နွားတစ်ကောင် ကံစမ်းမဲပေါက်သွားခြင်း
သူလိုချင်ခဲ့သည်မှာ အရာဝတ္ထုပစ္စည်းမဟုတ်။ သက်ရှိလူသား တစ်ယောက်။ ရှင်းရှင်းပြောရလျှင် နှလုံးသားရှိသော မိန်းမသားတစ်ယောက်။ မနေ့တစ်နေ့ကမှ လက်ဝယ်ပိုင်ဆိုင်ရရှိလိုက်သော မိန်းမသားတစ်ယောက်သည် ကံစမ်းမဲမဟုတ်။ သူ ကံစမ်းမဲပေါက်ခဲ့သည်။ သူ လက်ခံရရှိလိုက်သော ကံစမ်းမဲသည် နောက်ဆုံးလက်ကျန် မဲတစ်မဲဖြစ်နေသည်ကိုတော့ သူမသိခဲ့ချေ။ ခုမှတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရလျှင် ပြောမယုံ ကြုံဖူးမှ သိဆိုသလိုဖြစ်ရတော့မည်။ သူ့မျက်နှာသည် ပူလှသည်။ သံယောဇဉ်သည် ပူနွေးနေတုန်းရှိသဖြင့် မျက်နှာကို ဖင်ခုထိုင်လျှက် ဆီလူးသထက်ပြောင်လှသော မျက်နှာကို လှလှကြီး ပြလျှက် ရယ်ကျဲကျဲလုပ်နေရတော့သည်။
(၁)
ကဆုန်လနေသည် သူ့အတွက် ပူပြင်းသည်ဟု မခံစားမိချေ။ နေပူစပ်ခါးတွင် ချွေးတို့နှင့်ချွဲနေသော မျက်နှာကလေးသည် စိုစိုပြည်ပြည်လှနေတော့သည်။ မဆလာဗန်းကလေးရွက်ပြီး မျက်လုံးကလေး ကလယ်ကလယ်နှင့် သူ့အားကြည့်နေပုံက တစ်မျိုးဆန်းပါဘိ။ အသားတော်က ညိုညိုဆိုသော်လည်း သူ့အထင် ဝင်းဝါလှသည်။ လှုပ်လီ လှုပ်လဲ့သွားလာဟန်ထက် ပြီတီတီမဆန်သော မျက်နှာအမူအရာတွေက သူ့ရင်ကိုဖိုစေလှသည်။ မနက်နေထွက်ကနေ ညနေ ငါးနာရီအလုပ်သိမ်းချိန်အထိ သူ့မျက်လုံးတွေက သူလေးဆီမှ တစ်ပါး အခြားအခြားသော ရွက်ကြမ်းရေကျိုတွေဆီ မတိမ်းမစောင်းမိ။ သူကလေးသည် သူ့အတွက်တော့ လှပခြင်းအတိပြီးသော ပန်းပုရုပ်ကလေးတစ်ရုပ်ဖြစ်သည်။ သူကိုင်သော သံလျှက်သည် သူကလေးဆီမှ မဆလာဗန်းကိုသာ နိုက်ချင်သည်။ ကျွမ်းကျင်ပိုင်နိုင်လှသော သံလျှက်ကိုင်သည့် လက်သည် သူကလေးရှေ့တွင် ကတုန်ကယင်ကြီုးဖြစ်ဖြစ်သွားရသည်။
“ဇာကြီး သတိလည်းထားပါဦးကွာ၊ အဲဒါကြီးကိုကြည့်နေတာ မျက်လုံးတွေကျွတ်ထွက်တော့မယ့်အတိုင်းပဲ။ ခင်ညိုလေးဆို ဟုတ်တုတ်တုတ်“
မျိုးဦးက ထိုသို့ဆိုလာသည်ကိုပင် စိတ်မဆိုးမိချေ။ ခင်ညိုဆိုသော မိန်းကလေးသည် သည်ပန်းရံအဖွဲ့ထဲတွင် အလှဆုံးဖြစ်သည်။ သို့သော် သူ့အတွက်အလှတရားသည် ခင်ညို မဟုတ်။
“မင်းခင်ညိုက သွေးခပ်ကြီးကြီးပါကွာ။ ပန်းရံအဖွဲ့ထဲကဆိုရင် မျက်စောင်းတောင် လှည့်ထိုးတာမဟုတ်ဘူး။ အလကား တန်ရာတန်ရာ မမှန်းဘူး။ “
“ဒီမှာ ဇာကြီး မင်းမရလို့ပြောနေတာပါ။ ငါသိပြီးပါပြီ မင်းခင်ညိုကို ပိုးသေးတယ်ဆိုတာ။“
သူ အရှိုက်သို့တည့်တည့်ထိ၏။ ဟုတ်သည် ခင်ညိုကို သူပိုးခဲ့သည်။ သူမရခဲ့။ သူ့ကို အစ်ကိုတစ်ယောက်လို သဘောထားသတဲ့။ ချစ်သူရည်းစားတစ်ယောက်လိုတော့ မည်သို့မျှ သဘောမထားနိုင်ပါတဲ့။ ခင်ညို လက်ခံမယ့်သူဟာလည်း ဟောဒီ ပန်းရံအဖွဲ့ထဲက လုံးဝ လုံးဝ မဟုတ်ပါတဲ့။ သူအသည်းမကွဲခဲ့။ သူတကယ် မချစ်ခဲ့ခြင်းကြောင့်သာဖြစ်ပါသည်။ သို့ဆိုလျှင် သူကလေးကိုရော။ မသေချာလှသေး။ ခုမှ ရင်ခုန်သံတွေ စမြည်ခါစရှိသေးသည်။
“ မရလို့မဟုတ်ပါဘူးကွာ။ ငါ တကယ်မချစ်ခဲ့လို့ပါ“
“အင်းပေါ့ ခုတော့ ပြောပြီပေါ့။ ထားလိုက်ပါ။ ညနေ ဦးလေးညွှန့်ဆိုင်ကျမှ ဆက်ဆွေးနွေးမယ်။ ဟိုမှာ ဦးစိုးလာနေပြီ။ အလကားနေ လာဆဲနေဦးမယ်။“
မျိုးဦး သတိပေးသဖြင့် သူ သံလျှက်ကိုကိုင်ကာ မဆလာဗန်းထဲသို့ စွတ်ခနဲ့ထိုးကာ စီလက်စ အုတ်နံရံအား ပက်ခနဲ ပက်ထည့်လိုက်သည်။ ထို့အတူ သူနှလုံးသားသည်လည်း အချစ်၏ ထိုးဖောက်ခြင်းကိုခံရလျှက် သရိုးကိုင်ရန် အဆင့်သင့်ရှိနေခဲ့ပါသည်။
(၂)
ညနေဆည်းဆာသည် အနောက်ဘက် လွိုင်နမ်ဖ တောင်တန်းကြီးဆီတွင် မေးတင်နေသည်။ လယ်ကွင်းများ၏ အထက်ဆီမှ ဖြတ်သန်းတိုက်ခတ်လာသော လေသည် သူ့နှာခေါင်းဝတွင် လတ်ဆတ်လွန်းနေသည်။ ဦးကြီးလှ လယ်တဲထဲတွင်တော့ သူနှင့် သူကလေးရှိနေသည်။ သူကလေးက သူ့ရင်ခွက်ကျယ်ကျယ်ကြီးတွင် ခေါင်းကလေးငုံ့လျှက် အသံတို့တိတ်ဆိတ်နေသည်။ သူ့ရင်ခုန်သံသည် အမြန်ရထားတစ်စင်း အရှိန်တင်မောင်းသွားသည်နှယ် တဒုတ်ဒုတ်ဖြင့်ခုံလွန်းလှသည်။
“ကိုဇာ“
“ဟင် ဘာလဲ ပြောလေ လှကလေး“
“ကိုဇာက ဖားကန့်မှာ မြေကော်စက်မောင်းတာဆို“
“ဟုတ်တယ်လေ.. “
“ခုဘာလို့မမောင်းတာလဲ ပန်းရံက ပင်ပန်းတယ်လေ“
“ခု မှော်သိမ်းထားတာလေ။ ဒါကြောင့်ခဏနားတာ။ ပြီးရင် ပြန်သွားမှာ။“
“ဒါဆို လွမ်းနေရတော့မှာပေါ့“
“မလွမ်းအောင် အမှတ်တရတွေပေးခဲ့မှာပေါ့“
ရွှတ်ခနဲ တစ်ချက်နမ်းလိုက်၏။ လွိုင်နမ်ဖတောင်ပေါ်တွင်မေးတင်နေသော နေလုံးကြီး အလန့်တကြား တောင်နှင့်ကွယ်သွားသည်။
“ကိုဇာ“
“ဟင် ပြောလေ လှကလေး“
“လှကလေး တစ်ယောက်ထဲ မကျန်ခဲ့ချင်ဘူး။ “
“ကိုဇာလည်း မချန်ခဲ့ချင်ဘူး“
“ဒါဆို အတူတူနေရမှာလားဟင်“
“နေရမှာပေါ့။ ခုတော့ ဝါတွင်းကြီးပဲရှိသေးတာ။“
“ဝါတာတွေ နီတာတွေ လှကလေးမသိဘူး။ လှကလေးကို ချစ်တယ်မလား ဟင် ကိုဇာ“
“ချစ်တာပေါ့။ ဘယ်လိုပြောရမလဲ ဒီလိုပဲပြောတတ်တယ်ကွာ“
ရွှတ်ခနဲ သူနမ်းလိုက်ပြန်၏။
“ဟာကွာ ဆိုးတယ် ပြော ပြော လှကလေးနဲ့အတူနေမှာလားလို့“
“အင်းလို့“
“ဒါဆို ဒီည အိမ်မပြန်နဲ့တော့“
“ ဘယ်လို လှကလေး“
“ဒီည ဒီမှာပဲ……“
မိုးသည် စုန်းစုန်းချုပ်လေပြီ။ လယ်ကွင်းပြင်ကြီးထဲရှိ ထီးထီးကြီးရှိနေသော ဦးလှလယ်တဲသည် မည်းမည်းမှောင်နေလေသည်။ သူကလေးကို သူတကယ်ပင် လက်ဝယ်ပိုင်ဆိုင်လိုက်ရလေပြီ။ သူ့ကို သူမယုံနိုင်။ သူ့မှာ ဒီအစွမ်းအစတွေ ရှိနေသည်လား။ သူ စွံပါပြီ။ အရပ်တကာ နယ်လှည့်ပြီး ပိုးခဲ့သမျှသော မိန်းမတွေ၏ လစ်လျူရှုခြင်းသည် ခုချိန်တွင် လွမ်းလောက်စရာ မဟုတ်တော့ပြီ။ သူက ခယခဲ့ရသော မိန်းမများ။ သူက ပိုးကြေးပန်းကြေးပေးမှာ ကြည်ဖြူသော မိန်းမများ။ သူက တစ်ဖက်သတ် ချစ်ခဲ့ရသော မိန်းမများ။
ချစ်ခြင်း၏ လှည့်ဖျားမှုအောက်တွင် သူ ကျင်လည်စွာ ရှောင်တိမ်းနိုင်ခဲ့ပြီ။ သူ့လက်ထဲတွင် သူကလေး၏ လက်နွေးနွေးကလေး။ သူ့ ရင်ခွင်ထဲတွင် သူကလေး ။
ဘဝသည် ပြီးပြည့်စုံခြင်းနှင့် အတိပြီးလေပြီဟု သူ ထင်လိုက်သည်။
ထိုညသည် ကြယ်တွေမစုံသော်ငြား ကြယ်တွေစုံခဲ့သည်။ လ မသာသော်ငြား လသာခဲ့သည်။ ပိုးစုန်းကြူးကလေးတွေကတော့ ပြောပါ၏။ သူတို့ သိပ်ကိုရှက်နေကြပါသည်တဲ့။
(၃)
နေရောင်က စူးဖြာနေခဲ့သည်။ သူနှင့် သူကလေးနိုးလာတော့ ညက ဟင်းလင်းပြင်ဖြစ်နေသော လယ်တဲသည် စောင်ကြီးတစ်ထည် ကန့်လန့်ကာထားပြီးနေသည်။ စောင်ကိုအသာမ၍ အပြင်ဘက်သို့ သူ ခေါင်းပြူကြည့်လိုက်တော့ ဦးလှက သူ့ကို ပြုံးစိစိဖြင့် ကြည့်ပြီးပြောသည်။
“ညကတော်တော်ကောင်းတယ်ထင်တယ် ကောင်လေး“
“ဗျာ“
သူ့မျက်နှာကြီး နီးမြန်းနေမှာကတော့ သေချာသည်။
“တလွဲမတွေးပါနဲ့ အိပ်လို့တော်တော်ကောင်းတယ်ထင်တယ်လို့ပြောတာ“
မလုံမလဲဖြင့် အတွင်းသို့ခေါင်းပြန်ဝင်ကာ သူကလေးကိုကြည့်တော့ ရှက်သွေးဖျန်းနေသည်မှာ မီးကြည်ခဲ နီနီမြန်းနေသည့်နှယ်။
“ထတော့ ကောင်လေးရေ ။ မနက်က ရပ်ကွက်ထဲမှာ မင်းတို့သတင်းတွေကြားလာခဲ့တယ်။ ခဏနေ ငါလယ်တဲကို လိုက်လာကြတော့မှာ။ မျက်နှာသစ်ထား။ အဝတ်အစားတွေ ဆန့်ဆန့်ရန့်ရန့်လုပ်ထား“
“ဟာ ဗျာ ဦးလေးလှကတော့“
