ဘယ်သူမှ မဆိုးပါဘူး

လူကေလးFebruary 22, 20131min38118

ဘယ်သူမှ မဆိုးပါဘူး

လူအများပြောနေကျတဲ့ နေဝင်ရီတရော ဆိုတာ ဒီအချိန်ထင်ပါရဲ့.. . ပတ်ဝန်းကျင်ကိုကြည့်ရတာ အိပ်ငိုက်နေသလိုပဲ.. မပွင့်မလင်းနဲ့ဆိုပါတော့. . ကျွန်တော့ရဲ့ကလေးတွေကတော့ ပတ်ဝန်းကျင်အခြေအနေနောက်ကို မခံစားနိုင်ပဲ.. အရင်ပြီးတဲ့သူ ပြန်ရမယ်ဆိုတဲ့ မက်လုံးကြောင့် အသေအကြေ တွက်နေကြလေရဲ့.. လက်ချိုးပြီးပေါင်းတဲ့သူနဲ့.. ခြေချောင်းတွေပါထည့်ရေနေတဲ့သူနဲ့.. သူတို့ကို ကြည့်ရင်း ကျွန်တော် ပြုံးလိုက်မိတယ်..

ကျွန်တော်ဒီဘက်ခြံမှာ ကလေးတွေ စာသင်နေတုန်း .. ကျွန်တော်တို့အိမ်က ဆူညံဆူညံ အသံတွေက တစ်စထက်တစ်စ ကျယ်လာပါတော့တယ်.. ကျွန်တော် ဖေဖေ့အသံ ကိုတော့ သိပ်မကြားရပါဘူး .. ညီလေး အသံကတော့ တစ်ချက်တစ်ချက် ဟိန်းကနဲပဲ..

“မလုပ်ချင်ဘူးဗျာ.. လုံးဝပဲ.. မဝယ်ပေးဘူးဆို . .. မဝယ်ပေးဘူး.. ဖေဖေအဲလိုတွေ သောက်နေလို့ ခုထတောင်မထနိုင်တော့ဘူး မဟုတ်လား.. သားကိုလာမခိုင်းနဲ့.. သားလုံးဝမဝယ်ပေးဘူး…”

“အေး.. မင်းက ခုချိန်မှာ ငါ့စကားကို နားမထောင်တော့ဘူးပေါ့လေ.. အေးပေါ့လေ.. ငါက မင်းကို ထမှမရိုက်နိုင်တော့တာ .. မင်းကလည်း အရွယ်ရောက်နေပြီကိုး.. ငါ့ ဘယ်နှယ် ရှိတယ်အောက်မေ့ပါ့မလဲ.. ”

အရက်ဆာနေတဲ့ဖေဖေက ညီလေးကို အရက်ဝယ်ခိုင်းနေတာပါ.. ဖေဖေကလည်း အရက်ဖြတ်ဖို့ကြိုးစားရင်းကပဲ .. ခုဆို အိပ်ယာထဲကနေကို မထနိုင်တော့ပါဘူး..

အင်း.. ခက်ပါတယ်ဗျာ .. ဖေဖေကတစ်မျိုး .. ပိစိက တစ်မျိုးနဲ့..

ဒီကောင်ကလည်း အငယ်မို့အလိုလိုက်ရာကနေ ခုဆို ပြန်ခံပြောနေပြီ.. ကျွန်တော့်စကား မပြောနဲ့ ခုဆို ဖေဖေက ပြောတာတောင် ဒီကောင်က မခံတော့ဘူး.. တော်တော်ဆိုးနေပြီ ..ဆယ်တန်းလည်း တစ်နှစ်ကျ ပြီးပြီ.. ပြန်ဖြေမယ့်ပုံလည်း မပေါ်ဘူး.. လူမိုက်အထာဖမ်းနေတယ်.. အင်း ဒီကောင်တော့..

” ပိစိ .. မင်းကိုပြောနေတယ်.. ဖေဖေနည်းနည်းပဲ .. အာစွတ်ရုံပဲ.. သားသွားဝယ်လိုက်သွား.. သွား.. ”

“ဟာ.. မဝယ်ချင်ပါဘူးဆိုမှ .. ဖေဖေလည်း မသောက်နဲ့တော့ .. ဘာအစားမှ ကျတော့ မစားဘူး .. စားပြီးလည်း ပြန်အန်တာပဲ.. အဲဒါ အရက်ချည်းသောက်နေလို့ .. မဝယ်ဘူး ဗျာ .. မဝယ်ဘူး .. မဝယ်ဘူး .”

“ဟေ့ကောင် ပိစိ .. မင်းတော့ .. နာတော့မယ်.. ”  “ဝေါ့.. ဝေါ့.. ”

ဟာ .. မရတော့ပါဘူး.. ကျွန်တော် သွားမှ ရတော့မယ်..

“ကြီးမြ .. ကျွန်တော် အိမ်ဘက်သွားဦးမယ်.. ဟိုမှာ ဖေဖေနဲ့ပိစိ နဲ့ ဖြစ်နေပြန်ပြီ .. ဗျ”

ကြီးမြ အဖြေကို ကျွန်တော်မကြားတော့ဘူး .. ကျွန်တော်ကတော့ အိမ်ကိုပြန်ရောက်နေပြီ..

ကျွန်တော် ခြံထဲဝင်ဝင်ချင်းပဲ .. ပိစိကို လှမ်းအော်လို့..

“ဟေ့ကောင်.. ဘာဖြစ်တာလဲကွ.. မင့်အသံချည်းပဲ.. ဖေဖေ့ကို ကောင်းကောင်းမပြောဘူး.. မင်းကပဲ အော်ရသေး.. ဘာဖြစ်ရတာလဲ.. ”

“ဟာ .. ဒီမှာလေ.. ဖေဖေပေါ့ .. နေမကောင်းတဲ့ဟာကို .. အရက်ပဲသောက်ချင်နေတယ်. .သားကိုလာဝယ် ခိုင်းနေတယ်.. သားဝယ်ပေးရင် ဖေဖေသောက်မှာပေါ.. သောက်ရင်ထပ်ဖြစ်မှာပေါ့ဗျ.. မဝယ်ပေးဘူးဗျာ.. အော်မှာ ပဲ  .”

“အဲလို မပြောနဲ့လို့ ပြောနေတယ်.. သေဦးမယ်.. မင်းကတော့.. ” ကျွန်တော် သူ့ကိုရွယ်လိုက်ပေမယ့် သူကတော့..

“အောင်မာ .. လုပ်ရဲလုပ်ကြည့်ပါလားဗျ… သားလည်းငြိမ်ခံနေမှာမဟုတ်ဘူး..” .

တော်ပြီ .. ကျွန်တော်သူကိုဘာမှ မပြောတော့ဘူး.. . ဖေဖေ့ကို ပဲဖျောင်းဖျရတော့မယ်..  လောလောဆယ် ဖေဖေအန်ချင်နေတယ်နဲ့တူပါတယ်.. အန်တယ်ရယ်လို့လဲမဟုတ်ပါဘူး.. တံတွေးတွေ ပဲ အရမ်းထွက်နေတယ်.. သလိပ်တွေနဲ့တူပါရဲ့ဗျာ..

ကျွန်တော် အခန်းထဲဝင်ပြီး ထွေးခံလေးမလို့.. “ဖေဖေ.. ဒီမှာ ထွေးချလိုက် .. ” ဆိုတော့ ..  ဖေဖေ့ခမျာ ပင်ပင်ပန်းပန်း ချောင်းတွေဆိုးလို့ တံတွေးထွေးပါလေရဲ့..

”အေး.. အာကာလား.. အေးကွာ.. မင့် စာသင်နေမဟုတ်လား.. ရတယ်.. ရတယ် . . သွား. သွား.. ဟိုကောင် ပိစိကိုပဲ ခေါ်လိုက်မယ်.. ရတယ်.. ” ဖေဖေကတော့ လုပ်ပြီ. .. စာသင်တာကလည်း ဟိုဘက်အိမ်ကကလေးတွေ သင်ရတာ. သူတို့လည်း ကျွန်တော့်တို့ အကြောင်းသိပြီးသားဆိုတော့ ဘာမှ ပူစရာ မလိုပါဘူး..

“ရတယ်.. ဖေဖေရဲ့.. ကြီးမြကိုပြောခဲ့တယ်.. ” ပြောရင်း.. ကျွန်တော် ဖေဖေ့ခန္ဓာကိုယ်ပေါ်က ချွေးစီး တွေ တဘက်နဲ့သုတ်ပေးလိုက်ပါတယ်..

“ဖေဖေ.. သောက်ချင်နေပြန်ပြီလား.. ” ကျွန်တော် ဖေဖေ့အဖြေကို သိပေမယ့်လည်း ထပ်မေးလိုက်မိပါတယ်..

“အေးကွာ.. ဘယ်နေလို့ရမလဲ .. အာလေးစွတ်ရုံ သောက်လိုက်ရမလားလို့.. မင့်ညီခိုင်းကြည့်ပါတယ်.. ငါ့တောင် ပြန်အော်သွားသေး.. အင်း.. ” ဖေဖေရဲ့ လေးတိလေးကန် အသံနဲ့.. သောက်ချင်ကြောင်းပေါ့ဗျာ..

ဝေဒနာ ခံစားနေရတာမြင်ပြန်တော့ လည်း မကြည့်ရက်ဘူး .. ဖေဖေဒုက္ခရောက်မှာကို သိပေမယ့် လည်း ဒီအတိုင်းကြီးတော့ ကြည့်မနေနိုင်တော့ဘူး.. ကျွန်တော့် လွယ်အိတ်ထဲက ပိုက်ဆံလေးယူပြီး .. ကျွန်တော် အပြင်ကို ထွက်ပြေးသွားမိခဲ့တယ်.. ..

 

…..                                  …………..               ……………

ကျွန်တော်ပြန်လာတော့ .. မေမေရောက်နေပြီ.. ကျွန်တော်တို့နားက ကျန်းမာရေးမှူးလေးပါ ခေါ်လာခဲ့ တယ်. . ဖေဖေအားနည်းနေလို့ ဆိုပြီး.. အကြောဆေးတစ်လုံးထိုးပေးနေလေရဲ့..

ကျွန်တော့် လက်ထဲက အထုပ်ကို ဆရာမမြင်အောင် ကျွန်တော် ခွက်တစ်လုံးထဲ အိတ်လိုက်ကိုထည့်ထားလိုက်ရတယ်.. နို့မို့ဆို ကျွန်တော့်ကိုလည်းဆူ .. ဖေဖေ့ကိုလည်း ဆူနေမယ်လို့ ကျွန်တော် ထင်လို့ပါ. .

“ဆရာလေးရယ်.. ထမင်းမပြောနဲ့.. ရေသောက်တာတောင် အန်တယ်ဆရာ.. အဲသာ ..ဘယ်လိုအစာ ဝင်အောင် ကျွေးရမလဲ အကြံကောင်းလေးများရှိရင် ပေးပါဦး..  ” .. မေမေက ဆရာ့ကို စိတ်ညစ်ညစ်မေးလေတော့..

