မကျွေးနိုင်ရင် မမွေးကြပါနဲ့
ဒီစာစုရဲ့ခေါင်းစဉ်ကအနည်းအကျဉ်းရင့်သီးကောင်းရင့်သီးနေမှန်း၊ ကျွန်တော်ကိုယ်တိုင် သတိထားမိ ပါတယ်။ဒါပေမယ့်ဒီစာကိုစမရေးခင်ကတည်းက ဒီခေါင်းစဉ်လေးကို နှုတ်ကတဖွဖွနဲ့ အလိုလိုရွတ်ပြီးသားဖြစ်နေ တာရယ်၊ ဒီခေါင်းစဉ်ထက်ပိုထိရောက်မယ့်စကားမရှိနိုင်တော့ဘူးလို့ထင်နေတာရယ်ကြောင့် ဒီခေါင်းစဉ်လေးကို ဒီစာစုမှာပေးမိသွားတာပါ။ စာဖတ်သူအနေနဲ့လည်း အထက်ပါခေါင်းစဉ်လေးကို ဖတ်ပြီး ဘယ်သူတွေကိုပစ်မှတ်
ထားရေးသားထားသလဲ ဆိုတာမေးဖို့တောင်မလိုတော့ဘူးလို့ထင်ပါတယ်။ `မိဘ´ ဟုတ်ပါတယ်။ ဒါပေမယ့်တာဝန် မသိတဲ့မိဘတွေ၊မိဘလို့အမည်ခံပြီး၊မိဘမပီသတဲ့လူတွေကိုအဓိကထားဆိုလိုတာပါ။
ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ကွက်တွေမှာနေထိုင်ပြီးကြုံရာကျပန်းလုပ်ကိုင်စားသောက်ကျတဲ့လူတန်းစားတစ်ရပ် ရှိတယ်ဆိုတာရန်ကုန်မြို့မှာနေထိုင်ကျတဲ့လူတွေအားလုံးသိပြီးသားဖြစ်မှာပါ။ ကျွန်တော်တို့စီးမယ့်ဘတ်(စ်)စကားဂိတ်တွေမှာ၊ကျွန်တော်တို့လက်ဖက်ရည်ဆိုင်ထိုင်နေကျတဲ့အချိန်တွေမှာ သူတို့လေးတွေဟာသူတို့ရဲ့တစ်oမ်းတစ်ခါးအတွက်လုပ်ကိုင်ဆောင်ရွက်နေကျတာကိုသတိထားကြည့်မိရင်သိသာနိုင်ပါတယ်။ သူတို့လေးတွေဆိုတာအခြားကိုဆိုလိုတာမဟုတ်ပါဘူး၊ပုံစံအမျိုးမျိုးနဲ့လုပ်ကိုင်စားသောက်နေကျရတဲ့ကလေးငယ်တွေကိုုဆိုလိုတာပါ။
တစ်ချို့ကရေခဲရေရောင်းနေကြတယ်။တစ်ချို့ကကွမ်းယာရောင်းနေကျတယ်။တစ်ချို့ တောင်းရမ်းစားသောက်နေကြတဲ့စသည်ဖြင့်အလုပ်မျိုးစုံနဲ့သူ
တို့ဝမ်းရေးအတွက်သူတို့ဖြည့် ဆည်းလုပ်ကိုင်နေကြတာကိုသတိ ထားမိရင်တွေမိကြမှာပါ။
ဒါများ အထူးအဆန်း လုပ်လို့ကွာ၊ငါ့တို့နေ့တိုင်းတွေ့နေရတာပဲ။ဘာများထူးဆန်းလို့လဲလို့ကျွန်တော့်ကိုမေးကောင်းမေးကြပါလိမ့်မယ်။
ဟုတ်ပါတယ်တစ်ချို့သော လူတွေအတွက် သိပ်မထူးဆန်းပေမယ့်။ မာသာထရီဇာတို့လိုပုဂ္ဂိုလ်မျိုးရဲ့ခြေတစ်မှုန်စာလောက်စာနာမှု၊ဂရုဏာသက်ဝင်မှုစိတ်ရှိ်တဲ့လူတစ်ယောက်အတွက် ဆိုရင်တော့ အထူးအဆန်းမဟုတ်တောင်မှရံဖန်ရံခါအဖြစ်အပျက်လေး တွေဟာနုလုံးသား အဟာရစာစုလေးတွေဖတ် ရသလိုခံစား ထိရှနိုင်စေမှာအမှန်ပါပဲလို့ကျွန်တော် ထင်မိတယ်။ အဲဒီအထဲကမှ အချို့အဖြစ်အပျက် လေးတွေကို ပြောပြရမယ် ဆိုရင်…………………………
ကျွန်တော်မြို့ထဲကနေအိမ်ပြန်ဖို့ ၁၀၅ ဒိုင်နာ(သိရီမင်္ဂလာဈေးကား)(လွန်ခဲ့တဲ့ ၄၊၅နှစ်ခန့်ကဖြစ်သည်) အပေါ်ပန်းဆိုးတန်း မှတ်တိုင်ကနေတက်လိုက် တဲ့အချိန်မှာညဉ့်နက် ၁၂းဝဝနာရီကျော် နေပြီဖြစ်သည့်အလျှောက် ကား ပေါ်မှာ လူကတော့သိပ်မရှိတော့ပါဘူး။ ဒါပေမဲ့ကားပေါ်တက်တက်ခြင်းစပယ်ရာရဲ့အပြော ကြောင့်ကားပေါ်ကလူတစ်သိုက်ကို သတိထားပြီးတော့ကြည့်မိလိုက်ပါတယ်။
