ကျွန်တော်မသိသော ကျွန်တော်များ

စဆရ ႀကီးOctober 17, 20121min25513

စာတွေလဲ မရေးဖြစ်တာ အတော်ကြာပါပြီ။ ရေးလိုက်တိုင်းလဲ တစ်လွဲတွေချည်းဖြစ်နေသည့်အတွက် ကိုရင်ရှူံးစက်ထဲတွင် သိမ်းဆည်းထားသည့် ရေးလက်စ စာမူများလဲ မနည်းတော့ပေ။ ရေးတော့မည်ဆိုတော့လည်း ကိုရင်ရှူံးလိုင်းမကြောင်ချင်ပါ၊ ဖင်မနိုင်ပဲလဲ ပဲကြီးဟင်းမစားချင်ပါ။ ကိုရင်ရှူံးသည် ဘဝအတွေ့အကြုံသမားသာဖြစ်၏။ ခံစားချက်သမားသာဖြစ်၏။ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ဟု ဆိုလိုကဆို၊ ကိုယ်တွေ့ကြုံသည်များကိုသာ လိပ်ပြာသန့်သန့်၊ အချက်အလက်ပြည့်စုံမှန်ကန်စွာဖြင့် ရေးလို၏။ ထို့အတွက်ကြောင့်ဆိုရမည်ပင်၊ ကိုရင်ရှူံးအတော်လေး စာရေးကြဲပါ၏။

တစ်နည်း..

ကိုရင်ရှူံးအတော်လေး မန့်ခဲပါ၏။ ထို မန့်သလေးဂွဇွတ် (မန့်သူများလဲ မန့်ကြပြီး တစ်ခါတစ်ရံ အတော်လေးဂွကျပြီး လွန်စွာမှပင်ဇွတ်တရွတ်နိုင်စွာ ပြောဆိုကြသော) ဆိုက်ကြီးတွင် ကိုရင်ရှူံးသည် ၂ နှစ်ခွဲကျော်မျှ အဖွဲ့ဝင်ဖြစ်ခဲ့ပြီးသော်မျှ အပုဒ် ၉ဝ ကျော်မျှသာရေးနိုင်သေးသည်။

ယနေ့စိတ်ပါလက်ပါဖြင့် နောက်တစ်ပုဒ် ရေးလိုက်ပါသည်။ သည်းခံဖတ်ရှုကြပါကုန်။

********************************************************************************

မျက်မှန်တစ်ချက်ကို အသာပင့်တင်လိုက်သည်။ ဖတ်လက်စ စာအုပ်အထူကြီးကြားထဲ လက်ချောင်းညှပ်ထားပြီး မျက်ခုံးကို ပင့်ကြည့်လိုက်သည်။ ဘေးနားမှ ငွေရောင်ဆံပင်များဖွေးဖွေးလှုပ်နေသည့် ဘွားပွင့်မှ “အဖိုးကြီး၊ ရှင်မမြင်ဘူးလား၊ ရှင်ငယ်ငယ်ကအတိုင်းပဲလေ”ဟုသဘောဖြင့် မျက်လုံးဝင့်ပြသည်ကို ကိုရင်ရှူံး ကောင်းကောင်းကြီးနားလည်လိုက်လေသည်။ အသက်အရွယ်လေးများ အတော်အတန်ရလာပြီဖြစ်သဖြင့် မိန်းမက ချက်ကနဲဆို အဘရှူံးနားခွက်က မီးတောက်မြဲဖြစ်သည်။ အဖွားကြီးမှာ အဖိုးကြီးအား ပြုံးတုန့်ပြုံးလှည့်ဖြင့်ကြည့်နေသည်။ အဘရှူံးများ ဘာများပြောလေမလဲဟု။

အဘရှူံး သားအကြီးဆုံးမှ မွေးထားသော မြေးဦးလဲဖြစ်ပြန်၊ အဘရှူံးမသေခင်ကပင် ပြန်ဝင်စားသည်ဟု ဆိုကြသော မြေးဦးလေးကို အဘရှူံးတို့ အဘိုးကြီး၊ အဘွားကြီးလင်မယားမှာ ခေတ်၏ သားသမီးများပီပီ ပညာနောက်၊ ငွေနောက် ကောက်ကောက်ပါအောင် လိုက်နေရရှာသော သားကြီးနှင့် ချွေးမတို့၏ ဘဝအမောများကို ခံစားမိသူများပီပီ တစ်ဖက်တစ်လမ်းမှ သက်သာရာ ရစေလိုကြောင်း စေတနာဖြင့် သူတို့၏ မြေးလေးအား အိမ်တွင်ထိန်းကြောင်းပေးရန်အစပြုရာမှ အသက်ကြီးမှပင် သံယောဇဉ်တွယ်စရာတွေ ဖြစ်ရပြန်တော့သည်။ ဘွားပွင့်မှာ သူမရင်ငွေ့နှင့် ကင်းကွာသွားခဲ့တာကြာသည့် သားကြီးအမှတ်အနေနှင့်ပင် မြေးလေးကို တုန်တုန်ချိချိနှင့် ချီပွေ့ရင်း ချော့မြူနှစ်သိမ့်နေသကဲ့သို့ အဘရှူံးမှာလည်း အဘရှူံးတံခေါက်ခွက်(မှားလို့) ခြေရာကို လိုက်နင်းမည့် မြေးလေးပေမို့ မျက်စိအောက်က အပျောက်မခံနိုင်ပေ။ တီတီတာတာ စကားများ ဆိုတတ်ပြီဆိုကတည်းက ကစားစရာ အရုပ်လေးများကို အရုပ်လေးများဟုမမြင်ပဲ လေ့လာစရာလေးများအလေလား တစ်စစီဆွဲဖြုတ်ပြီး စိတ်တိုင်းကျ ပြန်လည်တပ်ဆင်တတ်ပေရာ ကားရုပ်လေးများမှာ ဘီးများ ခေါင်မိုးပေါ်တွင် တပ်လျက်သားဖြင့်လည်းကောင်း၊ ရဟတ်ယာဉ်များမှာ ပန်ကာဒလက်များ ရှေ့တွင်တပ်လျက်သားဖြင့်လည်းကောင်း၊ Transporter စက်ရုပ်များမှာ မူရင်းကားဘဝပြန်မရောက်ရပဲ လက်တွန်းလှည်းများဘဝသို့လည်းကောင်း အသွင်ကူးပြောင်းခြင်းသာ ခံရလေသည်။ သို့ပါသော်လည်း တားဆီးပိတ်ပင် ဆူပူမည့်သူမရှိသဖြင့်ထင်၊ အဘရှူံးမြေးလေးမှာ ရလာသမျှ အရုပ်များကို တစ်စစီ ပုံပြောင်းလေတော့၏။ မွေးပွရုပ်လေးများဆိုလျင် လည်ပင်းတွင် အမြီးကြီးတပ်လျက်သားနှင့် တင်ပါးမှတစ်ဆင့် ခေါင်းလေးများ ပြူးထွက်လျက်သား။ အံ့ဩစရာ အရုပ်လေးများပါပေ။

တစ်နေ့တွင်မတော့ အဘရှူံးမှာ သူ၏မြေးလေး စိတ်တိုင်းကျ ဖျက်စီးစေရန်အလို့ငှာ စက်ဘီးလေးတစ်စီး ဝယ်ပေးလိုက်ပါ၏။ အိမ်ထဲတွင် စီးလျင် စိတ်ကျဉ်းကျပ်နေမည်စိုးသဖြင့် အဘရှူံးမှာ ဘွားပွင့်အားအမှီပြုလျက် ခြံဝင်းထဲသို့ဆင်းလာပြီး သူ့မြေးလေးပျော်ရွှင်စွာ စက်ဘီးစီးနေသည်ကို ကျေနပ်အားရစွာကြည့်နေခိုက် ဘွားပွင့်၏ ငယ်မူပြန်ဗိုက်ခေါက်လိမ်ဆွဲခြင်းခံလိုက်ရလေသည်။

အဘရှူံးလည်း.. ဘာလဲဟ နေရင်းထိုင်ရင်းဟု ဘုဘောက်ကြည့်လိုက်သည့်တစ်ခဏ ဘွားပွင့်၏ နဂါးမျက်စောင်းကို ခံလိုက်ရလေ၏။ အဘရှူံးလည်း မသိသလိုနှင့် မြေးလေးအား ကြည့်ရင်း ပြုံးလိုက်၊ ရယ်မောလိုက်လုပ်နေသည်ကို ဘွားပွင့်မှ မနေနိုင်တော့သဖြင့်ထင်သည်၊
“ တော် ကျုပ် ခုထိ စက်ဘီးမစီးတတ်သေးတာကို လှောင်နေတာမလား၊ ရှင်ကလေ.. ငယ်ငယ်က အကျင့်ကိုမပျောက်ဘူး”