သို့နှင့် သူသည် အိမ်ထောင်ဦးစီး နေရာသို့ အသစ်ဆက်ဆက် ရောက်ရှိလျှက် ကာမပိုင် မယားတစ်ယောက်ကို လက်ဝယ်ပိုင်ဆိုင်လျှက် အကြင်လင်မယားဟူသော စွယ်တော်ရွက် ကလေး တစ်ရွက်ဖြစ်ခဲ့ရသည်။
“ဘယ်မလဲ အမိုက်မ ထွက်ခဲ့။ ဦးကြီး သူတို့ရှိတယ်မလား။ ထုတ်ပေး။ ဘယ်နှယ့်အေ ရူးတူးတူးပေါကြောင်ကြောင်ကောင်ကိုများ မက်လို့ စပ်လို့။ “
“အမယ်လေး ညည်း သမီးကရော ရွှေတွေထွက်နေလို့လား မွဲခြောက်ခြောက်အသားအရေနဲ့ နဖူးမောက်မောက် နယောင်ကောက်ကောက်ကိုများ။ တော်တော်ကြာရွှေမင်းသမီးဆိုတော်သေးရဲ့။ ကျုပ်တို့သား ရူးသာ ရူးသာ ညည်းသမီးလို မနှမ်းဘူးဟဲ့“
တဲအပြင်ဘက်တွင် ပွဲကြမ်းနေလေပြီ။ သူကလေးလက်ကိုတွဲလျှက် တဲအပြင်ဘက်သို့သူ ထွက်လာလိုက်သည်။ သတိ္တတွေရှိနေသည်။ သူ ရဲရင့်နေသည်။ သူကလေးကိုကြည့်တော့ သူ့အတိုင်း…။
(၄)
သူ့အိမ်တွင် လူဆုံတက်ဆုံနှင့် ဆွေမျိုးတွေ စုနေသည်။ အရပ်ထဲမှာ လူကြီး သုံးလေးဦးကတော့ ခန့်ခန့်ကြီးတွေထိုင်လို့နေသည်။ သူ့အမေကတော့ သူ့ကို မျက်စောင်းတွေချည်းထိုးနေတော့သည်မှာ တစ်နေ့ ဘယ်နှစ်ခါမှန်းမသိ။ သူ့အဖေ၏ သက်ပြင်းချသံကြီးကိုကြားရသည်မှာလည်း ကြာလျှင် လေအလျှင်တွင် သူပါ ပါသွားနိုင်လေသည်။ တစ်ယောက်တစ်ပေါက် ဖြင့်ပြောနေကြသည်မှာ သူ့အကြောင်း။ သူကတော့ အိမ်နံရံထောင့်ကလေးက ထရံလေးမှာ မှီထိုင်နေရင်း ရယ်ကျဲကျဲ။
“ဇာကြီးရယ် သီတင်းပဲကျွတ်တော့မှာကို။ ကြည်ဦး နင်ယူထားတာ နင့်အဒေါ်လောက်ရှိတယ်ဟဲ့။ မသာရဲ့။ ရှက်လိုက်တာ။ အပျိုလေးဆို မပြောချင်တော့ဘူး။ လူကဖြင့် သွေးဆုံးနေလောက်ပြီလားမသိဘူး။“
“ဟာ ဗျာ ဘာတွေလာပြောနေတာလဲ။ ကျုပ်ကြိုက်လို့ ကျုပ်ယူတာ ဘာဖြစ်လဲ။“
“ဟဲ့ နင်က ကြိုက်တာ။ ဟိုက နင့်ကိုကြိုက်တာ မဟုတ်ဘူး မက်တာဟဲ့ မက်တာ လအရဲ့ အရူးရဲ့“
သူ နားတွေပူအောင် ဆွေမျိုးတွေ တစ်ယောက်ပြီး တစ်ယောက်လာပြောကြသည်။ ဆူကြသည်။ သူ့အချစ်ဆုံး အဒေါ်ကဆိုလျှင် သူပဲ သေသွားသလိုမျိုးဖြင့် လာပြီး အော်အော်ငိုနေတော့သည်။
“အောင်မလေး ငါ့တူလေး ဇာကြီးရဲ့။ ကြည့်ဦး ယူထားတဲ့ မိန်းမက ငါ့ထက် ကြီးတယ်ဟဲ့။ လူပျိုနုနုထွတ်ထွတ်ကို မုန်းပြားသလက်ပေးကြိုက်တဲ့မိန်းမ“
“ဒေါ်လေးကလည်း မုန့်ပြားသလက်မကျွေးပါဘူး။ သူ ကျွန်တော့်ကိုကျွေးတာ“
“ဟဲ့ မသာလေးရဲ့ သူကျွေးတာ နင် စားလို့ နင် ဒီလိုဖြစ်တာပေါ့ဟဲ့။ ကြားလို့မှမကောင်းဘူး။ ဒီကောင်မ ဘာကို ချိုင်တယ်ဆိုတာ အရပ်က သိကြပါတယ်တော်။ ကျုပ်လည်း သိပါရဲ့။ မသိတာ ကျုပ်တူကြီး မရူးမနှမ်းကြီးပါတော့်။ “
ဘာတွေလဲ သူနားမလည်။ သူကလေး ဘာကိုချိုင်ချင်သလဲ။ သူမသိ။ ထိုအချိန်တွင် သူကလေးအမေရောက်လာသည်။ သူကလေး၏ နှမဖြစ်သူလည်း ပါလာသည်။
သူကလေးကတော့ မျက်ရည်လေး စမ်းတန်း စမ်းတန်းနှင့် သူကလေးအမေနားတွင် တီးတိုးတီးတိုးဖြင့် မျက်ရည်ခံထိုးနေရှာသည်။ သူနားလည်သည်။ အားငယ်ရှာမှာပေါ့။ သိမ်ငယ်ရှာမှာပေါ့။
“ဘာဟဲ့။ ညည်းလား။ ကျုပ်သမီးကိုပြောတာ။ ညည်းတူလည်း ညည်းပြန်ကြည့်ပါဦး။ အသားက မည်းလိုက်သမ ကျွဲက အဘခေါ်ပြီး အိုးမည်းသုတ် ကတ္တရာလောင်းထားတဲ့ရုပ်နဲ့။ ရယ်လိုက်ရင် သွားတွေက ပအို့ဝ်မခြေသည်းလို နီနီဆွေးနေတာ။ ဒီလိုရုပ်ကို ကျုပ်သမီးယူတာ သနတယ်အေ့ သိလား။ သနတယ်အေ့။ အောင်မလေး ဒီလို ရူးတိရူးကြောင်နဲ့ မိန်းမမြင်သမျှ အာသာငမ်းငမ်းပိုးနေတဲ့ လူကိုများ ရွှေမင်းသားလေးများအောက်မေ့ကြသလား မသိဘူး။ ကိုယ့် ငါးချဉ် ကိုယ်ချဉ်နေကြတဲ့ဟာတွေ။“
ချကုန်ပြီ။ သူ့ ဂုဏ်ပုတ်တွေ အဲလောက်များနေမှန်း သူကလေး အမေပြောမှ သိတော့၏။ ထိုနေ့က နှစ်ဖက်ဆွေမျိုးများ နပမ်းထသတ်တော့မည့်နှယ် ခုန်စွခုန်စွတွေဖြစ်ကြသည်။ လက်သီးလက်မောင်းတွေ တန်းကြသည်။ လက်ဝါးတွေ အကြိမ်တစ်ထောင်စီလောက် ထောင်ပြကြသည်။ မျက်နှာတွေ မဲ့လိုက်ကြ၊ ရွဲ့လိုက်ကြနှင့် လေဖျန်း လေဖြတ်ထားသူတွေနှယ် ရှိနေသည်မှာ မျက်စိတွေနောက်လာတော့သည်။
သူကတော့ ရယ်ကျဲကျဲဖြင့်သာ…။
(၅)
မျက်လုံးကြီးပြူးလျှက် သူကလေး၏အမေကိုကြည့်နေသော အမေ့ကို သူ လက်တို့လိုက်ရသည်။ တစ်ဖက်ကပြောလာသော စကားသံဆုံးသည်နှင့် သူ့ဘက်ဆွေမျိုးမောင်နှမတွေ လှုပ်လှုပ်ရွရွဖြစ်ကုန်တော့သည်။ အဖေကဆိုလျှင် မျက်နှာကြီးကိုမည်းသည်းလို့နေသည်။ သူ ပင်လျှင် ကြားစက သူ့နားသူ မယုံနိုင်။ သို့သော် သူကလေးမျက်နှာတစ်ခုတည်းသာလျှင် သူ့ဘဝဖြစ်နေသဖြင့် ကျိတ်မှိတ်ယုံလိုက်ရပြန်သည်။
“အလိုတော် ရှင်က ရှင်သမီးကိုများ လာရောင်းနေတာလားအေ“
“နေနေ အမေမပြောနဲ့ သမီးပြောမယ်“
သူ့တို့မောင်နှမတွေထဲတွင် အကြီးဆုံးဖြစ်သော အစ်မကြီး မိမိနိုင် ဝင်လာခဲ့လေပြီ။ သူ့ရင်တွေ တထိတ်ထိတ်ရှိလာရသည်။ အစ်မကြီး မိမိဆိုလျှင် သူတို့ တစ်အိမ်လုံး ပွဲပြီးမီးသေရသည်။ မသေလို့လည်းမရ။ အစ်မကြီးက ရိုးဖြောင့်သည်။ အစ်မကြီးဘက်က မှန်သည်ဆိုလျှင် တစ်ပြားသားမှ မလျှော့သည့်အကျင့်က ရှိနှင့်လေသည်။ တစ်အိမ်လုံးကို ဩဇာညောင်းလှသော အစ်မကြီးကို ဘယ်အချိန်က ဘယ်သူ သွားခေါ်လိုက်မှန်းမသိ။
“ဒေါ်ဒေါ်က ဒေါ်ဒေါ့်သမီးကို ဈေးဖြတ်နေတာလား။ ဘယ်နှယ့်ရှင် ကိုယ့်သမီးကိုများ အရာဝတ္ထုလို ကုန်ပစ္စည်းတစ်ခုလို တန်ဘိုးဖြတ်နေတာလား။ သားသမီးချင်းကိုယ်ချင်းစာပါဦးရှင်။ ဒီဘက်က ကျွန်မတို့ အမေတို့အဖေတို့ကလည်း သိပ်ပြီးရှိတဲ့သူတွေမဟုတ်ပါဘူး။ ခုတောင် လူကြီးဆုံရာနဲ့ ဒေါ်ဒေါ့်သမီးကို ပြန်အပ်တာတောင် ချေးသင့်တာချေး ပေါင်သင့်တာ ပေါင်ရတာပါ“
လုပ်ချလိုက်ပြီ အစ်မကြီးကတော့။ သူ့မျက်နှာ ဘယ်နားသွားထားရမှန်းမသိတော့။ သူကလေး သူ့ကိုတစ်ချက်ကြည့်လာသည်။ မျက်နှာက သုန်သုန်မှုန်မှုန်ဖြစ်နေသည်။
သူသတိရလိုက်သေးသည်။ သူ သူကလေးကို ထုတ်ခဲ့သော ကြွားလုံးတွေသည် ခုပင်လျှင် လယ်ပြင်တွင် ဆင်ပြောင်ကြီးသွားနေသလိုလို ထင်းထင်းကြီးဖြင့် အလိမ်ပေါ်လေသည်။
“ဒီတော့ရှင် ကျွန်မတို့ဘက်က လုပ်ပေးနိုင်တဲ့အတိုင်းအတာရှိရင်ပြောပါ။ မလုပ်ပေးနိုင်တာကိုတော့ ဘယ်လောက်ပဲ တောင်းဆိုတောင်းဆို ဖြစ်လာမှာမဟုတ်ဘူး။ ခု ဒေါ်ဒေါ်တို့က ချက်ချင်းလက်ငက်း ငွေနှစ်သိန်းခွဲတင်ခိုင်းတယ်ဆိုတော့ရှင် ပွင့်ပွင့်လင်းလင်းပြောရရင် တစ်ပြားတစ်ချပ်မှကိုမရှိတာရှင့်“
သွားပြီ။ အရှက်တွေ ဟပ်တက်ကြီးကွဲပြီ။ သူကလေးမျက်နှာကြီး နီထွေးလာပြီ။ ယောက္ခမကြီး၏ မျက်နှာသည်လည်း မည်းမှောင်လျှက် သူ့အား မိုးကြိုးပစ်ချတော့မည်နှယ်ရှိနေ၏။
“ဒီလို လက်လွှတ်စပယ်တော့မပြောပါနဲ့။ ဒီမယ် ကျုပ်တို့က ငွေနှစ်သိန်းခွဲရရင် ကျေနပ်ပြီ။ ကန်တော့ခံမယ်။ ငွေနှစ်သိန်းခွဲမရလို့ကတော့ ကျုပ်သမီး ကျုပ်ပြန်ခေါ်သွားရမှာပဲ“
သူ ခေါင်းကြီးသွားရပါသည်။ ပြန်ခေါ်သွားလို့မဖြစ်။ ဘယ်နည်းနှင့်မှ မဖြစ်ချေ။ ခုမှ ပူပူနွေးနွေး လင်မယား။ သူကလေးဟာ သူ့ရဲ့ ကာမပိုင်မယား။
“အဲလိုကြီးတော့ မလုပ်ပါနဲ့ဗျာ“
“အသာနေစမ်း ငါရှေ့ပြောနေတယ်။ နင့်နေရာနင်ထိုင်နေ။“
အစ်မကြီးစကားတစ်ခွန်းနှင့်တင် သူသည် တုတ်တုတ်မျှ မလုပ်ရဲတော့ချေ။ သူ့ရင်ထဲတွင် မီးလောင်နေသည်။
“ရတယ်လေ ဒေါ်ဒေါ်ရဲ့ ဒေါ်ဒေါ် ဒီလိုလုပ်ရင် ဘယ်သူ့ဘက်က နစ်နာသလဲဆိုတာ အားလုံးသိကြပါတယ်။ ကျွန်မတို့ဘက်က ပြောင်ပြောင်ပဲ လူပျိုပြန်ဖြစ်ပါတယ်။“
ယောက္ခမကြီး ငြိမ်ကျသွားသည်။ ပြီးတော့ သူကလေးကိုခေါ်ကာ အပြင်ဘက်ထွက်သွားသည်။ ဘာတွေတိုင်ပင်နေကြသည်မသိ။ တီးတိုးသံတွေသာ ကြားရသည်။
“ညည်းဒီလိုလုပ်လို့ဖြစ်မလားအေ“
ဆိုသည့်အသံကိုတော့ ပီပီသသကြားလိုက်ရသည်။
(၆)
သူ့အတွက် မင်္ဂလာပွဲမလိုပါ။ သူတို့ မင်္ဂလာ မဆောင်လိုက်ရပါ။ ငွေနှစ်သိန်းခွဲ ယောက္ခမလက်ကိုအပ်လိုက်သည်နှင့် အကြင်လင်မယားအဖြစ်သို့ အတိအလင်းရောက်သွားခဲ့ရသည်။ သူကလေး နေထိုင်မကောင်းဖြစ်နေသည်။ ဆေးခန်းပြတော့ ကိုယ်ဝန် နှစ်လကျော်ရှိကြောင်း သိရ၏။
သူ ရက်ကိုတွက်ကြည့်ပါသည်။
ဆွေမျိုးမောင်နှမတွေလည်း တွက်ကြည့်ပါသည်။
အမေလည်း တွက်ကြည့်၏။ မျက်နှာကြီး မှုန်သေလျှက် ခေါက်းတရမ်းရမ်းနှင့်သာ သူ့ကို ကြည့်နေတော့သည်။ ပြီးတော့ ပါးစပ်ကလည်း
“နင့်မိန်းမနဲ့ နင့်ကို မင်္ဂလာမဆောင်ပေးလိုက်ရတာပဲ ကောင်းပါတယ်အေ။ တစ်ရှက်ကနေ နောက်နှစ်ရှက်မဖြစ်အောင် ငွေနှစ်သိန်းခွဲက ကယ်လိုက်တာ။
ကောင်းတယ် အဲလောက်တောင် မိန်းမ ကို ငမ်းငမ်းတက်လိုချင်နေတဲ့ကောင် ။နင်ရလိုက်တာ မိန်းမမဟုတ်ဘူးဟဲ့။ ရောင်းမကုန်လို့ ကံစမ်းမဲဖောက်ပြီး နင့်ကိုပေးလိုက်တဲ့ ကုန်ပစ္စည်းကြီးဟဲ့။ သိလား။ နင်ဟာ နွားပဲ။ သိလား မသာလေးရဲ့။ နင် ဟာနွား။“
သူဟာ နွားလား ဘာလားတော့မသိ။ သူ ခုရလိုက်သော မိန်းမသည် ရောင်းကုန်တစ်ခုဆိုပါလျှင် သူပေါက်သော ကံစမ်းမဲသည် အားကောင်းမောင်းသန် ယောကျာ်းရုပ်ကလေး တစ်ရုပ်ဖြစ်ပါလိမ့်မည်။
သူ သည်နွားမဟုတ်။သို့သော် ပခုံးတစ်ဖက် ကောင်းနေခဲ့သည်။
သော်ဇင်(လွိုင်ကော်)
Date-13th-Dec-2012
Time-05:50PM
10 comments
Mobile
December 16, 2012 at 12:36 pm
ကိုပေ ကံစမ်းမဲ ပေါက်တယ်ကြားလို့ ဝင်ဖတ်တာ။
တစ်ကယ်သာပေါက်လို့ကတော့ ညကျရင် မန်းတလေး ဘီယာ အဝတိုက်ခိုင်းမလို့
အခုဟာက ဘီလိုကံစမ်း မဲဂျီးလဲဟင် ။ အဲ့ဒီလိုကံစမ်းမဲ ပေါက်ရင်တိုက်ပါ့မလားမသိဘူး။
ကိုသော်ဇင်ရေ ကျနော်ကို ပြန်ရှင်းပြပါ့ဦး ဘယ်မှာကံစမ်းမဲးပေါက်လို့လဲ အစအဆုံး ၃ ခေါက်လောက်
ပြန်ဖတ်တယ် ကံစမ်းမဲပေါက်တာလဲ ပါဝူးးးးးးးးးးးးး
မှတ်ချက်။ ။အကယ်၍ ကံစမ်းမဲ ပေါက်လိုသူရှိပါက လမ်းညွှန်ပေးနိုင်ပါသည်။
မောင်ပေ
December 16, 2012 at 1:15 pm
အဘမောင်ပေ့ လမ်းနဲ ့သာ သေချာနီးစမ်းပါ မောင်ရင်မိုပိုင်း ရယ်
မင့်ဘဝတစ်ခုလုံး အားလုံး လန်းစေရပါမယ်
****
ကိုသော်ဇင်ရေ မဆိုင်တာမန် ့မိလို ့ တောင်းပန်ပါအိ
Mr. MarGa
December 16, 2012 at 1:31 pm
ရှမ်းကြိုက်တော့ နွားချော သတဲ့
အခုတော့ အဲဒီနွားက အပိုဆုလေးပါ ထပ်ပါလာသကိုးဗျ
ကိုပေါက်(မန္တလေး)
December 16, 2012 at 2:41 pm
မသိတော့ခံ
မရှိတော့ မဟန်
ကြံမိတော့ညိ
ပိုက်ဘောမိ။
•*¨နန်းတော်ရာသူ •*¨
December 16, 2012 at 6:35 pm
နိဒါန်းချီစကားလုံးလေးတွေလှလို့ ဆက်လက်ဖတ်ရင်းက ကံစမ်းမဲဘယ်လိုပေါက်သွားလဲ
သိခွင့်ရသွားပါပြီ…..
ရွှတ်ခနဲနမ်းပြီး စွတ်ခနဲကြမ်းနေတုန်းကတော့ လူမှန်၊စိတ်မှန်၊ရုပ်သာမန်လေးတွေမှတ်တာ
ပြီးမှ ကျွဲပေါက်နဲ့အားဂျီးမ ဖြစ်နေတော့တာကိုးးးးးးးးးးးးးးးးး :harr:
jullies cezer
December 17, 2012 at 9:52 am
အောင်ဘုလည်း လှည်းနဲ့နွားနဲ့ဖြစ်သွားတာပေါ့ကွယ် ………
အလင်းဆက်
December 17, 2012 at 12:49 pm
ကိုသော်ဇင် ရဲ့
သရုပ်ဖော် ဖန်တီးခြင်း အနုပညာကိုတော့
အားမကျပဲ မနေနိုင်ဘူးဗျ
ဇာတ်လမ်းတစ်ခုလုံး
စ လယ် ဆုံး
ကျကျနန ဖွဲ ့ ပြသွားတာ
အပိုအလိုမရှိ
ရင်ထဲကို
ရသ က ကွက်တိ ဝင်ရောက်လာတယ်
နောက်ထပ်လည်း
ရသ မြောက်တဲ့ စာပေအနုပညာတွေ
များစွာ ဖန်တီးနိုင်စေဖို့
အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာ တစ်ယောက်
ဖြစ်ဖို့
ကျွန်တော် ဆန္ဒပြု ပါတယ် ကိုသော်ဇင်
လေးစားခင်မင်စွာ
အလင်းဆက်
MaMa
December 17, 2012 at 4:16 pm
ဇာတ်လမ်းကောင်းကောင်းကို အရေးအသားကောင်းကောင်းနဲ့ ဖြည့်စွက်လိုက်တော့…..
အော်…
ကောင်း၏ ကောင်း၏ လို့သာ။ :hee:
MaMa
December 17, 2012 at 4:17 pm
ဇာတ်လမ်းကောင်းကောင်းကို အရေးအသားကောင်းကောင်းနဲ့ ဖြည့်စွက်လိုက်တော့…..
အော်…
ကောင်း၏ ကောင်း၏ လို့သာ။ :hee:
မဂ္ဂဇင်းတွေ ပို့ကြည့်ပါလား ပရိုလိုင်းဘက် ကူးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ :hee:
သော်ဇင် (လွိုင်ကော်)
December 17, 2012 at 6:56 pm
ပို့ချင်ပါတယ်ဗျာ…။ လောလောဆယ်တော့ လက်မရဲသေးဘူးဗျ။ ရွှေအမြုတေက ရွှေအသစ်ကိုတော့ ပို့ကြည့်တယ်။ အပယ်ရတနာတစ်ပါးဖြစ်နေတယ်လေ။ဒါကြောင့်နောက်များမှသာ……ပါဗျာ မမ..ရာ။