အတတ်ပညာနဲ့ ဘာသာစကား ဘာကိုရွေးကြမလဲ?
ဒီအကြောင်းအရာလေးက ခေါင်းထဲကိုဝင်လာနေတာ တော်တော်ကြာပါပြီ။ ဒီရက်ပိုင်းထဲမှာမှ တွေ့ရမြင်ရတာလေးတွေ များလာလို့ ယုံကြည်ချက်လေး ပိုပြီးခိုင်မာလာတာနဲ့ ရေးဖြစ်သွားတာပါ။
Green Rose အခုတလော ညီမငယ်၊ မောင်ငယ်လေးတွေနဲ့ စကားပြောကြည့်ရင်း ကနေ Green Rose တို့ မြန်မာပြည် ပညာရေးစံနစ်ကို ပြောင်းသင့်ပြီလို့ ့ပိုပိုပြီး ယုံကြည်လာတယ်။
ပညာရပ်တွေကို အင်္ဂလိပ်လို သင်ကြားနေတဲ့ ရည်ရွယ်ချက်ကို တဖြည်းဖြည်းနဲ့ နားမလည်နိုင်တော့ဘူး မိခင်ဘာသာစကားမဟုတ်တော့ အင်္ဂလိပ်လိုတွေသင်ရတဲ့အခါ ဘာသာပြန်ဖို့ကိုပဲ တော်တော်ကြိုးစား ယူနေရတာ ဒီပညာရပ်ကို လုံးစေ့ပတ်စေ့ သေသေချာချာ ဘယ်လိုလုပ်နားလည်နိုင်ပါ့မလဲ။ အခု လူငယ်လေးတွေကိုကြည့်. .. အပြင်သင်တန်းတွေမှာမှ ထပ်ပြီးမဆည်းပူးရင် ဘွဲ့ရလူငယ်တစ်ယောက်ရဲ့ အင်္ဂလိပ်စာအနေအထားဟာ အင်မတန်အားနည်းတာကို တွေ့နေရပါတယ်။ ပညာသင်ကြားရေးပိုင်းမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း..ကျောင်းက ကလေးတွေ ပုံစံခွက်နဲ့ ဒါမေးရင်၊ ဒါဖြေ၊ ဒါမြင်ရင်၊ ဒါရေးဆိုပြီး စာမေးပွဲအောင်ရေး တို့အရေးဆိုုပြီး သင်ယူနေကြတာ ဘယ်လောက်ကြာခဲ့ပြီလဲ။ ဘာမှမခဲယဉ်းတဲ့ ဝါကျလေးတစ်ကြောင်းတောင် ဖြောင့်အောင် ဘာသာမပြန်နိုင်ကြတော့တာတွေ တွေ့ရတိုင်း ကိုယ့်ကို အခြေခံကနေစပြီး သေချာသင်ပေးခဲ့တဲ့၊ ဝါးမခွံ့ပဲ ကိုယ်တိုင်ဝါးတတ်အောင် သင်ကြားပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေကို အကြိမ်ကြိမ်ဦးညွှတ်မိပါတယ်။
Green Rose တို့တုန်းက အင်္ဂလိပ်စာ စာစီစာကုံးဆိုရင် ရေးပုံရေးနည်းပဲ သင်ပေးလိုက်တာ ပြီးရင် ပေးလိုက်တဲ့ခေါင်းစဉ်အောက် ကိုယ့်ဖာသာ ကြိုးစားပြီးရေးခဲ့ရတာ။ အဲဒီ့တုန်းကတည်းက အလွတ်ကျက်ပြီး ရေးတဲ့လူတွေ မရှိဘူးမဟုတ်ဘူး ရှိပါတယ်။ ဒါပေမယ့် ခုလောက်တော့ မများဘူးထင်တာပဲ။ ခုတော့ ကျက်လို့ရသမျှ အကုန်ကျက်တော့တာပါပဲ။ ဆရာ၊ ဆရာမတွေ တော်တော်များများကလည်း Grammar တောင်မှ သေချာမသင်တော့ပဲ ဝါကျထဲမှာ ဒါပါရင် အဖြေက ဒါ၊ ဟိုဟာပါရင် အဖြေက ဟိုဟာ ဆိုပြီး သင်ကြတာပါ။ မိဘတွေကို်ယ်တိုင်ကလည်း စာမေးပွဲနီးရင် ကျူရှင်ကဆရာ၊ ဆရာမ (အဲဒါလည်း ကျောင်းက ဆရာ၊ ဆရာမတွေပါပဲ) ပေးလိုက်တဲ့ ခန့်မှန်းမေးခွန်း (တစ်ခါတစ်လေ တိုက်ရိုက်မေးခွန်း) တွေက အဖြေတွေကို အလွတ်ကျက်ဖို့ပဲ သားသမီးတွေကို Guide လုပ်ကြပါတယ်။ တစ်ချို့ဆိုရင် မေးခွန်းတောင် မကြည့်ခို်င်းဘူး ၊ အဖြေတွေကို အစဉ်လိုက် ကျက်ခိုင်းတာ။ (အဲဒါ တကယ်နော်.. တကယ်တွေ့ဖူးခဲ့တာ) ။ အံ့ရော.. နော်.. နောင် ကိုယ့်ခလေး အလွတ်ကျက်ပြီးဖြေလို့မရတဲ့ စာမေးပွဲမျိုးနဲ့များကြုံရင် ဘယ်လိုလုပ်ပါ့မလဲ လို့တောင် မစဉ်းစားကြဘူး။ အဲဒီ့လို အလွတ်ကျက်ကျက်ပြီး ဖြေလာတဲ့ခလေးတွေ ဦးနှောက်ကို မှတ်ဉာဏ်ကလွဲ စဉ်းစားတွေးခေါ်နိုင်စွမ်းကို မလေ့ကျင့်ခဲ့တဲ့ခလေးတွေ နောင်တစ်ချိန် လူကြီးဖြစ်လာတဲ့အခါ တစ်ခုခုကို စဉ်းစားဆုံးဖြတ်ဖို့ လိုတဲ့အခါ ဘယ်လိုမုှန်မှန်ကန်ကန် တွေးခေါ်နိုင်ကြတော့မှာလဲဆိုတာ စဉ်းစားစရာပဲနော်……….. ဒီခလေးတွေညံ့ရခြင်းက ခလေးတွေအပြစ်တော့ မဟုတ်ဘူးပဲ။
ပြောရင်းနဲ့ လမ်းကြောင်းက နည်းနည်းလွဲချင်လာပြီ၊ ဆိုလိုချင်တာက ဝါးပြီးသားအဆင့်သင့်ခွံ့ကျွေးတာကို စားလာတဲ့ခလေးတွေ အင်္ဂလိပ်စာလည်း ညံ့တယ်ဆိုတဲ့အကြောင်းပါ။
မယုံရင် ခလေးတွေကိုမေးကြည့်၊ ၉ တန်း ၁ဝ တန်းမှာ အင်္ဂလိပ်လိုသင်လိုက်တဲ့ physics, chemistry, bio ဘာသာရပ်တွေမှာ ဘယ်အကြောင်းအရာကိုများ သေသေချာချာ နားလည်သလဲလို့။ ဘာကိုမှ နားမလည်ကြတာ သေချာတယ်။ စာပိုဒ်ရဲ့ အဓိပါယ်ကို နားလည်ချင်လည်ပါလိမ့်မယ်။ ပညာရပ်ရဲ့ အနှစ်သာရကိုတော့ မရလိုက်တာသေချာပါတယ်။ အဲဒီ့ခလေးတွေ တက္ကသိုလ်ဝင်တန်းအောင်လို့ ဆိုင်ရာဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်၊ တွေကို ရောက်သွားတဲ့အခါမှာလည်း အဲဒီ့မှာ အင်္ဂလိပ်လိုပြဌာန်းထားတဲ့ ကျောင်းသုံးစားအုပ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ပညာရပ်တွေကို မကျွမ်းကျင်တဲ့ ဘာသာစကားနဲ့ သင်ယူရတဲ့အခါ နားလည်သင့်သလောက် ဘယ်နားလည်နိုင်ပါတော့မလဲ။ တကယ်လို့ ဒီပညာရပ်တွေကို မြန်မာဘာသာနဲ့သာ သင်ယူခွင့်ရရင် ၉ဝ % နားလည်နိုင်မယ်ဆိုရင် အင်္ဂလိပ်ဘာသာနဲ့ သင်ယူရတဲ့အတွက်က ၄၅% ပဲ နားလည်နိုင်ပါတော့တယ်။ နှမြောစရာကောင်းပါတယ်။ ကြိုးစားအားထုတ်မှု၊ အချိန်ပေးရမှု၊ ငွေကုန်ရမှု တွေအတွက် ရသင့်သလောက်မရတာ နှမြောစရာကောင်းပါတယ်။
Green Rose အမြင်တော့ ဆရာဝန်တစ်ယောက်ဟာ ဆေးပညာကို နားလည်တတ်ကျွမ်းဖို့ပဲလိုပါတယ်။ အင်္ဂလိပ်စာ တတ်ကျွမ်းဖို့က အရေးမကြီးပါဘူး။ အဲလိုပဲ အင်ဂျင်နီယာ တစ်ယောက်ကလည်း သက်ဆိုင်ရာ ဘာသာရပ်ကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ဖို့လိုပါတယ်။ သူတို့ဟာ အင်ဂျင်နီယာအတတ်ပညာကိုသာ အဓိက အသုံးချရမှာဖြစ်ပြီး အင်္ဂလိပ်စာ တတ်ကျွမ်းခြင်း မတတ်ကျွမ်းခြင်းကတော့ သူတို့ရဲ့ လုပ်ငန်းခွင်၊ ဆက်ဆံရေး၊ ပညာဆက်လက်လေ့လာဆည်းပူးရေး၊ လိုအပ်တဲ့အချက်အလက်တွေ ရှာဖွေရေး တွေအတွက် အထောက်အပံ့တစ်ခုသာ ဖြစ်ရမှာပါ။
Green Rose လေ့လာမိသလောက် တရုတ်လူမျိုး၊ ထိုင်းလူမျိုး၊ ကိုရီးယားလူမျိုး တော်တော်များများ အင်္ဂလိပ်စာ မတတ်ပါဘူး။ ဒါပေမယ့် သူတို့တွေ သူတို့သက်ဆိုင်ရာ ပညာရပ်တွေမှာ ကျွမ်းကျင်ကြပါတယ်။
Green Rose ရဲ့ အမေကို ဆေးစစ်ပေးတဲ့ ဘန်ကောက်က ဆရာဝန်၊ ဆရာမ၊ ဝန်ထမ်းတွေ ၉၀% အင်္ဂလိပ်လို မပြောတတ်ကြပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ကျွမ်းကျင်မှုတွေကြောင့် ၊ သူတို့ စစ်ဆေးပေးလို့ ထွက်လာတဲ့ result တွေကိုယုံကြည်လို့ရပါတယ်။ သူတို့ရဲ့လုပ်ငန်းခွင်မှာအောင်မြင်ကြပါတယ်။
သူတို့ဆီမှာ အင်္ဂလိပ်စာမပြောနဲ့ သူတို့ ဘာသာစကားကိုတောင် စကားပြောပဲပြောတတ်ပြီး စာမတတ်တဲ့သူတွေ အတော်များပါတယ်။ (တရုတ်၊ ထိုင်း၊) အဲဒါကြောင့်လည်း သူတို့ဆီမှာ နိုင်ငံခြားရုပ်ရှင်တွေကို ပြတဲ့အခါ စာတမ်းထိုးလို့အဆင်မပြေပဲ အသံတွေပါပြောင်းပြီး သူတို့ဘာသာစကားနဲ့ သရုပ်ဆောင်ပေးရပါတယ်။ ဒါပေမယ့် သူတို့ဆီမှာ အားလုံးအဆင်ပြေနေကြတာပါပဲ။ စာတတ်တဲ့သူရော၊ စာမတတ်တဲ့သူရော၊ သူတို့ကျွမ်းကျင်ရာ၊ ကျွမ်းကျင်ရာလုပ်ငန်းခွင်တွေမှာ အဆင်ပြေနေကြတာပါပဲ။
အခု Green Rose တို့ဆီမှာ အကုန်လုံးက အင်္ဂလိပ်စာမှ မတတ်ရင် လူရာမဝင်သလို ဖြစ်နေကြတယ်။
တချို့ခလေးတွေ Green Rose ကိုလာတိုင်ပင်ကြတာရှိတယ်။ ဘာသင်တန်းတက်ရမလဲဆိုတာပေါ့။ အဲဒီ့တော့ Green Rose မေးကြည့်တယ်။ ဘာဝါသနာပါလဲဆိုတော့ တော်တော်များများ ဘာဝါသနာပါမှန်းတောင် မသိကြဘူး ။ အဲဒီ့တော့ ဘာအလုပ်ကိုလုပ်ချင်တာလဲ ဆိုတော့လည်း မဖြေနိုင်ကြဘူး။ အားလုံးရဲ့ စိတ်ထဲမှာ ပိုက်ဆံများများရမယ့်၊ လူအထင်ကြီးမယ့်၊ အလုပ်မျိုးကိုလုပ်ချင်ကြတာပဲသိတယ်။ ကိုယ်ဘာလုပ်ချင်မှန်းတောင် မသိတဲ့ခလေးတွေကို ကြည့်ပြီး တိုင်းပြည်ရဲ့အနာဂါတ်အတွက် ရင်လေးမိတယ်။
