ချောင်းသာ ကမ်းခြေ အမှတ်တရ

ဆူးDecember 20, 20121min123769

၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၁ရက်မှာ ရနှစ်တာ ချစ်သက်တမ်း ကြာအောင် အခက်အခဲတွေ အမျိုးစုံစွာဖြင့် ကျော်ဖြတ်ပြီး နောက်မှာတော့ ချစ်တဲ့ ကိုကို နဲ့ ဆူး မင်္ဂလာဆောင် အခမ်းအနား ကျင်းပပြုလုပ်ပြီး ဟန်းနီးမွမ်းကို သာသာယာယာလှတဲ့ မြန်မာနိုင်ငံရဲ့ ကမ်းခြေ တခုတည်းက ရန်ကုန်နဲ့ နီးပြီး သွားရေးလာရေး လမ်းသာတဲ့ ချောင်းသာ ကမ်းခြေ ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ တန်ဆောင်တိုင် ကျောင်းပိတ်ရက် ကာလ ဖြစ်သည့် အားလျှော်စွာ ခရီးထွက်သူများ များပြားနေသည့် အတွက် တန်ဆောင်တိုင် လပြည့် ၂၈ ရက်နေ့ အထိ ဟိုတယ် ဘိုကင်တွေ ပြည့်ကျပ်နေသည့် အတွက် ၂၉ရက်နေ့ညနှင့် ၃ဝရက်နေ့ည များကို ချောင်းသာရှိ ကမ်းခြေများထဲမှ သန့်ပြန့်မှု ပစ္စည်းများ လုံခြုံစိတ်ချရမှု နဲ့ မနက်စာ ကောင်းတဲ့ ဟိုတယ် ဖြစ်တဲ့ Max မှာ ၂ည တာ အခန်း ရသည့် အတွက် ၂၈ရက်ည မှာထွက်သည့် ကားလက်မှတ် အသွားအပြန် ဖြတ်ပြီးနှင့် ချောင်းသာ ကမ်းခြေ ဆီ သို့ အထုတ်အပိုးပြင်ဆင်ပြီး ဟန်းနီးမွမ်း ခရီးစဉ် စတင် ထွက်ခွာလာခဲ့ကြပါတယ်။ အသက် ၂၉နှစ် မွေးနေ့ကလည်း ဟန်းနီးမွမ်း ထွက်တဲ့ ရက်နဲ့ တိုင်ဆိုင်နေတော့ ဘဝ ရဲ့ အမှတ်တရတွေ ပေါင်းဆုံနေလိမ့်မယ်လို့ ကြိုတွေးမိနေပါတယ်။ ဆူး ကတော့ ချောင်းသာ ကို တကြိမ်မှ မရောက်ဖူးသေးပါဘူး။ ကိုကို ကတော့ ချောင်းသာ ကို သူငယ်ချင်းများနှင့် ကော အလုပ်က အဖွဲ့တွေနဲ့ကော အကြိမ်ကြိမ် ရောက်ဖူးပြီးသာမို့ ဒီခရီးစဉ်မှာတော့ အစစ အရာရာ ကိုကို ရဲ့ ဦးဆောင်မှု နဲ့ သွားခဲ့ကြတာ ဆိုပါတော့။ ကိုကို ကတော့ သူ့ ခြေရာတွေ ချောင်းသာမှာ အများကြီးရှိဖူးတာမို့ ချောင်းသာ ရောက်ရင် သူနင်းခဲ့တဲ့  ခြေရာဟောင်းတွေတောင် တွေ့ချင်တွေ့အုန်းမှာ ဆိုပြီး ကြွားဝါသလိုလို နဲ့ နောက်ပြောင် ပြောပါသေးတယ်။ ဘာပဲ ဖြစ်ဖြစ် ကိုကို နဲ့ တူတူ ဟန်းနီးမွမ်း ထွက်တာလည်းဖြစ်တယ် ပထမဆုံး အကြိမ် ရောက်ဖူးတဲ့ ခရီးလည်း ဖြစ်တော့ ဆူး အတွက်တော့ အလွန်ပျော်ဖို့ ကောင်းပြီး အသစ် အသစ်တွေ ကြားထဲမှာ အမြင်ဆန်းတဲ့ ခရီးစဉ် ဖြစ်လိမ့်မယ်လို့ ကြိုတွေးထားပြီးသား ဖြစ်ပါတယ်။

 

ည ၉ခွဲမှာ ဆုံရပ် တွေထဲက အနီးဆုံးဖြစ်တဲ့ မြေနီကုန်း ဒဂုံစန်တာ ၂ ရှေ့မှာ လင်မယား ၂ယောက် စကားတပြောပြောနဲ့ စောင့်ဆိုင်းနေခဲ့ပါတယ်။ ကားကတော့ ၉ခွဲ ရောက်မည် ပြောသော်လည်း ၁ဝနာရီ ထိုးမှ ရောက်လာပြီး အခြားအခြားသော ဆုံရပ်များ ကို လိုက်လံ ခေါ်ဆောင်ပြီး ရန်ကုန်မြို့ထဲမှ ည ၁၁နာရီခွဲမှ ထွက်ခွာ ဖြစ်ပါတယ်။ ရန်ကုန်မှ ချောင်းသာ အထိ သွားတဲ့ ခရီး တလျှောက်မှာတော့ ညောင်တုန်းမှာ ခဏတာ လက်ဖက်ရည်သောက် အပေါ့အပါး အညောင်းပြေ ခေတ္တရပ်နားပြီး ပုသိမ် မြို့ အစပ် ချောင်းသာ လမ်းခွဲ မရောက်ခင်မှာ အပေါ့အပါး သွားရန် အတွက် ထပ်ပြီး ဒုတိယ အကြိမ် ရပ်နားပါတယ်။ ချောင်းသာ ကမ်းခြေ ကို မနက် ၄ခွဲလောက် ရောက်ရှိပြီး ၅နာရီမှာ တည်းခိုတဲ့ ဟိုတယ်ကို ရောက်ရှိခဲ့ပါတယ်။ ဟိုတယ် Check In Time နေ့လည် ၂နာရီလို့ ဆိုင်းဘုတ် ထောင်ထားတဲ့ အတွက် အလွန်ပင် စိတ်ပျက်သွားသော်လည်း ဟိုတယ် ဝန်ထမ်းများ၏ သဘောကောင်းမှုကြောင့် လို့ပဲ ပြောရလေမလား သို့မဟုတ် ပျော်ရွင်တက်ကြွစွာ ဟန်းနီးမွမ်း ထွက်လာတဲ့ စုံတွဲလေး ကို ကြည့်ပြီး သဘောကျလို့ လေလား.. ဘာပဲဖြစ်ဖြစ် အကောင်းဘက်မှာရှိခဲ့ပါတယ်။ ဘိုကင်ချိတ်ပြီး ရထားတဲ့ အခန်းက မနက် ၈ခွဲ ထွက်မှာမို့ ၉နာရီတော့ အခန်းထဲ ဝင်လို့ ရပါမယ် ဆိုတာ သိရတဲ့ အတွက် ဝမ်းသာ သွားမိပါတယ်။ သို့သော် မနက် ၅နာရီ ကနေ ၉နာရီ အထိ ကြားထဲမှာ ပိုနေတဲ့ အချိန်တွေ အလကား ငုတ်တုတ် ထိုင်ပြီး မကုန်ဆုံးချင်တာနဲ့ ဟိုတယ် က အိမ်သာ ထဲမှာ မျက်နှာသစ် သွားတိုက် အလှပြင်ဆင် အဝတ်လဲပြီး မနက်စာစား ဟိုတယ် အပြင်မှာ ထွက်စားလိုက်ပါတယ်။

 

မနက်စာ စားပြီးချိန်မှာတော့ ၆နာရီကျော်ကျော်လေး မို့.. မထူးပါဘူးကွယ် ကိုယ်တို သဲဖြူကျွန်း မှာ ငါးသေးသေးလေးတွေ လှလှတယ် သွားကြည့်ကြမလား လို့ ကိုကို က မေးတယ်။ ဆူး ကလည်း ဒီခရီးစဉ် ကိုကို ဦးဆောင်တာမို့ ကိုကို ဆန္ဒ ရှိတဲ့ နေရာ လိုက်ယုံပဲပေါ့လို့ ပြောပြီး သဲဖြူကျွန်းသွားတဲ့ စက်လှေ ထွက်မထွက် ဟိုတယ်မှာ ပြန်စုံစမ်းလိုက်ပါတယ်။ ဟိုတယ် ဝန်ထမ်းက ဒီအချိန်လောက်ဆို ရပြီ ဆိုတော့ ဝမ်းသာ အားရနှင့် ဟိုတယ်မှာ အဝတ်အိတ်နဲ့ ပိုက်ဆံအိတ်အပ်ထားပြီး စက်လှေခ အသွားအပြန် လောက်ပဲ ယူပြီး သဲဖြူကျွန်း ကို စက်လှေခ တထောင်ပေးပြီး ထွက်ခွာလာခဲ့ပါတယ်။ ချောင်းသာ မသွားခင် ကတည်းက ကိုကိုက သတိပေးထားပါတယ် ချောင်းသာသွားရင် လက်ဝတ်လက်စားတွေ ဝတ်မသွားနဲ့ ရေ အရှိန်နဲ့ အကုန်လုံးကျွတ်ထွက်ကုန်လိမ့်မယ်။ ရေကူးရင်တောင် အခန့်မသင့်ရင် ရေလှိုင်းပုတ်တာနဲ့ ဘောင်းဘီ ကျွတ်ထွက်နိုင်တာမို့ အသားကပ် ကိုယ်ကြပ်လေး ဝတ်ပြီးမှ ရေထဲ ဆင်းတာ ပိုကောင်းလိမ့်မယ်။ တခြား လူတွေ ခဏခဏ ရေထဲမှာ လက်စွပ်ကျွတ်လို့ လက်ကောက်ကျွတ်လို့ ဆိုပြီး ကြားနေရတယ် တတ်နိုင်ရင် လုံးဝ ဝတ်မသွားပါနဲ့ ရန်ကုန်ရောက်မှ ပြန်ဝတ်ပေါ့ ဆိုပြီး ပြောထားတဲ့ အတွက် လက်ဝတ်လက်စား လုံးဝ ဝတ်မသွားပဲ သွားခဲ့ပါတယ်။ သဲဖြူကျွန်း မှာ Life Jacket ဝတ်ပြီးတော့ ကျောက်ဆောင်တွေ ကြားထဲမှာ ကူးခတ်နေတဲ့ အရောင်စုံစွာ လှပ့ါနေတဲ့ ငါးသေးသေးလေးတွေ ကို ရေငုတ်ရင်းကြည့်ခဲ့ပါတယ်။ အရောင်အသွေးစုံပြီး ပုံစံအစုံ ဒီဇိုင်းအစုံ ဖြစ်နေတဲ့ ငါးကလေးတွေကိုလည်း ကြည့်ရင်းနဲ့ ကြမ်းပြင်မှာ ကျောက်ဆောင်တွေ ထိုးထွက်နေတာဖြစ်တဲ့ အတွက် သတိနဲ့ နေရပါတယ်။ ကိုကို ကတော့ ရေကောင်းကောင်း ကူး တတ်တဲ့ အတွက် ပြသနာ မရှိပေမဲ့ ဆူး က ရေမကူးတတ်တဲ့ အတွက် လှိုင်းနဲ့ ပါပါသွားလို့ ကိုကို က သူရှိနေတဲ့ အနားကို ဆွဲဆွဲ ခေါ်သွားရပါတယ်။အသက်ကယ် အကျီကို ရေမကူးတတ်တဲ့ လူ ဝတ်တဲ့ အတွက်ကြောင့်လေလားတော့မသိဘူး.. ရေထဲမှာ ရှိနေရင် ရေပေါ်မှာ ပေါ်နေပေမဲ့ ရေထဲမှာ ဟိုကူး ဒီကူးနဲ့ ဘယ်မှ အရွေ့ပဲ လှိုင်းဆွဲရာ ပါသွားတတ်ပါသေးတယ်။ ရေထဲမှာ ငါးတွေ ကြည့်ပြီး နောက်မှာတော့ သဲဖြူကျွန်းကနေ စက်လှေ စီးပြီး ပြန်လာခဲ့ကြပါတယ်။

 

စက်လှေက ဆင်းဆင်းခြင်း ရေကူးထားလို့ မောမော နဲ့ လမ်းလျှောက်နေရင်း အဆင်သင့်လှစွာ တွေ့ရှိတာကတော့ ပုဇွန်ကင် သည်ပါပဲ.. ပုဇွန်ကင် အနံ့လေး မွေးနေတာနဲ့ စားချင်စိတ်တွေ တဖွားဖွား ပေါ်လာတော့ ဘယ်လောက်လဲ မေးတော့ အကောင်သေး က ၁၀ဝ အကောင်ကြီး ၂၀ဝ တဲ့.. အကောင်သေး ကတော့ လက်သန်း ထက်တော့ နည်းနည်း ပိုကြီးတယ်.. အကောင်ကြီးကတော့ လက်ညိုး အရွယ်လောက်တော့ ရှိမယ် ထင်တယ်။ လက်ထဲမှာ ကျန်ရှိတဲ့ အကြွေ အနည်းငယ်နဲ့ ပုဇွန်ကင် ဝယ်စားပြီး ဟိုတယ် ပြန်လာလိုက်ကြပါတယ်။ ဟိုတယ်မှာ အပ်ထားတဲ့ အထုတ်တွေနဲ့ ပိုက်ဆံအိတ်ပြန် တောင်းပြီး စိုနေတဲ့ အဝတ်တွေနဲ့ အကျီ အသစ်တွေ နဲ့ လဲပြီးချိန်မှာ မနက် ၉နာရီ ထိုးဖို့ လိုနေသေးတဲ့ အတွက် မထူးဘူး ဆိုပြီး ဆိုင်ကယ် ကယ်ရီ သမားဆီမှ ဆိုင်ကယ် ၁နာရီ ၃၀၀ဝကျပ် နဲ့ ငှားပြီး ကျောက်မောင်နှမ ဆီ ကို ထွက်လာခဲ့လိုက်ကြပါတယ်။ သဲသောင်ပြင်ခြင်း ဆက်စပ်နေပေမဲ့ တချို့နေရာတွေမှာ ကျောက်ဆောင်တွေ ရှိတဲ့ အတွက် သဲသောင်လမ်းက သွားတာ မဟုတ်ပဲ အတွင်းဘက်မှနေပြီး ဆိုင်ကယ်နဲ့ မောင်းနှင် လာခဲ့ပါတယ်။ အတွင်းလမ်းဘက်မှာတော့ ပင်လယ်ကမ်းစပ် ဖြစ်တဲ့ အတွက် ပေါပေါများများ ပေါက်ရောက်နေတဲ့ အုန်းပင်တန်းတွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင် နဲ့ လှနေတာကလည်း သဘာဝရဲ့ အဖိုးမဖြတ်နိုင်တဲ့ အလှတမျိုးပါပဲ။ ရန်ကုန်သူ ဖြစ်တဲ့ အလျှောက် ရန်ကုန်မြို့မှာ ဆိုင်ကယ် စီးခွင့် မရှိတဲ့ အတွက် ဆိုင်ကယ် အနောက်မှာ ထိုင်စီးပြီး သွားလာခြင်း ကတော့ ဆူး အတွက် အတွေ့အကြုံ သိပ်မရှိလှပါဘူး။ ဆိုင်ကယ်နောက်မှာ ထိုင်စီးရင်း ပြုတ်ကျ ကျန်ခဲ့မှာလည်း ကြောက်ပါတယ်.. ဂမူ နဲ့ အဖုအထစ်လေးတွေနဲ့ ကြုံတဲ့အခါ ခုန်ပေါက် ခုန်ပေါက်နဲ့ သွားနေတဲ့ ဆိုင်ကယ်နောက်မှာ ထိုင်ရတာ ကြောက်စိတ်ရှိပေမဲ့ မရောက်ဖူးတဲ့ နေရာ ဒီလို သွားရင် အဆင်ပြေတယ် ဆိုတာ သိထားတဲ့ အတွက် ဒီလိုပဲ သွားရမယ် ဆိုတဲ့ စိတ်နဲ့ ကိုကို ခါး ကို တင်းတင်းဖက်ပြီး ကျောက်မောင်နှမ ကျောက်ဆောင်တွေ ရှိရာ အရပ် ကို သွားခဲ့ပါတယ်။ ကျောက်မောင်နှမ ရောက်တော့ ဆိုင်ကယ် ရပ်ခ ၂၀ဝ ပေးပါဆိုတဲ့ ထန်းရည် ဆိုင်မှာ ဆိုင်ကယ် အပ်ပြီးတော့ ကျောက်မောင်နှမ အရုပ်တွေ ရှိတဲ့ အရပ်မှာ ဓါတ်ပုံတွေလည်း ရိုက်ပါသေးတယ်။ သဲသောင်ပြင်မှာ ရှိတဲ့ ခရုလေးတွေ ကြည့်ပြီး တဝုန်းဝုန်း နဲ့ ကျောက်ဆောင်ပေါ် တက်စောင့်နေတဲ့ ရေလှိုင်းလေးတွေနဲ့ အတူ ပါလာတဲ့ ငါးပိစိ သေးသေးကွေးကွေးလေးတွေ ကျောက်ဆောင် ကြားမှာ ချိုင့်ခွက်ဖြစ်ပြီး ရေအိုင်တွေ လိုဖြစ်နေတဲ့နေရာမှာ ပိတ်မိနေကြတဲ့ ငါးကလေးတွေ ကို နာမည် မသိပေမဲ့ ထိုင်ကြည့်ပြီး ဆော့ခဲ့ပါသေးတယ်။ ၁နာရီ ဆိုပြီး ငှားခဲ့တဲ့ အတွက် အချိန်ကြာကြာ လင့်အောင် မနေပဲ လာ လမ်း အတိုင်းပြန်လာပြီး ဟိုတယ် ကို ပြန်ခဲ့ပါတယ်။ ဟိုတယ် ပြန်ရောက်ချိန် ၉ခွဲလောက် ဖြစ်နေပြီ ဖြစ်တဲ့ အတွက် အခန်းလည်းရသွားပြီ ဖြစ်ပါတယ်။ အခန်းထဲမှာ ခဏတာ နားနားနေနေ အနားယူပြီး နေ့လည်စာ အတွက် အပြင်ပြန်ထွက်ပြီး သောင်ပြင်မှာ ချက်ပို့ သမားတွေ ရှိရာ ကို ထွက်ခွာလာခဲ့ပါတယ်။ ချောင်းသာ ကမ်းခြေမှာတော့ အနီးအနားက ရွာတွေက ရွာခံတွေ ရဲ့ စီးပွားရေး လုပ်ငန်း ဖြစ်တဲ့ ပုဇွန် ဂဏန်း ငါး စတာတွေကို စိတ်ကြိုက် မှာရင် မှာတဲ့ အတိုင်း လက်ရာ ကောင်းကောင်း မွန်မွန် နဲ့ ချက်ပြုတ်ပြီး စားဖို့ လာပို့ပေးတဲ့ လုပ်ငန်း ဖြစ်ပါတယ်။

 

ကမ်းခြေ တလျှောက်မှာ လမ်းလျှောက်နေတဲ့ လူတွေကို ရွာသားတွေက လိုက်မေးကြပါတယ် ဟင်းချက်ပို့ရမလား ကြိုတင် စရံပေးစရာ မလိုဘူး ချက်လာပြီး စားပြီးမှ ပိုက်ဆံပေးရပါတယ် လိုအပ်တာ အကုန် ယူလာပေးမယ် ဆိုပြီး မိတ်ဆက်ပြီး ပြောနေကြတာတွေ ရှိတယ်ပါတယ်။ ဈေးသည်ပေါင်းများစွာထဲကမှ မိမိ နှစ်သက်တဲ့ ဈေးသည်ထံမှာ စိတ်ကြိုက် မှာယူပြီး ဟိုတယ် နာမည်နဲ့ အခန်း နံပါတ် ပြောပြလိုက်ပြီး အမှာပါးလိုက်ပါတယ်။ သူတို့ ချိန်းတဲ့ အချိန် ဟိုတယ် အပြင် ပြန်ထွက်ယူယုံပါပဲ သို့သော် ဆူး တို့ လင်မယားက မထူးတော့ဘူး ဒီနားမှာပဲ လမ်းလျှောက်မယ် ဆိုပြီး သဲသောင်ပြင်မှာ လမ်းလျှောက်ရင်းနဲ့ အရိပ်အမိုး ထီးကလေးတွေ ချ ထားတဲ့ ဆိုင်ကလေး တဆိုင်မှာ ဝင်ထိုင်လိုက်ပါတယ်။ အမှန်ကတော့ နေပူပူ သဲသောင်ပြင်မှာ လမ်းလျှောက်လျှင် အသားမဲမှာလည်း စိုးတဲ့ အတွက် အနားယူချင်လို့ပါပဲ.. သို့ပေမဲ့ ဆိုင်ခင်းထားတဲ့ ခုံပိုင်ရှင် အဆင်ပြေရန် အတွက် သူ့ဆိုင်မှာ လွယ်လွယ်ကူကူ ရတဲ့ ကော်ဖီမစ် မှာသောက်ပြီး သဲသောင်ပြင် တလျှောက် လျှောက်သွားနေတဲ့ လူတွေကိုလည်း ကြည့်ရင်း ရေလှိုင်းတွေ တဝုန်းဝုန်းနဲ့ စည်းချက် ညီညီ အရှေ့တလုံး ပြီး အနောက် တလုံး နှင့် တလိမ့်လှိမ့် တက်နေတဲ့ လှိုင်းကလေးများကို ထိုင်ကြည့်ရတာကလည်း အချိန်ကုန်မှန်း မသိ ကုန်လွန်စေ သလို စိတ်ကူးယဉ်လို့လည်း ကောင်းလိမ့်မယ်လို့ ထင်မိပါတယ်။ သို့သော် သောင်ပြင် ထီးအောက်မှာ ထိုင်နေတုန်း ဘေးနားမှာ ဖြတ်သွား ဖြတ်လာနဲ့ ရောင်းချ နေတာကတော့ ငါးကင်သည်တွေ ပုဇွန်ကင်သည်တွေ နဲ့ ကမ်းခြေမှာ ဆောင်းတဲ့ အုန်းလက် ဦးထုတ်သည်တွေတင် မကပါဘူး ၁ဝနှစ်ဝန်းကျင်ရှိတဲ့ ကလေးငယ်လေးတွေ ရေပုံးဆွဲပြီး ဂဏန်းလွတ်ပါလား ဂုံးလွတ်ပါလား ၁၀ဝဖိုးတည်းပါ ၂၀ဝဖိုးတည်းပါ ဆိုတဲ့ ကလေးတွေနဲ့ ကမ်းခြေ နဲ့ ဆက်စပ် တဲ့ ပစ္စည်းတွေကို ပုံစံမျိုးစုံနဲ့ ပွဲဈေးတန်းလို ထီးတွေ ဖွင့်ထားတဲ့ ဆိုင်ခန်းတွေနားမှာ လှည့်ပတ် ရောင်းချနေတဲ့ ဈေးသည်တွေကလည်း တမျိုးပဲ အမြင်ဆန်းသလို ရှိလှပါတယ်။ မှာထားတဲ့ ဟင်းတွေကလည်း ရဖို့ အချိန် အနည်းငယ်လိုသေးတာမို့ ငါးကင်စားကြည့်ရအောင် ဆိုပြီး ငါးကင်မေးလိုက်ပါတယ်။ ငါးကင် လက်ဝါး အရွယ်လောက် ကို ၅၀ဝ နဲ့ လက်ဝါး ထက်ကြီးတဲ့ အရွယ်လောက် ကိုတော့ ၁၀၀ဝ ပြောပါတယ်။ ၂ယောက်စာ မှာထားတဲ့ ပုဇွန်ထုတ် နဲ့ ဂဏန်းဟင်း ၆၀၀ဝ ဖိုး ကလည်း ရှိသေးတော့ လက်ဝါး အရွယ် ငါးကင်ကလေးကို ဝယ်စားပြီး အဆာပြေ စားနေလိုက်ပါတယ်။

 

ငါးကင်ကလေးကလည်း အရသာ ရှိလှပါတယ်။ ပင်လယ်ငါးကြောင့် ဖြစ်မယ် ထင်ပါတယ် ငါး အသားကလေးကလည်း မာမာတင်းတင်း နဲ့ရှိနေပြီး စိတ်ရှည်ရှည် မီးအေးအေးနဲ့ သေချာ ကင်ထားလို့ ဖြစ်မယ် ထင်ပါတယ် ရန်ကုန်မှာလို မီးသွေးရောင် ထ နေအောင် မဲကျုပ်မနေပဲ အရောင်အဆင်း နဲ့ အနံအရသာကလည်း မညှီပဲ စားကောင်းလှပါတယ်။ ဗိုက်ကလည်း ဆာ သလို ဖြစ်နေတဲ့ အတွက် စားကောင်းလှတဲ့ ငါးကလေးက ဘယ်လို ကုန်သွားမှန်း မသိလိုက်ပါဘူး။ ငါးကင်စားပြီးချိန်မှာတော့ ရွာထဲက လာရောင်းတဲ့ ပုဇွန်ခြောက်သည် နဲ့ ငါးခြောက်သည်တွေက ချောင်းသာ အမှတ်တရ ဝယ်အုန်းမလား ဆိုပြီး အထမ်းတွေ နဲ့ လာမေးပါတယ်။ ငါးခြောက်ကတော့ မစားတတ်တဲ့ အတွက် ပုဇွန်ခြောက်ကိုပဲ စိတ်ဝင်စားစွာ မေးမြန်းလိုက်ပါတယ်။ ရွှေပုဇွန်ခြောက် ဆိုပြီး အမြည်းကျွှေးလိုက်တာ ချိုပြီး အရသာ ရှိလှပါတယ်။ စိတ်ထဲမှာလည်း သိပ်မယုံရဲတာနဲ့ မငံပါလား.. အမြည်းကျွှေးတာပဲ မငံတာလား လို့ နည်းနည်း လှမ်းထောက်လိုက်တော့ မဟုတ်ပါဘူး ကြိုက်တဲ့ နေရာက နှိုက်စားပါ ဒီအရသာ အတိုင်းပဲ ဖြစ်စေရမယ် ဆိုပြီး ပြောတာနဲ့ ဘယ်ဈေးလဲ မေးတော့ ၁ပိဿ ၁၆၀၀ဝ ဈေးပါတဲ့.. အများကြီးလည်း ဝယ်ဖို့ အစီအစဉ် မရှိလေတော့ ခပ်တည်တည် နဲ့ ၁ဝသားဆို ဘယ်လောက် ပါမလဲ ချိန်ပြ ဆိုပြီး ချိန်ခိုင်းလိုက်ပါတယ်။ ဈေးသည်က နမူနာ ပြဆိုတော့ ပြည့်ပြည့်ဝဝ ချိန်ပေးပုံရပါတယ်။ ၁ဝသား ချိန်ပြီးသား ကို ၁၆၀ဝ ကျတာ ၁၅၀ဝ ပဲ ထားလိုက်တော့ဟယ်လို့ ပြောလိုက်တော့.. ဈေးသည်က အင်အဲ လုပ်ပြီး ခေါင်းညိတ်လိုက်ပါတယ်။ ဒါနဲ့ နောက်ထပ် ၁ဝသား ထုတ် ထပ်ချိန်ပေး တူအောင် ချိန်ပေးနော် ဆိုပြီး ၁ဝသားချင်းစီ ထပ်ခါ ထပ်ခါ ချိန်ခိုင်းလိုက်တာ ဈေးသည် အီအီအဲအဲ အသံထွက်သလို ဖြစ်နေပါပြီ။ ဒါနဲ့ ဈေးသည် ကို မေးလိုက်ပါတယ် ဟဲ့.. နင်က မရောင်းချင်လို့လား အီအီအဲအဲ လုပ်ရအောင် ဆိုတော့.. ဈေးသည်က ကျွန်တော် ရောင်းချင်ပါတယ် ရောင်းချင်လွန်းလို့ ဒီအထိတောင် လာရောင်းတာပါတဲ့.. စိတ်ထဲမှာတော့ အားနာသလိုလို ဖြစ်နေပေမဲ့ ဈေးတော့ မတရား မဆစ်ထားဘူး ဆိုတာ ကိုယ့်ဟာ ကိုယ် သိပါတယ်။ ဒီလိုနဲ့ ၆ထုတ် ဝယ်ပြီးတဲ့ အခါ ၉ထောင်ကျတဲ့ အတွက် တသောင်းပေးတော့ ၁ထောင် ပြန် မအမ်းပဲ ၁ထောင်ဖိုး အဆင်ပြေသလိုသာ ထည့်လိုက်လို့ ပြောတော့ ဈေးသည်က ရတယ် ကျွန်တော့်မှာ အကြွေ ၁ထောင်တန် ပါတယ် ဆိုပြီး ပိုက်ဆံ အမ်းငွေ နှင့် ပုဇွန်ခြောက် လက်တဆုပ် အဆစ် ဆိုပြီး ထက်ပေးပြီး သဲသောင်ပြင် ကနေ ရွာဘက် ကို ထွက်သွားခဲ့ပါတယ်။ ဘာရယ်တော့ မဟုတ်ပါဘူး.. ပေးရမဲ့ လူ အရေ အတွက်နဲ့ တွက်ပြီး ၁ဝကျပ်သားစီ ထုတ်ခိုင်းလိုက်တာပါ။

 

စိတ်ထဲမှာတော့ တမျိုးပဲလို့ တွေးလိုက်ပြီး မှာ ထားတဲ့ ဟင်းတွေ ရလောက်ပြီမို့ ဟိုတယ် အပေါက်ဝ ရှိရာ ကို ထွက်ခွာပြီး နေ့လည်စာ စားကြပါတယ်။ ပုဇွန်ထုတ်ကြီး ၄ကောင် ကြော်၊ ဂဏန်း ၆ကောင် ကို မဆလာချက် ထားတာလေးကလည်း အရသာ ရှိလှပါတယ်။ ကန်ဇွန်းရွက်ကြော်ကလည်း အဆစ်ပေးထားပြီး အိမ်ထမင်း အိမ်ဟင်းကဲ့သို့ ငပိထောင်းနဲ့ တို့စရာလေးပါ တွဲထည့်ပေးထားတော့ စားကောင်းချက်ကတော့ မမေ့လောက်အောင် ပါပဲ။ စားကောင်းကောင်းနဲ့ ဗိုက်ကို တင်းကားနေအောင် စားသောက်ပြီး ချိုင့်တွေ ပြန်အပ်ပြီးနောက်မှာတော့ ဟိုတယ် ပြန်ပြီး ထမင်းလုံးစီလိုက်ကြပါတယ်။ အိပ်ယာနိုးတော့ ညနေစာ အတွက် ကင်းမွန်သုတ် နဲ့ ငါးကင် ၅၀၀ဝ ဖိုး မှာပြီး စားလိုက်ကြပါသေးတယ်။ အဆစ်အနေနဲ့ ချဉ်ရည်ဟင်း တခွက် မုန်ညင်းစိမ်းကြော် ငပိထောင်းနဲ့ တို့စရာကတော့ ပြောစရာ မရှိလောက်အောင် အစားအစာ ကို စည်းစိမ်ခံစားပြီး ညနေပိုင်းမှာတော့ ကိုကို က ရေကန်မှာ ရေကူးချင်တယ် ဆိုတာနဲ သူ့ ကို စောင့်ရင်းနဲ့ Spa မှာ အကြောလျော့အောင် သွား အနိပ်ခံလိုက်ပါတယ်။ နိပ်ပေးတဲ့ ကောင်မလေး ကို အလုပ်လုပ်ရတာ မပျင်းရအောင်နဲ့ အချိန်ကုန်မှန်း မသိ ကုန်သွားရလေအောင် သိချင်တာလေးတွေ မေးမြန်းချင်စိတ်နဲ့ စကားတွေ လျှောက်ပြောနေလိုက်ပါတယ်။ အကြောင်းအရာ မျိုးစုံပြောဖြစ်ပါတယ်။ အဓိက ကတော့ နယ်ခံ ရွာထဲမှာ နေပြီး ဟိုတယ်မှာ အလုပ်လုပ်တဲ့ သူမို့ ချောင်းသာနဲ့ ပတ်သတ်တာတွေ မေးမြန်းဖြစ်ခဲ့တယ်။ စကား လမ်းကြောင်းသင့်တာနဲ့ နေ့လည်က ပုဇွန်ခြောက်သည် အကြောင်းရောက်သွားပါတယ်။ ရွာသားတွေက ပုဇွန်ခြောက်ဆိုင်တွေကို သွင်းတဲ့ အခါ ဒီနေ့ ဝယ်တဲ့ ဈေးလောက်နဲ့ အလေးချိန် အပြည့်သွင်းရတယ်။ ဆိုင်ခန်းတွေက ပုဇွန်ခြောက်တွေကတော့ ၁ပိဿ ၁၇၀၀၀၊ ၁၈၀၀ဝ လောက်ပေါက်ပါတယ်။ သောင်ပြင်မှာ ဧည့်သည်တွေ ကို လိုက်ရောင်းတဲ့ အခါ ၁ပိဿ ကို ၇ဝကျပ်သားလောက်ပဲ ပါတယ်။ ကြားထဲက ၃ဝသား လောက်က သူ့တို့ အမြတ်ယူကြတာပါတဲ့။ စိတ်ထဲမှာတော့ နေ့လည်က ပုဇွန်ခြောက်ဝယ်တာ ဈေးသည်က မရောင်းချင်သလိုလို အီအီအဲအဲ လုပ်နေတာ ဒါကြောင့် ထင်ပါတယ် ဆိုတဲ့ အတွေး ခေါင်းထဲ ချက်ချင်း ဝင်လာခဲ့ပါတယ်။

 

စကားပြောကောင်းနေရင်းနဲ့ အချိန်စေ့တဲ့ အတွက် အခန်း ရှိရာကိုပြန်လာခဲ့ပါတယ်။ အကြောတွေ လျော့ပြီး အိပ်ပျော်သွားလိုက်တာ.. မနက် ဟိုတယ် မီးပိတ်ချိန် မနက် ၆နာရီကျော်မှ နိုးပါတော့တယ်။ မနက်စာ စားပြီး မွေးနေ့ အမှတ်တရ ငွေဆောင် ပို့ပေးမယ် ဆိုပြီး ငွေဆောင် ကို သွားရအောင် စုံစမ်းပြီး ဆိုင်ကယ်ငှားလိုက်ပါတယ်။ ဆိုင်ကယ် ကယ်ရီ ကတော့ ငွေဆောင် အထိ တနေကုန် ငှားစီးခ ဆီပါ အပြီး ၁၂၀၀ဝ ကျပ် နဲ့ ညှိပြီး ငွေဆောင် ကမ်းခြေ ကို သွားခဲ့ကြပါတယ်။ ရာသီဥတုကလည်း မိုးကလေး တစွတ်စွတ် ဖွဲဖွဲကလေး ကျနေတာမို့ ဖှုန်မထပဲ အေးအေး လူလူ ရှိလှပါတယ်။ ဆိုင်ကယ်နောက်မှာ အသာလေး ထိုင်လိုက်ပြီး ငွေဆောင် ကမ်းခြေ ကို ချောင်း ၃ခုဖြတ်ပြီး  ၁နာရီခွဲလောက် မောင်းနှင်လိုက်တဲ့ အခါ ငွေဆောင် ကမ်းခြေ ကို ရောက်သွားခဲ့ပါတယ်။ ချောင်းသာ ကမ်းခြေ ထက် ၂ဆ ပိုကျယ်ဝန်းတဲ့ ငွေဆောင်ကမ်းခြေ မှာတော့ သပ်ရပ် သန့်ပြန့်နေပေမဲ့ မိုးကလေး တစွပ်စွပ် တဖွဲဖွဲ ကျနေတာမို့ ကမ်းခြေ ကို လူမဆင်းကြဘူးလို့တော့ အုန်းစိမ်းရည်နဲ့ ငါးကင်တွေ ရောင်းတဲ့ ဈေးသည်တွေကတော့ ငွေဆောင် မကောင်းဘူး မဖြစ်ရအောင် အားကျမခံ ပြောကြပါတယ်။ သူတို့ ပြောနေတာကို ဆူး တို့ လင်မယား စပ်ဖြီးဖြီး နဲ့ ရယ်ပြပြီး သဲသောင်ပြင် က ပြန်ထွက်ခွာလာပြီး လူသူကင်းပါးလှတဲ့ ငွေဆောင်မှာ ထမင်းလည်း စားချင်စိတ်မရှိတဲ့ အတွက် ချောင်းသာ ကို လာ လမ်း အတိုင်းပြန်လာလိုက်ပါတယ်။

 

ချောင်းသာကမ်းခြေ ရောက်တော့ မထူးဘူး ကမ်းခြေမှာရှိတဲ့ စားသောက်ဆိုင်မှာ စားကြည့်မယ် ဆိုပြီး ရွှေပင်လယ် ဆိုတဲ့ ဆိုင်မှာ ဝင်ပြီး စားလိုက်ကြပါတယ်။ ချက်ပို့တွေ ပို့ပေးတဲ့ ဟင်းလောက်ပဲ မှာစားလိုက်ပါတယ် သို့သော် ကျသင့်ငွေကတော့ ၁၅၀၀ဝနားကို နီးနီးလေး ကပ်သွားပါတယ်။ စိတ်ထဲမှာတော့ ဒါကြောင့် ရွာထဲက ချက်ပို့ လုပ်ငန်းတွေ အလုပ်ဖြစ်နေကြတာပါလား ဆိုတဲ့ စိတ်ကလေး ပေါ်လာပါတော့တယ်။ ငွေဆောင်သွားတဲ့ လမ်းကလေး ကြမ်းကြမ်း နဲ့မို့ အတော်ကလေး ပင်ပန်းနေပြီမို့ အခန်းပြန်ပြီးတော့ နားချင်ပါနေပါပြီ သို့သော် ဆိုင်ကယ်ကတော့ တနေကုန် အပြတ်ငှားထားတာမို့ ဆိုင်ကယ် မအပ်ခင် သွားစရာ ရှိတာ သွားရလေအောင်ဆိုပြီး ရေလုပ်ငန်းပြတိုက် ကိုလည်း ထပ်ပြီး သွားလိုက်ပါသေးတယ်။ အဲဒီမှာတော့ ကျောက်ပုဇွန်တွေလည်း ဝယ်လို့ ရပါတယ်။ အဲဒီက အပြန်မှာတော့ ရွာတွေ ဘက် ကို ဆိုင်ကယ် မအပ်ခင်မှာ လှည့်ပတ် လည်ပတ်ကြည့်ရှုပြီး ခြေကုန် လက်ပန်းကျသွားတဲ့ အခါမှာတော့ ဆိုင်ကယ် အမြန်အပ်ပြီး ဟိုတယ်မှာ ပြန်အနားယူပြီး ညနေစောင်း တရေးနိုးတဲ့ အခါ ပင်လယ်ကြီးထဲမှာ ရေစိမ်ပြီး ရေဆော့ကစားကြပါတယ်။ ရေဆော့ရင်း နဲ့ ပင်လယ် အစပ်မှာ လှိုင်းနည်းနည်း ငြိမ်လို့ ငါးလာဖမ်းပါတယ် ဆိုတဲ့ တံငါသည်ကြီး တယောက် ကို တွေ့ပါတယ်။ ရေပဲ ဆော့ရတာ ပျင်းတာနဲ့ တံငါသည်ကြီး ငါးဖမ်းတဲ့ နောက် ရေကူးရင်း နောက်က တကောက်ကောက် လိုက်ရင်း တံငါသည် ငါးဖမ်းပိုက်မှာ အမှတ်မထင် တိုးမိလို့ ငြိနေတဲ့ ငါးကလေးတွေ ဖမ်းနေတာကို လိုက်ကြည့်ပါတယ်။ တံငါသည် ကြီး ပြောကြားအချက် ညည ဆို သဲသောင်ပြင်မှာ ဧည့်သည်များ ကျကျန် ကျွတ်ကျ သွားတဲ့ လက်ဝတ်လက်စားတွေ ဂေါ်နဲ့ ကော်ပြီး ရှာတတ်ကြကြောင်းနဲ့ တခါတလေ လက်စွပ်တွေ ဆွဲကြိုးတွေ လက်ကောက်တွေ ရတတ်ပါတယ်။ သဲထဲမှာ ကျသွားတယ် ဆိုရင် သဲထဲ နစ်ပြီး ဘယ်ကိုမှ မရွေ့ပဲ ရှိနေတာမို့ ရှာလို့ ပြန်တွေ့နိုင်ပါတယ်။ နေ့ဘက်မှာ ကျပျောက်သွားတယ် ဆိုတဲ့ သတင်းကြားရင် ညဘက် သောင်ပြင်မှာ သဲထဲ ရှာတဲ့ လူတွေ ပိုများတယ်ဆိုပါတယ်။

 

နေဝင်ခါနီး အထိ ရေစိမ်ပြီး ဆော့ကစားကြပြီးနောက်မှာတော့ အခန်းပြန် အဝတ်စိုတွေ လဲပြီး နှစ်ယောက်စီး စက်ဘီးကို စီးချင်စိတ်ပေါက်တာနဲ့ ၁နာရီ ငှားခ ၂၀၀ဝ နဲ့ နာရီဝက်ပဲ ငှားမယ် ရမလား ဆိုပြီး မေးပြီး နာရီဝက် ငှားလိုက်ပါတယ်။ စက်ဘီး ကို စပြီး နင်းနင်းချင်းမှာ အသိ တခု ဝင်သွားပါတယ်။ ဆိုင်ကယ် တနာရီ ကို သူ့ဆီ နဲ့ သူ စီးခ ၃၀၀ဝ ပေးရပါတယ်။ စက်ဘီး တနာရီ ၂၀၀ဝ ကို ကိုယ့်ခြေ နဲ့ ကိုယ်နင်းပြီး သဲတွေဆွဲလို့ စက်ဘီး ကလေး ယက်ကန် ယက်ကန် နဲ့ ဖြစ်နေတာ အားသွန်ခွန်စိုက် နင်းရင်းဖြင့် စက်ဘီး မငှားစီးခင်က ကိုကို ပြောတဲ့ စကားကို နားထဲမှာ ကြားကြားလာပါတယ်။ စက်ဘီး က သဲမှာ နင်းရတာ မလွယ်ဘူး ပင်ပန်းတယ်ကွ မစီးချင်ပါဘူးကွာ ဆိုတဲ့ စကားသံတွေ ကြားပြီးရင်း ကြားနေပေမဲ့ ဆူး ရဲ့ ဆန္ဒ အတိုင်း သူလည်း စက်ဘီး လိုက်နင်းပေးနေတာမို့ အားနာ ပါးနာနဲ့ ဒူးကလေး အားစိုက်ပြီး စက်ဘီးခြေနင်းကို တချက်ပြီး တချက် ဖိဖိနင်းပြီး ချောင်းသာ ကမ်းခြေက ကျောက်ဆောင်မှာရှိတဲ့ စေတီကလေးဆီ ကို ရောက်သွားပါတယ်။ စေတီကလေးရောက်တော့ အညောင်းပြေ စက်ဘီးကလေး ပေါ်က ဆင်းပြီး ဘုရားကန်တော့ပြီး စက်ဘီးပေါ်ပြန်တက်ပြီး ခွန်အားအပြည့်နဲ့ နင်းရင်း.. စိတ်ထဲမှာတော့ ကိုယ့်ဟာ ကိုယ် ညောင်းတဲ့ အခါ စီးချင်အုန်းဟဲ့ စက်ဘီး စီးချင်အုန်းဟဲ့ စက်ဘီး ဆိုပြီး အကြိမ်ကြိမ် ရေရွတ်မိပါတယ်။ ကိုကို ကိုလည်း အားနာ နေမိတယ်.. စိတ်ထဲမှာလည်း ကျိတ်ပျော်ပြီး ရယ်လည်း ရယ်ချင်နေမိပါတယ်။ သောင်ပြင်မှာ ထိုင်ခုံလေးချပြီး ဖွင့်ထားတဲ့ ဆိုင်ကလေးတွေ နားက ဖြတ်သွားတဲ့ အခါ ရခိုင်မုန့်တီ ရနံ့ မွေးနေတဲ့ ဆိုင်ကလေး တွေ့တာနဲ့ စားကြမယ် ဆိုပြီး ရခိုင်မုန့်တီ မှာစားပြီး မုန့်တီသည် ဘေးမှာ ချက်ပို့ တယောက် ချက်နေတာ တွေ့လို့ မထူးဘူး ဆိုပြီး တခါတည်း ညနေစာ အတွက် မှာ လိုက်ပါတယ်။ ညနေစာ မတူအောင် ဒီတခါ ရေဘဝဲ စားမယ် ဆိုပြီး ရေဘဝဲ ဟင်း နဲ့ ငါးဟင်း ၅၀၀ဝဖိုး တခုခု ချက်ပေးပါဆိုပြီး မှာခဲ့ပြီး စီးလက်စ စက်ဘီးကလည်း နာရီဝက် ပြည့်ပြီမို့ ၁၀၀ဝ ပေးပြီး အခန်း ကို ပြန်လာခဲ့ကြပါတယ်။

 

အခန်းထဲမှာ ခဏ နားနေပြီး ချက်ပို့ လာပို့တဲ့ ထမင်းဟင်းတွေ စားကြပါတယ်။ သို့သော် လက်ရာကတော့ ပထမနေ့က စားတဲ့ လက်ရာလောက် မကောင်းတာတော့ အမှန်ပါပဲ။ သို့သော် စားလို့တော့ အဆင်ပြေပါတယ်။ ထမင်းစားပြီးတဲ့ အခါ ကမ်းခြေမှာ မီးရှုးမီးပန်းသည်တွေ နဲ့ မီးပန်းဖောက်နေကြတာတွေ့တာနဲ့ မီးပန်းတွေ ဝယ်ပြီး အားရပါးရဖောက်ကြပါတယ်။ မီးပုံးပျံ လွတ်ချင်လို့ မေးလိုက်တဲ့ အခါ အနားမှာ ရွာတွေ ရှိနေတာမို့ မီးပုံးပျံ ပြုတ်ကျရင် ရွာက အိမ်တွေ မီးလောင်တာတွေ ရှိတတ်လို့ မီးပုံးပျံ ပေးမလွတ်ဘူး ရောင်းရင်ဖမ်းတဲ့ လို့ ပြောပါတယ်။ ကိုယ်တိုင်လည်း မီးပန်းဖောက်ခဲ့ပါတယ်။ သူများ ဖောက်တာတွေကိုလည်း ကြည့်ရှု့ပြီး ညရဲ့ အအေးဓါတ် ပင်လယ်မှ တိုက်တဲ့ လေအေးအေးလေး ကို ခံစားပြီး လမ်းလျှောက်လာရင်းနဲ့ ကမ်းခြေမှာ ချထားတဲ့ ထိုင်ခုံမှာ ထိုင်ပြီး လှိုင်းသံ တဝုန်းဝုန်း ကို နားစွင့်ပြီး စကားပြောကြပါတယ်။ ထိုင်ခုံပိုင်ရှင် ဈေးသည်ဆီမှ ဂဏန်းကင်များ ဝယ်စားပြီး ခဏတာ လေညှင်းခံပြီး အခန်း ရှိရာသို့ ပြန်လာကြပါတယ်။ အခန်းထဲ ရောက်တော့ ရင်ပြည့်သလိုလို ဖြစ်နေပါတယ်။ ရင်ထဲမှာ အီလည်လည် နဲ့ ခံစားရပြီး အိပ်ပျော်အောင် အိပ်လိုက်ပါတယ်။ မနက်လင်းတဲ့ အခါ ညက စားထားတဲ့ ရေဘဝဲဟင်းတွေ ထိုးအန်ပါတော့တယ်။ မနက်စာ ဟိုတယ် ဘူဖေးတောင် မစားနိုင်ပဲ ရေပဲ လှိမ့်သောက်ပြီး ပြန်လာခဲ့ရပါတယ်။ အပြောင်းအလဲ စားကြည့်မယ် ဆိုပြီး ပြောင်းစားတဲ့ ချက်ပို့ ချက်တာ အဆင်မပြေတာကော ရေဘဝဲ ဆိုတော့ အစာကြေခဲတာပါရောပြီး နေမကောင်းဖြစ်ပြီး အန်လိုက် ဝမ်းသွားလိုက်နဲ့ တနေကုန် အားမရှိစွာနဲ့ လမ်းခရီး တလျှောက် နားတဲ့ ဆိုင်တိုင်းမှာ ဘာမှ မစားနိုင်ပဲ ဝမ်းသွားလိုက် အန်လိုက်နှင့်ပင် ပြန်ခဲ့ရပါတယ်။ သာယာပျော်ရွင်စွာ ကောင်းတဲ့ ဟန်းနီးမွမ်း ခရီးစဉ် ကတော့ အမှတ်တရ အထက်လှန် အောက်ရှောဖြင့် အဆုံးသတ်ပြီး အိမ်ကို ကောင်းမွန်ချောမွေ့စွာ ပြန်လည် ရောက်ရှိလာပါတော့တယ်။ ပင်လယ်စာ က အခန့်မသင့်ရင် ဗိုက်နာတတ်ပြီး ရေဘဝဲ က ရင်ပြည့်ရင်ကယ် နဲ့ မဆလာ ကလည်း အစာအိမ်မကောင်းရင် အစာကြေခဲ ပါတယ် ဆိုတာ ကိုယ်တွေ့ ကြုံမှ တကယ် သိလိုက်ပါတော့တယ်။

 

အချစ်များစွာဖြင့်

ဆူး

69 comments

  • nozomi

    December 20, 2012 at 3:56 pm

    ပို့စ် တစ်ခုလုံး ပျှော်ရွှင် မြူးထူး တက်ကြွနေတဲ့ လေသံတွေနဲ့ ပြည့်နေရဲ့
    ဒါ အချစ်ရဲ့ အစွမ်းတွေကြောင့် ဖြစ်မှာပေါ့

    ရွာထဲက အပျိုလေး အပျိုလတ် အပျိုကြီးများလဲ………

    • ဆူး

      December 20, 2012 at 4:04 pm

      အမှတ်တရ ဖြစ်အောင် ရေးထားတာပါ..
      အပျော်တွေ ပါအောင် ရေးတာလည်း ပျော်ခဲ့တယ် ဆိုတာ နောင် တချိန် ပြန်ဖတ်ရင် သတိရအောင်လို့.. 😀
      အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အမှန်တော့ အပိုင်းခွဲ တင်ပေးသင့်တာ အပိုင်းခွဲပြီး သံယောဇဉ် မများချင်လို့ တခါတည်း အပြတ်ရေးပြီး အပြီး ရေးထားလိုက်တာပါ။

  • koaung

    December 20, 2012 at 4:17 pm

    ကောင်းပါတယ်ဗျာကွန်ဂရက်ကျ ူလေးရှင်းပါ

    • ဆူး

      December 21, 2012 at 9:28 am

      အခု ပိုစ်လေး ကို အားပေးတဲ့ အတွက်ကော လက်ဖွဲ့ပို့ပေးလိုက်တဲ့ အတွက်ပါ ကျေးဇူးအထူး တင်ပါတယ်။

  • မင်းနန္ဓာ

    December 20, 2012 at 4:23 pm

    ချိုပျားရည်တွေ.. ချိုပျားရည်တွေ
    ပို့စ်တစ်ခုလုံးမှာ ရွှန်းစိုလို့…
    အပျိုလေး အပျိုလတ် အပျိုကြီးများလဲ…… အားကျပြီးသကာလ … ကိုယ်က စ သင့်တယ်ထင်လည်း ခုံက စလှုပ်လိုက်ကြစေကုန်သတည်း.. ဟီးးး

    • ဆူး

      December 21, 2012 at 9:44 am

      အချိုရည်တွေ ရွဲပြီး ချိုရဲနေအောင် တမင် ရေးထားတာပါ.. ပျော်ရွင်ခြင်း အမှတ်တရ အဖြစ်ပေါ့။
      ကိုယ်က စသင့်တယ် ထင်လည်း ခုံက စလှုပ်လိုက်ကြ ဆိုပြီး လှုပ်ကုန် မှ ဖြင့် သမိုင်း တရားခံ ဖြစ်နေအုန်းမယ်.. ဆူး နဲ့ မဆိုင်ဘူးနော်.. အဲ့ဒါ ရွာစားကျော် ပြောတာနော်..

  • ခိုင်ဇာ

    December 20, 2012 at 4:45 pm

    အပျော်တွေကို ဝေမျှခံစားပြီး ဖတ်ရှုသွားပါတယ်။

    နောက်တစ်ခေါက် ကမ်းခြေသွားဖြစ်ရင် ဘာစားပြီးပြီး ညနေဘက်ကို ဂျယ်လမက်လေးသော်လည်းကောင်း၊ ကရင်အော့(ဖ) မက်ဂနီစီယမ်လေးသော်လည်းကောင်း ဝါးဝါးပေးပါတဲ့။ :harr:

    • ဆူး

      December 21, 2012 at 9:50 am

      အဲ့လိုမျိုး တခါမှ နေမကောင်းတာ အစာ မကြေတာ ဖြစ်ခဲတယ်.. တခါမှ မဖြစ်ဘူးဘူးလို့ ပြောလို့ ရတယ်။
      နောက်ဆို ဆေးဆောင် သွားပါ့မယ်။ သတိပေးတာလည်း ကျေးဇူးတင်ပါတယ်။

  • MaMa

    December 20, 2012 at 5:06 pm

    နိုဝင်ဘာကုန်က သွားခဲ့တဲ့ ခရီးကို တစ်လနီးပါးကြာတဲ့အထိ မျက်စေ့ထဲ စွဲနေသလို မှတ်မိနေတယ် ဆိုတော့ကာ…….
    ပျော်ရွှင်နေတာ သိရလို့ ဝမ်းသာပါတယ် ဆူးရေ။ :hee:

    • ဆူး

      December 21, 2012 at 9:59 am

      စိတ်ထဲမှာ စွဲထင်ကျန်ရှိနေမှုကလည်း အတိုင်းအတာ တခု အရ နောင် ၁ဝနှစ် အနှစ် ၂ဝ ဆိုရင်တော့ အခုလောက် မမှတ်မိနိုင်တော့မှ သေချာပါတယ်။
      မှတ်မိနေတုန်း အမှတ်တရလေးတွေ မှတ်တမ်းတင်ပြီး မေ့သွားတဲ့ အခါ သတိရချင်မှ ပြန်လာ ဖတ်လို့ ရအောင် စာစီရေးထားတာပါ.. ဟိဟိ

  • Hnin Hnin

    December 20, 2012 at 5:10 pm

    ဖတ်ရင်းနဲ့တောင် ကြင်စဦးတွေရဲ့အပျော်တွေ ကူးစက်သွားပါတယ်။
    အားတော့ အပြည့်ရှိနေလို့ မကျသေးပါ။ :kwi:

    • ဆူး

      December 21, 2012 at 10:02 am

      အားလုံး ကို အပျော် ကူးစက်သွားအောင်.. ဆူး နဲ့ အတူတူ ခရီး တခု တူတူ ထွက်လိုက်ရတယ် ခံစားရအောင် ဆိုတဲ့ စိတ်ကူးလေးနဲ့ ရေးထားတာ ဆိုတော့ ရေးချင်တဲ့ ရည်ရွယ်ချက် အထ မြောက်တယ် ပြောလို့ ရတာပေါ့နော်..
      အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

  • နွယ်ပင်

    December 20, 2012 at 5:27 pm

    စာအရေးအသားတွေထဲမှာ အပျော်တွေပါပြီး အသက်0င်လွန်းတော့ ဖတ်သူတောင်
    ချောင်းသာရောက်သွားသလို ခံစားရပါတယ် ဆူးရေ ….
    ပျော်ရွှင်သော နေ့ရက်လေးတွေကို ပိုင်ဆိုင်နေပြီပေါ့နော် ….

    • ဆူး

      December 21, 2012 at 10:10 am

      နွယ်ဂနိုင်မြိုင်တော မှာ အပင်ငယ် ကလေးတွေ မပေါများခင် ထပ်ပြီးတော့ မွမ်းကြပါလား.. 😀
      ဆုတောင်းပေးတဲ့ အတွက်လည်း ကျေးဇူးတင်ရှိပါတယ်။

  • mobile (mandalay)

    December 20, 2012 at 6:05 pm

    ချောင်းသာကမ်းခြေ အမှတ်တရ ဆိုတော့
    ပုံလေးတွေ လိုထင်ပြီး ဝင်ကြည့်လိုက်တာ စာတွေပဲမြင်ရတော့ စိတ်ပျက်မိပါတယ်။
    ဒါပေမယ့် စာလေးတွေကိုဖတ်ကြည့်တဲ့အခါမှာ အရေးအသားကောင်းတော့
    ဖတ်ရင်းနဲ့ပဲ စိတ်ပျက်တာလေးကနေ ကြည်နူးမှုလေးတွေပေါ်လာခဲ့ပါတယ်။
    အားပေးသွားပါကြောင်းဗျာ။

    • ဆူး

      December 21, 2012 at 10:15 am

      ဓါတ်ပုံ ရိုက်ရတာ ပျင်းတဲ့ အကျင့် ရှိလို့ သိပ်မရိုက်ခဲ့ဘူး။
      မရိုက်ဆို.. ကင်မရာ သီးသန့်တောင် ပါမသွားဘူး။
      ဖုန်းနဲ့တော့ ဟိုရိုက် ဒီရိုက် လက်တည့်စမ်းခဲ့ပါတယ်။
      ချောင်းသာ ရောက်နေတဲ့ ရက်မှာ အချိန်တော်တော် များများ မိုးက တအိအိ နဲ့ ရွာနေလို့ ရေစိုမှာ စိုးတာနဲ့ ဖုန်းလည်း အခန်းထဲမှာပဲ ထားထားခဲ့တာနဲ့ ကို်ယ့်ပုံကိုယ် မှတ်တမ်းတင်ဖို့တောင် ပုံ သေချာ မရိုက်ခဲ့ရဘူး။
      စာဖတ်ရင်းနဲ့ ကြည်နူးသွားတယ် ဆိုတဲ့ အတွက် ဝမ်းမြောက်ဝမ်းသာ ရှိပြီး သဘောကျသွားပါကြောင်း။
      ကျေးဇူးတင်ပါတယ်။

  • San Hla Gyi

    December 20, 2012 at 7:00 pm

    “ကိုကိုနဲ့ အတူတူ သွားတယ်။ ကိုကိုနဲ့ အတူတူ စားတယ်(ငါးကင် ပုဇွန်ကင်)။ ကိုကိုကနောက်တယ်။ ကိုကိုက ချောင်းသာကို ခဏခဏ ရောက်တယ်။” ဖတ်ရတာ ကောင်းပါတယ် ဆူးရေ။
    ကျနော်လည်း ချောင်းသာ သွားကြည့်ဦးမှပဲ။ ဘဝတလျှောက်လုံး ပျော်ရွှင်ခြင်းများစွာဖြင့် ပျော်ရွှင်နိုင်ပါလို့ ဆန္ဒပြုပါတယ်။

    • ဆူး

      December 21, 2012 at 10:24 am

      ချောင်းသာ ဆိုတာ မြန်မာပြည်ရဲ့ လည်ပတ်စရာ နေရာတွေထဲက တခုပါပဲ။
      သွားလည်သင့်ပါတယ်။
      ပြည်ပ ကို လည်ပတ်တာလည်း ကောင်းပေမဲ့ ပြည်တွင်းမှာလည်း မြန်မာလူမျိုးတွေ အချင်းချင်း လည်ပတ်ပြီး ဝင်ငွေ စီးဆင်းမှုတွေဖြစ်ပြီး ပြည်တွင်းက ဒေသခံ ဈေးသည်တွေ ဝင်ငွေ ပိုရစေတယ်လို့ မြင်မိပါတယ်။

      မီးခိုးမထွက်တဲ့ စက်ရုံတွေ ပေါများစေဖို့ မြန်မာပြည်ရဲ့ နေရာ ဒေသတွေ ရဲ့ စွဲဆောင်မှု ရှိပုံပို ဖော်ပြရေးသား ချင်တာလည်းပါတယ်။ ကမ်းခြေ ဆိုတော့ ရေနဲ့ ပင်လယ်ပဲ ရှိပါတယ်။ သဘာဝ အရ ကတော့ အုန်းပင်ရှိမယ်။ လေတိုက်မယ်။ ပင်လယ်ရေချိုးရမယ် ဒါပဲ ရှိပါတယ်။
      သို့ပေမဲ့ ဖူးကတ် တို့လို ကမ်းခြေမှာ နိုင်ငံခြားသားတွေ လက်ညိုးထိုးမလွဲ လာကြပြီး အဲ့ဒီက လူတွေ စီးပွားရေး လမ်းကြောင်း ပွင့်လန်းနေကြပါတယ်။

      ရိုးရှင်းလှတဲ့ ကမ်းခြေ အကြောင်းကို ကမ်းခြေ ဖီလင် ပါအောင် ရေးပြီး ဖတ်တဲ့လူ ပျော်အောင် နဲ့ သွားရောက်လည်ပတ်ချင်စိတ်ပေါက်သွားအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးသားခဲ့တာပါ။

      ဆူး ရဲ့ ပိုစ်မှာ ပထမ ဆုံး အကြိမ် ဝင်ရောက် အားပေးခြင်း အတွက် ကျေးဇူးတင်ရှိပါတယ်။

  • ရွှေ ကြည်

    December 20, 2012 at 7:15 pm

    ရွာတော်ရှင်မ ဆူး ဆိုပြီး ကြားဖူးနေတာလေ။ ရွှေကြည်ရွာထဲရောက်ပြီးနောက်ပိုင်း ပို့စ်တင်တာမရှိသလောက်ပဲ
    နောက်မှ တပုဒ်တလေဖတ်ရတယ်။ အခုလိုလေးရေးတာမျိုးဖတ်ချင်နေတာ။
    ကိုယ်တွေ့ ပြီးတော့ ကိုယ်ပိုင်ခံစားချက်နဲ့ဆိုတော့ ဖတ်ကြည့်ရင်း မဆူးရဲ့ ကြည်နူးပီတိတွေကို မြင်တွေ့နေရတယ်။
    ဝမ်းသာပါတယ် အစ်မရေ ရတုများအဆက်ဆက်နားလည်မှုနဲ့ ခရီးဆက်နိုင်ပါစေ ပျော်ရွှင်ပါစေလို့။

    • ဆူး

      December 21, 2012 at 10:31 am

      အရင်တုန်းကတော့ စာကို တနေ့ တပုဒ်လောက် ရေးခဲ့ပါတယ်။ နောက်ပိုင်းတော့ စာရေးရမှာ ပျင်းတဲ့ စိတ်ကလေး ဝင်လာတာနဲ့ စာမရေးဖြစ်တော့တာပါ။
      အလုပ်တွေကလည်း ဟိုလုပ် ဒီလုပ်နဲ့ ရှုပ်နေတာလည်းပါတယ်။
      အခု တလော နည်းနည်း အားလာတာနဲ့ စာရေးပြီး ရေးထားတဲ့ စာကလေးကို မှတ်တမ်း အနေနဲ့ ရွာထဲက မိတ်ဟောင်းဆွေဟောင်းတွေကို ကြွားတာပါ။
      သဘောကျနှစ်သက်တယ် ဆိုတာ သိရတဲ့ အတွက် ဝမ်းမြောက်ဝမ်းသာ ရှိလှပါတယ်။
      ဆုတောင်းလေး အတွက်လည်း ကျေးဇူးတင်ရှိပါတယ်။

  • weiwei

    December 20, 2012 at 7:27 pm

    ပျော်နေတဲ့ စုံတွဲပုံလေးပါ ပါရင် ပိုပြီး ပြည့်စုံသွားမှာ …

    • ရွှေ ကြည်

      December 20, 2012 at 7:44 pm

      မဝေပျောက်နေသလိုပဲ ရွှေကြည်ပဲမတွေ့မိတာလားမသိ 😆

    • pooch

      December 20, 2012 at 10:52 pm

      ဟုတ်ပါ့ ဓာတ်ပုံလေးတွေရော ကြည့်ရမယ်ထင်နေတာ ။ 😀
      ခုလည်း ပျားရည်တွေ ရွှဲနေတဲ့ ဟန်းနီးမွန်းလေးကို အားကျသွားပါတယ်။
      အချိန်ရရင် စာပြန်ရေးပါအုန်း ။

      • ဆူး

        December 21, 2012 at 10:40 am

        စာထဲမှာ ပျားရည်တွေ လောင်းတာများသွားပြီ ထင်တယ်.. ဟိဟိ.. အားကျတယ် ဆိုလို့ ဝမ်းသာပါတယ်။
        စာရေးဖို့ အစီအစဉ်တော့ ရှိပါတယ်။

    • ဆူး

      December 21, 2012 at 10:35 am

      ကင်မရာကလည်း သီးသန့် ပါမသွားဘူး
      မိုးလေး တအိအိ ရွာနေတာနဲ့ ဖုန်းကင်မရာနဲ့ ရိုက်ရမှာတော့ မရိုက်ဖြစ်ခဲ့ဘူး။ ရေထဲ ဆင်းရင် ကင်မရာ ပြန်ထား ဖို့ အခန်းထဲ ပြန်ဝင် နေရမှာ စိုးတာနဲ့ အပြင် ထွက်တာနဲ့ ဘာမှ ကို မယူပဲ ထွက်ထွက်သွားလိုက်တာ.. မှတ်တမ်းတင် ပုံ ဆိုလို့ ဆူး ရဲ့ ပုံပဲ ရိုက်ဖြစ်တယ် ၂ယောက်တွဲ ရိုက်ဖို့ ဘယ်သူမှလည်း အကူအညီ မတောင်းချင်တာနဲ့ မရိုက်ဖြစ်ခဲ့ဘူး။ အဖြစ်က အဲ့လို ဖြစ်သွားတယ်။ 😀

  • အလင်းဆက်

    December 20, 2012 at 8:32 pm

    ချောင်းသာကို လွမ်းသွားပြီ ။

    ပင်လယ်စာ… ကတော့…
    သားက စားနေကျ ဖြစ်ခဲ့လို ့…
    ဘာမှ မဖြစ်..ပေမယ့်….
    တချို ့တွေ..အဲဒလို..ဖြစ်နေကျ ဖြစ်နေလို ့..
    သားက အံ့ဩနေကျ….

    🙂

    • ဆူး

      December 21, 2012 at 10:43 am

      ခါတိုင်းတော့ ပင်လယ်စာ စားရင် အဲ့လို မဖြစ်ဘူးဘူး။
      ဆူး ရဲ့ အမ တယောက်ကတော့ ပင်လယ်စာ စားပြီးရင် မူးဝေ အော့အန်တာ ဖြစ်တာ တွေ့ဖူးတယ်။
      ကို အလင်းဆက် လိုပဲ အံ့ဩ ပြီး ပျော့လိုက်တာ အမြဲ ပြောနေတာ.. အခုတော့ ဝဋ်လည်တာ ဖြစ်မယ် ထင်ပါတယ်။

  • Mလုလင်

    December 20, 2012 at 11:00 pm

    အပျော်တွေ ကူးစက်အောင် စွမ်းဆောင် နိုင်ပါပေ့ဗျာ . . . . . . . အားကျသွားပါတယ်ဗျို ့ ………….

    • ဆူး

      December 21, 2012 at 10:51 am

      မကြာခင် နောက် ၁နှစ်ခွဲ လောက် ဆိုရင်တော့ မိသားစု နဲ့ အပျော်ခရီး ထွက်ပြီး လည်ပတ် နိုင်ပြီထင်တယ်နော်..
      အဲ့ဒီ အချိန်ကျရင် သားသားလေး လည်း ပင်လယ်ရေထဲဆော့ပြီး သဲတွေ နဲ့ ကစားလို့ ဖေဖေ နဲ့ မေမေ လည်း ကမ်းခြေ မှာ လတ်ဆတ်တဲ့ အောက်စီဂျင် အပြည့်ပါတဲ့ လေညှင်းခံရင်း ကမ်းခြေရဲ့ အလှအပ တရားတွေ ကို ခံစားပြီး ဖေဖေ လုလင် က မှတ်တမ်းတွေ တင်တဲ့ ပုံတွေ မြင်ချင်လှပါကြောင်း..

  • အရီးခင်လတ်

    December 21, 2012 at 3:37 am

    ဆူး ရေ
    အတော်လေးပျော်နေတာ ကို မှန်းကြည့်လို့ ရပါတယ်။
    :hee:
    ခရီးစဉ် ကို စိတ်ရှည် လက်ရှည် ရေးပြထား တာမို့ ဗဟုသုတလဲ ရပါရဲ့။
    Post လေးတွေကို ဆက်မျှော်နေပါတယ်။

    • ဆူး

      December 21, 2012 at 10:56 am

      ဆူး လည်း ပျော်ခဲ့ပါတယ်။
      ကမ်းခြေမှာ ရှိတဲ့ ဈေးသည်တွေ မြင်ကွင်းတွေကို ဆူး မြင်သလို မြင်ရအောင် စာဖွဲ့ရေးပေးထားတာပါ။
      မရောက်ဖူးခင်ကတော့ ချောင်းသာမှာတော့ အစားအသောက် ပေါတယ် ပြောကြတယ်။ ပင်လယ်စာ ကောင်းကောင်း စားချင်ရင် ချောင်သာ သွားစားတယ် ပြောတယ်။
      ဘယ်လို ပေါလဲ ဆိုတာ မေးရင် ဆူး မေးတဲ့ သူက ဘာမှ ရေရေရာရာ မပြောတတ်ဘူး။

      ချောင်းသာမှာ အစားအသောက် ပေါကြောင်း ရေးပြချင်တာလည်း ပါတယ်။

  • kai

    December 21, 2012 at 5:27 am

    ဒီလင်..ဒီမယား.. တသက်လုံးသယ်သွားကြရမယ့်.. ဘဝမှတ်တိုင်ခရီးစဉ်လေးပေါ့…
    ဟန်နီတွေ..မွန်းပြီးယင်း..မွန်းလို့.. အဲလိုခရီးများ.. ထပ်ထွက်နိုင်ကြပါစေဗျာ…။

    အရှိန်လွန်ပြီး.. ယူအက်စ်ရောက်လာမယ်ဆိုရင်တော့.. ကြိုပြောနော.. :kwi:

    • ဆူး

      December 21, 2012 at 10:59 am

      မေ့သွားရင် ပြန်လာဖတ်ပြီး သတိရသွားအောင်လို့ သေချာ ရေးထားတာ.. ဟိဟိ..
      ခဏခဏတော့ မမွမ်းချင်ဘူး.. ပိုက်ဆံ ကုန်တယ်။ ဟိဟိ
      အရှိန်လွန်ပြီး ယူအက်စ်တော့ မရောက်နိုင်သေးတာ သေချာတဲ့ အတွက် စိတ်အေး လက်အေး နေလို့ ရပါကြောင်း.. ဟိဟိ.. :kwi:

  • မောင့်ကျက်သရေ ဂီ့

    December 21, 2012 at 7:34 am

    ၁)

    မနက်စာ စားပြီးချိန်မှာတော့ ၆နာရီကျော်ကျော်လေး မို့.. မထူးပါဘူးကွယ် ကိုယ်တို သဲဖြူကျွန်း မှာ ငါးသေးသေးလေးတွေ လှလှတယ် သွားကြည့်ကြမလား လို့

    ၂)

    မနက် ၉နာရီ ထိုးဖို့ လိုနေသေးတဲ့ အတွက် မထူးဘူး ဆိုပြီး ဆိုင်ကယ် ကယ်ရီ သမားဆီမှ ဆိုင်ကယ် ၁နာရီ ၃၀၀ဝကျပ် နဲ့ ငှားပြီး ကျောက်မောင်နှမ ဆီ ကို ထွက်လာခဲ့လိုက်ကြပါတယ်။

    ၃)

    ချောင်းသာကမ်းခြေ ရောက်တော့ မထူးဘူး ကမ်းခြေမှာရှိတဲ့ စားသောက်ဆိုင်မှာ စားကြည့်မယ် ဆိုပြီး ရွှေပင်လယ် ဆိုတဲ့ ဆိုင်မှာ ဝင်ပြီး စားလိုက်ကြပါတယ်။

    ၄)

    ရခိုင်မုန့်တီ မှာစားပြီး မုန့်တီသည် ဘေးမှာ ချက်ပို့ တယောက် ချက်နေတာ တွေ့လို့ မထူးဘူး ဆိုပြီး တခါတည်း ညနေစာ အတွက် မှာ လိုက်ပါတယ်။

    တော်တော် မထူးတဲ့ ပိုစ့်ပါဗျာ …
    ချဉ်ဇယာ ပါအေ…

    နာနန်းချင်ဇယာ လေးနဲ့ ညားမှ လုံးချင်း ရေးပီး ပြန်ကြွားပစ်မယ်….
    :saut:

    • ဆူး

      December 21, 2012 at 11:06 am

      ချဉ်တယ်လား..
      ကိုယ့် အချိန် မရောက်နိုင်သေးတော့ မစားရတဲ့ အသီး ချဉ်နေတယ်နဲ့ တူတယ်။ ဟိဟိ..

      မောင်လေး စိတ်လျော့.. စိတ်ထိခိုက် ယောက်ယက် ခတ်သွားရင် ဂျပွန်မှာ ငလျင်တွေ လှုပ်တဲ့ အကြိမ်ရေတွေ တိုးကုန်အုန်းမယ်။
      ဂျာပွန်မှာ နေ့တိုင်း ငလျင် မလှုပ်နဲ့ နေ့ မရှိဘူး အကြီးအသေးပဲ ကွာတယ် ဆိုလား ကြားတော့ ကြားဖူးတယ်.. ဆက်စပ်မှု ရှိမရှိတော့.. လေ့လာသုံးသပ်သူတွေ လက်ပဲ အပ်ရတော့မှာပဲ..

      ဒါနဲ့ အဲ့ဒီက ချယ်ရီပန်း ကို ရှာမှာလား ဒီတိုင်းပြည်က ပိတောက် ပျိုမေတွေ ကို ရှာမှလားဟင်..
      ဝိုင်းကူပေးချင်လို့.. ဒါမှ ဂျာပွန်မှာ ငလျင် အကြိမ်ရေ နည်းပြီး လူထုတွေ တော်တော် များများ စိတ်ပိုချမ်းသာ လာကြလိမ့်မလားလို့.. တွေးမိတွေးရာပေါ့လေ..

      မောင်လေးဂီ စိတ်ချမ်းသာစေချင်သော
      မမဆူး

  • Ma Ei

    December 21, 2012 at 9:11 am

    ဆူးရဲ့ စာလေးဖတ်ပြီး အပျော်လေးတွေကူးစက်လာလို့
    ကမ်းခြေသွားဘို့ စီစဉ်လိုက်ပြီ…. :hee:

    • ဆူး

      December 21, 2012 at 11:10 am

      ပင်လယ်ရေ ကလည်း လူ ကို အညောင်းအညာ နဲ့ အကြော အချဉ် ပြေစေတယ်.. တနှစ်တခါတော့ သွားသင့်တယ် ထင်တယ်။ ကမ်းခြေထဲမှာ ငပ္ပလီ တို့ စက်စဲ လို့ ရောက်ဖူးတယ် ချောင်းသာ နဲ့ ငွေဆောင်သာ မရောက်ဖူးတာ..
      ကမ်းခြေ သွားတာ လူများတဲ့ အချိန်သွားတာ ပျော်စရာ ကောင်းတယ်။

  • kyeemite

    December 21, 2012 at 9:38 am

    ဆူးရေ..ဒီပို့စ်ကိုဖတ်ပီးရွာထဲက အပျိုဂျီးတွေအားကျစေချင်ပါဂျောင်းးး
    လူပြိုဂျီးတချို့ကတော့ ချစ်ဂမဲ့သူမရှိလို့ ဒေါသူပုန်ထနေပါဂျောင်းးး
    သဂျီး ရဲ့ အလိုတော်အရ ကလေး တစ်ဒါဇင်လောက်မွေးစေချင်ပါဂျောင်းးး
    ခင်တဲ့…
    :hee:

    • ဆူး

      December 21, 2012 at 11:14 am

      သဂျီး အလိုတော် အရ တော့ ကလေး တစ်ဒါဇင် တော့ မလိုချင်ပါကြောင်း..
      ကိုယ်တောင် လူဖြစ်အောင် မိဘတွေ ပြုစုမှု ကောင်းလို့ အသိပညာ အတတ်ပညာတွေ တတ်ခဲ့ပေမဲ့ ကိုယ်တိုင်ကျတော့ ကိုယ်ထက် တော် ကိုယ်ထက် တတ် ပြီး အရာရာ ထူးချွန်မည့် ကလေးတော့ လိုချင်ပေမဲ့ ကိုယ်ဟာ ကိုယ် ယုံကြည်မှု သိပ်မရှိသေးဘူး။

      လူပြိုကြီးတွေ ဒေါသပုန် ထ ရင် ငလျင်လှုပ်တယ် ဦးကြီးမိုက်ရဲ့.. ဂျာပွန် မှာ နေ့တိုင်း ငလျင် လှုပ်တဲ့ သမိုင်း တရားခံတောင် တွေ့ထားပြီ.. ဟိဟိ

  • ဗုံဗုံ

    December 21, 2012 at 9:59 am

    မမဆူးနော် အားကျလာပြီ ဒီကသီလရှင်ဝတ်ဖို့စဉ်းစားထားတာရယ် စိတ်တွေပြောင်းတော့မယ် ဒုက္ခပါဘဲ :harr:

    • ဆူး

      December 21, 2012 at 11:16 am

      အမလေး.. မမဗုံ.. ဆူး ကို သာသနာဖျက် ဘွ တော့ ရောက်အောင် မသွတ်သွင်းပါနဲ့နော်..
      သီလရှင် ဝတ်မယ် ဆိုရင် ဝတ်စုံ လှူပါ့မယ်။ ဟိဟိ..
      အားပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။

  • Novy

    December 21, 2012 at 10:05 am

    ဆူးရဲ့ ချောင်းသာ ဟန်နီမွန်းကို ဖတ်ပြီး
    ဒါလင်ကြီးပြန်လာရင် ချောင်သာကို ဟန်နီးမွန်းသွားချင်စိတ်တွေဖြစ်လာပါကြောင်း

    • ဆူး

      December 21, 2012 at 11:36 am

      အပျိုကြီး မနို ဒါလင်ကြီး နဲ့ တူတူ သွားရင် တူမလေး တော့ ခေါ်သွားအုန်းနော်.. တူမလေး က စိတ်ကောက်ပြီး ခြေစောင့်နေမှာ စိုးလို့.. 😀

  • ဦးကြောင်ကြီး

    December 21, 2012 at 10:54 am

    ကိုကို
    ပျိုချို
    ထိုဆို
    နိုဗို
    ဗိုလ်လို
    ကြိုဆို
    ဟိုပို
    ဇိုဂို…။

    • ဆူး

      December 21, 2012 at 11:49 am

      ကဗျာတော့ မစပ်တတ်လို့.. ဒီလိုပဲ ပြောလိုက်တော့မယ်
      အားပေးတဲ့ အတွက် ကျေးဇူး တင်ပါကြောင်း..

  • Moe Z

    December 21, 2012 at 10:58 am

    Big.. big congratulations! 🙂 to Ko Ko 😉

    • ဆူး

      December 21, 2012 at 12:05 pm

      ကျေးဇူးတင်ပါတယ် ရှင့်..

  • etone

    December 21, 2012 at 12:38 pm

    Congratulation ပါ အစ်မဆူးရေ … ။ ဟန်းနီးမွမ်းရေးထားတာ အသေးစိတ်မို့ မျက်စိထဲတောင်မြင်ယောင်မိတယ် … ပျော်စရာကြီးပဲ … ။
    ချောင်းသာကို သုံးခေါက်ရောက်ဖူးခဲ့ပေမယ့် … အဖွဲ့လိုက်အတူသွားတာ ချည်းပဲဆိုတော့ … ပျော်ဖို့ကောင်းပေမယ့်.. ဒီလို ပျော်စရာကောင်းတာမျိုးတော့ မဟုတ်ဘူး … ။ အားကျပါအိ … ။

    • ဆူး

      December 21, 2012 at 1:01 pm

      ဆူး ချောင်းသာ သွားတဲ့ ရက်နဲ့ သိပ်မကွာဘူး ထင်တယ် ဖဘ မှာ ပုံတွေ တွေ့လိုက်တယ်။

      ချောင်းသာ ကတော့ ပထမဆုံး အကြိမ်ပဲ..
      ငွေဆောင် ကတော့ ဆိုင်ကယ်နဲ့ သွားတာ တော်တော် ပင်ပန်းတယ်။ လမ်းကလည်း ကြမ်းတယ်။

      ဟန်းနီးမွမ်း ကို အသေးစိတ်ရေးထားလို့ သူငယ်ချင်းက Report နဲ့ တူတယ်လို့တောင် ပြောတယ်..
      မှတ်မိတုန်း ရေးထားတာ.. နောက်မှ ပြန်လာ ဖတ်ဖို့.. 😀

  • ခင်ခ

    December 21, 2012 at 12:45 pm

    ဆူး ရဲ့ပိုစ့်လေးကို အပျော်လေးတွေတွေးပြီး ဖတ်လာပြီး အဆုံးနားကျမှ နေမကောင်းဖြစ်ပြီး ပြန်ရတာ ဖတ်ရတော့ စိတ်မကောင်းဖြစ်သွားတယ်ဗျာ။
    ဆူး တို့ ဇနီးမောင်နှံလည်း သာယာပျော်ရွှင်ချမ်းမြေ့စရာ ဘဝလေးအဖြစ် အမြဲဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်တောင်းလိုက်တယ်နော်။

    • ဆူး

      December 21, 2012 at 1:03 pm

      တလမ်းလုံး ပျော်ပျော်ရွင်ရွင် နဲ့ စားခဲ့တာ အပြန်ကျမှ ဝဖီး မှာ စိုးလို့ ဝိတ်လျော့လိုက်တာ.. ဟိဟိ..
      နောက်ဆို အစာကြေဆေး တို့ မဟာဖြေဆေး တို့ ဆောင်သွားဖို့ သင်ခန်းစာ ရသွားတာပေါ့။

      ဆုတောင်းလေး အတွက် ကျေးဇူးတင်ပါတယ်။

  • aye.kk

    December 21, 2012 at 4:07 pm

    ဆူး
    ပျော်စရာတွေကူးစက်ခံစားလို ့ရွှေရတုခရီးထွက်ချင်မိပါတယ်။
    ပျော်ရွှင်ဖွယ်ရာမိသားစုဘဝလေးကို
    အနှစ်သာရဖော်ဆောင်ရင်းနှစ်ပေါင်း(၁၂၀)တိုင်ဖြတ်သန်းနိုင်ပါစေ။။

    • ဆူး

      December 21, 2012 at 4:31 pm

      ရွှေရတု ခရီးထွက်ချင်တာ အလွန်ကောင်းတဲ့ စိတ်ကူးလေးလို့ မြင်မိပါတယ်။
      ခရီးထွက်ခြင်းက နောင်လာမဲ့ နေ့သစ်တွေ အတွက် အင်အားဖြစ်စေတယ်လို့ ပြောကြပါတယ်။

      အန်တီ ခရီးထွက်လို့ ရန်ကုန် ရောက်ရင် လက်တို့ လိုက်နော်..

  • မိုချို

    December 21, 2012 at 4:33 pm

    ဆူးရေ ကွန်ဂရက်ကျူလေးရှင်း နော်၊
    ကိုယ်တိုင် သွားတဲ့ သူ မပြောနဲ့ ဖတ်ရတဲ့သူတောင် ကြည်နူး ပျော်ရွှင်စေတဲ့ ပိုစ့်လေး ပဲ၊ တကယ် ပါ ဖတ်ရင်း နဲ့ ကို ကြင်စဦးမောင်နှံ ရဲ့ အပျော် လေးတွေ ကူးစက်လာ သလို ခံစားမိတယ်။
    ကိုယ်လည်း ချောင်းသာ မရောက်ဖူးသေးတော့ ဒီလို အတွေ့ အကြုံ လေးတွေ ၊ဈေး နှုန်း လေးတွေ က အစ ဝေမျှ ပေးတာ ကျေးဇူးတင်ပါတယ်။
    ဒီဇနီးမောင်နှံ တို့ ဘဝလမ်း ခရီး ကို သားကောင်း ရတနာ၊ သမီးကောင်း ရတနာ လေးတွေ နဲ့ တကွ အမြဲ ထာဝရ ပျော်ရွှင်ချမ်းမြေ့ စွာ ဖြတ်သန်း နိုင် ပါစေ။

    • ဆူး

      December 21, 2012 at 5:06 pm

      ပိုစ်ကို ဖတ်တဲ့ လူတွေ ပျော်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးထားတာပါ။
      ဆုတောင်းလေး အတွက် ကျေးဇူးတင်ပါတယ်။

      ဆူး ရေးတာ ဖတ်ပြီး မရောက်ဖူးတဲ့ လူ သွားမယ် ဆိုလည်း သွားဖို့ အတွက် အဆင်ပြေစေချင်တဲ့ စိတ်ကူးလေးလည်းပါတယ်။

      အသုံးစရိတ် ကို တမင် ထည့်ရေးထားတာပါ။
      ပထမ ရည်ရွယ်ချက်ကတော့ နောင်နည်းနည်း ကြာသွားရင် မေ့သွားရင် ဘယ်လောက်လဲ ပြန်လာကြည့်လို့ ရအောင်။
      ဒုတိယ ရည်ရွယ်ချက်က အားကျပြီး သွားချင်တဲ့ လူတွေ အသုံးစရိတ် မှန်းလို့ ရအောင် ဆိုတဲ့ ရည်ရွယ်ချက်ကလေးတွေ နဲ့ ရေးပေးလိုက်တာပါ။

      ဒါတောင် ကားလက်မှတ် အသွားအပြန် ၁၅၀၀ဝ ပေးရတာနဲ့ ဟိုတယ် ဘိုကင် မချိတ်ပဲ ဒီတိုင်းသွားရင်တောင် ကားသမားတွေက ဟိုတယ် တခုပြီး တခု ရပ်ပေးပြိး အခန်း ရှိမရှိ လိုက်မေးဖို့ ကူညီပေးတယ်။ မကြိုက်ရင် ကားပေါ်ပြန်တက်.. နောက်ဟိုတယ် တခု ရှေ့မှာ ရပ်ပေးတယ်.. သွားစုံစမ်း မကြိုက်ရင် ပြန်တက် ဆိုတဲ့ စနစ်နဲ့ အားလုံး အခန်း ရတဲ့ အထိ စိတ်ရှည်ရှည် နဲ့ စောင့်ပေးသလို အပြန်နေ့မှာလည်း ကားက တည်းတဲ့ ဟိုတည်မှာ နာမည် စာရင်းနဲ့ မှတ်ပြီး လာကြိုပါသေးတယ်။
      အခန်းမရမှာ စိတ်တွေ ပူပြီး အတင်းဘိုကင်တွေ လုပ် ပိုက်ဆံတွေ ကြိုချေ ထားရင် အခန်းခ နည်းနည်း ပို ဈေးမာတယ်လို့ ကြားတယ်။ ကမ်းခြေ တလျှောက်မှာ ဟိုတယ်ကြီး ၁၃ခု ရှိတယ် လမ်း တခုတည်းပေါ်မှာ ဆောက်ထားတာ ဖြစ်တဲ့ အတွက် အခန်း အတွက် စိတ်အေးတဲ့ အထိ ကား က ကူညီပေးတယ်။ အဲ့ဒီ ကမ်းခြေ ဟိုတယ်တွေမှာ ဈေးကြီးလို့ သို့မဟုတ် အခန်းမရလို့ ဆိုလည်း စိတ်ပူစရာ မရှိဘူး ဧည့်ဂေဟာ Guest house မိုတယ် အဲ့ဒါမျိုးတွေလည်း အများကြီး ရှိသေးတယ်.. ကမ်းခြေ ကပ်လျက်မဟုတ်တဲ့ အတွက် ဈေးသက်သာတယ်။
      ရွာတွေ ထဲမှာ လိုက်တည်းချင်တယ် ဆိုလည်း ပြသနာ မရှိဘူး။ တည်းခိုစရာ နေရာတွေကတော့ အရမ်းပေါတာပဲ.. ဆူး တောင် ပင်လယ် မြင်ကွင်း ရတဲ့ အခန်းတွေမှာ မတည်းဘူး ဈေးကြီးလို့..
      တနေကုန် ရေဆော့ လမ်းလျှောက်နဲ့ ညောင်းနေတဲ့ အချိန် ပင်လယ်လည်း ထွက်မကြည့်ဖြစ်တော့ပါဘူး.. အခန်းထဲ ဝင်ပြီး အိပ်တော့တာပဲ.. ကမ်းခြေမှာ ထိုင်စရာ ခုံတွေ ပေါ မှ ပေါ.. ကော်ဖီ တခွက် ၃၀ဝ လောက် ပေးပြီး ဝယ်သောက်လိုက်လည်း အကြာကြီး ထိုင်လို့ ရတယ်.. ထီးနဲ့ ခုံနဲ့ ဆိုတော့ ပိုတောင် ဇိမ်ကျသေးတယ်။
      အုန်းစိမ်းရေကလည်း တလုံး ၅၀ဝ ချိုတယ်။

  • uncle gyi

    December 21, 2012 at 11:09 pm

    ပို့စ်ကအစအဆုံး
    မြိုင်မြိုင်ဆိုင်ဆိုင်ရေးသွားတာ
    သွက်မှသွက်
    အမှန်ကဒါ့ထက်သွက်ရမှာ
    ပုံကလေးတွေမပါလို့
    မကျေနပ်ပါကြောင်း

    • ဆူး

      December 22, 2012 at 9:11 am

      ပုံကလေးတွေတော့ ထည့်ချင်ပါတယ်.. ခရီးစဉ် တလျှောက်မှ တအိအိ နဲ့ ရွာနေတဲ့ မိုးက ကင်မရာ ထုတ်ရိုက်ဖို့ အဆင်မပြေတာနဲ့ သိပ်မရိုက်ဖြစ်ခဲ့ဘူး။ ၂ယောက်တွဲတောင် မရိုက်ခဲ့ဘူး ဘာညာနဲ့ ပွစိ ပွစိ ပြောတော့မှ အပြန်ခရီး ကားပေါ်ရောက်တော့မှ ထို်င်ရင်းနဲ့ ၂ယောက် တွဲလေး ၁ပုံပဲ ရိုက်ဖြစ်ခဲ့တယ်။ ရိုက်ထားတဲ့ ပုံကလည်း ထင်သလောက် မလှတော့ အိမ်မှာပဲ ဖွက်ထားလိုက်တော့မယ်နော်။

  • မောင်ပေ

    December 22, 2012 at 1:04 pm

    ဒါ သပ်သပ် ရွာထဲက အပျိုကြီးတွေကို ကလိတာ
    ရွာထဲက အပျိုကြီးများအားလုံး ငြိမ်မနေကြပါနဲ ့ဗျို ့
    ဟီဟိ
    :kwi: :kwi:

    • ဆူး

      December 22, 2012 at 1:06 pm

      ဟာာာာာ.. မောင်ပေ.. ကုန်းဆင်း မှာ တွန်းမချ နဲ့နော်.. ကိုယ့်ဟာ ကိုယ် အားကျတယ် ဆိုလည်း အားကျတယ်ပေါ့အေ.. ပွင့်ပွင့်လင်းလင်းပေါ့
      :kwi::kwi:

  • Foreign Resident

    December 22, 2012 at 2:43 pm

    မဆူးရဲ့ စာတွေ မဖတ်ရတာကြာလှပြီ ။
    အခုမှပဲ အားရပါးရ ရှည်ရှည် ပြန်ဖတ်ရတော့တယ် ။ ကျေးဇူးပါ ။

    • ဆူး

      December 22, 2012 at 3:37 pm

      အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

  • မယ်ဆူးရေ
    ပျော်လဲပျော်
    (သများတွေအားကျစရာ)
    မောလဲမော
    (ပိုက်ပိုက်လဲအတော်ကုန်မယ်)
    နဲ့ ဖတ်လို့လဲကောင်း။
    မှတ်မိသေးတယ်နော်ပြောဘူးတာလေး
    (သကြားဆိုချိုမှ တဲ့)

    ဓါတ်ပုံလေးတွေပါရင် ပိုကောင်းမယ်လို့
    လက်ဆောတတ်သူပီပီ ထင်မိပါတယ်။

    • ဆူး

      December 24, 2012 at 9:41 am

      ဆူး ပြောဖူးတယ်..
      တရားဆို တိုမှ..
      သကြားဆို ချိုမှ..
      လူတွေက တိုတို နဲ့ လိုရင်းရောက်တာ သဘောကျတယ်လို့ ပြောဖူးပါတယ်။
      အခု ပိုစ်လေး ကို ၂ခု နဲ့ ၃ခု ခွဲပြီး ရေးမယ်ဆို ရေးတင်လို့ ရပါတယ်။ ဒါပေမဲ့ အမှတ်တရ အဖြစ်သီးသန့် ရေးထားတာမို့.. အပိုင်းပိုင်းခွဲပြီး ရေးတင်နေရင် နောက်ပိုင်း ကိုယ့်ဟာကို ပြန်ဖတ်ချင်လို့ လာပြန်ရှာရင် တခုတည်းနဲ့ မပြီးပဲ အပိုင်းပိုင်း ဖွင့်ပြီး ရှာနေရမှာ စိုးလို့.. အဟိ..

      ဓါတ်ပုံရိုက်ဖို့ အခန့် မသင့်ခဲ့လို့ ကောင်းကောင်း မရိုက်ခဲ့ရဘူး။
      ရိုက်ထားတဲ့ ပုံတွေကလည်း ဆူး တယောက်တည်း ဖြစ်နေတယ်.. ၂ယောက်တွဲ ပုံကျတော့လည်း မလှဘူး ဆိုတော့.. စိတ်ကူးနဲ့ပဲ မှန်းပြီး မြင်ပေးလိုက်ပါနော်။

  • padonmar

    December 23, 2012 at 12:59 am

    ကိုကိုနဲ့ဆူး
    ဒီလိုပဲ အမြဲပျော်နိုင်ပါစေ။
    အထက်လှန်အောက်လျှောခြင်းမှလည်းဝေးပါစေ။

    • ဆူး

      December 24, 2012 at 10:07 am

      ပေးတဲ့ ဆု နဲ့ ပြည့်စုံနိုင်အောင် ကြိုးစား အားထုတ်ပါ့မယ်။
      အထက်လှန် အောက်လျှော မဖြစ်အောင်လည်း နောက်ဆို ဆေးဆောင်ထားဖို့ သတိရှိသွားပြီ။
      ကျေးဇူးတင်ပါတယ်။

      ရွာထဲက ဆရာဝန်တွေ ကို ဖုန်းဆက်ပြီး ချက်ချင်း ဆေးဝယ်သောက်လိုက်ရင် အများကြီး သက်သာ လိမ့်မယ် ဆိုတဲ့ အတွေးကလေး အန်တီ ကွန်မန်းလေး မြင်မှ သတိရသွားမိတယ်။

  • Crystalline

    December 23, 2012 at 10:28 am

    Congratulations! သူများရဲ့ပျော်စရာ အတွေ့အကြုံလေးတွေ ဝေမျှထားတဲ့ပို့မှာ ဘယ်မနာလို သဝန်တို ချဉ်တတ်သူများက လာအနှုတ်တွေပေးထားလဲမသိဘူး… တော်တော်ဆိုးတဲ့လူတွေ.. 🙂 ဆူးရေ.. ပျော်ရွှင်စရာနေ့တွေ သက်ဆုံးတိုင်ရပါစေနော်.. သားကောင်းသမီးမွန်လေးတွေထွန်းကားပါစေ :kwi:

    • ဆူး

      December 24, 2012 at 10:11 am

      ဆုတောင်းလေး အတွက် ကျေးဇူးတင်ပါတယ်။
      မနာလို ချဉ်တတ်သူတွေ အကြောင်းတော့ ထည့်မစဉ်းစားတော့ပါဘူး။
      သူလည်း သူ့ အလုပ် သူလုပ်သွားတယ်လို့ပဲ မြင်မိပါတယ်။
      ကိုယ်လည်း ကိုယ့်အလုပ် ကိုယ်လုပ်ပြီး ကိုယ့်စိတ်ကို ပျော်အောင်ပဲ ထားပါတယ်။
      ပိုစ်တွေ တင်ပြီး ၁လ လောက်နေမှ ပြန်လာကြည့်ရင် အနီတွေ ရဲရဲတောင် ဖြစ်နေတတ်တယ်။ အကြောင်းပြချက်တော့ မရှိဘူး။ ထို့ကြောင့် အနီ အနှုတ်တွေက ဖြစ်ရိုး ဖြစ်စဉ် တခု လို့ပဲ မြင်မိပါတယ်။

  • koaung

    December 24, 2012 at 10:22 am

    နီရင်နီတယ်မှတ် တိုုက်ပွဲရှိမှအောင်ပွဲ ရှိတယ်ရဲဘော် အဲလေ ဒကာမလေး. Using ianimal

Leave a Reply