အဖြေမသိသော ပုစာ္ဆ
ဘုရားပန်းတွေလဲနေရင်းက ခြံဝဘက်ကို မျက်စိကရောက်တယ်။ ဒီနေ့လည်း ပေါ်မလာတော့ပါလား။ အချိန်က ဆယ်နာရီတိတိ။ ကြယ်တာရာ ပန်းလေးတွေကတော့ လတ်ဆတ်နေတုန်းမို့ ပန်းအိုးထဲ ပြန်ထိုးလိုက်တယ်။ ဘာကြောင့် မျက်စိက ခြံဝဘက်ကိုရောက်ရောက်နေရသလဲလို့ ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်။ ဒါပေမယ့် အဖြေက ထွက်မလာဘူး။ ရင်ထဲမှာ ဟာနေတယ်။ ဝမ်းနည်းနေတာလား။ စိတ်မကောင်းဖြစ်နေတာကတော့ သေချာနေတယ်။ ကလေးမလေးတို့ရယ် ညည်းတို့ တော်တော် ဆိုးပါလားနော်။
(အဖြစ်အပျက်အစ)
နေ့စဉ် မနက် ငါးနာရီဆိုရင် မြတ်လေး နိုးနေပြီ။ ရေနွေးအိုးတည်..ထမင်းချက်။ မနက်စာ ငရုပ်သီးထောင်းကလေးကို ဆီရွှဲရွှဲဆမ်းပြီး ပဲပြုတ်ကလေးသုပ်။ အရည်သောက် ဟင်းရည်ကိုတော့ လွယ်လွယ်ပဲ ကြက်သားမှုန့်ကလေးကို ရေနွေးဆူဆူမှာ ဖောက်ချ။ ကြက်သွန်ဖြူနဲ့ ဂျင်းကို ဓါးပြားရိုက် ပစ်ထည့်လိုက်တာနဲ့ ဟင်းရည်တစ်ခွက်က ပြီးသွားပြီ။ ပြီးရင်တော့ ခြံထဲ ဆင်းမယ်။ အသီးခူးမယ်။ ဆိုင်ပို့ရမယ့် အသီးတွေကို ချိန်တန်တာ ချိန်။ ခြင်းအလိုက် ခွဲသင့်တာ ခွဲပြီးရင် မြတ်လေး တာဝန်တွေက ပြီးသလောက်ရှိကုန်ပြီ။ ဒါဆိုရင် နာရီကိုတော့ မကြည့်လိုက်နဲ့ ကိုးနာရီခွဲတိတိဖြစ်လိမ့်မယ်။ မြတ်လေးလုပ်နေကျ အလုပ်တစ်ခုကို အဲဒီအချိန်မှာလုပ်ရတော့တာ။ တခြားတော့မဟုတ်ဘူး။ ဘုရားပန်းလဲတဲ့အလုပ်ကို မြတ်လေးတစ်ယောက်ပဲ ဒီအိမ်မှာ အပိုင်စားရထားတာ။ ဘုရားပန်းအိုးတွေလဲနေရတဲ့အချိန်ကို မြတ်လေး အပျော်ဆုံးပဲ။
