“အာလူးကြိုက်ကြသူများ”
အရက်တစ်ပက်လို့ ထပ်မှာနေတဲ့ အောင်ဘတစ်ယောက် နည်းနည်းတော့ မူးနေပြီ။ ဒါပေမယ့် သူက ထပ်သောက်ရမှ အာသာပြေလိမ့်မယ်လို့ သူ့ကိုယ်သူ တွေးထားလေတယ်။
“ဟေ့ .. ဝီနောက်ထပ် တစ်ပက်ဟေ့”
သူ့ရှေ့ထံ ရောက်လာတဲ့ ဝီစကီ တစ်ပက်ကိုကြည့်ရင်း သူက ပြုံးခြင်းနဲ့ ရယ်မောဟားတိုက်ခြင်း ပေါင်းစပ်ထားတဲ့ အမူအရာနဲ့ ရယ်မောလိုက်တယ်။
“ဟုတ်တယ် … အရက်ဆိုတာ မူးတယ် .. သောက်ရင် မူးမှာပဲ မဟုတ်လား.. မျိုးကြီးရ”
မျိုးကြီးဆိုတာက ဆိုက်ကားသမား။ သူနှင့် အတူ သောက်ဖေါ် သောက်ဖက်။
“သိပ်ဟုတ်တာပေါ့ဗျာ …. အရက်လောက် သစ္စာရှိတာ …. အရက်ပဲ .. သောက်ရင် မူးမယ် .. မသောက်ရင် မမူးဘူး …. အောင်ကြီးရ ….”
အောင်ဘ ပြုံးလိုက်ပါတယ်။ ပြုံးရင်း ပြုံးရင်း သူအပြုံးတို့က မဲ့၍ လာသလို။
“တကယ်တော့ ငါရေးနေတဲ့ စာတွေကလည်း ဘာမှတော့ မဟုတ်လှပါဘူး .. မျိုးကြီးရာ ..
အားလုံးလိုလိုဟာ ဒီအရက်သောက်ပြီး ထွက်ကျလာတဲ့ ခံစားချက်တွေချည်း”
“အေး …. အဲဒါလည်း အဲဒါပေါ့ …
ဒါပေမယ့် … မင်းလည်း ဘာပဲဖြစ်ဖြစ် စာရေးဆရာတစ်ယောက်ရယ်လို့
အသိမှတ်ပြုခံနေရတဲ့ အနုပညာသမားတစ်ယောက်ပဲ …
ငါ့ထက်စာရင် တော်ပါသေးတယ်ကွာ …
ငါက ဆိုက်ကားသမား …”
မျိုးကြီးစကား မဆုံးခင် သူက ဖြတ်ပြောလိုက်တယ်။
“ဟေ့ … ဟေ့ … မင်းနဲ့ငါ ဘာမှ မထူးဘူး
ငါတို့အားလုံးဟာ အရက်သောက်တယ်.. အများက မြင်တာ အရက်သောက်ရင် အရက်သမားပဲကွ ….”
သူတို့ စကားတွေပြောလိုက် အရက်တွေသောက်လိုက်ဖြင့် တော်တော်ညဉ့်နက်လှပြီ။ အမှန်တော့ ဒီညမှ ညဉ့်နက်တာမဟုတ်၊ ညတိုင်းလိုလို သူတို့နှစ်ဦးက ဒီလိုပဲ သောက်နေကျ။
“ကဲ .. အချိန်လည်း တော်တော်လင့်လှပြီ…ပြန်ကြစို့ မျိုးကြီးရေ”
သူတို့နှစ်ဦး အရက်ဆိုင်မှ ပြန်လာခဲ့ကြတယ်။ မျိုးကြီးက ဆိုက်ကားကိုနင်းလို့ အောင်ဘက ထိုင်လိုက်ကာ သူတို့ အိမ်အပြန်လမ်းဟာ ခြောက်ကပ်လွန်းနေခဲ့တယ်။
“ဘဝဆိုတာ တကယ်တော့ ခက်ခဲလှတဲ့ ဖိနပ်တစ်ရံပေါ့”
ဆိုက်ကားနင်းရင်း မျိုးကြီး ပြောလိုက်တဲ့စကားကို အောဘက အတွန့်တက်လိုက်တယ်။
“ဘာ ဖိနပ်လဲကွ .. ဒပ်ပါလား .. ဂူချီလား … ချက်လား”
“အောင်ကြီး .. မင်းက အဲဒီ ဖိနပ်တွေ စီးဖူးလို့ မေးနေတာလားကွ”
အောင်ဘတစ်ယောက် ပြန်မဖြေပါ။
“အေးကွာ … ဘဝဆိုတာ တစ်ခါတစ်ခါ ခုံဖိနပ်ပေါ့ …….
