ကျွန်မရဲ့ဖေဖေ ကျွန်မအတွက်ဖေဖေ

လူကေလးFebruary 5, 20131min40513

“ကဲ အားလုံးပဲ.. ”

“ဆရာမတို့ ကျောင်းဆင်းတဲ့အချိန် အိမ့်သူအိမ်ကို သွားဖို့ရှိတယ်.. အတန်းထဲက လိုက်မယ့်သူတွေ ရှိရင် ကျောင်းဂိတ်ပေါက်မှာ စောင့်နေကြနော်”

ကျွန်မတို့ သူငယ်ချင်း အိမ့်သူရဲ့အဖေ ဒီနေ့မနက်ပဲ ဆုံးသွားတယ်လို့ ဆရာမက လာပြောပြပါတယ်… အိမ့်သူ တစ်ယောက်လည်း ဒီနေ့ ပါဆို ကျောင်းမတက်တာ ၃ရက်ရှိနေပါပြီ။..

“နာတာရှည်ရောဂါကို ခံစားနေရတဲ့ သူ့အဖေ ခုတော့ တကယ်ပဲ ဆုံးသွားပြီပေါ့.. ” ဆိုပြီးကျွန်မတို့သူငယ်ချင်း ၃ယောက်ပြောရင်းနဲ့ အိမ့်သူအတွက် စိတ်မကောင်းဖြစ်မိပါတယ်..

ဟော .. ဟိုမှာ ဆရာမလာနေပြီ..

” အေး .. သမီးတို့ ရောက်နေကြပြီလား.. . ကျန်ကျောင်းတို့ အဖွဲလည်းလိုက်မှာပေါ့.. ”

“ဟုတ်ကဲ့ဆရာမ.. ” “ကျွန်တော်တို့လည်း အိမ့်သူကို သနားလို့ပါ.. သူဝမ်းနည်းနေမှာစိုးလို့ပါ ဆရာမ..”

ကျန်ကျောင်းက ဆရာမကိုပြောလိုက်ပါတယ်… “ကျွန်တော်တို့ လိုအပ်တာလေးတွေလည်း လုပ်ပေးချင်လို့ပါ ဆရာမ..”

“အေး .. အေး.. လာ.. ဝေမွန် တို့ အိမ်သိတယ်နော်.. ”

“ဟုတ်ကဲ့ဆရာမ.. ” ကျွန်မတို့ ၃ယောက်လုံး မြန်မြန်ပဲ ဖြေလိုက်ပါတယ်။.. မသိရိုးလားဆရာမရယ် .. ဒီလောက်ချောင်းပေါက်မတတ် သွားနေကြတာ..

အိမ့်သူဆီ ရောက်ရောက်ချင်းပဲ .. အိမ့်သူက ကျွန်မတို့ ၃ယောက်ကို ပြေးဖက်ပြီး ငိုပါတော့တယ်..

“အဟင့် . ဟင့် .. ငါ့အဖေ သေသွားပြီဟဲ့.. တကယ် သေသွားပြီ.. အင့်.. ဟီး.. ဟီး.. ငါ့မှာ နင့်တို့လို အဖေမရှိတာ့ဘူး… ဝေမာ .. ဟီး.. ”

ကျွန်မတို့လည်း နေနိုင်ရိုးလား .. အိမ့်သူကို ကြည့်ပြီး ၃ယောက်စလုံး ငိုတော့တာပါပဲ..

“အိမ့်သူ.. နင်ကလည်း .. နင့်မှာ ကိုကိုကြီး တို့ မမကြီး တို့ ရှိတာပဲ.. အန်တီလည်း ရှိတယ်လေ.. ငါတို့လည်းရှိသေးတာပဲ…. မငိုနဲ့ .. မငိုနဲ့.. တိတ်. တိတ်.. .”

“ဦးက ဘဝကူးကောင်းမှာပါ.. လေဖြတ်တာလည်း ကြာနေပြီလေ.. ခုဒီလိုမျိုးဒုက္ခမခံရတော့ဘူးလေ.. ဦးငြိမ်းချမ်းသွားပါပြီ. .. အိမ့်သူ ရဲ့.. အဲဒီလိုမျိုးလေးတွေးနော်.. ” စုကတော့ ပြောတတ်လိုက်တာ.. ကျွန်မနဲ့မွန်မြတ်ကတော့ အိမ့်သူနဲ့အတူ ငိုနေတော့တာပါပဲ..

ဆရာမ လာချော့မှပဲ .. အငိုရပ်သွားတော့တယ်..

ဆရာမ ကအိမ့်သူမေမေတို့နဲ့ စကားပြော၊ အိမ့်သူကိုချော့ပြီး ပြန်သွားလေရဲ့….. အတန်းထဲက သူငယ်ချင်းတွေလည်း ပြန်ကုန်ကြပြီ.. ကျွန်မတို့နဲ့ ကျန်ကျောင်းတို့အဖွဲ့ပဲ ကျန်တော့တယ်..

ကျွန်မတို့ကတော့ အိမ့်သူကို ပြောတတ်သလောက်နဲ့ပဲ အားပေးနှစ်သိမ့်နိုင်ပါတယ်.. အိမ့်သူကိ ုကြည့်ရတာ စိတ်ကျေနပ်လောက်တဲ့ ပုံစံမျိုးကို တွေ့မှ ကျွန်မတို့ ၃ယောက်ပြန်ခဲ့ကြပါတယ်.. ကျန်ကျောင်းတို့အဖွဲ့ကတော့ ရေသန့်ဗူးတွေ ကူသယ်ရင်းကျန်နေခဲ့လေရဲ့..

ကျွန်မတို့ အိမ့်သူအိမ်ကနေ ပြန်လာပြီဆိုကတည်းက အားလုံးရဲ့စိတ်တွေက လေးလံနေခဲ့ကြပါတယ်..

“အိမ့်သူသနားပါတယ်. ဟယ်.. ” ဆိုတာက လွဲပြီးလည်း လမ်းမှာ ဘာမှ မပြောကြဘူး..

ဒီလမ်းလေးက ကျွန်မတို့ပြန်နေကျ ဘာမှ ထူးခြားမှုမရှိတဲ့လမ်းကလေးပါ.. ဒါပေမယ့်လည်း ဒီနေ့အတွက်တော့  အားလုံးရဲ့စိတ်တွေက ထူးထူးခြားခြားကို လေးလံနေခဲ့ကြပါတယ်.. ကျွန်မကလည်း ကျွန်မအတွေးနဲ့ ကျွန်မ .. စုနဲ့ မွန်မြတ်တို့လည်း သူတို့ အတွေးနဲ့သူတို့ ရှိနေကြမှာ ပါပဲ.. ..

………… ……………. …………….. ……………….. ………………….     …………………….. …………………..

“ဟဲ့ .. ဝေမာ .. ငါတို့သွားတော့ မယ်.. တစ်ယောက်တည်း ကောင်းကောင်းပြန်ဦးနော်.. ”

“ဪအေး .. အေး.. တာ့တာ့.. ဟဲ့…” စုက ကျွန်မပုခုံးကို ပုတ်ပြီး နှုတ်ဆက်တော့မှ သတိဝင်လာခဲ့တယ်..

ကျွန်မလည်းအတွေးတွေနဲ့ပေါ့.. ဘာတွေတွေးနေမိတယ်တော့ မသိဘူး.. သတိကိုလွတ်ရော.. စုတို့ကိုတောင် ကောင်းကောင်းမနှုတ်ဆက်လိုက်မိဘူး..

ကျွန်မ ဘာဖြစ်သွားတာပါလိမ့်.. ဘာတွေတွေးလို့ .. ဘာတွေ စိတ်မကောင်းဖြစ်နေတာပါလိမ့်.. အိမ့်သူကိုကြည့်ပြီး သနားနေတာလား.. မဟုတ်ဘူး.. အဲဒါတွေလည်း မဟုတ်ပြန်ဘူး.. ဒါပေမယ့် ကျွန်မဝမ်းနည်းနေတယ်.. အိမ့်သူအတွက် ဝမ်းနည်းနေတာထက် ပိုတယ်.. ..

ကျွန်မငိုချင်လာပြီ.. အရမ်းလည်း စိုးရိမ်နေတယ်.. အရမ်းလည်းစိတ်ပူနေပြီ.. ကျွန်မရဲ့ အိမ်ကိုပြန်နေတဲ့ လမ်းလျှောက်နှုန်းကို ပိုမြန်လိုက်မိတယ်…. ဟုတ်တယ် .. ကျွန်မ ဖေဖေ့ကို တွေ့ချင်နေပြီ.. အရမ်း စိတ်ပူနေပြီ..

တကယ်တော့ မနက်က ကျောင်းသွား ရင်း ဖေဖေနဲ့လမ်းထိပ်ကို တူတူထွက်လာတာပါ.. ကျွန်မနဲ့ဖေဖေလမ်းခွဲ တော့မှ ဖေဖေက စက်ဘီးစီးသွားတာ.. ဒါပေမယ့်လည်း ခုတော့ ဖေဖေ့နဲ့အကြာကြီးခွဲနေရသလိုကိုခံစားနေရ တယ်… ကျွန်မမနေနိုင်တော့ဘူး.. ဖေဖေ့ကို အရမ်းတွေ့ချင်နေပြီ.. ခြေလှမ်းတွေလည်း ပိုလို့သွက်လာခဲ့ပါတယ်..  အတွေးတွေကလည်းများ.. စိုးရိမ်စိတ်တွေကလည်း များနဲ့.. အိမ်မြန်မြန်ပြန်ရောက်ပြီး .. ဖေဖေနဲ့တွေ့လိုက်ရမှကို ကျွန်မ စိတ်ချနိုင်တော့မယ်ထင်ပါရဲ့…

ကျွန်မစဉ်းစားမိတယ်.. ..

အိမ့်သူ အဖေက အရာရှိဝန်ထမ်းဟောင်း.. လေဖြတ်သွားတော့မှ နားလိုက်တာ.. အသက်ကလည်း ပင်စင်နား ကိုနီးနေပါပြီ.. ကျွန်မသူငယ်ချင်း အိမ့်သူက အသက်ကြီးမှ ရတဲ့သမီးလေး.. အိမ့်သူ အဖေက သက်တမ်းစေ့ နေနိုင်တယ်မဆိုနိုင်တောင် ရှင်သန်နေခဲ့ရတဲ့ နောက်ဆုံးထွက်သက်မရောက်ခင်ထိကို သားကြီးသမီးကြီးတွေက အစစအရာရာ လိုလေးသေးမရှိအောင် ထားတာမို့ .. အိမ့်သူအဖေ စိတ်ချမ်းသာသွားရမှာပါ..

ဒီလိုတွေ တွေးနေရင်းက .. ဖေဖေဆိုရင်ရော.. ငါ့ဖေဖေဆိုရင်ရော.. ဆိုတဲ့ အတွေးတွေကို ကျွန်မတားမရတော့ဘူး..

အစိမ်းသက်သက်နယ်မြေတစ်ခုဖြစ်တဲ့ ရန်ကုန်ဆိုတဲ့နေရာမှာ ကိုယ်ထူကိုယ်ထ ကြိုးစားရုန်းကန်ရင်း သားသမီးဖြစ်တဲ့ ကျွန်မတို့တွေရဲ့ စားဝတ်နေရေး နဲ့ ပညာရေး အတွက် ဖြေရှင်းပေးနေတဲ့ဖေဖေ….

နေပူမရှောင်.. မိုးရွာမရှောင်.. စက်ဘီးရဲ့နောက်ခုံမှာ မုန့်သေတ္တာကြီးကို တင်ပြီးတစ်နေကုန်အောင် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် မုန့်လိုက်ပို့နေရတဲ့ .. ဖေဖေ..

မုန့်တွေကအများကြီး.. မုန့်သေတ္တာကြီးကလည်း အကြီးကြီး.. ပြီးတော့ စက်ဘီးနဲ့.. ကားတွေကြားထဲမှာ.. လမ်းတွေက ကလည်းရှုပ်.. ကားတွေကလည်းရှုပ်နဲ့.. အမယ်လေး.. ဘုရား..ဘုရား … အန္တရာယ်များလိုက် တာဖေဖေရယ်… ကျွန်မတွေးရင်းနဲ့ ရင်တွေတောင် တုန်လာပါတယ်.. ပြီးတော့ ကျွန်မခြေလှမ်းတွေ.. ပိုပိုမြန်လာပါတော့တယ်.. ကျွန်မ အိမ်မြန်မြန်ပြန်ရောက်ချင်နေမိပြီ..

ကျွန်မဒီလိုမျိုး ကျောင်းတက်နိုင်ဖို့.. အခုလိုမျိုး ဝတ်စားနေနိုင်ဖို့.. ဒီလို ညီအစ်မလို ခင်မင်ရတဲ့ သူငယ်ချင်းတွေရဖို့.. အို.. အားလုံးပဲ.. ကျွန်မ ဝေမာ ဆိုတဲ့ ဘဝလေး ဖြစ်တည်နေအောင်.. ဖေဖေက .. ဖေဖေက စက်ဘီး တစ်စီးနဲ့ အန္တရာယ်တွေကြားထဲကနေ ပင်ပန်းတကြီး ရှာဖွေနေရတာပါလား..

နဖူးကချွေးခြေမကျတယ်.. ဆိုတာ ဖေဖေပါ ဖေဖေရယ်..  အမယ်လေး .. ဖေဖေဘာမှ မဖြစ်ပါစေနဲ့..  ဒီနေ့မှပဲ … အိမ်ကလည်း ရောက်ကို မရောက်နိုင်တော့ဘူးကွယ်…

ဖခင်တိုင်း ကတော့ သူတို့ သားသမီးလေးတွေအတွက် ရုန်းကန်နေကြရတယ်ဆိုတာ အမှန်ပါပဲ.. ဒါပေမယ့်လည်း .. ကျွန်မ ဝေမာ ဆိုတဲ့ဘဝလေး .. ကျွန်မသူငယ်ချင်း စု တို့.. အိမ့်သူတို့ ..မွန်မြတ် တို့လို တန်းတူနီးပါး.. ဝတ်နိုင်၊ နေနိုင်၊ စားနိုင်၊ ပညာသင်နိုင်အောင် ဖေဖေ က ပိုရုန်းကန်ရရတာပေါ့.. တစ်ခြားသူတွေ တစ်လှမ်းပဲ လှမ်းရတဲ့နေရာကို ကျွန်မဖေဖေက ငါးလှမ်း လှမ်းပြီးမှ ရခဲ့တာ..

ချမ်းသာတဲ့မိဘတွေလည်း ကျွန်မမလိုချင်ဘူး.. ဖေဖေ့လို ဖခင်ကောင်းတစ်ယောက်ရဲ့သမီး ဖြစ်ရတာကို ပဲ ကျွန်မဂုဏ်ယူတယ်..

ချမ်းသာတဲ့မိဘတွေနဲ့လည်းဖေဖေ့ကို မယှဉ်ပါဘူး..  ဖေဖေ့ကို ပဲ ချမ်းချမ်းသာသာ ထားချင်တယ်.. ဖေဖေရယ်..

ကျွန်မ ဖေဖေမရှိတော့မှာ ကို သေရမှာထက်ကို ပိုကြောက်မိပါတယ်… ဖေဖေအတွက် ကျွန်မ ဘာမှ မလုပ်ပေးရသေးဘူး.. ဖေဖေ့ကို စက်ဘီးပေါ်က နေဆင်းလို့ ညိမ့်ညိမ့်ကြီး နားစေချင်မိပါတယ်.. ..

ဖေဖေရယ် ဖေဖေစက်ဘီး လည်းမနင်းပါနဲ့တော့.. မုန့်လည်းမပို့ပါနဲ့တော့… ကျွန်မ တွေးနေရင်း.. တွေး နေရင်း နဲ့…

ဪ.. ကျွန်မပြေးနေမိပါလား.. ဟုတ်တယ်.. ပြေးနေတာ.. ကျွန်မအိမ်ကို ပြေးနေတာ.. ဖေဖေ့ကိုတွေ့ချင်တယ်.. ဖေဖေမရှိတော့မှာ ကျွန်မကြောက်တယ်.. ဖေဖေဘာမှ မဖြစ်ရဘူးနော်.. ကျွန်မ စိတ်တွေကိုလည်း မနိုင်တော့ပါဘူး.. ကျွန်မ သွက်သွက်ကလေးသာ ပြေးလိုက်ပါတော့တယ်..

ဟင်.. လမ်းပေါ်က လူတွေ ကျွန်မကိုကြည့်နေကြပါလား.. . ဪ .. ကျွန်မရဲ့မျက်နှာ မှာ မျက်ရည်တွေနဲ့ကိုး .. ဖေဖေမရှိတော့ဘူးလို့ တွေးမိတာနဲ့ကို ကျွန်မ မှာ ပူပန်နေရတယ်.. ဖေဖေသာတကယ်မရှိတော့ရင်.. .. မဖြစ်ဘူးဖေဖေ.. ဖေဖေမရှိသာ မရှိတော့ရင် ..ကျွန်မ ဘာဖြစ်သွားမလဲတောင် မသိတော့ဘူး.. အဲဒီလို အခြေအနေတွေကို ကျွန်မရင်မဆိုင်ချင်ဘူး.. ရင်မဆို်င်နိုင်ဘူး .. ဖေဖေ.. ဘယ်သူတွေကြည့်နေတာလဲ.. ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်ဘူး.. ငိုရင်းနဲ့ပဲ.. ကျွန်မတော့ ပြေးပြီ.. ဖေဖေ့ဆီကို.. ဖေဖေရဲ့အိမ်ကိုပေါ့..

…………………… ………………….. ………………….. ………………. …………………… …………………………..

” မေမေရေ.. .မေမေ..” ကျွန်မအိမ်ရောက်ပါပြီ.. ကျွန်မမျက်ရည်တွေ သုတ်လိုက်တယ်. .

အိမ်ရှေ့မှာ မုန့်သေတ္တာတင်ထားတဲ့ ဖေဖေ့စက်ဘီးကို ကျွန်မမတွေ့မိဘူး.. ဒါဆိုရင်ဖြင့် ဖေဖေ ပြန်မရောက်သေး ဘူးပေါ့.. ဒါပေမယ့်လည်း မေ့မေ့ကို လှမ်းခေါ်ပြိီး .. အိမ်ထဲပြေးဝင်ရင်း မေးလိုက်မိပါတယ်..

“မေမေ.. .. မေမေ့.. ဖေဖေပြန်ရောက်ပြီလားဟင်.. ”

“ညည်းအဖေလား.. ဒီအချိန်ဘယ်ရောက်မလဲ .. ခုမှ ၃နာရီခွဲပဲ ရှိသေးတယ်.. သိရဲ့သားနဲ့.. ”

“အမောတကောနဲ့က ဘာဖြစ်လာပြန်တာတုန်း.. ညည်းနှယ်.. မိန်းကလေးမို့ ငြိမ်ငြိမ်ကိုမနေဘူး..  .ပျာယာကိုခတ်နေတော့တာပဲ.. ”

“မေမေ ကိုကြီးလိုက်သွားသေးလားဟင်.. အဖော်ခေါ်မသွားဘူးလားဟင်.. ”

“မနက်က ညည်းနဲ့အတူတူသွားတာလေ. . ညည်းကိုကြီးက ကျောင်းသွားတယ်.. ဒီနေ့ မလိုက်ဘူး.. သွား.. သွား ရေ မိုးချိုးထားဦး.. .. ”

အင်း.. မေမေကတော့ ကျွန်မ ပူနေတာကို မသိရှာဘူး.. ကိုယ့်ဖာသာကို ခံစားမိတာတွေ တွေးနေပြီးတော့မှ ခုတော့ ကျွန်မနေလို့မရတော့ဘူး.. အိမ်အပြင်မှာ ထိုင်ပြီး ဖေဖေပြန်လာတာကို စောင့်နေတော့မယ်..

ဟင်.. ကျောက်စည် ထဲမှာ ရေမရှိပါလား.. ဖေဖေပြန်လာရင် ရေချိုးလို့ ရအောင် .. ရေနှိပ်ထားလိုက်ပါ့မယ်.. ကျွန်မလည်း တွေးရင်းကနေ.. ရေတုံကင် ကို မလို့ ကျောက်စည် ပြည့်အောင်ကို အားတက်သရော နှိပ်လိုက်ပါတော့တယ်..

“ကလင်.. ကလင်.. ကလင်.. ” ဟော . . ဖေဖေ့ရဲ့စက်ဘီး ဘဲလ်အသံပဲ..

ကွက်တိပဲ.. ရေလဲပြည့်သွားပြီ….

ဖေဖေစက်ဘီးပေါ်က ဆင်းလိုက်ပြီဆိုရင်ပဲ .. ကျွန်မ  ဖေဖေ လို့ အော်ပြီး ပြေးဖက်မိပါတယ်..

“ဖေဖေကလည်း ကြာလိုက်တာ.. ဝေမာ စောင့်နေတာ . .. ”

“မေမေရေ.. ဖေဖေပြန်ရောက်ပြီ.. ” ခုမှ ပဲ ကျွန်မ ရင်ထဲ ဆို့နေတာကြီးပျောက်ပြီး အော်နိုင်ပြောနိုင်တော့တယ်. .

ဖေဖေအိမ်ထဲရောက်တာနဲ့ ဖေဖေ့နားကို လိုက်ကပ်နေမိပါတယ်..

“ဖေဖေ .. ဒီမှာ ရေ.. ” ကျွန်မကမ်းပေးလိုက်တဲ့ရေကို ဖေဖေ အားရပါးရသောက်နေလေရဲ့.. ဖေဖေရေသောက်တာကို ကြည့်ပြီး ကျွန်မ မောနေမိပါတယ်.. အဲဒီအချိန်လေးမှာ မြင်လိုက်ရတာ ဖေဖေ တကယ်ပင်ပန်းနေတယ်ဆိုတာပါပဲ..

ဖေဖေရယ် .. ဝေမာ ကျောင်းပြီးရင်.. အလုပ်လုပ်မှာ .. အဲဒီ အခါကျရင် ဖေဖေစက်ဘီးမနင်းရတော့ဘူး.. ဝေမာဘွဲ့မြန်မြန်ရချင်နေမိပြီ…  ဖေဖေက ဝေမာတို့ မောင်နှမအတွက် မရှိမဖြစ်ပါဖေဖေ.. ခုလည်းရှိရမယ်.. နောင်လည်း ရှိနေပေးပါလို့.. ခုချိန်မှာဘာမှ မလုပ်ပေးနိုင်သေးပေမယ့်.. ခုကတည်းက လုပ်ပေးနိုင်တာတွေကို တော့ ဝေမာ အားလုံးလုပ်ပေးပါ့မယ်..  ဖေဖေ ခိုင်းတာတွေ အားလုံးကိုလည်း လုပ်ပေးပါ့မယ် .. စာလည်းကျက်ပါ့မယ်.. ဖေဖေညောင်းရင်လည်းနှိပ်ပေးမယ်.. ဆံပင်ဖြူလည်း နှုတ်ပေးမယ်.. ခြေသည်း လက်သည်းလည်းတွေလည်း ညှပ်ပေးပါ့မယ်..

ဖေဖေ လို့ ခေါ်စရာ မရှိအောင်တော့ မလုပ်ပါနဲ့ဖေဖေ..  ..

ကျွန်မစိတ်ထဲက နေ ဖေဖေ့ကို ကြည့်ရင်း ပြောနေမိတော့တယ်..

“ရော့.. “………………………………….

“ဟိတ်.. ဝေမာ.. ရော့ လေ.. ရေခွက်.. ”

“အော်.. ဟုတ်. ဟုတ်.. ဖေဖေ.. sorry .. ဝေမာ အတွေးလွန်သွားလို့.. ဟီးဟီး…”

ကျွန်မကလည်း ကိုယ့်အတွေးနဲ့ကိုယ်ဆိုတော့ .. ..

“ဖေဖေ့.. ဒီမှာ သတင်းစာ.. ”

ဖေဖေက ကျွန်မပေးတဲ့ သတင်းစာကို ဖတ်နေပါရဲ့.. ကျွန်မကတော့ ဖေဖေ့နားမှာ တတွတ်တွတ်နဲ့..

“ဖေဖေ.. ရေအရင်ချိုးမလား.. ထမင်းအရင်စားမလားဟင်.. ”

“ဖေဖေ့.. ရေအရင်ချိုးနော်.. ဝေမာ.. ရေနှိပ်ထားတယ်.. ကျောက်စည်နဲ့အပြည့်ပဲ.. ဟဲဟဲ…”

“ဖေဖေ… ဖေဖေ့နောက်ကျောကို ချေးတွန်းပေးမလို့.. ရေချိုးတော့ ဖေဖေ.. ”

“ဖေဖေ .. သတင်းစာက ရေချိုးပြီးမှ ဖတ်ရင် ပိုကောင်းတယ်.. ဖေဖေရဲ့.. သန့်သန့်လေးဖတ်ရတာပေါ့.. ဖေဖေကလည်း… ”

“ကိုင်း… ဒီကောင်မလေး…. ဘယ်လိုဖြစ်နေလဲ.. စကားကလည်းများပ.. သတင်းစာကို ကောင်းကောင်းဖတ်မရပါလား.. ”

“ပြီးရင် ချိုးမှာပေါ့. ဟ.. သွားသွား.. ခိုင်းရင်တော့ မလုပ်ချင်ဘဲနဲ့.. ”

“အာ.. ဖေဖေကလည်း အခုလုပ်ပေးချင်လို့ပါ.. ဖေဖေနော်.. ရေချိုးရင် ချေးတွန်းပေးမယ် .. ထမင်းစားပြီးရင် လည်း..ဖေဖေ့ကို ဆံပင်ဖြူပါနှုတ်ပေးဦးမှာနော်.. ဖေဖေကလည်း.. ဒီလို သမီးမျိုး လေးရှာကြည့်ပါဦး ဗျ.. ”

…………………………………………………………………………………………………………

ဒီလိုနဲ့ပဲ.. ကျွန်မနဲ့ဖေဖေ .. ဖေဖေနဲ့ကျွန်မ..  ..

မေမေကတော့ .. ဟင်းနွှေးရင်းကနေ ပဲ .. ကျွန်မကို မိပို ဆိုတဲ့ပုံစံနဲ့ မျက်စောင်းကြီးထိုးလို့ပေါ့..

…..      …………. …….    ………….     ………………   ………………    …………….    ……………..

အိမ့်သူ ဖေဖေဆုံးသွားတဲ့အကြောင်းကိုတော့ ည.. လူစုံတော့မှပဲ.. ပြောပြရတော့မယ်.. ဟူး..

 

13 comments

  • မောင်ပေ

    February 5, 2013 at 8:20 pm

    အင်းးး…
    ကိုလူကလေးပို ့စ်ကို ဖတ်ပြီး
    အရင်တုန်းက ဖတ်ခဲ့ဖူးတဲ့ ပုံလေးတစ်ပုဒ်ကို သတိရမိတယ်
    ဘာမှတော့ မဆိုင်ပါဘူး
    ဖတ်ဖူးပြီးသား ဖြစ်ကြမှာ ကို သိပေမယ့် ပြန်ပြောချင်လို ့ပါ
    ဒီလိုဗျ
    တစ်ခါတုန်းက
    လင်မယား နှစ်ယောက် ကလေးတစ်ယောက်ရလာတယ်
    အဲ့ကလေးက မွေးကတဲက စကားမပြောဘူး
    ကလေး အသက် ၆နှစ်ပြည့်ချိန်မှာ စကားတစ်ခွန်းပထမဆုံးစပြောတယ်
    “ဖိုးဖိုး” တဲ့
    အဲ့ညမှာ ကလေးရဲ ့အဖိုး ဆုံးသွားတယ်
    နောက်တစ်လလောက်နေကြ ၊ ကလေး က စကားထပ်ပြောတယ်
    “ ဖွားဖွား ” တဲ့
    အဲ့ညမှာပဲ ကလေးရဲ ့အဖွား ဆုံးသွားပြန်တယ်
    ဒါနဲ ့လင်မယား၂ယောက်စလုံး သူရို ့ကလေး စကားထပ်ပြောမှာကို လန် ့နေကြတယ်
    နောက်တစ်ပတ်လောက်နေတော့ ၊ ကလေးက ထပ်ပြောတယ်
    “ ဖေဖေ ” တဲ့
    အဖေလုပ်သူ/လင်ဖြစ်သူ ခဗျာ ဆောက်တည်ရာမရဖြစ်ပြီး ၊ တစ်နေကုန် အရက်တွေ သောက်နေတယ်
    ညကြတော့
    သူရို ့ဘေးအိမ်က အိမ်နီးချင်း လင်မယားထဲက ယောက်ျားဖြစ်သူ ဆုံးသွားတယ်

    • လူကလေး

      February 5, 2013 at 9:57 pm

      ဟုတ်ကဲ့ အဲံပုံပြင်လေးလဲကြားဖူးပါတယ်

  • Mobile

    February 5, 2013 at 8:55 pm

    လိမ်မာလိုက်တဲ့ သမီးလေး လူကလေးရေ အားပေးသွားပါတယ်နော်။

  • Mr. MarGa

    February 5, 2013 at 9:41 pm

    အစားထိုးမရတဲ့ အထဲမှာ မိဘတွေလဲ ပါတယ်ဆိုတော့
    အချိန်ရှိတုန်း ပြုစုလုပ်ကျွေးဖို့ မီးမောင်းထိုးပြလိုက်သလိုပါပဲဗျာ

  • လူကလေး

    February 5, 2013 at 10:06 pm

    အခုလို အချိန်ပေးပြီးဖတ်ပေးတာကို ကျေးဇူးတင်တယ်လို့ရယ် ့
    တကယ်ပါ . . .

  • padonmar

    February 5, 2013 at 10:58 pm

    ဝေမာ့အဖေ ပြန်မလာမှာ ကိုယ်ပါတွေးပူနေရင်း ဝေမာနဲ့တူတူ ဖေ့ဖေ့ကို ရေခပ်ပေးနေမိပါတယ်…
    မောင်လူကလေးရဲ့ လက်ရာတွေ မျှော်နေမယ်နော်။

  • kyeemite

    February 6, 2013 at 11:39 am

    တော်တော်ကောင်းတဲ့အတွေးနဲ့အရေးအသားပါ…
    မိနဲ့ဖကို မသေခင်ကပြုစုလုပ်ကျွေးနိုင်ပါမှ သေတဲ့အခါ
    ဖြေသာနိုင်ပါလိမ့်မယ်…ငယ်စဉ်တောင်ကျေး
    ကလေးဘဝကနေအပင်ပန်းအဆင်းရဲခံပြီး ပညာသင်ပေး၊
    ဘဝခရီးလမ်းဖြောင့်ဖြောင့်လျှောက်တတ်အောင်သင်ပေးခဲ့တဲ့
    အဖေ၊အမေတို့ကို မေ့မထားကြပဲ တတ်နိုင်သ၍ ပြုစုလုပ်ကျွေးကြပါကုန်…

    • လူကလေး

      February 6, 2013 at 12:25 pm

      အဖေ အမေ တွေတိုင်းလည်း သားကောင်းသမီးမြတ်တွေ ရရှိကြပါစေ..

      မပဒုမ္မာ နဲ့ ဦးဂျီးမိုက် ကိုလည်း ကျေးဇူးတင်ပါတယ်.. 😛 😛 😛

  • moonpoem

    February 6, 2013 at 1:53 pm

    အဖေကို ချစ်တဲ့ အဖေ့သမီးမို ့ခံစားချက်တွေ တူပါတယ်။ အရေးကောင်းလို ့အားပေးသွားပါတယ်။

  • (၂) ကျပ်လာပေးတာပါ.. သယ်ရင်း… :mrgreen:

    တကယ်ခံစားလိုက်ရတယ်ဟာ…ငါလည်း အဖေ့ကို တော်တော်လေးလွမ်းသွားတယ်…
    အဲ့လိုလေးတွေ ထပ်ရေးပါဦးနော်… လူကလေးလို သမီးမျိုးရှိတဲ့ ဖေဖေ တော်တော်ကံကောင်းပါတယ်..

    ချစ်တဲ့
    မွန်မွန်

    • လူကလေး

      February 8, 2013 at 10:53 am

      အောင်မာ .. လုံမအစုတ်ပလုတ်.. ငါ့ကို ၂ကျပ်ပေးသလိုလိုနဲ့.. ၁ဝလာယူသွားတာများ .. မသိတာကျလို့ ဟွန့်.. 🙁

      လာဖတ်သွားတာ ရှဲရှဲ..

      ကံတော့ ကောင်းပါတယ်.. ဟာ..
      အေး.. ငါ့ကို သမီးလို မမြင်တာတော့ ခက်သား.. ဟ.. ဟေ.. 🙂

      • အွန်.. ၁ဝ ဖြစ်သွားပီလား.. ၁၅ ကျပ် ဟုတ်တော့ဝူးလား… အဟဲ.. ဒါကတော့ တကယ် (၂) ကျပ်ပေးတာဟဲ့.. ဒါရေးတာ ဘာမှ ထပ်မရတော့ဝူး.. :mrgreen:

Leave a Reply