အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၁ရ ) ( D – 24 & 25 – VENICE – VIENNA )
အဘဖေါ ရဲ့ ဥရောပသွား
ပေါ်တာ တောလား ( ၁ရ )
( D – 24 & 25 –
VENICE – VIENNA )
အောက်တိုဘာ ၄ ရက်နေ့ ။
ဒီနေ့ မနက်မှာတော့ ၊
Venice မြို့က ထွက် ၊
အီတလီ နိုင်ငံ ကို ၊
နှုတ်ဆက် ပြီး ၊
Austria နိုင်ငံ ၊
Vienna မြို့ကို ၊
ဦးတည်ခဲ့ ပါတယ် ။
ဒီနေ့ကလည်း အမုန်း ကားစီးခဲ့ရတဲ့ နေ့တစ်နေ့ပါပဲ ၊ ကီလို ၄၀ဝ ကျော်ပါတယ် ။
ဒါပေမယ့် ၊ ရှုခင်းလေးတွေ စိမ်းစို လှပ တဲ့အတွက် ပင်ပန်း အိပ်ငိုက်တာတွေ မဖြစ်ခဲ့ပါဘူး ။
ဩစတြီးယား နိုင်ငံ နယ်ခြားနားကို နီးကပ်လာတာနှင့်အမျှ မြေမျက်နှာသွင်ပြင်တွေက သိသိသာသာ စပြောင်းလာပါပြီ ။
စပိန် နှင့် အီတလီ မှာကြုံတွေ့ခဲ့ရတဲ့ ပူပြင်းတဲ့ ရာသီဥတု နှင့် ခြောက်သွေတဲ့ မြေမျက်နှာသွင်ပြင်တွေ အစား ၊
အေးမြတဲ့ ရာသီဥတု နှင့် စိမ်းလန်းတဲ့ မြေမျက်နှာသွင်ပြင်တွေ အဖြစ် ရုတ်ချည်း ပြောင်းလဲသွားပါတယ် ။
ဥရောပရဲ့ နာမည်ကျော် Alps တောင်တန်း တောင်ဆွယ်တွေကြားက ဖြတ်သန်း မောင်းနှင်ခဲ့ရတာဆိုတော့ ၊
မိုးထိအောင် မြင့်မားလှတဲ့ကျောက်တောင်ကြီးတွေ ၊ ရစ်သွယ်စီးဆင်းနေတဲ့ ပေါများလှတဲ့ မြစ်ချောင်းတွေ ၊
ထူထပ်လှတဲ့ ထင်းရူးတောတွေ ၊ မျက်စိတစ်ဆုံး ကျယ်ပြန့်လှပြီး စိမ်းလန်းလွန်းတဲ့ မြက်ခင်းတွေ ကြားမှာ ၊
ရာသီဥတုကလည်း အေးမြပြီး မြူခိုးတွေက မဝေ့တဝေ နှင့် တကယ့် နေချင်စရာ နိုင်ငံလေးပါပဲ ။
ဩစတြီးယား နိုင်ငံဟာ ၊ အီတလီ လို မဟုတ်ပဲ ၊ ချမ်းသာတဲ့ တိုင်းပြည်လို့ ဆိုပါတယ် ။
ဟုတ်လောက်ပါတယ် ၊ ချမ်းသာလို့သာ သဘာဝ ပါတ်ဝန်းကျင် မပျက်စီး လှပနေနိုင်သေးပုံ ရပါတယ် ။


ညနေ ၅ နာရီလောက်မှာမှ အဘတို့တည်းမယ့် Renaissance Wien Hotel, Vienna ကိုရောက်ပါတယ် ။
အမှန်က ဒီညမှာ Optional Excurssion အနေနှင့် Viennese restaurant မှာ ညစာစားရင်း ၊
ဩစတြီးယား ရိုးရာ traditional musical entertainment နှင့် ဖျော်ဖြေပွဲ ရှိပါတယ် ။
မနက်ဖြန် ကျမှ Viennese Concert with Dinner ကိုသွားမယ်လို့ ဆုံးဖြတ်ထားတာက တစ်ကြောင်း ၊
