ချစ်ခဲ့..၊ ချစ်နေ…၊ ချစ်ဆဲ
၁။
မကြာခင်ကမှ သူ မြန်မာပြည်ကိုပြန်ရောက်သည်။ ထင်မှတ်မထားသော အချိုးအကွေ့တစ်ခုက သူ့ကို စောင့်ကြိုနေ၏။ ထို အကြောင်းအရာသည် သူ့ခေါင်းထဲတွင် တစ်ခါမှ နေရာ မယူစဖူး။ နေရာမယူခြင်းထက် သူ ခေါင်းထဲကို မထည့်ထားသည်က သေချာသည်။ သူ့အတွက် ပြီးပြည့်စုံခြင်းတွင် အချစ်မပါလည်း ကျေနပ်သည်ဟု ခံယူထားသူ။ သို့သော် ….။
မနက် အိပ်ယာထသည်နှင့် သူ့နဘေး အိပ်ယာထက်တွင် သူမကို မြင်တွေ့နေရပြီ။ သူမကတော့ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်လို့။
၂။
သူ့ ကျောင်းနေဘက် အချစ်ဆုံးသူငယ်ချင်းနှင့်တွေ့တော့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်သည်။ ယခင်တုန်းက ဇာတ်လမ်းဟောင်းကလေးတွေက မပါမဖြစ်ပေါ့။ သူက မသိမသာ ထားခဲ့သူတွေရဲ့အကြောင်း။ နောက် သူက မသိမသာ ကျန်ရစ်ခဲ့ရသည့်အကြောင်း။
“စိုးထိုက်..မင်းမရောက်ခင် တစ်ပတ်က မင်းအိမ်ကို ငါရောက်တယ်။ မင်းကို အိမ်ထောင်ချပေးတော့မယ်ဆို။ မင်း အဖေပြောတာ။ “
“အဖေကသာပြောနေတာ။ သူနဲ့ငါက ခုထက်ထိတောင် မတွေ့ရသေးဘူးကွ“
“ဒါကြောင့် မင်းအမေကပြောတာ။ သားအတွက် အဖေက လူပျိုလှည့်ပေးနေတာ။ သားနဲ့ မညားပဲ ဖအေနဲ့ညားနေဦးမယ်တဲ့“
သူ ရယ်နေလိုက်ပါသည်။ နက်ဖြန်များစွာရှိသည် အနက် သူမနှင့်တွေ့ရမည်ကို သူ တွေးကြောက်နေမိသည်။ မသိဆိုးရွားစွာ ဆိတ်ဆိတ်နေလို့မဖြစ်။ ပြဿနာသည် သူခေါင်းပေါ်တွင် ရောက်နေ၏။
၃။
“သက်ဇော် ငါစေ့စပ်ရတော့မယ်ထင်တယ်“
“ဟာ မင်းဟာက ရုတ်တရက် ဆိုင်းမဆင့် ဗုံမဆင့်ကြီး။ ဘာလဲ မင်းပြောတဲ့ တစ်ယောက်ပဲလား“
“ဟုတ်တယ်။ သူနဲ့“
“မင်းက ပြန်သွားမှာ မဟုတ်လား။ ခွင့်ရတာ တစ်လခွဲပဲဆို“
“ဟုတ်တယ်။ ခုက ရုတ်တရက်ဖြစ်လာတာကွ။ မျှော်လင့်မထားခဲ့ဘူး“
“မင်းက စေ့စပ်ပြီးရင် နောက်ဆက်တွဲဖြစ်လာမယ့် အကြောင်းတွေကို သိလို့လား“
သူမသိပါ။ သူ သူမ အလုပ်လုပ်ရာကအပြန် နှစ်ရက်လောက် သွားစောင့်ရင်း ကြိုပို့လုပ်မိသည်။ တစ်ရက်တွင် သူမ၏ မိခင်နှင့် ပက်ပင်းတိုး၏။ သို့နှင့် ဆိုင်တစ်ဆိုင်တွင် အအေးဝင်သောက်ရင်း မျက်နှာချင်းဆိုင်ရတော့သည်။
“မင်းတို့က ဒီလိုသွားလာနေမှာတော့ မင်းဘက်က ဘာတွေ စီစဉ်ထားလဲ အန်တီ သိချင်တယ်။“
“ဗျာ..။“
“အန်တီက သမီးရှင်လေ။ တွဲသွားတွဲလာလုပ်ပြီဆိုကတည်းက ရပ်ကွက်ထဲက ဘာတွေပြောကြမလဲ။ ပြီးတော့ မင်းက ဟိုကို ပြန်သွားဦးမှာဆို။ ဒီတော့ ပတ်ဝန်းကျင်က ဟိုပြောဒီပြော မပြောရအောင် မင်းတစ်ခုခု စီစဉ်သင့်တယ်လို့ထင်တယ်“
“ဟုတ်..ဟုတ်ကဲ့။ ကျွန်တော် မေမေနဲ့ ဖေဖေကို ပြန်တိုင်ပင်လိုက်ပါ့မယ်။“
“အေးအေး။ ဪ မင်းနောက်တစ်ခါ သမီးကို အိမ်မှာလာတွေ့ပါ။ ဟုတ်ကဲ့လား“
“ဟုတ်..ဟုတ်ကဲ့ ခင်ဗျ“
သူ့ရင်ထဲတွင် အလုံးကြီးတစ်ခု ဆို့နေသလိုပဲ။ သူမကိုကြည့်တော့ ပြုံးတုံ့တုံ့။ မသိမသာ သက်ပြင်းခိုချမိသည့်နေ့က မိုးတွေ အုံ့နေသည်။
၄။
သည်ကနေ့ စေ့စပ်ကြောင်းလမ်း မင်္ဂလာရှိသည်။ အရပ်ထဲက သူတို့အကြောင်းကို စိတ်ဝင်စားနေကြ၏။ တစ်ချို့က စေ့စပ်နေတာက ရှုပ်နေသေး၏။ တစ်ခါတည်း မင်္ဂလာဆောင်သင့်ကြောင်းပြောလာကြ၏။ သူ မဝံ့ရဲပါ။ သူ့သဘောထက် သူမ၏ သဘောသည်သာ အဓိကကျနေသည်။
ကြည်လင်ချင်ဟန်ဆောင်နေသော နေ့တစ်နေ့တွင် သူမနှင့်တွေ့ဖြစ်သည်။ သူမ၏ အိမ်တွင် လွတ်လပ်ခြင်းမရှိဟုဆိုကာ လရိပ်ပြာအအေးဆိုင်ကလေးကိုရောက်လာရသည်။
“ ကိုစိုး သဘောကို ခင်မ နားလည်ပါတယ်။ ခင်မလည်း ကိုစိုးအတိုင်းပဲ။ လက်မထပ်ချင်သေးဘူး။ လက်ထပ်ပြီးမှ ခွဲနေရမယ့်အဖြစ်မျိုးကိုတော့ ခင်မ သဘောမကျပါဘူး။ ကိုစိုးက ပြန်သွားမှာမဟုတ်လား။ “
“ဟုတ်တယ် ခင်။ ကိုစိုးရဲ့ ဗီဇာက တစ်နှစ်ကျန်သေးတယ်။ ကိုစိုးပြန်သွားမယ်။ နောက်နှစ်မှာ ခမ်းခမ်းနားနား မင်္ဂလာဆောင်ချင်တယ်။ ခင်မကရော ကိုစိုးသဘောအတိုင်းပဲမလား“
“ဟုတ်ပါတယ်။ ဒါပေမယ့်“
“ပြောလေ ခင်..။ ဒါပေမယ့် ဘာဖြစ်လဲ…“
“လူကြီးတွေ စီမံရာကို ခင်မက လိုက်ရမှာပါ။ လူကြီးတွေ သဘောက ဘာဖြစ်မလဲ ခင်မ မသိဘူးလေ“
သို့နှင့် စေ့စပ်ကြောင်းလှမ်းခြင်းအဆင့်ကို နေ့ချင်းညချင်းရောက်လာရသည်။
“မင်းဟာကလဲ…ကဲ ငါမေးမယ်။ မင်း သူ့ကိုချစ်တယ်မလား။“
“အင်း…“
“ဒါဆိုလည်း လုပ်ချလိုက်တော့။ အခြေအနေက ပေးလာနေမှာတော့ နောက်တွန့်မနေနဲ့။ တစ်ချို့တွေဆို မင်းလိုအဆင့်ရောက်ဖို့ တော်တော်လေး ကြိုးစားရတာ။ မင်းက ရေကန်အသင့် ကြာအသင့်“
ရေကန်သင့်သလား မသင့်သလား သူမသိသလို ကြာပွင့်သလား မပွင့်သလား သူမသိလိုက်။ သူမျက်စိရှေ့တွင် အဖေက စကားတွေ သွက်လွန်းနေသည်ကိုသာ သိ၏။
“ဒီတော့ဗျာ မင်္ဂလာရက် သတ်မှတ်လိုက်ကြရအောင်။ “
မေမေ့ကိုကြည့်တော့ မျက်နှာမသာ။ သူ့ရင်ထဲတွင် တုန်ချိ တုန်ချိဖြစ်နေ၏။ သူမ၏ လက်ကလေးတစ်ဖက်ကတော့ သူ့လက်ကို နွေးထွေးနေစေ၏။
၅။
မင်္ဂလာရက်က ၂၅ရက်။
သူ သူငယ်ချင်းထံ ရောက်ဖြစ်ပြန်သည်။ သူ့ရင်ဖွင့်သံကို သူငယ်ချင်းဖြစ်သူ သေသေချာချာ နားထောင်နေသည်။ မြန်မာပြည်ကိုပြန်လာသော သူငယ်ချင်းတစ်ယောက် နေ့ချင်းညချင်း ဆိုင်းမဆင့် ဗုံမဆင့် မင်္ဂလာဆောင်တော့မည်ဆိုတော့ အံ့ဩလောက်သည်ပင်။ လှပတော့ အနာဂတ်ကို မျက်နှာမူသည်လားတော့ မပြောတတ်။ ခုတော့ သူ့အတွက် မေမေနှင့်ဖေဖေ ခေါင်းချင်းဆိုင်ကုန်ပြီ။ ပြင်ပသို့ အတိုးအလို့ငှာရောက်နေသော အသပြာတွေ ။ သူ့မင်္ဂလာအတွက် ဖေဖေ ဘာကို မျက်စိမှိတ်၍ ခေါင်းငြိမ့်ချလိုက်ရသနည်း။
စေ့စပ်ပွဲနေ့က သူမဘက်မှ ဆွေမျိုးတစ်ဦးပြောသွားသည့် စကားကို ပြန်လည်ကြားယောင်လာသည်။
“ဘယ်ဖြစ်မလဲ ။ စင်ကာပူကိုပြန်သွားဦးမှာဆိုတော့။ ကျွန်မတို့ဘက်က မိန်းခလေးရှင် ။ တစ်ခုခု လွဲချော်ခဲ့ရင် ကျွန်မတို့ပဲ အရှက်ရမှာ။ စေ့စပ်ပြီး လက်ထပ်ဖြစ်ဖို့က တစ်နှစ်တောင်ကြာဦးမှာဆိုတော့ မမြင်ရတဲ့ အကြောင်းတစ်ခုခုက ဖန်လာရင် ဘယ်လိုလုပ်မလဲ။ ဒီတော့ရှင် တက်နိုင်ရင် တစ်ခါတည်းသာ မင်္ဂလာဆောင်ပေးစေချင်တယ်။ နှစ်ဖက်ကလည်း သဘောတူနေပြီးသားပဲ။ “
သို့နှင့် မင်္ဂလာရက်သည် စောစီးစွာ သူ့ဘဝထဲသို့ ချဉ်းနင်းဝင်ရောက်လာခဲ့၏။
“အင်းလေ လူကြီးတွေ စီစဉ်တာပဲ။ ကောင်းပါတယ်။ မင်းကျေနပ်တယ်မလား“
သူ မဖြေနိုင်ပါ။ ဘာကြောင့်မှန်းမသိ။ လက်ထပ်ခါနီး သတို့သားလောင်းသည် မပျော်မရွှင်ဖြစ်နေရသည်။ သူကတော့ အိပ်မက်ပမာ ကြောင်တောင်တောင်ဖြစ်နေဆဲ။
၆။
“မင်္ဂလာရက်က ၁ဝရက်နေ့ဖြစ်သွားပြီကွ။ ရော့ ဖိတ်စာ“
“ဟင် ရက်က ရှေ့တိုးလာတာလား။ မင်းဟာကလည်း နောက်က ကျားလိုက်နေသလိုပါပဲလား“
ကျားလိုက်လျှင်ပင် သူပြေးလို့ လွှတ်နိုင်ပါသေးသည်။ သို့နှင့် သူ့ မင်္ဂလာပွဲကလေးသည် စည်စည်ကားကားဖြင့် ပြီးမြှောက်သွားခဲ့၏။ သူ ရှေ့ဆက်လျှောက်မည့် လမ်းသည် ရှေ့တွင် ပန်းခင်းလမ်းလား။ ဆူးခင်းလမ်းလားဆိုတာ သူတောင် သဲသဲကွဲကွဲ မသိတော့။ ခြေလှမ်းတွေ သွက်နေသည်။
မင်္ဂလာဦးညတွင် ခင်မက သူ့ကို မေးသည်။
“ကိုစိုး ပျော်လားဟင်.. “
သူ ဘယ်လိုဖြေရမှန်းမသိ။ ပျော်တယ်ရယ်လို့လည်းမဟုတ်သလို မပျော်ဘူးရယ်လို့လည်း မဟုတ်။
သူ ခင်မကို ပြုံးပြလိုက်ပါသည်။
“ခင်မတော့ ပျော်တယ်သိလား။ ကိုယ်ချစ်တဲ့သူနဲ့ပေါင်းသင်းခွင့်ရတဲ့အတွက်လေ။ ဒီနေ့ ဒီကမာ္ဘမှာ ခင်မလောက်ပျော်တဲ့သူရှိမယ်လို့ကိုမထင်ဘူး။ ကိုရောဟင်“
သူ ….ဟုတ်သားပဲ။
ကိုယ့်ချစ်သူတစ်ယောက်လုံးနှင့် မင်္ဂလာပွဲဆင်နွှဲခဲ့ရတာ။
သို့သော် သူ့ရင်ထဲတွင် မရှင်းသည်က သူ ခင်မကို ချစ်ခဲ့သလား။ ချစ်နေသေးလား။ ချစ်နေဆဲလားဆိုတာ။
သော်ဇင်(လွိုင်ကော်)
Date-1st-Dec-2012
Time-5:12PM
11 comments
Mobile
December 17, 2012 at 7:14 pm
မင်္ဂလာပါ ကိုသော်ဇင်ရေ
အိမ်ထောင်ပြု ဘုရားတည် ဆေးမှင်ရည်စုတ်ထိုး ဤသုံးမျိုး ဂျက်မပိုင်
နောင်ပြန်ပြင် ရန်ခက်သည့်အမျိုး ဆိုတော့ကာ tattoo ထိုးတာကတော့
ယခုခေတ် ပြန်ဖျက်လို့ရနေပြီဆိုတော့ ဘုရားတည် တယ်ဆိုတာလဲ
လူနည်းစုကသာ ပြုလုပ်ကြတာဖြစ်လို့ လူအများအတွက် နောင်ပြန်ပြင်ရန်
ခက်လို့ သတိထားသင့်တာက အိမ်ထောင်ပြုတာကိုဗျ။
ဒီအထဲမှာပါတဲ့ ကိုစိုး ဆိုသူလို ဇဝေဇဝါ ဖြင့်အိမ်ထောင်ပြုဖို့ကတော့ သတိထားသင့်တယ်ခင်ဗျ။
တစ်ကယ်ချစ်ရဲ့လား ? ဆိုတဲ့မေးခွန်း တစ်ခုက ဂျက်မပိုင်ခြင်းရဲ့ အဓိကတရာခံ ဖြစ်လာနိုင်တာမို့
လောလော လောလော အိမ်ထောင်ပြုမှုများကို တတ်နိုင်သရွေ့ရှောင်ရှားသင့်တယ်လို့ ထင်ပါတယ်။
တောင်မန်း မြောက်မန်း ကွန်မန်းများဖြင့် အားပေးလေ့ရှိသော ကျွန်ုပ် မောင်မိုဘိုင်း
ဝင်ရောက်အားပေးသွားပါကြောင်းးးးးးးးးးးးးးးးးးးးးးးး
မဟာရာဇာ အံစာတုံး
December 17, 2012 at 7:37 pm
အားပေးသွားပါတယ် ကိုသော်ကြီးရေ ….
ဇဝေဇဝါ၊ မရေမရာ၊ မသေမချာ ဆိုပေမယ့်
အိမ်ထောင်သည် ဘဝ ရောက်သွားရပြီပဲ …
ဟိုထဲက ဇာတ်ကောင်ကို ပြောတာပါ …
ဒီတော့ … ရှေ့ဆက် ဘာဖြစ်ဖြစ် နှစ်ပါးသွားဖို့ပဲ ကျန်တော့တာပေါ့ ..
ဒါ့ထက် …
ဟိုလေ .. မင်ဂါဦးည အခန်းလေးများ အကျယ်တဝင့် ရေးပြမယ်ဆိုရင် ..
ဘဲဥ
December 18, 2012 at 9:51 am
ဟဲ့ဟဲ့ သတင်းကောင်းလေးရှိဒယ်တော့
မိတိုက်တို့ မင်ဂါအူးညကို ချောင်းထားတာလေး ကျိမလားအေ့
•*¨နန်းတော်ရာသူ •*¨
December 17, 2012 at 8:03 pm
ဟူးးးးး သတို့သားအစားရင်ကြီးကိုမောသွားတာပဲ
တကယ်ပြောတာပါ မတင်မကျကြီး အဲလိုကြီးပဲနှစ်ပါးဆက်သွားနေရရင်တော့ သတို့သမီးအတွက်ရင်လေးစရာပါပဲ။
ရင်မောအောင်ရေးတတ်ပါပေတယ်ရှင်။
အလင်းဆက်
December 17, 2012 at 8:13 pm
ကိုသော်ဇင်ရေ…
အခုလို.. ရွာထဲမှာ…
ကိုသော့် ရသ စာမူလေးတွေကို..
ခပ် စိပ်စိပ်လေး တွေ ့နေရလို ့..
ရွာ ထဲမှာ
ပိုအရသာ ရှိတဲ ့ ဟင်းတွေ..
အဆက်မပြတ် ချက်ပြုတ်ပြ နေသလိုပါပဲ…။
ရေးပါဦးဗျို ့ ။
အားပေးနေလျက်ပါ .။
Mr. MarGa
December 17, 2012 at 8:36 pm
်လူကြီးတွေ စီစဉ်တာပဲ ကိုသော်ဇင်ရယ်
မှားမှာတော့ မဟုတ်လောက်ပါဘူး
ချစ်မိနေမှာလဲ သေချာပါတယ်
Mon Kit
December 18, 2012 at 9:00 am
ဟယ်တော်.. မင်္ဂလာပွဲကလည်း မြန်ချက်တော်…
ရည်းစား နှစ်ရက် တစ်ပိုင်းထဲနဲ့လား…
ဒုံးပျံခေတ် ကျော်လွန်နေပီ…….. :kwi:
Shwe Tike Soe
December 18, 2012 at 9:16 am
အဲဒါ အဲဒါ တွေဝေသူတွေ က အမြဲ ကိုယ့်စိတ်ကို မပိုင်ဘူးဆို…. ကိုယ်တည်ဆောက်ရမယ့် ကိုယ့်အိမ်ထောင်ကို ဇဝေဇဝါနဲ. တည်ဆောက်ထားမှတော့ ခိုင်မယ်မထင်…
အဲလို တွေဝေတဲ့ ယောင်္ကျားလေးမျိုး သိပ်မကြိုက်လှဘူးဗျာ…..
အားပေးသွားပါတယ်…
ဗုံဗုံ
December 18, 2012 at 9:38 am
ဟယ် သတို့သမီးလေး သနားပါတယ် အဲ့ဒီ ဦးလေးတော်ဂျင်ကြီးကတော့ မပြောချင်ဘူး :harr:
မောင်ပေ
December 18, 2012 at 12:56 pm
မင်္ဂလာဦးညမှာ ဖြစ်တတ်တဲ့ သတို ့သား ရဲ ့ဂယောင်ဂယင်စိတ်ဓါတ် အကြောင်းကို အသေးစိတ်ဖတ်လိုက်ရပါတယ်ဗျို ့
အဲဒါကြောင့်မို ့လဲ ၊ ဘူချလာ နိုက် ဆိုပြီး မူးအောင်ဝိုင်းတိုက်ပေးတဲ့ ဓလေ့ လေး ဖြစ်နေတာနေမှာ
နွယ်ပင်
December 18, 2012 at 1:11 pm
ဒီအထဲက သတို့သားကိုတော့ စိတ်ထဲ သဘောတယ်မတွေ့ဘူး
စိတ်ကိုက မပြတ်မသားကြီးနဲ့ ကောင်မလေးအတွက် ရင်မောတယ် ဟူးးးးးးးးးးးးးးးးးးးးး