နေညိုရင် ရွှေဘိုကိုလွမ်းတယ်
ညနေ ၃ နာရီ မန္တလေးဆီကထွက်ခါ မြစ်ကြီးနားရထားပေါ်မှာ
ရှမ်းစုဘူတာအကျော် မြို့ဟောင်းဘူတာရယ်လို့တောင်
မမြင်ရသေး ဈေးသည်လေးတွေတက်လာ
ဘီယာကြက်ကြော်လည်းရ ရတနာပူရ
အဲသည်ကမှ တစ်ခါထွက် ရွှေကြက်ယက်
စစ်ကိုင်းဘက်မှာ ရပ်နားရာ ရွာထောင်ဘူတာ
ရေလိုတာ အကုန်ဖြည့်ကြ ရှေ့မှာရှားတယ်ဗျ
ခက်ခ နဲ့ ပဒူဘက် ဝက်လက်ကျော်လာ
ဗိုက်ဆာတဲ့ ၆ နာရီ ဘာမထီတဲ့ ဦးအောင်ဇေယျ
ထန်းလုံးတပ်က ဘယ်အနားမသိပေမယ့်
ရှိနေတဲ့ရွှေဘို သိနေတဲ့ရွှေဘို
ထို ထိုမှလွန်သည့်အခါ မိုးချုပ်လာပြီမို့
ကိုးထောင်ဘို့ အသာထား ကန့်ဘလူနားလည်း
သတိမရခြင်း ကောလင်းကိုကျော်
ဝန်းသိုနော် အင်းတော်ဆိုတာ
အတော်ဝေးသေး တဟေးဟေးအသံကြား အဲဒါ နဘား
ဖက်ဆွတ်တောင်ကျော် ကသာမြို့ခေါ်တဲ့ဆီရောက်
ပိတောက်ဆိုတဲ့သင်္ဘောကိုစီး
ကျောက်ကြီးမရောက်ခင်လွမ်းမိတမင်
နေညိုရင် ရွှေဘိုကိုဖြင့်လွမ်းချင်ချင်
9 comments
ခိုင်ဇာ
March 6, 2013 at 8:28 am
ကျနော် ကန့်ဘလူ ( ဟို ဗိုလ်ချုပ်ကြီး တစ်ယောက် ဇာတိပေါ့ဗျာ) မှာ ၅ နှစ်လောက်နေဖူးတယ်။
ရထားနဲ့များသွားရရင် လမ်းခုလတ်ဘူတာတွေကတက်ရတာ အင်မတန်ခက်တာကိုးနော့။
(မန်းလေး-မြစ်ကြီးနား ရထားတော့ အတော်မှတ်သွားတယ်။)
ရွှေဘို က ဝင်း ကိတ်တို့ ရွှေဘို ဘူတာက ဒံပေါက်လည်း နာမည်ကြီးတယ်ရယ်။
နေညိုရင် ရွှေဘိုကိုလွမ်းတတ်တာကတော့ ထန်းတောတွေကိုနေမှာ။
မုဆိုးဖိုမှာ ထန်းတော အရမ်းပေါ။
ရွှေဘိုမင်းကြိုက် ဘာဆိုလား ဆိုတဲ့ အတိုင်း ရွှေဘိုသူတွေကလည်း လှသကိုး။
ဘယ်လွမ်းနေမှန်းမသိလို့ ဒီလိုပဲ မှန်း သွားတယ်။
မောင် ပေ
March 6, 2013 at 1:10 pm
နေညို
ရွှေဘို
ထန်းရေချို
တထွေဆို
ငပေပျို
ဗုံဗုံ
March 6, 2013 at 3:36 pm
အော် အခုတစ်လော လွမ်းလိုက်ကျတာ ဘာဖြစ်လို့ အဲ့လောက်လွမ်းကျတာလဲလို့ သူများလွမ်းဖို့လည်း ချန်ထားကြပါအုံး :byae:
နေဝန်းနီ
March 7, 2013 at 8:20 pm
ရွှေဘိုဆိုလို့ ကျောင်းတုန်းက သူငယ်ချင်းတွေတော့ အဲဒိဘက်မှာရှိတယ် ရောက်တော့မရောက်ဖူးဘူး ….။ မုံရွာဘက်ပဲရောက်ဖူးတယ်လေ………..။ ဒါနဲ့ စကားမစပ် အဲဒိဘက်က လောင်းကစားဒိုင်ပေါလား …။ ဘာရယ်မဟုတ်ပါဘူးကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ဖဲရိုက်ရိုက်ရင် ဒိုင်ကိုင်တဲ့ သူငယ်ချင်းက ” လာနော် ကိုယ့်ပိုက်ဆံကို မနှမြောရင်ထိုးထား ရွှေဘိုဒိုင် ငွေလိုလို့ ကိုင်တာ လို့ ပြောပြောပြီး ဖဲထုပ်ကို ကုလားဖန် ထိုးတာ ခဏခဏ တွေ့ဖူးလို့ အဲဒေါ့ နေဝန်းနီက ပြန်ပြောတယ် ရွှေဘိုဒိုင်ဆိုရင် နေညိုရင်မှိုင်ရမှာပဲ လို့ ဘာရယ်မဟုတ်ပေမဲ့ သူငယ်ချင်းတွေက သဘောကျလေရဲ့ ရွှေဘိုဒိုင် /ငွေလိုကိုင် ရွှေဘိုဒိုင် /နေညိုမှိုင် အသံတွေက သူ့ဟာသူ စီစဉ်ပြီးသားရယ်
ဦးကြောင်ကြီး
March 9, 2013 at 11:22 am
ရွှေဘို
မေပျို
ဖြေဆို
လေချို
နေညို
ထွေလို
ဖေကိုယ်
ခြေခို…။
ကိုပေါက်(မန္တလေး)
March 9, 2013 at 1:30 pm
မှတ်မှတ်ရရ တစ်ခုသော တန်ဆောင်မုန်းလပြည့်မှာ ကန့်ဘလူကို အလည်ရောက်သွားတာ
အပြန်မှာ ကားမရှိ ရထားမရှိနဲ့ဒွတ်ခရောက်တဲ့အကြောင်းလေး ပြန်ရေးအုံးမယ်ဗျာ
သတိရသွားပြီ
ကိုပေါက်(မန္တလေး)
March 9, 2013 at 1:32 pm
ပြောရင်းနဲ့ အခုကျနော်နဲ့ဝေးနေတဲ့ ပထမဆုံးသားကြီး ရွှေဘိုသားကို သတိရသွားပြီဗျာ
ဘယ်ဆီကို မင်းရောက်နေတယ်………………….
ဘယ်သူနဲ့မင်းရှိနေမယ်
ပြန်လာပါဒေါ့
aye.kk
March 9, 2013 at 6:36 pm
ငါးမည်ရပြည်ရွှေဘို
နေညိုရင်ဖြင့်…မေပျိုကိုလွမ်းချင်သလိုပ။
တကယ်ဆိုမေပျိုကိုသည့်…ကိုယ့်ထံပါး။
အရောက်လာမလားရယ်လို ့…မျှော်ကာလေတမ်းတမိသား။။
padonmar
March 9, 2013 at 8:43 pm
ကျမ အလုပ်မှာ ဦးတင်မောင်ဆိုတဲ့ အဖိုးကြီးတစ်ယောက် ညစောင့် ခန့်ထားတယ်။
စကားပြောမိရင် မရပ်တော့လို့ ရွှေဘိုတင်မောင်ရယ် တော်ပါတော့လို့ တားယူရတယ်။