ဟူဆိုကာ အဘရှူံး၏ ပေါင်တွင်းကြောကို လိမ်ဆွဲလိုက်သည့်တစ်ခဏတွင် အဘရှူံးမြေးလေးမှာလည်း မစီးတတ်၊ စီးတတ်ဖြင့် ယိုင်ထိုးယိုင်ထိုးစီးနင်းရင်း အဘရှူံးရှိရာ ကြောက်အားလန့်အား တစ်ရှိန်ထိုးနင်းချလာသည်ကို မြင်ရပြီးသည့်တစ်ခဏ…

“ဝုန်း” ကနဲ အသံကြီးနှင့်အတူ အဘရှူံးကမ္ဘာကြီးသည် မှောင်အတိကျသွားလေသည်။

********************************************************************************

“အားးးးးးးးးးးးး”

ဟူသည့်အသံကြီးသည် တိတ်ဆိတ်ငြိမ်သက်နေသည့် အခန်းတွင်းတွင် ဆူညံစွာထွက်ပေါ်လာပြီးနောက် မောင်ရင်ရှူံးသည် အိပ်ယာထက်မှ ငုတ်တုတ်ထထိုင်လျက်သားဖြစ်လေသည်။ မဒမ်ပွင့်လည်း ဖရိုဖရဲဖြင့် နိုးလာပြီး အိပ်ယာဘေးရှိ မီးအုပ်ဆောင်းကို အလိုအလျောက်ဖွင့်လျက်သားဖြစ်လေသည်။ ဆံပင်ကို အသာအယာသပ်တင်လိုက်ပြီး မောင်ရင်ရှူံးကိုဘာဖြစ်တာလဲဟု ပြာပြာသလဲမေးလေ၏။ လွန်စွာ အိပ်ရေးမက်လှသော မောင်ရင်ရှူံးကြင်သူသက်ထားမှာ ယခုတစ်ခါတွင်မတော့ ကျယ်လောင်လွန်းလှသော အသံကြောင့်ထင်၊ ရုတ်ချည်းပြာပြာသလဲနိုးလာ၏။ မောင်ရင်ရှူံးလည်း အိမ်မက်ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်သောအခါ မဒမ်ရှူံး၏ မူပိုင်အမှတ်အသားဖြစ်သည့် နဂါးမျက်စောင်းကို ထိုးကာ ဘာမှလဲမဟုတ်ဘဲ အဖြစ်ကိုသည်းတယ်ဟုဆိုကာ ပြောဆိုပြီးနောက် မောင်ရင်ရှူံးလက်လဲ ကျမ်းစာအုပ်ထိုးထည့်ကာ သူမနှုတ်မှ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု မဆီမဆိုင်ရေရွတ်ကာ ရုတ်ချည်းပင် ပြန်အိပ်ပျော်သွားတော့သည်။ မောင်ရင်ရှူံးလည်း အလွတ်ရနေသည့် ဆာလံကျမ်းပိုဒ်များကို ပြန်ဖတ်နေရင်း မိုးစင်စင်လင်းသွားတော့သည်။

မောင်ရင်ရှူံးလည်း အိပ်မပျော်သည်နှင့် နံနက် ၅း၃ဝ ခန့်ရှိသောအခါ ရေနွေးတစ်အိုးကို ကြွက်ကြွက်ဆူအောင် ကျိုလိုက်၏။ ထို့နောက် သကြားနှစ်ဇွန်း၊ နို့မှုန့်တစ်ဇွန်းခန့်မျှကို မဒမ်ရှူံးသောက်မည့်ခွက်တွင်ထည့်လိုက်သည်၊ မောင်ရင်ရှူံးမှာမူကား ကော်ဖီပြင်းပြင်းသောက်နေကျဖြစ်သဖြင့် ကော်ဖီမှုန့် သုံးဇွန်းခန့်မျှကို ရေနွေးပူပူအနည်းငယ်မျှ ခွက်အတွင်းထည့်လိုက်ပြီးသည့်နောက် မွှေးပျံ့သည့် ကော်ဖီအနံ့လေးသည် မီးဖိုချောင်အတွင်း သင်းပျံ့လာတော့သည်။ မဒမ်ရှူံးမှာ ကော်ဖီကြိုက်တတ်လွန်းလှသဖြင့် မောင်ရင်ရှူံးမှာလည်း ကော်ဖီကောင်းကောင်းများကို ရှာကြံဝယ်ယူထားရသည်။ ပေါင်မုန့်ကင်စက်မှ အသံပေးပြီးထွက်လာသော ပေါင်မုန့်မီးကင်မှာလည်း အဆင်သင့်ဖြစ်နေပြီဖြစ်သဖြင့် မောင်ရင်ရှူံးလည်း ပြတင်းပေါက်မှတစ်ဆင့် အပြင်ကိုလှမ်းမျှော်ကြည့်လိုက်ရာ ရောင်စုံကားငယ်များနှင့် ဘတ်စ်ကားများမှာလည်း မှတ်တိုင်များတွင် စတင်လူအတင်အချလုပ်နေပြီကို တွေ့လိုက်ရလေသည်။

မောင်ရင်ရှူံးလည်း ခြေဖွဖွနင်းကာ မဒမ်ရှူံးနှစ်နှစ်ချိုက်ချိုက် အိပ်မောကျနေရာ အိပ်ခန်းတွင်းသို့ ခပ်ဖွဖွလှမ်းရင်းဝင်သွားပြီး စောင်လေးကို အသာလှပ်ပြီး မဒမ်ရှူံးပါးလေးကိုနမ်းလိုက်သည့်တစ်ခဏ….

********************************************************************************

ပုပ်အဲ့အဲ့အနံ့ကြီးသည် ကိုရင်ရှူံးနှာခေါင်းထဲ ဇွတ်တိုးဝင်လာ၏။ မကျေမနပ်နှင့်ပင် ကိုရင်ရှူံး မဒမ်ရှူံးပါးလေးအားထပ်နမ်းပါ၏။ ထိုအနံ့ပင်၊ မကျေမနပ်နှင့် မျက်လုံးလေးမှိတ်၊ ဇိမ်ယူမနေတော့ပဲ မျက်လုံးကို ဖွင့်ကြည့်လိုက်သည့်တစ်ခဏ ကိုရင်ရှူံးလက်ထဲတွင် ကိုရင်ရှူံးခေါင်းဦးကြီးကို ဖက်လျက်သားနှင့်။

“ဟင်း…………”

ကနဲ သက်ပြင်းမောကြီးကိုချလိုက်မိသည်။ ညတုန်းက အိပ်ယာဝင်ပုံပြင်ကြောင့်ထင်၊ ကိုရင်ရှူံး နွေညအလယ်တွင် တစ်ယောက်တည်းနိုးထလာသည်။ အခန်းဖော်များမှာကား တစ်ချို့ကားဟောက်သံပေးလျက်၊ တစ်ချို့ကား မျက်နှာမှာ ပုံရိပ်အမျိုးမျိုး ဖြတ်ပြေးလျက်သား။ ကိုရင်ရှူံးလည်းနှိုးစက်ပေးထားသည့် ဖုန်းကိုလှမ်းယူကြည့်လိုက်သောအခါ ၃ နာရီခန့်မျှ လိုသေးသဖြင့် အိပ်ယာတွင်တစ်ဖန် လှဲလျောင်းမိပြန်သည်။ ဟိုလူး၊ဒီလှိမ့်ဖြင့် ရုတ်ချည်းအိပ်ပျော်သွားလေသည်။ အိမ်မက်လဲထပ်မက်ပါသေး၏။ ဒီတစ်ခါတော့ ကိုရင်ရှူံးလုံးလုံးလျားလျားအိပ်မပျော်တော့သဖြင့်ထင်၊ အိမ်မက်ကို အဆုံးထိ ထပ်မက်ခွင့်မပေးပဲ နောက်အိမ်မက်တစ်ခုထပ်မက်ပြန်၏။ လေဒီရှူံးပင် အဓိက မင်းသမီး ဖြစ်ပြန်လေ၏။ ကိုရင်ရှူံးမှာကား နမ်းမည်ကြံလိုက်၊ လန့်နိုးလိုက်နှင့်။

“တီ တီ တီ တီ တီ တီ…”

ဆူဆူညံညံအသံကြောင့် ကိုရင်ရှူံးမျက်လုံးဖွင့်မိသည်။ ဖုန်းကို အမှောင်ထဲတွင် မည်သို့မျှ ရှာမရပေ။ အခန်းဖော်များ အလုပ်သွားကြပြီဖြစ်သော်လည်း အခန်းမီးကို ပိတ်ထားခဲ့သဖြင့် မှောင်နှင့်မည်းမည်းပင်ရှိသေးတော့သည်။ ကိုရင်ရှူံးလည်း အသံလာရာလက်ဖြင့်အသာမှန်းစမ်းရင်း အသံဖြင့် ဒုက္ခပေးနေသော ထိုသတ္တဝါအား အသံတိတ်လုပ်ကြံလိုက်လေ၏။ ကိုရင်ရှူံးလည်း မက်လက်စလေး ပြန်အစဖော်ရင်း အိပ်ယာထက် ပြန်မှိန်းလိုက်လေ၏။ နောက်ဆုံးအခန်းမှာ လေဒီရှူံးမှာ ရှက်ပြုံးလေးဖြင့် “ မောင့်သဘော” ဟု ပြောသည့်အခန်းပင်ရောက်နေလေပြီ။ ထိုအခန်းမှပင် စမက်လိုက်ပါသည်။

ဝိုးတိုးဝါးတား အိမ်မက်လေးမှာ ပီပီပြင်ပြင် ဖြစ်လာကာစရှိသေး၊ နောက်ထပ်အလားတူမြည်ပြန်လေ၏။ ကိုရင်ရှူံးလည်း အသံကြားရာသို့ လက်ဖြင့်မှန်းစမ်းရင်း ထိုသတ္တဝါအား ကိုင်ပေါက်လိုက်လေတော့၏။

“ခွမ်း”

ကနဲမြည်သံနှင့်အတူ ထိုအသံလည်း ပျောက်ကွယ်သွားတော့၏။ ကိုရင်ရှူံးမှာလည်း ဆက်အိပ်မရတော့ပါ။ အိပ်ယာထက်မှ လူးလဲထရင်း ထိုသတ္တဝါအား တစ်စစီ ကောက်စုစည်း ဆက်စပ်ပြီးနောက် ပါဝါခလုပ်ကိုဖွင့်လိုက်သည့်တစ်ခဏ ဝိုင်ယာလက်စ်မှတစ်ဆင့်၊ အိမ်သာပျက်မှ အသိပေးအကြောင်းကြားစာများ တစ်ပြုံတစ်မကြီးတက်လာတော့သည်။

ကိုရင်ရှူံးလည်း မဒမ်ရှူံး အင်လိုင်းပေါ်မရောက်ခင် မျက်နှာသစ်၊ ယူနီဖောင်းလဲပြီးနောက် “ဖြူ” ဟု ရိုရိုကျိုးကျိုးခေါ်လိုက်ပြီးနောက် ငြိမ်သက်စွာဖြင့် တစ်ဖက်မှ တုန့်ပြန်လာမည့် စာကြောင်းလေးတစ်ကြောင်းအား ငြိမ်သက်တိတ်ဆိတ်စွာဖြင့် စောင့်လျက်သား….

ရင်ဘတ်မှ နာမည်ရင်ထိုးလေးသည်နေရာမကျသဖြင့် ပြန်လည်ပြုပြင်ရင်းနှင့် ကိုရင်ရှူံး ပြန်လည်ဖတ်မိလေသည်။

Ko Yin Shone
Assistant Manager
Kentucky Fried Chicken

ဘာပဲပြောပြော ကိုရင်ရှူံးမှာ လက်ထောက်သာဖြစ်သေး၏။ စီမံခန့်ခွဲခွင့်မရသေး။

မျက်နှာငယ်လေးဖြင့် Gmail မှ မောင်… ဟုခေါ်လာမည့် စကားလုံးလေးကိုစောင့်လျက်သားနှင့် ဆေးလိပ်ကိုတွင်တွင်ကြီးဖွာလျက်သားနှင့် ကွန်ပျူတာဖန်သားပြင်ကို မလွတ်တမ်း စောင့်ကြည့်လျက်သား။ ။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

13 comments

  • ရွှေအိမ်စည်

    October 17, 2012 at 9:14 am

    ဖန်သားပြင် ရဲ ့ညာဖက်ထောင့်က loading ဆိုတဲ ့စာလုံးနီနီလေး……..
    ခါတိုင်းထက်များ အချိန်ပိုကြာနေသလား လို ့…….တစ်စက္ကန် ့……နှစ်စက္ကန် ့…ခ
    ပ်တိုးတိုးနဲ ့စက္ကန် ့တွေ ငါရေတွက်နေမိတယ်…..Online မဝင်တဲ ့ရက်တွေမှာ စုပုံနေတဲ ့ Inbox ထဲကစာတွေကြားက တွေ ့လိုတွေ ့ငြား နင့် ရဲ ့စာကို ငါလိုက်ရှာနေမိတယ်……

    လိပ်ပြာရေ…..တစ်ရက်တစ်စောင်လောက်များပို့နေမလားပဲ….
    ဒါဆိုရင်တော့အများကြီးပဲနေမှာ……
    သီချင်းလေးတွေလဲ ပါဦးမယ်ထင်တယ်…..
    နင့်ပန်းချီလေးတွေကိုလဲ လွမ်းလှပြီ…..
    စိတ်ကူးနဲ့ရူးရင်း ငါတစ်ယောက်တည်းပြုံးနေမိတယ်လိပ်ပြာ……

    —————————————
    —————————————
    ———————————————
    မျက်နှာငယ်လေးဖြင့် Gmail မှ မောင်… ဟုခေါ်လာမည့် စကားလုံးလေးကိုစောင့်လျက်သားနှင့် ဆေးလိပ်ကိုတွင်တွင်ကြီးဖွာလျက်သားနှင့် ကွန်ပျူတာဖန်သားပြင်ကို မလွတ်တမ်း စောင့်ကြည့်လျက်သား။ ။

  • ကိုပေရေ… လက်ပဲထောက်ရသေးတဲ့ ဘွပါ။

    ရွှေအိမ်စည်ရေ..

    တိတ်တဆိတ် မှိတ်တုတ်မှိတ်တုတ် Cursor ကြားက
    ရုတ်တရက်သက်ဝင်လာမယ့် …is typing ဆိုတဲ့
    စကားလုံးတွေကြား..

    ငါ..
    အသက်ရှူမှားခဲ့ဖူးတယ်။

    လက်မထပ်နိုင်ပါဘူးဆိုတဲ့
    အကြိမ်ကြိမ် ငြင်းဆိုသံတွေကြား
    အိပ်ယာဝင်ပုံပြင်တွေ
    အကြိမ်ကြိမ်မက်ခဲ့ဖူးတယ်။

    ခုများတော့လဲ

    တမင်သက်သက် တစ်စိမ်းတွေပါပဲ။

  • ကြောင်ကြီး

    October 17, 2012 at 9:39 am

    မင့်ဟာက မဒမ်ပွင့်ရော မဒမ်ရှုံးရော နှစ်ယောက်တောင်ကရဲ့လား၊ ဟိုက ပြောလည်းပြောချင်စရာပဲ။
    မသိ
    ငပိ
    ကဝိ
    လဇိ
    တပည့်
    ကလိ
    အဟိ
    သတိ..။

  • aemoshu

    October 17, 2012 at 9:41 am

    လူတိုင်းအိပ်မက်မက်ခွင့်ရှိပါတယ် …. ဒါပေမယ့် dream is not reality ဆိုတာကပဲခတ်တာ … အင်း .. ကြိုးစားရင်တော့ဖြစ်နိုင်မလားလို့ … ဒါပေမယ့် ကိုရင်ရှုံးအိပ်မက်ကြီးက ကိုရင်ရှုံးတစ်ယောက်တည်းနဲ့တင် သက်ဆိုင်တာဟုတ်ဘူးဆိုတော့လည်းနော် …

  • jullies cezer

    October 17, 2012 at 10:46 am

    အဲလောက်အိပ်မက်တွေမက်နေတာ အိပ်ရေးလည်းမဝ အိပ်မက်ထဲလဲ ဖြစ်ချင်တာ မဖြစ်နဲ့တော့ ကိုရင်ရှုံးနှစ်ခါရှုံးနေပြီနော် ………

  • ဆူး

    October 17, 2012 at 11:13 am

    ကိုရင်ရှုံး တယောက် စိတ်ကူးယဉ် အိပ်မက်တွေ မက်ပြီး အတူနေတဲ့ အခန်းဖော် ကိုရင် ကို အိပ်မက်ထဲက အတိုင်း အိပ်နေတုန်း ယောင်မိလို့ ထ ထိုးခံရခြင်း ဆိုပြီး ဖူးရောင် မျက်လုံးနဲ့ ဖေ့ဘွတ်မှာ ပုံတွေ တက်မလာပါစေနဲ့လို့ ဆုတောင်းပေးနော်.. အဟိ။

  • Ma Ei

    October 17, 2012 at 12:19 pm

    ရှူံးလူ ရေ…
    is typing ကို ပီတိဖြင့် ကြည့်နိုင်သော
    စီမံခန့်ခွဲသူ အမြန်ဆုံးဖြစ်လာပါစေလို့
    ဆုတောင်းပေးပါတယ်နော်…

  • kyeemite

    October 17, 2012 at 3:28 pm

    အပြင်မှာမဖြစ်ရသေးတာနဲ့
    အိပ်မက်ပစ်လိုက်တာ မြေးတောင်ရသွားပါရောလားဗျ…
    ဒါပေမဲ့ အိပ်မက်ထဲတောင် “မယက” ဖြစ်နေတာတော့မမိုက်ဘူးဗျာ…ဟီး
    အလကားရတဲ့အိပ်မက်ကိုတော့ မချွေတာပါနဲ့ဗျာ…ဒီထက်ကောင်းကောင်းလေးမက်စမ်းပါ..
    ကျနော့်ကို ဆရာတစ်ယောက်ပြောဖူးတယ်…
    “စိတ်ကူးယဉ်ရင် ကြီးကြီးကျယ်ကျယ်ယဉ်စမ်းပါ…စိတ်ကူးထဲတောင်ချွေတာနေရင်
    အပြင်မှာ ဘာဖြစ်လာပါ့မလဲ”တဲ့…ဟဲဟဲ..အားပေးတာနော့ :kwi:

  • pooch

    October 18, 2012 at 12:12 am

    ခေါင်းအုန်းလို့ ပြောတာထင်တယ် ခေါင်းဦး မဟုတ်လောက်ဖူး 😀

    ဦးမိုက် ပြောတာထောက်ခံပါတယ် အိမ်မက်တွေကို လှလှပပနဲ့ သူတကာ အားကျလောက်စရာတွေ မက်ပစ်လိုက်စမ်းပါ

    ဒါကြောင့်မို့ ဆုတောင်းပေးရင် your dream will surely come true တို့ ဘာတို့ ပြောကြတာမလား

    နောက်တခုက မိန်းကလေးအများစုက အဆိုးမြင်တတ် စိတ်အားငယ်တတ်တဲ့သူတွေထက် အကောင်းမြင်စိတ် တနည်း သောကကိုတောင် ဟာသလုပ်ပစ်တတ်တဲ့ ဇဝန ဉာဏ်ရွှင်တဲ့သူတွေကို ဆို ပိုသဘောကျတတ်တယ်ထင်တာပဲ ။ အထင်ပါ ( ခရက်ဒစ်တူ -ဘပု) 😀

    ပြန်အဆင်ပြေမှာပါရှင်။ စိတ်ဆိုးတုန်းခဏမို့ပါ။ သွေးအေးတဲ့အခါ အလွမ်းတွေ ခေါ်ပြီး အချစ်တွေ အလည်ပြန်လာမှာပါ။ အဲ့ဒါလေးကို အိမ်မက်ထဲ ခဏခဏထည့်မက်လိုက်ပါ။ 😀

  • ကြောင်ကြီး

    October 18, 2012 at 8:11 am

    ကျနော်မသိကျနော်
    စော်မရှိအဖော်
    ဂေါ်မိအပျော်
    ကြော်ဘိတကော်
    လော်၏မှော်
    ချော်ပိအော်
    ညှော်ကြည့်တော်
    မျှော်ကြည့်ခေါ်..။

  • မျှော်တုန်းမှာ သူ မလာ
    ညော်ပုန်းတော့ ချောင်ရှာ
    ချော်ပြီး သွားတော့ အငိုရှာ
    မှော်ရုံတောမှာသွားရှာ
    ကော်ပီမှတ်တော့
    အဖော်မပါ
    အိပ်မက်ထဲမှာ တောင် ဗလာ

    • ကြောင်ကြီး

      October 18, 2012 at 9:51 am

      တောင်ဗလာ
      အမှောင်မှာ
      ငေါင်စွာ
      ထောင်တာ
      ယောင်အာ
      ဆောင်ခွာ
      ဂျောင်ရှာ
      ဗျောင်နွှာ…။ :hee:

Leave a Reply