ညဈေးသည်

ဇာတ်ရုံရဲ့ ထရံကြို ထရံကြားက နေပြောက်ကလေးတွေက ကျွန်မမျက်နှာကို လာရောက်ထိုးမှပဲ… နေ့လည်တောင်ရောက်ပြီလို့ ကျွန်မသိလိုက်သည်။ အိပ်ချင်မူးတူးဖြင့် ခြင်ထောင်ထဲတွင် ကျွန်မငုတ်တုတ်ထိုင်လိုက်သည်။ သည်အချိန်ဆိုလျှင် ကျွန်မတို့ဇာတ်ရုံထဲတွင် အလုပ်တွေရှုပ်နေကြပြီ။
ညလုံးပေါက် အလုပ်လုပ်ထားသောသူများ အိပ်ရာထချိန်သည် နေ့လည်ဆိုသည်မှာ မဆန်ုးပေ။
သွားတိုက် ၊ မျက်နှာသစ်ဖို့ ရေခွက်ကိုယူရင်း အဖေနဲ့အမေ ဘယ်ရောက်နေလဲဟု တွေးနေမိသည်။

“ဘကြီး……ထွန်း… အဖေနဲ့အမေဘယ်သွားလဲရှင့်..”

“ဈေးခဏသွားတယ်ကွယ့်…. နင့်ညီမနဲ့မောင်အတွက် ပိုက်ဆံသွားပို့တယ်ဆိုးလားပဲ…”

“အော်…”

ဘကြီးထွန်းပြောမှပဲ… ညီမလေးနဲ့မောင်လေးကို ကျွန်မသွားသတိရမိသည်။ မတွေ့ရတာ ခြောက်လလောက်တောင်ရှိတော့မယ်။ အိပ်ရာထထချင်း သည်အကြောင်းစဉ်းစားလိုက်မှ ကျွန်မရင်ထဲ ပြည့်ကျပ်ကျပ်ကြီး ဖြစ်လာမိသည်………………။

***************************

ကျွန်မမိသားစုမှာ ကျွန်မအကြီးဆုံးလေ……။ အဖေနဲ့အမေကတော့… ဇာတ်အဖွဲ့တစ်ခုမှာ အမေကထမင်းချက် ၊ အဖေကတော့ ဇာတ်အဖွဲ့က မီးထိုး…….. ဇာတ်အဖွဲ့ကြီးသွားရာ မြန်မာပြည်အနှံ့ကို လိုက်ရတယ်။ အရင်တုန်းကတော့ အဖေနဲ့အမေ ကျွန်မတို့ မောင်နှမသုံးယောက်ကို လုပ်ကိုင်ကျွေးခဲ့တာပေါ့။ ကျွန်မ ကိုးတန်းအရောက်မှာပဲ အဖေနဲ့အမေရဲ့ ငွေရေးကြေးရေး သိပ်အဆင်မပြေချင်တော့ဘူး။ ကျွန်မညီမလေးက (၇)တန်း ၊ မောင်လေးက (၅)တန်းဆိုတော့….။ နောက်ဆုံး အကြီးဆုံးဖြစ်တဲ့ကျွန်မ… အဖေနဲ့အမေနဲ့အတူ ဇာတ်အဖွဲ့ထဲကို လိုက်ခဲ့ရတယ်…။ ကျောင်းတက်ချင်သေးတဲ့ကျွန်မ… ညီမလေးနဲ့မောင်လေးကို ငဲ့ပြီး အလုပ်လုပ်ဖို့ ကျောင်းထွက်ခဲ့ရတယ်….။

ခုဆို ကျွန်မသည်ဇာတ်အဖွဲ့ကြီးနဲ့ လိုက်ခဲ့တာ (၂)နှစ်တောင်ကျော်လာပြီ…ဒါပေမယ့် ကျွန်မကို အမေက ဇာတ်ထဲက ဇာတ်သမတော့ ဘယ်တော့မှမလုပ်ခိုင်းဘူးတဲ့…..။ ညဘက် ပွဲစပြီးဆိုရင် ရုံအပြင်ဘက်မှာ ကျွန်မ ကွမ်းရာခုံလေးနဲ့ ဆေးလိပ် ၊ ကွမ်းယာ ရောင်းရတယ်လေ…..။

“ရွှေစင်… အိပ်ရာနိုးပြီလား……. ရော့ဈေးက မုန့်ဟင်းခါးဝယ်လာတယ်….”

အနောက်က ပေါ်လာတဲ့ အမေ့ရဲ့စကားသံကြောင့် အဖေနဲ့အမေပြန်လာပြီဆိုတာ ကျွန်မသိလိုက်သည်။ ဇာတ်အဖွဲ့ကြီးနဲ့လိုက်လာတာ (၂)နှစ်တောင်ကျော်ပြီ…. ခုထိကျွန်မ နယ်မြို့တွေနဲ့ နေသားမကျသေးပေ။ အဓိက အစားစာတွေ… မုန့်ဟင်းခါးဆိုလျှင် ရန်ကုန်မုန့်ဟင်းခါးလောက် ဘယ်နယ်မြို့မှ မုန့်ဟင်းခါးကိုမှ ကျွန်မမစားတတ်ပေ။ အမေမုန့်ဟင်းခါးဝယ်လာတော့ မုန့်ဟင်းခါးထုပ်ကို ကျွန်မသေချာကြည့်လိုက် ကျွန်မနဲ့ခံတွင်းကိုက် မကိုက် ..ဗိုက်ပြည့်ဖို့ ကျွန်မစားရဦးမည်…..။

********************************

“ရွှေစင် သမီးညက ရောင်းကောင်းရဲ့လား……..”

“မဆိုးပါဘူး အဖေ…..”

ကျွန်မညဘက်ဈေးရောင်တာကို အဖေကသိပ်စိတ်မချပေ….။ ဇာတ်အဖွဲ့ထဲမှ လူငယ်များလည်း ကျွန်မကို တခါတရံ မထိတထိစလျှင် အဖေရှိသောကြောင့် ရှိကြရသည်။ ဇာတ်အဖွဲ့ထဲတွင် ကျွန်မလို ခပ်ငယ်ငယ် မိန်းကလေးမျိုးလိုက်ပါရသည်မှာ… တခါတရံ ကျွန်မကြောက်ရွံမိသည်။ အဖေသည် ကျွန်မအတွက်တော့ တံတိုင်းကြီးပင်ဖြစ်သည်။

************************************

“အဖေနဲ့အမေ…….. သမီး ဈေးဘက်မှာ ကွမ်းယာ ၊ ဆေးလိပ် လိုအပ်တာတွေ သွားဝယ်လိုက်ဦးမယ်နော်…”

“အေးအေး…မြန်မြန်သွားမြန်မြန်လာနော်….”

လိုအပ်တာလေးတွေရဖို့ ဈေးဘက်ကိုကျွန်မထွက်လာ၏။ နေ့လည်(3)နာရီကျော်ကျော်ဆိုတော့လည်း ညနေဈေးလေးဘက်သို့ ထွက်လာမိသည်။ ဇာတ်အဖွဲ့ကြီးနှင့် လိုက်ရသည်မှာ မြန်မာပြည်အနှံ့သို့ ရောက်ဖူးသည်။ လူအမျိုးမျိုး ဓလေ့အစုံစုံကိုလည်း ကျွန်မတွေ့ရသည်။ မိသားစုထဲတွင် ကျွန်မအကြီးဆုံး ကျွန်မညီမလေးနှင့် မောင်လေး ပညာကို အေးအေးဆေးဆေးသင်နိုင်အောင် ကျွန်မရုန်းကန်ရဦးမည်….။

ညနေဘက်ကျောင်းဆင်းချိန် လမ်းပေါ်တွင်တွေရသော ကျောင်းသူကလေးများတွေ့တော့ ကျွန်မကျောင်းသူ ဘဝကို သတိရမိသည်။ ကံတရားက အလှည့်ပေးမည်ဆိုလျှင် ကျွန်မကျောင်းတက်ချင်ပါသေးသည်။ ကျောင်းသူလေးများဘေးကဖြတ်သွားချိန်တွင်  သူတို့နှင့်အသက်အရွယ် မတိမ်းမယိမ်းဖြစ်သောကျွန်မကို တစ်ချက်လှမ်းကြည့်သွားကြသည်….။ ဘာကြောင်းမှန်းမသိ ကျွန်မစိတ်တွင် သိမ်ငယ်သလိုလို ခံစားသွားရသည်။ သူတို့ဘာကြောင့်ကြည့်သွားကြသလဲ…. ညဘက်ဇာတ်ရုံရှေ့တွင် ကွမ်းယာရောင်းသောကောင်မလေးဟူသော အကြည့်မျိုးလား…. တွေးရင်း တွေးရင်း ရင်ထဲဆို့တက်လာသည်။
မျက်ရည်ကို မကျအောင်ထိန်းရင် ဈေးသို့ အမြန်လမ်းလျှောက်တော့သည်….။
“အဒေါ် ကွမ်းယာ ငါးဆယ်သား ၊ ကွမ်းသီး သုံးဆယ်သား…. 92(နိုင်တီးတူး)တစ်ဗူး ၊ 100(ဟန်ဒရက်)တစ်ဗူး ၊ ဘုရင်မတစ်ဗူးပေးပါ…..”

ဈေးဝယ်ပြီး….. အပြန်တွင် ကျွန်မအတွေးထဲလွင့်မျောမိသည်…။ ကျွန်မသည် ကျွန်မညီမလေးနှင့်မောင်လေးအတွက် ရုန်းကန်နေသော အစ်မတစ်ယောက်ဖြစ်သည်…။ ထို့ကြောင့် ကျွန်မသည် တခြားမိန်းကလေးများနှင့်အတူပေ…။ ဒါကြောင့် ကျွန်မမရှက်ပေ…… ရင်ထဲတွင် ဆို့နေသော အဆို့အား ကျွန်မဖာသာ ရှင်းထုတ်ပစ်လိုက်သည်….။

*******************************

ညမှောင်ရီပျိုးပြီဆိုလျှင် ပွဲရှိရာဖြစ်သော ဘုရားဝန်းကြီးအတွင်း အသက်ဝင်လာသည်။ ရုပ်သေးရုံ ၊ ဗွီဒီယိုပြသည့်ရုံ ၊ မျက်လှည့်ရုံ ၊ မျောက်ကပွဲရုံ ၊ ရဟတ် ၊ ချား ၊ ပူပေါင်းသည် ၊ ကံစမ်းမဲသည် ၊ ဘေထုပ်သည် ၊ ဝက်သားတုတ်သည်  အစရှိသည့် ဈေးသည့်များ၏ အသံများဖြင့် ဆူညံအသက်ဝင်နေသည်။ ကျွန်မလိုက်သော ဇာတ်ရုံ၏ တခြားတဘက်တွင်လည်း နောက်အပြိုုင်ဇာတ်ရုံတစ်ရုံကလည်း အပြိုင်ကြည့်ရှုသူများ ဆွဲဆောင်လျှက်ရှိသည်….။

ဇာတ်ရုံရှေ့ ပွဲဈေးဝန်းထဲမှာ ကျွန်မလည်း ထိုင်ခံရှည်ကလေးနှင့် ကွမ်းယာဗန်းကိုခင်း……… အားသွင်းမီးတိုင်လေး တစ်တိုင်ကိုဗန်းပေါ်တွင်ထွန်းရျ် ကျွန်မအလုပ်စလုပ်ရတော့မည်ဖြစ်သည်။ ကျွန်မနည်းတူ ဝန်းထဲတွင်လည်း ကျွန်မနှင့်မတိမ်းမယိမ်း မိန်းကလေးများရောင်းသော ကွမ်းယာဆိုင်များ ငါးဆိုင်နှင့်မက ရှိလေသည်…..။ ကျွန်မ ကွမ်းယာဗန်းကလေး၏ အပေါ်ရှိ မြတ်စွာဘုရားပုံလေးအား ရှိခိုးဆုတောင်းကာ… ကျွန်မလုပ်ငန်းစတင်တော့သည်….။

