ခန့်စေကောင်း၏ မကောင်း၏
“ခန့်စေ ကောင်း၏ မကောင်း၏”
တစ်ရက် လက်ဖက်ရည်ဆိုင်ထိုင်ရင်း ခုံပေါ်ချထားတဲ့ ဂျာနယ်ကောက်ဖတ်လိုက်တော့
လုပ်ငန်းအတွက် ဝန်ထမ်းခေါ်တာနဲ့ပါတ်သက်လို့ဖတ်လိုက်ရပါတယ်။
အဲဒီထဲက အင်တာဗျုးလေးတစ်ခုမှာ အခုခေတ်အလုပ်ခေါ်တဲ့အခါ နီးစပ်ရာတွေကိုသာ
ခန့်တဲ့အကြောင်းရေးထားတာကိုဖတ်လိုက်ရပါတယ်။
လက်ဖက်ရည်ဆိုင်က အပြန်အလုပ်ထဲရောက်တော့
ကျနော်မမြင်ဘူးတဲ့ ကောင်လေးနှစ်ယောက် “ကိုယ်ရေးမှတ်တမ်း” ဖောင်လေးတွေ
ကိုယ်စီနဲ့ကျနော့်ရှေ့ရောက်လာပါတယ်။
ကျနော်တို့ ပရိုမိုးရှင်းချထားတဲ့ဆိုင်မှာတာဝန်ကျတဲ့ ကလေးတွေက
ကျနော်တို့ဆီမှာလူလိုတယ်ပြောလို့ လာလျှောက်တာလို့ပြောပါတယ်။
ဒါနဲ့ဘဲ လောလောဆယ်မခေါ်သေးတဲ့အကြောင်း
“ကိုယ်ရေးမှတ်တမ်း”ထားခဲ့မယ်ဆိုရင် လူခေါ်တဲ့အခါ မှာဆက်သွယ်မယ့်အကြောင်းပြောပြရပါတယ်။
အဲဒီမှာကောင်လေးတစ်ယောက်က ဘယ်လောက်ကြာအုံးမလဲလို့မေးလာတော့
လကုန်လောက်မှ ခေါ်မယ်လို့ ပြောတဲ့အခါ “ကိုယ်ရေးမှတ်တမ်း”တော့ထားခဲ့မယ်
အကျင့်စာရိတ္တကောင်းကြောင်းထောက်ခံချက်ကိုတော့ပြန်ယူသွားချင်တယ်လို့ပြောပါတယ်။
အဲဒီမှာကျနော်သဘောပေါက်လိုက်တာက သူတို့က ဒီပြင့်နေရာတွေလဲ လိုက်လျောက်မယ်၊
အရင်ရတဲ့အလုပ် အရင်ဝင်လုပ်မယ်ဆိုတဲ့သဘောပါဘဲ။
ဒါနဲ့ဘဲ သူတို့ဆီက “ကိုယ်ရေးမှတ်တမ်း” နဲ့ ပညာအရည်အချင်းမိတ္တူကလွဲရင် အကုန်ပြန်ပေးလိုက်ပါတယ်။
ကျနော်အလုပ်လုပ်ချင်လို့လိုက်ရှာနေရတဲ့ကလေးတွေကို မြင်ရတော့ ကျနော်တို့ငယ်စဉ်ကလဲ
အလုပ်နောက်ကို လိုက်ခဲ့ရတာကို ပြန်မြင်ယောင်လာမိပါတယ်။
*********************************************************
လွန်ခဲ့သောနှစ်ပေါင်းများစွာ အကြောင်းကဘဲစပြောရမယ်ထင်ပါတယ်။
ပါတီကောင်စီတွေတစ်ခေတ်ဖြစ်ခဲ့တဲ့ “မဆလ ခေတ်”မှာတော့ လူတစ်ယောက်အစိုးရအလုပ်
လုပ်ချင်တယ်ဆိုရင် ပါတီဝင်ဖြစ်ဘို့ရယ် အကပ်ရှိဘို့ရယ်လိုအပ်ပါတယ်။
ဒါကြောင့်လဲ ကိုယ်ပိုင်လုပ်ငန်းမထူထောင်ချင်သော ၊မထူထောင်နိုင်သော မိဘများရဲ့သားသမီးတွေက
အစိုးရ အလုပ်တစ်နေရာရဘို့အတွက် “လမ်းစဉ်လူငယ်” အဲဒီကနေ တစ်ဆင့်တက်လို့ “အရန်ပါတီဝင်”
ဖြစ်အောင် အရင် ဆုံး လုပ်ထားရပါတယ်။
နောက် ပြီး ကိုယ်နဲ့ သိကျွမ်းတဲ့ရုံးတရုးံရုံးမှာ ကိုယ့်ထမင်းကိုယ်စားပြီးလုပ်အားပေးဝင်လုပ်ရပါတယ်။
အထူးသဖြင့် မြို့နယ်ကောင်စီရုံးတို့ ပါတီယူနစ်ရုံးတွေမှာပါ။
ဒီလို လုပ်အားပေးလုပ်တာတောင်မှ လွယ်ကူမယ်မထင်ပါနဲ့ အသိအကျွမ်းရှိမှလုပ်လို့ရတာပါ။
အဲလို လုပ်အားပေးထားတဲ့သူတွေက အလုပ်တစ်နေရာလစ်လပ်တာရှိရင် ရဘို့ ပိုနီးစပ်ပါတယ်။
ကိုယ့်အမျိုးအဆွေထဲက လုပ်ငန်းခွင်ရာထူးနေရာကြီးကြီးရှိနေရင်ဒါမှမဟုတ် ပါတီကောင်စီမှာ
ပါဝင် ပါတ်သက်နေရင် တော့ အလုပ်ရဘို့ သေချာပါတယ်။
“အကောင်ကြီးကြီး အမြီးရှည်ရှည်”ရှည်ရှည်ရဲ့အမျိုးအနွယ်တွေကတော့ “မိုးကျရွှေကိုယ်”တွေပေါ့။
သူ့ရဲ့နောက်လိုက်အစွယ်အပွားများကတော့ “ပလာစတာ အုံးအင်”တွေပေါ့။
အရင်ခေတ်က အလုပ်ရဘို့ဆိုရင် အတော်များများကေ ရေးဖြေအရင်ဖြေရပါတယ်။
မြန်မာစာ ၊အင်္ဂလိပ်စာ၊အထွေထွေ ဗဟုသုတပေါ့။
အလုပ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် သူတို့မေးချင်တဲ့မေးခွန်းမေးတာပါဘဲ။
အဲရေးဖြေအောင်ရင်တော့ လူတွေ့စစ်ဆေးပါတယ်။
အဲဒီလူတွေ့စစ်ဆေးတယ်ဆိုရင် ခေါ်ထားတာတော့ မနက် (၈)နာရီပါဘဲ။
ဒါပေမယ့် တကယ်စမေးတာတော့ မနက်(၁၀)နာရီလောက်မှစပါတယ်။
နေမွန်းတည့်ခါနီးဆိုသူတို့ထမင်းစားနား။
နေ့လည်တစ်နာရီလောက်ပြန်စ။
သုံးနာရီဆိုပြီးပြီ ကိုယ်အလှည့်မရောက်ခင် သူတို့နားရင်တော့နောက်နေ့ပေါ့။
အဲဒီတုန်းကများဆို အင်တာမဗျူးခင်ဖတ်လိုက်ရတဲ့သတင်းစာ၊
ဖတ်လိုက်ရတဲ့ ဂျာနယ် ။
မဗျူးခင်တစ်ပါတ်မှာထူးခြားတာလေးတွေဆိုအသေအလဲမှတ်ပေါ့။
အင်တာဗျူးမဖြေခင်လေးမှာလဲ ကိုယ့်အလှည့်မရောက်သေးခင်မှာ စာရွက်လေးတွေထုတ်လို့
တတွတ်တွတ်ကျက်။
ကိုယ်လိုသူလိုလာဖြေတဲ့သူအချင်းချင်းထဲကများ ခရားရေလွှတ်ပြောနိုင်သူကို အထင်တကြီးနဲ့
ဆရာတင်လို့မေး။
ဖြေပြီးတဲ့သူများထွက်လာရင် “ဘာတွေမေးလိုက်လဲ” လို့မေး။
