မကောင်းဆိုးဝါးတစ်ကောင်ရဲ့ ရှာပုံတော်
၁။
မှောင်ပြပြညတစ်ညမှာ လမင်းက အိပ်ချင်မူးတူးနဲ့ တိမ်တိုက်ကြားက ထွက်လာတယ်။ ကြယ်တွေအချို့ကတော့ မှိတ်တုတ်မှိတ်တုတ်။ ကောင်းကင်စက်ဝိုင်းအောက်မှာ သစ်ပင်တို့က ဂီတသံစဉ်မပါဘဲ ယိမ်းထိုးလှုပ်ရှား ကခုန်လို့နေခဲ့တယ်။
“ဝေါ”
အေးစက်စက်လေက ဝေါခနဲ သိမ့်တုန်သွားအောင်တိုက်လိုက်တော့ သူအခန်းပြတင်းဝက ကန့်လန့်ကာများက အလန့်တကြား ရှဲကနဲဖြစ်သွားကြပေါ့။
“ဟင်း ………..”
သူသက်ပြင်းရှည်ကြီးကို ချလိုက်မိတယ်။ ဒီလို ညဥ့်နက်တဲ့အထိ မအိပ်ဘဲ တစ်စုံတစ်ယောက်ကို သူစောင့်နေခဲ့တာ ကြာပြီ။ သူ အမြဲ ယုံကြည်ထားတယ်။ သူ့ဆီကို သေချာပေါက် ရောက်လာမယ့် အရာတစ်ခုကို။ ဟုတ်တယ်။ သူ့ကို …။
“ဝုန်း”
အတွေးတို့ကား ရုတ်တရက် ပြတ်တောက်သွားပြီ။ သေချာတယ် … ဒီညမှာ သူစောင့်နေတဲ့ အရာ ရောက်လာလိမ့်မယ်။
၂။
ခြုံနွယ်ပင်များနဲ့ ပိတ်မှောင်နေတဲ့ ရှေးဟောင်းအိမ်အိုကြီးတစ်လုံးဟာ လူနေရပ်ကွက်တစ်ခုရဲ့ အစွန်အဖျားမှာ ရှိနေခဲ့တယ်။ မြို့ပတ်သံလမ်းအတိုင်း လျှောက်သွားလိုက်ရင် သုံး, လေးပြလောက်ဆို လူသူကျဲသွားတဲ့ ကွင်းပြင်ကြီးတစ်ခု။ အဲဒီကွင်းပြင်ကြီးတစ်ခုမှာတော့ အိမ်အိုကြီးတစ်လုံး။ အများသူငှာ ပြောကြတာက သရဲခြောက်တဲ့ အိမ်ကြီးတဲ့။
အဲဒီအိမ်ကြီးမှာ ဘယ်ကမှန်းမသိ။ ဘာလုပ်မှန်းမသိတဲ့ လူတစ်ယောက်ရှိနေခဲ့တယ်။ သူ့ကို သေသေချာချာလည်း ဘယ်သူမှ မမြင်ဖူးကြဘူး။ သူကလည်း ဘယ်ကိုမှ သွားလာလေ့မရှိဘူး။ အချို့က သူကိုယ်တိုင် နာနာဘဝတစ်ကောင်လို့ ပြောကြတယ်။ အချို့ကလည်း သူဟာ အရူးတစ်ယောက်ပဲလား။ သို့လော၊ သို့လောနဲ့ ထင်မြင်ချက်ပေးကြတယ်။
ကလေးတွေ အငိုတိတ်စေချင်ရင် “နင့်ကို ဟိုအိမ်ကြီးက လူဆီပို့လိုက်မယ်” လို့ လူကြီးတွေက ခြောက်ခဲ့ကြတယ်။ လူကြီးတွေလည်း အချို့က ကြောက်နေကြတုန်းပဲ။ အချို့က မကြောက်ချင်ယောင်ဆောင်ကြတယ်။
“အလကားပါကွာ …. ဘာနာနာဘာဝမှ မယုံပါဘူး .. ကြောက်စရာလည်း မလိုပါဘူး ….” လို့ အချို့ကလည်းဆိုတယ်။
တစပြင်သဖွယ် အစွန်အဖျားက ကွင်းပြင်ကြီးတစ်ခုမှာတော့ ခြုံနွယ်တို့နဲ့ ပိန်းပိန်းပိတ်နေတဲ့ အိမ်အိုပျက်ကြီးတစ်လုံး။ ပြီးတော့ အဲဒီအိမ်မှာ နေတဲ့ လူတစ်ယောက်။ အဲဒီလူဟာ သူတို့ဆီ တစ်နေ့ရောက်လာမယ် ဆိုတာ။
၃။
“ဟား …ဟား … ဟား …..”