နေ့စဉ် ရက်ဆက် ပွဲတက်နေရလို့ ခရီးပန်းတာက တစ်ကြောင်း ၊
အဘ နှင့် အနုပညာက ပြဒါး တစ်လမ်း သံ တစ်လမ်း ဝေးကွာလှတာက တစ်ကြောင်း တို့ကြောင့် ၊
ဒီညတော့ Viennese restaurant မှာ ညစာစားပွဲကို လိုက်မသွားတော့ပါဘူး ။
ညနေစောင်းမှာ အေးအေးဆေးဆေး ကိုယ့်ဖာသာကိုယ် ဟော်တယ် ပါတ်ဝန်းကျင်ကို လမ်းလျှောက်ထွက်ခဲ့ပါတယ် ။
ထူးခြားတာ တစ်ခု သတိပြုမိတာကတော့ တခြားနိုင်ငံတွေမှာလို ၊
မီးပွိုင့်တွေမှာ ၊ ကားလမ်းကို လမ်းဖြတ်ကူးဖို့အတွက် နှိပ်စရာ ခလုတ် မရှိပဲ ၊
လူရှိမရှိကို Auto Sensor တွေ တပ်ထားပြီး ၊ လူရှိရင် လူဖြတ်ဖို့ မီး စိမ်းပေးတာတွေ့ရပါတယ် ။
ဩစတြီးယား နိုင်ငံ ဟာလဲ အဘတို့ ဩစတေသျှ နိုင်ငံ လိုပဲ ၊
ညနေ ရ နာရီလောက်မှာ လမ်းတွေပေါ်မှာ လူမရှိသလောက်ကိုနည်းတာတွေ့ရပါတယ် ။
စက်ဘီး စီးတဲ့သူတွေကိုတော်တော်တွေ့ရပြီး ရထားဘူတာရုံနားမှာ စက်ဘီး ငှားတဲ့နေရာကြီးကို တွေ့ရပါတယ် ။
ပုံစံကတော့ ၊ သဘာဝ ပါတ်ဝန်းကျင်ကို ထိမ်းသိမ်းလိုစိတ် ရှိသူတွေ အနေများပုံ ရပါတယ် ။
လမ်းလျောက်ရင်း ညစာစားချိန်ရောက်တော့ နီးရာ Restaurant တစ်ခုမှာ ဝင်ပြီး ၊
ကိုယ်မှာတတ်တဲ့ Spaghetti တို့ Pasta တို့ Lasagne တို့ မှာစားကြပါတယ် ။
ဈေးက တစ်ပွဲ ၈ Euro လောက်ပဲကျတော့ ၊ ဈေး သိပ်မကြီးဘူးလို့ ပြောရပါမယ် ။
ညစာစားပြီးတော့ ဟော်တယ်ကိုပဲ လမ်းလျှောက်ပြန်လာခဲ့ပြီး ၊ အနားယူလိုက်ပါတယ် ။


အောက်တိုဘာ ၅ ရက်နေ့ ။
ဒီနေ့မနက်မှာ ပထမဆုံး Schönbrunn Palace ဩစတြီးယား နွေရာသီ နန်းတော်ကို အရင်သွားကြည့်ကြပါတယ် ။
အဲဒီ Schönbrunn နန်းတော် ထဲမှာ ထူးဆန်းစွာပဲ ၊
တရုတ်ပြည်က ဝယ်ယူထားတဲ့ အနုပညာ လက်ရာတွေ တော်တော် များများ သုံးထားတာ တွေ့ရပါတယ် ။
အနုပညာ လက်ရာတွေ တော်တော် များများမှာ ရွှေအစစ်တွေကို သုံးထားတာကိုလည်း တွေ့ခဲ့ရပါတယ် ။
ဆိုးတာက Schönbrunn နန်းတော်ကြီး ထဲမှာ ဓါတ်ပုံ ရိုက်ခွင့် မရှိတာပါပဲ ။
Schönbrunn နန်းတော် ဝင်းထဲက အလွန်လှပ ကျယ်ဝန်းတဲ့ ပန်းဥယျာဉ်တွေကလဲ နာမည်ကြီးပါ ။
အဲဒီ ပန်းဥယျာဉ်တွေထဲမှာတော့ အလှအပတွေကို အားရပါးရ ဓါတ်ပုံ ရိုက်ခဲ့ပါတယ် ။




Schönbrunn နန်းတော် ကနေထွက်လာပြီးတဲ့အခါမှာ Hofburg Palace နန်းတော် ကိုသွားကြည့်ကြပါတယ် ။
Hofburg နန်းတော်ဟာ အရင်က Austro-Hungarian empire ဘုရင် နန်းစိုက်ခဲ့တဲ့ ဆောင်းရာသီ နန်းတော် ပါ ။
အခုတော့ အဲဒီမှာ ဩစတြီးယား သမ္မတ ရုံးထိုင်ပါတယ် ။
အဲဒီ နန်းတော် အထဲမှာပဲ ဘုရားကျောင်း ၊ လွှတ်တော် ၊ အမျိုးသား ပြတိုက် ၊ ပြဇာတ်ရုံ ၊ ဗဟိုဘဏ် စသဖြင့် ရှိပါတယ် ။
နန်းတော် ပန်းခြံထဲမှာတော့ နာမည်ကျော် ဩစတြီးယား နိုင်ငံသား အနုပညာရှင် မိုးဇတ် ( Mozart ) ရဲ့ ရုပ်ထု ရှိပါတယ် ။



အဲဒါပြီးတော့ အဘတို့ မြို့လည်ကောင်လို့ပြောရမယ့် Vienns State Opera House ကိုသွားကြပါတယ် ။
မြို့လည်ကောင် Opera House ပါတ်ဝန်းကျင်ကို ကိုယ့် အစီအစဉ် နှင့် ကိုယ် လှည့်လည် ကြည့်ရှုကြပါတယ် ။
Karntner Ring လမ်းမကြီးရဲ့ ပလက်ဖေါင်းပေါ်မှာ ရှေးခေတ် အနုပညာရှင်တွေရဲ့ ၊
လက်မှတ် နှင့် ကြယ်ပွင့် တွေလဲ အများအပြား တွေ့ရပါတယ် ။
Opera House ပါတ်ဝန်းကျင်က လမ်းတွေမှာ နာမည်ကြီး ဆိုင်ကြီးတွေလည်း အများအပြားရှိပြီး ၊
လူတွေလည်း တအားများတာကို တွေ့ရပါတယ် ။
တရုတ် စားသောက်ဆိုင် တစ်ခုမှာ Buffet အဝစား ရ ကျပ်ခွဲ လို့ရေးထားတာတွေ့ရပြီး ၊
အဘ တို့လည်း အာရှစာ ငတ်နေတာကြာနေပြီး ၊ ဈေးကလည်း ပေါတာနှင့် နေ့လည်စာ ဝင်စားခဲ့ကြပါတယ် ။
နေ့ခင်း ၃ နာရီလောက်မှာတော့ ၊ ဟော်တယ်ကို ပြန်ပြီး ခဏ နားကြပါတယ် ။




ညနေ ၅ နာရီမှာ ဟော်တယ် ကနေ ညနေစာစားဖို့ ပြန်ထွက်လာခဲ့ပါတယ် ။
မြို့ပြင် ရူခင်းတွေကို လျှောက်ပြမှာမို့တမင်စောထွက်လာတာပါတဲ့ ။
မြို့ပြင်က ရူခင်းတွေကို လှည့်ပြပြီး မြို့ပြင် ရွာတစ်ရွာက ဆိုင်တစ်ဆိုင်မှာ ဩစတြီးယားညစာ ကျွေးပါတယ် ။
အသား နဲနဲ စိမ်းသေးတာ ညှီသေးတာတွေကို လာကျွေးတာမို့လို့ အဘ ကတော့ သိပ်မကြိုက်ပါဘူး ။
အရက် သောက်တတ်သူတွေကတော့ အရက် နှင့် မျှောချတာဆိုတော့ အဆင်ပြေနေပုံပါပဲ ။
ဘာပဲဖြစ်ဖြစ် သူတို့ဆီက ရိုးရာ ရွာဆိုင်လေးကတော့ ချစ်စရာလေးပါ ။
သူ့ဆိုင်ကို လာဘူးတဲ့ Celebrity တွေရဲ့ ဓါတ်ပုံပေါင်းများစွာကို ဝေဝေဆာဆာ ချိတ်ဆွဲထားပါတယ် ။
ဆိုးတာက အဘတို့ကို အကော်ဒီယံနှင့် လာဖျော်ဖြေတဲ့သူက ဩစတြီးယား ဘာသာနှင့် သီချင်းဆိုနေတာပါ ။
တစ်လုံးမှကို နားမလည်ပါဘူးကွယ် ၊ အဘက နဂိုကတည်းကမှ အနုပညာနှင့် ဝေးပါတယ်ဆို ။



ည ရ နာရီ ခွဲ မှာတော့ အဘတို့ Concert ကြည့်ရမယ့် Wiener Konzerthaus ဆိုတဲ့ ဇတ်ရုံကိုသွားပါတယ် ။
Concert ကြည့်တဲ့ Hall ခန်းက နှစ်ထပ်ရှိပြီး နှစ်ထပ်စလုံး ခုံလေးတွေက Slope အတို်င်းမြင့်တက်လာတဲ့ ပုံစံ နှင့်ပါ ။
အဘတို့ Trafalgar Tour က စီစဉ်မှု ကောင်းတော့ အဘတို့ အဖွဲ့က ရှေ့ဆုံးခုံ ၃ တန်းမှာ နေရာရပါတယ် ။
Concert ကပွဲက ည ၈ နာရီခွဲမှာ စပြီး ည ၁ဝ နာရီလောက်မှပြီးမှာပါ ၊ ၁ နာရီ ခွဲ ကြာပါမယ် ။
အဘ မဟေသီက ကပွဲ မကြည့်ခင်မှာကော ၊ ကပွဲ တစ်လျှောက်လုံးကော အဘကို မအိပ်ဖို့ တစ်ဖွဖွ မှာရှာပါတယ် ။
အဘ တို့က အနုပညာ နှင့်ပါတ်သက်ရင် အဲလိုကို ပါရမီ ဓါတ်ခံ ကောင်းတာ ။
Concert ကို တီးကြမဲ့ သူတွေဝင်လာကြတော လူ ၄ဝ ကျော်လောက် ရှိပါတယ် ။
အဘ အဲဒီလို လူ ၄ / ၅ဝ လောက် စုပေါင်းတီးခတ်ကြမယ့် Concert ကို တစ်ခါမှ မကြုံဖူးပါဘူး ။
သူတို့ရဲ့ လက်စမ်း တီးမှုတ်မှုတွေ စတင်တဲ့အခါမှာတော့ တကယ့်ကို ကြက်သီးမွေးညှင်း ထမိပါတော့တယ် ။
အဘ သိလိုက်ပြီ ၊ အဘ ဒီ Optional Excursion အတွက် ၉ရ ယူရို ( မြန်မာငွေ တစ်သိန်း ကျော် ) အကုန်ခံခဲ့တာမှာ ၊
ဒီ ညနေ ဩစတြီးယား ရိုးရာ ညစာ ကတော့ စားရတာ သိပ် အရသာမရှိပေမယ့် ၊
ဒီ Concert ကပွဲ ကတော့ အဘ ကို ထူးခြား ဆန်းကျယ်တဲ့ အနုပညာ ရသ / အဆင့် တစ်ခုကို ပေးတော့မယ် ဆိုတာ ။



Concert ကပွဲ မှာ ဖျော်ဖြေမယ့် စာရင်းကိုတောင် ၅ ယူရိုပေးပြီး ဝယ်ဖတ်ရပါတယ် ။
ဝယ် ဖတ်ကြည့်တယ် ၊ ရိုးတိုးရိတ်တိတ် လောက်ပဲ နားလည်ပါတယ်ကွယ် ။
W . A . Mozart :
Ouverture to ” Figaros Marriage ” KV 492
Rondo Alla Turca
Violin Concerto D – Major KV 218
စသဖြင့်ပေါ့လေ ။ ဘာတွေ ရေးထားမှန်းလဲ မသိဘူး ၊ ဂြိုလ်သားစာတွေ ကျနေတာပဲ ။
တကယ့်တကယ် ၊ ကပြဖျော်ဖြေသွားတာတွေကတော့ ၊
အတီး ချည်း သက်သက် လက်စွမ်းပြကွက် တွေရယ် ၊
အဆို ပညာရှင်တွေ နှင့် ပူးတွဲ တင်ဆက်မှု တွေရယ် ၊
တစ်ဦးချင်း / တူရိယာ တစ်ခုချင်းစီ ရဲ့ လက်စွမ်းပြ တီးခတ်မှု တွေရယ် ၊
ဩစတြီးယား ရိုးရာ အကတွေလို့ ထင်ရတာ တွေရယ် ၊
Swan Lake ငန်းတို့ပျော်ရာ ရေကန်သာ ဆိုတဲ့ ဘဲလေး အက တွေရယ် ပါဝင်ပါတယ် ။
ဧည့်သည် ပညာရှင် အဖြစ် ၊ အဆို ပညာရှင် တွေ ၊ ကပွဲဦးဆောင်သူ Composer တွေ ကိုလည်း ၊
စင်ပေါ် ဖိတ်ခေါ်ပြီး တီးမှုတ်ကြတာကို တွေ့ရပါတယ် ။
ကပွဲဦးဆောင်သူ Composer ကြီးက လူတစ်ယောက်ချင်း / တူရိယာ တစ်ခုချင်း စီကို ၊
သူ့ တုတ်တံလေးနှင့် ထိုးညွှန်ပြပြီး အသံတွေကို စိတ်ကြိုက် အတင်အချ လုပ်သွားပုံလေးတွေ ၊
တယောတီးတဲ့သူတွေက လက်ခုပ်တီး အားပေး လို့ မရတဲ့အတွက် လက်ခုပ်တီးမဲ့အစား ၊
တယော ဘိုးတံလေး နှင့်ပဲ ပုခုံးကို ရိုက်ရိုက်ပြီး အားပေးကြတာတွေ ကလဲ တစ်မျိုး ဆန်းပါတယ် ။
အဘ အခါခါ ပြောခဲ့ဘူးပါတယ် ၊
အဘဟာ အနုပညာနှင့် ပါတ်သက်လို့ကတော့ နွားကို ပလာတာကျွေးတဲ့အဆင့်ပဲ ရှိပါသေးတယ် ဆိုတာ ။
သို့ပေမယ့် ၊ အဘ လို အနုပညာ ငဒူ တောင် လှိုက်လှိုက်လဲလဲ ခံစားလို့ ရလောက်အောင် ၊
လူ ၄ / ၅ဝ လောက် မြိုင်မြိုင်ဆိုင်ဆိုင် ဝိုင်းတီးကြ ၊ Composer ကြီးရဲ့ တက်ကြွ မာန်ပါတဲ့ ကြိုးစားမှုတွေ ၊
အဆို ပညာရှင်တွေရဲ့ အသံ ပိုင်နိုင်မှုတွေ ၊ အက ပညာရှင်တွေရဲ့ အရည်အချင်း ပြည့်ဝမှုတွေ က ၊
ဖျော်ဖြေချိန် ၁ နာရီ ခွဲ လုံးလုံး ၊ ပျင်းရိမှုလုံးလုံး မဖြစ်ရအောင်ကို ဆွဲဆောင်နိုင်ပါပေတယ် ။
ရွာသူား တို့ကိုလည်း ၊ တစ်ချိန်ချိန်မှာ ဒီလို Concert ကပွဲမျိုး ကြည့်ခွင့် နှင့် ကြုံကြိုက်ခဲ့လို့ရှိရင် ၊
လက်လွတ်မခံ မိစေဖို့ အဘ က ထောက်ခံ Recommend ပေးလိုက်ပါတယ် ။
အပြန်လမ်းကတော့ ၊ တိတ်ဆိတ် ရှင်းလင်းနေတဲ့ Vienna ည ရှုခင်းကို ခံစားရင်း ၊
Concert ကပွဲ ရဲ့ အနုပညာ ရသ ကို စားမြုံ့ပြန်ရင်းနှင့်ပဲ ။
တော်သေးဘီ ။
အဘ ဖေါ ( F R ) ။



8 comments
kai
January 9, 2013 at 6:33 am
Concert Orchestra တွေဟာ.. လူကိုအင်မတန် စိတ်အေးချမ်းသာမှုပေးနိုင်စွမ်းတယ်တဲ့..
အတွေးအခေါ်ကောင်းတွေလည်း.. ထွက်စေတယ်ဆိုပါတယ်..
မသွားဖူးတော့မသိ..
အဘဖောရေးပြမှပဲ.. ဖြစ်လောက်တယ်ထင်နေမိတာ.။
မောင့်ကျက်သရေ ဂီ့
January 9, 2013 at 6:50 am
ဒီ-မေဂျာ ကွန်ဆာတ် ဆိုလို့ နည်းနည်း တူးကြည့်မိရဲ့…
အစက မိုးဇာတ်ကို ဂျာမန် ထင်နေခဲ့တာခည.. ခုတော့ ဩစတီးယန်းမှန်း သိသွားပါပြီ ကျေးကျေးပါ…။
အဲ့သည့် မိုးဇာတ်၊ ဗီထိုးဗင်း ရော ပဂါးနီးနီ ကြီးပါ ဒီ-မေဂျာ နဲ့ အတော်လေး ရေးဖွဲ့ခဲ့ကြပါသတဲ့ …။
ဖွဲ့ဆို တယောရဲ့ စတန်းဒတ် ကျူနင် ဖွဲ့စည်းပုံအရက ဒီ-မေဂျာ နဲ့ လိုက်ဖက် လွန်းနေပါသတဲ့ ….။
ဒါမျိုး ဂီတာမှာလည်း ရှိသေးရဲ့ဗျာ…။ စတန်းဒတ် ကျူနင်မဟုတ်တဲ့ ဒီ-ဒရော့ပ် ကျူနင် မှာ
အိုးပင်းစတွင်း ဒီ၂ခု ပါဝင်နေလို့ ပါပဲ ….။
နောက်ထပ် ဒီ-မေဂျာ နဲ့ လိုက်ဖက်တဲ့ တူရိယာကတော့ ကလဲရီနက် ပါတဲ့ …။
သမိုင်းတပါတ် ပြန်လည်တာလား …တော့ မဆိုနိုင်ဘူး အဘရေ…
ရှေးဆြာကြီးတွေလိုပဲ သည်ဘက်ခေတ် အော်တာနေးတစ်ဗ် ၊ ပန့်ခ် ။ ပန်ကာနေးတစ် သမားတွေက
အနှီ ဒီဒရော့ပ်တွေ လှိုင်လှိုင် သုံးကြတာပါပဲ …။ ဩခက်စထွာ ကို လိုက်ဗ် နားထောင်ကြည့်ဖူးချင်မိရဲ့ဗျို့ …
အိုဘယ့် မြူးဇိ သီဝရီ….။
•*¨နန်းတော်ရာသူ •*¨
January 9, 2013 at 12:09 pm
ထင်းရူးတောတွေကိုသဘောကျတယ်။အနောက်နိုင်ငံက တက္ကသိုလ်ကြီးတွေတော်တော်များများမှာ အဲလိုတောတွေနဲ့ဆက်နေကြတာလားအဘရေ။
ကျွန်မအရမ်းကြိုက်တယ် Twilight ကားထဲမှာဆိုရင်လဲ အဲလိုထင်းရူးတောတွေအရမ်းလှတာပဲ။
အဘတင်ပေးတဲ့ပုံတွေမှန်သမျှက ကျွန်မရောက်ဖူးပြးီးသားတွေဖြစ်နေတယ်။
(ရုပ်ရှင်တွေထဲမှာ ) :harr:
PEACEMAKER
January 9, 2013 at 8:18 pm
“လာဖျော်ဖြေတဲ့သူက ဩစတြီးယား ဘာသာနှင့် သီချင်းဆိုနေတာပါ”
Germanစကားပြောတဲ့နိုင်ငံတွေထဲမှာ Austriaလည်း ပါပါတယ်။ ဒီဆောင်းပါးဖတ်ပြီး နောက်တစ်ခေါက်ပြန်ရောက်သွားသလိုပါပဲ..။ ကျမတို့တုန်းက ကိုယ့်ဘာသာကိုယ်မောင်းပြီး သွားခဲ့တာမို့ လမ်းတစ်လျှောက်လုံး စိတ်ဝင်စားစရာကောင်းတဲ့မြို့တွေရောက်တိုင်း ဝင်လည်ပါတယ်။ လှတဲ့နေရာရောက်တိုင်း ၁ညတည်းပြီး သဘာဝအလှကိုခံစားပါတယ်။
မောင်ပေ
January 9, 2013 at 8:25 pm
ကြိုက်တယ်
သွားချင်တယ်
အားကျတယ်
စိတ်ကူးယဉ်မိတယ်
အဲဒါ အဲဒါ
padonmar
January 9, 2013 at 11:44 pm
လှတဲ့ မြက်ခင်းပြင်ကြီးရယ်၊ဝေါရှိထဲကအိမ်ကလေးတွေနဲ့တူတဲ့ ရိုးရာဆိုင်လေးရယ်(ပြူတင်းပေါက်မှာ ပွင်နေတဲ့ ပန်းကလေးတွေရယ်)သဘောကျမိပါရဲ့။
အဘ ရဲ့ အခန်းဆက်တောလားတွေ ဖတ်ရ၊ပုံတွေကြည့်ရတိုင်း သတိထားမိ ဝမ်းနည်းမိတာကတော့ သူတို့ရဲ့ ရှင်းသန့်နေတဲ့ လမ်းတွေ၊အမှိုက်တစ်စမရှိတဲ့ နန်းတော် မျက်နှာစာတွေ မြင်ရပြီး ကိုယ့်ရှေ့က အမှိုက်တွေအကြောင်းတွေးမိတာပါပဲ။
နှစ်တစ်ထောင် ကျိန်စာ………
အရီးခင်လတ်
January 10, 2013 at 5:32 am
အပေါ်ဆုံး ဓာတ်ပုံလေး ၂ပုံက Post Card/ Wall Paper လုပ်လို့ ရအောင်ကို လှပါတယ် အဘရေ။
Concert မှာ ကြည့်ရင်း တရေးမှ မမှေးခဲ့ဘူး ဆိုတာ သေချာလား။
ဒီမှာတော့ တစ်ချို့ ကလေး ကျောင်းတွေ မှာတောင် Orchestra ဝိုင်းကြီး ဖြစ်အောင် ကို ဂီတ ဘက်မှာ အားပေးပါတယ်။
Music ဆိုတာ အဓိက ဘာသာထဲ မှာတောင်ပါထားတာ။
ကလေးတွေ ဝိုင်းတောင်မှ တကယ် နားထောင်လို့ ကောင်း ရင် အဘ ကြည့်ခဲ့တဲ့ပွဲ က ဘယ်လောက်ကောင်းမယ် ဆိုတာ မှန်းလို့ ရပါတယ်။
ထုံးစံအတိုင်း ကျေးဇူးပါနော်။ :hee:
kthwinzayarmyo
January 14, 2013 at 12:51 pm
စက်ရုံမှာ AD star ဘိလပ်မြေ စက်တွေလာဆင်တဲ့
နိုင်ငံခြားသားတွေက ဩစတြီးယားက (သူတို့က ဩစတေးလျနဲ့ မှားရင်
စိတ်ဆိုးတတ်ကြတယ်.သူတို့ပြောတာ Auseria ,not Cangroo တဲ့)ဆိုတော့
ဩစတြီးယားကို စိတ်ဝင်စားနေတာ. ဓါတ်ပုံ တွေမြင်ဖူးတဲ့ အတွက် ကျေးဇူးပါ။