ခြံကထွက်တဲ့ ပန်းတွေကလည်း စုံတယ်ဆိုတော့ ပန်းအတွက် စိတ်ရှုပ်စရာမလိုဘူးလေ။ ကြယ်တာရာပန်းလဲမလား၊ မေမြို့ပန်းလဲမလား၊ ဂန္ဓာပန်းလဲမလား စုံလို့။ ဝယ်စရာလဲမလိုတော့ ဈေးသွားရတဲ့ ဒုက္ခကလဲ လွတ်တယ်။ ပန်းတွေကို ဘုရားစင်မှာ သပ္ပါယ်စွာနဲ့ ဝေဝေဆာဆာ ကပ်လှူလို့ရတယ်။ မြတ်လေးက ဘုရားပန်းအိုးကို နေတိုင်းလဲတတ်တယ်။ ပန်းမလဲရင်တောင် ရေလည်ပေးတယ်။ ခုလဲ ပန်းအိုးတွေကို အိမ်ရှေ့ထုတ်ပြီး ဆေးနေတာပေါ့။ အိမ်အပြင်ဘက် လမ်းမကိုမျက်နှာမူထားတဲ့အတွက် ဘုရားပန်းလဲရင်း မျက်စိကို ဟိုကြည့် ဒီကြည့် ကစားရတာကိုလည်း မြတ်လေးက နှစ်သက်မိသေးတာ။
နားထဲမှာ အသံ သဲ့သဲ့ကြားတယ်။ လမ်းထိပ်လောက်ကဖြစ်မယ်။ မြတ်လေး သေသေချာချာ နားစိုက်ထောင်လိုက်တယ်။
“သပြေပန်းရမယ် သပြေပန်း”
သပြေပန်းတဲ့။ ဟုတ်ပါ့ မြတ်လေး သပြေပန်း ဝယ်လှူဖြစ်တာကြာပေါ့။ ဒီနေ့တော့ စိတ်ကူးမရပါပဲ သပြေပန်းကို ဝယ်လှူချင်စိတ်ပေါက်နေတယ်။ တော်ရုံတန်ရုံဆို ပန်းမဝယ်ဖြစ်ပါဘူး။ ခုက အိမ်ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့မှာဆိုတော့ ကြုံတုန်းလေး ဝယ်လှူလိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အသံက တဖြေးဖြေးနီးလာနေတယ်။
“သပြေပန်းရမယ် သပြေပန်း…”
အဲတော့ ကလေးမလေး။ မြတ်လေး အဲဒီ ကလေးမလေးကို ဘွားကနဲတွေ့လိုက်ရတော့ အံ့ဩမိတာအမှန်။ အသားက ညိုညို။ ဆံပင်က ဂုတ်ဝဲကလေးနဲ့။ ဘာမှ အလိမ်းအခြယ်မရှိတဲ့ပုံ။ ကြည့်ရတာ ဆံပင်ကိုတောင် ဆီမလူးဖြစ်ဘူးထင်ပါရဲ့။ ကလေးမလေးရဲ့ ခေါင်းပေါ်က ဗန်းလေးထဲမှာတော့ သပြေပန်းလေးတွေက အစီအရီ စီးနှောင်ထားတယ်။ တစ်ချို့က ညိုးရော်နေတယ်။ တစ်ချို့ ခပ်လတ်လတ်။ ကလေးမလေးရဲ့အသက်ကရှိလှ ဆယ်နှစ်ပေါ့။ ပိုပြီး အံ့ဩဖို့ကောင်းတာက ကလေးမလေးရဲ့ လက်ကိုဆွဲထားတဲ့ မည်းတူးတူးနဲ့ ငါးနှစ်အရွယ်လောက်ရှိမယ့် ကောင်လေးပါနေတာကြောင့်ပဲ။
“ဟဲ့ ကောင်မလေး လာဦး”
တောက်ပသွားတဲ့ မျက်ဝန်းတစ်စုံကို မြတ်လေး သတိထားမိလိုက်တယ်။ ခြံနားကို ကပ်လာတာ မပြေးလာရုံတမယ်လေး။
“သပြေပန်းတွေ ဘယ်လိုရောင်းတာလဲ”
“တစ်စီး ငါးဆယ်ပါ အစ်မ”
“များလိုက်တာ သုံးစီးတစ်ရာပေါ့”
“ယူပါ အစ်မ”
“ဟင်”
ဘယ်လို ဈေးသယ်လေးပါလိမ့်။ မြတ်လေးက ကလေးမလေးကို အကဲစမ်းကြည့်လိုက်တာပါ။ ကလေးမလေးက ဈေးမတင်းပဲ ယူပါတဲ့။ ကလေးမလေးခမျာ ဘယ်လောက်တောင်ရောင်းချင်နေရှာပါလိမ့်။ မြတ်လေး စိတ်ထဲ ကလေးမလေးရဲ့အကြောင်းကို သိချင်လာတယ်။ မြတ်လေး ကိုယ်နိုက်ကလည်း တစ်ဦးတည်းသော သမီးဖြစ်နေလို့ မောင်နှမငတ်နေခဲ့ရတာ။ မြတ်လေးက ကိုယ့်ထက်ငယ်တဲ့ ကလေးတွေတွေ့ရင် အလိုလိုနေရင်းကို ခင်မင်လာမိတတ်တာ။ ခု ကလေးမလေးကို မြတ်လေး သိချင်တာလေးတွေ မေးချင်လာတယ်။
“ဘယ်နှစ်စီးယူမလဲ အစ်မ”
“ဟင် အင် ဪ နှစ်ရာဖိုးပေး…”
မြတ်လေး ကလေးမလေး အနီးမှာ ထိုင်ချလိုက်တယ်။
“ ညည်း နာမည် ဘယ်လိုခေါ်လဲ”
“ကြယ်စင်”
အဲလှည့် မခေပါလား။ နာမည်က ကြယ်စင်တဲ့ နာမည်နဲ့လူကတော့ မလိုက်ဘူး။
“သူကရော ညည်းမောင်လေးလား”
“ဟုတ်တယ်….”
“သူ့နာမည်ကရော”
“နေလ”
မြတ်လေး မျက်ခုံးမပင့်ပဲမနေနိုင်တော့ဘူး။ နာမည်လေးတွေကို သူတို့မိဘတွေက အတိတ် နမိတ်တွေနဲ့ပေးခဲ့ဟန်ရှိတယ်။
“ဘယ်ကနေလာရောင်းတာလဲ ဒီရပ်ကွက်နဲ့ဝေးသလား”
“ဝေးတယ် အစ်မ မှုံပြာကနေလာရောင်းတာ”
“မှုံပြာ”
မြတ်လေး သိတာပေါ့ မှုံပြာဆိုတာကို။ မြတ်လေးတို့ရပ်ကွက်နဲ့ အဝေးကြီး။ ကလေးမလေးတို့ လမ်းလျှောက်လာရတာဆိုတာကို သိတော့ သနားသွားတယ်။ မြတ်လေး သိချင်တာတွေကို မမေးချင်တော့ဘူး။ ကလေးမလေးရဲ့ အိမ်အခြေအနေကို မေးနေရင် မြတ်လေး စိတ်မကောင်းဖြစ်မိတော့မှာသေချာတယ်။ မည်းတူးတူး ကောင်လေးကို မြတ်လေးက စိုက်ကြည့်တော့ ကောင်လေးက နောက်ဆုတ်သွားတယ်။ ဒီကလေးအရွယ်ဆိုတာ လမ်းပေါ်မှာ လျှောက်သွားရမယ့်အရွယ်မှ မဟုတ်တာ။ ကလေးမလေးတွေရဲ့ မိဘတွေ ဘာလုပ်သလဲ။ အို မြတ်လေးနဲ့ မှ မဆိုင်ပဲ။
“သမီး မြတ်….”
နောက်ကျောဆီမှ အမေ့ရဲ့ခေါ်သံကို ကြားလိုက်တ.ယ်။
“ရှင် မေမေ သမီး သပြေပန်းဝယ်နေတာ သပြေပန်းလေး ကပ်ထိုးချင်လို့”
“အေး သမီး မြန်မြန်လုပ် ခဏနေရင် ထမင်းစားမယ် ညည်းဖေဖေ မြို့ထဲသွား မြေဩဇာသွား ဝယ်မလို့တဲ့”
“ဟုတ်ကဲ့ မေမေ သမီး ဘုရားပန်းလဲပြီးတာမဲ့ မြန်မြန်လေး ပြင်လိုက်ပါ့မယ်”
မေမေ ထွက်သွားတော့ မြတ်လေး ကလေးမလေးကို ပိုက်ဆံနှစ်ရာပေးပြီး ပန်း လေးစီးယူလိုက်တယ်။ မြတ်လေး သပြေပန်းတွေကိုင်ပြီး လှည့်ထွက်လာခဲ့လိုက်တယ်။ ပြီးတော့ ဘုရားပန်းအိုးတွေကို စိတ်ပါလက်ပါနဲ့ လဲလည်နေလိုက်တယ်။ ဖေဖေက မြေဩဇာသွားဝယ်မယ်ဆိုတော့ ထမင်းကလည်း ပြင်ပေးရဦးမယ်။ နေ့လည်စာကို မေမေပဲချက်နေကျမို့ ကိစ္စမရှိဘူး။ အရန်သင့် ခူးခပ်ပြင်ဆင်ပေးရုံဆို ပြီးပြီ။
“မေမေရေ…မေမေ ဖေဖေ့ကိုလာတော့လို့ ထမင်းပွဲပြင်ပြီးပြီ”
“အေး အေး သမီး….”
မြတ်လေးက ထမင်းပွဲဘေးမှာ လိုအပ်တာတွေ လုပ်ပေးဖို့ စောင့်နေလိုက်တယ်။ ဖေဖေက ထမင်းစားတိုင်း အနားမှာ မြတ်လေးမရှိရင် မေးလွန်လွန်းလို့လေ။ ဖေဖေက လက်ဆေးပြီး ထမင်းဝိုင်းမှာထိုင်တယ်။ မေမေက
“သမီး တခါတည်း ဝင်စားပါလား..”
“မဆာသေးဘူး မေမေ”
“ဟင် သမီး ဟိုကလေးတွေက ဘာလုပ်နေတာလဲ….သမီး ပိုက်ဆံပေးဖို့မေ့နေလို့လား”
မြတ်လေးလှည့်ကြည့်လိုက်တော့ အံ့ဩသွားတယ်.။
“ဟင် …..ကလေးမ”
မြတ်လေးတို့ မီးဖိုချောင်ပြတင်းပေါက်ကနေ ခြံဝကို မျက်စောင်းထိုးမြင်နေရတာမို့ မြင်ကွင်းထဲမှာ ပန်းသယ်ကလေးမလေးတို့ မောင်နှမကို ရှင်းရှင်းလင်းလင်းကြီး မြင်နေရတယ်။ ကလေးမလေးက မြတ်လေးတို့ကို လှမ်းကြည့်နေတယ်။ ဘယ်လို အကြည့်တွေပါလိမ့်။
“ဟဲ့ သမီး မေမေမေးနေတယ် ပိုက်ဆံပေးဖို့မေ့နေလို့လားလို့”
“ရှင် ဪ အင် မမေ့ခဲ့ပါဘူး မေမေရဲ့ သမီးက ပြန်သွားပြီတောင်ထင်တာ “
“ဒါဆိုလည်း သွားမေးကြည့်ပါဦးကွယ် ကလေးတွေကြည့်ရတာ”
မြတ်လေး မီးဖိုချောင်ကနေထွက်ပြီး ကလေးမလေးနားကို ထွက်လာခဲ့လိုက်တယ်။ ကလေးမလေးက မြတ်လေးကို စိုက်ကြည့်နေတုန်းပဲ။ ဘယ်လို အကြည့်တွေလဲ။ ကြည့်ရတာ ဗိုက်ဆာလို့များလား။ ဟုတ်ပါရဲ့ နေတောင်မြင့်နေပြီဟာကို။ ကလေးတွေ ဆာရောပေါ့။ ဗန်းထဲက သပြေပန်းတွေကလည်း ဒီနေ့အဖို ့ ဒီလောက်နဲ့သာ နတ္ထိတံနေပြီထင်ပါရဲ့။ မည်းမည်းတူးတူး ကောင်လေးက ကလေးမလေးဘေးမှ ထိုင်လို့။ ဟိုဟို ဒီဒီ ကြည့်နေတဲ့ မျက်လုံးတွေက ဖြူစင်နေတယ်။ ကလေးမလေးရဲ့ အကြည့်ကိုပဲ မြတ်လေး ဘာသာမပြန်တတ်နေတာ။ ဟုတ်တာပေါ့။ သပြေပန်းရောင်းရငွေနဲ့ မုန့်ဝယ်စားလိုက်ရင် အိမ်ရောက်ရင် အရိုက်ခံချင် ခံနေရမှာ။ မြတ်လေးတို့ရပ်ကွက်ကနေ မှုံပြာအထိပြန်ရရင်လည်း ထမင်း ဘယ်အချိန်မှ စားရမလဲ။ ကလေးမလေးက နေနိုင်တယ်ပဲထားဦး။ မည်းမည်းတူးတူး ကောင်လေးက နေနိုင်မှာမဟုတ်ဘူး။ ငိုယိုနေရင် ဒုက္ခ။
“ကလေးမ အစ်မ ပိုက်ဆံမပေးခဲ့လို့များလား..”
မြတ်လေး မေးတော့ ကလေးမလေးက ခေါင်းခါပြတယ်။
“ဒါဆို ကလေးမ ဘာကို စောင့်နေတာလဲ…အစ်မက ပြန်သွားပြီတောင်ထင်တာ”
ကလေးမလေး မြတ်လေးကို ကြည့်တယ်။ အို ..ကလေးမလေး မျက်ဝန်းမှာ မျက်ရည်တွေ ဝေ့သီလို့ပါလား။ မြတ်လေး ရင်ထဲအထိ ကလေးမလေးရဲ့မျက်ရည်တွေက ထိုးဖောက်သွားတယ်။ အဲဒီမျက်ရည်တွေရဲ့အဓိပါ္ပယ်ကို မြတ်လေးဖွင့်ကြည့်တယ်။ အားငယ်လို့ကျတဲ့မျက်ရည်လား။ ဝမ်းနည်းလို့ကျတဲ့မျက်ရည်လား။ ကလေးမလေးရဲ့ လက်က ကောင်လေးရဲ့မည်းတူးနေတဲ့ လက်ကလေးကို သေချာ ဆုပ်ကိုင်ထားတယ်။
“ သမီး…….သမီးတို့….မောင်နှမနှစ်ယောက်…..ဗိုက်…..ဗိုက်…ဆာလို့ပါ”
“အို……”
ဗိုက်ဆာလို့တဲ့..။
မြတ်လေး သနားသွားတယ်.။ ဟုတ်တာပေါ့..။ နေ့လည် မွန်းတည့် (၁၂)နာရီတိတိတောင် ရောက်နေပြီပဲ။ ကလေးတွေ ဗိုက်ဆာနေရောပေါ့။
(အဖြစ်အပျက်အဆုံး)
အဲဒီနေ့က မြတ်လေး ကလေးမလေးတို့ မောင်နှမနှစ်ယောက်ကို မေမေနဲ့ဖေဖေတို့ဆီ ခွင့်တောင်းပြီး ထမင်းကျွေးလိုက်တယ်။ အားရပါးရစားသောက်နေကြတဲ့ ပုံကိုကြည့်ပြီး မြတ်လေး မျက်ရည်ဝဲမိတယ်။ မေမေနဲ့ဖေဖေက မြတ်လေးကိုကြည့်ပြီး ပြုံးတယ်။
မြတ်လေးက ကလေးမလေးတို့ စားသောက်ပြီးတော့ စေတနာပိုစွာနဲ့ မုန့်ဖို့ထပ်ပေးလိုက်သေးတယ်။ နောက် မြတ်လေးနဲ့ မေမေတို့ကို ကလေးမလေးတို့မောင်နှမနှစ်ယောက်က ထိုင်ရှိခိုးတယ်..။ မြတ်လေး အဲဒီမှာ ဘယ်လိုမှ မထိန်းနိုင်လို့ မျက်ရည်ကျမိတော့တာပဲ။ အိမ်ပေါ်ကနေဆင်းပြီး ပြန်တော့..ကလေးမလေးက မြတ်လေးကို လှမ်းကြည့်တယ်။ နောက်တော့ ဘာကို သတိရတယ်မသိဘူး။ ပြန်တက်လာပြီး သပြေပန်းနှစ်စီးပေးတယ်…။
“ခုနက အစ်မ လေးစီးပဲ ယူထားတယ်လေ….”
မြတ်လေး…ဘာမှမပြောနိုင်ပါဘူး။ တဖြေးဖြေး မြင်ကွင်းကနေ ကလေးမလေးတို့ ပျောက်သွားတယ်။ အဲဒီနောက်တော့ နောက်နေ့တွေမှာ မြတ်လေး မျှော်နေမိတော့တယ်။ ဒါပေမယ့် ကလေးမလေးတို့ရဲ့ ပုံရိပ်ကို မမြင်ရဘူး။ မြတ်လေးရဲ့ ရင်ထဲမှာလည်း အဖြေရှာမရဘူး။ ဘာကြောင့် မြတ်လေးတို့ရပ်ကွက်ကိုမလာတော့ပါလိမ့်။ ကလေးမလေးက မြတ်လေးကို ပုစာ္ဆတစ်ပုဒ် တွက်ခိုင်းလိုက်သလိုပဲ။ ဘုရားပန်းတွေလဲနေရင်းက ခြံဝဘက်ကို မျက်စိကရောက်တယ်။ ဒီနေ့လည်း ပေါ်မလာတော့ပါလား။ အချိန်က ဆယ်နာရီတိတိ။ ကြယ်တာရာ ပန်းလေးတွေကတော့ လတ်ဆတ်နေတုန်းမို့ ပန်းအိုးထဲ ပြန်ထိုးလိုက်တယ်။ ဘာကြောင့် မျက်စိက ခြံဝဘက်ကိုရောက်ရောက်နေရသလဲလို့ ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်။ ဒါပေမယ့် အဖြေက ထွက်မလာဘူး။ ရင်ထဲမှာ ဟာနေတယ်။ ဝမ်းနည်းနေတာလား။ စိတ်မကောင်းဖြစ်နေတာကတော့ သေချာနေတယ်။ ကလေးမလေးတို့ရယ် ညည်းတို့ တော်တော် ဆိုးပါလားနော်။
သော်ဇင် ၊ လွိုင်ကော်၊
Date-12th-Feb-2012
Time-7:30Pm
5 comments
ခိုင်ဇာ
November 24, 2012 at 1:08 pm
အရေးကောင်း နောက်တစ်ယောက်တွေ့ပြန်ပေါ့။
ဖတ်ရင်း စိတ်မကောင်းဖြစ်သွားတယ်။
ကိုပေါက်(မန္တလေး)
November 24, 2012 at 2:13 pm
အဆက်လေးနဲ့ထပ်ရေးရင် ပိုကောင်းမယ်ထင်ပါရဲ့
Mobile
November 24, 2012 at 6:00 pm
မေတ္တာ ၊ ဂရုဏာ ၊ မုဒီတာ ၊ ဥပေက္ခာ ဆိုပြီးတရားလေးပါးရှိပါတယ်။
ကိုယ်လဲ ကယ်မှမကယ်နိုင်တာ သူလဲသူ့ဘဝအတိတ် ကံကြောင့်ပေါ့
သိပ်လဲ စိတ်ဆင်းရဲမခံပါနဲ့ ကံအရာဆိုတာ ပြင်ပေးလို့မရဘူးကွဲ့
ရွှေ ကြည်
November 24, 2012 at 10:44 pm
ဖတ်ရှုခံစားရင်း သက်ပြင်းတွေပဲချမိသွားတယ်…။
jullies cezer
November 27, 2012 at 3:52 pm
ကိုညီထွဋ်ကြီးသီချင်းလိုပါပဲ ပြင်ဆင်မရတဲ့ဘဝကံပဲ ကိုဘာများကောတတ်နိုင်မလဲ
အဲလိုဖြစ်နေတာ …..