ကြွေရောင်အိပ်မက်အပိုဒ်ခွဲ

koyin sithuNovember 26, 20121min17413

ညစ်ပေဟောင်းနွမ်းပြီး ဝတ်ဖို့လုံးဝမသင့်လျော်တော့သော တီရှပ်အကျီအညံ့စားတစ်ထည်နှင့် ကွာတားဘောင်းဘီးတစ်ထည်ကိုဝတ်ရင်း အရှက်နဲ့အသက်ကို ကာကွယ်ခဲ့တဲ့ ကျွန်တော်ဟာ “အဆင်ပြေခြင်း” ဆိုတဲ့ ဝေါဟာရကိုတောင် မေ့လျောစပြုနေပါပြီ။ ကျွန်တော်တစ်ယောက်တည်း ဒီလိုဖြစ်နေတာတော့ မဟုတ်ပါဘူး။ နောက်တစ်ယောက်လည်းရှိပါတယ်သေးတယ်။ ကျွန်တော် ပြောတဲ့ နောက်တစ်ယောက်ဆိုတာ လူမဟုတ်ပဲ ခွေးတစ်ကောင်ဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ချစ်ခင်ဖို့ကောင်းတဲ့ ရဲဘော်ရဲဘက်ကောင်း တစ်ယောက်ပါ။ သူ့နာမည်ကို ဂျက်ကီ၊ စနိုဘီတို့လို ဘိုဆန်ဆန် မပေးပဲ ကျွန်တော်ကတော့ အဲ့ဒီအကောင်ကို ဖိုးသားလို့ လွယ်လွယ်ကူကူခေါ်ပါတယ်။ လမ်းဘေးတစ်နေရာကနေ ကျွန်တော် ကောက်ယူမွေးစား ထားတဲ့ ဖိုးသားဆိုတဲ့ ခွေးဟာ ကိုယ်ပေါ်မှာ အမွှေးအလွန်ထူပါတယ်။ (အမွှေးထူတယ်ဆိုတာ လူတစ်ယောက်အတွက် မကောင်းပေမယ့် ခွေးတစ်ကောင်အနေနဲ့တော့ အလွန်ကောင်းပါတယ်) အမွှေးထူတဲ့ ကျွန်တော့် ဖိုးသားရဲ့ အရေးပြားပေါ်မှာ သန်းတွေဟာ စပေါ်မပေး၊ လခမပေးပဲ နေထိုင်ကြပါတယ်။

တခါတလေ သန်းယားလာတဲ့အခါမှာ ပလက်ဖောင်းပေါ်မှာ သူ့ရဲ့ကျောကို ပွတ်သပ်နေပုံများ မြင်မကောင်းလှပါဘူး။ တကယ်တော့ အားလုံးကို မြင်မကောင်လှဘူးလို့ ပြောပေမဲ့ အထူးသဖြင့်တော့ မိန်းမလှလှလေးတွေအတွက် အမြင်မတော်ချင်စရာပါ။ သို့ပေမဲ့ ဖိုးသားဟာ ကျွန်တော့်ရဲ့ မိတ်ဆွေရင်းချာကြီး ဖြစ်တယ်မဟုတ်လား။ ဒီကောင်ကြီးနဲ့ တွဲသွားတွဲလာလုပ်ရတာပေါ့ဗျာ။ အဲ့ဒီနေ့က ကျွန်တော်တို့ တစ်ကောင်နဲ့ တစ်ကောင် လမ်းလျှောက်ရတာမောလွန်းလို့ ပန်းခြံတစ်ခုထဲကို ဝင်ထိုင်ဖြစ်ကြပါတယ်။