သူကိုမေးလိုက်တဲ့အထဲက များ ကိုယ်မသိတာပါရင် စာအုပ်တွေပြန်လှန်လို့
တတွတ်တွတ်ကျက်။
ပြန်တွေးကြည့်ရင်အင်မတန်ကိုစိတ်ပျက်စရာကောင်းခဲ့တဲ့ဘဝတွေပါဘဲ။
ဒီလိုအလုပ်ခေါ်တယ် လူတွေ့စစ်ဆေးတယ်ဆိုတာက အများအားဖြင့်ကတော့
“ဘောင်ဝင်အောင်ဆောင်ရွက်ခြင်း”တစ်ခုပါဘဲ။
မဖြေခင်ကတည်းက အဖြေက ထွက်ပြီးသား ခန့်ပြီးသားပါဘဲ။
ဌာနတစ်မှာအလုပ်ခေါ်ပြီဆိုကတည်းက သူ့လူကိုယ့်လူ အသီးသီးနေရာဦးပြီးသား၊
“မိုးကျရွှေကိုယ်”တွေက အလုပ်နေရာလွတ်မှာ အဆင်သင့်နေရာဦးပြီးသား။
“ကြီးကြီးမာစတာ”များရဲ့ ဆွေတော်မျိုးတော်တွေအတွက် အလုပ်နေရာလွတ်ချန်ထားပြီးသားပါ။
ခန့်ထားပြီးသားတွေကို လူမြင်ကောင်းရုံ လောက်၊
တရားမျှတယ်လို့ အထင်ခံရရုံလောက်လေး ဟန်ပြခေါ်တာပါ။
အဲဒီခေတ်ကတော့ အလုပ်ရဘို့အတွက် ငွေပေးရုံနဲ့မရပါဘူး။
အလုပ်ခန့်ထားနိုင်ခွင့်ရှိသူကို ကပ်ထားနို်င်တဲ့ “ပလာစတာ”ရှိမှ၊
ဒါမှမဟုတ်ဆွေမျိုးသားချင်းတွေထဲမှာ ပါတီကောင်စီတွေမှာ ဌာနဆိုင်ရာတွေမှာ
ရာထူးကြီးကြီး လက်ကိုင်ရှိသူမှာသာ အလုပ်ရဘို့လွယ်ကူနီးစပ်ပါတယ်။
အဲအလုပ်ထဲရောက်ပြန်တော့ နေရာကောင်းရအောင် ၊
မြို့ပေါ်မှာနေရာအောင်၊
နယ်စွန်နယ်ဖျားကိုမလွင့်အောင် ၊
ရာသီဥတု မှန်တဲ့ ဌာန မှာမြဲအောင်၊
ရာထူးတက်လမ်းရှိအောင်တွေ အတွက် အကပ်ရှာရပါတယ်။
အဲဒီအခါမှာတော့ “အထက်ဖားအောက်ဖိ” ဆိုတဲ့ “ယိုးဒယားအက”တွေခေတ်စားလာပါတော့တယ်။
ဘာဘဲပြောပြော အဲဒီခေတ်ကြီးတစ်ခေတ်လုံးကတော့ “ကပ်ဖားယပ်ဖား”တွေကြီးစိုးခဲ့တဲ့ခေတ်ပါဘဲ။
*************************************************************************
အရင် တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့တာရယ် ၊ပြည်သူပိုင်သိမ်းခဲ့တဲ့သာဓကတွေရှိခဲ့တော့
ဘယ်နို်င်ငံခြားကရင်းနှီးမြု့ပ်နှံသူကမှ လာလဲ မလာရဲသလို အလာလဲမခံခဲ့ပါဘူး။
ထို့အတူ ဘဲ ပြည်တွင်းမှာရှိနေတဲ့ တိုင်းရင်းသားပိုင်လုပ်ငန်းတွေကလဲ မိသားစုလုပ်ငန်းသာသာလောက်
ဘဲ လည်ပါတ်နေတော့ လူအများကြီးအတွက်အလုပ်နေရာမပေးနိုင်တော့ လူငယ်လူရွယ်မှန်သမျှ
ဘွဲ့ရပြီးတာနည်း နည်းပါးလှစွာသောအစိုးရအလုပ်ကိုသာ စုပြုံတိုးနေရင်း ဘွဲ့ရအလုပ်လက်မဲ့
“လည်ရာ ပြန်စားရေး “ တွေဘဲ တစထက် တစ ပိုပို များများလာပြီးနောက်တော့လဲ စားဝတ်နေရေးအဆင်ပြေဘို့အတွက်ရရာ အလုပ်ကို ဝင်လုပ်ရပါတော့တယ်။
အဲဒီရဲ့အကျိုးဆက်ကတော့ လူတွေရဲ့စိတ်ထဲမှာ ပညာတတ်ဘွဲ့ရလဲ အလကားပါဘဲကွာ ဆိုတဲ့ အတွေးနိမ့်နိမ့်တွေ စတင်လို့ဝင်လာခဲ့ပါတယ်။
ဒီတစ်ပါတီခေတ်ကြီး လွန်မြောက်လာတဲ့ခေတ်မှာတော့ ခေတ်တွေပြောင်းလာသလို လုပ်ငန်းပုံစံတွေလဲ
အနည်းနဲ့အများပြောင်းလဲလို့လာပါတယ်။
ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းရှင်တွေကို ပြည်သူပိုင်မသိမ်းဘူးဆိုတဲ့ ကတိတွေကြောင့် လည်း
ငွေကြေး ပိုင်ဆိုင်ထားသူ တွေကလည်းလုပ်ငန်းတွေထူထောင်ရဲလာပါတယ်။
ဒါပေမယ့်လည်း ပိုင်ဆိုင်သမျှတွေက တရားမဝင်ဘူးလို့အကြေညာခံရတဲ့ငွေကြေးထဲမှာပါသွားတဲ့
မြန်မာပြည်သားတွေကတော့ လုပ်ငန်းကြီးကြီးထောင်နို်င်သူ မရှိသလောက်ပါဘဲ။
မြန်မာပြည်သားစစ်စစ်တွေ ထက် မြန်မာပြည်ပေါက် နိုင်ငံခြားသားများက စက်ရုံလုပ်ငန်း၊
အရောင်းအဝယ်လုပ်ငန်းတွေမှာ ကြီးကြီးမားမားကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ခဲ့ကြပါတယ်။
အထူးသဖြင့်အိမ်နီးခြင်းနိုင်ငံဖြစ်တဲ့ တရုပ်လူမျိုးတွေက အများဆုံးထူထောင်နိုင်ပြီး ကျန်လူမျုိုးများထူထောင်တဲ့
လုပ်ငန်းတွေရှိပေမယ့်လဲနည်းပါးပါတယ်။
တံခါးပိတ်ဝါဒအတွင်းမှာနေခဲ့ရတဲ့ ပြည်ပနဲ့အဆက်အဆံမရှိတဲ့ ကျနော်တို့ထက်စာရင်
ပြည်ပမှာ အမျုးိအဆွေများရှိနေတဲ့ သူတွေ အဆက်အသွယ်ကောင်းသူတွေက ပိုမိုပြီးမျက်စေ့ပွင့်
နားပွင့်ဖြစ်တဲ့ အတွက် အလျင်အမြန်နဲ့ရှေ့ရောက်ခဲ့တာလဲ အမှန်ပါဘဲ။
ပိုင်ဆိုင်မူ့ရဲ့ ၂၅% ဆိုတဲ့အပေါ်မှာ စီးမျောရင်း အမဲကနေ အဖြူဖြစ်ခဲ့သူများအတွက်
တစ်ပန်းသာခဲ့တယ်ဆိုရင်လဲ မမှားပါဘူး။
အဲဒီကာလက စလို့မြန်မာပြည်မှာ ကုမ္ပဏီလုပ်ငန်းတွေ နေရာအနှံ့အပြားမှာပေါ်လာပါတယ်။
