“စည်စည်ကားကား ရွှင်ရွှင်ပျော် ကျေးရွာအလှူတော်”
“စည်စည်ကားကား ရွှင်ရွှင်ပျော် ကျေးရွာအလှူတော်”
ဒီအလှူပွဲမှာ သူများနားချိန် အိပ်ချိန်မှာတောင် မနားဘဲလုပ်ရတာကတော့အိုးသူကြီးအဖွဲ့ ပါဘဲ။
သူတို့အဖွဲ့ က တစ်ညလုံးမနားရပါဘူး။
မနေ့ညနေစောင်းကတည်းက စလို့ မီးတရဲရဲမှာ မိုးဗြဲဒယ်ကြီးတွေနဲ့
ကြက်သွန်တွေဆီသတ် ငရုတ်သီးတွေဆီသတ် အသားဟင်းတွေကို မသိုးအောင် လုံးနဲ့လုပ်ကြရတာပါ။
ညရောက်ပြန်တော့လဲ အလှည့်နဲ့ အိပ်တာတောင်မှ ကြက်အိပ်ကြက်နိုး။
လူသာအလှည့်နဲ့ခဏမှေးလိုက်ရမယ် မီးဖိုကြီးကတော့ ညလုံးပေါက် မီးမပြတ်အောင်ထုိုးရပါတယ်။
မနက်လေးနာရီထုးိတာနဲ့ ဓါတ်စက်ဆရာက “ဌေးဌေးမြင့်”ရဲ့ အင်မတန်ကျက်သရေရှိလှတဲ့
“အစိန္တေယျ”သီချင်းနဲ့ စလိုက်ပါတယ်။
အဲဒီသီချင်းပြီးတာနဲ့ အလှူသီချင်းတွေမှာပြိုင်စံရှားတဲ့ ကိုထွန်းရွှေရဲ့
“လင်းကြက်ဖြင့်တွန်သံသာ…………………”တို့
“တို့တောကအလှူ တို့တောကအလှူ စည်သံဗျောသံညံဆူ
ခြိမ့်ခြိမ့်သဲလို့အောင်ပွဲခံမယ်တမူ”တွေဘာတွေပါတဲ့
အိုးစည် ဒိုးပတ် အလှူသီချင်းတွေ ကို ဆက်တိုက်ဖွင့်ပါတော့တယ်။
တကယ်တမ်းပြောရမယ်ဆိုရင်တော့
အော်လံသံမကြားခင်ကတည်းက အားလုံးကလှူပ်လှူပ်ရွရွဖြစ်နေပါပြီ။
ထမင်းချက်တဲ့အဖွဲ့ကလဲ ထမင်းတွေကို ပုတ်ကြီးထဲမှာ ငှက်ပျောဖက်တွေခံလို့ထည့်။
ဟင်းချက်တဲ့အဖွဲ့ကလဲ ဝက်သားတုံးကြီးတွေ အိ မအိ အပေါ့အငံတည့်မတည့်မြည်း။
ပြင်သင့်တာပြင်ပေါ့။
အဲလိုဝက်သားအိုးကြီးချက်တဲ့အခါ အုးိသူကြီး ကပညာပါ ရပါသတဲ့။
(ဝက်သားဟင်းမနူးဘူးဆိုရင် ဟင်းအိုးထဲကို သဘောင်္သီးအစိမ်းထည့်လိုက်ရပါသတဲ့.။
သိပ်ငံလွန်းနေရင် မီးသွေးခဲ့ထည့်လိုက်ရပါသတဲ့။
ဟင်းမလောက်တော့ဘူး နည်းနေတယ်ဆိုရင် ဟင်းအိုးထဲကို ထန်းလျက်ခဲထဲ့လိုက်ရပါသတဲ့။
ကြားဘူးတာလေးပြောပြတာပါ။)
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
ပြောသာပြောရတယ် တစ်ညလုံးဘယ်သူမှ ကောင်းကောင်းအိပ်ရတယ်မရှိကြပါဘူး။
အဖွားကပိုဆိုးပေါ့။
မောင်ရှင်လောင်းတွေထပ်ပျောက်မှာစိုးတော့ မောင်ရင်လောင်းတွေရဲ့ ခြေရင်မှာ ကန့်လန့်အိပ်ကြရတာလေ။
ချွတ်ကနဲဆိုတာနဲ့ခေါင်းထောင်ကြည့်ရတော့ ဘယ်လိုုလုပ်ပြီးအိပ်ရတော့မှာလဲ။
ဒီအထဲထမင်းချက်အဖွဲ့ကလုပ်ကိုင်နေကြတဲ့အသံတွေ့လွင့်လာတော့ ပိုဆိုးပေါ့။
“မနေ့ကအကြောင်းပြန်တွေးမိရင်
စိတ်တွေတောင်အိပ်နေရင်းမောမောလာပါတယ်။
အဲဒီတုန်းက စိတ်ထဲတွေးနေမိတာ ကောင်းတာမွန်တာလုပ်နေတာဘာကြောင့်များ အဖျက်တွေပေါ်သလဲပေါ့။
မိဆိုင်ဖဆိုင်တွေလဲ ရိုးရာမပျက်အကုန်ပွဲပေးပြီးသား။
ဘယ်သူများအမှားလုပ်သလဲလို့တွေးပြန်တော့ “ ဆေးနီလုံး”ကိုဘဲပြေးမြင်မိတာဘဲ။
ခက်တာက “ဆေးနီလုံး”ရယ် နေရာတကာကန့်လန့်တိုက်ချင်တာ။
ပွဲပေးမယ်ဆိုလုပ်အလှုပ်ရှုပ်တယ်ပြောလို့ပြော တစ်ပွဲပေးတော်ရော့ပေါ့လို့ ဆိုလိုဆို။ ရွာတော်ရင်ဘိုးဘိုးကြီးကန့်တော့ရအောင်ဆိုလဲ အမြဲတမ်းကန့်တော့နေတာဘဲဟာ ဆိုပြီး ပေကပ်ကပ်။
တော်ပါသေးရဲ့ အထစ်အငေ့ါတွေ ရှိပေမယ့် အဆုံးသတ်မတော့ ချောချောမောမော ဖြစ်သွားလို့။”
ဒါကတော့ ကျနော့်တို့နားမှာ တချွတ်ချွတ်နဲ့ မအိပ်ဘဲနေတဲ့ အဖွားကိုယ်စားတွေးမိတာလေးပါ။
ဟုတ်တော့ဟုတ်ပါတယ် မနေ့က “ဘိုးစီနဲ့ ကိုအောင်”ပျောက်တော့အကုန်လုံးဒေါင်းတောက်။
အဲလိုရှင်လောင်းပျောက်လို့သောကတွေပွားနေပါတယ်ဆိုမှ မသိသားဆိုးဝါးစွာနဲ့၊
ဘယ်တုန်းကမောင်ရှင်လောင်းလေးကို စဉ့်အိုးထဲ ထည့်ဖွက်တာ အသက်ရှုပိတ်လို့သေသွားတယ်ပြောသံကြားရင်
စဉ့်အိုးတွေထဲရှာခိုင်း။
ဘီဒိုထဲပိတ်ထားလို့ မေ့မြောသွားတယ်ပြောရင် ဘီဒိုတွေထဲရှာခိုင်း။
ကောက်ရိုးပုံထဲကြိုးတုပ်ပီးထားတာ သတိတွေလစ်နေတာအတော်ကုယူရတယ်ပြောရင်
ကောက်ရိုးပုံထဲရှာခိုင်း။
ရေတွင်းထဲချော်ကျရင်တော့ရှင်လမ်းမရှိဆိုတော့ ရေတွင်းတွေထဲရှာခိုင်း။
လူသံအုပ်အုပ်ကျက်ကျက် ဒုတ်မီးတဝင်းဝင်းနဲ့ရှာလိုက်ကြတာ မောတာသာအဖတ်တင်တယ်။
မောင်ရှင်လောင်းအရိပ်အယောင်တောင်မမြင်လိုက်ရဘူး။
အဲလိုဖြစ်ပြီးစိတ်ဓါတ်ကျနေတဲ့အချိန်မှ ဦးဇင်းဇဝနရောက်လာတာပါ။
တစ်ယောက်တစ်ပေါက်ဆူညံနေအောင်ပြောနေကြတဲ့အသံ ဦးဇင်းရောက်လာတော့
မီးရေနဲ့ငြိမ်းသလိုတိတ်။
“ဘယ်တွေရှာပြီး ပြီလဲ”မေးတော့ တစ်ယောက်တစ်ခွန်းဖြေလိုက်ကြတဲ့ နေရာ စုံလို့။
“ခါတိုင်းမောင်ရင်လောင်းတွေဘယ်မှာအိပ်လဲ…အဲဒီရောသွားရှာပြီးပြီလား”
မေးမှ အားလုံးဟင့်အင်းဖြစ်ကုန်ရော။
အဲတော့မှ ဦးဇင်းက
“ခက်တယ်ဆိုတာ ဒါဘဲ ။
မောင်ရင်လောင်းပျောက်ပြီဆိုတာနဲ့ ဘယ်သူဖွက်သလဲဘဲစဉ်းစားတော့တာ။
အဲတော့ အမှန်နဲ့ဝေးတော့တာပဲ”
လို့ပြောပါတယ်။
ဖြစ်ပုံက ဒီလိုပါတဲ့။
ဦးဇင်း ဟိုဘက်ရွာက ဆေးအကုပင့်လို့လိုက်အသွားကနေအပြန်
မောင်ရှင်တွေအိပ်တဲ့နားက မဲမဲ မဲမဲ မြင်လို့မေးကြည့်မှမောင်ရှင်နှစ်ပါး
စောင်ခေါင်းမီးခြုံပြီးအိပ်နေတာတွေ့ပါသတဲ့။
ဦးဇင်းလဲ အမူ့မဲ့အမှတ်မဲ့ နေလိုက်တာ လော်ကြီးကနေ မောင်ရင်လောင်းပျောက်တာကိုကြေငြာမှ
သိတာနဲ့ထလာပါသတဲ့။
မောင်ရှင်နှစ်ပါးမေးကြည့်တော့ မဏ္ဍပ်ထဲမှာပျင်းတာနဲ့ ဘုန်းကြီးကျောင်းပြန်လာပြီးအိပ်နေတာပါတဲ့.။
ကောင်းလေစွပါဘဲ။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
မနက်လေးနာရီခွဲလောက်ရောက်တော့ နားသမယ့်နှစ်ယောက်ရယ် မောင်ရင်လောင်းတွေရယ်ကို မိတ်ကပ်တွေလူး အလှတွေပြင်ပါတော့တယ်။
အလှမပြင်ခင် ကော်ဖီတွေ မုန့်တွေ တဝစားခိုင်းပါတယ်။
ကျနော်တို့မှာ အိပ်ချင်မူးတူးနဲ့ မိတ်ကပ်လိမ်းအဝတ်အစားဝတ်ပေါ့။
ငါးနာရီကျော်ကျော်လောက်ရောက်တော့ ဒုးိပတ်ဝိုင်းက
ဟေးလားဟေ မောင်ရို့ ဟေးလားဟေ မောင်ရို့ ဝမ်းစမုးိက သောသောညံနေပါပြီ။
မောင်ရင်လောင်းတွေစီးမယ့်မြင်းတွေ နဲ့ရွှေထီးတွေကလဲ မဏ္ဍပ်ရှေ့မှာအရောက်။
ဆွေမျုးိတွေနဲ့ နားသမယ့်ကလေးတွေလိုက်မယ့် လှည်းယာဉ်တွေကလဲ ခြူသံတလွင်လွင်နဲ့ အိမ်ရှေ့မှာဟန်ရေးပြနေပါပြီ။
ရွာထဲကလူတွေကလဲ ကျနော်တို့တွေထွက်လာမှာကို ပွဲလမ်းသဘင်ကြည့်သလိုစောင့်ကြည့်နေကြပါတယ်။
အမေ မအုန်းရင်ခင်ဗျာလဲ အိုးသူကြီးနဲ့အဖွဲ့ကို ရှင်လောင်းလှည့်တာပြန်မရောက်သေးခင်ထမင်းရုံမဖွင့်ဘို့
နောက် မြိုခံလူကြီးတွေအတွက် လှလှပပ ဖြစ်အောင်ဟင်းချန်ထားဘို့။
မလောက် လောက်ဘူးထင်ရင် ကြိုပြီး စီမံဘို့ အထပ်ထပ်အခါခါ
စုံနဖာစီအောင်မှာရရှာပါတယ်။
ခြောက်နာရီလောက်လဲရောက်ရော မောင်ရှင်လောင်းတွေ နဲ့ နားသမယ့် နှစ်ယောက်ကို ရွာတော်ရင်ဘိုးဘိုးကြီး
နန်းကို နတ်ပြဘို့ထွက်လာကြပါတယ်။
ကျနော်တို့ထွက်လာတော့လဲ ကလေးတွေက တသီတစ်တန်းကြီးလိုက်လာကြပါတယ်။
နတ်ကန်တော့ပြီးတာနဲ့ ကျနော်တို့မောင်ရှင်လောင်းတွေကိုမြင်းပေါ်တင်။
ဆွေမျိုးမိဘတွေက လှည်းယာဉ်ပေါ်တက်။
အလှူဒကာ ဒါယိကာမနဲ့ မောင်ရှင်လောင်းမိဘတွေက သင်္ကန်းပရိက္ခာရာပိုက်လို့ တန်းစီ။
ကွမ်းတောင်ကိုင်ပန်းတောင်ကိုင်တွေကလည်း တန်းစီ။
အတန်းကြီးကိုအရှည်ကြီးပါဘဲ။
အလည်ခေါင်လောက်မှာလှည်းပေါ်ပါလာတဲ့ ဓါတ်စက်က လဲ သီချင်းတွေဖွင့်။
ဒုးိပတ်ဝိုင်းကလဲ ဦးရွှေရိုးအကနဲ့ အရှိန်ရလို့နေပါပြီ။
နောက်တော့ရွာဆော်ကြီးများဦးဆောင်လို့ ရှင်လောင်းလှည့်ပွဲကြီးစပါတော့တယ်။
စစချင်းရွာလည်လမ်းမကြီးအတိုင်း မြောက်စူစူး ရွာတံခါးမကြီးဘက်ကိုထွက်တော့
ဖုန်တစ်ထောင်းထောာင်းနဲ့ ပါဘဲ။
လမ်းတစ်လျောက်လုံးလဲ ရွာရှိလူကုန် ထွက်ကြည့်ကြသပေါ့။
ရန်ကင်းရွာကနေထွက် အနောက်တည့်တည့်ဆင်း မြိုမကျောင်းကျော်တော့ မြောက်ဘက်ကွေ့ ရပ်ကွက်ကြီး တစ်ပါတ်ပါတ်ပြီး အနောက်ဘက်ထဲကို ဆက်ဆင်း အဲဒီကမှဈေးဘက်ကိုသွား ။
ဈေးဘက်ရပ်ကွက်ကမှ တစ်ခါ လမ်းမကြီးအတိုင်း အရှေ့ပြန်တက်လို့ လာပါတယ်။
နေသိပ်မပူခင် မောင်ရှင်လောင်းလှည့်လို့သာတော်ပါတော့တယ်။
ဒါတောင် တစ်ပါတ်ကြီးပါတ်ရတော့ မြင်းပေါ်မှာ အိပ်ငိုက်တဲ့သူက ငိုက်ပါဘဲ။
သွားလေရာနေရာတိုင်းမှာတော့ အလှူလှည့်လာတာကို စောင့်ကြည့်နေတဲ့သူကလဲ မနည်းပါဘူး.။
အလှူ့အမကြီးက ဖလားကိုင်ပြီး ပိုက်ဆံတွေကျဲတော့ ကလေးတွေရောလူကြီးတွေပါဝိုင်းလုကြတာ
အုန်းအုန်းထနေတာပါဘဲ။
နောက်က ဒိုးပတ်ဝို်င်းကအသံတွေက လဲ တဗြုန်းဗြုန်း နဲ့ ဘဝဂ်ထိညံနေသလို
ဦးရွှေရိုးကသူကလဲ ကွေးနေအောင်ကသလို မိန်းမလိုဝတ်ထားတဲ့သူနဲ့အတိုင်အဖောက်တွေညီနေတော့
လမ်းဘေးက ရပ်ကြည့်သူတွေမှာလဲ အပျော်တွေကူးစက်သလို တဟေးဟေးတဟားဟားနဲ့ပါဘဲ။
အလှူလှည့်နေချိန် လမ်းလျောက်ရတဲ့သူတော့ မသိ ကျနော်တော့ မြင်းပေါ်ထိုင်လိုက်ရတာကို အတော်လေး
ညောင်းပါတယ်။
မနက်စောစောပေမယ့် နေကတော့ ပူတာပါဘဲ အညာနေကိုးဗျ။
မြင်းအောက်က လို်က်ရတဲ့ ရွှေထီးဆောင်းပေးတဲ့သူကလဲ မြင်းကလှုပ်တော့
ဟိုဘက်ယိ်မ်းလိုက်ဒီဘက်ယိမ်းလိုက်ဆိုတော့ ကြာတော့လဲ ပူလာတာပါဘဲ၊
တစ်ချက်တစ်ချက်တော့လဲ အိပ်ငိုက်ပါတယ်။
ဒါပေမယ့် အားလုံးက ပျော်နေကြတာပါဘဲ။
ဒီလိုနဲ့ဘဲ တစ်ရွေ့ရွေ့သွားရင်း ရွာအဝင်လမ်းကိုရောက်လာပါပြီ။
ကျနော်တို့မဏ္ဍပ်နားရောက်တဲ့အခါ မှာတော့ ထမင်းရုံနားမှလူတွေအုံးနေပါပြီ။.
ကျနော်တို့အားလုံးမဏ္ဍပ်ထဲရောက်တော့ အအေးတိုက် ရေတွေတိုက်ပါတယ်။
မောင်ရှင်လောင်းတွေနေဘို့ စင်ပေါ်ရောက်ချိန်မှာတော့ ဘိုက်တွေလဲဆာလှပြီဆိုတော့
အချိုပွဲတွေချထားတာကို အလုအယက်စားကြပါတော့တယ်။
ကျနော်တို့မောင်ရင်လောင်းတွေ မုန့်အလုအယက်စားနေသလို ထမင်းရုံမှာလဲ ထမင်းစားဘို့လူတွေတို့ဝှေ့နေပါပြီ။
ကာလသားခေါင်းနဲ့ ရွာလူကြီးတွေက ကလေးတွေကို တစ်ရုံပို့လိုက်ပါတယ်။
ကလေးရုံကိုတော့ ပုဂံဆေးရသက်သာအောင် ခုံတန်းရှည်အပုလေးပေါ်မှာဖက်တွေခင်း ဟင်းတွေပုံ
မှန်ရောင်ဟင်းချိိုကိုဇလုံနဲ့ထည့်ဇွန်းတပ်လို့ အလည်မှာထား.။
မထစတမ်း အဝစားနိုင်ဘို့ ထမင်းဟင်းလိုက်ပေးမယ့်အဖွဲ့ကလဲအရံသင့်ပါဘဲ။
စားလိုက်ကြတာများ အားရပါးရ။
လူကြီးတွေကိုတော့ လဲ ယောက်ျားတစ်ရုံမိန်းမတစ်ရုံတန်းစီလို့ သွင်းပေးပါတယ်။
ရပ်ရွာလူကြီးသူမများနဲ့ ဧည့်သည်တွေကိုတော့ အိမ်နှစ်အိမ်ပေါ်မှာခွဲလို့ဧည့်ခံပေးပါတယ်။
သူများတွေအားရပါးရစားနေတယ်ဆိုတာသိနေတော့ ကျနော်တို့လဲ ဗိုက်တွေဆာလာတော့
လူကြီးတွေကို ပူဆာရပြန်ပါတယ်။
လူကြီးတွေကလဲ သိပ်မကြာခင် ကိုရင်ဘဝကိုပြောင်းမှာဆိုတော့ ညမဆာအောင်မွန်းတည့်ချိန်ကပ်မှ
ကျွေးချင်ပါတယ်။
ဒါပေမယ့် မအုန်းရင် က နောက်မှတစ်ခါထပ်ကျွေးချင်ကျွေး မောင်ရင်လောင်းတွေကို အရင်ကျွေးဆိုလို့ မဏ္ဍပ်ထဲမှာတင် ကျနော်တို့ကိုပြင်ကျွေးပါတယ်။
ရွာနည်းချုပ်စပ်ကရွာတွေပါဗျို့ဟစ်ထားတော့ လူစည်သမှဗောင်းလန်နေတာပါဘဲ။
ထမင်းစားပြီးရင် မဏ္ဍပ်ထဲလာပြီးအချိုပွဲစားရမှမှန်ပေမယ့် ရွာခံတော်တော်များများကတော့ မဏ္ဍပ်ထဲမလာပါဘူး။
လူကြီးတွေဖိတ်ထားတဲ့ဧည့်သည်တွေနဲ့အခြားရွာသားတွေနေရာရအောင် မဝင်ကြတာပါ။
အပြင်ဖက်အရိပ်မှာထိုင်လို့ ဧည့်ခံဆိုင်းကို အရသာခံလို့နားဆင်ရင်းအလှူဘိသိက်မြောက်မှာကိုစောင့်နေကြပါတယ်.။
အဲဒီအချိန်မှာဘဲ မိန်းကလေးနှစ်ယောက်ကို နားပေါက်ဖောက်ပေးပြီး ရွှေနားကပ်အသေးလေးတွေဆင်ပေးပါတယ်။
ဆယ်နာရီကျော်ကျော်လောက်မှာတော့ ဘိက်သိက်ဆရာက ခရုသင်းလေးကိုင်လို့
“တတူတူ တအူအူ”လဲမူတ်ရောအလှူ့ရှင်အလှူ့အမ အားလုံးမဏ္ဍပ်ထဲကိုရောက်လာကြပါတယ်။
လူကြီးသူမတွေလဲနေရာပေး လို့မဏ္ဍပ်ထဲမှာနေရာယူကြ။
ဘိသိက်ဆရာကတော့ အဖြူရောင် အကျင်္ီရှည်ကြီးနဲ့ ခေါင်းပေါင်းနဲ့ ခရုသင်းကြီးကိုလက်မှာကိုင်လိုက်
ကျနော်တို့ နားမလည်တဲ့ ပါဠိစကားတွေနဲ့ဂါထာတွေရွတ်လိုက်။
နောက်က ဆိုင်းဆရာကလဲ ပလို့ဂျိ ဗေထိနဲ့ ပို့ပေးလိုက်။
ဘိသိက်ဆရာပြောလိုက်ရင် ပရိသတ်ကြီးက ဝေါကနဲသဘောတွေကျလိုက်။
ကျနော်တို့မှာတာ့ ညောင်းက ညောင်းဆာကဆာ ပြီးချင်လှပါပြီ။
အတော်လေးကြာတော့မှ ဘိသိက်ဆရာက ခရုသင်းကို သံရှည်ဆွဲလို့အမူတ်
ဆိုင်းနောက်ကအဆိုတော်ကလဲ
“ဘယ်စာဝါ ဘယ်နှစ်ဝါမောင်သင်မတုံး မမလေးကို သံချိုနှောလို့ပြောခဲ့ပါအုံး”လို့အဆို
ဆိုင်းကလဲ ပလုတ်တုတ်တုတ်ဗြုန်း ဆိုပြီး တီးလုံးလေးက အဆို့
ကျနော်တို့အဖွားတွေ အဒေါ်တွေအားလုံးမှာလဲ မျက်ရည်လေးတစမ်းစမ်း၊
မျက်နာကို ခြုံပုဝါလေးတွေနဲ့တ တို့တို့ ဘာကိုလွမ်းလို့ငိုတယ်တော့ မသိ။
လူကြီးတွေပြောပြောနေတဲ့ ပီတိမျက်ရည်ဆိုတာ ဒါဘဲဖြစ်မယ်ထင်ပါရဲ့။
ခဏနေတော့ အလှူလဲ ပွဲသိမ်းဗျောကိုတီးလို်က်တဲ့အခါမတော့
အလှူတော်အောင်ပြီ ဆို ကြွေးကြော်ပြီးတဲ့အခါ ဧည့်သည်တွေလဲ
မဏ္ဍပ်ကနေထွက်လို့ ပြန်ကြပါတော့တယ်။
အဲဒီအခါမှကျနော်တို့မောင်ရင်လောင်းတွေကိုထမင်းနောက်တစ်ခါကျွေးဘို့စီစဉ်ကြပါတယ်။
ကျနော်တို့လဲ အရင်က အရမ်းဝတ်ချင်ခဲ့တဲ့ ဒီ မင်းသားအဝတ်ကြီးတွေကိုချွတ်ချင်လှပါပြီ။
မဏ္ဍပ်ထဲမှာတင် အဝတ်အစားတွေလဲ။
ထမင်းဝဝတီးဘို့ စားပွဲမှာထို်င်ပြီး အားရပါးရ အုပ်ကြပါတော့တယ်။
ကောင်းလိုက်တဲ့ ဝက်သားအိုးကြီးချက်ကလဲ အဆီတစ်ထပ်အသားတစ်ထပ်၊
နောက်မောင်ရှင်လောင်းများအတွက်သီးသန့်ချက်ထားတဲ့ပုစွန်ထုပ်ကြီးတွေကလဲ မြင်တာနဲ့စားချင်စရာ။
လူကြီးတွေကလဲ အဝစားထားနော် ကိုရင်ဝတ်ပြီးရင်ညနေစာမစားရတော့ဘူးဆိုတာနဲ့အဝအပြဲတီးကြပါတယ်။
ဒါနဲ့ဘဲထမင်းတွေစား အချိုပွဲတွေထပ်စားနဲ့ ဗိုက်ကိုကားနေတာပါဘဲ။.
သိပ်မကြာခင်လူကြီးတွေလဲ ထမင်းစားအပြီး။
ကိုရင်ဘဝကိုပြောင်းဘို့ ဆံချမယ်ဆိုပြီး ဆရာတော်ကြီးရှိတဲ့ ဘုန်းကြီးကျောင်းကိုချီတက်ကြပါတော့တယ်။
ဆရာတော်ရှေ့ရောက်ပြီဆိုတော့ ဆရာတော်ကြီးက ကိုရင်တွေကိုဆံချဘို့ မိဘတွေလာကြလို့ခေါ်လိုက်တဲ့
အခါမှာတော့ အလွမ်းဇာတ် က တစ်စခန်းထပါတော့တယ်။
ဆက်လက်ဖော်ပြပါမည်
ကိုပေါက်လက်ဆောင်ငယ်လွမ်းချင်း
(14-11-2012)
26 comments
ခိုင်ဇာ
November 15, 2012 at 10:10 am
အလှူထမင်းစားချင်လာပြီ။ ထမင်းစားရုုံမှာ တရုုံးရုုံးစားရတာ။
ဖတ်လိုု့ကောင်းတယ် ကိုုပေါက်ရေ။ 🙂
Mon Kit
November 15, 2012 at 10:25 am
လေးပေါက်…
မွန်ကစ် အလှူထမင်း တိုးဝှေ့ပီး ဝင်စားသွားတယ်..
အဆီတထပ်.. အသားတစ်ထပ် ဝက်သားဟင်းနဲ့တော့ ဟုတ်ဝူး…
မောင်ရှင်လောင်းလေးတွေ အကျန် ပုဇွန်ထုတ် ဟင်းနဲ့… :hee:
ဆက်လာမဲ့ အလွမ်းဇာတ်ကို ဆက်မျှော်လျှက်ပါလို့..
ရွာစားကျော်
November 15, 2012 at 11:03 am
ကျနော့် ဦးလေးတွေဆို ရွာကပွဲတိုင်းမှာ မပါမပြီးပဲဗျ
အိုးသကြီးလုပ်တဲ့ ဦးလေးလည်း ဆရာပဲ..
ရှင်လောင်းသွင်း သီချင်းဆို နိုင်တဲ့ ဦးလေးတွေရော၊ ဘုရားလူကြီးရော ကျနော့် ဦးလေးတစ်ယောက်ပဲ
ကျနော့်ကျမှ ပညာရေးဘက်လိုက် ဆယ်တန်းပြီးကတည်းက ရွာကထွက်လာတာ
လူမှုရေးကိစ္စတွေဘက်မှာ အမျိုးတွေ ခြေရာ မနင်းနိုင်တော့ဘူး…
Hnin Hnin
November 15, 2012 at 11:21 am
လေးပေါက်ရေ့..စားချင်စရာ မောင်ရင်လောင်း ဟင်းပါလား..ရှလွတ်..ရှလွတ်
နှိပ်စက်ပြန်ပြီ တမုံ့… 🙂 .. (အသားမစားရသောနေ့ပါ)
ဒါဆို တမီး အရီးကျိကျိ မှန်သွားပြီပေါ့နော်..’မောင်ရင်လောင်းများ အိပ်နေသည်’ :hee:
MRTV-4 က ဟိုတလောက လွှင့်တဲ့ ဦးမိုးဒီနဲ့ ဇာတ်ပို့ ဦးဇော်ဝင်းနိုင်တို့ အပြိုင်ပြော
ကြတဲ့ ‘ဘိသိက်ပြိုင်ပွဲ’ ဆိုတဲ့ ဇာတ်လမ်းကို ဗဟုသုတရချင်လို့ ကြည့်လိုက်တာ..
ရှည်လိုက်တာကို 1a.m.-2:40a.m. မှ ပြီးသွားလို့ ဘိသိက်မူးတောင် မူးသွားတယ်
အတော်ရှည်တာလား..လေးပေါက်တော့ တော်တော်မိသွားမှာပဲလို့..
အရီးခင်လတ်
November 16, 2012 at 4:54 am
ဟားဟား
မှန်သဟေ့။ မှန်းတာ။
မှန်မှာပေါ့။
ဒါလဲ ကိုယ်တွေ့ဘဲဗျား။
မောင်ရင်လောင်းတွေ တစ်အား ဆော့ နောက်တော့ မောပြီး တွေ့ရာထိုးအိပ်ကြတာ။
ဒါထက် သမီးနှင်းနှင်း ရယ်။
အရီးကျိကျိ မလုပ်ပါနဲ့။
သွားကျိန်းလွန်းလို့ပါ တော်။ 😆
Hnin Hnin
November 16, 2012 at 9:45 am
အရီးကျိကျိ နှင်းနှင်း အနားလာအောင် လုပ်လိုက်တာ…
ပေားးးးးးး ခု…ရောက်လာပြီ… 🙂 …. မတွေ့ရတာ ကြာလို့ အရီးရေ…
အရီးကို နှင်းနှင်း ‘မမကြီး’ နဲ့အသက်တူလို့ နဂိုရှိရင်းစွဲ မမကြီးလို ချစ်ခင်စိတ်နဲ့ပါ
‘အရီးကျိကျိ’ လို့ သများနဲ့မတူအောင် ခေါ်မိတာပါ… 🙂
သွားကျိန်းနေရင် ပဲလှော်မစားနဲ့…သွားမတိုက်နဲ့ပေါ့…ဟဲ..
အာ့ဆို ‘အရီကျိကျိ’ လို့ခေါ်တာ မကြိုက်ဖူးဆိုရင် ဟီဟိ..’အရီးကျိကျိကြီး’
လို့ပြောင်းခေါ်ပါ့မယ်… :kwi:
အသက်ဘယ်လိုသိဆိုတော့ နဂိုထဲက အဲ့လောက်ပဲမှန်းထားတာပါ..
ပိုသေချာအောင် အရီးပြောတဲ့ clue လေးကို သတိရပြီး ကောက်လိုက်တော့
ပိုသေချာသွားတာပါ… 🙂 ….နှင်းနှင်းမှာလည်း နှထမ်းပေါ်မှာ ချစ်ရှာမှည့်လေးတွေ
၂ရုံးတောင်…
မောင်ပေ
November 15, 2012 at 11:55 am
ကျုပ်ကတော့ တောအလှူဆိုရင် ငါးခြောက်ကြော် ၊ ကုလားပဲနှပ်နဲ ့ ၊ ပဲတီချဉ်သုပ်
အဲဒါကို ပြေးမြင်မိတာပါပဲ
ကိုပေါက်တို ့အလှူက မြို ့ဆန်တယ်
ကိုပေါက်(မန္တလေး)
November 15, 2012 at 12:21 pm
အမှန်ကတော့ ငါးခြောက်ကြော် ပဲနှပ်လုပ်ဘို့ဘဲ ကိုပေရ
ရွာလူကြီးတွေက
“မယ်ရင် ရေ ညည်းမလဲ တတ်နိုင်နေတာဘဲဟာ
အိုးကြီးချက်လေးတွေ ထည့်ပါဟဲ့”လို့ဆိုတာနဲ့ အစီအစဉ်ပြောင်းသွားတာဗျို့
ကိုပေါက်(မန္တလေး)
November 15, 2012 at 11:57 am
အဲဒီတုံးက ကလေးဆိုတော့ ဘာရမလဲ အိပ်ငိုက်တာပေါ့အေ့
ဒီပို်စ်အရမ်းရှည်သွားမှာစိုးလို ့သိပ်အသေးစိတ်မရေးလိုက်ဘူးကွဲ့
Hnin Hnin
November 15, 2012 at 1:59 pm
လေးပေါက် မနှိပ်စက်ကြောင်း အမှားလာပြင်တာ.. 🙂
ရက်မှားနေတာ..ကိုကြီးပြောမှသိတာ…
တော်တေးတပေါ့..ဟီး..ဆိုင်က ဝက်သားလုံချိုချဉ်နဲ့ လွဲတော့မလို့..
ပုစွန်ထုပ်ဟင်းလည်း စိတ်သွင်းစားပြီးသွားပြီ…
နှင်းနှင်းဦးကြီးကတော့ နှင်းနှင်းတို့ငယ်တုန်းက ကြုံဖူးတာတော့ နှစ်စဉ်သူ့အမေ
နှစ်ပတ်လည် အလှူလုပ်ရင် စပီကာအကျယ်ကြီးဖွင့်ပြီး လာသမျှလူ ကျွေးလေ့ရှိတယ်…
လာသမျှလူကျွေးတဲ့ဟင်းတွေကတော့ ချက်လိုက်၊ကုန်လိုက်ပဲ…
ဘူးသီးတွေဆို နွှာနေရတာ လက်မလည်ဘူး…
တစ်မယ်ဟင်းရယ်၊ ငါးပိကြော်ရယ်၊သရက်ချဉ်သုပ်(သို့)ပဲတီချဉ်သုပ်နဲ့ ကျွေးတယ်…
ခင်ရာမင်ရာနဲ့လူကြီးပိုင်းတော့ အသားဟင်းပွဲတွေ ပါတယ်..
လူကြီးတွေတော့ ဘာမှလုပ်ဘူး…ကလေးတွေကတော့ လက်မှာ တံဆိပ်တုံး ထုပေးထားတယ်..မုန့်ဖိုး ပေးပြီးမပြီး ခွဲထားတာတဲ့…
မိုချို
November 15, 2012 at 12:06 pm
တော် သေး တာပေါ့ ၊ မောင် ရင်လောင်း လေး တွေ ဘာ မှ မဖြစ်လို့ ။
အညာ အလှူ ပွဲ မှာ သွား စား ချင် လိုက်တာ ။
”ကိုရင်တွေကိုဆံချဘို့ မိဘတွေလာကြလို့ခေါ်လိုက်တဲ့
အခါမှာတော့ အလွမ်းဇာတ် က တစ်စခန်းထပါတော့တယ်။”
လေးပေါက် ရေ
ရုပ်ရှင် တွေ ထဲ မိစုံ ဖ စုံ မရှိတဲ့ ရှင်ပြု ပွဲ တွေ ဆို အဲဒီ အခန်း က အကယ် ဒမီ ရှော့ ပဲ ၊ဆံပင်ခံတဲ့ ပုဝါ ဖြူလေး ကိုင်ပြီး အတိတ် ကို ပြန် တွေး ပြီး လွမ်း ကြ ပေါ့ လေ။
အိမ် က အမေ တုန်း က ကြုံ ရတဲ့ အဖြစ် က အဲ လို လွမ်း ဖို့ နေနေ သာသာ မျက် လုံး လေး ကလယ်ကလယ် နဲ့ ရုပ်ရှင် ထဲ က မုဆိုး မ မင်း သမီး တွေ ထက်တောင် သနား ဖို့ ကောင်းသေး။ ကျမ ကတော့ ဒေါ သ တွေ ပေါက်ကွဲ လို့ ။ ပြန်တောင် မတွေး ချင်ဘူး။
ရွာသူ jujuma .
November 15, 2012 at 12:32 pm
လေးပေါက် ထမင်းရုံမှာက လက်မှတ်နဲ့ စားရတာမဟုတ်ဘူးလားဗျ …
ဂျူးမတို့ ရွာမှာဆို လက်မှတ်ကို အနီ၊ အဝါ၊ အစိမ်း လုပ်ပြီး အရောင်နဲ့ ခွဲခေါ်မှ စားခွင့်ရှိတာလေ…
ထမင်းစားရဘို့အရေး ဘယ်အရောင်အရင်ခေါ်မလဲ နားထောင်ရသေးတယ်ဗျာ …
ကလေးတွေ ဆို ကံစမ်းမဲ နှိုက်သလိုပဲ အရမ်းပျော်ဘို့ကောင်းတာ .. :hee:
ကိုပေါက်(မန္တလေး)
November 15, 2012 at 1:25 pm
ဒီက ကာလသားခေါင်းတွေက သူတို့အရပ်ကလူ သူတို့နိုင်တယ်ပြောတာနဲ့
လက်မှတ်မလုပ်ဘဲနဲ့ တန်းစီးပြီး တစ်သုတ်ခြင်းသွင်းတာလေ
Novy
November 15, 2012 at 1:40 pm
လေးပေါက်ရေ..
အလှူထမင်းဝင်စားသွားတယ်နော်
MaMa
November 15, 2012 at 2:30 pm
ကိုပေါက်မှတ်ဉာဏ်ကိုတော့ ဩချရတယ်။
အလှုမြင်ကွင်းကို စုံစုံလင်လင် အကွက်စေ့စေ့ မျက်စေ့ထဲ မြင်ယောင်လာအောင် ရေးနိုင်ပါပေတယ်။ :hee:
candle .
November 15, 2012 at 2:58 pm
တော်ပါသေးရဲ ့မောင်ရင်လောင်းလေးတွေ ဘာမှမဖြစ်တာ..
ဗိုက်ဆာဆာနဲ ့အလှူမှာ အားရပါးရ ဝင်စားသွားတယ်နော်..
ဆက်လက်စောင့်မျှော်နေပါကြောင်း..
စိန်ဗိုက်ဗိုက်
November 15, 2012 at 3:25 pm
ကိုယ်ရင်ဘဝက ဗိုက်ဆာလို ့ ထမင်းခိုးစားတာလေး ပြန်သတိရတယ်..
လစ်တုန်းဆိုတော့ ငါးပိရေနဲ ့ ထမင်းကြမ်းခဲနဲ ့ ခိုးတွယ်ခဲ့တာ….အဟိ..ရဘူး.အူးဗိုက်တို ့က ဆိတ်ကြီးတယ်
ဦးဦးပါလေရာ
November 15, 2012 at 3:44 pm
ပျော်စရာကြီးပါလား ကိုပေါက်ရေ…
ဒီအလူမျိုးတွေ အပြင်က မြင်ဘူး ဝင်စားဘူးပေမယ့်
ကိုပေါက်လို ကိုယ်တို်င်ဇတ်လိုက်အဖြစ်ပါဘူးတာကတော့ တကယ်ကို ကံကောင်းတယ်…။
အရင်ပိုစ့်တုန်းကလဲ ကွန်မင့်ရေးမရလို့ အခုမှ မန့်ရတယ်။
နောက်ပိုင်း အခန်းဆက်တွေ စောင့်နေတယ်ဗျို့…..
ကိုပေါက်(မန္တလေး)
November 15, 2012 at 3:55 pm
အနှစ်လေးဆယ်လောက်နောက်ပြန်ပြေးရတော့ မောတော့ အတော်မောတယ်။
ခလုတ်တို်က်လဲမှာလဲ ပူရသေး ဗျာ
အားလုံးကိုကျေးကျေးပါ
နောက်တစ်ပိုင်းဆက်လာပါဦးမည်
Ma Ei
November 15, 2012 at 4:31 pm
ရှင်ပြု အလှူအကြောင်း ပြန်ရေးထားတာ ပျော်စရာကြီးနော်…
မိတ်ကပ်အဖွေးသားနဲ့ မောင်ရင်လောင်း ကိုပေါက်…
အတော်လှမှာနော်…
ကိုပေါက်(မန္တလေး)
November 15, 2012 at 4:54 pm
တစ်ခါက ဆရာသော်တာဆွေက မောင်ဝဏ္ဏကိုကြည်စယ်ဘူးတဲ့။
“မျောက်မီးဖုတ်ပီး ပြာသုတ်ထားသလိုဘဲတဲ့”
အဲဒါထက်ပိုရင်ပိုမယ် မလျော့လောက်ဘူး။
အညာသား ပိန်မဲမဲ ပါဗျာ(ငယ်ငယ်က)
အခုတော့ မဲမဲ ဝဝတုတ်တုတ် ပုံမလာပန်းမလာ မျက်နှာပေါက်ဆိုးဆိုး လေ။
လူဆိုးမှန်းသိအောင် သွားကျုးိနေတာကို မစိုက်ဘဲ ဖွင့်ထားပါ၏။
uncle gyi
November 15, 2012 at 5:05 pm
ရှင်ပြုပါတယ်ဆိုအဲဒီနတ်ပြတာကြီးကဘယ်သူကများလုပ်သွားတယ်
မသိပါဖူးကိုပေါက်ရယ်သိရင်ပြောပြစမ်းပါအုန်း
ဘုရားလက်ထက်ကအကြောင်းရေးထားတဲ့စာအုပ်တွေဖတ်ရသလောက်
ရှင်ပြုရင်နတ်ပြတာမပါဖူးလားလို့
ကိုပေါက်(မန္တလေး)
November 15, 2012 at 6:00 pm
အန်ကယ်ဂျီးရေ အချို့သော ရိုးရာ ဓလေ့ထုံးစံ ဆိုတာ မှတ်တမ်းမှတ်ရာမရှိဘဲ
လက်ဆင့်ကမ်းလာကြတာပါ.
အထူးသဖြင့်ကျနော်တို့မြန်မာတွေပိုဆိုးပေါ့။
အဲတော့ ဘယ်က စတယ်ဆိုတာ မသိနိုင်ဘူးပေ့ါ။
နောက်တစ်ချက်က ကျနော်တို့ရဲ့ ယုံကြည်ကိုးကွယ်မူ့တွေက အခြားအရာများနဲ့
ရောနှောနေတာလဲအမှန်ပါဘဲ။
အဲတော့ လက်ရှိလူနေမူ့စနစ်ကို မထိခိုက်ဘူးဆိုရင ်နေမြဲ့ ပဲ ရှိပါစေဗျာ။
Mr. MarGa
November 15, 2012 at 7:16 pm
နောက်ထပ်အပိုင်းကို ဆက်မျှော်နေပါတယ်
လေးပေါက် အလှူကို ဖတ်ပြီး ကိုယ်တိုင်ဝင်ပါနေရသလို ခံစားရတယ်
အလှူဟင်းကလဲ စားကောင်းပါ့ဗျာ
လေးပေါက် မှတ်ဉာဏ်ကလဲ ချီးကျူးဖွယ်
ဦးမာဃတို့များ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အလှူကိုတောင် မေ့တေ့တေ့ရယ်
အရီးခင်လတ်
November 16, 2012 at 4:57 am
ကပေါက်ကြီး
အလှူထမင်း ဟင်း စားချင်လိုက်တာ။
အခု ခေတ် မှာရော အဲဒီလိုမျိုး အလှူတွေ ရှိသေးလား။
ကိုရင်တွေ အိမ်ပြန်လိုက်ချင်လို့ ပြိုင်ပြီး ငိုကြတော့မှာ။
ကပေါက်ရော ငိုခဲ့လား။ ဟိ ဟိ။ 😆
ကိုပေါက်(မန္တလေး)
November 16, 2012 at 9:11 am
ကိုလတ်ကြီးရေ
အခုခေတ်တော့ ကိုယ်ကလဲ မန်းလေးမှာအနေများတော့ ဒီလို့အလှူမျိုးမတွေ့တော့ကြာပေါ့။
အလှူတွေကတော့ရှိကြပါတယ်။
ဒါပေမယ် ဒါန်ပေါက်တို့ နတ်သုဒ္ဓါတို့ဘဲကျွေးတာများသလို
ကိုယ်ကလဲ ဟန်စား ဘဲစားပြန်ရတာများပါတယ်။
ဒီလို တိုးတိုးဝှေ့ဝှေ့အလှူလေးတွေကိုတော့ ကြုံခွင့်ရချင်ပါသေးတယ်။