ခင်မင်မှု သံမှိုများ

Yin Nyine NwayJuly 16, 20101min590

ဟိုးရှေးရှေးတုန်းက အင်မတန်စိတ်တို၊ စိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။
တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံ တစ်ထုပ် ပေးလိုက်ပြီး
ပြောပါတော့တယ်။ မင်း တစ်ခါ စိတ်တိုတိုင်း၊ တစ်ခါ စိတ်တိုတိုင်း သံတစ်ချောင်းကို
နောက်ဖေးက ဝင်းထရံတိုင်မှာ သွားသွားရိုက်ချေကွာတဲ့။ အဖေက အဲသလိုပြောပြီး
သံထုပ်ပေးလိုက်တဲ့ ပထမနေ့မှာတော့ ကောင်လေးဟာ ဝင်းထရံတိုင်မှာ သံပေါင်း
၃ရချောင်းတိတိကို ရိုက်သွင်းဖြစ်သွားခဲ့ပါတယ်။ အဲသလိုနဲ့ သူစိတ်တိုတိုင်း၊
ဒေါသဖြစ်တိုင်းမှာ သံလေးတွေကို ဝင်းထရံတိုင်မှာ ရိုက်ရင်း ရိုက်ရင်းနဲ့
ကောင်လေးဟာ သူ့စိတ်သူ ထိန်းလာနိုင်သတဲ့။ သံရိုက်ချက်တွေကလည်း တစ်နေ့ထက်တစ်နေ့
ကျဲကျဲလာတော့တာပေါ့လေ။

သည်လိုနဲ့ ကောင်လေးဟာ ဝင်းထရံမှာ သံပြေးပြေးရိုက်ရတာထက်စာရင်
ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းသိမ်းရတာက ပိုပြီး လွယ်ကူနေမှန်း တဖြည်းဖြည်း
သဘောပေါက်လာပါတော့တယ်။ အဆုံးမှာတော့ ကောင်လေးဟာ လုံးလုံးကို စိတ်မတို၊
ဒေါသမထွက်တော့ဘဲ နေနိုင်တဲ့နေ့ကို ရောက်လာပါတော့တယ်။ သည်မှာတင် ကောင်လေးလည်း
ပြေးတဲ့ပြီး သူ့အဖေကို သတင်းသွားပို့တော့တာပေါ့။ “အဖေရေ၊ သားတော့ စိတ်ကို
ထိန်းနိုင်သွားပြီးဗျ” ပေါ့။ အဲလိုကျတော့ ဖအေလုပ်တဲ့သူက နောက်တစ်မျိုး
ထပ်ခိုင်းပြန်ပါတယ်။ “မင်းကိုမင်း ဒေါသမဖြစ်အောင် တစ်နေကုန်
ထိန်းနိုင်ပြီးဆိုတာနဲ့ အဲဒီ မင်းရိုက်ထားတဲ့ သံတစ်ချောင်းကို
ပြန်နှုတ်စမ်းပါဦးကွာ။ တစ်နေ့ထိန်းနိုင်ရင် ညအိပ်ခါနီးကျ တစ်ချောင်းနှုန်းနဲ့
ပြန်နှုတ်နော်” လို့ မှာလိုက်သတဲ့။

အဲလိုနဲ့ ရက်တွေကြာလာတဲ့အခါ ကောင်လေးက သူ့အဖေကို ပြေါနိုင်သွားတယ်။ “အဖေရေ၊
သားရိုက်ခဲ့တဲ့ သံတွေ အားလုံးကို နှုတ်ပြီးသွားပြီးဗျ။ တစ်ချောင်းမှ
မကျန်တော့ဘူး”ပေါ့။ သည်အခါ ဖအေလုပ်တဲ့သူက သားရဲ့လက်ကို ဆွဲပြီး သား
သံရိုက်ခဲ့တဲ့ ဝင်းထရံဆီကိုခေါ်သွားတယ်။ “တော်တယ် ငါ့သား” လို့လည်း ဆိုပါတယ်။
“ဒါပေမယ့် သား သေချာကြည့်စမ်း။ ဝင်းထရံတိုင်မှာ အပေါက်တွေ ဖြစ်ကျန်ခဲ့တယ်နော်။
သည် ဝင်းထရံတိုင်က အရင်တုန်းကလို ချောချောမွေ့မွေ့ မဟုတ်တော့ဘူးဆိုတာ သား
မြင်တယ်မဟုတ်လား။ အေး… သားက စိတ်တိုတို၊ ဒေါသဖြစ်ဖြစ်နဲ့ ပါးစပ်နဲ့
တစ်လုံးပြောချလိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ ဝင်းထရံတိုင်မှာ အခုလိုပဲ အမာရွတ်တွေ
ထင်ကျန်ရစ်တတ်တယ် သားရေ။ အဲသလိုပဲ လူတစ်ယောက်ကို သားက ဓါးနဲ့ထိုးလိုက်တယ်၊
ပြီးရင် ဓါးပြန်နှုတ်ပြီး ရှိခိုးဦးတင် တောင်းပန်တယ်ဆိုပါစို့ကွယ်။ သား
ဘယ်နှခါပဲ ရှိခိုးဦးတင် ပြန်တောင်းပန် တောင်းပန်၊ ဒဏ်ရာနဲ့ အမာရွတ်ကတော့
မလွဲမသွေ ကျန်ကို ကျန်နေတော့မှာကွယ့်။ အဲသလိုပဲ နှုတ်နဲ့ တစ်ဖက်သားကို
ထိုးနှက်တဲ့အခါမှာလည်း ဓါးနဲ့ ထိုးသလိုပဲ အနာတရ ဖြစ်တတ်၊
အမာရွတ်ကျန်နေတတ်စမြဲပဲ ငါ့သား” တဲ့။

တကယ်တော့ မိတ်ဆွေ သူငယ်ချင်းဆိုတာတွေဟာ အဖိုးအနဂ္ဂ ထိုက်တန်တဲ့ ရတနာတွေပါပဲ။
မိတ်ဆွေသူငယ်ချင်းတွေဟာ ကျွန်တော်တို့တွေကို ပြုံးရွှင်ရယ်မောစေနိုင်တယ်။
ကျွန်တော်တို့ဘဝမှာ အောင်မြင်ခရီးရောက်အောင် အားပေးကူညီနိုင်တယ်။
ကျွန်တော်တို့တွေမှာ ရင်ဖွင့်စရာလေးတွေ ရှိလာရင်လည်း နားစိုက်ပေးတတ်တယ်။
ချီးကျူးစကား၊ ကဲ့ရဲ့စကား အလုံးစုံကိုလည်း မျှဝေခံစားပေးနိုင်ပါတယ်။
မိတ်ဆွေသူငယ်ချင်းဆိုတာဟာ ကျွန်တော်များအတွက် သူတို့ရဲ့နှလုံးသားတွေကို
အမြဲလှစ်ဟ ကြိုဆိုနေတတ်သူများပါ။

အခု ရက်သတ္တပတ်ဟာဆိုရင်ဖြင့် အမျိုးသားရင်းနှီးခင်မင်မှု အထိမ်းအမှတ်
ရက်သတ္တပတ်ဖြစ်ပါတယ်။ ကိုယ့်မိတ်ဆွေတွေကို ကိုယ်က သူတို့အပေါ်
ဘယ်လောက်ဂရုစိုက်တဲ့ အကြောင်း ပြလိုက်ကြစမ်းပါ။ ဒါတင်မကသေးဘူး၊
“ကိုယ့်သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်း” လို့ ကိုယ် ကိုယ်တိုင်က
မှတ်ယူထားတဲ့သူဆီကို သည်စာလေးကို ပွားပြီး ပို့ပေးလိုက်စမ်းပါ။ ယုတ်စွအဆုံး
သည်စာလေးကို ပို့လိုက်တဲ့သူဆီကို သည်အတိုင်း ပြန်ပို့လိုက်နိုင်ပါသေးတယ်။
ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီပြန်ရောက်လာရင်ကို ကိုယ့်မှာ
မိတ်ကောင်းဆွေကောင်းတွေ ရှိတာကို အလိုလို ခံစားနိုင်ပါလိမ့်မယ်။

မင်္ဂလာရှိတဲ့ ရင်းနှီးခင်မင်မှု ရက်သတ္တပတ် ဖြစ်ပါစေ။

ခင်ဗျားဟာ ကျွန်တော့်ရဲ့ သူငယ်ချင်းပါပဲ။ ခင်ဗျားကို
သူငယ်ချင်းတော်ခွင့်ရတဲ့အတွက်လည်း ကျွန်တော် အင်မတန် ဂုဏ်ယူပါတယ်။ ကိုင်း…
အခုချက်ချင်းပဲ သည်စာလေးကို ကူးပြီး ခင်ဗျားမှာ ရှိရှိသမျှ မိတ်ဆွေတွေဆီ
ပို့လိုက်ပါတော့။ ကိုယ့်သားချင်းတွေဆီကိုလည်း ပို့လိုက်ပါဦးနော်။

သည်စာလေးကို ကျွန်တော့်မိတ်ဆွေ တစ်ယောက်က ကျွန်တော့်ဆီကို ပို့လိုက်တာပါ။
အခုတော့ အဲဒီစာကိုပဲ ခင်ဗျားဆီ ပြန်ပို့လိုက်ပါတယ်။ ပြီးတော့ တဆက်တည်းပဲ
ပြောပါရစေနော်…

ခင်ဗျားရဲ့ ခြံစည်းရိုးမှာ ကျွန်တော့်ကြောင့်များ သံနှုတ်ရာတွေ
ကျန်ရစ်ခဲ့တယ်ဆိုရင် ကျွန်တော့်ကို ခွင့်လွှတ်ဖို့လည်း အနူးအညွတ်
တောင်းပန်ချင်ပါတယ်၊ ခွင့်လွှတ်ပါနော်။