“လှုပ်လှုပ်ရွရွ အလှူဝင်တဲ့ည ” (ငယ်လွမ်းချင်း အမှတ်သုံး)
“လှုပ်လှုပ်ရွရွ အလှူဝင်တဲ့ည ”
(ငယ်လွမ်းချင်း အမှတ်သုံး)
ကျနော်မှတ်မိသလောက် မြန်မာပြည်မှာ TV ဆိုတာကြီးပေါ်လာမှ “ရုပ်မြင်သံကြား”ဆိုတဲ့စကားလုံးက
လူသိများလာခဲ့တာပါ။
၁၉၈၃ခုနှစ်ပါတ်ဝန်းကျင်မှာမှ မြန်မာပြည်တနံတလျား သုံးခဲ့တဲ့ ဒီရုပ်မြင်သံကြား ဆိုတဲ့စကားလုံးလေးကို
၁၉၇ဝခုနှစ်ပါတ်ဝန်းကျင်လောက်မှာကတည်း မတ္တရာနယ်ဘက်မှာတော့ သုံးခဲ့ကြတာပါ။
ရုပ်မြင်သံကြားဆိုတာကို မျက်စေ့ထဲမြင်လာအောင်ပြောရရင် “တေးသရုပ်ဖော်ကပွဲ”ပါဘဲ။
အဲဒီခေတ်က ကက်ဆက်ဆိုတာ ဘယ်နေမှန်းမသိ။
တိတ်ရကော်ဒါဆိုတာ မြို့က သူဌေးအိမ်မှာ မှ သုံးတဲ့ ဂုဏ်ဒြပ်ခံတဲ့အရာတစ်ခု။
တောမှာတော့ ဓါတ်စက်နဲ့လော်ကြီးတွဲလိုက်ရင် ဒီရွာတင်မကဘဲ ဟိုဘက်ရွာကလူတောင်နားထောင်
နိုင်လောက် အောင်အသုံးတည့်လှပါတယ်။
အလှူရှိရှိ မင်္ဂလာဆောင်ရှိရှိ ဒီလော်ကြီး ဖွင့်လိုက်ရမှပြည့်စုံတာတော့အမှန်ပါဘဲ။
ဒီရန်ကင်းရွာလေးရောက်မှ ကြားဘူးမြင်ဘူူးတာတော့ရုပ်မြင်သံကြားတဲ့။
အသံကြားရမယ် ဓါတ်စက်ဖွင့်ထားလို့ပါ။
ရုပ်မြင်ရမယ် လူတွေက သရုပ်ဆောင်ပြကြတာကိုး။
ဖွင့်ထားတဲ့ သီချင်း ပြဇာတ်တွေထဲကပြောဆိုငိုတဲ့အတိုင်း လိုက်ပြီး အမူအယာလုပ်လို့
သရုပ်ဆောင်ကြတာပါ။
မင်းသားမင်းသမီးအစ လူကြမ်းအဆုံး အပြင်လူမပါ ရွာသူရွာသားတွေကဘဲ သရုပ်ဆောင်ကြတာပါ။
အားလုံးက အနုပညာသည်မပါ ကိုယ့်ရွာသူရွာသားအချင်းချင်းဘဲ သရုပ်ဆောင်ကြ
ရွာသူရွာသားအချင်းချင်းဘဲပြန်အားပေးကြပေါ့။
အဲဒီအချိန်က ခေတ်စားတဲ့ပြဇာတ်တွေကတော့
တွံတေးသိန်းတန်ရဲ့ “ကိုယ်ရယ်တိုးရယ်စိုးစိုးရယ်”
(ကိုသိန်းတန် ကိုသိန်းတန်စိုးသင်္ဘောပေါ်တက်ခဲ့မယ်)တို့
ကိုသစ္စာရဲ့ ထွေးညို”
(သာဒင်ဖွတ်ကျားအလိုမရှိ)
“ခေါင်းလောင်းထိုးသံဘယ်သူ့ကံ”
(မောင်လာမယ်ဆိုဆို ပျိုစောင့်လို့ကြို ရွှေကျီးလေးသံချိုချိုသာပါအုံးဆို…………….
တဲ့ အငြိ်မ့်မင်းသမီးလေး ယုနဲ့ လူဆိုးကြီး ဘခက် )ဆိုတာတွေက ခေတ်ပြဇာတ်တွေပါ။
ရွှေမန်းတင်မောင်ရဲ့” ရွှဲကုန်သည်”တို့
(မပေးပေးးးးးးးးးးးးပေး ငါ့ရွှေခက်ပေး)
မောင်မှူး(ထန်းပင်ကျရေ ထန်းပင်ကျရေ ချိုတမြမြခါးသလေလေ့ ………….ရွှေမန်းကျော်အောင်ရဲ့ “မေဓါဝီ”တို့(အိုမောင်တော် ရွှေသမင်ဖိုကြီးရေ……………………….)
