Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

” အာဝေနိက ချစ်ဒုက္ခ”

ဦးေက်ာက္ခဲNovember 23, 20121min162848

“ကိစ္စများမြောင်၊ လူတို့ဘောင်” ဆိုတဲ့အတိုင်း၊ ရှုပ်ထွေးပွေလီလှတဲ့ လူမှုရေး၊ ဆွေရေးမျိုးရေး ကိစ္စတွေကြားက အေးရာအေးကြောင်းနေချင်တဲ့ ဦးကျောက် ကို မိသားစုအရေးက ချမ်းသာမပေးပါဘူး။ ညီမလေးက ကိုယ်ဝန် နေ့စေ့လစေ့ကြီးနဲ့၊ သူ့ရဲ့ သမီးဦးလေး မွေးဖွားချိန်မှာ အစ်ကို နဲ့ အမေကို အနားမှာရှိစေချင်ပါတယ် ဆိုလေတာကြောင့် အသက် ၇ဝအရွယ် အမေအို နဲ့ ဦးကျောက် မီးနေ စောင့်ဖို့ ညီမနေတဲ့အရပ်ကို ခရီးဆန့်ခဲ့ရတာပေါ့ ခင်ဗျာ။

 

ညီမအိမ်ရောက်လို့ ဦးကျောက် တစ်ယောက် ကြော့ကြော့လေး နေရမယ် မထင်ပါနဲ့။ စရောက်ကတည်းက အစားရွေးတဲ့ အမေရယ်၊ ထွေလီကာလီ ခံတွင်းတောင်းလွန်းတဲ့ ကိုယ်ဝန်သည် ညီမရယ် စားဖို့ နေ့နေ့ညည ဖွယ်ဖွယ်ရာရာ ချက်လိုက်ရတာ၊ ခြေမွေးမီးမလောင် လက်မွေးမီးမလောင် တစ်ကိုယ်ရေတစ်ကာယသမား ဦးကျောက် ခမျာ၊ ရှိတဲ့အမွေးတွေ (ဆံပင် ပြောတာ) မီးအပူဟပ်လို့ မျိုးတုံးကုန်မှာတောင် စိုးရသဗျာ။ အဲသည့်လိုညည်းလို့ ဦးကျောက် တစ်ကိုယ်ကောင်းဆန်တယ်လို့ မထင်လိုက်ပါနဲ့။ ပါးစပ်အရသာခံပြီး ပွစိပွစိ သာပြောရတာ၊ သူတို့ စားလို့ကောင်းတယ်ဆို စားဖိုမှူးဦးကျောက်၊ ဈေးရောင်းကောင်းတဲ့ ဈေးသည်လိုပဲ၊ ဖရဏပီတိ ဂွမ်းဆီထိပေါ့။

 

တကယ်တော့ ဦးကျောက်မှာ တွယ်တာစရာဆိုလို့ အမေပြီးရင် နှမ သုံးယောက်ပဲ ရှိတာပါ။ အစ်မအကြီးဆုံးက ဂွတီးဂွကျ အပျိုကြီး ဆရာမ၊ အစ်မလတ်က သမီးနှစ်ယောက်အမေ အိမ်ရှင်မ၊ ညီမက တမြန်နှစ်ကမှ အိမ်ထောင်ကျတဲ့ သမီးလောင်းမိခင်၊ ကျွန်တော်ဦးကျောက် ကတော့ ဘဝခရီးကို တစ်ကိုယ်တည်းလျှှောက်မယ့် လူပြိုလူလွတ်ကြီး ခင်ဗျ။ “လင်ကောင်းက သားကောင်းမဖြစ်၊ သားကောင်းက လင်ကောင်းမဖြစ်” ဆိုတဲ့ပုဒ်မနဲ့ မိသားစုကိုချစ်တဲ့ ဟောသည်ဦးကျောက် ကို ပစ်သွားလိုက်ကြတာ၊ သုမနကျောမှာ ဒဏ်ရာတွေနဲ့ ဆိုသလို၊ ဒီက အသည်းမှာလဲ ခြေရာကြမ်းကြမ်း တွေနဲ့ပေါ့ဗျာ။

 

ရှိပါစေလေ၊ ၁၅၀ဝ မေတ္တာဆိုတာ ပူပြင်းသတဲ့။ ဒီတော့လည်း နှမများအပေါ် ၅၂၈ သွယ်သော မေတ္တာနဲ့ ပုံအောလို့ ဂရုစိုက်ပေမယ့် မျက်နှာကြောတည့်လှတယ်တော့ မဟုတ်ပါဘူး။ ဂဇက်ရွာစကားနဲ့ပြောရရင် ငြင်းခုံချင်း အနုပညာမှာ အနိုင်မခံ အရှုံးမပေး ထဲထဲဝင်ဝင် နစ်မျောကြသူတွေပါ။

 

ဒီလိုခင်ဗျ၊ အစ်မအကြီးဆုံးက ပညာရေးမှာတော့ အတော်ထူးချွန်ပေမယ့် လူမှုရေး၊ မိသားစုအရေးမှာတော့ တော်တော့ကို ချာပါတယ်။ ကုန်ကုန်ပြောရရင် ညီမအငယ်ဆုံးလောက်မှ သုံးမရတာမို့ အကြီးဆုံး (ထိပ်စီး) ဆိုပေမယ့် “ဘိတ်ချေး” ဘွဲ့အပ်ပြီး ဘေးမဲ့ထားရပါတယ်။ သူရဲ အလွန် ကြောက်တတ်သလို၊ အိမ်ထောင်ပြုဖို့ကိုလဲ ဘယ်လိုမှ တိုက်တွန်းလို့မရ၊ ခါးခါးသီးသီး ငြင်းပေမယ့် ဗေဒင် လက္ခဏာ ဆိုရင်တော့လာထား၊ အနယ်နယ်အရပ်ရပ်က နာမည်ကြီး မှန်သမျှ သူမမေးဖူးတာမရှိ၊ နောက်ဆုံး သူကိုယ်တိုင် ဗေဒင် တွက်တတ်သွားတဲ့အထိပါဘဲ။

 

အစ်မလတ်ကတော့ ပုံစံတစ်မျိုး ခင်ဗျ၊ အချက်အပြုတ် ညံ့လှပေမယ့် အိမ်မှုကိစ္စအဝဝ ကတော့ သူမပါလို့ မပြီးပါဘူး။ ဘွဲ့ရပြီးတော့ ဌာနဆိုင်ရာတစ်ခုမှာ အရာရှိတာဝန် ထမ်းဆောင်ခဲ့ဖူးတာမို့ အပြောအဆို ညက်ပါတယ်။ စွာလဲစွာ၊ သတ္တိလဲကောင်းဆိုတော့ အရေးအကြောင်းဆို သူ့ပဲ အားကိုးရတာပါ။ ဒါပေမယ့် သူ့ကို လာရောက်ကြောင်းလမ်းသူ ရှိလာတာမို့ မိဘများက သမီးကညာ အခါမလင့် အိမ်ထောင်ချပေးဖို့ သင့်မသင့် အဝေးရပ်က ဦးကျောက် ကို တိုင်ပင်ပါတယ်။

 

“သားရေ၊ မလတ်ကို ဦးစံရင် သမီး မဆွေ က၊ သူ့ မောင်တစ်ဝမ်းကွဲ ဖိုးထောင် နဲ့ ပေးစားဖို့ လာကြောင်းလမ်းနေတယ်”

“ဟုတ်လား အဖေ၊ ဟို….နွားထိုးကြီးက ကိုဖိုးထောင် မဟုတ်လား၊ ဒီလူ အခု ဘာလုပ်နေလဲ”

“အေးကွ၊ ကျောင်းပြီးထဲက စစ်တပ်ထဲဝင်သွားတာ အခု ဗိုလ်မှူး ဖြစ်နေပြီ”

“ဗျာ..၊ အဖေ…သူကဘယ်တပ်မှာလဲ။ အမြှောက်တပ် ဆိုရင်တော့ ကျွန်တော် သဘောမတူဘူး”

“ဟေ……၊ ဘာဖြစ်လို့လဲကွ”

“အဖေ စဉ်းစားကြည့်၊ နာမည်က ဖိုးထောင်၊ နေရပ်က နွားထိုးကြီး၊ အလုပ်က အမြှောက်တပ်မှာ ဆိုရင်၊ ကျွန်တော် သူငယ်ချင်းတွေကြားထဲ ဘယ်လိုလုပ် မျက်နှာပြရမလဲ၊ အစအနောက် ခံရမှာပေါ့ဗျ”

“မအေပေး……ကြံကြံဖန်ဖန် မင်းမို့ စဉ်းစားတာ၊ ဟား…..ဟား”

 

ဒီလိုနဲ့ မိဘအလိုကျ အာဝါဟဝိဝါဟ ပြုလိုက်ရပါတယ်ဆိုတဲ့ အစ်မလတ် သူ့မင်္ဂလာ တစ်နှစ်ပြည့်မှာ ကိုယ်ဝန်က ၆လ ဖြစ်နေပြီလေ။ ဟမ်းမလေး…..မိဘပေးစားတာမို့သာ၊ သူတို့ချင်း ကြိုက်လို့ယူတာဆို မလွယ်၊ တော်ပါသေးရဲ့ ဟိုဆရာ ဗိုလ်ဖိုးထောင် ကလဲ အမြှောက်တပ်က မဟုတ်လို့သာ။ မလတ် မင်္ဂလာဆောင်တုန်းက အဝေးကိုရောက်နေတဲ့ ဦးကျောက်၊ ကိုယ့်နှမ ငယ်ဖော်ကစားဖက်ကို ခုလို မပေါ့မပါး ကိုယ်ဝန်ကြီးနဲ့ တွေ့လိုက်ရတာ ရင်ထဲမှာ ပုလင်းကွဲရှသလို ခံစားရပါတယ်၊ စပ်ဖျဉ်းဖျဉ်းကြီးဗျာ။

 

အဲသည့်ရက်ထဲ၊ တစ်ညသား တစ်ရေးနိုး ရေဆာလို့ ထအသောက်၊ အိမ်အောက်ထပ်မှာ လမ်းလျှှောက်ရင်း မုန့်စားနေတဲ့ ချစ်ဒုက္ခကြီးနဲ့ မလတ်ကို တွေ့ပြီး သနားလာတာမို့ အဖော်စပ်ပြီး မောင်နှမ နှစ်ယောက် တရုတ်တန်းက ညဖက်ဖွင့်တဲ့ ဆိုင်တွေဖက်ကို ခြေဦး လှည့်ကြတာပေါ့ဗျာ။ တရုတ်တန်းရောက်တော့ သူ စားချင်သမျှ ဆိုင်ပေါက်စေ့ကမှာပြီး ဂရုတစိုက်ကြွေးတဲ့ ဦးကျောက် ကို ဆန်ပြုတ်ဆိုင်ပို်င်ရှင် ပေါက်ဖော်က “ခင်ဗျား မိန်းမကို တော်တော်ကြင်နာတတ်တဲ့ ယောက်ျားပဲ” လို့ ထောပနာပြုပါတယ်။ ဦးကျောက်လည်း တင်းတင်းနဲ့ “ကျွန်တော့် နှမ အရင်းရင်းခေါက်ခေါက်ဗျ” လို့ ပြန်ပြောတော့ ပေါက်ဖော်ခမျာ မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသား နဲ့။

 

မလတ် လည်း ဦးကျောက် အလုပ်ခွင်ပြန်ပြီး လများမကြာခင် သူ့ရဲ့ သမီးဦးလေးကို အမှတ်(၂)စစ်ဆေးရုံမှာ ဖွားမြင်ပါတယ်။ သူ့ခမျာ အသက် ၃ဝကျော်မှ ကိုယ်ဝန်ဆောင်တာမို့ ၂ရက်လောက် ပါဠိလို အာဝေနိက လို့ဆိုတဲ့ သားဖွားခြင်းဝေဒနာ ကို အကြီးအကျယ် ခံစားလိုက်ရပြီး နောက်ဆုံး ဓမ္မတာအတိုင်း မမွေးနိုင်တော့လို့ ဗိုက်ခွဲမွေးလိုက်ရတာပါ။ ဘယ်လောက်တောင် ခံစားလိုက်ရသလည်း မသိဘူး၊ မွေးဖွားပြီး မကြီးနဲ့ညီမလေးက သူ့သမီးလေးကို သွားပြတော့ “အေးပါဟယ်၊ ဒီကလေးကို မြင်တာနဲ့ ဗိုက်နာတာ သွားသတိရပြီး လန့်လွန်းလို့၊ ခဏလောက် ဝေးရာဝေးကြောင်း ထားလိုက်ပါ” လို့ဆိုသတဲ့။ ပြောသာပြောတာပါ၊ အခုတော့ မလတ် လည်း သမီး ၂ယောက်နဲ့၊ ဒါတောင် အသက်ကြီးသွားလို့တဲ့။

 

 

အခု ဒီတစ်ခါကတော့၊ ဦးကျောက် အောက် ၉နှစ်ငယ်တဲ့ ညီမ ပါ ခင်ဗျား။ ညီမ ကို မွေးထဲက ထမင်းခွံ့၊ ချီပိုး ထိန်းကြောင်း လာခဲ့ရပြီး အိမ်ထောင်ကျတဲ့အထိတောင် မျက်စိထဲ၊ ကလေးလို့ အမြင်စွဲနေတဲ့ ဦးကျောက် အဖို့ လေဆိပ်မှာ ဗိုက်ဖုံးအင်္ကျီ တဖါးတဖါးနဲ့ လာကြိုနေတဲ့သူ့ကို တွေ့လိုက်ရတာ အတော် “ဟတ် ထိ” သွားပါတယ်။ ကိုယ်နေတဲ့အရပ်မှာ ရေချိုငါး မရှိလို့ဆိုပြီး အားရပါးရစားလာတဲ့၊ ဥ တဖွေးဖွေးနဲ့ ငါးပုဏ္ဏားတို့၊ ငါးဇင်ရိုင်းတို့ကို ပြေး သတိရမိပြီး တော်တော် “နင်” သွားတာမို့၊ နောက်များ ဥ တွေနဲ့ငါးဆို မစားတော့ပါဘူးလို့ သစ္စာဆိုရမလိုတောင် ဖြစ်သွားပါတယ်။

 

 

ညီမအိမ်ရောက်လို့ အထုပ်အပိုးချ၊ ခရီးပန်းလို့ နားမလားကြံနေတုန်း

 

“ကိုကိုလာမှ သမီးလဲ ဟင်းကောင်းကောင်း စားရတော့မယ်” ဆိုပြီး

 

ပါးချိုင့်နှစ်ဖက် ခွက်အောင်ပြုံး၊ သူစားချင်တဲ့ အစားအသောက်စာရင်း လက်ထဲထည့်ပေးသွားလိုက်တာ၊ ဇာတ်လမ်းအစကဆိုခဲ့သလို ဦးကျောက် လည်း ရှိသမျှအမွေး တုံး၊၊ သူလဲ ဝိတ် အတော် တက်သွားပါတယ်။ “အဟောသုခံ” ကောင်းလေစွ။

 

 

ဒီလိုနဲ့ ပျော်ပျော်ပါးပါး စားချင်တာစားလိုက်၊ ပျော်ပျော်ပါးပါး အလည်အပတ်ထွက်လိုက် နေရင်း ပြီးခဲ့တဲ့တစ်ပတ် ၁၆-၁၁-၁၂ နေ့ မနက်မှာ ညီမလည်း ဗိုက်စနာလာပါတယ်။ နာပေါ့ဗျာ ကိုယ့်ဒေါသနဲ့ကိုယ်၊ အစ်ကို စကားမှ နားမထောင်တာ၊ “အချစ်ရဲ့ဆုလာဘ်များ” ဆိုတာ ဒါပေါ့၊ ဦးကျောက် ကတော့ အေးဆေးပဲ၊ ဗိုက်နာတာ ကူ နာပေးလို့မှမရတာ။ အဲ…ဂဏှာမငြိမ်တာက ညီမ ယောက်ျား၊ ဝမ်းတွင်းရူးထင်ပါရဲ့ ဘုရားစာတွေ ပေါက်ကရဆိုလိုဆို၊ အမွှေးတိုင် ဇောက်ထိုး မီးညှိလို မီးညှိ၊ မယားဗိုက်နာ သူလဲဝမ်းနာ၊ ခဏခဏ အိမ်သာ အဝင်အထွက် လုပ်လွန်းလို့၊ မျက်စေ့နောက်လာတဲ့ ဦးကျောက် လဲ ဒီငနာကို နည်းနည်းဟောက်လိုက်မှ ငြိမ်သွားပါတယ်။

 

 

ဒီကြားထဲ၊ ရန်ကုန်က ပိဋကတ်အိုးကွဲ ဝေဒကချော် ပုရောပဟိတ် အခါတော်ပိတ် မကြီး ကလဲ တစ်မှောင့်ခင်ဗျ။ ဗိုက်နာတာက သောကြာနေ့ဆိုတော့ သားဦးမို့ စနေနေ့ မမွေးဖို့ လှမ်း အခါတော်ပေးလေရဲ့၊ အပျိုကြီးများ ကလေးမွေးချင်တာ အောင့်ထားလို့ ရတယ်များမှတ်နေလား မသိဘူး၊ ခက်ပါ့။ ဒီက ငတုံးလင်မယားကလည်း သူတို့ သားသမီးဆိုတော့ မကြီး ပြောသမျှယုံပြီး မျက်စိပျက် မျက်နှာပျက် နဲ့ပေါ့ဗျာ။ မယ်တော်ကြီး ကလည်း ရှေးရိုးဆန်သူ အယူသီး ဆိုတော့ မွေးဖြင့် မမွေးရသေးဘူး သူပါရောပြီး သွေးပျက်နေတာပေါ့။

 

 

ဦးကျောက် ကတော့ အခြေမရှိအမြစ်မရှိ ဒါမျိုး လုံးဝ အယုံအကြည် မရှိပါဘူး၊ ဘယ့်နှယ့် သတ္တဝါဆိုတာ သူ့ ကုသိုလ်၊ အကုသိုလ် နဲ့လာတာ၊ စနေနေ့ နဲ့ ဘာဆိုင်လို့တုန်း၊ မိခင် နဲ့ ကလေး ကျန်းကျန်းမာမာ မွေးရင် ပြီးရောပေါ့ဗျာ။ အဲဒီတော့ ရန်ကုန် ဖုန်းဆက်၊ အခါတော်ပေး မကြီး နဲ့ စစ်ခင်း၊ ငတုံးလင်မယား နဲ့ မယ်တော်ကြီးကိုလဲ တော်တော်လေး ဟောက်စားလုပ်လိုက်မှ ငြိမ်သွားပါတယ်။ အဲသည့်ဗိုက်ကလည်း စနေနေ့ မနက်ရောက်တော့ သူ မဟုတ်သလိုဘဲ၊ ဆေးရုံရောက်လို့ စမ်းသပ်ကြည့်တော့ ဗိုက်ထဲကသင်းကလေး ဗိုင်းကောင်းကျောက်ဖိ တောင် နေပြလိုက်သေးတယ်။

 

 

ဒါပေမယ့် သားဖွားမီးယပ်ဆရာဝန်ကြီးက မွေးရက်လွန်သွားပြီမို့ သင်းကလေးကို ဆေးထိုးပြီး လူ့ဘုံခန်းဝါကို အရောက်ခေါ်ဖို့ တနင်္ဂနွေနေ့ကို ရက်ချိန်းပေးလိုက်ပါတယ်။ ဆေးရုံ အသွားတုန်းက ပြုံးစေ့စေ့နဲ့ လင်မယားလည်း ဆေးထိုးအပြီး ကမ္မဇထကြွလို့ အာဝေနိက သတ္တိပြတော့ မယားကလည်း အမေ နဲ့အစ်ကို တ ငို၊ လင်ကလည်း ပျာယီးပျာယာ ဘုရားလဲတ ဆရာဝန်လဲတ၊ ယောက်ယက်ကို ခတ်လို့။ ဒီကြားထဲ မယားကို သူ့နာမည်လဲ တ ငိုဖို့ သတိပေးလိုက်သေးတယ်။

 

 

အစကတည်းက ကိုယ့်ညီမကို ငါးပူတင်း ပုံစံနဲ့ မြင်လိုက်ရလို့ ဒီငနာကို အုတ်နီခဲနဲ့ ထုချင်လောက်အောင် တင်းနေတာ၊ ညီမကလည်း အလိုတူအလိုပါဆိုပြီး စိတ်လျှော့ထားပါတယ်ဆိုမှ ဆေးရုံက ကလေးမီးဖွားတဲ့ စာအုပ်တွေဖတ်ပြီး ပေါက်ပေါက်ရှာရှာ နှိုက်နှိုက်ချွတ်ချွတ်တွေ လာမေးတဲ့ မသိနိုးနား ဆိုးရွားလှတဲ့ ဒီငနာကို

 

“အေးကွာ၊ ငါသာ စောစောစီးစီး မင်းနှမနဲ့ အိမ်ထောင်ကျရင် မင်းမေးတာတွေ ဖြေနိုင်လိမ့်မယ်ထင်ပါရဲ့” လို့

 

ဘုတောမှပဲ တိတ်သွားတော့တယ်။ ဘယ့်နှယ့်ဗျာ လူပြိုကို လာမေးရတယ်လို့…………..

ပူပင်သောကများစွာနဲ့ တစ်နေကုန် စောင့်စားနေကြတာ ဒီကအချိန် ည ၉နာရီလောက်ရောက်တော့ ညီမလည်း အာဝေနိက ဝေဒနာက နှိပ်စက်လွန်းလို့ အသံမထွက်ဘဲ မျက်ရည်ပဲ ထွက်နိုင်ပါတော့တယ်။ ဆရာဝန်ကြီးလည်း စမ်းသပ်ပြီး အခြေအနေမဟန်တော့တာမို့ ခွဲစိတ်ခန်းပြင်ပြီး အရေးပေါ် ခွဲမွေးဖို့ ပြင်ရပါတော့တယ်။ ဒီနိုင်ငံဥပဒေအရ မယားကလေးမွေးရင် ခင်ပွန်းပါ ခွဲစိတ်ခန်း ဝင်လို့ရတယ်ဆိုတော့ အနှီငတုံးလဲ အောင်နိုင်သူ အပြုံးနဲ့ ကင်မရာကိုင်ပြီး ခွဲခန်းဝင်ဖို့ လုပ်နေတာမို့ မတော်ရာတွေ ဓာတ်ပုံရိုက်မလာဖို့အရေး၊ ဦးကျောက် လဲ မချိသွားဖြဲ တောင်းပန်ရပါတယ်၊ နှမရှင်ဆိုတာ နာဖက်က ချည်းဘဲ။

အခုတော့ အားလုံးလဲစိတ်ချမ်းသာ၊ မိခင်ရော ကလေးပါ ကျန်းမာစွာနဲ့ ဦးကျောက် ရဲ့ ၃ယောက်မြောက် တူမလေးကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၈နာရီ ၁၅မိနစ်က ဖွားမြင်ပါတယ်။

 

 

ဪ…..နှမလေးက “အာဝေနိက ချစ်ဒုက္ခ” လွန်မြောက်လို့ သာယာနေချိန် ၊ ဟောသည့်အကို “သမုဒယ ဦးကျောက်” ကတော့ မီးဖိုထဲ ကိုယ့်နွားမ…… အဲ….ကိုယ့်နှမလေး နို့ အထွက်တိုးစေဖို့ ငရုတ်ကောင်း ဟင်းခါး ချက်နေရကြောင်းပါ ခင်ဗျား။

 

 

 

 

 

 

 

 

စကားမစပ်၊ သူရို့ သမီးရဲ့ ပထမနာမည်ကို နေ့သင့်နံသင့် ပါဠိနာမည် မှည့်ချင်ပါသတဲ့၊ စွမ်းနိုင်သူများ အကြံပေးကြပါဦး။

 

48 comments

  • ခိုင်ဇာ

    November 23, 2012 at 7:58 am

    ရေးတတ်လိုက်တာ ဦးကျောက်ရယ်။ 🙂
    အဲဒီ ညီမလေးက ဦးကျောက်လို အစ်ကိုမျိုးရထားတာ အတော်ကံကောင်းတာ။
    သုံးယောက်မြောက် တူမလေးရတဲ့ နှမရှင် ဦးကျောက်ကို Congratulations! ပြောရင်တော့ ရမှာပါနော့။ နာတယ်လို့ မတွက်ပါနဲ့။
    :harr: :harr:

  • မိုချို

    November 23, 2012 at 8:49 am

    ၂ ခါ ပြန် ဖတ်ပြီး ၂ ခေါက် လုံး ပါးစပ် စေ့ မရ ဖြစ် ခဲ့ ပါကြောင်း ဦးကျောက် ရေ။ ရေးလဲ ရေး တတ် ပလေ တယ်။
    အစ်ကို လူပြိုကြီး၊ ဦးလေး လူ ပြို ကြီး ရ ထား တဲ့ ညီ မတွေ ၊ တူ မတွေ ကို အား ကျ မိပါကြောင်း လည်း ထပ်လောင်း ပြော ပါရ စေ။ ( ပြို = ဦးကျောက် သုံး ထား သည့် အတိုင်း သုံး ပါသည်)
    အဲ … တနင်္ဂနွေ ကတော့ နေ့ သင့် နံသင့် နာ မည် မှည့် စရာ ရှား သား။ ကိုယ်လည်း အဲဒီဘက် လုံးလုံး မသိတော့ နား လည် တဲ့ သူတွေအကြံ ပေးတာ စောင့် ဖတ် လိုက် အုံး မယ်။

  • blackchaw

    November 23, 2012 at 8:53 am

    မနက်စောစော…
    ဂီဂီ့ စတစ်ကီပို့စ်လေးရဲ့ ကွန်းမန့်တွေကို ဖတ်ပြီး…
    ကိုကျောက် ပို့စ်လေးတွေ့တော့ မိတ်ဆွေကြီး သတိရတာနဲ့
    ဖွင့်ဖတ်လိုက်တယ်ပေါ့ဗျာ…။
    ပို့စ်ကလည်း အရှည်ကြီး…။
    ဒါပေမယ့်…
    ရှောကနဲ…ရှောကနဲ…
    ပေါ့ပေါ့ပါးပါးလေး ဖတ်သွားလိုက်တာ…အဆုံးထိရောက်သွားပါလေရောဗျာ…။
    ဖတ်လို့လည်းကောင်းလိုက်တာဗျာ…။
    နှမလင်နေ မောင်ဖင်ကျိန်း တဲ့…။
    ကိုကျောက်ခဲ ဖင်ကျိန်းခြင်း လို့ ဒီပို့စ်ကို နာမည်ပေးလိုက်ပါတယ်…။
    တူမလေးနာမည်ကိုတော့..
    အိန်ဂျလီနာ ဂျိုလီလို့ သာမှည့်လိုက်ပါ ကိုကျောက်ရေ…။
    လေးစားခင်မင်တဲ့
    ဘလက်ချော…။

  • Foreign Resident

    November 23, 2012 at 8:55 am

    အရေးအသား ကောင်းလိုက်တာ ဦးကျောက်ရယ် ။ Pro လက် ကျနေတာပဲ ။

    နှမတွေ ဦးကျောက်လို လူပျိုကြီး အစ်ကိုတစ်ယောက်ရတာ ကံကောင်းလိုက်တာ ။
    အရမ်း အားကိုးလို့သာ ရေခြား မြေခြား ဩဇီ အထိ လှမ်းခေါ်တာပေါ့ဗျာ ။
    ကျနော်တို့ ညီအစ်ကိုတွေများ Face Book မှာ ဓါတ်ပုံတွေ တက်လာမှ မွေးမှန်းသိတာ ။

    ဒါနှင့် ၊ ဘယ်တော့ ပြန်မလဲဗျ ။

  • Foreign Resident

    November 23, 2012 at 9:00 am

    တစ်ခု ကျန်ခဲ့လို့
    ” နေ့သင့်နံသင့် ပါဠိနာမည် မှည့်ချင်ပါသတဲ့၊ စွမ်းနိုင်သူများ အကြံပေးကြပါဦး ” ဆိုတော့ ၊

    တနင်္ဂနွေဘွား ဆိုတော့ ” အ ” နှင့် စရမယ်ဗျ ။
    အဲဒီတော့ကာ အခု Post လေးရဲ့ ခေါင်းစဉ် ” အာဝေနိက ” လေးလဲ လှသား ၊
    ဒါနှင့် ” အာဋ္ဌာဝက္ခ ” ဆိုရင်ရော ၊ ဘယ်လိုလဲ ။

    ဟီ ဟိ ၊ နောက်ထှာ ၊ စိတ်ဆိုးပါနှင့် ။

  • pooch

    November 23, 2012 at 9:06 am

    နာမည်တော့နားမလည်လို့ အကြံမပေးတတ်ပါဘူး။ ကိုရင်စည်တော့ သိမလားပဲ ။ အန်တီအေး လည်းသိလောက်တယ်။

    အမှန်တော့ မိခင်လောင်းဆိုတာ သချို င်္င်းကို မျက်စောင်း ၃ ခါထိုးပြီးမှ ကလေးကို မွေးကြတာပါ။
    ယောက်ျား ဖောင်စီး မိန်းမမီးနေ လို့တောင် ပြောကြသေးတာ။

    အမေ့သားဖြစ်ရတာကို ဂုဏ်ယူလိုက်ပါ ဦးကျောက် လူတိုင်း လုပ်နိုင်တာမဟုတ်ပါဘူး။

    အနော်လည်း အမေ့သားကို တွေ့ဖူးကြောင်းပါ။ သူက တော့ ၅ နှစ်လောက်ချစ်ခဲ့သူကို လမ်းခွဲခဲ့တယ်။
    တဖက်ကလည်း အမေ့သမီးဆိုတော့ နားလည်ပေမဲ့ လက်မတွဲနိုင်ဖြစ်ခဲ့ရတယ်။ ရေစက်နည်းတယ်လို့ပဲ ဆိုရမယ် ထင်ပါတယ်။

    • ဦး ကျောက်ခဲ

      November 24, 2012 at 8:08 am

      မခိုင်ဇာ ၊ မမိုချို ၊ ကိုကြီးဘလက် ၊ အဘဖေါ ၊ မPooch

      မင်္ဂလာပါ…..ခင်ဗျား

      မခိုင်ဇာ
      ကျေးဇူးတင်ပါတင်ခင်ဗျာ၊ ဒါပေမယ့် ၃ဂိုး ဂိုးမရှိဆိုတော့ နာတယ်ခင်ဗျ…..
      ရုံးချိန်မှာ အေးအေးဆေးဆေး စာဖတ်နိုင်တာတော့ ပိုင်တယ်ဗျာ…

      မမိုချို
      သွားအအေးပတ်ရင် ဦးကျောက် တော့ တရားခံဖြစ်ပြီ…
      ဒီက အသက်ကြီးရင် အားကိုးရမလားလို့ ကြိုရင်းထားတာ၊ အားမကျပါနဲ့ဗျာ

      ကိုကြီးဘလက်
      ကျေးဇူးပါဗျာ….. ဒါပေမယ့် ကိုဖင်ကျိန်း တော့မလုပ်ပါနဲ့
      သားသား ကြောက်ကြောက်… 😀

      အဘဖေါ
      အဘရေ ဒီနေ့ည ပြန်မယ်ခင်ဗျ၊ အဘတို့ ပြည်က ပျင်းစရာကြီး 😀
      အဘ ပေးတဲ့နာမည်လေး ကောင်းသားဘဲ… အိမ်ထောင်ကျလို့ သားလေးမွေးရင် အံကိုက်ပဲ…

      မPooch
      “သား ကောင်း” ဆိုတဲ့ ဂုဏ်တော့ရှိပါရဲ့၊ ဒါပေမယ့် လက်ခါပြသွားတဲ့သူတွေချည်းပဲ…..
      ရေစက်ကလဲ ပျက်နေပြီထင်ပါရဲ့….. 😀

  • surmi

    November 23, 2012 at 9:36 am

    ဪ……..ဦးကျောက် ဦးကျောက်
    ဒီလိုအရေးတွေ တွေးကြောက်ပြီး တစ်ကိုယ်တည်းနေကာမှ
    မရှောင်သာတော ့ ကြုံရပြီကိုးးးးးးး
    ဟဲ ဟဲ အတွေ ့ကြုံကောင်းတွေ လို ့သဘောထားပြီးဆက်ပြီးတော ့သာချက်ပေတော ့ဗျို ့
    ဒါနဲ ့ အတွေ ့ကြုံ လေးပြောဦးမယ်……..ဟင်းခါးလည်း အများကြီးမသောက်စေနဲ ့ဦး
    တော်ကြာ ကလေးမသောက်နိုင်လောက်အောင်ထွက်လွန်းရင်
    မိခင်မှာ အလွန်တင်းကြပ်ပြီး နေမရလို ့ Pump နဲ ့စုပ်ထုပ်ရရင်
    မိအေး သုံးခါနာနေဦးမယ် ……
    ကျနော့ ကလေးမွေးတော ့ ဆေးလိပ်တောင်ပြောင်းပြန်မီးညှိသေးတာဆိုတော ့
    ယောက်ဖတော် ပြာယာခတ်တာ ကျနော ့လိုပဲထင်တယ် ဟဲဟဲ
    တစ်နေ ့လုံးတော ့တွေးပြီးပြုံးနေမိဦးမှာ ………
    ကဲ ကဲ သူများအရေးလုပ်ရင် းကိုယ် ့အတွက်ပါကျန်အောင်
    နောက်နှစ်အတွင်းမှာပဲ လက်ထောက်ဦးစီးမှူးရှာတော ့ဗျာ…….
    ဒါမှ မီးလောင်သွားတဲ့ အမွှေးတွေ ပြန်ပေါက်လာမှာ …..
    :hee:

  • kyeemite

    November 23, 2012 at 9:55 am

    ကိုကျောက်ခဲရေ…ခုမှပဲ စာဖတ်ရတာ အရသာတွေ့ပေတော့တယ်…
    မိသားစုဘဝလေး ပေါ်အောင် အသောလေးတွေနဲ့ ရေးသွားလိုက်တာ
    မျက်စိထဲပါ ရုပ်ရှင်ကြည့်နေရသလိုမြင်လာပါတယ်ဗျာ….
    ဇကားမစတ်…ကိုကျောက်လည်းလက်မရှော့ပါနဲ့အုံးလေ…
    အချိန်ရှိပါသေးတယ်…ဟဲ..ဟဲ
    “သူရို့ သမီးရဲ့ ပထမနာမည်ကို နေ့သင့်နံသင့် ပါဠိနာမည် မှည့်ချင်ပါသတဲ့၊ စွမ်းနိုင်သူများ အကြံပေးကြပါဦး။”….
    နာမည်နဲ့ပါတ်သက်လို့တော့ တွက်ချက်ကြည့်လိုက်အုံးမယ်ဗျာ…. ပြန်လာခဲ့မယ်။
    ခင်တဲ့.. :harr: :528:

  • koyinmaung

    November 23, 2012 at 10:02 am

    ဦးကျောက်တို့ကတော့ အရေးအသားကောင်းလိုက်ပုံများ
    နှစ်မငယ်လေးမီးဖွားတုန်း မီးနေစောင့် အကြောင်းရေးချက်က
    ဖတ်ရသူတွေအတွက် မပြုံးဘဲမနေနိုင်အောင်ပါဘဲ…
    တတိယမြောက် တူမလေးအတွက်အမှတ်တရပို့စ်
    တူမလေးအတွက်အမှတ်တရလေးဖြစ်သွားတာပေါ့…..

  • jullies cezer

    November 23, 2012 at 10:21 am

    ဦးကျောက်လို အစ်ကို မျိုးက ရှာမှာရှားပဲဗျို့ ဦးကျောက် ညီမလေးကံကောင်းလိုက်တာ
    နာမည်ပေး ဆိုရင်တော့ လောလောဆယ် ရန်ကုန်မှာ စံဇာဏီဘိုကို အကြိုက်များကြတယ်
    ပေးလိုက်မယ်လေ အင်ဒီယာနာဂျုံးလို့ 🙂 မှားလို့ အဲဒါဇာတ်ကားနာမည် စတာ ……

  • လုံမလေးမွန်မွန်

    November 23, 2012 at 10:35 am

    လေးကျောက်ရယ်…
    ဒီရက်ပိုင်း MD က တင်းကျပ်နေလို့ ရုပ်တည်နဲ့နေပါတယ်ဆိုမှ လေးကျောက်ရဲ့စာကိုဖတ်ပြီး တခွိခွိနဲ့ မျက်နှာကြီးဖြီးနေလို့ အတင်းကို မျက်နှာပိုးသတ်နေရတယ်… :mrgreen:

    လေးကျောက်ရဲ့စာတွေက တစ်ပုဒ်ဆိုဆိုသလောက် အရေးအသားကောင်းကောင်းနဲ့ ရသတွေအပြည့်ပဲ…
    ကင်မလာကိုင်ပြီး မွေးခန်းထဲဝင်သွားတဲ့ ယောက်ဖကိုတော့ လေးစားပါတယ်လို့… 🙂

    ဒါနဲ့ လေးကျောက်က တူမများရဲ့ ဦးလေးဆိုတော့…ရွာထဲက လူပျိုတွေကို သတိထားလေးကျောက်ရေ…တော်ကြာ စောင့်မယ် ပြောနေမှဖြင့်.. :kwi:

    • ဦး ကျောက်ခဲ

      November 24, 2012 at 8:11 am

      ကိုရင်ဆာမိ ၊ အကိုကြီးမိုက် ၊ ကိုရင်မောင် ၊ jullies cezer ၊ မွန်မွန်

      မင်္ဂလာပါ…..ခင်ဗျား

      ကိုရင်ဆာမိ
      ဟဲ..ဟဲ၊ ကိုရင်က ဆေးလိပ်ပြောင်းပြန်မီးညှိတဲ့ ဂိုဏ်းထဲ သွင်းချင်နေတာကိုး…..
      မလုပ်ပါနဲ့ဗျာ…. လက်ထောက်ဦးစီးမှူးရမှ လက်ကျန် ခေါင်းမွေးလေးပါ ကုန်သွားမှဖြင့်…..

      အကိုကြီးမိုက်
      အဟီး၊ ဦးကျော်ဟိန်း တို့လို “မီးငယ်လေး” ကြွေစေတဲ့ ရူပကာမရှိတော့
      နှမလက်လျော့ နေပေဦးရပေါ့ ခင်ဗျ….

      ကိုရင်မောင်
      အကိုရေ အမှတ်တမဲ့ ရော၊ အမှတ်တရ ရော၊ အများကြီးထဲမှာ…..
      ဒါပေမယ့် ဒီတခါတော့ စပ်ဖျဉ်းဖျဉ်းကြီးဗျ…..

      jullies cezer
      ညီမလေးက ကံကောင်းတယ်ဆိုတော့၊ ဦးကျောက် က……. အဟင့်
      ဒီက ဘကြီးနာမည် အစွဲပြုပြီး “အင် ဒီဟာနာ ကျောက်” လို့ပေးရင် ကောင်းမလား

      မွန်မွန်
      ကြည့်လုပ်ပါ တူမရယ်၊ MD က သူငယ်နာမစင်ဘူး ထင်သွားဦးမယ်… 🙂
      ဟုတ်ပါ့၊ ရွာထဲက ဆရာများကို ချမ်းသာပေးဖို့၊ တောင်းပန်ရဦးမယ်……

  • ခင်ခ

    November 23, 2012 at 10:39 am

    ( ဦးကျောက် ကတော့ အခြေမရှိအမြစ်မရှိ ဒါမျိုး လုံးဝ အယုံအကြည် မရှိပါဘူး၊ ဘယ့်နှယ့် သတ္တဝါဆိုတာ သူ့ ကုသိုလ်၊ အကုသိုလ် နဲ့လာတာ၊ စနေနေ့ နဲ့ ဘာဆိုင်လို့တုန်း၊ မိခင် နဲ့ ကလေး ကျန်းကျန်းမာမာ မွေးရင် ပြီးရောပေါ့ဗျာ။ ) အပေါ်ကပိုစ့် စာပိုဒ်ထဲမှာရေးခဲ့တာလေးပါ။
    ( စကားမစပ်၊ သူရို့ သမီးရဲ့ ပထမနာမည်ကို နေ့သင့်နံသင့် ပါဠိနာမည် မှည့်ချင်ပါသတဲ့၊ စွမ်းနိုင်သူများ အကြံပေးကြပါဦး။ ) ပိုစ့်အဆုံးမှာ ရေးပြန်တာလေ။
    ဦးကျောက်ရေ အဲဒီနှစ်ခုဖတ်ပြီးတွေးမိတယ် နေ့ သင့်နံသင့် မှည့်ဖို့လို လို့လား အမည်တစ်ခုပေးရင် ရတာဘဲလေ၊ ဦးကျောက်က အယုံအကြည်မှ မရှိတာလေ ဟုတ်ဘူးလား။

    ပိုစ့်အရေးအသား အဖွဲ့အနွဲ့ကိုတော့ ချီးကျူးမိပါတယ် ဦးကျောက်ရယ်။

  • ရွာသူ jujuma .

    November 23, 2012 at 10:42 am

    ” ဒီကြားထဲ မယားကို သူ့နာမည်လဲ တ ငိုဖို့ သတိပေးလိုက်သေးတယ်။” :kwi: :kwi:
    ရယ်လိုက်ရတာဗျာ … အရေးအသားကောင်းလိုက်တာ ဦးကျောက် ရယ် ..

  • မောင်ဘလိူင်

    November 23, 2012 at 10:43 am

    ဦးကျောက် ပို့စ် တွေ အကုန်လုံး ဖတ်ဖြစ်တယ်…
    အရေးအသားဖြင့် အတော်ကောင်းသကိုး ခင်ဗျ..။
    ကျုပ်တော့ နှမ တစ်ယောက်ကို ဦးကျောက်လောက်
    ဂရုမစိုက်နိုင်ပေါင် ခင်ဗျာ..။ ဦးကျောက်တူမလေး
    နာမည်ပေးဖို့ကတော့ “အမရာ ကျောက်” အဲ..
    “အမ္ဗပါလီ” ကောင်းသေးဘူး.. “အိန္ဒြာကျောက်ခဲ” ဆိုရင်ကော..
    “ဧရာဝတီ ကျောက်ခဲ” ဗျာ..ကိုင်း..ကြိုက်ရောပေါ့။
    “အဉ္ဖလီ ကျောက်ခဲ” တို့ “ဥက္ကာခဲ” တို့ ကျန်သေးတာ။

  • Khaing Khaing

    November 23, 2012 at 11:02 am

    တနင်္ဂနွေနေ့ဖွားတာဆိုတော့ အထွန်းပေ့ါ ….. နံပါတ်ပေးနည်းကတော့ လေးမိုက်ကပြန်ရှင်းပြမယ်တဲ့ …. ဖြစ်နိုင်ရင် နံမည်ကို ပေါင်းခြင်း (၉) ဖြစ်အောင် မပေးမိပါစေနဲ့ ….. ပေါင်းခြင်း (၉) ရတဲ့သူက ထက်မြက်ပေမယ့် အမြဲတမ်း အတိုက်အခိုက်တွေနဲ့ရင်ဆိုင်ရ တတ်တယ် ….. အတိုက်အခိုက်ရှိမှ အောင်မြင်တယ်ဆိုပေမယ့် ညီမကတော့ မကြိုက်ဘူး … နေရာတိုင်း မှာ စိတ်ပင်ပန်းရတယ် … အတိုက်အခိုက်ကြားမှာလည်း အောင်မြင်မှု အမြဲရတတ်ပါတယ် ………. နံမည်ကို တကယ်လိုချင်တယ်ဆို ညီမ gtalk ကိုဆက်သွယ်လိုက်ပါ ….. ကလေးနံမည်ပေးတယ်ဆိုတာ အမွေပေးသလိုပါပဲ … နံမည်ကြောင့် ကျော်ကြားသလို နံမည်ကြောင့် မကျော်ကြားမအောင်မြင်သူတွေ ကျန်းမာရေးမကောင်းတာတွေကြုံရတတ်ပါတယ် …….

  • lynnsatyar

    November 23, 2012 at 11:07 am

    မင်းလူရဲ့ ဝတ္ထုကို ဖတ်နေရတဲ့ အတိုင်းပဲ…။ အရမ်းကို ဖတ်လို့ကောင်းပါတယ်..။

    • ဦး ကျောက်ခဲ

      November 24, 2012 at 8:33 am

      အကိုခင်ခ ၊ ရွာသူ jujuma ၊ ကိုဘလှိုင် ၊ မခိုင်ခိုင် ၊ lynnsatyar

      မင်္ဂလာပါ…..ခင်ဗျား

      အကိုခင်ခ
      အကိုရေ….. ဆိုခဲ့တဲ့အတိုင်း၊ မောင်ကျောက် ကတော့ အယူမရှိပါဘူး…
      နာမည်ဆိုတာ “ပညတ်” လေ… ဟုတ်တယ်ဟုတ်၊ ဒါပေမယ့်…..
      ကိုယ်ပိုင်ပစ္စည်း မဟုတ်တော့၊ ခလေးမိဘများ အလိုအတိုင်း…… 🙂

      ရွာသူ jujuma
      တူမရယ် အဲသည့် “အူလူး” အကြောင်းတော့ မပြောပါနဲ့…..
      အိန္ဒြေ မရလွန်းလို့ ……..

      ကိုဘလှိုင်
      ကျေးဇူးတင်ပါတယ် ခင်ဗျာ….
      အဟဲ… နဂိုကမှ မစွံရတဲ့အထဲ “အဉ္ဖလီ ကျောက်ခဲ” တော့ မလုပ်လိုက်ပါနဲ့

      မခိုင်ခိုင်
      သေသေချာချာ ရှင်းပြတာ ကျေးဇူးပါ ညီမရယ်…..
      ခလေးမိဘများကို ရှင်းပြလိုက်ပါ့မယ်…
      ကျန်းမာရေး ဂရုစိုက်နော်….. ညည်းလဲ နီးလာပြီမဟုတ်လား 😀

      lynnsatyar
      ကျေးဇူးတင်ပါတယ် ခင်ဗျာ….
      ဦးကျောက် က စိတ်ထဲရှိတာ ရေးတာပါ…..

  • Novy

    November 23, 2012 at 11:12 am

    ” နေ့သင့်နံသင့် ပါဠိနာမည် မှည့်ချင်ပါသတဲ့၊ စွမ်းနိုင်သူများ အကြံပေးကြပါဦး ”
    ပေးကြည့်တာနော်

    ဧကံဦး
    ဥဿာခင်
    အိန္ဒြေဦး

  • Moe Z

    November 23, 2012 at 11:30 am

    ရယ်လိုက်ရတာအူးကျောက်ရယ် ဗိုက်တောင်အောင့်လာပြီ
    အဲလိုအကိုမျိုးတော့ လိုချင်သား
    ရထားတဲ့အကိုကတော့ သူကဦးအောင်ပုံတူပွားပလိုက်လို့
    ယောင်းမတော်ကိုပါ လိုက်ပြုစုလိုက်ရသေး 🙁
    ဒါနဲ့ ဆန်ပြုတ်ရောင်းတဲ့ပေါက်ဖော်ကတော်တော် အလိုက်ကန်းဆိုးမသိတာပဲနော်
    အူးကျောက် နောက်ဆိုသူ့ဆိုင်မှာ ဝယ်မစားနဲ့တော့ :mrgreen:

  • Nyo Win

    November 23, 2012 at 11:51 am

    ကောင်းလိုက်တဲ့အရေးအသားဗျာ…..။ဒီရွာထဲဝင်လည်နေရတာနဲ့စာအုပ်ဆိုင်တွေတော့ငတ်ကုန်အုံးတော့မှာပဲ…း)

  • sealion

    November 23, 2012 at 12:07 pm

    လင်ကောင်းက သားကောင်းမဖြစ်၊ သားကောင်းက လင်ကောင်းမဖြစ်” အဲဒါလေး က သိပ်မိုက်တယ် အမှန်ပါဘဲနော ့

  • Shwe Ei

    November 23, 2012 at 12:38 pm

    တူမလေးတွေကို စောင့်ရှောက်ရင်း
    အေးအေးချမ်းချမ်းနေပါတော့ အန်ကယ်ကျောက်ရယ်။
    သများတို့ဆို အိမ်က အန်တီအပျိုရီးတွေကို ချစ်မှချစ်။ :mrgreen:

    • ဦး ကျောက်ခဲ

      November 24, 2012 at 9:29 am

      မနိုဗီ ၊ မမိုးစက် ၊ ကိုညိုဝင်း ၊ sealion ၊ မရွှေအိ

      မင်္ဂလာပါ…..ခင်ဗျား

      မနိုဗီ
      ကျေးဇူးပါ ခင်ဗျာ

      မမိုးစက်
      လက်ဦးမှု ရယူတယ်ဆိုတာ ဒါမျိုးပေါ့…..
      ပေါက်ဖေါ် အပြစ်တော့ မဟုတ်ပါဘူးလေ၊ ဦးကျောက် က မဲ၊ မလတ်က ဖြူတာကိုး……

      ကိုညိုဝင်း
      ဂဇတ် ရွာမှ ကြိုဆိုပါ၏……
      ခင်ဗျားရဲ့ ပထမဦးဆုံး ကွန်မန့် အတွက် ကျေးဇူးပါ….. 🙂

      sealion
      ဆရာ….. ကိုယ်တွေ့ခင်ဗျ
      သူရို့များ အပြစ်ရှာခြင်ရင် ဘယ်လိုမှကို မလွတ်…… 😀

      မရွှေအိ
      အဟမ့်….. သူတို့ကိုချည်းပဲ စောင့်ရှောက်ရမယ်ဆိုရင်တော့ မတရားသေးပါဘူးအေ….
      တခြား စောင့်ရှောက်ရမည့်သူလဲ ရှာဦးမှ…… အဟိ

  • နွယ်ပင်

    November 23, 2012 at 12:42 pm

    ဒီရက်ပိုင်းလေး အလုပ်များလို့ ရွာထဲ 0င်မလည်ဖြစ်တာကြာပြီ
    အချိန်လေး နည်းနည်းရလို့ ပထမဦးဆုံး 0င်လည်ဖြစ်တာက ဦးကျောက်ရဲ့ အိမ်ဖြစ်နေတယ်
    အလုပ်လုပ်လို့ ပင်ပန်းတာတွေ ပျောက်အောင်ပဲ အရေးအသားက ကောင်းလိုက်တာ ဦးကျောက်ရယ်
    ပါးစပ်တောင် မစေ့နိုင်တဲ့ အထိပဲ …
    သုံးယောက်မြောက် တူမလေးရတဲ့ ဦးကျောက်ကို Congratulations ပါလို့ ….

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 23, 2012 at 1:10 pm

    ဒီပို့စ်ကို ဖတ်ပြီးတော့ ကျွန်တော်တို့ရွာထဲက ခင်မင်ရင်းနီးကြတဲ့သူတွေအချင်းချင်း လူပျိုကြီးများဖြစ်ရင်… လူပိုကြီးလို့စနောက်ပြီးခေါ်ကြတယ်…

    ဒီပိုစ့်ကိုကြည့်ခြင်းအားဖြင့်… အစ်ကိုကြီးကျောက်က လူပျိုကြီးပေမယ့် လူပိုကြီးမဖြစ်ခဲ့ဘူးဆိုတာ
    သက်သေထူနေပါတယ်…
    ဘာပဲဖြစ်ဖြစ် ဦးကျောက်ရေ… ကိုယ်မစွမ်းပေမယ့် စမ်းကြတဲ့သူတွေကြောင့် ဦးလေးတော့ဖြစ်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်ဗျာ… ဟိဟိ

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • juu juu

    November 23, 2012 at 1:25 pm

    အော် ဦးကျောက်ရယ် ဖြစ်မှဖြစ်ရလေ ……

  • MaMa

    November 23, 2012 at 3:02 pm

    သိသလောက်တော့ နှမတွေကြားထဲမှာ မောင် တစ်ယောက်တည်းဆိုရင် မိဘက အလိုလိုက်၊ နှမတွေက အလိုလိုက်နဲ့ အင်မတန်ဆိုးတတ်ကြတာကလား။
    မောင်ကျောက်ခဲကတော့………..
    ဇော်ဝမ်းရဲ့ လမ်းခင်းတဲ့ကျောက်ခဲလို မိသားစုဘဝ အေးချမ်းဖို့ အနင်းခံနေတယ်ဆိုတော့ အဖိုးနည်း ဝန်ပါ လိမ္မာလိုက်တာနော်………..
    :hee:

  • Ma Ei

    November 23, 2012 at 3:36 pm

    ညီမ မီးနေစောင့်လာရတာ ဒီလို စာကောင်းတစ်ပုဒ် ဖတ်ရပြီမို့….
    နောက်ထပ် စာကောင်းလေးတွေ နောက်ထပ်အခါခါ ဖတ်ရဖို့အရေး…
    …သမုဒယ ဦးကျောက်ခဲရေ…
    ဘယ်လိုဆုတောင်း ပေးရပါ့မလဲနော်…

    • ဦး ကျောက်ခဲ

      November 24, 2012 at 10:10 am

      နွယ်ပင် ၊ ကိုကြောင်ဝတုတ် ၊ ဂျုဂျူး ၊ မမ ၊ မအိ

      မင်္ဂလာပါ…..ခင်ဗျား

      နွယ်ပင်
      ကျေးဇူးပါပဲ တူမရေ…..
      အဟမ်း…..တူမတို့လဲ နောက်မကျပါစေလိုကြောင်း……..

      ကိုကြောင်ဝတုတ်
      လူပို မဖြစ်တာတော့ ဟုတ်တာပေါ့ဗျာ…..
      ဒါပေမယ့် စွမ်းတဲ့မောင်တွေက ကျုပ်ကို ဒုက္ခပေးကြတာဗျ…..

      ဂျုဂျူး
      သမုဒယ ဆိုတော့လဲ မတတ်နိူင်ဘူး….
      ဝဋ်ပါတယ်ထင်ပါ့ တူမရေ….

      သတ်ပုံ မမ
      ငယ်ငယ်ကတော့ ဦးကျောက်လဲဆိုးပါတယ်…
      ခုတော့လဲ အတိုးရော အရင်းရော ပြန်ဆပ်ရတာပေါ့ဗျာ…….

      မအိ
      ဟမ်မလေး မအိ…
      ကျေးဇူးပြုပြီး ဆုတောင်းလေးတော့ မမှားလိုက်ပါနဲ့….

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 23, 2012 at 4:09 pm

    ( ကိုယ့်နှမလေး နို့ အထွက်တိုးစေဖို့ ငရုတ်ကောင်း ဟင်းခါး ချက်နေရကြောင်းပါ ခင်ဗျား )
    စာချိုးလေးတစ်ခုကြားဘူးတယ် မမှတ်မိဘူးဖြစ်နေတယ် :mrgreen:
    မီးနေသည်အတွက် ဓာတ်စာလို့ပြောနိုင်မလားဘဲ
    နောက်ဆုံးမှာ
    သူ့လင်စို့တောင်မကုန် ဘူးလားဘာလားမသိ
    ဆိုလိုတာက အဲ့သည် ဟင်းခါးကိုချက်ကြွေးလိုက်ရင် နို့ထွက်သမ
    ကလေးတင်မဟုတ် ကလေးဖေဖေဂျီးပါ စို့လို့ကုန်ဘူးဒဲ့ဗျ
    ကိုဒေါ်ကျောက်ခဲ အဲ့သည်ဟင်းချက်နည်းလေးရှာပြီး ကိုယ့်ညီမလေးကိုချက်ကြွေးလိုက်ဘာလား
    အုပ်နီခဲနဲ့ထုခြင်စရာ ရွှေယောက္ဖကြီးလည်း အဆင်ပြေတာပေါ့ ဟုတ်ဘူးလား
    သူ့နေရာကနေကိုယ်ခြင်းတော့စာမိသား
    ဘာတဲ့
    နှမလင်နေ မောင် ဘာဖြစ်ဆိုလား
    တော်တော်ကောင်းတဲ့ယောက္ဖကြီးဘဲ
    ကျုပ်ဂျီးဒေါ်ဂျီးတစ်ယောက်ရှိတယ် စိတ်ဝင်စားရင်ပြောဗျာ

    • pooch

      November 23, 2012 at 4:55 pm

      ဘပုပြောတာ နွားမြီးကို ဟင်းချိုချက်သောက်တာကို ပြောချင်တာထင်တယ် သူများတွေချက်သောက်တာမြင်ဖူးတယ် စာချိုးးကတော့ မေ့နေပြီ 😀

  • nozomi

    November 23, 2012 at 4:38 pm

    စာရေးကောင်းမှန် အားလုံး သိပြီးသား လူ ကို
    စာရေးကောင်းလိုက်တာလို့ ချီးကျူးရမှာ အားနာပေမဲ့
    တကယ်ကောင်းတဲ့ အကြောင်းလေးတော့ ပြောပါရစေ
    ဖတ်ရတာ ရှော ကနဲ ရှောကနဲ နေတာပဲ

    အဲဒီ ဒုက္ခကလဲ မသေးဘူး ဗျ
    အချိန်တန်လို့ မိခင် ရော ကလေးပါ ကျန်းမာတယ် အင်္ဂါစုံတယ် ဆိုမှ ဟင်းချ နိုင်ရတာ

  • Hnin Hnin

    November 23, 2012 at 5:16 pm

    အရေးအသားကလည်း ကောင်းလိုက်တာ..ရယ်နေရတယ်..
    တိတ်တိတ်လေးဖတ်နေတဲ့သူတွေတောင် ဝင်မန့်လို့…

    ညီမအပေါ် အနွံတာခံ၊ချစ်လိုက်တဲ့ အစ်ကို… အားကျလိုက်တာ…
    အိမ်က အစ်ကိုတွေများ ‘နတ်ဘုရား’ တွေလိုပဲ….ပူဇော်ပသနေရတာ…
    သူတို့ကိုပါ အတွေးထဲ ဦးကျောက်လို ‘ အိမ်သူကြီးဘွ ‘ သွတ်သွင်းပစ်လိုက်ချင်ပါရဲ့
    (မဖတ်မိပါစေနဲ့ :mrgreen: )

    အမွေးပေါက်ဆေးအတွက်(ဆံပင် ပြောတာ) ညွှန်းရရင်တော့ ဒီမှာ ခေတ်စားနေတဲ့
    ‘ 101 ဆံပင်ပေါက်ဆေး ‘ သာ လှမ်းမှာသုံးလိုက်ပါ…အမွေး မပေါက်တော့ရင်လည်း
    ဘုန်းကြီးဝတ်နဲ့ပဲ အရိုးထုတ်လိုက်ပါတော့ … :kwi:

  • Tin Tin

    November 23, 2012 at 5:52 pm

    ကိုကျောက်ရဲ့ posts တွေကတော့ အကုန်ကောင်းနေတာဘဲ… ညီမလေးနဲ့ သမီးလေး ကျန်းကျန်းမာမာရှိလို့ ဝမ်းသာကြောင်းပါရှင်… ဒီလိုအကိုမျိုးရတာကံကောင်းတာဘဲ…

  • Green Rose

    November 23, 2012 at 6:54 pm

    ဦးကျောက်ခဲရေ
    အရေးအသားကောင်းကြောင်း၊ အကြောင်းအရာလေး နှစ်သက်စရာကောင်းကြောင်းပြောရင် ဘုန်းကြီးကို စာချနေသလိုများ ဖြစ်နေမလားမသိဘူး။
    ဒါပေမယ့် ဦးကျောက်ခဲရဲ့ ပို့စ်ကိုဖတ်ရင်းက ရင်ထဲကလာတဲ့စကားလုံးတွေကို သွန်ချထားမှန်း ခံစားလို့ရနေတယ်။
    ရွာထဲက အမျိုးသားတွေကတော့ ဒီပို့စ်ကိုဖတ်ပြီးရင် ရှိတဲ့ အစ်မတွေ၊ ညီမတွေအကုန်လုံးကို ဘယ်နားသွားသိမ်းထားရင်ကောင်းမလဲလို့ ပူပင်နေကြလောက်ပြီ.. :harr:
    ငယ်ငယ်ကတည်းက အစ်ကိုငတ်ခဲ့တဲ့သူမို့၊ ဒီပို့စ်ကိုဖတ်ရင်း ပိုငတ်မိပေါ့..

    လေးစားလျှက်
    (Green Rose)

    • ဦး ကျောက်ခဲ

      November 24, 2012 at 3:31 pm

      ကိုအောင်ပု ၊ ကိုနို ၊ မနှင်းနှင်း ၊ မတင်တင် ၊ Green Rose

      မင်္ဂလာပါ…..ခင်ဗျား

      ကိုအောင်ပု
      ဂျီးတော်ကြီးတော့ မလုပ်ပါနဲ့ဗျာ…
      ဟင်းနည်းကတော့ သိပါ့ဗျား..
      နွားမြီးကို ဆားနယ် မီးမြိုက် ပြီးပြုတ်၊ ငရုပ်ကောင်းလေးခပ်….
      စာချိုးတော့ မမှတ်မိတော့ဘူး pooch ရေ

      ကိုနို ရေ
      ဟုတ်ပါ့ဗျာ၊ မွေးရတဲ့သူလဲ မသက်သာ…
      အပြင်က ပူပင်ရတဲ့သူလဲ မသက်သာ……

      မနှင်းနှင်း
      အကိုတွေကို တိုင်ပြောလိုက်မှာနော်….
      ဆံပင်မပေါက်ရင် ဦးထုပ်ဆောင်းပလိုက်မယ်၊
      ဘုန်းကြီးတော့ မဝတ်နိုင်ပေါင်၊ တော်ကြာ အာပတ် ခဏခဏ ဖြည်နေရဦးမယ်

      မတင်တင်
      မငယ်ရေ ကျေးဇူးပါခင်ဗျာ့
      ဦးကျောက် လဲ အခုမှသက်ပြင်းချနိုင်တာ……

      Green Rose
      တူမရေ…… အကို/မောင် တစ်ယောက်ရဲ့ ခံစားချက်ဆိုတာ..
      ဖွင့်မပြောကြပေမယ့် အတူတူပဲ ရှိကြပါလိမ့်မယ်…….

  • အလင်းဆက်

    November 23, 2012 at 7:12 pm

    သားကတော့…
    ပါဠ်ိ နာမည်..မမှည့်တတ်ပေါင် ။

    ကိုယ့်နာမည် လေး.အလင်းဆက်တောင်…
    မနည်း..စဉ်းစားပြီး.မှည့်ခဲ့ရထှာ..။

    🙂

  • အရီးခင်လတ်

    November 23, 2012 at 8:10 pm

    ကိုကျောက်ရေ ကိုကျောက်ရဲ့
    မျက်စိထဲ ဓာတ်ရှင် ကြည့်ရသလို ကို မြင်ရအောင် ကို အရေးအဖွဲ့ ကောင်းလှချီလားကွဲ့။
    ဥပမာ – { ကလေးမီးဖွားတဲ့ စာအုပ်တွေဖတ်ပြီး ပေါက်ပေါက်ရှာရှာ နှိုက်နှိုက်ချွတ်ချွတ်တွေ လာမေးတဲ့ မသိနိုးနား ဆိုးရွားလှတဲ့ ဒီငနာ} နဲ့ သူ့ရဲ့ ချစ်သော ယောက်ဖကြီး ရဲ့ မျက်နှာ ကို မြင်မိပါတယ်။
    ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင် ကို ရှင့်နေရာမှာ ထားလို့ ပေါ့။

    ဒီ လို စာအရေးကောင်း တာကြောင့် သူများ တွေ အတွက် ရေးဇားဆာ လေးများ အငှါးလိုက် ရေးပေးရင်း မစွံတာဖြစ်ရမယ်။
    ဖတ်ပြီး ရီ ရင်း နောက်ဆက်တွဲ ဇာတ်လမ်းလေးတွေ၊ ကလေးထငိုတာကို ဘကြီး က ထချီ ပေးရတာလိုမျိုး ပေါ့။
    အင်မတန် သဲသဲလှုပ် နေမဲ့ ဖခင် အသစ် လေး ကိုလဲ အမြင်ကတ်ပြီး နားရင်းအုပ်မိ ရင်လဲ ဖုံးမထားနဲ့ နော်။
    (သူများရဲ့ ပရိုက်ဗိတ် တက်စီ ကို အများပိုင် ထရန်စပို့ လုပ်ပေးဖို့ တောင်း ဆို တာမျိုး ဖြစ်နေမလား။ ဟိဟိ။
    သများလဲ လွတ်သွားတဲ့ ပွဲလေးတွေ အတွက် ခေတ်မှီအောင် ပါ။) 😉

    အတည် တစ်ခု ကို တကဲ့ အတည်ပြောချင်ပါတယ်။
    ကျေးဇူးပြုပြီး တကယ်ကြီးစဉ်းစားပါ။
    ကလေး ကို မြန်မာနာမည် ပေးဖို့ ဗေဒင် အရ နာမည် ရွေးခဲ့ရင်၊
    ကလေးကို ရင်းဂလိပ် နာမည် မပေးဘူး ဆိုရင်
    ကိုယ်နဲ့ ဘာသာစကား မတူသူများ အခေါ်ရလွယ် မဲ့ အသံထွက် မှန် စေမဲ့ နာမည် လိုမျိုးလေး ရွေးလိုက်ပါ လို့။
    ဒါလေးပါ။
    ကျွန်မ ပြောတာ အမြင်မတူ ရင်တော့ အနီးက ယောက်ဖ ကိုသာ နှံ လိုက်ပါတော့။
    :kwi:

  • မောင်ပေ

    November 23, 2012 at 9:12 pm

    ကျုပ်တော့ ဘိုကျောက်ပုံစံကို မျက်စိထဲတွေးကြည့်ပြီး ရယ်နေမိတယ်ဗျို ့
    ခလေးနာမည်ကိုတော့ သူ ့အဖေအမေကိုယ်တိုင်ရွေးခိုင်းလိုက်တာ ပိုကောင်းပါလိမ့်မည် ဖြစ်ပါကြောင်း
    ကိုယ်ပေးသောနာမည်ကို မှည့်ယူလိုက်ပါက ၊ ကိုယ်က တတိယမိဘ ဖြစ်ကာ တာဝန်ကြီးနေမည်ဖြစ်ပါကြောင်း
    အဲဒါအဲဒါ

  • MaMa

    November 24, 2012 at 6:31 am

    ကလေးနာမည်ပေးဖို့အတွက် ဗေဒင်ဆရာ တင်ဘိုဘိုကတော့ အတော်နာမည်ကြီးတယ်။
    ကြည့်ချင်ရင် အောက်ကလင့်ခ်ကနေ ရှာဖွေဆက်သွယ်ကြည့်လို့ရပါတယ်။
    http://compubaydathukhuma.com/?page_id=86

  • ဦးကျောက်ရေ ..
    ဘူမှ မရှိတုန်း ပြောလိုက်ရဦးမဗျ …
    ကျုပ်မှာလည်း နှမသုံးယောက် ရှိတယ်ဗျို့ .. ( ရှူးးး … တိုးတိုး …. )
    ခုတော့ ကလေးအရွယ်တွေပေါ့ဗျာ ..
    သို့ပေသိ .. မကြီးပဲ နေလာမှာမှ မဟုတ်တာပဲကိုးဗျ …
    တစ်ခါတစ်ခါ ကျုပ်လည်း သူတို့ကြီးလာရင်တို့ …
    သူတို့ ယောက်ျား ယူသွားရင်တို့ … ဆိုတာတွေ ကြိုတင်တွေးမိပြီး ..
    အင်း … အဲဒီအခါ ငါဖြင့် ဘယ်လို လုပ်ရပါ့ဆိုပြီး တွေးပူမိသေးဗျာ ….

    အခု ..
    ဦးကျောက်ရဲ့ အဖြစ်ကို ဖတ်ရတော့ …
    အင်း … စပ်ဖျဉ်းဖျဉ်းကြီးပါလားနော် … :mrgreen: :mrgreen:
    အရေးအသားပိုင်း ဆိုင်ရာတော့ ပြောစရာ မလိုတော့ပါဘူးဗျာ …
    ငယ်ငယ်က “My Self” စာစီစာကုံးပြိုင်ပွဲမှာ ပထမ ဆယ်ထပ်ကွမ်းလောက်တောင် ရခဲ့မယ် ထင်ပါရဲ့ ….

  • ဦးဦးပါလေရာ

    November 24, 2012 at 10:46 am

    ကိုကျောက်ခဲရဲ့ ပိုစ့်ကို ဖတ်ရင်းတန်းလန်း ကျုပ်သူငယ်ချင်းတယောက်ဆီဖုံးလှမ်းဆက်ရသေးတယ်..။
    တူမလေး နာမည်ပေးဘို့ အကြံတောင်းထားလို့လေ

    နေတက် တနင်္ဂနွေသမီး အထွန်းဘွား (၉)ဂဏန်းမို့ အင်မတန်ကောင်းတဲ့ ဇာတာလို့ဆိုပါတယ်။

    (ဒါပေသိ ကျုပ်ဇာတာကိုလဲ ကောင်းတယ်ပြောဘူးလို့ ဒီကောင့်ဟောစတမ်းတော့ ယုံရခက်ပါတယ်..)

    နာမည်ကြောင့် မတိုက်/ မခိုက် နိုင်တာမို့ အမြင့် အညွန့် အလန်း လေးတွေမှည့်လို့ရပါသတဲ့…

    နာမည်စာလုံးက ငါးလုံးဆို အတော်ပါပဲတဲ့…

    ရှေ့က ဧကရီ ဆိုတာလေးခံပြီးမှည့်ရင်လဲ မဆိုးဘူးတဲ့…

    ဥပမာ – ဧကရီကျောက်ခဲ တို့ ဘာတို့…. 😀

    • ဦး ကျောက်ခဲ

      November 24, 2012 at 4:10 pm

      အလင်းဆက် ၊ အရီးလတ် ၊ ကိုပေ ၊ မမ ၊ ကိုအံစာ ၊ ဦးဦးပါ

      မင်္ဂလာပါ…..ခင်ဗျား

      အလင်းဆက်
      ဦးကျောက်ခဲ ဆိုတဲ့ နာမည်ကတော့ လွယ်ပါ့ဗျား….
      အဲ ပါဠိလိုတော့ မသိပေါင်…

      အရီးလတ်
      အခု ရီးစားစကား အဌားပြောပေးရရင် ကောင်းမလား စဉ်းစားနေတာ..
      အဟဲ…. လူကိုယ်တိုင်မဟုတ်၊ ဖုန်းနဲ့….ကိုယ်တိုင်ပြောပေးရင် ပါးရိုက်ခံရမှာ…
      ( မောင်ကျောက် ကတော့ ဉာဏ်မမီလို့ ဘေးထွက်ထိုင်နေတာ၊….အဟီး )
      အရီးရေ…. ခလေးကို ပါဠိနာမည်ပေးချင်တာက နှစ်ဘက်ဆွေမျိုး ခေါ်ရလွယ်အောင်လို့ပါ….. 😀

      ကိုပေ
      ဗိုက်ပူသူတော်ကို မျက်လုံးထဲမြင်ယောင်ပြီး ရယ်နေတာ မဟုတ်လား….:D
      ဟုတ်တာပေါ့ဗျာ၊ ဦးကျောက် က နာမည် ရှာပဲပေးတာ၊ သူတို့ဖါသာရွေးလေ……

      သတ်ပုံ မမ
      ကျေးဇူး အထူးတင်….
      ကြည့်ရတာ ဦးကျောက် အစ်မအကြီးဆုံးနဲ့ တစ်ဂိုဏ်းထဲ ထင်တယ်….ဟီဟိ

      ကိုအံစာ
      ဦးကျောက် လို ကြုံရဖို့တော့ ကြိုသာပြင်ထား…..
      သံယောဇဉ်ကြီးလေ၊ ပို ခံစားရလေပဲ……

      ဦးဦးပါ
      ခုလို အရေးတယူ မေးပေးတာ ကျေးဇူးအထူးပါ ခင်ဗျာ…
      သူတို့လဲ “ဧကရီ” ဆိုတာ သဘောကျနေကြတယ်….
      အနောက်က “ကျောက်ခဲ” တော့ မပါဘူးခင်ဗျ….
      ဘကြီး နာမည်ယူရင် “ပလုံ” မှာ စိုးလို့တဲ့….. 😀

  • ဦးကြောင်ကြီး

    November 26, 2012 at 1:12 am

    ကိုကျောက်ခဲ တူမလေး အလှည့်ကြရင် အခုလို အချိန်လွန်သွားမှ မပြောကြေးနော်..။

  • Mon Kit

    November 26, 2012 at 2:31 pm

    ဦးကျောက်ခဲရေ…
    အရေးအဖွဲ့ ကောင်းလွန်းတာ ပြောစရာမရှိအောင်ပါဘဲ..
    လွှတ်ကို သဘောကျသွားပါတယ်…
    ဆက်ပြီး ရေးပါအုံး…
    တူမလေးနာမည်ကို အပေါ်က မောင်ဘလှိုင် ပေးထားတဲ့ အမည်တွေထဲက
    တစ်ခုဖြစ်တဲ့ “အိန္ဒြာကျောက်ခဲ” အမည်နဲ့ လိုက်ဖက်ကြောင်း ထောက်ခံသွားပါတယ်… :kwi:

  • Inz@ghi

    December 11, 2012 at 2:08 pm

    မန့်မယ်မန့်မယ် နဲ့ မမန့်ဖြစ်တဲ့ပိုစ့်ပါဗျို့ ..
    တနင်္ဂနွေသမီး ဆိုတော့ နာမည်စာလုံး “အ”
    ပေါ့ … ဆပွတ် တို့ ပဉ္စပွတ် တို့တော့ မိဂီ မသိ
    (မိဂီသိတာ တနင်္ဂနွေဆို အ နဲ့စတယ်..)

    ထားပါတော့ဦးကျောက်ရေ. ..
    ပြောချင်တာက သွားလေသူအဆိုတော်ကြီး ဦးမင်းမင်းလတ်ကတော့
    သူ့သားသမီးတွေကို နာမည်စာလုံး A အစ A အဆုံးတွေ ပေးထားတာလေး
    ဖတ်ဖူး မှတ်ဖူးကြောင်း လက်တို့ပါတယ်ဗျို့….
    (A နဲ့စတော့ ဘိုလို sorting စီရင် ထိပ်ဆုံးက ဖြစ်သပေါ့ဗျာ..)

    တော်သေးဘီ
    ခင်တဲ့
    ဂီ

Leave a Reply