အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၆၈)

တစ်ညနေတော့ နီးလိမာက ကျွန်တော့်ကို ခေါ်ပြီး ပြောတယ်။

“ရမ်…မနက်ဖြန် မင်း ဂတ်ကိုပါက တန်းလျားမှာပဲ နေကွယ်..တစ်ရက်ပါပဲ..ငါ့ကိုယ်ရေးကိုယ်တာလေး ရှိလို့…”

“ဒါပေမဲ့..ဟို..ဘာလို့…”

“မေးခွန်းတွေ မမေးနဲ့..ငါပြောတဲ့အတိုင်းသာ လုပ်..ဟုတ်လား..”

ကျွန်တော် အထွန့်တက်ဖို့ လုပ်တော့ သူ့လေသံက မာမာပြတ်ပြတ်ဖြစ်သွားတယ်လေ။

ဒီလို တန်းလျား ပြန်နေဖို့ပြောတာ သုံးလအတွင်း သုံးကြိမ်ရှိတယ်။ ကျွန်တော် သိပါတယ်..ကျွန်တော်မရှိတဲ့အခါကျရင်

သူ့ချစ်သူနဲ့ အေးဆေးနေလို့ရတာလေ။ ကျွန်တော်ရှိနေရင် ဘယ်လွတ်လပ်မလဲ။ အဲဒါကြောင့် နေမှာပေါ့။ တစ်ခါကျတော့

ကျွန်တော့်ကို တန်းလျားပြန်နေခိုင်းတဲ့အခါမှာ သူပြောတဲ့အတိုင်း တိတိကျကျ မလုပ်ဘူး။ မနက် ခုနစ်နာရီ ပြန်လာရမဲ့အ

စား မနက် ငါးနာရီကတည်းက ကျွန်တော် သူ့အခန်းနားမှာ ချောင်းနေတာ။ သေချာသလောက်ပဲဗျ။ မနက် ခြောက်နာရီ

ထိုးတော့ အိမ်ခန်းတံခါးပွင့်လာပြီးတော့ ယောက်ျားတစ်ယောက် ထွက်လာတယ်။ အရပ်မြင့်မြင့်၊ ရုပ်ကတော့ မဆိုးဘူး။

မျက်လုံးတွေက နီရဲနေပြီးတော့ ဆံပင်ကလည်း စုတ်ဖွားဖွားနဲ့။ ဝတ်ထားတာကတော့ ရှပ်အကျင်္ ီ အဖြူနဲ့ ဂျင်းပန် အပြာရောင်။

လက်ထဲမှာ ပိုက်ဆံတွေကိုင်လို့။ ဒီလူ မြင်ဖူးသလိုလိုပဲဗျာ…ဒါပေမဲ့ ဝါးတားတားဖြစ်နေတယ်။ကျွန်တော်က နီးလိမာ အခန်း

မရောက်ခင် တိုက်ခန်းလှေကားဒေါင့်လေးမှာ ခပ်တည်တည် ရပ်နေတာလေ..။ဒါပေမဲ့ ငနဲက တစ်ချက်တောင် ကျွန်တော့်ကို

မကြည့်ပါဘူး။ စီးကရက်လေးခဲပြီး ကားသော့လေး လက်ထဲမှာ တရမ်းရမ်းနဲ့ အောက်ဆင်းသွားတာပဲ။ခုနစ်နာရီထိုးမှ

တိုက်ခန်းထဲ ကျွန်တော်ဝင်လာတယ်။

ဧည့်ခန်းထဲ ကြည့်မိတော့ ကျွန်တော် တုန်လှုပ်သွားတယ်။ စီးကရက် ဖင်စီခံတွေ ပြာတွေ ပြန့်ကျဲလို့ပဲ။ အခန်းအလည်

က စားပွဲပေါ်မှာ ဖန်ခွက်တွေ မှောက်တာမှောက် လဲတာလဲ နဲ့။ ဝီစကီ ပုလင်းလွတ်တစ်လုံးတောင်ပါသေး။မြေပဲဆံ တွေလည်း

ကြမ်းပြင်ပေါ်မှာ မှောက်ကျလို့။ အရက်နံ့ကလည်းတစ်ခန်းလုံး မွှန်ထွန်နေတာပဲ။

ဒုတိယအကြိမ် လန့်သွားတာက နီးလိမာကို မြင်တဲ့အချိန်ပဲ။ မျက်နှာမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ညိုမဲလို့။ မျက်တွင်းက

လည်း ဟောက်ပက်နဲ့လေ။

“အောင်မလေး…ဘုရား..ဘုရား…အန်တီ နီးလိမာ ဘယ့်နှယ်ဖြစ်တာတုန်းဗျ…”

“ဘာမှ ဖြစ်ပါဘူး…ရမ်…ငါချော်လဲတာ…ဘာမှဖြစ်ဘူး..မစိုးရိမ်နဲ့..”

သူလိမ်နေတာ အသိသာကြီး။ စောစောထွက်သွားတဲ့ ကောင်ပဲ ဖြစ်မှာ။ ကျွန်တော် စိတ်မကောင်းလည်း ဖြစ်၊ ဒေါသလည်း

ထွက်မိတယ်။ သူ့ကို ကာကွယ်နိုင်တဲ့ အင်အားလည်း မရှိမှ မရှိတာ။

*****************************

အဲဒီနေ့က စလို့ နီးလိမာလည်း မသိမသာ ပြောင်းလဲလာတယ်။ သူ့ဘာသူ ပဲနေတယ်။ စကားလည်း သိပ်မပြော

ဘူး။ အရက်တွေ ဘာတွေတောင်သောက် နေလားပဲ။ သူ့နားမှာ တစ်ခါတစ်လေ အရက်နံ့ ရတတ်လို့။

တစ်မနက်ကျတော့ သူ့ကို အရင်တစ်ခါလိုပဲတွေ့ပြန်ရော ဗျ။ ဒီတစ်ခါ ပိုတာက လက်မောင်းမှာ ဆေးလိပ်မီးနဲ့

တို့ထားတဲ့ ဒဏ်ရာတွေပဲ။ကျွန်တော်လည်း နည်းနည်းလွတ်သွားတယ်။

“အန်တီ… ကျွန်တော် အန်တီ့မြင်ရတာ စိတ်မချမ်းသာလိုက်တာဗျာ…ဒါ ဘယ်သူ့လက်ချက်လဲ..ကျွန်တော့်

ပြောစမ်းပါဗျ…”

ပြောပြီးမှ ဒါနင့်ကိစ္စမဟုတ်ဘူး ဆိုပြီး ထအော်တော့မယ်ထင်တာ။ မအော်ဘူးဗျ။ သူ့ပုံစံက အိပ်မက်ထဲလမ်းလျှောက်နေ

တဲ့သူလိုပဲ..။

“ဒီမယ် ရမ်…တစ်စုံတစ်ယောက်ပြောဖူးတာရှိတယ်..ချစ်ခဲ့ပြီး ဆုံးရှုံးလိုက်ရတာ က တစ်ခါမှ မချစ်ဘူးတာထက်

သာတယ်ဆိုလားပဲ…အဲဒါမှန်လား မှားလား ငါ တစ်ခါတစ်ခါ တွေးကြည့်ဘူးတယ်..ငါ..သိပ်ကို ချစ်ခဲ့ဖူးပါပြီ…

ဆုံးရှုံးပြီလား မဆုံးရှုံးသေးဘူးလားဆိုတာတော့ မသိဘူး..ဒါပေမဲ့..ငါ့မှာ နာကျင်ရတာတွေ သိပ်များနေပြီ…

ငါ့ဘဝမှာ ယောက်ျားတစ်ယောက် ရှိတယ်..တစ်ခါတစ်ရံတော့ သူ ငါ့ကို ချစ်တယ်ထင်မိတယ်..တစ်ခါတစ်လေ

ကျတော့ ငါ့ကို မုန်းသလားပဲ…ငါ့ကို တမြည့်မြည့် နှိပ်စက်နေတာ…”

“ဒါဖြင့် သူ့ကို ထားခဲ့လိုက်ပါလားဗျ..” ကျွန်တော် အော်ပစ်လိုက်တယ်။

သူ ခဏရပ်ပြီး ကျွန်တော့်ကို ရီဝေဝေ နဲ့ တစ်ချက်ကြည့်တယ်။ နာကျင်မှုစွက်တဲ့ အပြုံးရိပ်ကလေး သူ့နှုတ်ခမ်းမှာ ရိပ်ခနဲဖြတ်

