အချိုးအကွေ့များသော နေဝင်မိုးချုပ်များ…
“ဘယ်လဲအစ်ကို…”
“လှည်းတန်းကို…”
“၂၅၀ဝ ပါအစ်ကို…”
ကားနောက်ခန်းတံခါးဖွင့်ပြီး… ခရီးသည်အသာလေးဝင်ထိုင်လိုက်သည်… ထို့နောက် စီးကရက်ကို ဟန်ပါပါဖြင့်မီးညှိလိုက်၏…
ကျွန်တော်လဲ ကားကိုစက်အသာလေးနှိုးပြီး… ကားပိတ်သော… လမ်းကျပ်သော လှည်းတန်းကိုရင်ဆိုင်ရန် အားသစ်တစ်စုံတစ်ရာဖြင့် အပြင်းနှင်ခဲ့တော့သည်…
ကျွန်တော့် စိတ်ထဲတွင်တော့ အခွင့်အလန်းများပိတ်သော… စီးပွားရေးကျပ်တည်းသော ဤလောကကြီးပေါ်တွင် ဖြတ်သန်းရခြင်းကား လှည်းတန်းမီးပွိုင့်ထက် အသက်ရှုကျပ်ပေတော့သည်…
FM Radio မှ တစ်ဝက်တစ်ပျက်လာနေသော ဖတ်ကြားသူ သူရဿဝါ၏ ဆိုဖာခုံလေးအကြောင်းကြားမိသည်…
လုပ်ငန်းခွင်မှဖိအားများ… မိသားစုအရေးဖိအားများကြောင့် ကျွန်ုပ်တို့သည်လဲ ဆိုဖာခုံလေးကဲ့သို့ တန်ပြန်တွင်းကန်နိုင်အား တဖြည်းဖြည်းကျဆင်းလာပြီး၊
ဆိုဖာခုံလေး၏ အနီရောင်များလဲအရောင်လွင့်သလို……..
ကားသံများ… ပတ်ဝန်းကျင်မှ အပူရှိန်များကြားတွင် သူရဿဝါအသံမှာ တစ်ခါတစ်လေ… မသဲမကွဲ… တစ်ခါတစ်လေ… ကျိုးတိုးကျဲတဲ…
ခေါင်းပေါ်ကနေမင်းကို အပြစ်တင်ရမလား… လောကကြီးက ဒီရက်ပိုင်းမှာပိုပူလာသလား…
အငွေ့ပြန်လွယ်တဲ့ တိုင်ကီထဲကလောင်စာဆီက ရင်ထဲကအပူမီးကို တောက်လောင်စေသတဲ့…
တကယ်တော့ ဘဝဆိုတာ ရယ်စရာကြီးပါ…
နောက်ဘဝဆိုတာရှိသေးရင်… လောဘကြီးသော… မိမိကိုယ်ကိုယုံကြည်မှုလွန်ကဲသော… အရဲစွန့်တတ်သောသူတစ်ယောက်မဖြစ်ချင်တော့ဘူး…
ဘဝဆိုတာကြီးကို သုညကနေပြန်စဖို့ဆိုတာထက် အနှုတ်လက္ခဏာကနေ ပြန်စဖို့ကပိုခက်ပါသတဲ့…
အပူရှိန်တွေကြားထဲ အမှတ်တမဲ့… သီချင်းဖွင့်လိုက်မိတယ်… သီချင်းက “လူ”တဲ့…
ကိုညီထွဋ်ရဲ့အသံအက်အက်က ကျွန်တော့်ကိုရည်ရွယ်နေသလိုပါပဲလား…
” အမှောင်ထဲငါရောက်သွားရော… တစ်ယောက်မှသတိမရဘူး… ဘယ်သူမှမရှိကြဘူး…အော်… လူတွေ… လူတွေ…
ကျဆုံးတော့… ဝမ်းနည်းရတယ်… အနိုင်ရတော့ နှစ်သက်ကြတယ်… လွန်ကဲတဲ့အတ္တစိတ်နဲ့
ခဏတာ… ဘဝခရီးကို ပြိုင်ဆိုင်တိုးဝှေ့ရင်းနဲ့ပဲ… နေဝင်မိုးချုပ်သွားကြတယ်… လူတွေ… လူတွေ…
အမှားတွေလုပ်ရင်း… အမှားကြီးမှားကြတယ်… ရက်စက်တတ်ကြတယ်…”
ကျွန်တော်ရော ဘယ်သူတွေကို ရက်စက်မိခဲ့သလဲ… အမှားကြီးတွေမှားခဲ့ပြီလား…