မိန်းမတစ်ယောက်ရဲ့ ကြောက်စရာကောင်းတဲ့ ရယ်သံများ ပျံ့လွှင့်လာပါပြီ။
သူ …။ စိတ်လှုပ်ရှားသွားတယ်။ သူလေ့လာနေတဲ့ နာနာဘာဝအကြောင်းများရေးထားတဲ့ စာအုပ်ကို ချလို့ ပြတင်းပေါက်ကို ဖွင့်၊ သူလိုက်ရှာတယ် ထိုမိန်းမကို။ ဘာဆိုဘာမှ မတွေ့ရ။ ဒီညမှာတော့ ကောင်းကင်က ကြယ်တွေရော လတွေရော မရှိကြဘူး။ တိမ်မည်းထုတို့က လောကကို မကောင်းစိုးဝါးသဖွယ် လွှမ်းခြုံထားတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်သည်ထက် မှောင်လို့နေလေပြီ။
“အို….”
လျှပ်စီးတစ်ချက်လက်တိုင်းမှာ မိန်းမတစ်ယောက်က သူကို အမှောင်ထုဆီက ရပ်ကြည့်နေသလို…။ သူစိတ်အထင်မှားနေသလား။ မဟုတ်ဘူး။ သေချာတယ်။ လူတစ်ယောက်၊ ပိုသေချာတာက မိန်းမတစ်ယောက် သူ့ကို အမှောင်ထဲက ကြည့်နေတယ်။
“သေချာတယ် တစုံတရာထူးခြားလာတော့မယ်”
ပြတင်းပေါက်တစ်ပေါက်ဆီက သူအပြင်ကို သေချာကြီးကြည့်နေခဲ့တယ်။ သစ်ပင်တစ်ခုအကွယ်က အရိပ်တစ်ခုထွက်လာသလား။ သစ်ပင်ကြီးကပဲ သူ့ကို လှည့်စားနေခဲ့သလား။
“ဝုန်း ….”
မိုးကြိုးတစ်ခု ကောင်းကင်ဆီက ပစ်ချလိုက်လေပြီ။ သူ လန့်သွားပေမယ့် သူ့စိတ်ကိုသူ ထိန်းလိုက်နိုင်တယ်။ လေတွေကလည်း တဖြည်းဖြည်းချင်းတိုက်လာတော့ အနည်းငယ်အေးလာလို့ သူ့လက်မှာ ကြက်သီးမွှေးညှင်းတို့ ထလာတယ်။ သူမျက်စိကတော့ စောစောက မိန်းမတစ်ယောက်ကို ပြန်မြင်ဖို့အရေး မျက်တောင်တို့ပင် မခပ်နိုင်။ အသက်ရှူသံတို့ကား ပုံမှန်နှုန်းမဟုတ်တော့…။
“ဘယ်မှာလဲ …..”