သွားတာ မြင်လိုက်တယ်။

“အဲဒါက သိပ်မရိုးစင်းဘူး..ရမ်…နာကျင်မှုမှာတောင် သာယာတဲ့ ဝေဒနာလေးတွေ ရှိတတ်တာမျိုး…ချိုမြိန်တဲ့

နာကျင်မှု ဆိုမလားပဲ…တစ်ခါတစ်ရံ ငါခံစားမိတာ…နာကျင်မှုမှာ ဒီလို ချိုမြိန်မှုလေးတွေ ရှာတွေ့ရင်လေ

သေခြင်းတရားဟာ တကယ့်ကို နှစ်လိုစရာ ဖြစ်မှာပဲ လို့…သူ ငါ့ကို ဆေးလိပ်မီးနဲ့ ထိုးပြီး နှိပ်စက်တဲ့အချိန်မှာ

ငါ မအော်ချင်ဘူး.. ငါ့ဇာတ်ကား မိန်းမ ဆိုတဲ့ ဇာတ်လမ်းထဲက သေခါနီး ပြောတဲ့ မိုနိုလော့ဂ် တွေကိုပဲ အမှတ်ရ

ချင်မိတယ်…အိုး..ဘဝ..ဘဝ သိပ်ကို အပြောင်းအလဲ မြန်လှချည်လားကွယ်…သေခြင်းကပဲ..ငါ့ ထာဝရအချစ်…

ငါ့အပါးက တစ်ဖဝါးမခွာတဲ့ အဖော်ကောင်း…ကဲ..လာပါတော့..သေခြင်းရေ…သင့်လက်မောင်းတွေနဲ့ ငါ့

ကိုပွေ့ဖက်လှည့်တော့…တိတ်ဆိတ် ချိုမြိန်တဲ့အသံနဲ့ ငါ့ နားမှာ တီးတိုးစကားဆိုပါတော့…အဆုံးမဲ့ချစ်ခြင်းတွေ

ရှိတဲ့ တိုင်းပြည်ကိုရောက်အောင် လေပြည်လို ဆောင်ယူလှည့်တော့..”

 

“အဲဒါ ရုပ်ရှင်ပဲဗျ..”

 

“တော်စမ်း…မင်းကို တစ်ခါ ပြောဖူးတာ မှတ်မိရဲ့ မဟုတ်လား…သရုပ်ဆောင်ဆိုတာ သူ့ဘဝတစ်သက်တာလုံး သရုပ်ဆောင်အဖြစ်

နဲ့ပဲ နေသွားတော့မှာ ဆိုတာလေ…မင်းမှတ်ထား…ငါ့ကို အဆွေးဘုရင်မ အဖြစ်နဲ့ ထာဝရ သိရမှာ…အေး..အဆွေးဘုရင်မ ဆိုတာ

လွယ်လွယ်ဖြစ်လာတာမဟုတ်ဘူး… ဇာတ်ညွှန်းဆရာရေးပေးတဲ့..ဒိုင်ယာလော့ဂ်လေး တစ်ကြောင်းနှစ်ကြောင်းရွတ်ပြီး ဖြစ်လာတာ

မဟုတ်ဘူးကွ…ငါ့ဘဝတစ်လျှောက် ငါ့ဇာတ်ကောင်စရိုက်အတိုင်းနေခဲ့တာ…ဂါလစ် က စာအုပ်ထဲ စာကြောင်းလေး တစ်ကြောင်းနှစ်

ကြောင်း ရေးပြီး အဆွေးကဗျာဆရာကြီး ဖြစ်လာတာမဟုတ်ဘူး…သိလား…မင်း နာကျင်မှုကို ခံစားရမယ်..တွေ့ကြုံရမယ်…ဒီလိုမျိုး

နေ့စဉ်နေ့တိုင်း ခံစားနေထိုင်လာတဲ့ အခါ အဆွေးဘုရင်မ ရယ်လို့ ဖြစ်လာမှာ….”

 

ဆယ့်နှစ်နှစ်သားလေး တစ်ယောက်က ဒါမျိုးကြားတော့ ရိုးရိုးပဲတွေးတယ်..။ မျက်လုံးလေး အဝိုင်းသားနဲ့လေ။

“ဒီလိုသာ ဆိုရင်..ကျွန်တော့်လောက် ဇာတ်နာဦးမလား အန်တီ…ကျွန်တော်လည်း အဆွေးဘုရင်ကြီး ဖြစ်ပြီပေါ့ ခင်ဗျ…”

အဲဒါကျတော့ သူပြန်မဖြေတော့ဘူး။

 

 

********************

 

စတားဘတ် မဂ္ဂဇင်းက သတင်းထောက်တစ်ယောက် နီးလိမာကို အင်တာလာဗျူးတယ်။ သူတို့ထိုင်နေတဲ့ ဧည့်ခန်း

ထဲကို ကျွန်တော်ကဂူးလပ် ဂျမန်း (မလိုင်လုံးကို ရွှေအိုရောင်ပေါက်အောင်ကြော်ထားပြီး သကာရည်စိမ်ထားတာ)ရယ်၊

စမူဆာရယ် ကို ဗန်းလေးနဲ့ထည့်ပြီး လာပို့ရင်းသူတို့ပြောတာကို မသိမသာ နားထောင်နေတာ။

 

“အိုခေ..နီးလိမာဂျီး…ကျွန်မတို့ အတိတ်အကြောင်း မေးခဲ့ဖြေခဲ့ပြီးပြီ..ခု မျက်မှောက်ကာလအကြောင်းလေး

ပြောကြပါစို့နော်.. ဘာဖြစ်လို့ အန်တီ ရုပ်ရှင်လောက ကနေထွက်လိုက်တာလဲ..”

လက်ထဲမှာ အသံဖမ်းတဲ့ တိပ်ရီကော်ဒါလေးကို ဟိုရမ်း ဒီရမ်းလုပ်နေတဲ့ သတင်းထောက်အမျိုးသမီးကို ကျွန်တော် သေချာ

ကြည့်မိတယ်။ တော်တော်တော့ငယ်သေးတယ်။ ပေါ်လွင်ထင်ရှားတဲ့ရုပ်ရည်၊ ဖြူစင်တဲ့ အသားနဲ့ ပုခုံးကျော်ကျော် ဆံပင်နက်

နက်ကလေးတွေ ရှိသဗျ။ စတိုင်(လ်)ဘောင်းဘီ    အနက် နဲ့ ဒေါက်မြင့်ဖိနပ် ကို စမတ်ကျကျ ဝတ်ဆင်ထားတာ ကြည့်ပဲ

ကောင်းသေးတော့။

 

“ဘာဖြစ်လို့လဲ ဆိုတော့ ရုပ်ရှင်လောက က သမားစဉ်ကနေခွဲထွက်ပြီး လုပ်ချင်သလို လုပ်နေကြတာကိုး…

ထက်ထက်သန်သန် စိတ် ရော လူပါ မြှုပ်နှံပြီး လုပ်တာတွေ…ကတိကဝတ် နဲ့ တည်တည်ကြည်ကြည်လုပ်တာတွေ

..မရှိတော့ဘူး..သွားပြီ..။ ကနေ့ သရုပ်ဆောင်ဆိုတာတွေက စက်နဲ့လှည့်ထုတ်တဲ့ဟာတွေနဲ့ ဘာထူးသေးလဲ…

တစ်ယောက်လာလည်း ဒီပုံစံ..ဒီစတိုင်(လ်)..ဒီအမူအယာ..ဒိုင်ယာ လော့ဂ်တွေလည်း ကြက်တူရွေးစာအံသလို ရွတ်..

ဘာမှ နက်နက်နဲနဲ စေ့စပ်မှု..နားလည်မှု မရှိဘူး..အပေါ်ယံကြောပဲ..တို့တုန်းက တစ်ကားရိုက်ရင် ဒီတစ်ကားပဲ အာရုံ

စိုက်တယ်..ခုတော့ မဟုတ်ပါဘူး….ဒီမှာရိုက်နေရင်း..နောက် ရှုတင်ပြေးဖို့ကြံနေကြတာ..တစ်ရက်တည်း ရှုတင်

သုံးခုလောက် ရိုက်နေတော့ ဘယ်မှာ မု(ဒ်) လာတော့မလဲ..အဓိပ္ပါယ် မရှိတာတွေ..”

နီးလိမာကတော့ လက်ဟန်ခြေဟန် နဲ့ မာန်ပါပါပဲ ပြောနေတာ။ သတင်းထောက်က နီးလိမာကိုဖြတ်မေးတယ်။

“အဲ…ဟုတ်ကဲ့..စိတ်တော့မရှိနဲ့နော် အန်တီ.. ကျွန်မကြားတာလေး မေးချင်လို့…ဟို..အန်တီ့ကို ဘယ်နေရာမှာမှ

သရုပ်ဆောင်ဖို့ မငှားကြလို့ဆို…အဲဒါကြောင့်..အန်တီ ရုပ်ရှင်လောက ကနေ ထွက်………..”

 

နီးလိမာ တင်း သွားတယ်။ ဒေါသကြောင့် မျက်နှာတောင် နီမြန်းတက်လာတာပဲ။

 

“ဘယ်သူပြောတုန်း…မဟုတ်မဟတ်တွေ….ငါ့ကို လာငှားပါ့..နေရာစုံပဲ..ဒါပေမဲ့ ငါငြင်းလွှတ်လိုက်လို့…သူတို့သရုပ်ဆောင်ခိုင်းတဲ့

ရိုး(လ်) ကိုမကြိုက်လို့…မင်းသမီးဇာတ်မဟုတ်လို့ ငါငြင်းခဲ့တာချည်းပဲ..”

 

“အဲ…မင်းသမီးဇာတ် မဟုတ်ဘူးဆိုတော့ အန်တီ့ကို ခေါင်းဆောင်မင်းသမီး နေရာမပေးဘူးဆိုတဲ့သဘောလားရှင့်…ဘာလဲ

မင်းသမီး အစ်မတို့..အဒေါ်တို့..အမေ……”

 

“ဟေ့..ဟေ့..မင်း..ငါ့အလုပ်ကို မတရားသဖြင့် ချိုးနှိမ် ပြောနေတာလားကွ..စကားပြောဆင်ခြင်စမ်းပါ…သရုပ်ဆောင်လောက

တင်မဟုတ်ဘူး..ကနေ့ သတင်းထောက်တွေလည်း သူတို့ အမူအကျင့်လေးတွေ ပျက်ပြားနေပြီ ဆိုတာငါပြောရလိမ့်မယ်..

ဟိုမယ်..စင်တွေပေါ်တင်ထားတဲ့ ဆုတံဆိပ်တွေ အရုပ်တွေ မင်းမတွေ့ဘူးလား..ဒါတွေက ငါသရုပ်ဆောင်ပြီး ရလာတာ

မဟုတ်လို့…ဘာလဲ…ငါ့ကို..အဆွေးဘုရင်မ လို့ တင်စားပြီးခေါ်ကြတာ…ကနေ့ခေတ် အပေါစား မင်းသမီးတွေလို့ သစ်ပင်

တွေအောက် သီချင်းလေးတွေ ဆိုလိုက် ညည်းလိုက်..ဟီးဟီးဟားဟားလုပ်လိုက်နဲ့ ဖြစ်လာတာမဟုတ်ဘူးကွ…ဒီနာမည်

တစ်လုံးက သိပ်ကို အမွှန်းတင်လွန်းတယ်လို့များ ထင်နေသလား…တစ်ဘဝလုံးမြှုပ်နှံပြီး ရင်းခဲ့လို့ကွ…နားလည်လား…”

 

“မဟုတ်ဘူးလေ..အန်တီ ..ကျွန်မတို့ အန်တီ့ အတိတ်က အောင်မြင်မှုတွေကို ပြောနေတာမဟုတ်…..”

 

“မင်း ပြောတာ ဘာဆိုတာ ငါ အတိအကျသိပါရဲ့…မင်း ခုချက်ချင်း ငါ့အိမ်က ထွက်သွားပါတော့..ရမ်…မင်း ဒီအမျိုးသမီး

ကို အိမ်ရှေ့လိုက်ပို့ပေးလိုက်ပါ..နောက်တစ်ခါလာရင် တံခါးဖွင့်မပေးနဲ့…”

သတင်းထောက် အမျိုးသမီးလည်း တင်းသွားပြီး ဆောင့်ဆောင့်အောင့်အောင့်နဲ့ ထ ထွက်သွားတယ်။ ကျွန်တော်လည်း တံခါးလေးပြေးပြီး ဖွင့်ပေး

ရသေးတာပေါ့။

ဒါက ဒရာမာ လား ၊ ဟာသ လား ..အလွမ်းဇာတ် လားရယ်တော့ ကျွန်တော် မခွဲတတ်ဘူး။

 

***********************

 

နီးလိမာ တိုက်ခန်းမှာ ဘောင်နဲ့ဘာနဲ့ သေချာလုပ်ထားတဲ့ ဓာတ်ပုံကြီးတွေ အများကြီးပဲ ချိတ်ထားတာ..။

ဘယ်သူ့ပုံတွေဖြစ်ရမလည်း သူ့ပုံတွေချည်းပေါ့ ဗျာ။ တခြား မင်းသား မင်းသမီး ပုံတွေတော့ မရှိဘူး။ အဲ..သူ့အိပ်ခန်းထဲ

မှာတော့ သူ့ပုံမဟုတ်တဲ့ တခြား အမျိုးသမီး နှစ်ယောက်ပုံကိုချိတ်ထားတယ်။ တော်တော်တော့ ချောတဲ့ အမျိုးသမီးတွေ..

တစ်ယောက်က လူဖြူ၊ တစ်ယောက်ကတော့ အိန္ဒိယ အမျိုးသမီးပဲ။တစ်ရက်တော့ သူ့ကို မေးမိတယ်။

“ဒါ ဘယ်သူ့ပုံတွေတုန်း အန်တီ..”

“အေး…ဒီဘက်က မာရီလင် မွန်ရိုး..အဲ..ဒီဘက်ကတော့ မာဒူဘာလာ ပဲ..”

“သူတို့က ဘာလဲ..”

“အင်း…ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားကြတဲ့ အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်မင်းသမီးတွေပေါ့..”

“ဘာလို့..သူတို့ပုံတွေ ချိတ်ထားတာလဲဟင်..”

“ဘာလို့ဆိုတော့..ငါလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ သေချင်လို့ပေါ့ကွာ…အိုမင်းရွတ်တွ ပြီးမှမသေချင်ဘူး…ဒီမယ်..ဒီအပတ်ထုတ်

ဖလင်ဒိုင်ဂျက်စ် မှာ ရှကီးလာ ပုံကို မင်း မြင်မိသေးလား..အေး..သူက ၁၉၅ဝကျော်နှစ်တွေတုန်းက လျှမ်းလျှမ်းတောက် မင်း

သမီးပေါ့ကွာ..ခုဆို ကိုးဆယ်ပြည့်လောက်ရောပေါ့…အဲဒါကြောင့် အိုမင်းရွတ်တွနေတာ မင်းတွေ့မှာပေါ့..အေး..အဲဒီရုပ်ကြီး

ကလေ သူသေရင် လူတွေမှတ်မိမဲ့နောက်ဆုံး ပုံရိပ်ပဲ…ခု ဒီ မာရီလင်မွန်ရိုး တို့ မာဒူဘာလာတို့ဆို လူတွေ မှတ်ဉာဏ်ထဲ မှတ်

မိတာ ဒီပုံပဲလေ..နုနုပျိုပျိုလေး..အေး..သူတို့ကစောစောသေသွားတာကိုးကွ…သူတို့အိုတဲ့ရုပ်မှ လူတွေမမြင်ဘူးတာ…ဒါကြောင့်

ငါလည်း စောစောသေပြီး ငါရဲ့နုပျိုမှုရှိသေးတဲ့ ပုံရိပ်ကို လူတွေစိတ်ထဲ ထာဝရ ချန်ထားခဲ့ချင်တာ…သက်တော်ရာကျော်တွေ

မရှည်ချင်ပါဘူးကွယ်…တစ်ခါတစ်လေများ ငါ ဆုတောင်းမိတာတစ်ခုက ဒီကမာ္ဘပေါ်က နာရီတွေအကုန်ရပ်..အချိန်တွေပါရပ်..

မှန်တွေအကုန် ကွဲသွား..ပြီးတော့..ငါရုပ်ရည်ကလည်း ဒီအတိုင်းလေး အမြဲနုပျိုနေစေပေါ့လေ..ဟာဟ..”

နီးလိမာ ဒီလိုပြောတာကြားတော့ အမျိုးအမည်မသိတဲ့ ဝမ်းနည်းမှုက ကျွန်တော့်စိတ်ထဲ စိမ့်ဝင်လာတယ်။ နီးလိမာလည်း ခုဆို

ကျွန်တော့်လိုပဲ မိဘမဲ့ဖြစ်သွားပြီ။ ဒါပေမဲ့ သူက ကျွန်တော့်လို အခြေအနေမဲ့လေးမှ မဟုတ်တာ။ အခြေကြီးတဲ့ ရွှေမင်းသမီးကိုးဗျ။

ရုပ်ရှင် မရိုက်ရတော့တောင် သူ့ပရိသတ်တွေ အများကြီး ကျန်သေးတယ်တာ။ ပြီးတော့ သူ့ကို အားပေးတဲ့ ပရိတ်သတ်တွေအတွက်

တကယ့်ကို ကြီးကျယ်တဲ့ စွန့်လွှတ်မှုကြီး လုပ်မတဲ့လေ။ သူ့ပရိတ်သတ်တွေက သူ့ရဲ့နုပျိုသေးတဲ့ပုံရိပ်ကို အမြဲအမှတ်ရစေဖို့ပေါ့။

ပထမဆုံးအကြိမ်အဖြစ်နဲ့ ဟယ် ငါနာမည်ကြီးရုပ်ရှင်စတား မဖြစ်တာ ကံကောင်းသဟလို့ တွေးမိတာပဲ။

 

**************************

3 comments

  • pooch

    November 1, 2012 at 2:22 pm

    ငယ်ရွယ်တုန်းသေတော့ ဘဝအကြောင်းကို ကောင်းကောင်းမသိလိုက်ရတော့ဘူးပေါ့။ ငယ်ငယ်ရွယ်ရွယ်သေရင် အားကြီးနှမြောပါတယ်။
    တနည်းအားဖြင့် ဘုန်းကြီးလို့ သက်မရှည် တော့ ကံအားကြီးလို့ လူဖြစ်လာတယ် လူဖြစ်ရှုံးတာပေါ့ ။ ဆက်နေခွင့်ရရင် ဆက်ပြီး ကိုယ်လုပ်ချင်တာတွေ လုပ်ခွင့်ရနေအုန်းမှာ ။ သေပြီး ကိုယ်က ဘယ်ဘဝရောက်သွားမယ် မသိဘူးလေ။

  • MaMa

    November 1, 2012 at 6:21 pm

    ဘာသာပြန်စာတွေကိုကြိုက်လို့ စာဖတ်နည်းတဲ့အထဲကမှ ဖတ်ဖူးသမျှတွေက ဘာသာပြန်တွေပဲများတယ်။
    စိတ်ရှည်လက်ရှည် ဘာသာပြန်ပြီး တင်ပေးတဲ့ မောင်ဘလှိုင်ကို ကျေးဇူးအများကြီးတင်ပါတယ်။

    အောင်မြင်ကျော်ကြားသူတစ်ယောက်ရဲ့ ခံစားချက်ကို သိလိုက်ရတာ စိတ်ထဲတမျိုးကြီး ခံစားရတယ်။
    ငယ်ငယ်က ဗြိတိန်က အမျိုးသမီးဝန်ကြီးချုပ်မာဂရက်သက်ချာကို အရမ်းသဘောကျခဲ့တယ်။
    ထက်မြက်လွန်းတဲ့လူတစ်ယောက်ရဲ့ နောက်ဆုံးနေ့တွေ အကြောင်းကြားရတော့လည်း တုန်လှုပ်မိတယ်။

    အဲဒါတွေဖတ်ပြီး သူလိုငါလို ကိုယ့်ဘဝလေးပဲ ကောင်းပါတယ်လို့ စဉ်းစားမိသွားတယ်။ :kwi:

  • မောင်ပေ

    November 1, 2012 at 11:38 pm

    ဆြာလှိုင်ရေ ကူးသွားပါတယ်
    အေးဆေးမှ ဖတ်တော့မယ်

Leave a Reply