လူဆိုတာ ကိုယ်စိတ်မဝင်စားရာ၊ ဝါသနာမပါရာ နယ်ပယ်မှာ မထူးချွန်နိုင်ဘူး လို့ Green Rose ယုံကြည်ထားတယ်။ ခုလို ဘာဝါသနာပါမှန်းမသိ၊ ဘာလုပ်ရမှန်းမသိတဲ့လူတွေများလာရင် ဘယ်လိုလုပ်ပါ့မလဲ။ Green Rose ပြောပြပါတယ် ကိုယ်စိတ်မဝင်စားတဲ့ ပညာရပ်ကို သင်ရင် အချိန်ကုန်၊ ငွေကုန်၊ လူပန်းရကျိုးမနပ်ဘူးလို့။ ဒါပေမယ့် သူတို့တွေက certificate တွေကိုပဲ တန်ဖိုးထားကြတာကလား……… ဘယ်လိုမှပြောလို့မရဘူး… အခုလောလောဆယ် အားလုံးမတက်မနေ တက်နေကြတာက computer ၊ အင်္ဂလိပ်စာ နဲ့ Accounting လေ။ အဲဒီ့မှာ Green Rose ထပ်မေးပါတယ်။ အဲဒီ့သင်တန်းတွေကိုတက်ပြီးရင် အဲဒီ့ပညာရပ်တွေကို အသုံးချမှာလားလို့။ ဖြေတဲ့အဖြေက အားရှိစရာပါ။ မသိသေးဘူးလေ.. အလုပ်က ဘယ်အလုပ်ကို ဝင်လုပ်ဖြစ်မလဲမှ မသိတာတဲ့။
ဘာဝါသနာပါမှန်းသာမသိတာ တက်ချင် တဲ့သင်တန်းစာရင်းက တန်းစီပြီးသားဆိုတော့လည်း သူတို့တန်းစီထားတဲ့ အထဲကပဲ ရွေးချယ်ပေးရပါတော့တယ်။ computer နဲ့ အင်္ဂလိပ်စာ က အမြင်ကျယ်ဖို့အတွက် အသုံးဝင်တာဖြစ်ပြီး Accounting ကတော့ ပညာရပ်တစ်ခုမို့ ဝါသနာသာ ပါခဲ့ရင်၊ Accounting ကိုဦးစားပေးပြီး တက်ဖို့ တိုက်တွန်းရပါတယ်။
ထားပါတော့ ဒါက ဘွဲ့ရပြီး ရတဲ့ဘွဲ့နဲ့ လုပ်ငန်းခွင်ဝင်ဖို့ အဆင်မပြေသူတွေ နောက်ထပ် အထောက်အပံ့ရနိုင်မယ့် ပညာရပ်တွေကို ထပ်ဆောင်းပြီးသင်ယူကြတာ။
အခုလောလောဆယ် စိတ်ထဲမှာ ခိုးလိုးခုလုဖြစ်နေတာက ၁ဝ တန်းအောင်ပြီးတဲ့ခလေးတစ်ယောက် တက္ကသိုလ်တက်ဖို့ ရွေးချယ်နေတဲ့နေရာမှာပါ။ ထုံးစံအတိုင်းပေါ့လေ…….. ကာယကံရှင်ကမှ ကိုယ်ဘာဝါသနာပါမှန်း၊ ဘာဖြစ်ချင်မှန်းမသိတော့ နီးစပ်ရာလူကြီး၊ မိဘ တွေက ရထားတဲ့အမှတ်ကိုကြည့်ပြီး လမ်းညွှန်တဲ့ တက္ကသိုလ်ကို လျှောက်လွှာတင်ခိုင်းပါတော့တယ်။ အဲဒီ့မှာအဲဒီ့ခလေးရဲ့အမှတ်က GTC ကိုလည်းမှီ၊ အင်္ဂလိပ်စာ မေဂျာ (UFL) ကိုလည်းမှီ ဖြစ်နေတော့ အဲဒီ့ခလေးကို အင်္ဂလိပ်စာ မေဂျာ (UFL) ကိုတက်ဖို့ တိုက်တွန်းကြပါတော့တယ်။ ကိုယ့်ရှေ့မှာလာပြောနေတော့ မနေနိုင်တဲ့အမှုနဲ့ ဝင်ဆွေးနွေး ဖြစ်ပါတယ်။ အဲဒီ့ ၂ ခုမှာ GTC ကိုဦးစားပေးသင့်ပြီး အင်္ဂလိပ်စာကတော့ ဆန္ဒရှိလို့ သင်ယူချင်ရင် အပြင်သင်တန်းတွေမှာ တက်ရောက်သင်ယူသင့်တယ်လို့ အကြံပေးမိပါတယ်။ အဲဒီ့မှာ ခလေးရဲ့အဒေါ်က `ညည်းဘာသိလို့လဲ အင်္ဂလိပ်စာတက်ပြီးသွားရင် အလုပ်ထဲကျတော့ လစာတွေအရမ်းကောင်းတာအေ့´ လို့ ပြန်ပြောလာပါတယ်။
Green Rose လည်း ကိုယ့်အမြင်ကို သေချာရှင်းပြမိပါတယ်။ အင်္ဂလိပ်စာဆိုတာ ပညာရပ်တစ်ခုမဟုတ်ပဲ ဘာသာစကားတစ်ခုသာဖြစ်တဲ့အကြောင်း ပညာရပ်တစ်ခုခုကို တတ်မြောက်ပြီးနောက်၊ အင်္ဂလိပ်စာကို အဲဒီ့ပညာရပ်အတွက် အထောက်အပံ့ဖြစ်ဖို့ ဆက်သင်တာမျိုးက ပိုပြီးဖြစ်သင့်ကြောင်း ပါ။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။
လူတွေရဲ့စိတ်ထဲမှာ အင်္ဂလိပ်လိုပြောမှ၊ အင်္ဂလိပ်လိုရေးမှ ပညာရပ်တစ်ခုက တန်ဖိုးရှိတယ်လို့များ မြင်နေကြလားမသိပါဘူး။
တိုင်းပြည်တစ်ခုမှာ တစ်တိုင်းပြည်လုံး အင်္ဂလိပ်စာတတ်ကြပြီး အတတ်ပညာဘာမှမတတ်ရင် ဘာဖြစ်သွားမယ်လို့ထင်ပါသလဲ။ Green Rose အမြင်တော့ ဘာသာစကားထက် အတတ်ပညာကို ပိုပြီးဦးစားပေးသင့်တယ်လို့ ထင်ပါတယ်။ သင်ရိုးညွှန်းတမ်းတွေမှာ တကယ်နားလည်းတတ်ကျွမ်းရမယ့် သိသင့်သိထိုက်တဲ့ ဘာသာရပ်တွေအားလုံးကို မြန်မာလိုပဲသင်ကြားသင့်ပြီး အင်္ဂလိပ်ဘာသာစကားကိုတော့ သီးသန့် အရံဘာသာရပ်အဖြစ် သင်ကြားပေးသင့်တယ်လို့မြင်ပါတယ်။ (လုံးဝမသင်လို့တော့လည်း မဖြစ်ဘူးလေ.. နောက်ထပ် လေ့လာချင်ရင် အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တွေ စာတမ်းတွေကို ရှာဖတ်ရဦးမှာဆိုတော့ နောင်တစ်ချိန် computer က automatically ဘာသာပြန်ပေးနိုင်တဲ့အခါကျရင်တော့ မလိုအပ်လောက်တော့ပါဘူး ) အဲလိုသာ သင်ပေးလိုက်မယ်ဆိုရင် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ ထူးချွန်တဲ့ ပညာရှင်တွေ နိုင်ငံတကာနဲ့ ယှဉ်ဘောင်တန်းနိုင်အောင် ပေါ်ထွန်းလာမယ်လို့ယုံကြည်ပါတယ်။
လေးစားလျှက်
(Green Rose)
32 comments
pazflor
December 19, 2012 at 7:12 pm
အခုကတော့ အင်္ဂလိပ်လိုလည်း မတတ်ဘူး၊ အတတ်ပညာပိုင်းလည်း မကျွမ်းကျင်ကြဘူးခင်ဗျ။
maukkha မှာတောင် အဲဒါနဲ့ ပက်သက်ပြီး ဆောင်းပါးတစ်ပုဒ်တွေ့သေးတယ်။
အမှန်တိုင်းပြောရင် မြန်မာကျောင်းတွေမှာ အင်္ဂလိပ်စာ ကို သူငယ်တန်းကနေ ဆယ်တန်းထိဆိုတော့ တော်တော်ကို နှစ်ကြာကြာသင်ရတာပါ။
အထက်တန်းရောက်တဲ့ အချိန်ဆို စာသာကျေခဲ့ရင် တော်တော်တီးခေါက်မိနေသင့်ပါပြီ။
အဓိက ကတော့ သင်ရိုးသိပ်မကောင်းတာနဲ့၊ သင်နည်းလွဲလို့ အချိန်ကုန်ပြီး မတတ်တာလို့ထင်ပါတယ်။
နောက် အခုချိန်ထိ အထက်တန်းဖတ်စာအုပ်တွေမှာပါတဲ့ အင်္ဂလိပ်စာ ဟာ အခက်ကြီး မဟုတ်ပါဘူး။
နိုင်ငံတကာအဆင်မှီအောင်လုပ်မယ်ဆို တက္ကသိုလ်ဝင်တန်းမှာ အင်္ဂလိပ်စာဟာ GCE ‘O’ level လောက်မြှင့်သင့်နေပြီ။
အခြားဘက်မှာကျတော့လည်း မြန်မာဘာသာစကားကအားနည်းနေပြီ။ technical ဝေါဟာရတွေဆို မြန်မာလို ဘယ်လိုပြန်ရမယ်မသိတော့ဘူး။ အဲ့တော့လည်း မကောင်းပြန်ဘူး။
ဘယ်လို လုပ်ရမလည်း သိတော့ပါဘူးခင်ဗျာ။ :harr:
mobile (mandalay)
December 19, 2012 at 7:25 pm
ယခုရေးသားထားမှုများနှင့်ပတ်သက်၍ အပြည့်အဝ ထောက်ခံပါကြောင်းးးးးးးးး
မောင်ပေ
December 19, 2012 at 9:37 pm
အင်း ကိုယ့်ဆရာတွေကို စော်ကားတာတော့ မဟုတ်ပါဘူး
ကျုပ်တို ့ငယ်ငယ်တုန်းက ကျူရှင်မှာ ၊ စာတစ်ပုဒ်ကို အမြန်ဆုံး စာပြန်နိုင်တဲ့သူ ကို ကျူရှင်စောဆင်းပေးခဲ့တယ် ။ စောဆင်းပေးတော့ ကစားချိန်ပိုရတော့ ၊ အဲ့တုန်းက ကလေးတွေအားလုံးဟာ စာကို နှုတ်နဲ ့အလွတ်ရွတ်ဆိုပြနိုင်ဖို ့ အသည်းအသန်ကြိုးစားခဲ့တာကလား
uncle gyi
December 19, 2012 at 10:10 pm
greenrose
ဟုတ်မလိုလိုနဲ့လွဲနေတယ်လို့မြင်ပါတယ်
လွဲလွဲလေးပဲကောင်းပါတယ်ဆိုတာသီးချင်းထဲမှာပဲကောင်းတာပါအပြင်မှာမကောင်းပါဖူး
အခုကလေးတွေအင်္ဂလိပ်စာအားနည်းတယ်ဆိုတာလက်ခံပါတယ်
ဒါပေမဲ့ကလေးတိုင်းမဟုတ်ပါဖူးသိတဲ့မိဘတွေကငယ်စဉ်ကတည်းကအင်္ဂလိပ်စာကိုသေချာလုပ်ပေးခဲ့သူ
တွေရှိပါတယ်နည်းတယ်ပေါ့လေ
ဆိုလိုတာကလုပ်ပေးရင်ရပါတယ်သင်ကြားပုံလိုနေလွဲနေလို့ဖြစ်ပါတယ်
အခုလိုနေလို့မြန်မာလိုပြောင်းသင်မယ်ဆိုဦးနေဝင်းလက်ထက်ကလိုပြန်ဖြစ်သွားမှာပေ့ါ
Green Rose လေ့လာမိသလောက် တရုတ်လူမျိုး၊ ထိုင်းလူမျိုး၊ ကိုရီးယားလူမျိုး တော်တော်များများ အင်္ဂလိပ်စာ မတတ်ပါဘူး။ ဒါပေမယ့် သူတို့တွေ သူတို့သက်ဆိုင်ရာ ပညာရပ်တွေမှာ ကျွမ်းကျင်ကြပါတယ်။
သူတို့ရဲ့အဆင့်ကိုကောသိပါသလား
ကမ္ဘာ့အဆင့်ဝင်နေပြီလား
အများကြီးလိုနေပါသေးတယ်အတိုင်းအတာတခုတော့ဖြစ်ပါလိမ့်မယ်
ဘာသာရပ်တွေအားလုံးကို မြန်မာလိုပဲသင်ကြားသင့်ပြီး အင်္ဂလိပ်ဘာသာစကားကိုတော့ သီးသန့် အရံဘာသာရပ်အဖြစ် သင်ကြားပေးသင့်တယ်လို့မြင်ပါတယ်။
ဦးနေဝင်းလုပ်ခဲ့ပြီးပါပြီလုပ်ခဲ့လို့လည်းအခုကလေးတွေဘယ်လိုတွေဖြစ်ကုန်ပလဲဆိုတာမျက်မြင်ပါပဲ
ဘာသာစကားတခုကိုထဲထဲဝင်ဝင်မတတ်ကျွမ်းပဲသူ့စာနဲ့ရေးထားတာတွေကိုလေ့လာမယ်ဆိုတာ
အိမ်မက်ထဲလမ်းလျှောက်သလိုဖြစ်နေပါမယ်
မြန်မာလိုသင်ယုံနဲ့ထူးချွန်တဲ့ပညာရှင်တွေထွက်လာမယ်လို့လုံးဝမယုံကြည်ပါဖူး
တတ်တဲ့ပညာရှင်တွေလောက်ဖြစ်လာမှာပါ
တကယ်ကမ္ဘာကိုရင်ဘောင်တန်းလိုက်ဖို့က ကမ္ဘာသုံးစာပေကိုသေချာလိုက်စားရပါမယ်
ကိုယ့်နိုင်ငံအတွင်းဝါလုံးခေါင်းထဲလသာသလောက်ကျေနပ်ရင်တော့တမျိုးပေါ့လေ
Green Rose
December 20, 2012 at 1:29 pm
uncle gyi ရေ..
ဝါးလုံးခေါင်းထဲ လသာတာကို ကျေနပ်ချင်လို့မဟုတ်ပါဘူး။ အခုကလေ ဝါးလုံးခေါင်းထဲမှာ လ မပြောနဲ့ ကြယ်တောင်သိပ်မမြင်မိလို့ပါ။
Green Rose ကပညာရေးလောက က မဟုတ်ပါဘူး။ မျက်စေ့ရှေ့မှာ မြင်နေတွေ့နေရတာတွေ စိတ်ပျက်လွန်းလို့ ပြောမိ ရေးမိတာပါ။ အင်္ဂလိပ်စာ တော်တဲ့ခလေးတွေ မရှိဘူးလို့ မပြောပါဘူး အနည်းစု ရှိကြပါတယ်။ (တချို့ခလေးတွေဆိုရင် မြန်မာလိုတောင် သိပ်မပြောတတ်လောက်အောင် တော်ကြပါတယ်)။ မိဘက တတ်နိုင်လို့၊ တော်လာတယ်ဆိုတာ အဲလိုမိဘမျိုးရှိတဲ့ ခလေးတွေကတော့ ဟုတ်တာပေါ့။ ပညာမတတ်တဲ့မိဘက ကိုယ့်သားသမီးကို ပညာတတ်စေချင်လို့ ကျောင်းထားပေးထားတာတွေ၊ ပညာတတ်ပေမယ့် စားဝတ်နေရေးလုံးပမ်းနေရလို့ သားသမီးကို မသင်ကြားပေးနိုင်ပဲ ဆရာတွေလက်ထဲ ပုံအပ်ထားရတာတွေ၊ တစ်ပုံကြီးပါ။ အဲဒီ့ခလေးတွေအတွက် ဘယ်လိုလုပ်ကြမလဲ။ အမှန်က ပညာရေးစံနစ်ဟာ တပြေးညီဖြစ်ရပါမယ်။ ကျောင်းတက်တဲ့ခလေးတိုင်း သူတက်ရောက်နေတဲ့အတန်းနဲ့ ညီမျှတဲ့ ပညာအရည်အချင်းရှိအောင်သင်ပေးရမှာ ဆရာတွေရဲ့တာဝန်ပါ။ ဒါပေမယ့် အခုက ခလေးတွေမပြောနဲ့ သင်ကြားပေးနေတဲ့ ဆရာတွေ ကိုယ်တိုင်တောင် တော်တော်များများက မတတ်ကြပါဘူး။ ၃တန်း ၄ တန်းကျောင်းသားကို အင်္ဂလိပ်စာသင်ပေးနေတဲ့ ဆရာမ အသံထွက်တွေလွဲနေတာ၊ အဲဒီ့အိမ်က ၅ တန်း ၆ တန်းခလေးက တချို့တလေ မသိလို့ လာမေးရင် မဖြေနိုင်တာတွေ မြင်နေရတာပဲ..(အဲဒါ ကိုယ်တွေ့နော်) Ph. D အောင်သွားတဲ့သူတွေ တောင် တချို့ သူတို့ရဲ့ အင်္ဂလိပ်စာအရည်အသွေး ရှိသင့်သလောက် မရှိပါဘူး။ အင်္ဂလိပ်စာ မကျွမ်းကျင်လို့ သူတို့ သင်ယူခဲ့တဲ့ သက်ဆိုင်ရာ ဘာသာရပ်မှာ အရည်အချင်းပြည့်သလားလို့ မေးကြည့်၊ သူတို့တင်တဲ့စာတမ်းတွေက ဝယ်ပြီးတင်ကြတာပါ။
အဲဒီ့တော့ ဟိုလည်းမရောက်၊ ဒီလည်းမရောက်နဲ့ မသိပညာရှင်၊ မတတ်ပညာရှင်တွေ မွေးထုတ်ပေးနေတဲ့ ပညာရေးစံနစ်ကြီး အဲဒါကြီးနဲ့ ရှေ့ဆက်သွားကြတော့မှာလား……
uncle gyi နဲ့ green Rose အမြင်မတူပေမယ့် လက်ရှိပညာရေး စံနစ်ကြီး ပြောင်းသင့်တယ်ဆိုတာတော့ လက်ခံမယ်လို့ ထင်ပါတယ်။
GTC B –Tech အောင်ထားတဲ့ကျောင်းသူတစ်ယောက် ဟိုတစ်လောက စာမေးပွဲဖြေစရာရှိလို့ ဆရာမက အက်ဆေးရေးခို်င်း၊ ကျက်ခိုင်းလိုက်တယ်။ သူရွေးလာတဲ့ခေါင်းစဉ်က “Myanmar Traditional Food” ဒီအတိုင်းရေးခိုင်းလိုက်တာမဟုတ်ဘူးနော်.. ရေးရမယ့် အကြောင်းအရာတွေကို လမ်းကြောင်းပေးလိုက်ပြီးသား..
၁— တစ်မျိုးပဲရေး
၂- အဲဒီ့အစားအစာကို ဘာတွေနဲ့ လုပ်ထားသလဲ
၃- အဲဒီ့အစားအစာကို ဘယ်လိုလုပ်သလဲ
၄- ဘာ့ကြောင့် အဲဒီ့အစားအစာကို သင်နှစ်သက်သလဲ
၅- မြန်မာ့ရိုးရာမုန့်အဖြစ် အဲဒီ့အစားအစာကို ဘယ်ရာသီ၊ ဘယ်ပွဲတော်မှာ စားသောက်တတ်သလဲ
အဲဒါကို မရေးတတ်လို့ လာရေးခိုင်းတာ၊ အလွယ်ဆုံး စကားလုံးတွေနဲ့သုံးပြီးရေးပေးလိုက်တယ်၊ မုန့်လုံးရေပေါ်အကြောင်း။ စုစုပေါင်းမှ စာက အကြောင်း ၂ဝ တောင်မပြည့်ဘူး. ရေးပေးပြီးတော့ မသိတာရှိရင်လာမေးလို့ပြောလိုက်တယ်။ အဲဒါ အဲဒီ့ခလေးက
“ရတယ် အမ၊ ညီမ အလွတ်ကျက်” ်မှာတဲ့။
အဲဒါနဲ့ စာမေးပွဲရက် စာကျက်နေတာကို အနှောင့်အယှက် မပေးချင်တဲ့ကြားကနေ ဆက်မေးဖြစ်သွားတယ်။
“ညီမလေးတို့ ဒီတစ်ပုဒ်ပဲ ရွေးပေးလိုက်တာလား”
“ဟင့်အင်း ၃ ပုဒ် ပေးလိုက်တာ၊ ညီမက မကျက်နိုင်လို့ ဒီ၁ ပုဒ်ပဲ ကျက်မှာတဲ့”
စာမေးပွဲဖြေပြီးပြန်လာတော့မေးကြည့်လိုက်တော့ အဲဒီ့ရွေးကျက်တဲ့ တစ်ပုဒ်မပါဘူးတဲ့။
အဲဒီ့ခလေးတွေ စာမေးပွဲဖြေနေတာ၊ စာကျက်နေတာတွေ လေ့လာကြည့်လိုက်တော့ ဆရာ၊ ဆရာမ က ၆ ပုဒ်ကနေ ၁ဝ ပုဒ် ရွေးပေးလိုက်တဲ့ အထဲကနေ သူတို့ ကျက်နိုင်သလောက် ကျက်ပြီးသွားဖြေနေကြတာ။ သူတို့စာကျက်နေတဲ့ပုံစံက အဲဒီ့စာပိုဒ်တွေကို နားလည်အောင် အလွတ်ရအောင် ကျက်နေကြရုံပဲ ရှိတယ်။ အဲဒီ့ဘာသာရပ်တွေကို သေချာနားမလည်ကြဘူး။
နောက်တစ်ယောက်က စီးပွားရေး တက္ကသိုလ်ကျောင်းသူ
စာမေးပွဲဖြေနိုင်လားလို့မေးတော့… ဟင့်အင်း မဖြေနိုင်ဘူး တဲ့
ဘာလို့လည်း နင်စာမကြည့်ဘူးလားဆိုတော့ ကြည့်ပါတယ်တဲ့ ၊ ဆရာရွေးပြီးသင်ပေးလိုက်တဲ့ အခန်းကလည်း မေးပါတယ်တဲ့။ ဒါပေမယ့် စာမေးပွဲမှာမေးတဲ့တစ်ပုဒ်က ဆရာသင်ပေးလိုက်တာနဲ့ မတူဘူးတဲ့။ အဲဒါမဖြေနိုင်ခဲ့ဘူး ဆိုပဲ။ အဲဒါဘာဖြစ်လို့လည်း ဆိုတော့ သူတို့တွေ သင်ခန်းစာတွေကို နားမလည်ကြလို့လေ။ ဒီ အခန်းကိုကြည့်သွားတယ်၊ ဒီအခန်းကမေးတယ်။ ပုစ္စာပုံစံမတူလို့မဖြေနိုင်ဘူးဆိုတော့……….
အဲဒီ့ပြသနာအရင်းအမြစ်ကို စဉ်းစားကြည့်လိုက်တော့ Green Rose အမြင်
သူတို့မှာ ပညာရပ်ကို လေ့လာတာ မလေ့လာတာကနောက် ရှေ့မှာအင်္ဂလိပ်စကားလုံးတွေ၊ စာကြောင်းတွေကို နားမလည်ပဲ အလွတ်ရဖို့၊ နားလည်ဖို့ ကြိုးစားနေရတာတွေက အရင်ဖြစ်နေတာပါပဲ။ အင်အားတွေ အလကားဖြုန်းတီးရာကျနေလားလို့ တွေးမိတယ်။
အင်္ဂလိပ်စာကိုပဲ မူလတန်းကနေ အထက်တန်းအထိမှာ သေချာသင်ပေးမယ်ရင်လို့ စဉ်းစားကြည့်တော့ တော်တော်မလွယ်တာပါ။ အခု ဆရာတွေ ဆရာမတွေမှာ ကျောင်းသားက ပြန်လှန်မေးခွန်းထုတ်ရင်တောင် ပြန်ရှင်းပြနိုင်တဲ့အထိ တော်တဲ့သူ တော်တော်ရှားသွားပါပြီ။ ပြဌာန်းစာအုပ်ရယ်၊ အထူးထုတ်တွေရယ် တိုက်ဆိုင်ပြီး သင်နေတာတွေ အများကြီးပဲနော်။ ကိုယ်တွေ့.. ကိုယ်တွေ့.. သင်ပေးနေတဲ့ သင်ခန်းစာထဲက နေဆက်စပ် စဉ်းစားမိတာလေးရှိလို့ ထမေးမိတာ.. မပြောပြနိုင်
တာလည်းတွေ့ဖူးရဲ့၊ သင်ခန်းစာကိုနားမလည်ကို အသေးစိပ်မေးမိတာ နားလည်အောင်မရှင်းပြပဲ ဒီအတိုင်းပဲမှတ်ထား ဆိုတာမျိုးတွေလည်း ကြုံဖူးပါရဲ့နော်..