အင်း….. တစ်ခါတစ်ခါကျတော့လည်း ရာဘာဖိနပ်ပေါ့ …”
သူတို့တွေ တောင်ရောက်မြောက်ရောက် စကားလုံးများနဲ့ ပြန်လာရင်း ဆိုက်ကားက ဘီးပေါက်သွားတယ်။
“ဟေ့ … ဘယ်လိုလုပ်မလဲ မျိုးကြီး
မင်းဆိုက်ကား အစုတ်ကြီးကလည်းကွာ….”
“အေး … ဘီးပေါက်သွားတော့ ဘာလုပ်ရမလဲ … မင်းကော .. ငါကော ဆင်းပေါ့ ..”
သူတို့တွေ ဆိုက်ကားပေါ်ကဆင်းကြပြီး ဆိုက်ကားဘီးကိုကြည့်တော့ ဘီးက လုံးဝ လေမရှိတော့။ ဘီးဖာဆိုင်လည်း ဒီအချိန်ကြီးကျမှ မရှိလေတော့ပါ။ မျိုးကြီးက သူ့ဆိုက်ကားကိုထားပြီး ရှေ့နားက တံတားတစ်ခုမှာ သွားထိုင်ဖို့ပြောတော့ အောင်ဘလည်း သဘောတူလိုက်တယ်။
ပဲခူးမြစ်ကို လရောင်က ထိုးထားလေတော့ မြစ်ဆီက လရောင်အလှဟာ အဲဒီညမှာ လှလွန်းနေခဲ့တယ်။
“တကယ်တော့ ဘဝဆိုတာ ဟောဒီ မြစ်ထဲက လရောင်လိုပေါ့ကွာ.. လှနေပေမယ့် … မြစ်ထဲမှာ လက တကယ်မှ မရှိဘဲ”
အောင်ဘက ဖက်ကြမ်းတစ်လိပ်ကိုခဲပြီး ပြောတော့ မျိုးကြီးက သူငုံထားတဲ့ ကွမ်းကို ဗျစ်ခနဲ ထွေးလိုက်တယ်။
“လူတွေလည်း မရှိခြင်းကို မသိခြင်းနဲ့ ပေါင်းပြီး ခြေထောက်တစ်စုံမှာ အမှီပြု လမ်းလျှောက်နေကြတာ”
“အေးကွ .. အောင်ကြီးရ ..
လူဆိုတဲ့ သတ္တဝါဟာ မတ်တပ်ကြီး လမ်းလျှောက်နေကြတာ … တွားသွားသတ္တဝါတွေကသာ ကြည့်ရင် လူဆိုတာ တော်တော်ရုပ်ဆိုးနေမယ်ထင်တယ်”
အောင်ဘက ပြန်မဖြေ။ ဘေးနားက ခဲတစ်လုံးကို ရေထဲသို့ လွင့်ပစ်လိုက်တော့ မြစ်ရေဟာ စက်ဝိုင်းပုံစံ လှိုင်းများထသွားလေတယ်။
“ငါ့ ဘီအမ်ဒဘလူ ဆိုက်ကားကလည်း ဒီအချိန်ကြီးမှ ဘီးလာပေါက်ရတယ်လို့”
မျိုးကြီးက သူဆိုက်ကားကိုလှည့်ကြည့်ရင်း ပြောတယ်။
“မပူပါနဲ့ကွာ အချိန်တန်ရင် မိုးလင်းမှာပေါ့”
“အချိန်တန်တယ်ဆိုတာကို သံသယဖြစ်နေတာ ကြာပြီ အောင်ကြီးရ”
အောင်ဘက ဘာလို့ဟု စကားထောက်တော့
“အချိန်တန်တယ်ဆိုတာ ဘာလဲကွာ .. အချိန်မတန်သေးတဲ့ လူတွေ ဒီကမာ္ဘမှာ ဘယ်လောက်များခဲ့ကြပြီလဲ
လိုချင်တာတွေ ဖြစ်ချင်တာတွေ အားလုံးဟာ အဲဒီ မသေချာတဲ့ အချိန်တန်ခြင်းမှာပဲ
ဖြစ်ခွင့်ရှိကြသလား … အောင်ကြီး”
အောင်ဘတစ်ယောက် လရောင်ကို ငေးရင်း မြစ်ပြင်ကို ငေးရင်း တွေးချင်ရာတွေ တွေးနေတယ်။
“လူဆိုတာ ဒိုင်မန်းရှင်းလေးခုနဲ့ ပေါင်းထားတာကွ .. အလျား၊ အနံ၊ အမြင့် နဲ့ အချိန်ပေါ့ကွာ”
အောင်ဘ စကားကို မျိုးကြီးသိပ်နားလည်ဟန် မတူ။ အောင်ဘက သူ့စကားကိုဆက်ပြောတယ်။
“အမှန်တော့ သစ္စာနီရေးခဲ့သလို …
ငါတို့အားလုံးဟာ နာရီစားသူတွေ …”
“နာရီ .. နာရီစားသူတွေ ဟုတ်လား ….”
“အေး … ဟုတ်တယ် မျိုးကြီး …
အတိအကျပြောရရင် နာရီရဲ့ စားသုံးခြင်းခံရသူတွေပေါ့ …”
“ဟူး………..”
မျိုးကြီးတစ်ယောက် အောင်ဘစကားဆုံးတော့ သက်ပြင်းချပြီး ခေါင်းငိုက်စိုက်ကျသွားတယ်။
“မျိုးကြီး … မင်း အရင်ဘဝကို ပြန်မသွားချင်ဘူးလား … မင်းဟာ ကုမ္ပဏီတစ်ခုက သရီးဒီ ဒီဇိုင်းနာ
လစာက သုံးသိန်းလောက်နဲ့ ……….”
“မသွားချင်ဘူး … မသွားချင်တော့ဘူး …”
အောင်ဘစကားမဆုံးခင် မျိုးကြီးက ငြင်းတယ်။
“ငွေနဲ့ မလဲနိုင်တဲ့ လွတ်လပ်မှုကို ငါလိုချင်တယ် .. ဘဝနေထိုင်မှုဆိုတာ ကိုယ်စိတ်ကြိုက်ရွေးချယ်ခွင့် ရှိရမယ် အောင်ကြီးရ”
အောင်ဘတစ်ယောက် မျိုးကြီးပြောသမျှကို ထိုင်နားထောင်နေလိုက်တယ်။
“အောင်ကြီး … ဒီနေ့ ဂျာနယ်တစ်စောင်မှာ .. ငါဖတ်လိုက်ရတယ် .. သိန်းတစ်ထောင်ဆုပေါက်မဲထီဟာ
ပိုင်ရှင်မရှိဘူးဆိုပဲ .. အဲဒီ ပိုင်ရှင်ဟာ သိန်းတစ်ထောင်ဆုပေါက်ပြီး ဘာလို့ လာမထုတ်တာလဲ
ဒီပိုက်ဆံဟာ သူ့အတွက် အရေးမပါလို့တော့ မဖြစ်နိုင်ဘူး. ပိုင်ရှင်မဲ့ သိန်းတစ်ထောင်ဆုကတော့ နှမျောစရာ”
မျိုးကြီး စကားဆုံးတော့ အောင်ဘတစ်ယောက် သက်ပြင်းချလိုက်တယ်။
“မင်းတောင် … ဒီသတင်းကို ဖတ်ပြီးပြီလား…”
“ဟင် .. ဘာဖြစ်လို့လဲ ဒီသတင်းက”
အောင်ဘက ပဲခူးမြစ်ကြီးကို ကြည့်ပြီး အတော်ကြီးကြာမှ စကားကို ဆက်ပြောတယ်။
“မင်းနဲ့ ငါ အရင်လက အရက်မူးပြီး ထီတစ်စောင်ဝယ်ခဲ့တယ် ညကြီးမိုးချုပ်မှ
မင်းမမှတ်မိလောက်ဘူးထင်တယ် .. မင်းတော်တော်ကြီးမူးနေတယ် မျိုးကြီးရ”
“ဟင် .. ဟုတ်လား ….
အဲဒါနဲ့ ……” လို့ မျိုးကြီးက စကားထောက်တယ်။
“အဲဒါနဲ့လား…
အဲဒါနဲ့ .. အဲဒီညက တစ်ယောက်တစ်ဝက် ထီထိုးလိုက်တယ်
ဖြစ်ချင်တော့ အပြန်မှာ မိုးမိတယ် နှစ်ယောက်လုံး
ငါလည်း ထီထိုးပြီး အလွယ်တကူ အိပ်ကပ်ထဲလုံးချေထည့်ထားတာ
မိုးစိုတော့ အကုန်ပြဲကုန်တယ်”
မျိုးကြီးက အောင်ဘစကားအရှည်ကြီးကို နားထောင်ပြီး စိတ်မရှည်တော့။
“လိုရင်းကို ပြောစမ်းပါ အောင်ကြီးရ …”
“အေး .. လိုရင်းကတော့ မင်းဖတ်လိုက်ရတဲ့
သိန်းတစ်ထောင်ဆု ပိုင်ရှင်က ငါတို့ပဲကွ
ခက်တာက ထီလက်မှတ်ဟာ နံပါတ်လေးကလွဲလို့ ရေစို စုတ်ပြဲနေတယ်
ထုတ်လို့လည်း မရတော့ဘူး
မင်းကို မပြောတာ မင်းလည်း ယူကြုံးမရဖြစ်နေမှာ စိုးလို့ကွ”
မျိုးကြီးတစ်ယောက် အောင်ဘစကားဆုံးတော့ ဘာမှ ပြန်မပြောနိုင်။ အောင်ဘလုပ်သလို ခဲတစ်လုံးကို မြစ်ပြင်ထဲသို့လွင့်ပစ်လိုက်တယ်။
“ယူကြုံးမရ မဖြစ်ပါဘူး အောင်ကြီးရာ …
ဒါပေမယ့် .. တစ်မျိုးပဲ .. တစ်စို့ကြီး ရင်ထဲမှာ …
ငါဆိုတဲ့ကောင်က ငွေမမက်လို့
ကုမ္ပဏီအလုပ်ကထွက် ..
ဘဝကို ဖြစ်သလိုနေ … ဆိုက်ကားလေးနင်း .. အရက်ကလေးသောက်
ဟား … ဟား…….
ငွေမမက်တော့ ငွေက ဘယ်လာချင်မလဲ
ဒါတရားတယ်ခေါ်မလား…… ဒါမှမဟုတ် အချိန်တန်ခြင်းဆိုတာ မဖြစ်သေးလို့လား
မင်းဘယ်လို ထင်လဲ … အောင်ကြီး ..”
“ဘယ်လိုထင်သလဲဆိုတော့
ဘာမှ မတတ်နိုင်တော့ဘူး …
ငါတို့နှစ်ယောက်မူးပြီး ထီထိုးခဲ့တဲ့ညက
ငါမှတ်မိသလောက်
မင်းက မူးနေတာတောင် ထီရောင်းတဲ့ အဖိုးကြီးကို ကြည့်ပြီး သနားလို့ အားပေးချင်တယ်တဲ့လေ
ငါလည်း သနားတော့ ကဲ ထိုးမယ်ကွာဆိုပြီး တစ်ယောက်တစ်ဝက်ထိုးလိုက်ကြတာ
ငါတို့က ထီပေါက်ချင်လို့မှ မဟုတ်ဘဲ … ထီထိုးချင်တဲ့ကောင်တွေလေ”
“အေး.. ဟုတ်တယ် … ထီပေါက်ချင်တာ မဟုတ်ဘူး.. ငါတို့က ထီထိုးချင်တဲ့ကောင်တွေ”
သူတို့စကားဆုံးတော့ ပဲခူးမြစ်တစ်ဖက်ကမ်းက ရောင်နီတွေ လင်းလာပြီး မိုးသောက်ခဲ့လေတယ်။
“ကဲ … မိုးလင်းခြင်းဟာ အချိန်တန်လာပြီပေါ့ ..
ထ.. အောင်ဘ .. ဆိုက်ကား ဘီးဖာပြီး ငါတို့ အိမ်ပြန်ကြတာပေါ့” ဆိုပြီး သူတို့တွေ ထပြန်ခဲ့ကြတယ်။ မျိုးကြီးက ဆိုက်ကားကို တွန်းပြီး အတွန့်တပ်လိုက်သေးတယ်။
“အောင်ကြီး … တကယ်လို့များ ငါတို့ထီလက်မှတ်ဟာ မစုတ်ပြဲခဲ့ဘူးဆို ..
မင်း သိန်းထောင်ဆုကြီး ထုတ်ပြီး ဘာလုပ်မလဲ”
“အေး … ငါလည်း အဲဒါတွေးနေတာ
ငါဘာလုပ်မလဲလို့
ခက်တာက … ငါ့မှာ ဘာမှ လုပ်စရာမရှိဘူး …
ဘာလို့လဲဆိုတော့ ငါတို့ ထီလက်မှတ်က ထုတ်လို့တောင် မရအောင် စုတ်ပြဲခဲ့ပြီပဲ
ဘာမှ လုပ်စရာမရှိဘူးလို့ပဲ ဖြေတွေးတွေးရမှာပေါ့” ဆိုပြီး အောင်ဘကပြန်ဖြေတော့ နှစ်ယောက်လုံး တစ်ဟားဟား ရယ်မောလိုက်ကြတာ သစ်ပင်ပေါ်က ငှက်တွေတောင် လှန့်ပျံသွားတဲ့ အထိပေါ့။
ရင်နင့်အောင်
လှိုင်းသစ် မဂ္ဂဇင်း (Jan/2013)
5 comments
kai
January 30, 2013 at 3:20 pm
အာလူးပြန်စားခံရသူတယောက်အကြောင်း..
Illinois man killed by cyanide poisoning after striking it rich in lottery …
http://www.cnn.com/2013/01/07/justice/…lottery-death/index.html
Jan 8, 2013 – Weeks after scratching off a $1 million lottery winner, Urooj Khan died — with a medical examiner later finding he was killed by cyanide …
Mobile
January 30, 2013 at 6:43 pm
ထီပေါက်ထီလက်မှက်ပျောက် ဒီလိုအဖြစ်မျိုး ကျုပ်ကိုတော့ အကြုံနိုင်ဘူးဗျ
ဘာလို့ဆိုဒေါ့ဂါ ကျုပ်ကထီထိုးတဲ့လူမှမဟုက်တာ ထီထိုးရတဲ့ ပိုက်ဆံ ရှိတဲ့အကွက်ရေ
ရတဲ့ဆု မတန်ဘူးထင်လို့ပါဗျာ။
မောင်ပေ
January 30, 2013 at 7:44 pm
အင်း ဘာမန် ့ရမှန်းမသိလို ့
ီဒီလိုဗျာ
ကျုပ်လဲ ထီလစဉ်ထိုးတဲ့တစ်ယောက်ပါလို ့
ထီသိန်း၁၅၀ဝ ဆုကြီးပေါက်ရင် သူဌေးဖြစ်လား လို ့မေးရင် ၊ သူဌေးတော့မဖြစ်ဘူးပေါ့ဗျာ
ဒါပေသည့် အရင်းအနှီးတစ်ခုတော့ ဖြစ်ပါတယ်လို ့
အဲဒါ အဲဒါ
padonmar
January 30, 2013 at 10:10 pm
ဆိုက်ကားသမားတွေရဲ့ စကားလုံးတွေက ကီးတယ်မြင့်ပါလားလို့ တွေးနေဆဲ
အော် လစာ ၃သိန်းကို ပစ်လာတဲ့သူ၊
ထီသိန်း ၁၀၀ဝ ဆုပေါက်တာတောင် မလိုချင်တဲ့သူဆိုတော့
အင်း ပြတိုက်မှာ သွားကြည့်ရမလား။
ကျိန်စာသင့်တဲ့ မြို့မှာ သွားကြည့်ရမလား။
ဦးကြောင်ကြီး
January 31, 2013 at 11:03 am
ကြောင်ကြီးဆိုတဲ့အကောင်ကလည်း ခြစ်ရရင်ကျေနပ်နေတဲ့ အကောင်ပါဗျ… သဘောတူလို့ကတော့ ခြစ်ယုံတင်မက ကိုက်ပစ်မယ် ကုတ်ပစ်မယ်… ခွီးဂရား..