ဘာကိုအပြစ်တင်ရမှာလဲမီးပုံးကားလေးရယ်
:eee: “ဘာကိုအပြစ်တင်ရမှာလဲ မီးပုံးကားလေးရယ်” :byae:
လမ်းမတစ်ယောက်မှာကြိုးတွေတန်းပြီးမီးပုံးတွေချိတ်ကြတယ်။ရပ်ကွက်လူငယ်တွေစုပေါင်းပြီးပြုလုပ် ကြတာတဲ့။ အိမ်တွေမှာတော့ထုံးစံမပျက်ဖယောင်းတိုင်မျိုးစုံ၊မီးပုံးမျိုးစုံအလှဆင်ထားတာတော်တော်လေးမြိုင်ဆိုင်နေပါတယ်။
မေဝါကတော့ဘုရားစင်မှာဖယောင်းတိုင်၃တိုင်ပူဇော်ပြီး လက်ကျန်ဖယောင်းတိုင်လေးတွေကို ပြတင်းပေါက် ဘောင်မှာစီထွန်းထားလိုက်တယ်။ပြတင်းပေါက်ကနေလမ်းပေါ်ကြည့်မိတော့ လမ်းထဲက ကလေးတွေမီးပုံးကား တွေ၊မီးရှူးတွေ၊ဗျောက်အိုးတွေနဲ့ပျော်မြူးနေလိုက်ကြတာ။ဟော…ဟို၄နှစ်သမီးလေးက သမီးလေးနဲ့ရွယ်တူ ပုံ့ပုံ့လေးပါလား။ပုံ့ပုံ့လေးကိုမြင်မှ သမီးလေးကိုပိုလို့သတိရကာမျက်ရည်တွေကအလိုလိုဝဲလာလေပြီ။ အခုနေများသမီးလေးသာရှိခဲ့ရင် ပုံ့ပုံ့လေးတို့ကလေးတစ်သိုက်နဲ့အတူပျော်ရွှင်နေလောက်ပြီ။မေဝါလည်းအခု လိုမျိုး ပြတင်းတံခါးနားမှာငိုင်နေမှာမဟုတ်ချေ။ကစားနေတဲ့သမီးလေးကိုကြည့်လိုက်၊တစ်ခြံလုံးအနှံ့ ဖယောင်း တိုင်တွေလိုက်ထွန်းလိုက်နဲ့ပီတိတွေဖြာနေမှာသေချာတာပေါ့။မှတ်မှတ်ရရမနှစ်က တော်သလင်း လကွယ်ခါနီး လောက်ကပေါ့..
^^^^^^^^^^^^^^^^^^^^^^^^^^^
“မေမေနဲ့လိုက်မယ်…မေမေနဲ့လိုက်မယ်”
“ဟဲ့..သမီး မေမေနဲ့လိုက်လို့မရဘူးဆိုတာသိရဲ့သားနဲ့ နေ့တိုင်းဒီလိုလုပ်မနေနဲ့ကွာ…ကဲပါကြီးကြီးကသမီးက ခေါ်ပါဦး”
မေဝါ့အကျင်္ ီအနားစကိုအတင်းဆွဲနေသောသမီးလက်ကိုအနည်းဖြည်လွှတ်ရင်း ရွာမှလာနေပေးသောကြီးတော် ထံသမီးကိုထိုးထည့်ရသည်။မေဝါရုံးသွားခါနီးတိုင်းဖြစ်နေကျ သမီးရဲ့အကျင့်ကဘယ်လိုမှဖျောက်လို့မရ။
သူများကလေးတွေဆိုဒီအရွယ်မူကြိုပို့ထားကြပြီး လုပ်ငန်းခွင်ဝင်လို့ရနေပြီ။သမီးကတော့ထိုသို့မဟုတ်။မူကြိုကို ပို့လို့လည်းလုံးဝမရ တစ်ပတ်လောက်ကြိုးစားပမ်းစားပို့ကြည့်သော်လည်းအချည်းအနှီး မူကြိုကဆရာမတွေရုံးကို ဖုန်းဆက်ပြီးလာလာပြန်ခေါ်ခိုင်းသဖြင့် သွားပြန်ခေါ်ရတာတစ်ပတ်လုံးပင်။ရုံးကလူကြီးကပင်အမြင်မကြည် တော့။နောက်ဆုံးတော့ ရွာကကြီးတော်ကိုအတင်းခေါ်ယူကာသမီးနဲ့အတူအိမ်မှာနေစေမှပဲနည်းနည်းအဆင်ပြေ သွားတော့သည်။သမီးရဲ့အဖေကလဲ နောက်အိမ်ထောင်နဲ့အတူလသားကလေးငယ်ပင်ရနေပြီမို့ အပူအကပ်လို တာကြောင့် မေဝါတစ်ယောက်တည်းလောကဓံကိုခါးစည်းခံနေရလေပြီ။
