မေမြို့သားနှင့် မက်မန်းသီး
“ဒေါက်” ကနဲ မြည်သံနှင့်အတူ ကိုရင်ရှူံးလက်ထဲမှ ထင်းချောင်းသည် နှစ်ပိုင်းပြတ်သွားလေသည်။
အမြဲအသုံးပြုနေရသည့်အတွက် ထက်မြနေစေရန် သွေးထားသဖြင့် ထင်းခုတ်ဓါးမမှာ အသွားနေရာတွင် ပြောင်လက်လျက်သားနှင့်။ ကိုရင်ရှူံးကျောင်းပိတ်ရက်ဖြစ်နေသဖြင့် နေ့လည်နေ့ခင်းတွင် တောမတက်ဖြစ်ပဲ အိမ်နောက်ဖေးရှိ ထောပါတ်သီးပင်အောက်တွင် တစ်ပါတ်စာ ခုတ်ထားသမျှကို ဖြတ်တောက်နေရခြင်းဖြစ်သည်။ ဖြတ်တောက်ပြီးလျင်တော့ နေလှန်းရဦးပေမည်။ ယခင်တစ်ပါတ်က ခုတ်ပိုင်းထားခဲ့သော ထင်းများကို ထင်းပုံတွင် စီလိုက်ပြီးနောက် ထင်းနှစ်ပိုင်ခန့်ရှိနေပြီဖြစ်သဖြင့် ၈၀၀ဝ ခန့်ရလေပြီဟုလဲတွေးမိသည်။ နေ့စဉ် ထင်းတစ်စီးနှုန်း၊ တစ်စီးလျင် ထင်း အပင် ၂ဝခန့်နှင့် တစ်ပါတ်စာခုတ်သမျှ နေလှန်းပြီးသောအခါ ပိုင်တစ်ဝက်သာရလေသည်။ တစ်လမှ တစ်ပိုင်ခွဲခန့်သာ ခုတ်နိုင်သည်။ ကျောင်းမှ ပြန်လာချိန်များသာ တောတက်ရသဖြင့် တစ်ရက်တစ်စည်းသာ ရသဖြင့် တစ်ချို့သူများ တစ်နေကုန် သုံးခေါက်ခန့်တောတက်ပြီး ခုတ်သဖြင့် တစ်လ ထင်းနှစ်ပိုင်၊ သုံးပိုင်ရသည်ကို အားကျပြီး ကျောင်းမတက်ပဲ ထင်းခုတ်မလားစဉ်းစားမိသေးသော်လည်း ကိုရင်ရှူံးဖြစ်ချင်သည်လည်းရှိသေးသောကြောင့် ရသမျှ အချိန်လေးဖြင့်သာ ရောင့်ရဲတင်းတိမ်နေရသည်။
ဒီတစ်ခါထင်းရောင်းရငွေဖြင့် ကိုရင်ရှူံးကျောင်းစိမ်းပုဆိုး ပန်ဒါလေးများ ဝယ်ခိုင်းမလားစဉ်းစားသော်လည်း တစ်လ တစ်လ အလျင်မမီနိုင်သည့် မိသားစုစားစရိတ်ကိုတွေးပြီး သက်ပြင်းမောကိုသာ ချလိုက်ရသည်။ ထင်းကိုသာ မကျေမနပ်ဖြင့် တစ်ပိုင်းပြီးတစ်ပိုင်းခုတ်နေမိသည်။ ထင်းဆိုသည်မှာလည်း စိုနေတုန်းသာ တစ်ချက်ခုတ်ရုံဖြင့်ပြတ်သော်လည်း ခြောက်သွားလျင်မူ အတော်လေး ဖြတ်ရခက်သည်။ ဓါးမှာ ပြန်ပြန်ခုန်ထွက်နေသောကြောင့်ဖြစ်သည်။ ကိုရင်ရှူံးမေမြို့ရောက်ကာစက အဖြစ်အပျက်ကို ပြန်ပြောင်းသတိရမိသေးသည်။ ဆောင်းတွင်းကာလတွင်ဖြစ်ပါ၏။
ကိုရင်ရှူံးတို့မိသားစုနေထိုင်ရန် ရရှိသောအိမ်မှာ ၁၉၅၂ ခုနှစ်ကဆောက်ထားသော ကျွန်းလျှာထိုးများဖြင့် အမိုးမိုးထားသော ရှေးဟောင်းအိမ်တစ်လုံးဖြစ်၏။ ရှေးကမူ ဘိုများနေထိုင်ခဲ့သဖြင့် ဝရန်တာလဲ အတော်လေး ကျယ်ကျယ်ဝန်းဝန်းရှိသလို မီးခိုးခေါင်းတိုင်နှစ်လုံးလဲရှိသည်။ အိမ်ဘေးတွင် ကြက်တောင်ကွင်းကို ကွန်ကရစ်လောင်းပြီးလုပ်ထားခဲ့သဖြင့် ကိုရင်ရှူံးအပင်စိုက်ရန် မြေတူး ပြုပြင်သောအခါ ကွန်ကရစ်အစအနများ မြေကြီးတွင်ရောနေသဖြင့် အတော်လေး စိတ်ရှုပ်ခဲ့ရဖူးသည်။ ရာသီဥတုမှာ အေးလှသည့်အပြင် ကျွန်းလျှာထိုးပါ မိုးထားသေးပြန်သဖြင့် အိမ်ထဲဝင်လိုက်သည်နှင့် စိမ့်နေအောင်အေးတော့သည်။ ညဘက်ဆိုလျင်တော့ ဆိုဖွယ်ရာမရှိပြီဖြစ်သည်။ ခြံဝင်းအတွင်းတွင်မတော့ ခြံစည်းရိုးပါတ်ပါတ်လည်ကို ထောပါတ်ပင်များစိုက်ထားပြီး အတွင်းဘက်တွင်မတော့ မက်မန်းပင်များ၊ ကော်ဖီပင်များနှင့် အတော်လေး ကျယ်ကျယ်ဝန်းဝန်း စိုစိုပြေပြေရှိလှပေသည်။ ရောက်ကာစညများတွင် ချမ်းလွန်းလှသဖြင့် မေးခိုက်ခိုက်တုန်လေသည်။ အနွေးထည်ထူထူနှစ်ထပ်ဝတ်ပြီး ဂွမ်းစောင်အောက်တွင် အိပ်သော်မျှ အချမ်းမပြေနိုင်သဖြင့် အိပ်ယာဘေးတွင် မီးသွေးမီးဖိုလေးချပြီးမှ အိပ်ပျော်နိုင်တော့သည်။
ကိုရင်ရှူံးမှာ တောင်ပေါ်အညာဟုခေါ်တွင်သည့် ရှမ်းပြည်နယ်မှ ဆေးရွက်ကြီးထွက်ရာ တစ်ခုတည်းသောမြို့တော် လင်းခေးမှ လာသည်မို့လားမသိ၊ မေမြို့ဆောင်းသည် အတော်လေးကို နှိပ်စက်ကလူပြုတော့သည်။
နောက်ရက်များတွင်မတော့ ကိုရင်ရှူံးနှင့် ကိုရင်ရှူံးမိဘများမှာ ညဘက် မီးလင်းဖိုတွင် မီးဖိုဖိုရန်အတွက် ထင်းလိုက်ရှာရာ ခြောက်သယောင်းနေသော မက်မန်းပင်များကိုတွေ့တော့သည်။ အရွက်တစ်စက်မှမရှိ၊ မဲခြောက်ခြောက်နှင့် ပြုစုမည့်သူမရှိသဖြင့် သေဆုံးလေပြီဟုတွေးပြီးသကာလ ပါလာသောဓါးများဖြင့် အားပါးတရ ခုတ်ပြီး မီးလှုံရန် စုဆောင်းတော့သည်။ ဆန်းတော့ဆန်းပေသည်။ အရွက်တစ်စက်မှမရှိ၊ မွဲခြောက်နေသော မက်မန်းပင်များမှာ ခုတ်လိုက်တိုင်း အထဲတွင် စိမ်းစိုလျက်သားနှင့်။ သို့နှင့်ပင် မက်မန်းပင်တစ်ပင်လုံးခုတ်ပြီး တစ်ညတာ ထင်းဖူလုံသွားတော့သည်။
ပြဿနာကခုမှစပါသည်။
မီးမွှေးလိုက်သည်နှင့် အလုံပိတ်အိမ်ထဲတွင် မီးခိုးကြပ်တိုက်သည့်အလား၊ မီးခိုးလုံးကြီးဖြင့် ဖုံးသွားတော့သည်။ မီးခိုးခေါင်းတိုင်မှာ အသုံးမပြုတာကြာပြီဖြစ်သည့်အတွက် ပိတ်နေသည်ကတစ်ကြောင်း၊ မက်မန်းပင်အစိုများ မီးမွှေးခြင်းကြောင့်တစ်ကြောင်း တစ်အိမ်လုံး နေစရာမရှိအောင် ဖြစ်ခဲ့ဖူးလေသည်။ နောင်များတွင်မှ မက်မန်းပင်များသည် ဆောင်းရာသီတွင် အရွက်တစ်စက်မှမရှိပဲ မိုးတစ်စက်နှစ်စက်ကျမှ အရွက်ဝေဝေဆာဆာ၊ အသီးများအပြွတ်လိုက် အပြွတ်လိုက်ဖြစ်တတ်ကြောင်းကိုသိရသောအခါ ရယ်မောမိကြတော့သည်။ ကိုရင်ရှူံးတို့မှာ ထင်းခြောက်ကြီးများဟု ထင်ခဲ့သောကြောင့်ဖြစ်သည်။
မက်မန်းသီးမှာ မိုးတွင်းကာလတွင် အရွက်နုများစဝေပြီး အပွင့်များ ပွင့်လေသည်။ ထိုအပွင့်များမှာ မေမြို့မိုးဒါဏ်ကို ကြံ့ကြံ့ခံရင်း အသီးလေးများကို မရရအောင် သီးပေးသည်။ မက်မန်းသီးမှာ စသီးကာစဆိုလျင် အစိမ်းရောင်သက်သက်ဖြစ်သည်။ ထိုမှတစ်ဆင့်နီညိုရောင်သမ်းလာလျင်တော့ ခူးဆွတ်ရန်အသင့်ဖြစ်ပြီဖြစ်သည်။ သပြေသီးမှည့်ရောင် လုံးဝပြောင်းသွားလျင်တော့ အတော်လေးစားကောင်းလေပြီဖြစ်သည်။ အနည်းငယ်ချိုသော်လည်း ဖန်ပါသည်။ နီညိုရောင်သမ်းစ မက်မန်းသီးမှာတော့ လုံးဝကိုဖန်ခါးကြီးဖြစ်တော့သည်။ စကားမစပ်ပြောရလျင် ကော်ဖီသီးမှည့်မှာ အတော်လေးချိုပေသည်။
မက်မန်းသီးမှည့်ချိန်ရောက်လျင်တော့ မက်မန်းသီးယိုသမားများမှာ အလုအယက်လာဝယ်တော့သည်။ အလုအယက်ဆိုသော်လည်း ဈေးအလုအယက်ပေးကြခြင်းမဟုတ်ပါ။ သူ့ထက်ငါဦးအောင်လာဝယ်ကြခြင်းဖြစ်သည်။ ထိုစဉ်က မက်မန်းသီးတစ်ပြည်မှ ၆ဝ သာရသည်။ အသီးကောင်းသော အပင်ဆိုလျင်မှ ၅ ပြည်ခန့်သာရသည်။
ဆက်ပါဦးမည်။ မက်မန်းသီးမှာ သူ့ချည်းသက်သက်ဆိုလျင် အဘယ်သို့မျှ စားမကောင်းပေ။ မက်မန်းယိုလုပ်မည့်သူများမှာ တိုက်ရိုက်ဝယ်ယူခြင်းမရှိပဲ တစ်ခြားတစ်ဆင့်ခံ မက်မန်းလှောင်သူများမှ လိုက်ဝယ်ကြခြင်းဖြစ်သည်။ ဝယ်ပြီးသည့် မက်မန်းသီးများကို အပ်များဖြင့် အပေါက်ဖောက်ကြလေသည်။ ထို့နောက်ရာဝင်အိုးများတွင် ဆားရည်ထည့်ပြီး အဖန်ဓါတ်များ ကုန်ဆုံးစေရန် ထည့်သွင်းသိုလှောင်ကြပြီး မက်မန်းယိုလုပ်မည့်သူများသို့ ပြန်လည်ရောင်းချခြင်းဖြစ်သည်။( ဒီနေရာတွင် ထိုလုပ်ငန်းစဉ်အကြောင်း ဂဃနဏ မသိပါသဖြင့် ဇွတ်အတင်းကျော်ခွသွားပါကြောင်း )
ထို့နောက်တွင်မှ မြန်မာနိုင်ငံတစ်လွှား စားသုံးနေကြသည့်၊ မက်မန်းသီးဆိုတာ နီနီရဲရဲ၊ ချဉ်ပြုံး စပ်စပ်ကြီးပါလားဟု သိရှိကြစေရန်အတွက် အရောင်ဆိုး၊ အချဉ်ရည်စိမ်ပြီး ပုံစံမျိုးစုံလုပ်ရောင်းကြခြင်းဖြစ်သည်။ နောင်များတွင်မတော့ ပျားရည်စိမ်ဟုခေါ်သော အချိုမျိုးများလည်းထုတ်ကြသေးသည်။ ကိုရင်ရှူံးမှာ တစ်ခါက သူငယ်ချင်း မက်မန်းစိမ်သောသူ၏အိမ်သို့ အလည်သွားရင်း ဆားရည်စိမ်ထားသော မက်မန်းသီးတစ်ချို့ကို အရသာသိလိုသဖြင့် ရာဝင်အိုးအတွင်းမှထုတ်ပြီး မြည်းစမ်းကြည့်ရာ ငန်ကျိကျိ၊ ပေါ့တော့တော့ အရသာသာရှိသည်။ ထိုမှတစ်ဖန် မက်မန်းယိုလုပ်သော အမျိုးအိမ်သွားသောအခါမှ မက်မန်းသီးဆိုတာ ဒီလိုချဉ်တာပါလား၊ ဒီလိုချိုတာပါလားဟု ကောင်းကောင်းကြီး သဘောပေါက်သွားသဖြင့် မက်မန်းယို မစားတော့ပါ။ မက်မန်းဝိုင်မှာတော့ အတော်လေးကောင်းပါ၏။ ခေါင်းတောင်မထူနိုင်ပါ။ (ထိုစဉ်ကနုပုံများပြောပါတယ်)
ထိုမှတစ်ဖန် ထောပါတ်သီးရာသီရောက်လျင်တော့ ရန်ကုန်တွင် ထောပါတ်သီးတစ်လုံး ထိုစဉ်က တစ်လုံး (၅၀)၊ ယခုတော့ တစ်လုံး ၃၀ဝ ဆိုလား၊ ထိုကဲ့သို့သောအသီးများကို တစ်လုံးလျင် ၅ ကျပ်နှုန်းဖြင့် အလုအယက်လာဝယ်ကြတော့သည်။ ထောပါတ်သီးမှာတော့ မျက်နှာမာမာဖြင့်ရောင်းရသည်။ တစ်ခြံလုံးတွင် ထောပါတ်ပင် အပင်နှစ်ဆယ်ခန့်ရှိရာ အသားထူ၊ အစေ့သေး၊ အလုံးဝိုင်းသော နှစ်ပင်ကို အိမ်စားအတွက်ချန်ပြီး