အမှောင်ထုထဲ သူသေချာလိုက်ရှာနေတုန်း ………………။
ဖြတ်ခနဲ လျှပ်စီးတစ်ခု အလက် …..။
သူ့အနား …။ သူ့အနားရဲ့ မလှမ်းမကမ်းမှာ ရုတ်တရက်ပေါ်လာတဲ့ သွေးမျက်ရည်တို့ စီးကျနေသော မိန်းမတစ်ယောက်ရဲ့ မျက်နှာကြီးက ဗြုန်းဆို ပေါ်အလာ….။ သူ…။ လန့်ပြီး အနည်းငယ်နောက်ဆုတ်လိုက်တယ်။ သူလက်တွေကို ဖိညစ်ထားလိုက်မိတယ်။ ရုတ်တရက်။ ပြီးတော့ …
“မင်း … မင်း … မင်းဟာ မကောင်းဆိုးဝါးမလား …”
“ဟား ..ဟား ….ဟား …..”
အောင်ခေါင်ခြောက်ခြောက်နဲ့ ရင်ခေါင်းသံကြီးက ပတ်ဝန်းကျင်ကို စိုးမိုးပစ်လိုက်တယ်။ သူ … သူ … ထိုအသံကွဲအက်အက်ကြီးတစ်ခုမှာ မေ့လဲသွားခဲ့ပြီ။
၄။
သူသတိရလာတော့ သူ့မျက်လုံးတို့ကား ကျိန်းစပ်လို့နေပြီ။ ဘာကိုမှ မမြင်ရတော့သလို သူခံစားနေရတယ်။ သူ့အမြင်အာရုဏ်ထဲမှာ မိန်းမတစ်ယောက်ရဲ့ ခြောက်ခြားဖွယ်ရာ မျက်နှာကြီးတစ်ခု။ ပြီးတော့ သွေးမျက်ရည်များ။ အစွယ်ထက်ထက်တစ်စုံနဲ့။ နောက် ……….. ကြောက်မက်ဖွယ် ရယ်သံကြီးတစ်ခု။
သူ ခန္ဓာကိုယ်တစ်ခုလုံးကို လေးပင်စွာ ထလိုက်တယ်။ သူ အခန်းတစ်ခုထဲကို ဝင်ကာ ပစ္စည်းတစ်ခုကို အသည်းအသန်ရှာတယ်။ ဖုန်များ၊ ပင့်ကူမျှင်များနဲ့ ရှုပ်ထွေးလျက်ရှိသော ရှေးဟောင်းဗီဒိုကြီးများ တစ်ခုပြီးတစ်ခု၊ တစ်ခန်းပြီး တစ်ခန်း ဖွင့်လို့ သူ တစ်ခုခုကို လိုက်ရှာနေတယ်။
၅။
ဘီဒိုအဟောင်းတစ်လုံးရဲ့ အံဝှက်တစ်ခုမှာတော့ သူလိုချင်တဲ့ ပစ္စည်းကို တွေ့လိုက်ပါပြီ။
ကင်မရာတစ်လုံး။ ရှေးဟောင်းကင်မရာတစ်လုံးဖြစ်ပေမယ့် သေချာပေါက်ကောင်းနေဦးမယ်ဟု သူယုံကြည်လိုက်တယ်။
သူ ကင်မရာကို သေသေချာချာ သန့်ရှင်းပြီး စမ်းရိုက်ကြည့်လိုက်တယ်။
“ဂျောက်”
ကင်မရာဆီမှ မီးတစ်ချက်ဖြတ်ခနဲလင်းသွားပြီး အထဲက ဖလင်ရစ်လိုက်သံ ကြားလိုက်ရတယ်။ သူထင်ထားတဲ့အတိုင်း ကင်မရာက ကောင်းနေသေးတယ်။
သူခန္ဓာကိုယ်ဟာ လေတိုက်လိုက်တာနဲ့ လွှင့်ပါသွားမလိုဖြစ်နေတဲ့ကြားက သူကတော့ တစ်ချက်ပြုံးလိုက်တယ်။
“ဟုတ်ပြီ … ငါ … သက်သေပြရမယ် …
လူတွေကို .. ငါ သက်သေပြရမယ် ……” ။
၆။
နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးများက သူနေတဲ့ အိမ်အိုနံရံက ခြုံနွယ်တွေ ဗလပွပေါက်နေသလို သူ့မျက်နှာပေါ်မှာ ပေါက်ရောက်လို့နေခဲ့ပြီ။ သူ့ဆံပင်က ကျောအလယ်လောက်မှာ ခေါင်းမလျှော်ခဲ့တာကြာတော့ မာခေါက်လို့။ သူ့အသားရေတို့က နေရောင်နဲ့မထိတွေ့ခဲ့ကြာတော့ ဖြူဖတ်ဖြူရော်ဖြစ်နေခဲ့ပြီ။ တစ်ကိုယ်လုံးလည်း အရိုးပြိုင်းပြိုင်းထ။ သူကိုယ်သူပင် ထိန်းဖို့ ခက်ခဲလွန်းနေခဲ့တယ်။
သူ…။
ကင်မရာတစ်လုံးကို ကိုင်ပြီး ညတိုင်းထိုင်စောင့်နေတယ်။
ကင်မရာရဲ့ ခလုတ်တစ်ခုကို သူကြည့်နေရာက ပြတင်းပေါက်ဆီကို လှည့်ကြည့်ဖို့အရေး သူ့ခေါင်းကို သူကြိုးစားပမ်းစား ထိန်းချုပ်ကာ လှမ်းကြည့်လို့။
သူ…. ပင်ပန်းခဲ့ပြီ။ ဟုတ်တယ်။ နေ့တွေများ၊ လတွေများ၊ နှစ်တွေများ။ သူတကယ် ပင်ပန်းခဲ့ပြီ။ အရာဝတ္ထုတို့ဟာ ဘယ်သူ့အလိုအတိုင်း အစီအစဉ်တကျ သို့မဟုတ် အစီအစဉ်မကျစွာ တည်ရှိဖြစ်တည်…၊ နောက်ဆုံး ပျောက်ကွယ်နေခဲ့သလဲ။ လူတွေနဲ့ ဝေးခဲ့လာတာနဲ့အမျှ သူဟာ လူတစ်ယောက်လို့ သူ့ကိုယ်သူ မေ့ထားခဲ့တာ ကြာပြီ။
“ဝေါ ….”
ညဟာ တိတ်ဆိတ်လွန်းအားကြီးရာက ရုတ်တရက် အသက်ဝင်လာသလို။ အဝေးတစ်နေရာဆီက မိုးရွာသံများကြားလိုက်ရတယ်။ ညဥ့်ငှက်ဆိုးတို့ရဲ့ အော်သံဟာ ရုတ်တရက် အိမ်ခေါင်းမိုးပေါ်တစ်နေရာဆီက လွှင့်ပျံ့ကာ။ သူကိုယ်တိုင် အသေကောင်တစ်ကောင်လိုဖြစ်နေရာက ရုတ်တရက် အသက်သွင်းခံလိုက်ရသလို ရင်ခုန်နှုန်းများမြှင့်တက် စတင်လှုပ်ရှားလာတယ်။
နာရီအိုကြီးရဲ့ စက္ကန့်သံ တချက်ချက်၊ ရေအိုးစင်က ရေကျသံ တပေါက်ပေါက်တို့က ညဥ့်နက်ရဲ့ ခြောက်ခြားမှုမှာ ပုန်းလျှိုးပျောက်ကွယ်နေပြီ။
“ဂျောက်… ဂျောက် …”
အသံတစ်ခုကို နားစွင့်နေသူမို့ သူသေချာ သတိထားမိလိုက်တယ်။ ပြတင်းပေါက်ဆီက အမှောင်ထုဆီကို သေချာကြီး လှမ်းကြည့်ပြီးမှ။ “မဟုတ်ဘူး …. ဒါ .. အပြင်က အသံမဟုတ်ဘူး” လို့ သူယူဆလိုက်ပြန်တယ်။ ဒါဆို ဘယ်က အသံလဲ။ ဘာအသံလဲ။
“ဂျောက် .. ဂျောက် ..ဂျောက် …”
ဟော။ အသံ။ ဟုတ်တယ်။ “စောစောက ကြားတဲ့ အသံပဲ” ။ သူ… အသံဘယ်ကထွက်နေတာကို အိမ်တစ်အိမ်လုံး အနံ့ လိုက်ရှာရင်းက ….