“ရော့ရော့ကြီးကြီးသမီးကိုတစ်ခုခုလိုက်ဝယ်ကျွေးလိုက်နော်…ကြီးကြီးတို့သွားပြီးမှ မေဝါအပြင်ထွက်မယ် သော့တစ်ချောင်းယူသွားလိုက်”
ကလေးနဲ့ကြီးတော်ထွက်သွားပြီးမှ မေဝါ ရုံးသို့ထွက်ခဲ့ရသည်။တစ်နေ့တစ်နေ့ သမီးနဲ့နေချင်ပေမယ့် ကလေးအဖေထံမှ ကလေးစရိတ်မရတာကြောင့် သားအမိနှစ်ယောက်စားဝတ်နေရေးကို မဖြေရှင်းလို့ကမရ။
^^^^^^^^^^^^^^^^^^^^^^^^^^^^^
“မေမေ ဟိုဟာဘာလေးတွေလဲ”
လမ်းဘေးအရုပ်ဆိုင်ရှေ့မှာခင်းထားတဲ့မီးပုံးကားလေးတွေကိုတွေ့တော့သမီးကမေးသည်။သမီးမေးလိုက်မှ ရှေ့လဆိုသီတင်းကျွတ်ခါနီးပြီဆိုတာအမှတ်ရလိုက်မိသည်။
“မီးပုံးကားလေးတွေလေ သမီးကိုသီတင်းကျွတ်ရင်မေမေဝယ်ပေးမယ်နော် အဲဒီထဲကိုမီးထည့်ထွန်းပြီးတွန်းရတာ”
“ဟေး..ပျော်လိုက်တာ…အခုဝယ်ပေးပါလားမေမေ”
ပိုက်ဆံအိတ်ထဲမှာ ထောင်တန်၃ရွက်ခန့်သာကျန်တော့သာကိုယ့်ကိုယ်ကိုယ်အသိဆုံးမို့ သမီးလက်ကိုအသာဆွဲ ကာ ဆိုင်ရှေ့ကလှည့်ထွက်ခဲ့ရသည်။
“လကုန်ရင် မေမေတကယ်ဝယ်ပေးပါမယ်သမီးရယ် သီတင်းကျွတ်ဖို့ကအဝေးကြီးလိုသေးတာ”
“သီတင်းမကျွတ်ရင် မတွန်းရဘူးလားမေမေရဲ့”
“ဟုတ်တယ် သီတင်းမကျွတ်ပဲဝယ်ဆော့ရင်ဘီလူးကြီးဖမ်းစားတတ်တယ်သိလား”
သမီးကမျက်စိလေးကလယ်ကလယ်နဲ့ အမှန်တကယ်ထင်သွားရှာသည်။ဪ…မေဝါမှားမိလေခြင်း။မိမိမှာ ပိုက်ဆံအဆင်မပြေသေးတာနဲ့သမီးလေးကို ထိုသို့တလွဲအယူများမထင်စေသင့် ဆိုတာသိချိန်မှာ….
^^^^^^^^^^^^^^^^
တူမ ရုံးသွားပြီဆိုရင်မြေးလေးက အရမ်းငိုသည်။ဒေါ်ခင်ထွေးမှာ အတော်စိတ်ညစ်ရတာပါ။ကိုယ့်ဟာကိုယ်တော မှာကျပမ်းလေးလုပ်စားနေတာ အေးချမ်းသေးတယ်။ဘယ်တတ်နိုင်မလဲလေ။ကိုယ့်တူမလေးခမျာ မိဘကလည်း မရှိရှာရတဲ့အထဲ အိမ်ထောင်ကပါပျက်နေရှာတော့ တစ်မြို့တစ်ရွာမှာ အတော်ကသီနေရှာတာမို့လား။ကြီးတော် အရင်းမိမိသာ မကူရင် ဘယ်သူကူလိမ့်မလဲ။
တူမခမျာ ရတဲ့လခလေးနဲ့တော်တော်ခက်ခက်ခဲခဲသုံးနေရတာမို့ ကလေးနေအောင်ပေးခဲ့တဲ့မုန့်ဖိုးကတစ်ရာ။
“မြေးလေးရေ ဘာစားမလဲ”
“ကော်ဖီမစ်စားမယ်ဘွားလေး”
“အေးအေး”
တူမပေးခဲ့တဲ့မုန့်ဖိုးနဲ့ တစ်ရာတန်မုန့်ဝယ်ကျွေးရင် ခဏလေးကုန်သွားတတ်တာမို့ ကြာကြာလျက်ခိုင်းထားလို့ ရတဲ့ကော်ဖီမစ်ထုတ်လေးတွေဝယ်ဝယ်ကျွေးထားတတ်တာ ကြာတော့ကလေးကပါစွဲလန်းနှစ်သက်လာပြီ။
အဲဒီလိုကော်ဖီမစ်အမုှန့်လေးတွေလျက်ရင်းငြိမ်နေတဲ့အချိန်တွေမှာမှ ကိုယ်ကအိမ်အလုပ်လေးတွေလုပ်ရမှာ ဆိုပြီးကော်ဖီမစ်ပဲအလွယ်ဝယ်ကျွေးလိုက်တတ်သည်။
^^^^^^^^^^^
“မေမေ သမီးရင်ဘက်ကြီးကနာတယ်”
“ဟော သမီးဘွားဘွားလေးနဲ့အတူဆော့ရင်းမှောက်လဲတယ်မို့လား လာလာမေမေဒဏ်ကြေဆေးလူးပေးမယ်”
“မေမေသမီးကိုမီးပုံးကားလေးဝယ်မပေးသေးဘူးလား”
“ဟော ပြောပြန်ပြီ မေမေသီတင်းကျွတ်ရင်ဝယ်ပေးပါမယ်ဆိုနေ…ခဏခဏပူဆာလို့သမီးရင်ဘက်ကြီးကို ဘီလူးကြီးကတင်းပုတ်နဲ့ထုထုနေတာဖြစ်မယ်”
သမီးကဘာပြောပြော မေဝါကတလွဲထင်ခဲ့မိသည်။မသိနားမလည်တဲ့ကလေးကိုခြိမ်းခြောက်မိသည်။
“သမီးလေးကဗိုက်မကောင်းဖြစ်တာကိုလဲ မပြောတတ်ရှာတာနဲ့တူတယ် ပရုပ်ဆီလေးလိမ်းလိမ်းပေးထားမှ”
“ညည်းသမီးရင်ကြပ်တာနေမှာ သကြားလုံးတွေဝယ်ဝယ်မလာနဲ့ ရင်လူးဆေးလေးလူးပေးထား”
မေဝါတို့တူအရီး ဒေါက်တာရမ်းကု၊မှန်းကုတွေချည့်လုပ်နေလိုက်ကြတာကြာလာတော့။
^^^^^^^^^^^^^^^^^^^^^
သီတင်းကျွတ်ရင်ဌာနဆိုင်ရာလူကြီးတွေထံကန်တော့ခြင်းတွေလိုက်ပို့ဖို့ မေဝါတို့ရုံးမှာ အလုပ်တွေများနေချိန်
“မေဝါ…နင့်အိမဘေးကစတိုးဆိုင်ကဖုန်းဆက်တယ် နင့်သမီးကိုဆေးရုံပို့လိုက်ရတယ်တဲ့”
“ဟင်…..”
ဆေးရုံကုတင်ပေါ်မှာသမီးကနှာခေါင်းပိုက်တန်းလန်းနဲ့ ဆရာဝန်အနီးမှာကြီးကြီးကရပ်ရင်းတရုှံ့ရှုံ့ငိုနေသည်။
“ကလေးကနှလုံးရောဂါဖြစ်နေတာကြာပြီလား”
“ရှင်..သမီးမှာနှလုံးရောဂါရှိနေတာလား ကျွန်မမသိရတာအမှန်ပါဆရာရယ်”
“ခင်ဗျားတို့မိဘတွေတော်တော်ပေါ့ဆတာပဲ..အခုကလေးကတော်တော်လေးအသက်ရုှရခက်နေတယ် အသက်ရှင်ဖို့မသေချာဘူး”
“ရှင်…..ဆရာ…ကျွန်မသမီး..”
“မေ မေ…မီး ပုံး ကား လေး မ ယူ တော့ ပါ ဘူး ဘီ လူးကြီး ကို တင်း ပုတ ်ကြီး နဲ့ ထု မ ခိုင်း ပါ နဲ့ ေ တာ့ နော်”
သမီးလက်ကလေးကို မေဝါဆုပ်လိုက်ချိန်မှာ သမီးနှလုံးခုန်ရပ်သွားခဲ့ပြီ။သူမစိတ်ထဲတကယ်ထင်မှတ်နေတဲ့ ခြိမ်းခြောက်မှုကိုချေဖျက်တဲ့စကားလေးကို အားယူပြီးတစ်လုံးခြင်းပြောသွားရှာသည်။
မေဝါ့မျက်ဝန်းထဲမှာမျက်ရည်တွေထွက်မကျလာနိုင်တော့ သမီးကိုကြည့်ပြီး မေဝါ့နှလုံးတွေပါကြေကွဲထွက် ကုန်တော့မတတ်နာကျင်လာရသည်။ဖြစ်နိုင်ရင် သမီးနဲ့အတူလိုက်သွားချင်တော့သည်။
သမီး…သ..မီး……………..
ကျယ်လောင်စွာအော်ဟစ်ရင်းမေဝါ့အာရုံတွေ မှောင်မိုက်သွားတော့သည်။
^^^^^^^^^^^^^^^^^^^^^
သမီးဆုံးပြီးနှစ်လလောက်နေတော့ ကြီးကြီးကိုရွာပြန်ပို့လိုက်ရသည်။
ကြီးကြီးခမျာလည်းသူ့ရဲ့ဗဟုသုတဉာဏ်ပညာနည်းပါးမှုကြောင့်ကလေးသေဆုံးသွားရသည့်အတွက် တော်တော်လေးစိတ်ထိခိုက်ကြေကွဲသွားရှာတာပင်။ကလေးအဖေကတော့အသုဘချပြီးနောက်ရက်မှ တာဝန်ကျရာဒေသမှအပြေးရောက်လာပြီး တတ်နိုင်သလောက်ပံ့ပိုးသွားပါသည် ရက်လည်ပြီးချိန်အထိ မေဝါနဲ့ကြီးကြီး တမှိုင်မှိုင်တတွေတွေ တစ်ယောက်ကိုတစ်ယောက် စကားမပြောနိုင် ဖြစ်ကြ။ ကြီးကြီးကိုရွာပြန်ပို့လိုက်ပြီးနောက်မေဝါကတော့နေ့စဉ်စက်ရုပ်တစ်ရုပ်လို ရုံးတက်၊ရုံ့းဆင်းပြုမြဲ။
သမီးမျှော်လင့်တဲ့သီတင်းကျွတ်မှာ မေဝါဘာမီးပုံးတွေမှမထွန်းချင်တော့။သမီးလိုချင်တဲ့မီးပုံးကားလေးတွေလုံးဝ မမြင်မတွေ့လိုတော့တာကြောင့် ပြတင်းတံခါးတွေကိုပိတ်ပြီးဖယောင်းတိုင်မီးရောင်သာရှိတဲ့အိမ်ထဲငုတ်တုတ် ထိုင်နေလိုက်မိတော့သည်။ငုတ်တုတ်ထိုင်ရင်းကမေဝါစဉ်းစားလိုက်မိတာက
“ငါမုန်းရမှာ မီးပုံးကားလား၊ကော်ဖီမစ်လား သေသေချာချာစဉ်းစားစမ်း…အမှန်တော့ ငါ့အမှားတွေပါ အားလုံးမေမေ့အမှားတွေပါသမီးလေးရယ်…”
ဘဝတစ်ခုနဲ့တစ်ခုဟာဆက်နွယ်လို့ရရင် သမီးနောက်ကိုမေမေချက်ချင်းလိုက်လာပါတယ်သမီးရယ်….
^^^^^^^^^^^^^^^^^^^^^^^
နန်းတော်ရာသူ ရေးသားသည်။
(အလင်းကမာ္ဘပြိုင်ပွဲဝင် ဆုမရခဲ့တဲ့ ဝတ္ထုတို)
20 comments
uncle gyi
December 16, 2012 at 8:52 am
ဟုတ်တယ်ဗျနန်းတော်သူရဲ့
ကော်ဖီမစ်ဆိုးကျိုးအပီပုံဖော်နိုင်ပါတယ်
ဒါပေမဲ့လူတွေကလွယ်လွယ်ပဲသုံးနေကျတာ
ရယ်ဒီမိတ်ကရယ်ဒီမိတ်ပါပဲ
Mobile
December 16, 2012 at 9:19 am
အင်မှတန်မှ စိတ်ကြေကွဲစရာလေးပေါ့ ။
မိမိရဲ့ အမှားလိုလို ကံကြမ္မာရဲ့ အမှားလိုလို ဘာကိုအပြစ်တင်ရပါ့ပေါ့။
ဖတ်ရှု့အားပေးသွားပါကြောင်းဗျာ။ နောက်တစ်ခါဆိုရင် ဆုရအောင်ကြိုးစာပေါ့ဗျာ။
•*¨နန်းတော်ရာသူ •*¨
December 16, 2012 at 10:59 am
ပထမဆုံးမန့်သွားတဲ့ အန်ကယ်ကြီးရေ ကော်ဖီမစ်ဆိုးကျိုးကိုသိပေမယ့် ကြိုက်နေကြရတာပဲ။
ကျွန်မသမီးကတော့ ကော်ဖီမစ်သောက်ရင်နှလုံးရောဂါရတတ်တယ်လို့ ပြောထားတည်းက ဘယ်သူုတိုက်တိုက်မသောက်ဘူး။
သမီးကိုသာပြောရတာ ကျွန်မကတော့သောက်နေတာပဲ :hee:
ဟုတ်ကဲံ့ မိုဘိုင်းရေ နောက်ကိုကော၊ရှေ့ကိုကော ဆုရအောင်ကတော့ကြိုးစားနေမြဲပါ။
မရတာကတော့ နည်းနည်းညံ့နေသေးလို့ထင်ပါတယ်။
ပိုင်ရာဆိုင်ရာပူဇော်ပသ ပွဲပေးမှနဲ့တူတယ်ရှင် :harr:
Mr. MarGa
December 16, 2012 at 11:33 am
ဆု ရတာ မရတာကိုတော့ မပြောလိုဘူးပေါ့ဗျာ
ဘာလို့လဲ ဆိုတော့ လူတစ်ကိုယ် အကြိုက် တစ်မျိုးစီကိုးဗျ
ဦးမာဃတော့ ဘာကိုမှ အပြစ် မတင်ချင်တော့ပါဘူး
အို ဘာတဲ့ သဂျီးရေ
စနစ်ကြောင့် မှုတ်ဘူး
ကော်ဖီမစ်ကတော့ ဦးမာဃ လဲ တော်တော်သောက်သဗျ
အခုလိုဆိုရင်တော့ လျှော့ဦးမှပါ
မောင်ပေ
December 16, 2012 at 1:40 pm
ဘုရားဘုရား
၁၉၉၈ခုနှစ် ဘော်ဒါဆောင်မှာနေတုန်းက ၊ အိပ်ငိုက်ရင် အရိုက်ခံထိ ၊ ဖိုင်းတပ် ခံရလွန်းလို ့၊ အိပ်မငိုက်အောင် ကော်ဖီမစ်ထုပ်တွေ နိစ်လျှက်စားခဲ့တာ ကို ပြန်သတိရမိတယ်ဗျာ
အခုခေတ် ဘော်ဒါဆောင်တွေမှာတော့ ၊ ကျောင်းသူားတွေ ကော်ဖီမစ်ထုပ်လျှက်စားတာ မရှိလောက်တော့ဘူးလို ့ ထင်မိပါရဲ ့
•*¨နန်းတော်ရာသူ •*¨
December 16, 2012 at 5:29 pm
အားပေးတဲ့ အူးမာဂနဲ့အူးပေရေ ကျေးဇူးပါရှင်
ကော်ဖီမစ်တော့မလျက်ပါနဲ့ ကလေးလည်းဟုတ်ပဲနဲ့…ကြိုက်တတ်ရင် လျက်ဆားလေးဆောင်ထားပါလား
နှလုံးရောဂါဖြစ်မှာဆိုးလို့ စေတနာနဲ့ပါ.. :harr:
Mr. MarGa
December 16, 2012 at 6:18 pm
လေးပေ ရေ
အခု ဘော်ဒါကျောင်းသားတွေ ကော်ဖီမစ် လျက်မလျက်တော့ မသိဘူး
ခေါက်ဆွဲခြောက်တော့ ဒီအတိုင်းစားကြတာ တွေ့တာပဲ
pooch
December 16, 2012 at 9:42 pm
လောလောဆယ်တော့ ပရီမီယာက နှပ်သောက်ရတဲ့ ကော်ဖီကို သောက်ဖြစ်နေတာ ။ မွှေးလို့ အရသာလည်း ကြိုက်လို့ ။ ဒါတောင် သူလည်း 2 in 1 ပဲ ။ သိပ်တော့ စိတ်ချရမယ် မထင်ဘူး။
3 in 1 တွေကတော့ စွဲမသောက်ရင်တော့ အကောင်းဆုံးပေါ့။
•*¨နန်းတော်ရာသူ •*¨
December 17, 2012 at 4:12 pm
ရယ်ဒီမိတ်တွေကကျန်းမာရေးအတွက်မကောင်းတာတော့အမှန်ပဲ..ဒါပေမယ့်စွဲကုန်တာခက်တယ်။
ဝတ္ထုတိုလေးကိုအားပေးတာကျေးဇူးပါ မpoohရေ
အရီးခင်လတ်
December 17, 2012 at 12:37 am
စိတ်မကောင်းခြင်းများစွာ နဲ့ ဖတ်သွားပြီး ဒါဟာ စိတ်ကူးယဉ်ဇာတ်လမ်း ဘဲ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။
တော်ရုံလူကတော့ ကလေးကျန်းမာရေး အတွက် အစားအစာတွေ ကို ဘယ်လို ဗဟုသုတရှိတတ်ပါ့မလဲ။
ဖြစ်လာပြီးမှသာ သိလာကြတာ။
အသက်လေးတွေ ရင်းလိုက်ရတာပေါ့။
အရီးက အရင်က ကိုယ့်ကိုယ်ကို အင်မတန် စိတ်မာတာလို့ ခံယူထားတာ မနန်းရေ။
နောက်ပိုင်း အမေ ဖြစ်လာချိန် ဒီလို ကလေး တွေ နဲ့ ပါတ်သက်လာရင် စိတ်က မခိုင်တော့ဘူး။
•*¨နန်းတော်ရာသူ •*¨
December 17, 2012 at 4:14 pm
အရီးပြောသလိုပါပဲ ကျွန်မလည်း ဒီဝတ္ထုလေးကိုရေးတုန်းက ကိုယ့်သမီးလေးနဲ့ကိုယ်ချင်းစာပြီးရေးမိတာပါ။
စိတ်ကူးယဉ်သက်သက်ပါရှင်။
ကျွန်မလည်း မိဘနဲ့သားသမီးရင်နင့်ဖွယ်ရာဝတ္ထုတွေ။သတင်းတွေကြားရ၊ဖတ်ရရင် လုံးဝစိတ်မခိုင်ပါဘူး။
ကိုယ်ချင်းစာစိတ်တွေကအလိုလိုကိုပေါ်လာမိ၊ဝမ်းနည်းမိနေတတ်တာ။
ကိုယ်တိုင်မိဘဖြစ်မှခံစားရလာတဲ့ အသိတွေပါရှင်။
ခင်ခ
December 17, 2012 at 9:28 am
ဖတ်လိုက်ရပြီး စိတ်မကောင်းဘူးဗျာ။
ပြုပြင်စီရင်ထားတဲ့ ကြာရှည်ခံ အလွယ်တကူစားသောက်လို့ရတဲ့ စားစရာတွေမှာ အဓိကကြာရှည်ခံအောင် ထဲ့ရတဲ့ဓာတုပစ္စည်းတွေဟာ လူကိုတစ်ချိန်ချိန်မှာ ကျန်းမာရေးကိုထိခိုက်စေတဲ့ ရလာဒ်ကိုဖြစ်စေတတ် ပါတယ်၊ဒါကြောင့်လည်းအခုနောက်ပိုင်းမှာရောဂါဆန်းတွေ ဖြစ်လာကြတာများ တာပေါ့လေ။
ဒါပေမယ့်လည်း အချိန်ကိုလုပြီးလုပ်ကိုင်နေရသူတွေအတွက်တော့ မဖြစ်မနေစားနေကြတာဘဲလေ။
တစ်ခုလေးဘဲ အဲလိုရယ်ဒီမိတ်တွေ မဖြစ်မနေစားရတာမျိုးရှိရင် သစ်သီးနဲ့ အသီးအရွက်တွေကို အလျဉ်းသင့်သလိုပြန်စားပေးကြဖို့လိုပါလိမ့်မယ် ဖြေဆေးသဘောမျိုးပေါ့။ သစ်သီးတွေနဲ့ အသီးအရွက်မှ ထိခိုက်သွားတဲ့အတွင်း ကလီစာတွေကိုပြန်ကောင်းစေမဲ့ အကျိုးပြုဒြပ်တွေပါတတ်တယ်လို့ ပါဘဲဗျာ။
MaMa
December 17, 2012 at 9:30 am
ရသအရေးကောင်းသူတစ်ယောက်လို့ မှတ်ထားမိတာ….
ပြိုင်ပွဲဝင်လက်ရာကိုးးးးးးး :hee:
တိမ်မည်း
December 17, 2012 at 9:35 am
တော်ပီ… ကော်ဖီမစ် သောက်တော့ဝူး…………….
မိုချို
December 17, 2012 at 12:17 pm
ညီမ ဝမ်းကွဲ လေး ကို ၁ဝ တန်း နှစ် တုန်း က အိပ်ချင်လို့ ဆိုပြီး ကိုယ့် ရှေ့ မှာတင် ကော် ဖီမစ် တထုပ် ဖောက် ပြီး အမှုန့် ဝါးစား ပစ်တာ ကတုန်ကရင် နဲ့ အသက် ရှူ မဝ တွေ ဖြစ်ပြီး ဆေးခန်း ရောက် သွားရော၊ကံကောင်း လို့ မသေတယ်။
ကိုယ် တိုင် ကတော့ ကော်ဖီ ဆို အနံ့ တောင် မခံ နိုင် တော့ တော်သေးတယ်။ အိမ်က သား ကိုလည်း အကျင့် မလုပ် ပေးဘူး။
စာရေးကောင်း သူ တစ်ယောက်မှန်း ပထမဆုံး ပိုစ့် မှာ ကတည်း က သတိ ထား မိတယ်။ တစ်လ မဟုတ် တစ်လ မှာ ဆု ရ နိုင်မယ့် ရေးလက်လေး ပါ။ ဆက်ကြိူး စား ပါနော်။
မိုချို ဆို စိတ် ထဲ ရှိ ရာ ရေးနေတာဆိုတော့ ကိုယ့် ကိုယ်ကို စာရေး ကာင်းတယ် လို့ တခါမှ မထင် မိသလို ကိုယ့် ထက်ကောင်းတဲ့ သူတွေ အများ ကြီးဆိုတော့ အကြိုက် ဆုံး ဆု ရွေး ခံ မယ်လို့ လည်း မမျှော်လင့် ခဲ့ ပါဘူး ။ ဖတ်ရွေး အဖွဲ့ ဝင် တွေ ရဲ့ အကြိုက် နဲ့ ညီ သွားလို့ သာ အရွေး ခံ ရတာပါ။
အဲဒါကြောင့် လွတ်လပ်တဲ့ ဂဇတ် မှာ လွတ်လပ်စွာ ရေး နိုင် သလို ဆု ရဖို့ အတွက်လည်း ဘယ်သူ့ ကိုမှ ပူဇော် ပသ ပွဲပေး သရာ မလို ပါကြောင်းသတင်းကောင်း ပါးလိုက် ပါတယ် နော။
အလင်းဆက်
December 17, 2012 at 1:45 pm
အဲ့လိုပါပဲ
ကျွန်တော်လည်း ကော်ဖီမစ်ကို နေ့တိုင်းသောက်ဖြစ်နေပါတယ်
ဆိုးကျိုးကို ဖတ်ဖူး သိဖူးပေမယ့်
စိတ်အလိုကို လိုက်မိလျက်သား
အခုတော့ ဆင်ခြင်တော့မယ်
==========
မမနန်းတော်ရာသူ
စာအရေးကောင်းတာကိုတော့ အားလုံး
သိပါပြီ
ဇာတ်လမ်းတစ်ခုကို အစီအစဉ်တကျ
ဖွဲ့နွဲ့ ပြသွားပုံက ကျစ်လျစ်ပြီး
ဝါကျ အထားအသိုက အစ
အားကျစရာပါ
ပြီးတော့
ဇာတ်ကြောင်းပြောသူ နေရာရွေး ပုံ
ကြောင့်လည်း ပြောချင်တဲ့အချက်တွေကို သိုင်းဝိုင်းပြီးပြောဖို ့ နေရာကျယ်ကျယ်ယူတတ်တာလေး။
ဇာတ်ကြောင်းပြောသုူနေရာကို
တတိယ နာမ်စားတွေ ( အမည်တွေ သုံးတာ ) ကျွန်တော် သဘောကျတဲ့
နည်းတစ်ခုပါ ဒါပေမယ့်
ကျွန်တော်က
ပထမ နာမ်စား နဲ့ ရေးပဲ ပိုအားသန်နေတော့
တတိယ နေရာက ရေးတာကို
ခက်တယ်လို့ပဲထင်ပါတယ်
ရေးအားကောင်းတဲ ့
နန်းတော်ရာသူကို
အားကျပါတယ်
အဟိ
လေပေါဒါဘာ
ကိုပေါက်(မန္တလေး)
December 17, 2012 at 1:55 pm
ဘာဖြစ်ဖြစ် တန်ဆေးလွန်ဘေးပါဘဲ။
ဟိုတစ်လောကတော့ ဂျာနယ်ထဲမှာ ဆရာမောင်ညိုပြာရေးတာလေးဖတ်လိုက်ရပါသေးတယ။်
ကလေးကို ကော်ဖီမစ်အမူန့်တွေလျက်ခိုင်းရင်း ကလေး သေသွားတဲ့အကြောင်းလေးကို။
ဒီဆောင်းပါးမျုးိလေးက စာနဲ့ရေးပြရုံနဲ့မလုံလောက်ပါဘူး။
ကိုယ့်နီးစပ်ရာတွေကိုပါ ပြောပြရမှာပါ။
Shwe Tike Soe
December 17, 2012 at 2:02 pm
အင်း စိတ်မကောင်းစရာ ဇာတ်လမ်းလေးပဲ… အိမ်ထောင်တစ်ခုပြိုကွဲရင် မကောင်းတဲ့အပြင်..
ကိုယ့်သားသမီးကို သူတပါးနဲ. ကိုယ်ကလွဲပြီး ထားရတဲ့ အကျိုးပေါ့ဗျာ…
ကျွန်တော်တော့ဒီပို.စ်လေးကို ဖတ်ပြီး သားသမီးယူရင် ကျွန်တော် အမျိုးသမီးကို အလုပ်မလုပ်ခိုင်းတော့ဘူး..
ဆုံးဖြတ်လိုက်ပီ……….. :hee:
•*¨နန်းတော်ရာသူ •*¨
December 17, 2012 at 4:28 pm
ဦးခင်ခ၊မမနဲ့တိမ်မည်းတို့ရေ အားပေးတာကိုအထူးဝမ်းမြောက်ကျေးဇူးတင်ပါတယ်။
ဆာဗာလေးနေလို့ချက်ချင်းမပြန်နိုင်တာခွင့်လွှတ်ကြပါရှင်။
မိုချိုရေ ညီမဝမ်းကွဲလေးအကြောင်းကိုလည်း ဆောင်းပါးလေးအဖြစ်တင်ရင်ကောင်းမယ်နော်။
ကျန်တဲ့လူတွေလည်း ဆင်ခြင်နိုင်တာပေါ့။ကလေးတွေကိုသာစိုးရိမ်နေကြပေမယ့် အရွယ်ရောက်နေသူတွေကျတော့နဲနဲပေ့ါကြတယ်လေ။(ကျွန်မလည်းအပါအဝင်ပါ)
အားပေးမှုအတွက်လည်း အားဆေးပါ။
အလက်ဆင်းရေ အစ်မရဲ့အရေးအသားကိုအားကျတယ ်လို့ပွင့်ပွင့်လင်းလင်းလေးပြောပေးတာလေးစားပါတယ်။
အစ်မကလည်းမောင်လေးရဲ့ ငယ်ရွယ်ပေမယ့် လက်စောင်းထက်ပုံကို အားကျလျက်ပါ။
လူကြီးတွေနဲ့ယှဉ်နိုင်တဲ့ အတွေးအရေးတွေပါ။
အူးပေါက်ပြောတာလည်းမှန်ပါတယ်။ ကျွန်မလည်း ကလေးတွေကိုတော့ ကော်ဖီမစ်နဲ့ပတ်သတ်လို့
ပတ်ဝန်းကျင်က ကလေးတွေကိုလည်းသတိပေးနေလျက်ပါ။
လတ်တလောလေးကပဲ
ကျွန်မတို့ကျောင်းစောင့်ရဲ့ ၁၄နှစ်သမီးလေးတောင် နှလုံးရောဂါထဖြစ်နေလို့ ကျွန်မလည်း တတ်သလောက် ရှောင်သင့်တာတွေပြော၊မြို့နယ်ဆရာဝန်ကြီးတွေအဖွဲ့လာဆေးစစ်တုန်းက သွားစစ်ခိုင်းနဲ့ တော်တော်လေးပူပန်ပေးခဲ့ရပါသေးတယ်။မရှိတဲ့လူတွေကြီးကြီးမားမားဖြစ်လာရင်
မသက်သာဘူးမို့လား။ပြောသာပြောရတာ ကျွန်မတို့အစိုးရဝန်ထမ်းဆိုတာလဲ မရှိတဲ့လူပါပဲ :harr:
မကြာခင်ကပဲ အုပ်ထိန်းသူရသွားတဲ့ အူးရွှေတိုက်ရေ…အမှန်ပါပဲ..ကျွန်မလည်း အစိုးရအလုပ်ဝင်ဖို့
ဘွန်းထိုးခါနီးမှ ပြန်ရုတ်သိမ်းလိုက်တာပါ။
ကျွန်မအမျိုးသားက တခြားအရပ်ပြောင်းရင် မိသားစုတွေပြိုကွဲပြီး ကလေးစိတ်မပျော်ရွှင်မှာဆိုးလို့ပါသတဲ့။
အခုတော့ပိုဆိုးသွားတာပေါ့..ကလေးကနှစ်ယောက်ဆိုတော့ သားသမီးတွေနဲ့ပဲအချိန်ကုန်နေရတော့တာပဲ။
အိမ်ရှင်မက ကလေးတွေအပေါ်အချိန်ပေးနိုင်ခြင်းရ အကျိုးရလာဒ်ကို အူးရွှေတိုက်တို့ခံစားရတဲ့အခါသိလာပါလိမ့်မယ်..ကလေးတွေရဲ့နောင်ရေးအတွက် ဥပမာတွေလည်း
ရှာကြည့်ပါ။တကယ်ကောင်းတယ်လို့ထင်ပါတယ်။
အားပေးတဲ့သူအားလုံးကို လေးစားကျေးဇူးတင်လျက်ပါ။
အလင်းဆက်
December 17, 2012 at 8:29 pm
အင်း…
မမ နဲ ့ သားသားက
တစ်ယောက်ကို တစ်ယောက်
အပြန်အလှန်..
အားကျနေကြတာ….
ဆိုတော့…
နှစ်ယောက်လုံး က..
တော်ချက်..ပေါ့နော် ။
အဟိ ။
အနှုုတ်တွေ…လာနေပြီ..ထင်တယ် ။
:kwi: