တောင်ပေါ်က တယောသံ (ဇာတ်သိမ်း)
ကျေးဇူးတင်လွှာ ။ ။ ကျနော် ရေးသားတဲ့ “တောင်ပေါ်က တယောသံ” ဝတ္ထုဆန်ဆန် ဇာတ်လမ်းပို့စ်များတွင် လာရောက်ကာ အားပေးသွားကြပါကုန်သော “ကြည်ဆောင်း၊ Mon Kit ၊ Candle. ၊ ရောင်းရင်းကြီး၊ မခိုင်ဇာ၊ မောင်ဗိုက်၊ မရွှေအိ၊ ဦးကြီးမိုက်၊ ဖေပေါက်ကြီး၊ အန်တီအိ၊ ကိုရွာစား၊ အန်တီမမ၊ မမွန်မွန်၊ ဂျီးဒေါ်ပုချ်၊ ကိုလင်းဆက်၊ အရီးလတ်၊ Guest ၊ ရွှေအိမ်စည်၊ မနိုဗွီ၊ ဦးဆာမိ၊ ရာဇဝင်လူဆိုး၊ ဦးကြောင်ကြီး၊ ဦးမာဃ၊ ဂျူးဂျူးမ၊ အန်တီဝေ” တို့အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း။ မှတ်ချက် (comment) မရေးသွားကြပါသော်လည်း တိတ်တိတ်ကလေး ဖတ်ရှုကာ ထွက်သူများကိုလည်း ကျေးဇူး တင်ရှိပါကြောင်း။
ပန်ကြားလွှာ ။ ။ “တောင်ပေါ်က တယောသံ” ဟူသော ပို့စ်ဇာတ်လမ်းနှင့် ပတ်သက်၍ ဝေဖန် အကြံပြုချက်များကို စာရှုသူများထံမှ တောင်းခံအပ်၊ ပန်ကြားအပ်ပါကြောင်း။
ယခုပို့စ်သည် နောက်ဆုံး (ဇာတ်သိမ်း) ဖြစ်ပါသဖြင့် ရှေ့မှ အပိုင်းများကို ဖတ်ရှုလိုသူများအတွက် အောက်တွင် လင့်ခ်များ ပေးထားပါသည်။
+++++++++++++++++++++++++++++++++
ငါးယောက်ပါသော လူရွယ်အုပ်စုသည် ရန်အောင်တောင်ပေါ်ဆီမှ ညသန်းခေါင်းယံ အချိန်များတွင် ပေါ်ထွက်လာတတ်သည့် တယောသံအား စောင့်မျှော်နေရင်းဖြင့် အချိန်အားဖြင့် နာရီဝက်ခန့်အကြာတွင် တစ်ယောက်သော လူရွယ်မှ စကားစလေ၏။
“ဟေ့ကောင်တို့ရေ .. ခြင်တွေကလည်း ဆော်သဟ၊ တောင်ပေါ်က တယောသံကလည်း စောင့်ပါမှ ထွက်ကို မလာသေးဘူး”
“စိတ် ရှည်ရှည်ထားစမ်းပါ ငအောင်ရာ၊ အချိန်တန် ထွက်လာမှာပေါ့”
“စောင့်တော့ စောင့်နေတာပဲဟ၊ ဒါနဲ့ ဟို မည်းမည်းနှစ်ယောက်လည်း ပြန်ဆင်းလာတာ မတွေ့ရသေးဘူးနော့”
ထိုသို့ ငအောင် ဆိုသူ လူရွယ်မှ ပြောလိုက်သော အခါတွင် ရဲကြီး ဆိုသူ လူရွယ်မှ ပြန်လည်၍ ပြောလေ၏။
“ငါလည်း အဲဒါပဲ စဉ်းစားနေတာကွ၊ အဲဒီ မည်းမည်းနှစ်ယောက်က ဘာတွေတုံး။ ဟိုငကြောက် ဖိုးလေးပြောသလို တယောထိုးမယ့် သရဲတွေဆိုလည်း တယောသံက ကြားလာရမှာပေါ့ကွ။ အခုဟာက ဘယ်လို တွေးရမှန်းကို မသိဘူး”
“ငါအထင်တော့ တောင်ပေါ်မှာ နေတဲ့ သရဲတွေများလား မသိဘူး။ ငါတို့ကို မြင်လို့ အယောင်ပြပြီး ခြောက်တာနေမှာ”
ယင်းသို့ ဖိုးလေး ဆိုသူ လူရွယ်မှ ပြောလေရာ …
“ဟေ့ကောင် ဖိုးလေး၊ မင်းကလည်း မည်းမည်းမြင်ရင် သရဲကြီး ပြောနေတော့တာပဲ။ မင်း မလိုက်လာရင် တော်တော်ကောင်းမှာ”
“ဟေ့ကောင် အောင်ဦး၊ ငါက သရဲထင်လို့ သရဲလို့ပြောတာ ဘာဖြစ်တုန်းကွာ”
“အေး .. ဘာမှ မဖြစ်ဘူး ဖိုးလေး၊ မင်းကို ကြောက်တတ်လွန်းလို့ ပြောနေတာ”
ထိုအခါ ရဲကြီးဆိုသူမှ ပြောလေ၏။
“တော်ပါတော့ကွာ။ ဖိုးလေးပြောတာ ဂရုစိုက်မနေနဲ့၊ ငါတို့ ဘယ်လို ဆက်လုပ်ကြဦးမလဲ ဆိုတာကိုပဲ ပြောကြရအောင်၊ အခုဟာက ငါတို့ အစီအစဉ်တွေကိုတောင် ပြောင်းရတော့မလို ဖြစ်နေပြီ”
“အစီအစဉ်တော့ ပြောင်းလို့ မဖြစ်ဘူးကွ၊ ဒါပေမယ့် နည်းနည်းတော့ ပြောင်းရမယ်ထင်တယ်”
“လုပ်စမ်းပါဦး မိုးကို ရာ .. ဘယ်လို နည်းနည်း ပြောင်းရမှာတုံး”
“ဒီလိုကွာ၊ ငါတို့ ထပ်စောင့် မနေနိုင်တော့ဘူး၊ ခြင်တွေလည်း တော်တော်ကိုက်လာပြီ၊ ငါတို့ အကြောင်းသိရအောင် တောင်ပေါ် တက်ကြည့်ကြရအောင်ကွာ”
ယင်းသို့ မိုးကို ဆိုသူ လူရွယ်မှ အကြံပြုလိုက်သော အခါ အခြားသော လူရွယ် လေးယောက်မှာ အတန်ငယ် စဉ်းစားကြပြီးနောက် မိုးကို၏ အကြံကို လက်ခံ အတည်ပြုလိုက်ကြလေ၏။ ၎င်းနောက် လူရွယ်အုပ်စုသည် လက်နက်များ အဖြစ် အသုံးပြုရန် ယူဆောင်လာသော သစ်သားချောင်းများအား ကိုင်စွဲလျက် တောင်ပေါ်သို့ တက်ရောက်ရန် ခြေလှမ်း ပြင်လိုက်ကြလေတော့၏။
++++++++++++++++++++
ညသည် လမိုက်ည ဖြစ်သည့်အတွက် လ မသာပေ။ ပတ်ဝန်းကျင် တစ်ခုလုံးလည်း မှောင်မဲနေလေ၏။ သို့ရာတွင် ကြယ်ရောင်တို့ကြောင့် အတန်ငယ်တော့ လင်းလက်နေသည်ဟု ဆိုရပေမည်။ အချိန်သည်လည်း သန်းခေါင်းယံ အချိန်ကို ကျော်လွန်လာခဲ့လေပြီ ဖြစ်၏။ ထိုအချိန် ထိုကာလမျိုးတွင် ဥစ္စာစောင့်များ ရှိသည်ဟူ၍ နာမည်ကြီးသော ရန်အောင်တောင်ဆီသို့ လာရောက်ရန်မှာ လူတစ်ရာတွင် တစ်ယောက်ပင် လုပ်ဆောင်မည့် အလုပ်ဟူ၍ မထင်မိပါပေ။ သိုရာတွင်မူ ရွက်လှရွာမှ လူရွယ်တစ်စုမှာမူ ယခုကဲ့သို့သော အချိန်အခါမျိုးတွင် တောင်ဆီသို့ လာရောက်ခြင်းထက် တောင်ပေါ်သို့ပင် တက်ရောက်နေကြပြီ ဖြစ်လေ၏။
၎င်းလူရွယ်တစ်စုသည် ပုံသဏ္ဍာန်အားဖြင့် ထောင်လိုက် ပုံစံမျိုးဖြင့် တောင်ပေါ်သို့ တက်ရောက်နေကြလေ၏။ ဆိုလိုသည်မှာ တစ်ယောက်နောက်မှ တစ်ယောက် တက်ရောက်ကြခြင်းပင် ဖြစ်ပါ၏။ အထက်တွင် ဆိုခဲ့သည့်အတိုင်း ရဲကြီးဆိုသူ လူရွယ်မှာ ရှေ့မှ ဦးဆောင်၍ တက်ရောက်နေ၏။ ၎င်း၏ လက်ထဲတွင် သစ်သားချောင်းအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသကဲ့သို့ မှောင်မိုက်နေသည့် ပတ်ဝန်းကျင်အားလည်း သတိထား ကြည့်ရှုကာဖြင့် တောင်ပေါ်ဆီသို့ တက်ရောက်နေလေသည်။
ယင်းသို့ တက်ရောက်လာကြရာတွင် တောင်ပေါ်ဆီသို့ ရောက်လုနီးအချိန်တွင် ရဲကြီးဆိုသူမှာ ရှေ့သို့ ဆက်လက် တက်ရောက်ခြင်း မပြုသေးဘဲ ရပ်လိုက်လေ၏။ ၎င်း၏ နောက်မှ လူရွယ်များကိုလည်း ငြိမ်နေကြရန် ဟန်အမူအယာပြ၍ သတိပေးလိုက်သည်ကို တွေ့ရလေသည်။ ယင်းသို့သော သတိထား၍ သွားလာရသည့် အချိန်မျိုးတွင် စကားပြောခြင်း မပြုကြရန်၊ အတတ်နိုင်ဆုံး အသံမထွက်စေရန် တောင်အောက် ကတည်းကပင် ကြိုတင် တိုင်ပင်ထားခဲ့ကြပြီး ဖြစ်သောကြောင့် ရဲကြီး ဆိုသူ လူရွယ်မှ ဟန်အမူအယာဖြင့် သတိပေးလိုက်ခြင်းပင် ဖြစ်လေ၏။
ရဲကြီးဆိုသူ လူရွယ်မှာ ၎င်းနောက်မှ လူရွယ်များအား ထပ်မံ၍ လက်နှစ်ချောင်း ထောင်ပြကာ ရှေ့ဆီသို့လည်း လက်ညိုးညွှန်ပြလိုက်လေသည်။ နောက်ဆုံးမှ လိုက်ပါလာရသူ ဖိုးလေး ဆိုသူ လူရွယ်မှာ ရဲကြီးပြသည့် ဟန်အမူအယာများအား ရှင်းလင်းစွာ မမြင်ရပေ။ သို့ရာတွင် ၎င်း၏ ရှေ့မှ လူရွယ်မှ ပြန်လည် ပြသလိုက်ခြင်းကြောင့် ကောင်းစွာ သိရှိသွားရလေ၏။
ထိုသို့ဖြင့် ၎င်းတို့သည် ရဲကြီး ဆိုသူ လူရွယ်၏ အရိပ်အယောင်အား ကြည့်၍ စောင့်ဆိုင်းနေကြစဉ်တွင် …
“အမလေးဗျ ….”
ဟူသော အော်သံကြီးသည် ညသန်းခေါင်းယံ အချိန်ကို ထွင်းဖောက်၍ ကျယ်လောင်စွာ ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေ၏။
“ဟေ့ … ဘယ်သူလဲကွ၊ သေချင်လို့လား …”
အဆိုပါ အသံမှာ တောင်ပေါ်ရှိ ရန်အောင်တောင် နံဘေးမှ အသံဖြစ်လေ၏။ ယင်းသို့ တောင်ပေါ်ဆီမှ အသံပေး၍ စိန်ခေါ်လိုက်သော်လည်း လူရွယ်အုပ်စုမှာ တုပ်တုပ်မျှပင် မလှုပ်ကြပေ။ ထိုအခါ တောင်ပေါ်ဆီမှ နေ၍ လူရွယ်အုပ်စု ရှိရာဆီသို့ လှမ်းလျောက်၍ လာသည့် အသံများကို ကြားလိုက်ရလေသည်။
အဆိုပါ ခြေသံမှာ ၎င်းတို့နှင့် အတန်ငယ် နီးကပ်လာသော အခါတွင် ရဲကြီး ဆိုသူမှာ မတ်တပ်ထ၍ ရပ်လိုက်လေ၏။ ၎င်းနောက်မှ လူရွယ်များမှာလည်း ရဲကြီး ကဲ့သို့ပင် ရပ်လိုက်ကြသည်ကို တွေ့ရလေ၏။ ပြီးနောက် ၎င်းတို့သည် ၎င်းတို့ထံ လျောက်လှမ်းလာသော ခြေသံပိုင်ရှင်ဆီသို့ လျောက်လှမ်းသွားကြလေ၏။
“ကျုပ်တို့ ရွက်လှ ရွာသားတွေပဲ။ ခင်ဗျားတို့ကရော ဘာတွေလဲ”
ရဲကြီး ဆိုသူ လူရွယ်မှ ၎င်းတို့နှင့် ခပ်လှမ်းလှမ်းတွင် ရှိနေသော မျက်နှာများအား ပဝါစများဖြင့် စည်းနှောင်ထားသည့် လူနှစ်ယောက်အား ပြောလိုက်ခြင်းပင် ဖြစ်လေ၏။ ထိုအခါ မျက်နှာအား ပဝါစည်းထားသည့် လူတစ်ဦးမှ ရီကျဲကျဲ လေသံဖြင့် ပြန်လည် ပြောဆိုလေ၏။
“ဟ .. တယ်လာတဲ့ လူငယ်ပါလားဟေ့။ ငါတို့ ဘာဖြစ်ဖြစ်ပေါ့ကွာ။ မင်းတို့က အချိန်မတော် ဘာကြောင့် ဒီတောင်ပေါ်ကို ရောက်လာတာလဲ။ သရဲ မကြောက်ဘူးလား”
“ကျုပ်က သရဲကို လူဆိုးလူညစ်လောက် မကြောက်တတ်ဘူးဗျ”
“သတ္တိခဲလေးတွေပါလား ဖိုးကျော်ရေ”
“ဟုတ်ပါသကော ကိုခင်ရေ။ ဒီသတ္တိခဲလေးတွေကို နည်းနည်းလေး ကြောက်တတ်သွားအောင် သင်ပေးရရင် မကောင်းဘူးလားဗျ”
“အင်း .. ငါလည်း ဒါကိုပဲ စဉ်းစားနေတာ … ငါတို့တော့ တယောထိုးတဲ့ သရဲကို မဖမ်းနိုင်သေးတဲ့ အတူတူ ဒီကောင်လေးတွေကိုပဲ ဖမ်းလိုက်ကြရင် မကောင်းဘူး”
ထိုအခါ ရဲကြီးဆိုသူ လူရွယ်မှာ ၎င်း၏ လက်အတွင်းမှ သစ်သားချောင်းအား ကိုင်ဆုပ်၍ ပြသရင်း …
“ဟေ့လူတွေ ခင်ဗျားတို့ ဒါကို ဘာမှတ်နေတုန်း”
ဟူ၍ အသံအား အနည်းငယ်မြှင့်ကာ ပြောလိုက်လေ၏။
“အဲဒါ သစ်သားချောင်းကြီးလေကွာ၊ ငါတို့မှာ မင်းတို့ လက်ထဲက သစ်သားချောင်းတွေထက် ကောင်းတဲ့ဟာ ပါသကွ၊ ဟောဒီမှာ လေကွာ”
ဟူ၍ ဖိုးကျော် ဆိုသူမှာ ၎င်း၏ ခါးကြားတွင် ထိုးထားသည့် သေနတ်အား ထုတ်ယူကာ ပွတ်သပ်၍ ပြောလိုက်လေ၏။ လူရွယ်တစ်စုမှာ အဆိုပါ သေနတ်အား မြင်လိုက်ရသော အခါတွင် တန့်သွားကြလေတော့၏။
+++++++++++++++++++++
ယင်းသို့ ဖိုးကျော် ဆိုသူ မျက်နှာအား ပဝါစ စည်းနှောင်ထားသူမှ ၎င်း၏ ခါးကြားအတွင်းမှ သေနတ်အား ထုတ်ယူကာ လူရွယ်တစ်စုအား ခြိမ်းခြောက်စကား ပြောကြားလိုက်စဉ်တွင် ၎င်း၏ ကျောဘက်မှ အသံတစ်သံသည် ထွက်ပေါ်လာလေတော့၏။ ထိုအသံမှာ လူရွယ်တစ်စုနှင့် မျက်နှာပဝါစ စည်းနှောင်ထားသူ လူနှစ်ဦးတို့၏ လာရင်းကိစ္စဖြစ်သော တယောသံ ပင် ဖြစ်လေတော့၏။
အဆိုပါ တယောသံမှာ လွမ်းဆွေးဖွယ် ကောင်းလှ၏။ ဂီတနှင့် မယဉ်ပါးသူများပင် ထိုတယောသံအား ကြားရသည့် အခိုက်တွင် ငြိမ်သက်ကာ နားဆင် နေကြမည်ဟု ထင်မိလေ၏။ ယခု ကဲ့သို့သော တိတ်ဆိတ်သော ညသန်းခေါင်ယံ အချိန်မျိုးတွင် ကြယ်ရောင်များ ထွန်းလင်းနေသော လွတ်လပ် ကျယ်ပြောသည့် ကောင်းကင်ပြင်ကြီး၏ အောက်တွင် အဆိုပါ တယောသံအား နားဆင်ရသည်မှာ အလုံပိတ် ပြဇာတ်ရုံအတွင်း နားဆင်ရသည်ထက် ပို၍ အနှစ်သာရ ပြည့်ဝပေလိမ့်မည် ဟူ၍လည်း ထင်မြင်မိလေ၏။
ရွက်လှရွာသား လူရွယ်တစ်စုနှင့် မျက်နှာစည်းနှောင်ထားသူ လူနှစ်ဦးတို့သည် တယောသံ ထွက်ပေါ်လာသောအခါတွင် ၎င်းတို့ အချင်းချင်း ပြောဆိုနေကြသည့် ရန်လိုသော စကားများအား ခေတ္တ ရပ်နားလိုက်ကြလေ၏။ ထို့နောက်တွင် ကိုခင် ဆိုသူမှ ဖိုးကျော် ဆိုသူအား တီးတိုး ပြောဆိုလေ၏။
“ဒီကောင်တွေကို သေနတ်နဲ့ မင်း ချိန်ထားလိုက်ဦး၊ ငါ တယောထိုးတဲ့လူကို သွားကြည့်လိုက်မယ်။”
ထိုအခါ ဖိုးကျော် ဆိုသူမှ ၎င်း၏ ဦးခေါင်းအား အသာဆတ်ပြလိုက်ပြီးနောက် ၎င်း၏ လက်အတွင်းမှ သေနတ်ဖြင့် လူရွယ်တစ်စုအား ချိန်ထားလိုက်လေ၏။ ကိုခင် ဆိုသူမှာလည်း ၎င်းတို့၏ ကျောဘက်၊ ရန်အောင် စေတီလေး၏ အရှေ့တောင် ခပ်ယွန်းယွန်းမှ ပေါ်ထွက်လာနေသည့် တယောသံ ကြားရာ အရပ်ဆီသို့ လျှောက်လှမ်းသွားလေတော့၏။
++++++++++++++++
“ဟေ့လူ … ခင်ဗျား လက်ထဲက သေနတ်က အတုလား၊ အစစ်လား”
မိုးကို ဆိုသူ ရွယ်မှ ၎င်းတို့အား သေနတ်ဖြင့် ချိန်ထားသူ ဖိုးကျော် ဆိုသူအား မေးလိုက်ခြင်းပင် ဖြစ်၏။ ထိုအခါ ဖိုးကျော် ဆိုသူမှ …
“အစစ်မှန်း အတုမှန်း သိချင်ရင် မင်းကို အစမ်း ပစ်ပြမယ်လေ၊ မကောင်းဘူးလား၊ ဟား .. ဟား ”
ဟူ၍ ပြောဆိုလိုက်သည်ကို တွေ့ရလေ၏။
“အစမ်းတော့ မပစ်ပြပါနဲ့ဗျာ၊ သေနတ်နဲ့ ပစ်ခံရလို့ သေတဲ့လူဆိုပြီး ရွာထဲမှာ နာမည်ကြီးသွားပါဦးမယ်ဗျ၊ မဟုတ်ဘူးလား ဟေ့ကောင်တို့ရာ”
“အေး .. ဟုတ်တယ် မိုကိုရေ၊ နာမည် ကြီးမယ်ဆိုလည် မင်းတစ်ယောက်တည်း အကြီး မခံနိုင်ပါဘူး။ ငါတို့ပါ ပါမှာပေါ့ကွ”
ယင်းသို့ လူရွယ်တစ်စုမှ ၎င်းတို့ အချင်းချင်း ပြောဆိုလျက် ရှိနေကြစဉ်တွင် ဖိုးကျော် ဆိုသူမှ ပြောလေ၏။
“ဟေ့ကောင်တွေ၊ ယီးတီးယားတား တော့ လုပ်မယ် မကြံကြနဲ့နော့။ ငါ့ လက်ညိုးလေး တစ်ခါကွေးလိုက်ရင် အသက် တစ်ချောင်း ပါတတ်တယ်။ လွယ်လွယ်နဲ့တော့ ပါသွားတယ် မထင်နဲ့ဦး။ မချိမဆန့် ဝေဒနာတွေကို ခံစားရသေးတယ်ဆိုတာလည်း မှတ်ထားဦး .. ဟဲ .. ဟဲ”
“ဒီလိုဆို ခင်ဗျားကို မေးရပါဦးမယ် … ဒီဝေဒနာတွေက မြွေကိုက်ခံရတဲ့ ဝေဒနာတွေလောက် ပြင်းသလားဗျ”
ရဲကြီး ဆိုသူ လူရွယ်မှ ယင်းသို့ မေးလိုက်သော အခါတွင် ..
“ငါ့ကို အဲဒါတွေ လာမမေးနဲ့။ သိချင်ရင် ပစ်ပြမယ်”
ဟူ၍ ပြောဆိုကာ ၎င်း၏ သေနတ် ပြောင်းဝအား ရဲကြီး ဆိုသူ ဘက်သို့ ချိန်ထားလိုက်သည်ကို တွေ့ရလေ၏။ ထိုအခါ ရဲကြီး ဆိုသူ လူရွယ်မှာ ၎င်း၏ လက်အတွင်းမှ သစ်သားချောင်းအား အောက်သို့ ချလိုက်လေ၏။ ပြီးနောက် လက်နှစ်ဖက်အား မြှောက်လိုက်ကာ ..
