အနိုင်မခံ

kaiJuly 19, 20101min882

အာဇာနည်နေ့ရောက်တိုင်း ထပ်ခါဖတ်ဖြစ်တဲ့ ကဗျာလေးပါ။ “ငါ၏ ဦးခေါင်းသည် သွေးသံတို ့ဖြင့် ရဲရဲနီ၏ ညွတ်ကားမညွတ် ”ဆိုတာလေး ကြိုက်လို့ဆိုပါတော့။
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေး စာစုကလေးပါပူးတွဲတင်ပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး..။
Bogyoke AungSan __ Autobiography __

တလက်စတည်း ပြောချလိုက်ရင် နောက်ကြိုက်တဲ့ စာသားတခုက ၁၃ဝဝ ပြည့် ရေနံမြေ သပိတ်ကြီးမှာ “မြင်းခွာတချက်ပေါက်ရင် … မီးဟုန်းဟုန်းတောက်စေရမည်” လို့ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်း ထောင်အချုပ်ခန်းထဲက လှမ်းအော်တယ်ဆိုတဲ့ စာစကားပါ။ အင်္ဂလိပ်တွေက အဲဒီခေတ်မှာ( ဒီခေတ်မှာရောပါပဲ) လူစုလူအုပ်ကို လူစုခွဲမယ်ဆိုရင် မြင်းတွေနဲ့လူအုပ်ကြားအတင်းမောင်းဝင်ပြီး မြင်းခွာနဲ့လူတွေကိုပေါက်ခိုင်း နံပါတ်တုတ်နဲ့ရိုက်လုပ်တာကိုး။ ဒီတော့ မြင်းခွာတချက်ပေါက်ရင် …မီးဟုန်းဟုန်းတောက်စေရမယ် ဆိုတာမျိုးက အင်မတန် အံတုတဲ့ စကားမျိုးပဲ။

ကြက်သီးမွှေးညင်းများ မထမိကြဖူးလား..။ စာဖတ်သူတွေလည်း အဲဒီလို သွေးတွေရဲရဲတောက်ထလာစေမဲ့ စာသားလေးတွေ စဉ်းစားရေးချကြည့်ကြပါဦး။ အင်္ဂလိပ်လို ကူးတင်လည်းရပါတယ်။ အမှတ်တရ စုထားနိုင်အောင်ပေါ့။

အနိုင်မခံ

ဗိုလ်ချုပ်အောင်ဆန်း
(အိုးဝေ မဂ္ဂဇင်း၊ အတွဲ (၆) အမှတ် (၁) ၁၉၃၆ ခု)

ငါ့အားဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင် အတွင်းမှာနေ၍ အနိုင်မခံအရှုံးမပေးတတ်သော
ငါ၏ စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သကြားတို ့အား ငါကျေးဇူးတင်၏။

လောကဓံတရားတို ့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို ့
ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး။

ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို ့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို ့ဖြင့် ရဲရဲနီ၏ ညွတ်ကားမညွတ်။

ဤလောဘ ဒေါသတို ့ ကြီးစိုးရာဌါန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏
သို ့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ ့ရအံ့
နောက်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ ့ရအံ့။

သုဂတိသို ့သွားရာ တံခါးဝသည် မည်မျှကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေရေပရပိုက်၌ ငါ့အပြစ်တို ့ကို မည်မျှပင်များစွာ
မှတ်သားထားသည် ဖြစ်စေ ငါကား ဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။

Invictus
William Ernest Henley
1849–1903

Out of the night that covers me,
Black as the Pit from pole to pole,
I thank whatever gods may be
For my unconquerable soul.

In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeonings of chance
My head is bloody, but unbowed.

Beyond this place of wrath and tears
Looms but the Horror of the shade,
And yet the menace of the years
Finds, and shall find, me unafraid.

It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate:
I am the captain of my soul.

2 comments

  • wunnakoko

    July 20, 2010 at 8:21 am

    ရှားပါးတဲ့ကဗျာပါဘဲ။ ကျေးဇူးတင်ပါတယ်။ ဖခင်ကြီးဗိုလ်ချုပ်ကိုအောက်မေ့သတိရသောအားဖြင့် ဦးညွတ်ပါ၏။

Leave a Reply