“““အွန်လိုင်းပေါ်ကဂုဏ်အတု”””
မိုးပြာတစ်ယောက်တစ်ယောက်အခုတလောအင်တာနက်တော်တော်လေးသုံးဖြစ်သည်။CDMA800 ဖုန်းလိုင်း ဝယ်ပြီးစတည်းကမကြာမကြာသုံးဖြစ်လာတာပါ။စသုံးကာစကတော့ စလုံးမှာရောက်နေတဲ့သူငယ်ချင်းတွေနဲ့ ချတ်တင်ပြောရင်း ဖေ့စ်ဘုတ်နဲ့ဆိုရှယ်ဆိုဒ်တွေကိုသုံးဖြစ်လာသည်။
“ဟေ့စစ်ကိုင်းကဘီလူးမ အင်တာနက်သုံးတာသတိထားနော် အွန်လိုင်းမှာ အညစ်အကြေးတွေနင်းမိဦးမယ်။
အဲ ဘဲနာလေးတွေကိုလည်းကြည့်ရှောင်ဦး”
စလုံး ရောက်နေတဲ့သူငယ်ချင်း အင်ကြင်းကလှမ်းနောက်သည်။သူငယ်ချင်းတွေက မိုးပြာရဲ့နာမည်ကို
Sky Blue ကိုနောက်ပြီး စစ်ကိုင်းကဘီလူးမ ဟုခေါ်ခေါ်စတတ်ကြသည်။
“ဖြစ်စရာလားဟဲ့…ငါ့လိုတံဆိပ်ခတ်ထားတဲ့လူကို”
“ဟဲ့ အွန်လိုင်းမှာ နင်တံဆိပ်နှိပ် မနှိပ်မြင်ရတာမို့လား ဟိဟိ တစ်ချို့ကလည်းဇွတ်”
“အောင်မယ် အရူးမ တော်စမ်းပါ စကားအကောင်းပြော”
မိုးပြာရဲ့သူငယ်ချင်းတွေက အသက်၃ဝနားနီးလာတာတောင် ကလေးတွေလို စကြ၊နောက်ကြတုန်း။
အသက်၅၀၊၆ဝ ထိလည်းယခုလိုပဲနောက်ဦးမှာလို့တောင်ပြောတတ်ကြသေးသည်။
ဒီလိုနဲ့မိုးပြာတစ်ယောက်အင်တာနက်သုံးရင်း၊ဆိုရှယ်ဆိုဒ်တွေသုံးရင်းက အွန်လိုင်းဘော်ဒါတွေတိုးပွားလာခဲ့ သည်။မိုးပြာနဲ့ချတ်တင်ပြောတတ်ကြတဲ့သူငယ်ချင်းတွေထဲမှာ ဂျွန်လေးဆိုတဲ့ကောင်လေးတစ်ယောက်ပါ ရောက်လာသည်။သူကသူ့ကိုယ်သူ ဆေးကျောင်းသားလို့ပြောသည်။မိုးပြာကတော့ ဟုတ်မဟုတ်သံသယမရှိ။ ကိုယ့်မောင်လေးလိုသဘောထားပြီးခင်လိုက်တာပင်။
“မမမိုးအမျိုးသားကဘာအလုပ်လုပ်လဲဗျ”
“ကုမ္ပဏီတစ်ခုမှာမန်နေဂျာပါဂျွန်လေးရေ…ဘာလို့လဲ”
“ဂျွန်အလုပ်တစ်ခုလောက်လိုချင်လို့ပါ”
“ဟင်..ဂျွန်လေးကကျောင်းတက်နေတာမို့လား”
“အဲ…ဪ…ဟိုဟာ ဂျွန့်အတွက်မဟုတ်ပါဘူး အိမ်က အစ်ကို့အတွက်ပါ”
မိုးပြာရဲ့အကျင့်ကလည်းသူများကိုအင်မတန်မှကူညီချင်တတ်တယ်။ချက်ချင်းပဲတုံ့ပြန်မိတာက
“မမအမျိုးသားကိုမေးပေးမယ်လေ ဂျွန်လေးအစ်ကိုရဲ့ပညာအရည်အချင်းကကော”
“အဲ..ဟို ကိုကိုက ငယ်ငယ်ကကျန်းမာရေးချူချာပြီး 10တန်းအကျမှာကျောင်းထွက်လိုက်ရတာ
အခုတော့ဒေါင်ဒေါင်မြည်ပါပဲ…ကားတော့မောင်းတတ်တယ် မမ”
မိုးပြာစဉ်းစားမိတော့ပြီ ဂျွန်လေးကအရင်ကပြောတော့ မိဘအသင့်အတင့်ချမ်းသာတဲ့ဆေးကျောင်းသားတဲ့ အခုလိုလူတစ်ယောက်ရဲ့အကိုက ဒရိုင်ဘာလုပ်လို့အဆင်ပြေပါ့မလား
“ဟိုလေ ဂျွန်လေးအစ်ကိုက ဒရိုင်ဘာ အဲ..မမစကားမှားသွားရင်ဆောရီး ဟိုလေ ဂျွန်လေးတို့မိဘကပြေလည် တယ်မဟုတ်လား”
“ဒီလိုပါမမ ကိုကိုကအိမ်ထောင်ပြုသွားတော့ မာမီတို့ကလှည့်မကြည့်ဘူးလေ။ဂျွန်က ကိုကို့ကိုသနားလို့ကူညီချင် တာ သူတတ်တာကလဲကားမောင်းပဲလေ ဒါတောင်အိမ်ကကားကိုမောင်းခဲ့လိုတတ်နေတာ အခုတော့အဆင်ပြေ တာပေါ့ဒရိုင်ဘာဆိုလည်းခန့်လို့ရပါတယ်မမ ဂျွန့်ကိုအားနာဖို့မလိုပါဘူး”
ဂျွန်လေးကထိုသို့ပွင့်ပွင့်လင်းလင်းပြောတော့ မိုးပြာက ခင်ပွန်းသည် ကိုနောင့်ထံပြောပေးမိသည်။
“အံမယ် ငါ့မိန်းမတောင်အွန်လိုင်းမှာ အကျိုးဆောင်ကုမ္ပဏီဖွင့်လို့ရနေပြီ ..”
ကိုနောင်ကနောက်သည်။
“ကိုနောင်ကလဲအလုပ်နေရာရှိလားစဉ်းစားပေးစမ်းပါ…မိုးလေးရဲ့အွန်လိုင်းသူငယ်ချင်းမောင်လေးအတွက်”
“အင်း…ဒရိုင်ဘာကတော့လိုတယ်ကွ…သူ့အက်ိုကအသက်(၂၅)ဆိုတော့မငယ်ဘူးလား ကိုနောင်တို့က အသက်(၃၀)ကျော်လောက်ခန့်ချင်တာ”
“ဘာကွာလို့လဲ ကိုနောင်ရယ် တွေ့ကြည့်လိုက်ပါ မိုးလေး ကူညီချင်လို့ပါနော်”
“အင်းလေး တွေ့ကြည့်တာပေါ့”
တွေ့ကြည့်တာပေါ့ဆိုပေမယ့် မိုးလေးမျက်နှာကြောင့် ဂျွန်လေးအကို ကိုမျိုးထက်တစ်ယောက် ကိုနောင်တို့ ကုမ္ပဏီမှာ ဒရိုင်ဘာအလုပ်ရချေပြီ။
အခုတလောအွန်လိုင်းပေါ်မှာဂျွန်လေးကိုသိပ်မတွေ့ ဂျွန်လေးတက်နေကျအချိန်တွေမှာလည်းမတွေ့ ကောင်လေးကျောင်းစာတွေနဘမ်းလုံးနေပြီပေါ့။ဆေးကျောင်းသားဆိုတာဒီလိုပါပဲ လို့တောင်တွေးမိသေး။ မိုးပြာလည်းတခြားသူငယ်ချင်းတွေနဲ့ပဲ ချတ်တင်ပြောလိုက် ဆိုဒ်လေးတွေဝင်ကြည့်လိုက်နဲ့ အားလပ်ချိန်တွေကို ဖြုန်းတီးနေတော့သည်။
တစ်ရက် ကိုနောင်ကုမ္ပဏီကားနဲ့အိမ်ပြန်လာသည်။
“ကားဘာဖြစ်လို့လဲ ကိုနောင်”
“ဘာဖြစ်တယ်မသိပါဘူး ဝပ်ရှော့ထိုးခဲ့တယ် ဪ ဒီမှာလေ မိုးပြာပြောပေးတဲ့ ဂျွန်လေးဆိုတာရဲ့အကို”
ဒရိုင်ဘာက မိုးပြာကိုမော့ကြည့်ရင်းပြုံးပြသည်။
“ကျေးဇူးတင်ပါတယ် မမမိုး ဂျွန်လေးပြောပြလို့မမမိုးကျေးဇူးကြောင့်ဆိုတာသိရတယ်”
ဂျွန်လေးအကိုက ပရိုဖိုင်ဓာတ်ပုံထဲကဂျွန်လေးနဲ့အတော်တူသည်။ဓာတ်ပုံကသေးတော့သိပ်မသဲကွဲပေမယ့် တူတာတေ့ာတော်တော်တူသည်။အင်းလေ ညီအကိုပဲ။ပြီးတော့ အသက်ကလဲ မကွာသလို။
“ဒါနဲ့ ဂျွန်လေးတောင်အင်တာနက်မသုံးဖြစ်ဘူးနဲ့တူတယ် ကျောင်းစာတွေများနေတယ်ထင်ရဲ့”
မျိုးထက်ဆိုသူ မျက်နှာတစ်ချက်ပျက်သွားပြီး ခေါင်းကိုငုံ့သွားကာ
“အင်း…ဟုတ် ..ဟုတ်မယ် မမမိုး ကျွန်တော်လဲ အိမ်မရောက်တာကြာပြီ ဒီကောင်နဲ့တောင်မတွေ့ဘူး..သွား လိုက်ပါဦးမယ်နော်
ဆရာကျွန်တော်သွားတော့မယ်နော် ဘာခိုင်းဖို့ရှိသေးလဲ”
“အေးအေး မရှိပါဘူးကွာ”
ကားလေးထွက်သွားတော့ မိုးပြာနဲ့ကိုနောင်အိမ်ထဲဝင်ခဲ့သည်။
ဒီနေ့ညတော့ဂျျွန်လေးက အသုံးပြုနေကြဆိုဒ်တစ်ခုမှာ ဘလော့ပို့စ်တွေတင်ထားသည်။မိုးပြာလည်း ဝင်အားပေးလိုက်သေးသည်။လူကိုတော့မတွေ့ရ။ကမန်းကတမ်းဝင်တင်ထားတာဖြစ်မည်။
“ကျွတ် စိတ်ပျက်တယ်ကွာ”
ကိုနောင့်စားပွဲမှ ရေရွတ်သံကြောင့်
“ကိုနောင်ဘာဖြစ်တာလဲ”
“ဒီမှာကွာ ကိုယ့်လက်ပ်တော့ပ် ကိုကိုယ်မရှိခင် ဘယ်သူက မန်မိုရီစတစ်ထည့်သုံးသွားလည်းမသိဘူး။ဗိုင်းရပ်စ် တွေပါထိထားတယ်”
ကိုနောင်က သူ့ရုံးသုံးလက်ပ်တော့ပ်ကိုထိုးပြပြီးပြောနေသည်။
“ကိုနောင် မရှိတုန်းဘယ်သူကိုနောင့်အခန်းထဲဝင်လို့လဲ စဉ်းစားကြည့်ပါလား”
“အင်း…ကိုယ် ဒါရိုက်တာနဲ့သွားတွေ့တော့ ကော်ရစ်တာမှာမျိုးထက်ကိုတွေ့တာနဲ့ အခန်းထဲကမီးချောင်းပျက်နေ တာဝင်လဲပေးဖို့ပြောလိုက်တယ်။မျိုးထက်ပဲဝင်မှာ ဒီကောင်ကတော့စတစ်မသုံးလောက်ပါဘူး”
“အင်း…ရုံးရောက်တော့မေးမြန်းကြည့်ပေါ့ကိုနောင်ရာ”
ကိုနောင့်ကိုပြောအပြီး မိုးပြာကွန်ပျူတာဘက်လှည့်လိုက်စဉ် ဂျွန်လေးရဲ့ကဗျာတစ်ပုဒ်ကိုမျက်စိရောက်သွားရာ
မိုးပြာခေါင်းထဲအလင်းတန်းတစ်ခုတိုးဝင်လာသည်။
“ကဲ…ဗိုင်းရပ်စ်စစ်ထားတုန်းအိမ်သာသွားဦးမယ်”
ကိုနောင်က ဗိုက်နာတယ်ဆိုပြီးအိမ်သာဝင်သွားရာ မိုးပြာကမန်းကတန်းကိုနောင့်စားပွဲသို့ချဉ်းကပ်လိုက်ပြီး။
အင်တာနက်အသုံးပြုလို့ရတဲ့ Browser တွေကိုလိုက်ဖွင့်လိုက်ပြီး History တွေကိုစစ်ကြည့်လိုက်ရာ… တွေ့ပါပြီ Mozilla ထဲမှာ ဝင်ရောက်အသုံးပြုထားတဲ့ အရိပ်အယောင် ဂျွန်လေးသုးံတတ်တဲ့ ဆိုရှယ်ဆိုဒ်တွေနဲ့ ဂျွန်လေးတင်ထားတဲ့ပို့စ်တွေ ကမန်းကတန်းနဲ့မို့ History တွေကို clear မလုပ်သွားနိုင်တာဖြစ်မယ်။ ဝါသနာကိုမတားနိုင်တာနဲ့ရသမျှအချိန်လေးမှာ အမြဲတမ်းဆောင်တတ်တဲ့ စတစ်နဲ့ဝင်သွားတာဖြစ်မယ်။
ဪ…ဂျွန်လေးရယ် မမမိုးအပေါ်ရိုးသားစွာချဉ်းကပ်လည်းရရက်နဲ့ ဆေးကျောင်းသားဆိုတဲ့ဂုဏ်အတုကိုခုတုံး လုပ်လိမ်ညာခဲ့တာပင်။အဲဒီလိုဂုဏ်တွေက
မမမိုးတို့အတွက်ဘာအသုံးဝင်မှာမို့လဲ ချစ်သူအနေနဲ့ချဉ်းကပ်မယ့် ကောင်မလေးတွေဆိုရင်ရော တစ်နေ့မဟုတ်တစ်နေ့သိရမှာပဲမဟုတ်လား။
အဲ…အွန်လိုင်းမှာပဲ တစ်ရွာတည်ပြီး ဂုဏ်တု၊ဂုဏ်ယောင်နဲ့ထည်ဝါချင်နေတယ်ဆိုရင်တော့ လိမ်ခြင်းတွေဟာ အဆုံးသတ်လို့ရတောာ့မှာမဟုတ်ဘူးကွယ်။လိမ်ညာခြင်းကို ဖုံးကွယ်ဖို့အတွက် လိမ်ညာခြင်းဒိုင်းတွေကိုပဲ အခါခါသုံးနေရလိမ့်မယ်ဆိုတာ အွန်လိုင်းမောင်လေးသိအောင် မမမိုးပညာပေးဘလော့ပို့စ်လေးတင်ပေးသွား ရလိမ့်မယ်။
ဘယ်လိုဘဝမျိုးကိုမဆို ခင်မင်ခြင်းမှာ အကန့်အသတ်မရှိကြပါဘူးဆိုတာသိကြပါစေလို့ မမမိုးဆုတောင်း လိုက်ပါတယ်။
မိုးပြာစိတ်ထဲမှထိုသို့ပြောရင်း ဒီကိစ္စကို ကိုနောင်မသိရအောင်ဂျွန်လေးအသုံးပြုခဲ့တဲ့ History တွေကိုသန့်စင် လိုက်ရသည်။ကိုမျိုးထက်(ခေါ်)ဂျွန်လေးကို ရှေ့လျှောက်ကိုနောင်မယုံကြည်တော့ပဲ အလုပ်ဖြုတ်တာမျိုးအထိ ဖြစ်သွားရင် မကောင်းဘူးမို့ပါ။အခုအနေက ကိုမျိုးထက်တစ်ယောက် ကိုနောင့်အလုပ်မှာရိုးသားကြိုးစားကြောင်း အမြဲကြားနေရတာပဲလေ။ဂျွန်လေးကိုတွေ့မှ အကျိုးအကြောင်းပြောပြဆုံးမတော့မည်ဟုသာ ဆုံးဖြတ်လိုက်တော့ သည်။
“နန်းတော်ရာသူ”ရေးသားသည်
(1-11-2012)
http://nanntawyarthu.webs.com
10 comments
ကိုပေါက်(မန္တလေး)
November 10, 2012 at 10:15 pm
ဇာတ်လမ်းဆင်ထားတာလေးက ကောင်းပါ၏
အခုခေတ်မှာဒီလိုလူမျိုးတွေ ပိုများလာပါ၏
uncle gyi
November 11, 2012 at 8:44 am
ပြောမယ်ဆိုဒီကောင်လေးကအွန်လိုင်းမှာအရိုးသားဆုံးလို့ပြောရမယ်
အချို့ဆိုငွေကိုယူသည်ပြီးတော့လူကိုပါယူသည်
တကယ့်ကိုအရှုပ်ထုပ်တွေ
MaMa
November 11, 2012 at 10:24 am
အင်တာနက်ခေတ်ရဲ့ လူမှုရေးပုံစံသစ်တွေပါလား။
အမှန်ဆိုရင် နန်းတော်ရာသူပြောသလို ရိုးရိုးသားသား ဖြောင့်မတ်စွာ ခင်မင်ရင်းနှီးပြီး ကူညီရရင် ပိုကောင်းတဲ့ ဆက်ဆံရေးကို ရနိုင်တာပေ့ါ။ :buu:
လုံမလေးမွန်မွန်
November 11, 2012 at 10:53 am
အစ်မရေ…
ဖြစ်တတ်တဲ့သဘောလေးကို ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ ဖတ်ရလို့ ဗဟုသုတရပါတယ်…
ဘာပဲဖြစ်ဖြစ် ဂျွန်လေးက တစ်ခြားသူတွေနဲ့ယှဉ်ရင် ရိုးသားတယ်လို့ ပြောလို့ရပါသေးတယ်…
သူ့ဘက်ကတွေးကြည့်ရင်တော့ သူ့ဘဝသူအားငယ်နေပြီး ဟန်ဆောင်မျက်နှာဖုံးတပ်လို့ရတဲ့ အွန်လိုင်းပေါ်မှာ သူဖြစ်ချင်တဲ့ ဆေးကျောင်းသားဘဝကို ခဏအငှားတပ်လိုက်တာ ဖြစ်ပုံရပါတယ်….
candle .
November 11, 2012 at 10:54 am
တော်သေးတယ် ကောင်လေးက များများ အမြတ်ထုတ်မသွားလို ့….
စိတ်ဝင်စားစရာ မှတ်သားစရာပိုစ့်လေးမို ့အားပေးသွားပါတယ်….
myanmarcitizen
November 11, 2012 at 1:47 pm
လူ အတု
အသက် အတု
ဖိုမ အတု
မြို့ အတု
အလုပ် အတု
စကား အတု … (နောက်ဘာကျန်သေးလဲ)
သီဟသူရ တိမ်မည်း (ခေတ္တ-ရန်ကုန်)
November 12, 2012 at 10:20 am
ဇာတ်လမ်းလေးကဂွတ်တယ်ဗျာ……….
အိုင်ဒီယာကို ချီးကျူးတယ်ဗျို ့
လှည့်ကွက်လေးက နဲနဲလိုနေတယ်….
ဒီထက်ပိုဆန်းရင် ရင်သိမ့်သိမ့်တုန် ဝတ္တုတိုဖြစ်မှာပါ……
အားပေးလျက်
တိမ်မည်း
kyeemite
November 12, 2012 at 3:16 pm
ဘာပဲဖြစ်ဖြစ် ကိုယ့်မန်နေဂျာ…တနည်း..အလုပ်ပေးထားတဲ့ကျေးဇူးရှင် ရဲ့
ကွန်ပြူတာကို ခိုးသုံးတာတော့ စာရိတ္တညံ့ဖျဉ်းတာပဲ..ဒီလိုကောင်မျိုး
ဘယ်လိုယုံကြည်ရပါ့မလဲ..ချက်ချင်းအလုပ်ထုတ်ပစ်ရမှာ…
ရွာသူ jujuma .
November 12, 2012 at 3:58 pm
အွန်လိုင်းသူငယ်ချင်း အွန်လိုင်းချစ်သူအပြည့်အဝမယုံကြည်သင့် ။
Mr. MarGa
November 14, 2012 at 7:44 pm
ခေါင်းစဉ်တွေ့ပြီး ဖတ်မလို့လုပ်နေတာကြာပါပြီ
ဒီနေ့မှ ဖတ်ဖြစ်ပါတယ်
အားပေးသွားပါတယ်။