ညမှောင်ရီပျိုးချိန်မှစ…. တဖြည်းဖြည်းညဥ့်နက်လာလေ…. ဘုရားပွဲဈေးကြီးသည်လည်း တဖြည်းဖြည်း အသက်ဝင်လာလေသည်။ ကျွန်မကွမ်းယာဆိုင်ကလေးနှင့် တခြားကွမ်းယာဆိုင်များသည်လည်း အပြိုင်အဆိုင် ဝယ်သူများစုအုံလျှက်ရှိသည်…။
ခပ်ငယ်ငယ်မိန်းကလေးများရောင်းသော ကွမ်းယာဆိုင်တွင် သူတို့အလှကို ကြည့်ချင်လို့ပဲဖြစ်ဖြစ် ၊ ဘူးထချင်လို့ပဲဖြစ်ဖြစ် ကွမ်းယာစားတတ်သော ယောက်ျားလေးများ စုအုံနေတတ်သည်။ တခြားဆိုင်ရှိမိန်းကလေးများသည် ထိုင်ခံပုံပေါ်ထိုင်လိုက်သည်နှင့် ကြော့မော့နေအောင် အလှပြင်ထားပြီး…. ကွမ်းယာဗန်းပေါ်ရှိ မီးတိုင်ကို သူတို့အား ထိုးအောင်…. ပြုလုပ်ထားသည်…။ ကွမ်းယာဆိုင်ပေါ်ရှိ ညဈေးသည်လေးများသည် ကွမ်းယာဗန်းရှေ့တွင် လှပနေတော့သည်…။

**********************************

ကျွန်မ၏ရုူပ်ရည်သည်အချောကြီးမဟုတ်သော်လည်း ရွက်ကြမ်းရေကြိုထဲလည်းမပါဝင်ချေ။ ငယ်ဂုဏ်လည်းပါသဖြင့် ကျွန်မကွမ်းယာဆိုင်တွင် ကျွန်မကိုကျွန်မ မီးမထိုးထားချေ။ ကျွန်မကွမ်းယာကောင်းလျှင် ဝယ်စားကြမည်ဖြစ်သည်။ ကျွန်မကွမ်းယာဗန်းပေါ်ရှိ မီးတိုင်အား ကွမ်းယာဗန်းပေါ်တွင်သာရှိနေစေသည်။

“ညီမလေး ကွမ်းယာ တစ်ရာဖိုးလောက်….”

ကွမ်းယာလာဝယ်သော ယောက်ျားတစ်ယောက်သည် ကျွန်မအားစိုက်ကြည့်နေတော့သည်။ ဘုရားပွဲတွင်ရောင်းသော ညဈေးသည်များသည် သည်အကြည့်လောက်တော့ ခံနိုင်ရည်ရှိရသည်။ ထိုစဉ် ထိုလူသည် ကျွန်မအနားကပ်လာရျ်……….

“ညီမလေး အားလား……….”

ထိုလူပြောလိုက်သောစကားကြောင့် ကျွန်မသည် တစ်ကိုယ်လုူံးထူပူသွားသည်။ နှုတ်မှလည်း ဘာပြောရမှန်းမသိ လက်ဖျားတွေအေးစက်ကုန်သည်။ ယခုအချိန်တွင် ဒေါသထွက်ရျ်ကောက်ပေါက်လိုက်ရမည်လား။ သည်လိုဆို ကျွန်မရုံးခန်းရောက်မည်အသေအချာပင်….။
ကွမ်းယာ ယာပြီးသောအခါ… ကျွန်မစိတ်ကို အတတ်နိုင်ဆုံးတင်းရျ်….။

“ကျွန်မအဲသည်လိုတွေ မလုပ်ပါဘူးရှင်…. ကွမ်းယာပဲရောင်းတာပါ….”
ဟုပြောလိုက်ရသည်…။ ထိုလူသည်လည်း ရှက်သလိုလို ရွံ့သလိုလိုနှင့် ထွက်သွားတော့သည်….။

ထိုလူထွက်သွားပြီးနောက်ပိုင်း ကျွန်မလှိုက်ကနဲဝမ်းနည်းလာသည်။ ကွမ်းယာဗန်းကြီးကို ပစ်ပြီးအိမ်ပြန်ချင်သည်။ ညီမလေးနှင့်မောင်လေးမျက်နှာကို မြင်ယောင်တော့လည်း အားတင်းထားရပြန်သည်။ စိတ်ကမထိန်းနိုင်တော့သဖြင့်… ကျွန်မမျက်ရည်များအတားအဆီးမရှိ စီးကျနေတော့သည်။

“ရွှေစင်မငိုနဲ့လေ….. ငါတွေ့လိုက်ပါတယ်… ကိုယ်ကရိုးရိုးသားသားပဲအေ… ခပ်တင်းတင်းနေလိုက်ပါ…”

ကျွန်မဆိုင်ဘေးမှ ပြောင်းဖူးသည်အစ်မကြီးက ကျွန်မကိုအားပေးသည်။

“ရပါတယ် အစ်မရယ်… ကျွန်မသိပါတယ်….”

မျက်ရည်များကိုသုတ်ကာ ကျွန်မကွမ်းယာဆိုင်ပေါ်တွင် ဟန်မပျက်ပြန်ထိုင်လိုက်သည်။

********************************

ညသည် တဖြည်းဖြည်းနက်လာရျ် သန်းခေါင်ကျော်လာပြီ…..။ ဇာတ်ရုံထဲမှ ပရိသတ်များ၏ လက်ခုပ်သံများလည်း ကြားနေရပြီ..။ သည်အချိန်ဆို စတိတ်ရှိုးအစီအစဉ် စသောအချိန်ဖြစ်သည်…။ ဘုရားပွဲအဝင်းရှိ ဆိုင်များသည်လည်း တဖြည်းဖြည်းလျော့လာတော့သည်…။ ကျွန်မလည်း ကွမ်းယာဗန်းများအားသိမ်းနေပြီဖြစ်သည်…။ ဆိုင်သိမ်းနေရင်း အနားတစ်ဝိုက်ရှိ ကွမ်းယာဗန်းလေးများအား တစ်ချက်ကြည့်လိုက်သည်….။ ပိုင်ရှင်မဲ့နေသော ကွမ်းယာဗန်းလေး သုံးလေးခုကိုတွေ့ရသည်….။

ကျွန်မသည် ညဈေးသည်တစ်ယောက်ဖြစ်သည်။ ညဈေးသည်ဟုဆိုရာတွင် ကျွန်မသည် သန်းခေါင်းယံဈေးသည်မဟုတ်ပါ…။ စောစောတုန်းက လူသည် ညဈေးသည်နှင့် သန်းခေါင်ယံဈေးသည်ကို မှားသွားပုံရသည်….။ ပိုင်ရှင်မဲ့သော ကွမ်းယာဗန်းကလေးများသည် သူတို့ပိုင်ရှင် သန်းခေါင်ယံဈေးသည်လေး ပြန်အလာကို စောင့်မျှော်နေကြသည်…။

ဆိုင်လည်း သိမ်းပြီးပြီမို့ ကျွန်မ ဇာတ်ရုံအနောက်ထဲသို့ ဝင်လာသည်။ ပရိသတ်များ အသည်းအသန်အားပေးနေသော စတိတ်ရှိုးကိုလည်း ကျွန်မမကြည့်ချင်ပါ။ နောက်ရက်တွေမှာ ယခုလိုအဖြစ်မျိုးတွေကြုံလျှင်အားမွေးဖို့ ကျွန်မကြိုးစားရဦးမည်….။ ဘာပဲဖြစ်ဖြစ်…. ကျွန်မသည် ညဈေးသည်တစ်ယောက်သာဖြစ်သည်…..။

အောင်မိုးသူ (Dennis)

3 comments

  • Hnin Hnin

    October 31, 2012 at 1:26 pm

    ကွမ်းယာရောင်းရင်း လူပါမရောင်းတဲ့ ကွမ်းယာသည်လေးရဲ့ ကိုယ်ကျင့်တရားကို
    ချီးကျူးပါသည်….

  • jullies cezer

    October 31, 2012 at 2:26 pm

    အားပေးသွားတယ် ကောင်းတယ်ဗျာဒီ Post နိုဝင်ဘာ ၁ရက်နေ့မှတင်ရမှာ
    စာအရေးအသားကိုကြိုက်တယ်ဗျာ ကျွန်မက နိုဝင်ဘာအတွက်ဖတ်ရွေး
    အဖွဲ့မှာပါထားတယ် ဒီ post သာ နိုဝင်ဘာထဲဆို ၃ မှတ်ပေးမိမှာ …….

  • Mon Kit

    October 31, 2012 at 4:29 pm

    အခြေခံ လူတန်းစားတွေရဲ့ ဘဝသရုပ်ကို ရိုးရှင်းစွာ ရေးဖွဲ့ထားတာ အရမ်းနှစ်သက်မိပါတယ်….
    အမြဲအားပေးနေပါတယ်….

Leave a Reply