သူတို့ကအသက်(၄၀)ကျော်အမျိုးသမီးကြီးကနှစ်ယောက်၊အသက်(၂၅)နှစ်ဝန်းကျင်ရင်ဝယ်ပိုက်ကလေး မိခင်တစ်ယောက်၊အသက်၄၊၅နှစ်အရွယ်ကလေးကလေးယောက်၊အသက်၈၊၉နှစ်အရွယ် ကလေးမလေးတစ်ယောက်တို့ရယ်ပါ။ သူတို့တစ်တွေ့ကျွန်တော်စီးနေတဲ့ကားပေါ်မှာထိုင်နေပုံက လည်းခပ်ဆန်းဆန်းရယ်၊ အမျိုးသမီးကြီးနှစ်ယောက်က ယာဉ်မောင်းနောက်ကျောမှာထိုင်နေပြီး၊ နောက်ထပ် ၂၅နှစ် အရွယ်ရင်ခွင်ပိုက်ကလေးမိခင်က အခြားတစ်ဖက်ကယာဉ်မောင်းနောက် ကျောခုံမှာထိုင်နေပါတယ်။ အဲဒီအမျိုးသမီးရဲ့ဘေးမှာ သူရဲ့သားလတ်ဖြစ်ဟန်တူတဲ့(၄)နှစ် အရွယ်ကလေးတစ်ယောက်ထိုင်နေပြီး၊ အဲဒီကလေးရဲ့ဘေးမှာတော့၊ အသက်၈နှစ်၊ ၉နှစ်အရွယ်ကလေးမလေးကရေခဲရေရောင်းတဲ့ ပုံးခွံကိုကိုင်ပြီးထိုင်နေကြပါတယ်။ နောက်ကလေးလေး၃ယောက်ကတော့ယာဉ်မောင်းနောက်ကျောက စီအင်ဂျီ ဓာတ်ငွေ့အိုးတွေရဲ့အောက်ခြေ၊ ခြေနင်းဖက်မှာစီစီရီရီထိုင်နေကျတာကိုတွေ့ရပါတယ်။ ဘေးတန်းခုံလွတ်တွေကလည်းအများကြီးပဲကျန်ပါသေးတယ် ထိုင်မယ်ဆိုရင်လည်း ဟိုကလေးသုံးယောက်ထိုင်လို့ရပါသေးတယ်။ ဒါပေမဲ့ကားခပိုပေးရမှာကြောင့် ဒီလိုထိုင်နေတာကိုလည်းကျွန်တော်ရိပ်စားမိ ပါတယ်။ဒါမျိုးကလည်းမြင်နေရဖန်များလာတော့ သိပ်မထူဆန်းတော့ပါဘူး။ဒါပေမဲ့ ကလေးအားလုံးဟာတစ်နေ့လုံး အလုပ်တွေလုပ်ထားပုံရတယ်ဆိုတာ ခြေနင်းဖက်မှာစီစီရီရီနဲ့ခေါင်းချင်းဆိုင် အိပ်ငိုက်ပြီးသက်သေပြနေကျတာကိုတော့ ဂရုဏာသက်စွာမြင်တွေ့လိုက်ရတာပဲ။
ကျွန်တော်ပြောပြချင်တဲ့အဖြစ်ကလည်း အဲဒီလိုအိပ်ငိုက်နေတာကစတာပါပဲ၊ စောစောကျွန်တော်ပြောခဲ့တဲ့ ရေခဲရေပုံးကိုမနိုင်တနိုင်ကိုင် ထား တဲ့ကောင်မလေးက အိပ်ငိုက်ရင်းငိုက်ရင်းနဲ့သူရဲ့ဘေးကသူလိုပဲ အိပ်ငိုက်နေတဲ့ (၄)နှစ်သားကောင်လေး(သူရဲ့မောင်လေးဖြစ်ပုံရပါတယ်)ရဲ့ခေါင်းကိုသွားဆောင့်မိပါတယ်။ အဲဒီမှာဘေးနားကကောင်ကလေးကလည်းကျွတ်ကျွတ်ညံအောင်အော်ငိုပြလိုက်ပါတယ်။
သဘောကတော့သူ့အစ်မကသူကိုအသားလွတ်လာပြီးတော့လုပ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့နဲ့ပေါ့ဗျာ။အဲဒီအချိန်မှာပဲ
ကောင်မလေးဘေးက ရင်ခွင်ပိုက်သားသည်မိခင်ကလည်း ကလေးငိုသံကြောင့်လန့်နိုးသွားကာ မျက်ထောင့်နီနီနဲ့ကောင်မလေးကိုတစ်ချက် စိုက်ကြည့်လိုက်ပြီး။ ဘာအစစ်အဆေးအမေး အမြန်းမရှိပဲ ကောင်မလေးကိုဗျာသူ့ရဲ့လူကြီးအားနဲ့ နဘန်တစ်ချက်ဖြတ်ရိုက်လိုက်တာများ ကားပေါ်ကလူတွေအကုန်ကြားရတယ်။ပထမတော့ အရိုက်ခံရတဲ့ ကလေးမလေးလည်း ကြောင်သွားပုံရပါတယ်။နောက်မှ သူကသူ့အမေကိုသူဘာမှမလုပ်ခဲ့ကြောင်း
ရှင်းပြဖို့“သမီး..လည်းဘာမှမလုပ်ရ”ပဲရှိသေးတယ်။ နောက်ထပ် လက်သီးဆုပ်နဲ့ခေါင်း ကိုတစ်ချက်၊နဘန်နှစ်ချက်လောက်ဆင့်ပြီးကျင်းလိုက်ပါရောဗျာ။ ပြီးတော့ သူ့အမေကရိုက်ယုံတင်အားမရသေးဘူး ဆဲလိုက်ဆိုလိုက်၊ခြိမ်းခြောက်လိုက်တာကလည်းပါသေးတယ်။ အဲဒီကောင်မလေးရဲ့မိခင်နဲ့အတူတူပါလာတဲ့ အမျိုးသမီးနှစ်ဦးထဲကတစ်ဦးကတော့ကောင်မလေးဘက်ကဝင်ပြောရှာပါတယ်။“ အေးခင်ရယ်ကလေးကိုအဲဒီလောက်မရိုက်ပါ
နဲ့ဟယ်..သူ့ခမျာ တစ်နေ့လုံးတစ်ညလုံးအလုပ်ထားရတာပင်ပန်းနေရတဲ့အထဲ၊ ကလေးခမြာသနားပါတယ်”တဲ့။
ဒီအဖြစ်အပျက်မြင်ကွင်းကိုဘေးနားကြည့်နေပြီးကလေးမလေးကိုအလိုလိုသနားမိတဲ့ကျွန်တော်။ ဟိုအမျိုးသမီးကြီးပြောလိုက်တဲ့စကားကြောင့်ကလေးမလေးကို ပိုလို့တောင်သနားမိသွားပါသေးတယ်။ဒါပေမဲ့ မအေလုပ်တဲ့လူကတော့ တပြားသားမှမရှော့တဲ့အပြင်
