သံလွင်ရောင်အလွမ်း…
ကျွန်တော်သည် ကြွက်တစ်ကောင်ကို မည်သည့်နည်းနဲ့မျှ သတ်မရသော လူတစ်ယောက်၏ ဒုက္ခကို မခံစားတတ်ပဲ သရော်ခဲ့ဖူးသည်။ အချစ်စိတ်သည် ကြွက်တစ်ကောင်က ပေးသော ဒုက္ခထက်ပို၏ ထို့အပြင် ကြွက်တစ်ကောင်ထက် ကျွန်တော့်နှလုံးသားကို ပိုမိုလှုပ်ခါနိုင်၏ အခုတော့ ထိုစိတ်ကို သတ်မရသည့်အတူတူ ဒီအတိုင်းပဲ ငြိမ်ငြိမ်လေး ထိုင်ကြည့်နေလိုက်တော့မည်။
နေဝင်ချိန်တို့သည် လှပပါသည်။ ဖြစ်ချင်တာတွေ ဖြစ်ပါစေတော့ အချစ်ရေ…။
ကျွန်တော်သည် သူမ၏ အလှတရားအကြောင်းကို စဉ်းစားပါက ကျွန်တော်သည် ယုတ္တိဗေဒကို ညံ့ဖျင်းသော တွေးခေါ်ပညာရှင်တစ်ယောက်ဖြစ်နိုင်၏ ဘာကိုမဆိုရဲဝံ့သော ၁၈နှစ်သား လူငယ်လေးတစ်ယောက်လို တက်ကြွနေ၏ အဲ့ဒီတုန်းကတော့ သူမမျက်နှာပြင်ပေါ်က ပန်းရောင်ကြွေနေသော အရှက်တရားကို ကျွန်တော် ငေးကြည့်၍ မဝနိုင်ဘဲရှိခဲ့ဖူးသည်။
ရေကြောင်းလက်မှတ်ရစ အလုပ်မရှိသေးသော ကျွန်တော်သည် သူငယ်ချင်းများနဲ့ ကွန်ပျူတာတက္ကသိုလ် အလည်သွားရင်းက ဘီအမ်ကျောင်းဖယ်ရီကား၏ ရှေ့ဆုံးနေရာတွင် ထိုင်တတ်သော သူမအား ကျွန်တော်က နောက်ဆုံးခုံမှ ရင်ခုန်နေခဲ့ဖူးသည်။ ဘေးနားမှ အဖော်ကို သူမက ခေါင်းငဲ့စကားပြောလိုက်သည့်အခါ မြင်ရသည့် သူမမျက်နှာတစ်ခြမ်းသည် ကျွန်တော်အတွက် ကမာ္ဘ့ရေကြောင်း မြေပုံဖြစ်ပါသည်။ လိုက်ဖက်လှသော အဖြူရောင်နှင့် အပြာနုရောင် ဝတ်ဆင်ထားသော သူမ၏ ယူနီဖောင်းဝတ်စုံဖြင့် သူမ၏ခန္ဓာကိုယ် ကောက်ကြောင်းအလှသည် ကျွန်တော့်အတွက် ပင်လယ်ပြာပြင်ထက်က ကုန်းပြင်မြင့်တွေလို တလှပ်စီတလှစ်စီဖြစ်ခဲ့၏
ဖူးစာရေး နတ်မင်းလဲ
လမင်းရဲ့ ဒိုင်ယာရီမှာ
တိုးတိုးလေး ရေးသွားတယ်…
အလွမ်းဆိုတာ အချစ်ရဲ့ တန်ဖိုးပါတဲ့။…
တိတ်ဆိတ်စွာရေးခြစ်ထားသော ကျွန်တော့်ခံစားမှုများကို ကျွန်တော် မည်သည့်အခါတွင်မှ ငွေကြေးဖြင့် မရောင်းစားဟု ဆုံးဖြတ်ထားမိသည်။ ရော်ဝါပြီး လှပနေသော စွယ်တော်ရွက် ဟုထင်သည့် သစ်ရွက်တစ်ရွက်သည် ကျွန်တော် ဒိုင်ယာရီထဲတွင် ယနေ့တိုင်အောင်ရှိပါသည်။ ထိုသစ်ရွက်လေးကို တစ်ချိန်က သူမက ဒေါက်ဖိနပ်ဖြင့် တက်နင်းခဲ့ဖူး၏
တက္ကသိုလ်ကျောင်းဝင်းအဝင် မိန်းလမ်းမကြီးဘေးတွင် သူမ ဒေါက်ဖိနပ်ဖြင့် တက်နင်းသွားသော သစ်ရွက်လေးအား သနားစွာလှမ်းကောက်ချိန်တွင် သူမက မတော်တဆ လှည့်ကြည့်ချိန်နှင့် တိုက်ဆိုင်သွားသည်။ ဤသို့ဖြင့် အရာရာသည် ကျွန်တော့် မျက်လုံးထဲ၌ အပြာရောင် အဖြစ် ပျံသန်းသွားသည်။
ကျွန်တော့်ရင်ထဲက အဆုံးအရှူံးတစ်ချို့ကို သူမက မတော်တဆတွေ့ရှိခဲ့၏ ဝိုင်းစက်နေသော အမှန်တရားအကြောင်း သူမကို ကျွန်တော်ရှင်းပြချင်မိသည်။ တစ်ချိုကိစ္စရပ်များတွင် တစ်ခါတစ်ရံ အမှန်တရားသည် အပိုသက်သက်ဖြစ်နေတတ်သည်။
တစ်ခုသော မိုးရက်စွဲတွင် သူမက ကျွန်တော့်ဆီသို့ ညင်သာစွာ ရွေ့လျားရောက်ရှိခဲ့ပါသည်။
“သူ့နာမည် ဘယ်လိုခေါ်သလဲ”
“ဘာဖြစ်လို့လဲ ခင်ဗျာ”
“သိချင်လို့…”
ကျွန်တော့်မျက်နှာသည် ရှက်ရွံ့စွာပူနွေးသွားပြီး ခပ်အမ်းအမ်းဖြစ်သွားသည်။
“ဖြေလေ… တို့မေးနေတာကို…”
ထပ်မံသတိပေးနေသော ထိုကောင်မလေးသည် ကျွန်တော်နှင့် မျက်လုံးချင်းသာ တစ်ခါဆုံဖူးပါသည်။ လွန်ခဲ့သော နှစ်ရက်ခန့်က သူမတက်နင်းသွားသည် ရော်ဝါဝါသစ်ရွက်ကလေးကို ကောက်ယူနေခိုက် အမှတ်တမဲ့ နောက်ပြန်လှည့်ကြည့်သွားသော ကောင်မလေးဖြစ်သည်။ ထိုစဉ်က သူမသည် ဘာမှမပြောပဲ ခပ်တည်တည်ဖြင့် ထွက်သွားခဲ့သည်။
“ဟိတ်.. နားမကြားဘူးလား … နာမည်မေးနေတာကို ဖြေပါ။”
ရုတ်တရက် ထိုကောင်မလေးကို ကျွန်တော်က နောက်ချင်သွားသည်။
“ကျွန်တော့်နာမည်က အများကြီးပဲ ဘယ်နာမည်ကို ပြောရမှာလဲ”
“ဟယ်… တစ်ကယ်လား အဲ့ဒါဆို အကုန်ပြောပြ။ တို့ခေါ်ချင်တဲ့ နာမည်ကို ခေါ်မယ်”
အောင်မယ်… စကားပြောပုံကိုက အထက်စီးနင်းနဲ့။ ဒါပေမဲ့ သူမ၏ အမူအရာက နှစ်လိုဖွယ်ကောင်း၏
“အမေက ခေါ်တော့ သားလေးတဲ့။ အဘွားက မြေးတဲ့။ ဆရာက ငတုံးတဲ့။ ကောင်မလေးတစ်ယောက်က ကိုကိုတဲ့။ မှတ်ပုံတင်ထဲမှာတော့ စည်သူထွန်းတဲ့။ ကဲ… မင်းဘယ်နာမည်ကို ခေါ်ချင်လဲ””
သူမသည် တခစ်ခစ်ရယ်မောနေပြန်၏ ခဏကြာတော့ သူမက ကျွန်တော့်ကို မေးပါသည်။
“ဘယ်လိုခေါ်ရင် ကောင်းမလဲဟင်”
“မင်းလည်း မိန်းကလေးတစ်ယောက်ပဲ။ ဒီတော့ ဟိုကောင်မလေးခေါ်သလို ကိုကိုလို့ပဲ ခေါ်ပေါ့”
ကျွန်တော်က ထိုသို့ပြောသောအခါ သူမက “အောင်မာ” ဟု ခပ်တိုးတိုးပြောကာ နှုတ်ခမ်းကို ဖွဖွလေး ကိုက်ပြပါသည်။ ကျွန်တော်သည် သူမ၏ ထိုအပြုအမူလေးကို ငေးကြည့်နေမိသည်။ ဖြစ်သလို ရွှေ့လျားသွားသော ကျွန်တော်ရင်ခုန်သံတွေသည် ဒီအခြေအနေလေးကိုပဲ ရိုးရိုးသားသား လှုပ်ရှား မှုန်ဝါးသွား၏
“နောက်မနေနဲ့… စည်သူ့ကို မေးစရာရှိတယ်”
”မေး..လေ”
“ဟိုတစ်နေ့က တို့တက်နင်းသွားတဲ့ သစ်ရွက်လေးကို ဘာဖြစ်လို့ ကောက်သိမ်းသွားရတာလဲ”
သူမ၏ မေးခွန်းကို ကျွန်တော် ခပ်ဟဟရယ်မောမိသွား၏
“သနားလို့”
“အို…”
ထိုအာမေဋိတ်သံ၏ နောက်ဆက်တွဲရယ်သံတွေသည် ကျွန်တော်တစ်ယောက်တည်းအတွက်တော့ နှင်းဆီဒိုင်ယာရီဖြစ်ပါသည်။ တစ်ယောက်ကိုတစ်ယောက် ဘာမှန်းမသိသော အခြေအနေမှ ထိုနည်းဖြင့် ရင်နှီးသော သူငယ်ချင်းတွေ ဖြစ်လာကြသည်။
ကျွန်တော်တို့ နှစ်ယောက်၏ ဆက်ဆံရေးသည် နားလည်ရန်ခက်ခဲသော်လည်း အရသာရှိသည့် မော်ဒန်ဝတ္ထုတစ်ပုဒ်ကဲ့သို့ ဖြစ်နေလေသည်။
မေသံလွင်သည် ကျွန်တော်အတွက် ပန်းရောင်ရက်စွဲများကို ရဲရင့်စွာ ပေးအပ်ခဲ့ပါသည်။ မိန်းမတစ်ယောက်၏ မာယာကင်းသော ဖြူစင်မှုကို ကျွန်တော် သူမဆီတွင် ပထမဆုံး မြင်တွေ့ခွင့်ရခဲ့ပါသည်။ သူမ၏ နာမည်သည် ကျွန်တော်နှလုံးသားထဲတွင် ပျံနှံ့နေခဲ့လေပြီ။ ကျွန်တော်တို့ နှစ်ယောက်သည် မှတ်တမ်းမဝင်သော ချစ်သူတွေ ဖြစ်ခဲ့၏
မာရဏမင်းရဲ့ မြို့ရိုးကို
ဖောင်ဖျက်တိုက်ခိုက်လို့
မင်းအတွက် စပ်ဆိုခဲ့တဲ့
ငါကဗျာတွေလည်း မလတ်ဆတ်တော့ပါဘူး.. ချစ်သူ…။
ထိုအခြေအနေမတိုင်မီ ကျွန်တော်သည် သူမစီးသော ဖယ်ရီကားကို လိုက်စီးခဲ့သည်။ သူမတက်သော မိုင်နာချိန်တွေကို လိုက်တက်ခဲ့သည်။ သူမထိုင်သော ကန်လ်တင်းတွေကို လိုက်ထိုင်ခဲ့သည်။ သို့သော် ကျွန်တော် ကံဆိုးခဲ့ပါသည်။ အဲ့ဒီနေ့က တစ်ကမာ္ဘလုံးမှာ ကျွန်တော်တစ်ယောက်တည်း ရွေးချယ်ကံဆိုး မိုးမှောင်ကျခဲ့သည်ဟု ထင်မိ၏
သူမသည် ကျွန်တော်ကို ချစ်ပါတယ်ဟု ဝန်ခံခဲ့ပြီး တခြားယောကျာ်းတစ်ယောက်ကို ချစ်သူအဖြစ် ရွေးချယ်သွားခဲ့၏ ဒါသည် ဘာအကြောင်းပြချက်မှ မရှိသော သူမ၏ ရက်စက်မှု သက်သက်ဖြစ်သည်။ အဝေးကြီးမှ တိမ်ပြာပြာတွေ လွင့်နေ၏ ကျွန်တော်က သူမကို တိတ်ဆိတ်သော အမှန်တရားအကြောင်း ပြောပြရန် တည်ငြိမ်နေဖို့ လိုလှ၏
လူသူကင်းရှင်းသည့် လူအဖွဲ့အစည်း၏ ပြင်ပတစ်နေရာတွင် ကျွန်တော်တစ်ယောက်တည်း ငြိမ်ငြိမ်လေးနေချင်မိသည်။ နှလုံးသားသည် တိတ်ဆိတ်နေပြီး သူမ၏ ဥရောပဆန်သော မျက်ဝန်းညိုညိုများကို သတိရနေမိ၏ တခါ မေသံလွင်၏ ပါးပြင်ပေါ်က အကြောစိမ်းစိမ်းလေးများအား ကျွန်တော်က အပြင်းအထန် တပ်မက်ခဲ့ဖူးပါသည်။ အခုတော့ သူမသည် ကျွန်တော်မဟုတ်သော ယောက်ျားတစ်ယောက်၏ ရင်ခွင်ထဲမှာ နေသားကျနေလောက်ပြီ ထင်ပါသည်။ ကျွန်တော်တို့သည် တစ်ယောက်၏ ခံစားမှုပုံစံကို တစ်ယောက်က လိမ်မာစွာ ငြင်းဆိုခဲ့ကြသည်။ ကန့်သတ်၍ မရသော ကျွန်တော်၏ စဉ်းစားခန်းများတွင် သူမရှိနေ၏ အချစ်အကြောင်း ငြင်းခုံကြစဉ်က သူမက အမည်မဲ့သော စပယ်ပန်းတွေဖြစ်ခဲ့သည်။
လတစ်စင်းရဲ့ နှလုံးသားလောက်
မဖြူစင်ပေမဲ့ ငါ့အချစ်တွေက
မိန်ရာသီသို့ ရောက်လာခဲ့ပြန်ပြီပေါ့.. ချစ်သူ…။
ထိုနေ့က ကျွန်တော်အမျိုးအမည်မသိသော ပန်းပွင့် အဝါလေးတစ်ပွင့်အား သူမက ပန်ဆင်ထားခဲ့သည်။ ကျောင်းတော်ကြီး သီအေတာအဆောက်အအုံရှေ့က လှေကားထစ်ပေါ်တွင် ကျွန်တော်က ငြိမ်ငြိမ်လေး ထိုင်နေမိသည်။
“စည်သူ“ ကျွန်တော်နာမည်ကို ခေါ်လိုက်သော သူမ၏ အသံမှာ တည်ငြိမ်လွန်းလှသည်။ သူမ၏ အကြည့်စူးစူးများကို ကျွန်တော်ရင်မဆိုင်ချင်သဖြင့် မျက်နှာလွှဲဖို့ ကြိုးစားလိုက်သည်။
“နင်နဲ့ ငါနဲ့ကို ရည်းစားတွေလို့ သူများတွေက ပြောကုန်ကြပြီ။ အဲ့ဒါကို နင်သိလား”
“အေး.. နည်းနည်းပါးပါးကြားမိသလိုပဲ။ အခုဘာဖြစ်လို့လဲ”
“ဘာဖြစ်ရမှာလဲ… ဟုတ်မှမဟုတ်တာ စည်သူရဲ့…”
ကျွန်တော် ဝေ့လည်ကြောင်ပတ်လုပ်မှုကို သူမက ပါးနပ်စွာရိပ်မိနေခဲ့၏
“ငါနင့်ကို ဘယ်လိုလုပ်ပေးရမလဲ.. မိသံလွင်..”
သူမသည် သက်ပြင်းကို ရှည်လျားစွာ မှုတ်ထုတ်ပစ်လိုက်ပြီး ကျွန်တော့်ကို စူးခနဲတစ်ချက်ကြည့်ပါသည်။ ပြီးတော့ ခေါင်းကိုယမ်း၏
“ငါလည်း မပြောတတ်ဘူး။ ဒါပေမဲ့ အဲ့လိုအပြောခံရတာငါမကြိုက်ဘူး။ အခု ငါတို့နှစ်ယောက်ကို ဒီလို ဝိုင်းပြောကြတဲ့သူတွေမှာ အများစုက နင့်သူငယ်ချင်းတွေပဲ”
သူမ၏ စကားသည် ဘာကို ဦးတည်ပြီး ပြောနေသလဲဆိုတာ ကျွန်တော် ရိပ်မိစပြုလာပြီ။ အမျိုးအစား မသိသော မသဲကွဲမှုတွေကို သူမက တိတိကျကျခေါင်းစဉ်တပ်ပေးဖို့ ကျွန်တော့်ကို အချက်ပြလိုက်ခြင်းသာ ဖြစ်၏
ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသွားလေသည်။ ကိုယ်ခံစားမှုတွေကို ပြန်လည်သုံးသပ်ကြည့်မိတော့လည်း အချစ်ဆိုတာ သေချာနေပါသည်။
“ဒီမှာ မိသံလွင်…”
အကြည့်ချင်းဆုံသောအခါ ဘာသာစကားသည် အခက်အခဲရှိနေပြန်သည်။
“ငါနင့်ကို ချစ်တယ်”
ရုတ်တရက် ပြောထွက်သွားသော စကားကြောင့် ကျွန်တော်သည် ကိုယ့်ကိုယ်ပင် အံ့ဩမိနေ၏ သို့သော် ထိုစကားပြောဖြစ်သွားသောကြောင့် ကျွန်တော် ဝမ်းသာပါသည်။ သူမသည်လည်း ရုတ်တရက်မို့ ရှိန်းဖိန်းထူအမ်းနေသော မျက်နှာကို ဘယ်ထားရမှန်းမသိဖြစ်နေရှာ၏ ထိုအချိန်တွင် သီအေတာ အရှေ့လမ်းပေါ်တွင် အသိဆရာတစ်ယောက် ဖြတ်သွားသဖြင့် နှုတ်ဆက်ရမည့် တာဝန်ရှိပြန်သည်။ ဒီလိုနှင့် ခက်ခဲသော အခြေအနေသည် ပုံမှန်အနေအထားအတိုင်း ပြန်ရောက်လာ၏ သူမသည် အရာရာကို မေ့လျောသွားသလို စောစောက ဖြတ်လျှောက်သွားသည့် ဆရာကိုလိုက်ကြည့်နေသည်။
ချစ်သူရေ…
နေရိပ်လို နေပူကစောင့်တဲ့
မင်းကျ ဘာလို့ ထီးပါသူနောက် လိုက်သွားတာလဲ။
“စည်သူ… ငါတို့ပွင့်ပွင့်လင်းလင်းပဲ စကားတွေပြောကြတာပေါ့။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ တစ်ယောက်ကို တစ်ယောက်မလိမ်ကြေး။ ကိုယ့်ကိုယ်ကို မလိမ်ကြေး…”
ကျွန်တော်သည် သူမကို သေသပ်စွာ ခေါင်ညိတ်ပြလိုက်သည်။ အဝေးဆီမှာ ကျောင်းသူအုပ်စု၏ ရယ်မောသံသည် ကျွန်တော်တို့ နှစ်ယောက် ငြိမ်သက်နေမှုကို ပိုမိုပေါ်လွင်စေပါသည်။
မေသံလွင်သည် ကျွန်တော့်ကို ရဲတင်းစွာစိုက်ကြည့်ပြီး သူမ၏ ပွင့်လင်းမှုအား စတင်တော့၏
“ငါလည်း နင်ကို ချစ်တယ်။ ဒါက နင်ငါ့ကို ချစ်တယ်လို့ ပြောလို့ ပြန်ပြောတဲ့ အဖြေမဟုတ်ဘူး။ နင်ငါ့ကို ချစ်ချစ် မချစ်ချစ် ဟိုအရင်ကတည်းက နင့်ကို ငါက စပြီး ချစ်ခဲ့တာပါ။ ဒါပေမဲ့ နင့်ကို ငါဘယ်တော့မှ ရည်းစားမလုပ်ဘူး။”
“ဘာဖြစ်လို့လဲ မိသံလွင်…”
“ငါ မပြောချင်ဘူးဟာ…” ကျွန်တော်သည် စောစောတုန်းက ပြောခဲ့သောသူမ၏ စကားကို ပြန်လည် အသုံးချဖို့ ဆုံးဖြတ်လိုက်သည်။
“နင် ခုနတုန်ကပြောတော့ ပွင့်ပွင့်လင်းလင်းဆို၊ တစ်ယောက်ကိုတစ်ယောက်မလိမ်ကြေးဆို…”
သူမက အနည်းငယ်စဉ်းစားပြီးနောက်
“အိုကေ.. အိုကေ.. ငါပြောမယ်။ ငါနင့်ကို ရည်းစားမလုပ်တာ အချက်နှစ်ချက်ရှိတယ်။ ပထမတစ်ချက်က နင့်ကို ငါအရမ်းချစ်လို့ပဲ။ ငါက ဘဝမှာ အရမ်းလိုချင်တဲ့အရာဆို ဘယ်တော့မှ မယူဘူး။ အခုယူထားလိုက်ရင် တစ်ချိန် ပြန်ဆုံးရှူံးတဲ့အခါ ငါခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ ဒီတော့ အစကတည်းက မယူထားတဲ့အတွက် ငါပြန်ဆုံးရှူံးစရာ မလိုတော့ဘူးပေါ့”
ထိုအခါ ကျွန်တော်က အံ့ဩစွာဖြင့် သူမ၏ စကားကို ဝေဖန်မိပါသည်။
“နင့်အတွေးအခေါ်တွေကလည်း တစ်မျိုးပါလား..။ ထားပါတော့ ပထမတစ်ချက်ပြီးသွားပြီ။ ဒုတိယတစ်ချက်ကို လုပ်ပါဦး”
“ဒုတိယတစ်ချက်က ဒီနေ့ပဲ တခြားကောင်လေးတစ်ယောက်ကို ငါအဖြေပေးစရာရှိလို့..”
“ဘာ… မိသံလွင်… ဘာ…”
ကျွန်တော်အံ့ဩနေမှုကို သူမက ဂရုမပြုပဲ ကျွန်တော့်ကို ခပ်ထေ့ထေ့ဟန်နှင့် ကြည့်ပါသည်။ ကျွန်တော် ဘာမှပြန်မပြောသော်လည်း သူမသည် ထိုကိစ္စကို တစ်ကယ်လုပ်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။ ကျွန်တော်က သူမ မျက်နှာကို အလွတ်ရသည်အထိငေးကြည့်နေမိ၏ စကားလုံးတို့မှာ အကြောင်းပြချက်မရှိပဲ ထွက်ပြေးကုန်ကြ၏ မေသံလွင်သည် ကျွန်တော်နားမလည်ခဲ့သော သစ်ပင်ပေါ်က ဓါးထစ်ရာတွေဖြစ်ပါသည်။
ကျွန်တော် အမျိုးအမည်မသိသော သူမခေါင်းပေါ်မှာ ပန်းဝါဝါလေးတစ်ပွင့်ကို ကျွန်တော့်အမျိုးအမည်မသိသော ခံစားမှုတစ်ခုဖြင့် သူမက ကျွန်တော့်ရှေ့မှာပင် လွင့်ပစ်လိုက်၏
တန်ဖိုးတစ်ချို့သည် ဝယ်ယူလို့မရပေ။
တန်ဖိုးတစ်ချို့သည် ဝယ်ယူ၍ ရပါသည်။
ခက်သည်မှာ ကျွန်တော်တို့ အားလုံးသည် တန်ဖိုးများကို ဈေးကစားချင်သော စိတ်ရှိနေခြင်းဖြစ်လေသည်။ ကျွန်တော် မတ်တပ်ရပ်နေသော ကမာ္ဘကြီးသည် ၂၃ ၁/၂ ဒီဂရီစောင်းနေသည် ဆိုသော်လည်း ကျွန်တော်ကတော့ တည့်မတ်စွာရပ်နိုင်ရန် လိုအပ်သည်။ ဘာကြောင့်ဖြစ်ဖြစ်ကျွန်တော်တို့သည် ကိုယ်ခံစားမှုကိုတော့ ကိုယ်လေးစားသင့်သည်။
အချစ်ဟာ ကျောက်စာတစ်ချပ်ဆိုရင်
ငါက ကျိန်စာပါတဲ့ အပိုဒ်ကိုမှ
ဖတ်မိတာပေါ့… ချစ်သူ…
ကျွန်တော်သည်လည်ကောင်း၊ မေသံလွင်သည်လည်ကောင်း အချစ်ဆိုသော စကားလုံးကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့တာ သေချာပါသည်။ ကုန်လွန်ခဲ့သော ရက်စွဲများအတွက် ကျွန်တော်က သူမဆီ အဝါရောင် နှင်းဆီပန်းတစ်ခြင်း ပို့ပေးရဦးမည်။ ပြီးရင် ကျွန်တော်နှလုံးသားတွင် သူမ၏ ဓါတ်ပုံကို ချိတ်ဆွဲထားမည်။ ယခုအချိန်ထိ ကျွန်တော်သည် မိုးလေဝသ ခန့်မှန်းရာမှာ မှားယွင်နေဆဲဖြစ်သလို အချစ်နှင့် ပတ်သက်၍လည်း ဗဟုသုတနည်းပါးသူ တစ်ယောက်သာဖြစ်သည်။
ကောင်းကင်သည်အပြာရောင်လဲ့နေ၏ တိမ်တွေက ပေါ့ပါးစွာ ရွေ့လျားနေကြသည်။ ရေပြင်တွေက ညင်သာစွာ လှုပ်ခပ်နေကြသည်။ ဘဝ၏ ယုံကြည်မှုများကို မောင်းနှင်ရန် ကျွန်တော်တို့မှာ မိမိကိုယ်ကို မိမိ အားကိုးမှု (Self Reliance) ရှိရန်လိုပါသည်။
တခါတုန်းက သူမသည် ကျွန်တော်ကို အောက်ပါအတိုင်းပြောခဲ့ဖူးသည်။
“အချစ်ဆိုတာ ဘာမှအရေးမကြီးတဲ့ ပေါ့ပြက်ပြက်တီထွင်မှုတစ်ခုပါပဲဟာ။ နင်ရောဘယ်လိုထင်လဲဟင်”
အဲ့ဒီတုန်းက ကျွန်တော်သည် ပြန်ပြောစရာစကား ဘာမှမရှိဘဲ တိတ်ဆိတ်စွာနေခဲ့သည်။ ကျွန်တော်တို့နှစ်ယောက်သည် ဘယ်တော့မှ ပြန်မရနိုင်တော့သည် ဆက်ဆံရေးအား အဆုံးသတ်နိုင်ခဲ့ကြ၏ အခုဆို သူမသည် တခြားတစ်ယောက်၏ ရင်ထဲတွင် ဘယ်လိုပုံစံများနှင့် ရှင်သန်နေမည်ကို ကျွန်တော် သိချင်ပါသည်။ သူမပြောသလို အချစ်သည် ဘာမှအရေးမကြီးသည့် ပေါ့ပေါ့ပြက်ပြက် တီထွင်မှု တစ်ခုပဲလို့ ဆိုကြပါစို့။ ကျွန်တော်တို့နှစ်ယောက်လုံးသည် ထိုအချစ်တွင် ခဏတဖြုတ်လောက်တော့ အရေးကြီးဟန် ဆောင်ခဲ့ကြပါသည်။
ခင်မင်စွာဖြင့်
ကိုရင်စည်သူ (ခေတ္တ ဂျတ်ဒါဆိပ်ကမ်း)
6/12/12 (3:00pm)
20 comments
ဗုံဗုံ
December 6, 2012 at 7:56 pm
အူးလေးစည် ခမျာမှာလည်း မချစ်လို့ထားခဲ့တဲ့သူနဲ့ ချစ်လွန်းလို့ ရှောင်သွားတဲ့သူနဲ့ ဒီတစ်သက် မိန်းမရောရပါ့အုံးမလား ဒီလောက်ရှိတာ ဘုန်းကြီးဝတ် ပြီးတောထွက်လိုက်တော့ လွမ်းမနေတော့နဲ့
်အဲ – အခုရော နောက်တစ်ယောက်တွေ့ နေပြီလား တွေ့ရင်လည်း ထီးလေးဘာလေး ဝယ်ထားအုံးနော် တော်ကြာ ထီးပါတဲ့သူနောက် လိုက်သွားအုံးမယ် (စတာ)
ကိုရင်စည်သူ
December 7, 2012 at 7:42 pm
ဗုံလေး.. အူးစည် ဒီအရွယ်အထိ ထီးမဝယ်တတ်သေးလို့… ဗုံလေး
ကောင်းမယ်ထင်တဲ့ ထီးလေးများ ဝယ်ဘေးဘာရား…။
အူးစည် လောလောဆယ်ထီးပျောက်နေလို့ စိုက်ဝယ်ထားဘေးဘာ..
ပြန်လာရင် အတိုးရောအရင်းဘာ လူနဲ့ ပြန်ဆပ်ပါ့မယ်… အဟီး :gee:
Inz@ghi
December 7, 2012 at 8:11 pm
အူးစီ. အူးဂီမှာ ထီးတော့မရှိဘူး. အဟွာပဲရှိတယ်
ယူမား.
ဘီး. ပြောပါတယ်
ခိခိ
Inz@ghi
December 6, 2012 at 8:36 pm
လုပ်ပီ ထုံးဇံအတိုင်း ကျန်ရစ်ဇာတ်လမ်း.
အသည်းမမာတော့လည်း. ခံပေါ့အေ.
မခံနိုင်. မိန်းမမယူနဲ့ ယောက်ျားယူ.
နှူးဘာဂိုဏ်း အင်အား ချို့တဲ့ လာပ့တယ်ဆိုမှ.
ညည်းက. စစ်မရောက်ခင်မြှားကုန်တယ်. ခွီးးးး
:harr:
Mr. MarGa
December 6, 2012 at 8:37 pm
ဦးမာဃကို စဉ်းစားစရာလေးတွေ ပေးသွားလို့ ကျေးကျေးပါနော်
kai
December 7, 2012 at 1:31 am
အဲဒါကြီး စိတ်ထဲဆွဲကိုင်မထားစေလိုပါ..။
ချစ်ရင်..
တကယ်ချစ်ရင်.. သိမ်းပိုက်ရပါတယ်..။
ဘယ်လက်ရုံးနဲ့.. သိမ်းပိုက်သင့်ကြောင်း..
မြှောက်ပေးလိုက်ပါကြောင်း..။
ချစ်သောသူများ.. ညားကြစေသတည်း… :kwi:
ကိုရင်စည်သူ
December 7, 2012 at 7:37 pm
တိပီ.. တိပီ.. သဂျီးတို့ ခေတ်တုန်းကလည်း
သဂျီးကတော်ကို ဘယ်လက်ရုံးက နှစ်လုံးပြူးကြီး ကိုင်ပြီး
သိမ်းပိုက်ခဲ့ဒါမဟုတ်လားဂျ..
သဂျီးအုးခိုင်အဆိုအတိုင်းပဲ
ဂျစ်သောသူများ နှစ်လုံးပြူးကိုင်နိုင်ကြစေသတည်း.. :kwi:
Mr. MarGa
December 7, 2012 at 7:59 pm
တဂျီးရေ
ဦးမာဃက ဘယ်နဲ့ညာ နှစ်ဖက်လုံးပေါင်းတာတောက် မလောက်သေးဘူး
Mobile
December 7, 2012 at 11:41 pm
ကဲရွာသားအပေါင်းတို့ရေ ခွင့်ပြု့မိန့်တော့ရပြီဟေ့
လက်ရုံးနဲ့သိမ်းပိုက်ရမယ်ဆိုပါလား ?
ကျနော် စဉ်းစားမိတာကတော့ လက်ရုံးနဲ့သိမ်းပိုက်မယ့်အစား
မြန်မာ့ ရိုးရာယဉ်ကျေးမှုနဲ့အညီ သူကြီးကို လိုက်ခိုးပေးဖို့ အကူအညီတောင်းသင့်ကြောင်း
အဲဟုတ်ပေါင် မှားသွားလို့ သူကြီးကိုလိုက်တောင်းပေးဖို့ အပူကပ်သင့်ပါကြောင်း…….
မောင်ပေ
December 6, 2012 at 9:11 pm
ကိုရင်မြန်မာပြည်ပြန်ရောက်တဲ့အချိန် ၊ ဒီလိုဇါတ်လမ်းတွေ အများကြီး ထပ်တွေ ့ကြုံဦးမှာပါကွယ်
candle .
December 6, 2012 at 9:49 pm
ထားခဲ့သူနဲ ့ကျန်ရစ်သူနှစ်ယောက်မှာ..
ကျန်ရစ်သူကတော့ ပိုခံစားရမှာပေါ့..
သံလွင်ရောင်..ကြွေရောင်..ကြယ်ကြွေ..အင်း ..အားလုံးအလွမ်းချည်းပါလားကွယ်..
အားပေးလျှက်….
min min san
December 6, 2012 at 10:40 pm
Ko yin
Your love story is always left you alone !! That is something attracted post you made ,,,,,,,,,,waiting for your next !!
MaMa
December 7, 2012 at 7:41 am
ပထမ အကြောင်းပြချက် ဖတ်ပြီး အူကြောင်ကြောင် ဖြစ်သွားတယ်။
ဒုတိယအကြောင်းပြချက် ဖတ်ရတော့……..
အော်- သင်္ဘောစည် ကလေးတော့ လှည့်စားခံလိုက်ရပါပြီကောလို့ :byae:
kyeemite
December 7, 2012 at 10:35 am
အရေးအသားတော်တော်ကောင်းပါလားကရင်စည်ရဲ့….
တကယ်မဟုတ်ဖို့ ဆုတောင်းပါတယ်.. :528:
ဦးကြောင်ကြီး
December 7, 2012 at 11:39 am
ကြွက်တကောင်
မတ်အထောင်
ရှက်သညောင်
သွက်ငပြောင်
ဟပ်မရှောင်
အပ်ကလောင်
ဓာတ်ဂယောင်
ဇာတ်တဘောင်..။
ခင်ခ
December 7, 2012 at 12:25 pm
ကိုရင် ဒီအတိုင်းဆို ထားခဲ့လို့ နေခဲ့ရတာ ဆိုရင်
မကျေနပ်လို့ တစ်ကပြန်စဗျာ။
အဲ နောက်တစ်ခါက နေခဲ့လို့ ထားခဲ့ရတာတော့ ထပ်မလုပ်နဲ့ပေါ့ဗျာ။
jullies cezer
December 7, 2012 at 1:19 pm
ကိုရင်ရေ အထားခဲ့ခံရတဲ့ post တွေချည်းပါလား ဒါကြောင့်လည်း ကိုရင်ဖြစ်နေတာ
မဆန်းတော့ပါဘူးလေ 😀
Khaing Khaing
December 7, 2012 at 2:24 pm
ကိုရင် … အဲကောင်မလေးက ချစ်တယ်ဆိုဒါ ကိုရင့်ကို နှစ်သိမ့်သွားတာ … ဒီလိုအရွယ်မိန်းကလေးတွေက ဦးနှောက်ကို အဲသလောက်ဦးစားမပေးဘူး … ဘယ်မိန်းကလေးကမှလည်း ကိုယ့်ချစ်သူ ကိုယ့်ကိုချစ်သူကို မထားခဲ့ဘူး … မိဘသဘောတူပေးစားလို့ တစ်ခြားသူကို ယူရတယ်ဆိုချစ်သူကို ထားရင်ထားခဲ့မယ် … အဲလိုမှမဟုတ်ရင်တော့ ခုလိုဇာတ်လမ်းဆင်ပြီးတော့ မထားဘူး …. ကိုရင်အနှပ်ခံလိုက်ရပီ ….
ကိုရင်စည်သူ
December 7, 2012 at 8:16 pm
ဟုတ်ပါတယ်.. ယောက်ခမရယ်.. ကိုရင် စာမတတ်ခဲ့လို့ မနူးမနပ်နဲ့
အနှပ်ခံရဒါဘာဗျာ.. ဒါကြောင့်ပြောဒယ်.. ဒီကရိုးပါဒယ်လို့နော်.. ယောက်ခမကြီးနော်… ဟီးး :kwi:
zz >> ပျောက်နေလိုက်ဒါလေ.. ဘယ်ရင်ထဲများရောက်နေလဲလို့ စိုးထိတ်မိလိုက်တာ.. 😳
လူတစ်ယောက်ဘဝမှာ နာရီပေါင်း ၆သိန်းလောက်နေရဒယ်ဒဲ့..
ဖစ်နိုင်ရင် အူးစည် ၅သိန်းလောက် ဇက်ကလေးကို လွှဲပေးလို့ရမလားဂျာ.. :gee:
Moe Z
December 7, 2012 at 2:41 pm
အများကြီး ချိန်ထားတဲ့ထဲက တစ်ယောက်လျော့သွားတာလေးများ
ကိုရင်စည်သွပ်ရယ် နှမျောမနေနဲ့
တစ်ခြားတစ်ယောက်ကို အချိန်ပိုပေးလိုက်