မောင်ဝါဝါနှင့် “ကျပ်” မြို့တော်
မောင်ဝါဝါနှင့် “ကျပ်” မြို့တော်
– သူရဿဝါ –
တစ်နေ့သ၌ ကျွန်ုပ် မောင်ဝါဝါ သည် အပူလုံးကြွ၍ ယူကျုံးမရ ဖြစ်ရမည့် လူမှုရေး ကိစ္စ တစ်ခုကြောင့် မိမိ နေထိုင်ရာ သင်္ကန်းကျွန်း ရွှေမြို့တော် ကြီးမှ နေ၍ ဒေါင်းတောင်း ခေါ်ဆို မြို့ထဲ အလယ်ဗဟို သို့ သွားရောက်ရန် ကိစ္စ ပေါ်ပေါက် လာလေသည် ဖြစ်ချေ၏။ သို့နှင့် ရေမိုးချိုး၊ ဖြီးလိမ်း ပြင်ဆင်ပြီး သကာလ လှလှပပ ကြွကြွရွရွဖြင့် လူယောင် ဖန်ဆင်းကာ လမ်းထိပ် ဘတ်စ်ကား ဂိတ်သို့ ခန့်ခန့်ညားညား လမ်းလျှောက်၍ ထွက်ခဲ့ လေ၏။ ကားစောင့်၍ များမကြာမီ မှာပင် ရှေ့နှစ်ဂိတ် လောက်မှ ဂိတ်စသည် ဖြစ်သော မထသ ၃၉ ကားကြီး တစ်စီး ထိုး၍ ဆိုက်လာ လေရာ ထိုင်ခုံ မရသည်မှ လွဲ၍ ချောင်ချောင် ချိချိ ရှိလှသည် ဖြစ်သဖြင့် ကျွန်ုပ် မောင်ဝါဝါလည်း ဤကားစီးလျှင် တော်ပေမည်ဟု စိတ်အကြံ ရသည်နှင့် ကားလေးဘီး အစုံအစေ့ မရပ်တတ် ရှာလေသော ကားဒရိုင်ဘာကို အားနာလှ သောကြောင့် ၎င်းတို့ မှေး၍ ပေးသော အရှိန်နောက်သို့ ကမြောက်ကခြောက် ပြေးလိုက်၍ ခိုတွယ် တက်ရ လေသည် ဖြစ်လေ၏။
ကျောချမှ ဓါးပြမှန်းသိ ဆိုသလို ကျွန်ုပ် မောင်ဝါဝါလည်း ခြေထောက်ချမှ ဘတ်စ်ကားမှန်း သိရသည့် အဖြစ်သို့ ရောက်သွား လေပေပြီ။ အသို့နည်း ဟူမူ ရုံးချိန် ဖြစ်သည့် အားလျော်စွာ နှစ်မှတ်တိုင် သုံးမှတ်တိုင်မျှ စီးမိသည် ရှိလေသော် ခုနက သက်သာ ချောင်ချိ ရှိလှဘိသော ၃၉ ဘတ်စ်ကား ကြီးမှာ ဒေးဗစ် ကော်ပါဖီး မျက်လှည့် ပြလိုက်သည့် အလား ချက်ချင်း လက်ငင်း ကျပ်၍ သွားသည် ဖြစ်လေ၏။ ဘယ့်ကလောက်ထိ ကျပ်သနည်း ဆိုသော် မောင်ဝါဝါမှာ ခြေနှစ်ဖက် ချရန်ပင် နေရာလွတ် မရှိသည့် အတွက် အများသူငါ ကိုယ့်အတွက် ဒုက္ခ များမည်ကို မကြည့်ရက် မရှုနိုင် ရှိလှသဖြင့် ခြေတစ်ချောင်း ထောက်၍သာ ထော့နင်း ထော့နင်း လိုက်ပါစီးနင်း ရလေသည် ဖြစ်လေ၏။ ဘတ်စ်ကား အပေါ်၌ လူစုံသလို စကားလည်း စုံလှ ပေရာ ကျွန်ုပ် မောင်ဝါဝါမှာ နံဘေး ပတ်ဝန်းကျင် ဘတ်စ်ကား အဝှမ်းမှ ပုထုဇဉ် လူသားတို့၏ သဗ္ဗဒါနံပေါင်း စကား အကြောင်း များကို ကြား၍ နေရသည် ဖြစ်လေ၏။