ခရီးဆုံးရောက်တော့ ခရီးသည်ပေးတဲ့ ကားခ ၂၅၀ဝ ကိုလက်ခံပြီး… နေပူလွတ်ရာ အရိပ်ကလေးအောက်ခိုနားရင်း ဆေးလိပ်တစ်လိပ်မီးညှိလိုက်တယ်…
စိတ်ဓာတ်ကျချင်တယ်… ကျွန်တော်စိတ်ဓာတ်ကျချင်ပေမယ့်… နောက်လှည့်ကြည့်လိုက်တိုင်း စိုးရိမ်တဲ့မျက်ဝန်း (၃)စုံကို ဂရုပြုရမယ်…
ကျွန်တော်ကျဆုံးသွားရင်ရော… ငိုကျွေးပေးကြမှာလား… ဒါမှမဟုတ်… ကဲ့ရဲ့ကြမှာလား…
အင်အားကိုမရှိတော့ဘူးလို့ ပြောရအောင် ကျွန်တော့်ရဲ့ဖျော့တော့နေတဲ့ ကြံခိုင်နေတဲ့ပုံစံက… ယုတ္တိရှိပါ့မလား…
ဓာတ်ဆီဖိုးလေးတော့ကျေသွားပြီ… အုံနာကြေးနဲ့ အသုံးစရိတ် ၅၀၀ဝ လောက်ထွက်ဖို့ ခရီးသည်ရှာရဦးမယ်…
နေဝင်တော့မယ်… မကြာခင်မိုးချုပ်တော့မယ်… လမ်းဆုံတွေမှာ ပြိုင်ဆိုင်တိုးဝှေ့ရဦးမယ်… အပြေးအလွှားအန္တရာယ်ကို ဂရုမပြုဘဲ ခရီးသည်လုကြရဦးမယ်…
ကျွန်တော်ကားမောင်းရင် ဘေးမှာတစ်ယောက်မှမရှိဘဲ နောက်ကထိုင်စီးရင် စိတ်ဆိုးတတ်တဲ့သူ…
အခုတော့ ခရီးသည်တွေက ကျွန်တော့နောက်က ထိုင်စီးကြတော့မယ်… သူတို့ဝင်ငွေထဲက ကျွန်တော့်ထွက်ပေါက်လေးတွေရလာဖို့…
ခံစားချက်ကို ခဝါချထားရမယ်…
ကျွန်တော့်နှလုံးသားမှာ ဒဏ်ရာတွေရှိပေမယ့် ကျွန်တော့်မိသားစုကို ဒဏ်ရာတွေမရှိစေချင်ဘူး…
သူတို့ အနည်ကျအေးချမ်းတဲ့ဘဝလေးအတွက် ကျွန်တော်ပူလောင်ပါစေ… ခံနိုင်ရည်ရှိဖို့ကြိုးစားရမယ်…
တကယ်တော့ ကျွန်တော့်ဘဝကို အနှုတ်ကနေ သုညအထိပြန်ရောက်ဖို့ အရင်ပြန်ကြိုးစားရပါဦးမယ်…
နေဝင်မိုးချုပ် ပြိုင်ဆိုင်တိုးဝှေ့ကြရဦးမယ်…
ကျွန်တော့မှာ ဘာမှမရှိပေမယ့် ကိုယ်ချစ်တဲ့သူတွေကို ပြည့်စုံစေချင်တယ်…
ခဏတာဘဝခရီးဖြစ်ပေမယ့် ကိုယ်ချစ်တဲ့သူတွေကို အေးချမ်းစေချင်တယ်…
သူရဿဝါဖတ်သွားတဲ့စာထဲက ဆိုဖာလေးလို…
ရဲရင့်ခြင်းဆိုတဲ့ ကျွန်တော့်အနီရောင်တွေအရောင်လွင့်နေပါပြီ…
ဖိအားကို ပြန်လည်တွန်းကန်နိုင်တဲ့ အင်အားတွေ ကျဆုံးနေပါပြီ…
တစ်ချိန်ချိန်မှာ ဆိုဖာအဟောင်းလေးအဖြစ် စတိုခန်းထဲမှာ ဂျောင်ထိုးခံရမှာသေချာပေမယ့်…
ကျွန်တော်ချစ်သော… ကျွန်တော့်ကို မျှော်လင့်ကြသော… ကျွန်တော့ကိုစိုးရိမ်ကြသော… မိသားစုအတွက်…
ဖျော့တော့သော ရဲရင့်ခြင်းကို နေဝင်မိုးချုပ်ပေးရဦးမှာပါပဲ…
ဒဏ်ရာအဟောင်းတွေကို မေ့ထားပြီး… ဒဏ်ရာအသစ်တွေကိုကျေကျေနပ်နပ် လက်ခံရဦးမှာပါပဲ…
“ကားအားလား…”
” ဘယ်သွားချင်လဲအစ်မ…”
” မြေနီကုန်း…”
“…………………..”
“…………………..”
ကြောင်ဝတုတ်
၂၀၁၃၊ ဖေဖော်ဝါရီ
29 comments
Shwe Ei
February 7, 2013 at 4:00 pm
ဂလောက်လဲ စိတ်ဓါတ်မကျပါနဲ့။ ဘေးနားမှာ သူမသာ ကိုမသာ တွေ အများရီးပါ။
ိငိုချင်လာရင် တီးရှော့ထဲဝင်ပြီးငိုပလိုက်ပါခညာ။ :byae:
ခင်ခ
February 7, 2013 at 4:17 pm
ကြိုးစားကြပုံခြင်းသာ ကွဲပြားကောင်း ကွဲပြားကြမှာပါ။
လူတိုင်းတော့ ကြိုးစားနေကြတာပါဘဲဗျာ။
စိတ်ဓာတ်မကျပါနဲ့လေ။
nozomi
February 7, 2013 at 5:16 pm
တကယ်လုပ်ချင်စိတ် ရှိတယ်
တကယ်လုပ်နေတယ် ဆို
သူ့ဘဝက ကောင်းသော အရွေ့တစ်ခုတော့ ရှိနေမှာပါ
အာဂ
February 7, 2013 at 5:42 pm
ကိုဖက်ရယ် ဘာလောက်များစိတ်ဆင်းရဲ စရာတွေ ကြုံတွေ့နေရလို့လဲဗျာ.။ ပထမ ဖတ်မိတော့ စိတ်မကောင်းဘူး..။ ကျွန်တော်လည်း အနုတ် သုည ဘဝ ကနေ သုညရောက်ဖို့ အကြိမ်ကြိမ် ဖြတ်ကျော်ခဲ့ဖူးပါတယ်။ အခုထိလည်းကျော်ဖြတ်နေတုန်းပါပဲ..။ ကိုဖတ်ရေ… ဖြစ်နိုင်ရင် ကျွန်တော့် လိုပဲ အောက်ကို နည်းနည်းငုံကြည့်ပြီးတော့ ဖြေသိမ့်လိုက်ရင် အဆင်ပြေမလားလို့..။ အမြင့်ဆုံးက ပြုတ်ကျရင် နည်းနည်းနာမယ် ဆိုတာတော့ ကျွန်တော်သိတယ်။ ဒါပေမဲ့ အကျသက်သာအောင်တော့ ကိုယ့်ဘက်က နည်းနည်းလေးများ ပြင်ဆင်ထားရမလားလို့ပါ။ ဘာပဲပြောပြောဗျာ.. ကျွန်တော့်အမြင်ကတော့ ကိုဖက် ဘဝ ဆင်ပိန်ရင် ကျွဲလောက်ကျန်ပါသေးတယ်။ ကျွန်တော်တို့လို ကြွက်ပိန်ရင် ပိုးဟတ် လောက် မကျန်တဲ့ လူတွေထက်စာရင်………ပေါ့….။
ဆရာလုပ်တာမဟုတ်ပါဘူးနော်။ ခံစားချက်နဲ့ တိုက်ဆိုင်သွားလို့ပါ။
လွန်တာရှိရင် ဝန်တာမိပါဗျာ.။
Ghi Ghi ThE KiD
February 7, 2013 at 8:18 pm
ဂလိုဆိုတော့လည်း ငါ့အစ်ကိုကြီး သနားစရာပါလား.
အစ်ကိုကြီးရာ.တကယ်တော့ အောင်မြင်မှုဆိုတာ. ဗိုက်ကြီးတာနဲ့ တူသတဲ့
လူတိုင်းက ကိုယ့်ကိုကွန်ဂရက်ကျူလိတ် လုပ်ကြပေမယ့်.
အဲ့လို ဗိုက်ကြီးဖို့ ကိုယ်ဘယ်လောက် အဟွာပြုခံထိခဲ့ရတယ်ဆိုတာ
မေ့နေတတ်ကြပါတယ်တဲ့
ဒီလိုပါပဲ အစ်ကိုကြီးရာ.
ခင်တဲ့
မိဂီ
padonmar
February 7, 2013 at 9:53 pm
ဖက်ဖက်ကက်ရေ
အဲဒီ ဆိုဖါနီလေး အကြောင်း အန်တီလည်း ကားပေါ်မှာ နားထောင်လိုက်ရတယ်။ ကောင်းလိုက်တာလို့ သတိထားလိုက်မိပေမယ့် မောင်ဝါဝါမှန်း မသိလိုက်မိဘူး။
တက်စီမောင်းတာ စိတ်ဓာတ်ကျစရာမဟုတ်ပါဘူး။
မှန်တာပြောရရင် ဖက်ဖက်ကက် ရုံးကို တက်စီနဲ့ တက်နေတယ်လို့ ပြောပြတုံးက အန်တီစိတ်ထဲက နှာခေါင်းရှုံ့နေတာ။
အသုံးလား အဖြုန်းလားမသိသေးတဲ့ ချာတိတ်လို့ပေါ့။
အခု ရုံးအလုပ်အပြင် တက်စီမောင်းတယ်လို့ သိရတော့ အန်တီက ချီးကျူးပါတယ်။
သမ္မာအာဇီဝမို့ ဘာမှ အားငယ်စရာမရှိပါဘူး။
ကြိုးစားပါသားရေ။
pooch
February 7, 2013 at 10:32 pm
ကျမ ဟိုးအရင် ရန်ကုန်မှာ သင်တန်းတခု တက်တုန်းက သွားဆရာဝန်တယောက်မောင်းတဲ့ တက္ကစီ စီးဖူးတယ် ဆေးခန်းပြင်ပ အချိန်မောင်းတာပေါ့ စာမေးပွဲ တခုလည်း ထပ်ဖြေဖို့ လုပ်နေတယ်တဲ့
သမာအာဇီဝနဲ့ လုပ်နေသမျှ ကာလပတ်လုံး အနှုတ်ပဲဖြစ်ဖြစ် သုညပဲ ဖြစ်ဖြစ် အပေါင်းပဲ ဖြစ်ဖြစ် ဘယ်လိုအလုပ်ပဲ ဖြစ်ဖြစ်တင့်တယ်တယ်။ ကျက်သရေရှိတယ် ။ လုပ်ကောင်းတယ်။
စကားပုံတောင် ရှိသေးတယ် ခြေထောက်မရှိရင် လက်နဲ့သွားတဲ့ ။
မရပ်ပဲ ဆက်သွားနေသမျှ ကာလပတ်လုံး အရှုံးဆိုတာ မရှိဘူး ။ တန်ဖိုးရှိမဲ့ အတွေ့အကြုံတွေပါ။
လုံမလေးမွန်မွန်
February 7, 2013 at 10:45 pm
ဂွတ်..လ…ဂွတ် ပါ ကိုရီးရေ… အားလပ်ချိန်မှာ သမ္မာအာဇီဝနဲ့ ပိုက်ပိုက်ရှာတာ… ဂုဏ်တောင်ယူရဦးမယ်… အနော်လည်း အားရင် မနေတတ်ဝူး… ပျင်းတယ်… စာသင်တော့ ပိုက်ပိုက်ပိုထွက်လာတယ်.. အဟီး..ကြွားဒါ…
တစ်ခုရှိတာက..မိသားစုဆိုတာ ပျော်စရာရှိရင်လည်း အတူတူပျော်သလို.. ဝမ်းနည်းစရာရှိရင်လည်း မျှဝေခံစားချင်ကြပါတယ်.. ဘာပဲဖြစ်ဖြစ် မျှဝေပါနော်..ကိုရီး…
….မွန်မွန်.. (အရှေ့က ဘာလုံဆိုလား..မတိဒေါ့ဝူး)..
ခိုင်ဇာ
February 7, 2013 at 11:09 pm
ကိုကြီးဖက်ဖက်
သနားလိုက်တာအေ။
:byae:
ဒီလိုလုပ်။ ဆွိ ရန်ကုန်လာတဲ့ ရက်တိုင်း တက်စီ ရှေ့က ထိုင်လိုက်ပြီး ကူညီမယ်။
ရှေ့ခုံလူမရှိရင် စိတ်တိုတတ်တယ်ဆိုလို့။
ခုတော့ သည်းခံပြီး ညီမလေး မုန့်ဖိုးကြိုးစားရှာထားပါ အစ်ကိုကြီးရယ်။
kai
February 8, 2013 at 12:16 am
Ganbare!(がんばれ!)
ကျုပ်လည်း.. တရက် ၁၈နာရီအလုပ်လုပ်ခဲ့ဖူးတယ်..။
တိုက်မြင့်ပေါ်မှာ.. မှန်သုတ်တဲ့အလုပ်ကနေ.. ကားအောက်ဝင် ကားပြင်တဲ့အလုပ်လည်းလုပ်ဖူးရဲ့..။
ဘာမှမလုပ်.. ထိုင်စား..ညာစားနေသူများနဲ့စာရင်.. အလုပ်လုပ်သူများဟာ.. သာလွန်.. မြင့်မြတ်သူများလို့ ခံယူထားပါတယ်..။ :kwi:
ဆိုတော့..
“သခင်မျိုးဟေ့.. ဖက်ဖက်ကက်.. ”
Ganbare!(がんばれ!)
ဦးဦးပါလေရာ
February 8, 2013 at 12:54 am
ဖက်ကက်ရေ-
ချီးကျူးတယ်….