“ဂျောက် .. ဂျောက် ..ဂျောက် …”
ဟာ …။ သူတစ်ခုကို တွေ့ရှိသွားတယ်။ တံခါးတစ်ခု။ အိမ်နောက်ဖေးက တံခါးတစ်ခုမှာ။ အပြင်က တစ်ယောက်ယောက်က သော့ကို လှည့်ဖွင့်နေပြီ။
“ဂျောက် .. ဂျောက် ..ဂျောက် …”
သေချာတာပေါ့။ ………………။ သူလာ ပြီလား …။ တံခါးဟာ ပွင့်လုနီးနီး .. ပွင့်အံဆဲဆဲ … ။ အသုံးမပြုတာကြာလို့ ဖွင့်ရခက်နေတာလည်း ဖြစ်နိုင်တာပဲ။ သူထဖွင့်ကြည့်လိုက်ရမလား။ နေဦး..။ သူလောလို့မဖြစ်သေး။ တံခါးက စတင်လုပ်ရှားလာသလို။ အို ….။ ပွင့်တော့မှာလား .. ။ ပွင့်လာရင်ကော .. သူဘာကို တွေ့ရမှာလဲ။ သူအသက်ရှူချက်တို့က မြန်ဆန်လွန်းလာပြီ။ သူ့စိတ်တို့က ဆောက်တည်ရာမဲ့။
“ကျွီ” ……
တံခါး။
နောက်ဖေးက တံခါး။
ထိုတံခါးက ပွင့်ခဲ့လေပြီ။
သူကတော့ ကြိုတင်ပြင်ထားတဲ့ အတိုင်း ကင်မရာရဲ့ ခလုတ်တစ်ခုကို အနှိပ်။
မီးအလင်းရောင်တစ်ခုက ဖျက်ခနဲ အလင်း။
………………………….။
၇။
လောကဟာ ဈေးများ၊ လူနေအိမ်များ၊ ကလေးတစ်ယောက်ရဲ့ ငိုသံများ၊ အရက်သမားတစ်ယောက်ရဲ့ အတွေးအခေါ်များနဲ့ စည်ကားလို့ နေတုန်း။ တစ်နေရာရာကို သွားသူတွေ။ တစ်နေရာရာဆီက ပြန်လာသူတွေ။ ထင်းခုတ်သူ။ မီးမွှေးသူ။ သီချင်းဆိုသူ အစုံအလင်နဲ့။ သူကတော့ အိမ်အိုဟောင်းကြီးဆီက ဓါတ်ပုံအချို့နှင့်အတူ လူသူကြားထဲ စတင်ထွက်လာခဲ့တယ်။
ခင်ဗျားတို့ သိကြတဲ့အတိုင်း …
တစ္ဆေ .. သရဲ ဆိုတာ …
လူတော်တော်များများ ကြောက်ကြတယ် …
လူတော်တော်များများလည်း စိတ်ဝင်စားကြပေမယ့် …
ဘယ်လူကမှ သေချာမြင်ဖူးကြတယ်လို့ သက်သေမပြနိုင်ခဲ့ဘူး …။
သူကတော့ သက်သေပြဖို့ ထွက်လာခဲ့ ပြီ….။
၈။
သူ … လူတွေရှိတဲ့ ရပ်ကွက်ကို စဝင်ဝင်ချင်းမှာ မိန်းမတစ်ယောက်ကို စတင်တွေ့ရှိလိုက်တယ်။ သူက ထိုမိန်းမကို မြင်မြင်ချင်း ပြုံးပြနှုတ်ဆက်ဖို့ ကြိုးစားလိုက်ပေမယ့် … ထိုမိန်းမ တုံ့ပြန်လိုက်ပုံက သူ့ကို တွေဝေသွားစေခဲ့တယ်။
သူမက သူ့ကိုတွေ့တာနဲ့ “အ .. မ ..လေး …သရဲဗျို့” ဆိုပြီး ထွက်ပြေးလေတော့တယ်။