“ဒီကောင်မကိုက ဒီကနေ့ဂြိုဟ်ကြွနေတာ။ အချိုးကိုမပြေဘူး။ကလေးကိုသူ သွားသွားစ.နေတာကျွန်မသိတယ်”
တဲ့ အမှန်ကတော့အဲဒီကလေးအမေဘာမှ မသိပါဘူး။သူ့ရဲ့အထင်နဲ့သူဖာသာသူ ရမ်းတုတ်နေတာပေါ့ဗျာ။ အဲဒီအချိန်မှာကလေးမလေးက ဝမ်းနည်းတာရော၊နာကြင်တာရောပေါင်းပြီးရှိုက်တငင်ငင်နဲ့တရှုံ့ရှုံ့ငိုနေပါရော။ ဒီလိုငိုနေလို့သူ့အမေကသနားပြီးတော့ချော့မယ်များထင်နေရင်မှား လိ်မ့်မယ်မချော့ မယ့်အပြင် အဲဒီမိခင်က“ဟဲကောင်မ တိတ်စမ်း ကြတ်သရေကိုမရှိဘူး။ဟဲ့ ငါတိတ်
လို့ပြောနေတာမကြားဘူးလား”ဆိုပြီးနောက်တစ်ချက်ထပ်ခြလိုက်တဲ့အပြင် “နင့်ပါးစပ်ကိုပိတ်တော့ ငါပါးဆွဲ ရိုက်မိတော့မယ်”ဆိုတာက လည်းပါသေးတယ်။နောက် ကျိန်းလိုက်ဝါး လိုက်တာကလည်း`ကားပေါ်ကဆင်းရင်နင်တော့သေဖို့သာပြင်ထားတို့၊ဘာတို့ကလည်းပါသေးတယ်ဗျ။ ဘေးကကြည့်နေတဲ့ကျွန်တော်ကတော့ ကလေမလေးရဲ့အဖြစ်အပျက်အကုန်လုံးသိနေတော့ ကလေးမကိုသနားလိုက်တာဗျာ။ နောက်ကျွန်တော့်အနေနဲ့လည်းဘာမှ ဝင်ရောက်စွက်ဖက်ပြီး ကူညီလို့မှမရတဲ့ကိစ္စလည်းဖြစ်နေတော့ကျွန်တော့်ကတော့ အဲဒီသားအမိထံမှမျက်လုံး လွဲထားပြီ နေလိုက်တာအကောင်းဆုံးမို့မျက်လုံးလွဲပြီတော့ သာနေလိုက်မိတယ်။ဒါပေမဲ့အတွေးတွေထဲမှာတော့ဖြင့် တစ်နေကုန်တစ်နေခမ်း မိသားစုစား ဖို့အတွက်ပိုက်ဆံရှာပေးနေတဲ့သားသမီး ကိုမှမိဘမေတ္တာခေါင်းပါးစွာပြုမှုနေတဲ့မိခင်ကိုလည်းဒေါသတွေ ကြိတ်ကြိတ်ပြီး ဒေါသဖြစ်နေမိတာကတော့ကျွန်တော့်စိတ်ထဲမှာလျော့မသွားခဲ့ပါဘူး။
ကျွန်တော်ဖြင့်ကလေးမလေးရဲ့မိခင်ကိုမေးချင်မိတာကဒါမိခင်မေတ္တာလားလို့။ဒီလောက်အ ထိကိုယ်ထိလက်ရောက်ဆုံးမရမယ့်အပြစ်မျိုးကျူးလွန်ခဲ့တာမျိုး လည်းမဟုတ်ပဲနဲ့ဗျာ။ဒီပုံအတိုင်းသာဆက်သွားနေရင်ကလေးတစ်ယောက်အတွက်မလိုလား အပ်တဲ့စိတ်ခံစားမှုတွေဖြစ်လာပြီးကလေးရဲ့ဘဝရှေ့ရေး
ပျက်စီးသွားစေမှာဆိုတာကိုလည်းစိတ်မချမ်းမသာတွက်ဆမိလိုက်ပါသေးတယ်။နောက်ကားရဲ့ခြေနင်းဖက်မှာ
ငုတ်တုတ်ထိုင်ရင်းအိပ်ပျော်နေကျတဲ့ ကလေးတွေလည်း၊ဒီကောင်မလေးလိုပဲအရွယ်မတို်င်ခင် အိမ်အတွက်အလုပ်တွေလုပ်ပေးကြရဦးမယ့်ပုံလေးတွေပါပဲ။ကိုယ့်ကမကျွေးနိုင်ပဲဘာကြောင့် ကလေးတွေကိုအဲဒီလောက်မွေးထားရတာလဲ။သားဆက်ခြားအသိပညာပဲမရှိလို့လား။ လူတန်းစေ့မပြောနဲ့သေစာရှင်စာဖတ်တတ်အောင်ပင်ကိုယ့်ကလေးတွေကိုမသင်ပေးနိုင်ယုံမကမြေကြီးပေါ်လမ်းလျောက်တတ် တာနဲ့ကလေးတွေရဲ့ပုခုံးထက်မှာအလုပ်တွေချည်းဖိခိုင်း နေရတာလဲ။တစ်ချို့တွေက ရှိသေးတယ်တောင်းစားဖို့ အတွက်၊ခိုင်းစားဖို့အတွက်ကလေးတွေကိုမွေးချင်တိုင်း မွေးနေကြတာတွေကိုလည်းမမြင်ချင်မကြားချင်မှအဆုံးပါပဲ။အစကတည်းက ဒီလိုမွေးရင်ဒီလိုဘဝမျိုးရောက်မယ်ဆိုတာကြိုသိသင့်သလောက်သိနေရက်သားနဲ့ဗျာ။မိဘဆိုတဲ့ မေတ္တာတရားလေးကိုလက်ကိုင်ပြုပြီးကိုယ့်ရဲ့အဆင်မပြေတဲ့လောကထဲကိုဘာကြောင့်ဆွဲမခေါ်နိုင်ရတာလဲစသဖြင့်မေးခွန်းတွေမေးခွန်းတွေနဲ့
