ဖေဖော်ဝါရီ ၁၃ မှာ…

kaiFebruary 12, 20105min1481
၁၉၁၅-ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် – ၁၉၄ရခုနှစ် ဇူလိုင်‌ ၁၉ ရက်သည် မြန်မာနိုင်ငံ၏ အမျိုးသားသူရဲကောင်း၊ တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ တပ်မတော်၏ ဖခင်ကြီး၊ဗိုလ်ချုပ်နှင့် နိုင်ငံရေးသမား ဖြစ်သည်။ သူ၏ ဖခင်မှာ ရှေ့နေဦးဖာနှင့် မိခင်မှာ ဒေါ်ခင်စု ဖြစ်ကြပြီး ထိုစဉ်အခါ ဗြိတိသျှအိန္ဒိယနိုင်ငံတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင် မွေးဖွားခဲ့သည်။ သူ၏ မိဘမျိုးရိုးတွင် အဖိုးဖြစ်သူမှာ ဗိုလ်မင်းရောင် ဖြစ်ပြီး ၁၈၈၆-ခုနှစ် နယ်ချဲ့ ဗြိတိသျှတို့အား တော်လှန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ မွေးချင်း ၉ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။


ဇာတာတွင် ပါရှိသည့် အမည်မှာ မောင်ထိန်လင်း ဖြစ်သည်။ သို့ရာတွင် သူ့အား မည်သည့်အခါ ကမျှ ထိန်လင်းဟုမခေါ်ဟု အစ်ကိုဦးအောင်သန်းက ပြောဆိုခဲ့ဖူးသည်။ နောင်အခါ၌ အစ်ကို ကိုအောင်သန်းနှင့် နာမည်လိုက်အောင် မောင်အောင်ဆန်းဟု ခေါ်တွင်လေသည်။ ဒို့ဗမာအစည်းအရုံး ဝင်ရောက်သောအခါ သခင်အောင်ဆန်း ဖြစ်လာခဲ့သည်။ သခင်အောင်ဆန်း၏ ဂျပန်အမည်မှာ အိုမိုဒမွန်းချိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံရာတွင် ဗိုလ်တေဇ ဖြစ်လာခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေး ဆောင်ရွက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်းအမည် ဖြင့်ထင်ရှားသည်။

ဗိုလ်ချုပ်၏ မွေးချင်းများမှာ-

  1. မခင်ညွန့် (လယ်ဝန်ကတော်) ကွယ်လွန်၊
  2. မဝက် (အိမ်ထောင်မပြု) ကွယ်လွန်၊
  3. မောင်ဘဝင်း ဘီအေ-ဘီအက်စ်စီ (ဗိုလ်ချုပ်တို့နှင့်အတူ လုပ်ကြံခံရ)၊
  4. မရွှေမှန် (ငယ်စဉ်က ကွယ်လွန်)၊
  5. မောင်နေအောင် (အမိန့်တော်ရရှေ့နေ ကွယ်လွန်)၊
  6. ခုနစ်လသား အမွှာနှစ်ယောက် (ပုခက်တွင်းကွယ်လွန်)၊
  7. ဦးအောင်သန်း (ဘီအေ) (မကွေးအရှေ့မြောက်ပိုင်း လွှတ်တော်အမတ် ကွယ်လွန်)၊
  8. ဗိုလ်ချုပ်အောင်ဆန်းတို့ ဖြစ်ကြသည်။

ငယ်ဘဝ

ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်က အနာအဖျား ထူသည်။ အသားစား ကြူးသည်။ အမဲ သားငါး အလွန်ကြိုက်သည်။ အတီးအမှုတ် ၊ အကအခုန် အလွန် ဝါသနာ ပါသည်။ အထူးသဖြင့် ဆိုင်းတီး ဝါသနာ ပါသည်။ စားပွဲ ဖြစ်စေ ၊ ခေါက်စရာတွေ့လျှင် ဖြစ်စေ အမြဲ ခေါက်နေလေ့ ရှိသည်။ ချောင်တစ်ချောင်တွင် ကပ်၍ မှိုင်တွေကာ စဉ်းစား၍လည်း နေတတ်သည်။ အများအားဖြင့် က္ကုန္ဒြေကြီးသည်။ ကစားခုန်စားကို များစွာ မလေ့ကျင့်သော်လည်း ကစားသည့်အခါ ကြမ်းတမ်းသည်။ ကြမ်းတမ်းသော ကစားနည်းကိုမှ နှစ်သက်သည်။ မျက်နှာလို မျက်နှာရဖြင့် အထက်လူကြီးအား တိုင်တောခြင်းကို ငယ်စဉ်ကတည်းက အထူးစက်ဆုပ်သည်။

လူငယ်‌ဘဝ

သူ၏ ပညာရေးကို နတ်မောက်နှင့် ရေနံချောင်း တို့တွင် သင်ကြားပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဘီအေဘွဲ့ကို အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်း နှင့် နိုင်ငံရေးသိပ္ပံ တို့ဖြင့် ရယူခဲ့သည်။ သူသည် ရန်ကုန်တက္ကသိုလ်၏ ကျောင်းသားသမဂ္ဂတွင် အမှုဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပြီး ၎င်းအဖွဲ့မှ ထုတ်ဝေသောအိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် ပါဝင်ခဲ့သည်။ ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလတွင် ငရဲ‌ခွေးကြီး လွတ်နေသည် ဟူသည့် တက္ကသိုလ် အုပ်ချုပ်ရေးအရာရှိကြီးတစ်ဦးကို ရည်ညွှန်းထားသည့် ဆောင်းပါး၏ ဆောင်းပါးရှင်အား မဖော်ပြမှုဖြင့် ကိုနု(နောင် သခင်နု) နှင့် အတူ တက္ကသိုလ်မှ ထုတ်ပယ်ခြင်း ခံရသည်။ ထို့ကြောင့်သမိုင်းတွင် ကျောင်းသားသပိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ နောက်ပိုင်းတွင် ကျောင်းထုတ်သည့် အမိန့်ကို ပြန်လည်ရုတ်သိမ်းခဲ့ရသည်။ ၁၉၃၈ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ နှင့် ကျောင်းသားသပိတ်  မန္တလေးသို့ ကူးစက်ပြီး နောက်ဖွဲ့စည်းသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ  နှစ်ရပ်လုံး၌ ဥက္ကဌအဖြစ် ရွေးချယ်ခြင်းခံရသည်။ ထိုနှစ်မှာပင် အစိုးရသည် သူ့အား ရန်ကုန်တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် ကျောင်းသားကိုယ်စားလှယ် အဖြစ် ရွေးချယ်ခဲ့သည်။

၁၉၃၈ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားနိုင်ငံရေးမှ အမျိုးသားနိုင်ငံရေးသို့ ကူးပြောင်းခဲ့သည်။ ဤအချိန်မှစ၍ သူသည် ဗြိတိသျှဆန့်ကျင်ရေးသမားနှင့် ယုံကြည်မှုပြင်းထန်သော နယ်ချဲ့ဆန့်ကျင်ရေးသမား ဖြစ်ခဲ့သည်။ သူသည် ဒို့ဗမာအစည်းအရုံးဝင်တစ်ဦး ဖြစ်လာသောအခါတွင် သခင် (အရှင်သခင်/ဆရာ-မြန်မာလူမျိုးများသည် ဗမာပြည်၏ အရှင်သခင်/ဆရာစစ်များ ဖြစ်သည်။ ကိုလိုနီနယ်ချဲ့များက သူတို့သာလျှင် အသုံးပြုရန် မတရား သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။) တစ်ဦးပါဖြစ်လာသည်။ အသင်းကြီးကို ၁၉၃ဝ ခုနှစ် မေတွင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ဗိုလ်ချုုပ်အောင်ဆန်းသည် အသင်းကြီး၏ အထွေထွေ အတွင်းရေးမှုးအဖြစ် ၁၉၄ဝ ခုနှစ် ဩဂုတ်လအထိ ဆောင်ရွက်ခဲ့သည်။ ဤတာဝန်ကို ထမ်းဆောင်စဉ် ၁၃၀ဝ ပြည့် အရေးတော်ပုံဟု လူသိများသည့် နိုင်ငံတဝန်း သပိတ်ပွဲများကို လှုံ့ဆော် ဦးဆောင်ခဲ့သည်။ ထိုစဉ်ကပင် ဗမာ့ထွက်ရပ်ဂိုဏ်းကြီးအား ထူထောင်ရာတွင် ပါဝင်ခဲ့ပြီး ၎င်းးအဖွဲ့ကြီးမှာ ဒို့ဗမာအစည်းအရုံး၊ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ၊ နိုင်ငံရေး နိုးကြားသော ရဟန်းများ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီတို့ကို မဟာမိတ် ပြုထားခြင်း ဖြစ်ပြီး သူသည် ယင်းမဟာမိတ်အဖွဲ့၏ အတွင်းရေးမှုး ဖြစ်လာခဲ့သည်။ သူ၏ သမိုင်းတွင် လူအများကောင်းစွာ မရှင်းလင်းသောအချက်မှာ ၁၉၃၉-ခုနှစ် ဩဂုတ်လတွင် ဗမာပြည် ကွန်မြူနစ် ပါတီ ကို ထူထောင်ခဲ့သူ အဖွဲ့ဝင်တစ်ဦးနှင့် ပထမဆုံး အထွေထွေအတွင်းရေးမှုး ဖြစ်ခဲ့ကြောင်းပင် ဖြစ်သည်။ များမကြာမီတွင် သူသည် ပြည်သူ့ တော်လှန်ရေးပါတီကို ထူထောင်ရာတွင် ပါဝင်ခဲ့သည်။ ဒုတိယကမ္ဘာစစ် ပြီးနောက်ပိုင်းတွင် ယင်းအဖွဲ့ကို ဆိုရှယ်လစ်ပါတီဟု ပြန်လည်အမည်ပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄ဝ ခုနှစ် မတ်လတွင် အိန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသော အိန္ဒိယ အမျိုးသားလွှတ်တော် စည်းဝေးပွဲသို့ တက်ရောက်ခဲ့သည်။ သို့သော် အစိုးရသည် ဗြိတိသျှတို့ကို သခင်တို့က တော်လှန်ပုန်ကန်ရန် ကြိုးပမ်းအားထုတ်မှုဖြင့် အောင်ဆန်းအား ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ရာ သူသည် မြန်မာနိုင်ငံတွင်း လှည့်လည်ပုန်းရှောင်နေခဲ့ပြီးနောက်ဆုံးတွင် နိုင်ငံရပ်ခြားသို့ ပြေးခဲ့ရသည်။ ပထမတွင် သူသည် တရုတ်ပြည်သို့သွား၍ ကွန်မြူနစ်တရုတ်များထံ အကူအညီတောင်းရန် ရည်ရွယ်သော်လည်း ဂျပန်စစ်တပ်မှ ပြည်သိမ်းတပ်များက သူ့အား အမွိုင်မြို့တွင် ကြားဖြတ်တားဆီးပြီး ဂျပန်ပြည်သို့သာ သွားရန် တိုက်တွန်းခဲ့လေသည်။

ဒုတိယကမ္ဘာစစ်‌ကာလ

၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း မြန်မာနိုင်ငံသို့ ပြန်လာသည်။ ဖူမီမာရိုကိုနိုး အစိုးရထံမှ လက်နက်နှင့် ငွေကြေးထောက်ပံ့မှု ကတိကဝတ်များရလာသည်။ ထိုနောက် ရဲဘော်သုံးကျိတ်အဖွဲ့ဝင်များနှင့် အတူ စစ်သင်တန်းတက်ရောက်ရန် ဂျပန်ပြည်သို့ ခေတ္တပြန်လည် ထွက်ခွာသွားခဲ့သည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာတွင် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ မီနာမီကီးကန်း၏ အကူအညီဖြင့် မြန်မာလမ်းမကြီး(စစ်အတွင်း တရုတ်နိုင်ငံအား ကုန်းကြောင်းမှ စစ်လက်နက်ပစ္စည်းများထောက်ပံ့ရန် မြန်မာနိုင်ငံကို ဖြတ်သန်း၍ဖောက်ထားသောလမ်း၊ယနေ့ ရှမ်းပြည်နယ် နှင့် တရုတ်နိုင်ငံအားဆက်သွယ်ထားသည့်လမ်းမကြီး)အား ပိတ်ဆို့ရန်နှင့် ပြည်တွင်းရှိ အမျိုးသားပုန်ကန်ထကြွမှုအား ထောက်ပံကူညီရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်မှုးကြီး ဆူဇူကီး၏ ဦးဆောင်မှုဖြင့် ဗမာ့လွတ်မြောက်ရေးတပ်မတော်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့(ထိုအချိန်တွင် ထိုင်းနိုင်ငံမှာ ဂျပန်သိမ်းပိုက်မှု အောက်တွင် ရှိသည်) တွင် ထူထောင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်ချုပ်ရာထူးကို ရယူခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ၏မြို့တော် ရန်ကုန်သည် ဂျပန်တို့လက်အောက်သို့ ၁၉၄၂ ခုနှစ် မတ်လတွင် ကျရောက်သွားပြီး (ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ စစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသ အဖြစ်) ဂျပန်စစ်ဘက် အုပ်ချုပ်ရေးအဖွဲ့က တိုင်းပြည်ကို သိမ်းပိုက်လိုက်သည်။ ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်တို့၏ဖိအားပေးမှုအရ ဗမာ့လွတ်မြောက်ရေးတပ်မတော် (ဘီအိုင်အေ)အား ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဆက်လက်ရပ်တည်ခဲ့သော်လည်း ဤအကြိမ်တွင် ဗိုလ်မှုးကြီးအောင်ဆန်း အဖြစ်သာနေခဲ့သည်။ ၁၉၄၄ ခုနှစ် မတ်လတွင် သူ့အား ဗိုလ်ချုပ်ရာထူးသို့ ပြန်လည်ခန့်အပ်ခဲ့သည်။ များမကြာမီတွင် ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်ခြင်းခံရပြီး ဂျပန်ဧကရာဇ်မှ တက်နေဝန်းဂုဏ်ထူးဆောင် ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် ဂျပန်တို့က မြန်မာနိုင်ငံအား အတုအယောင် ရွှေရည်စိမ်လွတ်လပ်ရေး ကိုကြေညာပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းအား စစ်ဝန်ကြီးအဖြစ် ခန့်အပ်ပြီး ၎င်း၏ တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ သူ၏ ဂျပန်တို့နှင့် ပူးပေါင်းမှုမှာကြာကြာမခံပေ။ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များပြောသည့် လွတ်လပ်ရေးဆိုသည်ကို သံသယဝင်လာသည်။ ဗမာလူမျိုးများအပေါ် ဆက်ဆံသည့် ဆက်ဆံရေးကိုလည်း မနှစ်မြို့ပေ။ ဂျပန်တပ်များမဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တရာယ်ကို ကြိုတင်သတိပေးခဲ့သည့် ကွန်မြူနစ်ခေါင်းဆောင်များဖြစ်သော သခင်သန်းထွန်း နှင့် သခင်စိုးတို့၏ အကူအညီဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များအား တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၂ရ ရက်တွင် သူသည် ဘီအင်အေတပ်ကို ဦးဆောင်၍ ဂျပန်ကျူးကျော်သူများအား မဟာမိတ်တို့နှင့် ပူးပေါင်းကာ တိုက်ထုတ်ခဲ့လေသည်။ ထို့ကြောင့် မတ်လ ၂ရ ရက်နေ့ကို တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ပြီး နောင်တွင် စစ်အစိုးရမှ တပ်မတော်နေ့ဟု ပြောင်းလဲခေါ်တွင်ခဲ့လေသည်။