သူက
“ဟေ့ .. ဟေ့ .. နေဦး … မိန်းကလေး .. ငါ .. သရဲ မဟုတ်ဘူး” လို့ အော်လိုက်ပေမယ့် သူ့အသံဟာ သူကိုယ်တိုင် တုန်လှုပ်ခြောက်ခြားဖွယ်ရာ ဝမ်းခေါင်းသံကြီးတစ်ခု ဖြစ်နေတာကို သူတုန်လှုပ်သွားခဲ့တယ်။
ဟင်။ ..ဒါ .. ငါ့အသံမဟုတ်ဘူး။ သူပြုံးလိုက်ပေမယ့် သူ့ပုံစံဟာ အစွယ်ကြီးထုတ်ပြတဲ့ မကောင်းဆိုးဝါးကြီး မာန်ဖီနေသလို။ ဟာ …။ ဘာတွေလဲ ..။ ဒါပေမယ့် သူဟာ လူတွေကို သူတွေ့ရှိခဲ့တဲ့ သရဲမတစ်ယောက်အကြောင်း သက်သေပြရဦးမယ် မဟုတ်လား။ သူဆက်လျှောက်လာခဲ့တယ်။
နောက်ထပ် မလှမ်းမကမ်းမှာပဲ လူတစ်စုကို ထပ်တွေ့တော့ သူပျော်သွားတယ်။
သူ့တို့အားလုံး သူ့ကို သတိမထားမိခင်မှာပဲ သူက အသံပေးလိုက်တယ် …။
“မိတ်ဆွေတို့ ဗျို့ ရောင်းရင်းတို့ …”
လူတစ်စုလုံး အလန့်တကြား သူ့ကို ဝိုင်းကြည့်ပြီး အားလုံးဟာ မေ့လဲသူလဲ .. ထွက်ပြေးသူထွက်ပြေးကြ။
သူကိုယ်တိုင်လည်း တုန်လှုပ်ခြောက်ခြားသွားပြန်တယ် …။
ဒီတစ်ခါ သူက “မိတ်ဆွေတို့ ဗျို့ ရောင်းရင်းတို့ …” လို့အော်လိုက်ပေမယ့် သူ့ပါးစပ်ဆီကထွက်လာတာက မကောင်းဆိုးဝါးတစ်ကောင်ရဲ့ ပြင်းရှရှ ရယ်သံကြီးတစ်ခု ဖြစ်နေခဲ့တယ်။
“ဝေါင်း..ဟား …ဟား …ဟား …”
သူရှေ့ကို ဆက်လျှောက်တိုင်း လူတွေဟာ သူ့ကို မကောင်းဆိုးဝါးတစ်ကောင်အဖြစ် အားလုံးဟာ ကြောက်ရွံ့တုန်လှုပ်စွာ ထွက်ပြေးကြတယ်။ လူနေရပ်ကွက်တစ်ခုမှာ ကလေးတွေက ငယ်သံပါအောင်ငိုလို့။ လူကြီးတွေက ကလေးတွေပွေ့ချီ ထွက်ပြေးကြ။ လဲသူလဲ။ ကွဲသူကွဲ။ အော်သူအော်။ ငိုသူငို။ နောက်ဆုံး သူက ဆက်မလျှောက်တော့ဘဲ ရပ်တန့်လိုက်တယ် သူခြေလှမ်းတွေကို။
“ဟင် .. ဘာတွေ မှားယွင်းနေခဲ့လဲ …
ငါဟာ … လူသားတစ်ယောက်ပါ …..
ငါဟာ .. သာမန်လူသားတစ်ယောက်ပါ …
ငါဟာ … မကောင်းဆိုးဝါးတွေ အမှန်တကယ် ရှိကြောင်း …
မင်းတို့ကို … သက်သေပြချင်တာပါ …ဒီမှာ သေချာလာကြည့် .. မကောင်းဆိုးဝါးမတစ်ကောင်ရဲ့ ပုံ ..”