လူပင် မတူ၍ စကားပင် ကွဲသော်လည်း အပြော သဘော တို့မှာ နောက်ဆုံး ဆိုက်သည့် ဘူတာတွင် ညီတူ မျှတူပင် ဖြစ်လေရာ ၎င်းတို့မှာ “လုပ်ငန်း ကိုင်ငန်းများ ကျပ်သည့် အကြောင်း” “အိမ်၌ ဝင်ငွေနှင့် ထွက်ငွေ မမျှ ကျပ်လှသည့် အကြောင်း” စသည်တို့ပင် ဖြစ်လေရာ မောင်ဝါဝါမှာ သူတို့ ကျပ်သည့် အကြောင်းကို နားထောင် မိရင်း အသက်ရှူပါ ကျပ်၍ လာလေ၏။ သို့သော် တကယ်တမ်း စစ်စစ်စိစိ အဖြေညှိ ကြည့်လေသော် ဧကန် စင်စစ် အသက်ရှူ ကျပ်သည်မှာ ကားပေါ်ရှိ ကျပ်စကား များကြောင့် မဟုတ်မူဘဲ ပို၍ ပို၍ လူတင် သဖြင့် ပို၍ ပို၍ ကျပ်လာသော ကားကြောင့်ပင် ဖြစ်သည် ဟု သိရှိရ လေတော့၏။ ကျွန်ုပ် မောင်ဝါဝါ လည်း မည်သို့မျှ မခံနိုင် မရပ်နိုင် ဖြစ်သည့် အဆုံး ဝရုန်းသုန်းကား ဖြင့် ရောက်လေရာ အရပ်တွင် ကားပေါ်မှ ဆင်းပြေး ရသည် ဖြစ်လေချေ၏။
ဒီအချိန် နောက်ထပ် ဘတ်စ်ကား တစ်စီးပေါ် ထပ်တက် လျှင်လည်း ကျပ်သံသရာထဲ ထပ်၍ လည်နေ ဦးမည် ဖြစ်လေရာ သွားစရာ ကိစ္စလည်း ရှိနေ သေးသည် ဖြစ်သဖြင့် ကျွန်ုပ် မောင်ဝါဝါမှာ နံဘေးနား ထိုး၍ ဆိုက်လာသည့် အငှားကား တစ်စီးကို တား၍ သွားရသည် ဖြစ်လေ၏။ သို့သော် မောင်ဝါဝါ ကံမကောင်းပြန်။ အငှားကား အပေါ်၌ တစ်ယောက်တည်း လွတ်လွတ် ကျွတ်ကျွတ် ထိုင်၍ စီးရသဖြင့် ကျပ်ဒုက္ခမှ ကင်းဝေး သော်လည်း လမ်းဆုံ လမ်းခွ တိုင်း၌ ကားများမှာ ကားပြခန်း အတွင်း စီတန်း၍ ပြထား ဘိသည့် အလား ပိတ်၍ ကျပ်၍ နေပြန် လေတော့သည် ဖြစ်လေ၏။ အသို့ ဖြစ်ရ လေသနည်း ဟု တက္ကစီ ဆရာ ကိုဒရိုင်ဘာကို မေးလတ်သော် ကားအသစ် မော်ဒယ် အသစ် ဘရန်း အသစ်များ မြို့တွင်းသို့ ချောကလက် ကလေးတွေ တန်းစီ၍ ဝင်သာ သကဲ့သို့ အသစ် အသစ် ဝင်ရောက်၍ လာသည် ဖြစ်သဖြင့် ကားများ ကျပ်လေရာ ထိုကားများကို တင်ဆောင်၍ ထားရသော လမ်းများ မှာလည်း ပိတ်၍ ကျပ်၍ လာရခြင်း ဖြစ်သည်ဟု အကျယ်တဝင့် ရှင်းလင်း ပြလေ၏။ “အော် .. ငါ့နှယ် ကျပ်သံသရာ ထဲကကို မထွက်နိုင် သေးပါလား” ဟု မောင်ဝါဝါလည်း တွေးတော ရှုမြင် မိလေ၏။
ထိုသို့ ကျပ်၍ နေသဖြင့် သွားရမည့် နေရာသို့ အတန်ငယ် နောက်ကျ နေလေပြီ ဖြစ်လေရာ ထိုနေရာ၌ ကြိုတင် စောင့်စား နေမည့် သူထံ ဖုန်းဆက်ရန် ကျွန်ုပ် မောင်ဝါဝါ ကြံရ ပြန်လေ၏။ သို့သော် ဖုန်းမှာလည်း ကျပ်တော ထဲမှ ထွက်၍ မရပြန် ပါချေ။ ကားပေါ်၌ ငြိမ်ငြိမ်လေး ထိုင်၍ ဇောချွေးများပင် တဒီးဒီး ကျသည် အထိ ဖုန်းနံပါတ် ခလုတ် များကို နှိပ်၍ အကြိမ်ကြိမ် ခေါ်ဆို ပါသော်လည်း မောင်ဝါဝါ ခေါ်ဆိုသည့် လူကြီးမင်းမှာ ဧရိယာ ပြင်ပ သို့သာ ခဏခဏ လစ်ထွက် သွားနေသည် ဖြစ်သဖြင့် မည်သို့မျှ ခေါ်ဆို၍ မရဘဲ ဖုန်းလိုင်းများ ကျပ်ခြင်း အမှုကို ထပ်၍ ကြုံရ ပြန်လေသည် ဖြစ်နေ ပြန်၏။ ထိုသို့ ကျပ်မျိုး ကျပ်နွယ် ကျပ်ကမ္ဘာ အလယ်၌ ဘယ်လို ဘယ်ပုံ ဘယ်နည်း ဘယ်လမ်း ကိုမျှ မကြံတတ် မစည်နိုင် ဖြစ်ရသည့် အဆုံး ငှားလာသည့် ကားအား အရပ်ခိုင်းကာ မောင်ဝါဝါလည်း ဝုန်းခနဲ ဆင်းရ ပြန်သည် ဖြစ်လေ၏။
နောက်ဆုံး အကြံအစည် အနေဖြင့် ကားကျပ် လမ်းကျပ် ဖုန်းကျပ်၍ ကျပ်ခြင်းကြီး အမျိုးမျိုး အလယ်သို့ ရောက်နေ ပါသဖြင့် အနည်းငယ်မျှ ထပ်မံ နောက်ကျမည့် အကြောင်းကို စောင့်ဆိုင်း နေသူထံ အီးမေးလ် ပို့၍ ဆက်သွယ် မှသာ ဖြစ်တော့မည် ဟူသော အကြံဖြင့် ကျွန်ုပ် မောင်ဝါဝါလည်း အနီးအနားရှိ တွေ့ကရာ အင်တာနက် ကဖေးထဲသို့ ဝင်ရောက် သွားရ ပြန်လေသည် ဖြစ်ပေ၏။ မောင်ဝါဝါ ကံမကောင်း အကြောင်းမလှ ပြန်ချေ။ အင်တာနက် သုံးမိလေတိုင်း အမြဲတမ်း ကြိုဆို ဧည့်ခံလေ့ ရှိသော ကော်နက်ရှင် ဟူသော အကောင်နှင့် ကျွန်ုပ် မောင်ဝါဝါ နပမ်းလုံးရ ပြန်လေရာ ထုံးစံ အတိုင်း မောင်ဝါဝါပင် ရှုံးနိမ့်သည် ဖြစ်သဖြင့် ဖေ့ဘုတ် ဝင်မရ၊ အီးမေးလ် ဝင်မရနှင့် ကျပ်လျက် တောက်လျက် ရှိနေသော အဖြစ်ကို ကြုံရ ပြန်လေ၏။
မောင်ဝါဝါ ခြေကုန် လက်ပမ်းကျ၍ အားလျှော့ လိုက်ရ ချေပြီ။ ဘယ်လို ဆက်လုပ်၍ လုပ်ရမှန်းလည်း မသိတော့ သည့်အဆုံး စိတ်ဓါတ်များ ချုန်းချုန်းကျကာ ခေါင်းငိုက် လက်ပိုက်၍ အင်တာနက် ဆိုင်အတွင်းမှ ပြန်ထွက် လာရချေ လေ၏။ စိတ်မူမမှန် သူတို့ ထုံးစံ အတိုင်း တွေးမိ တွေးရာ လျှောက်၍ စဉ်းစား လေရာ လက်စသတ်တော့ ကျွန်ုပ် မောင်ဝါဝါတို့ နေထိုင်သော ရွှေမြို့တော် ကြီးသည်ကား လူကျပ်၊ ကားကျပ်၊ လမ်းကျပ်း၊ ဖုန်းကျပ်၊ လိုင်းကျပ်နှင့် ကျပ်နည်းမျိုး ပေါင်းစုံ ကုံလုံလျက် ရှိသော၊ ကမ္ဘာတလွှား ရှာမှရှားသည့် ကျပ်မြို့တော်ကြီး ဖြစ်နေ လေသည် တကား ဟူ၍ ဖြစ်ရာ ထိုမျှ လူတကာတို့ နေထိုင်ရ ခဲသော နေရာမျိုး၌ နေထိုင်ခွင့် ရသည့် မိမိကိုယ်ကိုယ် ဂုဏ်ယူရ ကောင်းနိုး၊ စိတ်ရှုပ်ရ ကောင်းနိုး ဖြစ်၍ အလွန် အမင်း စဉ်းစားရ ကျပ်ကာ ကြံရာ မရသည့် အဆုံး ယခု သင်တို့ ဖတ်ရှု နေအပ်သည့် ကျပ်မြို့တော်ကြီး အကြောင်း သောင်းပြောင်း ထွေလာကို ချစ်စွာသော စာဖတ်သူ ပရိသတ် တို့ထံ စီရင် ဖန်တီး ရေးသား တိုင်တည် လိုက်ရ ပေတော့သည် ဖြစ်လေသတည်း။
၂၉ – နိုဝင်ဘာ – ၂၀၁၂
Net Guide Journal
Volume (2), Issue (64)
19 comments
ဘဲဥ
December 14, 2012 at 12:09 pm
အဲ့ဒီ ကျပ်မြို့တော်ကြီးနဲ့စာရင် သများဒို့ မန်းလေးက တော်တေးဒါပေါ့နော်
ဆြာဝါ
ဗုံဗုံ
December 14, 2012 at 12:51 pm
ဟုတ်ပါ့ ဥဥ ရဲ့ ဒို့မန်းလေးက ကျပ်ဘူးနော် လေကောင်းလေသန့်လည်းရပါ့တော် မန်းလေးမှာလူဖြစ်ရတာ တန်တယ်အေ :harr:
မဟာရာဇာ အံစာတုံး
December 14, 2012 at 2:52 pm
ကျပ် တဲ့ အရသာ ..
မသိဒဲ့ လူဒွေများ ..
သနွားလိုက်ဒါ .. သနွားလိုက်ဒါ ..
ဘဲဥ
December 14, 2012 at 3:22 pm
ညည်းလိုလူမျိုးဒေကို ကြောက်လို့ ဟိုတစ်လောက လိုင်းကားပေါ်မှာ ဝီစီတွေလိုက်ဝေရတေးဒယ်မို့လားအေ့ 😆
မဟာရာဇာ အံစာတုံး
December 14, 2012 at 4:57 pm
ဟဲ့ .. ဟဲ့ ..
နင့် စိတ်နဲ့နှိုင်း ရိုင်းသွားမှာပေါ့ဟဲ့ ..
ငါ ပြောတာက
တခြား အဓိပ္ပါယ်နဲ့ ..
(ဘယ်ရမဲ .. ငွင်း .. ငွင်း ..)
Mr. MarGa
December 15, 2012 at 7:06 pm
မန်းလေးသားတွေလဲ ကျပ်တဲ့ အရသာ သိပါ့
ဆိုင်ကယ်တွေ ကျပ်နေတာပဲလေ
မဟာရာဇာ အံစာတုံး
December 15, 2012 at 7:11 pm
ညီငေးး ဥဥ …
ဒီမှာ ဆိုင်ကယ် ကျပ်တာကို အရသာနဲ့ လာပြောနေဒယ်
ဒီလူဂျီး ဘာမှ သိဝူးးး
ပြောလိုက်ဘာအုံးတွ ….
နာဒို့ ကြောဒဲ့ ကျပ်တဲ့ အရသာဆိုတာ ဘယ်လိုလဲ ဆိုဒါ …
Mr. MarGa
December 15, 2012 at 7:18 pm
တိန်
အင်းးးးးးးးးငါ့ကို နှစ်ယောက် ပေါင်းဆော်တော့မယ်ထင်ပါ့
ဥဥရေ မန်းလေးသားအချင်းချင်း ဘက်မလိုက်နဲ့နော်
ငအံစာ
နင်ပြောတဲ့ အရသာက ငါသိသဟဲ့
တမင် မပြောတာ
Mobile
December 14, 2012 at 12:20 pm
ကိုသူရာမေရယအသဲရောင်အသာဝါရေ မင်္ဂလာပါဗျာ။
ကျနော် ကိုဿဝါကို သူရဿဝါ နှင့် ဖြူဆိုမှ ဖြူဆိုလား ဘာဆိုလား အဲ့ဒီ ဆောင်းပါးခေါ်မလား
ပြီတော့ မောင်ဝါဝါ ၏ယောက်ခမ ကြီနှင့်အတူ ငရဲ့ပြည်သို့ ညအိပ်ခရီး ဆိုလားဗျာ အဲ့ဒါလေးတွေ
ဖတ်ပြီး ကတည်းက သတိထားမိနေတာ အခုလဲ မောင်ဝါဝါနှင့် ရန်ကုန်မြို့တော် ဆိုတာလေးကို
အားပေးသွားပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
Shwe Tike Soe
December 14, 2012 at 12:56 pm
အော် ကျပ်မြို.တော် ကျပ်မြို.တော်…
ပြင်ဦးလွင် (မေမြို.)ကို ကျတော့ တင်စားခေါ်တာ ပန်းမြို.တော်၊ တောင်လှေကားမြို.တော်..
အခု ကိုဝါ က ရန်ကုန်ကို တင်စားခေါ်လိုက်တာ ကျပ်မြို.တော်… လှပဗျာ.. လှချက်..
ဒါပဲပေါ့ ဒါအမှန်ပဲလေ…………. ဟေးဟေးဟေး
Khaing Khaing
December 14, 2012 at 1:51 pm
အရင်ကဆို ၃၉ အထူးတွေက လူပိုမတင်တော့ ကားပေါ်တက်ရရင်ပဲ တော်တော်လေးအသက်ရှုချောင်ပြီး ထိုင်ခုံလေးနဲ့သွားရလာရတာ အဆင်ပြေတယ် … အခုနောက်ပိုင်း ၃၉ အထူးဆို ဘယ်လောက်ချောင်ချောင် မစီးရဲတော့ဘူး … လူတစ်ယောက်တောင် မနည်းလျှောက်ရတဲ့လမ်းကို လူ ၂ယောက်မတ်တပ်ရပ်လိုက်ခိုင်းတယ် … အဝင်ခက် အထွက်ခက် ….. ဒီလောက်ကြပ်တဲ့ကားကို အသည်းအသန်လိုက်စီးနေတဲ့သူတွေလည်း အံ့ဩမိတယ် …
Shwe Tike Soe
December 14, 2012 at 2:20 pm
ဒါဆိုရင် သင်္ဘောပဲ စီးတော့ပေါ့အေ……….. ခွိခွိခွိ
jullies cezer
December 14, 2012 at 2:13 pm
အော် သုံးတဲ့ currency ကိုလည်းကြည့်အုံးလေ ကျပ်လေ အဲဒီတော့ အတိတ်နိမိတ်ကောင်း
သွားအောင် currency ကို ချောင် လို့ပြောင်းလိုက်လေ သူများတိုင်းပြည်တွေမှာ ဒေါ်လာဆို
တွေ့လား America ကို လာကြရတယ် အဲဒီတော့ ချောင်လို့ ပြောင်းလိုက်ကြစို့ ဘယ်သူမှ
မပြောင်းလဲကို်ယ့်ဖာကို ပြောင်းလိုက်လေ
Shwe Tike Soe
December 14, 2012 at 2:24 pm
ဟေ့ ဂျူလယက် ကိုကို မီးကို ချောင်း သိန်း ၃၀ဝ လောက်ချေးပါ……
တစ်လကို ချောင် ၂၀ဝ ပြန်ဆပ်ပြီး အတိုး ၂ဝချောင် ပေးမယ်……ချေး……
Shwe Tike Soe
December 14, 2012 at 2:24 pm
ဟေ့ ဂျူလယက် ကိုကို မီးကို ချောင်း သိန်း ၃၀ဝ လောက်ချေးပါ……
တစ်လကို ချောင် ၂၀ဝ ပြန်ဆပ်ပြီး အတိုး ၂ဝချောင် ပေးမယ်……ချေး……
တော်ပါပြီးအေ မနိပ်ပါဘူး တချောင်ချောင်နဲ. ကျပ်ရာကနေ လူချောင်မလာပဲ ဥနှောက်ချောင်သွားမှဖြင့်…
မောင်ပေ
December 14, 2012 at 7:41 pm
ကျပ်မြို ့တော်
ချက်နို ့ပေါ်
ဖွက်စို ့နော်
တက်ဖို ့အော်
လက်တို ့ခေါ်
ထပ်ပို ့ပျော်
MaMa
December 14, 2012 at 9:50 pm
ကျပ် မြို့တော် ဆိုတော့ ကြပ် မြို့တော်နဲ့ စာရင်တော့ တော်သေးတယ် ပြောရမှာပေ့ါ။
ကောင်းလိုက်တဲ့ အရေးအသား။
အော်- မောင်ဝါဝါလည်းလေ ပရိုတန်းပေမို့ :hee:
ဦးကြောင်ကြီး
December 15, 2012 at 11:22 am
ထူးပါဘူးဗျာ.. ကြက်တန်းသွား ခပ်ကြပ်ကြပ်လေးတဗွေ ရှာဆွဲလိုက်ပါတော့…။
မိုက်ကယ်ဂျော်နီအောင်ပု
December 15, 2012 at 4:23 pm
စည်ကားခြင်းနဲ့ဒွန်တွဲနေတာက ကြိတ်ကြိတ်တိုးခြင်းဘဲဗျ
ကြိတ်ကြိတ်တိုးတယ်ဆိုတာဟာလည်း ကြပ်တာဘဲမဟုတ်လား
ကျေးလက်ကို တိုးတက်အောင်လုပ်တော့ မြို့ဖြစ်တယ်
မြို့ကိုတိုးတက်အောင်လုပ်တော့ ကားကြပ်တယ်
တစ်ခါတစ်လေ လူအချို့ ကုန်းကျော်တံတားတွေရဲ့အပေါ်ကနေ မော်တော်ကားတန်းကြီးတွေကို
ဓာတ်ပုံတွေရိုက်လေ့ရှိကြတယ်
မီးရောင်တွေနဲ့ ကားတန်းကြီးပေါ့ဗျာ
တောသားတွေမြို့တက်လို့ အဲ့သည်လိုကားတန်းကြီးကိုတွေ့ရင် သိပ်အထင်ကြီးတာ
ဒါပေမယ့် အဲ့သည်ကားတန်းကြီးထဲက ကားတွေပေါ်မှာ စီးနင်းလိုက်ပါလာတဲ့လူတွေရဲ့
ကားကြပ်မှု့ခံစားရမှု့ဝေဒနာကိုတော့ ကြုံဘူးသူမှသိလိမ့်မပေါ့
အဲ့သည်အကြောင်းကို စာတစ်ပုဒ်ရေးမလားတွေးနေတာ ဘယ်ကစရေးရမှန်းမသိဖြစ်နေလို့
ဒါပေသိ အဲ့သည် ကားကြပ်ကြပ်တွေကိုကြိုက်သူတွေတော့ရှိသဗျ
မီတာတတ်ထားတဲ့ ပါစင်ဂျာပါတဲ့ တက်စီဒရိုင်ဘာတွေရယ်
လူကြပ်ကြပ် ဘတ်စကားပေါ်မှာ ကိုယ့်ဘေး အထူးသဖြင့် ကိုယ့်ရှေ့ မှာ
ကောင်မလေးချောချောလေး ရှိနေတဲ့လူရယ်ကတော့ ခံတွင်းတွေ့လိမ့်မယ်ဗျို့