“နွေဧပရယ် လွမ်းချင်းနဲ့နောင်တ ပိတောက်”


နိဒါန်း

ဧပရယ်….။

နွေလေက ခပ်ပြင်းပြင်း မတိုက်ပါဘူး။ ပူလောင်မှုက ရင်မှာအတိုင်းသား သိနေတယ်။

စပ်ဖျင်းဖျင်းခံစားနေရတဲ့ နှလုံးသားမှာ အမည်မသိ ဝေဒနာလို့ အမည်တပ်ရင် ကောင်းမလား။

အသည်းကွဲ ဒဏ်ရာလို့ ပြောရရင်ကောင်းမလား။

ရုတ်တရက် မုးိရွာချတယ်…။

ဒါဆို…ပိတောက်တွေ ပွင့်ဦးမှာပေါ့…..။

မနက်ဖြန်….ပိတောက်ပန်းတွေ ပွင့်ရင် မျက်ရည်တွေ စိုမိမှာလား…။

ငိုမိမှာလား….။

တကယ်တော့…..ဧပရယ်ဟာ………..။

 

(၁)

(ညီသစ်)

ရက်စက်တယ်ဆိုတဲ့ စကားကိုပြောပြောဖို့ ငါ့မှာ အင်အားမရှိဘူး ချစ်သူူ။ ကျိုးကြောင်းစုံလင်စွာ မသိပဲနဲ့ နင့်ကိုလည်း ငါမမုန်းလိုက်ချင်ပါဘူး။ ခု နင်ဆုံးဖြတ်လိုက်တဲ့ ကိစ္စဟာ ငါ့အသည်းကို ဆားပက်၊ သံပုရည်ညစ်ထည့်လိုက်သလို စပ်ဖျင်းဖျင်း ငါခံစားရတယ်။ နင်နဲ့ငါ ဝေးခဲ့ကြတာ ဘာကြာသေးလို့လဲ။ ဒီအချိန်တိုလေးအတွင်းမှာ ပြောင်းလဲသွားခဲ့တဲ့ နင့်စိတ်ဟာ သူတစ်ပါး ပယောဂကြောင့်ဆိုရင်တောင် ငါဖြေတွေးလို့ရပါသေးတယ်။ တကယ်ဆိုရင် မိုင် တစ်ထောင်နီးပါးဝေးတဲ့ ရန်ကုန်နဲ့ ဖားကန့်ခရီးကို ငါအပြေးလေးလှမ်းခဲ့ချင်တာပါ။

ငါဟာ နင့်ရဲ့ ဆက်သွယ်မှု ဧရိယာပြင်ပကို ရောက်နေပေမယ့် နင့်အပေါ်မှာတော့ ငါ့စိတ်က တစ်ဗီဇနာ တစ်နာရီတောင် မဝေးခဲ့ဘူးဆိုတာ နင်သိစေချင်တယ်။ ခု ငါ့နားထဲကို လေလှိုင်းထဲကနေ ရောက်လာတဲ့စကားတစ်ခွန်းက နင်နဲ့ငါ့ကြားက ချစ်ခြင်းနွယ်ပင်ကို ဆွဲနုတ်လိုက်သလိုပါပဲ။ တကယ်လားကွယ်…။

ငါဟာ နင်နဲ့ တကယ်ပဲ ဝေးခဲ့ပြီလား….။

ပြောပါဦး ချစ်သူ…။

“မေဦး မင်္ဂလာဆောင်သွားပြီ”လို့ သိလိုက်ရတဲ့နေ့ဟာ ငါ့ကောင်းကင်ကြီးပြိုတဲ့နေ့ပါ။ ငါ့နားကို ငါမယုံနိုင်ဖြစ်ပြီး ရုတ်တရက်တောင် ကန်းသွားလိုက်ချင်တာပါ။ မဖြစ်နိုင်ဘူးလို့ ခံပြီးငြင်းလိုက်ချင်ပေမယ့် ဖြစ်နိုင်တဲ့အကြောင်းတွေကလည်း ရှိနေနိုင်တာမို့ ငါယုံလိုက်ရတယ်။ ငါ့ဘဝ တိုးတက်ဖို့နဲ့ နင့်အတွက်လို့ ရည်ရွယ်ပြီး ငါ နင်နဲ့ဝေးတဲ့ ဖားကန့်မြို့ကို လာရတာပါ။ ဒါကိုမှ မသိကျိုး ကျွန်ပြုပြီး မေ့ ချင်ဟန်ဆောင်လိုက်တာတော့ နင်လွန်တယ်။ ငါမေးစမ်းပါရစေ။

မိဘ အသိုင်းအဝိုင်းကြောင့်ဆိုပြီး နင့်နှလုံးသားကို စတေးလိုက်တာလား၊ ဒါမှမဟုတ် ငါ့ အပေါ်ထားရှိတဲ့ နင့်အချစ်တွေ ကုန်ဆုံးသွားလို့လား။အချစ်သစ်ကိုတွေ့လို့ဆိုရင်တော့ ဘာမှမတတ်နိုင်တဲ့ ငါဟာ နင့်ကိုလွတ်လပ်ခွင့်ပေးနိုင်ပါတယ်။ ဒါပေမယ့် “ညီသစ် နင့်ကို အရမ်းချစ်တာပဲ”ဆိုတဲ့ စကားတစ်ခွန်း တော့ နင့် ငါ့ကိုမပြောခဲ့ သင့်ဘူးပေါ့။ ယုံကြည်ကိုးစားမှုနဲ့အတူ ထားခဲ့ကြတဲ့ ငါတို့နှစ်ဦးကြားက သစ္စာ တရားဟာ ခုတော့ ပြိုပျက်သွားတဲ့ တံတိုင်းကြီးပေါ့။အသည်းကွဲတယ်ဆိုတာ ဘယ်လို ဝေဒနာမျိုးလဲလို့ သိချင်ခဲ့ဖူးတယ်။ အဲဒီ ခံစားချက်ဟာ ခုတော့ ငါ့ရင်ကို ပူလောင်စေတယ်။ လောင်မြိုက်စေတ.ယ်။ ပြန်မရနိုင်တော့တဲ့ ချစ်ခြင်းကို တမ်းတပူဆွေးနေရတာလောက် ခံရခက်စေတာကို နင် မသိဘူးလား။

(၂)

အချစ်ဆိုတာကို နင်နဲ့ငါ အမျိုးမျိုး အဓိပ္ပါယ်ဖွင့် အမျိုးမျိုး ညီမျှခြင်းချခဲ့ဖူးတယ်။

ပေးဆပ်ခြင်းလော..။

ရယူပိုင်ဆိုင်ခြင်းလော..။

စွန့်လွှတ်ခြင်းလော…။

အနှစ်နာခံခြင်းလော…..စတဲ့ အဖြေတွေကြားထဲမှာ လုံးချာလည်လိုက်ရင်း နင့်စိတ် ငါ့စိတ် နားလည်ခဲ့ကြတာမဟုတ်လား။ အချစ်နဲ့ အထင်ကရနေရာတွေကို ရောက်ဖူးတယ်။ အချစ်နဲ့ ကော်ဖီဆိုင်ကလေးမှာ ထိုင်ဖူးတယ်။ အကြည့်တွေ လတ်ဆတ် ချိုမြိန်ခဲ့ဖူးတယ်။ အနမ်းတွေ မွှေးမြခဲ့ဖူးတယ်။ ဒါတွေဟာ ခုချိန်မှာတော့ ကျကွဲသွားတဲ့ မှန်တစ်ချပ်လို အစိတ်စိတ် အမွှာမွှာ ကြေမွှ သွားပါပြီ။ အဲဒါတွေ နင်မှတ်မိဦးမလား။ နင် သတိမရဘူးလား။ နင့် ရင်ထဲက အချစ်တွေကို ငါ့အတွက် နင် ရည်စူးခဲ့ဖူးတယ်..။

တကယ်ပါ…။

ငါမယုံနိုင်သေးဘူး။ ခုထိ ငါမယုံနိုင်သေးဘူး။ ယောကျာ်း မျက်ရည်ဆိုတာ မြေမခကောင်းဘူးတဲ့။ ငါ့ရဲ့ရင်တွင်းခံစားချက် ဝေဒနာတွေ ပုံဆောင်ခဲအဖြစ်ကနေ အရည်အဖြစ်ပျော်ဝင်စေခဲ့တာ နင်မသိဘူး မှတ်လား။ ငါ့ သူငယ်ချင်း အသိုင်းအဝိုင်းကြားမှာ ပြောစမှတ်ပြုရမယ့် ငါ့ဇာတ်လမ်းဟာ လွမ်းမောဖွယ် ပုံပြင် မဟုတ်ပေမယ့် တမ်းတ အမှတ်ရနေရမယ့် အတိတ် ရင်ခွင်ဒဏ်ရာဟောင်းတစ်ခုအဖြစ် မောင်သော်ကရဲ့ ဝတ္ထုခေါင်းစဉ်ကလေးကို ငါ ခဏယူသုံးရတော့မယ်။ “ အမာရွတ်ကြည့်ကာ ရယ်ရသည်”လို့ ဆရာကြီး မောင်သော်က ရေးခဲ့တယ်။ ငါကတော့ နှလုံးသား ဒဏ်ရာကို ကြည့်ပြီး ရယ်နိုင်ပါ့မလား။ နင်ရော ရယ်နိုင်ပါ့မလား။

ဖုန်းတစ်လုံးကို တစ်နေကုန်နီးပါး ငါနှိပ်ရင်း နင့်အကြောင်းတွေကို ငါ စုံစမ်းကြည့်တယ်။ ရေရာ သေချာတော့မယ့် အဖြေတစ်ခုကို သိသိရက်ကြီးနဲ့ မျက်စိမှိတ် ငြင်းဆန်ဖို့ကြိုးစားကြည့်တယ်။ အမှန်တရားဆိုတာကို ငြင်းဆန်ဖို့ ငါ့မှာ ဘယ်အရာမှ လက်ဆုပ်လက်ကိုင်မရှိတော့ပါဘူး။ သူငယ်ချင်းတွေက မေးတယ်။

“မင်းငိုသေးလား”တဲ့။

ငါဘယ်လိုဖြေရမလဲ။ ငါ့ရင်ထဲက ဝေဒနာကို အိတ်သွန်ဖာမှောက်ပြီး မျက်ရည်အဖြစ် ငါ သွန်ချတယ်။ ငါ ဘာမှမဖြစ်ပါဘူးလို့ လိမ်ညာပြီးပြောနေရတဲ့အချိန်မှာ ငါ့ရင်ဘတ် ဘယ်လောက်တောင်အောင့်နေလဲ။ နင်သိလား။ နင် ဝင်ကြည့်စမ်းပါ။ ခုချိန်မှာ နင့်ဆီက လျှောက်လဲဖြေရှင်းချက်ကို အယူခံတေးတစ်ပုဒ်အဖြစ် နားထောင်ချင်ပေမယ့် ပန်းဝင်ဖို့နောက်ကျနေတဲ့ ငါက ဘာတွေကိုများ ပြောင်းလဲလို့ရတော့မလဲလေ။

“အချစ်ဟောင်းလေးကို ခဏလောက်လှည့်လို့ကြည့်ပါဦး”ဆိုတဲ့ တေးသွားကိုလည်း မညည်းချင်ဘူး။

“ဘယ်သူ ကယ်နိုင်မလဲ အသည်းကွဲတဲ့ရောဂါ”လို့လည်း ငါမပေါက်ကွဲချင်ဘူး။ နံရံကို လက်သီးနဲ့ထိုးလို့လဲ နင် ငါ့ဘဝထဲ ပြန်မရောက်လာနိုင်ဘူး မဟုတ်လား။

ရှောင်လွဲချင်လို့ ရှောင်ပြေးသူကို ငါ လိုက်မဖမ်းချင်ပါဘူး။ ဖူးစာရေးနတ်ရဲ့ လှည့်ဖျားမှုအောက်မှာ ငါတို့နှစ်ယောက် ရူးသွပ်ခဲ့တယ်လို့ပဲ မှတ်ပါတယ်။ ချစ်မိမှားခဲ့တာဟာ အပြစ်လို့မဆိုသာပေမယ့် တစ်ယောက်နဲ့ တစ်ယောက် နားမလည်ခဲ့ကြတာတော့ နင်ရော ငါရော လွန်ခဲ့လေသလား။ ကျောချင်းခိုင်းပြီးဝေးခဲ့တာကို ခဏသာလို့ အထင်မှားခဲ့တာဟာ မျက်လှည့်ပြကွက်အောက်မှာ နင်နဲ့ငါ သိသိရက်နဲ့ မိုက်ခဲ့ကြတာလား။

(၃)

ဖုန်းလေး မကြာမကြာ ဆက်ချင်ခဲ့ပေမယ့် လွတ်လပ်မှုဘဝနဲ့ ကင်းကွာနေရတဲ့ ငါဟာ အချိန်ကို ရွှေလို တန်ဖိုးထားပြီး နင်နဲ့ လေလှိုင်းပေါ်က မတွေ့မိခဲ့ဘူး။ အဲဒါတွေဟာ နင့်အတွက် ငါလုပ်ခဲ့တဲ့ အပြစ်တွေလို့ နင်ဆိုချင်ကောင်း ဆိုနိုင်ပါတယ်။

“အချစ်သည် သက်ရှင်တည်ရှိမှုဆိုင်ရာ တရား”တဲ့။

“အချစ်သည် ဘဝ၏ တစ်ခုတည်းသော ရည်ရွယ်ချက်”တဲ့။ အဲဒီလိုပဲ ငါဟာ ခုချိန်မှာ အသက်ရှင်ဖြစ်တည်မှုအတွက် အချစ်တွေက အထောက်အပံ့ပေးခဲ့တယ်။ ငါ့ရဲ့ရည်ရွယ်ချက်တွေဟာ အချစ်ကြောင့် ရှင်သန်နိုးထခဲ့တယ်။ ဒါတွေကို နင်က တစ်ချက်တည်းနဲ့ အပိုင်ရိုက်ချလိုက်တာ ငါ အံ့ဩလို့မဆုံးဘူး။ တကယ်ဆို နင်ဟာ ငါ့ရင်ဘတ်တစ်ခုလုံးကို မြင်နိုင်စွမ်းရှိခဲ့သူတစ်ယောက်ပါ။ နင့်မျက်စိ တွေ ကန်းသွားလောက်အောင် ဘယ်သူက ပြုမူခဲ့သလဲ။ နင် ကိုယ်တိုင်လား။ ဒါမှမဟုတ် ငါလား။ တစ်စုံတစ်ယောက်လား။ နင်ဖြေလိုက်စမ်းပါဟာ…။

ငါ့ဘဝရဲ့ မပြည့်စုံခြင်းလို့တော့ နင် ခေါင်းစဉ်မတပ်လိုက်ပါနဲ့။ ငါဟာ ဘယ်လိုဘဝမျိုးကို ပိုင်ဆိုင်ထားသလဲဆိုတာ နင်အသိဆုံးပါ။ ကြိုးစားမှုရဲ့ရလာဒ်ဆိုတာကို နင်လည်း ယုံကြည်သလို ငါလဲ ယုံကြည်ခဲ့ကြတယ်။ ငါဟာ အားကိုးလောက်စရာ အရည်အချင်းမရှိလို့ပါဆိုတဲ့ နင့်ရဲ့ နုတ်ဖျားက ထွက်လာမယ့် စကားကို ငါ မကြားချင်ဘူး။ မကြားရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ နင်ဟာ ငါ့ဘဝရဲ့ စာမျက်နှာတွေကို တစ်ရွက်ချင်း လှန်ကြည့်ခဲ့ဖူးသူ တစ်ယောက်ဆိုတာတော့ မမေ့လိုက်နဲ့ပေါ့။

နင်ပျော်မှာပါ။

အချစ်သစ်နဲ့ နင်ပျော်ပါစေလို့ ငါဆုတောင်းတယ်။ရင်ထဲက စစ်မှန်စွာနဲ့ ဆုတောင်းတာပါ။ မချစ်မနှစ်သက်သောသူနှင့် နင်ပေါင်းသင်းနေတာ မဟုတ်ဘူးဆိုရင်ပေါ့။ တစ်သက်မှာ တစ်ယောက်၊ တစ်ယောက်မှာ တစ်ချစ်တည်းသာ ငါချစ်ခဲ့တာပါ။ ငါက ပိတောက်ကို မြတ်နိုးတယ်။ နင်က ပိတောက်ကို မုန်းတယ်။ ပိတောက်တွေကို သစ္စာမရှိဘူးလို့ ပြောခဲ့တဲ့နင်ဟာ ငါ့အတွက်တော့ ရင်ထဲက ပိတောက်ပန်းလေးပါ။ ငါကတော့ ပိတောက်ကိုချစ်တယ်။နင်မုန်းတဲ့ ပိတောက်ပွင့်တဲ့ ဟောဒီ ဧပရယ်မှာ ပိတောက်ကိုမုန်းသလို နင် ငါ့ကိုမုန်းလိုက်တာလားလို့ မေးလိုက်ချင်တယ်။

တကယ်တော့ ဧပရယ်ဟာ ငါ့အတွက် ဝေဒနာတွေကိုသာ ယူဆောင်လာပေးတဲ့…လ…ပါဟာ..။

 

(မေဦး)