သူဘယ်လိုပဲ ပြောပြော … သူဆီက ထွက်လာတာက မကောင်းဆိုးဝါးတစ်ကောင်ရဲ့ ခြောက်ကပ်ကပ်ရယ်သံကြီးတစ်ခုသာ ဖြစ်နေခဲ့တယ်။ သူ…………..။
“ငါဟာ မင်းတို့နည်းတူ လူးသားတစ်ဦးပါကွဲ့ …
ငါ့ကိုယုံကြပါ… ငါ့ကိုတစ်ဆိတ်လောက်ယုံကြည်ပေးကြပါ …
ငါ့ကို… ငါ့ကို………..ယုံ ….ပါ
ငါဟာ မင်းတို့အတွက် ..ရောက်လာတဲ့ကောင် …
မင်းတို့မသိသေးတဲ့ မကောင်းဆိုးဝါးတစ်ကောင်ရှိကြောင်း သက်သေပြမယ့်ကောင် …
ငါ ဟာ …
ငါ ဟာ …………….”
နောက်ဆုံးတော့ သူထိန်းချုပ်ထားတဲ့ သူခန္ဓာကိုယ် ခပ်နဲ့နဲ့ဟာ ပုံခနဲ မြေပြင်ပေါ်လဲကျသွားခဲ့တယ်။
လေရူးတစ်ချက်က ဝေါခနဲတိုက်ခတ်သွားပေမယ့် သူဆံပင်မာခေါက်ခေါက်ကြီးကတော့ လှုပ်ခတ်မသွားခဲ့ဘူး။
×××××××××××××××××××××××××××××××××××××××××××××××××××××××
( နိဂုံး )
လူနေရပ်ကွက်တစ်ခုရဲ့ သင်္ချိုင်းတစ်ခုမှာ လူတွေက သူ့ကို မြေမြုပ်သင်္ဂြိုလ်လိုက်ကြတယ်။ သူသေသွားတဲ့အထိတော့ သူဟာ လူလား၊ နာနာဘဝလားရယ်လို့ သေသေချာချာမသိကြဘဲ တစ်ယောက်တစ်မျိုး ထင်မြင်ချက်များနဲ့ လူတွေနေလာခဲ့တာပေါ့။
မိတ်ဆွေ ….
သင့်ဘဝမှာ သူ့လို
မကောင်းဆိုးဝါးတစ်ကောင် သင့်ပတ်ဝန်းကျင်မှာ အမှန်တကယ်ရှိနေကြောင်း သက်သေပြဖို့ကြိုးစားခဲ့ဖူးပါသလား???
ဒါမှမဟုတ်။
သင့်ဘဝမှာ
လူတစ်ယောက် မှားယွင်းနေကြောင်း သက်သေပြဖို့ကြိုးစားခဲ့ဖူးပါသလား????
ကျွန်တော်ကြိုးစားခဲ့ဖူးပါတယ်။ သက်သေလည်းရရော … ထိုသူမှားနေတဲ့အမှားက ကျွန်တော်ကို်ယ်တိုင်လည်း (အကြိမ်ကြိမ် အထပ်ထပ်) မှားယွင်းနေခဲ့ကြောင်း အလန့်တကြားတွေ့ခဲ့ရပါတယ်။
ရင်နင့်အောင်
မြင်ကွင်းစုံ မဂ္ဂဇင်း (ဖေဖေါ်ဝါရီ)
9 comments
ရဲစည်
February 15, 2013 at 11:51 am
ကိုရင်နင့်အောင်ရေ …. အားပေးသွားပါတယ် ခင်ဗျ ..
