ယဉ်ကျေးမှုဟု ဆိုရာတွင်…

ဟိုနေ့က “အဖေလား..အမေလား…ဆုံးမပေးပါ” ဆိုတဲ့ ပို့စ်နဲ့ ပို့စ်အောက်က ကွန်မန့်တွေကို ဖတ်အပြီးမှာ ကျွန်မခေါင်းထဲကို “ယဉ်ကျေးမှု” ဆိုတဲ့ စကားလုံးက ဝင်ရောက်လာခဲ့ပါတယ်။ “ယဉ်ကျေးမှု” ရဲ့ အဓိပ္ပာယ်ကို ကျွန်မစသိခဲ့တာ ရှစ်တန်းနှစ်လောက်မှာပါ။ “ယဉ်ကျေးမှုဆိုသည်မှာ အစဉ်အဆက် ထိန်းသိမ်းတည်ရှိခဲ့သော အစဉ်အလာ၊ ဓလေ့ထုံးတမ်း၊ စာပေ၊ ဂီတ၊ အနုပညာ အားလုံးပါဝင်သည်” လို့ သင်ကြားခဲ့ရပါတယ်။ တစ်ဆက်တည်းမှာပဲ ဆယ်တန်းမှာသင်ခဲ့ရတဲ့ ဦးမင်းနိုင်ရဲ့ မြန်မာမှုဆိုတဲ့စာထဲက အကြောင်းအရာတစ်ခုကိုလည်း သတိရမိပါတယ်။ ယဉ်ကျေးမှုဆိုတဲ့နေရာမှာ ထိန်းသိမ်းသင့်တဲ့ယဉ်ကျေးမှုရှိသလို ခေတ်နဲ့လိုက်လျောညီထွေစွာ ပယ်ဖျက်သင့်တဲ့ယဉ်ကျေးမှုလည်း ရှိပါတယ်တဲ့။ ဥပမာအားဖြင့် ဆေးမင်ကြောင်ထိုးခြင်းအလေ့အထဟာ ကျန်းမာရေးရှုထောင့်ကကြည့်ရင် မသင့်လျော်တဲ့အတွက် ဒီအလေ့ကို ပယ်ဖျက်ရမှာဖြစ်ပေမယ့် အသားမှာစွဲအောင်ထိုးတဲ့ ဆေးမင်ကြောင်ဆေးဖော်စပ်နည်းကိုတော့ ဆက်လက်ထိန်းသိမ်းသင့်ပါတယ်တဲ့။

 

အဲဒီနောက်တော့ ယဉ်ကျေးမှုဆိုတဲ့ အဓိပ္ပာယ်ကို အတိအကျသိချင်တဲ့အတွက် ထပ်ရှာကြည့်လိုက်တဲ့အခါ ဖွင့်ဆိုချက်အမျိုးမျိုးကို တွေ့မိပါတယ်။

 

မြန်မာအဘိဓာန်ရဲ့ ဖွင့်ဆိုချက်ကို ဖတ်ပြီးတဲ့အခါမှာတော့ ကျွန်မအတွေးထဲကိုရောက်လာတဲ့ ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ ခံယူချက်၊ အမြင်လေးတွေကို ပြောပြချင်ပါတယ်။

 

ယဉ်ကျေးမှုဆိုတာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့အသက် ဖြစ်ပါတယ်။ စာပေပျောက်ရင် လူမျိုးပျောက်တယ်၊ ပျူစာပေကို မထိန်းသိမ်းနိုင်ခဲ့လို့ ပျူလူမျိုးပျောက်ခဲ့တယ်လို့ အဆိုတွေရှိခဲ့ပါတယ်။ တကယ်တော့ စာပေဆိုတာ ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒီတော့ လူမျိုးမပျောက်ဖို့က ယဉ်ကျေးမှုတစ်ခုလုံးကို ထိန်းသိမ်းဖို့ လိုအပ်လှပါတယ်။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အဓိက တာဝန်ရှိသူတွေကတော့ အဲဒီ့နိုင်ငံသား၊ အဲဒီ့လူမျိုးပဲ ဖြစ်ပါတယ်။ ပြီးတော့ ယနေ့ခေတ်ဟာ ဂလိုဘယ်လိုက်ဇေးရှင်း လို့ ဆိုတဲ့အတိုင်းပဲ နည်းပညာတိုးတက်မှုတွေရဲ့နောက်မှာ ယဉ်ကျေးမှုတွေ ကူးလူးစီးဝင်ရောနှောလာကြပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်ယဉ်ကျေးမှုပျောက်ပျက်မသွားအောင်၊ အခြားယဉ်ကျေးမှုတွေနဲ့ ရောနှောမသွားအောင် ထိန်းသိမ်းဖို့က အရေးကြီးလှသလို ကိုယ့်ရဲ့ အစဉ်အလာကြီးမားပြီး ကောင်းမွန်တဲ့ယဉ်ကျေးမှုတွေကို ကမ္ဘာ့အလယ်မှာ ချပြနိုင်ဖို့ အခွင့်အရေးကောင်းလည်း ဖြစ်ပါတယ်။

 

မြန်မာအဘိဓာန်ရဲ့ ယဉ်ကျေးမှုဖွင့်ဆိုချက်မှာ အချက်သုံးချက်ကို တွေ့နိုင်ပါတယ်။ (၁) သိမ်မွေ့ပြေပြစ်သော တတ်သိမှု၊ (၂) တိုးတက်ထွန်းကားသော လူမှုအဆင့်အတန်း၊ (၃) အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိသော ဓလေ့ထုံးတမ်း။ ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့နေရာမှာ ဒီအချက်သုံးချက်ကို ဟန်ချက်ညီညီလုပ်ဆောင်ဖို့လိုပါတယ်။ ကျွန်မနားလည်သလောက် ပြောကြည့်ရမယ်ဆိုရင် သိမ်မွေ့ပြေပြစ်သော တတ်သိမှုဆိုတာ ယဉ်ကျေးမှုရဲ့ သဘောသဘာဝနဲ့ အနှစ်သာရကို အသေအချာသိရှိခြင်းဖြစ်ပါတယ်။ အဲဒီလိုသိမှသာ တိုးတက်ထွန်းကားလာတဲ့ လူမှုအဆင့်အတန်းကိုလိုက်ပြီး လိုက်လျောညီထွေပြုပြင်ဖို့ လိုအပ်သလို အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိနေတဲ့ ဓလေ့ထုံးတမ်းတွေကိုလည်း အသေအချာနားလည်ပြီး မှန်မှန်ကန်ကန် ထိန်းသိမ်းရမှာဖြစ်ပါတယ်။

 

ရှေးယခင် ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ဆံပင်ကို အလေးအမြတ်ထားပြီး ထိန်းသိမ်းကြပါတယ်။ ယောက်ျားလေးတွေက သျှောင်ကြီးဗွေ၊ မိန်းကလေးတွေက ဆံထုံး စသဖြင့် ထားခဲ့ကြပါတယ်။ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကာလအောက်မှာ သျှောင်ကြီးဗွေတွေ ပျောက်ကွယ်သွားခဲ့ကြပါတယ်။ နိုင်ငံအတွက် ရှေ့တန်းထွက်ခဲ့ရတဲ့ အမျိုးသားတွေဟာ ဆံပင်ကို ထိန်းသိမ်းဖို့ အချိန်မပေးနိုင်ကြတော့တဲ့အချိန်၊ ကိုလိုနီခေတ်အောက်မှာ ဘိုဆံတောက်တွေ ခေတ်စားလာတဲ့အချိန်မှာ သျှောင်ကြီးဗွေယဉ်ကျေးမှု ပျောက်ကွယ်ခဲ့ပါတယ်။ နောက် မိန်းကလေးတွေရဲ့ ဆံကေသာအရှည်တွေလည်း တဖြည်းဖြည်းတိုလာခဲ့ပါတယ်။ အပြိုင်အဆိုင်ကြိုးစားနေတဲ့ခေတ်ကြီးထဲမှာ မိန်းကလေးတွေအနေနဲ့လည်း ဆံပင်အတွက် အချိန်များစွာမပေးနိုင်တော့တာ အမှန်ပါပဲ။ ဒါကြောင့် ဆံပင်ရှည်နည်းလာတဲ့ဒီခေတ်ကို တိုးတက်ထွန်းကားလာတဲ့ လူမှုအဆင့်အတန်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ လက်ခံပေးရပါမယ်။ ဒါပေမယ့် ကျွန်မတို့မှာ မြန်မာဆံထုံးထုံးနည်းပေါင်း (၃၀) ကျော်ရှိပါတယ်။ အသက်အရွယ်အလိုက်၊ နေရာဒေသအလိုက် စသဖြင့်ပေါ့။ ဒီဆံထုံးထုံးနည်းတွေကိုတော့ အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိတဲ့ ဓလေ့ထုံးတမ်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆက်လက်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

 

ကျွန်မတို့မြန်မာမှာ ဘယ်နိုင်ငံမှာမှ မရှိတဲ့ ထူးခြားတဲ့ တစ်ခုတည်းသော ယဉ်ကျေးမှုတစ်ခုရှိပါတယ်။ သနပ်ခါးယဉ်ကျေးမှုပါ။ အခုခေတ်မှာ နိုင်ငံခြားအလှပြင်ပစ္စည်းတွေ ဝင်လာပြီး သနပ်ခါးလိမ်းခြင်းအလေ့အထ နည်းပါလာပါတယ်။ အထူးသဖြင့် မြို့ပြလူမှုအဖွဲ့အစည်းမှာပါ။ ပွဲလမ်းသွားတဲ့အခါ သနပ်ခါးလိမ်းတာထက် နိုင်ငံခြားအလှပြင်ပစ္စည်းတွေနဲ့ လိမ်းခြယ်လာကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ မြန်မာတွေရဲ့ အသားအရေသဘာဝက သနပ်ခါးနဲ့သာ အဆင်ပြေပါတယ်။ နွေရာသီပူအိုက်တဲ့အချိန်မှာ သနပ်ခါးရေကျဲလေး လိမ်းထားလိုက်ပါမှ၊ ဝက်ခြံနဲ့အဖုတွေထွက်လာရင် သနပ်ခါးလေး တို့ထားလိုက်ပါမှ သက်သာပါတယ်။ ဒီတော့ နိုင်ငံခြားအလှပြင်ပစ္စည်းနဲ့ခြယ်သခြင်းကို တိုးတက်ထွန်းကားလာတဲ့ လူမှုအဆင့်အတန်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ လက်ခံပေးရသလိုပဲ ထူးခြားလှတဲ့ မြန်မာ့ယဉ်ကျေးမှု သနပ်ခါးကိုတော့ အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိတဲ့ ဓလေ့ထုံးတမ်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆက်လက်ထိန်းသိမ်းရပါတယ်။ နိုင်ငံခြားခရီးသွားတွေက ပါးကိုလက်ညှိုးထိုးပြပြီး ဒါဘာလဲလို့ မေးတဲ့အခါ ဒါကတော့ သနပ်ခါးပါ၊ မြန်မာ့ရိုးရာမိတ်ကပ်ပါဆိုပြီး သနပ်ခါးရဲ့ကောင်းကျိုးတွေကို ပြောပြရတာဟာ အလွန်ဂုဏ်ယူဖို့ကောင်းပါတယ်။

 

နောက် ကျွန်မတို့ရဲ့ ရိုးရာဝတ်စားဆင်ယင်မှုပါ။ မြန်မာ့ရိုးရာဝတ်စုံဟာ မြန်မာနိုင်ငံရဲ့ ဘယ်လိုရာသီဥတုမှာမဆို၊ ဘယ်လိုနေရာဒေသမဆို အဆင်ပြေပြေဝတ်ဆင်လို့ရပါတယ်။ ဒါပေမယ့် ရုန်းကန်နေရတဲ့ ယနေ့ခေတ်အခါမှာ ရိုးရာလုံချည်ထက် ဘောင်းဘီ၊ စကပ်စသည့်တို့က သွားရလာရ ပေါ့ပါးတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီတော့ မျက်စိအမြင်မရိုင်းစေတဲ့၊ ခေတ်နဲ့လျော်ညီတဲ့ အနောက်တိုင်းဝတ်စားဆင်ယင်မှုမျိုးကို လက်ခံပေးရမှာဖြစ်သလို ကျွန်မတို့ရဲ့ ရိုးရာယဉ်ကျေးမှုကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ လိုပါတယ်။ ဧည့်လမ်းညွှန်တွေဟာ နိုင်ငံခြားခရီးသွားတွေကို မြန်မာရိုးရာလုံချည်နဲ့ လုံချည်ဝတ်နည်းတို့ကို ဂုဏ်ယူစွာရှင်းပြကြသလို ခရီးသွားတွေကလည်း မြန်မာဝတ်စုံနဲ့ဝတ်ဆင်နည်းကို အံ့ဩသဘောကျကြပါတယ်။ တိုးတက်လာတဲ့ နည်းပညာအောက်မှာ နိုင်ငံခြားဝတ်စားဆင်ယင်မှုတွေဟာ ကျွန်မတို့ဆီကို စီးဝင်လာတဲ့အတွက် အဆင်ပြေတဲ့အနေအထားမှာ လက်ခံပေးရမှာဖြစ်သလို ကျွန်မတို့ရဲ့ မြန်မာ့ရိုးရာဝတ်စုံကိုလည်း နိုင်ငံခြားတိုင်းပြည်တွေကို ထိုးဖောက်နိုင်ဖို့ ကြိုးစားရပါမယ်။ ဒါမြန်မာပါလို့ ဖော်ပြနိုင်ဖို့ အသိသာဆုံးနည်းကတော့ ရိုးရာဝတ်စုံပဲ ဖြစ်ပါတယ်။

 

နောက် မြန်မာ့ယဉ်ကျေးမှုမှာ ကိုယ်အမူအရာ၊ နှုတ်အမူအရာ စတာတွေကလည်း အကျုံးဝင်ပါတယ်။ လူကြီးသူမတွေရှေ့မှာ ခေါင်းငုံ၊ ခါးကုန်းသွားတာ၊ ပစ္စည်းပေးရင် လက်နှစ်ဖက်နဲ့ပေးတာ၊ အစားစားရင် လူကြီးမိဘတွေကို ဦးချတာ၊ ဆရာဆရာမရှေ့မှာ လက်ပိုက်နာခံတာ စတာတွေဟာ ကျွန်မတို့ရဲ့ ထူးခြားပြီး ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုတွေပါ။ နိုင်ငံခြားမှာ လူကြီးရှေ့ ခေါင်းငုံ့ခါးကုန်းသွားရင် တစ်မျိုးဖြစ်မှာဖြစ်တဲ့အတွက် မလုပ်လို့ရပေမယ့် ကိုယ့်နိုင်ငံမှာနေမယ်ဆိုရင်တော့ ဒီယဉ်ကျေးမှုကို လိုက်နာဖို့လိုပါတယ်။  အနောက်နိုင်ငံယဉ်ကျေးမှု စီးဝင်လာတယ်ဆိုပြီး ဒါတွေကို မလိုက်နာတော့ဘူးဆိုရင် ကျွန်မတို့ယဉ်ကျေးမှုပဲ ပျောက်ကွယ်မှာဖြစ်ပါတယ်။ ရောမရောက်ရင် ရောမလိုကျင့်ဆိုတဲ့ စကားအတိုင်း ကိုယ့်နိုင်ငံမှာတော့ကိုယ့်ယဉ်ကျေးမှုကို လိုက်နာထိန်းသိမ်းရမှာဖြစ်ပါတယ်။ ဒါမှသာ လူမျိုးတာဝန်၊ နိုင်ငံသားတာဝန် ကျေပွန်မှာဖြစ်ပါတယ်။

 

အခုနောက်ပိုင်း ကျွန်မတို့ကြားမှာ ရေပန်းစားလာတဲ့ ကျားမဆက်ဆံရေးအကြောင်းကို ပြောချင်ပါတယ်။ တကယ်တော့ မြန်မာအမျိုးသမီးဖြစ်ရတာကို ကျွန်မအရမ်းကို ဂုဏ်ယူမိပါတယ်။ မဟာဖိုဝါဒကြီးစိုးတဲ့ နိုင်ငံကြီးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယကြားမှာရှိတဲ့ ကျွန်မတို့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ အခွင့်အရေးအပြည့်အဝရရှိထားပါတယ်။ ပညာသင်ယူခွင့်၊ မဲပေးခွင့် စသဖြင့်ပေါ့။ မြန်မာ့သမိုင်းမှာ ဘုရင်မကြီး ရှင်စောပုဆိုတာ ရှိခဲ့ပါတယ်။ နန်းမတော်မယ်နု၊ ဆင်ဖြူမရှင်၊ စုဖုရားလတ် စတဲ့ မိဖုရားကြီးတွေကလည်း သမိုင်းရဲ့ အဓိကဇာတ်ဆောင်တွေ ဖြစ်ခဲ့ဖူးပါတယ်။  နောက်ပြီး မြန်မာမိန်းကလေးတွေဟာ တန်ဖိုးထားဆက်ဆံခံရပါတယ်။ မိန်းကလေးကို တင့်တောင့်တင့်တယ် တောင်းရမ်းလက်ထပ်ယူပါတယ်။ ခင်ပွန်းရဲ့ ဝင်ငွေကို စီမံခွင့်၊ အိမ်ထောင်စီမံခွင့် အပြည့်အဝရရှိပါတယ်။ ယောက္ခမကို မိဘသဖွယ်သဘောထားပြီး ရိုသေတာပဲရှိပြီး မဖြစ်မနေ ယောက္ခမအိမ်ရဲ့ အစေခံသဖွယ် လုပ်ပေးစရာမလိုပါဘူး။ နှစ်ယောက်သား ကိုယ့်ဘဝကိုယ်တည်ထောင်ပြီး အိမ်ခွဲနေခွင့်ရှိပါတယ်။ မြန်မာ့ထုံးတမ်းစဉ်လာဥပဒေမှာလည်း ခင်ပွန်းသေရင် ခင်ပွန်းပစ္စည်းအကုန်လုံးကို ဇနီးက ရပိုင်ခွင့်ရှိပါတယ်။ သားသမီးအုပ်ထိန်းပိုင်ခွင့်ကလည်း မိခင်မှာပဲရှိပါတယ်။ ပြောရရင်တော့ ကျွန်မတို့ မြန်မာမိန်းကလေးတွေဟာ အနှိမ်ခံဘဝနဲ့ရှိခဲ့ကြတာ မဟုတ်ပါဘူး။

 

တဖြည်းဖြည်းနဲ့ မိန်းကလေးတွေကို တန်ဖိုးထားမှုလျော့လာတာကို မြင်ရတာ တကယ်စိတ်မကောင်းဖြစ်မိပါတယ်။ အထူးသဖြင့် ချစ်သူရည်းစားထားဖူးတဲ့ မိန်းကလေးတွေကို အပျိုစင်မစစ်တော့သလို ထင်နေကြတာတွေကို ကြားရတိုင်း အသည်းခိုက်အောင် နာမိပါတယ်။ ကျွန်မတို့ အမျိုးသမီးတွေ ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ အရေးကြီးလှပါတယ်။ ခေတ်နဲ့အညီ ပယ်သင့်တာကို ပယ်သလို ထိန်းရမှာကိုလည်း မဖြစ်မနေ ထိန်းသိမ်းသင့်ပါတယ်။ အရင်ခေတ်ကဆိုရင် မိန်းကလေးဆိုတာ ဗိုင်းကောင်းကျောက်ဖိနဲ့ အိမ်ထောင့်တာဝန်ကျေပွန်အောင်လုပ်ရတဲ့ဘဝကနေ အခုအချိန်မှာ ယောက်ျားလေးတွေနဲ့ ရင်ပေါင်တန်းပြီး ကြိုးစားနေရတဲ့ဘဝကို ရောက်လာပါပြီ။ ဒီလိုအချိန်မျိုးမှာ ခြေတစ်လှမ်း ကုဋေတစ်သန်းဆိုတာတွေ၊ ဗိုင်းကောင်းကျောက်ဖိအိမ်တွင်းပုန်းဆိုတာတွေ၊ မိန်းကလေးအိမ်ပြန်ချိန်ဆိုတာတွေကို ပယ်သင့်လျှော့သင့်ပြီး တိုးတက်ထွန်းကားလာတဲ့ လူမှုအဆင့်အတန်းဆိုတာကို လက်ခံပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် တန်ဖိုးထားခံရတဲ့ အမျိုးသမီးဂုဏ်ပုဒ်ကိုတော့ ထိန်းသိမ်းသင့်ပါတယ်။ မြန်မာမိန်းကလေးဆိုတာ မင်္ဂလာဦးညမတိုင်ခင်အထိ မိမိရဲ့အပျိုစင်ဘဝကို ထိန်းသိမ်းရမှာဖြစ်ပါတယ်။ ယောက်ျားလေးတွေနဲ့ ဆက်ဆံတဲ့နေရာမှာလည်း မိမိရဲ့ ထက်မြက်ပွင့်လင်းမှုနဲ့ အိန္ဒြေသိက္ခာဆိုတာကို ခွဲခြားတတ်ဖို့လိုပါတယ်။ အနောက်တိုင်းယဉ်ကျေးမှုကိုအတုယူပြီး ကိုယ့်ကိုကိုယ်တန်ဖိုးထားမထိန်းသိမ်းရင် မြန်မာမိန်းကလေးဆိုတာ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ပြီးတော့ ဒီခေတ်ထဲမှာ ကျားမဆက်ဆံရေးနဲ့ လိင်ပိုင်းဆိုင်ရာကိစ္စတွေကို ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ နဲ့ ကျန်းမာရေးဆိုင်ရာဗဟုသုတအနေနဲ့ မိန်းကလေးအားလုံးသိထားသင့်ဖို့လိုပါတယ်။ ဒါပေမယ့် ခေတ်မီတယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဒါတွေကို တလွဲအသုံးချမယ်ဆိုရင်တော့ မြန်မာ့ယဉ်ကျေးမှုနဲ့ သွေဖယ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ကျွန်မပြောချင်တာတော့ အားလုံးကို သိအောင်လေ့လာပါ၊ စာများများဖတ်ပါ။ ဒါပေမယ့် ပညာဉာဏ်ကို အသုံးချပြီး မြန်မာ့ယဉ်ကျေးမှုအောက်က မြန်မာအမျိုးသမီးဂုဏ်ပုဒ်ကို ထိန်းသိမ်းကြပါ။ အနောက်တိုင်းယဉ်ကျေးမှုတွေထဲက မြန်မာ့ယဉ်ကျေးမှုနဲ့ကိုက်ညီတာကိုပဲ ယူကြပါ။ မြန်မာဆိုတာ မပျောက်ဖို့ မြန်မာတို့ရဲ့ အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိတဲ့ ဓလေ့ထုံးတမ်းဆိုတာတွေကို အသေအချာထိန်းသိမ်းပေးကြပါလို့ ပြောချင်ပါတယ်။

 

ဒါတွေဟာ ကျွန်မရဲ့ ဖြုတ်မျက်လုံးဉာဏ်လေးနဲ့ တွေးမိတာတွေဖြစ်တဲ့အတွက် မှားတာတွေရှိရင်လည်း ပြင်ပေးကြဖို့ တောင်းဆိုချင်တဲ့အပြင် လွတ်လပ်စွာကွဲလွဲနိုင်ပါတယ်လို့လည်း ပြောချင်ပါတယ်။

 

ခင်မင်လျက်

မွန်မွန်

50 comments

  • ကိုခင်ခ

    October 25, 2012 at 1:48 pm

    ( ရှေးယခင် ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ဆံပင်ကို အလေးအမြတ်ထားပြီး ထိန်းသိမ်းကြ ပါတယ်။
    ယောက်ျားလေးတွေက သျှောင်ကြီးဗွေ၊ မိန်းကလေးတွေက ဆံထုံး စသဖြင့် ထားခဲ့ကြပါတယ်။ )
    အခုအဲလိုမျိုးပြန်နေကြရင် ဆိုးတော့မဆိုးဘူးဗျ။ အလှပြင်စရိတ် ဆံပင်ညှပ်၊ ပြင်စရိတ်တော့ အတော်သက်သာ နိုင်သလို၊ ခေါင်းလျှော်ရည်ရောင်းသူတွေလည်း ဈေးကွက်ပိုပြီး ဟန်ကျမှာဘဲနော်။

  • Khaing Khaing

    October 25, 2012 at 2:06 pm

    မွန်မွန်ရေ … တင်ပြပုံလေးက အရမ်းကောင်းပါတယ် …. ဒီပို့စ်လေးကို ဖတ်ပြီး ခေတ်မှီသင့်တာကို ခေတ်မှီအောင်နေထိုင်ပြီး ထိန်းသိမ်းသင့်တာကို ထိန်းသိမ်းစောင့်ရှောက်ဖို့လို တယ်ဆိုတာ ထင်ထင်မြင်မြင်ကြီးပြလိုက်တာပါပဲ ……….

    သနပ်ခါးနဲ့ပတ်သက်လို့ အမရဲ့အတွေ့အကြုံလေးတစ်ခုပြောပြချင်တယ် လွန်ခဲ့တဲ့ ၂၀၀ဝ ခုနှစ်လောက်ကပေ့ါ … အမက သိမ်ကြီးဈေးအပေါ်ထပ်က TV Show Room တစ်ခုမှ အရောင်းစာရေးမလုပ်ဖူးတယ် အမက သနပ်ခါးကို လိမ်းတာအကျင့်လို့ပြောရမလား အလုပ်သွားတိုင်းလိမ်းသွားလေ့ရှိတယ် … ပါးကွက်လေးပါအမြဲကွက်လို့ပေ့ါ … Show Room ဆိုတော့ နိုင်ငံခြားသားတွေရော မြန်မာတွေရော လူမျိုးစုံလာကြတယ်လေ … တစ်နေ့မှာ လာအိုက နိုင်ငံခြားသားတစ်ယောက်က သူ့စကားပြန်နဲ့ အမတို့ ဆိုင်ကို ပစ္စည်းလာဝယ်တယ်လေ အမကိုပဲကြည့်နေတယ် နောက်တော့ သူ့စကားပြန်က အမကိုခွင့်လာတောင်းတယ် ဓာတ်ပုံရိုက်ချင်လို့တဲ့ အမက ကုမ္ပဏီစည်းကမ်းအရ ရိုက်ခွင့်မရှိပါဘူးလို့ပြောတော့ သူကအထက်လူကြီးအထိခွင့်တောင်းပြီး အမရဲ့ မျက်နှာလေးကိုပဲ ဓာတ်ပုံရိုက်ခဲ့တယ် … အဲဒီအချိန်က Digital Camera တွေ သိပ်ခေတ်မစားသေဘူး ဖလင်နဲ့ပဲရိုက်ခဲ့တာလေ ….အမလည်းအဲဒီအလုပ်မှာ ၂လလောက်လုပ်ပြီး ထွက်ခဲ့တယ် …. ဓာတ်ပုံရိုက်ခဲ့တဲ့လူတွေထပ်ရောက်လာပြီးတော့ အမဓာတ်ပုံတွေပြန်လာပေးခဲ့တယ် … အမရဲ့မျက်နှာက သနပ်ခါးကိုသဘောကျလို့မျက်နှာကိုပဲရိုက်ထားတဲ့ပုံလေးတွေလာပေးခဲ့တယ် …..

    နောက်တစ်ခုက မိန်းကလေးတစ်ယောက်က အပျိုစင်ဘဝကို မင်္ဂလာဆောင်တဲ့အထိ ထိန်းသိမ်းသင့်တယ်ဆိုတဲ့အချက်ပါ … ဘယ်လောက်ပဲ ခေတ်မှီပါတယ်ဆိုပြီး အမျိုးသားတွေပါးစပ်က ပြောနေခေတ်နဲ့အညီနေမယ့် ကိုယ်ယူမယ့်မိန်းကလေးကို ဘယ်သူမဆို အပျိုစင်စစ်စစ်ကို လိုချင်တဲ့စိတ် တစ်ချို့အမျိုးသားတွေမှာ ရှိနေကိန်းအောင်းနေမှာပါ …. ကိုယ်ကသာ ကိုယ်ချစ်သူ့ကို လက်မထပ်ခင် အပျိုစင်ဘဝကို သိမ်းသွင်းယူချင်ပေမယ့် ကိုယ့်ချစ်သူက အဲကတည်းက အပျိုစင်မဟုတ်တော့ရင် လက်ခံဖို့ဆိုတာ အတော်ဝန်လေးမယ်လို့ထင်ပါတယ် ……..

    • ဟုတ်ပါတယ် ယောင်းရေ…
      ခေတ်မှီသင့်တာကို ခေတ်မှီအောင်နေထိုင်ပြီး ထိန်းသိမ်းသင့်တာကို ထိန်းသိမ်းစောင့်ရှောက်ဖို့လို တယ်ဆိုတာ ထင်ထင်မြင်မြင်ကြီးပြလိုက်တာပါပဲ
      ခေတ်ကို အကြောင်းပြပြီး ယဉ်ကျေးမှုကို မဖျက်စီးဖို့ပါ…

      သနပ်ခါးကြောင့် ဓာတ်ပုံရိုက်ခံခဲ့ရတယ်ဆိုလို့ ဂုဏ်ယူမိပါတယ် ယောင်းရေ… မွန်မွန်လည်း သနပ်ခါးလိမ်းထားမိချိန်များ နိုင်ငံခြားဧည့်သည်တွေနဲ့တွေ့မိရင် ဂုဏ်ယူမိလို့… 🙂

      ယောင်းရေ..အဲလိုချစ်ပါတယ်ပြောပြီး ဖျက်ဆီးတဲ့ယောက်ျားတွေရဲ့ ပါးစပ်ကပဲ ဒီကောင်မလေး အပျိုမစစ်တော့ပါဘူးကွာလို့ ပျံ့တာမို့လား… ကြောက်ဖို့ကောင်းမှန်း သိစေချင်ပါတယ်….

  • ဘဲဥ

    October 25, 2012 at 2:27 pm

    အဟမ်းဟမ်းဟမ်း……….
    သများဒို့ဂလည်း ယဉ်ကျေးမှုသင်တန်းကို PHDနဲ့ဆင်းခဲ့တာပါချင့်
    ဥဥရဲ့ ကောင်မလေးကိုလည်းတန်ဖိုးထားပါဒယ်နော် အခုအချိန်ထိ လက်တောင်မကိုင်ဘူးတေးဝူး (ဘယ်ကိုင်ဖူးပါ့မလဲ ရည်းစားမှမဖစ်တေးဒါဂို) :mrgreen:

  • ပန်းစံပါယ်

    October 25, 2012 at 3:23 pm

    စာအရေးအသား တင်ပြပုံ ရည်ရွယ်ချက် အားလုံးကောင်းပါတယ်။ ဝတ်စားဆင်ယင်မှုအပိုင်းနဲ့ပတ်သက်ပြီး တိုက်ဆိုင်လို့ အစ်မအတွေ့အကြုံလေးတစ်ခုပြောပြချင်တယ်။ အစ်မကလည်း မခိုင်ခိုင်လိုပဲ အမြဲတမ်းသနပ်ခါးပဲလိမ်းပါတယ်။ မင်္ဂလာဆောင်တို့ အလှူတို့သွားရင်တောင်မှ သနပ်ခါးမလိမ်းရရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသလိုပဲခံစားရတယ်။ ပြီးခဲ့တဲ့ တစ်ပတ်လောက်က ရုံးက အစ်မတစ်ယောက်ရယ်၊ အစ်ကိုတစ်ယောက်ရယ်၊ ဦးလေးကြီးတစ်ယောက်ရယ် ကျမရယ် အားလုံး (၄) ယောက် တော်ဝင်ပလာဇာကိုသွားပြီး နေ့ခင်းစာသွားစားဖြစ်ကြတယ်။ ကျမက ချည်ထည် ဝမ်းဆက်ဝတ်ထားတာ။ အင်္ကျီက စတစ်ရင်ဖုံးလက်စက မြန်မာဆန်ဆန်ပေါ့။ မျက်နှာမှာက သနပ်ခါး ပါကွက်နဲ့ပေါ့။ ဆိုင်ထဲမှာ ကျမတို့စကားပြောရင်း စားနေတုန်းမှာ ကျမတို့စားပွဲရဲ့ဘေးက စားပွဲမှာ မိန်းကလေး ငယ်ငယ်လေးတွေ (၃) ယောက် ရောက်လာတယ်။ (၃)ယောက်ထဲမှာ တစ်ယောက်ကတော့ ယောက်ျားလေးလိုလို မိန်းကလေးလိုလို၊ မိန်းကလေးက ယောက်ျားလေးပုံပေါက်နေတာလား ဘာလားတော့ မသိဘူး သေချာတော့မကြည့်မိပါဘူး။ သူတို့ထိုင်ခါစမှာပဲ ရိုးရိုးယဉ်ယဉ်လေး ချစ်စရာလေးလို့ သူတို့ထဲက တစ်ယောက်ကပြောတာကို ကြားမိလိုက်တယ် တစ်ဆက်တည်းမှာပဲ ကျန်တဲ့ (၂)ယောက်ထဲက တစ်ယောက်က ဘယ်လို ဘယ်ညာနဲ့ မကောင်းမြင်ဝါဒနဲ့ ဝေဖန်တဲ့စကားတစ်ခွန်းလည်းကြားလိုက်မိတယ်။ ကျမလည်း ကိုယ့်ကိုပြောနေတာမှန်းရိပ်မိပေမယ့် မသိသလိုပဲ စကားပြောရင်း စားနေတာ လှည့်လည်းမကြည့်ဖြစ်ပါဘူး။ အဲတော့ကာ ကိုယ်တိုင်မထိန်းသိမ်းတဲ့အပြင် သူများရဲ့ရိုးရာယဉ်ကျေးမှုပုံစံဝတ်စားဆင်ယင်တာကိုကြည့်ပြီး အဲဒီလိုပြောဆိုဝေဖန်တတ်ကြတော့ မပျောက်ကွယ်အောင် ထိန်းသိမ်းတတ်ကြဖို့အတွက်တော့ အတော်လေးရင်လေးစရာပါပဲ။

    • ပန်းစံပါယ်

      October 25, 2012 at 3:48 pm

      တစ်ခုကျန်သွားလို့ ဘယ်လိုပင် ခေတ်နဲ့အညီရှိနေပေမယ့် အပျိုစင်ဘဝကိုတော့ အထူးထိန်းသိမ်းဖို့လိုပါတယ်။ ယောက်ျားလေး ၁၀ဝ မှာ အယောက် ၉ဝ က အပျိုမစစ်တဲ့မိန်းကလေးမှန်း သိလျက်နဲ့ လက်ထပ်လိမ့်မည် မထင်ပါ။ တစ်ချို့ယေကျ်ားလေးတွေက မိမိကြောင့် အပျိုရည်ပျက်သွားတဲ့ မိမိချစ်သူရည်းစားကိုတောင်မှ လက်ထပ်ယူဖို့ ဝန်လေးတတ်ကြလိမ့်မယ်ထင်ပါတယ်။ ဒါကြောင့် မိမိနိုင်ငံ ယဉ်ကျေးမှုနဲ့ မိမိလူမျိုး ပတ်ဝန်းကျင်နဲ့ မကိုက်ညီတဲ့ မည်သည့်အရာကိုမဆို နားမယောင်မိဖို့ အထူးသတိပြုရမှာပါ။

      • ကွန်မန့်အတွက် ကျေးဇူးပါ အစ်မရေ…
        မွန်မွန်ထင်ပါတယ် (ထင်တာထက် ယုံကြည်တာပေါ့နော်..) မြန်မာဝတ်စုံကို တန်ဖိုးထားတဲ့မိန်းကလေးတိုင်းက မြန်မာဝတ်စုံဝတ်ထားတဲ့အချိန်မှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုအရှိဆုံး ဖြစ်နေပါလိမ့်မယ်… နိုင်ငံခြားစရိုက်ထဲ ဘဝင်ကိုင်ပြီး ကိုယ့်ယဉ်ကျေးမှုကို အထင်သေးနေတဲ့သူတွေလည်း ရှိတာပေါ့…

        အစ်မရေ.. ၉ဝ မပြောနဲ့ … ၁၀ဝ လုံးက လက်ထပ်ဖို့ စိတ်ရှင်းမှာ မဟုတ်ပါဘူး…. ပြီးတော့.. ငါ့တောင် ဒီလိုပေးသေးတာ..အရင်ရည်စားတွေနဲ့လည်း ဒီလိုပဲနေမှာပဲ ဆိုတဲ့စိတ်နဲ့..ကိုယ့်တန်ဖိုးက လုံးဝပျက်သွားမှာပါ… ချစ်တာကို တန်ဖိုးနဲ့ ထိန်းစေချင်ပါတယ်…

  • jullies cezer

    October 25, 2012 at 3:26 pm

    အရမ်းကောင်းတဲ့ post လေးပါ ”ချစ်သူရည်းစားထားဖူးတဲ့ မိန်းကလေးတွေကို
    အပျိုစင်မစစ်တော့သလို ထင်နေကြတာတွေကို ကြားရတိုင်း အသည်းခိုက်အောင်
    နာမိပါတယ်”ဒီစာသားလေးကိုအကြိုက်ဆုံးပဲဗျာ မိန်းမကောင်းတွေမှာလည်း
    ငခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုတ်ဆိုသလိုပဲ အုတ်ရောရော
    ရောရောကျောက်ရောရော အထင်သေးခံနေရတယ် မွန်မွန်ခံစားချက်နဲ့
    တို့နဲ့တစ်ထပ်ထဲပါပဲ………

    • ဟုတ်ပါတယ် julies cezer ရေ…အခုခေတ်က ဘယ်သူ့ကိုမှ မယုံရတဲ့ခေတ်ဆိုတော့ မိန်းမကောင်းတွေလည်း အထင်သေးခံနေရတာကို ကြားရတိုင်း တကယ်ကို အသည်းနာမိပါတယ်… မွန်မွန် ပြန်ပြောနေကျ စကားတစ်ခွန်းရှိတယ်… နင့်ပတ်ဝန်းကျင်မှာ ဒီလိုမိန်းကလေးတွေပဲ တွေ့ရတာ နင်လည်း အဲ့လိုလူမျိုးမို့လို့ပါလို့… ငါကတော့ ငါ့သူငယ်ချင်းတွေထဲမှာ အဲ့လိုမိန်းကလေးမျိုး မတွေ့ဖူးသေးဘူး လို့ပဲ ပြန်ပြောလိုက်တယ်… 🙂

  • koyinmaung

    October 25, 2012 at 3:30 pm

    မွန်မွန်ရေ ယဉ်ကျေးမူ အကြောင်းပြောသွားတာအရမ်းကောင်းတယ်…..
    ကျနော်တို့တွေ တရုတ်ပြည်ထဲရောက်နေပေမဲ့ အလုပ်လုပ်တဲ့အချိန်သာဘောင်းဘီဝတ်ကြပေမဲ့
    ကိုယ်နေတဲ့နေရာပြန်ရောက်လို့ကတော့ပုဆိုးနဲ့ဘဲနေကြတာ
    ကိုယ်သားသမီးတွေဆိုလဲ မြန်မာပြည်ထဲကကျောက်ပြင်ယူလာကြတာ..
    သနပ်ခါးဘဲလိမ်းကြတယ် အခုဆိုတရုတ်မတွေကတောင်သဘောကျလို့
    တောင်းလိမ်းကြတယ်…

    • ပန်းစံပါယ်

      October 25, 2012 at 4:06 pm

      အဲဒါလေးကြားရတာ ဝမ်းသာမိပါတယ် koyinmaung ရေ။
      ဒီနေရာမှာ မွတ်စ်ကုလားမတွေကို အတုယူဖို့ကောင်းတယ်။ မြန်မာမှာရှိနေကြတဲ့ မွတ်စ်ကုလားမတွေများ သူတို့ဝတ်စားဆင်ယဉ်မှု ခေါင်းမြီးခြုံနဲ့ပဲ။ မြန်မာပြည်ထဲက မြန်မာမတစ်ချို့ကိုတောင်မှ ခေါင်းမြီးခြုံအောင် လုပ်နိုင်လိုက်ကြသေး။ ပြောချင်တာတွေကတော့ အများကြီးပဲ ဒါပေမယ့် မပြောတော့ပါဘူး။

      • ကိုရင်မောင်ရေ.. မွန်မွန်လည်း ကြားရတာ ဝမ်းသာပါတယ်… မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းထားတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်… ကိုရီးယားတွေကို အရမ်းအားကျဖို့ကောင်းတယ်..အခုဆို နိုင်ငံတော်တော်များများမှာ သူတို့ယဉ်ကျေးမှုတွေ ရောက်နေပြီလေ…

  • Shwe Tike Soe

    October 25, 2012 at 4:22 pm

    အခုအချိန်မှာတော့ ချည်သားဝမ်းဆက် ဆံပင်အရှည်နဲ. သနပ်ခါးဖွေးဖွေး လိမ်းထားတဲ့ လုံမပျိုများကို လည်ပြန်ငေး ကြည့်မိတာတော့ အမှန်ပါပဲဗျာ….

    သူပြောမှ ကျွန်တော်ဖတ်ဖူးတဲ့ ဝတ္တုထဲက ကဗျာအပိုင်းလေးသွားသတိရတယ်..
    “သနပ်ခါးဖွေးဖွေး သူ.ပါးလေးကို မွှေးမွှေးလေးပဲ ပေးချင်တယ်” တဲ့…..
    ပြီးတော့ ရှိသေးတယ် သီချင်းလေ..
    “ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို.ယူ… ဘယ်လိုအသားမဲမဲ ဝါဝါညက်ညက်ဖြူ”
    ဒီခေတ်မှာဆိုလဲ..
    “ပါးပြင်မှာ သနပ်ခါးလေးနဲ. ချစ်စရာကောင်းလိုက်တာကွာ”…..

    အခုများတော့ အဲလိုမဟုတ်တော့ပေါင်…
    “မင်းကို ငါက နာနာနာနာနာ မင်းစိတ်ဆိုးမှာလား”………….

    • တိုက်တိုက်ရေ…သနပ်ခါးကို သဘောကျတယ်ဆိုပါတော့…
      အုပ်အုပ်ကလည်း သနပ်ခါးကြိုက်တယ်မို့လား….သိနေတယ်လေ….

      အခုအချိန်မှာတော့ ချည်သားဝမ်းဆက် ဆံပင်အရှည်နဲ. သနပ်ခါးဖွေးဖွေး လိမ်းထားတဲ့ လုံမပျိုများကို လည်ပြန်ငေး ကြည့်မိတာတော့ အမှန်ပါပဲဗျာ….

      မိန်းကလေးအချင်းချင်းလည်း ကြည့်မိပါတယ်ရှင်… မြန်မာဆန်ဆန်မိန်းကလေးတွေဆို ယဉ်ယဉ်လေးဆိုပြီး လိုက်ကြည့်တာ…

      သနပ်ခါးနဲ့ ပတ်သက်ပြီး ထပ်ရေးဖြစ်အောင် ကြိုးစားပါမယ်ချင့်…

  • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

    October 25, 2012 at 4:40 pm

    ၂၁ရာစုရဲ့ အရွယ်ရောက်ပြီးသား ၊ မြန်မာနိုင်ငံသူ အမျိုးသမီးတစ်ယောက်အနေနဲ့ ယဉ်ကျေးမှုနဲ ့ဓလေ့ထုံးစံတွေကို ရေးဖွဲ့ထားတဲ့ ဒီပို့စ်လေးကို နှစ်သက်မိပါတယ် မွန်မွန်ရေ ။
    ယဉ်ကျေးမှူနဲ့ ခေတ်ရေ စီးကြောင်းက ၊ အချိန်ကြာလေ ကွာဟချင်လေ ဖြစ်လာတာ တွေ့ရ မြင်ရပေမယ့် ယဉ်ကျေးမှုကို အခြေခံပြီး ခေတ်ရေစီးကြောင်းအတိုင်း စီးမျောလွင့်လို့ ရတဲ့ ဖန်တီးနိုင်ခွင့်တွေ ၊ လူသားတိုင်းမှာ မျှတစွာရှိနေကြပါတယ် ။ တချို့ကျတော့လည်း မသိ ၊ တချို့ကျတော့လည်း သိရက်နဲ့ မဖန်တီးနိုင်တာ .. အိုစုံလို့ပါပဲ ။

    ***********************
    ဆံပင်နဲ့ ပတ်သတ်လို့ကတော့ ၊ သိပ်ပြီး ထင်မြင်ချက်မပေးချင်ပါဘူး ညီမလေးရေ ။ ဟိုခေတ်မှာ ဆံပင်ရှည်ပဲထားထား၊ ဒီခေတ်မှာ တိုတိုပဲ ထားထား ၊ အဓိကကတော့အနံ့သက်ကင်းကင်း၊ သေသေသပ်သပ်နဲ့ တကိုယ်ရည်သန့်ရှင်းမှု ရှိဖို့ပါပဲ ။

    သေနပ်ခါးကတော့ မွန်မွန်ရေ … ငယ်ငယ်တုန်းကတော့ အရမ်းကြိုက်တာပေါ့ ။ အမေက သေနပ်ခါးတွေပြည့်ကြပ်နေအောင် ပါးနှစ်ဖက်မှာ လိမ်းပေးထားပြီး ၊ ထမင်းကျွေးတဲ့အခါ ဆီတွေကွပ်လို့ မောင်နှမနှစ်ယောက် တယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်ခဲ့ကြတဲ့အ ချိန်တွေ သတိရမိတယ် ။ငယ်ငယ်တုန်းကတော့ သနပ်ခါးလိမ်းရတာ သဘောကျတယ် ။ ဒါပေမယ့် ဒီလေးငါးနှစ်တွင်း သနပ်ခါး မသုံးမိတော့သလို ၊ ကျောက်ပျဉ်တောင် ဖုံတက်နေခဲ့ပါပြီ ။ ပြသနာက သွားလာလှုပ်ရှားနေရတဲ့အ လုပ်ခွင်ထဲ တနေကုန်မခံတာကြောင့်ပါ ။ အိမ်ပြန်ရောက်တော့လည်း တနေကုန်လိမ်းထားတာတွေကို ရမူဗယ်နဲ့ ဖျက်ရပြီး တိုနာနည်းနည်းနဲ့ ဒီတိုင်းမျက်နှာပြောင်နေရတာကိုပိုသဘောကျမိလို့ပါ ။ သနပ်ခါးကို ကြိုက်ပါတယ် .. ဒါပေမယ့် သုံးဖို့ အဆင်မပြေတော့တဲ့ အနေထားမို့ ၊ မသုံးဖြစ်တော့တာပါပဲ ။

    မြန်မာ့ရိုးရာ ချည်ထည်၊ ပိုးထည်၊ ချိတ်ထည်တွေကိုတော့ သဘောကျလွန်းလို့ ရောက်တဲ့နေရာတိုင်းမှာ ကြုံသလို ဝယ်ဖြစ်ပါတယ် ။ ပြည်တွင်းဖြစ်ပိတ်စသားနဲ့ ချုပ်လျှင် အတွန့်တွေ အတက်တွေနဲ့ ဖက်ရှင်လုပ်ထားတာထက် ၊ ရိုးရိုးရှင်းရှင်း ရင်ဖုံးလေးတွေကို ပိုကြိုက်တယ် ။ ချုပ်ဝတ်ဖြစ်လျှင်တော့ အဲ့ဒါမျိုးတွေပဲ အချုပ်များပါတယ် … ။

    ညီမလေးပြောသလိုပါပဲ ၊အနေထိုင်အပြုမူနဲ့ ပတ်သတ်လို့ကတော့ ကိုယ့်နိုင်ငံတွင်းမှာ သုံးနေတဲ့ ခေါင်းငုံ့သွားတဲ့ ယဉ်ကျေးမှုက ၊ အခုအလုပ်လုပ်နေတဲ့ နေရာမှာ အံသိပ်မဝင်တာ အမှန်ပါပဲ ။ အစ်မတို့ အလုပ်တွေမှာ ငုံ့သွားရိုး ထုံးစံမရှိဘူး ၊ လူမျိုးခြားတွေကြားဖြစ်နေလို့ပါ ။ အလုပ်ခွင်မှာတော့ အချင်းချင်း respect ရှိတာမျိုးပဲ ရှိတယ် …. ။
    နောက် နှစ်ပိုဒ်ကိုတော့ .. ကော့မန့် ခွဲ ပြီးရေးပါမယ်နော် ။

    :gee:

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 25, 2012 at 6:43 pm

    ဘယ်လိုမှတော့ သဘောမထားပါနဲ့ :mrgreen:
    ဗျောင်းဗျန်တွေးကြည့်တာပါ
    ဆိုခဲ့ပြီးသလို ယဉ်ကျေးမှု့ဆိုတာကြီးကို ရှေးရှေးတုန်းကတည်းက
    ခေါင်းထဲ မထည့်ထားကြရင် ခုလောက်ဆို အာရှမှာ မြန်မာတွေ ကျားဖြစ်လောက်တယ်
    သေးခြာလည်းတွေးကြည့်ကြဦး
    ယဉ်ကျေးမှု့ဆိုတာတွေကြောင့် ဟိုဒါမလုပ်သင့်ဘူး ဒီဒါမလုပ်သင့်ဘူး ( ခိုးလုပ်ဒယ် )
    ဘာမှမလုပ်တော့ ဘာမှမဖြစ်လာဘူး
    သွားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးအဲ့သည်ယဉ်ကျေးမှု့

    • သွားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးအဲ့သည်ယဉ်ကျေးမှု့

      အဲ့လိုတော့ မလုပ်ပါနဲ့ ဦးအောင်ပုရယ်… ယဉ်ကျေးမှုကိုသာ ပစ်ပယ်ခဲ့ရင် အာရှကျားဖြစ်ဖို့နေနေသာသာ ကမ္ဘာမှာ မြန်မာဆိုတာတောင် ပျောက်သွားလောက်တယ်….

    • နေဝန်းနီ

      October 31, 2012 at 8:44 pm

      အောင်ပုကွ….။ အနားနားရှိရင် ထုတောင်ထုပစ်မိမလားမသိဘူး ….။ ချစ်စရာကောင်းလွန်း လို့….။ ရော့ တစ်မတ် မုန့်သွားဝယ်စား….။ ဟားဟား ………. 😛

  • uncle gyi

    October 25, 2012 at 11:06 pm

    ကိုပုအဲဒါကျွန်တော်နဲ့အမြင်မတူပါ
    မြန်မာတွေအာရှကျားမဖြစ်တာယဉ်ကျေးမှုကြောင့်လို့ပြောတာနဲနဲပြန်စဉ်းစားစေချင်ပါတယ်
    နောက်ဆုံးမင်းဆက်ကစရ ရင်ယဉ်ကျေးမှုကြောင့်မဟုတ်တာသေချာပါတယ်
    အာဏာရူးခဲ့ကြလို့အရည်အချင်းမရှိသူမင်းဖြစ်လာတာကြောင့်လို့ကျွန်တော်ဆိုချင်ပါတယ်
    နောက်လွတ်လပ်ရေးရပြီးတော့ကောအာဏာရူးလိုက်ကြတာစာအုပ်ပြန်ဖတ်ဖို့တောင်မလိုဖူး
    ထင်ပါတယ်
    တကယ်တော့မြန်မာတွေအမျိုးချစ်ကြလို့ လို့ပြောရင်သဘောတူမလားဟင်

    မြန်မာမိန်းကလေးထဲမွန်မွန်လိုအတွေးရှိသူမိန်းကလေးကိုလေးစားပါတယ်ကွယ်
    ချွေးမတောင်တော်ချင်လာပြီ

    • အန်ကယ်ကြီးရေ.. ထောက်ခံပါတယ်… ဆွေးနွေးပေးတာကျေးဇူးပါ… ယဉ်ကျေးမှုနဲ့ အာရှကျားနဲ့ ဘာမှမပတ်သက်ဘူးလို့ပဲ မြင်ပါတယ်… ဦးနှောက်တွေ လှောင်ပိတ်ခံထားရလို့ပါ….

      ဒါနဲ့..အန်ကယ်ကြီးသားက ဘယ်အရွယ်တုန်း… :mrgreen:

  • aemoshu

    October 26, 2012 at 10:42 am

    ခိုးလုပ်ချင်လည်း ယဉ်ကျေးမှုလို့အော်နေတဲ့လူက ဘာမှ မဖြစ်ပါဘူး။ ဟိုနေ့က ဦးဘလက်တင်တဲ့ပို့စ်က အကြိုင်ပြောသလိုပေါ့ (လောကကြီးကို မကျေနပ်လို့ အရွဲ့တိုက်လိုက်တာ၊ လောကကြီးက ဘာမှမဖြစ်ဘူး၊ ကျွန်မဘဲ လမ်းဘေးရောက်သွားတယ်)။ ဟုတ်ကဲ့ ယဉ်ကျေးမှုကိုမကျေနပ်လို့ ခိုးလုပ်တော့လည်း ကိုယ်ဖြစ် ကိုယ်ခံပဲပြောစရာရှိတော့တာပေါ့။ ယဉ်ကျေးမှုဆိုတာမရှိရင် (ခေါင်းထဲထည့်မထားကြရင်) ဟုတ်ကဲ့ လူသားဆိုတာ တိရိစာ္ဆန်နဲ့ကွာတော့မှာမဟုတ်ပါဘူး …

  • aemoshu

    October 26, 2012 at 10:45 am

    (ကျွန်မပြောချင်တာတော့ အားလုံးကို သိအောင်လေ့လာပါ၊ စာများများဖတ်ပါ။ ဒါပေမယ့် ပညာဉာဏ်ကို အသုံးချပြီး မြန်မာ့ယဉ်ကျေးမှုအောက်က မြန်မာအမျိုးသမီးဂုဏ်ပုဒ်ကို ထိန်းသိမ်းကြပါ။ အနောက်တိုင်းယဉ်ကျေးမှုတွေထဲက မြန်မာ့ယဉ်ကျေးမှုနဲ့ကိုက်ညီတာကိုပဲ ယူကြပါ။)
    လုံမရေ ဒါကိုထောက်ခံပါတယ်။ ဒါပေမယ့် အားလုံးဟာလွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ ကိုယ်ကြိုက်တာ ကိုယ်ယူပေါ့၊ ကိုယ်ယူတာပဲကိုယ်ရမှာပါ။

    • ကွန်မန့်အတွက် ကျေးဇူးပါ တီတီအဲမိုရေ…
      လုံမလည်း အဲ့ဒီစကားလေးကို မှတ်ထားပါတယ်….
      လောကကြီးကို မကျေနပ်လို့ အရွဲ့တိုက်လိုက်တာ၊ လောကကြီးက ဘာမှမဖြစ်ဘူး၊ ကျွန်မဘဲ လမ်းဘေးရောက်သွားတယ်

  • kyeemite

    October 26, 2012 at 11:34 am

    မွန်မွန့်ရဲ့ ပို့လေးက ပြည့်စုံနေပြီးသားဆိုတော့…တစ်ခုလောက်ပဲ
    ထပ်ဖြည့်စွက်ပြောချင်ပါတယ်…မြင်နေတွေ့နေရတာတွေထဲကတစ်ခုပါ…
    အထူးသဖြင့် ဒီနေ့ခေတ် ယောက်ကျားလေးတွေ(လူငယ်တွေ) တော်တော်များများပါ..
    ပိန်လှီချိနဲ့ပီး ခြေသလုံးပုလွေရိုးဆိုတာလို လူဗလံလေးတွေ အတွေ့ရများလာတာပါပဲ..
    ဘောင်းဘီကျပ်ကျပ်ဝတ်ထားတာများ တကယ့် ဝါးချမ်းပြား အဝတ်ပတ်ထားသလိုပဲ…
    ကမ္ဘာနဲ့ယဉ်ဘောင်တန်းကြမဲ့ လူငယ်တွေကိုကြည့်ပီး…စိတ်မသက်မသာဖြစ်မိပါတယ်..
    တစ်ချိန်က ဗမာက ဂျပန်ကို “ငပု” (ကိုအောင်ပုမဟုတ်ပါ..)လို့ခေါ်ခဲ့ကြတာ..
    ဗမာတွေကထွားကြိုင်းခဲ့ကြလို့ပါ..ခုတော့ ဂျပန်ဆို မော့တောင်ကြည့်နေရပါပြီ..
    ကာယဗလ လိုက်စားရမယ်လို့မဆိုလိုပါ..ထိုက်သင့်တဲ့ အဟာရပြည့်တာတွေ
    စံနစ်တကျစားပြီး ကိုယ်ခန္ဒာ ကျန်းမာကြံ့ ခိုင်အောင်လုပ်ကြဖို့တော့လိုပြီထင်မိပါတယ်…
    ဒီလိုသာသွားလို့ကတော့ နောင်လာမဲ့မျိုးဆက်သစ်တွေ လက်ထက်ဆို..
    ဒန့်ကျွဲပင် ပုခက်ဆင်ရတော့မယ်ထင်မိပါကြောင်း… :mrgreen:

    အကျိုးပြုပို့စ်လေးအတွက် မွန်မွန်ကိုလေးစားပါကြောင်း…
    ခင်တဲ့…

    • ထပ်ဖြည့်ပေးတာအတွက် ကျေးဇူးပါ ဦးကျော်ရှင့်..
      မြန်မာတွေပုတာ နိုင်ငံတကာဘောလုံးပွဲတွေမှာ အရမ်းသိသာသလိုပဲ.. 🙂

      ဂျပန်တွေက ဗုံးဒဏ်ကနေ ပြန်လည်ထူထောင်တဲ့အချိန်မှာ အစားအသောက်ကို ကယ်လိုရီနဲ့အတိအကျစားခဲ့ကြတယ်လို့ မှတ်သားဖူးပါတယ်…
      ဆိုတော့ကာ..စနစ်လို့ပဲပြောရမလား… 🙄

  • Khaing Zar Win

    October 26, 2012 at 6:53 pm

    ဟုတ်ပါ့။ ကိုကြီးမိုက်ပြောသလို ပို့(စ) လေးက ပြောသွားတာ အကုန်ပြည့်စုံပြီး စေတနာပါမှန်းသိသာပါတယ် မွန်မွန်ရေ။
    ခုခေတ် ကောင်လေးတွေ ဝတ်စားတာလည်း သဘောမကျတာ အမှန်ပဲ။ အဲဒါကြောင့် ဪ… ကိုယ်က အသက်ကြီးပါပြီလေလို့ ပဲဖြေလိုက်တယ်။
    ပေါ့ပါးတာကောင်းပေမဲ့ ပေါ့ပေါ့နေ၊ ပေါ့ပေါ့တွေးစိတ်လေးတွေကတော့ မကောင်းဘူးထင်တယ်နော်။
    ဂျင်နရေးရှင်း တစ်ခုပြီးတစ်ခုပြောင်းလာတာနဲ့အမျှ အားမရစရာတွေက ပိုပိုများလာပြီတော့။

  • မောင်ပေ

    October 26, 2012 at 8:12 pm

    အရမ်းမှန်တာပါကလား မွန်လေးရယ်
    မွန်လေးပြောသမျှ ကိုပေ အားလုံး ဗုတ်လုပ်တယ်
    ဂျစ်မိသွားလို ့ပါ

  • YE YINT HLAING

    October 26, 2012 at 8:18 pm

    သူများဆီက ကောင်းတာယူပြီး ကိုယ့်မူကိုယ့်ဓလေ့ ယဉ်ကျေးမှုကိုယ်လည်း မပျက်စေဖို့ ရေးထားတဲ့ အရေးအသား နဲ့ အတွေးကောင်းလေးတွေကို ဖတ်ရှုသွားပါတယ်ခင်ဗျ။

  • padonmar

    October 27, 2012 at 12:06 am

    မွန်မွန်ရေ

    ပို့စ်လေးက ပြည့်စုံတာမို့ ဖြည့်စွက်စရာတောင် မလိုတော့ပါဘူး။

    မြန်မာ့ရိုးရာဝတ်စုံမှာ တိုင်းရင်းသားဝတ်စုံလေးတွေလည်း ပါပါတယ်လို့ ထည့်သဘောပေါက်ပေးကြပါလို့ နှမ်းဖြူးချင်ပါတယ်။

    ပွဲလမ်းသဘင်တွေမှာ ရင်လျားတဲ့ ဝတ်စုံတွေအစား လုံလုံခြုံခြုံရိုးရာ ဝတ်စုံလေးတွေဆိုပို ကျက်သရေရှိမလားလို့ထင်ပါတယ်။

    (အနောက်တိုင်းဝတ်စုံ ဆိုလည်း evening dress လိုမျိုး ပီပီသသ ဝတ်ပေါ့နော်။)

  • အကောင်းဆုံးကတော့ ခေတ်နဲ့လျော်ညီအောင်
    ပယ်သင့်တာကို ပယ်ပြီး
    သယ်သင့်တာကိုသယ်ခဲ့တာအကောင်းဆုံးပါ။
    ဒါပေမယ့် အပေါ်ယံ အဆင်အပြင်ဘဲပြောင်းတာကောင်းပါတယ်။
    အတွင်းအနှစ်သာရဖြစ်တဲ့ ကိုယ့်ရိုးရာယဉ်ကျေးမှု့ကတော့ ထိန်းသိမ်းရမှာအမှန်ဘဲနော်

  • ကထူးဆန်း

    October 27, 2012 at 9:58 pm

    အသက်ကြီးသူရှေ့ ခါးကုန်းသွားတဲ့ အကျင့် အင်ဒိုနီးရှားမှာလည်း ရှိပါသည် ။ မြန်မာ များထက်တောင် လိုက်နာကြောင်း တွေ့ရှိဖူးခဲ့ပါသည်။
    နိုင်ငံခြားကုမ္မဏီများမြန်မာ သနပ်ခါးကို လက်မခံကြပါ ။ အထူးသဖြင့် ဟိုတယ်ဝန်ထမ်းများ အား သနပ်ခါး လူးခွင့် မပေးပါ ။ သနပ်ခါး မှ ယူနီဖောင်း အား စွန်း စေသောကြောင့် ဖြစ်သည်ဟု ဆိုကြပါသည် ။ ထို့ကြောင့် သနပ်ခါး ပေးမလူးဘဲ မိတ်ကပ်သာ လူးခိုင်းပါသည် ။ (ဆီဒိုးနား။ ထရိတ်ဒါး ဝန်ထမ်းများအားရှု)
    သနပ်ခါးကတော့ မြန်မာတစ်နိုင်ငံတည်းသာ ရှိသည်ထင်ပါသည် ။
    “ပါးပြင်မှာ သနပ်ခါးလေးနဲ. ချစ်စရာကောင်းလိုက်တာကွာ” သီဆိုခဲ့သူကို ကျေးဇူးတင်ပါသည်။ :harr:
    ကျန်တာတော့ ………………….

    • @မခိုင်ဇာ-
      အသက်ကြီးနေပြီလို့ မတွေးပါနဲ့ဦးအစ်မရယ်… ငယ်ငယ်လေးရှိပါသေးတယ်…

      @ကပေ-
      ဂျစ်ပါ ဂျစ်ပါ ကပေရယ်… မတားပါဝူး… :mrgreen:

      @ကိုရဲရင့်လှိုင်-
      ဖတ်ရှုသွားတဲ့အတွက် ကျေးဇူးပါနော်….

      @အန်တီပဒုမ္မာ-
      ရိုးရာဝတ်စုံမှာ တိုင်းရင်းသားဝတ်စုံပါ ပါကြောင်း ထပ်ဖြည့်စွက်ပေးတာ ကျေးဇူးတင်ပါတယ်နော်… အန်တီပြောသလိုပဲ မြန်မာဝတ်စုံကိုလည်း မြန်မာဆန်ဆန် ဝတ်စေချင်ကြောင်းနဲ့ အနောက်တိုင်း evening dress ကိုလည်း အမြင်မရိုင်းအောင် ဝတ်ဆင်နိုင်ပါကြောင်း…

      @လေးပေါက်-
      အမှန်ပါပဲလေးပေါက်ရယ်..ကိုယ့်ယဉ်ကျေးမှုအနှစ်သာရကို ကိုယ်မထိန်းလို့ ဘယ်သူထိန်းမလဲနော်…

      @ကထူးဆန်း-
      အနောက်တိုင်းယူနီဖောင်း စကပ်တိုနဲ့ မိတ်ကပ်ပဲလိမ်းခိုင်းတဲ့ ဟိုတယ်တွေရှိသလို မြန်မာဝတ်စုံယူနီဖောင်းနဲ့ ဟိုတယ်တွေကတော့ သနပ်ခါးလိမ်းတာကို ခွင့်ပြုမည်ထင်ပါကြောင်း…

      အခု သီချင်းတစ်ပုဒ်ထပ်ပေါ်နေတယ်..မောင့်ချစ်သူ သီချင်းလေ…
      “သနပ်ခါးကို ဘယ်ညာလူး..ဆံထုံးလေးသာထုံး…မြန်မာရင်ဖုံးလေးနဲ့လိုက်ပါတယ်…”

  • အရီးခင်လတ်

    October 28, 2012 at 4:57 am

    မွန်မွန်ရေ

    သဘောကျမိတဲ့ Post လေး ပေမဲ့ မှတ်ချက်ကို စိတ်ထဲကဘဲ ပေးပြီး လက်က မရောက်ခဲ့တာ။
    နဲနဲထပ်ပြီး အားဖြည့်ချင်ပါတယ်။
    တကယ်တော့ ဝိုင်းပြီး အားဖြည့်ထားကြတာ အတော်တောင် စုံ နေပါပြီ။
    သမီးပြောတဲ့ {{ မြန်မာ့ယဉ်ကျေးမှုမှာ ကိုယ်အမူအရာ၊ နှုတ်အမူအရာ စတာတွေကလည်း အကျုံးဝင်ပါတယ် }} ကို ဝင်ဆွေးနွေးချင်ပါတယ်။
    ဂျပန်တွေဆိုရင် ကြီးငယ်မရွေး တွေ့ချိန်မှာ တဟိုက်ဟိုက် နဲ့ ခါးကုန်း ပြီး နှုတ်ဆက်ကြတာပါ။
    သူတို့ လူမျိုး အချင်းချင်းရော၊ နိုင်ငံခြားသား တွေနဲ့ ရောပါ သူတို့ ဓလေ့ ကို ပြကြပါတယ်။
    ဒီတော့ တစ်ခြားနိုင်ငံသားတွေ ကလဲ သူတို့ ဓလေ့ ကို သတိထားမိပြီး သူတို့ နဲ့ တွေ့ရင် ခါးကုန်း နှုတ်ဆက်ကြတော့တာဘဲ မဟုတ်လား။
    တကယ်တော့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးတာကို လူတိုင်း သဘောကျပါတယ်။
    တစ်ခုရှိတာက နိုင်ငံခြားသား တွေ ကို ကိုယ်အမူအရာ၊ နှုတ်အမူအရာ နဲ့လဲ ယဉ်ကျေး၊ သူတို့ ကိုလဲ နှုတ်လှန် မထိုးရဲ (သူတို့ မှားနေခဲ့ရင် ဖြစ်ဖြစ်၊ ကိုယ်ဖက်က ပြောစရာရှိရင်ဖြစ်ဖြစ်) ဆိုရင်တော့ ကိုယ့် ယဉ်ကျေးမှု ဓလေ့ လို့ မမြင်ဘဲ သူတို့ကို ကြောက်တဲ့ ပုံစံ လို့ မြင်သွားနိုင်တာ ရှိပါတယ်။
    အလုပ်ထဲမှာ သူတို့ နဲ့ ရဲရဲဝံ့ဝံ့ ပြောဆို ဆက်ဆံရင်း ကိုယ့်ယဉ်ကျေးမှု ကို ပြရင် သူတို့ ဂရုစိုက်မိပြီး ကိုယ်နဲ့ တွေ့ရင် ကိုယ့်ယဉ်ကျေးမှု ကို ပါ သူတို့က လိုက်လုပ်ပေးတတ်ပါတယ်။
    တကယ်တော့ အနောက်တိုင်းသား အများစုဟာ သူများယဉ်ကျေးမှု ဓလေ့တွေကို စိတ်ဝင်စားတတ်ကြပါတယ်။
    ဒီတော့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးတဲ့ ကိုယ့်ရဲ့ ယဉ်ကျေးမှု ကို သူများတွေ အထင်သေးမလား လို့ စိုးရိမ်စရာ မရှိပါဘူး။
    ဒီနည်း နဲ့ မြန်မာ့ယဉ်ကျေးမှု ကို ထိန်းသိမ်းပေးနိုင်ပါတယ်။

    မြန်မာ အဝတ်အစား နဲ့ သနပ်ခါးကတော့ ဒီမှာ ထိန်းသိမ်းထားပြဖို့ မလွယ်ဘူး။
    အရီးက မြန်မာပြည်တုန်းက သနပ်ခါးဘဲ လိမ်းလေ့ရှိတော့ (အထူတော့မဟုတ် ပါးပါးပါ) ဒီရောက်တော့လဲ မလိမ်းရ မနေတတ်တာကြောင့် လိမ်းခဲ့တယ်။
    မကြာဘူး။
    မျက်နှာမှာ တင်းတိတ် လို အညိုတွေ ဖြစ်လာလို့ သနပ်ခါး ကို ဖြတ်ပြီး သူတို့ ရာသီနဲ့ လိုက်တဲ့ မိတ်ကပ်လိမ်းမှ ပြန်ပျောက်သွားတာ။
    ကထူးဆန်းပြောသလို သနပ်ခါး ကို မြန်မာပြည်မှာဘဲ သုံးကြတယ် ထင်ရဲ့။

    ကျားမဆက်ဆံရေး ကို ဆက်ဆွေးနွေးရရင်
    အရင်က အနောက်တိုင်းမှာ မိသားစု ကို အလေးမထားဘူး၊ မိဘ ကို မရိုသေဘူး။ sex ဆိုတာဟာ ထမင်းစား ရေသောက် သလို စတဲ့ အတွေးတွေ ရှိခဲ့တာ။
    တစ်ခြားအနောက်နိုင်ငံတွေတော့ မသိ။ ယူကေ မှာတော့ လူတိုင်း ဒီလို ပုံစံ မဟုတ်တာ တွေ့ရပါတယ်။
    အရီးတို့ သိသလောက် အိမ်နီးချင်းတွေဆို ငယ်ထဲက ပေါင်းလာတာ အဖိုးအဖွား အရွယ်ထိပါဘဲ။
    သားသမီး တွေ နဲ့ အိမ်ခွဲနေတာ ထုံးစံပေမဲ့ မစိမ်းကြပါဘူး။
    ခရစ်စမတ် အခါဆိုရင် မိသားစု အားလုံး စုံ ကြရတာ ကို သူတို့ အရမ်းတန်ဖိုးတာပါ။
    မိသားစု ကို အလေးမထားသူတွေ ရှိသလို အလေးထားသူတွေလဲ တစ်ပုံတစ်ပင်ပါဘဲ။

    နောက်တစ်ချက်က ကိုယ်အလုပ်လုပ် တဲ့ အဆင့်အတန်းပေါ် မူတည်ပြီး ပုံစံတွေ ကွဲသွားတာလဲ ဖြစ်နိုင်ပါတယ်။
    တစ်ချို့ အလုပ်မရှိ ဖြစ်သလို နေတတ်သူတွေ ကတော့ အရက်ဆိုင် မှာ အရက်သောက်ရင်း တွေ့တဲ့သူနဲ့ ဇာတ်လမ်းဖြစ်တာ မဆန်းပေမဲ့ ပညာတတ်သူ အလုပ်အကိုင် အတည်တကျ သမား တွေ ကတော့ တော်ရုံ အဲဒီလောက် သောင်းကျန်းမယ် မထင်ဘူး။
    ဆယ်ကျော်သက်ကလေးတွေ ရဲ့ ပုံစံကလဲ အောက်အဆင့်က ကျောင်းတွေ က ကလေး ပုံစံ နဲ့ တကဲ့ ထိတ်ထိတ်ကြဲ ကျောင်းက ကလေး ပုံစံ နဲ့ ကွာပါတယ်။
    ဒါဟာလဲ မိဘတွေ ပုံစံ ကွာလို့ပါ။
    အရီးတို့ မြန်မာပြည် မှာ စည်းမရှိ ကမ်းမရှိ ဖြစ်နေတာ ဟာ ဒီက ပေါက်လွှတ်ပဲစား အကျင့်တွေ ကို အဟုတ်မှတ် အတုခိုးနေတာပါ။
    တကယ်တော့ ဒီမှာ လဲ သူအဆင့် နဲ့သူ စည်းနဲ့ ကမ်း နဲ့ ထိန်းထိန်းသိမ်းသိမ်း ပါဘဲ။
    ဒီတော့ အနောက်တိုင်းက မိန်းကလေးတွေတောင်မှ သူ့တန်ဖိုး သူထိန်းတဲ့ မိန်းကလေးတွေ ရှိပါတယ်။
    ဒီတော့ မြန်မာမိန်းကလေး များလဲ ကိုယ့်ကိုယ်ကို ထိန်းသိမ်းဖို့ သင့်ပါတယ်။

    ပြောချင်တာ အများကြီး သမီးရေ။
    ဒါပေသည့် တော်ဦးမယ်။
    ဒီလို Post လေးအတွက် လက်မထောင်သွားပါတယ်။

    ချစ်တဲ့
    အရီး

    • အရီးရေ…
      ကွန်မန့်အရှည်ကြီးနဲ့ အားဖြည့်ဆွေးနွေးပေးတာ ဝမ်းသာစွာ ကျေးဇူးတင်ပါတယ်နော်…

      သမီးတို့ရုံးမှာ သူဌေးကလည်း နိုင်ငံခြားသားပါ။ မြန်မာနိုင်ငံကိုရောက်တာ ကြာတဲ့အပြင် မြန်မာအမျိုးသမီးနဲ့ပါ အိမ်ထောင်ကျတာကတစ်ကြောင်း၊ ခရီးသွားလုပ်ငန်းကို လုပ်ကိုင်တာကတစ်ကြောင်းကြောင့် မြန်မာ့ယဉ်ကျေးမှုတွေကို စိတ်ဝင်စားပါတယ်။ မြန်မာစကားကိုလည်း တော်တော်လေးနားလည်ပြီး နည်းနည်းပါးပါး ပြောတတ်ပါတယ်။ မြန်မာစကားလုံးအသစ်များ သိလာရင် သိပ်ပြောချင်လွန်းပြီး တစ်ခါတစ်လေ အင်္ဂလိပ်ရယ်၊ ပြင်သစ်ရယ်၊ မြန်မာရယ် သုံးဘာသာညှပ်ပြောလို့ ရယ်ချင်တာကို မနည်းအောင့်ထားရပါတယ်။ သူ့ရှေ့မှာ ခေါင်းငုံ့သွားတာကို နားလည်ပေးသလို သီတင်းကျွတ်မှာ ကန်တော့ရင်လည်း ပြုံးပြုံးကြီးနဲ့ ဝမ်းသာနေတတ်ပါတယ်။ ဒါကြောင့် အရီးပြောတာကို အပြည့်အဝထောက်ခံပါတယ်…
      အလုပ်ထဲမှာ သူတို့ နဲ့ ရဲရဲဝံ့ဝံ့ ပြောဆို ဆက်ဆံရင်း ကိုယ့်ယဉ်ကျေးမှု ကို ပြရင် သူတို့ ဂရုစိုက်မိပြီး ကိုယ်နဲ့ တွေ့ရင် ကိုယ့်ယဉ်ကျေးမှု ကို ပါ သူတို့က လိုက်လုပ်ပေးတတ်ပါတယ်။

      ရောမရောက်ရင် ရောမလိုကျင့်လို့ ဆိုရမှာပေါ့နော်… အေးလှတဲ့သူတို့ရဲ့ ဆောင်းရာသီမှာ မြန်မာဝတ်စုံဝတ်ပြီး သနပ်ခါးလိမ်းဖို့တော့ ဘယ်လိုမှ အဆင်မပြေပါဘူး…သမီးဆိုရင် ဒီမှာတောင် ဆောင်းရာသီဆိုရင် သနပ်ခါးကိုရှောင်ပါတယ်..

      နောက် လွတ်လပ်ပွင့်လင်းတဲ့ အနောက်နိုင်ငံမှာတောင် မိသားစုကိုအလေးထားတဲ့လူတွေ ရှိတယ်ဆိုတာ သိရလို့ အံ့ဩမိပါတယ် အရီးရေ… သမီးကို အမေရိကက ဧည့်သည်တစ်ယောက်က ပြောဖူးတယ်..သူတို့နိုင်ငံမှာ အိမ်ထောင်သည်ကိုးဆယ်ရာခိုင်နှုန်းလောက်က အနည်းဆုံး တစ်ခါတော့ ကွာရှင်းဖူးပါတယ်တဲ့… သမီးတော့ မြန်မာတွေကို တစ်လင်တစ်မယားစနစ်ကို ထိန်းသိမ်းစေချင်တယ်…

      အရီးရေ… အရီးတို့ဆီက အကြောင်းလေးတွေကို သိရလို့ ကျေးဇူးပါနော်…အရီးပြောသလိုပဲ မြန်မာမိန်းကလေးတွေကိုလည်း အသိဉာဏ်နဲ့ယှဉ်ပြီး ကောင်းတာတွေကိုပဲ အတုယူစေချင်ပါတယ်…

      • PEACEMAKER

        November 12, 2012 at 7:06 pm

        “လွတ်လပ်ပွင့်လင်းတဲ့ အနောက်နိုင်ငံမှာတောင် မိသားစုကိုအလေးထားတဲ့လူတွေ ရှိတယ်ဆိုတာ သိရလို့ အံ့ဩမိပါတယ် အရီးရေ… သမီးကို အမေရိကက ဧည့်သည်တစ်ယောက်က ပြောဖူးတယ်..သူတို့နိုင်ငံမှာ အိမ်ထောင်သည်ကိုးဆယ်ရာခိုင်နှုန်းလောက်က အနည်းဆုံး တစ်ခါတော့ ကွာရှင်းဖူးပါတယ်တဲ့… သမီးတော့ မြန်မာတွေကို တစ်လင်တစ်မယားစနစ်ကို ထိန်းသိမ်းစေချင်တယ်…”

        မိသားစုကိုအလေးထားတဲ့သူတွေ အနောက်နိုင်ငံမှာအများကြီးရှိတာပေါ့။ သူတို့လည်း ဘာသားနဲ့ထုထားတာမို့လို့လဲ။ သွေးနဲ့သားနဲ့..နှလုံးသားနဲ့..ဦးဏှောက်နဲ့သူတွေပဲလေ။ တစ်ခါတစ်လေမှာ တစ်လင်တစ်မယားစနစ်ဆိုတာ စုံတွဲတိုင်းအတွက် ကောင်းချင်မှကောင်းတာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာပေါင်းနေပေမဲ့ ရန်သူနှစ်ယောက်လို တစ်မိုးအောက်ထဲမှာနေပြီး အချင်းချင်းအမျက်ရှနေကြတဲ့လင်မယားတွေအများကြီးရှိနေသလို..စိတ်သဘောအသွင်ချင်းမတူလို့ လုံးဝလင်မယားအဖြစ်ရှေ့ဆက်မရလို့ကွာရှင်းလိုက်ပေမဲ့ မိတ်ဆွေအဖြစ်ဆက်ပြီးရှိနေတဲ့သူတွေအများကြီးပါပဲ။ လင်မယားကွာရှင်းလိုက်လို့ စိတ်ဒဏ်ရာရတဲ့ကလေးတွေလည်းရှိတာပေါ့။ ဒါပေမဲ့ ခုခေတ်ကလေးတွေဟာ ဟိုတုန်းကထက်ပိုပြီးစိတ်ဓါတ်ပိုကြံ့ခိုင်လာကြပါတယ်။ ကွာရှင်းရတဲ့အကြောင်းကို နားလည်အောင်ပြောပြပေးတတ်တဲ့မိဘရဲ့ကလေးတွေဆို စိတ်ဒဏ်ရာရမယ်တောင် မထင်ပါဘူး။ တစ်ခုတော့ရှိတာပေါ့လေ။ မိဘတစ်ဦးဦးက အမြဲတမ်းနင့်အဖေကြောင့် နင့်အမေကြောင့်ဆိုပြီး နားသွင်းbrainwashလုပ်နေရင်တော့ အဲဒီကလေးမျိုးတွေ စိတ်ဒဏ်ရာရတာမဆန်းပါဘူး။

  • kai

    October 31, 2012 at 2:34 pm

    လစ်ဘရယ်အယူအဆအရဆိုရင်တော့…
    ယဉ်ကျေးမှုက.. မြစ်ရေလိုပဲ.. တသွင်သွင်… စီးဆင်းနေရတာ..
    ဆိုတော့…
    စီးဆင်းနေကြပါခင်ဗျား…။

    ကွန်ဆာဗေးတစ်အရကတော့.. ထိန်းထား..ထိန်းထား..
    အတိအကျကို.. မေမေ့စကား..ဘွားဘွားစကား… နားထောင်.. ထိန်းထားကြပါပေါ့..

    အလယ်အလတ်သမားကတော့…
    အဆင်ပြေသလို.. စီးဆင်းချင်စီးဆင်း..ထိန်းသိမ်းချင်..ထိန်းသိမ်းမယ်..။
    သနပ်ခါးလူးလို့လှတယ်ထင်ကြရင်.. လူးပြမယ်..
    မြန်မာပြည်အလည်လာတဲ့.. တိုးရစ်တွေကို.. ဂျာရစ်သနပ်ခါးနဲ့ ကလေးတွေပြမယ်..
    ဓါတ်ပုံရိုက်ရင်.. မုန့်ဖိုးတောင်းမယ်..
    ပိုနားလည်သူတွေက.. သနပ်ခါးကို.. ခေတ်နဲ့ညှိ.. အသားအရေသဘာဝနဲ့..ညှိပြီး.. စီးပွားဖြစ်ထုတ်ရောင်းမယ်..။

    ဒီအတိုင်းပဲ.. မြန်မာ့ရိုးရာ..ပုဆိုး..ထမီ.. စသဖြင့်ကို.. ကမ္ဘာကသိအောင်လုပ်မယ်..
    ကုန်ထုတ်လုပ်မယ်..
    ရောင်းမယ်..
    ပရိုမိုးရှင်းလုပ်မယ်.. မားကက်တင်းလုပ်မယ်..
    ရောင်းမယ်..
    ပရိုမိုးရှင်းလုပ်မယ်.. မားကက်တင်းလုပ်မယ်..
    ရောင်းမယ်..
    ပရိုမိုးရှင်းလုပ်မယ်.. မားကက်တင်းလုပ်မယ်..
    ရောင်းမယ်..

    • မိဂီ

      October 31, 2012 at 2:48 pm

      သဂျီးတို့ဆီက ဦးချစ်ခင်ရဲ့သား ရန်ကုန်မှာ SFJ ဆိုပီး ဂျာနယ် စထုတ်ပီ
      အဲ့ဆြာ က မိဂီရဲ့ဆြာအရင်းခေါက်ခေါက်ပဲ

      အဲ့ဂျာနယ်က စာမူတွေ 提案 တွေ 案件 တွေ
      ခေါ်နေတယ်…
      လက်တဲ့စမ်းရင် ကောင်းမလား ရယ်..
      ခုတလော ဒီဇိုင်းချည်း ထိုင်ရေးနေရလို့ မားကတ္တင်း တောင် မေ့တေ့တေ့ဖစ်နေတာရယ်..
      အင်း ပြောသာပြောရတယ်
      ဆြာသမားက မိဂီ့ လေကျ ကို လက်ခံမှာမဟုတ်ဝူး.. ဟီဟိ…

      :harr:

      • kai

        October 31, 2012 at 2:56 pm

        ပြောလိုက်လေ..
        မန်းဂဇက်ကပါလို့… :kwi:

        ယင်းမာမိသားစုက.. အပြီးပြန်ကြတဲ့သဘောမှာရှိပါတယ်..
        စားသောက်ဆိုင်များဖွင့်မယ်မှတ်နေတာ.. ဂျာနယ်လိုင်းရောက်သွားတာကိုး…
        ကောင်းလှောင့်တေး…

        • မိဂီ

          October 31, 2012 at 3:05 pm

          ဆြာကိုအောင်ချစ်ခင် က သူ့မိသားစု မပြန်ခင်ကတည်းက တယောက်တည်းကျဲနေတာ..
          တေးသံသွင်းကတော့ သိတဲ့အတိုင်းပဲ …
          ဂျာနယ်က လုပ်နေတာကြာပါပြီ ပုတက် ကလေးဂျာနယ် က သူပေါ့…
          စားသောက်ဆိုင်လည်း တွေးခဲ့သေးတယ်. . ဒါပေမယ့် တကယ်လုပ်ဖြစ်သွားတာက
          Strategy First Marketing ကျောင်း အဲ့ သည့်ကမှတဆင့် SFJ ဆိုပြီး
          ဘစ်ဇနက် ဂျာနယ် တွဲလုပ်တဲ့ သဘောဗျာ..

          ဒီမှာ တင်တဲ့ပိုစ့်တွေ ဆြာသမားကို ပြဖူးပါရဲ့ဗျာ…
          ချီးကျူးသလားတော့ မမေးနဲ့….
          ဗဲရီး အန်ဖော်မယ် မြန်မာစာ ယွိုက်တင်း တို့
          အီဗယ်လ် မာကတ္တာတို့ အခေါ်ခံရသေး..

          👿

          စကားမစပ် ဟန်ဒွက်ယန်း အမေဒစ်ကင်န် စာအုပ် ရောက်လာပါပီ…
          သနပ်ခါး နဲ့ ဟန်ဒွက်ယန်း ဘာမန် ကို အတော်လေး စိတ်အားထက်သန်ပါသည်။
          အချိန်လေး ရရင်ပေါ့ သဂျီးရယ်… ဖုန်သုတ်လိုက်ပါအုံး ….အဲ့စာအုပ်ဂျီး….
          🙁

        • kai

          October 31, 2012 at 3:17 pm

          ပုတက်ကလေးကာတွန်းက.. ပြီးခဲ့တဲ့လကတင်.. ပုံနှိပ်သတင်းစာမှာ.. မျက်နှာဝက်ကြော်ငြာပေးထားသေးတယ်..။

          ဆိုတော့..
          အယ်လ်အေရဲ့ဈေးအကြီးဆုံးရပ်ကွက်မှာ.. ဓါတ်ပုံဆိုင်ဖွင့်ထားပြီး.. အဲဒီမှာအလုပ်လုပ်သွားသေးတယ်မှတ်မိတယ်..။
          ဓါတ်ပုံလောကထဲမဝင်ဖြစ်ရင်တော့.. အံ့ဩစရာဖြစ်မိမယ်..။

          ဟန်ဒွက်ယန်း အမေဒစ်ကင်န် စာအုပ်များ.. ဖုံသုတ်ဖို့နေနေသာသာ.. ဘယ်ရောက်သွားမှန်းကိုမသိဘူး..
          ပြန်ရှာဦးမယ်… :harr:

      • ကထူးဆန်း

        November 3, 2012 at 7:58 am

        တစ်နေ့ က အဲ့ဒီ ဂျာနယ် ဖတ်လိုက်ရတယ် ။ ဖတ်ရင်း ဂီဂီ့ကိုတောင် သတိရမိတယ် ။ ပါတဲ့ ဆောင်းပါတွေကတော့ (အဲ့ဒီ့ လထုတ်) ကတော့ ဂီဂီ့ လက်ရာကို မမီကြောင်းပါ ။ မြှောက်ပေးတာ မဟုတ်ပါ ။

  • Hnin Hnin

    October 31, 2012 at 3:15 pm

    အပျိုစင်ဘဝကို စောင့်ထိန်းတယ်ဆိုတာ တစ်ဦးတစ်ယောက်အလုပ်မဟုတ်၊
    နှစ်ဦးနှစ်ယောက်အလုပ်မို့..ချစ်သူနှစ်ဦး အပြန်အလှန်စောင့်ထိန်းကြမှသာ
    ‘အပျိုစင်’ ဘဝက ‘အိမ်ထောင်ဦးည’ အထိ တည်မြဲနိုင်မှာပါ။

    အဆက်မပြတ် ပြောင်းလဲစီးမျောနေတဲ့ ယဉ်ကျေးမှုတွေထဲက မြန်မာ့ဓလေ့နဲ့အညီ၊
    ခေတ်နဲ့လည်းအညီ ဆောင်သင့်တာဆောင်ပြီး၊ရှောင်သင့်တာရှောင်နိုင်ရင်တော့
    အကောင်းဆုံးပါ..

    ခဏခဏပြန်ဖတ်မိပေမယ့် မမန့်ဖြစ်ခဲ့ဘူး…ပို့စ်ကောင်းတစ်ပုဒ်လို့ပဲပြောချင်ပါတယ်။

  • blackchaw

    October 31, 2012 at 4:45 pm

    နှမ်းဝင်မဖြူးတော့ပါဘူး မွန်မွန်ရေ…။
    အင်မတန်ကောင်းတယ်… ခင်ဗျားဖတ်ကြည့်ပါ လို့ကို
    ကိုကြီးမိုက်ကြီးက ညွှန်းနေပါတယ်ဗျာ…။
    ဆိုတော့
    လူနဲ့ စာနဲ့ ဘယ်လိုမှ မလိုက်ဘူးလို့တော့ အထွန့်တက်ခဲ့ချင်သေးတယ်ကွယ်…။
    :mrgreen:

  • ဦး ကျောက်ခဲ

    November 1, 2012 at 6:38 am

    တူမရေ

    ဦးလေး ကတော့ ဓလေ့ထုံးတမ်းဆိုတာတွေကို မပြောလိုပေမဲ့………..
    ယဉ်ကျေးမှုဆိုတာ “ဂလိုဘယ်လိုက်ဇေးရှင်း” မှာ အံ ရော ဝင်သေးရဲ့လားလို့?
    ဆရာကြီး ဒေါက်တာသန်းထွန်း ပြောခဲ့တာတွေက “နားခါး” လှတဲ့ “အမှန် တချို့” ဆိုတာ အသက်ကြီးမှ သိလာရတယ်…….

  • MaMa

    November 2, 2012 at 3:36 pm

    လုံမလေး နှင်းကေသရာမွန်မွန်ရေ-
    ပန်နိမ်းကိုဖတ်ပြီး မျက်စေ့လည်သွားလို့ ထင်တဲ့အတိုင်း ရေးလိုက်တာ။
    လက်တို့သူတွေက ကောင်းလွန်းတယ်လို့ လက်တို့တာနဲ့ မဟာရာဇာကြီးဆီက ပြန်ရှာပြီးဖတ်ရတယ်။
    လူနဲ့စာနဲ့မလိုက်အောင်ကို အသက်ငယ်ငယ် အသိကြွယ်ကြွယ်နဲ့ စာလေးလေးကြီး ဖန်တီးလိုက်တာ..
    မျက်မှန်တောင် ပါဝါတိုးရတော့မယ်။
    ယဉ်ကျေးမှုနဲ့ ခေတ်ရေစီးကြောင်းကို မျှတအောင် ဒွန်တွဲပေးလိုက်နိုင်တာမို့ ချီးကျူးပါတယ်။ :hee:

  • မမလေး

    November 3, 2012 at 3:58 am

    ပြောရမယ်ဆိုရင် တော်တော်လေးကို တိမ်ကောနေတာပါ …
    တစ်ချို့ လူကြီးကိုလူကြီးမှန်းမသိ ပြောတာဆိုတာ မက်ရိုင်းတာရှိတယ် …
    ကိုယ်အမုူအရာ မလေးစားတာရှိတယ် … လေသံအချိုးမပြေတာရှိတယ် …
    တစ်ချို့ကောင်လေးတွေ ပုဆိုးမဝတ်တတ်ဘူး … တစ်ချို့ကောင်မလေးတွေ ထဘီဝတ်ရတာမနှစ်သက်ဘူး … အထူးသဖြင့် ထဘီဝတ်ထားတဲ့ရက်ဆို Shopping Center မသွားချင်ဘူး … အရမ်းကြီး ရှေးဆန်ရမယ်မဟုတ်ပါဘူး … အဓိကကတော့ အရင်တည်းက မြန်မာတွေအချမ်းသာဆုံး လူမှုရေးနားလည်ပြီး ရိုသေကိုင်းရှိုင်းတတ်ရင်ကို အဆင်ပြေနေပါပြီ …

  • လုံမလေးမွန်မွန်

    November 6, 2012 at 12:44 pm

    @မနှင်းနှင်း-
    ဟုတ်ပါတယ် အစ်မရေ… နှစ်ယောက်စလုံးက နားလည်မှုရှိစွာနဲ့ စောင့်ထိန်းကြရမှာပါ.. လုံမကို အမေဆုံးမနေကျ စကားတစ်ခွန်းရှိတယ်… “အငွေ့ကိုရှောင်လို့ရတယ်..အတွေ့ကိုရှောင်လို့မရဘူး…ငါ့သမီး ဆင်ခြင်ထိန်းသိမ်းနိုင်အောင် သတိထားပါ.” တဲ့…

    @ဦးလေးဖြူကြမ်း-
    နှမ်းဖြူးလို့လည်း ရပါတယ်နော်…အူးလေးတို့က လူကြီးဆိုတော့ လုံမမသိသေးတာတွေအများကြီးကို ပြောနိုင်ပါတယ်…

    @လေးကျောက်-
    အံမဝင်ဘူးဆိုရင်တောင် အံဝင်အောင်ပြန်လုပ်ရမယ်ထင်ပါတယ်…ဒါမှသာ ကိုယ့်ယဉ်ကျေးမှုမပျောက်မယ် ထင်တာပဲ… 🙂

    @လုံမတို့ဌာနမှူး-
    နာမည်အရင်းကို ပြောပြီးသွားပြီနော်… :mrgreen:
    ကွန်မန့်အတွက် ဝမ်းသာမိပါတယ်ရှင်…
    ပါဝါတိုးရင် တူတူတိုးရအောင်နော်… 🙂

    @မမလေး-
    လူကြီးမှန်းမသိ၊ ဆရာမှန်းမသိ၊ ယဉ်ကျေးမှုတွေ လျော့နည်းနေတာမြင်ရတာ စိတ်မကောင်းဖြစ်သလိုလို၊ ဒေါသထွက်သလိုလိုပါပဲ…

    တစ်ချို့ကောင်လေးတွေ ပုဆိုးမဝတ်တတ်ဘူး … တစ်ချို့ကောင်မလေးတွေ ထဘီဝတ်ရတာမနှစ်သက်ဘူး … အထူးသဖြင့် ထဘီဝတ်ထားတဲ့ရက်ဆို Shopping Center မသွားချင်ဘူး …

    သူတို့မသိလို့ပါ..ဆန်းဆန်းပြားပြားတွေကြားက အရိုးဆုံးက အဆန်းဆုံးပဲဆိုတာ… 🙂

    ကွန်မန့်ချီးမြှင့်ပြီး ဝိုင်းဝန်းဆွေးနွေးပေးပါသော အားလုံးအာလုံးကို ကျေးဇူးအများကြီးတင်ပါတယ်…
    အကြောင်းကြောင်းတွေကြောင့် ကွန်မန့်ပြန်တာ နောက်ကျတဲ့အတွက်လည်း အနူးအညွတ်တောင်းပန်အပ်ပါသည်။

    ခင်တဲ့
    လုံမလေး

Leave a Reply