ပထမတော့ ဖိုးသားဟာလည်း သစ်ပင်အရင်းအောက်မှာ ကောင်းကောင်းမွန်မွန်ပဲ ဝပ်ဆင်းအနားယူနေတာပေါ့။ ကျွန်တော်လည်း ဒီကောင်ကြီး ဘေးမှာ ခပ်တည်တည်နဲ့ ဝင်ထိုင်ပြီး ပတ်ဝန်းကျင်ကို မျက်စိအစာကျွေးထား ပါတယ်။ ပန်ခြံဆိုတော့ ထုံးစံအတိုင်းပဲ အတွဲတွေ ဟိုဟိုသည်သည် ရှိတာပေါ့လေ။ ကျွန်တော့် အာရုံတွေက ထီးအနီတစ်လက်ကွယ်ထားတဲ့ စုံတွဲတစ်တွဲ အပေါ်အာရုံရောက်နေတုန်း ဖိုးသားဟာ သူ့ကျောပေါ်က သန်းတွေကို သစ်ပင်အရင်းက အမြစ်တွေနဲ့ ပွတ်တိုက်ပြီး လျှာနဲ့ပါ ယက်ပြီး အပြင်းအထန် တိုက်ခိုက်နှိမ်နှင်းနေပါလေရော။ ကျွန်တော်ကတော့ မသိဘူးလေ။ အာရုံတွေက ထီးအနီစုံတွဲထံ ရောက်နေတာကိုး။

ဒီမှာတင် ကတော်ဖြစ်ဖို့ အလားအလာကောင်းတဲ့ အမျိုးသမီး အုပ်စုဟာ ကျွန်တော်ရှေ့ထံဖြတ်သွားပြီး အရှက်သည်းတဲ့ မျက်နှာတွေနဲ့ ပွစိပွစိ ရေရွတ်ကြပါရော။ ကျွန်တော်ဆီကိုလည်း မျက်စောင်းလှလှလေး တွေရောက်လာပါတယ်။ မျက်စောင်းလှလှတွေ မကြာခဏပို့လွှတ်ပြီး နှုတ်ခမ်းဖူးဖူးလေးတွေနဲ့ ပွစိပွစိ ဖြစ်နေတဲ့ မိန်းကလေးအုပ်စုဟာ ကျွန်တော့်အတွက်တော့ နည်းနည်းထူးခြားနေတာပေါ့။ ရုတ်တရက် ကျွန်တော် သတိဝင်လာပါတယ်။ သာမန်အခြေအနေတစ်ရပ်မဟုတ်မှန်း ကျွန်တော် သတိပြုမိတဲ့အခါ ဘေးက ဖိုးသာကို တွေ့တာပဲ။ အမွှေးထူပေါ်က သန်းတွေကို အပြင်းအထန် လှိမ့်ပြီး လျှာနဲ့ သွားနဲ့ပါ တိုက်ခိုက်နေတဲ့ပုံပါ။

ရုတ်တရက် ကျွန်တော် သူမတို့အုပ်စုကို အကြီးအကျယ်အားနာသွားပါတယ်။ အုပ်စုကတော့ လေးယောက်ပါ။ ဒါပေမဲ့ ကျွန်တော် အခုလောလောဆယ်လုပ်ရမှာက သန်းယားနေတဲ့ ဖိုးသားကို ပုံမှန်အနေအထား ပြန်ရောက်အောင် လုပ်ဖို့ပါပဲ။ မိတ်ဆွေတို့ စဉ်းစားကြည့်လေ ခွေးတစ်ကောင် မဖွယ်မရာဖြစ်နေတာကို ဘေးမှာရှိတဲ့ သခင်က လျစ်လျူရှူပြီး ထီးအနီရောင်အောက်က အတွဲကို ခပ်ပြောင်ပြောင် ချောင်းကြည့်နေပုံက ဘယ်လိုနည်းနဲ့မှ ကဗျာမဆန်ပါဘူး။ ကျွန်တော် တွေးရင် ဒေါသထွက်လာပြီး ဖိုးသား ကို ခပ်ပြင်းပြင်း နှစ်ချက်ဆောင့်ကန်လိုက်ပါတယ်။  နှစ်ချက်ပါ။

“ကဲကွာ.. ကဲကွာ…” ဖိုးသားကလည်း ပြန်အော်ပါတယ်.. “ကိန်… ကိန်…” ဖိုးသားအော်သံကြားတော့ တစ်ဖက်ကို မျက်နှာလွှဲထားတဲ့ ကောင်မလေးအုပ်စုဟာ လှည့်ကြည့်ရှာပါတယ်။