ဒီအတိုင်းဆို အဖြစ်ကွန်းမင့်ကြီး ဖြစ်နေမှာမို့ ဆက်ဆန့်လိုက်မယ်နော.. စိတ်ဆိုးရဘူး
:harr:
အစပိုဒ်ထဲက အကြောင်းအရာပိုင်း သိပ်ပီး ထူးထူးခြားခြား ဆွဲဆောင်မှုမရှိလှဘူးဗျ။ နောက်ပီး တင်ပြပုံမှာ ကျိုးကြောင်းဆက်စပ်မှုလေးတွေ နည်းနည်းလွဲနေတယ်လို့ ခံစားရတယ်
အဲ့စာကြောင်းတွေ အပေါ်မှာ ကျနော်နားလည်မှု နည်းနည်းလွဲနေတယ်ဗျ .. အဲ့ဒါလေး
နောက်ဆုံး အပိတ်အသိမ်းလေးတော့ ကြိုက်မိပါတယ်။
လေးစားလျှက်
ရင် နင့် အောင်
February 16, 2013 at 9:36 am
လွဲတယ်ဆိုတာထက်၊ ကျွန်တော် အပိုဒ်ခွဲထားတယ်။
သူဟာ ညတိုင်းညတိုင်း စောင့်နေခဲ့တာ။ ပထမအပိုဒ်မှာ သူစောင့်နေတဲ့ ညက ကြယ်တွေ လတွေ ရှိပေမယ့်
တတိယ အပိုဒ်မှာက အဲဒီည လို့ ကျွန်တော် မဆိုလိုထားဘူး။
ဘာပဲ ဖြစ်ဖြစ် ကျွန်တော် ရေးတာ မရှင်းလို့ (လိုအပ်နေသေးလို့) သဘောထား ကွဲလွဲသွားတာ ဖြစ်နိုင်ပါတယ်။
ထောက်ပြပေးတာ ကျေးဇူး။ (ရှေးဟောင်းကင်မရာက မီးမလင်းရဘူးလို့ ဆိုလိုချင်တာလား မသိ)
kyeemite
February 15, 2013 at 11:54 am
ဆွဲဆောင်မှု့အပြည့်နဲ့ ဝတ္ထုလေးမို့
ဖတ်ကောင်းကောင်းနဲ့ ဖတ်သွားပါဂျောင်းးးး
Wow
February 15, 2013 at 1:31 pm
သူကဘာလို့ မကောင်းဆိုးရွားရှိမှန်းသက်သေပြချင်ရတာလဲဟင်င်င်… :harr:
ခိုင်ဇာ
February 15, 2013 at 1:38 pm
ဂလိုပါပဲလေ။
တူညားဒွေကို မကောင်းဆိုးရွားဖစ်ကြောင်း သက်သေရှာရင်း
ကိုယ်တိုင်က မကောင်းဆိုးတရွားဖစ်နေဒါဒွေက အများကြီးကလား။
ဟိ။ ကိုယ်တိုင်ကို မှန်မကြည့်ရဲတာ ကြာပေါ့။
:harr:
မောင်ပေ
February 15, 2013 at 7:05 pm
ကိုရင့် စာကို ဖတ်ရင်း အငဲ ရဲ ့ သီချင်းသံလေး နားထဲကြားလာတယ်
““ ည…..မဲနက်လို ့…. နမိတ်ရိုင်းည…. မဲနက်လို ့… ””
Mobile
February 15, 2013 at 9:35 pm
မကောင်းဆိုးဝါးတစ်ကောင်ရှာပုံတော်ဆိုတော့ ညတစ်ယောက်တည်းအိပ်တဲ့အခါ
လန့်နိုးမှာကြောက်လို့ နေခင်းဖက်မှ အေးဆေးဖတ်ဖို့ပဲ ကူးယူထားလိုက်ပါ၏။။
ပြောရင်းနဲ့….. ကျောတောင်ချမ်းလာပီ…….
niki ta
February 16, 2013 at 1:26 pm
ဒီထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့…ပိုကြောက်စရာကောင်းတဲ့ ဝတ္ထုလေးတွေ ဖတ်ချင်ပါသေးတယ်။။။
Mr. MarGa
February 16, 2013 at 7:54 pm
ဖတ်တော့ဖတ်သွားတယ်
သိတဲ့အတိုင်း နည်းနည်း လှည့်လိုက်တာနဲ့ လည်တာဆိုတော့ကာ
ဝေဖန်ချက် မထုတ်တော့ပါဘူးနော်