ဦးမောင်နှင့် အခပေးရုပ်သံလိုင်း

သူရႆဝါNovember 3, 20121min3229

ဦးမောင်နှင့် အခပေးရုပ်သံလိုင်း
– သူရဿဝါ –

ဦးမောင်က အိမ်မှာ မိသားစုနဲ့ သိုက်သိုက် ဝန်းဝန်း ပျော်ပျော် ရွှင်ရွှင် နေချင်တဲ့လူ။ ဦးမောင် မှာက ဇနီး ဒေါ်ယုနဲ့ သားနှစ်ကောင် ရှိတယ်။ တစ်ကောင်က မောင်ဘုန်း၊ တစ်ကောင်က မောင်ကျော်တဲ့။ ဦးမောင်က ခုနက ပြောသလို အိမ်မှာ မိသားစု စည်စည် ကားကား နေချင် ပေမယ့် သူ့သား နှစ်ကောင် စလုံးက တစ်ကောင်မှ အိမ်မကပ်ဘူး။ အကြီးကောင် မောင်ဘုန်းက လူပျိုပေါက်ပေါ့။ မနက်ဆို တက္ကသိုလ် သွား၊ ကျောင်းသွား၊ ညနေ အိမ်ပြန် ရောက်ရင် ရေမိုးချိုးပြီး သူငယ်ချင်း တွေနဲ့ လက်ဖက်ရည် ဆိုင်လေး ဘာလေး ထိုင်ပေါ့။ ညမိုးချုပ်မှ အိမ်ပြန် ဝင်တယ်။ စနေ၊ တနင်္ဂနွေလို နေ့မျိုး ဆိုရင်လည်း မောင်ဘုန်းက အိမ်မကပ် ပါဘူး။ ညနေစောင်း ဆိုတာနဲ့ ဘောလုံးပွဲ ကြည့်ဖို့ဆို လမ်းထိပ် ထွက် ထွက်သွား တာပဲ။ အငယ်ကောင် ကရော ဘာထူးလို့လဲ။ ဒီကောင်က ငါးတန်းလောက် ရှိပြီ။ ကာတွန်းကား သိပ်ကြိုက်တယ်။ ညနေဆို ကျောင်းက ပြန်လာရင် သူ့သူငယ်ချင်း တွေနဲ့ အိမ်ရဲ့ မျက်စောင်းထိုး မြေကွက်လပ်မှာ ပေသလူး နေအောင် ဆော့ပြီးမှ ရေမိုးချိုး ခိုင်းလို့ ရတာ။ ညစာ ထမင်းစား ပြီးရင်လည်း စလောင်း တပ်ထားတဲ့ သူ့သူငယ်ချင်း အိမ်မှာ ကာတွန်းကား ကြည့်မယ် ဆိုပြီး ထွက်ထွက်သွား တာပဲ။ ဒီတော့ အိမ်မှာ လူစုံ တက်စုံ မိသားစုနဲ့ နေချင်တဲ့ ဦးမောင်ဟာ ဘယ်တော့မှ ဆန္ဒ ပြည့်ဝတယ် မရှိဘူး။ သူ့အိမ်က အမြဲ ခြောက်ကပ် နေတာပဲ။

တစ်နေ့တော့ ဦးမောင်ရဲ့ ဆန္ဒတွေ ပြည့်မယ့် မျှော်လင့်ချက် တစ်ခုကို တီဗီ ကြော်ငြာ တစ်ခုထဲ ကနေ တဆင့် ဦးမောင် တွေ့လိုက်တယ်။ အဲဒါ ကတော့ အခပေး ရုပ်သံလိုင်း တစ်ခုရဲ့ ကြော်ငြာ ပါပဲ။ အဲဒီ ကြော်ငြာ ထဲက မိသားစုဟာ ဦးမောင် လိုချင်တဲ့ မိသားစု တစ်စုရဲ့ ပုံစံ အပြည့်ပါပဲ။ မိသားစုတွေ အားလုံး ကြီးမား ပြန့်ကားတဲ့ ဆိုဖာ ဆက်တီ ခုံကြီးပေါ် တစု တစည်းတည်း ထိုင်ပြီး အဲဒီ အခပေး ရုပ်သံ လိုင်းကို ပျော်ပျော် ရွှင်ရွှင်ကြီး ကြည့်နေ လိုက်ကြတာ။ မြင်ရတာ နဲ့တင် ဦးမောင် အတွက် ကျေနပ် စရာ မြင်ကွင်း ဖြစ်နေတယ်။ တီဗီ ထဲက မိသားစုဟာ အဲဒီ ရုပ်သံ လိုင်းက လွှင့်တဲ့ ဘောလုံးပွဲတွေ ကြည့်လိုက်၊ ကာတွန်း ကားတွေ ကြည့်လိုက်၊ ရုပ်ရှင် ကားတွေ ကြည့်လိုက်နဲ့ တကယ့်ကို အားရ စရာကြီး။ ဦးမောင် အားကျ နေတဲ့ အရှိန်ကို ကြော်ငြာ အဆုံးမှာ ထိုးလိုက်တဲ့ စာတန်းက ထပ်ပြီး မြှင့်တင် ပေးလိုက်တယ်။ ပျော်ရွှင် သာယာတဲ့ မိသားစု ဘဝကို ပိုင်ဆိုင်ဖို့ ဒီအခပေး ရုပ်သံလိုင်းကို တပ်ကြပါစို့ ဆိုတဲ့ စာတန်းမျိုးပေါ့။ အဲဒီ ရုပ်သံ လိုင်းကို တပ်မယ်လို့ ဦးမောင် ဆုံးဖြတ် လိုက်တယ်။ သူသာ အဲဒီလိုင်း တပ်လိုက်ရင် သူ့ရဲ့ သားနှစ်ကောင် ညည အပြင်ထွက်ပြီး ကာတွန်း ကားတွေ၊ ဘောလုံး ပွဲတွေ ကြည့်မှာ မဟုတ်တော့ဘူး။ အိမ်မှာပဲ ညတိုင်း သူတို့ မိသားစု ပျော်ပျော်ကြီး ကြည့်လို့ ရပြီပေါ့။

သူ့ရဲ့ ဆုံးဖြတ်ချက်ကို ဦးမောင် အမြန်ဆုံး အကောင် အထည် ဖော်တယ်။ ကြော်ငြာကို ကြည့်ပြီး တစ်ရက် နှစ်ရက် အတွင်း မှာပဲ ဦးမောင်က အဲဒီ ရုပ်သံ လိုင်းကို ပြေးဝယ်ပြီး တပ်တော့ တာပဲ။ နေ့လည် ဖက်မှာ ရုပ်သံလိုင်း တပ်ပြီး သွားတော့ လိုင်းတွေ ဖမ်းပေး၊ စမ်းပေးတဲ့ ရုပ်သံလိုင်း တပ်ဆင်ရေးက ဝန်ထမ်း ကောင်လေး တွေက အစမ်း ပြတာ လောက်ကိုပဲ ဦးမောင် ကြည့်တယ်။ ပြီးတော့ တစ်နေကုန် မကြည့်တော့ဘဲ ပိတ်ထား လိုက်တယ်။ သူ တစ်ယောက်တည်း အရင် မကြည့်ချင် ဘူးလေ။ ညကျမှ သူ့ရဲ့ မိန်းမတွေ၊ သားတွေနဲ့ အတူတူ ထိုင်ပြီး ပျော်ပျော် ရွှင်ရွှင် ကြည့်ကြ မယ်ပေါ့။ သား နှစ်ကောင် ကိုလည်း ညနေ ကျောင်းက ပြန်ရောက်ရင် ရေမိုးချိုး ပြီးတာနဲ့ အပြင်ကို ပြန်မထွက် နဲ့လို့ သေချာ မှာလိုက်တယ်။ ညကျတော့ သူတို့ မိသားစု စောစောစီးစီး ထမင်း စားကြတယ်။ စားသာ စားနေ ရတယ်။ ဦးမောင်ရဲ့ စိတ်က ထမင်း ဝိုင်းမှာ မရှိဘူး။ အခပေး ရုပ်သံလိုင်း ဆီကိုပဲ ရောက်နေတယ်။ သိပ် မကြာခင် အချိန်မှာ သူလိုချင်တဲ့ ပျော်ရွှင် သာယာတဲ့ မိသားစု အချိန်လေးကို သူပိုင်ဆိုင် ရတော့ မယ်လေ။