ရှုပ်ယှက်ခပ်လို့နေရင်းတာဝန်ယူမှုဆိုတာလူ့တန်ဖိုးဖြစ်ပြီး၊တာဝန်ယူမှုမရှိတဲ့လူဆိုတာတန်ဖိုးမရှိတဲ့လူဆိုတဲ့ ဆရာအောင်သင်းရဲ့စကားလေးကိုတွေးမိနေပါတော့တယ်။
အာဂ
ဂေဇက်ကိုစတင်ဝင်ခါစက တင်ဖြစ်တဲ့ စာမူလေးကိုပြန်တင်လိုက်တာပါ။ အဲဒီတုန်းက ဒီလောက်ရွှာထဲကို လူဝင်များသေးလို့ မဖတ်ရသူများ
ဖတ်လို့ရအောင် ပြန်တင်ပေးလိုက်ပါ။
27 comments
thaung htutsoe
February 11, 2013 at 5:22 pm
ကိုအာဂရဲ့ ပို့(စ်) တဂယ်ကို ဂရုဏာသက်စရာပါ
မွေးသမိခင်များကိုလည်း ကျွေးဖို့မမေ့အောင်လည်း သီကုံးပေးစေလိုပါတယ်
အမယ်အို၊ အဖိုးအိုများစွာလည်း တွေ့မြင်မိမယ်ထင်ပါတယ်
ကျေးဇူးတင်ပါတယ်
အာဂ
February 11, 2013 at 5:26 pm
ပထမဆုံးကွန့်မန့်အတွက်ကို thaung htutsoe ကိုကျေးဇူးတင်ပါတယ်။ မွေးမိခင်မှ အစ မိဘ တွေကို ကျွေးမွေးဖို့မမေ့သင့်ဘူးဆိုတဲ့ အကြောင်း တော့ ကျွန်တော် ကဗျာတစ်ပုဒ်ရေးထားတာရှိပါတယ်။ ဆောင်းပါးတော့ မရေးဖြစ်သေးပါဘူး။ ရေးနိုင်အောင်လည်းကြိုးစားပါမယ်။
ခိုင်ဇာ
February 11, 2013 at 5:31 pm
ကို အာဂ ဆိုလိုတာကိုတော့ သဘောပေါက်ပါရဲ့လေ။
ဒါပေမဲ့ မကျွေးနိုင်ရင် မမွေးသင့်ဘူးဆိုတဲ့ အသိတရားလေး ရအောင် (ဒါမှမဟုတ်) ရှိလာအောင် သူတို့ ဘဝက အခြေအနေမပေးလို့များလားဟင်။
မရှိတာထက် မသိတာခက်လို့ ဆိုသကိုး။
🙁
အာဂ
February 11, 2013 at 5:46 pm
ခိုင်ဇာ ပြောတာ ဟုတ်မှာပါ။ သူတို့ က မရှိတာထက် မသိတာခက်နေလို့ပါ။ သားဆက်ခြားနည်းတို့ ဘာတို့လည်း သူတို့ မသိဘူး။ လွယ်လွယ် မွေးတယ်။ ရသလောက် ကလေးယူတယ်။ နောက် ပိုက်ဆံမရှိတော့ ခိုင်းစားတယ်။ တစ်ချို့ ဆိုရင် တောင်းဖို့အတွက်တောင်မှ လသားအရွယ်ကလေးတစ်ယောက် ကို နေကြေး ဘယ်လောက်ဆိုပြီး ငှားကျတာတွေတောင်ရှိပါတယ်။ ဖြစ်စေချင်တာက သားသမီး ကောင်းစားဖို့ အတွက် …။ သူတို့ တွေ တစ်ခုခုလောက်မှမတွေးမိတာများလားလို့ပါ။ တစ်ချို့ဆိုရင် သူတို့ ပိုက်ဆံမရှိဘူး ။ ဒါပေမဲ့ မွေးလာတဲ့ ကလေးကိုကျတော့ သူတို့ ခိုင်းမစားဘူး ။ သူတို့ တက်နိုင်သလောက် ရှာကျွေးတယ်။ ပညာသင်ပေးတယ်။ ပညာတကယ်သင် ပေးချင်လို့ ပိုက်ဆံမရှိရင်တော့ အခမဲ့ ပညာသင်ပေးနိုင်တဲ့ ကျောင်းတွေကို ပို့ကြတယ်။ ဥပမာ ဘုန်းတော်ကြီး ပညာသင်တန်း တို့ဘာတို့ပေါ့။ ဟိုတစ်လောက တွံတေး(မိဘမဲ့ ပညာရေးကျောင်း)ကို ဂေဇက်အဖွဲတွေသွားလှူတယ်။အဲဒီမှာအသက်၈။၉ နှစ်လောက်ရှိတဲ့ ညီအကို နှစ်ယောက် ကိုမေးကြည့်တယ်။ သူတို့က ကယန်းလေးတွေတဲ့ ..။ ဒီမှာ လေးတန်းအထိ လာတက်တာတဲ့ ။ မိဘတွေရှိသေးတယ်တဲ့။ ၄ တန်းအောင်ရင် သူတို့ ရွာကို သူတို့ပြန်မယ်။ တကယ်လို့ မပြန်ချင်ရင် ဒီမှာ ထက်တက်မယ်တဲ့။ ဆိုလိုတာက သူတို့ မိဘတွေကလည်း မရှိပါဘူး။ ဒါပေမဲ့ သားသမီးကို ပညာ အမွေပေးချင်တဲ့ အသိစိတ်ကလေးရှိနေသေးတာပါပဲ။ ဒီလိုမိဘမျိုးကတော့လေးစားဖို့ကောင်းတယ်ထင်ပါတယ်။
လူကလေး
February 11, 2013 at 5:58 pm
အဟုတ်သား.. လမ်းမှာဆိုလဲ . စိတ်မကောင်းစရာတွေချည့်ပြည့်နေတော့ တာ.