ဟုတ်တယ်…။

ငါ မင်္ဂလာဆောင်လိုက်ပြီ။ ဒီအချိန်မှာ နင်ဘယ်လောက် ခံစားနေရမလဲဆိုတာ ငါ ကိုယ်ချင်းစာပါရဲ့။ ငါ့ကိုလှည့်ဖျားတယ်၊ ရက်စက်တယ်လို့ ပြစ်ပြစ်နှစ်နှစ် နင်ပြောလိုက်စမ်းပါ။ ငါဟာ မာယာများတဲ့ မိန်းမတစ်ယောက်မဟုတ်ပေမယ့် ခုချိန်မှာ သစ္စာမရှိတဲ့မိန်းမလို့ ဆိုချင်ဆို မတုန်မလှုပ်နဲ့ ခေါင်းငုံ့ခံရမယ့် မိန်းမတစ်ယောက်ပါ။ အသည်းနှလုံးမှာ အက္ခရာ ဗျည်းတွေ အတူတူရေးထွင်းခဲ့ပြီးမှ လော်လီဖောက်ပြားတယ်လို့ နင် သတ်မှတ်နေသလား။

နင်နဲ့အတူ ရွှေလက်တွဲ ပျော်မြူးခဲ့ဖူးတဲ့အချိန်တွေဟာ ငါ့မှတ်ဉာဏ် (Memory)ထဲမှာ ခုထက်ထိ လတ်ဆတ်ချိုမြိန်တုန်းပဲ။ ကံကြမ္မာက မျက်နှာသာမပေးခဲ့လို့ပါလို့ ငါပြောရင် နင် ဟားတိုက်ရယ်ဦး။ တကယ်တော့ ဘဝတစ်ခု တည်ဆောက်ဖို့ရာ အချစ်တစ်ခုတည်းနဲ့ မလုံလောက်ဘူးဆိုတာ နင်ရော ငါရော စောစောကတည်းက သိကြပါတယ်။မြင့်မားစွာနဲ့ လွတ်လပ်ပျော်ရွှင်တဲ့ ဘဝတစ်ခုကိုရဖို့ရာမသေချာ မခိုင်မာတဲ့ နင့်ကို ငါမမှီခိုရဲဘူး။

 

(၄)

မပြည့်စုံခြင်းဆိုတဲ့ ဝေါဟာရကို ငါ ငယ်ငယ်ကလေးထဲက မုန်းတယ်။ ငါ့ဘဝရဲ့ လက်တွဲဖော် ချစ်ဦးသူဟာ နင်ဖြစ်တယ်ဆိုပေမယ့် ဘဝတစ်ခုလုံးကို ပုံအပ်လိုက်ဖို့ရာ ငါ မရဲခဲ့တာ မှားလား…။ အဲဒါမှားလား။

တကယ်ဆို ငါက ငါးရံ့နှစ်ကောင်ဖမ်းပြီး ကမ်းစပ်မှာ ရယ်မောခဲ့သူပါ။နင်ဟာ ငါ့အတွက် ရင်နှစ်သည်းရှင်ဖြစ်ခဲ့ပေမယ့် ငါ့မျှော်လင့်ချက်ကို အရောင်တောက်စေမယ့်သူလို့ မထင်ခဲ့ဘူးလေ။ နင့်ရဲ့ကြိုးစားချင်တဲ့ ဇွဲ၊လုံ့လ၊ဝီရိယတွေကို ငါ နှစ်သက်လှပေမယ့် အဲဒါတွေက နင်နဲ့ငါ့ကို ဝေးရစေမယ့် အဓိက သော့ချက်ပဲ။ အချိန်ဆိုတာ ရပ်နေတဲ့ အရာဝတ္ထုတွေမှ မဟုတ်တာ။ တရွေ့ရွေ့ကုန်ဆုံးနေမယ့် အချိန်နာရီစက်ဝိုင်းကြီးအောက် တစ်နေ့နေ့တော့ဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ ငါနင့်ကို မစောင့်နိုင်ခဲ့ဘူး။

ငါဆိုတဲ့ မိန်းမရဲ့ ဦးနှောက်မှာ သင်္ချာဂဏန်းနဲ့ ကိန်းစဉ်တွေဟာနင်နဲ့ အပြိုင် လက်တွဲရင်း မသိစိတ်မှာ တွက်ချက်နေခဲ့တာပေါ့။ နင်ရဲ့ ဖြူစင်တဲ့စိတ်ရင်းကို ငါ အသိအမှတ်ပြုရင်း ဖောက်ပြားနေတဲ့ ငါ့စိတ်ကို ပြန်မြင်နေရတဲ့အချိန်မှာ ငါဟာ ညတိုင်းမျက်ရည်နဲ့ မျက်ခွက်ပါ။ သီဟဆိုတဲ့ ယောကျာ်းတစ်ယောက်ဟာ ငါ့အတွက်တော့ လှည့်ကစားစရာ ချားရဟတ်ပမာ ကလေးကစားစရာလေးပါ။ ပြီးပြည့်စုံခြင်းဆိုတာ သီဟဆိုတဲ့ ေ.ယာကျာ်းတစ်ယောက်စီမှာ လက်ဆယ်ချောင်းထောင်ပြီး စိတ်ထဲမှတ် ခြေချိုးထားရင်တောင် မကုန်နိုင်ဘူးဆိုတာ ငါ အတွင်းကျကျ သိခဲ့ရတယ်။ ဒီကြားထဲ-

နင်ရဲ့ ချိုမြိန်မှုချစ်ခြင်းသစ်သီးမှာ အကြင်နာဆေးသကြား ငါ လျှက်ဆားနေရတဲ့ရက်တွေဟာ အမှန်အတိုင်းဝန်ခံရရင် ငါ့အတွက် မေ့မရတဲ့ နေ့များပဲ။ နင် ဖားကန့်ကို အလုပ်သွားလုပ်မယ်လို့ ပြောတော့ ငါ့အတွက် နင်ရည်ရွယ်တယ်ဆိုတာ ငါသိတာပေါ့။ နင်ကတော့ ရိုးသားစွာနဲ့ မိဘတွေရဲ့ စီမံခန့်ခွဲမှုအောက်မှာ ငါ့နှလုံးသားကိုချနှင်းခဲ့တယ်လို့ ထင်ချင်ထင်လိမ့်မယ်။ ငါ့ရဲ့ ပရိယာယ်လို့တော့ နင်မထင်ဘူးမလား။

ငါ့ဆီကို နင်ဖုန်းမဆက်တာ ငါ စိတ်မဆိုးပါဘူး။ ဗျာများနေတဲ့ နှလုံးသားနဲ့ ဦးနှောက်ကြားက ငါက နင့်ဖုန်းကလေး လာမှာကိုတောင် စိုးရိမ်ကြောက်လန့်နေခဲ့တဲ့ မိန်းမပါ။

“နင့်ကို အရမ်းချစ်တာပဲ”လို့ ပြောခဲ့မိတဲ့ ငါဟာ ခုချိန်မှာ လိပ်ပြာလုံခြုံစွာနဲ့ တစ်ပါးသူရင်ခွင်မှာ ငါ မှေးစပ်နိုင်တယ်လို့ နင်ထင်နေလား။နင့်ရဲ့ ကိုယ်ငွေ့လောက် မနွေးထွေးတဲ့ အထိအတွေ့မှာ ငါ မသာယာနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ငါပျော်မှာပါ။ ပျော်နိုင်မှာပါ။

နင် ငိုမိသေးလားလို့ ငါသိချင်တာ တရားပါ့မလား။

ငါနဲ့နင် သွားခဲ့ဖူး၊ထိုင်ခဲ့ဖူးတဲ့ နေရာတွေကို ငါတစ်ယောက်တည်းရောက်တဲ့အခါ ငါ့မျက်ဝန်းက နင့်မျက်နှာလေးကို ခဏခဏပြေးမြင်ခဲ့တယ်။ အဲဒီအချိန်မှာ ငါဆိုတဲ့ မိန်းမဟာ ဘယ်လောက် ရူးမိုက်သလဲဆိုရင် ခေါင်းကို ခါရမ်း အတွေးထဲက ဖျောက်ဖျက်ခဲ့ဖူးတာပေါ့။

နင်နဲ့ဝေးနေတုန်း ငါ့ရဲ့သွက်လက်လှတဲ့ ဉာဏ်တွေထဲမှာ နင် နှလုံးသား အရည်ပျော်သွားတာ ငါစိတ်မကောင်းပါဘူး။ လက်တစ်ဖက်ပြုတ်တုန်း နောက်လက်တစ်ဖက်ကို အမိအရဆွဲခဲ့သူလို့ နင်ဆိုချင်ရင် ဖုန်းဆက်လိုက်ပါ။ ငါ့ နားက အဲဒီလို နာကျည်းမုန်းတီးပြီး ပြစ်ပြစ်ခါခါ ပြောသံကိုမှ မကြားရရင် နောင်တဆိုတဲ့ အရှုံးကို ငါတစ်သက်လုံး ရင်ခွင်ပိုက် ရလိမ့်မယ်။

နင့်ရဲ့ ပူဆွေးသောက ဒဏ်ရာကို နင် အခြားတစ်ယောက်နဲ့ အစားထိုးနိုင်ပါတယ်။.ငါဟာ အငဲ သီချင်းခေါင်းစဉ်လို အနိုင်နဲ့ပိုင်းတယ်လို့ နင်ထင်ချင်ထင်မယ်။ ယုံကြည်ကိုးစားမှုဆိုတာကို ငါချနင်းပြီး ငါ့ဘဝကို ငါပဲ စီမံခဲ့တာပါ။

နင်ပြောခဲ့ဖူးတယ်။

 

(၅)

တစ်သက်မှာ တစ်ယောက်၊တစ်ယောက်မှာ တစ်ချစ်တည်းသာ ချစ်ခဲ့တယ်လို့။ နင်က ပိတောက်ကို မြတ်နိုးပြီး ငါက မုန်းခဲ့တယ်။ ပိတောက်ကို သစ္စာမရှိဘူးလို့ပြောခဲ့တဲ့ မိန်းမတစ်ယောက်ဖြစ်တဲ့ ငါဟာ ကိုယ့်မျက်ချေးကို မမြင်ခဲ့မိတာပါ။

ပိတောက်ပွင့်တဲ့ ဟောဒီ ဧပရယ်မှာ နင်အသည်းမကွဲလိုက်ပါနဲ့။ ငါသာလျှင် အသည်းကွဲပြီး နောင်တတွေနဲ့ ပြည့်စုံခြင်းဆိုတဲ့အရာတွေရဲ့ အောက်မှာ သောက ဒဏ်ရာတွေကို ခံစားဦးမယ်။

 

နိဂုံး

ဧပရယ်….။

နွေလေက ခပ်ပြင်းပြင်း မတိုက်ပါဘူး။ ပူလောင်မှုက ရင်မှာအတိုင်းသား သိနေတယ်။

စပ်ဖျင်းဖျင်းခံစားနေရတဲ့ နှလုံးသားမှာ အမည်မသိ ဝေဒနာလို့ အမည်တပ်ရင် ကောင်းမလား။

အသည်းကွဲ ဒဏ်ရာလို့ ပြောရရင်ကောင်းမလား။

ရုတ်တရက် မုးိရွာချတယ်…။

ဒါဆို…ပိတောက်တွေ ပွင့်ဦးမှာပေါ့…..။

မနက်ဖြန်….ပိတောက်ပန်းတွေ ပွင့်ရင် မျက်ရည်တွေ စိုမိမှာလား…။

ငိုမိမှာလား….။

တကယ်တော့…..ဧပရယ်ဟာ………..။

 

 

သော်ဇင်(လွိုင်ကော်)

 

 

10 comments

  • Mon Kit

    November 30, 2012 at 2:19 pm

    တကယ်တော့…..ဧပရယ်ဟာ………. ပူလောင်လွန်းတဲ့ လ တစ်လပါကွယ်….. 😆
    အားပေးသွားတယ်နော်…..

  • Mr. MarGa

    November 30, 2012 at 3:07 pm

    အော် ဧပရယ်နဲ့ ပိတောက်
    ခွဲလို့ မရတော့လဲလေ

  • kai

    November 30, 2012 at 5:20 pm

    ရသလေးက.. ညက်နေတာပါပဲ..
    ဆိုတော့..
    ဘာမှမဆိုင်.. ပြောချလိုက်မယ်..
    ပန်းပိတောက်ကို.. နိုင်ငံတော်ပန်း… ဖြစ်စေချင်တယ်…။
    သစ္စာရှိရှိ.. မရှိရှိ… :harr:

    • pooch

      November 30, 2012 at 5:26 pm

      မိပြီ သူကြီး ဒါကြောင့်မို့ သစ်ခွပိုစ့်တုန်းက ဝင်မပြောတာမလား ထင်တော့ ထင်သား ဟီး 😆

      အနော်ကတော့ တော်ဝင်သဇင်ပဲ သယံဇာတ တန်ဖိုးကြီးလို့ ပိတောက်ကို တော့ ချစ်တယ် အနံ့ကိုလည်း ကြိုက်တယ်။ နိုင်ငံတော် ပန်းအနေနဲ့ကတော့ ကြွေလွယ်လို့ နမိတ်မကောင်းလို့ မကြိုက်တာ။ အစ္စရေးက နည်းပညာ ရရင်တော့ တမျိုးပေါ့ လေ။

      သူကြီး သွားခိုးခဲ့ အဲ့ဒီက ပန်းစိုက်နည်းတွေ ပြီးရင် ရွာထဲ လာတင် 😆

        • pooch

          December 1, 2012 at 9:56 am

          တရားဝင်မသတ်မှတ်ရသေးတာဖြစ်မယ် သူကြီး သင်တန်းမှာတုန်းကတော့ ဒီအကြောင်း တော်တော်ပြောဖြစ်တယ်။ နောက်ပြီး ပေးလိုက်တဲ့ စာအုပ်တအုပ်မှာလည်း သတ်မှတ်ဖို့ ကြိုးစားကြဖို့ ပြောထားတာပါတယ်။ နောက်ရက် စာအုပ်ရှာတွေ့ရင် စကန်ဖတ်ပြီး လှမ်းပို့လိုက်မယ်။

        • kai

          December 1, 2012 at 3:08 pm

          ရရင်.. ပို့ပေးပါဦး..
          တကယ်တော့ အဖမြန်မာပြည်အတွက်.. အနာဂတ်အတွက်.. ကမ္ဘာတန်းဝင်ဖို့အတွက်.. လုပ်စရာတွေ အများးးးးးးးးးးးကြီးရှိတာပါ..။
          အခုတော့.. အချင်းချင်းနောက်ဂျိန်လှည့်ပါတ်ချနေတာနဲ့ ပါဝါတွေ..အင်အားတွေအလဟဿဖြစ်နေသလိုခံစားမိတယ်..
          ဂျပန်ဆို.. ဆာကုရာကို နိုင်ငံအဆင့်လုပ်.. ဟနမိဆိုပြီးပန်းကြည့်ပွဲတွေလုပ်..
          ဈေးကွက်စီးပွားရေးထဲဆွဲထည့်.. တိုင်းပြည်ကိုပရိုမိုးရှင်းလုပ်တာ.. ဟနမိတိုးရစ်ဇင်နဲ့တင် မီလီယံချီရသွားတာ…
          ဒါမျိုးတွေမှာ. မြန်မာလူငယ်တွေ လုပ်အားအင်အားစိုက်ကြဖို့သင့်လှပါတယ်..

          အခုလို ပို့စ်နဲ့မဆိုင်တာတွေရေးတင်နေတဲ့အတွက်.. မူရင်းပို့စ်ရှင်ကိုသော်ဇင်ကိုတောင်းပန်ပါတယ်နော.. :kwi:

  • သခင် Mobile

    December 1, 2012 at 2:20 am

    မနက်ဖြန်….ပိတောက်ပန်းတွေ ပွင့်ရင် မျက်ရည်တွေ စိုမိမှာလား…။
    မျက်ရည်တွေ မစိုပါဘူး သင်္ကြန်ရေတွေစိုမှာပါ
    ငိုမိမှာလား….။
    သင်္ကြန် ရက်မှာ အပြင်မထွက်ရရင်တော့ ငိုချင်တယ်
    တကယ်တော့…..ဧပရယ်ဟာ
    မြန်မာတွေအတွက် နှစ်သစ်ကူးတဲ့ အခါတော် သမယဖြစ်သလို
    ကျုပ်တို့လိုလူငယ်တွေအတွက် အလုပ်နားပြီး ပျော်ပျော်ပါးပါး လျှောက်သွားလို့
    သောက်စားခွင့်ရတဲ့အတွက် သင်္ကြစပြီး တီထွင်ခဲ့သူကို အထူးကြေးဇူးတင်ရှိမိပါကြောင်း

  • ပိတောက်က အခုတော့ရှေးစကားနဲ့လွဲသွားပြီ။
    တစ်နှစ်တွင်ဒီတစ်လ တစ်လတွင်တစ်ရက်ထဲဆိုတာ စာသာကိုပြောတာပါ။
    အခုခေတ်မှာတော့ သူပွင့်ချင်တဲ့အချိန်ထပွင့်တာပါဘဲ။
    အဲတော့ ပိတောက်ဆိုပိတောက် တစ်ယောက်ဆိုတစ်ယောက်ကို ခံစားလို့မရနိုင်တော့ပြန်ပါဘူး။

Leave a Reply