ကျန်တာအကုန်ရောင်းချခြင်းပြုတော့သည်။ ထောပါတ်ပင်မှာ ၅ နှစ်သားခန့်မှ စသီးလေသည်။ အပင်မှာ အကိုင်းအခက်ဝေဆာသော်လည်း အလွန်ဆတ်သည်။ နှစ်ချို့ပင်ကြီးများမှာမူ ဝါးနှစ်ပြန်စာမျှ မြင့်တတ်သည့်အတွက် အကိုင်းလှုပ်ပြီးသာ ချွေချခြင်းပြုရသည်။ အပင်ပေါ်တက်ခူးရန်မှာ မဖြစ်နိုင်ပေ။ ရန်ကုန်ရောက်ပြီး ထောပါတ်သီးတစ်လုံးကို ဖျော်ထားသည့် ဖျော်ရည်တစ်ခွက်အား ၅၀ဝ ပေးသောက်ရသည့်အခါ များစွာ စိတ်ဆင်းရဲခြင်း ဖြစ်ရပြန်တော့သည်။
ပြောရင်းနှင့် ကိုရင်ရှူံးထင်းခုတ်နေသည်မှ တောရောက်၊ တောင်ရောက်ဖြစ်နေပါပြီလေ။
ကိုရင်ရှူံးလဲထင်းဖြတ်ရန်မကျန်တော့သဖြင့် ဖြတ်ပိုင်းပြီးထင်းစများကို နေပူထဲတွင်သွားလှမ်း၊ ထိုင်ခုံလုပ်သည့် သစ်တုံးပေါ်မှ ထပြီး ထင်းစများပြန့်ကျဲနေသည်ကို တံမျက်စည်းဖြင့်လှဲကျဉ်းပြီး ဆာလာအိတ်တစ်လုံးကိုဆွဲ၊ ပုဆိုးဟောင်းတစ်ထည်ကို ပုခုံးတွင်တင်ပြီး တပ်ခွဲရုံးရှိရာသို့ လှမ်းခဲ့ရတော့သည်။ ရောက်သည်နှင့် ပိန္နဲပင်များရှိရာတန်းတန်းမတ်မတ်သွား၊ အိမ်မာပင်တစ်ပင်ပေါ်သို့ ကျားကုတ်ကျားခဲတက်ပြီး မနု၊ မရင့်အသီးများထဲမှ အတော်လေးထွားသည်ထင်ရသော အသီးများကို ခုတ်ပြီးသကာလ ပိန္နဲစီးများကို ဖက်ရွက်ဖြင့်သုတ်၊ ဆာလာအိတ်ကိုထမ်းပြီး လာရာလမ်းမှ အိမ်သို့တန်းတန်းမတ်မတ်ပြန်လာတော့သည်။ ဗိုက်ထဲတွင်လဲ အတော်လေးဆာနေပြီဖြစ်သည်။ အိမ်အပြန်လမ်းရှိ ကွင်းပြင်တွင် မြင်းခွာရွက်များမှာ ပေါပေါများများပေါက်နေသည်ကို နေနှင့်ဦးပေါ့ကွာဟု တေးထားပြီး ညနေစာ တောဝက်သားဟင်းချက်စားရန်အတွက် ဆာလာအိတ်ကြီးကို ထမ်းပြီး လေတစ်ချွန်ချွန်ဖြင့် ပြန်လာလေတော့သတည်း။
တစ်ခါကတော့ ထိုတောဝက်သားဟင်းကြောင့် မိသားစုထမင်းဝိုင်းတွင် လူရယ်စရာဖြစ်ခဲ့ဖူးတာကို ပြန်ပြောင်းအမှတ်ရမိသား။
ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)
23 comments
surmi
October 24, 2012 at 8:53 am
ကိုရင်ရှုံးကတော ့ တောဝက်နဲ ့ထားခဲ ့ပြန်ပြီ
ဒီကကောင်တွေကသွားရေကျလို ့
ဒါနဲ ့မေမြို ့က အတော်လေးနေလို ့ကောင်းမဲ ့ပုံပဲ
စိတ်ကူတော ့ယဉ်မိပါရဲ ့ဗျာ ……..မြေဈေးတွေက ခေါင်ခိုက်နေတော ့
လုပ်ဗျာ …… ဆက်ရေးဦး ။မစားရတာကြာပြီဖြစ်တဲ ့တောဝက်သားလေး
စိတ်ကူးနဲ ့ အရသာခံမလို ့…….။
အောင်ဆန်းသူရိယ သီဟသူရ သူရ ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ရှူံးနိမ့်မှုများနဲ့.. လူ
October 24, 2012 at 9:32 am
ကိုရင်ဆာမိရေ… တောဝက်သားအဖြေကို ခုအပုဒ်မှာ ရေးပြီးပါပကော
အတွေးလေးရအောင် ချန်ထားခဲ့တာကို အဲဒီတောဝက်သားဆိုတာကြီးပဲ သွားရေဇွတ်ကျနေတာပဲ
အဖြေပါပြီးပါပကောလား..
Shwe Tike Soe
October 24, 2012 at 9:12 am
ကိုကိုရှုံးပြောမှပဲ ငယ်ငယ်က မေမြို.မှာနေခဲ့တာလေး သွားသတိရသဗျာ…
အရမ်းကို နေလို.ကောင်းတဲ့မြို.လေးပါ… မန်းလေးမှာနေတုန်းက လဲ ဆိုင်ကယ်နဲ. သွားလိုက် ပြန်လိုက်ပဲ…
အဲဒီမှာ မက်မန်းသီးတွေ … စတော်ဘယ်ရီတွေ အရမ်းစားလို.ကောင်းတာ…
စတော်ဘယ်ရီ ခြံတို. မက်မန်းခြံတို.ဆို ခြင်းလေးတွေ ချထား ကိုယ်တိုင်ခူး ဘယ်လောက်ဆိုပီး… ရောင်းတာ
ကိုယ်တိုင်ခူးဆိုတော့ ခြင်းထဲ တစ်ခြင်း ဗိုက်ထဲ တစ်ခြင်းပဲ ဗျို…ဟေဟေဟေ့
မေမြို.က ဆန်အရက်ကလေးကလဲ ဂွတ်ဆိုပဲ… ဟဲဟဲဟဲ
အောင်ဆန်းသူရိယ သီဟသူရ သူရ ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ရှူံးနိမ့်မှုများနဲ့.. လူ
October 24, 2012 at 9:35 am
စတော်ဘယ်ရီသီးကတော့ ခြံထဲက လတ်လတ်ဆတ်ဆတ်ခူးစားမှ ကောင်းသဗျား
ယိုးဒယားသင်္ဘောသီးထောင်းစပ်စပ်လေးနဲ့ပေါ့.. ကန်တော်လေးနားက ရွှေထီးထင်ပါရဲ့..
လွန်ခဲ့သော ၁၄ နှစ်ခန့်ကပြောပါတယ်.. ခုတော့ သိတော့ဘူး
တစ်ခါမှ ပြန်မရောက်တာ ၁၄ နှစ်ရှိပြီ။
ပုံ/ မေမြို့သား
pooch
October 24, 2012 at 3:03 pm
အခု ထီးလှိုင်လို့ ခေါ်တယ် ( ထင်တာပဲ) နာမည်အတော်ကြီးနေပြီ။ ကျမတို့ဆို ရောက်တိုင်းသွားစားတယ်။ စားကောင်းလွန်းလို့ ။ စတော်ဘယ်ရီချိန်ဆို အခင်းထဲက ဆွတ်ပြီး ဖျော်ပေးတယ်။ လတ်လတ်ဆတ်ဆတ်ပဲ။
နောက်ပြီး မေမြို့က ရှမ်မလိုင် မုန့်တိုက်ကလည်း စားလို့ ကောင်းမှကောင်း။
တောဝက်က ပိန္နဲသီးဟင်း ထင်တယ်။
ဒါနဲ့ မက်မန်းပင်တွေက အဲ့လိုခြောက်နေတာလား ။ ဒါဆိုရင်တော့ ကုန်ပါပြီ။ မသိဘူး အိမ်က ဦးကြီးက ခြံဝယ်ကာစ အပင်တွေ ခြောက်နေတယ်ဆိုပြီး အကုန်ခုတ်ချတာ ။ ကျမ တပင်တလေ ချန်ပါအုန်း မက်မန်းသီး သီးတာ မြင်ဖူးချင်လို့လို့ ပြောတာ မရဘူး။ သေနေပြီ ဆိုပြီး ခုတ်တာ။
ပြီးကြပါလေရော။ 🙁
သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow
October 24, 2012 at 9:57 am
မေမြို့အလယ်ရောက်စက ရာသီဥတုကနေလို့ကောင်းတော့ အနွေးထည်မဝတ်ပဲ ရိုးရိုးအကျီလေးတွေနဲ့ပဲနေကြတာ…
မြို့ခံတစ်ယောက်ပြောပြတော့မှ မေမြို့မိုးက အချိန်မရွေးရွာတတ်လို့ မြို့ခံတွေဆိုရင် အနွေးထည်ပါးလေးတစ်ထည်တော့ အမြဲဝတ်ထားတတ်ကြတယ်တဲ့…
ဆူး
October 24, 2012 at 10:05 am
မက်မက်သီး သာ ဆိုင်ပေါ်မှာ မြင်ဖူးတာ.. အခုမှပဲ.. အပွင့်တွေ မြင်ဖူးတော့တယ်.. သဘောကျတယ်.. အပွင့်လေး တော်တော် လှတယ်နော်..
အသီးတွေ အများကြီး နဲ့ အပင်တွေ့ရင် ခူးချင်တယ်။
မက်မန်းပင်တွေ ကြားထဲမှာ တောဝက်သားလေး ချက်ကျွေးဖို့ ဖိတ်ပါလားဟယ်..
Novy
October 24, 2012 at 11:03 am
ကိုရင်ရှုးံ တောဝက်သားဟင်းဆိုတာ ပိန္နဲသီးဟင်းကို ပြောတာမဟုတ်လား
မဟုတ်မှလွှဲရော :harr:
အောင်ဆန်းသူရိယ သီဟသူရ သူရ ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ရှူံးနိမ့်မှုများနဲ့.. လူ
October 24, 2012 at 5:16 pm
သိသွားကြပြီခုမှ
အကောင်လိုက်ကြီးပြလို့ အရိပ်ကြီးမြင်ကုန်ပြီ
း))
kyeemite
October 24, 2012 at 1:52 pm
အမှန်ပဲဗျ…ပိန္နဲသီးဟင်းကိုပြောတာပါ
ကျနော်တို့လည်းချက်စားလေ့ရှိတယ်
အိ နေပီး စားရတာတကယ်အရသာထူးပါတယ်…
အမဲသားနဲ့လဲ ရောချက်စားဖူးတယ်…ကောင်းမှကောင်း…
ကိုရင်ရှုံး ပြောသလို မနု၊ မရင့်အသီး ကိုရွေးရတယ်။
သတိရသွားပြီဗျာ…ပိန္နဲသီး ဈေးမှာဝယ်လို့ရရင်
မဒမ်မိုက်ကိုချက်ခိုင်းအုံးမယ်… :hee:
Hnin Hnin
October 24, 2012 at 2:26 pm
မက်မန်းပွင့်လေးတွေက ဖွေးဆွတ်ပြီး လှလိုက်တာနော်…
ပြင်ဦးလွင်က အေးတာကတော့ သင်္ကြန်ရေပက်တဲ့သူ မရှိဘူးနော်…
မြို့ပြင်က မဏ္ဍပ်တစ်ခုလား အဲ့ဒါပဲ တွေ့ခဲ့တယ်…သူများတွေ အနွေးထည်လှလှ
လေးတွေ အမှတ်တရ ဝယ်ကြပေမယ့် သွားတိုင်းမဝယ်ဖြစ်ဘူး….
မိုချို
October 24, 2012 at 2:42 pm
အဲဒီ ပိန်း နဲ သီး ကို ပဲ ဝက်သား ၃ ထပ်သား နဲ့ ချက်သား လို့ ကတော့ ဝက်သား ရဲ့ အချိုတွေ ဝင်ပြီး ပိန်းနဲသီး အသား က ဝက်သား ထက်တောင် ကောင်းသေး။ အိမ်မှာ ချက် လို့ ကတော့ ပိန်းနဲ သီးတွေ ကုန်ပြီး ဝက်သားတွေ ပဲ ကျန်ခဲ့ တယ်။
မေမြို့ ကိုတော့ တော်တော် သဘေ ာကျတယ်။ တတ်နိုင်လို့ အသက် ကြီး လာရင် မေမြို့ မှာ ပဲ အခြေ ချ ချင် မိပါရဲ့ ။
mayjuly
October 24, 2012 at 3:58 pm
မေမြို့သား အစစ်ဆိုရင် ပြင်ဦးလွင် ဟု သာ ခေါ်ဆိုကြပါသည် ။ :hee:
အောင်ဆန်းသူရိယ သီဟသူရ သူရ ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ရှူံးနိမ့်မှုများနဲ့.. လူ
October 24, 2012 at 5:12 pm
နောက်မှရောက်လာသူများသာ ပြင်ဦးလွင်ဟု ခေါ်ကြပြီး လူဟောင်းများမှာ မေမြို့ဟုသာ ခုံခုံမင်မင်သုံးကြပါကြောင်း..
ကိုပေါက်(မန္တလေး)
October 24, 2012 at 5:29 pm
ပြင်ဦးလွင်ဆိုတဲ့နာမယ်က ရှေးကတည်းကရှိတာမှန်ပါတယ်။
ဒါကြောင့်လဲ နွဲ့ယဉ်ဝင်းသီချင်းထဲမှာ မေမြို့ သို့မဟုတ် ပြင်ဦးလွင်လို့ (1960ခုနှစ်ပါတ်ဝန်းကျင်)ကတည်းက ဆိုခဲ့တာပေါ့။
ဒါပေမယ့် ဟိုးရှေးကတည်းက မေမြို့လို့ခေါ်ကြပါတယ်။
အခုနောက်ပိုင်းမှာသာမေမြို့ ဆိုတာကို ဖျောက်ပြီး ပြင်ဦးလွင်လို့တွင်အောင်လုပ်ခဲ့ကြတာပါ။
ကျနော်တို့ မန်းလေးသားလူဟောင်းတွေရှေ့မှာ ပြင်ဦးလွင်သွားမယ်ဆိုရင် နားထောင်လို့မချောပါဘူး။
မေမြို့ သွားမယ်လို့ပြောမှ နားဝင်ချောပါတယ်။
(မေမြို့သား အစစ်ဆိုရင် ပြင်ဦးလွင် ဟု သာ ခေါ်ဆိုကြပါသည် ။)
ဒီလိုမရေးဘဲနဲ့
(ပြင်ဦးလွင်သားအစစ်ဆိုရင် မေမြို့လို့မခေါ်ဘဲ ပြင်ဦးလွင်လို့ခေါ်ဆိုကြပါသည်)ဆိုမှ မှန်မယ်ထင်တာဘဲ။
ရှေးက စာအုပ်တွေမှာလဲ မေမြို့လို့ သုံးကြပါတယ်။
မောင်ပေ
October 24, 2012 at 9:48 pm
မက်မန်းသီး အမှည့် အလုံး၂ဝလောက်ကို သကြား၁ဝသားလောက်နဲ ့ ၊ ပုလင်းကြီး တစ်ခုထဲမှာ ထွေးညိုဖြစ်ဖြစ် ရှမ်းဆန်အရက်ဖြစ်ဖြစ် ထည့် ၊ လေလုံပိတ်ပြီး ၊ နေရောင်လုံးဝမရှိတဲ့ နေရာမှာ တစ်နှစ်လောက် နှပ်ထား…
အရမ်းအရသာကောင်းပြီး ယဉ်ယဉ်လေး မူးတဲ့ ယမကာ
padonmar
October 25, 2012 at 12:25 am
ကိုရှုံးရေ
ပိန္နဲသီးဝက်သားဟင်းက အိမ်မာမှချက်လို့ရတာလား။
အိမ်က ပိန္နဲပင်က အိမ်ပျော့ကြီးဆိုတော့ ဘယ်နည်းနဲ့ အသုံးတဲ့မလဲစဉ်းစားနေတာ။
အခွံရောခွာရလား။
အောင်ဆန်းသူရိယ သီဟသူရ သူရ ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ရှူံးနိမ့်မှုများနဲ့.. လူ
October 25, 2012 at 4:45 am
အန်တီကြီးရေ
(ဒီလိုခေါ်လိုက်တော့ ဆွေ့ဆွေ့ခုန်နေတော့မှာပဲ)
ဂလိုပါခင်ဗျ.. အိမ်ပျော့သီးနဲ့ ချက်ဖူးပါတယ်.. စားမကောင်းပါ.. အသားပျော့ပြီး တွဲတွဲကြီးဖြစ်နေတာကြောင့်ပါ.. အိမ်မာသီးကတော့ အနည်းငယ်ပိုမာတဲ့အတွက် အရသာပိုရှိပါတယ်.. ရန်ကုန်မှာတော့ အများစုက ပြုတ်ပြီးသားကိုချက်ကျလို့ အချိုဓါတ်မရှိတော့တဲ့အတွက်စားမကောင်းပါ.. ပိန္နဲသီးအစေးနဲ့မှ အချိုဓါတ်ပိုကဲပါတယ်..
ချက်ဖို့အတွက်ကို အရင်ဆုံး ထက်ခြမ်းခွဲရပါမယ်၊ ခွဲပြီးရင် ကိုယ်လိုတဲ့အနေအထားအတိုင်းတုန်းပေးရပါတယ်။ တုန်းပြီးသား အစိတ်တွေကို ဆူးခွံကုန်ရုံလောက်လေးပဲ လှီးထုတ်ရပါမယ်၊ ဒါမှ ပိန္နဲသီးမြောင်းလေးတွေ တစ်စုတစ်စည်းတည်းရှိနေမှာဖြစ်ပါတယ်… ပြီးရင်တော့ ရေများများနဲ့ နှစ်ရေလောက် မီးပြင်ပြင်းထိုးပြီး ပြုတ်ပေးရပါတယ်… နှစ်ရေလောက်ခမ်းချိန်မှာတော့ ကြက်သွန် ဖြူ/နီ၊ ဂျင်းတို့ကို ငရုတ်သီးမှုန့်ဆီသပ်ထားတဲ့အိုးထဲမှာ ပြုတ်ထားတဲ့ အသီးတွေနဲ့အတူ နှံ့စပ်အောင်မွှေပြီး အရည်လေးစားချင် ရေနည်းနည်းထည့်၊ ဆီပြန်လေးကြော်စားချင်ရင် ရေသင့်တော်ရုံထည့်ပြီး ချကာနီးမှ အနံ့မွှေးချင်သေးရင်တော့ မဆလာကောင်းကောင်းလေး နည်းနည်းထည့်လိုက်တာနဲ့ အိမ်မှာထမင်းစားမြိန်မယ့် သက်သက်လွတ်ဟင်းလေးတစ်ခွက်ကို ရနိုင်ပြီဖြစ်ပါကြောင်း…
မနုမရင့် ပိန္နဲသီးဆိုတော့ အစေ့လေးတွေက အရည်ကြည်လေးတွေအနေနဲ့ပဲ တည်နေတာကြောင့် ချက်ပြီးစားတဲ့အခါမှာ ဝက်သားအရိုးနုလေးတွေကိုစားရသလို ထုတ်ထုတ်လေးနဲ့ လွန်စွာစားကောင်းလှပါကြောင်း…
ရေးရင်းနဲ့ သွားရေတောင် ပြန်ယိုလာတယ်… တစ်ကယ်
အရီးခင်လတ်
October 25, 2012 at 2:22 am
မောင်ရှုံး ရဲ့ ဝက်သားတုံးကြီး ပဟေဠိ ကို အဖြေပေးသွားပုံလေးက လှပါ့ရှင်။
အတွေးလေးကောင်း ပြီး ဗဟုသုတလေးတွေကို ဟာသနှော ရေးပြသွားတာကို ဖတ်ရတောင် အချိန်ကုန် ရကျိုးနပ်ပါဘိတော့။
မက်မန်းကတော့ အရင်ထဲက မကြိုက်တာမို့ ကိစ္စမရှိပေမဲ့ ဝက်သား နဲ့ ပိန္နဲသီး ဟင်းစားချင်လာပြီ။
အရမ်း အရမ်း ကိုကြိုက်တဲ့ ဟင်းပါဘဲ။
ဆက်ရေးပါဦး၊
အောင်ဆန်းသူရိယ သီဟသူရ သူရ ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ရှူံးနိမ့်မှုများနဲ့.. လူ
October 25, 2012 at 4:49 am
အရီးကတော့ အဲလိုလေး ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ အကောင်းမြင်ဘက်ကနေ ရေးပေးနေလို့ ဒီမန့်သလေးဂွဇွတ်ကြီးကို မောင်ကြီးမခွာနိုင်ဖြစ်နေရကြောင်းပါ..
အရီးခင်လတ်
October 25, 2012 at 4:59 am
အမှန်ပြောတာပါဟယ်။
မညာပါဘူး။
မောင်ရှုံး စာရေးကောင်းတာ လူတိုင်း သိပါ့တော်။ 😉
Khaing Zar Win
October 25, 2012 at 8:12 am
ခုမှပဲ မက်မန်းသီးကို အရှင်လတ်လတ်မြင်ဘူးတော့တယ်။ ကျေးဇူး။
အရင်က မက်မန်းဝိုင်သောက်လိုက်၊ အချဉ်ထုတ်လေးစားလိုက်နဲ့ မက်မန်းသီးနဲ့ မက်မုန်သီးကိုလည်း ကွဲကွဲပြားပြားသိတာ စွမ်းဝူခုန်း ကားကြည့်ဘူးပြီးမှ။
ဖတ်ရင်းနဲ့ မန်းလေး၊ မေမြို့ လမ်းက သစ်သီးဆိုင်လေးတွေ၊ ပန်းဆိုင်လေးတွေကို လည်း လွမ်းသား။
အစက တောဝက်သားကတည်းက မန့်မလို့ဟာ။
ဒါနဲ့ စကားမစပ်၊ ခု ဝိုင်တွေကလည်း အရင်ကလောက် မကောင်းတော့သလိုပဲနော်၊ ကျဲတောက်တောက်နဲ့။
အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး
October 25, 2012 at 9:50 am
ပိန္နဲ
ယိမ်းဆွဲ
ဖိန်းတွဲ
ဘိန်းမဲ
သိမ်းဆည်း
ကြိမ်းခဲ
နိမ်းဟဲ
ငြိမ်းပွဲ..။