အဲတော့လဲ မြန်မာလူငယ်တော်တော်များများက ကုမ္ပဏီဝန်ထမ်းတွေအဖြစ်ပြောင်းလဲလို့သွားခဲ့ပါတယ်။
ဒါပေမယ့် ကုမ္ပဏီအလုပ်က မခိုင်မာဘူး အစိုးရအလုပ်ကမှ ခိုင်မာတယ် အသက်ကြီးရင်ပင်စင်ရတယ်
ဆိုတဲ့အယူအဆရှိသူများကတော့ ကုမ္ပဏီအလုပ်ကို မဝင်ခဲ့ပါဘူး။
ပွင့်လင်းရဲတင်းလာတဲ့ ဒီတစ်ခေတ်မှာတော့ လုပ်ငန်းတစ်နေရာအတွက်
ဘယ်လောက်ဆိုတဲ့ ကြေးသတ်မှတ်ချက်တစ်ခုကတော့ နေရာဌာနရဲ့ဘေးပေါက်ဝင်ခြင်းမဝင်ခြင်းအပေါ်မှာ
မူတည်ပြီး ဖြစ်ထွန်းလာခဲ့ပါတယ်။
တရားဝင်မဟုတ်ပေမယ့် တရားဝင်နီးပါးပေါက်ဈေးရှိခဲ့တာတော့အမှန်ပါဘဲ။
တစ်ခါက မိတ်ဆွေတစ်ဦးရဲ့သမီးလေးက ကျောင်းပြီးသွားတော့အလုပ်လိုချင်တယ်ဆိုပြီးအကူအညီတောင်းလာပါတယ်။
သူပြောတဲ့အချိန်က ကျနော်တို့ လုပ်ငန်းက လူမလိုသေး။
နောက်သုံးလလောက်ကြာတော့ လုပ်ငန်းအသစ်ချဲ့ဘို့အတွက် လူလိုလို့ လှမ်းအကြောင်းကြားတော့
ဌာနတစ်ခုမှာ အလုပ်ဝင်တာ တစ်လလောက်ဘဲရှိသေးတယ်။
အလုပ်ရအောင် (၅)သိန်းပေးထားရတော့ ဒါလေးကျေအောင်လုပ်ပါအုံးမယ်လို့ သိလိုက်ရတော့မှ
အလုပ်ဝင်ခွင့် ပေါက်ဈေးတွေရှိတယ်ဆိုတယ်သိရပါတယ်။
ဒါကလဲ ဘေးပေါက် နောက်ပေါက် အောက်ပေါက် တွေ ရှိတဲ့ ဌာနမျိုးမှာပါ။
သက္ကရာဇ် ၂၀၀ဝပြည့်နှစ်ပါတ်ဝန်းကျင်မှာတော့ မြန်မာနို်င်ငံရဲ့စီးပွားရေးလုပ်ငန်းတွေအပြိုင်းအရိုင်းတိုးတက်လာတယ်လို့ဆိုနိုင်ပါတယ်။
စူပါမက်ကက်ကြီးတွေပေါ်လာတယ်။
စက်ကိရိယာ၊စက်ဆီချောဆီ၊စားသုံးဆီ၊နို့ဆီ၊ဘီယာ ၊အရက်၊အချိုရည် ၊ရေသန့် ၊ဆပ်ပြာမှုန့်၊ကော်ဖီမစ် ဆေးဝါးကိရိယာ၊အဝတ်အထည်၊ အလှပြင်တဲ့ပစ္စည်း အစရှိတဲ့ နိုင်ငံခြားကတင်သွင်းလာတဲ့
စားသောက်ကုန်တွေ လူသုံးကုန်ပစ္စည်းတွေကို ကိုယ်စားလှယ်ယူပြီးရောင်းချတဲ့ ကုမ္ပဏီတွေ ပေါ်လာတယ်။
ပြည်တွင်းမှာတင်ထုတ်လုပ်ပြီးကိုယ်တိုင်ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းတွေဖြစ်ထွန်းလာတယ်။
မြန်မာပြည်ကနေ ပြည်ပကို ကောက်ပဲသီးနှံပြန်လည် တင်သွင်းတဲ့လုပ်ငန်းတွေထွန်းကားလာတယ်။
နောက်ပြီးကုန်ပစ္စည်းအရောင်းအဝယ်မဟုတ်တဲ့ ပညာရေး လူမူ့ရေး အကျိုးဆောင်လုပ်ငန်းတွေပေါ်ပေါက်လာတယ်။
အဲတော့ အလုပ်လုပ်ချင်သူလူငယ်တွေအတွက်အလုပ်မရှားဘူးဖြစ်လာပါတယ်။
ဒီလိုလုပ်ငန်းတွေများပြားလာတာနဲ့အမျှ ဝန်ထမ်းကလည်း လိုအပ်လို့လာပါတယ်။
လုပ်ငန်းတွေချဲ့ထွင်ဘို့ လုပ်ငန်းအသစ်တွေထူထောင်ဘို့အတွက်လိုအပ်တဲ့ဝန်ထမ်းတွေကို သတင်းစာက တစ်ဆင့် ခေါ်ယူရပါတော့တယ်။
ဒီလုပ်ငန်းတွေအတွက်လိုအပ်တဲ့လူပမာဏက မြို့ခံနဲ့တင်မလုံလောက်တော့တဲ့အခါ မြန်ုမာပြည်အနှံ့အပြားက
ကျေးလက်က လူငယ် တွေကလဲလခစားအလုပ်လုပ်ဘို့အတွက်မြို့တက်လာကြပါတယ်။
မိမိနေထိုင်ရာဒေသမှာ တောင်သူလုပ်ငန်းလယ်ယာလုပ်ငန်းလုပ်ငန်းလုပ်ဘို့ကလဲအဆင်မပြေ။
များပြားလှတဲ့ မိသားစုဝင်အားလုံးအတွက် လုပ်ကိုင်ဘို့အတွက်လယ်မြေ ကလဲမရှိ၊
ရှိပြန်တော့လဲ ရာသီက မမှန်တော့ သီးနှံကထွက်၊
ထွက်ပြန်တော့လဲ ပွဲစားက ဈေးနှိမ်ဆိုတော့ မိရိုးဖလာ လယ်ယာလုပ်ငန်းကို စွန့်ပစ်ပြီး
မြို့တက်အလုပ်လုပ်ဘို့ဘဲလုံးပမ်းကြပါတော့တယ်။
တစ်ချို့ကြပြန်တော့လဲ မြို့တက်ကျောင်းနေရင်းကနေရွာမပြန်တော့ဘဲ ရရာအလုပ်ကိုဝင်လုပ်ကြပါတယ်။
အဝေးနယ်ကလာအလုပ်လုပ်သူက ကုမ္ပဏီတစ်ခုခုမှာ ရောက်သွားပြီဆိုရင် သူတို့ နယ်ကလူတွေ
အဲဒီကုမ္ပဏီကို တစ်ယောက်ပြီးတစ်ယောက်ဆက်တိုက်ရောက်လာကြပါတယ်။
အခုခေတ်မှာစားသောက်စားရိတ်ကြီးတော့ ဘယ်သူကမှ လူအပိုကိုအိမ်ပေါ်ခေါ်တင်မထားပါဘူး။
ဒီတော့နယ်ကလာပြီး မြို့တက်အလုပ်လုပ်ကြတဲ့ (ကျား-မ မရွေး)လေးတွေက အဆောင်မှာ ၊
ဒါမှမဟုတ်ကိုယ့်နယ်ခံရှိတဲ့ ဘုန်းကြီးကျောင်းမှာ နေပြီးအလုပ် လုပ်တတ်ကြပါတယ်။
စရောက်စကတော့ရိုးရိုးအေးအေးပါဘဲ။
နောက်တော့ မြို့မှာလူပေါင်းစုံ အတတ်ပေါင်းစုံ လိုချင်တာကအဲအစုံဆိုပြန်တော့
စိတ်မထိန်းနို်င်ဘဲ အပျော်အပါးဘက်ရောက်သွားတတ်ကြပါတယ်။
လောင်းကစားဘက်ကို ဖက်တဲ့လူက ပိုုဆိုးပါတယ်။
ကောင်းမယ်ထင်လို့ ပွားလိုက်တာလေးက ပလုံသွားရင်ကုမ္ပဏီက ငွေကို ခဏလှည့်သုံးတတ်ပါတယ်။
သုံးရင်းသုံးရင်းက များများလာတော့ ပြန်မဆပ်နိုင်တဲ့ဘဝရောက်သွားပါတယ်။
ကိုယ်ဧရိယာမှာဘဲ ကိုယ့်နေရင်းနေရာလေးမှာ နေရရင်တော့ ဟိုကရတဲ့ပိုက်ဆံဒီစာရင်းထဲထည့်
ဒီကပိုက်ဆံကို ဟိုဘက်ထည့်နဲ့ အကြံအဖန်လုပ်ပြီးထိန်းထားနိုင်ပေမယ့်
ကိုယ့်နဲ့ အခြားသူနဲ့အရောင်းဧရိယာချင်း ပြောင်းတာတို့ စာရင်းစစ်ဝင်တာတို့နဲ့
တိုက်ဆိုင်ချိန်မှာတော့ အလွဲသုံးစားလုပ်ထားတာတွေပေါ်မှာစိုးတော့ အလုပ်ကနေထွက်သွားပါတော့တယ်။
အလုပ်ကို တစ်ရက်က နှစ်ရက်မလာလို့ မေးမြန်းစုံစမ်းပြီးလိုက်တဲ့အခါမှာ လမ်းစပျောက်သွားပါတော့တယ်။
အဲလိုတွေဖြစ်ပါများတော့ လုပ်ငန်းတွေမှာ ထိခို်က်နစ်နာတာတွေရှိလာပါတယ်။
ငွေဆုံးတာထက် ကိုယ့်လုပ်ငန်းကို ကိုယ်ဖောက်သည်တွေက ယုံကြည်မူ့အားနည်းတာမျိုးကိုကြုံရပါတော့တယ်။
အဲဒီကစလို့ ငွေကြေးနဲ့ဆက်စပ်ပါတ်သက်နေတဲ့ တာဝန်မျုးိအတွက် ဝန်ထမ်းခန့်ထားမယ်ဆိုရင် သိကျွမ်းတဲ့လူခံ
မရှိဘဲ အလုပ်ခန့်တာမျိုးမလုပ်ကြတော့ပါဘူး။
ကို်ယ်တစ်ခါမှ မသိသေးတဲ့လူတစ်ယောက်ကို သူယူလာတဲ့အထောက်အထားစာရွက်လေးကိုကြည့်
ဟိုမေးဒီမေးလုပ်ပြီး ဆယ်မိနစ်လောက်အတွင်းမှာ လူတစ်ယောက်ကို အကဲခတ်ရ ဆုံးဖြတ်ရတယ်ဆိုတာ
တကယ်တမ်းပြောရရင်သိပ်လွယ်ကူတဲ့အလုပ်တော့လဲ မဟုတ်ပြန်ပါဘူး။
အဲတော့လဲ ကို်ယ့်ဆီမှာလုပ်နေတဲ့ ဝန်ထမ်းရဲ့ဆွေမျိုးသားချင်းတို့၊
အကြောင်းသိ မိတ်ဆွေသူငယ်ချင်းတွေထဲက ဘဲ အလုပ်ခေါ်ပါတော့တယ်။
အဲတော့လူငယ်တစ်ယောက်အလုပ်ရဘို့ဆိုတာ ခက်ခဲလာပါတယ်။
ဟိုးအရင်ခေတ်က အကပ်ရှိမှာ အလုပ်ရဘို့လွယ်ကူတယ်။
ပြီးခဲ့တဲ့တစ်ခေတ်မှာတော့ ငွေနဲ့ရင်းရင် ရတယ်။
အခုလက်ရှိအနေအထားမှာတော့ အာမခံပေးသူရှိမှအလုပ်လွယ်ကူတဲ့
အနေအထားကိုရောက်လာပြန်ပါတယ်။
ဒီအခါမှာ အလုပ်အကိုင်ရှာဖွေပေးတဲ့ဝန်ဆောင်မူ့လုပ်ငန်းတွေပေါ်လာပြန်ပါတယ်။
ခက်တာက ကျနော်တို့လူမျိုးက ဒီလိုလုပ်ငန်းအတွက် အခကြေးငွေပေးရရင်နှမျောတတ်ပါတယ်။
ကိုယ့်ဘာသာကိုယ် လုပ်ရင်လဲ ဖြစ်တယ်ဆိုတဲ့ အတွေးတွေက စိတ်ထဲမှာစွဲနေကြတာကိုး။
အဲတော့လဲ ဒီလို အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေကနေတစ်ဆင့် ခန့်တယ်ဆိုတာကလဲ
အတော်လေးကိုနည်းပါး ပါတယ်။
လူငယ်တစ်ယောက်ရဲ့ အရည်အချင်းကို အဓိက မထားဘဲ နီးစပ်ရာ လူကိုခန့်တာများလာပြန်တော့
လူငယ်တွေရဲ့ အရည်အသွေးက တစ်စထက်တစ်စ ကျဆင်းလို့လာပါတယ်။
အလုပ်သာလာလျောက်တယ် ကိုယ်လာလျောက်တဲ့ လုပ်ငန်းက ဘာလုပ်မှန်းမသိတဲ့လူငယ်တွေအများကြီးပါဘဲ။
အလုပ်ရှင်ကလဲ စိတ်ချရရင်ပြီးရော အလုပ်ထဲရောက်မှ သင်ပေးမယ်ဆိုပြီးခေါ်ထားလိုက်ပါတယ်။
အလုပ်ထဲကိုယောင်တောင်ပေါင်တောင်နဲ့ရောက်လာ။
အရင်ရောက်သူတွေက ဝိုင်းသင်နဲ့ လုပ်ငန်းလေးလည်း နည်းနည်းကျွမ်းကျင်လာရော
လုပ်ရတာ မတန်ဘူးလို့ထင်လာတော့ အလုပ်ကထွက်။
နောက်ထပ်အလုပ်တစ်ခုထပ်လျောက်။
အဲလိုနဲ့ဘဲသံသရာလည်နေပါတော့တယ်။
အလုပ်တစ်ခုထဲကို စွဲစွဲမြဲမြဲလုပ်တဲ့လူငယ်ကရှားလာပါတယ်။
တစ်နေရာကနေ တစ်နေရာ ဂျစ်ပဆီများလု့ိ လျောက်ပြောင်းနေတဲ့လူငယ်တွေသာများများလာပါတယ်။
အဲတော့လုပ်ငန်းတစ်ခုကို ကောင်းမွန်စွာတတ်ကျွမ်းတယ်ဆိုတဲ့အဆင့်မရောက်ဘဲ
သိတယ်ဆိုတဲ့အဆင့်လောက်နဲ့ဘဲရပ်သွားပါတယ်။
လက်ရှိအခြေအနေမှာ လုပ်ငန်းတွေလဲ မရှားပါဘူး။
ပေါပါတယ်။
အလုပ်လုပ်နိုင်တဲ့ လူငယ်တွေလဲမရှားပါဘူး။
ပေါပါတယ်။
ရှားနေတာက အလုပ်ကိုကောင်းကောင်းမွန်မွန်နဲ့ ကြိုးကြိုးစားစားလုပ်မယ်ဆိုတဲ့စိတ်ဓါတ်ရယ်
ကိုယ့်ဆီလာ အလုပ်လုပ်တဲ့လူငယ်ကို မြေတောင်မြှောက်ပေးမယ်ဆိုတဲ့ လုပ်ငန်းရှင်တွေသာ
ရှားနေတာပါ။
ဝင်လိုက်ထွက်လိုက်နဲ့သံသရာလည်နေတော့ သတင်းစာထဲမှာ
“ဝန်ထမ်းအလိုရှိသည်”ကြော်ငြာကတော့ အမြဲတမ်းတွေ့နေရတဲ့
ကြော်ငြာ တစ်ခုဖြစ်လို့နေပါတော့တယ်.။
တချို့တွေများဆိုရင် သစ်သားပြားမှာ သင်္ဘောဆေးနဲ့ရေးပြီး
အိမ်ရှေ့မှာထောင်ထားလိုက်ပါတာပါဘဲ။။
ကဲ ရှေဆက် ဒီလိုဘဲ စခန်းသွားနေကြမယ်ဆိုရင်
………………………………………………………
ကိုပေါက်(မန္တလေး)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
29 comments
ကိုပေါက်(မန္တလေး)
December 12, 2012 at 12:13 pm
၁၂နှစ်၁၂လ၁၂ရက် ၁၂နာရီ၁၂မိနစ်အမှတ်တရတင်လိုက်တာပါ