အရွယ်နဲ့မလိုက်အောင် ဈေးရောင်းပြီး ဝမ်းရေးဖြေရှင်းနေသူတွေရှိသလို .. လွှတ်ကို ရဲတင်းလွန်းတဲ့ ကလေးတွေလည်း ရှိတယ်ဗျ..
အမေအို အဘိုးအို ကြီးတွေဆိုလဲဗျာ.. လက်အုပ်ကလေးတွေချီလို့ ငုတ်တုတ်လေးတွေ..
သနားစရာ တကယ်ကောင်းတယ်ဗျ.. ကို thaung htutsoe ပြောသလို အဲဒါတွေကို ပါရေးတယ်ဆိုရင် .. ဖတ်တဲ့သူ မျက်ရည်ကျစရာပဲ..
လောကကြီးကပဲ .. မကောင်းတာလား.. တို့နိုင်ငံကပဲမကောင်းတာလား. . တို့လူမျိုးကပဲမကောင်းတာလား.. တို့မိဘတွေကပဲ မကောင်းသလား.. တို့သားသမီးတွေကပဲ မကောင်းသလားတော့ .. မသိ..
အဲဒီလို လူမျိုးတွေကို တွေ့ရတဲ့နှုန်းကတော့ .. နည်းသွားတာလား.. များ လာတာလား.. ခင်ဗျားတို့ ပြောကြည့်စမ်းပါ..
မဟာရာဇာ အံစာတုံး
February 11, 2013 at 7:57 pm
လမ်းမှာ သွားလာနေရင်းနဲ့ …
ကလေးလေးတွေ တောင်းစားနေရတာ …
အလုပ်လုပ်နေရတာတွေကို မြင်မိတိုင်း …
စိတ်မကောင်း ဖြစ်ရပါတယ် ….
“ကျောင်းပြန် မိဘကူ” ဆိုတဲ့ စကားရှိပေမယ့် …
သူတို့လေးတွေရဲ့ ဘဝမှာ ကျောင်းဆိုတာ မရှိ …
မိဘ ကူ ဆိုတာထက် မိသားစု ဝန် ကို မနိုင်မနင်း ဝင်ထမ်းပေးနေရတယ် …
အပေါ်က ကိုအာဂ ပြောတဲ့ မိခင်မျိုးနဲ့ ဆိုရင် …
ဒီလို ထမ်းပေးတာတောင် မျက်နှာသာ ပေးခံရဖို့ ဝေးစွ ….
ဒီလိုမျိုး ကလေးတွေ ကြီးပျင်းလာတဲ့အခါ ဘယ်လိုမျိုး ဖြစ်လာကြမလဲ ????
ကျနော်တော့ မတွေးချင်တော့ဘူး ….
မောင်ပေ
February 11, 2013 at 8:05 pm
ဆရာဂရေ
ဆရာဂ ရဲ ့ စာကို
အခြေခံလူတန်းစားတွေ စုထိုင်လေ့ရှိတဲ့ လဘက်ရည်ဆိုင် လို နေရာမျိုးမှာ ညပိုင်းသူတို ့တွေ အလုပ်နားလို ့ ရုပ်ရှင်လာကြည့်ချိန်မျိုး…
ညနေ/ညပိုင်း အလုပ်ဆင်းလို ့ဘက်စ်ကားစီးပြန်ကြတဲ့အခါမှာ ….
ပါးစပ်နဲ ့ရွတ်ပြပေးရင် ပိုကောင်းမယ်ဗျ
လုံမလေးမွန်မွန်
February 11, 2013 at 10:39 pm
ရင်ထဲနင့်သွားလို့ ဘာကိုဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး.. အသိပညာမရှိတော့ လင်ယူသားမွေးကို သမားရိုးကျလုပ်..မွေးလာတဲ့ကလေးကိုလည်း ကြင်နာရကောင်းမှန်းမသိဘဲ..အမေဆိုတာ လုပ်ချင်တာလုပ်လို့ရတယ်ဆိုတဲ့ အထာနဲ့ ကလေးကိုပဲ ဖိပြီး ပါဝါပြ… အဲ့ကလေးက အဲဒီလိုကြီးလာပြီးတော့ အဲဒီအမေအတိုင်းပြန်ဖြစ်… ဘာမှ မပြောတတ်တော့ဝူး..
ကိုဂဂရေ..တော်တော်လေးကို ခံစားလိုက်ရပါတယ်လို့….
uncle gyi
February 11, 2013 at 10:54 pm
အင်းသမီးအရင်းကောဟုတ်ရဲ့လားအာဂါးရဲ့
ဝယ်ထားတဲ့ကလေးများဖြစ်နေမလား
လူကုန်ကူးနေတဲ့အဖွဲ့ဖြစ်နေအုန်းမယ်နော်
kai
February 12, 2013 at 12:32 am
အဲဒီကလေးမလေးကြီးလာလို့.. ပြန်ရိုက်ရင်.. ကားထဲကလူတွေအားလုံးမကတဲ့လူတွေ…. လူတွေနာလိမ့်မယ်…။
ရိုက်ဆုံးမတဲ့.. အကျင့်ဆိုးကိုဥပဒေနဲ့ပိတ်သင့်ပြီ.. ထင်ပါကြောင်း… :buu:
garuda
February 12, 2013 at 4:04 pm
အဲ..အဲဒီ ကလေးမလေးကြီးလာတဲ့အချိန်ကျ…Burma ဟာ တကြီးတို့ အမေကြီးကားလို တိုးတက်နေပြီးဂျ.အဲဒီတော့ပြန်ရိုက်နေရင်ကြာတယ်တဲ့…တေနတ်နဲ့ ချွဲပစ်လိုက်မယ်တဲ့။ စစ်တပ်ကလည်းမြို့လယ်ခေါင်သေနကိုင်၊ ငြီမ်းချမ်းရေးဒေကလည်းသေနကိုင်..ဆိုတော့..ဒီမိုကရေစီပြည်သူများလည်း သေနကိုင်ဂျဘီလေဂျာ…ဒေမိုကရေစီခေတ်သစ်ကြီးသို့ ချီတက်ကြစို့.. :kwi: :kwi:
သကြားလုုံးကြော်
February 12, 2013 at 2:15 am
ဒါနဲ့ ကလေးမလေးက အိပ်ငိုုက်သွားလိုု့ မတော်တဆ ထိခိုုက်မိတာကိုု သေချာမြင်တဲ့ ကိုုအာဂက ဘာလိုု့ကလေးအမေကိုု အဖြစ်မှန် မရှင်းပြလိုုက်တာလဲ။ ပြန်ပက်လိုုက်မှာ စိုုးရိမ်တာတော့နားလည်ပါတယ်။ ဘယ်သူမှ ငါးစိမ်းသည်မနဲ့ ဖက်ရန်မဖြစ်ချင်ဘူးလေ။ ဒါပေမဲ့ ကားပေါ်က လူတွေအများကြီးက အမှားမြင်နေပါရဲ့နဲ့ ကိုုယ်နဲ့တိုုက်ရိုုက်မဆိုုင်လိုု့ ပါးစပ်ပိတ်ပြီး ထိုုင်ကြည့်နေရလောက်အောင်တော့ မဖြစ်သင့်ဘူး။ ကိုုယ်ဘာမှမလုုပ်နိုုင်လိုု့ကလေးမလေးအတွက် တနုုံ့နုုံ့စိတ်မကောင်းဖြစ်နေမယ့်အစား တတ်နိုုင်သမျှ ဝင်ပြောပေးလိုုက်ရင် စိတ်ဆင်းရဲရ သက်သာတာပေါ့။ ကားပေါ်ကလူတွေရော ၊ ကလေးမရော၊ အဖော်အဒေါ်ကြီးရော ကိုုယ့်ဘက်မှာ ရှိလောက်တာပဲ။ စူပါဟီးရိုုး ဖြစ်သွားမှာ စိုုးလိုု့လား :harr:
garuda
February 12, 2013 at 3:56 pm
အဲအဲ..သိကြားအလုံးကြော် ကျောတာ ဖြေရှင်းပါအုံးဂျာ..ကျုပ်လည်း တိချင်ရို့ပါဂျ။ အဲအဲ..အဲဒါလေး….။
အာဂ
February 13, 2013 at 3:59 pm
အင်းပြောရမယ်ဆိုရင် အဲဒီတုန်းက ကျွန်တော် ကြောင်တောင်ပြီးဆွံအနေတာအမှန်ပါ။ ကားပေါ်မှာလည်း ထင်သလောက် လူအများကြီးလည်းမပါပါဘူး။ အမှန်ပြောရရင် ကို သကြားလုံး ပြောသလို ကျွန်တော် သူတို့နဲ့ စကားမများချင်ပါဘူး။ အဲဒီနေ့ကလည်း အတော်ကလေး ကံဆိုးတဲ့နေဖြစ်နေတာလည်းပါပါတယ်။ ကျွန်တော် ထပ်ပြီးတော့ ပြဿနာမတတ်ချင်ပါဘူး။ဒါကြောင့်မို့ မသိသလိုနေလိုက်တာပါ။ အမှန်တော့ ကျွန်တော်လည်း ဝင်ပြောချင်ပါတယ်။ ကျွန်တော်ပြောလိုက်လို့ သူအမေကရော လက်ခံရင်တော့ အမြတ်ပေါ့ ။ သူ့အမှားကို လက်မခံပဲ ကလေးကို ထပ်ပြီး တော့ ရိုက်နေရင် ရော ဘယ်လိုလုပ်မလဲ.. ။ မိဘနဲ့ သားသမီး ဆိုတော့လေ..။
ဗုံဗုံ
February 12, 2013 at 8:52 am
ဖတ်ပြီးတော့ စိတ်ထဲမှာမကောင်းဘူး ကလေးကို သနားလိုက်တာ ရက်စက်ပါပေ့
surmi
February 12, 2013 at 1:32 pm
သူတို ့တွေအကြောင်းပြောရရင် အခန်းဆက်ဖြစ်သွားနိုင်တယ်
ကျုပ်လည်း နေ ့စဉ် ဒီလူမျိုးတွေနဲ ့ထိတွေ ့ဆက်ဆံနေရတော ့
တော်တော်လေးတော ့ခန် ့မှန်းမိနေပါပြီ
သူတို ့တွေဟာပညာသင်ဖို ့အခွင် ့မရသလို သင်ရမယ်ဆိုရင်လည်း
သိပ်လိုလိုလားလားမရှိတတ်ကြဘူး ။
စာဖတ်ဖို ့ စာတတ်ချင်မှတတ်မှာဖြစ်သလို တတ်ရင်လည်း ဖတ်ချင်မှဖတ်မှာပါ ( ကိုရီးယားကား ကစာတော ့ဖတ်တယ် )
ယဉ်ကျေးတဲ ့ အသိုင်းအဝိုင်း သို ့မဟုတ် ယဉ်ကျေးချင်ယောင်ဆောင်တဲ ့
အသိုင်းအဝိုင်းမှာ မကြီးပြင်းရတဲ ့အတွက် အများစုက ခတ်ကြမ်းကြမ်း
တုန်ပြန်တတ်ပါတယ် ။
စာမတတ် စာမဖတ်နိုင်တော ့ အတွေးအခေါ် ဗဟုသုတနဲ ့ စဉ်းစားချင် ့ချိန်နိုင်စွမ်းမှာ
အံ ့ဩစရာကောင်းအောင်အားနဲတတ်ပါတယ် ။
ဆဲနည်းပေါင်းစုံ အာဂုံဆောင်ထားသူတွေဆိုတော ့ မျိုးဆက်အမွေကို
ဒီလိုဘဲ လက်ဆင် ့ကမ်းသွားမှာပါ ။
သူတို ့တွေအတွက် ကလေးတစ်ယောက်မွေးရတာ ကိုယ်ဝန်ဆောင်ရတာ
အပန်းမကြီးသလို ပင်ပန်းတယ်လို ့လည်းမထင်တတ်ကြပါဘူး ။
အများစုက အရပ်လက်သည် ဝမ်းဆွဲတွေနဲ ့မွေးပြီး ဆနွင်းမြို ၊ မီးလှုံပြီး
ခတ်ကြမ်းကြမ်းဘဲ ကြီးပြ်းခဲ ့ကြတာ ။
ပြောရင်အများကြီးပါပဲ …ဒီတော ့
ူသူတို ့မှာ သားဆက်ခြားဖို ့ ဆိုတာမစဉ်းစားမိကြဘူး
ကျွေးနိုင်မကျွေးနိုင် မချင် ့ချိန်ကြဘူးဟ
ဘယ်လိုဆုံးမသင် ့တယ်ဆိုတာ မဆုံးဖြတ်နိုင်ကြဘူး
အခုကိုအာဂ တွေ ့ခဲ့တာသာမန်ဆင်းရဲသူတွေပါ
အိမ်ခြေရာမဲ ့ တောင်းစားသူတွေအသနုင်းအဝိုင်းမှာ ဒီထက်ဆိုးတယ်
ဒါတွေ အားလုံးက စဉ်းစားချင် ့ချိန်နိုင်တဲ ့ စစ်မှန်တဲ ့ ပညာသင်ကြားမှုတွေ
မရခဲ ့လို
ထင်ပါတယ် ….
( ဆယ်တန်းအောင်ရုံမျှဖြင် ့ ပညာတတ်ပြီဟု ဆိုနိုင်မည်မထင်ပါ )
surmi
February 12, 2013 at 1:36 pm
ဖုန်းနဲ ့ရေးလို ့ စာလုံးတစ်ချို ့မှားပြီးပိုသွားတယ်
ဆောရီးပါဗျာ ။ ပြန်မစစ်နိုင်လိုက်ဘူး
မဟာရာဇာ အံစာတုံး
February 12, 2013 at 2:43 pm
ခညားးး
ဖုန်းနဲ့ ဂလောက်တောင် ရေးနိုင်ဒယ် ..
အံ့ဘာရဲ့ဂျာ …
တကယ့်လူဂျီးဘဲ ….
Crystalline
February 12, 2013 at 2:43 pm
အဲဒါမျိုးတွေတော့အများကြီးတွေ့ဖူးတယ်.. ဒါပေမယ့် အသိတစ်ယောက်တွေ့ဘူးတယ်.. သူတို့ကစီးပွားရေးလည်းပြေလည်တယ်.. သူကတော့ တခါတလေစိတ်ထဖောက်တယ်ပဲပြော ရမလားမသိပါဘူး.. ကောင်းနေရင်တော့သားကို အသားကုန်အလိုလိုက်..သူစိတ်မထင်ရင်တော့ ဘာမဟုတ်တာလေးနဲ့ကျွဲရိုက်နွားရိုက်ရိုက်ရော… ပါးစပ်ကပြောတာလည်း ဘယ်က ဆဲနည်းတွေမှန်းတောင်မသိပါဘူး..ငါးစိမ်းသည်တွေတောင် သူ့ပြိုင်ဆဲနိုင်မယ်မထင်ဘူး. ကျမဆိုအဲဒီအချိန်မျိုးသူတို့အိမ်ရောက်သွားရင် ကိုယ်လဲဆွဲမရ..လူပါနှလုံးရောဂါရချင်တယ်.. ရန်တုန်ပန်းတုန်ဖြစ်ပြီး.. ကိုယ်မွေးထားတဲ့ တစ်ဦးတည်းသောသားလေးပဲ.. မျက်နှာဆိုတာမျိုး မျက်လုံးတွေ ဘာတွေထိသွားရင် ကိုယ်ပဲရင်ကျိုးရမှာလေ.. ကြိမ်လုံးနဲ့မျက်နှာကိုရိုက်စရာလား.. ကလေးမှာကျောင်းမသွားရဲဘူးပေါ့.. စဉ်းစားကြည့် မျက်နှာမှာ အရှိုးရာနဲ့.. ကျမဆိုအဲဒီအချိန်က စိတ်မကောင်းလိုက်တာ..အခုပြန်ရေးရင်းတောင်စိတ်မကောင်းဆဲပဲ.. သာမာန်အချိန်မျိုးအဲဒီအစ်မက အရမ်းစိတ်သဘောထားကောင်း သူများကိုလည်းကူညီတတ် သနားတတ်တယ်..အဲဒီအချိန်မှာတော့သူက တကယ့်ကိုတခြားတစ်ယောက်ပဲ.. ယောက်ျားကိုလည်းအဲလိုပဲ..ရိုက်တော့မရိုက်ဘူးပေါ့.. ဆဲဆိုတာ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြားအော်တာ.. သူ့ဘိုးဘွားတွေလည်းစိတ်ဆင်းရဲရတယ်.. သူတို့ဝတ်ကြွေးပဲတဲ့..အဲလိုမိဘမျိုးလဲတွေ့ဖူးတယ်..
MaMa
February 12, 2013 at 4:29 pm
ဆင်းရဲခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေလို့ပဲ ပြောရမယ်ထင်တယ်။
ကိုယ်တိုင်လည်း ဒါမျိုးတွေ (လူလူချင်း နိုင့်ထက်စီးနင်းတာတွေ) မျက်စေ့ရှေ့မှာ မမြင်ရက်စရာ မြင်ဖူးတယ်။
ဘာမှမကူညီနိုင်ခဲ့လို့ စိတ်ထဲကစဉ်းစားမိတယ်။
ခုနေခါ ငါသာ အဲဒီရပ်ကွက်လူကြီးလောက်ဖြစ်မယ်ဆိုရင် ကောင်းမယ်လို့။ :eee:
Mr. MarGa
February 12, 2013 at 5:37 pm
ဟူး
ပညာ ပညာ
အတော်ကို အရေးပါတယ်နော်
သားသမီးကို ဘယ်လိုဆုံးမရမယ်မှန်း မသိတဲ့သူတွေက မွေးလာတော့
သူတို့တုန်းက အတိုင်း ပြန်ဆုံးမကြ
ဒီဘဝကနေ တက်သွားတဲ့သူရော ရှိရဲ့လားမသိဘူးနော်
padonmar
February 12, 2013 at 9:57 pm
ဘဝရှေ့ရေးစဉ်းစားဆင်ခြငြ်ကည့်ဖို့တောင် တစ်ခါမှ မစဉ်းစားမိကြတာဖြစ်မှာပါဂဂရယ်။
………….
စကားအတင်းစပ်
မကျွေးနိုင်ရင် မမွေးကြပါနဲ့ ဆိုတော့
မမွေးကြတာ မကျွေးနိုင်လို့ များလားဟင်……………
ကိုပေါက်(မန္တလေး)
February 12, 2013 at 10:36 pm
တစ်ခါက စီးပွားရေးသိပ်မသောင်သာပေမယ့် ကလေးတွေအများကြီးရှိတဲ့ လူတစ်ယောက်ကို
ကလေးတွေ ဘာလို့ဒီလောက်အများကြီး မွေးထားသလဲဗျာလို့ မေးမိတော့
ဆရာရယ်တဲ့ သိတော့သိတာပေါ့တဲ့ ဒါပေမယ့်လဲ ကျုပ်တို့မှာ ခံစားစရာဆိုလို့
ဒါလေးဘဲရှိတာဗျာတဲ့
နောက်ပြိး ခြင်ထောင်လဲ မရှိဘူးဗျာ
တီဗွီလဲ မရှိဘူးဗျာ
အဲတော့ ကလေးများတာပေါ့ဗျာတဲ့
ကဲ ဘာပြောချင်သေးသတုံးဗျာ
kyeemite
February 13, 2013 at 11:18 am
ကိုအာဂရေ..အခုလိုပြန်တင်တော့မှဖတ်ရတော့တယ်…
ကျုပ်တို့လည်းမောင်နှမများတာပဲဗျ..ဒါပေမဲ့ အဖေနဲ့အမေက
တစ်ယောက်မှ ကျောင်းမထွက်စေခဲ့ဘူး..တတ်နိုင်သလောက်
အလုပ်တစ်ဖက်တော့လုပ်ခဲ့ကြရတာပေါ့လေ..ဒါကြောင့်
အဓိကကတော့ မိဘတွေ သဘောထားမှန်ဖို့လိုတာဗျ..
ဆင်းရဲတာချည်းပုံချလို့မရဘူးထင်တယ်….
လက်ရှိကျနော်တို့ အိမ်ရာမှာ အမှိုက်သိမ်းခန့်ထားတဲ့
လူဆို..နေတော့ တဖက်ရပ်ကျုးကျော်တဲမှာ..
ဒါပေမဲ့သူ့သမီးလေးကိုမဖြစ်ဖြစ်အောင်ကျောင်းထားတယ်
သမီးလေးကလည်း ကျောင်းလွှတ်ချိန်တွေနဲ့ ပိတ်ရက်တွေမှာ
အဖေနဲ့အတူ အမှိုက်လှည်းကူတွန်းနေတာပဲ…
ပို့စ်လေးအတွက်ကျေးဇူးပါဗျာ..
ခင်တဲ့.. :hee:
မဟာရာဇာ အံစာတုံး
March 15, 2013 at 10:57 am
ကိုရင်အာဂ ….
လာဗျ … ဘုရားပွဲဆီကို ….
ဟိုလို ဒီလို တွေလည်း ရှိသဗျ …
အတိအကျ ပြောရရင် …
လက်ဝှေ့ပွဲလည်း ပါသည်ပင် …
ဟိုဒင်းလည်း ချရမှာ အမှန်ပင် …
ဟေ့လူဂျီး ….
” မန်းဂဇက်ချစ်သူများစာပေဆု နှင့် ရွာ့ဘုရားပွဲ “ ကို
ကြွရောက် အားပေးဖို့ လာပြီး ဖိတ်ခေါ်တာပါ …
ထိုင်ခုံနေရာအတွက် မပူလေနဲ့ …
ခညားအတွက်က ရှေ့ဆုံးနားမှာ ထိုင်ခုံ ရှိပြီးသား ….
လောလောဆယ် ခညားဆီ လာရတာ ပင်ပန်းတွားဘီ …
ကျုပ်ကို တိုက်ပါဦး … (ရွှေဝါရောင်တွေ) …
ဒု – အတွင်းရေးမှူး
မဟာအံ
အာဂ
March 15, 2013 at 3:58 pm
ဟိုဒင်းလည်းချရမှာဆိုတော့ မရောက်ရောက်အောင်လာခဲ့မယ်ဗျာ.။
ခင်ဂျားကိုလည်း ကျွန်တော် ရွှေဝါရောင် အရက်တုတွေတိုက်ဦးမယ် ခွိခွိ…။ တစ်ခွက်သောက် တစ်ရက်မှောက်တော့ မလုပ်နဲ့ဂျာ..။ ပြန်သွားတာတောင် နှုတ်ဆက်သွားဘူး …လူဆိုး….။ ခေါ်တော့ဝူး..။
Char Too Lan
March 15, 2013 at 5:21 pm
လူဆိုတာ အမြဲတမ်းမမှန်ဘူးလို့ အဖေတို့ အမေတို့သိပေး လက်ခံပေးကြပါ။
သားသမီးတွေအပေါ်လဲ နားလည်ပေး လက်ခံပေးပါ။
`ငါမိဘ.. နင်ဘာမှပြန်ပြောနေစရာအကြောင်းမရှိဘူး
တော်ပီနင်မပြောနဲ့တော့ ငါမိဘ.. ငါ့ဟာငါဘာလုပ်လုပ်´
ဆိုတဲ့စကားတွေကြားရင် ကျနော်အရမ်းအနေခက် အနေကျပ်လွန်းလို့ပါ။