အားပေးတယ်…။
လက်တွေ့ကျတဲ့ ဖက်ကက်လိုလူငယ်တွေကို ဦးပါ လေးစားတယ်….။
ု
နေဝင်ပြီးရင် ဘာဖြစ်သလဲ.. သိလား…
ဟိုးအရှေ့ မိုးကုပ်စက်ဝိုင်းထက်မှာ အနီရောင် မျှင်မျှင်လေး စပြီး မြင်ရတယ်…
ပြီးတော့ အဲဒါလေးက အချိန်နဲ့အမျှ ပိုပြီး လင်းလာတယ်…
အဲသလို ဘဝရဲ့အရုဏ်တက်ချိန်ကို ခဏနေ ရောက်လာတော့မှာ ညီလေးရေ…။
ကိုရင်စည်သူ
February 8, 2013 at 1:15 am
တိုကြီး.ဖက်ကက်ရေ… အားပေးတယ်.. လေးစားတယ်..
စိတ်ဓါတ် ကို တောင့်ထားချမ်းဘာဗျာ..
ကိုရင့် အဖေလည်း တိုက်ဆီမောင်းပီ.. ကိုရင်ကို
သင်္ဘောသားဖြစ်အောင် ရှာကျွေးလုပ်ကိုင်ပေးသွားတာပါ။
ဂုဏ်ယူစရာဘာဗျာ..။ ချစ်တဲ့ မိသားစုနဲ့
အိုးမကွာ အိမ်မကွာ အလုပ်လုပ်ရတာ ကံကောင်းခြင်းတစ်မျိုးပါဗျာ
ကိုရင်တို့လို ရေမျောကမ်းတင် တနေဝင်လို့ တစ်နေထွက်စောင့်
မေတ္တာငတ်နေရတဲ့ လူတွေထက်စာရင်ပေါ့.. :528:
P chogyi
February 8, 2013 at 8:29 am
အချိုးကွေ့များတဲ့ နေဝင်မိုးချုပ်များဆိုလို့ တောင်ပေါ်လမ်းမှာ ကားလျှောက်စီးတယ်ထင်နေတာ။
စတာပါ ဖက်ကက်ရေ
အခု ဝန်ထမ်းလောကမှာ အပိုဝင်ငွေရရေး လုံပန်းနေတာ နိုင်ငံနဲ့အဝှမ်းပါ။
အကြောင်းအရာမျိုးစုံ ဘဝမျိုးစုံပေါ့။
အဲ ကျားကြီးတော့ ခြေရာတောကြီးတာပေါ့။
weiwei
February 8, 2013 at 8:51 am
တက်စီဆိုတာနဲ့ ချယ်ရီဝက်ဂွန်ကို ပြေးမြင်မိပြီး ကိုဖက်ကတ်ကို ဒရိုင်ဘာထိုင်ခုံမှာ မြင်ကြည့်လိုက်တာ … :kwi:
ယောက်ျားလေးဖြစ်ရတာ ကောင်းလိုက်တာ …. လုပ်စရာအလုပ်တွေ လုပ်ချင်ရင် အများကြီးရှိနေလို့ …
တကယ်လို့ မိန်းကလေးသာဆိုရင် အလုပ်လုပ်ချင်စိတ်ရှိရင်တောင်မှ လုပ်စရာအလုပ်ရှားတယ် …
kyeemite
February 8, 2013 at 9:36 am
မဝေရေ..ချယ်ရီဝက်ဂွန်ဆိုရင်တော့ ဖက်ကက်ကို တစ်စစီဖဲ့ပီးမှ
ကားထဲသွင်းလို့ရမယ်ထင်ရဲ့…
ရဲဘော်ဖက်ကက်…
ကျုပ်လည်း တစ်နှစ်ခွဲလောက်တက်စီမောင်းဖူးသေးတယ်
အခုလက်ရှိအလုပ်မရခင်ထိပေါ့…အခုလက်ရှိတောင်
ပိတ်ရက် ဟိုက်ဝေးအော်ဒါရရင်လိုက်မောင်းနေသေးတယ်..
ဘယ်တတ်နိုင်မလဲ အလုပ်မလုပ်ပဲထိုင်စားစရာမှမရှိတာ…အဲဒီတော့ကာမယ်
ကြိုးစားထားရဲဘော်ရေ…“အရှေ့ကနေဝန်းထွက်သည့်ပမာ…တစ်နေ့………………”
ဆုံးမခံရ ဖူးတာလေး…..
….တဲ့ ကိုယ့်ဆရာတစ်ယောက်ဆုံးမဖူးတာလေး…
နွယ်ပင်
February 8, 2013 at 10:03 am
ကိုဖက်ရေ … ကြားရတာတော့ စိတ်မကောင်းပင်မယ့် အားပေးပါတယ် …
နွယ်ပင်ဆို အလုပ်ကအပြန် တစ်ခြားအလုပ်တစ်ခု ထပ်လုပ်ချင်နေတာ
ကိုဖက်လို ကားမောင်းတက်လဲ ကောင်းသားနော် … ဘာပဲဖြစ်ဖြစ် အကောင်းဖက်ကတွေးရင်
အလုပ်လုပ်ရင်း 0ိတ်ချလိုက်တာလို့ တွေးလိုက် ကိုဂျီး … a :kwi:
နိုချင်လာရင် လက်ဖက်ရည်ဆိုင်ထဲ ပြေးလာခဲ့နော် စောင့်နေမယ် …
လူကလေး
February 8, 2013 at 11:15 am
ခင်ဗျား နှယ် ခေါင်းစဉ်ပေးတတ်ရန်ကော..
သိပ်ကောင်း..
ခင်ဗျား ခံစားချက်ကို နားလည်ပါဒယ်ဗျာ ..
ဒါနဲ့ အနုတ်က ဘယ်လောက်ထိတောင် ဖြစ်သွားတာတုန်း.. အနုတ် အနုတ်ချင်း ပေါင်းရင် .. .အပေါင်းရတယ်. ကိုယ့်လူ.. ..
စိတ်ဓာတ်ဆိုတာကလည်း ကျကောင်းတဲ့အရာ မဟုတ်ဘူး..
ဦးကြောင်ကြီး
February 8, 2013 at 11:30 am
နေဝင်မိုးချုပ်
လေဆင်ဖိုးတုတ်
အရည်ဝင်ကြိုးရှုပ်
ငွေဂွင်တန်ခိုးဟုတ်
ရွှေစင်ပိုးထုပ်
မြေပြင်အိုးပုတ်
နွေတွင်ပျိုးနှုတ်
ဝေဟင်ချိုးရုပ်..။
ဦး ကျောက်ခဲ
February 8, 2013 at 11:59 am
ကဖက်ကက် ခုမှဖတ်မိတယ်….
ကျွန်တော်လည်းငယ်နုစဉ် ဘဝပျက်တုံးက ဆူးလေ – တောင်ဥက္ကလာ ညဖက် အောက်ဆိုက်ကားမောင်း အဆောင်မှာနေပြီး ကျောင်းတက်လာတာဗျ…
ကြုံရင် ပြောပြမယ်ဗျာ…
တောင့်ထား ကိုယ့်လူ…
Wow
February 8, 2013 at 12:12 pm
ဖက်ဖက်ရယ် အမျိူးသမီး တက်စီမောင်းတဲ့သူတွေလဲရှိနေဘီဆိုတော့ နာတောင် ညနေပိုင်း ကားဆွဲချင်သေးတယ်.. ငိုချင်အောင် မပြောပါနဲ့အေ… Fighting… :byae:
မင်းနန္ဓာ
February 8, 2013 at 1:46 pm
ငိုချင်ရက် လက်တို့ခံလိုက်ရသလိုပဲ
ကိုယ်တိုင်လည်း ဓာတ်ကျမယ့် အတွေးတွေကို အလုပ်ထဲမှာ စိတ်နှစ်ပြီး ဖျောက်နေရတာ
ဂေဇက်ကိုတောင် ဒီရက်ပိုင်း သိပ်မမွှေဖြစ် ပို့စ်မတင်ဖြစ် အောင်ပါပဲ..
ဒီလိုပေါ့ဗျာ.. စုန်လိုက် ဆန်လိုက် တလှည့်စီပေါ့..
ကြောင်ဝတုတ်
February 8, 2013 at 2:02 pm
ညီမလေးရွှေအိရေ…
စိတ်ဓာတ်ဆိုတာကြီးကို မကျအောင်တင်းထားထိန်းထားပါတယ်…
အားကိုတင်းနေအောင်ထားပြီး လုပ်စရာရှိတဲ့ မှန်ကန်မယ်ထင်တဲ့အရာတွေအားလုံးကိုဆက်လုပ်နေပါတယ်…
ရွာထဲမှာ ဘဝအကြောင်းကို ရင်ဖွင့်စရာရှိလို့လဲ ရွာထဲကသူများအားလုံးကို ကျေးဇူးတင်ပါတယ်…
ကျွန်တော့ဘေးမှာ အောင်မြင်ချိန်ပဲဖြစ်ဖြစ်… ရှုံးနိမ့်ချိန်ပဲဖြစ်ဖြစ် အမြဲရှိနေတတ်တဲ့ လက်ဘက်ရည်ဆိုင်ထဲက သူငယ်ချင်းများ… ရွာထဲကမိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်… နောက်ကျေးဇူးတင်ချင်တာက
လေထန်ကုန်းထဲကသူတွေလဲပါသပေါ့… ကျွန်တော့်အတွက် အားဆေးတွေပါ…
ငိုချင်ရင်လာခဲ့မယ်လေ…
အစ်ကိုခင်ခရေ…
အားပေးတဲ့အတွက် ကျေးဇူးပါ…
လှုပ်ရှားရုန်းကန်နေရတဲ့ဘဝကို လူတိုင်းပိုင်ဆိုထားသလို လူတိုင်းအခက်အခဲတွေအဖြစ်တွေ့နေရတာပါပဲ…
ဒီအခက်အခဲတွေက တစ်နေ့ကျရင် ရယ်စရာဟာသဖြစ်အောင် ကြိုးစားနေပါတယ်…
အစ်ကိုကြီးနိုရေ…
တစ်နေ့နဲနဲတော့ မရွေ့ရွေ့အောင် ကျွန်တော်ကြိုးစားနေကြောင်းပါ…
အဲဒီလိုပဲ မရပ်သွားအောင်လဲ တောင့်ခံထားပါတယ်…
ကျွန်တော့်အပေါ်ဂရုတစိုက်ရှိပေးကြသော အစ်ကိုကြီးတို့ကို ဘယ်တော့မှမမေ့ပါဘူးဗျာ…
ညီလေးအာဂရေ…
ဆင်ပိန်ကျွဲဆိုတာထက် မြင့်မြင့်ကနေကျရင် ပိုနာတယ်လို့လဲမှတ်ထားပါဦးကွာ…
နာတော့သွားတယ်… ဒါပေမယ့် နာတာရှည်မဖြစ်စေရဘူး…
အပြင်မှာပါ ညီလေးလိုဖြစ်နေတဲ့အာဂကြီးလဲ ဒီထက်ပိုပြီး ဘဝအတွက် ချစ်သောသူများအတွက် စွမ်းဆောင်နိုင်ပါစေနော်…
သူငယ်ချင်းဂီဂီရေ…
မင်းရဲ့ ဥပမာကြီးကို အတော်လေးထိတ်လန့်တယ်ကွယ်…
ကွန်ဂရက်ကျူလေးရှင်းလာလုပ်ကြမယ့်နေ့မှာ ရှေ့ကအရာတွေကတော့ ဦးမိုက်ပြောသလို…
ဟာသတွေဖြစ်လာမှာပါ…
ဒါပေမယ့် ဟာသတွေရောက်မလာခင်… ငိုချင်းတွေချရဦးမှာပါပဲ…
အန်တီပဒုမ္မာရေ…
ကျွန်တော်သေချာပြန်စဉ်းစားတိုင်း ကျွန်တော့်အမှားတွေဆိုတာထက်… ကျွန်တော့အတ္တတွေကို မြင်ရတယ်…
ကျွန်တော့်ဘဝမှာ ဝန်ထမ်းဘဝကို ကျော်လွန်ချင်ပြီ…
အဖေတစ်သက်လုံးဝန်ထမ်းလုပ်လာတယ်… အမေရောပေါ့…
လကုန်လို့ လစာပေးရက်ကို သစ်ကုလားအုပ်လိုစောင့်ရတဲ့နေ့တွေလွန်ချင်ပြီ…
ကျွန်တော်ဘဝမှာ ဝန်ထမ်းဘဝကနေလွတ်မြောက်ဖို့ အမျိုးစုံစိတ်ကူးယဉ်ခဲ့တယ်…
အမျိုးစုံအပြင်အလုပ်တွေလုပ်ခဲ့တယ်… အစုံပဲပေါ့…
နောက်ဆုံးတွေ့လာတာက… ကျွန်တော့်အတွက်လိုအပ်ချက်တွေရှိနေသေးတယ်ဆိုတာပဲ…
အခုတော့ အနှုတ်ကပြန်စလိုက်ဦးမယ်ဗျာ…
သူငယ်ချင်းပုချ်ရေ…
ခြေထောက်မရှိတော့ရင်… လက်နဲ့ဆက်သွားပါဆိုတော့… အခုလက်နဲ့ဆက်သွားပါ့မယ်…
ဘယ်လောက်ပဲ ခရီးပေါက်ပေါက် လက်နဲ့ဆက်သွားပါ့မယ်ဗျာ…
Swal Taw Ywet
February 12, 2013 at 11:09 am
ကိုကြောင်ဝတုတ်ရေ၊
ဝန်ထမ်းဘဝကိုစွန့်လွှတ်ချင်လွန်းလို့ အမေ့ဆီက ပြန်ပြန်တောင်းပြီး ကျနော့် ကိုယ်ပိုင်သင်တန်းကျောင်းလေး ဆိုင်းဘုတ်မဖြုတ်ရအောင် ကြံဖန်နေရတုံးပါဗျာ။
ကျနော့် အခြေအနေလည်း ကြောင်ဝတုတ် တို့ သိထားတာဘဲ။
တကယ်မောင်းနေတာဆို အားပေးချင်လို့ပါ. Bravo ပါ Brother ရေ။
ကြိုးစား—-ကို ဂီ က စကားဦး သန်းပေးနေပြီ။
Let’s try our best for our mother land, for our next Generation….
