စာရေးဆရာမကြီးဂျူး၏ “ကိုယ့်ဘဝခဏ ဘယ်သူယူပါ့မယ်´´

ခင္ခDecember 1, 20121min35913

စာရေးဆရာမကြီးဂျူး၏ “ကိုယ့်ဘဝခဏ ဘယ်သူယူပါ့မယ်´´

 

အောက်တိုဘာလထုတ် ‘ကျန်းမာရေး’ မဂ္ဂဇင်း တွင် ပါရှိသော စာရေးဆရာမကြီး ဂျူး၏ စာမူကို အပြည့်အစုံဖတ်ရှုလိုသော စာဖတ်ပရိသတ်အတွက် ‘ကိုယ့်ဘဝခဏဘယ်သူယူပါ့မယ်။’ ဆောင်းပါးကို အပြည့်အစုံ ဖော်ပြပေးလိုက်ပါသည်။

ကျွန်မငယ်ငယ်တုန်းက မေမေက ဈေးဝယ်ခိုင်းသည့်အခါ ဘဲဥအလတ်ကွဲလေး နှစ်လုံး၊ သုံးလုံးလောက် ဝယ်ခဲ့ဟု ပြောတာ မှတ်မိနေပါသည်။ အလတ်ကွဲဆိုသည်မှာ ဘဲဥက အက်နေပြီ။ တစ်နေရာတွင် ချိုင့်နေပြီ။ သို့သော် အလတ်ကြီး ရှိသေးသည်ဆိုသည့် အဓိပ္ပာယ်ဖြစ်မည် ထင်သည်။ ထိုဘဲဥက တခြားဘဲဥအကောင်းတွေထက် ပိုပြီးဈေးလျော့သည်။ ကွဲပြီး သားကိုး။ ကျွန်မတို့အတွက်တော့ ဈေးသက်သာတာကို ရှာဝယ်မှ ကျန်သည့်နေရာတွေမှာ သုံးစွဲစရာ ငွေလောက်ငမည်။ ဒါက ကျွန်မတို့ကိုယ်တိုင်၏ ဈေးနှုန်းကိုကြည့်ပြီး ရွေးချယ်မှုဖြစ်သည်။ အိမ်ရောက်သည့်အခါ ထိုဘဲဥအလတ်ကွဲတွေကို ချက်ချင်း ကြော်စားကြရသည်။ အလတ်ကွဲသည် ကြော်ရုံထက်ပိုပြီး ဘာမှလုပ်လို့မရနိုင်။ ပြုတ်ကြည့်ပါလား။ အကွဲအချိုင့်ထဲကနေ အထဲက အကာတွေ ယိုစိမ့်ထွက်လာမှာပေါ့။ ဘဲဥကို ခွဲပစ်ပြီး ချက်ကြော်မှ ဖြစ်မှာ။
တကယ်တော့ ထိုဘဲဥအကွဲသည် ကျန်းမာရေးအတွက် ဘယ်လောက်ထိ အန္တရာယ်ဖြစ်စေမလဲ။ မေမေလည်း မသိခဲ့။ ကျွန်မတို့လည်း မသိခဲ့ပေ။ အရွယ်နည်းနည်းရောက်လာလို့ စာဖတ်တာတွေများလာလို့ နောက်ပြီးဆေးတက္ကသိုလ် ကျောင်းသူ လေးဖြစ်လာတော့မှ ဘဲဥအခွံတွင် ကပ်နေလေ့ရှိသော ရောဂါပိုးများအကြောင်း သိလာသည်။ ဘဲဥ၊ ကြက်ဥကို မခွဲခင် ရေစင်စင် ဆေးပစ်ရမည်။ ဒါမှသာ အခွံမှာရှိနေသော အညစ်အကြေးတွေက ခွဲလိုက်သည့် အအက်ထဲမှတစ်ဆင့် အတွင်းက အကာအနှစ် တွေထဲသို့ စိမ့်ဝင်ခြင်းမရှိမှာ။ အမယ် …ဒါတောင် ဆယ်လ်မိုနဲလား ခေါ်သည့် ရောဂါပိုးဆိုလျှင် ဘဲဥ၊ ကြက်ဥအခွံကို ဖောက်ထွင်း ပြီး အတွင်းသို့ စိမ့်ဝင်နိုင်သည်တဲ့။ ကြောက်စရာကောင်းလိုက်တာ။ ဒီလိုဆိုတော့ ငယ်ငယ်က ကျွန်မတို့ စားခဲ့ရသည့် အလတ်ကွဲ ဆိုလျှင် အကွဲကြီးအချိုင့်ကြီးကနေတစ်ဆင့် အပြင်ကအညစ်အကြေးတွေ ဝင်နေပြီးသားတောင် ဖြစ်မည်။ နောက်ပြီး ဘဲဥက အကွဲမို့ ရေစင်စင်ဆေးပစ်ဖို့ မဖြစ်နိုင်တော့။ ဒီအတိုင်းပဲ အဝတ်လေးနှင့်သုတ်ပြီး ခွဲကာ ကြော်လိုက်ကြရသည်။
ကျွန်မတို့ အနီးအနားတွင် ရောဂါဖြစ်စေသည့် အစားအစာတွေ များစွာရှိနေသည်။ မသိနားမလည်လျှင် ထိုအန္တရာယ် ထဲသို့ ဝင်မိမည်။ ဈေးကိုသွားသည့်အခါ ဈေးကနေဝယ်ယူကြမည့် ပစ္စည်းတွေမှာ အန္တရာယ်တွေရှိနေသည်။ ငရုတ်သီးခြောက်၊ ငရုတ်သီးမှုန့်၊ မြေပဲဆံတို့တွင် မှိုအနည်းငယ်ရှိနေလျှင် အယ်ဖလာတောက်ဆင်ခေါ် အဆိပ်တစ်မျိုး ဖြစ်နေတတ်သည်။ ထို အဆိပ်သည် လူ့ကိုယ်ထဲရောက်လျှင် ကင်ဆာဖြစ်စေတတ်သည်။ စားသုံးဆီအနေနှင့် စားအုန်းဆီက နှလုံးရောဂါနှင့် သွေးတိုး ရောဂါတို့ ဖြစ်စေပြီး နှမ်းဆီနှင့် ပဲဆီက ကျန်းမာရေးနှင့် ညီညွတ်သည် ဆိုစေကာမူ ထိုပဲဆီကို မှိုပါသည့်မြေပဲဖြင့် ကြိတ် ထားသည်ဆိုလျှင် အယ်ဖလာတောက်ဆင်တွေပါပြီး ထိုဆီကို စားသူအား အန္တရာယ်ဖြစ်စေနိုင်သည်။ အမေရိကန်တွေက ပေါင်မုန့်နှင့်စားရန် မြေပဲထောပတ်ကို သုံးကြသည်။ ထိုမြေပဲထောပတ်မှ အယ်ဖလာတောက်ဆင်ပါဝင်ပြီး ကင်ဆာဖြစ်စေသည့် ရာခိုင်နှုန်းမှာ တော်တော်နည်းသော်လည်း ဖြစ်နိုင်ခြေတော့ရှိနေသည်။ ကျွန်မတို့နိုင်ငံသည် နှလုံးရောဂါအဖြစ်များဆုံး အာရှ ပစိဖစ်ဒေသနိုင်ငံတွေထဲတွင် ထိပ်နားလေးက ပါဝင်သည်။ ၂၀၀၄ ခုနှစ်က ကောက်ယူထားသော စစ်တမ်းအရ မြန်မာနိုင်ငံသည် နှလုံးရောဂါဖြင့် သေဆုံးသည့်နှုန်းက လူတစ်သိန်းတွင် (၄၁၉)ရှိသည်။ ထိုင်းနိုင်ငံက (၁၆၄)ဟု ဆိုပါသည်။ မွန်ဂိုးလီးယားက ထိပ်ဆုံးကဖြစ်သည်။ (၄၇၅)ဟု ဆိုပါသည်။ ကျွန်မကတော့ နှလုံးရောဂါဆိုလျှင် အဓိကတရားခံက စားအုန်းဆီဟုပင် တွေးလိုက် မိသည်။ ထောပတ်တို့၊ ချိစ်တို့သည် မြန်မာမိသားစုအများစု မစားနိုင်ကြဘူး မဟုတ်လား။ အလွန်ဆုံးစားနိုင်လျှင် ဝက်ဆီဖတ်၊ အမဲအူ၊ ဆိတ်အူ လမ်းဘေးကြော်သည့် အကြော်အလှော်တွေ။ ထိုအကြော်တွေကတော့ စားအုန်းဆီကို ပေါပေါများများသုံးသည့် အပြင် နှစ်ခါပြန် သုံးခါပြန် အပြန်ပြန်အလှန်လှန် ကြော်ထားသည့် ဆီတွေ မဖြစ်နိုင်ဘူးလား။ ထိုဆီများသည် ပိုလီ ပြည့်ဝဆီ အထပ်ထပ်ဖြစ်နေသည့်ဆီတွေ မဟုတ်ဘူးလား။ ကျွန်မတို့ မြန်မာလူမျိုးကလည်း ဆီဖြင့်ကြော်တာကို တော်တော်ကို နှစ်သက် ကြသည်။ တို့ဟူးကြော်ကို နှစ်ပြန်ကြော်တဲ့။ တစ်ခါနှင့် အားမရလို့ ပိုကြွပ်ရွအောင်ဖြစ်မှာပေါ့။ လက်ဖက်နှင့်စားသည့် ပဲကြော်၊ အကြော်စုံကိုလည်း နှစ်ပြန်ကြော်တဲ့။ အေးပေါ့ နှစ်ပြန်ကြော်ဆိုတော့ နှစ်ဆပိုတာပေါ့။ ပိုလီ မပြည့်ဝဆီဖြစ်တာပေါ့။
ကိုယ်စားဖို့ ဝယ်တာ ဘာဆီလဲ။ ပဲဆီလား၊ စားအုန်းဆီလား။ ပဲဆီယောင်ဆောင်ထားတဲ့ စားအုန်းဆီလား။ စားအုန်းဆီ မှာမှ ဆပ်ပြာချက်ဖို့ လုပ်ထားတဲ့ စားအုန်းဆီလား။ စားဖို့ လုပ်ထားတဲ့ စားအုန်းဆီလား။ စားတဲ့မုန့်၊ ငရုတ်သီးမှုန့်၊ ငရုတ်ဆီ၊ ပြန်ကြော်ဆီတွေနဲ့ ကြော်ထားတဲ့မုန့်၊ ထရန့်စ်ဖက်ဆိုသော တိရစ္ဆာန်အဆီ။ အချိုရည်တွေမှာ ဘင်ဇိုးဝစ်အက်စစ်ပါသည်။ သကြား ပါသည်။ သကြားက လူကိုဝစေရုံပဲ၊ သွေးထဲ သကြားဓာတ်များစေရုံပဲလို့ အနိမ့်ဆုံးအန္တရာယ်ကိုပဲ တွေးထားလိုက်ပါဦး။ ဘင်ဇိုးဝစ် အက်စစ်ကတော့ ကင်ဆာဖြစ်စေသည့်ဓာတ်ပါ။ အချိုရည်တွေသည် ကလေးများအတွက် အန္တရာယ်မကင်းသည့်အကြောင်း မိဘတွေမသိပေ။ အရောင်အမျိုးမျိုး ခြယ်လှယ်ဆေးဆိုးထားသည့် အချိုရည်တွေတွင် အန္တရာယ်ရှိသည့်ပစ္စည်းတွေ ပါဝင်နေမှန်း မိဘတွေမသိပေ။ လူကြီးတွေအတွက်လည်း အချိုရည်သည် ဘေးအန္တရာယ်ရှိစေသည်ဟု မသိပေ။ အချိုရည်တွင်ပါဝင်သည့် တာရှည်ခံဆေးတို့နှင့်အတူ ဘင်ဇိုးဝစ်အက်ဆစ်သည် ကင်ဆာဖြစ်စေနိုင်သည်ဆိုတာကို ထားလိုက်ပါဦး။ အချိုရည်တွေ သောက် ပြီး အဝလွန်သည့်ရောဂါ ဖြစ်စေနိုင်သည်ကိုပင်လျှင် အများစုက သတိမထားကြပေ။ အချိုရည်တွေကိုမသောက်ဘဲ လက်ဖက် ခြောက် ရေနွေးကြမ်းကိုသောက်လျှင် ပိုမကောင်းဘူးလား။ လက်ဖက်စိမ်းရေနွေးကြမ်းက ကင်ဆာကိုကာကွယ်နိုင်သည်ဟုပင် တွေ့ထားသည်ဆိုပါလား။
ကျွန်မတို့စားသုံးသူတွေသည် မသိနားမလည်လျှင် ရောဂါတွေကို ဝယ်ယူသုံးစွဲနေသူများ ဖြစ်မနေနိုင်ဘူးလား။ ဒါကြောင့် လည်း စားသုံးသူအခွင့်အရေးဆိုသည့် စကားလုံးပေါ်လာခြင်းဖြစ်မည်။ စားသုံးသူဟု အလွယ်ပြောလိုက်ပေမဲ့ ဒါကသုံးစွဲသူကို ရည်ညွှန်းခြင်းဖြစ်သည်။ အင်္ဂလိပ်လိုတော့ Consumerပေါ့။ ဈေးဝယ်သူဟု ရိုးရိုးရှင်းရှင်း ပြောလို့လည်းရ၏။ ကျွန်မတို့အားလုံးက ဈေးဝယ်သူတွေပဲပေါ့။ အင်္ဂလိပ်ဆိုရိုးတစ်ခုရှိသည်။ Consumer is always right! တဲ့။ စားသုံးသူ ဈေးဝယ်သူဟာ အမြဲမှန်တယ် တဲ့။ အားရစရာကောင်းလိုက်တာ။ ကျွန်မတို့ဆီမှာဖြင့် ဈေးဝယ်သူက အမြဲမှားနေသလို ခံစားရသည်။ ခေါင်းလျှော်ရည်ဘူးလေး တစ်ခုကနေနှစ်ခု ပြခိုင်းလျှင် အရောင်းစာရေးမလေး၏ မျက်နှာက အိုသွားပြီ။ သူတို့ဖက်က တွေးကြည့်ပေးလျှင် အိုမှာပေါ့။ သူတို့ခမျာလည်း တစ်နေကုန် မတ်တတ်မတ်တတ်နှင့် ဝယ်သူတွေကို ပစ္စည်းတွေ ထုတ်ပြနေရတာ ကိုယ့်အလှည့်ရောက်တော့ သူတို့၏ စိတ်ရှည်မှုက ကုန်သွားပြီ။ ကျွန်မ ကိုယ်ချင်းစာစိတ်ဖြင့် သူတို့ကို အပြုံးလက်ဆောင်လေး ပေးခဲ့ပါသည်။
နိုင်ငံသားအခွင့်အရေး Citizen’s right ဆိုတာကိုတောင် ဘာမှန်းမသိသေးသည့် ကျွန်မတို့အတွက် စားသုံးသူ အခွင့် အရေးဆိုတာက နည်းနည်းတော့ အလှမ်းဝေးနေသလိုရှိပါသည်။ ကျွန်မတို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရာခိုင်နှုန်း တော်တော် များများက နိုင်ငံသားအခွင့်အရေး မရကြသူတွေ။ လျှပ်စစ်မီးဆိုတာကို အသာထားလိုက်ပါဦး။ သန့်ရှင်းသည့် သောက်သုံးရေကို မရတာ၊ အန္တရာယ်ကင်းသည့် ကျန်းမာရေးနှင့် ပြည့်စုံသည့် အိမ်တစ်ခုကို မပိုင်ဆိုင်နိုင်တာ ဒါတွေက နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေခြင်းဟု ယေဘုယျ ပြောနိုင်ပါသည်။ အာရှနိုင်ငံတွေမှာ ရွာသားငါးယောက်မှာ တစ်ယောက်သာ တစ်ကိုယ်ရေ သန့်ရှင်း (Sanitation)သည့် လူနေမှုဘဝကို ရသည်ဟုဆိုသည်။ အဲဒါက အရေးကြီးလားဆိုတော့ အရေးကြီးတာပေါ့။ တစ်ကိုယ်ရေ သန့်ရှင်းသည့် လူနေမှုအဆင့်ကို မရလျှင် ကျန်းမာရေး ထိခိုက်မည်။ ပထမဆုံးခံရတာတော့ ငါးနှစ်အောက် ကလေးလေးတွေပဲ ပေါ့။ ငါးနှစ်အောက်ကလေးတွေ ကမ္ဘာကြီးမှာ တစ်ရက်ကို ငါးထောင် သေနေကြသည်။ ကျွန်မတို့ မြန်မာနိုင်ငံတွင် ကလေး တစ်ထောင်မွေးလျှင် တစ်ရာ့လေးယောက်က ငါးနှစ်မပြည့်မီ သေကြရသည်။ အကြောင်းရင်း အမျိုးမျိုးရှိသည်။ အာဟာရ ချို့တဲ့ လို့၊ ရောဂါဖြစ်လို့။ ငါးနှစ်အောက်ကလေးတွေ သေကြရသည့်အကြောင်းရင်းထဲမှာ နံပါတ်တစ် အကြောင်းကတော့ နျူမိုးနီးယား ဟုခေါ်သည့် အဆုတ်ရောင်ဖျားနာခြင်း၊ နံပါတ်နှစ်ကတော့ ဝမ်းလျှော ဝမ်းပျက်ခြင်းတဲ့။
၂၀၀၈ ခုနှစ်က ငါးနှစ်အောက်ကလေးတွေ သေနှုန်းကို အာရှပစိဖစ်ဒေသအတွက် စစ်တမ်းကောက်ထားတာရှိသည်။ မြန်မာနိုင်ငံက အများဆုံးသေ၏။ ဒါတောင် အရင် ၂၀၀၄ ခုနှစ်တွေတုန်းက ကျွန်မ သိထားသည့် ၁၀၆ ယောက် ဆိုတာထက် နည်းသွားလို့ တော်သေးသည်။ ၉၅ယောက်ဟု ဆိုပါသည်။ ကျွန်မတို့က ကလေးသေနှုန်းတွင် ထိပ်ဆုံးကဖြစ်သည်။ ကလေးတွေ ပဲလား မဟုတ်သေးပါ။ ကျွန်မတို့မြန်မာနိုင်ငံတွင် လူကြီးတွေ၏ သေနှုန်းကလည်း တခြားသောနိုင်ငံတွေထက် ပိုမြင့်ပါသည်။ ၂၀၀၈ ခုနှစ်က အသက် ၁၅ နှစ်မှ ၆ဝ နှစ်အတွင်း သေနှုန်းအစီရင်ခံစာတွင်လည်း ကျွန်မတို့နိုင်ငံက သေနှုန်းအမြင့်ဆုံးပါပဲ။ ကျွန်မတို့၏နောက်မှာ လာအိုနိုင်ငံဖြစ်ပါသည်။ ထိုသေနှုန်းသည် လူ (၁၀၀၀)တွင် တွက်ချက်ထားခြင်း ဖြစ်ပါသည်။ နောက်တော့ ကျွန်မ သက်သာလိုသက်သာငြား အကျိုးအကြောင်း ရှာဖွေကြည့်သည်။ ၂၀၀၈ ခုနှစ်ဆိုတော့ ကျွန်မတို့ဆီမှာ နာဂစ်မုန်တိုင်း ကြောင့် လူတွေ တစ်သိန်းသုံးသောင်းကျော် သေကြေပျောက်ဆုံးကြရတာမို့ ကိန်းဂဏန်းတွေက အဲဒီလောက်မြင့်တက်နေတာ လား။ ၂၀၀၈ ခုနှစ် တစ်နှစ်လုံးအတွက် တွက်ထားပြီး ၂၀၀၉ ခုနှစ်မှာ ကြေညာတာမို့ များနေတာလား။ ဒါမှမဟုတ် …အင်းလေ ဒါက ပညာရှင်တွေနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိ ပုဂ်္ဂိုလ်တွေသာ သိမှာပေါ့။ စိတ်မကောင်းစရာပါပဲ။ တစ်နှစ်အောက်ကလေး (နို့စို့ကလေးဟု ခေါ်မလား။ ဆေးပညာအခေါ်တော့ infant mortality rate ဟုပဲခေါ်သည်။) သေနှုန်းကလည်း မြန်မာက ဒုတိယ အမြင့်ဆုံး ဖြစ်နေပြန်သည်။ တော်သေးတာပေါ့လေ။ ကိုယ့်အထက်မှာ ပါကစ္စတန်နိုင်ငံ ခံနေပေလို့။ ဒါတောင် တစ်ယောက်ပဲ လျော့တာ။ ပါကစ္စတန်က နို့စို့တစ်နှစ်အောက်ကလေး ၁၀၀ဝ တွင် ၇၂ ယောက် သေသည့်အချိန်တွင် ကျွန်မတို့ မြန်မာနိုင်ငံက ၇၁ ယောက် သေတာဆိုပဲ။
ဘဝသက်တမ်း တွက်ချက်မှုတွင် ဟိုတုန်းက ကျွန်မတို့ မြန်မာနိုင်ငံက အမျိုးသား ၅၈ နှစ်လောက်ပဲ ရှိခဲ့ဖူးသော်လည်း ယခုအခါ ၆၁နှစ်ထိ တက်သွားပြီ။ (ယောက်ျားထက် မိန်းမက နှစ်နှစ်လောက် ပိုသက်တမ်းရှည်တာ တွေ့ရသည်။) ဒါကတော့ ကောင်းသည့်အချက်ဖြစ်သည်။ ဒါတောင်မှ ကျွန်မတို့သည် အာရှပစိဖစ် ဒေသတွင် ဘဝသက်တမ်း တတိယအတိုဆုံးဖြစ်သည်။ ကျွန်မတို့အောက်မှာ ပါပူဝါနယူးဂီနီ ပြီးတော့ အောက်ဆုံးက ကမ္ဘောဒီးယားနိုင်ငံပဲ ရှိသည်။ ဒါလည်း ၂၀၀၈ ခုနှစ်အတွက်ပါပဲ။ အင်း ဒါဆိုလျှင်တော့ နာဂစ်ကို လွှဲချလို့ မရတော့ဘူး ထင်သည်။
တစ်ခု စိတ်သက်သာရာရသည်မှာ မိခင်သေနှုန်းတွင် ကျွန်မတို့ မြန်မာနိုင်ငံက ဦးဆောင်နေတာ မဟုတ်လို့ပါပဲ။ မိခင် သေနှုန်းအများဆုံး နိုင်ငံတွေထဲတွင်ပါသော်လည်း ထိပ်ဆုံးမှာတော့ မရှိဟု ကြံဖန်နှစ်သိမ့်လို့ရသည်။ ထိပ်ဆုံးက လာအိုနိုင်ငံ။ သူ့ အောက်က နီပေါလ်နိုင်ငံ။ ကျွန်မတို့ နိုင်ငံက ရှစ်နိုင်ငံမြောက်ပါ။ လာအိုက အရှင်မွေး တစ်သိန်းတွင် (၅၈၀)ယောက်တဲ့။ ကျွန်မတို့က (၂၄၀) ဖြစ်ပါသည်။
ကျွန်မတို့ပတ်ဝန်းကျင်တွင် အန္တရာယ်တွေ အများကြီးရှိသည်။ နိုင်ငံသားအခွင့်အရေးဟုပြောလျှင် ကျန်းမာရေး တစ်ခု တည်းနှင့်ပင် ကျွန်မတို့လို ဆင်းရဲသားနိုင်ငံတွေ အခွင့်အရေးဆုံးရှုံးသည့် အထဲတွင် ပါကုန်ပါသည်။ ကျန်းမာရေးနှင့် ပြည့်စုံမည့် ပတ်ဝန်းကျင်တစ်ခုမှာ နေထိုင်ခွင့်။ အဲဒါအခြေခံနိုင်ငံသား အခွင့်အရေးပါပဲ။ ကျန်းမာရေး ထိခိုက်စေမည့်အရာတွေ ဝန်းရံနေ သလို ကျန်းမာရေး ချို့ယွင်းသည့်အခါ အားကိုးစရာ နေရာသိပ်မရှိတာလည်း နိုင်ငံသား အခွင့်အရေး ဆုံးရှုံးခြင်းပဲ မဟုတ်ပါလား။ မြန်မာနိုင်ငံမှာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု တော်တော်အားနည်းပါသည်။ ကျန်းမာရေးကို စောင့်ရှောက်ပေးမည့် ဆေးရုံ/ ဆေးခန်းတို့ နည်းပါးသည်။ ဆေးရုံ/ဆေးခန်းရှိသော်လည်း အတွင်းမှာ ဆေးနှင့် ကိရိယာမရှိ။
မကြာမီက ချင်းပြည်နယ်ဆေးရုံမှ ရောက်လာသော ကျွန်မသူငယ်ချင်းကို ကျွန်မ မေးကြည့်မိသည်။ သူတို့ဆီမှာ ဘာ ရောဂါတွေပေါသလဲ။ ငှက်ဖျားတွေ၊ သွေးလွန်တုတ်ကွေးတွေ ပေါသတဲ့။ မြွေကိုက်တဲ့လူနာရော ရှိသလားဟုမေးတော့ သူငယ်ချင်းက အားရပါးရ ပြောပြပါသည်။ မြွေကိုက်တဲ့လူနာ ငါမလာခင်လေးကိုပဲ ကြည့်ခဲ့ရသေးတယ်။ အသက်ဆယ့်သုံးနှစ် လောက်ပဲရှိသေးတဲ့ကလေး။ မြွေကိုက်ခံရတာ။ အမယ်ကိုယ်တော်ချောလေးတွေက တော်တော်ဆိုးတာပဲ။ တွင်းထဲကို နှိုက်တာ တဲ့။ မြွေက သူ့ကို ခဲပြီးပါလာတာ။ အဲဒီမြွေကို သူတို့က ခေါင်းဖြတ်ပစ်လိုက်သတဲ့ဟယ် ကြံကြံဖန်ဖန်။ မြွေရောဆိုတော့ ပါတော့ လာပါတယ်။ မြွေက အပိုင်းအပြတ်နဲ့။ အမြီးလည်း မရှိတော့ဘူး။ ဒါနဲ့ အမြီးက ဘယ်မှာလဲဆိုတော့ ဖြတ်ပစ်လိုက်ပြီတဲ့။
အမြီးကိုများ စားလိုက်သလားဟယ်ဟု ကျွန်မ ပခုံးတွန့်လျက် မေးမိသည်။ ကျွန်မ ကြားဖူးသလားလို့ မြွေအမြီးကို ဘာလုပ်ရတယ်ဆိုလား။ မသေချာ။ မစားဘူး။ အဲဒီအမြီးပြတ်နဲ့ မြွေကိုက်တဲ့ အနာကို တို့တာတဲ့။ အဲဒီအမြီး ပါမလာဘူး။ ချုံထဲ လွှင့်ပစ်ခဲ့ဟန် တူပါသည်။ အရေးကြီးဆုံးကို မေးမိသည်။ မြွေဆိပ်ဖြေဆေး ရှိရဲ့လားဟယ်။ ရှိတယ်။ တော်သေးတယ်။ သူ ကံကောင်းတာ။ နောက်ဆုံးလက်ကျန် ဖြေဆေးပဲ။ အို …။ ကျွန်မ တော်တော် လန့်သွားပါ သည်။ ပြည်နယ်ဆေးရုံကြီးမှာတောင် မြွေဆိပ်ဖြေဆေးက ဒါနောက်ဆုံးပဲဆိုတော့။ မကြာခင်တော့ ဆေးတွေပြန်ရောက်လာဦးမှာပါ။ သို့သော် ဆေးမရောက်မီ တစ်ယောက်ယောက်များ ထပ်ကိုက်ခံလိုက်လို့ကတော့ …။ မြန်မာနိုင်ငံသည် ကမ္ဘာတွင် မြွေကိုက်ခံရသူ အများဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်သည်။ အသေအပျောက် အများဆုံးကတော့ အိန္ဒိယနိုင်ငံပေါ့။ နှစ်စဉ် လူ (၅)သောင်းလောက် မြွေကိုက်ခံရလို့ သေဆုံးနေကြသည်။ သူငယ်ချင်းလာသည်က အစည်းအဝေးလာတက်ရင်းနှင့် အိပ်ချ်အိုင်ဗွီအတွက် ဗိုင်းရပ်စ်မပွားအောင် တားဆီးသည့် အေအာရ်တီခေါ် ဆေးရလျှင် ပြည်နယ်အတွက်ယူရန် ဖြစ်သည်။ ငှက်ဖျားရော ဆေးလုံလောက်လား။ လုံလောက် တယ်။ တော်သေးတာပေါ့။ ငှက်ဖျားတွေကဟယ် လာလိုက်ရင် ဦးနှောက်ငှက်ဖျားတွေချည်းပဲ။ ချင်းပြည်နယ်မှာ ငှက်ဖျားခြင် ရှိ တယ်ပေါ့။ ပေ ၆၀၀၀၊ ၇၀၀ဝ တောင်ပေါ်မှာရှိနေကြသော်လည်း ငှက်ဖျားခြင်ကတော့ သူတို့နားတွင် ဝဲနေပုံရပါသည်။ တောထဲ သွားကြမည်။ စိမ့်စမ်းရေအိုင်ရှိသည့်နေရာတွင် ခြင်တွေရှိမည်။ ခြင်ကိုက်မည်။
တစ်နှစ်လျှင် လူပေါင်း (၃)သိန်းခွဲလောက် ငှက်ဖျားရောဂါ ဖြစ်သည်။ အစီရင်ခံစာအရ လူ (၁၀၀၀)လောက်က နှစ်စဉ် သေသည်။ သစ်တောနှင့် နီးစပ်သည့်နေရာတို့တွင် ငှက်ဖျားဖြစ်တတ်သည်။ မြို့တိုင်း၊ ရွာတိုင်းမှာ ငှက်ဖျားခြင်တွေ ရှိနေပြီ။ ရာသီဥတုပြောင်းလဲခြင်းကြောင့် ပိုပြီးပူနွေးလာခြင်းကြောင့် နဂိုကခြင်မရောက်သည့် တောင်ပေါ်ဒေသတို့တွင် ခြင်တွေ ရောက် ကုန်ပြီ။ ထိုခြင်တို့ကို ကာကွယ်တားဆီးမှုမရှိ။ ခြင်အောင်းသည့်နေရာတို့ကို ဖျက်ဆီးခြင်းမရှိ။ ထို့ကြောင့် မြို့ပေါ်ရော တောနယ်ပါ ငှက်ဖျားရောဂါနှင့် အလွန်နီးစပ်နေသည်။ မြန်မာနိုင်ငံတွင် လူဦးရေ (၃၄)သန်းကျော်သည် ငှက်ဖျားရောဂါဖြစ်ဖို့ အန္တရာယ် တွေနှင့် ကြုံနေရသည်ဟုဆိုသည်။ ဒါဖြင့် ကျွန်မလည်း ပါတာပေါ့။ ရန်ကုန်မှာနေသော်လည်း ငှက်ဖျားခြင်က နေရာအနှံ့မှာ ရှိနေ တာကိုး။ ကြောက်စရာကြီးပါလား။ ဒါကြောင့်ငှက်ဖျားရောဂါသည် ကျွန်မတို့နိုင်ငံ၏ အသေအပျောက်အများဆုံး ရောဂါစာရင်းမှာ ထိပ်ဆုံးက မဆင်းတာကိုး။ ငှက်ဖျားဖြစ်ပွားသော အာရှပစိဖစ်ဒေသနိုင်ငံများတွင် ဖြစ်ပွားမှုအများဆုံးက အိန္ဒိယဖြစ်သည်။ အိန္ဒိယက လူဦးရေလည်း မတန်တဆများတာကိုး။ ဖြစ်ပွားသည့်လူနာပေါင်း တစ်သန်းခွဲခန့် (၁၅၃၂၄၆၇)ရှိသတဲ့။ ကျွန်မတို့ နိုင်ငံမှာတော့ လေးသိန်းခန့် (၄၁၁၄၉၄)ရှိသတဲ့။ သူတို့နိုင်ငံက လူများလို့ လေးဆခန့် ပိုများတာပေါ့။ သို့သော် အံ့ဩစရာက သေဆုံးသည့် အရေအတွက်ကျတော့ ကျွန်မတို့က ပိုများခြင်းဖြစ်သည်။ လူတစ်သန်းမှာ သူတို့က ၁၀၆ဝပဲ သေပြီး ကျွန်မတို့က လူလေးသိန်းမှာ ၁၀၈ဝ သေနေရသည်။ ဒါကိုကြည့်လျှင် ကျွန်မတို့၏ ကျန်းမာရေးဗဟုသုတ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လမ်းပန်းဆက်သွယ်ရေး အခြေခံ အဆောက်အအုံတွေ ဘယ်လောက်နိမ့်ကျနေသည်ဆိုတာ သိသာထင်ရှားပါသည်။
သူငယ်ချင်းက နောက်ထပ် ကျွန်မ မထင်မှတ်သော ကျန်းမာရေးထိခိုက်မှုတစ်ခုကို ပြောပြသည်။ အစာအဆိပ်သင့်တာ food poisoningတဲ့။ သိပ်မကြာခင်ကပဲ အနီးအနားက ရွာလေးတစ်ခုမှာ အစာအဆိပ်သင့်တာ မိသားစုလိုက်ဖြစ်လို့ ကျန်းမာရေး မှူးလေးတစ်ယောက်ကို အဲဒီကို လွှတ်ရသေးတယ်ဟူ၏။ နှစ်ယောက်ကတော့ ဆုံးသွားသည်ထင်ပါရဲ့။ ကလေးတစ်ယောက်က ဆုံးပြီး နောက်ကလေးတစ်ယောက်ကိုတော့ ဆေးရုံသို့ ခေါ်လာလိုက်နိုင်သည်။ မှိုကနေ အဆိပ်သင့်တာဖြစ်သည်။ မှိုတွေက အဆိပ်နှင့် နီးစပ်တာကိုတော့ ကျွန်မသိပါသည်။ သို့သော် ဘယ်မှိုကစားကောင်းပြီး ဘယ်မှိုကမစားကောင်းဘူးဟု ကျွန်မမသိ။ ထို့ကြောင့် မှိုကိုစားရမှာ နည်းနည်းလန့်နေသည်။ ကောက်ရိုးမှိုခေါ်သော စိုက်ပျိုးမှိုကတော့ အဆိပ်မသင့်နိုင်ပေ။ သို့သော် တော ထဲကမှိုမှာ အဆိပ်ရှိနေနိုင်သည်။ သူတို့ဆေးရုံသို့ သတင်းရောက်တာက နောက်ကျသလို သူတို့ဆီက ကျန်းမာရေးမှူးရွာသို့ ရောက်သွားရတာလည်း နောက်ကျသည်။ အဆိပ်သင့်တာက နှစ်ဆယ့်လေးနာရီကျော်သွားပြီ။ အစာအိမ်ထဲက အဆိပ်ကို အပြင် ပြန်ထုတ်သည့်နည်း အလုပ်မဖြစ်တော့ပေ။ အစားအစာ အဆိပ်သင့်တာတွေက စိုက်ပျိုးရေးမှာ ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာ တွေ အများကြီးသုံးတာလည်းပါသည်။
အော်ဂဲနစ်စိုက်ပျိုးရေးကရသည့် အသီးအနှံဆိုတာ ကျွန်မတို့နိုင်ငံတွင် အိပ်မက်မက်လို့ကောင်းတုန်းပဲ ရှိသေးသည်။ ဟိုတုန်းကလို သဘာဝသီးနှံတွေလည်း မရှိတော့ပြီ။ ကျွန်မတို့စားနေရတာက ထုံးတမ်းစဉ်လာ ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာ ကို လှိုင်လှိုင်ကြီးသုံးပြီး ထုတ်ထားသည့်သီးနှံတွေ။ ပိုးသတ်ဆေးကို သူတို့ ဘယ်လိုသုံးထားတာလဲ။ ကျွန်မတို့စားသည့် သီးနှံဆီ ထိအောင် မတွေးပါနဲ့ဦး။ သုံးတဲ့သူကိုယ်တိုင်ကော သူအန္တရာယ်ကင်းဖို့ ညွှန်းတဲ့အတိုင်း လိုက်နာရမည့် အသုံးပြုနည်းတွေကို သိရဲ့လား။ သူကိုယ်တိုင် ထိုအဆိပ်မသင့်အောင် ကာကွယ်ဖို့ အခွင့်အရေးကို ရရဲ့လား။ လမ်းညွှန်ချက်အတိုင်း စနစ်တကျ သုံး လား။ ပိုးသတ်ဆေးသုံးတဲ့နေရာမှာ ဥပဒေလမ်းညွှန်မှုများ ရှိရပါသည်။ ပိုးသတ်ဆေးသုံးစွဲသည့် ကာယကံရှင်ကို အန္တရာယ် မဖြစ် စေဖို့၊ ကိုယ့်ပတ်ဝန်းကျင်က လူ၊ တိရစ္ဆာန်တွေနှင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဖို့။ ရောင်းသူများအတွက်၊ သုံးသူများအတွက် စည်းကမ်းချက်များ ထုတ်ထားပေးပါသည်။ ကျွန်မစိုက်ခင်းတွေ ဘေးကနေ ဖြတ်သွားလျှင် မြင်နေရတာပဲ။ ပိုးသတ်ဆေးဖျန်းနေသူတွေ နောက်ကျောမှာ ပုံးကိုကပ်ပြီး ကျောပိုးထားရင်း ဆေးဖျန်းနေသည့်မြင်ကွင်း။ အန္တရာယ် သိပ်ကြီး ပါသည်။ သူတို့ သိချင်လည်းသိမည်။ သိချင်မှလည်း သိမည်။ ဒီနည်းက လောလောဆယ် ဝန်ကိုပေါ့စေသည့် နည်းမို့ သုံးနေ တာလည်း ဖြစ်နိုင်သည်။
အရေပြားတွင် ပိုးသတ်ဆေးစိမ့်ဝင်နှုန်းက တစ်နေရာနဲ့တစ်နေရာ မတူပါ။ လက်မောင်းကနေ စိမ့်ဝင်နှုန်းထက် ဝမ်းဗိုက် နောက်ကျောဆီကနေ စိမ့်ဝင်နှုန်းက နှစ်ဆပိုများသည်။ နဖူးမှာ စိမ့်ဝင်နှုန်းက လေးဆလောက်ပိုများသည်။ နားထဲကနေ စိမ့်ဝင် နှုန်းက ငါးဆလောက်ပိုများသည်။ လိင်အင်္ဂါပတ်ဝန်းကျင် အရေပြားဆီကနေ စိမ့်ဝင်နှုန်းကတော့ အများဆုံးဖြစ်သည်။ ဆယ့်နှစ် ဆလောက်ရှိပါသည်။ အန္တရာယ်ကို သိမှသာ ရှောင်ကြဉ်နိုင်မှာမဟုတ်လား။ အန္တရာယ်ကို သိခွင့်ရှိရပါမည်။ ဒီတော့ ထိုသိခွင့် လေးအတွက်ပဲ ကျွန်မတို့ ပထမဆုံး ကြိုးစားကြရဦးမည်။ သိခွင့်ဆိုတာကို နားလည်ဖို့ ဗဟုသုတတွေတော့ ရှာရမှာပေါ့။ ပညာ လည်း တတ်ဖို့လိုမှာပေါ့။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ ဆင်းရဲတွင်းမှလွတ်ဖို့ဆိုလျှင် အခြေခံကျန်းမာရေးအသိကို သိဖို့လိုသည်။ အခြေခံပညာမူလတန်းအဆင့်ပဲဖြစ်ဖြစ် အနည်းဆုံး သိဖို့လိုပါသည်။ သိလာလျှင် ဘာဆက်လုပ်ကြလဲ။ သူတို့ဆီမှာတော့ တိုင် ကြားခြင်းဆိုသည့် အမျိုးအစားရှိသည်။ Claim (ကလိမ်းမ်) ပေါ့။ “ဒါတော့ မမှန်ပါဘူး။ ဒီလိုတော့ မလုပ်သင့်ပါဘူး” “ဒါကတော့ လူမှုအသိုင်းအဝိုင်းကို ထိခိုက်လာပါတယ်”စသည်ဖြင့် တိုင်ကြားမှုကို လူမှုအဖွဲ့တွေကနေ ဦးဆောင်ပေးသည်။ ဒီမှာတော့ ထိုအလုပ်ကို ဂျာနယ်တွေကပဲ လုပ်နေသလိုပါပဲ။ ဘယ်ဆေးရုံကြီးကဖြင့် လူနာကိုကုသတာ ဘယ်လိုဖြစ်သွားသတဲ့။ ဘယ်မြို့ ဘယ်ရွာမှာတော့ ပိုးသတ်ဆေးများတဲ့ ပန်းဂေါ်ဖီတွေကိုစားမိလို့ မိသားစုလိုက် ဆေးရုံတက်လိုက်ရပါတယ်။ ထိုကဲ့သို့ သတင်း များ။ သတင်းကိုသတင်းအဖြစ် ဖော်ပြတာကတစ်မျိုး။ တိုင်ကြားစေချင်လို့ ပြည်သူလူထုတော့ အခွင့်အရေးတွေ ဟောဒီလို ဆုံးရှုံး နေရပါတယ်ဟု ဖော်ပြတာက တစ်မျိုးပေါ့။
တိုင်ကြားမှုကို အရေးယူစုံစမ်းပေးဖို့ အဖွဲ့တွေလည်းရှိကြရမည်။ အစားအသောက်နှင့်ပတ်သက်သည့် စစ်ဆေးမှု၊ ရေနှင့် ပတ်သက်သည့် စစ်ဆေးမှုတို့ကို တာဝန်ယူပြုလုပ်ပေးမည့် အစိုးရအဖွဲ့၊ အစိုးရမဟုတ်သော ကြားခံအဖွဲ့စသည်တို့ များများ ရှိလျှင် ပိုကောင်းမည်။ သို့သော် နေပါဦး။ ဆီတို့၊ ဆိုးဆေးတို့၊ အစားအစာတွေကို တိုင်ကြားလို့ရသည်ဆိုလျှင်တောင် မြွေကိုက်ခံ ရတာ၊ မြွေဆိပ်ဖြေဆေးမလုံလောက်တာ၊ ငှက်ဖျားခြင်ကိုက်တာ ငှက်ဖျားရောဂါဖြစ်လို့ ဆေးခန်းသွားပြဖို့ငွေမရှိလို့ ဆေးမြီးတိုဖြင့် ကုသရင်း သေဆုံးရတာ ဒါတွေကို ဘယ်သူ့သွားတိုင်ရမလဲ။ တီဘီရောဂါကူးခံရတာကိုရော ဘယ်သူ့သွားတိုင်ရမှာလဲ။ ဆေးရုံ ဆေးခန်းသို့သွားဖို့ ငွေရှိသည်ဆိုလျှင်တောင် သွားရမည့်လမ်းခရီးက လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းလို့ အချိန်မီမရောက်နိုင်လို့ မသေသင့်ဘဲ သေဆုံးရတာ ဒါတွေကိုရော ဘယ်သူ့သွားတိုင်ရမှာလဲ။
နိုင်ငံသားအခွင့်အရေး အပြည့်မရလျှင်တောင် တစ်ဝက်လောက်ရလျှင်ပဲ အသေအပျောက်တော့ တော်တော် နည်းသွား မှာပဲ ထင်ပါရဲ့။ သေချာတာကတော့ မြန်မာနိုင်ငံကို မရောက်ဖူးသေးသူတွေ အကြားဖြင့်သာ သိနေရသူတွေက မြန်မာနိုင်ငံဟာ အန္တရာယ်ဆိုးကြီး ကျရောက်နေသလိုလို ထင်ကြသည်။ ပြည်တွင်းစစ်တွေဖြစ်၊ ရောဂါတွေဖြစ်၊ လမ်းမှာမတော်တဆ ထိခိုက် ဒဏ်ရာတွေဖြစ်၊ မသွားသင့်သည့် နေရာတစ်ခုလို ထင်ကြသည်။ မြန်မာနိုင်ငံသို့ ပထမဆုံးလာမည့် နိုင်ငံခြားဧည့်သည်တွေက မေးသည့်မေးခွန်းမှာ စစ်တွေ ဖြစ်နေလား။ သူတို့က တီဘီနှင့် ငှက်ဖျားကို သိပ်မကြောက်ကြဘဲ ခွေးရူးတို့၊ မြွေကိုက်ခြင်းတို့ကို ပိုကြောက်ကြသည် ထင်၏။ အေးပေါ့လေ။ ငှက်ဖျားကို ကာကွယ်ဆေးသောက်ပြီးမှ လာလို့ရတာကိုး။ ခွေးရူးနှင့် မြွေကျတော့ ကာကွယ်ဆေးထိုးလို့မရဘဲကိုး။
တစ်ခါတစ်ခါ ကျွန်မ ငယ်စဉ်က သီချင်းလေးတစ်ပုဒ်ကို သတိရမိသည်။ သီချင်းခေါင်းစဉ်ကိုတော့ အတိအကျ မမှတ်မိပါ။ သည်နွေသည်မိုးသည်ဆောင်း ထင်ပါရဲ့။ ကိုယ့်ဘဝ ခဏဘယ်သူ ယူပါ့မယ်တဲ့။ ကျွန်မတို့ ပြည်သူလူထုတွေ၏ ဘဝကို ခဏလေးဖြစ်ဖြစ်ယူပြီး မျှဝေခံစားကြည့်ကြလျှင် သိနိုင်ပါလိမ့်မည်။ ကျွန်မတို့သည် အန္တရာယ်တောထဲမှာ ရဲရင့်စွာ သို့မဟုတ် ရဲရင့်အောင် မနည်းအားတင်းပြီး နေထိုင်နေကြသူများဆိုတာ …။
ရှေ့ဆက်ပြီး အန္တရာယ်တွေနည်းပါးတော့မည်ဟု မျှော်လင့်ရပါသည်။ တလောကတော့မြန်မာနိုင်ငံ၏ အခြေခံ ကျန်းမာ ရေးစောင့်ရှောက်မှုကို မြှင့်တင်ဖို့ ဒုတိယသမ္မတ မိန့်ခွန်းပြောတာလား။ သတင်းစာထဲမှာ ဖတ်လိုက်ရသည်။ ၂၀၁၃၏ ကျန်းမာရေး အစီရင်ခံစာတွင်တော့ သေနှုန်းတွေ လျော့ကျလာကောင်းပါရဲ့။

ဂျူး

 

ခင်ခ ဖတ်ကြည့်ပြီး ကောင်းတဲ့ကျန်းမာရေးဆောင်းပါးလေးမို့ ဖတ်လိုသူများအတွက် ဝေမျှပေးတာပါ။

 

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ခင်ခ။

13 comments

  • ဗုံဗုံ

    December 1, 2012 at 10:19 am

    ဟုတ်ပါတယ်လေးခရေ ဆီစစ်စစ်ကတော့ ကိုယ့်အိမ်မှာဘဲ ကြိတ်ပြီးသုံးမှဘဲ အပြင်ဆိုင်တွေတော့ မရှိလောက်တော့ဘူး ထင်တာပါဘဲ

    • Mobile

      December 12, 2012 at 6:58 pm

      ဖတ်ရတာ အတော်ကြာဖတ်ခဲ့ရပါသည် ကျန်းမာရေးနှင့် ပတ်သတ်သည့် ဗဟုသုတ အပြင်
      လူနေမှုဘဝ ဗဟုသုတတွေပါ တော်တော်များများ ပါဝင်ထိမိတဲ့အတွက် အကျိုးရှိတဲ့ ပို့စ်တစ်ပုဒ်
      ဖြစ်တယ်လို့ မှတ်ချက်ပေးချင်ပါတယ်။
      ကိုယ်ဘဝ ခဏတာဟာ သူတစ်ပါး ယူချင်စရာ ကောင်းလောက်တဲ့ အနေအထားမဟုတ်တဲ့အတွက်
      ဘယ်သူမှ ယူပေးချင်မှာမဟုတ်ပေမယ့် ဘဝကို စိတ်အားငယ်မှုတွေ ခဏဖယ်ထားပြီး
      အကောင်းဆုံး အနေအထားကို ပိုင်ဆိုင်နိုင်စေဖို့ ကြိုးစားခြင်းကသာ လက်တွေ့ဘဝ အတွက်
      အကောင်းဆုံး ဖြစ်ပေလိမ့်မည်ဟု စဉ်းစာမိပါ၏။

  • pooch

    December 1, 2012 at 11:47 am

    ခုခေတ် ကျမအပါအဝင် လူတိုင်းနီးပါး( သာမာန်ဘွဲ့ရ ဆိုကြပါစို့) ကျန်းမာရေးအသိ ပတ်ဝန်းကျင်အသိ ကျောင်းပြီးသွားပေမဲ့ ပါမလာခဲ့ပါဘူး။ စာဖတ်ကြသူတွေ လေ့လာကြတဲ့သူတွေသာ သိနေတတ်ကြပါတယ်။

    ဆိုတော့ ဒီနေရာမှာ စနစ်ကို အပြစ်တင်ချင်ပါတယ်။ ပညာရေးစနစ်သာကောင်းခဲ့ရင် ကျောင်းပြီးတာနဲ့ သိသင့်သိထိုက်တာတွေ ပညာပေးကစလို့ အကြောင်းအရာပေါင်းစုံကို သိခွင့်ကြုံခဲ့ရင် ကိုယ်ကတဆင့် မသိသေးတဲ့ ကိုယ့်မိသားစု

    ကိုတောင် ပြန်ပြီး လမ်းညွှန်အသိပေးခွင့်လေးတော့ ရှိကောင်းရှိနိုင်ခဲ့မှာပါ။ အလေ့ကျင့်ကောင်းတွေကိုလည်း ပြုစုပျိုးထောင်ခဲ့ပြီးသားဖြစ်မှာပါ။

    ခုခေတ်ကတော့ ဘာကိုပဲ ကြည့်လိုက်ကြည့်လိုက် ဘာတွေပဲ ဖြစ်လိုက် ဖြစ်လိုက် မသိခြင်းအကြောင်းတရားတွေကြောင့် သာ ပြသာနာတွေ မကြီးသင့်ပဲ ကြီး မဖြစ်သင့်ပဲ ဖြစ် မသေသင့်ပဲ သေ နေတာတွေပါ။ မရှိတာထက် မသိတာခက်နေတာ။

    စနစ်ကြောင့် ဉာဏ်မွဲရတယ် ဉာဏ်မွဲလွန်းတော့ လူတွေပျက်စီးရတယ် ဆင်းရဲရတယ် ။

    စနစ်ရယ် လူရယ် ဘတပြန် ကျားတပြန် သူတင် ကိုယ်တင် ။

    ဒီပုံတိုင်းဆို ကျမလည်း သက်ဆိုးရှည်မယ်မထင်ဘူး။ 🙁

    • MaMa

      December 1, 2012 at 2:51 pm

      ကျန်းမာရေးအသိတိုးစေတာမို့ ဖြန့်ဝေပေးတဲ့ ကိုခင်ခကို ကျေးဇူးတင်ပါတယ်။
      ကျန်းမာရေးအသိပညာ အားနည်းတာတော့ ကိုယ်တိုင်လည်း ထိပ်ဆုံးကပဲ။
      တချို့တိုးတက်တဲ့ နိုင်ငံတွေမှာ ကျန်းမာရေး၊ ပညာရေး စတဲ့ အသိပညာပေးတာတွေကို ကျောင်းနေရွယ်ကလေးတွေကနေမှတဆင့် လူကြီးတွေကို ပြန်သင်ကြားတဲ့ နည်းစနစ်ကို သုံးကြတာ တွေ့ဖူးတယ်။
      ကျောင်းကနေ ကလေးတွေကို သင်ပေးပြီး အိမ်မှာ အိမ်သူားတွေကို ပြန်ဖြန့်ဝေခိုင်းတာမျိုး၊
      ကျောင်းကို မိဘတွေကိုခေါ်ပြီး ကလေးတွေနဲ့ အတူ သင်ကြားပေးတာလိုမျိုး နည်းတွေကို သုံးကြတယ်။
      ကလေးတွေကတဆင့် လူကြီးတွေကို ပြန်သင်ကြားဖြန့်ဝေဖို့ အဲဒီကိစ္စကို ဒေါ်စုလည်း ပြောဖူးသလားလို့။

      • ခင်ခ

        December 1, 2012 at 3:09 pm

        မမ ပြောတဲ့နည်းစနစ်တွေကို တစ်ချို့တိုင်းပြည်တွေမှာ ကျင့်သုံးနေကြတာ ဖတ်ဖူးတယ်။
        ကျွန်တော်တို့နိုင်ငံမှာ ပညာရေး ကျန်းမာရေး စနစ်က လက်တည့်စမ်းတဲ့အဆင့်ကနေကို တိုးတက်မလားဘူးဗျ။ မမ ပြောတဲ့စနစ်ဆောင်ရွက်လာနိုင်ရင်တော့ ကျွန်တော်တို့ တိုင်းပြည်အတွက် အကောင်းဆုံးမို့ BC ပေးလိုက်တာပါ ကွန်မန့်လေးအတွက်ကျေးဇူးပါနော်။

  • Inz@ghi

    December 1, 2012 at 12:01 pm

    မိုင်ယာမီ ကမ်းခြေက မြေလည်း. တပေပတ်လည် တကျပ်ခွဲပဲ
    သာဂီ့တို့ဆီက ဓနိတော့လည်း တပေပတ်လည် တကျပ်ခွဲပဲ.
    လုပ်ဟေ့.
    ကြေးနီကြေးနီရပ်ရပ်. ထားဝယ် ထားဝယ် ဖျက်ဖျက်.

  • မောင်ပေ

    December 1, 2012 at 12:06 pm

    ကောင်းဗျာ…လေးခင်ခ တင်ပေးလို ့ဖတ်ရတယ်
    သေရမှာ ကြောက်လားလို ့မေးရင် ကြောက်တယ်လို ့ဖြေမယ်ဗျို ့

  • ပိုးသတ်ဆေးကတော့ ပြောသာပြောနေကြပါတယ်။
    ပိုးသတ်ဆေးကြောင့်ဖြစ်လာတဲ့ အန္တရာယ်အကြောင်းပြောသူနည်းနည်း……………………………..
    ပိုးသတ်ဆေးကောင်းကြောင်း နေ့စဉ်တီဗွီက ကြော်ငြာလာနေတာ များများ
    ကြော်ငြာနေသူတွေအားလုံး ပညာတတ်တွေချည်းပါဘဲ။

  • ဦးကြောင်ကြီး

    December 1, 2012 at 7:59 pm

    ကြက်မကြီးလိုက်စားပါမှ ကြက်မကြီးကိုတန်ဖိုးထား ကြက်မကြီးအကြောင်း ပိုသိလာဂျမပေါ့။ အဲဒီကြက်မကြီးဆိုတာလည်း သိပ်မြင့်မြင့်မားမား မဖြစ်လည်းရနိုင်ပါတယ်၊ ဥပမာ – မနက်လမ်းလျောက်၊ ကိုယ်အလေးချိန်ထိန်းတာမျိုး။ ကြက်မကြီးကျေးဇူးနဲ့ နေထိုင်သွက်လက် ပေါ့ပါးလာမှ အယင်ကနဲ့ မတူတာ သတိထားမိပြီး အခြားကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဂရုစိုက်လာမယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားလာမယ်။ အနေအထိုင် ဆင်ခြင်တတ်လာမယ်။ အရေးကြီးတာ ပေါချောင်ကောင်း လူတိုင်းအလွယ် လုပ်နိုင်တဲ့ ကြက်မကြီးအလေ့အကျင့်များ ထွန်းကားလာဖို့ ဘယ်လိုအားပေးကြမလဲ၊ နေရာထိုင်ခင်း စီစဉ်ပေးကြမလဲဆိုတာ… အင်း ကြက်မကြီး ကြက်မကြီး ကတော် ကတော်…..

  • candle .

    December 3, 2012 at 10:29 am

    ဟိုတုန်းကတော့ ဆရာမ ဂျူး ရဲ့စာအုပ် အတော်များများဖတ်ခဲ့ဖူးသလို အရမ်းလည်းကြိုက်ခဲ့ဖူးပေမဲ့ ..
    အခုတော့ အလှမ်းဝေးနေတာ အတော်ကြာပေါ့..
    ကျန်းမာရေးအတွက် အကျိုးများလှတဲ့ ဒီပိုစ့်လေးလည်းကြိုက်ပါတယ်..
    တင်ပေးသူ ကိုခင်ခ ကိုလည်းကျေးဇူးတင်မိပါတယ်….
    အော်ကြုံတုန်းလေး..
    ဂျူး ရဲ့ ” မိန်းမတစ်ယေက်ရဲ့ဖွင့်ဟဝန်ခံချက် ” နဲ ့ ” ကံကြမ္မာကိုမယုံကြည်ကြသူများ ” ဆိုတဲ့စာအုပ်တွေဆို ဝယ်ပြီးတော့ သိမ်းထားမိတဲ့အထိ ပေါ့….

  • kyeemite

    December 3, 2012 at 1:15 pm

    ကျန်းမာရေးအသိတိုးစေတာမို့ ဖြန့်ဝေပေးတဲ့ ကိုခင်ခကို ကျေးဇူးတင်ပါတယ်။
    ကျုပ်တို့မှာ မသိတာထက် မလိုက်နာတာကပိုနေတာထင်တာပဲ..
    တခြားဝေးဝေးကြည့်စရာမလိုပါ…မိမိကိုယ်ကိုပြန်ကြည့်ယုံနဲ့တွေ့တာပဲ…
    ဆေးလိပ်သောက်တယ်၊အရက်သောက်တယ်…စသဖြင့်ပေါ့…
    :ha:

  • ခင်ခ

    December 3, 2012 at 1:59 pm

    အဲဒါတော့ ဘယ်လိုပြောရမလဲ ကိုကြီးမိုက်ရေ။
    ကျွန်တော်က ကျန်းမာရေးအသိတိုးဖို့ ဆေးလိပ်သောက်တာမကောင်းတဲ့အကြောင်း ရေးဖြစ်ခဲ့ပေမယ့်၊ ကိုယ်တိုင်က လဘက်ရည်သောက်ရင် စီးကရက်လေးဖွာဖြစ်တယ်လေ။ ဖြတ်သင့်တာသိပေမယ့်
    လျော့လို့ဘဲ ရပြီး မဖြတ်နိုင်သေးဘူးဗျ။ ဒါပေမယ့် ကိုယ်ရေးဖြစ်တဲ့ ကျန်းမာရေးအသိစာပေကို ဖတ်ဖြစ်သူတစ်ဦးဦးက လိုက်နာလုပ်နိုင်ရင် ထိုသူအတွက် ကောင်းစေတာဘဲဆိုပြီး ရေးနေဖြစ်ပြန်ရောဗျို့။

Leave a Reply