“ပစ်တော့ မပြပါနဲ့ဗျာ။ ကြောက်ပါတယ်ဗျ။ ကျုပ်က အဲဒီ ဝေဒနာမျိုးကို မခံစားဖူးချင်ပါဘူး။ အဲ … ဒါပေမယ့် .. ဒါပေမယ့်”
ဟူ၍ ၎င်း၏ စကားအား မဆက်သေးဘဲ မျက်နှာစည်းထားသူ ဖိုးကျော် ဆိုသူ၏ နောက်သို့ ကြည့်လိုက်ကာ ..
“ခင်ဗျားတော့ဖြင့် မြွေကိုက်ခံရတဲ့ ဝေဒနာကို ခံစားရတော့မယ် ထင်တယ်။ ခင်ဗျားရဲ့ နောက်မှာ မြွေဟောက်ကြီး …”
ဟူ၍ ပြောလိုက်လေရာ ဖိုးကျော် ဆိုသူမှာ အတန်ငယ် လန့်သွားပြီးနောက် ၎င်း၏ နောက်သို့ ဆတ်ခနဲ လှည့်ကြည့်လိုက်လေတော့၏။ ထိုအခိုက်တွင် မိုးကို ဆိုသူ လူရွယ်မှာ ၎င်း၏ လက်အတွင်း ကိုင်ဆောင်ထားသော သစ်သားချောင်းဖြင့် ဖိုးကျော် ဆိုသူ၏ သေနတ်ကိုင်ထားသော လက်ဆီသို့ ပစ်ပေါက်လိုက်လေ၏။
“ဒုတ် ……… ခွပ် …….. အ ….”
အဖြစ်အပျက်မှာ မြန်ဆန်လှ၏။ သစ်သားချောင်းမှာ ဖိုးကျော် ဆိုသူ၏ လက်ကောက်ဝတ်အား ထိမှန်ကာ သေနတ် မှာလည်း မြေသို့ ပြုတ်ကျသွားလေ၏။ ထိုအချိန်နှင့် အံကိုက်ပင် လက်ကို မြှောက်ထားသော ရဲကြီးမှ ဖိုးကျော် ဆိုသူထံ ပြေးသွားကာ ၎င်း၏ ခြေထောက်ဖြင့် မြေပေါ်မှ သေနတ်အား ဖိနင်းရင်း ဖိုးကျော် ဆိုသူ၏ မျက်နှာအား ၎င်း၏ ခေါင်းဖြင့် တိုက်ချလိုက်လေ၏။ ကျန်လူရွယ် လေးယောက်မှာလည်း ရဲကြီးနှင့် မရှေးမနှောင်းပင် ရောက်လာပြီးနောက် ဖိုးကျော် ဆိုသူအား ချုပ်ထားလိုက်လေတော့၏။
“ဟေ့ကောင် .. သူ့ မျက်နှာဖုံး ဆွဲချွတ်လိုက်ကွာ။ ဘယ်သူလဲ သိရအောင်”
ယင်းသို့ ရဲကြီး ဆိုသူမှ ပြောလိုက်သော အခါ ငအောင် မှ ဖိုးကျော် ဆိုသူ၏ မျက်နှာတွင် စည်းနှောင်ထားသော ပဝါစ အား ဖြတ်ခနဲ ဆွဲယူကာ ဖြုတ်ချလိုက်လေ၏။ ထိုအခါ လူရွယ်များမှာ ဖိုးကျော် ဆိုသူ၏ မျက်နှာအား အသေအချာ ကြည့်ရှုလိုက်ပြီးနောက် …
“ဟာ … ဒါ .. ငါတို့ရွာကို လာလာတောင်းနေတဲ့ သူတောင်းစား မဟုတ်လားကွ။ တော်တော် ရိုင်းတာပဲကွာ”
ဟူ၍ အချင်းချင်း ပြောဆိုကြလေ၏။ ထိုအခိုက်တွင် …
“ဟုတ်ပါတယ်ကွာ။ မင်းတို့ရွာထဲဝင်ပြီး တောင်းစားနေတဲ့ သူတောင်းစားပါပဲ။ ဒါပေမယ့် သူတောင်းစား အစစ်တော့ မဟုတ်ဘူး။ တကယ်က ဓားပြကွယ့်”
ဟူသော အသံတစ်သံသည် လူရွယ်တစ်စုနှင့် ခပ်လှမ်းလှမ်းဆီမှ ထွက်ပေါ်လာလေ၏။ လူရွယ်များမှာ အဆိုပါ အသံပိုင်ရှင်အား အထူးအဆန်း သဖွယ် ကြည့်ရှုလိုက်လေ၏။ တစ်ယောက်သော သူရွယ်မှ ထိုအသံပိုင်အား ရိုးရိုး မြင်ရရုံဖြင့် အားမရသည့်ဟန်ဖြင့် ဓါတ်မီးအလင်းဖြင့် ကြည့်ရှုလိုက်သည်ကိုလည်း တွေ့ရလေ၏။
“ခင်ဗျားက ဘယ်သူတုံး။ ခင်ဗျားကို ကျုပ်တို့လည်း မမြင်ဖူးပါလားဗျ”
“ငါ့ နာမည် ဗြဟ္မာမောင်မောင် လို့ ခေါ်တယ်။ ဒီလို ကောင်မျိုးတွေကို ကန့်လန့် တိုက်တတ်တဲ့ လူတစ်ယောက်ပဲ ဆိုပါတော့ကွာ”
“နေစမ်းပါဦးဗျ။ ခင်ဗျားက စုံထောက်လား”
“မင်းတို့ ထင်သလို ထင်လိုက်ကြပေါ့ကွာ။ ဒါနဲ့ တောင်အောက်မှာ မင်းတို့ သူကြီးရယ်၊ ဘသာအောင်ရယ်၊ ရွာသားတွေရယ် စောင့်နေကြလိမ့်မယ်။ မင်းတို့ သူ့ကို ထမ်းခေါ်ပြီး သွားလိုက်ကြ။ ငါလည်း တစ်ယောက်ကို သယ်ခဲ့ရဦးမယ်”
ဟူ၍ ပြောဆိုပြီးနောက် ဗြဟ္မာမောင်မောင် ဆိုသူမှာ ထွက်ခွာသွားလေ၏။ လူရွယ်တစ်စုမှာလည်း ၎င်းတို့ ဖမ်းမိထားသော ဖိုးကျော် ဆိုသူအား ဆွဲခေါ်ကာ တောင်အောက်သို့ ဆင်းသွားကြလေတော့၏။ ရန်အောင်တောင် အောက်သို့ ရောက်သောအခါတွင် ရွက်လှ ရွာသူကြီး၊ အဖိုးကြီး ဦးသာအောင်နှင့်အတူ ရွာသား ဆယ်ယောက်ခန့်ကို တွေ့ရလေ၏။ ထို့ထက် အခြားသော လူသုံးဦးကိုလည်း တွေ့ရလေ၏။
လူရွယ်တစ်စုသည် ၎င်းတို့ ဆွဲခေါ်လာသော ဓါးပြဆိုသူ ဖိုးကျော် အား သူကြီးတို့၏ လက်အတွင်းသို့ အပ်လိုက်ကြလေ၏။ လူရွယ်တစ်စုနှင့် မရှေးမနှောင်းမှာပင် ဗြဟ္မာမောင်မောင် ဆိုသူမှာလည်း ရောက်ရှိလာပြီးလျှင် ၎င်း၏ ပုခုံးထက် ထမ်းလာသော သတိမေ့နေသည့် လူတစ်ဦးအား သူကြီး၏ ရှေ့သို့ ဝုန်းခနဲ ပစ်ချပေးလိုက်လေ၏။ ယင်းနောက် ဗြဟ္မာမောင်မောင် ဆိုသူမှ ဤသို့ ပြောလေသည်။
“ကဲ .. သူကြီး၊ ဒီငါးယောက်ကို ပုလိပ်လက်ကို သွားအပ်လိုက်ကြပါ။ ပုလိပ်က ဘယ်သူတွေလဲလို့ မေးခဲ့ရင် “ကြောင်နက် အုပ်စုပဲ” လို့ အဖြေပေးလိုက်ပါ။ ကျုပ် တာဝန် တစ်ခုတော့ဖြင့် ပြီးသွားပြီ။”
ယင်းသို့ ပြောလိုက်သောအခါ လူရွယ်တို့မှ မေးမြန်းကြလေ၏။
“ဒါနဲ့ တစ်ခုလောက် မေးချင်လို့ပါ။ တောင်ပေါ်မှာ တယောထိုးတာက ခင်ဗျားလားဗျ”
“ဟုတ်ပါတယ် ငါ့ညီတို့ရဲ့။ ဘာလဲ ..။ မင်းတို့က ဥစ္စာစောင့်တို့၊ သရဲတို့ ဆိုတာတွေ ထင်နေလို့လား”
“အဟဲ … ဟုတ်တယ်ဗျ။ ဒါကြောင့် ဒီနေ့ည လာချောင်းကြည့်တာပါ”
“ဒီတယောသံရဲ့ ရည်ရွယ်ချက်က ငါ့ညီတို့ အတွက် မဟုတ်ဘူးကွ။ ဟောဒီက ကြောင်နက် အုပ်စု အတွက်ပဲ။ ဒီကောင်တွေက ရွာတွေကို လိုက်ပြီး ဓါးပြတိုက်နေတဲ့ ကောင်တွေ။ ဓါးပြ ဆိုပေမယ့် ပေါ့သေးသေး ဓါးပြတွေတော့ မဟုတ်ဘူး။ ဟိုက မေ့နေတဲ့ လူဆိုရင် အတော် နပ်တဲ့လူပဲကွ”
ယင်းတို့ဖြင့် သူကြီးနှင့် ရွာသားများမှာ “ကြောင်နက်အုပ်စု” ဓါးပြများအား ပုလိပ်လက်သို့ အပ်နှံရန် ထွက်ခွာသွားကြလေ၏။ သူကြီး၏ မှာကြားချက်အရ လူရွယ်တစ်စုသည်လည်း ရွာဆီသို့ ပြန်သွားကြလေ၏။ အဖိုးကြီး ဦးသာအောင်နှင့် ဗြဟ္မာမောင်မောင် ဆိုသူတို့မှာ ဦးသာအောင်၏ တဲကလေးဆီသို့ လျှောက်လှမ်းသွားကြလေ၏။
“မောင်ရင်ရဲ့ အကြံအစည်တွေကတော့ အံ့မခန်းပါပဲ။ ကွက်တိကို ဖြစ်နေတော့တာပါပဲလားကွယ့်”
“အဲဒီလောက်လည်း မဟုတ်သေးပါဘူး ဘသာအောင်ရယ်။ ကျုပ်က ဖြစ်နိုင်ချေ ရှိတာတွေကို တွေးပြီး လှုပ်ရှားရတာပါ”
“ဒါနဲ့ မောင်ရင်ကို မေးရပါဦးမယ်။ မနက်ဖြန် ညကျရင်ရော တောင်ပေါ်တက်ပြီး တယောထိုးဦးမှာလား”
“တောင်ပေါ် တက်စရာ မလိုတော့ပါဘူး ခင်ဗျာ။ တယော ထိုးမယ့်ထိုးတော့ ဘသာအောင်ရဲ့ တဲကလေး အရှေ့ ကွပ်ပျစ်လေးပေါ်မှာပဲ အေးအေးလူလူ ထိုးတော့မယ်ပေါ့ဗျာ .. အဲဒါဆို ဘသာအောင်လည်း နီးနီးကပ်ကပ် နားထောင်လို့ ရတာပေါ့”
“ဟာ .. ဟုတ်တယ်။ အဲဒါ ပိုကောင်းတယ်။ ဟား .. ဟား … ဟား …”
အဖိုးကြီး ဦးသာအောင်မှ ယင်းသို့ ဗြဟ္မာမောင်မောင်၏ စကားအား သဘောကျစွာ ရီမောလိုက်သကဲ့သို့ ဗြဟ္မာမောင်မောင်မှာလည်း အဖိုးကြီး ဦးသာအောင်အား ကြည့်ကာဖြင့် ၎င်း၏ မျက်နှာတွင် ပြုံးယောင်သန်းလာသည်ကို ညခင်း ကြယ်အလင်းဖြင့် ခပ်ရေးရေး မြင်တွေ့လိုက်ရလေတော့သတည်း ……..။
ပြီးပါပြီ ………။
လာရောက် ဖတ်ရှုသူ အပေါင်းကို ကျေးဇူး တင်ရှိပါ၏ ….။
ရေးသားသူ – မဟာရာဇာ အံစာတုံး
+++++++++++++++++++++++++++++++++
18 comments
weiwei
November 26, 2012 at 1:12 pm
ဇာတ်သိမ်းခန်းကို တဝကြီးဖတ်လိုက်ရလို့ ကျေးဇူးတင်ပါတယ် …
ဒီလိုဖြစ်လိမ့်မယ်လို့ သိပြီးသားဖြစ်ပေမယ့် အရေးအသားစွဲဆောင်အားကောင်းလို့ ရင်တထိတ်ထိတ်နဲ့ ဖတ်လိုက်ရပါကြောင်း …
မဟာရာဇာ အံစာတုံး
November 26, 2012 at 2:13 pm
အန်တီဝေ ခင်ဗျာ …
ပထမဆုံး ကွန်မန့်အတွက် ကျေးဇူးပါ …
အရေးအသား စွဲဆောင်အားကောင်းတယ် .. ဆိုတာဂျီးဂဒေါ့ ..
အဟီး … ဟုတ်လောက်ဘာဘူး ခည …
အနော်က အာပလာ ကောင်မို့ပါ ..
မင်းနန္ဓာ
November 26, 2012 at 1:49 pm
ကြောင်နက်အုပ်စု နဲ့ ကြောင်ဝတုတ်ဂိုဏ်းနဲ့ ဆက်စပ်များနေမလား.. :hee:
အားပေးသွားတယ်ဗျို့
Mon Kit
November 26, 2012 at 1:54 pm
ဒီတစ်ခါတော့ လှပပြီး ပြီးပြည့်စုံတဲ့ ဇာတ်လမ်းလေးပါဘဲ…
ဒါပေမဲ့ ဗြဟ္မာမောင်မောင် အကြောင်း နည်းနည်းလေးပြောပြရင် ကောင်းမယ်ထင်တယ်…
:hee:
မဟာရာဇာ အံစာတုံး
November 26, 2012 at 2:17 pm
@မင်းနန္ဓာ …
မင်းနန္ဓာ ဆိုတော့လည်း ..
အင်း .. မင်းနန္ဓာ .. ပေါ့နော် ..
ကြောင်နက်အုပ်စုနဲ့ ကြောင်ဝတုတ်နဲ့က တစ်ဂိုဏ်းထဲရယ် ..
အိုက်လူဂျီးကို ဖမ်းဖို့ ဆိုပြီး ဝရမ်း ထုတ်ထားတယ်လို့လည်း ကြားမိတယ် ..
ဖမ်းမိရင် .. ဆုတော်ငွေ .. ဆယ်သိန်း ဆိုလားပဲ ..
++++++++++++++
@ Mon Kit
အားပေးလို့ ကျေးဇူးပါဗျား …
ဗြဟ္မာမောင်မောင် အကြောင်းကို ပြောပြမှာပါဗျား ..
ဂယ်က နောက်ထပ် ရေးဖို့အတွက် ဂွင်ဆင်ပြီး ထည့်လိုက်ဒါပေါ့လို့ .. အဟီးးးး
Mon Kit
November 26, 2012 at 2:37 pm
အော.အော.. လူဇိုးဘဲ….. :hee:
kyeemite
November 26, 2012 at 3:50 pm
ဇတ်သိမ်းသွားပြီကိုး… နောက်တစ်ပုဒ်မျှော်နေမယ်ဟေ့..
ခင်တဲ့… :hee:
Novy
November 26, 2012 at 3:58 pm
ခြောက်မျက်နှာရေ.
ဇာတ်သိမ်းပိုင်းကို အားရပါးရအားပေးသွားတယ်
koyinmaung
November 26, 2012 at 5:34 pm
အံစာတုန်းရေ…ဇာတ်လမ်းအစအဆုံးအားပေးသွားပါတယ်
ကဲကဲ..နောက်တပုဒ်စောင့်မျော်နေပါတယ်နော့…..
candle .
November 26, 2012 at 5:57 pm
သကြားပုလင်းအံစာ ရေ ..ဇာတ်သိမ်းပိုင်းမျှော်ရတာကြာပေမဲ့ တင်လာတော့လည်း အများကြီးမို ့ကျေနပ်စွာ အားပေးသွားရင်း….နောက်ဇာတ်လမ်းတစ်ပုဒ်အမြန်တင်နော်….
မောင်ပေ
November 26, 2012 at 7:38 pm
လက်စသတ်တော့ အဲဒီလိုကိုး
ဘယ်လို ဇါတ်သိမ်းမလဲ လို ့စောင့်နေတာ
တစ်ခါမှ မသိခဲ့တာကို ရေးပြသွားတာပဲ
ကောင်းပဗျာ
ရှိသေးရင် များများရေးပါ
pooch
November 26, 2012 at 8:22 pm
ပထမပိုင်းက ပိုဆွဲဆောင်နိုင်တယ်။ နောက်ပိုင်းက ကြိုသိနေတယ် အဲ့လိုလာမယ်ဆိုတာ ။ နောက်ခါကျရင် မထင်မှတ်တဲ့ထောင့်ကနေ ဇာတ်သိမ်းကြည့်ပါ့လား။
နောက်ပြီး ဇာတ်လမ်းတွေဆို ဆက်တိုက်တင်ပေးပါအေ။
စောင့်ဖတ်လိုက်တော့ ဇာတ်ရှိန်လျော့သွားလို့ ။
ခြုံကြည့်လိုက်တော့ ဖတ်လို့ကောင်းပါတယ်။ 😀
surmi
November 27, 2012 at 10:22 am
ကျုပ်ထင်တာ တက်တက်စင်အောင်လွဲပါပေါ ့လား ကိုရင်အံ ရေ
ဟဲ ဟ ဲ နောက်ဆိုဇတ်ကိုမမှန်းရဲတော ့ဝူးးးးးးးးးး
ကောင်းပါလေ ့ဗျာ ……….နောက်တစ်ချီ ကိုစောင် ့နေပြီဗျို ့ ………
Hnin Hnin
November 27, 2012 at 2:24 pm
စ-ဆုံး ၂ရက်ခွဲ ဖတ်သွားပါတယ်…ဖတ်လို့ကောင်းတယ်နော်..
အပိုင်း ၃ပိုင်းလောက်နဲ့ရက်သိပ်မခြားဘဲတင်ရင် ဇာတ်ရှိန်မလျော့ဘဲ ပိုဆွဲဆောင်နိုင်မှာပါ…
ဇာတ်သိမ်းကလည်း မျှော်လင့်ထားတဲ့အတိုင်းပဲ….
တယောထိုးတဲ့လူက လူပဲဖြစ်ရမယ် ဆိုတာလေးပါ…. 🙂
ကြည်ဆောင်း
November 27, 2012 at 4:13 pm
ဒီတစ်ခါဆုံးအောင်ရေးပေးလို့ ဆုံးအောင်တော့ဖတ်လိုက်ရသား …
Mr. MarGa
November 27, 2012 at 5:50 pm
အော်
ဗြဟ္မာမောင်မောင် ဆိုတာ သူလား
သူက ဒီမှာမပေါ်ခင်ကတည်းက ဝေဇယန္တာမှာ လာအော်သွားပြီ
မှတ်ချက်။ ။ ဝေဇယန္တာ= ဦးမာဃ၏ နတ်နန်း
မဟာရာဇာ အံစာတုံး
November 27, 2012 at 7:07 pm
@ဦးကြီးမိုက်
ဟုတ်ကဲ့ ….
ဇာတ်သိမ်းတွားဘာဘီ ခညာ …
နောက်တစ်ပုဒ် မျှော်နေမယ်ဆိုလို့လည်း ဝမ်းသာရပါရဲ့ ခညာ ..
@မနိုဗွီ
အားပါးတရ အားပေးသွားလို့
ကျေးဇူးပါ ခညာ …
နောက်များလည်း လာရောက်ပြီး အားပေးတော်မူပါဦးလို့ ..
@ကိုရင်မောင်
နောက်တပုဒ် မျှော်မနေနဲ့ဦး …
မမယ်မ က မျှော်နေပီ …
နောက်တာပါ ခညာ ..
အားပေးသွားလို့ ကျေးဇူးပါ …
@Candle.
ဟုတ်ကဲ့ပါ ခဗျာ …
ကျနော့်ရဲ့ ဇာတ်လမ်းပို့စ်တွေကို
တခုတ်တရ အားပေးသွားတဲ့ Candle ကို
ကျေးဇူးပါလို့ …
နောက်တစ်ပုဒ်လည်း မြန်မြန် တင်ပါမယ်လို့ …
@ရောင်းရင်းကြီး
ဟုတ် .. ဒီလိုပါ …
ဘယ်လို ဇာတ်သိမ်းမလဲလို့ စောင့်နေတာ ဆိုတာကို
သိရလို့လည်း ဝမ်းသာမိပါရဲ့ဗျာ …
ကျေးဇူးပါ ရောင်းရင်းကြီး ခညာ ..
@ဂျီးဒေါ်ပုချ်
ဟုတ်ကဲ့ပါ အမ ခင်ဗျာ ..
နောက်တစ်ပုဒ်ကျရင် မထင်မှတ်တဲ့ ထောင့်ကနေ
ဇာတ်သိမ်းဖို့ ကြိုးစားကြည့်ပါ့မယ်
ခုလို အကြံပြုတဲ့ အမပုချ် ကို ကျေးဇူးပါ …
@ဦးဆာမိ
ခညားက ဘီလို ထင်လို့တုန်းဂျ ..
အဲ… စကားမစပ် ..
အားပေးတဲ့လူတွေ ရှိနေတာ ..
ကျုပ် စာအုပ် ထုတ်လိုက်ရင်တောင် ကောင်းမလားလို့ …
ကျေးဇူးပါ ဦးဆာမိကြီး …
@နှင်းနှင်း
နှစ်ရက်ခွဲတောင် ဖတ်သွားတာလားဗျ …
နောက်ခါကျရင် ရက်မခြားနိုင်အောင်
ကြိုးစား ရေးသားပါ့မယ် ခင်ဗျာ ..
အားပေးသွားလို့ ကျေးဇူးပါနော့ …
@ကြည်ဆောင်း
အဟဲ …
ဒီတစ်ခါလည်း တိုးလို့တန်းလန်း ထားရင်
ကျုပ်ကို ဝိုင်းဆော်ကြတော့မယ် ထင်တယ် ..
ဒါကြောင့် ကြောက်ကြောက်နဲ့
ပြီးအောင် ရေးလိုက်ရတာ ..
ကျေးဇူးပါ ..
@ဦးမာဃ
ဦးမာဃကြီးက မှတ်မိသားဗျ …
အဲဒီတုန်းက နာမည်လေးကို လာပြီး မိတ်ဆက်တာပေါ့ဗျာ ..
အားပေးသွားလို့ ကျေးဇူးပါ ခင်ဗျာ ..
အားလုံးကို ချစ်တဲ့ …
အံစာတုံး
ဦးကြောင်ကြီး
November 28, 2012 at 11:24 am
ဟာဂျာ… တကဲ့သရဲမှတ်လို့ ဦးခိုင်ကို ထေ့ဖို့အကွက်ရပီမှတ်တာ လူဇိုး အရက်သမား ဆေးသမား ကစော်သား… :kwi: