လေးအတွက် ကျေးဇူးပါဗျာ…။

    @ TTNU :
    တီချယ်ကြီး နေကောင်းရဲ့လား ခင်ဗျ…။
    မတွေ့ရတာကြာပြီဖြစ်တဲ့ တီချယ်ကြီးရဲ့ ကွန်းမန့်လေးအတွက်
    ဝမ်းသာကြည်နူးရပါတယ် တီချယ်ကြီးခင်ဗျာ…။
    အချိန်မရလို့ အွန်လိုင်းမတက်နိုင်တာပါခင်ဗျာ…။
    ကျွန်တော်က အရံမီးသတ် ခင်ဗျ…။
    အားလားမေးရင် ဘယ်တော့မှ အားလိမ့်မယ်မဟုတ်ပါဘူး…။
    အလုပ်ရှိလား မေးရင် ဘယ်တော့မှ မရှိဘူးပေါ့ခင်ဗျာ…။
    အရင်ကလို ပို့စ်တွေ ဖတ်..
    ကွန်းမန့်တွေ မပေးနိုင်တော့တာပါခင်ဗျာ…။
    ဒါတောင် ဒီအောက်တိုဘာလထဲမှာ ကျွန်တော် ပို့စ် ၄ ပုဒ်တိတိ တင်ထားပြီးပါပြီခင်ဗျာ…။

  • blackchaw

    October 16, 2012 at 3:43 pm

    @ Foreign Resident :
    အဘရေ..
    အဘရဲ့ ဘိလပ်သွားတောလား လေး ဖတ်ဖို့ စောင့်နေတာဗျ..။
    အဘလိုလူက မျှော်နေပါတယ်ဆိုလို့ မြောက်ကြွမြောက်ကြွတောင်
    ဖြစ်သွားပါတယ်ဗျာ…။
    ကျွန်တော် ပို့စ်တွေ အရင်ကလို မဖတ်နိုင်လို့ ကွန်းမန့် တွေ
    ဖလန်းဖလန်း မထနိုင်တော့တာကိုတော့ ခွင့်လွှတ်ပါ ဗျာ…။
    ပို့စ်လေးတွေတော့ ကြိုကြားကြိုကြား တင်သွားမလားလို့ပါ…။

    @ kai :
    အဲဒါပြောတာ သူကြီးရေ…။
    သူကြီးရေးထားတာကို ကျွန်တော် နားမလည်မိဘူးဗျာ…။
    ဆိုတော့ …

    @ အရီးခင်လတ် :
    ကျွန်တော်ရေးချင်တာက ဆရာကြီးမင်းသုဝဏ်ရေးခဲ့တဲ့
    သူ့မှာတမ်းကဗျာတိုတိုလေးက ပေးတဲ့
    ရသတွေ အတွေးတွေ အကြောင်းပါ အစ်မရေ…။
    တကယ့်ကို ရိုးရိုးလေးပါ ခင်ဗျ…။
    ကိုမိုက်ရေးထားတဲ့ ကွန်းမန့်လေးလိုပေါ့…။
    အခုနေများသေရမယ်ဆိုရင်…
    တိုင်းပြည်အတွက် ဘာတစ်ခုမှ မလုပ်ခဲ့ဘူးလို့…
    အားနာတဲ့စကားတောင် မပြောရဲဘူး လို့ ဆိုချင်တာပါ ခင်ဗျာ…။

    @ kyeemite :
    မိုက်ကြသူခြင်းမို့
    မိုက်တွေးတွေ တူနေကြသလားပဲ…။
    ရေးလိုက်တဲ့ ကွန်းမန့်က တည့်တည့်ကြီးကို ထိတော့တာပဲဗျာ…။
    ကျေးဇူးပါ…။

    @ Ma Ei :
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ မအိရေ…။
    တကယ်ကို ကျေးဇူးပါဗျာ…။

    @ amatmin :
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ ညီလေးရေ..။
    ဖိုးမောင်လာပြီ ဆိုတဲ့ ကဗျာကတော့ ဖတ်တာထက်
    တို့ရွာသား ကဗျာဆရာ ကမ်းကြီးရဲ့ ရွတ်သံကို နားဆင်ရတာ ပိုမိုက်ပါတယ်ဗျာ…။

    @ nozomi :
    ခင်ဗျားကြီးရဲ့ ကွန်းမန့်လေး ကိုဖတ်ရလို့ ကျေနပ်ပါတယ်
    ကိုနိုဇိုးမိရေ…။

    @ ကြောင်ဝတုတ် :
    အိမ်း.. ကြိုးစားနေတယ်ဆိုတော့
    ဦးလေး ဘလက်တို့ထက်တော့ သာတာပေါ့ကွယ်…။
    ရှက်…။

  • ဆရာချစ်ဦးညို က ကဗျာတွေကို ပြန်ရှင်းပြတာ သိပ်ကောင်းတယ်ဗျ …
    တစ်ခါက စာပေ ဟောပြောပွဲ မှာ (ဗွီဒီယို) ..
    ဆရာချစ်ဦးညိုက ဆရာဇော်ဂျီရဲ့ “ထလော့ မြန်မာ” ဆိုတဲ့ ကဗျာကို ရှင်းပြသွားတာ …
    နားထောင်လိုက်ရတဲ့ ကျနော့်မှာ စိတ်တွေ တက်သွားလိုက်၊ ကျသွားလိုက် စသည်ဖြင့် အမျိုးမျိုး ဖြစ်နေတော့တာပဲ ….
    မာန်ကလည်း ပါလိုက်တာဗျာ …

    အခု ဆရာကြီး မင်းသုဝဏ်ရဲ့ သူ့မှာတမ်း ကဗျာထဲက
    ပြောက်ကျား စစ်သည်လေးရဲ့ အားနာခြင်း ဟာ တကယ် လေးစားချစ်ခင်စရာ ကောင်းတဲ့ အားနာခြင်းလို့ မြင်မိပါတယ် …
    ကျနော် အပါအဝင် အချို့သော သူတို့ရဲ့ မချိပြုံးနဲ့ အားနာခြင်းကတော့
    အာပလာ အားနာတတ်ခြင်းလို့ပဲ မြင်တယ်ဗျ …
    ပြောမိပြောရာ ပြောသွားခြင်း ဖြစ်ပါကြောင်း ………….။

  • pooch

    October 16, 2012 at 9:22 pm

    ဟုတ်ပါရဲ့ ကိုဘလက်ရယ် တခါတခါကျတော့လည်း ရင်ဘတ်ချင်းဝေးလို့ ထင်ပါရဲ့ စာတချို့ဖတ်ပြီး ကိုယ့်မှာ နားမလည်နိုင် လိုက်မမှီနိုင် ။ အထူးသဖြင့် မော်ဒန် ပန်းချီတွေ ပါ။ ဘာပြချင်တာလဲ ဆိုတာကိုက တွေးနေရတာ အကြာကြီး ။

    ဒါပေမဲ့ တခါတခါ ကျမက အဲ့ဒီလို ဘာမှန်းမသိတဲ့အရာတွေကို သိအောင် လိုုက်ရှာနေရတာကိုလည်း မက်မက်မောမော ရှိနေတတ်ပြန်ပါတယ်။

    ကျမကတော့ ခုနေ လောကကြီးထဲက ထွက်သွားရမယ်ဆိုရင်တော့ တိုင်းနဲ့ ချီအောင် အားလုံးကို အားမနာဝံ့ပေမဲ့ အမေ့ကိုတော့ အသေအချာ အားနာမိနေမှာပါ။ မိဘဆိုတာကတော့ သားသမီးကို ကိုယ့်ထက်အရင် ဆုံးရှုံးလိုက်ရရင် ဖြေမဆည်နိုင်အောင် ရှိနေတတ်တာမို့ ( တီချယ့်ကို မြင်တိုင်း အကြောင်းတိုက်ဆိုင်တဲ့အခါ ) အမေတယောက် လွမ်းလို့ ကျန်ရစ်ခဲ့မှာကိုတော့ အားနာပါတယ် ကိုဘလက်ရယ်။

  • char too lan

    October 17, 2012 at 10:00 am

    ခံစာရင်းးးး ရှက်လာပါတယ်ခည 🙁
    ကဗျာနဲ့ အဓိပ္ပာယ်ရှင်းထားတာလေး ကူးသွားတယ်
    ခွင့်ပြုပါ ခညာ….

  • Hnin Hnin

    October 17, 2012 at 10:03 am

    ကဗျာလေးက ဖတ်တုန်းကတော့ သဲသဲကွဲကွဲနားမလည်၊မခံစားတတ်ဘူး….” ငယ်ကကြင်မြတ်… ”
    ရောက်တော့ သန်ရာဆွဲတွေးမိသေးတယ်…ရှင်းပြလိုက်တော့မှ သေချာနားလည်သွားတာ…
    ရသစာပေရဲ့ဖော်ကျူးချက်တွေကိုလည်း မရေးတရေးကနေ စေ့စေ့စပ်စပ်သိလိုက်ရလို့
    ကျေးဇူးပါ ကိုဘလက်ရှင့်….

    ဒါနဲ့ ဦးကြီးကြောင် ဟို နှာနီဟန် ပို့စ်မှာ ရန်တိုက်ပေးထားသေးတယ်နော်…ဘလက်…
    ဘလက်… ပဲ သုံးပါတဲ့….ချောတဲ့ ဘလက်…ဘလက်ချော ပြောတာများလား… းP….
    မနေ့ညက အိပ်မက်တောင် မက်သေးတယ်…ဦးကြီးကြောင် အဲဒီမန့်ကိုစရေးလိုက်တာနဲ့
    တစ်ခဏ ပေါင်နှစ်ဖက် သူ့အလိုလိုပြတ်သွားသတဲ့..ခိခိ..မှတ်ပလား……
    မကျေနပ်ရင် လေတက်…(ပြတ်ပြီးသွားပြီဆိုတော့ မဖြတ်ခိုင်းတော့ပါဘူး.. းP)

    • ကြောင်ကြီး

      October 17, 2012 at 10:39 am

      ဦးကြောင်နဲ့ပြောချင်ရင် တိုက်ရိုက်ပြောကွယ်၊ ကြားလူမသုံးနဲ့… ဒီခေတ်ကြီးမှာ ဘယ်သူမှ ယုံရတာဟုတ်ဘူး.. ဒီလိုနဲ့ ကြားကား ဝင်ဆွဲသွားတာ။ ဦးကြောင်ကို တန်ဖိုးထား တွယ်တာယုယ ကြင်နာမြတ်နိုးတယ်ဆိုရင် ဒီဝါမကျွတ်ခင် အမြန်လာခိုးလှည့်ပါ။ အိမ်က ဦးကြောင်ကို ကြေးမုံဂျီးဆိုသူ တရုတ်ကူမြူနစ်ပါတီ အကြီးအကဲတဦးနဲ့ နေရာချထားပေးဖို့ စီစဉ်နေကြပြီ။ 😥

  • MaMa

    October 17, 2012 at 5:30 pm

    ကိုဘလက်ကို-
    ကိုယ်ပျောက်သိုင်းသမားဂိုဏ်းဝင်သွားတယ်လို့ ထင်နေတာ။ :kwi:

    ကိုယ်တိုင်ကတော့ လောကကြီးကို အားနာတယ်ပြောဖို့ထက်…
    ကိုယ့်ကိုယ်ကိုတောင် ဘာမှအဆင်သင့်မဖြစ်သေးလို့…..

    ဆရာမောင်ဝံသလိုများ ကြုံလာရင်…..
    တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်အောင်တောင် မနည်းကြိုးစားရအုံးမယ်။ :byae:

  • uncle gyi

    October 17, 2012 at 11:24 pm

    ကိုဘလက်အမေးကိုတည့်တည့်ဖြေရရင်
    အားနာကြောင်းပြောနိုင်သေးတာအမှန်ဗျာ

  • blackchaw

    October 18, 2012 at 6:34 am

    @ မဟာရာဇာအံစာတုံး :
    အာပလာ အားနာခြင်းတဲ့လား ညီလေးရေ…၊
    အဲဒါလေးကလည်း လှနေပြန်ရောဗျာ…။
    ဒို့မြန်မာတွေ နေ့စဉ် သုံးနေကြတဲ့ အားနာတယ် ဆိုတဲ့
    ပေါ့ပေါ့ပါးပါး စကားလေးတစ်ခွန်းကို
    ဆရာကြီးမင်းသုဝဏ်က လေးလေးနက်နက်ကြီးဖြစ်အောင်
    ကဗျာထဲမှာ သုံးနှုန်းပြသွားတာ ကြည်ညိုလွန်းလို့ပါ..ဗျာ။
    ညီလေးရဲ့ မန်းဂဇက်ဖတ်သူတွေ ရှာလို့ဖွေလို့ လွယ်ကူအောင်
    လုပ်ဆောင်ပေးထားတာအတွက်
    ကိုယ်ကလည်း တကယ်ကို လေးလေးနက်နက် အားနာကြောင်း
    ပြောပါရစေဗျာ…။
    ကျေးဇူး….။

    @ pooch :
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ ပုချ်ရေ…။
    စူးစမ်းလိုစိတ်ပေါ့ဗျာ…။
    မသိဘူးဆိုတာနဲ့…၊
    နားမလည်ဘူးဆိုတာနဲ့…၊
    အလွယ်တကူ ကျော်လွှားမသွားချင်တတ်တဲ့ စိတ်မျိုးတွေပေါ့…။
    သင်ယူချင်စိတ် အားကြီးတဲ့ စိတ်မျိုးတွေပေါ့…။
    အမေတွေ နဲ့ ပတ်သက်ရင်တော့ ဒီကွန်းမန့် က အထူးအဆန်းကြီးပဲဗျ…။
    သား ကို အရင်လက်လွှတ်ခဲ့ရတဲ့ တီချယ်ကြီးကို ကြည့်ပြီး
    ကိုယ်ချင်းစာစိတ်နဲ့ ရေးလိုက်တဲ့

    အမေတစ်ယောက် လွမ်းလို့ကျန်ရစ်ခဲ့မှာကိုတော့ အားနာပါတယ်

    ဆိုတဲ့…
    မတူတဲ့ ဒေါင့်ကတွေးပြီး ရေးလိုက်တာလေးက
    တော်တော်ကြီးကို လှနေပါကြောင်း….။

    @ char too lan :
    ရှားရှားပါးပါး တွေ့ရခဲတဲ့
    ချာတူးလန်ရဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ…။

    @ Hnin Hnin :
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ နှင်းနှင်းရေ…။

    @ ကြောင်ကြီး :
    ကွန်းမန့်လေး ဝင်ရေးခဲ့ပေးတာအတွက် ကျေးဇူးပါ ကိုကြောင်ကြီးရေ…။

    @ MaMa :
    အခုတလော ပျောက်ချက်သားကောင်းနေတာက မမ ပါဗျာ…။
    ကျွန်တော်က ဒီပို့စ်နဲ့ဆိုရင် အောက်တိုဘာလအတွက် ၄ ပုဒ်တောင် ရှိနေပြီခင်ဗျ…။
    ကွန်းမန့်လေးတွေတော့ မပေးဖြစ်ဘူး ဖြစ်နေပါတယ် မမရေ…။
    ဆိုတော့ ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ…။

    @ uncle gyi :
    အတူတူပါပဲ အန်ကယ်ကြီးရေ…။
    ကျွန်တော်တို့က တိုင်းပြည်အတွက်
    ဘာတစ်ခုမှ မလုပ်ဖြစ်သေးတာမို့
    အခုအချိန်များ ခွဲခွာရတော့မယ်ဆိုရင်
    အားနာခဲ့ကြောင်းလေးတောင် မပြောဝံ့သေးတဲ့ ဘဝတူတွေပါ ဗျာ…။

  • ရဲဘော်ဘလက်…မွေးနေ့တိုက်မဲ့ ငွေတွေ
    လှုလိုက်ပြီဆို…ဟီး ဟီး (ဝမ်းသာလွန်းလို့ငိုတာပါ)
    လှုပီးသွားပေမဲ့ မဒမ်ဘလက်ဆီက ထပ်တောင်းပီးတိုက်မယ်ဆိုရင်
    အားနာတယ်လို့မပြောဘူးနော်… :kwi:

  • နေဝန်းနီ

    October 18, 2012 at 2:31 pm

    ကိုဘလက်ရေ……… ကျွန်တော်ကတော့ ဘယ်သူ့ကိုမှ အားမနာတတ်ဘူးဗျ…။ ဒါပေမဲ့ ကျွန်တော်ရှူ ရှိုက်နေတဲ့ လေထုနဲ့ ခြေထောက်ချခွင့်ပေးထားတဲ့ မြေကြီးကိုတော့ အားနာတယ်ဗျာ….။ လေထု ထဲက လေကိုသာရှူ ရှိုက်နေရတာ ….။ လေထုကို မညစ်ညမ်းစေဖို့ အစဉ်အမြဲသန့်စင်နေဖို့ ကျွန်တော်ဘာမှလုပ်မပေးနိုင်ဘူး….။ ဒီလိုပဲ ခြေချထားတဲ့ မြေကြီးအတွက်လည်း သူတည်မြဲအောင် သန့်စင်အောင် သူ့အတွက်လည်းဘာမှ လုပ်မပေးနိုင်သေးဘူးဗျ….။

  • သူရဇော်

    October 18, 2012 at 2:54 pm

    လေးဘလက်ရေ မှာတမ်းခြွေတဲ့သူရဲကောင်းလို အားနာတတ်တဲ့စိတ်လေး ခုခေတ်လူသားတွေမှာရှိပါရဲ့လားဗျာ…… အားလုံးဆိုပီး ခြုံငုံပြောလိုက်ရင်လဲ မောင်မင်း ဝါးရှည်နဲ့သိမ်းရိုက်တယ် ဖြစ်ဦးမယ်ထင်ပါ့…..ဆိုလိုတာ များသောအားဖြင့်ပါ……. ကိုယ်သာရင်ပီးရော….ကိုယ်ကြိုက်တာကိုယ်လုပ်…..ကိုယ်လုပ်တာ အိမ်ပါ….. ကိုယ်ရှာတာ ကိုယ့်ဖို့ ဆိုတဲ့ မူဝါဒလမ်းစဉ်ကြီးဒွေမှာ ရှိနေတဲ့ ခုခေတ် အူးလေးကြီးဒွေနဲ့ကွာခြားပုံများလို့ဘဲ တွေးမြင်မိပါတယ်…… ယခုလို ပြောမိတာ အားနာမိတဲ့/
    သူရဇော်

Leave a Reply