Mr. MarGa
December 12, 2012 at 12:19 pm
လေးပေါက်
ဖွဘုတ်မှာတင်တာ နည်းနည်း စောတယ်နော်
ကိုပေါက်(မန္တလေး)
December 12, 2012 at 4:22 pm
ဟုတ်ပါ၏
အချိန်ကိုက်တင်ပေမယ့် ဖွဘုတ်က အချိန်အတိအကျတင်မရဘူးလေကွယ်။
နောက်ဖွဘုတ်က ကိုယ့်ဝေါပေါ်ကိုယ်တင်ရတာဆိုတော့ တစ်ခါတစ်လေစောပါ၏။
Mr. MarGa
December 12, 2012 at 4:30 pm
အော်
ဂလိုလားးးးးးးးးးးးး
မိုချို
December 12, 2012 at 1:56 pm
လေးပေါက်ရေ
ကျမ ဝန်ထမ်း အကြို ဖောင် ကြီး သင်တန်း တတ်တော့ဌာန ကောင်း ကောင်း မှာ ဝင်ခွင့် ရပြီး လာတတ် တဲ့ အမျိုး သမီး တစ်ယောက် ကို လူ တစ်ယောက်က ပြောတာ ခင်ဗျား ဒီ ဌာန မှာ ရတာ တော် လို့ ရ တာ ဖြစ် မယ် တဲ့ ။ ပထမ တော့ အမျိုး သမီး လည်း ကြောင်သွား ပြီး ကျမ မတော် ပါ ဘူး လို့ ပြန် ပြော လိုက် တယ်။ ဟိုလူ ကလည်း ဆက်ပြော တယ်၊ ခင်ဗျား တနေရာရာ မှာ တော် ရင် တော် မတော်ရင် အမျိုးတော့ တော် လိမ့် မယ်တဲ့ ။ အဲတော့ မှ အမျိုး သမီး လည်း သဘော ပေါက် ပြီး စိတ်တွေ ဆိုး တော့ တာပဲ။ အဲဒီ အမျိုး သမီး က တကယ်လည်း အဲ လို ရ လာခဲ့ တာ။
အစိုး ရ ဝန်ထမ်း လော က မှာတော့အရည် အချင်း က အဓိက မကျ ပဲ လေးပေါက် ပြော သလို ရပေါက် ရလမ်း ကောင်းတဲ့ ဌာန တွေ ဆို ပေါက်ဈေးတွေ၊ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ ရှိ နေ တုန်း ပါပဲ။
ကျမလုပ်ခဲ့ တဲ့ ဌာန ကတော့ အဲလို ဘေးပေါက် မရှိတော့လူ စိတ် မဝင်စား လို့ ကျမ အတွက် တခါတည်း ဖြေ တခါတည်း ရ ဆို သလို (ကိုယ့် ဘွဲ့ နဲ့၊ လုပ်ရ မယ့် အလုပ် နဲ့ လုံးဝ မဆိုင်တဲ့ သတင်း စာ ထဲက မိန့် ခွန်း တွေ ၊ သတင်းတွေ ကျက် လိုက် ရ တာ က လွဲ လို့ ) အရာ ရှိတန်းအလွယ် တကူ ဖြစ် သွားခဲ့ တာပဲ။
ဖောင် ကြီးအတူ တတ်ရ တော့ မှ ဌာန ကောင်း တွေ ကို ဝင်လာ တဲ့ သူ တွေ က ကိုယ့် လမ်းကြောင်းတွေ နဲ့ ကိုယ် လာကြ မှန်း သူတို့ တိုက် ရိုက် မပြော ပေမယ့် သူတို့ အချင်းချင်း ပြော စကားတွေ ကနေ ရိပ်ဖမ်း သံ ဖမ်း သိ ခဲ့ ရတာ။
ကိုပေါက်(မန္တလေး)
December 12, 2012 at 4:40 pm
ဟုတ်တယ် မယ်ချိုရေ
ကျနော်က 1978 မှာ ဖောင်ကြီးကို အောက်တန်းစာရေး ဘဝ(ကျနော်အောက်မှာ ပြာတာနဲ့ဒရဝမ်ဘဲကျန်ပါတယ်)က တက်ဘူးပါတယ်။
ပထမရောက်ခါစ၂လ ရေခွဲတမ်းနဲ့ချိုး။
အသားဟင်း အတုံးသေးသေးလေး တွှေ သုံးရက် တစ်ခါစားရပါတယ်။
တစ်လတစ်ခါကတော့ ကြက်သားဟင်းနဲ့စပါယ်ရှယ်ဒင်နာ၊
ကျန်တဲ့ရက်ကတော့ သိတဲ့အတိုင်း ဖရုံသီးဟင်း
ပဲပင်ပေါက်အခင်းထဲ ကို ပုစွန်ဆိတ်လေးတွေဖြတ်တာကိုစားရပါတယ်.။
နောက်လ အကောင်ကြီးကြီး (ကိုခင်ခပြောတဲ့အကောင်နဲ့မတူဘူးနော်)လဲ
ရောက်လာရော အားလုံးအကောင်းတွေချည်ဖြစ်ကုန်ပါတယ်။
ခေတ်အဆက်ဆက် ဘက်လိုက်မူ့ မျက်နှာလိုက်မူ့ တည့်တည့်ပြောရင် ဒီလိုမတရားမူ့တွေက
နေရာတိုင်းဌာနတိုင်းမှာရှိနေတာ ကတော့ အမှန်ပါဘဲ။
အခုအချိန်ထိလဲရှိနေဆဲပါဘဲ။
ဒီမိုကရေစီလို့ ပါးစပ်မချတမ်းအော်နေတဲ့ နေရာတွေမှာလဲ ဘက်လိုက်မူ့ကတော့ ရှိနေတာအမှန်ပါဘဲ။
ခင်ခ
December 12, 2012 at 1:57 pm
“အကောင်ကြီးကြီး အမြီးရှည်ရှည်”ရှည်ရှည်ရဲ့အမျိုးအနွယ်တွေကတော့ “မိုးကျရွှေကိုယ်”တွေပေါ့ ဆိုလို့ ပြောရအုံးမယ် ကိုပေါက်ရေ၊ ကျွန်တော်ဘွဲ့ရပြီး အလုပ်ရှာတော့ အဲ လို အကောင်ကြီးကြီး အမြီးရှည်ရှည် တစ်ယောက်ရဲ့ထောက်ခံပြောပေးမှု့နဲ့ ကုမ္မဏီအလုပ်ထဲရောက်တာဗျ။
အဲဒီသူက ဘုံကျောင်းမှာ တရုတ်နဂါးကတဲ့အဖွဲ့ခေါင်းဆောင်လေ၊ လူကခပ်ဝဝ နဂါးကိုကိုင်ပြီး ကတော့ အကောင်းကြီးကြီး အမြီးရှည်ရှည် ပေါ့နော်။ ဟုတ်တယ်ဟုတ်၊ အဲ ကိုပေါက်ပြောသလို ကျွန်တော်က မိုးကျရွှေကိုယ်တော့ ဟုတ်ပါဘူးဗျ။ မြေကြီးပေါ်လမ်းလျှောက်လို့ ပလက်ဖောင်းလဘက်ရည်ဆိုင်မှာ ထိုင်တတ်သူပါလေ။
ကိုပေါက်(မန္တလေး)
December 12, 2012 at 4:41 pm
ဒါဆိုရင်ကိုခအလုပ်ရတဲ့ ကုမ္ပဏီက
-ဝမ်စွေ့………ဝမ်စွေ့………….ဝမ်ဝမ်စွေ့ ပိုင်တဲ့ ကုမ္ပဏီဘဲဖြစ်ရမယ်။
သူတို့ ဘုံကျောင်းလူကြိးဆို အရမ်းလေးစားတာလေ။
jullies cezer
December 12, 2012 at 2:19 pm
လေးပေါက်ရေ ဒါတွေပြောရမယ်ဆိုရင်တော့ဖြင့် ဝန်ထမ်းလဲဝန်ထမ်းအလျှောက်
ပိုင်ရှင်လဲပိုင်ရှင်ပိုင်ရှင်အလျှောက်လိုအပ်ချက်တွေရှိနေလို့သာလူတွေလူမှန်နေရာ
မှန်မရောက်နိုင်ကြသေးတာပါ အမျိုးတွေခန့်ပြီးအမျိုးတွေကြီးစိုးတဲ့ company မှာ
လူမှန်တွေနေရာမရတတ်ကြပါဘူးအဲ့ဒီအတွက်အလုပ်ကထွက်ပါတယ် နောက်တစ်ခုက
ခိုင်းတာနဲ့တန်တဲ့ထို်က်သင့်တဲ့ခံစားတွေမရကြပါဘူး အဲဒီအတွက်ထွက်ကြပါတယ်
company နာမည်တာ့မပြောလိုတော့ပါဘူး ကိုယ်လည်းဝန်ထမ်းမို့လို့ အစ်မတစ်ယောက်
လုပ်နေတဲ့ company ဆိုပိုင်ရှင်ကပညာမတတ်တဲ့အမျိုးတွေကိုခေါ်ခန့်ပြီးအုပ်ချုပ်ရေး
မှာထားတယ် အစိုးရရုံးပိတ်ရက်မပိတ်ပါဘူး တနင်္ဂနွေ ၁ ရက်သာပိတ်ပါတယ်။ OT မဆင်း
ရင်ငြိုငြင်တယ်နှိပ်ကွပ်ပါတယ်။ ဝန်ထမ်းက ဆန္ဒရှိသည်ဖြစ်စေမရှိသေဖြစ်စေ OT ဆင်းကြ
ရပါတယ်။ အဲဒီလို company တွေကဒုနဲ့ဒေးပါ အဲဒီတော့အလုပ်ရှင်အလုပ်သမားလိုအပ်ချက်
ကကြီးနေအုံးမှာပါ ။
ကိုပေါက်(မန္တလေး)
December 12, 2012 at 4:47 pm
ဟုတ်ပါတယ် မယ်ဂျူးရေ
ဝန်ထမ်းကောင်းတော့ ပိုင်ရှင်ဆိုး
ပိုင်ရှင်ကောင်းတော့ ဝန်ထမ်းမစွံ
အဲတော့ အခုလိုမျိုးတွေဖြစ်နေအုံးမှာပါဘဲ။
ပြင်ပလုပ်ငန်းကတော့ မယ်ဂျူးပြောသလို အမျိုးအဆွေတွေကိုနေရာပေးမှာအမှန်ပါဘဲ။
ကတညုတ ကတဝေဒီ တဲ့ အမျုးိအနွယ်ကိုစောင့်ရှောက်ရာ၏တဲ့။
သူတို့က ရင်းနှီးမြုပ်နှံထားတဲ့ ငွေကြေးရှိနေတော့ သူတို့ စိတ်ထဲမှာနှစ်သက်သလို စီရင်ပိုင်ခွင့်ရှိကြပါတယ်။
သူပိုက်ဆံနဲ့သူထောင်ထားတာကိုးဗျ။
အဲဒါက ခံသာသေးတယ်ဗျ။
ကိုယ့်ပိုက်ဆံတစ်ပြားမှ မပါတဲ့လူတွေက ဝင်ပြီး ဆရာလုပ်ကြ ချယ်လှယ်ကြတာကမှ
ခံပြင်းစရာကောင်းတာပါ။
အသက်ကြီးလာလေ လေ ပိုပြီးယုံကြည်လာတဲ့ အတွေးကတော့
တရားမျှတမူ့ဆိုတာ ဘယ်နေရာမှာ မှ မရှိဘူးဆိုတာပါ။.
မြန်မာပြည်အတွက်ပြောတာပါ၊။
ဒိပြင့်နိုင်ငံကလူတွေအတွက်မပါဘူးလေ
ကျနော်မှ မရောက်ဘူးတာကို မဝေဖန်ပါဘူး။
aye.kk
December 12, 2012 at 6:50 pm
ကိုပေါက်ရေ
မျှတမှုဆိုတာ ဘယ်နေရာမှာမှ မရှိဘူးဆိုတာကို
ရာနှူံးပြည့်။အပြတ်အသတ်။ထောက်ခံလိုက်ပါတယ်။
ဖားတတ်စားတတ်ရင်တော့ဖင်ထိုင်ခုံကနေရာကို။
(ပတ်သက်ရာပတ်သက်မှုတွေဆိုရင်တော့)နေရာကနေကိုနဲနဲလေးမှမရွေ ့ရပဲ။
ရာထူးဇွတ်ကိုတင်ပေးနေတော့တာပါဘဲ။
ခြစားနေတာကြီးကို။သိသိကြီးနဲ ့ဖြုတ်ထုတ်သတ်ပစ်ရမဲ့အစား။
အဆိပ်ပင်ရေလောင်းနေတာလုံးဝမဖြစ်သင့်တာပါ။
ပြည့်သူ ့ဘဏ္ဍာငွေထဲကပေးရတာမို ့ရပ်တန် ့ဘို ့ကောင်းပါတယ်။
နတ်မောက်မြို ့မှာအမေစုပြောတဲ့မိန် ့ခွန်းစကားကိုနားထောင်ကြည့်တာမှန်မှမှန်။
MaMa
December 12, 2012 at 2:55 pm
(ရှားနေတာက အလုပ်ကိုကောင်းကောင်းမွန်မွန်နဲ့ ကြိုးကြိုးစားစားလုပ်မယ်ဆိုတဲ့စိတ်ဓါတ်ရယ်
ကိုယ့်ဆီလာ အလုပ်လုပ်တဲ့လူငယ်ကို မြေတောင်မြှောက်ပေးမယ်ဆိုတဲ့ လုပ်ငန်းရှင်တွေသာ
ရှားနေတာပါ။)
မှတ်သားစရာပါပဲ ကိုပေါက်ရေ။ :hee:
ကိုပေါက်(မန္တလေး)
December 12, 2012 at 4:52 pm
ဟုတ်တယ်မမရေ
ဝန်ထမ်းဖက်က လဲ ဓခုရေတွင်းတူး ခုရေကြည်သောက်”ဘဲ။
မတတ်သေးဘူး လစာများများလိုချင်တာ။
ပိုင်ရှင်ဘက်က လဲ “ငွေတစ်မတ်နဲ့ငါးကြင်းခေါင်းကိုင်”တာပါဘဲ။
မဖြစ်စလောက်ပေးပြိး ကျောက်ခဲရေညှစ်သလောက်ညှစ်ထုတ်ချင်တာလေ။
အားလုံးတော့ မဟုတ်ပါဘူး။
ကောင်းတဲ့ဝန်ထမ်း ကောင်းတဲ့ပိုင်ရှင်ရှိကြပါတယ်။
နှစ်ဦးနှစ်ဖက် စိတ်ချင်းတူသွားရင် အချိုးညီသွားရင် ရေရှည်လက်တွဲလို့ရပါတယ်။
မနိုင်လို့ သီးခံရခြင်းတော့ မဟုတ်ဘူးပေါ့။
ညှိနိူင်းနေကြတာပေါ့။
လက်ရှိအလုပ်မှာ ကျနော် 1995 တစ်လကို လခ မြန်မာငွေ”သုံးထောင်ကျပ်”ကနေစလက်တွဲပြီးလုပ်လာတာပါ။
ဒီပြင့်အလုပ် လုပ်မစားတတ်လို့တော့ မဟုတ်ဘူး။
တစ်ယောက်နဲ့တစ်ယောက် ညှိနိူင်းရနေလို့ အဆင်ပြေနေတာပါ။
Mobile
December 12, 2012 at 3:42 pm
ဝန်ထမ်းဘဝ လခစားဘဝကို ကိုယ်တွေ့ အလုပ်ရှင် အနေဖြင့်၎င်း
ဝန်ထမ်း အနေဖြင့် ၎င်း မကြုံတွေ့ခဲ့ဖူးသေးတဲ့ အတွက်။ ဒီအကြောင်းအရာတွေကို
ယခုလောက် ထိနားမလည်ခုဘူးခင်ဗျ။ အခုလိုဗဟုသုတ ဖြစ်စေတဲ့အတွက်
ဝင်ဖတ်ရကျိုးနပ်လှပါ၏။ စောင့်မျှော်အားပေးနေပါဦးမည်. . . . . . . . . .
ကိုပေါက်(မန္တလေး)
December 12, 2012 at 4:53 pm
ကိုမိုဗိုင်းရေ
ဝန်ထမ်းလဲမဟုတ် ပိုင်ရှင်လဲမဟုတ်ဆိုတော့
သူဌေးသားဘဲဖြစ်ရမယ်
သူဌေးကသာ အလုပ်လုပ်ရတာ သူ့သားက အလုပ်လုပ်စရာမလိုဘူးလေ။
ဟုတ်တယ်ဟုတ်
Mobile
December 12, 2012 at 6:44 pm
ကိုပေါက်ရေ
ဆားပုလင်းမင်းအောင် နည်းဗျူဟာနဲ့မှန်းသွားတာ မှန်သလိုလို မှားသလိုလို ဖြစ်တယ်ခင်ဗျ
ပိုင်ရှင်လဲမဟုတ် ဝန်ထမ်းလဲမဟုတ်ဆိုတာ …ကိုယ်တတ်နိုင်သလောက် အရင်းအနှီးကလေးဖြင့်
တစ်ပိုင်တစ်နိုင် မိမိလုပ်နိုင်တဲ့ အလုပ်လေးတွေလုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြု့တာ
ဖြစ်ပါတယ်ခင့်ဗျ။ အဲ့ဒီအတွက် ပိုင်ရှင်လဲမဟုတ်သလို ဝန်ထမ်းလဲ မဟုတ်ပေဘူးဗျ။
မိမိခံယူချက် အယူအဆအရ သူတစ်ပါလက်အောက်၌ အလုပ်လုပ်ကိုင်ခြင်း မပြုလိုသဖြင့်
မိမိဖာသာ မိမိရပ်တည်နိုင်ဖို့ ဦးစားပေး တွေးခေါ်လုပ်ကိုင်ပါ၏။
Khaing Khaing
December 12, 2012 at 4:24 pm
ဝန်ထမ်းဖြစ်ဖို့ ခက်ခဲတာကို လေးပေါက်ဆွေးနွေးပြမှ သိတယ် … သမီးအလုပ်ဝင်တုန်းကလည်း အလုပ်ထဲမှာ လူခံရှိတော့ မပင်မပန်းရခဲ့တယ် …. လောကကြီးက ဒီလိုပါပဲ “မျက်နှာကြီးရာ ဟင်းဖတ်ပါပါ” လေးပေါက်ရာ ………
ကိုပေါက်(မန္တလေး)
December 12, 2012 at 4:54 pm
တစ်ချို့ကတော့ အဆင်ပြေစွာ
တစ်ချို့ကတော့မပြေတပြေ
တစ်ချို့ကတော့ခက်ခဲစွာ
အဲဒါ ဘဝသံသရာပါဘဲ မယ်ခို်င်ရေ
moonpoem
December 12, 2012 at 5:30 pm
ဒါဆို မန်းတလေး ဂေဇက်မှာ ဝန်ထမ်းခေါ်ရင် ရအောင် ဘယ်သူ ့ကို ပလာစတာ အုံးအမ် လုပ်ထားရမှာလဲ လေးပေါက်ရေ။အဟိအဟိ အဆဲခံရတော့မယ်နဲ ့တူတယ်
ဦးဦးပါလေရာ
December 12, 2012 at 5:53 pm
ကျွန်တော် အခုတာဝန်ထမ်းဆောင်နေတဲ့အလုပ်မှာ ဝန်ထမ်းတချို့က လုပ်သက် ၁၆ နှစ်၊ ၁၅နှစ်၊ ၁၄နှစ်၊ ၁၃နှစ်၊ ၁၂နှစ်၊ ၁ဝနှစ် ၊ ရနှစ် အသီးသီးရှိကြပါတယ်…။
ဒါပေမယ့် တချို့ဝန်ထမ်းသစ်တေတွတော့လဲ လုပ်သက် နှစ်ပတ်နဲ့ထွက်၊ တစ်လနဲ့ထွက်၊ နှစ်လနဲ့ထွက် ပါပဲ….
တကယ်တော့ အဲသလို ခဏဝင်လိုက် ပြန်ထွက်လိုက်က ပိုများပါတယ်…
အများကြီးပိုများပါတယ်…။
ကြည့်ရတာ ပိုက်ဆံကောင်းကောင်းမပေးလို့ဖြစ်မယ်ထင်တယ်…
အထွေထွေဝန်ထမ်းဆို ဝင်ခါစမှာ တစ်သိန်းနီးပါးပဲ ပေးတာကိုး..
ဘယ်စားလောက်ပါ့မလဲ…..။ (တကယ်ကိုမစားလောက်ပါ)
ဒါပေမယ့်….
ခက်တာက….
ဒါ့ထက်ပိုပေးရအောင်ကလဲ လုပ်ငန်းက ဝင်ငွေမှမလောက်တာ….
တစ်နှစ်တစ်နှစ် လုပ်ငန်းကလဲ ဝင်ငွေမတိုးဘူး… ဝန်ထမ်းကလဲ လစာမတိုးဘူး…
မဖြစ်မနေပေးရတဲ့ ဆက်ကြေး တွေ ကတော့ အဆမတန် တိုး တိုး လာတာ ကိုပေါက်ရေ…
ကိုပေါက်(မန္တလေး)
December 12, 2012 at 6:20 pm
ကိုပါရေ အမှန်ပါဘဲဗျာ။
အခြေခံကျတဲ့ဝန်ထမ်းတွေ မစားလောက်ပါ။
ကျနော်တို့ဆီကို နယ်ကနေလာအလုုပ်လုပ်တဲ့ကလေး လစာ ရှစ်သောင်းထက်ပိုမပေးနိုင်တာလဲအမှန်ပါ။
သူ့ဆီက လုပ်အားပြည့်ပြည့်ဝဝမရသေးခင် များများ မပေးနိုင်ပါ။
နောက် မလောက်မှန်းသိပေမယ့် ဝန်ထမ်းအများထဲမှာ တစ်ယောက်ထဲကွက်ကြည့်လို့မရပါ။
လုပ်ငန်း စည်ပင်တိုးတက်မှာသာ ဝင်ငွေကောင်းကောင်း ရမယ်ဆိုတာကိုလဲ ဝန်ထမ်းများသဘောပေါက်ဘို့လိုအပ်သလို
ပိုင်ရှင်လုပ်သူကလည်း ရသများ သူ့အိတ်ထဲ သိမ်းကြုံးထည့်မယ်ဆိုရင်လဲ အဆင်မပြေပါ။
လုပ်ငန်းရှင်ကောင်းစွာ မြတ်စွန်းလည်ပတ်နို်င်ဘို့က နိုင်ငံ ရဲ့ စိးပွားရေး စစ်ရေး
တည်ငြိမ်အေးချမ်းပြီး အထက်အဆင့် ရာထူးရသူများက တရားမျှတစွာလုပ်ဆောင်ဘို့ အမှန်လိုအပ်ပါကြောင်း။
သူတို့အဆင်ပြေမှ သူ့လက်အောင်ဝန်ထမ်းများလည်း အဆင်ပြေပြေ ရေရှည်နေနိုင်မည်ဖြစ်ပါကြောင်း
padonmar
December 12, 2012 at 10:10 pm
ကိုပေါက်ရေ
ခက်တာက ကျမတို့ဆီမှာ ဝန်ထမ်းကို Job description လည်း ပီပီပြင်ပြင်ပေးလို့မရ(အလုပ်တွေကလည်း ကြုံရာကွေ့မှာ ကြုံတဲ့ တက်နဲ့လှော်နေရတာကိုး)၊
ဝန်ထမ်းရဲ့ ရိုးသားမှု၊အလွဲသုံးစားလုပ်မှုကို ထိန်းချုပ်စရာစနစ်ကောင်းလည်းမရှိသေး။
လစာကောင်းကောင်းပေးရအောင်လည်း ဝင်ငွေကမကောင်း၊
ပေးရတဲ့ လာဘ်(Transaction costတွေ)ကလည်းများ
ဆိုတော့ ဘယ်တော့များမှ ရွှေလသာပါ့မလဲလို့ ……..
ကိုပေါက်(မန္တလေး)
December 12, 2012 at 11:03 pm
မပဒုမ္မာရေ
အတိအကျပြောရရင် ကျနော်တို့ အခု လုပ်ကိုင်စားသောက်နေကြတာက ညှိနိုင်းမူ့နဲ့ပါ။
အလုပ်သမား အတွက်ဖြစ်စေ အလုပ်ရှင်အတွက်ဖြစ်စေ တိကျစွာ အကာအကွယ်ပေးတဲ့
ဥပဒေ လက်တွေ့ကျကျ တစ်ခုမှ မရှိပါဘူး။
အားလုံးမီးစင်ကြည့်ကရတာပါဘဲ။
အလုပ်ရှင်ဖြစ်သူမှာလဲ မြင်ရသောအခွန်အခ
မမြင်ရသောအခွန်အခ။
အကြွေးဆုံး ၊
ဈေးရှူံး
လူယုံသတ်။
သဘာဝဘေးဒဏ်တွေနဲ့ရင်တမမနေရတာပါ။
အလုပ်လုပ်နေတဲ့ကလေးတွေမှာလဲ
အဆောင်ကြေး
နေ့စဉ်ထမင်းဘုးိလက်ဖက်ရည်ဘုးိ။
လမ်းစရိတ်(ဓါတ်ဆီဘိုး)ဆိုတာတွေ ကို
တစ်လလုံးရက်မှန်အောင်အလုပ် လုပ်ပါမှ ရလာတဲ့
ကျပ်ငွေရှစ်သောင်းလောက်နဲ့ တစ်လလုံးရုန်းကန်ရတာပါ.
မကြုးိစားဘူးလဲ ရမ်းမပြောပါနဲ့။
တကယ်အလုပ်လုပ်ကြရတာပါ။
အမှန်ကတော့ မြန်မာပြည်မှာ အာချောင်သူများနေပြီး တကယ်လိုအပ်နေတဲ့စည်းမျဥ်းစည်းကမ်းတွေ
ထုတ်ဘို့ကိုလက်တွန့်နေကြတာပါ။
အဲတော့ မဖြစ်သင့်တာတွေဖြစ် ကုန်တာပေါ့။
တကယ်လိုအပ်နေတာ မြန်မာပြည်နဲ့ကိုက်ညီမယ့် အလုပ်သမားဥပဒေ အလုပ်ခွင်စည်းကမ်း
အလုပ်ရှင်ဘက် ကအလုပ်သမားကိုေ ပးရမယ့် အခွင့်အရေးတွေပါ။
ပါးစပ်ကသာ ခေတ်သစ် ခေတ်သစ် အမြု့ပ်ထွက်မတတ်အော်ကြ
အင်တာနက်စာမျက်နှာတွေက နေ လူကောင်းယောင်ဆောင်ပြိး သနားပြကြ လုပ်နေကြပေမယ့်
အခုချိန်ထိ ရုံးလုပ်ငန်းတွေမှာ အင်္ဂလိပ်ခေတ်က ချန်ထားခဲ့ ဥပဒေတွေကို ဆက်လက်ကျင့်သုံးနေဆဲဆိုတာကတော့ လက်တွေ့ ကျတဲ့ ဘဝတွေပါ။
ကဲ လက်တွေ့ပြောင်းလဲသွားအောင် ကျနော်တို့ အားလုံး ဘာလုပ်ပြီးကြပြီးလဲလို့ မေးခဲ့ရင်
ပြန်ဖြေဘို့ အဖြေမရှိတာ အသေအချာပါဘဲ။
uncle gyi
December 12, 2012 at 11:43 pm
အခုခေတ်လူငယ်တွေငွေနောက်တအားလိုက်နေကြတာ
မှန်လည်းမှန်တယ်မှားလည်းမှားတယ်လို့မြင်တယ်ဗျာ
မှန်တာကသူတို့စားဝတ်နေရေးလတ်တလောပြေလည်ဖို့
မှာတာကသူတို့ရဲ့ဘဝတိုးတက်ရေးပျောက်နေလို့
အခုခေတ်လူငယ်တွေအတွက်ကျွန်တော်စာတပုဒ်ရေးဖို့ကြိုးစားနေတယ်ဗျာ
ဘယ်တော့ဖြစ်မလဲမသိဖူး
Foreign Resident
December 13, 2012 at 7:39 am
ဦးဦးပါလေရာ says:
” အထွေထွေဝန်ထမ်းဆို ဝင်ခါစမှာ တစ်သိန်းနီးပါးပဲ ပေးတာကိုး..
ဘယ်စားလောက်ပါ့မလဲ…..။ (တကယ်ကိုမစားလောက်ပါ) ”
တစ်သိန်း ကို မစားလောက်ဘူးတဲ့ ။
ပြောရက်ကြပါပေ့ကွယ် ။
အဘ မမှားဘူးဆိုရင် နိုင်ငံတော် ပြန်တမ်းဝင် အရာရှိတောင် ၊
လစာ ၈ သောင်းပဲ ရတာပါ ။
ခင်ခ
December 13, 2012 at 11:03 am
အဘဖောရေ နိုင်ငံတော်ပြန်တမ်းဝင် အရာရှိရဲ့ လက်ရှိလစာက တစ်သိန်းနှစ်သောင်းကျော် ရနေပါခင်ဗျ။
အခြားခံစားခွင့်တော့ လုပ်ကိုင်တဲ့ရုံး ဌာန ပေါ်မူတည်မယ်ထင်ပါတယ်ဗျ။
ဦးကြောင်ကြီး
December 13, 2012 at 11:08 am
အတွေးပါး
သူဌေးသား
ကလေးကျား
အရေးထား
ပလေးကစား
မနှေးဖွား
ငပွေးစကား
နလေးကြား…။
kyeemite
December 13, 2012 at 4:27 pm
တော်တော်ခက်ပါတယ်ဗျာ…ကျုပ်တို့များငယ်ငယ်ကအလုပ်လျှောက်ခဲ့တုံးက
ကော်လာကတုံးလေးဝတ်၊ တခါတရံတိုက်ပုံတောင်ပါရသေးတယ်….
ကွမ်းစားတတ်ရင်တောင် အဲနေ့အဖို့တော့ သွားပြောင်အောင်တိုက်ပြီး
အောင့်အီးနေခဲ့ရတာ..ဆံပင်ကိုလည်းသပ်သပ်ရပ်ရပ်ဖီးလို့ပေါ့….
ကိုပေါက်ပြောသလို ဘာမေးမယ်မှန်းမသိပေမဲ့ လက်လှမ်းမှီသမျှ
ပြည်တွင်းရေး၊ နိုင်ငံတကာရေးရာတွေ တတွတ်တွတ်နဲ့ဖတ်…ဝှီး ပြောရင်းနဲ့မေါမိသဗျာ…
ခုတော့ မဟုတ်တော့ဘူးဗျို့…
အလုပ်လာလျှောက်သတဲ့ ပုံစံကိုရှု့စားကြပါအုံး…
ဆံပင်ရှည်ရှည်ပွပွ(တစ်ချို့ နောက်ကတောင်စည်းထားလိုက်သေး)
အင်းကျီ..ရောင်စုံကြောင်ကျား…ရင်ဘတ်ဟဗြဲ (အပေါ်ဆုံးကျယ်သီး၂လုံး ၃လုံးတတ်မထား)
တစ်ချို့ ဘောင်းဘီဖင်ကျပ်နဲ့(စတိုင်ဘောင်းဘီဆိုနဲနဲကြည့်ကောင်းအုံးမယ်)
တစ်ချို့က ပုဆိုးတော့ဝတ်လာပါရဲ့..ချက်ပြုတ်၊အောက်ဒရွတ်ဆွဲ…..
လျှောက်လွှာဖြည့်လို့ စာရေးမက ပုံစံထုတ်ပေးတော့..ဘောပင်မပါတာနဲ့
တစ်ချို့ကလုပ်လိုက်သေး..အမကြီးဖြည့်ပေးပါလားတဲ့…ကောင်းရော…
အဲဒီအချက်တွေကဘာကိုပြလဲဆိုတော့(ကျနော့ ကိုယ်ပိုင်ကောက်ချက်ပါ)
ဒီအလုပ်ကိုမရလဲဘာအရေးလဲကွာ….လို့ လာလျှောက်တဲ့ အလုပ်ကို
မလုပ်ခင်ကထဲကတန်ဖိုးမထားကြောင်းပြနေသလိုပဲ…
ကျနော်တော့ အဲဒီ ဒီဇိုင်းမျိုးနဲ့လာလိုတော့ ဆောရီးပဲ…လျှောက်လွှာတောင်ကိုမကြည့်ပဲ
တစ်ခွန်ပဲပြောလိုက်တယ်..မကြိုက်ဘူးကွာ..ပြန်လို့ရပါပြီလို့….
ကျနော့် အတွေ့အကြုံလေးပါကိုပေါက်ရေ…တစ်ေျယာက်တစ်မျိုးပေါ့…
အလင်းဆက်
December 13, 2012 at 8:11 pm
ရှားနေတာက အလုပ်ကိုကောင်းကောင်းမွန်မွန်နဲ့ ကြိုးကြိုးစားစားလုပ်မယ်ဆိုတဲ့စိတ်ဓါတ်ရယ်
ကိုယ့်ဆီလာ အလုပ်လုပ်တဲ့လူငယ်ကို မြေတောင်မြှောက်ပေးမယ်ဆိုတဲ့ လုပ်ငန်းရှင်တွေသာ
ရှားနေတာပါ။
အဲဒီစကားလေးကို လက်ခံမိတယ် လေးလေးပေါက်ရေ..။