ကျွန်တော်ကတော့ စစ်နိုင်လိုက်တဲ့ စစ်သူကြီးရဲ့ ဝံ့ကြွားခြေလှမ်းတွေကိုသုံးကာ သူမတို့ အုပ်စုဆီကို လျှောက်လှမ်းသွားပြီး ကောင်မလေးလေးယောက်ကို တစ်ယောက်ချင်းစီ သေချာကြည့်ဖြစ်ခဲ့တယ်။ လေးယောက်မြောက်ကောင်မလေးကို မြင်ပြီးချိန်မှာတော့ ကျွန်တော့်အကြည့်တွေဟာ သူမဆီကို တဒင်္ဂမျှ ရပ်တန့်သွားပါတယ်။ သူမကလည်း ကျွန်တော့်ကို မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ပြန်ကြည့်နေလေရဲ့။ မျက်နှာလေးကလည်း ကြည်သာလိုက်တာ။ သူမနားသယ်စပ်နားက ပါးပေါ်ကို ဝဲကျနေတဲ့ ဆံနွယ်လေး လေးငါးခြောက်ပင်ဟာ ကျွန်တော်ရဲ့ အဆုပ်လိုက် အဆုပ်လိုက်ပွင့်နေတဲ့ အသက်ရှူပွင့်တွေကို လှပစေပါတယ်။ သူမအသားအရည်နဲ့ လိုက်ဖက်မယ်လို့ ထင်စရာရှိတဲ့ ကြွေရောင်ဝတ်စုံလေးကိုလည်း ဝတ်ဆင်ထားပါသေးတယ်။

သေချာပါပြီ။ အဲ့ဒီကြွေရောင်ဝတ်စုံနဲ့ ကောင်မလေးဟာ ကျွန်တော်ရဲ့ ငရုတ်ချဉ်မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ရောက်လာတဲ့ ပေါက်စီမလေးဆိုတာပါပဲ။ တကယ်ဆို ဖြစ်သင့်တာက ငရုတ်ချဉ်တွေနဲ့ ပေါက်စီလေးကိုတို့ပြီး ဆာလောင်နေတဲ့အစာအိမ်ထဲကို အလျင်စလိုပဲ သွင်းလိုက်သင့်တာပါ။ ဒါပေမဲ့ ပေါက်စီမလေးရယ်… မင်းကို ငရုတ်ချဉ်တွေနဲ့လည်း မတို့ရက်တော့ပါဘူး။ စားဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်တော့ဘူးလေ။ မင်းလေး ခြောက်သွေ့မာတောင်တဲ့အထိတိုင်အောင် ငါ မြတ်နိုးပေးပါ့မယ်ကွယ်။ ဘာလို့လဲဆိုတော့ မင်းဝတ်ဆင်ထားတဲ့ ကြွေရောင်ဝတ်စုံနဲ့ ဒီကောင်ဝတ်ဆင်ထားတဲ့ အဖျင်းစား တီရှပ်တစ်ထည် တန်ဖိုးက ကွာခြားနေလွန်းလို့ပါ။

ကျွန်တော့် အတ္တတွေဟာ တောင်ကုန်းမြင့်မြင့်ပေါ် ရောက်သွားတဲ့ ပန်းနုရောင် ချယ်ရီသစ်ပင်တွေ ဖြစ်သွားသလိုပါပဲ။ ခြွေချခြင်းနဲ့ ကြွေကျခြင်းကို ကွဲကွဲပြားပြား နားလည် သိဖို့တော့လိုတာပေါ့။ လမ်းရွေးမှားစရာမလိုပါဘူး။ အရက်မူးသမားတစ်ယောက်ရဲ့ အမြည်းဟာ ဘယ်နည်းနဲ့မှ ပေါက်စီတစ်လုံးမဖြစ်သင့်ဘူးလေ။ ကြက်လျှာတွေပေါ်မှာပဲ အစွန်းမထွက်အောင် ငါနေထိုင်တော့မယ်လို့ ဆုံးဖြတ်ခဲ့ရပြီ ပေါက်စီမလေးရေ။ ရုတ်တစ်ရက် သူမဆီက စကားတစ်ခွန်းထွက်ကျလာပါတယ်။

“ ဘာကြည့်နေတာလဲ.. အူကြောင်ကြောင်နဲ့…”

“ဟိုလေ…ဟို… တောင်းပန်မလို့ပါ။”

“ဘာတောင်းပန်မှာလဲ.. ရှူပ်ရှူပ်ယှက်ယှက်နဲ့”

“ဖိုးသားကိစ္စကိုပါ”

အဲသလိုပြောပြီး ပုံမှန် အနေအထားပြန်ရောက်နေတဲ့ ဖိုးသားရှိရာကို လက်ညှိုးထိုးပြလိုက်ပါတော့ စောစောက ဖိုးသား မြင်ကွင်းကို သတိရလာပြီး ရှူးရှူးရှဲရှဲ  နဲ့ မြည်တွန်တောက်တီးပြီး ကျွန်တော့်ရှေ့ကနေ ထွက်ခွာ သွားပါလေရော။ ခုနက သူမဆိုတာ ကျွန်တော်ဘယ်သူမှန်းမသိပေမယ့် အခုတော့သူမဆိုတာ ကျွန်တော်သိရပါပြီ။ သူမဆိုတာ ကြွေရောင်ဝတ်စုံ ဝတ်ထားတဲ့ ကောင်မလေးပေါ့ဗျာ။ သူမအုပ်စုရဲ့ မြည်တွန် တောက်တီးသံတွေထဲမှာ အောက်တန်းစားဆိုတာပါတယ်။ ကလေကချေဆိုတာပါတယ်။ သူတောင်းစားဆိုတာ ပါတယ်။

ကျွန်တော့်အတွေးထဲမှာတော့ ကြွေရောင်ကောင်မလေးနဲ့ ပတ်သက်ပြီး အဲသလို မိုက်မိုက်ရိုင်းရိုင်းတွေမပါပါဘူး။ အချစ်ဆိုတာပါတယ်။ ဖြူစင်စွာဆိုတာပါတယ်။ ဒါလောက်ပါပဲ။ ဒါပေမဲ့ ကြွေရောင်ကောင်မလေးရယ် မင်းနားဆင်ဖို့။ ဒေါသတကြီး စိတ်ဆိုးရင်ခုန်ဖို့ LOVE နဲ့တန်ဆာဆင်ထားတဲ့ ဝါကျတစ်ကြောင်တော့ ဒီကောင့်ပါးစပ်က ထွက်မလာတာသေချာပါတယ်။ အဲ့ဒါကို မင်းနားလည်တတ်ခဲ့မယ်ဆိုရင် ငါ့သမိုင်းကို ဗလာစာအုပ်ထဲမှာ ဘောပင်တစ်ချောင်းနဲ့ ရိုးရိုးလေးပဲ ရေးထားလိုက်ပါတော့မယ်။

ဒီညတော့ အရက်မသောက်တာ ကြာပြီဖြစ်တဲ့ ကျွန်တော်ဟာ အရက်ပြန်သောက်ရပါတယ်။ အရက်သောက်လျှင် အမြဲတမ်းရေရောလေ့ရှိတဲ့ ကျွန်တော်ဟာ ဒီညတော့ အရက်ချည်းပဲ ဒီတိုင်းသောက်လိုက်ပါတယ်။ ပြန်သောက်ရခြင်းအကြောင်းကတော့ မနေ့က နေ့လည်က ကျွန်တော့် ရဲဘော်ရဲဘက်ဖြစ်တဲ့ ဖိုးသား ကားတိုက်ပြီး သေဆုံးသွားလို့ပါ။ နောက်တစ်ခုက ရေသန့်ဗူးယဉ်ကျေးမှုတွေနဲ့ အတူတူ မာရသွန်ပြေးနေတဲ့ ကြွေရောင်ကောင်မလေးကို လွမ်းမိလို့ပါ။ ဒါပေမဲ့ ကျွန်တော်ဟာ လတ်လတ်ဆတ်ဆတ်အလွမ်းတွေကို အစိမ်းရောင်ဖိုင်တွေထဲက ပြောခွင့်မရှိတဲ့ ဝါကျတွေကို ချိတ်ပိတ်ပြီး အရက်နဲ့ အတူ ပြာချမီးရှို့ခဲ့ပါတယ်။ ဒါဟာ ရဲဘော်ဖိုးသားနဲ့ ကြွေရောင်ကောင်မလေးအတွက် လုပ်ဆောင်ပေးဖို့ အသင့်လျော်ဆုံးပါပဲ။ ရေမရောထားတဲ့ အရက်စစ်စစ်တခွက်ကို ဒီကောင် တဂွတ်ဂွတ်နဲ့ မော့သောက်ချပစ်ခဲ့တယ်။