အောင်မောင်းရဲ့ “ပဒုမပေါင်တို ”
(မမ ပေးမှ ကျွေးမှ စားရမယ့်သူပါ မမရယ်……)တို့က နာမယ်ကျော်ဇာတ်ထုတ်တွေပေါ့။
ဟာသဆိုရင် ဓါတ်ဆီဓါတ်ဆံရဲ့ ရေနံချောင်းက ဖေကံကောင်း
နာမယ်ကြီး ဟာသတွေပေါ့။
အဲတော့ရုပ်မြင်သံကြားအဖွဲ့ကလဲ ဒီနာမယ်ကြီးဇာတ်တွေကိုဘဲ ဖွင့်လို့ ကကြတာပေါ့။
ညည ဆိုရင် အလှူမတိုင်မီ တစ်ပါတ်လောက်ကတည်းက ဇာတ်တိုက်ကြတာကို
လာအားပေးကြတာက ရွာခံတွေတင်မဟုတ်ဘဲ ဟိုဘက်ဒီဘက်ရွာလူတွေပါလာကြတာပါ။
ဒီရန်ကင်းဆိုတဲ့ရွာလေးက ဒီပြင်ရွာနဲ့စာရင် သီးသန့်ရှိနေတဲ့ရွာလေးပါ။
တမင်သက်သက်လာမှဘဲ ရောက်တဲ့ရွာလေးလို့ဆိုနိုင်ပြန်ပါတယ်။
ဒီအလှူပွဲမှာ ဝတ်စုံအပြည်နဲ့ ကကြပြုကြမှာကို မျှော်လင့်တကြီးနဲ့စောင့်စားနေသူကလဲ
အများသားပါဘဲ။
နောက်ဒီနယ်ဘက်မှာ စီးပွားရေးသိပ်မကောင်းတော့ အခုလို အလှူကြီးမဖြစ်တာလဲကြာပြီဆိုတော့ ဒီအလှူကို အားလုံးက အားခဲ့ထားကြတာလဲ အမှန်။
နောက်ကြားရခဲတဲ့ “မန္တလေးဆိုင်း “ကလဲပါအုံးမှာဆိုတော့ ကြုံတောင့်ကြုံခဲအလှူပွဲပါဘဲ။
ညနေခင်းကလေနီကြမ်းအဆင်မှာ အလှူမဏ္ဍပ်ပြိုကျသွားတယ်လဲကြားရော အနီးအနားရွာကလူတွေကလည်း
လေငြိမ်တာနဲ့ အလျိုလျိုနဲ့ရောက်လာကြပါတော့တယ်။
အလှူအမ မေ့လဲသွားတယ်လဲကြားရော စုပ်တသပ်သပ်နဲ့။
ဘယ်လိုဝိုင်းရမလဲ ဘာလုပ်ပေးမလဲ ဆိုပြီး ကူညီပေးဘိုု့အဆင်သင့်။
ခဏနေတော့ရွာဦးဆရာတော်ကိုယ်တို်င် တုတ်ကောက်လေး တထောက်ထောက်နဲ့ရောက်လာပါတယ်။
ဆရာတော်လဲ အလှူ့အမ နေတဲ့ အိမ်ကိုတန်းသွားပါတယ်။
ရောက်တာနဲ့
“ဟဲ့ မယ်ရင် မပူနဲ့ဆရာတော်ရှိတယ်။
ပေး…………..သောက်ရေတစ်ခွက် “ လို့တောင်းတဲ့ပြီး ရေခွက်လေးလဲလက်ထဲရောက်ရော
လက်ကလေးနှစ်ဖက်အထက်မြောက် မျက်လုံးအစုံကိုမှိတ်ပြီး ဘုရားကို အာရုံပြု
နူတ်ကလဲတတွတ်တွတ်နဲ့ရွတ်ဖတ်တော်မူပါတော့တယ်။
အတော်ကြာမှ သူ့လွယ်အိတ်ထဲက သွေးဆေးပုလင်းလေးထုတ် သကြားလေးနည်းနည်းရောပြီး
“ဘုရားဆေး ဓမ္မဆေး သံဃာဆေး”လို့အဆုံးသတ်ရွတ်တဲ့ပြီး
“ကဲ စိတ်ငြိမ်သွားအောင် ဒါလေးသောက်ပြီး ခဏလှဲနေ ဘာမှမပူနဲ့ ဘုန်းဘုန်းကိုယ်တိုင်စီစဉ်မယ်”
လို့မိန့်မှ မအုန်းရင်လဲ ခပ်နွမ်းနွမ်းလေး ပြုံးနို်င်ပါတော့တယ်။
ပြီးတော့မှဆရာတော်ကြီးက “အလှူ့ဒကာကြီး လဲလာ အားလုံးလဲလာ ညတွင်းချင်းမဏ္ဍပ်ကိုအပြီးပြန်တည်မယ်”
ဆိုပြီးမိန့်တော်မူတော့ ပွဲကြည့်သလိုလာကြည့်တဲ့သူတွေရော
ရွာခံတွေရောရှိသမျှ အကုန်လုံးဆရာတော်ရှေ့မှောက်ရောက်လာကြပါတော့တယ်။
ဆရာတော်ကြီးရဲ့အစီအမံအတိုင်း အဦးဆုံးမဏ္ဍပ်ထဲက အပျက်အစီးတွေအရင်ဆွဲထုတ်ပြီးဘေးမှာပုံ။
နောက်ဖုံတွေသဲတွေတင်နေတဲ့ ကော်ဇော်တွေဆွဲထုတ်။
ယိုင်နဲ့သွားတဲ့မဏ္ဍပ်ကိုလူအင်အားနဲ့ကျားကန်။
ရွာက ကပ်ယက်တဲ့အိမ်က ကပ်တွေသွားယူ။
မဏ္ဍပ်ကိုပြန်အလှဆင်။
တစ်ချို့ကလဲ ထမင်းဟင်းချက်မယ့်နေရာက အပျက်အစီးတွေဖယ်။
ပြိုကျသွားတဲ့ ထမင်းစားရုံက ဘေးအကာတွေကို ပြန်ဆောက်။
လွင့်သွားတဲ့အမိုးတွေလိုက်ရှာ ရသလောက်ပြန်စု။
ဝိုင်းလိုက်ဝန်းလိုက်ကြတာ ည ဆယ်နာရီကျော်ကျော်လောက်မှာပြီးသွားပါတယ်။
အဲတော့မှဘဲအလှူ့အမလဲ ထူထူထောင်ထောင်ဖြစ်လာသလို
ဟိုနားက “ဆရာမောင်” ဆိုပြေးလိုက်ရ
ဒီနားက “ဆေးနီလုံးရေ.”ဆိုရင်သွားလိုက်ရနဲ့ မအားနိုင်အောင်
ပြေးလွှားနေရရှာတဲ့ အလှူရှင့်ကြီးခဗျာလည်း ဖင်ချထိုင်နိုင်ပါတော့တယ်။
ရုပ်လုံးပေါ်လာတဲ့ မဏ္ဍပ်ကြီး ပြီးသွားပြီဆိုတော့မှ
လုပ်တဲ့ကိုင်တဲ့သူတွေလဲ ဘိုက်ဆာရကောင်းမှန်းသိလာပါတယ်။
အဆာပြေချထားတဲ့ ငှက်ပျောသီးတွေအရင်စားထားကြဆိုပြီး
လက်ဖက်တွေဂျင်းတွေနဲ့ ပဲလှော်ကြော်တွေကို ဇလုံကြီးတွေနဲ့သုတ်
ထမင်းတွေကိုလဲ ဇလုံကြီးတွေနဲ့ထည့်ဇွန်းတွေတပ်ပြီးတစ်ယောက်တစ်လက် တပျော်တပါးကြီး စားလိုက်
ကြတာ မောတာပန်းတာတွေတောင်ဘယ်ပျောက်သွားမှန်းမသိနို်င်အောင်ပါဘဲ။
မီးစက်တွေမောင်းထားပြီး အသစ်တဖန်ပြန်ဆောက်ထားတဲ့ မဏ္ဍပ်ကြီးကို ကြည့်မဝ ရူ့ဝမနိုင်ပါဘဲ။
ညသန်းခေါင်ကျော်ပြီဆိုမှ အားလုံးလဲ စိတ်ချလက်ချနဲ့အိမ်ပြန်နိုင်ကြပါတော့တယ်။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
