လူနှင့်အကျင့်များ (၄)
အတွေးအမြင်နဲ့ အကျင့်
…………………………..
ညနေ ရုံးဆင်း၊ ဘတ်စကားပေါ်မှာ ခရီးသည်တွေ ကြိတ်ကြိတ်တိုးနေတဲ့ချိန်။
ကျွန်တော်က ဘတ်စကားရှ့ပိုင်းဘက် အသာတိုး၊ လက်ကိုင်တန်းလေးကို တင်းတင်းစွဲပြီး ကပ်ကပ်ညပ်ညပ် လိုက်ပါလာတယ်။
ကားကြပ်လို့ မောပြီး ဟနေရတဲ့အထဲ မြင်ရတဲ့ရှုခင်းကပါ ဒေါကို သစေတယ်။ ကျွန်တော်နဲ့ မလှမ်းမကမ်း သံဃာတော်များခုံမှာ မိန့်မိန့်ကြီး ထိုင်လိုက်လာတဲ့ ခပ်ရိုင်းရိုင်းငနဲကြောင့်ပါပဲ။
သူ့ဟာသူ စောစောတက်၊ စောစောထိုင်ခုံရလို့ သူ့ဟာသူ ထိုင်တာကို ဘာမှ မပြောလိုပေမယ့် သူ့အနားကပ်ပြီး ဝါကြီးကြီးသံဃာ လာရပ်လည်း ပြုံးပဲပြပြီး ထမပေး၊ အသက်ခြောက်ဆယ်ကျော် အဘွားကြီးလာရပ်လည်း အထုပ်ကလေး ကူယူပေးတာကလွဲလို့ နေရာဖယ်ပေးဖို့ စိတ်မကူး၊ ဗိုက်ကြီးသည်တစ်ယောက် တက်လာတော့လည်း တစ်ခြားတစ်ယောက်ကသာ နေရာပေးလိုက်ရ၊ သူကတော့ ဖင်ကြွဖို့ နည်းနည်းမှ မစဉ်းစားဘူး။
ကျွန်တော့်မှာ ဘေးကနေ အဲဒီ့လူကို တစ်လမ်းလုံး ကျိန်ဆဲလာမိတယ်။
ဒီကောင် အတော်ရိုင်းတဲ့ကောင်၊ ဘာသာရေး နားမလည်၊ ယဉ်ကျေးမှု နားမလည်၊ သက်ကြီးရွယ်အိုလည်း မလေးစား၊ အတ္တသမား၊ ဒီလိုလူမျိုးတွေကြောင့် ငါတို့တိုင်းပြည်ကြီး မကြီးပွားတာ။
အဲဒီလို ကျွန်တော်တစ်ယောက်တည်း ကျိန်ဆဲလို့ ကောင်းနေတုန်းမှာပဲ မှတ်တိုင်တစ်ခုအရောက်မှာတော့ သူက ဘယ်တုန်းက ထိုင်ခုံအောက် အသာ ထိုးထားမှန်းမသိတဲ့ ချိုင်းထောက်နှစ်ချောင်း ဆွဲထုတ်လာ၊ ထိုင်ခုံကနေ အားယူထ၊ ပြီး ခရီးသည်တွေကြား တောင်းပန်တိုးလျှိုးပြီး ချိုင်းထောက်အားကိုးနဲ့ ကားပေါ်က တဒေါက်ဒေါက် ဆင်းသွားပါတော့တယ်။
“ဪ… သူ့မှာ ခြေထောက်နှစ်ဖက်လုံး ပြတ်နေတာပါလား”
ကျွန်တော့်မှာ ထွက်ထားခဲ့မိတဲ့ ဒေါသကို ဘယ်နေရာမှာ ပြန်သွင်းရမယ်မှန်းမသိ၊ ပြီး စောစောက ဒေါသနေရာမှာ အစားထိုး ဝင်ရောက်လာတဲ့ စေတသိက်ကို ဘယ်လို အမျိုးအမည် ပေးရမယ်မသိ။
…………………………………
ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ ဝတ္ထုတစ်ပုဒ်ကို ကျွန်တော် မှတ်မိသလို ပြန်ရေးပြလိုက်တာပါ။ ကျွန်တော်ပြောလိုရင်းက ဝတ္ထုမဟုတ်ပါဘူး။ အခြေအနေတစ်ခုအပေါ်မှာ မြင်တဲ့ရှုထောင့် ပြောင်းလဲရာက အတွေးအမြင်ပါ ပြောင်းလဲသွားတတ်တဲ့ လူတစ်ယောက်ရဲ့ စိတ်သဘာဝကိုပါ။
အကျင့်ဟောင်းကို ပစ်ပြီး အကျင့်သစ်ကို မွေးဖို့ ကျွန်တော်တို့ အားထုတ်ရာမှာ အတွေးအမြင်ပြောင်းလဲခြင်းက စတယ်လို့ စတီဗင်ကိုဗေးက ယူဆပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာလောကမှာ သမ္မာဒိဋ္ဌိ (မှန်ကန်သောအတွေးအမြင်)က ကျန်တဲ့မဂ္ဂင်တရားတွေ ဆက်တိုက်ပွားများသွားဖို့ လမ်းစဖြစ်သွားသလိုမျိုးလို့ ထင်ပါတယ်။
ကျွန်တော်တို့ဟာ ပတ်ဝန်းကျင်လောကကို ကိုယ်မြင်ချင်သလို မြင်ကြပါတယ်။ ကြုံတွေ့နေတဲ့ အခြေအနေတစ်ရပ်ကို ကိုယ့်ဟာကိုယ် ပုံဖော်၊ ကိုယ့်ဟာကိုယ် ဘာသာပြန်၊ ကိုယ်နားလည်ချင်သလို နားလည်၊ ကိုယ်တွေးတတ်သလိုတွေးရင်း ကိုယ့်အယူအဆနဲ့ကိုယ် မှန်နေကြပါတယ်။ ဒါကို လူတစ်ယောက်ရဲ့ ပါရာဒိုင်းမ် paradigm (သို့မဟုတ်) အတွေးအမြင်လို့ ခေါ်ပါတယ်။
လူတစ်ဦးချင်းစီဟာ ကိုယ့်ပါရာဒိုင်းမ်နဲ့ကိုယ် ကန့်ပြီး ကိုယ့်ကမ္ဘာလေးတွေကိုယ် အသီးသီးဆောက် နေထိုင်နေကြတာ ဖြစ်ပါတယ်။ ကိုယ့်ပါရာဒိုင်းမ်ကို မှန်ဘီလူးလို ကြားမှာခံပြီး ကိုယ့်ကိုယ်ကိုရော အပြင်လောကကိုပါ ရှုမြင်ကြတယ်။ ကိုယ့်စံနှုန်းပေတံကို အခြေခံပြီး ကိုယ့်ကိုယ်ကိုရော၊ တစ်ခြားလူတွေအပေါ်မှာပါ တန်ဖိုးတွေသတ်မှတ်၊ အကောင်းအဆိုးတွေ ရှုမြင်၊ စီရင်ချက်တွေ ချ၊ ပြုမူတုန့်ပြန်ကြပါတယ်။
ကိုယ်က ဒီလိုဖြစ်ရင် သူလည်း ဒီလိုဖြစ်ရမယ်၊ ကိုယ်က မှန်တယ်ထင်တာကို သူ့ကိုလည်း လိုက်မှန်စေချင်တယ်၊ ကိုယ်လုပ်သလိုမျိုး အခြားသူတွေလည်း လိုက်လုပ်၊ ကိုယ့်စံနှုန်းကိုပဲ အခြားသူတွေလည်း လက်ခံ၊ အဲဒီလိုမျိုး လောကနဲ့ ကိုယ်နဲ့ကြား ဆက်ဆံရေးကို တည်ဆောက်ကြပါတယ်။
ကိုယ်ပြောနေတဲ့ ကကြီးဟာ သူ့ဘက်ကကြည့်တော့ ယပလက်ဖြစ်နေတာကို ကျွန်တော်တို့ မစဉ်းစားကြပါဘူး။ သူယုံကြည်တဲ့ အမှန်တရားကို ကျွန်တော်တို့ဘက်က မှားချင်လည်း မှားပစ်လိုက်ကြပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ အကျင့်တွေဟာ အရေထူနေကြပါတော့တယ်။
ပါရာဒိုင်းမ်ခေါ် အတွေးအမြင် မပြောင်းလဲသမျှ အမူအကျင့်တွေ မပြောင်းလဲဘူးလို့ စတီဗင်ကိုဗေးက ဆိုပါတယ်။ တက်ကျမ်းပဲ ဖတ်ဖတ်၊ စိတ်ကြွဆေးပဲ စားစား၊ တစ်ပတ်အပြီး ချမ်းသာနည်းစာအုပ်ပဲ အာဂုံဆောင်ထားထား၊ တရားအပုဒ် (၁၈၀)ပဲ နာနာ လူတစ်ယောက်ရဲ့ အကျင့်စရိုက်တွေကို ပြောင်းလဲစေမှာ မဟုတ်ပါဘူးတဲ့။
“လူတစ်ယောက်က အခြားလူတစ်ယောက်ကို ငြင်းခုန်ပြီးဖြစ်ဖြစ်၊ ချော့မော့ပြီးဖြစ်ဖြစ် အမူအကျင့်တွေ ပြောင်းလဲသွားအောင် လုပ်လို့မရဘူး၊ လူတိုင်းဟာ ပြောင်းလဲခြင်းတံခါးကို အတွင်းထဲက သော့ခတ်ထားကြတယ်၊ သူတို့ကိုယ်တိုင် အတွင်းက ဖွင့်ပေးမှ ရမယ်”လို့ သူက ကိုးကားပြောဆိုပါတယ်။
အတွင်းက ဖွင့်ပေးတယ်ဆိုတာ သူကိုယ်တိုင်ရဲ့ ပါရာဒိုင်းမ်ပြောင်းလဲခြင်းကို ဆိုလိုတာပါပဲ။ ကမ္ဘာကြီးကို နဂိုမြင်တဲ့ အနေအထားကနေ တစ်ခြားတစ်နည်းနဲ့ မြင်တတ်သွားစေတဲ့ အင်အားကြီးတဲ့ အတွေးအမြင်ရွေ့လျှားမှုကို ဆိုလိုတာပါပဲ။
အထက်ကဝတ္ထုထဲမှာ ထိုင်ခုံပေါ် ထိုင်လိုက်လာတဲ့ လူတစ်ယောက်ကို ကိုယ့်စံပေတံတွေ သုံးပြီး “လူဆိုတာ ဒါမျိုး မလုပ်သင့်ဘူး”လို့ ပထမ တွေးမြင်နေရာက “သူ့မှာ ခြေထောက်နှစ်ဖက်လုံး ပြတ်နေလို့သာ ဒီလို လုပ်နေတာပါလား”လို့ နားလည်လိုက်ပြီး အတွေးအမြင်သစ်တစ်ခု ရွေ့လျှားသွားသလိုပါပဲ။ အတွေးအမြင်သစ် ရွေ့လျှာမှုရဲ့ ရလာဒ်က အဖျက်အမှောင့် ဒေါသစိတ်ကနေ နူးညံ့တဲ့မေတ္တာစိတ်ဆီ အလိုလို ကူးပြောင်းသွားစေတာပါပဲ။
စတီဗင်ကိုဗေးက ပါရာဒိုင်းမ်အပြောင်းအလဲကို အစပြုတဲ့ ကျွန်တော်တို့ မွေးယူရမယ့် အကျင့်ကောင်းတွေကို ပြောပြပါတယ်။ ပတ်ဝန်းကျင်လောကကို ပြောင်းလဲစေချင်ရင် ကိုယ့်ကိုယ်ကို အရင်ပြောင်းလဲရမယ်။ ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ကလည်း အတွေးအမြင်တွေကို အရင်ဆုံး ပြောင်းလဲဖို့ လိုမယ်၊ သူပြောပြတဲ့ နည်းဥဒေသတွေဟာ “ကျွန်ုပ်ကောင်းလျှင် သင်မဆိုး” (ငညျငိန-သကအ) စနစ်ကို အခြေခံတယ်လို့ သူက ဆိုပါတယ်။
အပြောင်းအလဲအတွက် တံခါးပေါက်ကိုသာ ဖွင့်ထားပါ။ ခင်ဗျားဟာ လက်ရှိ ဘယ်အခြေအနေမှာပဲ ရှိနေရှိနေ၊ ခင်ဗျားမှာ ရှိနေတဲ့အကျင့်ဟောင်းတွေဟာ ခင်ဗျားမဟုတ်ဘူး။ ခင်ဗျားအတွက် ထိရောက်မှု၊ အောင်မြင်မှု၊ ပျော်ရွှင်မှု၊ တစ်ဦးကိုတစ်ဦး ယုံကြည်မှုတွေပေးမယ့် လက်တွေ့ကျကျ အကျင့်ကောင်းတွေ ခင်ဗျားလက်ထဲမှာ ရှိနေတယ်လို့ သူက အာမခံထားရဲ့။
ချားလ်စ် ဒူးဟစ်ဂ်က လူတွေဟာ အကျင့်ဟောင်းတွေနေရာမှာ အကျင့်သစ်တွေ လုပ်ယူလို့ရတယ်လို့ သိပ္ပံအထောက်အထားတွေနဲ့ ရှင်းပြခဲ့ပါတယ်။ စတီဗင်ကိုဗေးကတော့ ဘယ်လိုအကျင့်ဟောင်းတွေကို ထုတ်ပြီး ဘယ်လိုအကျင့်သစ်တွေကို လုပ်ယူရမယ့်အကြောင်း ယုတ္တိဗေဒနဲ့ ဖွင့်ဆိုပြလေရဲ့။
အကျင့်တို့၏ နိဒါန်း
……………………………
အကျင့်ဟောင်းတွေကို ထုတ်ပြီး အကျင့်ကောင်းတွေ လုပ်ယူဖို့ရာမှာ ခင်ဗျားဘက်က ပထမဆုံး လက်ခံထားရမယ့်အချက် တစ်ချက်တော့ ရှိပါတယ်။ အဲဒါက “လူဆိုတာ တိရိစ္ဆာန်တွေထက် သာတယ်”ဆိုတဲ့ အချက်ပါ။
လူဆိုတာ အကောင်သာ သေးပေမယ့် ကမ္ဘာ့တိရိစ္ဆာန်ကြီးတွေကို လွှမ်းမိုးထားတဲ့ အုပ်စု၊ အသားမဲမဲ ချိုကားကား အကောင်တွေကို လယ်ထွန်ခိုင်းတယ်၊ သူထက် အကောင်ကြီးပြီး အစွယ်ရှည်ရှည်၊ နှာမောင်းဖားလျား အကောင်တွေကို သစ်တုံးဆွဲခိုင်းတယ်၊ အဲဒီလိုမှ အပြင်မှာ သုံးမရတဲ့ကောင်တွေကိုတော့ ကျွန်တော်တို့က ရုံထဲထည့်ပြီး အလှကြည့်ဖို့ လှောင်ထားလိုက်ကြတော့တာပါပဲ။ အဲဒီလိုမျိုး ကျွန်တော်တို့ဟာ တိရိစ္ဆာန်တွေထက် သာပါတယ်။
လူတွေ တိရိစ္ဆာန်တွေထက် အဆင့်မြင့်သာလွန်နေအောင်လုပ်ထားတာက လူတွေမှာရှိတဲ့ ကိုယ့်အဖြစ်ကိုယ် ပြန်သိနိုင်မှုစွမ်းရည်ပါတဲ့။
လူတစ်ယောက်ဟာ တစ်ခုခုကို ကိုယ်တိုင်လည်း ခံစားတတ်တယ်၊ အဲဒီလို ခံစားနေတဲ့အချိန်မှာပဲ ကိုယ် ဘာတွေခံစားနေတာလဲဆိုတဲ့ ကိုယ့်စိတ်အခြေအနေကိုလည်း တစ်ခါ ပြန်သိနိုင်ပါတယ်။
ဆိုပါတော့၊ ခင်ဗျားက တစ်ခုခုကို ဒေါသထွက်နေတယ်၊ အဲဒီ့အချိန် ကိုယ်ကိုယ်ကို နှစ်ကိုယ်ခွဲကြည့်လို့ ရပါတယ်။ ဒေါသထွက်နေတဲ့ ခင်ဗျားက တစ်ယောက်၊ အဲဒီလိုဒေါသထွက်နေတဲ့ခင်ဗျားကို လှမ်းကြည့်နေတဲ့ နောက်ထပ် ခင်ဗျားက တစ်ယောက်။ (ဝေဒနာနုပဿနာနဲ့ ခပ်ဆင်ဆင်ဖြစ်မလားပါပဲ)။
ဒေါသထွက်နေတဲ့ခင်ဗျားနဲ့ ဒေါသထွက်နေတာကို သိနေတဲ့ခင်ဗျား နှစ်ကိုယ်ကွဲ သွားတဲ့အခါ ခင်ဗျားအနေနဲ့ ရွေးချယ်ခွင့်တွေ ရှိနေပါတယ်။ ဒေါသထွက်နေတဲ့ ခင်ဗျားကို ပိုဒေါသဖြစ်အောင် လောင်စာတွေ ထပ်ထည့်လို့ ရတယ် (သို့မဟုတ်) ဒေါသငြိမ်းရာငြိမ်းကြောင်း ဖြေသိမ့်စရာတစ်ခုခု ရှာပြိး နားချချင်လည်း ရတယ်။
အဲဒီကနေတစ်ဆင့် ခင်ဗျားမှာ ဆုံးဖြတ်စရာတွေ ထပ်ရှိလာပြန်ပါတယ်။ ဒေါသကို အခြေခံပြီး ဝိုင်းဒိုင်းကြဲ တစ်ခုခုကို လုပ်ပစ်လိုက်မလား (သို့မဟုတ်) ဒေါသငြိမ်းအောင် အမြန်လုပ်ပြီး ဒေါသဖြစ်စေခဲ့တဲ့ အကြောင်းတရားဆီက ကောင်းရာမွန်ရာ အမြတ်တစ်ခုခု ရှာမလား။
ကိုယ့်ကိုယ်ကို နှစ်ကိုယ်ခွဲပြီး ကိုယ့်စိတ်အတွေးကိုယ် ပြန်ရှုမှတ်နိုင်တာကို “ကိုယ့်အရှိ ကိုယ်သိမှု” သို့မဟုတ် “ကိုယ့်အတွေး ကိုယ်ပြန်တွေးနိုင်မှု” စွမ်းရည်လို့ ခေါ်ပါတယ်။ အဲဒီ့စွမ်းရည်ကို ကမ္ဘာပေါ်မှာ လူသားတစ်မျိုးပဲ ပိုင်ဆိုင်ပါတယ်။ လူဟာ ကိုယ့်မှာမီးလောင်နေတယ်ဆိုရင် မီးလောင်တာကို သိပြီး မီးသတ်ဌာနကို အကြောင်းကြားနိုင်တဲ့စွမ်းရည် ရှိတယ်လို့ ဆိုလိုတာပါ။
တိရိစ္ဆာန်တွေမှာ အဲဒီ့စွမ်းရည်မျိုး မရှိကြပါဘူး။ ဒေါသထွက်တာသာ ရှိပြီး ဒေါသထွက်နေတာကို သူတို့ကိုယ်သူတို့ ပြန်သိနေတာမျိုး မရှိဘူး။ သူတို့အတွက် မီးလောင်နေတာဟာ မီးသတ်ဌာနကိုယ်တိုင် ဖြစ်ပြီး တစ်ခြား သွား အကြောင်းကြားစရာ ဘာဌာနမှ မရှိတော့တဲ့ အခြေအနေပါပဲ။
ကိုယ့်အရှိ ကိုယ်သိမှုက လူတစ်ယောက်ကို ဗီဇ၊ ဓာတ်ခံ၊ ပတ်ဝန်းကျင်၊ လက်ရှိစိတ်ခံစားမှု၊ သဘောထား၊ အကျင့်စရိုက်စတာတွေနဲ့ တသီးတခြားစီဖြစ်အောင် ခွဲခြားပေးပြီး အဲဒီ့အရာတွေရဲ့ ပြဌာန်းမှုဘောင်တွေကို ကျော်ပြီး ဆင်ခြင်တွေးခေါ်နိုင်အောင် စွမ်းဆောင်ပေးပါတယ်။
အဲဒီကတစ်ဆင့် လူဟာ ဗီဇအရှိအတိုင်း ငုံ့ခံ၊ ပတ်ဝန်းကျင်ရိုက်ခတ်တိုင်း တုန့်ပြန်၊ ခံစားမှုလှုံ့ဆော်တဲ့အတိုင်း ရောင်ပြန်ဟပ်ဆိုတဲ့ အပြဌာန်းခံအနေအထားတွေက လွတ်မြောက်ပြီး ကိုယ်က ဖန်တီးပြုလုပ်သူ၊ အသစ်အဆန်းကို တီထွင်တတ်သူ၊ ကမ္ဘာကြီးရဲ့ ဆွဲငင်အားကို လွန်ပြီး အခြားဂြိုဟ်တွေအထိ စူးစမ်းကြည့်နိုင်တဲ့ လူသား၊ အကန့်အသတ်မဲ့ လွတ်လပ်သူများအဖြစ် အဆင့်မြင့်သွားခဲ့တော့တာပါပဲ။
တွေးခေါ်ပညာရှင် ဒေးစ်ကားက “ငါတွေး၏၊ ထို့ကြောင့် ငါ ရှိ၏” လို့ပြောခဲ့ပြီး အဲဒီအမြင်ကို အခြေခံပြီးတော့ပဲ ယန်းပေါဆတ်က “ငါသည်ပင် ငါ၏ လွတ်လပ်မှု ဖြစ်သည်”လို့ ပြောဖူးပါတယ်။ ကိုယ့်အရှိကို ကိုယ့်အတွေးက တစ်ဆင့်သိနိုင်ပြီး အဲဒီ့တွေးသိနိုင်ခြင်းက လွတ်လပ်မှုရဲ့ အစလို့ ဆိုလိုတဲ့ပုံပါပဲ။
တိရိစ္ဆာန်တွေဆိုတာ မှောက်ထားတဲ့ အိုးတွေပါ။ လူကတော့ လွတ်လပ်မှု ပင်ကိုယ်သဘာဝနဲ့ ဖွင့်ထားတဲ့ အိုတွေဖြစ်ရဲ့။ ကျွန်တော်တို့ရဲ့ ဖွင့်ထားတဲ့အိုးတွေထဲ ထည့်ဖို့ “ထက်မြက်သူဖြစ်ကြောင်း အကျင့်ကောင်းတွေ” ကို စတီဗင်ကိုဗေးက လမ်းကြောင်းပေးထားပါတယ်။
One comment
pazflor
November 13, 2012 at 1:43 am
ကျေးဇူးပါဘဲခင်ဗျာ၊ အကျင့်အကြောင်းတွေရေးပေးနေတာ။
မကောင်းတဲ့ အကျင့်တွေကများနေတော့ အကို့ပို့စ်တွေဖတ်ပြီး ပြင်ကြည့်မလားလို့။ 🙂