ဆရာတွေက ၇ဝ ဖိုးလောက်ပဲတတ်ပြီး တပည့်တွေကို ၁၀ဝ ဖိုးသင်ပေးဖို့ မဖြစ်နိုင်ပါဘူး ဒီအတိုင်းပဲ ဆက်သွားမယ်ဆိုရင်တော့ ဆရာတွေကို အရင် အရည်အချင်း စစ်ဖို့ လိုပါပြီ။ သင်ကြားနည်းစံနစ်တွေ Guide လုပ်ပေးဖို့ လိုပါပြီ။
အဲဒီ့တော့.. Green Rose စဉ်းစားမိတာက ပညာရပ်ဆိုင်ရာ ဘာသာရပ်တွေကို မြန်မာလိုသင်၊ မြန်မာလိုရှင်း (technical terms တွေကိုတော့ အင်္ဂလိပ်လိုပဲပေါ့လေ) ။ အင်္ဂလိပ်စာကိုတော့ သက်ဆိုင်ရာ အတန်းနဲ့ လိုက်ဖက်အောင် သီးသန့်သင်။ ဒါဆိုရင် အတတ်ပညာလည်းရ၊ ဘာသာစကားလည်းရပေါ့လေ. ..( ဖြစ်နိုင်ရင် တက္ကသိုလ်အဆင့်မှာ ဘာသာစကားကို အင်္ဂလိပ်စာလို့ မူသေမသတ်မှတ်ထားပဲ ကျောင်းသားကြိုက်နှစ်သက်ရာ တွဲပြီးယူလို့ရအောင် ဖွင့်ပေးနိုင်ရင် ပိုတောင်ကောင်းသေး) … ခုတော့…. ခုတော့..
လုံးဝ မသင်ရဘူးလို့မပြောပါဘူး။ အတတ်ပညာကို ဦးစားပေးပြီး အဲဒီ့နောက်ကမှ ဘာသာစကားက လိုက်ဆိုရင် အဆင်ပြေမလားလို့ပါ။
လေးစားလျှက်
(Green Rose)
ကိုပေါက်(မန္တလေး)
December 19, 2012 at 10:32 pm
အန်ကယ်ဂျီးရေ
လက်ရှိအနေအထားက အင်္ဂလိပ်စာ ကို ကလေးတွေက မပိုင်နိုင်တော့။
အားလုံးကို အလွတ်ကျက်စနစ်နဲ့ဘဲသွားနေကြတော့ ပိုဆိုးကုန်ပါတယ်။
အင်္ဂလိပ်လို သင်နိုင်ဘို့အတွက် ကနောက်မျိုးဆက်သစ်တွေကို သင်ပေးမယ့်
ဆရာက လဲ တကယ်တတ်ကျွမ်းမှ
စာသင်တာကလွဲလို့ အပိုအလုပ်တွေမပါမှ။
အဆင်ပြေမှာပါ
အခုလက်ရှိမှာတော့ အယူအဆကို သိဘို့သင်ပေးတဲ့ဘာသာရပ်မှာတောင် အလွတ်ကျက်ကြတုံးပါဘဲ။
အီးကယ်ဂျန်ပြောတာတွေက ဖြစ်သင့်တာတွေပါ။
ဒါပေမယ့် လောလောဆယ်တော့ မလိုက်နိုင်သေးပါဘူး။
အချိန်ယူကြရပါအုံးမယ်။
ကျောင်းသားတွေမှာဘာသာစကားအခက်အခဲရှိတုန်းပါဘဲဗျာ။
သကြားလုုံးကြော်
December 20, 2012 at 3:52 am
ပြသနာက အင်္ဂလိပ်စာကြောင့် မဟုုတ်ပါဘူး။ ဝေးဝေးမကြည့်ပါနဲ့ဦး၊ မြန်မာလိုုရေးပြီး သင်တဲ့ မြန်မာစာကိုုတောင် အလွတ်ကျက်မှတ်ဖြေကြတာဆိုုတော့ ဘာသာစကားကြောင့် လိုု့မထင်ပါ။
အဓိက ကတွေးတောဆင်ခြင်မှုပိုုင်းသင်ပေးတာမရှိလိုု့ပါ။ ငယ်ငယ်ကတည်းက သင်သမျှကိုုမှတ်ပြီး ဟုုတ်လားမဟုုတ်လား ကိုုယ်ပိုုင်စဉ်းစားဆင်ခြင်တဲ့အား နည်းလွန်းလိုု့ ကြီးလာတော့ စာထဲမှာ ပါသမျှ ခေါင်းညိမ့်ယုုံပြီး လိုုက်မှတ်ရုုံလောက်ပဲ ပညာယူကြလိုု့။ ပြောရရင်တော့ ကျောင်းမနေခင်ကတည်းက မြန်မာထုုံးစံမှာ ဆရာမိဘကိုု ပြန်မေးခွန်းထုုတ်တာ ရိုုင်းတယ်လိုု့ယူဆထားတော့ ကလေးတွေက ငယ်ငယ်ကတည်း ကြားသမျှကိုု ကိုုယ်တိုုင်သုုံးသပ်ခြင်းမရှိဘဲ အလွယ်ခေါင်းညိမ့်လိုုက်ကြတာချည်းပဲ။
အတတ်ပညာတခုုကိုု သေချာတတ်ဖိုု့ဆိုု နားမလည်မချင်း အခေါက်ခေါက်ဖတ်ပြီး စဉ်းစားဖိုု့လိုုပါတယ်။ ခြေတလှမ်းသာ ပြရင် တခေါ်စာလောက် တွေးနိုုင်မှတော်ရာကျတာ။ သူများ ပြသလောက်ကလေး ဖတ်လိုု့မှတ်လိုု့ကတော့ ဘယ်ဘာသာနဲ့ရေးရေး ဘာအတတ်ပညာမှသေချာတတ်မှာမဟုုတ်ပါ။
ဘာသာရပ်တွေကိုု မြန်မာလိုုပြောင်းဖိုု့မလိုုပါ။ ပြောင်းလဲမပြောင်းသင့်ဘူး။ နိုုင်ငံခြားကဗမာတွေ တရုုတ်တိုု့ ထိုုင်းတိုု့နဲ့ အတတ်ပညာမှာ မယှဉ်နိုုင်ဘူးဆိုုရင်တောင်မှ လူမှုရေးရာ လူရာဝင်မှုမှာ ရင်ဘောင်တန်းနိုုင်နေသေးတာ အင်္ဂလိပ်စာပိုုကောင်းလိုု့ပါ။ အင်္ဂလိပ်စာ အခြေခံကြောင့် အတတ်ပညာမှာလည်းလိုုက်ရပိုုလွယ်ပါတယ်။ သင်ရိုုးတွေကိုု မြန်မာလိုုပြောင်းလိုုက်ရင်တော့ အတတ်ပညာရော ဘာသာစကားရော လူရာမဝင်ဖြစ်ကုုန်ဦးမှာ စိုုးရတယ်။
မောင့်ကျက်သရေ ဂီ့
December 20, 2012 at 8:09 am
သိပ်မှန်တာပေါ့ဗျာ …။ မှန်မမှန် က အောက်က အချက် က သက်သေပြပါရဲ့..
ဘယ်လောက် ကောင်းတဲ့ ဘာသာပြန်ဆြာ မဆို အရောင်တွေပါတယ်ဗျ….
ဖြစ်စဉ်တခုကို သုံးသပ်တဲ့နေရာမှာ သူ့ ပင်ကိုယ်အမြင် သူ့ပင်ကိုယ်အတွေးအခေါ်
တွေ ဝင်နေတတ်တယ် …
အဲ့လို အုန်းကျုန်းတွေ ပါနေမှတော့ … ဘာသာပြန်ကို ဖတ်ရ သင်ရသူက
သူပြသလောက်ပဲ သိမယ့်အပြင် သူတွေးသလို (သူ့ဂိုဏ်းသား) ဖြစ်ကုန်တော့တာကိုး..
ဘယ်မလဲ လက်ထွယ် သင့်ကိန်း ဘယ်မလဲ ဖောက်ထွက်တဲ့ အတွေးအခေါ်
ဘယ်မလဲ (သဂျီးပြောပြောနေတဲ့) မတူတဲ့အတွေး..
ငတုံးတွေဘဲ ဖြစ်ဖြစ်လာတော့တာရယ်..
တိုးတက်တဲ့ (အင်္ဂလိပ်စာ အခြေမခံဘဲ ခေတ်အတတ်ပညာတွေကို ကိုယ့်ဘာသာ ပြန်
ထားပြီး ပြန်ထားနိုင် အချိန်နဲ့ တပြေးညီလည်း ပြန်နေတဲ့ ) တိုင်းပြည်တွေမှာ
အင်္ဂလိပ်စာဟာ နိုင်ငံရပ်ခြားနဲ့ ဆက်ဆံဖို့ မဟုတ်ရင် သင်ဖို့ တတ်ဖို့ မလိုတဲ့
ဘာသာရပ်ပါ။
ကျနော်တို့ multinational ဆက်ဆံရတဲ့အခါ ဒီအချက်က တအားစကားပြောတာမို့
ထောက်ခံပါတယ်။
အဲ့လိုပြောင်းလိုက်ရင်တော့ မနက်မနက် ကျောင်းမှာ ကမာ္ဘမကျေ ဆိုပြီးရင်
ကိန် ကိန် ကိန် သုံးခါ အော်ပြီးမှ ဖတ်စာအုပ်များကို လွယ်အိတ်ထဲမှ ဆွဲထုတ်ပါလေ…..။
Green Rose
December 20, 2012 at 3:18 pm
သကြားလုံးကြော်ရေ
ဝင်ရောက်ဆွေးနွေးပေးတာ ကျေးဇူးပါ။
ဟုတ်ကဲ့။ အဲဒီ့တွေးတောဆင်ခြင်မှုပိုင်းကို သင်ပေးဖို့နေနေသာသာ အခုဆရာတွေခင်မျာ ဘာသာရပ်တွေကို နားလည်အောင် သင်ဖို့တောင် မစဉ်းစားကြတာပါ။ ဘာသာရပ်ဆိုင်ရာ ဆရာတွေကိုယ်တိုင်က သူတို့သင်ကြားပေးနေတဲ့ ဘာသာရပ်ကို မကျွမ်းကျင်၊ အင်္ဂလိပ်စာ အားနည်း ဆိုတော့ ကျောင်းသားကို ဘယ်လိုမှ နားလည်အောင် ရှင်းမပြတတ်ပါဘူး ၊ ကျောင်းသားစိတ်ဝင်စားလာအောင်၊ ရှေ့ဆက် လေ့လာချင်လာအောင် မသင်ကြားပေးနိုင်ပါဘူး။ စာမေးပွဲအောင်ဖို့ပဲ သင်ကြားပေးနိုင်ကြတာပါ။
ဘာသာရပ်တွေကို အင်္ဂလိပ်လိုသင်လာတာ ကြာပါပြီ။ တတ်ကျွမ်းသူများ ထွက်သင့်သလောက် မထွက်ပေါ် လာတာလည်း အားလုံးအသိပါပဲ။ ဘာသာရပ်တွေကို မြန်မာလိုမပြောင်းဘူးဆိုရင်တော့ သင်ကြားပေးတဲ့ ဆရာတွေ၊ ဆရာမတွေကို အင်္ဂလိပ်စာ သင်တန်းသေသေချာချာ ပြန်သင်ပေးရပါမယ်။ ဒါမှမဟုတ်လည်း အရည်အချင်းပြည့်မှီတဲ့ ဆရာ၊ ဆရာမတွေနဲ့ အစားထိုးရပါတော့မယ်။
ဝိုင်းဝန်း အဖြေရှာကြည့်ကြပါဦး။
Green Rose အမြင်တော့ လက်ရှိ အင်္ဂလိပ်စာ အဆင့်အတန်းနဲ့ တော်တော်မလွယ်တဲ့ ပညာရေးစံနစ်ကြီး ဖြစ်နေတာကိုပါပဲ။
အင်္ဂလိပ်စာ လုံးဝမသင်ရဘူးလို့ Green Rose အကြံပြုနေတာ မဟုတ်ပါဘူး။ ဘာသာရပ်တွေကို နားလည်လွယ်ဖို့ မြန်မာလိုသင်ပြီး၊ အင်္ဂလိပ်စာကိုတော့ သီးသန့်သင်စေချင်တာပါ။ အခုအတိုင်းကြီးက ဘာသာရပ်ရော၊ ဘာသာစကားရော ၂ မျိုးစလုံး မတတ်ကြတာပါ။
လေးစားလျှက်
(Green Rose)
kai
December 20, 2012 at 4:12 am
If the mountaine will not come to Mahomet, Mahomet will goe to the mountaine.
(by John Owen, 1643)
သိပ္ပံ.. အတတ်ပညာတွေကို.. မြန်မာတွေမထီထွင်..မဖေါ်ထုတ်နို်င်ရင်.. မြန်မာတွေက.. အတတ်ပညာစတင်သင်ကြားနိုင်ရာ..ဘာသာစကားကို လေ့လာသင်ကြရပါမယ်..( ဘာမှလည်းမဆိုင်ဘူး.. :kwi: )
=
ငယ်ကပညာ၊ မသင်ရှာ၊ ကြီးခါ ခက်မည်မှတ်။
ဘာသာမျိုးခြား စာစကား၊ သင်ကြားသင့်သည်မှတ်။
ဂဏန်းမသင်၊ လာဘ်မမြင်၊ ကူးလျှင်ရူံးမည်မှတ်။
ပညာမရ၊ အိမ်ထောင်ကျ၊ ဒုက္ခရောက်မည်မှတ်။
လူမိုက်မှန်ငြား၊ ခိုက်ရန်ပွား၊ ကွဲပြားမစေ့မှတ်။
လူဆိုးနှင့်မှ၊ ပေါင်းဖက်သူ၊ ထပ်တူသဘောမှတ်။
မီး၊ နွေ၊ သူမိုက်၊ ရှောင်ကွင်းထိုက်၊ ထိခိုက်မသင့်မှတ်။
ရွာသား အသစ်စက်စက်လေး
December 20, 2012 at 5:22 am
ဆိုတော့ကာ တစ်ခြားသူတွေရဲ့အမြင်ကိုလည်းစောင့်ကြည့်နေတာ ပါတယ်ပေါ့လေ.. ကျွန်တော်ခပ်ငြိမ်ငြိမ်လေးနေရင်း အကဲခတ်ကြည့်တာ ခုလောက်ဆို အချိန်သင့်ပြီထင်လို့ ဝင်ပြောကြည့်တာပေါ့
ပြောရမယ်ဆိုရင် အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား.. ငယ်ငယ်ကတည်းက ရွံမုန်းအားကျကြီး ဖြစ်နေခဲ့ကြရတယ်ဆိုတာ လူတော်တော်များများ မငြင်းနိုင်ဘူးထင်ပါတယ်… တစ်ယောက်ယောက်ကများ ဘိုလို ဘွတ်ရွှတ်ပြောနေရင် ဘူးယိုဆိုပြီး ရွံနေကြပေမယ့် စိတ်ထဲမှာတော့ အားကျနေတတ်ကြတာပါပဲ… တစ်ချို့များဆို ကိုယ်ကိုယ်တိုင်မပြောတတ်တာကိုသော်မှ အမျိုးထဲက တစ်ယောက်ယောက်ကများ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ပြောတတ်သူများရှိလျင် ဒို့ဘကြီးကများကွာ၊ ဒို့ညီမဝမ်းကွဲကများကွာ၊ ဒို့ဦးလေးကများကွာ အစချီပြီး မဟုတ် အဟုတ်လုပ်ပြီး ကြွားပြောတတ်ကြသေးတာလား…
အဲဒီတော့ ကမ္ဘာနဲ့ယှဉ်မပြောလိုဘူး၊ မြန်မာပြည်ကအကြောင်းပဲပြောလိုက်ကြရအောင်… ကျွန်တော်တို့ မြန်မာပြည်မှာ လက်လှမ်းမှီရာ မြန်မာမှုပြုထားတဲ့ ပညာရပ်ဆိုင်ရာစာအုပ်တွေ လွန်စွာနည်းပါးပါတယ်။ မရှိဘူးမဟုတ်လို့ မပြောပေမယ့် ရှိနေတာတွေကလဲ Up to date ဖြစ်မနေပါဘူး။ ဘာသာပြန်ကြပြီဆိုကတည်းက အရမ်းနာမည်ကျော်ကြားလူကြိုက်များနေတာလောက်တွေပဲ ဘာသာပြန်ထုတ်ဝေကြတာဆိုတော့ မြန်မာလို ဖတ်ရနိုင်တဲ့အချိန်ကျတော့ အတော်လေး ခေတ်အောက်နေပြီလို့ပဲ ပြောရမယ်။ သူများတွေ နောက်ထပ်နည်းပညာတွေကို စမ်းသပ်နေချိန်မှာ ကိုယ်ကနောက်ကျနေလေပြီ။ အဲလိုနဲ့ပဲ သေချာဆက်စပ်တွေးကြည့်ရင် အများကြီး မြင်လာပါလိမ့်မယ်။
ဒီလောက်နဲ့ ခဏရပ်ထားဦးမယ်… ပြောချင်တာတွေများနေသေးလို့
မောင့်ကျက်သရေ ဂီ့
December 20, 2012 at 7:49 am
ဘာသာစကားကို သင်ပါ…(သို့သော်ကိုးကွယ်ဖို့ မဟုတ်)
အထူးသဖြင့် အင်္ဂလိပ်စာ
အဲ့ဒါမှ အတတ်ပညာတတ်မယ်
ကျုပ်တော့ ဒီလိုပဲ မြင်တယ်…
အမှန်တကယ် တတ်ကျွမ်းမယ်ဆိုရင် အတတ်ပညာဘက် မလိုက်စားဖြစ်ခဲ့ရင်တောင်
အနည်းဆုံးတော့ ဘာသာပြန်ဆြာ ဖြစ်လာမယ် ဆိုတာပါပဲ။
ဘာသာစကား မတတ်ကျွမ်းဘဲ အတတ်ပညာဘက်လိုက်စားဖို့တော့ လောလောဆယ်
မဖြစ်နိုင်သေးပါ။ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ တိုင်းပြည်ကမှ မတိုးတက်တာ ..
(ဆိုလိုချင်တာ ခေတ်ပညာရပ် တော်တော်များများက မြန်မာ ဘာသာပြန်ထားတဲ့ resource
အတော်ကြီးနည်းပါးတာကလား..)
ဆိုတော့ အင်္ဂလိပ်စာ လိုကိုလိုအပ်ပါတယ်။ အတတ်ပညာနဲ့ တွဲနိုင်ရင်တော့ အကောင်းဆုံးပဲ…။
ကျုပ်တို့ အိုင်တီ နယ်ထဲမှာ ဒီကိစ္စက အတော်ကြီး စကားပြောတယ်ဗျ … အသစ်အသစ်တွေက
ခနတိုင်း ထွက်နေတာ … (ဂျပန်လိုတိုင်းပြည်မှာတောင် သိပ်သိသာတာရယ်)
သဂျီးတို့ဆီက အပျော့ထည်ရေးတဲ့ လန်းဂွေ့ တခုထွက်လိုက် …(ချက်ခြင်းက ဘာသာမပြန်နိုင်သေး
ဂျပန်မှာတောင်နော..) အင်္ဂလိပ်စာ ရသူနဲ့ မရသူ ဒါကို cope လုပ်နိုင်စွမ်းမှာ အပြတ်အသတ်ကို
ကွာတော့တာ …
ကျုပ်တို့ ဝန်ထမ်းသစ်တွေ နှစ်တိုင်း ခေါ်တယ် .. သိပ်သိသာတယ်။ ကျောင်းချင်းတူတူ same batch,
roll no. မကွာ, IQ မတိမ်းမယိမ်း အဲ … on the job training ရောက်ပဟေ့ ဆိုရင် reference အနေနဲ့
တူတူညီညီ ချပေးထားတဲ့ eBook တွေ ဖတ်ပြီး စမ်းကြတာချင်းအတူတူ (အားထုတ်မှု အတူတူ) ကို
English ကောင်းတာ မကောင်းတာအပေါ်မှာ ဘယ်သူက ဝေးဝေးပြေးနိုင်သလဲ ဆိုတဲ့ ရလာဒ်
ထွက်လာတော့ တာပါပဲ …။
ဆေးပညာမှာလည်း ဒီလိုပါပဲ အသစ်ထွက်တဲ့ ပိုကောင်းတဲ့ ပိုဘေးကင်းတဲ့ ဆေး next generation medicine
တွေ နဲ့ ကုထုံးတွေဟာ ထွက်ထွက်ခြင်းတော့ ကမာ္ဘသုံးစကားနဲ့ပဲလာမှာပါ… ။ဦးဆောင်သူ ဖြစ်ချင်ရင်
(သူများ ဖတ်ပြီး မိခင်ဘာသာ ဘာသာပြန်ပြီး) မှ ဖတ်ရ နားလည်ရ ကျင့်သုံးရတဲ့ follower မဖြစ်ချင်ရင်တော့
အင်္ဂလိပ်စာ တတ်ထားဖို့ ကောင်းထားဖို့ လိုပြန်ပါလိမ့်မယ်…။ ဒါဆို politics မှာရော? HRမှာရော ? Business
မှာရော ??
စစ်တမ်းတခုကပြောတယ် ကျုပ်တို့တိုင်းပြည်မှာ နိုင်ငံခြားဘာသာ လေ့လာမှုမှာ လူအရေအတွက်အရ
၁) အင်္ဂလိပ်
၂) တရုတ်
၃) ဂျပန်
၄) ကိုရီးယား
၅) ပြင်သစ် ပါတဲ့
အကြောင်းပြချက်တွေ ကတော့ အင်္ဂလိပ်က ကမာ္ဘသုံးစကားဖြစ်ပြီး ပြင်သစ်က သိပ်တိကျတဲ့ စာဖြစ်လို့
စစ်ပြေငြိမ်းစာချုပ်လို အလွန်အရေးကြီးတဲ့ စာချုပ်တွေ ချုပ်တဲ့ ..ဟင်းလျာ ချက်ပြုတ်နည်းအနှစ်ချုပ်တွေ
ရေးတဲ့ စာမျိုးဖြစ်လို့ပါ။ တရုတ်ကတော့ နီးစပ်လွန်းတာ ကပြားတွေများတာ ဘုံကျောင်းတွေ ရှိတာကြောင့်
လို့ ဆိုတယ်…။ ဂျပန်နဲ့ ကိုရီးယားကတော့ မြန်မာစာနဲ့ Grammar Pattern တူညီလေတော့
သင်လွယ် တတ်လွယ်သလို အနှီတိုင်းပြည်တွေ စီးပွားရေး ဖွံ့ဖြိုးလေတော့ သူတို့ ဘာသာတတ်တဲ့
နိုင်ငံခြားသား သူတို့ လုပ်ငန်းနဲ့ မြန်မာပြည် ထိစပ်တဲ့အခါ အလုပ်ရလွယ်တဲ့ အကြောင်းတွေပါတဲ့….။
ဆိုတော့ အနှီ ၅မျိုးထဲက တမျိုးမျိုး ကျွမ်းကျင်မယ်ဆိုရင် နောက်ကွယ်ကလည်း အတတ်ပညာတခုခုပါ
အားဖြည့်နိုင်မယ်ဆိုရင် အလုပ်ကောင်းကောင်းရ နိုင်သပေါ့ဗျာ …။
ဘာကြောင့် ညာကြောင့် ဘာဖြစ်ညာဖြစ် လို့တော့ လက်ညှိုးမထိုးချင်တော့ပါဘူး ….။
လက်တို့ချင်တာကတော့ ခုတလော ဧည့်အဝင်များသနော …
နောက်လည်း ထပ်တိုးလာဦးမှာပဲ ဟိုတယ်တွေလည်း ထပ်ဆောက်ကြမယ် တဲ့ …
အင်ဖော်မေးရှင်း ကို အော်..ဟုတ်လား ဒီတိုင်းထား … ဘာမှ စားရမှာမဟုတ်ဝူး…
အထက်က အသုံးများ နီးစပ် လန်းဂွေ့ ၅ခုထဲက တခုခုရယ်
tourism management ရယ် ကို သမိုင်း ရယ် သိထား တတ်ထားရင်
ရွှေဖြစ်မယ့် ကာလ ရောက်တော့မယ် မှတ်တာပဲဗျို့ …
အဲ့ဒါလေး
စကားမစပ် ပုံပြင်လေး တပုဒ်ပြောပြမယ်…။
ကြွက်သားအမိ တောင်ပေါ်တက်လာသတဲ့ …။ ကြောင်ကြီး (ကိုကိုကြောင်မဟုတ်) ကို တွေ့သတဲ့
ကြွက် အမေကြီးက ပုန်းကွယ်ပြီး ဝုတ်-ဝုတ် လို့ အော်သတဲ့ ..ခွေးဟ ဆိုပြီး ကြောင်ကြီး ထွက်ပြေးသွားသတဲ့
အဲ့သည့်မှာ ကြွက်အမေကြီးက ကြွက်သားလေးကိုပြောသတဲ့
တော်သေးဘီ
ခင်တဲ့
ဂီ
Novy
December 20, 2012 at 10:27 am
အလုပ်မှာ လုပ်ငန်းနဲပတ်သက်တဲ့ အတက်ပညာတွေ ကို နှစ်နဲ့ချီပြီးလုပ်ကိုင်လာရတော့
လုပ်ငန်းနဲ့ပတ်သက်ပြီး ဘာမှပြောစရာကို မလိုတော့ပါဘူး
ဒါပေမဲ့ သူဌေးက လူမျိုးခြား ဖြစ်နေလေတော့ သူဘာသာစကားကို
ကျွမ်းကျင်စွာ မပြောတက်လေရင်တော့ ရာထူးကြီးကြီးရဖို့ မမျော်လင့်ပါနဲ့တော့
အတတ်ပညာနဲ့ ဘာသာစကား ဘာကိုရွေးကြမလဲ
ဆိုတာလေက တိုက်ဆိုင်သွားလို့ပါ
အတက်ပညာတစ်ခုတက်ထားလျှင် ဘယ်တော့မှ ထမင်းမငတ်ပါ
အတက်ပညာနဲ့ သက်ဆိုင်ရာဘာသာစကားပါ ပြောနိုင်ပါက
ထမင်းမငတ်သည့် အပြင် ရာထူးကြီးကြီးပါရနိုင်သည်
ခိုင်ဇာ
December 20, 2012 at 10:36 am
အဲ ဟုတ်တယ်။ မနို ပြောတာ သဘောတူပါတယ်။
ရည်မှန်းချက်မြင့်ရင်တော့ နှစ်ခုလုံးက အရေးပါတယ်လို့ သဘောထားပါတယ်။ :harr:
မင်းနန္ဓာ
December 20, 2012 at 11:10 am
”ဘာဝါသနာပါလဲဆိုတော့ တော်တော်များများ ဘာဝါသနာပါမှန်းတောင် မသိကြဘူး ။ အဲဒီ့တော့ ဘာအလုပ်ကိုလုပ်ချင်တာလဲ ဆိုတော့လည်း မဖြေနိုင်ကြဘူး။ ”
အဲလို ဖြစ်အောင် လုပ်ထားတာ.. လုပ်ထားတာ… :528:
..ပညာရေးကို အခြေခံက စပြောင်းမှ ရမှာ… ဘွဲ့ရပေါက်စတွေ မူလတန်းပြ ဝင်လုပ်တဲ့ စနစ်က စပြောင်းပစ်မှရမှာ
ဦးကြောင်ကြီး
December 20, 2012 at 11:23 am
နှစ်ခုစလုံး တတ်ကျွမ်းဖို့ အချိန်မပေးနိုင် အချိန်မမှီတော့ရင် ကိုယ်သွားမည့်နိုင်ငံ သို့မဟုတ် လုပ်မည့်နေရာပေါ်မူတည် ရွေးချယ်ပါ။ အတတ်ပညာဆိုတာ နှစ်တိုနဲ့ သင်ယူလေ့လာနိုင်ပေမဲ့ ဘာသာစကားကတော့ နှစ်ရှည်အချိန်ယူရ၊ ပတ်ဝန်းကျင်ကောင်းရှိမှ ဖြစ်နိုင်တယ်။ သာမန်အားဖြင့်တော့ အတတ်ပညာသည် ဆူလွယ်နတ်လွယ် ထမင်းစားလက်မှတ် ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုက ကိုယ့်ပြည်တွင်းမှာ ခြင်္သေ့ဖြစ်နိုင်ပေမဲ့ အင်္ဂလိပ်စကားပြောနိုင်ငံတွေမှာဆိုရင် သာမန်လောက်သာ ဖြစ်နေတတ်တယ်။ အဲဒီတွေမှာဆိုရင် ကွန်ပြူတာ၊ စာရင်းကိုင်၊ သူနာပြုလို အတတ်ပညာ ပိုကောင်းတယ်။ အလုပ်မရတောင် သင်တန်းပြန်တက်တဲ့အခါ မပင်ပန်းဘူး။ ပြည်တွင်းမှာတော့ အတွေ့အကြုံအရ အင်္ဂလိပ်စာကျွမ်းကျင်မှုက တပန်းသာတယ်။ ကိုယ့်မြေကိုယ့်ရေမို့ အုပ်ချုပ်စီမံ၊ ဈေးကွက်အရောင်း၊ အတွင်းရေးမှူး၊ တိုးဂိုက် စတဲ့ ကိုယ်ပိုင်အရည်အသွေးနဲ့ လုပ်ရတဲ့အလုပ်တွေ အများဂျီးရှိတယ်။ အဲဒီမှာ ဘိုလို ဘွတ်ရွှတ်နိုင်ဖို့ လူဂျီးနဲ့ပြောတတ်ဆိုတတ် (အချို့လည်း ညုတတ်ဖို့) ပိုလိုတယ်။ အဲလို အရည်အချင်းနဲ့ ထိပ်ရောက်နေသူတွေ ပြည်တွင်းမှာ တပုံဂျီး..။ သူတို့တတွေ ပြည်ပရောက်ရင်ကြတော့ အိမ်ရှင်တွေနဲ့ ပြိုင်တိုးဖို့ ခက်သွားပြန်ရော…။
Novy
December 20, 2012 at 1:39 pm
လူဂျီးနဲ့ပြောတတ်ဆိုတတ် (အချို့လည်း ညုတတ်ဖို့) ပိုလိုတယ်။ အဲလို အရည်အချင်းနဲ့ ထိပ်ရောက်နေသူတွေ ပြည်တွင်းမှာ တပုံဂျီး..။
ဦးကြောင်.. ဒီအပေါ်ကစာပိုဒ်လေးကို ထောက်ခံချင်လို့ပါ :harr:
ကြည်ဆောင်း
December 20, 2012 at 11:46 am
ဘာသာစကားမှာ ကျွမ်းကျင်ရင် ဝါသနာပါတဲ့အတတ်ပညာတစ်ခု ကိုကောင်းကောင်းလေ့လာသင်ယူနိုင်မှာကတော့သေချာပါတယ်..
မြန်မာပြည်မှာတော့ ILBC , NIEC, etc…. အစရှိတဲ့ကျောင်းတွေမှာနေတဲ့ကလေးအများစုကတော့ဒီလိုလမ်းမျိုးကိုရောက်သွားနိုင်ပါတယ်..
ဒီအချက်ကိုကြည့်ရင် အစိုးရကျောင်းတွေမှာ သင်နေတဲ့စာသင်နည်းစနစ်က တစ်ခုခုလွဲချော်နေတယ်ဆိုတာ လူအများခံစားမိကြမှာပါ..
လွဲချော်နေတာကိုပြန်တည့်ပေးနိုင်ရင်တော့ နောင်လာမဲ့ကလေးများအတွက် အခွင့်အလမ်းတွေပိုများလာနိုင်ပါလိမ့်မယ်…
ဦးကြောင်ကြီး
December 20, 2012 at 11:54 am
ပုဂ္ဂလိကနဲ့ အစိုးရကျောင်း ဘယ်နိုင်ငံမှာမှ မတူနိုင်ပါဘူးဗျာ။ ယူကေမှာလည်း မတူ ယူအက်စမှာလည်းမတူ ဘယ်မှာမှမတူဘူး။ မတူလို့လည်း ကြေးဂျီးပေး အပြင်မှာထားကြတာပါ။ လုပ်ရမှာ အပြင်ကျောင်းတွေကို ပညာရေးစည်းကမ်းများ တကယ်လိုက်နာအောင် ကြပ်မပ်ပေးရမယ်။ အစိုးရကျောင်းတွေထဲကနေ အပြင်ကျောင်းတွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ ဒိတ်ဒိတ်ကြဲကျောင်းတွေ နိုင်ငံအနှံ့ ပျိုးထောင်ပေးရမယ်။ လက်တဆုပ်စာ ထိပ်တန်းအစိုးရကျောင်း အနည်းငယ်ရှိယုံနဲ့ မလုံလောက်ဘူး။ အခုတော့ အစိုးရကျောင်း ကောင်းတယ်ဆိုတာ လူဂျီး၊ သူဌေးသားသမီး တတ်နိုင်သူများလို့ နာမည်ကြီး အောင်ချက်ကောင်းတာ ဖြစ်နေတာပြင်ဖို့ လိုမယ်ထင်ပါတယ်။
အလင်းဆက်
December 20, 2012 at 8:39 pm
ဟုတ်ပါတယ် ။
ဟုတ်ပါတယ် ။
ဟုတ်ပါတယ် ။
မဟုတ်ပါဘူး
မဟုတ်ပါဘူး
မဟုတ်ပါဘူး
ကဲ..
ပြီးရော…
:kwi:
uncle gyi
December 21, 2012 at 9:49 am
greenroseရေ
အန်ကယ်ကြီးလည်းအင်္ဂလိပ်စာကြောက်တဲ့ညံ့တဲ့အထဲထိပ်ဆုံးကမဟုတ်တောင်
ထိပ်ဆုံးရဲ့နောက်နားလောက်ကကပ်လိုက်နေတဲ့သူပါ
အခုမြန်မာနိုင်ငံဖြစ်နေတာကgreenrose ပြောသလိုဆရာတွေကိုယ်တိုင်ကညံ့နေတာအမှန်
ဆရာတိုင်းတော့မဟုတ်ပါဖူးနော်
ဒါမေးဒါကျက်ဒါဖြေစံနစ်ကလည်းမပျောက်
ကျောင်းသားတွေကလည်းအသံထွက်တွေမမှန်
ခက်နေတာကဘယ်ကစပြင်မလဲကိုယ့်ပြည်တွင်းက
ဆရာကောင်းတွေရမှစမယ်ဆိုလည်းမျိုးဆက်တဆက်နောက်ကျသွားမယ်
အန်ကယ်မြင်တာကရောဂါသိပြီဆိုချက်ချင်းဆေးစကုရမှာသဘာဝပါ
နောက်မို့ဆိုနောက်ကျသွားပါမယ်ရောဂါပိုတိုးလာပါမယ်
နောက်ကျပြီးမကောင်းခဲ့တာကြာပါပြီ
ဒါကြောင့်အခုကစနိုင်ရင်အခုစပြီးပြင်ဖို့ရှိပါတယ်
ဒါတောင်နောက်၁ဝနှစ်လောက်နေမှကောင်းမွန်တဲ့မျိုးဆက်ကလေးတွေပေါက်ဖါွးလာဖို့ရှိပါကြောင်း
စကားမစပ်မောင်ဂီရဲ့တင်ပြချက်ကလေးတွေကအန်ကယ်ပြောတာထက်ပိုမိုညက်ညောမှုရှိပြီး
လက်ခံဖို့ပိုမိုရှိမယ်လို့ထင်မြင်ပါကြောင်း
Green Rose
December 21, 2012 at 5:36 pm
uncle gyi ရေ
ဟုတ်ကဲ့.. ဆရာတိုင်းတော့မညံ့ပါဘူး။ ဒါပေမယ့် ရာခိုင်နှုန်းတော်တော်များများက မတော်ကြပါဘူး။
****နောက် ၁ဝ နှစ်မှာ ကောင်းမွန်တဲ့ မျိုးဆက်ကလေးတွေပေါက်ဖွားဖို့အတွက် အခု ဘယ်သူတွေက သင်ကြားပေးကြမှာပါလဲ********
အဓိက ပြဿနာက ယခုလက်ရှိ သင်ကြားပေးနေတဲ့ ဆရာတွေ ကိုယ်တိုင်က (အားလုံးမဟုတ်ပါ) အင်္ဂလိပ်စာ အားနည်းတော့ အင်္ဂလိပ်လိုပြဌာန်းထားတဲ့ ဘာသာရပ်တွေကို သင်ပေးရာမှာ အခက်အခဲရှိနေတာပါ။ သူတို့ စာအုပ်ထဲက စာကြောင်းတွေကိုတော့ ဘာသာပြန်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အဲလိုဘာသာပြန်ရာမှာတောင် ရှေ့နောက် ညီညွတ်အောင် မပြန်ပေးပဲ ကျောင်းသားက ဘာကိုနားလည်ရမှန်းမသိအောင် ဘာသာပြန်ပေးနေကြတာပါ။ uncle gyi လည်း သိမှာပါ။ အင်္ဂလိပ်စာဟာ စာကြောင်းတွေကို တိုက်ရိုက်မြန်မာလိုပြန်တဲ့အခါ တစ်ခါတစ်ခါ မချောမွေ့တာတွေ ရှိပါတယ်။ ဒီနေ့ပဲ အဲလို တိုက်ရိုက်ဘာသာပြန်ပြီး အဓိပ်ပါယ် မဖေါ်တတ်ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ စာကြောင်းထဲပါသမျှ စကားလုံးတွေရဲ့ meaning ကိုသိပေမယ့် တိုက်ရိုက်ကြီးဘာသာပြန်ပြီး ဘာကိုဆိုလိုမှန်းမသိ ဖြစ်နေတာပါ။ အခုခလေးတွေမှာလည်း အဲလိုတွေ အများကြီးတွေ့နေရပါတယ်။
ထားပါ.. ဒီပို့စ်မှာ Green Rose ဆိုလိုချင်တာက အင်္ဂလိပ်ဘာသာကို လုံးဝမသင်ဖို့မဟုတ်ပါဘူး။ သပ်သပ်စီသွားစေချင်တာပါ။ ဘာသာရပ်တွေကို အင်္ဂလိပ်လိုသင်နေတဲ့အတွက် မတတ်ပဲ ကျောင်းပြီးသူတွေ တော်တော်များပါတယ်။ အင်္ဂလိပ်လိုသင်လို့ အင်္ဂလိပ်စာမှာ တတ်သလား ဆိုတော့လည်း မတတ်ပါဘူး။ ၂ မျိုးလုံး ဆုံးရှုံးတယ်လို့ သုံးသပ်မိလို့ပါ။
အရည်အချင်းမှီတဲ့ ဆရာတွေကလည်း လက်တစ်ဆုပ်စာပဲရှိပါတယ်။
ဘယ်လိုဆိုရင် Green Rose တို့ တိုင်းပြည်အတွက် အဆင်ပြေနိုင်မလဲလို့ Green Rose ဉာဏ်မှီသလောက် စဉ်းစားကြည့်တော့ အမြန်ဆုံးနည်းက လက်ရှိ ဘာသာရပ်ဆိုင်ရာ ပြဌာန်းစာအုပ်တွေကို တကယ်ကျွမ်းကျင်သူ (တကယ်ကျွမ်းကျင်သူလို့ ပြောပါတယ်နော်) တွေက ဘာသာပြန်၊ အဲဒါကိုမှ သင်ကြားပေးမယ့် ဆရာတွေကို ထပ်မံပြီး မွမ်းမံသင်ကြားပေး.. အဲဒီ့ဆရာတွေကမှ ကျောင်းသားတွေကို ပြန်သင်ပေးဆိုရင် အချိန်အတိုဆုံးနဲ့ အဆင်အပြေဆုံးဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ အင်္ဂလိပ်စာကိုလည်း ပူးတွဲဘာသာ အနေနဲ့ သီးသန့်ထပ်သင်မှာမို့ အဲဒီ့အတွက်လည်း ပူစရာမလိုဘူးလို့ ထင်ပါတယ်။
အဲ…. တစ်ခုတော့ ရှိတယ်နော်.. အင်္ဂလိပ်ဘာသာကိုတော့ အခြေခံပညာကျောင်းတွေမှာ အခု ပြဌာန်းထားတာထက် အဆင့်မြှင့်ရပါမယ်။ နောက် တက္ကသိုလ် အဆင့်တွေမှာလည်း မြှင့်ရပါမယ်။
ဒါဆိုရင် အတတ်ပညာပိုင်းမှာလည်း ပိုမိုသိမြင်၊ အင်္ဂလိပ်ဘာသာမှာလည်း ပိုမို ကျွမ်းကျင်လာပါလိမ့်မယ်။
သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးမှာ သက်ဆိုင်ရာ ဘာသာရပ်တွေကို သင်ယူပြီးတဲ့အချိန်၊ သင်ယူဆဲကာလ တွေမှာ ထပ်မံပြီးလေ့လာ ချင်သူတွေအနေနဲ့ကတော့ အင်္ဂလိပ်ဘာသာနဲ့ ထွက်ရှိထားတဲ့ (တခြားဘာသာတွေလည်း ပါကောင်းပါနိုင်ပါတယ်) ဘာသာရပ်ဆိုင်ရာ စာအုပ်တွေကို လေ့လာနိုင်မယ်လို့ထင်ပါတယ်။ အဲဒီ့အတွက်ကလည်း အင်္ဂလိပ်ဘာသာကို အရင်ထက် တဆင့်မြှင့်ပြီး သင်ကြားပေးပြီးသားမို့ ဘာသာရပ်ဆိုင်ရာ Dictionary တစ်အုပ်ကိုင်ပြီးလေ့လာရုံနဲ့ အဆင်ပြေနိုင်မှာပါ။
ဒီပုံစံက Green Rose သာကျောင်းသား ဆိုရင် ဘယ်လိုသင်ယူရရင် ပိုအဆင်ပြေမလဲ လို့ ကိုယ့်ကိုယ်ကို မေးကြည့်ပြီး ထွက်လာတဲ့ပုံစံပါ။
ပိုမိုတိုးတက်ချင်သူတွေလည်း အဆင်ပြေ၊ ဒီအတိုင်းနေချင်သူတွေလည်း ထိုက်သင့်တဲ့အရည်အချင်း ရှိနိုင်မယ့် စံနစ်လို့ ထင်ပါတယ်။
pazflor, mobile (mandalay), မောင်ပေ၊ ကိုပေါက် (မန္တလေး)၊ သူကြီး kai, ရွာသားအသစ်စက်စက်လေး၊ Novy, ဦးကြောင်ကြီး၊ ခိုင်ဇာ၊ မင်းနန္ဒာ၊ ကြည်ဆောင်း၊ အလင်းဆက်၊ အားလုံးပဲ ဝင်ရောက်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်။ Green Rose ရဲ့ ဒီပို့စ်မှာ ခေါင်းစဉ်ကို `အတတ်ပညာနဲ့ ဘာသာစကား ဘာကိုရွေးကြမလဲလို့´ ပေးထားပေမယ့် Green Rose ရဲ့ ဆိုလိုရင်းက တစ်ခုကို ရွေးပြီး တစ်ခုကိုပယ်ဖို့ မဟုတ်ပါဘူး။ တစ်ခုကို ဦးစားပေးစေချင်တာပါ။
မောင့်ကျက်သရေ ဂီ့ရေ uncle gyi ပြောသလိုပဲ ကိုဂီရဲ့ comment လေးက ပိုပြီးပြည့်စုံတယ်ဆိုတာ မှန်ပါတယ်။ လောလောဆယ်က ကိုဂီ့ရဲ့ တစ်ချို့သော အချက်အလက်တွေကို ပြန်လှန်ဆွေးနွေးဖို့ Green Rose ဘက်က အဆင်သင့်မဖြစ်သေးတာရယ်၊ နောက်ပြီး Green Rose ပြောချင်တာလေးတွေက တစ်ဦးချင်း၊ တစ်ယောက်ချင်းကို ပြန်လှန်ရှင်းပြနေတာမျိုးဆိုရင် တစ်စုတစ်စည်းတည်း မဖြစ်မှာစိုးလို့ ရယ် တစ်ပေါင်းတည်း စုပြီးရေးနေမိတာပါ။ ကိုဂီပြောတဲ့ နိုင်ငံခြားဘာသာစကားဆိုတာ သင် သင့်တယ် ဆိုတာကို လက်ခံပါတယ်။
အားလုံးဆက်လက် ဆွေးနွေးအဖြေရှာပေးကြပါဦး.. ဒီကိစ္စ၊ ဒီပညာရေးကိစ္စက Green Rose တို့ တိုင်းပြည်ရဲ့ အနာဂါတ်အတွက် အရေးကြီးပါတယ်။
လေးစားလျှက်
(Green Rose)
uncle gyi
December 21, 2012 at 10:50 pm
greenrose ရေ
နောက်၁ဝနှစ်မှာတော်တဲ့ကလေးတွေပေါ်လာဖို့အခုကတည်းကသင်ပေးမဲ့ဆရာကိုတွေးပူနေပုံ
ရတယ်ဟုတ်တယ်ဟုတ်မပုူပါနဲ့ကွယ်အခုဆရာတွေက
ဒီအတိုင်းနေချင်သူတွေလည်း
ဆိုတဲ့စကားတွေကြောင့်နေသာလို့နေနေသူတွေလို့မြင်ပါတယ်
မနေသာတဲ့အချိန်ရောက်ရင်သူတို့ကိုယ်တိုင်သူတို့အဆင့်မြှင့်လာပါလိမ့်မယ်
သိပြီးတဲ့သူတယောက်တကယ်လုပ်လာရင်၁နှစ်အလွန်ဆုံး၂နှစ်ပေါ့
အခုဖြစ်နေတာကဥပမာပေးရရင်
ဘိန်းစားဘိန်းဖြတ်တာကိုဥပမာပေးပါ့မယ်
ဘိန်းဖြတ်တာအစိမ်းဖြတ်ရင်လူနာခံရမယ်မြန်မယ်
မျှင်းဖြတ်ရင်လူနာသက်သာမယ်ကြာမယ်
မြန်မာမှာအခုဖြစ်နေတာကမတတ်လို့ကြောက်
ကြောက်လို့မလေ့လာ
မလေ့လာလို့မတတ်
မတတ်လို့ကြောက်နဲ့ချာလပတ်လည်နေတာ
အဲဒီအကြောက်သံသရာစက်ကွင်းကိုဘယ်လိုဖြတ်မလဲ
ကျွန်တော်တို့ပြည် သူများနိုင်ငံတွေနဲ့ယှဉ်ရင်ဘယ်အခြေအနေရှိတယ်ဆိုတာလုူတိုင်းအသိ
သူများနိုင်ငံတွေကိုဘယ်လိုမှီအောင်လိုက်မလဲ
ဖြည်းဖြည်းလိုက်မလားမြန်မြန်လို်က်မလာ
မြန်မြန်လိုက်ချင်တယ်ဆိုရင်ကျွန်တော်တို့ရအောင်ကြိုးစားရပါမယ်
အခုလူငယ်တွေကိုပြောတာနော်
ကျွန်တော်တို့လိုအန်ုးတိတ်တွေကိုပြောတာမဟုတ်ဖူး
padonmar
December 21, 2012 at 11:57 pm
နှင်းဆီစိမ်းလေးရေ
အန်တီကတော့ အရည်အချင်းမပြည့်တဲ့ (သင်ထားတာနဲ့ မဆီမဆိုင် ဘာသာတွေကို သင်နေရတဲ့) ဆရာဆရာမတွေကို
ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းတွေ၊ကလေးစိတ်ပညာတွေ၊ပြည်သူ့နီတိတွေ သင်ပေးစေချင်တာပါပဲ။
နောက်တစ်ခုက အလယ်တန်းအထက်တန်းဆရာများကိုလည်း ရူပဗေဒနဲ့ ဘွဲ့ရသူမှသာ ရူပဗေဒသင်ဆိုတာမျိုးဖြစ်စေချင်ပါတယ်။
ကျောင်းအုပ်တွေကိုလည်း PhD ရပြီးရော ပညာသင်ကြားရေးနဲ့ မဆိုင်ပဲ ကျောင်းအုပ်ခန့်တာတွေကလည်း ပညာရေးလောကကို ပိုပျက်စေသလိုပါပဲ။
အဲဒါက သင်ရိုးညွှန်းတန်းတွေ ပြင်ပြီး သစ်ပြီးရင်းသစ်သော ပညာရေးစနစ်သစ်နဲ့ နောက်ထပ် Guniea Pig လေးတွေ ထပ်မထွက် စေပဲ မြန်မြန်ကောင်းမယ်လို့ မြင်ပါတယ်။
Green Rose
December 28, 2012 at 5:16 pm
ဒေါ် padonmar ရေ
ဟုတ်ကဲ့ အဲဒီ့ လူမှန်၊ နေရာမှန် မရှိတာကလည်း တိုင်းပြည် တိုးတက်ရေးကို နှေးကွေးစေနိုင်တဲ့ အချက်ကြီးတစ်ခုပါ။
ပြည်သူ့နိတိတွေ ခလေးစိတ်ပညာတွေ လိုအပ်တာလည်း အမှန်ပါပဲ။ ဟင်… သက်ပြင်းချယုံမှလွဲ.. ဘာမှမတတ်နိုင်သလိုပါပဲ..
လေးစားလျှက်
(Green Rose)
လေးစားလျှက်
(Green Rose)
နေဝန်းနီ
December 22, 2012 at 2:02 pm
အတတ်ပညာနဲ့ ဘာသာစကားဆိုတာနောက်ထားလို့ ဘွဲ့လက်မှတ်နဲ့သင်တန်းဆင်လက်မှတ်ရှိရင် ဘာမှတတ်တတ်မတတ်တတ် အဆင်ပြေနေတဲ့ စနစ်ကိုတိုက်ဖျက်ပါဦး အဲဒိလိုကျင့်သုံးနေကြသ၍ စောစောကပြောတဲ့ပြဿနာက ရှိနေဦးမှာပဲ
uncle gyi
December 22, 2012 at 10:22 pm
ဒါပဲလေအန်တီpadonmaနဲ့ကိုနီပြောသလိုလိုအပ်ချက်တွေပြင်ပြီးသွားရင်
ကျန်တာတွေကကျွဲကူးရေပါဖြစ်သွားမှာပါကွယ်
Silver Twig
December 23, 2012 at 6:34 am
Do you know English native speakers are teaching at college/university/technical school in China.
Do you know you can watch a kid program of teaching English on Japanese box.
Do you know high school student in Philippine/Malaysia/Singapore/Indonesia can speak English.
Do you know West African are speaking English.
Do you know even stowaway (mostly African) can speak English
Have you suffered the pain treated by other nationalities (even in South East Asia), the impression of Burmese are poor in English.
Don’t let yourself and others to stay behind King Thibaw era if you want to move forward. Don’t be happy being a pig in a slop.
Behind picture perfect there is a hard work. You must think one day all Burmese are able to communicate with English Language (I mean international language).
I am sick of hearing egocentric slogan of “Burmese language is our language”.
Yes, we are Burmese but we can’t live alone.
ဝင့်ပြုံးမြင့်
December 23, 2012 at 2:28 pm
ပို့စ်ကော ကွန်မင့်တွေကော ဖတ်လို့ကောင်းလိုက်တာ။
greenrose ရေ – အင်္ဂလိပ်စာက နေမဝင်အင်ပါယာ ဖြစ်နေတော့ လက်သင့်မခံချင်လည်း လက်ခံရတော့တယ်။ လက်ဦးဆုံး ဖြစ်နိုင်တာလေးကို စဉ်းစားရင် သင်ရိုးပြောင်းသင့်တယ်ပဲ ထင်ပါတယ်။ တခြားဘာသာတွေကိုထား၊ အင်္ဂလိပ်စာသင်ရိုးကို ပြောင်းကိုပြောင်းသင့်ပြီ။ အတတ်ပညာဆိုင်ရာဘာသာရပ်တွေကို မြန်မာလိုပြောင်းတာထက် အင်္ဂလိပ်စာသင်ရိုးလေးကိုပြောင်းတာ ပိုဖြစ်နိုင်ချေရှိပါတယ်။ မြန်မာဝေါဟာရတွေ ချဲ့ထွင်ဖို့ဆိုတာ သိပ်မလွယ်ဘူးထင်ပါတယ် greenrose ရေ။ ခုသင်နေတဲ့ အင်္ဂလိပ်စာ ( အမှိုက်တွေ) က ကလေးတွေကို မလေးစားရာကျတဲ့အထိ ညံ့ဖျင်းနေတယ်။ သင်ရိုးပြောင်းမယ်ဆိုရင် ဆရာဆရာမတွေလည်း လိုက်သင်ပေးနိုင် မှာပါ။
ကလေးတွေ ဦးနှောက်မပင်ပန်းဘဲ လွယ်လွယ်တတ်သွားစေတဲ့နည်း တကယ်ရှိပါတယ်။ နည်းစနစ်မမှန်ရင် ဘယ်လောက်ကြိုးစားကြိုးစား အလကားနီးနီးပါပဲ။
Green Rose
December 28, 2012 at 5:28 pm
ဟုတ်ကဲ့ အစ်မရေ….
Green Rose လိုချင်တာလည်း အဲဒါပါပဲ။ ကောင်းသွားဖို့ တတ်သွားဖို့ အဓိကပါ။
အဲဒါဆိုရင် အင်္ဂလိပ်စာ သင်ရိုးညွှန်းတမ်းတွေကို ပြောင်းသင့်တယ်ဆိုတဲ့ အဖြေတစ်ခု ရခဲ့ပါပြီ။ ဘယ်လိုပြောင်းကြမလဲ ဆိုတာပါ တစ်ဆက်တည်း စဉ်းစားကြည့်ကြမလားဟင်… :kwi:
Green Rose အမြင်တော့ အစ်မပြောတဲ့ ခလေးတွေ မပင်ပန်းဘဲ လွယ်လွယ်တတ်သွားစေတဲ့ နည်းဆိုတာ တချို့ private school တွေမှာ သင်တဲ့နည်းမျိုးတွေများလားဟင်…
အမှန်ဆိုရင် ပိုကောင်းတဲ့ နည်းတွေရှိမှန်းသိနေကြရဲ့နဲ့ ခလေးတွေအတွက် နည်းနည်းလေးမှ အင်အားမစိုက်ထုတ်ချင်ကြတာနော်… အသိသာကြီးပါ.. ဟိုကျောင်းကခလေးနဲ့ ဒီကျောင်းကခလေး တတ်မြောက်ပုံချင်း မတူတာကို လူတိုင်းသိနေကြတာနော်… နည်းနည်းလေးတောင်မှ သင်ကြားပုံ စံနစ်ကို upgrade မလုပ်ချင်ကြဘူး.. ဆရာ၊ ဆရာမတွေကို ငပျင်းတွေလို့ စွပ်စွဲမိတော့မယ် အမှန်ဆို လက်ရှိသင်ရိုးညွှန်းတမ်းကိုပဲ ကြေညက်အောင်၊ အဲဒီ့ကတစ်ဆင့် ပြင်ပဗဟုသုတတွေနဲ့ ပေါင်းစပ်ပြီး ခလေးတွေ စိတ်ဝင်စားလာအောင် သင်ပေးကြရင်တောင် ဒီခလေးတွေ ဒီလောက်မညံ့ဘူး..
လေးစားလျှက်
(Green Rose)
လုံမလေးမွန်မွန်
December 23, 2012 at 3:03 pm
green rose ရေ..
လုံမလည်း အဲ့အကြောင်းကို စဉ်းစားဖူးပါရဲ့…
ကိုးတန်း ဆယ်တန်းရောက်လာတော့ တစ်ချို့သော physics, chemistry, bio ထဲက စာတွေဟာ အလယ်တန်းတုန်းက သိပ္ပံသင်ခန်းစာတွေကို အင်္ဂလိပ်လို ပြန်သင်နေရမှန်း သိလာတယ်…
အထူးသဖြင့် ဓာတ်ထုတ်ဖော်ပုံတွေ ဘာတွေပေါ့…အဲဒီအချိန်တုန်းက စဉ်းစားမိတယ်.. ဒီစာတွေကို အလယ်တန်းတုန်းကသာ အမှန်တကယ် လက်တွေ့လုပ်ပြီးသင်ခဲ့ရရင် တတ်သွားမယ့်ကိစ္စကို…အခုတော့ ဒီမတတ်သေးတာတွေကိုပဲ အင်္ဂလိပ်ကို ပြန်သင်ရတာ ဘာသဘောလဲ ဆိုပြီးတော့…
ပြီးတော့ သင်တဲ့နေရာကို ကြည့်တော့လည်း သင်ရိုးစာအုပ်ကိုကိုင်ပြီး သင်တဲ့ဆရာ တော်တော်နည်းပါတယ်.. သဘောတရားတွေကို ရှင်းပြပြီး အရေးကြီးတယ်ထင်တဲ့ မှတ်စုတွေကို ထုတ်ပေးတယ်…
တကယ်တမ်းကျတော့ သင်ရိုးတွေမှာပါတဲ့ အင်္ဂလိပ်စာက လုံးဝမခက်ပါဘူး..ရိုးရှင်းတဲ့ ဝါကျတည်ဆောက်ပုံတွေနဲ့ ရေးထားတာပါ.. ဘာသာရပ်ဆိုင်ရာအခေါ်အဝေါ်တွေလောက်ကိုပဲ မှတ်ရတာရှိတာ…ဆိုတော့.. လုံမကတော့ အင်္ဂလိပ်လိုသင်တာကို မကန့်ကွက်ပါဘူး… တစ်ခါတစ်လေဆို အဲ့ဒီထဲက ဝါကျတည်ဆောက်ပုံတွေကို essay, letter တွေထဲမှာထည့်ရေးဖို့ မှတ်ထားမိသေးတယ်..
ဒါပေမယ့် ပြဿနာက ဘာလဲဆိုတော့ ကျောင်းသားတွေက အဲဒီလိုရိုးရှင်းတဲ့ အင်္ဂလိပ်စာကို ဖတ်နိုင်လောက်အောင် အခြေခံမကောင်းခဲ့တာပဲ…
အင်္ဂလိပ်စာ သင်ကြားရေးပိုင်းမှာ လွဲနေတယ်ထင်တာပဲ…ဒါနဲ့ အတန်းလိုက်သင်လာခဲ့ရတဲ့ အင်္ဂလိပ်စာသင်ရိုးစာအုပ်တွေ ပြန်ကြည့်လိုက်တဲ့အခါကျတော့ သင်ရိုးက မနိမ့်ဘူးဆိုတာ တွေ့မိတယ်..(ကိုယ့်ဘာသာကို တွေ့တာပါ.. 🙂 ) ဆယ်တန်းပြီးလို့ အင်္ဂလိပ်စာသင်တန်းမှာသင်ရတဲ့ စာအဆင့်တွေကို (spoken English လိုမျိုးတွေကို) ကိုးတန်း ဆယ်တန်း သင်ရိုးစာတွေမှာ သွားတွေ့တယ်… အရမ်းနှမြောမိတာပဲ..ငါတို့တုန်းက ဒါတွေကို အသေအချာသင်ခဲ့ တတ်ခဲ့ရင်.. ဒီအချိန်မှာ အင်္ဂလိပ်စာကို တော်တော်လေး ပြောနိုင်၊ ရေးနိုင် ဖြစ်နေလောက်ပြီလို့…
ပြီးတော့..ဒီခေတ်ကလေးတွေ မညံ့ကြပါဘူး.. ပြောကြတာကြားဖူးတယ်.. ကလေးတွေက တဖြည်းဖြည်းနဲ့ ပိုညံ့လာကြသလိုပဲတဲ့.. သူတို့ရဲ့ ပင်ကိုက မညံ့ပါဘူး.. သူတို့ကို တွေးတတ်၊ ခေါ်တတ်အောင်.. thinking level မြင့်အောင်.. လေ့ကျင့်မပေးခဲ့ကြလို့ပါ…
ပြီးတော့ လုံမတို့ အခု business law ကို သင်နေတယ်ပေါ့.. လုံမလည်း အစက စဉ်းစားမိတယ်… မြန်မာလိုရေးပြီး ပြဌာန်းထားတဲ့ ဥပဒေကို ဘာလို့ အင်္ဂလိပ်လို ဘာသာပြန်ပြီး သင်ရတာလဲဆိုပြီးတော့… မြန်မာလိုနားလည်ဖို့ပဲ အရေးကြီးတာမဟုတ်ဘူးလားလို့…
အဲဒီမှာ investment law ကို သင်ရင်းနဲ့ ဆရာမတစ်ယောက်ကပြောတယ်… ဒီဥပဒေတွေကို ကိုယ်တိုင်လည်း မြန်မာလို နားလည်နေရမှာဖြစ်သလို.. နိုင်ငံခြားက invest လာလုပ်မယ့် နိုင်ငံခြားသားတွေကို အင်္ဂလိပ်လိုပြောဖို့ရာအတွက်လည်း သိထားရမယ်ဆိုပြီး သင်တာပါတဲ့…တစ်ခါတစ်လေကျတော့လည်း တစ်ချို့သောအခေါ်အဝေါ်တွေက မြန်မာမှုပြုရင် ပိုရှုပ်သွားသလိုပဲ…
ပြောချင်တာတွေကတော့ အများကြီးပါပဲ..ကွန်မန့်က ရှည်သွားပြီထင်တယ်..အနှစ်ချုပ်ရင်တော့ ဘာသာရပ်ပိုင်းဆိုင်ရာတွေကို အင်္ဂလိပ်လိုသင်တာ ကောင်းတဲ့အကြောင်းနဲ့.. အဲ့ဒီလိုသင်ဖို့ အင်္ဂလိပ်စာအခြေခံကောင်းအောင် ဘာသာစကားပိုင်းမှာ သင်ကြားရေးစနစ်ကို ပြောင်းသင့်ပါကြောင်း..
ခင်တဲ့
လုံမလေး
အရီးခင်လတ်
December 28, 2012 at 6:48 pm
သမီး ရေ
ကကြောင်ကြီး နဲ့ လုံမ ပြောထားတာတွေ က အရီးနဲ့ သဘောချင်းတိုက်ဆိုင်ပါတယ်။
“သားရွှေအိုးထမ်း လာတာကို မြင်ချင်ပါတယ်” ဆိုတဲ့ ဒုကူလ နှင့် ပါရိက ရသေ့မောင်နှံ က သားလေး သုဝဏ္ဏသာမ အတွက် သစ္စာပြု ဆုတောင်း လိုဘဲ ဖြစ်နိုင်မယ် ဆိုရင်တော့
အတတ်ပညာ ရော၊ သူနဲ့ သက်ဆိုင်ရာ နည်းပညာ ဘာသာစကား ပါ ကျွမ်းကျင်ဖို့ ကောင်းတာပါဘဲ။
ရိုးရိုးတမ်းတမ်း လူကြားမှာ ပြောဆိုမဲ့ ဘာသာစကား ဆိုတာ ကိုယ့်ကိုယ်တိုင် ကြိုးစားမလေ့လာဘဲ သူများ အားကိုး နဲ့ တော့ ဘယ်လိုမှ မကျွမ်းကျင်နိုင်ပါဘူး။
ကိုယ့် ဘယ်လောက်တတ်ချင်လဲ ဆိုတဲ့ စိတ်ဆန္ဒ နဲ့ စိတ်ပါဝင်စားမှု အပေါ်မှာဘဲ တည် တာသေချာပါတယ်။