ဒုတိယကမ္ဘာစစ်ပြီးခေတ်

‌ဗြိတိသျှများ ပြန်လည်ဝင်ရောက်လာ၍ စစ်အုပ်ချုပ်ရေးတစ်ခုကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နောက် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ကို ညီညွတ်သောတပ်ပေါင်းစုအဖြစ် အသွင်ပြောင်းဖွဲ့စည်းခဲ့ရာတွင် ဘီအင်အေ၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်များ ပါဝင်ကြပြီး ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ‘ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး’ (ဖဆပလ) အဖြစ် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဗမာ့အမျိုးသားတပ်မတော်ကိုလည်း မျိုးချစ်ဗမာ့တပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့၍ ဂျပန်များကို တိုက်ထုတ်ပြီးနောက် တဖြည်းဖြည်းဖျက်သိမ်းခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလက သီရိလင်္ကာတွင် ပြုလုပ်ခဲ့သော ကန္ဒီအစည်းအဝေးမှ သဘောတူညီချက်များအရ မျိုးချစ်ဗမာ့တပ်မတော်သားများအား ဗြိတိသျှတပ်မတော်အောက်ရှိ ဗမာ့တပ်မတော်အောက်သို့ သွတ်သွင်းယူခဲ့သည်။ စစ်ပြန်ရဲဘော်အချို့ကို ပြည်သူ့ရဲဘော်တပ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏အုပ်ချုပ်မှုအောက်တွင် အရန်အင်အားဖြင့် ဖွဲ့ထားပြီး လူမြင်ကွင်းတွင် ဗြောင်ကျကျ စစ်ရေးလေ့ကျင့်ခဲ့ကြရာ ဗြိတိသျှအာဏာပိုင်များ၏ အစပိုင်းက မလိုက်လျောလိုမှုများကို ပြယ်စေခဲ့ဟန်တူ၏။ ဗိုလ်ချုပ်အောင်ဆန်းအား ဗမာ့တပ်မတော်၏ ဒုတိယစစ်ဆေးရေးမှုးရာထူးကို ကမ်းလှမ်းခဲ့သော်လည်း အရပ်သားနိုင်ငံရေးသမား ဘဝကို သာ ရွှေးချယ်ခဲ့သည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလ အဖွဲ့၏ ဥက္ကဌ အဖြစ် လွန်ခဲ့သော အောက်တိုဘာက မြန်မာပြည် အရပ်ဘက် အုပ်ချုပ်ရေးပြန်လည် ထူထောင်ပြီးနောက် ခန့်အပ်ခြင်းခံရသည်။ စက်တင်ဘာလတွင် မြန်မာနိုင်ငံ အမှုဆောင်ကောင်စီ၏ ဒုတိယ ဥက္ကဌ အဖြစ် ဗြိတိသျှဘုရင်ခံအသစ် ဆာဟူးဘတ်ရန့်မှ ခန့်ထားခြင်းခံရပြီးနောက် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာတို့ကို တာဝန်ပေးအပ်ခဲ့သည်။ ရန့် နှင့် မောင်ဘတ်တန်တို့သည် ယခင်ဘုရင်ခံချုပ်ဟောင်း ဆာဒေါ်မန်စမစ်နှင့် ဝင်စတန်ချာချီတို့က ဗိုလ်ချုပ်အောင်ဆန်းအား ‘သစ္စာဖောက် သူပုန်ခေါင်းဆောင်’ ဟု သမုတ်ခဲ့သည်ကို လက်မခံခဲ့ပေ။ ဖဆပလ အဖွဲ့တွင်လည်း ကွန်မြူနစ်များနှင့် အမျိုးသားရေးနှင့် ဆိုရှယ်လစ်ကို ဦးဆောင်သည့် ဗိုလ်ချုပ်အောင်ဆန်းတို့ အကြားကွဲကြရာမှ အမှုဆောင်ကောင်စီတွင် ဗိုလ်ချုပ်အောင်ဆန်း နေရာယူသည်ကို အကြောင်းပြုပြီး ဖဆပလ အဖွဲ့မှ သခင်သန်းထွန်းနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ တို့ကို ထုတ်ပစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဝန်ကြီးချုပ် လုံးလုံးလျားလျားဖြစ်နေပြီ ဖြစ်သော်လည်း ငြင်းပယ်နိုင်သည့် ဗီတိုအာဏာမှာ ဗြိတိသျှ၏လက်တွင်ရှိနေသေးသည်။ ၁၉၄ရ ခုနှစ် ဇန်နဝါရီ ၂ရ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှ ဝန်ကြီးချုပ် ကလီမင့်အက်တလီ တို့သည် လန်ဒန်မြို့တွင် တစ်နှစ်အတွင်း မြန်မာ့လွတ်လပ်ရေးကို ပေးရမည်ဖြစ်ကြောင်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြင့် သူသည် မြန်မာ့လွတ်လပ်ရေးကို တာဝန်ခံ ရယူပေးခဲ့သူ ဖြစ်လာတော့သည်။ နယူးဒေလီမြို့၌ တစ်ထောက်ရပ်နားစဉ် သတင်းစာရှင်းလင်းပွဲတွင် သူက မြန်မာတို့သည် အကြွင်းမဲ့လွတ်လပ်ရေးကို လိုလားကြောင်း ဓနသဟာယ အဆင့်ကို မလိုလားကြောင်း ဤအခြေအနေကို ရရှိရန် အကြမ်းဖက်သည့်နည်း သို့မဟုတ် မဖက်သည့်နည်း သို့မဟုတ် နှစ်နည်းစလုံးကို အသုံးပြုရန်တွန့်ဆုတ်နေမည် မဟုတ်ကြောင်းနှင့် အဆုံးသတ်တွင် သူသည် အကောင်းဆုံးဖြစ်လာရန် မျှော်လင့်ထားသော်လည်း အဆိုးဆုံးကိုလည်း ရင်ဆိုင်ရန်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။ အချို့က သူ့အား ကရင်လူမျိုးတို့အား ဗြိတိသျှတို့အပေါ်တွင်သစ္စာရှိမှု၊ ဂျပန်နှင့် ဘီအိုင်အေတပ်များကို ပြန်လည်တိုက်ခိုက်မှုတို့ကို အကြောင်းပြု နှိပ်ကွပ်ခဲ့ခြင်းနှင့် ပတ်သတ်၍ တာဝန်ရှိသည်ဟု ယူဆကြသည်။ ဒေါ်မန်စမစ်သည် ဖဆပလ ကိုယ်စားလှယ်အဖွဲ့ လန်ဒန်သို့ လာရောက်ရန် ကိစ္စကို ငြင်းပယ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းအား စစ်အတွင်းက သူကြီးတစ်ဦးကိုကွက်မျက်မှုနှင့် အရေးယူရန် ကြိုးစားအားထုတ်ခဲ့သည်။ ၁၉၄ရ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံတွင် စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့်သက်သေအဖြစ် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဧပြီတွင် ဖဆပလသည် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကြီးတွင် နေရာ ၂၀၂ နေရာအနက် ၁၉၆ နေရာကို ရရှိ အနိုင်ယူခဲ့သည်။ ဇူလိုင်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ဆွေးနွေးပွဲများကို ရန်ကုန်ရှိ `ဆိုရန်တာဗီလာ´တွင် ကျင်းပခဲ့သည်။

လွတ်လပ်ရေး မရမီ လအနည်းငယ်အလို ၁၉၄ရ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ သူ၏ အစ်ကို ဦးဘဝင်း အပါအဝင် အသစ်ဖွဲ့စည်းထားသော ကက်ဘိနက်ဝန်ကြီး ခြောက်ဦးတို့နှင့်အတူ လုပ်ကြံသတ်ဖြတ် ခံခဲ့ကြရသည်။ လုပ်ကြံမှုမှာ သူ၏ ပြိုင်ဘက်ဖြစ်သူ ဂဠုန်ဦးစော ၏ လက်ချက်ဟု ယူဆရသော်လည်း ဦးစော၏ တရားခွင်စစ်ဆေးချက်များမှာ သံသယ ဖြစ်စရာများ တွေ့ရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသော်လည်း ထိုစဉ်က လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးနုက တိုင်းပြည်လွတ်လပ်ရေးကြိုးပမ်းမှုများကို အရှိန်မပျက်ဆက်လက်ထမ်းဆောင်ခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရ ရှိခဲ့သည်။

မိသားစု

၁၉၄၂ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းသည် ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်နေစဉ်တွင် ဒေါ်ခင်ကြည်နှင့် ထိမ်းမြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဒေါ်ခင်ကြည်၏ ညီမဖြစ်သူမှာ သခင်သန်းထွန်း ကွန်မြူနစ် ခေါင်းဆောင်နှင့် အကြောင်းပါခဲ့လေသည်။ အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊အောင်ဆန်းစုကြည်စသည့် သား(၂)ယောက်၊ သမီး(၁)ယောက် ထွန်းကားခဲ့သည်။သူ၏ ဒုတိယမြောက် သားဖြစ်သူ အောင်ဆန်းလင်းမှာ ၈ နှစ်သား အရွယ်တွင် နေအိမ်ခြံဝန်း အတွင်းရှိ ရေကန်၌ ရေနစ်သေဆုံးခဲ့သည်။ သားအကြီးဆုံး ဖြစ်သူ ဦးအောင်ဆန်းဦးအောင်ဆန်းဦးမှာ အမေရိကန်နိုင်ငံတွင် အလုပ်လုပ်လျက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဒေါ်ခင်ကြည်သည် ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂ရ ရက်တွင် ကွယ်လွန်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗုဒ္ဓဘာသာ

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူပြည်သား အများစု သက်ဝင်ယုံကြည်သည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး ၁၉၃၅ခုနှစ် ဧပြီလထုတ် ဂန္ဓလောက မဂ္ဂဇင်းတွင် Burma and Buddhism ဟူသော ခေါင်းစဉ်နှင့် ဆောင်းပါးတပုဒ် ရေးသားခဲ့လေသည်။ အသက် (၂၀)အရွယ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည့် ထိုဆောင်းပါးထဲတွင် ဗိုလ်ချုပ်က ‘ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ကျင့်သုံးနည်း ဖြစ်သည်။ ထိုနည်းမှာလည်း ကေသမုတ္တိသုတ်ခေါ် ကာလာမသုတ္တန်လာ ဂေါတမမြတ်စွာဘုရား၏ ဟောကြားချက်ဖြစ်သည်၊ ထိုဟောကြား ချက်မှာ အယူဝါဒတခု၏ အမှားအမှန်ကို ဆုံးဖြတ်ရာတွင် တဆင့်ကြားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု လက်မခံသင့်၊ မိရိုးဖလာ အယူဝါဒဖြစ်၍လည်း လက်မခံသင့်၊ ဤအရာသည် ဤသို့ဖြစ်သကဲ့ဟူသော ကောလာဟာလဖြင့်လည်း လက်မခံသင့်၊ ကျမ်းဂန်စာပေနှင့် ညီညွတ်သည်ဆိုရုံနှင့်လည်း လက်မခံသင့်၊ မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟုဆိုကာ ပုဂ္ဂိုလ်စွဲဖြင့်လည်း လက်မခံသင့်၊ မိမိတို့ လေးစားသော ဆရာ၏ စကားဖြစ်သည်ဟုဆိုကာ ဆရာစွဲဖြင့်လည်း လက်မခံသင့်ဘဲ ဝေဖန်ဆန်းစစ်ကာ လက်တွေ့လုပ်ကြည့်၍ အကျိုးရှိသည့် အယူဝါဒ (ဝိဘဇ္စဝါဒ)ကိုသာ လက်ခံရမည် ဆိုသည့်အချက် ဖြစ်သည်၊ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော အထက်ဖော်ပြပါ ဝိဘဇ္စဝါဒကိုသုံး၍ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် လုပ်ဆောင်သွားကြရန်မှာ မြန်မာနိုင်ငံသားအားလုံး၏ အဓိကတာဝန် ဖြစ်သည်’ ဟူ၍ ဗုဒ္ဓဘာသာအပေါ် သူ၏ အမြင်နှင့် တိုင်းပြည်လွတ်လပ် ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို လက်တွေ့ကျင့်သုံးနိုင်ကြောင်း ဓမ္မဓိဌာန်ကျကျ ဆွေးနွေးတင်ပြထားသည်ကို တွေ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာ

စာရေးဆရာကြီး ဒဂုန်တာရာက သူ၏ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ‘အောင်ဆန်း (သို့မဟုတ်) အရိုင်း’ ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်ကို ဖတ်ရဖူးသည်။ ဆရာဒဂုန်တာရာက သူ၏ ရုပ်ပုံလွှာအဖွဲ့တွင် ဗိုလ်ချုပ်သည် မြန်မာပြည်လွတ်လပ်ရေး အကြောင်းကိုသာ အစဉ်အမြဲ တွေးတောနေပြီး ကျန်သည့်အရာများကို ဂရုမစိုက်ဘဲ နေတတ်ပုံ၊ လူရိုင်းတဦးနှင့် ပုံပန်းသဏ္ဍာန်တူကာ ဆက်ဆံရခက်ပြီး ဂွတီးဂွကျ နိုင်လှပုံ၊ သူ ယုံကြည်ရာကို စိုက်လိုက်မတ်တတ်နှင့် တဇွတ်ထိုး လုပ်တတ်ပုံ၊ သို့သော် သူ့တွင် အနုပညာဓာတ်ခံရှိပုံ စသည်တို့ကို ရသဟန်နှင့် လှလှပပ ခြယ်မှုန်းခဲ့လေသည်။ ထိုရုပ်ပုံလွှာ အဖွဲ့အနွဲ့ကိုဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ‘ကိုဌေးမြိုင် ပြောသလောက်လည်း ငါမရိုင်းသေးပါဘူးကွာ’ ဟု သူ၏ ကိုယ်ရံတော် ဗိုလ်ထွန်းလှကို ရယ်မောကာ ပြောခဲ့ဖူးကြောင်း ဆောင်းပါးတပုဒ်တွင် ဖတ်ရဖူးသည်။ ထို့အပြင် အလင်္ကာကျော်စွာ မြို့မငြိမ်း၏ ‘သက်ဝေ’၊ ‘ကဉ္စန’ သီ ချင်းများကို ဗိုလ်ချုပ်အောင်ဆန်း နှစ်သက်ပုံ၊ ပင်လုံစာချုပ်အတွက် ရှမ်းပြည်သို့အသွား အင်းလေးကန်ထဲ လှေစီးနေစဉ် ‘လှေကလေးကို လှော်မည် … ဘေးမသမ်းဘဲ အေးချမ်းတော့မည် …’ ဆိုသည့် အဆိုတော် ဒိုရာသန်းအေး၏ သီချင်းအား ဗိုလ်ချုပ်ညည်းတွားပုံတို့ကို ဖတ်ရသည့်အခါ ဗိုလ်ချုပ်သည် တိုင်းပြည်လွတ်လပ်ရေးအတွက် မအားလပ်အောင် အလုပ်များနေလင့်ကစား သူ၏ ရင်ထဲ၌မူ အနုပညာဓာတ်အပြည့် ကိန်းအောင်နေကြောင်း အထင်အရှား တွေ့ရလေသည်။ ‘ဗမာအက၊ ဗမာဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေရှိတယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့တဦး ဘယ်လို ဆက်စပ်မှု ရှိတယ်ဆိုတာ လေ့လာရမယ်၊ ကျွန်တော်လည်း အနုပညာသမားပါဗျာ’ ဟူ၍လည်း ဗိုလ်ချုပ် ပြောကြားခဲ့ဖူးသည်။ ထိုစကားကို ထောက်ရှုခြင်းဖြင့် ဗိုလ်ချုပ်၏ အနုပညာအပေါ် စိတ်ဝင်တစားရှိပုံနှင့် အနုပညာသမားအဖြစ် ဂုဏ်ယူဝင့်ကြွားချင်ပုံကို ရိပ်စားမိပြီး လူသားတိုင်းအပေါ် အနုပညာ၏ ညှို့ငင်ဖမ်းစားမှုအား ကြီးမားပုံကို ဆက်စပ် တွေးတောနေမိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ပညာ

ဗိုလ်ချုပ်အောင်ဆန်းသည် ပညာနှင့် ပတ်သက်၍ သူမြင်သည့် အဓိပ္ပာယ်ကိုလည်း သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ရှင်းပြခဲ့ရာ အလွန်ပင် မှတ်သားဖွယ် ကောင်းသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်က ‘ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။ စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ရာဇဝင်ကိုသာ ပြုပြင်တိုးချဲ့ရုံသည်မဟုတ်။ လူ၏ စိတ်နေစိတ်ထား၊ အယူအဆများကိုလည်း တိုးတက်စေရမည်။ ရာဇဝင်သိရုံသာ မဟုတ်၊ ရာဇဝင်ကို ဖန်တီးနိုင်စေရမည်။ လောကဓာတ်ပညာကို သိရုံသာမဟုတ်၊ လောကဓာတ်ပညာကို တိုးချဲ့ နိုင်စေရမည်။ လောကအကြောင်းကို နားလည်စေသာမဟုတ်၊ သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင် စေရမည်။ လှေနံဓားထစ်ဆိုသော အလုပ်၊ အပြော၊ အတွေးတို့မှာ ပညာ၏ အဓိပ္ပာယ် ဆန့်ကျင်ဘက်ပေတည်း’ ဟု အမြင်ကျယ်စွာ ရှင်းပြခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် စာပေ

ဗိုလ်ချုပ်အောင်ဆန်းသည် သူရိယ မဂ္ဂဇင်းတွင် အညာသားလေး ကလောင်နာမည်နှင့် စာရေးသားသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်၏ ဦးစားပေး လိုအပ်ချက်အရ နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင် လုပ်နေရသော်လည်း သူအမှန်တကယ် ဖြစ်ချင်သည့် အာသီသမှာ စာရေးဆရာဘဝ ဖြစ်သည်။ ၁၉၄ရခုနှစ် မေလ (၃၀)ရက်နေ့တွင် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ဖဆပလဌာနချုပ်၌ ပြုလုပ်သော သတင်းစာဆရာများ အစည်းအဝေးတွင် ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရအုံးမှာဘဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်’ ဟူ၍ သူ၏ ချင်ခြင်းကို ဖွင့်ဟပြောကြားခဲ့သည်။ ဗိုလ်ချုပ်၏ ထိုပြောစကားသည် ဝမ်းသာစရာ ကောင်းသလို ဝမ်းနည်းဖွယ်လည်း ကောင်းလှသည်။ ဝမ်းသာစရာကောင်းသည်က စာရေးဆရာ ဗိုလ်ချုပ်အောင်ဆန်းထံမှ ယူ၍ မကုန်ခန်းနိုင်သည့် စာပေဗဟုသုတ ဟင်းလေးအိုးကြီး ပိုင်ဆိုင်ခွင့်ရမည်ကိုဖြစ်ပြီး ဝမ်းနည်းစရာကောင်းသည်က ဗိုလ်ချုပ်လို အရည်အချင်း ပြည့်ဝသည့် နိုင်ငံရေးသမားကောင်းတယောက် နိုင်ငံရေးလောကမှ ဘေးဖယ်နေချင်လောက်အောင် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကြားမှာ အတိုက်အခိုက်တွေ၊ စားခွက်လုမှုတွေ၊ နောက်ကျော ဓားနှင့် ထိုးမှုတွေ၊ တိုင်းပြည် ကောင်းစားရေးထက် ကိုယ့်အုပ်စု၊ ကိုယ့်ပါတီ အာဏာရရေး ကောင်းစားရေးအတွက်သာ ဦးတည်လုပ်ဆောင်မှုတွေ ရှိလာမည်ကို ကြိုတင်မြင်တွေ့နေ၍လားဟု တွေးစရာ ဖြစ်နေခြင်းပင် ဖြစ်သည်။ ဗိုလ်ချုပ်သည် မကွယ်လွန်မီ အချိန်အထိ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး၊ လောကီရေးရာများနှင့် ပတ်သက်သည့် ဆောင်းပါးများစွာကို ရေးသားခဲ့သည်။ ဗိုလ်ချုပ်ရေးသားခဲ့သည့် စာများတွင် သူ၏ တိကျရှင်းလင်း အားကောင်းသော စကားပြေ အရေးအသားနှင့် ဦးတည်ချက်ရောက်အောင် ထိထိမိမိ ကွင်းကွင်းကွက်ကွက် ရေးသားတတ်ပုံကို အားကျအတုယူဖွယ် တွေ့ရသည်။ ဗိုလ်ချုပ်တို့ ကွယ်လွန်ပြီးနောက် ၁၉၄၉ ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်းတွင် ဂုဏ်ပြုဖော်ပြခဲ့သည့် ‘ဗိုလ်ချုပ်နှင့်စာပေ’ ဟူသော ဆောင်းပါးတွင် ဗိုလ်ချုပ်၏ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်တတ်ပုံကို အထင်အရှား တွေ့ရသည်။ ဗိုလ်ချုပ်က ‘တကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီး ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံ ကြီးမှာ ကမ္ဘာ့တေးသံလိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင် ကြိုးစားကြစို့။ ကျွန်တော်တို့အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာဆရာရော၊ ဗမာတမျိုးသားလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့’ ဟု ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေး

တိုင်းပြည်တွင် နိုင်ငံရေးနှင့် ပတ်သက်၍ တွေးတတ်ခေါ်တတ် စဉ်းစားတတ်သည့် နိုင်ငံရေးသမားတွေ မရှိမှ သူတို့ အာဏာတည်မြဲအောင် လုပ်ဆောင်နိုင်မည်ဟု စစ်အာဏာရှင်တွေ တွေးပုံပေါ်သည်။ ထို့အတွက်ကြောင့် အာဏာရှင် ဗိုလ်နေဝင်း လက်ထက်မှ ယနေ့အာဏာရှင် ဗိုလ်သန်းရွှေ လက်ထက်အထိ မြန်မာပြည်တွင် နိုင်ငံရေးသမား မျိုးဆက်ပြတ်အောင် စနစ်တကျ လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေခြင်း ဖြစ်သည်။ အာဏာရှင်တို့က နိုင်ငံရေးသမား ဆိုသည်ကို ခွေးလှေးကြမ်းပိုးဟု လူပြိန်းတွေက မြင်လာအောင်၊ နိုင်ငံရေး လုပ်ဆောင်ခြင်းကို လူညစ်ပတ်တွေ အလုပ်ဟု ထင်မြင်အောင် ဝါဒဖြန့်ချိသည်။ ဗိုလ်ချုပ်အောင်ဆန်းကမူ တိုင်းပြည် တိုးတက်ထွန်းကားရေးအတွက် နိုင်ငံရေးသမားကောင်းတွေ များများရှိဖို့ လိုအပ်ပုံ၊ နိုင်ငံရေး လုပ်ဆောင်ခြင်း၏ မွန်မြတ်ပုံတို့ကို ၁၉၄ဝခုနှစ် ဖေဖော်ဝါရီလထုတ် ဒဂုန်မဂ္ဂဇင်း၌ ဖော်ပြခဲ့သည့် ‘နိုင်ငံရေးအမျိုးမျိုး’ ဟူသည့် ဆောင်းပါးတွင် အရိပ်အမြွက် ထည့်သွင်း ရေးသားခဲ့သည်။ ထိုဆောင်းပါးတွင် ဗိုလ်ချုပ်က ‘အစိုးရဟု ဖြစ်ပေါ်လာစဉ်ကပင် လူတွေ တရားမစောင့်နိုင်၍ ဖြစ်၏။ လူတွေသာ တရားစောင့်နိုင်လျှင် အစိုးရ ရှိတော့မည်မဟုတ်။ ဤကား ဗမာ့ကျမ်းဂန်တွေ၌ပင် ရှိ၏။ လူတွေတရား မစောင့်နိုင်သည့် အကြောင်းမှာလည်း လောဘတရားကြောင့် ဖြစ်၏။ လောဘတရား ဖြစ်ခြင်းမှာလည်း ပုဂ္ဂလိက ပစ္စည်းပေါ်လာသဖြင့် ငါ့ဟာ၊ ငါ့အိမ်၊ ငါ့ခြံ စသဖြင့် ငါတည်းဟူသော သက္ကာယဒိဌိ အရင်းခံသည့် လောဘ၊ ထိုလောဘကြောင့်ဖြစ်သော ဒေါသ၊ ထိုလောဘ ဒေါသမီးတို့ကြောင့် မောဟတည်းဟူသော မသိမလိမ္မာ မိုက်မဲမှုဖြစ်လာ၏။’

‘ဦးဘဘေကြီး ပြောသလို ညစ်ပတ်တဲ့ အလုပ်လား ဆိုသည့် မေးခွန်းကိုလည်း ဖြေလို၏။ ဦးသိန်းမောင်ကြီးကတော့ ဝန်ခံသွားရှာပြီ။ ညစ်ပတ်တယ်တဲ့ သူတော့ မလုပ်ချင်ဟု ဖြေခဲ့ပြီ။ တေမိမင်း အားကျလို့ ထင်၏။ ယခုတော့ ဆွဲချခေါ်တဲ့ ရှေ့နေချုပ်ကြီး ဖြစ်နေတယ်။ အမှန်မှာ နိုင်ငံရေးသည် လောကီရေးပင်ဖြစ်၏။ နိုင်ငံရေးမှာ နိဗ္ဗာန်ရောက်ကြောင်း တရားမဟုတ်။ သို့သော်လည်း လောကီရှိမှလည်း လောကုတ်ရှိနိုင်၏။ လောကုတ်ရှိမှလည်း လောကီ တည်နိုင်၏။ အူမတောင့်မှ သီလစောင့်နိုင်၏။

လူတွေသည် ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ်နိုင်ငံရေးမှာ ထိုပြုပြင် တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင် ဖြစ်၏။ ထိုတရားကား လောကီနိဗ္ဗာန်ကို နောက်ဆုံးရည်မှန်းပေ၏။ ထို၌ကြောင့် အဘယ်မှာလျှင် ညစ်ပတ်ရပေမည်နည်း’ ဟု ပြတ်ပြတ်သားသား ရေးသားခဲ့သည်။

ထိုဆောင်းပါးထဲတွင် နိုင်ငံရေး လုပ်ဆောင်မှုနှင့် ပတ်သက်၍လည်း ‘မိမိကိုယ်ကို နာမည်ကြီးအောင်၊ ကြွယ်ဝအောင် လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်။ တိုင်းပြည်ကောင်း အောင်လုပ်တတ်မှ နိုင်ငံရေးဖြစ်၏’ ဟု ဗိုလ်ချုပ် က သတိပေး ရေးသားခဲ့သေး၏။

ထို့အပြင် နိုင်ငံရေး လုပ်ဆောင်ရာ၌ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်စေတနာ သန့်စင်ပုံကို ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် အထိမ်းအမှတ် ညစာစားပွဲတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်၏ ရင်တွင်းလာ စကားကို ထောက်ရှုပြီး သိမြင်နိုင်သည်။ ထိုညစာစားပွဲတွင် ဗိုလ်ချုပ်က ‘ကျွန်တော် ဒီကို ရောက်လာတဲ့ကိစ္စ နားလည်တာ တခုရှိပါတယ်။ ဘာလဲဆိုရင် ဗမာပြည်ကြီး လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊ ကြီးပွားစေချင်တယ် သည်ဟာပါဘဲ။ တိုင်းပြည် လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ကစပြီး ကြိုးစားလာပါတယ်။ နောင်လဲ ကြိုးစားပါဦးမယ်။ လုံးလုံးလွတ်လပ်တဲ့ကိစ္စ ပြီးပြတ်သည်အထိ ကြိုးစားပါမယ်’ ဟု ရင်ထဲတွင်ရှိသည့်အတိုင်း အရိုးသားဆုံး ပြောကြားခဲ့လေသည်။

အချုပ်အားဖြင့်ဆိုရလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် လူဘဝတွင် နေထိုင်သွားသည့် အခိုက်အတန့်လေး အတွင်း၌ မှတ်ကျောက်များစွာ အတင်ခံနိုင်ခဲ့သည်ကို တွေ့ရပေသည်။ ရိုးသားဖြောင့်မတ်တည်ကြည်မှု၊ ရဲရင့်မှု၊ ယုံကြည်သည့်အတိုင်း ပြောဆိုလုပ်ဆောင်မှု၊ ကိုယ်ကျင့်သီလ ကောင်းမွန်မှု၊ ရပ်တည်ချက် ခိုင်မာမှု၊ ဆုံးဖြတ်ချရာတွင် ပြတ်သားမှု၊ မှန်ကန်သည့် ဦးဆောင်မှုကို ပေးနိုင်မှု၊ ကိုယ်ယုံကြည်ရာကို မကြောက်မရွံ့ နောက်မတွန့်ဘဲ တစိုက်မတ်မတ် လုပ်ဆောင်တတ်မှု၊ တိုင်းပြည်နှင့် လူမျိုးအပေါ် စိတ်စေတနာ ကြီးမားမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံလိုစိတ် အပြည့်ရှိမှု၊ နိုင်ငံရေးကို နှံ့နှံ့စပ်စပ် လေ့လာပြီး လက်တွေ့ကျကျ အဖြေရှာနိုင်မှု၊ အနာဂတ်ကို ကြိုမြင်တတ်ပြီး အရှည်သဖြင့် တွေးခေါ်လမ်းပြပေးနိုင်မှု … စသည့် အရည်အချင်းပေါင်း မြောက်မြားစွာနှင့် လူဘဝကို ဖြတ်သန်းသွားခဲ့သည်။ ။

ဘဝနိဂုံး

၁၉၄ရ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး၌ နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး များ ရဲဘော်ကိုထွေး (အာဇာနည် ကိုးဦး)တို့နှင့်အတူ လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့သည်။

ဗိုလ်ချုပ်၏ စကားများ

  • ဗမာက တစ်မျိုး ၊ ကရင်က တစ်ဖုံ ၊ ရှမ်း ၊ ကချင် ၊ ချင်းတို့က တစ်ခြား အကွဲကွဲ အပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး ။ စုပေါင်း လုပ်မှသာ အကျိုး ရှိနိုင်မယ်။
(၁၉၄ရ ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊ ပင်လုံမိန့်ခွန်း)
  • လူကြီးဆိုတာ အသက်ကြီးတာကို ဆိုလိုတာလား ။ မဟုတ်ဘူး ။ အသက်မကြီးပေးမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ။
(၁၉၄၄ ၊ မတ် ၁၄ ၊ ဗိုလ်သင်တန်း ကျောင်းဆင်းမိန့်ခွန်း)
  • ဟေ့ … သေလဲ ဗမာပီပီ ဇာတိမာန်နှင့် သေကြပါ .. ရန်သူကို မိမိလက်အားနေရင် လက်နှင့်ထိုး၊ ခြေအားနေရင် ခြေနဲ့ကန်ပါ ..။ နောက်ဆုံး ပါးစပ်အားနေလျှင် ပါးစပ်နှင့် ကိုက်ပြီးမှ ရဲရဲသေပြလိုက်ကြတာပေါ့ …။
(ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ ဟေနန်ကျွန်းတွင် ဂျပန်များက စစ်ပညာသင်ပေးနေကြစဉ် ဂျပန်တို့က ၎င်းတို့အား အားလုံးဖျောက်ဖျက်မည့် အခြေအနေမျိုးကို ကြုံတွေ့နေကြရစဉ်)
  • ရဲဘောသုံးကျိပ်ဟာ နိုင်ငံရေးအဖွဲ့ တဖွဲ့တည်း မဟုတ်ပဲ သခင်ဂိုဏ်းကြီးနှစ်ခုဖြစ်တယ်၊ အနာဂါတ် လွတ်လပ်ရေးတိုက်ပွဲမှာ ဒီသုံးကျိပ် ညီညွတ်ဖို့ လိုတယ်။ ဒါမှ လူငယ်များဖြစ်တဲ့ သခင်ဂိုဏ်း နှစ်ဂိုဏ်းလုံး ညီညွတ်မယ်။ ဒါမှ လူများစုကို ကိုယ်စားပြုမဲ့လူတွေ တကယ်လဲ အလုပ်လုပ်ကြမဲ့ လူငယ်တွေ ညီညွတ်မယ်။ ဒါမှ လွတ်လပ်ရေးတိုက်ပွဲဟာ ခိုင်မာတောင့်တင်းမယ်။
  • စစ်ထွက်ကြတာပေါ့၊ ရှေးရှေးတုန်းက ဗမာ့တပ်တွေ စစ်ထွက်ကြတာ တနသာင်္ရီကို လှေကြီးတွေနဲ့ ရေကြောင်းလွှင့်ကြတော့ တချို့က ရေကြောင်းမှားပြီး ရခိုင်ပြည်ဘက် ရောက်လိုရောက်ဖြစ်ကြတာပဲ၊ ဒါပေမဲ့ ရောက်တဲ့နေရာက ဆက်ပြီး ဖြစ်သလို လုပ်ကြတာပေါ့ … ။
(ဗိုလ်ချုပ်အောင်ဆန်းတို့ ယိုးဒယားတွင် တပ်များစုကြပြီး တပ်စစ်ကြောင်း အသီးသီးထွက်ရန် စီစဉ်ကြစဉ် ဖာပွန်စစ်ကြောင်း ချီတက်ရန် တာဝန်ကျသူ ဗိုလ်ကျော်ဇောက ဗိုလ်ချုပ်အောင်ဆန်းအား ကန်တော့သောအခါ)
  • ခင်ဗျားတို့ရွှာကို ရှေးယခင်တုန်းက ယုံမိတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဆရာစံထတုန်းကလဲ ထထကြွကြွရှိတဲ့ ရွာတရွာလို့ အသိအမှတ်ပြုခဲ့တယ်၊ မှင်နီ အဝိုင်းခံခဲ့ရတယ်၊ ခုတော့ ကျုပ်အထင်ကြီးသလောက် မဟုတ်တာ တွေ့ရတယ် …။
(ပဲခူးခရိုင် ဝေါအပိုင် အညာစုရွာ ဗိုလ်ချုပ်အောင်ဆန်း ရောက်၍၊ ရဲဘော် ၃ရ ယောက်စုရန်ပြောရာ ရပ်ရွာထဲက တုတ်တုတ်မလှုပ်ကြ၍ ဗိုလ်ချုပ်အောင်ဆန်းကပြောသောစကား)

One comment

  • Dave

    February 13, 2010 at 1:05 am

    အရမ်းကျေးဇူးတင်ပါတယ်ဗျာ။ဗိုလ်ချုပ်မွေးနေ့မှာ အခုလို ဘလော့ဂ်ပို့စ်ကို တခုတ်တရ ဖော်ပြပေးတာ အတိုင်းထက်အလွန်ပါပဲ။

Leave a Reply