နှင်းတွေဝေမှဖြင့်ကွယ် ( ဇာတ်သိမ်း )
၁၉၈၈ လှုပ်ရှားမှုကြီးမှာ အမေကော ကျနော်ပါ လိုက်ပါစီးမျောရင်း ကိုယ်ယုံကြည်ရာတွေအတွက် ခရီးဆက်ခဲ့ကြပါတယ် ၊
တက္ကသိုလ်ရိပ်သာလမ်းရုံးချုပ်ကို အမေကော ကျနော်ပါရောက်ခဲ့ကြပြီး ကျရာတာဝန်အသီးသီးနဲ့အတူ နေ့ရက်တွေကိုကျော်ဖြတ်ခဲ့ပါတယ် ၊
အတွေ့အကြုံအသစ်အဆန်းတွေကြားမှာ နိူင်ငံရေးလုပ်သူနဲ့ လုပ်စားသူတွေအကြောင်းလည်း အများကြီးနားလည်ခဲ့ရပါတယ် ၊
( တရားရမိတာလေးတွေကိုတော့ ဒီပို့စ်ခေါင်းစည်းနဲ့ သိပ်မလိုက်ဖက်ပေမယ့် နည်းနည်းပြောပါရစေ )
အဲဒီရုံးချုပ်လုပ်တဲ့ ၂ ထပ်တိုက်ကလေးက ငှားထားတာပါ ၊ ပထမဆုံး အကျယ်ချုပ်ချပြီးတဲ့အခါ ဒီရုံးချုပ်လုပ်ထားတဲ့ အိမ်ပိုင်ရှင်ကိုလည်း ဖိအားအကြီးအကျယ်ပေးတာမို့ ပြောင်းဖို့ဖြစ်လာပါတယ် ၊ အဖွဲ့ဝင်လက်ခံဌာနကို တာဝန်ယူထားရတဲ့ ကျနော့်အတွက် တစ်ပြည်လုံးက အဖွဲ့ဝင်တွေရဲ့ သိန်းချီတဲ့အဖွဲ့ဝင်ပုံစံတွေကိုသယ်ဖို့ ခေါင်းခဲခဲ့ရပါတယ် ၊ ဘယ်ကားမှ ငှားမရလို့ပါ ၊ အငှားလိုက်ရင်ပဲ ကားသိမ်းမလိုလို ထောင်ပဲချမလိုလို သတင်းတွေကြောင့်ပါ ၊ လူပေါင်းများစွာနဲ့ စည်ကားခဲ့တဲ့ ရုံးမှာလည်း ရုံးအဖွဲ့ရယ် အနည်းငယ်သော အဝင်အထွက်လုပ်သူတွေလောက်ပဲ ရှိပါတော့တယ် ၊ ကျနော့်မှာလည်း အင်းစိန် ကြည့်မြင့်တိုင် တာမွေ စတဲ့ဘက်တွေက ကုန်ကားဂိတ်တွေမှာ လိုက်ရှာနေရပါတယ် ၊ ဒီနေရာက ဒီပစ္စည်းတွေကို ဘယ်ကို ရွှေ့မယ်ဆိုတာနဲ့ အားလုံးက ဟင့်အင်းပါပဲ ၊ နောက်ဆုံးတော့ ပုဇွန်တောင် ညောင်တန်းဘက်က ဒေါ့ဂျစ်တစ်စီးက ဖမ်း ဖမ်းကွာ လိုက်မယ်ဆိုလို့ အဆင်ပြေခဲ့ရပါတယ် ၊ ဆာလာအိတ်တွေနဲ့ ထည့်ထားတဲ့ အဖွဲ့ဝင်ပုံစံများစွာကို ၃ ခေါက်သယ်ရပါတယ် ၊ လက်ရှိရုံးချုပ် ရွှေဂုံတိုင်မှာ ထားဖို့ နေရာအဆင်မပြေတာမို့ တော်ဝင်နှင်းဆီ ဦးစိုးညွန့်ခြံထဲမှာ သွားထားရပါတယ် ၊ အခုအခြေအနေနဲ့တခြားစီပဲပေါ့လေ ၊ ကျနော့်ဘဝအတွက် နောက်ထပ်ထူးခြားမှုကတော့ ၁၉၉ဝကိုယ်စားလှယ်ဖြစ်ခဲ့တဲ့ အမေ ၁၉၉၁ မှာ အဖမ်းခံရတာပါ ၊ ဘာ ရှေ့နေမှလည်း မကယ်နိူင်ပါဘူး ၊ ထောင်ချချင်လို့ကို ဖမ်းပါတယ်ဆိုမှတော့ ဘာတတ်နိူင်မှာလဲ ၊ အင်းစိန်မြို့နယ်တရားရုံးမှာ ရုံးထုတ် ပြီးရင် အင်းစိန်ထောင်အချုပ်ထဲပြန်ပို့ ၊ ကားပြာကြီးပေါ် ပါ ပါသွားတဲ့ အမေ့ကို ကြည့်ရတဲ့ သားတစ်ယောက်ရဲ့ ခံစားချက်ဟာ ဘယ်လိုရှိမလဲ စဉ်းစားကြည့်ပေါ့ဗျာ ၊ ဒါပေမယ့်အမေက သား ဘယ်ဟာကိုမှ စိတ်လိုက်မာန်ပါမလုပ်ရဘူး ၊ သား မရှိရင် အမေ့ကို ဘယ်သူထောင်ဝင်စာ ပို့မလဲ ဆိုတဲ့စကားကြောင့် ရင်ထဲက ဒေါသတွေ အကုန်ရမ်းပစ်ချင်တဲ့စိတ်တွေကို ထိန်းခဲ့ရပါတယ် ၊ရုံးချိန်း ၄ ခါအပြီးမှာ အမေ ထောင် ၃ နှစ်ကျခဲ့ရပါတယ် ၊ ကျနော်လည်း အဖွဲ့ချုပ်ဆီ ဦးမလှည့်နိူင်တော့ပဲ ရရာလုပ် စနေ ၂ ပါတ် တစ်ခါထောင်ဝင်စာအတွက်ကြိုးစားရပါတယ် ၊အမေကြိုက်တတ်တာ အမေမှာတာ အားလုံးပါစေခဲ့ပါတယ် ၊ အချစ်ဆိုတာကြီးကို ယောင်လို့တောင် သတိမရအားပါဘူးဗျာ ၊
တစ်ရက်မှာတော့ အိမ်ကို ထောက်လှမ်းရေးတွေရောက်လာပြီး ကျနော့်ကို လာခေါ်ပါတယ် ၊ အမေ လွတ်ပြီ အမေ့ကို ကြိုဖို့တဲ့ ၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး လွှတ်ရာမှာ မိသားစုတွေက သွားကြိုကြတယ်ပေါ့ ၊ တီဗီကတောင်ပြလိုက်သေး ၊ အမေ ၁ဝ လ နေခဲ့ရပြီး အပြင်လောက ပြန်ရောက်လာပါတယ် ၊ ဒါပေမယ့် စာရေးခွင့်ပိတ်ထားပါတယ် ၊ ဇာတ်သမား ဇာတ်မကရ စာရေးဆရာ စာမရေးရဆိုတော့ မခက်ဘူးလားဗျာ ၊ ဒါပေမယ့် အမေက ကျနော်နဲ့မတူ အတော်စိတ်မာသူပါ ၊
သားရယ် ဒို့သားအမိ လဘက်တစ်ကျပ်ဖိုးနဲ့တောင် ထမင်းစားခဲ့သေးတာပဲ တဲ့ ၊ သားအမိနှစ်ယောက် ရုန်း၍ ကန်၍ ရင်ဆိုင်၍ ရက်တွေ လတွေကို ဖြတ်သန်းနေခဲ့ရင်း ကျနော် အချစ်ကိုတွေ့ပြီး အိမ်ထောင်ကျခဲ့ပါတယ် ၊ ကဗျာဆန်မှုတွေလည်း မရှိလှပါဘူး ၊ သူက ကျနော့်ထက် ရ နှစ် ငယ်သူပါ ၊ အစကတော့ အဆင်ပြေပါတယ် ၊ မောင်ရေ လှိုင်ရေ နဲ့ စည်ဝေနေတဲ့ စကားလုံးတွေကြားမှာ ဘဝဟာ ဒီလိုပျော်စရာတွေလည်း ရှိသေးသားပဲလို့ ထင်မှတ်ခဲ့ပါတယ် ၊ နောက်တော့ အဆင်မပြေမှုတွေ စ လာခဲ့ပါပြီ ၊ အဓိက ကတော့ သူက သိပ်ချမ်းသာလိုသူ ကျနော်က မချမ်းသာချင်နေ ဘဝကို ခပ်အေးအေးနဲ့ လျှောက်လှမ်းလိုသူ ၊ သူ့မောင်လေးက ဂျမေကာမှာ သူ့ယောက္ခမတွေနဲ့ ၊ ဖြစ်ချင်တော့ ကျနော့်ကို ခေါ်ပါလေရော ၊ ကျနော်က နိူးပဲ ၊ စကားတတ်လှတဲ့ ချစ်စရာသားလေးရယ် ကျနော့်အမေရယ်ကို ကျနော်မခွဲနိူင် ၊ မပြောကောင်း မဆိုကောင်း သားတစ်ခုခု အမေတစ်ခုခုဆိုရင်တောင် ချက်ချင်းပြန်ပြေးလာလို့ လွယ်တဲ့ခရီးလည်း မဟုတ် ၊ အဲဒီမှာ ကျနော်တို့ အိမ်ထောင်ရေး အက်ကြောင်းကြီး ပေါ်ခဲ့ပါတယ် ၊ နောက်တော့ ငွေသိပ်ရှာချင်တဲ့ သူဟာ သူ့သူငယ်ချင်းတချို့နဲ့ ဒူဘိုင်းကို ထွက်ပါတယ် ၊ ကျနော်က လက်ရှိဒီအလုပ်မှာ ဝင်လုပ်နေတဲ့အချိန်ပါ ၊ ပထမ ၁ ခါပြန်လာတော့ သိပ်မဆိုးသေးပေမယ့် ဒုတိယအကြိမ် ပြန်လာချိန်မှာတော့ ယောင်္ကျားမာနကို ထိပါးတာတွေ များလာပါပြီ ၊ သည်းမခံနိူင်တော့တဲ့ ကျနော် ကွာရှင်းဖို့ စကား စ ခဲ့ပါတယ် ၊ သူကလည်း ရတယ် ဒါပေမယ့် သားကိုခေါ်သွားမယ် သူ့အမေအိမ်မှာ ထားမယ်ပေါ့ ၊ ကျနော်နဲ ့အမေက လက်မခံ သားကလည်း လုံးဝ မရ၊ အဖေနဲ့ အဖွားနဲ့ပဲနေမယ်ဆိုတာပဲ ၊ နောက်ဆုံး သူ ပြန်လာရင် သားကို တွေ့ခွင့်ပေးရမယ်ဆိုတဲ့ တောင်းဆိုချက်ကို ကျနော် သဘောတူလိုက်ပြီး တရားဝင် ကွာရှင်းလိုက်တယ် ၊ ၁ဝ နှစ်ကြာခဲ့တဲ့ အိမ်ထောင်ရေး နာကျည်းချက် များစွာနဲ့ ဇာတ်သိမ်းခဲ့ပြီ ၊
၂၀၁ဝ ဇန်နဝါရီမှာ မရောက်တာကြာတဲ့ ဇာတိကချင်မြေဆီ ခရီးထွက်ဖြစ်တယ် ၊ သားကတော့ သူ့အဖွားနဲ့ ပုဂံညောင်ဦးကို သွားကြတယ် ၊ ကျနော်က မနောပွဲ နွဲချင်တာလည်း ပါသပေါ့လေ ၊ ဝိုင်းမော်စည်ပင်မှာ အင်ဂျင်နီယာလုပ်နေတဲ့ ညီဝမ်းကွဲက မြစ်ကြီးနားဘူတာမှာ လာကြိုပြီး သူ့အမေ ( ကျနော့်အဒေါ် ) နေတဲ့ ယုဇနက အိမ်ကို လိုက်ပို့တယ် ၊ ဒီကောင်က ၁ဝတန်းမှာ ကျနော့်အိမ်မှာလာနေပြီး အောင်ခဲ့သူပါ ၊ နောက်တစ်နေ့မနက် အစောကြီး သူ ဝိုင်းမော်အိမ်ကနေ ပြန်ရောက်လာပြီး အိမ်ရှေ့ ဝရန်တာမှာ လဘက်ရည်သောက်ရင်း စကားတွေပြောပေါ့ ၊ အဲဒီအချိန် အိမ်ရှေ့ကဖြတ်သွားတဲ့ စူပါကပ်ဆိုင်ကယ်တစ်စီးကို အမှတ်တမဲ့ လှမ်းအကြည့် ၊ ဟင် မမှားနိူင် မလွဲနိူင်ဘူး ၊ စိုး မှ စိုးပါလား ၊
မျက်စောင်းထိုးက အိမ်ထဲကိုချိုးဝင်သွားခဲ့တယ် ၊ ဆိုင်ကယ်နောက်မှာက ဈေးခြင်း တစ်ခြင်း ၊ ဪ
ခဏအကြာမှာ ညီဖြစ်သူက ရုံးတက်ဖို့ထွက်သွားပါတယ် ၊ ကျနော်က အိမ်ရှေ့မှာ မယောင်မလည် ၊ အကြည့်ကတော့ ဟိုအိမ်ကိုပေါ့ ၊ အတော်လေးကြာတော့ ဆိုင်ကယ်လေး ပြန်ထွက်လာပါပြီ ၊ ဆရာမဝတ်စုံဝတ်ထားတဲ့ သူ့အနောက်မှာတော့ အရွယ်အတော်ရောက်နေတဲ့ ကလေး ၂ ယောက်က ဆိုင်ကယ် ၁ စီးနဲ့ ၊ ရှင်းနေတဲ့ ရပ်ကွက်လမ်းလေးပေါ်မှာ ကျနော့်ဘက်လာနေတဲ့သူဟာ ကျနော့်ကို မမြင်စရာအကြောင်းမှ မရှိတာ ၊ သေသေချာချာကြည့်သွားရင်း နည်းနည်းလေးကျော်သွားပြီးမှ ရပ်သွားပါတယ် ၊
ကိုမျိုးသန့် ဟုတ်ပါတယ်နော် ဆိုတာ အနှစ် ၂ဝ ကျော်အတွင်းမှာ ပထမဆုံး ပြန်ကြားရတဲ့ သူ့စကားသံပါပဲ ၊ ကျောင်းချိန်ရှိနေတာမို့ ညနေကျမှ တွေ့ဖို့ချိန်းလိုက်ပါတယ် ၊ ဘယ်လိုမှ မထင်ထားပဲ ပြန်တွေ့ရလို့ သူလည်း အတော်စိတ်လှုပ်ရှားနေပုံပါပဲ ၊ အဲဒီညနေမှာ သူ ညစာကျွေးပါတယ် ၊ သူ့အိမ်မှာ သူ့ကလေး ၂ ယောက်ရယ် သူ့အဒေါ်ရယ်ပဲ ရှိပါတယ် ၊ ထမင်းစားပြီးမှ ရေနွေးတစ်အိုးနဲ့ ဆက်ထိုင်ရင်း စကားဆက်ကြပါတယ် ၊ သူ့ဘဝကလည်း အတော်ဆိုးတာပါပဲလား ၊ ဂျီတီအိုင်ကျောင်းသားကိုပစ်ပြီး အာအိုင်တီကျောင်းသားနောက် လိုက်ခဲ့သူဟာ မထင်မှတ်တဲ့ အဖြစ်တွေ ကြုံခဲ့ပြန်သူပါ ၊ မိုးကောင်းသား ဘရန်ရှောင်ဟာ ချမ်းသာလှတဲ့ ကျောက်စိမ်းသူဋ္ဌေးမိသားစုရဲ့ သဘောကျမှုတွေကြားမှာ မျောပါပြီး ၁ဝ တန်းမအောင်ပေမယ့် ရုပ်ရည်ချောမောလှပသူ သူဋ္ဌေးသမီးနဲ့ ဇာတ်လမ်းစခဲ့ပြီး မကြာခင်မှာပဲ လက်ထပ်သွားခဲ့ပါတယ် ၊ ဥပဒေကျောင်းသူလေးကတော့ ဝေဒနာတွေ အပြည့်နဲ့ ကျန်ရစ်ခဲ့သူပေါ့ ၊ ၁၉၈၈ အပြီး ကျောင်းသားတွေ တောခိုရာမှာ သူ့ မောင်လေး ပါသွားခဲ့ပြီး အလင်းပြန်ဝင်ရာမှာ သူဟာ သူ့မောင်လေးကိစ္စအတွက် ရဲစခန်းကို အဝင်အထွက်လုပ်ရာကနေ ရဲအုပ်တစ်ယောက်နဲ့ ငြိခဲ့ပါတယ် ၊ ဘရန်ရှောင်ပေးခဲ့တဲ့ နာကျည်းစရာတွေအတွက် ထွက်ပေါက်တစ်ခုလို့ သတ်မှတ်လိုက်ပြီး နောက်ဆုံးမှာ အိမ်ထောင်ပြုဖြစ်သွားပါတယ် ၊ နောက် အတော်လေးကြာတော့ ဘွဲ့ရပြီးတဲ့ သူဟာလည်း ဆရာမဖြစ်လာခဲ့ပါပြီ ၊ အိမ်ထောင်သက် အတော်လေးရလာပြီးတဲ့တစ်နေ့မှာ ခွန်းကြီးခွန်းငယ် စကားများရာကနေ အဆင်မပြေမှုတွေ စလာခဲ့ကြပါသတဲ့ ၊ မေတ္ထာကို အရင်းခံခြင်းမဟုတ်ခဲ့တဲ့ အဲဒီအိမ်ထောင်ရေးဟာ ဖြန်ဖြေသူ မဲ့ခဲ့တာမို့ ဇာတ်လမ်းအဆုံးမှာ လမ်းခွဲကြတာပဲပေါ့ ၊ ကလေး ၂ ယောက်နဲ့ ကျန်ခဲ့တဲ့ သူဟာ အဲဒီမြို့မှာ မနေချင်တော့တာမို့ မြစ်ကြီးနား ပြောင်းလာခဲ့ပါတော့တယ် ၊ သူ့ကလေးတွေက ၁ဝ တန်းနဲ့ ၈ တန်းရောက်နေကြပါပြီ ၊ အဲဒီညက အတော်မိုးချုပ်မှ ကျနော် အိမ်ပြန်ဖြစ်ပါတယ် ၊ နောက် တစ်နေ့ ဇန်နဝါရီ ၉ ရက်နေ့မှာ မနောပွဲသွားဖြစ်ပါသေးတယ် ၊ ဇန်နဝါရီ ၁ဝ ရက် ကချင်ပြည်နဃ်နေ့ မနက်မှာ ထမင်းထပ်ကျွေးချင်သေးတဲ့သူနဲ့ ဈေးဝယ်ထွက်ဖြစ်ပါတယ် ၊ မြို့မဈေးမှာ မျှစ်ချဉ်ခေါက်ဆွဲစား လဘက်ရည်သောက်ပြီးမှ အိမ်ဘက်ပြန်ပြီး သူ့အိမ်မှာပဲ သူ ဟင်းချက်တာကို ဟိုကူ ဒီကူပေါ့ ၊ ပြန်စဉ်းစားလိုက်ရင် အတော်ကြည်နူးချင်စရာပါ ၊ အဲဒီညနေမှာ မိုးညှင်းက သူ့အမေ နေမကောင်းဘူးလို့ ဖုန်းလာတာမို့ နောက်နေ့မနက်ရထားနဲ့ သူလိုက်သွားပါတယ် ၊ ကျနော်က ၁၃ ရက်နေ့ နေ့လည်ရထားနဲ့ ပြန်မှာကိုလည်း သူမေးသွားပါတယ် ၊ ကျနော်က အိမ်နဲ့ဘူတာက အတော်လှမ်းတာမို့ လိုက်ပို့ရမယ့် အခက်အခဲကြောင့် ဈေးပိုများပေမယ့် နေ့လည် ၁၂ နာရီရထားကိုပဲရွေးလိုက်တာပါ ၊ ( ဒါပေမယ့် ဈေးကပို ဂျားသလို တရုတ်မ လို့ နာမည်ပေးထားတဲ့ အဲဒီရထားရဲ့ အသုံးမကျပုံကို တွဲပေါ်ရောက်မှ သိရပါတော့တယ် ၊ ရထားတွဲတွေက တရုတ်က ပေးထားတဲ့တွဲ ၊ ထိုင်ခုံက အနံကော အလျားပါ ခပ်တိုတို ၊ နောက်မှီက သုံးထပ်ပြား ကပ်ရိုက်ထားသလိုမို့ နာရီ ၂ဝ ကျော်စီးရတဲ့ခရီးနဲ့ ဘယ်လိုမှ မအပ်စပ် ၊ မြို့ပါတ်ရထားလုပ်ဖို့သာ ကောင်းတဲ့တွဲမျိုးတွေပါ ) ၊ မြစ်ကြီးနားက ထွက်လာပြီး မိုးကောင်း ၊ ဟိုပင်တို့ကိုကျော်လို့ မိုးညှင်းရောက်တော့ ၅ နာရီခွဲလောက်ရှိပါပြီ ၊
ပြတင်းပေါက်ကနေ သူ့ကိုရှာမိပါတယ် ၊ အတော်လေးကြာမှ အမောတကောပြေးလာရှာတဲ့သူနဲ့ ဆုံဖြစ်ပါတယ် ၊ သူ့ လက်ထဲမှာတော့ ပလပ်စတစ်ခြင်းတစ်ခု ၊ ရထားက ဥဩဆွဲနေပါပြီ ၊ကိုမျိုးသန့်အတွက် လက်ဆောင်ပါ ဪ စာလည်းပါတယ်နော် တဲ့ ၊ တရွေ့ရွေ့ထွက်လာတဲ့ ရထားရဲ့ အနောက်မှာ သူ့မျက်နှာလေးဟာ ဝေး ဝေးပြီးကျန်ခဲ့ပါတယ် ၊ ခြင်းတောင်းထဲမှာတော့ ပန်းသီး လိမ္မော်သီး ငါးပေါက်သီး မုန်ညှင်းပေါင်း နဲ့ ထိုးထိုးထောင်ထောင် ပုလင်းတစ်လုံး ( ကချင်အရက်ပေါ့ ) ၊ ပထမဆုံး သူ့စာကို ဖေါက်ဖတ်မိပါတယ် ၊
( ကိုမျိုးသန့် အဲသလောက် နှစ်တွေအကြာကြီးကြာပြီးမှ တိုက်တိုက်ဆိုင်ဆိုင်ဆုံခဲ့ကြတာ စိုးအတွက် အခုထိ အိပ်မက်လိုပါပဲ ၊ မှန်တာပြောရရင် စိုး အရမ်းပျော်တယ် ၊ ဘာလို့လည်းသိလား ၊ စိုးရဲ့ အချစ်ဦးကို ပြန်တွေ့ရလို့ပေါ့ ၊ တကယ်ပြောတာပါ ၊ စိုးဘဝမှာ ပထမဆုံး စိတ်လှုပ်ရှားပြီး ရင်ခုန်ရသူဟာ ကိုမျိုးသန့်ပါ ၊ ဒါပေမယ့် ကိုမျိုးသန့်က စိုးကို တော်တော်နဲ့ဖွင့်မပြောခဲ့ဘူးလေ ၊ နောက် ကိုမျိုးသန့် ကျောင်းထွက်ရတော့ တော်တော် စိတ်မကောင်းသလို စိတ်လည်းဆိုးသွားတယ် ၊ စိုးချစ်သူဟာ ပညာတတ်ကြီး သိပ်ဖြစ်စေချင်ခဲ့တယ် ၊ ရာထူးကြီးရနိူင်တဲ့သူ ဖြစ်စေချင်ခဲ့တယ် ၊အမှန်တော့ စိုး နားလည်ထားတာက မှားသလိုဖြစ်နေတာပဲလေ ၊ အခု ကိုမျိုးသန့်လည်း ထိုက်သင့်တဲ ့ရာထူးမျိုးနဲ့ ရှင်သန်နေတာပဲ မဟုတ်လား ၊ ကိုမျိုးသန့်နဲ့ စိုးတို့ အကျိုးပေးချင်းကတော့ တူနေသလိုပဲနော် ၊ အိမ်ထောင်ရေး ကုသိုလ်ကံကိုပြောတာပါ ၊ နောက်အိမ်ထောင်ပြုဖို့ကို အတော်ကြောက်သွားပြီ ဆိုတဲ့ သားကိုသိပ်ချစ်သော ကိုမျိုးသန့်ရေ ၊ စိုးလည်း ကလေး ၂ ယောက်ကို ပြုစုပျိုးထောင်ရင်း နေသွားတော့မှာပါ ၊ ဘာတဲ့ မိန်းမ နှစ်ယောက်ကြောင့် အချစ်ဆိုတာကို မယုံတော့ဘူး ဟုတ်လား ၊ ကိုမျိုးသန့်ပြောတဲ့ အဲဒီမိန်းမ နှစ်ယောက်ထဲက တစ်ယောက်ဟာ စိုးကို ိုပြောတာမဟုတ်လား ၊ စိုး နားလည်ပေးနိူင်ပါတယ် ၊ ဒါပေမယ့် တစ်ခုတွေးမိတယ် ၊ တကယ်လို့သာ စိုးနဲ့တွေ့ပြီး တစ်နှစ်အတွင်းသာ စိုးကို ဖွင့်ပြောခဲ့ရင် ဘာတွေဆက်ဖြစ်မယ် ထင်သလဲ ဟင် ? )
စာက ဆုံးသွားပါပြီ ၊ စိတ်ပေါက်ပေါက်နဲ့ ကောက်မော့လိုက်တဲ့ ကချျင်အရက်က လည်ချောင်းထဲ မီးစဝင်သွားသလိုပါပဲ ၊ အပြင်ကို လှမ်းကြည့်တော့ မြူနှင်းတွေက ဝေ လို့ ၊ ရထားက တောတောင်တွေထဲမှာ ခုတ်မောင်းနေဆဲပါ ၊ သိပ်မကြာခင်မှာ မော်ဟန်ဘူတာကို ရောက်လာပါတယ် ၊မော်ဟန်ကျော်ရင် ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းနယ်စပ်ဖြစ်တဲ့ နန့်စီးအောင် ၊ ပြီးရင် မော်လူး ပင်ဝယ် နဘား အင်းတော် စတဲ့ဘူတာတွေကို ဖြတ်ကျော်ဖြစ်ဦးမှာပါ ၊ ဒါပေမယ့်
မျိုးသန့် ဆိုတဲ့ ဘဝရထားအတွက်တော့ ဘယ်ဘူတာတွေကို ဖြတ်သန်းပြီး ဘယ်ဘူတာမှာများ ရပ်နားရမယ်ဆိုတာကိုတော့ဖြင့် မသိနိူင်စွမ်းပါဘူးလေ . . . . . . . .
14 comments
P chogyi
February 5, 2013 at 2:39 pm
ဘဝရထားဆိုတာကတော့
ခရီးလမ်းဆုံးဘယ်မှာ၊ ဘယ်နေရာ ဘယ်အချိန်မှာ
ဘယ်ဘူတာဆိုက်မယ်ဆိုတာ မသိနိုင်တာမျိုးပါ။
ဘဝလမ်းခရီးတစ်လျှောက် ကြိုးစားလျှောက်လှမ်းနိုင်ပါစေ။
ဗုံဗုံ
February 5, 2013 at 4:43 pm
အင်း ဒီရထားကြီးက မိုးညှင်းဘူတာကိုဘဲ ဆိုက်ချင်နေတယ်တူပါရဲ့ အဲ့ဒါလည်း ကောင်းတာပါဘဲလေ ဘာဘဲပြောပြော ကောင်းကောင်းကိုတော့ သတိရသားဘဲ :kwi:
Myo Thant
February 5, 2013 at 4:54 pm
သွားဦးမှာ ၊ သင်္ကြန်ပိတ်ရက်ကို ၊ ဟိုပင်မှာ အမျိုးတွေရှင်ပြုမလို့ ၊ သားသားလည်းပါတယ် ၊
မန္ထလေးမှာ လည်ဦးမှာ ၊ ကောင်းကောင်းကိုတွေ့ချင်ရင် ဆက်သွယ်လိုက် ချွေးမလေး မိဗုံရေ
🙂 🙂 🙂
ဗုံဗုံ
February 6, 2013 at 10:23 am
အမလေးးးးးးးးးးး သွားရမှာမို့ ပျော်နေလိုက်တာများးးးးး ယောက်ခမဂျီး ကိုယ့်ဟာကို ဘယ်သွားသွား ဘာလုပ်လုပ် ဘုန်းကြီးဘဲ ဝတ်ဝတ် တောဘဲထွက်ထွက် ကောင်းကောင်းကို စိတ်ညစ်အောင်မလုပ်ပါနဲ့ မိဗုံဆီကို စိတ်ချ လက်ချ အပ်ခဲ့ပါ ဒါဘဲ းးးးး
Myo Thant
February 6, 2013 at 10:39 am
တကယ်နော်
ဒါဆို ကောင်းကောင်းကိုမိဗုံဆီအပ်
ဒို့ကတော့ ဆရာပေါက်ရယ် ဆရာပေရယ်ကိုခေါ်ပြီး တောင်သမန်မှာ ကဲမယ်ကွာ ၊
🙂
Mobile
February 5, 2013 at 7:20 pm
ကိုမျိုးသန့်ရဲ့ ရထားဘယ်ဘူတာမှများ ရပ်နားမှာလဲဆိုတော့ဂါ
ကွင်းနဲ့ ခွချတ်ချက်ပြီး ရထားအစားခံရမယ်ထင်တာပဲ။
ဒါမှမဟုက် သံလမ်းဆုံးတဲ့နေရာမှာ ရပ်မယ်လို့ထင်တာပဲ။
အားပေးသွားပါတယ်ဗျာ ဘာပြောရမှန်းမသိလို့ လျှောက်ပြောထားခဲ့တယ်။
မောင်ပေ
February 5, 2013 at 8:45 pm
ကိုမျိုးသန် ့ရေ ဖတ်ရှုအားပေးသွားပါတယ်ဗျို ့
Mr. MarGa
February 5, 2013 at 9:32 pm
နှင်းတွေ တစ်ဖန် ဝေပြန်ပေါ့
ရထား ဆိုကတည်းက ရပ်ရမယ့်နေရာက သတ်မှတ်ပြီးသားပါဗျာ
နှေးတာနဲ့ မြန်တာပဲ ရှိတာပါ
Mobile
February 5, 2013 at 9:39 pm
လမ်းမှာမိုင်းခွဲးခံရရင် ဘိုလုပ်မတုံး နတ်သားကြီးရ……………
Mr. MarGa
February 5, 2013 at 9:44 pm
ကံ ဉာဏ် ဝီရိယ
အဲဒါကတော့ အခြေအနေအရပေါ့လေ
waiyan vicharn
February 5, 2013 at 10:05 pm
အကိုရေ..
ခုနပဲ..မလေးရာက်တဲ့ ကလေးတစ်ယောက်ကိုဖတ်ပီးသွားဒယ်
အဆင်ပြေပါစေလို့..
Myo Thant
February 6, 2013 at 10:37 am
ဪ
အမေရေးတဲ့စာအုပ်လား
ကျေးဇူးပါဗျာ
nozomi
February 6, 2013 at 11:18 am
အိမ်ထောင်ရေး ဆိုတာ ပြောရခက်သား
ဗိုလ်ချုပ်ပြောခဲ့တဲ့ စကား ဒီမှာ ယူသုံးရမလိုဖြစ်နေပြီ
အကောင်းဆုံးကိုတော့ မျှော်လင့်ထား ဒါပေမဲ့ အဆိုးဆုံးအတွက်လဲ ကြိုပြင်ဆင်ထားပေါ့
( ဖြစ်နိုင်ရင်တော့ အဆိုးဆုံး မကြုံအောင် တားနိုင်ရင် အကောင်းဆုံးပဲ)
အိမ်ထောင်ရေး မှာ ကတောက်ကဆ ဖြစ်တာ နားလည်မှုလွဲတာ အဆင်မပြေဖြစ်ကြတာကတော့ အနဲနဲ့ အများရှိကြတာပဲ ၊ ဘာ နဲ့ သွားတူသလဲ ဆိုတော့ ဟင်းတွေ ပေါင်းတဲ့ ပေါင်းအိုးလိုပဲ
တဖြည်းဖြည်းနဲ့ လေထုဖိအားက များလာတယ် ဖွင့်မထုတ်နိုင်ရင် ဝုန်း ကနဲ ကွဲသွားမှာ
အဲဒီ အတွက် လေထွက်ပေါက်လေးကနေ တရှုးရှုးထွက်တော့ ပေါက်ကွဲတဲ့ အဆင့် မရောက်တော့ဘူး လူနှစ်ယောက်ကြား လူတစ်စုကြားမှာလဲ ဖိအားတွေ အဆင်မပြေမှုတွေ ရှိကြတာပဲ ဖြစ်နို်င်ရင် ပေါက်ကွဲတဲ့ အထိ မရောက်ခင် တနည်းနည်း နဲ့ ဖြေလျှော့ပေးသင့်ကြတယ် ၊ တချို့ ကိစ္စတွေကြတော့လဲ ဘယ်လိုမှ မရှင်းနိုင်တာလဲ ရှိတာပေါ့
ကိုမျိုးသန့် ကိစ္စကို ပြောတာရယ်လို့လဲ မဟုတ်ပါဘူး ဒီလိုပဲ တွေးမိတာလေး ပြောကြည့်တာပါ
ဖတ်ချင်အောင် ရေးတတ်တာမို့ များများရေးဘို့ တောင်းဆိုပါရစေ
Myo Thant
February 6, 2013 at 12:29 pm
ကောင်းပါပြီဗျာ
ကြိုးစားပါ့မယ် ၊