တကယ်ပါကွယ်… ဝမ်းနည်းခြင်းနှင့် ဝမ်းသာခြင်း နှစ်မျိုးစလုံးကို တစ်ပြိုင်နက်ခံစားခဲ့ရတဲ့ လူတစ်ယောက်ဟာ ဘာမှမသိအောင် မူးနေခြင်းဖြင့် နေထိုင်တတ်ခဲ့ပြီပဲ။ ဖိုးသားရေ… မင်းအလွန်ကြိုက်တဲ့ အမဲရိုးတစ်ချောင်းကို ငါကိုက်စားရင်း အရက်နဲ့မြည်းနေမိတယ်ကွာ။ ကြွေရောင်ကောင်မလေးရဲ့ ညစ်ကျယ်ကျယ် ဒေါသတွေကိုလည်း တမ်းတနေမိတယ်။

“ပျောက်သောသူရှာရင်တွေ့

သေသောသူ ကြာလျှင်မေ့” အဲ့ဒီစကားပုံနှစ်ခုလုံးဟာ ကျွန်တော့်အတွက်တော့ မမှန်ခဲ့ပါဘူး။

ဘာဖြစ်လို့လဲဆိုရင် ပျောက်ဆုံးသွားတဲ့ ကြွေရောင်ကောင်မလေးကိုလည်း ကျွန်တော် ရှာလို့မတွေ့ခဲ့ပါဘူး။ သေဆုံးသွားတဲ့ ကျွန်တော့်မိတ်ဆွေကြီး ဖိုးသားကိုလည်း မေ့မရခဲ့ပါဘူး။ ကြွေရောင်ကောင်မလေးနဲ့ ပတ်သက်လို့ အဖြေက နဂိုတည်းက ရှိနေပြီးသားဖြစ်ပေမယ့် သူမကို နောက်တစ်ကြိမ်ထပ်တွေ့ဖို့ ကျွန်တော် အလိုရှိနေခဲ့ပါတယ်။ ဘာသလောလဲ မေးလို့ရှိရင်တော့ တွေ့ချင်တာ မြင်ချင်လို့ပဲဟု ဖြေပါရစေ။ ဖိုးသားကို သတိရတဲ့အခါမှာ သူသေဆုံးသွားခဲ့တဲ့ အရပ်မျက်နှာဘက်သို့ လှည့်ပြီး နာရီဝက်လောက် အလွမ်းဖြေလေ့ရှိပါတယ်။

”ခွေးတစ်ကောင်အတွက်နဲ့ကွာ… ကြွေရောင်ကောင်မလေးပျောက်သွားလို့တဲ့..”

ဒါဟာလူတစ်ချို့ရဲ့ မှတ်ချက်တစ်ချို့ပါ။ မှတ်ချက်ဆိုပေမဲ့ အရှိအတိုင်းချထားတဲ့ မှတ်ချက်စစ်စစ်တွေမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် ဂရုမစိုက်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော် ဂရုမစိုက်ခဲ့ပါဘူး။ ကျွန်တော်ဟာ ဒီပုံစံအတိုင်းဆိုရင် အမေအိမ်ရှိတဲ့ မြို့ကို ပြန်ဖို့ ပိုလို့တောင် ခဲယဉ်းသွားပါပြီ။

ကျွန်တော်ဟာ ဖိုးသားကို မေ့မရသေးသလို ကြွေရောင်ကောင်မလေးကိုလည်း ရှာမတွေ့သေးပါဘူး။ နတ်ဝှက်ထားတဲ့ ကျွန်တော့် ရက်စွဲတွေပြန်တွေ့ချိန် အမှတ်မထင်ပဲ ကြွေရောင် ကောင်မလေးကို ကျွန်တော် ပြန်တွေ့ခဲ့ပါတယ်။ ကျွန်တော် ပင်လယ်ခရီး ပြန်ထွက်ဖို့ကိစ္စလုပ်ရင်းနဲ့ မိတ္တူဆိုင်တစ်ခုမှာပါ။ ကျွန်တော် မိတ္တူကူးပေးဖို့ စာရွက်စာတမ်းတွေလှမ်းအပေးမှာ သူမကို မြင်ဖူးပါတယ် ကြွေရောင်ကောင်မလေးလားလို့ သေချာစွာ ကြည့်ပြီးမှ သူမဟာ ကြွေရောင်ကောင်မလေးအစစ်မှန်းသေချာခဲ့ရပါတယ်။

ဒါပေမဲ့ သူမဟာ အရင်တစ်ခါတုန်းကလို ကြွေရောင်ဝတ်စုံလေးကို ဝတ်မထားတော့ပါဘူး။ ဘေးနားမှာလည်း ကျွန်တော့် ရဲဘော်ကြီး ဖိုးသားကို မကျေနပ်ကြတဲ့ သူမသူငယ်ချင်းတွေလည်း မရှိပါဘူး။ ကျွန်တော့်ကိုလည်း သူမက မမှတ်မိတော့ပါဘူး။ အဲ… ပြီးတော့ စကားများကြီး ဆဲရေးအလွန်ကျွမ်းကျင်တဲ့ သုံးနှစ်သား ကလေးတစ်ယောက်လည်း သူမဘေးမှာ ရှိနေပါသေးတယ်။ စားပွဲပေါ်မှာ ကွန်ပျူတာကလိနေတဲ့ ကွမ်းဝါးနေတဲ့ သူ့အမျိုးသား (ကျွန်တော့်အထင်) ကိုလည်း တွေ့ရပါသေးတယ်။ သူမ ခန္ဓာကိုယ်ဟာ အရင်လို ပိန်ပိန်လျလျလေး၊ မဟုတ်တော့ပဲ အအိပ်ကောင်း အစားကောင်းတွေကြောင့် အဆီရစ်နေတဲ့ မိန်းမကြီးတစ်ယောက်ပုံပါ။ ခက်တော့တာပါပဲ… လက်ကလွတ်ကျသွားတဲ့ စာရွက်ပြန်ကောက်မယ့်အစား ကိုယ့်ရင်ဘတ်ထဲက ကျွမ်းသွားတဲ့ လမင်းကြီးကို ပြန်ပြင်တပ်ရင်း တပ်ခေါက်ခဲ့ပါတယ်။ ရှာဖွေနေဆဲ သစ္စာတရားနဲ့ အနာဂတ်ဟာလည်း လွယ်လွယ်နဲ့မတွေ့နိုင်ကြောင်း ကျွန်တော် သဘောပေါက်ခဲ့ပါပြီ။ ရဲဘော်ကြီးဖိုးသားကိုတော့ အမြဲအမှတ်ရနေဦးမှာပါ။ ဒီညမှာ ကျွန်တော့်ဟာ စာတစ်ပုဒ်ရေးခဲ့မိပါတော့တယ်။

ပန်းခြံတစ်ခုရဲ့ သစ်ပင်အောက်မှာ ထီးအနီရောင်ကွယ်ထားတဲ့ အတွဲအား အတွဲချောင်းနေတဲ့ လူတစ်ယောက်ရယ်၊ သူရဲ့ဘေးမှာ မြင်မကောင်းတဲ့ ရူ့ခင်းနဲ့ သန်းယားလို့ကုတ်နေတဲ့ လမ်းဘေးခွေးတစ်ကောင်ရယ်၊ သူရဲ့ ခပ်လှမ်းလှမ်းမှာ မိန်းမလှလှလေးဆောင့်အောင့် ငြူစုနေပုံပါဝင်တဲ့ စာတစ်ပုဒ်ပါ။ ကျွန်တော်ကတော့ နာမည်မပေးတတ်လို့ ကြွေရောင်ဒိုင်ယာရီလို့ အမည်တပ်လိုက်တယ်။ ဒီစာတစ်ပုဒ်အပြီးမှာ ကျွန်တော်ဟာ ဝန်ထုပ်ဝန်ပိုးတွေမရှိတော့လို လွတ်လပ်ပေါ့ပါနေခဲ့ပြီ။

13 comments

  • candle .