“ဒီမှာ .. အစ်မကြီး ကျွန်တော်ပြောမယ်.. ဒီနားက ဆေးခန်းက ဆရာဝန်ညွှန်ကြားချက်ကိုယူပြီး ဆေးရုံ သွားလိုက်တာက အကောင်းဆုံးပဲ.. ဒါမှ နည်းမှန်လမ်းမှန် ဖြတ်လို့ရမှာ..  မဟုတ်ရင် .. လူနာလဲပိုခံ စားရတယ်.. တကယ်လည်း ပျက်မှာ မဟုတ်ဘူး.. ခုတောင် အစာစားရင် အန်နေပြီ မဟုတ်လား အစ်မကြီးရယ် .. ” ဆရာလေးက တော့ လာတိုင်းဒီလို စိတ်ရှည်လက်ရှည်နဲ့ရှင်းပြရှာပါတယ်. .

” ရတယ်.. ရတယ်.. နောက်တစ်ရက် နှစ်ရက်နေ ကောင်းသွားမှာ ဆရာလေး.. ကျုပ် က သတိရှိပါတယ်.. လက်လွတ်စပယ် ကောင်မဟုတ်ဘူး ဆရာရေ.. ” ဖေဖေကတော့ ဆရာ့ကို ဆရာပြန်လုပ်နေပြီ.. အင်း ဖေဖေဒီလိုပြောတာကလည်း တစ်လလောက်ရှိနေပြီ

“ဟေ့ကောင်.. ပိစိ မင့်သွားမလို့လဲ.. ” ဟော .. ပိစိတစ်ကောင် ထပြီးထွက်သွားတာ ခြံတံခါးလောက်ရောက် တော့ ကျွန်တော် လှမ်းမေးလိုက်ပါတယ်..

“ဘုန်းကြီးကျောင်းသွားမလို့.. ”

ကြည့် .. ဒီကောင် အဖတ်မလုပ်သလို ပြောသွားတာ..

“အငယ်ကောင်က ဆိုးတာလားဗျ.. ” ဆရာလေးကမေမေ့ကို မေးလိုက်တော့.. မေမေက မကြားဘူး.. ကျွန်တော့မေမေ က နားနည်းနည်းလေးတယ်လေ.. တော်တော်လေးကို လေးတာပါဗျာ..

“မေမေ့.. ဆရာမေးနေတယ်.. ” ကျွန်တော်ပြောလိုက်တော့မှ..

“ဟုတ်ကဲ့ ဆရာ.. ဘာပါလိမ့်.. ”

” အော် .. အငယ်လေးက ဆိုးသလားလို့ပါ.. ” ဆရာက ခပ်ဆတ်ဆတ်လေး အော်ပြောလိုက်တော့မှ ..

“ဆိုးတယ် လို့လည်းမဟုတ်ဘူး ဆရာ.. ဘာဒုက္ခမှ လည်း သက်သက်ကြီးမပေးပါဘူး.. သူ့ကိစ္စလိုက်ရှင်း ရတာတွေ ဘာတွေလည်း မရှိဘူး.. ဒါပေမယ့် စကားတော့ နားမထောင်ဘူး ဆရာရေ.. ကျွန်မကိုလည်း နိုင်တယ် .. အရင်က သူ့အဖေဆို တအား ကြောက်တာ .. ဟေ့ကောင် ပိစိဆို .. ဗျာ ..ကနဲပဲ.. အမလေး. .ခုတော့ဖြင့် အဖေလည်းမကြောက် .. အမေလည်းမကြောက် ..အစ်ကိုတွေကိုလည်းမကြောက်နဲ့ .. ဘာမဆို သူသိ . သူတတ် .. သူလူကြီးဖြစ်နေပြီဆိုပြီး.. ဘာမှကို အပြောမခံတော့ဘူး.. ”

“အော် .. သက်သက်ဒုက္ခ မပေးတာကိုပဲ ..ခုခေတ်က လိမ္မာတယ်.. ပြောရမယ် .. အစ်မကြီးရေ..  ကဲ ကျွန်တော် သွားလိုက်ဦးမယ်.. ဟေ့ကောင် အာကာ.. ကိုယ်သွားပြီ.. မင့်အဖေကို လည်း ဂရုစိုက်ဦးကွ.. ”

“စိုက်ပါတယ်ဆရာလေးရယ်.. ကျွန်တော်က ဆေးရုံတင်ချင်တာ.. ရန်ကုန်က အစ်မတွေ လှမ်းပြောရမှာပဲ.. ဖေဖေက သူ့တူမတွေ ပြောမှ ရမှာ. . ”

“အေး.. အဲဒါဆိုလဲ .. မင့်မြန်မြန်လုပ်ကွ.. အချိန်ဆွဲလို့ဖြင့်မကောင်းဘူး .. ကောင်ရ.. ကဲသွားမယ်ဟ.. ငါ့အားမနာနဲ့ .. လာခေါ်ကွာ နော့် . .”

“ဟုတ်. ဟုတ်  .. ကျွန်တော်မလိုက်တော့ဘူးဗျာ. .ညကျ မှ .. လက်ဖက်ရည်ဆိုင်ဘက်ထွက်ခဲ့တော့မယ်.. ” ကျွန်တော် ခြံတံခါးထိဆရာလေးကို လိုက်ပို့ရင်း ကနေ .. ဆရာလေးရှေ့နားရောက်တော့ မှ လှမ်းအော်ပြော လိုက်ပါတယ်..

ကဲ .. ဖေဖေ့အတွက် ဟိုဟာလေး ထည့်ချည်ဦးမှ..

ကျွန်တော် အိတ်ဖောက်ပြီး ထည့်လိုက်တယ်ဆိုရင်ပဲ. .အနံ့ က ထောင်းကနဲ.. အင်း . . ငါ့အဖေက တော့ ဒါကြီးကို သောက်ဦးမှာပါလား..

“ဖေဖေ့ .. ဒီ မှာ ရပြီ.. နည်းနည်းပဲ သောက်နော် .. ပြီးရင် ပျော်အောင် အိပ်လိုက် .. သား ဟိုဘက်အိမ် ပြန်သွားလိုက်ဦးမယ်. . ပြီးတော့မယ်. ခဏပဲ.. ခဏနေ.. အရီးတို့လာမှာ.. ဖေဖေအရမ်း နေမကောင်း ဖြစ်တယ်ဆိုပြီး. အရီးက ပါနေမကောင်း လိုက်ဖြစ်ဦးမယ်..” ပြောပြီး ကျွန်တော် အခန်းထဲက ပြန်ထွက်လာခဲ့ ပါတယ်. . ဖေဖေက တော့ အာစွတ်ရုံပါလို့တော့ ပြောတာပါပဲ.. ဒါပေမယ့် ကျွန်တော် လှည့်မကြည့်ခဲ့ဘူး..

“မေမေ့ .. သားဟိုဘက်အိမ်မှာနော်.. ” လို့ ကျွန်တော် အော်ပြောလိုက်တော့ .. မေမေက ဆန်ဆေးနေရင်းကနေ ..အေး. .အေး.. တဲ့…

…………………………………………………………………………………….

ကျွန်တော်စာသင်ရတဲ့ကလေးတွေက မူလတန်းနဲ့ အလယ်တန်းကလေးတွေပါ.. ကျွန်တော်တို့နား ပတ်ဝန်းကျင်ကပါပဲ.. သူတို့ကိုသင်ပေးရင်းနဲ့ .. ဟိုဘက်လမ်း.. ဒီဘက်လမ်းက သူတို့ သူငယ်ချင်းမိဘတွေက သိသွားနဲ့ပဲ.. ခုဆို ရ ယောက် ၈ ယောက်ဖြစ်နေပြီ.. ကျွန်တော် တို့နား ဘယ်လောက် ရမလဲဗျာ.. ကျွန်တော်လည်း သူတို့အခြေအနေသိနေတာ.. မယူရက်ပါဘူး.. ကျွန်တော့ကို မုန့်ဖိုးသဘော ပေးတာပေါ့လေ.. ကျွန်တော်ကျောင်းတက်တုန်းကဆို .. အဲဒါလေးတွေက သိပ်အထောက်အကူပြုတာပေါ့ဗျာ. ဘာပဲပြောပြော ဈေးထွက်နေရတဲ့မေမေ့ဆီက မုန့်ဖိုးတောင်းစရာမလိုတော့ဘူးပေါ့.. ခုဘွဲ့ရပြီဆိုတော့ ကျွန်တော် အလုပ်လုပ်တော့မယ်.. မနက်ဖြန်တောင် Alpine မှာ အင်တာဗျူး ဝင်ရမယ်ဗျ.. .  မနက်ဖြန် အင်တာဗျူး ပြီးမှ ..ရန်ကုန်က အစ်မတွေဆီ သွားရဦးမယ်.. အလုပ်အကြောင်းလေးဘာလေး မေးရင်း..  အော် သွားစရာ မလိုဘူးပဲ.. ဒီနေ့ မကြီး မိုးတို့ လာမှာပဲ..

“ဦးကာ.. သားပြီးသွားပြီ..” ဝိုင်းဝိုင်း ပြောတော့ မှ . . ကျွန်တော့အတွေးတစ်ခန်းရပ်လို့ .. အမှတ်ခြစ်ပေးလိုက်ပါတယ်.. “အေး.. အေး.. ဝိုင်းဝိုင်းတော်တယ်ကွာ.. ဟေ့ဒီမှာ ဝိုင်းဝိုင်းတောင် ပြီးသွားပြီနော်.. ” ကလေးတွေကို ကျွန်တော် အရှိန်မြှင့်ပေးလိုက်ပါတယ်..

………………….

ပြန်ကုန်တဲ့ ကလေးတွေလည်း ပြန်ကုန်ပြီ.. နောက်ဆုံးကျန်နေတဲ့ ဇွန်မင်းခန့် ကိုတော့ ကျွန်တော့ စောင့်နေရပါတယ်. . သူ့အမေလည်း စောင့်နေလေရဲ့.. ဒီကောင်က တော့ အီကြာကွေးကြီး..

“အာကာရေ.. အန်တီမြင့် .. ” .. ကျွန်တော့ကို ခေါ်နေလို့ ကျွန်တော် ဒီဘက်အိမ်က နေ ဗျာ လို့လှမ်းထူးလိုက်ပါတယ်.. ရန်ကုန်က ကျွန်တော့် အရီးနဲ့ အစ်မတွေ ရောက်လာတာပါ..

ကျွန်တော် ဟိုကလေးကို ပြန်လွှတ်ပြီး.. ဒီဘက်အိမ်လာခဲ့ပါတယ်.. မေမေက အရီးတို့စားဖို့ ထမင်းချက်နေလို့ .. မကြားဘူးလေ.. ကျွန်တော်ပဲ အပြင်ကနေ တံခါး ဖွင့်ရင် း.. “မေမေ.. အရီးတို့ရောက်ပြီ.. ” လို့ အော်လိုက်တော့မှ .. မေမေက လှမ်းကြည့်ပါတော့တယ်..

“အရီး.. ကိုကြီးမင်းသူ မပါဘူးလား.. ” ကျွန်တော် မေးလိုက်တော့..

“ဒီနေ့ .. အရုပ်ထိုးမယ့်သူတွေ ရှိနေလို့.. အဲဒါမနက်ဖြန်မှ လာတော့မယ်တဲ့လေ.. ဟိုလူတွေက ချိန်းပြီးသားဖြစ်သွားလို့တဲ့. .သူလဲ တို့နဲ့ပဲလိုက်ချင်နေတာ..”

ဟုတ်ပါတယ်.. ကျွန်တော့ အစ်ကိုအကြီးဆုံးက အရုပ်ထိုး အင်မတန်တော်တဲ့လူ.. ကျွန်တော်တို့ကို အရုပ်ထိုးရင်းကနေပဲ.. ထောက်ပံ့ပေးတာ.. သူက ချစ်သူခင်သူတော့ ပေါတယ်.. သူ့ကိုဆို တက်တူးမင်းသူ လို့ခေါ်ကြတာ.. သူက ကျွန်တော်တို့နဲ့တူတူမနေဘူး.. အရီးနဲ့ပဲ လိုက်နေတယ်.. ထောက်ကြန့်မှာ မနေတတ်ဘူး တဲ့လေ…. …

“အာကာ .. ပိစိဘယ်သွားလဲ.. ” လို့ မကြီးသီရိ ကမေးတော့မှ.. “ဘုန်းကြီးကျောင်းလို့တော့ ပြောတာပဲ.. သူက အိမ်သိပ်မကပ်ချင်ဘူးဗျ. ”

“အေး.. ဦးမောင်က အခန်းထဲမှာလား.. ” “ဟုတ်တယ်.. ဟုတ်တယ်.. ”

အရီးနဲ့ မကြီးမိုးနဲ့က တော့ အခန်းထဲဝင်ပြီး ဖေဖေ့နား သွားလို့ .. ဆေးရုံတက်ဖို့ပြောကြ မှာပေါ့.. . . ကျွန်တော်က တော့ အပြင်မှာ မကြီးသီရိနဲ့ စကားပြောရင်း နေခဲ့လိုက်တယ်.. မေမေကညစာ စားရအောင် ဆိုပြီး ကြက်ဥကြော်နေလေရဲ့..

“ဟဲ့ .. နင်ဘွဲ့ယူရတာအဆင်ပြေရဲ့လား.. ငါလိုက်ချင်တာဟ.. နင့်ရက်တွေကလည်း ရုံးဖွင့်ရက်ကြီးပဲ.. ငါဒဂုံထဲလိုက်လည်ချင်ပါတယ်ဆိုမှ.. ”

“ပြေပါတယ်.. သားက မကြီးသီရိဓာတ်ပုံရိုက်ပေးတော့ အပြင်မှာရိုက်ရင် ပိုက်ဆံမကုန်တော့ဘူးဆိုပြီး. .လုပ်ထားတာ.. ခုလည်းသိပ်တော့ မကုန်ပါဘူး .. ကိုကြီးမင်းသူကင်မရာနဲ့ပဲရိုက်လိုက်တာ .. သူက ဓာတ်ပုံတွေထုတ်ပေးမယ်တဲ့.. ”

“အေး.. ဟ.. ဦးမောင်က အရမ်းဖြစ်နေတာလား.. ဘယ်လိုဖြစ်တာလဲ.. ငါ့မျက်စိထဲတော့ အကောင်းကြီး ထင်တာပဲ.. ”

“ဟုတ်တယ်….  သားဘွဲ့ယူလိုက်လို့လားမသိဘူးဗျ. ”

“အင်.. ဘာဆိုင်လို့လဲ.. ”

“ဟုတ်တယ်.. ဘွဲ့ယူရမယ်ဆိုတော့ ဟိုသူက မုန့်ဖိုးပေး.. ဒီသူကမုန့်ဖိုးပေးနဲ့.. မကြီးတို့ကလည်း ပေးနဲ့ ဆိုတော့ သားက ဖေဖေ့ကို အကုန်ပေးလိုက်တာ.. အဲဒါ ပိုက်ဆံရှိတယ်ဆိုပြီး.. ပြန်သောက်ဖြစ်သွားတာလားလို့.. သားပြောလို့လဲ မရဘူးဗျ.. မကြီးသိပါတယ်.. ဖေဖေက သူအကုန်သိတယ် ဆရာမလုပ်နဲ့ဆိုပြီး.. သားတို့ပြောတာဆို ဘာမှ နားမဝင်ဘူးဗျ.. မကြီးမိုးနဲ့ အရီးနဲ့ ပြောမှ ရမှာ. .”

“အေး.. နေဦး ငါလည်းသွားလိုက်ဦးမယ်. ..” ဆိုပြီး စကားစဖြတ်လို့ ကျွန်တော့အစ်မ ကတော့ အခန်းထဲ ဝင်သွားလေရဲ့.. ကျွန်တော်ကတော့ မေမေ့နား အရီးတို့ထမင်းစားဖို့ဝိုင်းကူရတာပေါ့..

အခန်းအပြင်ကနေတော့ အသံတွေအားလုံးကြားရပါတယ်. .. ကျွန်တော့်ကို လှမ်းမေးရင် ကျွန်တော် က ပြန်ဖြေပေါ့ဗျာ.. “နောက်ဆုံးတော့ .. ခု ဆေးခန်းသွားပြပြီး.. ဆရာဝန်ပြောတဲ့အတိုင်းလိုက်လုပ်ရမယ်နော် ဦးမောင် ”ဆိုတဲ့ မကြီးမိုး စကားနဲ့အဆုံးသတ်လို့. .ဆေးခန်းသွားပြဖို့ကျွန်တော်တို့ပြင်ဆင်ရပါတယ်..

ဆေးခန်းကိုတော့ ဖေဖေနဲ့အတူ ကျွန်တော်နဲ့မကြီးမိုးပဲ လိုက်သွား တာပေါ့. .

………………………………………………………………………………….

ဆေးခန်းရောက်တော့.. မှ ပဲ .. ကျွန်တော်ဟာ သားဆိုး သားမိုက် တစ်ယောက်ဖြစ်နေမှန်းသိလိုက်ရပါတယ်.. ဆရာဝန်ကြီးက ဆေးရုံတက်ဖို့.. အဓိက ပြောတာပါ.. ဒါပေမယ့် ကျွန်တော့ကိုလည်း တစ်လှည့်..

“မင်းက ဘာဖြစ်လို့ အရက်ဝယ်ပေးရတာလဲကွ.. ဟိုမှာ မင့်ညီဆို တွေ့တယ် မဟုတ်လား .. လိမ္မာ မာ မမာမာ ..သူ မဝယ်ပေးဘူး ဆိုတော့ မသောက်ရတော့ဘူးပေါ့.. သူကိုယ်တိုင်လည်း ထဝယ်နိုင်တာမှ မဟုတ်တာ.. မင်းက မင့်အဖေကို အလိုလိုက်နေတာ.. အလိုလိုက်နေတော့ သူပိုကြိုက်တာပေါ့.. ကွာ .. အေးပါ.. မင်းလည်း အဖေတစ်ယောက်လုံး ဒီလိုဖြစ်နေတာဆိုတော့ ဘယ်မြင်ရက်နိုင်မလဲ.. ဘွဲ့လည်းရပြီးသွားပြီဆို. .အေးအေး.. ကောင်းတယ်.. အလုပ်လေးရအောင်လုပ်တော့.. မင်းတို့က လူဖြစ်ကံမကောင်းဘူး.. မင်းတို့အတွက် အဖေဆိုး ပဲရထားတာ.. ဘာပဲဖြစ်ဖြစ် မသေခင်လုပ်ကျွေးနိုင်အောင်တော့ ကြိုးစားကြ.. ”

အောင်မလေး.. ဆရာပြောသွားလိုက်တာများ .. ဖေဖေကတော့ စိတ်မကောင်းဖြစ်နေတော့မယ်.. ကျွန်တော်က တော့ ခေါင်းလေးတဆတ်ဆတ် ညိမ့်နေရုံက လွဲလို့ စကားကြောရှည်မှာစိုးလို့ ပြောကိုမပြောတော့ဘူး..တကယ်တော့ ဆရာ့ကို ပြန်ပြောချင်တဲ့ စကားတွေကတော့ ရင်ထဲမှာ အပြည့်သားပေါ့ဗျာ ..  ဖေဖေ့ ကိုကြည့်ရတာလဲ .. ငိုင်သွားတာပဲ.. ဆရာပြောနေတဲ့စကားလုံးတွေအတွက် ကျွန်တော် ဖေဖေ့ကို အားနာနေမိတယ်….

ဟော.. ခုပဲကြည့်.. ရေဆာတယ်ဆိုလို့ရေလေးနည်းနည်း တိုက်လိုက်တာ ပြန်အန်ချလိုက်ပြီ.. ဆရာဝန်နဲ့ စကားပြောတာကို ကျွန်တော်ရပ်လိုက်ပြီး . .ဖေဖေအန်ထားတာတွေကိုကျွန်တော် လိုက်သုတ်နေလိုက်တယ်.. ဆရာက တော့ မကြီးမိုးကို အမှာစာတွေ ဘာတွေ ပေးပြီး အကြံပေးနေလေရဲ့.. ဖေဖေက တော့ သူတို့နားမှာ ငိုင်ငို်င်လေးပေါ့ဗျာ..

အိမ်ပြန်ရောက်တော့မှမနက်ဖြန်ဆေးရုံတင်မယ့်အကြောင်း. ဆရာဝန်ကလည်း ညွှန်ကြားစာ ပေးလိုက်တယ့်အကြာင်း မေမေနဲ့ အရီးကိုပြောပြီး.. ဘယ်လိုစီစဉ်ကြမလဲ.. တိုင်ပင်ကြတာပေါ့..

အင်း .. မနက်ဖြန် ဖေဖေ့ကို ဆေးရုံတင်တော့မယ်ဆိုတော့ . . ဘာပဲပြောပြော အိမ်မှာ ထက်တော့ ပိုသက်သာလာမှာပဲဆိုပြီး. .ကျွန်တော် က တော့ ဝမ်းသာနေမိတယ်.. မကြီးမိုးတို့လဲ .. ကျွန်တော်တို့ အိမ်က ကြက်ဥကြော်လေးနဲ့ပဲ .. ညစာ စားပြီးပြန်သွားကြတယ်. .. ပြန်တော့တောင် ၁ဝ နာရီလောက်ရှိနေပြီ.. သူတို့ကိုလည်း ကျေးဇူးတင်တယ်ဗျာ.. အစစအရာရာ. . အားလုံး ကူညီပေးတာ.. ကျွန်တော့အရီးကလည်း သူ့မောင်ဖြစ်တာဆိုတော့ ငိုချည်းနေတော့.. ဘယ်နေလို့ရမှာလဲ..

အင်း.. ဖေဖေကတော့ အခန်းထဲမှာ အိ်ပ်နေပြီ.. မေမေနဲ့ ကျွန်တော်နဲ့ကတော့ မနက်ဖြန်အတွက်ပြင်ဆင်စရာ ရှိတာလေးတွေ ပြင်ဆင်ရဦးမယ်.. မအိပ်ခင်တုန်းက တော့ ဖေဖေကပြောတယ်.. ဖေဖေကြိုးစားပြီး မသောက်ဖြစ်အောင် နေပါ့မယ်တဲ့.. ဖေဖေက ဆရာဝန်ပြောတဲ့ အဖေဆိုးဆိုတာကို စိတ်မကောင်းဖြစ်နေတယ်နဲ့ တူပါတယ်ဗျာ..

ကျွန်တော် ကတော့ စိတ်ထဲကနေပြောနေမိတယ် . . ကျွန်တော့ဖေဖေက ဘယ်တုန်းကမှ အဖေဆိုး မဟုတ်ခဲ့ပါဘူး.. လို့..

 

လူကလေး

18 comments

  • ခင်ခ

    February 22, 2013 at 3:13 pm

    အရက်ကို အပေါင်းအသင်း မိတ်ဆွေ သူငယ်ချင်း စတဲ့ အဖော်လေးတွေနဲ့ ဆုံရင်သောက်ရာကနေ
    ဆိုင်မှာတစ်ယောက်ထဲသောက်တတ်လာမယ် အဲဒီကနေ အိမ်မှာပါ တစ်ယောက်ထဲသောက်တတ် သွားရင်း အဲဒါမကောင်းဘူးကွလို့ တဲ့။ တစ်ခါတုန်းဆီက ခင်ခ ကို ဘီယာဆိုင်မှာ ကျုရှင်ဆရာကြီးတစ်ဦးပြောခဲ့တဲ့ စကားလေးပါ။
    အဲဒီအချိန်က သူ ပြောခဲ့တာကို သတိမပြုမိခဲ့ဖူး ဒီပိုစ့်လေးဖတ်လိုက်ပြီး ပြန်လို့ ဒီစကားရပ်လေးကို သတိရမိသွားတယ်၊ သူပြောခဲ့တဲ့ အဓိပ္ပါယ်တွေကိုလည်း သဘောပေါက်မိလိုက်တယ်ဗျ။

    • လူကလေး

      February 25, 2013 at 11:15 am

      ကွန်မန့်တွေကိုတောင် ခဏလေးပဲဖတ်နိုင်တယ်. .ပြန်တောင်မပြန်နိုင်ဘူးရယ် ..

      အရက်နာကျတယ်ဆိုတာကို အမျိုးအရင်းကြီး ဖြစ်တော့မှ အနီးကပ် မြင်ရတာပါပဲ. ။

      တော်တော်ကြောက်စရာကောင်းတဲ့အရည်ပဲဗျို့.

      ကျေးဇူး ဖော် ဖက်စ် ကွှန်မန့်ပါ ခခ ရေ..

  • မောင်တင့် တယ်

    February 22, 2013 at 6:03 pm

    အင်းတိုက်တိုက်ဆိုင်ဆိုင် ညီတော်တင့်တယ် ရဲ ့ဖေဖေဖားသားလည်း တစ်ချိန်က အရက်ကို..
    စွဲစွဲမြဲမြဲ သောက်ခဲ့ပါတယ်.. ဒါပေမဲ့ တစ်ခုတော့ကောင်းတယ်ဗျ..အဖေက ဖြတ်မယ်ဟေ့လို ့ပြောပြီး
    ကတည်းက အရက်ကို လုံးဝမသောက်တော့တာ..အခုထိပါပဲဗျာ..
    အဲ..ဒါပေမဲ့အခုတလောတော့.. အပေါင်းအသင်းကောင်းလို ့ဆိုပြီး….ကိုမျိုးကြီးကို အားပေးနေတယ်ဗျို ့..

    ” မြန်မာတို ့ရဲ ့မြန်မာ…”

    • လူကလေး

      February 25, 2013 at 11:17 am

      ဒါပေါ့ .. ဗျာ ..

      ဖြတ်မယ်ဆိုမှတော့ အပြတ်ကိုပြတ်ရမှာပေါ့ . .

      တစ်စတစ်စ ကနေ ပြန်ကြီးထွားလာလိမ့်မယ်. .. ဘိုးတော်ကိုလည်းပြောလိုက်ပါဦး အရက်ရဲ့အစ မြန်မာ ကလို့ တင့်တင့် ရေ.. နော့်.. .. :kwi:

  • မောင် ပေ

    February 22, 2013 at 8:16 pm

    ကိုလူကလေး ရေ
    ကိုလူကလေး အဖေဟာ အသည်းနဲ ့ပတ်သက်ပြီး ဝေဒနာခံစားနေရတယ်ဆိုရင်
    http://myanmargazette.net/49342/health-fitness
    အဲဒီထဲကအတိုင်း ၊ လုပ်ရင် အမြန်ဆုံး သက်သာသွားပါလိမ့်မယ်နော

    • လူကလေး

      February 25, 2013 at 11:21 am

      ပေပေ့ ကို Link လေး ရှယ်ပေးလို့ ကျေးဇူး တင်တယ်ရယ်..

      ဖေဖေဖြစ်တာမဟုတ်ပါဘူး .. ဦးလေး အရင်း က ခံစားနေရတာမို့.. ဦးလေးရဲ့သားနေရာက နေပြီးရေးထားတာပါ..

      အဲဒီ ကိုတော့ သွားရောက်လေ့လာလိုက်ပါ့မယ်.. ပေပေ..

  • မဟာရာဇာ အံစာတုံး

    February 22, 2013 at 10:51 pm

    အင်းးး
    ဘယ်လို ပြောရမလဲ ….
    မပြောတတ်ဘူးဗျာ ….
    အဖေ ကို ချစ်တဲ့သူပေါ့ ….
    ဒီလိုပဲ ပြောတတ်တော့တယ် …….။

    • လူကလေး

      February 25, 2013 at 11:22 am

      အမေကိုလည်း ချစ်ပါတယ်.. အံစာအတုံးရယ် ..

  • MaMa

    February 23, 2013 at 9:26 pm

    ဘယ်ပန်းချီရေးလို့ မမီ ဆိုတဲ့ ရုပ်ရှင်လေးနဲ့ သဏ္ဍန်တူတယ်။
    မိဘဆိုတာလည်း ပုထုဇဉ်ပဲမို့ အမှားရှိနိုင်တာပဲ။
    ဝေဒနာခံစားနေရတာကို မကြည့်ရက်လို့ အရက်ဝယ်ပေးတဲ့သားကို
    အပြစ်တင်ရမလား၊ သားလိမ္မာလို့ ပြောရမလားတောင် မသိတော့ပါဘူး။ :eee:

    • လူကလေး

      February 25, 2013 at 11:28 am

      ဝင်ရောက်ဖတ်ရှုသွားတဲ့ မမ ကို ကျေးဇူးတင်ပါတယ်..

  • ဦးဦးပါလေရာ

    February 24, 2013 at 9:15 am

    ဖခင်တစ်ယောက်ဟာ အရက်သမား(အရက်ပုံမှန်စွဲမြဲသောက်တဲ့သူ) ဖြစ်ရုံနဲ့တော့ အဖေဆိုး လို့ မပြောထိုက်ပါဘူး..။
    တကယ်တော့ သူက အရက်ကိုလျှော့တွက်လိုက်လို့ အလဲထိုးခံလိုက်ရတာပါ။
    ပေါ့ဆလို့ လို့ပဲ ပြောရမယ်။
    ပုံမှန်အရက်နဲနဲကို တသက်လုံးသောက်လို့လဲ ဘာမှမဖြစ်ပါဘူး။
    ကျန်းမာရေးတောင် ကောင်းမယ်ထင်တာပဲ…။
    ခက်တာက ကျုပ်တို့ နိုင်ငံသားတွေက အရက်သောက်ရင် အကွဲအပြဲမူးအောင်သောက်လေ့ရှိတယ်။
    ထိုင်း ကိုရီးယား နဲ့ အင်ဒို တွေ လဲ အဲဒိအတိုင်းပဲ…။
    အဲဒါကြောင့်မဆိုးသင့်ပဲ ဆိုးကုန်တာ။

    ဘာပဲဖြစ်ဖြစ် ဖခင်ကြီးက အရက်ကို အရှုံးပေးရချိန်မှာ သားတွေက လိမ္မာနေတာကတော့ ဖြေသာပါတယ်။
    အဲလိုလိမ္မာတဲ့သားတွေ တော်တော်ရှားသွားပြီ။

    • လူကလေး

      February 25, 2013 at 11:51 am

      အရက်ကို စွဲမြဲနှစ်ခြိုက်စွာ သောက်တတ်သူတွေ က အရက် ဖြတ်လိုက်ပြိီ ဆိုရင် ဖြင့် လှည့်ကို မကြည့်သင့်တော့ ဘူး ထင်ပ..

      သူတို့လိုလူမျိုးတွေ ဆေးဖြစ်ဝါးဖြစ် ပြန်မှီဝဲတဲ့အခါ ဆေးဖြစ်ဝါးဖြစ်မဖြစ်လိုက်ဘဲ.. အရက်သမား ဘဝကို ပြန်ရောက်သွားတတ်လို့ပါပဲ..

  • Mr. MarGa

    February 25, 2013 at 11:33 am

    အဖေကိုလဲ အဖေဆိုးလို့ ပြောမရသလို
    ဝယ်ပေးတဲ့သားကိုလဲ သားဆိုးလို့ မပြောနိုင်ပါဘူး
    သို့ပေမယ့်
    အဲဒီထက်ကောင်းတဲ့ နည်းလမ်းလေးကို ရှာလို့ အဆင်ပြေအောင် လုပ်သင့်တာပေါ့ ကွယ်

    • လူကလေး

      February 25, 2013 at 12:00 pm

      ဃဃ မှာ နည်းလမ်းကောင်းလေးများရှိရင် ရှယ်ကြည့်ပါလား .. ဃဃ ရယ်..

      • Mr. MarGa

        February 25, 2013 at 12:04 pm

        နည်းလမ်း…………ဆိုတာက
        တစ်ဦးအတွက် အဆင်ပြေပေမင့်
        နောက်တစ်ဦးအတွက် အဆင်ပြေချင်မှ ပြေတာလေ
        သဟာကြောင့်
        အဆင်ပြေအောင်သာ ကြိုးစား ရှာပါ လို့
        (သိသလိုလို တတ်သလိုလို ပြောလို့ ပြေးပါပြီ ခည :P)

        • လူကလေး

          February 25, 2013 at 1:04 pm

          သိလိုလို တတ်သလိုလို ပြောပြီး ပြေးတဲ့ ဃဃ ကိုလည်း နည်းလမ်း ကောင်း ရှာလို့ပြောပေးတဲ့အတွက် ရယ် စာလေးဖတ်ပေးတဲ့အတွက်ရယ် .. သိုင်းကျူးပါဗျို့..

          :mrgreen: :mrgreen:

  • ခိုင်ဇာ

    February 25, 2013 at 1:04 pm

    အဟင့်။
    ဒီမှာ လည်း ဒီ အရည်မကောင်းကြောင်း။
    ဟုတ်တယ်။ မကောင်းဘူး။
    လူဇိုး။
    အမူးပြေမှ ထန်းပင်ပေါ် ပြန်မော့ကြည့်တော့မယ်။
    ခုတော့ စိတ်နာတယ်။

    :byae:

    • လူကလေး

      February 25, 2013 at 1:09 pm

      ဒါပေါ့ ဇာဇာ ရယ် ..

      ဒီမှာ လည်း ဒီအရည် မကောင်းကြောင်း .. ဟိုမှာလဲ ဒီအရည်မကောင်းကြောင်း .. ဒီအရည်မကောင်းကြောင်း ပဲ ပြောကြမှာပေါ့ .. ဂယ်မှ မကောင်းတာကိုး…

      ကောင်းကြောင်းပြောတဲ့သူတွေတော့ ရှိတယ်.. အနှီတို့ ကိုယ်တိုင်ပါပဲ.. (ကြော်ငြာ တွေ .. ဘီဘုတ် တွေမှာ လေ.. )

Leave a Reply