ထမင်းစား ပြီးတော့ တီဗီ မဖွင့်ခင် တီဗီနဲ့ ခပ်လှမ်းလှမ်းမှာ ဦးမောင် ပလပ်စတစ် ခုံပုလေးတွေ လေးခုံ တန်းစီ ထားလိုက် တယ်။ တီဗီ ကြော်ငြာ ထဲကလို ဆိုဖာ ခုံကြီးပေါ် မိသားစုလိုက် ထိုင်ကြည့် ချင်ပေမယ့် ဦးမောင်မှာ အဲဒီကြီး ဝယ်ဖို့ အထိတော့ မတတ်နိုင် ဘူးလေ။ ဒီတော့ အနီးစပ်ဆုံး ဖြစ်အောင်လို့ အိမ်မှာ ရှိတဲ့ ပလပ်စတစ် ခုံပုလေး လေးခုံကို တန်းစီ ထားလိုက်တယ်။ သူတို့ မိသားစု တန်းစီပြီး အဲဒီ ခုံလေးတွေပေါ် ထိုင်ကြည့် ကြမယ်ပေါ့။ အဲဒါနဲ့ ဦးမောင်၊ ဒေါ်ယု၊ အကြီးကောင် မောင်ဘုန်းနဲ့ အငယ်ကောင် မောင်ကျော်တို့ ခုံလေး တွေပေါ် တန်းစီ ထိုင်လိုက် ကြတယ်။ ထိုင်ပြီး တော့မှ ဦးမောင်က ပြန်ထပြီး တီဗီ ပလပ်နဲ့ ရုပ်သံလိုင်း ပလပ်ကို သွားတပ်တယ်။ ပြီးတော့ ရီမု ကွန်ထရိုးလ် ယူလာပြီး ရုပ်သံလိုင်း Receiver ကို ချိန်လိုက်တယ်။ ပြီးတော့ ပြုံးပြုံးကြီး ပြောတယ်။

“ပျော်ရွှင် သာယာတဲ့ မိသားစု ညချမ်းလေး ဖြစ်တော့ မယ်ဟေ့ .. ကဲ .. ကဲ .. အကောင်တွေ အရင် ကြည့်ရအောင်”

အကောင်တွေ ဆိုတာ တောတွင်း တိရစ္ဆာန်တွေ အကြောင်းကို ရိုက်ပြတဲ့ ဒစ်စကာဗာရီလို တီဗီ ချန်နယ်လ်ကို ပြောတာပါ။ ဦးမောင် ကတော့ အဲဒီ လိုင်းကို အကောင်တွေ လို့ပဲ ခေါ်တယ်။ ပြောပြော ဆိုဆိုနဲ့ အကောင်တွေ ရှိတဲ့ လိုင်းကို ဖွင့်မလို့ ချိန်လိုက်ရုံ ရှိသေး .. အငယ်ကောင် မောင်ကျော်က …

“အာ … ကာတွန်းကား ကြည့်မယ်လေ .. ဖေကြီးရ .. ခါတိုင်း ဒီအချိန်ဆို ဟိုကောင်တွေ အိမ်မှာ သားက ကာတွန်းကား ကြည့်နေကျ” လို့ ဝင်ပြောတယ်။ အကြီးကောင် မောင်ဘုန်း ကလည်း ဘယ်ရ မလဲ အားကျမခံ အငယ်ကောင်ကို လှမ်း ပြောတယ်။

“ဟေ့ကောင် .. မရဘူးကွ၊ ဒီည ဘောလုံးပွဲ ရှိတယ် .. မန်ယူပွဲ .. အခုတောင် ကန်နေ ပြီလား မသိဘူး၊ အဲဒါပဲ ကြည့်မှာ ..”

“မရဘူးကွာ .. ကာတွန်းကားပဲ” “ဟာကွာ … ဘောလုံးပွဲ ကြည့်မယ်”

အဲဒီလို သားနှစ်ကောင် အခြေအတင် ဖြစ်နေတဲ့ အချိန်မှာ အခြေအနေကို ဝင်ထိန်းဖို့ ဦးမောင် ကြိုးစားတယ်။

“အကောင်တွေပဲ အရင် ကြည့်ကြ ရအောင်လေ သားတို့ရဲ့ … ပြီးမှ ကာတွန်းကားတို့ .. ဘောလုံးပွဲတို့ အတူတူ ဆက်ကြည့် .. ကြည့် …”

“အာ .. မရဘူးဗျာ .. ကာတွန်းကားပဲ ကြည့်ချင်တယ် .. အဲဒါပဲ ရှာပေး”

“ဟေ့ကောင် .. မင်း လူပါးမဝနဲ့ … ဘောလုံးပွဲ ကြည့်မှာကွ”

“ကာတွန်းကားကွာ ..” “ဘောလုံးပွဲကွာ ..” “ကာတွန်း …” “ဘောလုံး” “ကာတွန်းကွာ …”

“ဟာ .. ကာတွန်း .. ကာတွန်းနဲ့ ဒီလောက်တောင် တွန်းဦးကွာ”

စိတ်မရှည် တော့တဲ့ အကြီးကောင်က အငယ်ကောင်ကို ဆံပင် ဆောင့်ဆွဲ၊ အငယ် ကောင်က မနိုင် နိုင်ရာ ပြန်ခံ လုပ်နဲ့ ပွဲက ကြမ်းလာတယ်။ ဦးမောင်လည်း ကြားထဲက ဘာပြောရမှန်း မသိဘူး .. ကြက်သေ သေလို့ ..။ သူ့ရဲ့ စိတ်ကူး ထဲကနဲ့ လက်တွေ့မှာ တခြားစီ ဖြစ်နေ ပြီကိုး။ အဲဒီ အချိန်မှာ မထင်မှတ်ဘဲ ဒေါ်ယုက တိုက်ပွဲ ကြားထဲ ထမီ စွန်တောင် ဆွဲပြီး ခုနစ်သံချီ ဟစ် ဝင်လာတယ်။

“ဟေ့ … ဘယ်သူမှ မလှုပ်နဲ့ … ဘာမှ ဆက်မပြောနဲ့ .. ကာတွန်းကားလည်း မရဘူး၊ ဘောလုံး ပွဲလည်း မရဘူး .. အကောင်တွေ ဘာတွေလည်း မကြားချင်ဘူး … ဒီလောက်တောင် ဖြစ်လှတာ .. ဘယ်သူမှ ဘာမှ မကြည့်နဲ့ .. ငါ့ဟာငါ ကိုရီးယား ကားပဲ ကြည့်တော့မယ် … ဒါပဲ”

အားလုံး ခဏလေး တိတ်သွားတယ်။ ခဏလေးပါပဲ .. တစ်စက္ကန့် .. နှစ်စက္ကန့် .. သုံးစက္ကန့် …။ အသံတွေ ပြန်ထွက် လာတယ်။

“အာ .. မေကြီး .. အဲလို မလုပ်နဲ့ဗျာ … ကိုရီးယား ကားပဲ ကြည့်ချင် နေတာပဲ .. မရဘူး ကာတွန်းကား”

“ဟေ့ကောင် .. ဘောလုံးကွာ ..” “ကာတွန်း .. ” “ဘောလုံး”

ပြောရင်း ဆိုရင်းနဲ့ ထပြီး သားနှစ်ကောင် ထပြီး သတ်ကုန် ကြပြန် ပါရော။ ဒေါ်ယုလည်း စိတ်တိုတိုနဲ့ ပြောမရတဲ့ နှစ်ကောင်ကို ရီမုနဲ့ လှမ်းပေါက်တာ ဘယ်သူ့ကို ထိမှန်းတော့ မသိဘူး “ဒေါင်” ခနဲပဲ။ သူတို့ နှစ်ကောင် လုံးထွေး နေတဲ့ အရှိန်နဲ့ ဦးမောင်ရဲ့ ဆိုဖာ အစားထိုး ပလပ်စတစ် ခုံလေးတွေလည်း မခံနိုင်ဘူး။ ကျိုးတဲ့ ဟာကကျိုး၊ ပဲ့တဲ့ ဟာကပဲ့နဲ့ တစ်နေရာစီ ဖြစ်ကုန်တယ်။ ဦးမောင် ဘယ်လိုမှ သည်းမခံ နိုင်တော့တဲ့ အဆုံး “ဝုန်း” ခနဲ ထပြီး အိမ်ကနေ ထွက်လာ ခဲ့တော့တယ်။ ဘာ ပျော်ရွှင် သာယာတဲ့ မိသားစု ဘဝလဲ .. အလကားပဲ။ ဘယ်သူ မှလည်း ပြောလို့ မရဘူး။ သူ ကြည့်ချင်တဲ့ အကောင် တွေလည်း မကြည့်ရ တော့ဘူး။ မိသားစုနဲ့ ပျော်ပျော်ကြီး ကြည့်လိုက်မယ်ဟဲ့ ဆိုတဲ့ စိတ်ကူး အိပ်မက် ကလေးလည်း ဘယ်ကို ရောက်သွားမှန်း မသိတော့ဘူး။ ဦးမောင် အိမ်ပေါက်ဝ ရောက်တဲ့ အထိ အထဲ မှာတော့ သားအမိ သုံးယောက် အော်ဟစ် ဆူညံ လုံးထွေး သတ်ပုတ်လို့ ကောင်းတုန်း။

စိတ်ညစ်ညစ်နဲ့ လမ်းထိပ်မှာ အကြာကြီး ထိုင်ပြီးမှ ဦးမောင် အိမ်ကို ပြန်လာ ခဲ့တယ်။ ဒေါ်ယု ကလည်း တီဗီ ရီမုကြီး ကိုင်ပြီး တီဗီလည်း မကြည့် ဘဲနဲ့ ငူငူကြီး ထိုင်နေတယ်။ အငယ်ကောင် မောင်ကျော် ကတော့ ရန်ဖြစ်ရင်း မောလို့ ငိုပြီး အိပ်ပျော် သွားပြီ။ အကြီးကောင် မောင်ဘုန်း ကတော့ အငယ်ကောင် ကုန်းကိုက်လို့ ယောင်ပြီး သွားရာ အကွင်းလိုက် ဖြစ်နေတဲ့ လက်ကို ဆန်ဝါးပြီး အုံနေတယ်။ ဆိုဖာခုံကြီး မတတ်နိုင်လို့ တန်းစီပြီး ကြည့်ဖို့ အစားထိုး စီထားတဲ့ ပလပ်စတစ် ခုံပု လေးတွေလည်း အိမ်အနှံ့ တစ်နေရာစီ ပြန့်ကျဲလို့ .. ။ ဘယ်သူမှ မကြည့်ဖြစ် တော့ဘဲ သူ့ဟာသူ ပွင့်နေတဲ့ တီဗီမှာတော့ တိုက်တိုက် ဆိုင်ဆိုင် ဦးမောင် သိပ်ကြိုက်တဲ့ ကြော်ငြာလေး လာနေတယ်။ ပျော်ရွှင် သာယာတဲ့ မိသားစု ဘဝလေး တည်ဆောက်ဖို့ သူတို့ရဲ့ အခပေး ရုပ်သံလိုင်းကို အမြန်ဆုံး တပ်ကြပါစို့ တဲ့လေ …။

၂၃ – အောက်တိုဘာ – ၂၀၁၂
TechSpace Journal

Volume (1), Issue (31)

9 comments

  • ကိုခင်ခ

    November 3, 2012 at 1:06 pm

    ဦးမောင်တစ်ယောက် ဒီအတိုင်းတာ မညီညွတ်ကြရင် ၄ ယောက်ရှိတာ
    ရုပ်သံစက်နဲ့တီဗွီ ၄ လုံး ထားရမလိုတော့ဖြစ်ပြီ။

  • မောင်ပေ

    November 3, 2012 at 7:45 pm

    ဒီပို ့စ်ထဲမှာ ၊ သွားကိုက်ရာကို ဆန်ဝါးပြီးအုံတယ်ဆိုတာကို ဖတ်ရတော့
    ငယ်တုန်းက ကြည့်ခဲ့တဲ့ တရုတ်တစေ ကားကို သွားသတိရမိတယ်ဗျာ

  • Mr. MarGa

    November 3, 2012 at 8:23 pm

    လူ့အလို နတ်မလိုက်နိုင်ဘူးလေကွယ်

  • candle .

    November 3, 2012 at 9:14 pm

    မိသားစုဘဝ သာယာကြည်နူးဖို ့က အချင်းချင်းအလျှော့ပေးမှုလေးတွေ သည်းခံမှုလေးတွေနဲ ့
    ညှိယူကြရတာပါဘဲ….ပို ့စ်ထဲကမိသားစုက ကိုယ့်ဆန်ဒ ကိုဘဲ ဦးစားပေးချင်ကြတာလေ….
    ဦးမောင်ကအစဘဲဆိုပါတော့….ဒါ့ကြောင့် သူလိုချင်တဲ့မိသားစုသာယာမှုနဲ ့ဝေးခဲ့ရတာပေါ့….

  • ကထူးဆန်း

    November 4, 2012 at 7:09 am

    အမှန်တစ်ကယ်ဖြစ်တတ်တဲ့ သဘာဝပါ … ဖြစ်လဲဖြစ်နေကြပါသည်။

  • ကျနော်တို့အိမ်မှာနှစ်ယောက်ထဲရှိတာတောင် လုရသေးတာဗျာ။
    ကျနော်က ကြည့်ချင်တာ တစ်မျိုး သူစိတ်ဝင်စားတာတစ်မျိုး
    အဲတော့ ကျနော်က အင်တာနက်ဆိုင်ထွက်သွားလိုက်တာပေါ့။
    သူကြည့်ချင်တာ သူကြည့် အေးရော

  • nicolus agral

    November 4, 2012 at 7:03 pm

    မြိ ု ့ပြမိသားစုစတိုင်ပေါ့
    ကျွန်တော်လည်း အဖေ၊အမေ၊မောင်နှမတွေ စုစားတဲ့ မိသားစုထမင်းဝိုင်းလေးကို သတိရတယ်
    ပြန်မရနိုင်တော့ဘူးလို ့ထင်တယ်
    ဪ ၂၁ရာစုမြိ ု ့ပြ……………

  • jullies cezer

    November 5, 2012 at 1:01 pm

    တော်သေးတာပေါ့ သားသမီးက ၂ နှစ်ယောက်ပဲရှိလို 😛

  • uncle gyi

    November 5, 2012 at 4:48 pm

    အိမ်တွင်းနေရာလုပွဲလို့အမည်ပေးလိုက်မယ်
    အပြင်မှာနေရာလုနေကြတာကိုလဲသိပ်အပြစ်မပြောလိုတော့ပါ

Leave a Reply