With respect,
Swal Taw Ywet.
MaMa
February 8, 2013 at 2:09 pm
ကိုယ်တိုင်ခံစားချက်လား ဘာလားမသိပေမယ့်….
နည်းပညာတွေကြားထဲမှာချည်း မြင်နေကျဖြစ်နေတော့….
ဒီလို ရသစာပေထွက်ကျလာလိမ့်မယ် မထင်မိဘူး။
ဘာပဲပြောပြော….အရေးအသားရော အကြောင်းအရာပါ ကောင်းလွန်းလို့ ဇာတ်လိုက်ဖက်ဖက်ကက်ကို ချီးကျူးမိတာ အမှန်ပဲ။
KAIZEN :hee: :hee: :hee:
moonpoem
February 8, 2013 at 2:29 pm
ကိုကြောင်ဝတုတ်ရေ ဝန်ထမ်းဘဝတူမို ့စာနာနားလည်မိပါတယ်။ စီးပွားရေးလုပ်ရအောင်လည်း အရင်းအနှီးက မရှိဆိုတော့ ဒီလိုပဲပေါ့ဗျာ။ အရေးအသားကတော့ ကောင်းတယ်ဗျာ။ အတုယူရဦးမယ်။
Novy
February 8, 2013 at 3:54 pm
ကြောင်ဝတုတ်ရေ..
ကိုရီယားကားတွေကလို့ ဖိုက်တင်းးးးးးးးးးးးးးးလို့
အားပေးနေပါတယ်
အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုတော့လေ
Mr. MarGa
February 8, 2013 at 9:46 pm
သမ္မာ အာဇီဝပဲကို
ဆက်သာလုပ်
အလုပ်ဟူက ဂုဏ်ရှိစွ ပဲလေ
မဟာရာဇာ အံစာတုံး
February 8, 2013 at 9:58 pm
ဟက်လူဂျီး …
ကားအားလား …..
ကျုပ် အမ်အိုင်စီတီ ကို သွားမယ် ….
စားအုန်းဆီ ၁ဝ သား ပေးမယ် ..
ကိုင်းးးး ဘိုလဲ … ရမားးးး
မတူအောင် ခပ်ရွှင်ရွှင်လေး မန့်လိုက်ခင်းသာ ဖြစ်ပါတယ်ဗျို့ ……..။
blackchaw
February 8, 2013 at 10:29 pm
သီချင်းသမားဆိုတော့ သီချင်းစကားပဲ ပြောခွင့်ပြုပါ…။
မင်းသိတ်ကြိုက်တဲ့ ဇော်ဝင်းထွဋ် ကြီးအတွက် မင်းချစ်သူ ကရေးပေးခဲ့ဘူးပါတယ်…။
အဆင်ပြေသွားရမယ် ဆိုတဲ့ သီချင်းလေးလေ…။
စစ်ပွဲတွေပြီးရင်တော့ ငြိမ်းချမ်းရေး က ရောက်လာမှာ မလွဲဘူးပေါ့…။
နောက်ရှိသေးတယ်…။
ခိုင်ထူးဆိုဖို့ တို့လာတယ် ဆိုတဲ့ သီချင်းကို ကိုသန်းဌေးက ရေးပေးခဲ့ဘူးသေးတယ် (အမှတ်မှားရင်ခွင့်လွှတ်ပါ)…။
မကျေနပ်ဘူး…သိလား ဆိုတဲ့ စီးရီးမှာပေါ့…။
လောကရဲ့ သစ္စာ တရား ကို စွဲစွဲ မြဲမြဲ သိထားဖို့ အရေးကြီးပါတယ် ညီလေးရေ…။
အမြဲတမ်း နိမ့်မနေဘူးဆိုတာရယ် အမြဲတမ်း မြင့်မနေဘူးဆိုတာရယ်
အမြဲတမ်းကျမနေဘူးဆိုတာရယ် အမြဲတမ်း တက်မနေဘူးဆိုတာရယ်…
သတိထားဆင်ခြင်ကြည့်ရင် ထင်ထင်ရှားရှား တွေ့နိုင်မှာပါဗျာ…။
နိမ့်မြင့်တက်ကျ လောကဓံတရားကို သတိရှိရှိနဲ့ ကျော်ဖြတ်နိုင်ပါစေ…။
လေးစားခင်မင်တဲ့ စိတ်ရင်းဖြင့်…
ဘလက်ချော…။