အလှူအဝင်ရက်မှာတော့ မနက်ကတည်းက အုံးအုံးကြွက်ကြွက် ။
နောက်နေ့အလှူလှည့်တဲ့အခါ ကိုင်ကြမယ့် ကွမ်းတောင်ပန်းတောင်တွေကိုလုပ်တဲ့သူကလုပ်၊
ကန့်တော့ပွဲပြင်တဲ့သူကပြင်။
ပင့်ဖိတ်ထားတဲ့ဆရာတော်တွေကို ဆက်ကပ်မယ့် လှူဘွယ်ပစ္စည်းတွေကို နေရာချသူကချ။
နက်ဖြန်အလှူလှည့်မယ့်လမ်းကြောင်းအတွက် တိုင်ပင်သူတွေကတိုင်ပင်။
ည ရောက်ရင်ဧည့်ခံဘို့အတွက် လက်ဖက်တွေဂျင်းတွေ အဆင်သင့်လုပ်သူက လုပ်။
ထမင်းရုံဘက်တာဝန်ယူသူတွေကလဲ နောက်ရက်မှာပြင်ဆင်ကျွေးမယ့် ပုဂံခွက်ယောက်တွေ၊
ဟင်းခပ်ဇွန်းတွေယောက်ချို ပုဂံလုံးတွေ ပုဂံပြား တွေ ကို စစ်သူစစ် သန့်ရှင်းအောင် သုတ်သူသုတ်။
ထမင်းရုံမှာသုံးဘို့ ရေတွေကို လှည်းနဲ့တိုက်လို့ ရာဝင်အိုးတွေထဲဖြည့်သူကဖြည့်။
ထမင်းချက်တဲ့နေရာမှာ မရှိမဖြစ်တဲ့ ထင်းတွေခွဲသူကခွဲ။
ဒါတောင်အလှူမှာကျွေးမယ့် ဆန်တွေက အစောပိုင်းရက်တွေကတည်းက
စပါးလုံးတွေခဲတွေကောက်ပြီး သန့်စင်ပြီးသားမို့ အလုပ်တစ်ခု ငြိမ်းနေတာပါ။
ဟင်းချက်တဲ့နေရာမှာသုံးမယ့် ဂျင်း ကြက်သွန်နီဖြူ နဲ့ ငရုတ်တွေကို
အခွံနွာသူနွာ ထုသူထု ထောင်းသူထောင်း။
လုပ်တဲ့ကိုင်သူတွေကျွေးဘို့အတွက် ဟင်းကိုင်တဲ့လူကကိုင်
ထမင်းတွေချက်သူကချက်.။
အချိုပွဲအတွက် ဆနွင်းမကင်း တို့ကျောက်ကျောတို့လုပ်ဘို့အုန်းနို့ညှစ်သူကညှစ်။
ရှိသမျှလူကုန်မအားလပ်နို်င်အောင်ပါဘဲ။
ကျနော်တို့ကလေးတွေကတော့ မီးဝင်းဝင်းတောက်လောက်အောင်ဆော့။။
ပျားအုံတုတ်နဲ့ထိုးသလိုဘဲလို့ပြောချင်ပြော ပုရွက်အုံတုတ်နဲ့ထိုးတယ်လို့ ဘဲဥပမာပေးပေး
လှုပ်လှုပ်ရွရွနဲ့ဖြစ်နေတာကတော့ အသေအချာပါဘဲ။
ကိုယ့်တာဝန်ကိုယ်ကျေအောင်မခိုမကပ်နဲ့ လုပ်ကိုင်နေတာကလဲ ချီးကျူးလေးစားစရာ။
အပျုုိုခေါင်းလူပျိုခေါင်း ကာလသားခေါင်း ကာလသမီးခေါင်းတွေကလဲ သူ့အစုနဲ့သူ
အကွက်စေ့နေအောင် စီစဉ်ညွှန်ကြား နေကြရတာမအားနိုင်အောင်။
အလှူ့အမ မအုန်းရင ်မလဲ လွယ်အိတ်စလွယ်သိုင်းလို့ ဟိုးနားရောက်လိုက်ဒီနားရောက်လိုက်။
လူပင်ပန်းတော့မျက်နှာကခပ်နွမ်းနွမ်း ပေမယ့် ပီတိအပြုံးလေးတွေကြောင့်လန်းနေသလို။
အလှူဒါယကာကြီး ဆေးနီလုံးကတော့ ဆေးပေါ့လိပ်တစ်စီး ရေနွေးတစ်အိုးနဲ့
မဏ္ဍပ်ထဲမှာ ထိုင်နေပါတယ်။
သူ့ကို တစ်ခုခု လာပြောရင် “မင်းတို့ အမ မယ်ရင့် ပြောကွာ”ဆိုတာနဲ့ဘဲပြီးသွားပါတယ်.။
ဒီအလှူမဏ္ဍပ်မှာ မျက်နှာအပွင့်ဆုံးလူကိုပြပါဆိုရင်တော့ ဓါတ်စက်ဆရာပါဘဲ။
အလှူဆိုင်းဆိုတာက မြို့ကြီးသားဆိုပြန်တော့ ဟန်ချီပန်ချီ
သူတီးတာ ကို နားထောင်ရမှာ သူ့သွားပြီးတော့ ဟိုဟာတီးပါ ဒီဟာတီးပါဘယ်ပြောရဲကြမလဲနော်။
သူတီးပြန်ရင်လဲ မဏ္ဍပ်ထဲမှာဆိုတော့ တော်ရုံလူမဝင်ရဲ။
ဓါတ်စက်ကတော့ အလှူအဝင်ပေါက်ဒေါင့်နားမှာဆိုတော့ ငေးလို့ရတယ်။
မဏ္ဍပ်နဲ့မလှမ်းမကမ်းမှာ အားရပါးရ ဖင်ချထိုင်ပြီးနားထောင်လို့ရတယ်။
ကိုယ်နားထောင်ချင်တာလေးကိုလဲ ဓါတ်စက်ဆရာသဘောကောင်းရင် ကောင်းသလို ပူဆာလို့ရတယ်။
အဲတော့ ဓါတ်စက်ဆရာလာပြီဆိုတာနဲ့ ကလေးတွေကအရင်ဝိုင်းအုံလာတော့တာပါဘဲ။
ကလေးတွေနောက်ကတော့ လူကြီးတွေပေါ့။
ဓါတ်စက်ဆရာကလဲရောက်တာနဲ့ စက်တွေချ လော်ကတော့ အရင်ကတည်းက
မဏ္ဍပ် ထိပ်မှာရော အဲဒီနားက သစ်ပင်ထိပ်ဖျားမှာရော အတပ်ခိုင်းထားပြီးသား။
ကန့်တော့ပွဲလေးပေး။
စစချင်း မင်္ဂလာရှိအောင် ကြည်နူးဘွယ်လေး ရေခင်းလေးဖွင့်.။
ပြီးတာနဲ့ ရွှေမန်းတင်မောင်ရဲ့ မင်္ဂလာရှိလှတဲ့
“စီးပွားရေးနဲ့ ကြီးပွားရေး သမီးရီးစားအရေးလဲအောင်ပါစေ……
ဇမ္ဗူတစ်ဝှမ်းမှာလှူဒါန်းမယ့်သူတွေ …..အောင်ပါစေ…………..”ဆိုတာလေး
ဖွင့်ပြီးရင် ရွာအကြိုက် လိုက်ဖက်တဲ့သီချင်းတွေစပါတော့တယ်။
ရွာသားများ အသဲစွဲ တွံတေးသိန်းတန်ရဲ့
“အလှုက အသံချဲ့စက်ဆရာ ဖွင့်ပြန်ပြီကောတစ်ခါ နှစ်ဦးသားအကြည့်ခြင်းဆုံ ရင်ခုန်တဲ့အကြောင်းအရာ”တို့
ဟင်္သတာထွန်းရင်ရဲ့
“မျက်ရိပ်ပြလို့ချစ်ကြိုးသွယ် တေးသံပေးလို့ချစ်ကြိုးသွယ် ……………….
အခုတော့ချစ်တဲ့သူရယ် အလှူမှာတွေ့ရင်မောင့်ကိုမခေါ်နဲ့ကွယ်……………………”တို့
မောင်မောင်ညွန့်ရဲ့
“တောင်ယာလုပ်ခွင်သိမ်းရင် မောင်ကြးိချစ်တဲ့ကေသီနွယ်အညာမြေလှေကြုံစီးလို့
အောက်ပြည်ကိုမောင်ကြီးလာခဲ့မယ်” တို့ဆိုတာတွေကို ဓါတ်ပြားတစ်ချပ်ပြီးတစ်ချပ်ဖွင့်တော့တာပါဘဲ။
သီချင်းတွေ ငြီးငွေ့သွားရင် ခေတ်ပြဇာတ် တစ်လှည့်ဖွင့်။
အဲဒါတွေပြီးပြီးဆိုရင် လူကြီးများအကြိုက် ရွှေမန်းတင်မောင် ဗုဒ္ဒဝင်တို့
ရွှေကျီးညိုပဲခူးမြရဲ့ သဒ္ဒါသုမနတို့ အောင်မောင်းကြီးရဲ့ မဟာဒုတ်တို့လို အလှုနဲ့လိုက်ဖက်တာလေးဖွင့်ပြီး
နေ့လည်ခင်းရောက်ရင်တော့ အဆိုအငိုအပြော အလွမ်းအသောစုံပါတဲ့ ရှေးဇာတ်ထုပ်တွေဖွင့်လိုက်ရတာ
ထမင်းတောင် ဓါတ်စက်နားမှာ ဇွန်းတပ်စားရတာပါဘဲ.။
အလှူအကြိုရက်မှာ လာဝိုင်းပေးတဲ့သူများကို အလှူ့ရှင်က ညမနက်ထမင်းကျွေးရပါတယ်။
ကျောက်ဖရုံသီး သားပြွန်းနဲ့ ငါးကလေးခြောက်နဲ့ ငရုတ်သီးကြော်ရယ်
ပဲဒီချဉ် သုတ် သရက်သီးပိုးတီသုတ်တွေကြွေးတာပါဘဲ။
ဒါပေမယ့်လဲ ထမင်းချက်ချောင်က လူတွေမှာ မနက်မီး ညမီးဆက်လို့ နားရတယ်လို့မရှိပါဘူး။
အားလုံးမှာကိုယ်စီကုိုယ်စီနဲ့အလုပ်တွေရှုပ်ပြီးလို့ယားတာတောင်မကုတ်အားချိန်မှာ
လပ်ယားလပ်ယားနဲ့ ပျော်နေတာကတော့ ကျနော်တို့မောင်ရင်လောင်းတစ်သိုက်ပါဘဲ.။
လူကြီးတွေအလုပ်ရှုပ်နေချိန် အခွင့်ထူးခံမောင်ရင်လောင်းတစ်သိုက်ကတော့အပျော်ဆုံးလူတွေပါဘဲ။
ဘုန်းကြီးကျောင်းဘက်ကို အုပ်စုလို်က်ကြီးကူးလိုက်။
အိမ်ထဲကိုဝင်ပြီး မုန့်တောင်းစားလိုက်။
မဏ္ဍပ်ထဲဝင်ပြီး ရွယ်တူကလေးတွေက အားကျသလို့ကြည့်နေတာကိုအရသာခံရင်းဆော့လိုက်။
ဓါတ်စက်ဆရာကို ဟိုဟာမပါဘူးလား ဒီဟာမပါဘူးလား မေးလိုမေး၊
ဟိုဟာဖွင့်ပေး ဒီဟာဖွင့်ပေးနဲ့ပူဆာလိုက်။
တကယ့်ကိုပျော်စရာကြီးပါဘဲ။
ကျနော်တို့မောင်ရင်လောင်းတွေရဲ့ ဘော်ဒီဂတ် အကိုကြီးနှစ်ယောက်ကတော့ ဖတ်ဖတ်ကိုမောနေမှာ
အသေအချာပါဘဲ။
ကျနော်တို့အုပ်စုလိုက်ကြီး တသီတတန်းကြီးသွားတဲ့ နောက်ကို လျောက်လိုက်နေရတာကိုး။
ညနေလေးနာရီလောက်လဲရောက်ရော ကျနော်တို့အားလုံးကိုစု ရေချိုးပြီး ထမင်းတွေစားခိုင်းပါတော့တယ်။
နောက်မှ ကျနော်တို့ကိုအလှတွေပြင်ပေးမယ့် “မာမီအောင်”လက်ထဲအပ်လို်က်ပါတော့တယ်။
အလှပြင်ပေးတဲ့ “မာမီအောင်”က နားသမယ့်နှစ်ယောက်ကိုအရင်ပြင်။
နောက်မှကျနော်တို့မျောက်မောင်ရှင်လောင်းအဖွဲ့ကို တစ်ယောက်ခြင်းမိတ်ကပ်တွေလူးပေးပါတော့တယ်။
အပြင်ဘက်မှာလဲ ညဧည့်ခံမယ့်ဆိုင်းအဖွဲ့ က “ပလုံ ပလုံ ပလုံ ဗေထိ ဗေထိ ဂျိ ဂျိ “ဆိုတဲ့အသံတွေကြားလေ
ကျနော်တို့မှာသွားကြည့်ချင်စိတ်က မရိုးမရွဖြစ်လေပါဘဲ။
ဒါပေမယ့် အလှပြင်တာ မပြီးမချင်းဘယ်မှ မသွားရဘူးဆိုတော့ ပြူတင်းပေါက်ကနေဘဲ
မဏ္ဍပ်ကြီးကို လှမ်းငေးနေရပါတော့တယ်။
မာမီအောင် စိတ်တိုင်းကျပြင်ပြီးတော့ ညအတော်လေးမှောင်ခါနီးနေပါပြီ။
အားလုံးပြီးပြီဆိုမှာ မဏ္ဍပ်ထဲကိုတန်းစီဝင်ပြီး မောင်ရင်လောင်းတွေထိုင်ဘို့နေရာမှာ ဝင်ထိုင်ရပါတယ်။
အားလုံးကကျနော့်တို့ဝင်လာတော့ ဝိုင်းကြည့်ကြတာ ရှက်များတောင်ရှက်ပါရဲ့။
ရွာက ကလေးတွေကတော့ ကျနော်တို့ကို အလှပြင်ပေးတဲ့ မာမီအောင်တို့အဖွဲ့ကိုကြည့် ပြီး
ကလေးပီပီ အားမနာပါးမနာ လက်ညိုးတထိုးထိုးနဲ့ပြောရင်း သဘောကျလို့ တခွိခွိ။
အပျိုလေးတွေနဲ့ကာလသားတွေ ကတော့ ကြည့်ကြည့်ပြီး တီးတိုးတီးတိုးနဲ့ တွတ်ထိုးရင်း အသံမထွက်အောင်ရီကြ။
လူကြီးတွေက တော့ အိန္ဒြေရရနဲ့ ခပ်ပြုံးပြုံး။
သူတို့ဆီမှာ ဒီလိုပုံစံမျိုးမြင်မှမမြင်ဘူးတော့ ဆန်းနေသပေါ့။
မာမီအောင်တို့ကတော့ ဒါမျုးိတွေရိုးနေပြီဆိုတဲ့ ပုံစံနဲ့မျက်နှာလေးခပ်မော့မော့။
လူတွေကြည့်နေမှန်းသိမှ အလှမပျက်သေးတဲ့ ကျနော်တို့ကို
“သားလေးလာ အုံး…………သမီးလေးလာအုံး”
ဆိုပြီးတို့ပတ်လေးနဲ့မျက်နှာပွတ်လိုက် မေးလေးတို့လိုက် နုပ်ခမ်းနီလေးပြန်ဆိုးပေးလိုက်နဲ့
အလုပ်တွေရှုပ်ပြပါတော့တယ်။
အမေ မအုန်းရင်ကလဲအလှတွေပြင်လို့ အဘဆေးနီးလုံးက လဲ တိုက်ပုံတွေဘာတွေနဲ့သပ်သပ်ရပ်ရပ်
ဆိုတော့ အားလုံးက “လူတောင်မှားသဟဲ့” ပြောယူရတဲ့အထိပါဘဲ။
ညဦးပိုင်းလေးရောက်လာတဲအခါ ဧည့်သည်တွေကလဲတစ်ဖွဲဖွဲရောက်လာပါတယ်။
ဆိုင်းကလေးလက်စွမ်းပြလို့တီးလိုက်တာ တဗြုန်းဗြုန်း။
အလှုလာတဲ့လူတွေနဲ့မဏ္ဍပ်အပြင်ဘက်ကနေ ဆိုင်းလာနားထောင်တဲပူတွေကလဲ တရုန်းရုန်း။
မဏ္ဍပ်ထဲက စကားပြောနေကြတဲ့အသံတွေကလဲတဝုန်းဝုန်း။
အလှူရှင်နှစ်ယောက်နဲ့ဆွေမျုးိသားချင်းတွေကလဲ တပြုံးပြုံး။
အားလုံးကသာပျော်နေတယ် စင်ပေါ်ထိုင်နေရတာကြာတော့ကျနော်တို့ကလဲပျင်းလာပါတယ်။
အဲတော့ ရှုပေါက်ချင်တာလိုလို ဗိုက်ဆာတာလိုလိုနဲ့ တစ်ယောက်ခြင်းအောက်ဆင်းပါတယ်။
အစကတော့ မာမီအောင် တို့က တဟဲ့ဟဲ့လုပ်နိုင်ပေမယ့် တစ်ယောက်တစ်ယောက်ပွေလီနေကြတဲ့
ကျနော်တို့ကို မထိန်းနို်င်တော့ပါဘူး။
ကျနော်တို့ကလဲ စင်ပေါ်ကဆင်းပြီးတာနဲ့ပြန်မတက်တော့ဘဲ။
ဟိုတိုးဒီခွေ့နဲ့ မုန့်နိူက်စားလိုက်လျောက်သွားလို်က်ပေါ့။
ကျနော်တို့အဖွားတွေကလဲ ကျနော်တို့ကိုခေါ်ခေါ်ပြီး ဘယ်သူ့သားလေ ဘယ်ဝါသားလေနဲ့
ဆွေမျိုးစပ်ပြရတာအမော။
လူကြီးတွေအားလုံးကလဲ ကိုယ်မိတ်ဆွေနဲ့ကိုယ် ကိုယ့်အာရုံနဲ့ကိုယ်စကားတွေပြေနေကြ။
ကျနော်တို့ရဲ့ဘော်ဒီဂတ်အကိုကြီးများကလဲ တစ်နေကုန်ထိန်းရတာမောနေလို့ထင်ပါတယ်
မဏ္ဍပ်ဒေါင့်မှာထိုင်ရင်း သူတို့နဲ့ချိတ်တိတ်တိတ်ဖြစ်နေတဲ့ အပျိုလေးတွေနဲ့လေပေးဖြောင့်။
မာမီအောင်တို့အဖွဲ့လဲကြာလာတော့ မောတယ်ထင်ပါ့။
လက်ဖက်တစ်ပွဲ မုန့်တစ်ပွဲ့နဲ့ ငြိမ်ကုတ်နေကြပါတယ်။
အစကတော့ မုန့်တွေနိုက်စားလိုက်။
ဓါတ်စက်နားသွားလိုက်။
လူကြီးတွေနားကပ်လိုက်။
ဆော့လိုက်လုပ်နေတဲ့မောင်ရှင်လောင်းတွေမှာလဲ အမေ့ပေါင်ပေါ်အိပ်သူအိပ်။
ဓါတ်စက်ဆရာနားကပ်သူကပ်။
ဆိုင်းဝိုင်းဘေးငေးသူငေးနဲ့ လူစုကွဲသွားပါတယ်။
ကိုးနာရီကျော်ကျော်လောက်ရောက်တော့ မနက်လဲအစောကြီးထလှည့်ရမှာဆိုပြီး အလှူသိမ်းဘို့လုပ်ပါတယ်။
ဆော့နေတဲ့သူတွေကို ခေါ်။
အိပ်နေတဲ့သူတွေနုးိ။
အိပ်ယာပြင်ထားတဲ့ အိမ်ကိုပို့ဘို့ မောင်ရင်လောင်းတွေလူစု။
အဲဒီအချိန်မှာ ပြဿနာစတော့တာပါဘဲ။
မောင်ရင်လောင်း နှစ်ယောက်ပျောက်နေတော့တာပါဘဲ။
အဲဒီတော့မှာ အားလုံးပြူးတူးပြာတာနဲ့ရှာကြပါတော့တယ်။
ဘယ်သူမြင်လိုက်တုံး ……………….
ဘယ်သူများမောင်ရင်လောင်းဖွက်သတုံး……………..
ဘယ်များရောက်နေသတုံး……………..ဆိုပြီးခေါ်ကြအော်ကြနဲ့ ပွက်လောရိုက်။
ထင်မြင်ချက်တွေအမျိုးမျုးိပေးကြ။
ဖွက်ထားရင်ထုတ်ပေးကြ
“မဖွက်နဲ့ မောင်ရင်လောင်းကြေးသတ်သတ်ပေးမယ်ဆိုတာပြောပြီးသားဟာကို”
လို့စိတ်ပျက်လက်ပျက်နဲ့ပြောကြ။
ကျနော်တို့မောင်ရင်လောင်းတွေကိုမေးတော့လဲ
“အင်း….အဲ…………”နဲ့ရေရေ ရာရာ မပြောနိုင်။
ဘော်ဒီဂတ်တာဝန်ပေးထားတဲ့ ကာလသားနှစ်ယောက်မှာလဲခေါင်းမဖော်နို်င်။
မာမီအောင် တို့အဖွဲ့မှာလည်း တာဝန်မကင်းသလိုလိုဖြစ်နေပြန်တော့
မျက်စေ့မျက်နှာပျက်။
ကာလသားခေါင်းကလဲ
“ သူတို့လူတွေမဖွက်ဘို့သေချာမှာပြီးသား သူတို့မဖွက်ရဲဘူး”လို့မဝံ့မရဲနဲ့ပြော။
မိဘတွေမှာလဲ” ရှာပါအုံးဟဲ့ ပြုပါအုံးဟဲ”့နဲ့ အသံတွေထွက်။
ပျောက်သွားနဲ့ကလေးမိဘနဲ့အလှူ့အမတွေက ပိုဆိုးပေါ့။
အဲလိုအလှူမဏ္ဍပ်မှာ အုတ်အုတ်ကျက်ကျက်ဖြစ်နေတဲ့အချိန်
ရွာဦးကျောင်းက “ဦးဇင်းဇဝန”ရောက်လာပြီး ဘာဖြစ်နေကြတုန်းလို့
မေးလိုက်တဲ့အခါ
“မောင်ရှင်နှစ်ပါးပျောက်နေလို့ပါဘုရား………..”လို့ဖြေလိုက်ကြပါတယ်။
“ဒီလောက်အရေးကြီးတဲ့ မောင်ရှင်ကို ဘာလို့ လက်လွတ်စံပယ်ထားကြတာလဲ”
လို့မေးလိုက်တဲ့အချိန်မှာတော့ ဘာဖြေရမှန်းမသိဘဲ အားလုံးငြိမ်ကျသွားပါတယ်။
“ဦးဇင်းဇဝန” ကို အားလုံးကကြောက်ကြပါတယ်။
“ဘယ်တွေလိုက်ရှာပြီး ပြီလဲ “လို့မေးလိုက်တော့
ဝိုင်းဖြေလိုက်ကြတာ တစ်ယောက်တစ်ပေါက်ဆူညံနေတဲ့အခါ
“တော်တော……………….”လို ဦးဇင်းက ပြောလိုက်တဲ့အခါမှာတော့
အသံတွေတိတ်လို့ ခဏတော့ငြိမ်သွားပြန်ပါတယ်……………………………………………
(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်ရဲ့ငယ်လွမ်းချင်းအမှတ်တရများ
(12-11-2012)
22 comments
Hnin Hnin
November 13, 2012 at 10:59 am
စည်းလုံးညီညွတ်တဲ့ ရွာသားတွေကြောင့် မဏ္ဍပ်ကြီး ညမကူးဘဲ ပြီးသွားခဲ့ရတာပေါ့နော်..
မအုန်းရင်ခမျာ ခဏတော့ အနားရသွားတာပေါ့ 🙂 ..ဖတ်ရတာ ပျော်စရာကြီးပါ…
လေးပေါက်ပြောတဲ့ ပြဇာတ်တွေ၊သီချင်းတွေ တစ်ခုမှ မသိဘူး..
‘ကိုရယ်၊တိုးရယ်၊စိုးစိုးရယ်’ ဆိုတာတစ်ခုပဲ ရုပ်ရှင်လား ကြည့်ဖူးတယ်…
မောင်ရင်လောင်းတွေကို မလှည့်ခင်ညကတည်းက ကြိုပြထားရတာတော့ ထူးဆန်းတယ်..
ညနေဘက်များ ပြောင်းလှည့်တော့မလားလို့….
မောင်ရင်လောင်းက နှစ်ယောက်ဆိုတော့ နတ်ဖွက်တာတော့ မဟုတ်ဘူးထင်တယ်..
လူလည်း မဖွက်လောက်ဘူးဆိုတော့…သူတို့ဟာသူတို့ တိုင်ပင်ပုန်းကြတာများလား 🙂
Khaing Zar Win
November 13, 2012 at 11:08 am
ညက ဖေ့ဘုတ်က ဖတ်ပြီးပြီ။
ကိုကြီးပေါက်က အပြီးရေးမယ် ဆိုပြီး ရက်စက်ပြန်ပါ ပကော။
“ကိုသိန်းတန်၊ ကိုသိန်းတန်၊ စိုး သင်္ဘောကြီးပေါ်တက်ခဲ့မယ်နော်။”
•*¨နန်းတော်ရာသူ •*¨
November 13, 2012 at 12:01 pm
အပြီးမသတ်ပဲဆွဲဆန့်ထားတာကိုက ဆန့်တငင်ငင်ဖြစ်စေတဲ့ခံစားမှုပဲ
ဘာရသလို့ခေါင်းစဉ်တပ်မလဲ…
ဆန့်တငင်ငင်ရသကိုဆက်လက်မျှော်နေပါမယ်ကိုပေါက်ရ
ညကျရင်တော့မောင်ရင်လောင်းတွေတွေ့လောက်ပါရဲ့
Foreign Resident
November 13, 2012 at 1:18 pm
ကိုပေါက် ။
စောင့်ဖတ်နေတယ်နော် ။
nozomi
November 13, 2012 at 4:22 pm
ဖတ်ရင်းနဲ့ ငယ်ငယ်က ကက်စက် ဇာတ်လမ်း နဲ့ စွဲစွဲလမ်းလမ်း နားထောင်ခဲ့ တာ မျက်စေ့ထဲ တရေးရေး မြင်ယောင်လာတယ် ခက်တာက ဇာတ်လမ်းအမည်တွေ တစ်ခုမှ ဖော်လို့ မရတော့ဘူး ဘီအီးဒီအောင်သိုက် ဇာတ်လမ်းဆိုရင်တော့ အကြိုက်ဆုံးပဲ
ကိုပေါက်ကြီးက အမျိုးမျိုးသော အတွေ့အကြုံတွေလဲ ရှိတယ် အားလုံးလောက် နီးနီးကိုလဲ မှတ်မိနေတယ် တကယ့် ပါရမီရှင်ပဲ
တချို့လူငယ်တွေ ဆို ကက်စက် ဇတ်လမ်း တွေ ကြားဖူးမှာတောင် မဟုတ်ဘူး
ဒီဘက်ခေတ်မှ ကက်စက်ဇာတ်လမ်းတွေ ပြန်လုပ်မယ် ဆိုတာ အသံတစ်ချက်ကြားလိုက်ပြီး ဘာမှ လက်တွေ့ နားမထောင်လိုက်ရဘူး
ဒါ မြန်မာ့ လူနေမှုနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေပဲ
ကိုပေါက်ကြီးဘက်က အဆင်ပြေလို့
ဘီဘီစီ မှာ လာနေတဲ့ ဒေါ်မာမာအေး ရဲ့ ပြောပြစရာတွေ တစ်ပုံကြီး ရှိသေးတယ်လို
ရှေး အတွေ့အကြုံ ဇာတ်လမ်းလေးတွေ မှန်မှန်ရေးနိုင်ရင်
ဖတ်လို့လဲကောင်း မှတ်တမ်းလဲ ကျန်
ဒီ့ ထက်ကောင်းတယ်ဆိုတာတောင် ဒါလောက်ကောင်းမှာ မဟုတ်ဘူး
Shwe Ei
November 13, 2012 at 5:22 pm
လေးပေါက်ရေ ဂလိုစာတေမျှော်နေတာ။
မြန်မြန်နောက်တခန်းဆက်ပါဗျို့ :harr:
candle .
November 13, 2012 at 6:26 pm
ကတ်ဆက်ဇာတ်လမ်းတွေအကြောင်းပြောတော့..
သုံးတန်းနှစ်လောက်ကထင်တာဘဲ..
လူသားစားတဲ့ ဦးလာဘ အကြောင်းကတ်ဆက်ဇာတ်လမ်းကို ညဘက်ကြီးမှာ
မောင်နှမတွေနဲ ့ သူငယ်ချင်းတစ်သိုက် ကြောက်ကြောက်နဲ ့တစ်ယောက်ကိုတစ်ယောက်
တိုးဝှေ ့ပြီး နားထောင်ခဲ့ကြတာ ပြန်သတိရမိပါရဲ ့..
candle မိဘတွေရဲ ့နယ်ဘက်မှာ အဲ့လိုမောင်ရင်လောင်းလေးပေါ့ စဉ့်အိုးအကြီးကြီး (သူတို ့အခေါ် ရာဝင်အိုး ) ထဲထည့်ဖွက်ထားတာ တစ်ခြားတစ်ယောက်ကမသိဘဲ အလှူမှာချက်ဖို ့ကြိတ်ထားတဲ့ ဆန်အိတ်ကြီးကို အဲ့ဒီစဉ့်အိုးကြီးပေါ်သွားတင်ထားမိတယ်..
မောင်ရင်လောင်းလေးပျောက်လို ့ရှာကြတော့ အလောင်းဘဲတွေ ့ရတော့တယ်..
တစ်ဦးတည်းသောသား မောင်ရင်လောင်းလေးရဲ ့အမေကတော့ ယဉ်ယဉ်လေးရူးသွားရှာပြီး အဖေကတော့ ဘယ်ရောက်မှန်းမသိ
ပျောက်ချင်းမလှပျောက်သွားခဲ့တယ် ငယ်ရွယ်သေးတဲ့ အဖေ အမေ နဲ ့ကံဆိုးရှာတဲ့ မောင်ရင်လောင်းလေး မိသားစု အတွက်
တစ်မြို ့လုံးက ရင်ထုမနာ ဖြစ်ခဲ့ရတယ်လေ….
ကိုယ့်ရဲ ့အပျော်ကြောင့် သူတစ်ပါး အပျက် မဖြစ်ရလေအောင် သတိတရားလေးနဲ ့ပျော်နိုင်ကြရင် တော့ အကောင်းဆုံးပါ….
ဟိုအရင်က ခြိမ့်ခြိမ့်သဲ ကျေးလက်အလှူပွဲကြီးကို ကွက်ကွက်ကွင်ကွင်းမြင်အောင် ရသပေါင်းစုံနဲ ့ရေးနိုင်စွမ်းတဲ့ ကိုပေါက်ကိုလေးစားရပါတယ်..
စောင့်မျှော် အားပေးနေပါကြောင်း….
ကိုပေါက်(မန္တလေး)
November 13, 2012 at 10:05 pm
စောင့်မျှော်သူအားလုံးကို ကျေးဇူးတင်ပါ၏။
ဒီပိုစ်လေးရေးဖြစ်အောင် အစဖော်လိုက်တဲ့ ညီလေး မိုးမင်းသား ကိုလည်းကျေးဇူးတင်ပါ၏။
အစကတော့ တစ်ပိုင်းလောက်နဲ့ဖြတ်မလို့ဘဲ။
ထုံးစံအတိုင်း သိုင်းသိုင်းဝိုင်းဝိုင်းရေးတတ်တာ အကျင့်ပါနေလို့။
ငါးပိုင်းလောက်အထိတော့ရေးပါမယ်။
သိပ်မကြာခင်ရက်အတွင်းအပိုင်းလေးတင်ပေးပါမယ်။
uncle gyi
November 13, 2012 at 11:36 pm
ဆရာတော်ရှိလို့တော်သေး
မောင်ရင်လောင်းပျောက်တာမပေါ်သေး
သိုင်းဝိုင်းရေးတဲ့ကိုပေါက်တဲ့လေး
အရီးခင်လတ်
November 14, 2012 at 3:37 am
ကပေါက်ကြီး
ရေးထားတာလေး က မျက်စိထဲ မှာ ကိုမြင်လာအောင်ကို ဖွဲ့နွဲ့ထားနိုင်ပါပေတယ် လို့ ပြောပါရစေ။
တော်ပေသေး။
မအုန်းရင် ဘာမှ မဖြစ်လို့။
အဲဒီလို ရှင်ပြုတဲ့ ပွဲတွေမှာ မိုးကြီးလေကြီးကျ တာ တွေ ကြားဖူးတယ်။
ကိုယ်တိုင်လဲ ကြုံဖူးတယ်။
တွေးကြည့်တော့ ရှင်ပြုပွဲတွေ ဆိုတာ နွေမှာ လုပ်တာများတာ မဟုတ်လား။
နွေမှာ လဲ မိုးရွာတတ်ပြီး ရွာရင်လဲ သာမာန် မဟုတ်ဘဲ မုန်တိုင်း လို က ဖြစ်တတ်တာမို့ လေပြင်းတိုက်တာ ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ကျန်တဲ့ အချိန်မဖြစ်ဘဲ ကိုယ့် အလှူ ချိန်မှာမှ တိုက်တိုက်ဆိုင်ဆိုင် လာဖြစ်တာကတော့ အတော် အစာမကြေစရာဘဲ။ 👿
ရှင်လောင်း တွေ အဆော့လွန်ပြီး မောလို့ တစ်နေရာမှာ အိပ်ပျော်နေကြတာလို့ ထင်ပါတယ် ခင်ဗျား။
😆
Mon Kit
November 14, 2012 at 9:21 am
လေးပေါက်ရေ….
မွန်ကစ်ကိုယ်တိုင် ရွာ့အလှူထဲမှာ ကူညီ ရင်း ကက်ဆက်ဇာတ်လမ်းနားထောင်ရင်း ပါဝင်ကပြနေရသလို ခံစား ဖတ်ရှုသွားပါတယ်… မောင်ရင်လောင်းလေးတွေ ဘေးမသီ ရန်မခဘဲ ပြန်တွေ့ပါစေလို့ ဆုတောင်းပေးရင်း နောက်အပိုင်းများကို မျှော်လင့်နေပါတယ်ရှင့်..
ကိုပေါက်(မန္တလေး)
November 14, 2012 at 9:23 am
နက်ဖြန်ဆိုရင်တော့ အလှူလှည့်နိုင်မယ်ထင်ပါတယ်
Novy
November 14, 2012 at 9:28 am
လေးပေါက်
မနက်ဖန်အလှူလှည့်ရင် မိုးမရွာအောင်
ရှင်ဥပဂုတ္တ ပွဲလေးလည်းပြင်ထားအုံးနော် :harr:
ကိုပေါက်(မန္တလေး)
November 14, 2012 at 9:37 am
ဒီတစ်ခါတော့ အလှူအမ မအုန်းရင် က အပီအပြင် လုပ်ထားတော့မယ်ထင်တာဘဲ။
အနှောင့်အယှက်တွေသိပ်များနေပြီ။
မိုချို
November 14, 2012 at 10:28 am
ကောင်းခန်း ရောက်တော့ မှ လေးပေါက်က လုပ်ပြီ။
နယ်တွေ မှာ မောင်ရင်လောင်း အ ဖွက် ကောင်းလို့ မဖြစ်သင့် တာတွေ ဖြစ်ရ တာ ကြားဖူး၊ ဖတ်ဖူးတယ်။
ဒီဇာတ် လမ်း မှာတော့ အဲလို မဖြစ်လောက်ပါဘူးနော်…..။
ကိုပေါက်(မန္တလေး)
November 14, 2012 at 1:01 pm
မိုချို ရေ
နက်ဖြန်ဆို သိရလောက်ပါပြီကွဲ့
မောင်ရင်လောင်းလေးအကြောင်း
Mr. MarGa
November 14, 2012 at 4:42 pm
လေးပေါက်
ဖတ်ရင်းဖတ်ရင်းနဲ့ ဆက်ဖတ်ချင်လာပြီ
မြန်မြန်တင်ပေးပါနော်
အရင်တစ်ခါကလို အကြာကြီးမလုပ်ပါနဲ့
ကိုပေါက်(မန္တလေး)
November 14, 2012 at 4:52 pm
အရင်တစ်ခါက ရွာကြေညာတဲ့စာ ကြားဝင်သွားလို့ပါကွဲ့
Mr. MarGa
November 14, 2012 at 7:39 pm
ဒီတစ်ခါတော့ သေချာပြီပေါ့
ကိုပေါက်(မန္တလေး)
November 14, 2012 at 11:22 pm
နက်ဖြန်ဆိုရင် အမှတ်လေး တက်လာပါပြီ မနက်ဆယ်နာရီ
ဦးကြောင်ကြီး
November 15, 2012 at 10:15 am
ဦးဇင်းဇဝန
ထူးဝင်းရာမ
ခြူးတင်းစာပြ
ပူးမြင်းဒါန
မြူးနှင်းလာဘ
ဆူးခင်းတာဝ
ဘူးဟင်းပါမှ
နူးခြင်းသာစွ..။
ကိုပေါက်(မန္တလေး)
November 15, 2012 at 11:51 am
ဘူးဟင်းတော့မပါ
အသား နူးချင်ရင် သဘောင်္သီးအစိမ်းထည့်လို်က်ပါ
တာဝမှာဆူးခင်းတာက နွားဝင်မှာစိုးလို့
လာဘက တော့ လူသားစားတယ်ဆိုနာမယ်ကြီးခဲ့သူ
ဒါနကတော့ နောင်ဝဘအတွက် ပါအောင် လှူဒါန်းချင်သူအတွက်
ရာမကတော့ ဗိုလ်အောင်ဒင်တပည့် သစ္စာဖောက်
ဦးဇင်း ဇဝနကိုတော့ အားလုံးကြောက်
ကြောက်ဆို ငေါက်တာကိုးဗျ