    November 26, 2012 at 6:43 pm

    ….ကျွန်တော့်အတ္တတွေဟာ တောင်ကုန်းမြင့်မြင့်ပေါ်ရောက်သွားတဲ့ ပန်းနုရောင် ချယ်ရီသစ်ပင်တွေဖြစ်သွားသလိုပါပဲ….

    ဉာဏ်ရည်မမှီလို ့မဝေဖန်ခဲ့ပေမဲ့ အရမ်းမိုက်ပါတယ်..
    candle ခံယူချက်ကတော့ တီရှပ်အညံ့စားဘဲဝတ်ဝတ် ကြွေရောင်အဝတ်အစားဘဲဝတ်ဝတ် စိတ်ဓာတ်ရင့်ကျက်ခိုင်မာဖို ့နဲ ့
    မွန်မြတ်တဲ့နှလုံးသားတစ်စုံကပိုအရးပါမယ်ထင်တာဘဲနော်….အူးစည်….

    • ကိုရင်စည်သူ

      November 26, 2012 at 6:57 pm

      အန်တီကန်ဒယ်က ဉာဏ်မမှီဘူးပြောပေမဲ့ ကိုရင်ပေးချင်တဲ့
      မတ်စိကို အမိအရယူသွားနိုင်ဒါဘဲဗျာ။ ပထမဆုံးကွန့်မန့်အတွက်
      ကျေးဇူးပါနော်.. မိကန်ဒယ်လေးလည်း အလင်းရောင်အပြည့်ပေးနိုင်တဲ့
      ဖယောင်းတိုင်လေးဖြစ်ပါစေနော့.. :gee:

  • Mobile

    November 26, 2012 at 8:19 pm

    ကူးယူထားလိုက်ပါကြောင်း။

  • pooch

    November 26, 2012 at 8:44 pm

    စိတ်ကူးနဲ့ လက်တွေ့ကြားမှာ အချိန်ဆိုတာကြီးက ဖြတ်သန်းလာလိုက်တဲ့အခါ ရံဖန်ရံခါ အလွဲလေးတွေ ဖြစ်တတ်ပါတယ်။

    ဒါပေမဲ့ အချိန်ဘယ်လောက်ကြာကြာ ဘယ်တော့မှ မပြောင်းလဲနိုင်တဲ့ အရာတခုတော့ ရှိတယ်။ အဲ့ဒါ ဘယ်အရာမှ မမြဲတဲ့ သဘောတရား ။

  • min min san

    November 26, 2012 at 11:45 pm

    ko yin!
    koung tal !

  • kyeemite

    November 27, 2012 at 11:33 am

    “ပန်းခြံတစ်ခုရဲ့ သစ်ပင်အောက်မှာ ထီးအနီရောင်ကွယ်ထားတဲ့ အတွဲအား အတွဲချောင်းနေတဲ့ လူတစ်ယောက်ရယ်၊ သူရဲ့ဘေးမှာ မြင်မကောင်းတဲ့ ရူ့ခင်းနဲ့ သန်းယားလို့ကုတ်နေတဲ့ လမ်းဘေးခွေးတစ်ကောင်ရယ်၊ သူရဲ့ ခပ်လှမ်းလှမ်းမှာ မိန်းမလှလှလေးဆောင့်အောင့် ငြူစုနေပုံ”

    …ဆိုတော့….
    ဘာရယ်အဟုတ်…
    “ခွေးတစ်ယောက်နဲ့ လူနှစ်ကောင်” ဆိုတာလေးသွားသတိရမိတယ်….
    ကရင်စည် လွမ်းနေပီလားဗျ.. :hee: :528:

  • jullies cezer

    November 27, 2012 at 12:22 pm

    စလယ်ဆုံးအားပေးသွားပါတယ် ကိုရင်ရေ ကိုရင်မို့လို့သာတော်တော့တယ်နော်
    ရေးတတ်လိုက်ပုံများ :hee:

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 27, 2012 at 12:24 pm

    ကရင်စည်ရေ…
    မတွေ့တာကြာပေါ့… အိမ်ပြန်လာမယ့်အချိန်ကို မျှော်လင့်နေပါတယ်…
    နောက်တစ်ခုက စာတွေရေးတဲ့အခါမှာ တင်စားခြင်းပေါ့… အင်္ဂလိပ်လိုတော့ ကွန်ပဲရဇင်လို့ ခေါ်တယ်ထင့်…
    အဲဒီမှာ ကိုစည်သူတင်စားထားပုံကို ဖတ်ပြီး… ကျွန်တော်အတော်လေးတုန်လှုပ်မိကြောင်း ဝန်ခံပါရစေ…

    အဲ့ဒီကြွေရောင်ဝတ်စုံနဲ့ ကောင်မလေးဟာ ကျွန်တော်ရဲ့ ငရုတ်ချဉ်မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ရောက်လာတဲ့ ပေါက်စီမလေးဆိုတာပါပဲ။ တကယ်ဆို ဖြစ်သင့်တာက ငရုတ်ချဉ်တွေနဲ့ ပေါက်စီလေးကိုတို့ပြီး ဆာလောင်နေတဲ့အစာအိမ်ထဲကို အလျင်စလိုပဲ သွင်းလိုက်သင့်တာပါ။ ဒါပေမဲ့ ပေါက်စီမလေးရယ်… မင်းကို ငရုတ်ချဉ်တွေနဲ့လည်း မတို့ရက်တော့ပါဘူး။ စားဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်တော့ဘူးလေ။ မင်းလေး ခြောက်သွေ့မာတောင်တဲ့အထိတိုင်အောင် ငါ မြတ်နိုးပေးပါ့မယ်ကွယ်။

    အဲဒီတင်စားမှုကြီးကို… အမျိုးမျိုးခံစားကြည့်သော်လဲ… ခံစားမှုရသအခြားတစ်မျိုးသာ ခံစားနေရကြောင်း…
    ဟိဟိ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • မင်းနန္ဓာ

    November 27, 2012 at 12:26 pm

    ကိုရင်စည်သူ
    ပန်းသီးနင်တဲ့ ပို့စ်ပေါ့နော်.. 🙂

  • Inz@ghi

    November 27, 2012 at 12:46 pm

    လုပ်ပါအုံးဗျ ..အိသဒ္ဒါမိုး အကြောင်းလေး …
    😛

    • E.T

      November 27, 2012 at 10:40 pm

      အဲဒါဘယ်သူလေးလည်း မျက်မှန်လေးနဲ ့တစ်ယောက်လား 😛

  • Shwe Ei

    November 27, 2012 at 1:41 pm

    အော် ကိုရင့်နှယ် ကို့ရဲဘော်ရဲဘက်ကြီးကိုလုပ်ရက်ထှာ။

    မိတ်ဆွေတို့ စဉ်းစားကြည့်လေ ခွေးတစ်ကောင် မဖွယ်မရာဖြစ်နေတာကို ဘေးမှာရှိတဲ့ သခင်က လျစ်လျူရှူပြီး ထီးအနီရောင်အောက်က အတွဲကို ခပ်ပြောင်ပြောင် ချောင်းကြည့်နေပုံက ဘယ်လိုနည်းနဲ့မှ ကဗျာမဆန်ပါဘူး။ ကျွန်တော် တွေးရင် ဒေါသထွက်လာပြီး ဖိုးသား ကို ခပ်ပြင်းပြင်း နှစ်ချက်ဆောင့်ကန်လိုက်ပါတယ်။ နှစ်ချက်ပါ။

    ဖိုးသားအတွက် စိတ်မကောင်းဖြစ်သွားတယ်။ 🙁

  • အလင်းဆက်

    November 27, 2012 at 7:47 pm

    ဒီစာတစ်ပုဒ်အပြီးမှာ ကျွန်တော်ဟာ ဝန်ထုပ်ဝန်ပိုးတွေမရှိတော့လို လွတ်လပ်ပေါ့ပါနေခဲ့ပြီ။

    ပေါ့ပါး သွက်လက်နေတဲ ့.. စာရေး ဟန်ကြောင့်….

Leave a Reply