သိသလောက်ကလေးဝေမျှတာပါ…ဖတ်ကြည့်ပါဦး…
အကျိုးရှိတဲ့ စာလေးရေးလိုက်ပါဦးမယ်။ကလေးမွေးတော့မယ့် သူတွေအတွက် သိသင့်သိထိုက်တာလေးတွေပါ။ဆရာဝန်လဲ မဟုတ်ပါဘူး။တတ်လွန်းလို့လဲ မဟုတ်ပါဘူး။ကိုယ့်တုန်းကမသိခဲ့လို့ ဒုက္ခရောက်ခဲ့ရတာလေးတွေ မသိသေးတဲ့လူတွေအတွက် စေတနာလေးနဲ့ပါ။
လူတွေ တော်တော်များများ အသိမှားနေတာက ကလေးတစ်ယောက်မွေးပြီးပြီဆိုရင် မိခင်နို့က တန်းထွက်တယ်လို့ ယူဆကြပါတယ်။ရာနှုန်းတော်တော်များများ မထွက်ကြပါဘူး။မွေးပြီး ၃..၄ ရက်..တပတ်လောက်နေမှ ထွက်ကြတာပါ။အဲ့ဒါကြောင့် ကလေးမွေးတော့မယ်ဆိုရင် နို့မှုန့်ဘူး မဖြစ်မနေ ဝယ်ထားပါ။ကလေးမွေးမွေးပြီးပြီးချင်း စ ဖြစ်တာကတော့ ကလေးအသားဝါ ရောဂါ ပါပဲ။ဒီရောဂါနဲ့ ပတ်သက်ပြီးလဲ မသိတဲ့သူတော်တော်များပါတယ်။အယူအဆ မှားနေတဲ့သူတွေလဲ အများကြီးပါပဲ။အသားဝါဆိုတော့ ကူးတတ်တယ်။ဆေးရုံမှာ မွေးရင် ကူးတတ်တယ် ဆိုပြီး များသောအားဖြင့် အမှတ်မှားကြပါတယ်။ကလေးအသားဝါဆိုတာ လူကြီးအသားဝါနဲ့မတူပါဘူး။ကူးလဲ မကူးတတ်ပါဘူး။ကလေးတစ်ယောက်ဟာ ကိုးလ ဆယ်လနီးပါးမိခင်ရဲ့ ချက်ကြိုးကတဆင့် အစာအဟာရအတွက် မှီခိုခဲ့ရပါတယ်။မွေးပြီး ပြီဆိုတာနဲ့ မှီခိုနေတဲ့အဆင့် ကနေ အင်္ဂါအစိတ်အပိုင်းအားလုံးဟာ ကိုယ့်ဘာသာကို စ ရုန်းကန်ရတော့တာပါပဲ။ အဲ့ဒီမှာ အစာခြေအင်္ဂါတွေ ပုံမှန်အလုပ်မလုပ်သေးတဲ့ အချိန် အရင် ချက်ကြိုးကတဆင့်ကိုယ်တွင်းမှာ ရှိနေနှင့်တဲ့ သွေးတွေ ရေတွေဟာ အစာခြေအင်္ဂါရဲ့ပုံမှန်အလုပ်မလုပ်သေးတဲ့အတွက် အဝါရေတွေအဖြစ်ပြောင်းလဲသွားပြီး မျက်လုံး၊ အသားအရည်တွေကော ဝါကုန်တာပါပဲ။အဲ့ဒါကို ကလေး အသားဝါလို့ ခေါ်တာပါ။မွေးပြီးပြီးချင်း ကလေးကို နို့မှုန့်၊ဂလူးကိုစ် အစ ရှိတာတွေကို အဆက်မပြတ်တိုက်ပေးခြင်းဖြင့် အဝါဓာတ်တွေကို ဆီး၊ ဝမ်း အဖြစ် ပြောင်းလဲ အပြင်ထွက်သွားအောင် ပြုလုပ်ပေးရပါတယ်။ကလေး သောက်ချင်ချင် မသောက်ချင်ချင် ပထမဆုံးရက်ကိုတော့ ဇွတ် မဝင်ဝင်အောင် တိုက်ပေးရပါမယ်။အသားဝါ ဝင်ပြီးသွားရင် မီးချောင်းပြရတာ…ဆိုးရင် သွေးလဲရတာ…ထိ လုပ်ရပြီး ဦးနှောက်ဉာဏ်ရည်မမှီတာ…နောက်ဆုံး အသက်အန္တရာယ် အထိ ကျရောက်နိုင်လို့ မွေးမွေး ပြီးချင်း ၃..၄..ရက်လောက်အထိတော့ အထူး ဂရု စိုက်ရပါမယ်။
ကလေးဆိုတော့လဲ ရောဂါတခုခု ခံစားရပြီဆို လူကြီးလိုလဲ ပြောမပြတတ်ပဲ ငိုပဲ ငိုတတ်ပါတယ်။ကလေးတစ်ယောက် တွန့်လိမ်ကောက်ကွေး ပြီး ငိုနေပြီဆို မိဘနှစ်ပါးမှာ ဘယ်လောက် စိတ်ဆင်းရဲရသလဲဆိုတာ ကြုံတွေ့ဘူးတဲ့ မိဘတွေ အများကြီး နေမှာပါ။ညနက်သန်းခေါင်ကြီးဆို ပိုဒုက္ခရောက်ပါတယ်။
ဘာလုပ်ရမှန်းမသိ။ဘယ်ပြေးရမှန်းမသိနဲ့။တကယ် ဒုက္ခရောက်တာပါ။များသောအားဖြင့် ဖြစ်တတ်တာကတော့ ဗိုက်နာတာနဲ့ လေနာတာနဲ့ နှစ်ခုပဲ ဖြစ်ဖို့များပါတယ်။လေနာတာက ပိုဖြစ်ဖို့ များပါတယ်။မြန်မာဆေးမှီးတို ဆိုပြီး အထင်မသေးပါနဲ့။လေနာရင် လင်းနေမြစ်ကို သွေးပြီး ကလေးချက်ထဲ လိမ်းပေးလိုက်ပါ။တကယ်လက်တွေ့ ကိုယ်တိုင်ကြုံခဲ့ရတာပါ။တကယ့်ကို ထူးထူးခြားခြား ချက်ချင်း သက်သာပါတယ်။
ဝမ်းမသွားတတ်ရင်လဲ ကလေးတက်တော့မတတ် ချက်တော့မတတ် ငိုတတ်ပါတယ်။ကလေး ဝမ်းမသွားတတ်လို့ ဗိုက်ကြီးပူပြီး ငိုနေတာကိုနှာခေါင်းထဲ ပိုက်ထည့်ပြီး စုတ်ထုတ်ဖို့ ကြံစည်တဲ့ ဆရာဝန် ပေါက်စနောက်လေးနဲ့လဲ တကယ်ကြုံခဲ့ဖူးပါတယ်။ဆူး စူးတာကို ပုဆိန်နဲ့ ပေါက်ဖို့ ကြံစည်သလိုပါပဲ။လွယ်လွယ်လေးပါ..ကွမ်းရိုးကလေးကို အခွံလေးသင်ပြီး စအိုပေါက်လေးထဲ ထိုးထည့်လိုက်ပါ။ရေပူဖောင်းကို အပ်နဲ့ ထိုးဖောက်လိုက်သလိုပါပဲ။ဝေါကနဲ ထွက်သွားပြီး ကလေးလဲ ချက်ချင်းသက်သာစေပါတယ်။ဗမာဆေး၊ ဆေးမှီးတို ဆိုပြီး လုံးဝအထင်မသေးပါနဲ့။တခါတလေ အင်္ဂလိပ်ဆေးနဲ့ ခက်ခက်ခဲခဲ လုပ်ရတာတွေ ဗမာဆေးနဲ့လွယ်တာတွေ အများကြီးပါ
။နောက်ပြီး ကလေးက ငယ်သေးတော့ အသားလေးတွေကနုတာပေါ့။ဝမ်းက တဗြစ်ဗြစ် သွား။ဘယ်လောက် နုတဲ့ဟာတွေနဲ့ သုတ်ပေးတယ်ပြောပြော ခဏခဏ ဆိုတော့ စအိုဝမှာ နီရဲလာပြီး ကြာလာတော့ သွေးစုနာလို အနာပေါက်လာရော။ပြေးပေါ့..ကလေးအထူးကုဆီ။တရက်လဲမဟုတ် နှစ်ရက်လဲမဟုတ်။
တပတ်လောက်ကြာတော့ ရင့်လာတဲ့အချိန်ကျတော့မှ ခွဲစိတ်ခန်းကော..ခွဲစိတ်ဆရာဝန်ကော စုံသွားတာပဲ။ကိုယ်တိုင်ကြုံခဲ့ဖူးတာပါ။ငွေကုန်၊လူပန်း၊ကလေးလဲ မသက်သာ။သိတဲ့သူနဲ့တွေ့မှ အဲ့ဒါလွယ်လွယ်လေးတဲ့။နီရဲလာပြီဆိုရင် ကွမ်းသီးလုံးလေးသွေးပြီးလိမ်းပေးရတယ်တဲ့။
ပြောပြောကတော့ မစောဘူးပေါ့။ကျွန်တော်တို့မှာ ဒုက္ခရောက်လိုက်ရတာပေါ့။
ကလေးတစ်နှစ်လောက်ရောက်တော့ ဘာဖြစ်လာလဲ ဆိုတော့ အစားနည်းလာတယ်။ဘာကျွေးကျွေး မစားချင်တော့ဖူး။ဆံပင်လေးတွေ ပါးလာတယ်။ကိုယ်အလေးချိန် တက်မလာပဲ တန်းနေတယ်။ကျချင်လဲ ကျသွားတတ်တယ်။အားဆေးတွေ များများတိုက်ဖို့သာ ပြင်ဆင်ထားပေတော့။
ကိုယ့်ကလေးနဲ့ဘယ်အားဆေးနဲ့ ကိုက်တယ်ဆိုတာကလဲ အမျိုးမျိုး ရှိသေးတယ်။အစုံသာ စမ်းတိုက်ပေတော့။အထူးသဖြင့် လိုင်စင်းဓာတ် များတဲ့ အားဆေးကိုတိုက်ရင် ပိုကောင်းပါတယ်။ဂရုမစိုက်မိလိုက်ရင် ကလေးတီဘီ ဖြစ်တတ်ပါတယ်။တီဘီဆေးတွေ ခြောက်လ တစ်နှစ် တိုက်ဖို့သာပြင်ထားပေတော့။လူတွေ အများကြီးနဲ့ နေတဲ့ကလေးတွေ ပိုအဖြစ်များပါတယ်။ကလေးကို လူပေါင်းစုံ မချီခိုင်းတာတော့ ပိုကောင်းပါတယ်။ကလေးဆိုတာက တအားနုတာကိုး။သိသလောက် ကြုံခဲ့ဖူးသလောက် ရေးပြရတာပါ။နည်းနည်းလေး အထောက်အကူ ဖြစ်တယ်ဆိုရင်ပဲ ကျေနပ်လှပါပြီ။တတ်လွန်းလို့လဲ မဟုတ်ပါဖူး။
13 comments
ခင်ခ
December 17, 2012 at 10:54 am
မွေးစကလေးကို ဂွမ်းလေးမှာပျားရည်လေးစွတ်ပြီး ကလေးရဲ့ နုတ်ခမ်းအပေါ်အောက်ပတ်လည်ကို ပွတ်ပေးလိုက်ပါ( ပျားရည်ကိုအလွန်အနည်းငယ်သာသုံးရမှာပါ မများစေဖို့ သတိပြုရန်နှင့် ဥပမာပေးရရင် အမျိုးသမီးများနှုတ်ခမ်းနီစွဲသလိုပါ) ကလေးက အဲဒီနှုတ်ခမ်းမှာ ပွတ်ထားတဲ့ပျားရည်ကို သူ့လျှာနဲ့ ထိမိယက်ရင်း ကလေးဝမ်းထဲရောက်ပါလိမ့်မယ်၊ အဲဒီကလေး အသားဝါခြင်းမဖြစ်တော့ပါ။ ထိုနည်းကို အနောက်တိုင်းဆရာဝန်တွေက လုံးဝလက်မခံပါ အဲလိုလုပ်တာသိရင်လည်း ဆူပါလိမ့်မယ်။ ဒါပေသိ တိုင်းရင်းရှေးအလာနည်းမို့ ခင်ခ ကတော့ ခင်ခရဲ့ သူငယ်ချင်းဇနီးမောင်နှံတွေ ကလေးမွေးရင် ဒီနည်းလေးကိုမျှဝေ အသိပေးပြီးလုပ်ခိုင်းခဲ့တာဘဲ သူတို့ကလေးတွေ အသားဝါတယ်လို့တော့ မတွေ့ရသေးပါဗျာ။
ဗဟုသုတအဖြစ်လေးရေးလိုက်ရုံပါ၊ လိုက်လုပ်ရမယ်လို့တော့ မတိုက်တွန်းဝံကြောင်းပါခင်ဗျ။
Mobile
December 17, 2012 at 12:33 pm
johnnydeer ရေ
အားပေးဖတ်ရှု့ မှတ်သားသွားပါကြောင်းဗျာ။ အသုံလိုတဲ့အချိန်ရောက်ရင် အသုံးချရန်အတွက်
ဆေးဆရာကြီး ဆရာဇိဝက ကိုခင်ခ ၏အကြံပြုချက်လေးကို ပါထပ်ဆင့် အကယ်ဒမီ
မှတ်သားထားလိုက်ပါကြောင်းးးးးးးးးးးးးးးးးးး :hee:
ဗုံဗုံ
December 17, 2012 at 1:38 pm
ဖတ်ရှုအားပေး မှတ်သားသွားပါတယ်ရှင့်
Mr. MarGa
December 17, 2012 at 7:23 pm
မှတ်သွားသဗျို့
kai
December 18, 2012 at 4:47 am
ယူအက်စ်မှာတော့..
မွေးတာနဲ့.. ကလေးသောက်ဖို့… ဆေးရုံက.. နို့ဗူး(ဖေါ်မြူလာ)ပေးတယ်..
ပြီးတော့.. မိခင်ကိုနို့တိုက်နည်း.. အနှီးထုတ်နည်း.. ဘာညာတွေ နပ်စ်တယောက်ကလာသင်ပေးတယ်..
တကယ်တော့.. ဗိုက်ပြကတည်းက.. အကြိမ်ကြိမ်သင်ထားတာတွေပါ..။
ကလေးအသားဝါရင်. မွေးပေးတဲ့…ဆေးရုံကပေးမဆင်းပဲ.. ကုတယ်..
ဆိုတော့… တပါတ်လောက်ပိုနေပြီးရင်.. အိုကေတတ်ပါတယ်..
ဘာဖြစ်မှန်းမသေချာရင်.. ဆေးရုံကဆင်းပြီး တလအထိ.. ဆေးရုံအရေးပေါ်အချိန်မရွေးဝင်ထွက်နိုင်တယ်..
ကလေး.. သူဖာသူအိပ်နေတာ.. အသက်ရှုတာတမျိုးပဲဆိုပြီး.. စိတ်ပူလို့.. မနက် ၄နာရီကြီး.. အရေးပေါ်ပြေးမလို့လုပ်တာလည်း..ရှိဖူးပါ့..
လင်းနေမြစ်မရှိ..။ ကွမ်းရိုးမရှိ..။ ကွမ်းသီးလုံးမရှိသူများလုပ်နည်းပေါ့..။ :kwi:
အရီးခင်လတ်
December 18, 2012 at 4:54 am
လင်းနေမြစ်၊ ကွမ်းသီး၊ ကွမ်းရိုး တွေ က
အဲဒီလို ကလေး အတွက် အရေးပေါ် ၂၄နာရီ စောင့်ရှောက် ပေးမဲ့သူ မရှိ သူများ လုပ်နည်းပေါ့ သူကြီးမင်းရယ်။
kthwinzayarmyo
December 18, 2012 at 12:15 pm
ပထမဆုံးပိုဒ် က အသားဝါ ဖြစ်စဉ်လေး ပါ.
ကျန် စာပိုဒ်များကတော့ ရိုးရာ ဆေးမီးတိုများလို့ ထင်ပါတယ်
လေနာပျောက်ဖို့ လင်းနေမြစ်သွေးပြီး ချက်မှာ မလိမ်းစေချင်ပါ.
ရေဝင်ရင် ချက်ကြိုးမကြွေခင် ပိုးဝင်မှာစိုးလို့ပါ.
ကလေးတိုင်း လေနာကြသည်လို့ ကြားဖူးပါသည်
ကလေးရှိသူတိုင်း အထူးကုများရေးသော ကလေးစောင့်ရှောက်ရေး
ပညာပေးစာအုပ်များဖတ်သင့်ပါသည်.
baby mild မှလည်း စာအုပ်များ အခမဲ့ ဝေပါသည်.တောင်းယူ ဖတ်ရှုကြပါ.
kthwinzayarmyo
December 18, 2012 at 12:30 pm
http://www.myanmarebook.net မှာ ဒေါက်တာရဲမြင့်ကျော်ရဲ့
ကလေး(မိဘတွေကို)ပညာပေး စာအုပ်တွေ ဖတ်နိုင်ပါတယ်၊
johnnydeer
December 18, 2012 at 1:14 pm
လင်းနေမြစ်သွေးလိမ်းရတာက ကလေး ၆ လလောက်မှပါ…စာထဲ အသက်အရွယ်ထည့်မရေးမိတာပါ…နောက်ပြီး မြန်မာပြည်ထဲက မိဘတွေအတွက် အကျိုးရှိစေမယ်ထင်လို့ ရည်ရွယ်ပြီးရေးတာပါ…
ဖွံ့ဖြိုးပြီးနိုင်ငံများတွင် နေထိုင်သူများအတွက်မဟုတ်..လို့ နောက်ထည့်ရေးပါ့မယ်….
kai
December 19, 2012 at 4:09 am
ဒီပို့စ်ကို.. ကျမ်းမာရေးဌာနက တာဝန်ရှိလူတွေ ဖတ်နေနိုင်တာမို့.. ယူအက်စ်လုပ်နေနည်းတချို့.. တတ်သလောက်မှတ်သလောက်.. အသိပေးလိုက်တဲ့သဘောပါခင်ဗျ..
ဒေါ်စုကလည်း ဆေးရုံကြီးကို ကိုင်နေတယ်မဟုတ်လား.. :kwi:
တခြားနိုင်ငံတွေကလည်း.. သိသလောက်လေးတွေ..ဝင်ဖြည့်ပေးသွား.. ကောင်းတာပေါ့နော..
ဗဟုသုတ.. သိတာလေးထပ်ဖြည့်ရရင်..
ဂျပန်မှာ မွေးတဲ့မိန်းကလေးတွေကို.. မွေးဆံပင်မညှပ်ပဲ.. ဒီအတိုင်းထားတယ်..
ဆံလုံးသေးပြီး သန်တယ်တဲ့..။
မောင်ပေ
December 18, 2012 at 1:15 pm
ok
အခုချိန်ကစပြီး ၊ မိန်းမကလေးမွေးပြီးကာစ အိမ်ထောင်ရှင် ယောက်ျားဘော်ဒါတွေကို ၊ မွေးပြီးပြီးချင်း ချိုချို လို ့ မစတော့ဘူး ။ နောက်သုံးရက်ကျော်မှ စတော့မယ်
ဟီဟိ
ပြန်ရှဲပေးလို ့ ရှဲရှဲပါ
ဝင့်ပြုံးမြင့်
December 18, 2012 at 11:41 pm
ကျေးဇူးတင်လိုက်တာ ကိုဂျွန်နီရေ။ ကံကောင်းလို့ ဒီပို့စ်လေး ဖတ်မိသွားတယ်။ အစ်မက ခဏကလေး အားတာမို့ ဘယ်တော့မှ ပို့စ်အကုန် မဖတ်နိုင်ဘူး။ နှစ်ပုဒ်သုံးပုဒ်လောက်ပဲ ဖတ်နိုင်တာ။ ဒီပို့စ်ကလေး ဖတ်မိသွားတာ ကံကောင်းတယ်။ ကလေးက ပေါက်စနကလေး။ လေထလို့ အလုပ်တွေ ရှုပ်ပြီးပြီ။ အခုပို့စ်ထဲက အကြောင်းတွေ လိုရင်းရေးပြီး မှတ်ထားလိုက်ပါပြီ။ ကျေးဇူးအထူးတင်ကြောင်း ပြောလိုက်ပါရစေ။
MaMa
December 19, 2012 at 7:13 am
အကျိုးများတဲ့ ပိုစ့်လေးပါ။
ကိုယ်ခံခဲ့ရတဲ့ ဒုက္ခတွေကို သူများတွေ မခံစားစေချင်တဲ့ စေတနာကို မြင်မိလိုက်တာမို့….. :hee: