အိပ်မရတဲ့ ပင်လယ်
ငိုသံတွေကြားနေရတယ်။ တဝုန်းဝုန်း တအုန်းအုန်းနဲ့ တစ်စုံတစ်ခုကိုရိုက်ခတ်သံတွေက နားစည်တွေ ကွဲထွက်မတတ်။ မျက်နှာကို တိုးဝှေ့တိုက်ခတ်သွားတဲ့ လေတွေက နူးညံ့မှုရှိမနေဘူး။ ပြင်းရှရှနိုင်နေတယ်။ ဒီနေရာမျိုးမှာ တစ်ယောက်တည်းရှိနေတာက အန္တရယ်များတယ်ဆိုတာ သိသိရက်နဲ့ သူမဘာကြောင့် ထွက်လာမိခဲ့ပါသလဲ။ အဖြေ။ အဖြေက ရှိမနေခဲ့ဘူး။ လွမ်းဆွတ်သတိရခြင်းတွေနဲ့ ဒီညမှာ သူမ နိုးထလာခဲ့တာမဟုတ်ဘူး။ ကြောင်တောင်တောင်မျက်လုံးတွေက ဦးတည်ရာမဲ့စွာနဲ့ ဒီနေရာလေးကို ခေါ်ဆောင်လာခဲ့တာပေါ့။ လေတဖြူးဖြူးကြားမှာ သူမဆံနွယ်တွေက လွှင့်လွှင့်။ ခုချိန်မှာ သူမသာ ဆံနွယ်ကလေးဖြစ်လိုက်ရင်..။ ထားပါလေ မဖြစ်နိုင်တာတွေကို အရူးထပြီး တွေးမနေစမ်းနဲ့လို့ သူမကိုယ် သူမ သတိပေးလိုက်တယ်။
ညကတော့ မှောင်မိုက်လို့ကောင်းနေတုန်းရယ်..။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၁)
နားထဲမှာ ဆူညံသံတွေ ဝင်လာပြန်တယ်။ သူမ အိပ်မှုန်စုံမွှားနဲ့ ထလိုက်တော့ နေရောင်ခြည်က သူမ မျက်နှာကိုစူးခနဲ ကျရောက်လာတယ်။ အို ဘယ်နှစ်နာရီရှိပါလိမ့်။ သူမ တော်တော်လေး အိပ်ပျော်သွားခဲ့သလား။ ညက ဘယ်အချိန်မှာ သူမရဲ့အခန်းကို ရောက်ခဲ့ပါသလဲ။ မသိဘူး။ တွေးလို့မရဘူး။ ရေချိုးခန်းထဲဝင်ပြီး တကိုယ်ရည် သန့်စင်ပြီးတဲ့ ခဏ သူမ လန်းဆန်းသလို ခံစားလိုက်ရတယ်။ လတ်ဆတ်တဲ့ လေရဲ့ရနံ့ကိုလည်း တပြိုင်နက် ခံစားလိုက်ရတယ်။
ဒါပေမဲ့ သူမမှာ လိုအပ်ချက်တွေရှိနေဆဲပဲ။ ကြည့်လေ။ ခုအခန်းထဲမှာ သူမဆိုတဲ့ မိန်းမတစ်ယောက်ကလွဲလို သက်ရှိဆိုတာ နတ္ထိ။ သေချာတာကတော့ အထီးကျန်ခြင်းတွေပြည့်နေတဲ့ အခန်းကလေးဆိုတာပဲ။ သူမ မှန်တင်ခုံရှေ့မှာ ထိုင်ချလိုက်တယ်။ ကပိုကရိုဖြစ်နေတဲ့ ဆံနွယ်တွေ။
ထားပါလေ။ မဖြီးမတင်ပဲထားတာကိုက လွတ်လပ်မှုပဲ။ ဘယ်သူတွေ ဘာပြောပြော သူမ ဒီနေရာကိုတောင်ရောက်ခဲ့ပြီးပြီ။ မျှော်လင့်ချက်တွေတလှေကြီးနဲ့ကိုရောက်လာခဲ့တာ။ မြန်မာပြည်အလယ်ပိုင်းကနေ ဒီနေရာကို သူ ဘယ်လို သတ္တိတွေနဲ့ရောက်လာခဲ့သလဲလို့ မေးလာခဲ့ရင် အဖြေက လွမ်းဆွတ်တမ်းတမှုပဲ။ သူမကိုယ်သူမ ရွှက်လွှင့်သဘောင်္တစ်စင်းလို့ သဘောထားခဲ့တယ်။ သူမ ဖြတ်သန်းမောင်းနှင်လာရတာတော့ တည်ငြိမ်နေတဲ့ ရေပြင်ကိုမဟုတ်ဘူး။ လှိုင်းထန်လေကြမ်းနေတဲ့ ပင်လယ်ပြင်ကြီး။
သူ ဆိုတာ သူမဘဝမှာ နေရာလေးတစ်နေရာ မယူခဲ့ရင် ခုချိန်မှာ သူမဘာတွေလုပ်နေခဲ့မလဲ။ သူမ ဝါသနာမပါတဲ့ သူမရဲ့ မိဘပိုင် ဖိနပ်ဆိုင်လေးမှာ ပျင်းရိလေးသွဲ့စွာ ထိုင်နေမိမလား။
“ မောင်ရေ ကျွန်မ ရောက်နေခဲ့ပြီလေ။ “
သူမ တိုးတိုးလေး ရေရွတ်မိပြန်ပြီ။ အဲလို ပြောမိတိုင်း စိုစွတ်လာတတ်တဲ့ သူမရဲ့ မျက်ဝန်းတွေကိုလည်း မုန်းနေမိပြီ။ မျက်ရည်လွယ်တာကို သူ မကြိုက်ဘူးလေ။ ဒါပေမဲ့ မတတ်နိုင်ဘူး။ မျက်ရည်ဆိုတာ သူမတို့ မိန်းကလေးတွေအတွက်တော့ သဘာဝကပေးတဲ့ အဖော်ပြုဖွယ် ဘာသာပြန်စက်ကလေးပဲလေ။
မှန်တင်ခုံရှေ့ကထပြီး ခန်းစီးလိုက်ကာတွေကို ဆွဲဖွင့်လိုက်တယ်။
အို….သိပ်ကို ကဗျာဆန်ပြီး လှပနေတဲ့ ပင်လယ်ပြင်ကြီးမှာ လှိုင်းတွေထန်နေပြန်ပြီ မောင်..။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၂)
“အစ်မရေ ပုဇွန်ကင်ဝယ်ဦးမလား“
“ပုဇွန်ကင်“
“ဟုတ်…..ဝယ်ပါဦးလား လုပ်ပါဗျာ သုံးကင်ပဲ ကျန်တော့တာ“
သူမ လက်တွေက ပိုက်ဆံအိတ်ကလေးကိုကိုင်ပြီးမှ ဆတ်ခနဲ ပြန်ရုတ်လိုက်တယ်။ ဘာလဲ အလွမ်းတွေကို တူးဖော်ဦးမလို့လား။ ရင်ဘတ်ကြီးတစ်ခုလုံး အောင့်နေတာတောင် အမှတ်မရတော့ဘူးလား။ ခုတလော သူမကိုယ် သူမ ပြန်ပြန် သတိပေးဆုံးမနေရတာ ခဏခဏပဲ။
“မစားချင်သေးဘူး မောင်လေး“
သူမက ပြောပြီး ပင်လယ်ပြင်ကိုကြည့်လိုက်တယ်။ အနောက်ဘက်ကောင်းကင်ယံမှာ လိမ္မော်ဆီရောင်သန်းနေပြီ။ သဲပြင်ဖြူလွှလွှလေးပေါ်မှာ ခြေစုံကလေးရပ်ပြီး အဲဒီမြင်ကွင်းကို တမေ့တမောနဲ့ စိတ်လွှတ်ကိုယ်လွှတ် ငေးပစ်လိုက်တယ်။ အဲလောက်တော့ ကျွန်မ လုပ်ခွင့်ရှိတယ်မဟုတ်လား မောင်။
လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းက ခုလိုမြင်ကွင်းမျိုးနဲ့တစ်ထပ်တည်းမကျရင်တောင် ခပ်ဆင်ဆင်လေးတူတဲ့ ပင်လယ်ပြင်ထက်က ကောင်းကင်တစ်ခုကို သူနဲ့ ငေးခဲ့ဖူးတယ်။ သူမက ကျောက်မျက်ကုမ္ပဏီတစ်ခုကနေ နွေရာသီ အပန်းဖြေခရီးစဉ်အဖြစ် သင်္ကြန်ရုံးပိတ်ရက်အတွင်းမှာ ဟောဒီ ချောင်းသာ ကိုရောက်ခဲ့တာပေါ့။
ပင်လယ်ပြင်ဆိုတာကို မရောက်ဖူးတဲ့ သူမက ပျော်လိုက်တာမှ အရမ်း။ သူမ ကြည့်ခဲ့ဖူးတဲ့ ဗွီဒီယိုတွေ၊ ဖတ်ခဲ့ဖူးတဲ့ ဝတ္ထုတွေ၊ နားထောင်ခဲ့ဖူးတဲ့ သီချင်းတွေမှာ ပင်လယ်နဲ့ပတ်သက်တာတွေကို သူမက ခရေဇီအဖြစ်ဆုံး။ဝိုင်ဝိုင်းရဲ့ လမင်းနဲ့ ပင်လယ်ဆိုတဲ့ သီချင်းဆိုရင် ခုထက်ထိ မမေ့နိုင်သေးဘူး။
ချောင်းသာကိုလိုက်ရမယ်ဆိုတာနဲ့ စိတ်ကူးယဉ်နေ့ရက်တွေဟာ သူမရင်ထဲမှာ အလုံးအရင်းကို ရိုက်ခတ်နေခဲ့တာ။ ချောင်းသာကိုရောက်ရောက်ချင်း နေ့ဟာ သူမရဲ့ဘဝမှာ ပျော်ရွှင်ခဲ့ဖူးတဲ့ နေ့ရက်များစွာထဲက တစ်ရက်ပေါ့။
သဲပြင်ဖြူဖြူလေးပေါ်မှာ ရွရွလေးလျှောက်ရတဲ့ ခြေလှမ်းကလေးတွေ။ သူမရဲ့ ခြေဖဝါးနုနုအောက်က သဲပြင် နုနုကလေးတွေ။ နောက် ကမ်းစပ်မှာ ဘောကျွတ်စီးရတဲ့ အရသာလေးတွေ။ ခရုခွံကောက်ရတဲ့ ခံစားမှုလေးတွေ။ နောက်တော့ သူရဲ့ မျက်ဝန်းနက်နက်ကလေးတစ်စုံပေါ့။ လှိုင်းစီးရတဲ့အရသာထက် တပ်မက်မောခဲ့တဲ့ သူရဲ့ အကြည့်စူးစူးကလေးတွေ။
နှိမ့်လိုက်မြင့်လိုက်ဖြစ်နေတဲ့ သူမရဲ့ ရွှေရင်အစုံဟာ သူ့အတွက်ဆိုတာ သေချာသွားတယ်လို့ သူမ ထင်သွားလောက်အောင် ပင်လယ်ဟာ သူမကို အရူးအမူး ဖမ်းစားနိုင်လွန်းခဲ့တယ်လေ။
ဒါပေမဲ့….။
ခု သူဆိုတဲ့မောင်ဟာ ပင်လယ်ထဲမှာလား………။ သူ ရှာဖွေနေမိဆဲလေ…။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၃)
“ပင်လယ်ဟာ ××××ကိုယ်ပါ×××× အမှောင်တွေလာရင် ×××××ရင်ခုန်စွာနဲ့ ×××မျှော်လင့်မိတယ်….“
အို…။ သီချင်းသံ…….။မဟုတ်ဘူး။ သီချင်းညည်းသံ။ အိပ်ယာထက်ကနေ စွေ့ခနဲ ခုန်ထမိတဲ့အထိ သူမကိုယ်သူမ သတိမထားမိလိုက်ဘူး။ မောင်လား…။ မောင်ရောက်လာခဲ့သလား။ အချိန်ကိုကြည့်တော့ ညဉ်တစ်နာရီ။ မဟုတ်နိုင်ဘူး ထင်တယ်ဆိုတဲ့ အတွေးနောက်မှာ တကယ်လို့ ရောက်လာခဲ့ရင် ဆိုတဲ့အတွေးက ကပ်ပါလာတယ်။
ပြတင်းတံခါးတွေကို ဖွင့်လိုက်တယ်။ အုန်းလက်တွေကိုလေတိုးသံက သီချင်းသံဖြစ်စေသလားလို့ သူမ ရူးမိုက်စွာ တွေးလိုက်မိပါသေးရဲ့။ မှောင်မည်းနေတဲ့ပင်လယ်ပြင်ထက်က ကောင်းကင်ယံမှာ ခုံးမျက်စ လကလေး ရေးရေးလေး သာနေတယ်။ ခုတော့ သီချင်းသံကမကြားတော့ပြန်ဘူး.။
သူမ သိပ်ကြိုက်တဲ့ သီချင်းကို သူက ဂစ်တာတစ်လက်နဲ့ သံစဉ်တွေကိုဖော်ကျူးလို့ တိတ်ဆိတ်တဲ့ ညနက်တွေကို ဖြတ်ကျော်ဖူးခဲ့ကြတယ်။ ပင်လယ်ပြင်လို ကျယ်ပြောတဲ့ သူ့ရဲ့ရင်ခွင်မှာ သူမရဲ့ ခန္ဓာကိုယ်သေးသေးလေး မှီနွွှဲ့လို့ အနမ်းနွေးနွေးတွေကိုလည်း ဖလှယ်ကြရင်းပေါ့။
အညာက သူမရဲ့အိမ်မှာ အုန်းပင်တွေမရှိပေမယ့် အရိပ်ကောင်းလှတဲ့ ကုက္ကိုပင်အောက်မှာတော့ ညတွေကို ဒီလိုနဲ့ကုန်ဆုံးမြဲ။ တစ်ခါတစ်ခါ သူမ
“ပင်လယ်ကို လွမ်းလိုက်တာမောင်“လို့ဆိုလိုက်ရင် သူက သူမကို ရွှန်းရွှန်းစားစားကြီးကြည့်တတ်တယ်။ ပြီးရင် နှစ်လိုဖွယ်အပြုံးတွေနဲ့
“ရောက်ရမှာပေါ့ သွယ်ရယ် ဒီနှစ်မဟုတ်ရင် နောက်နှစ်ပေါ့“ လို့ နှစ်သိမ့်ပေးတတ်တယ်။ သူနဲ့အိမ်ထောင်ကျပြီးကတည်းက သူမက ကျောက်မျက်ကုမ္ပဏီကနေ အလုပ်ထွက် အိမ်ရှင်မဆိုတဲ့ နေရာတစ်ခုမှာ နေသားတကျ လိုက်ပါ စီးမျောရင်း သူ့ရဲ့ ပါရမီဖြည့်ဖက် အဖြစ် တာဝန်တွေ အလီလီထမ်းဆောင်နေခဲ့တာပေါ့။
သူ အလုပ်ကနေပြန်လာရင် ရေချိုးဖို့၊ ထမင်းစားဖို့အဆင့်သင့်ပြင်ပြီး ရှင်မတောင်သနပ်ခါးဖြူဖြူကလေးလိမ်းပြီး အသင့်စောင့်နေရတဲ့အရသာကို သူမ မက်မော တွယ်တာမိခဲ့တာ။ အရင်လို အကောင်းစားမိတ်ကပ်တွေ၊ အကောင်းစား နှုတ်ခမ်းနီတွေ ၊ အကောင်းစား အစားအသောက်တွေထက် သူ့ရဲ့ အနမ်းကလေးတွေကို သူမ နှစ်သက်နေခဲ့မိပြီ။ သူအလုပ်သွားတဲ့အခါတိုင်း အိမ်နံရံထက်မှာ ချိတ်ဆွဲထားတဲ့ ချောင်းသာက ပုံတွေကို တစိမ့်စိမ့်ကြည့်ပြီး အဟောင်းတွေကို အသစ်တဖန် ပြန်ခံစားနေတာလဲ ခဏခဏ။
ခု ဓါတ်ပုံထဲမှာ သူမက သူ့ကိုမှီပြီး ပြုံးလို့။
နေ့တိုင်း လှမ်းလျှောက်ထွက်ဖြစ်ခဲ့တဲ့ ချောင်းသာ ညနေခင်းတွေဟာ ခုထက်ထိ အမှတ်တရ ညနေခင်းကလေးတွေဖြစ်နေဆဲ။ သူမတို့သူငယ်ချင်းတစ်သိုက်နောက်ကနေ တကောက်ကောက်လိုက်ပါလာတဲ့ သူဆိုတဲ့ မောင်ဟာ အဲဒီတုန်းက အုန်းသီးခိုးတဲ့မျောက်ကလေးတစ်ကောင်လို လစ်ခနဲ လစ်ခနဲ သူမကို ကြည့်တယ်။ ပြီးရင် ပြုံးပြုံးပြသွားတယ်။
အဲဒါဟာ သူမအတွက် ကဗျာပဲ။
တစ်ပတ်ဆိုတဲ့ ချောင်းသာ အပန်းဖြေခရီးစဉ်မှာ သူက ဆေးကုမ္ပဏီတစ်ခုကနေ ပါလာခဲ့ရင်း သူမနဲ့သူ့ကြားမှာ နှောင်ကြိုးလေးတစ်မျှင် ချည်နှောင်ခဲ့မိတယ်ဆိုရင် မြန်လွန်းသွားမလား။ ပုဇွန်ကင်တွေ ဝယ်စားကြရင်း။ ခရုခွံကလေးတွေ အတူတူကောက်ကြရင်း။ ကမ်းစပ်က သဲပြင်မှာ ပြေးလွှားလမ်းလျှောက်ရင်း။ လတ်ဆတ်တဲ့ လေကို စက်ဘီးစီးရင်းအတူ ဖြိုခွင်းသွားကြရင်း…..သူ့လက်နွေးနွေးထက်မှာ သူမ လက် ဖွေးဖွေးကလေး အပ်နှင်းခဲ့တာပေါ့။..
ဒီလိုနဲ့ ပင်လယ်ဟာ သူမကို ချစ်ခြင်းတွေ မွေးဖွားပေးခဲ့ပြန်တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၄)
ဟောဒီ အခန်းကလေးကို သူမ သိပ်ချစ်တယ်။ အခန်းပြင်ဘက် ဝရံတာမှာ ညဘက်တွေ ထိုင်ရင်း စကားတွေပြောမယ်။ ဂစ်တာလေးတီးရင်း သီချင်းညည်းမယ်။ နောက် ဝိုင်တစ်ခွက်ဆီသောက်ရင်း အနမ်းနုနုကလေးတွေ သူချွေလာတာကို မိန်းမောစွာ လက်ခံယူမယ်…။ပြီးရင် မွေ့ယာ နုနုထက်က ည..။ အဲဒီလို မျှော်လင့်ချက်တွေနဲ့……။
ဟောဒီ အခန်းကလေးကို သူမ ချစ်ပါတယ်..။
သူမ ဒုတိယအကြိမ် ချောင်းသာကိုပြန်ရောက်တော့ အပျော်က နှစ်ဆ။ ချစ်တဲ့ သူ ရယ် လက်ကိုတွဲရင်း ၊ ဒါမှမဟုတ် လက်မောင်းကိုမှီနွှဲ့ရင်း ကမ်းစပ်မှာ ခြေရာတွေ ထပ်တဲ့ ညတွေများခဲ့တယ်။ ဟန်းနီးမွန်းခရီးစဉ် ဘယ်ကိုရွေးမလဲလို့ စဉ်းစားလိုက်တော့ သူရော သူမရော အတွေးက တစ်ချက်တည်း။
ပုဇွန်ကင်ကလေးတွေစားရင်း ခေါင်းတွေ မူးနောက်နောက်ဖြစ်လာရင် သူက အုန်းသီးနုနုတစ်လုံးမှာပြီး ယုယုယယ အုန်းရည်တိုက်တယ်။ နေပူပူအောက်က သူမ မျက်နှာလေးကို ကာကွယ်ဖို့ အုန်းလက်ကလေးတွေနဲ့ယက်ထားတဲ့ အုန်းလက်ဦးထုပ်ကလေး ဝယ်စောင်းပေးမယ်။ ရေလှိုင်းလေးထက်က ဘောကျွတ်ပေါ်မှာ သူမက တသိမ့်သိမ့် ရယ်မောနေမယ်ဆိုရင် သူက ရေထဲမှ သူမရဲ့ ကိုယ်ရံတော်ကလေး။ သူမက ကမ်းစပ်ကနေ ဝေးဝေးသွားဖို့ပြောရင်….
“ဒီမှာပဲ ဆော့ရအောင် သွယ်ရယ် ဝေးဝေးမသွားနဲ့နော်…။ လှိုင်းတွေနောက်ပါသွားရင် ဘယ်လိုလုပ်မလဲ“ လို့ ခြောက်လှန့်တတ်သေးတယ်။ အဲဒီအခါမျိုးတွေမှာ သူမက
“စိုးရိမ်နေလိုက်တာ မောင်ရယ်။ သွယ်ရေကူးတတ်ပါတယ် မောင်ရဲ့“ ဆိုပြီး ပြန်နောက်တတ်တယ်။
ဒီလိုဆိုရင် သူ့မျက်နှာကလေး သုန်မှုန်သွားတာ ချစ်စရာ။ အသည်းတွေယားလာရင် သူမက သူ့မေးစေ့ကလေးကို ဆွဲဖျစ်ရင်း နှုတ်ခမ်းတွေကို ဆွဲနမ်းပစ်တတ်တယ်။ အဲဒီလိုဆိုရင်
“သွယ်ရာ လူကြားထဲမှာ“ ဆိုပြီး ယောကျာ်းတန်မဲ့ ရှက်သွားတတ်သေးတာ..။
ရေပြင်ထဲ ဆင်းဆော့ရတဲ့ အရသာကို သူမ က မက်မောပေမယ့် သူက အမြဲ ကန့်ကွက်တတ်တယ်..။ နောက်ဆုံးတော့လည်း သူမအလိုကျ ရေထဲ သူပါလိုက်ပါ ဆင်းကစားရမြဲ။ ဒါပေမဲ့ မျက်နှာကြီးကတော့ သုန်မှုန်နေမြဲ..။
တစ်ပတ်ဆိုတဲ့ ဟန်းနီးမွန်းခရီးစဉ်ပြီးပြီးနောက် ချောင်းသာဆိုတာ သူမရဲ့ ဘဝထဲကနေ ဆွဲယူပစ်လိုက်သလို ပျောက်ကွယ်သွားခဲ့တာ သူနဲ့ ပေါင်းသင်းပြီး နှစ်နှစ်တိတိ။ သူက အိမ်ထောင်ဦးစီးတာဝန်တွေနဲ့ နပမ်းလုံးရင်း…။ သူမက အိမ်ထောင်မှုတာဝန်တွေနဲ့ နပန်းလုံးရင်း နှစ်ယောက်တည်းရှိတဲ့ အိမ်ကလေးမှာ အိမ်ထောင်ခရီးကို အတူလျှောက်ခဲ့ကြတာပေါ့။
သူမက တစ်ခါတစ်ခါ ချောင်းသားသွားဖို့ ပူဆာရင် သူက တစ်နှစ်တော့ရောက်မှာပေါ့ဆိုပြီး ချွေးသိပ်မြဲ။ တကယ့် လက်တွေ့ အိမ်ထောင်ဘဝမှာ ဖြစ်ချင်တာတွေနောက်ပို့ပြီး ဖြစ်သင့်တာတွေ ဦးစားပေးရမယ်ဆိုတာ သူမက မတွေးမိပဲ ချစ်ခြင်းတွေ မွေးဖွားရာ ပင်လယ်ကမ်းခြေကလေးကို လွမ်းဆွတ်လွန်းအားကြီးခဲ့တယ်။
တစ်ခါတစ်လေ သူနဲ့ စကားများတဲ့အထိ ပင်လယ်ဆိုတာ သူမရဲ့ဘဝမှာ စိုးမိုးနေခဲ့တယ်။ သူမရဲ့
“မောင်တို့ ယောကျာ်းတွေက အဲဒီအတိုင်းပဲလား။ သွယ် ဝမ်းနည်းတယ်မောင်။ သွယ်က သွယ်တို့ရဲ့ ချစ်ခြင်းတွေခိုင်မြဲခဲ့တဲ့ နေရာလေးမို့လို့ သွားချင်တာမောင်။ မောင် မအားဘူးဆိုတာ သွယ် နားလည်ပေးနိုင်ပါတယ်။ ဘာဖြစ်လို့ အဲလောက်သွားချင်နေရတာလဲဆိုတဲ့ စကားကိုတော့ သွယ် ဝမ်းနည်းတယ်။ မောင်ကမှ အဲဒီနေရာနဲ့ပတ်သက်တဲ့ အမှတ်တရတွေ အမှတ်ရမနေမှတော့ ဒါတွေဘာလုပ်တော့မှာလဲ……“
သူမ ပေါက်ကွဲခဲ့တဲ့နေ့…။
ခရုခွံကလေးတွေ၊ အမှတ်တရ ဓါတ်ပုံအယ်လ်ဘမ်တွေ ကြမ်းပြင်ထက်မှာ ပြန့်ကျဲသွားခဲ့တယ်။ အဲဒီ ညက ပင်လယ်နဲ့ ပတ်သက်ပြီး သူ အိပ်မပျော်ခဲ့ပါဘူး။ သူကရော………။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၅)
ညနေခင်း…။ လေကတော့ ခပ်ပြင်းပြင်းကလေးပါပဲ။
“သွယ်ရာ ရေထဲ ဆင်းဆော့ဦးမလို့လား။ မောင်တော့ မဆော့ချင်ဘူး ။ ကမ်းစပ်မှာလမ်းလျှောက်မယ်လေ“
“မလျှောက်ချင်ပါဘူး ၊ ရေဆော့ချင်တယ်။ ဘာလဲ မောင်က။ ရေဆော့ချင်လို့ ချောင်းသာလာတာ။ မဆော့စေချင်ရင် ဘာလို့ လိုက်ပို့နေသေးလဲ“
သူမရဲ့ လေသံပြောင်းလိုက်တာနဲ့ သူက ပြာပြာသလဲလဲနဲ့
“အေး အေး ပါကွာ..။ အဝေးကြီးတော့မသွားရဘူးနော်…။ ညနေစောင်းနေပြီ“
သူ့လက်ကိုဆွဲရင်း သူမ ပင်လယ်ပြင်ထဲကို ခုန်ဆင်းခဲ့တယ်။ သူ့ကိုရေနဲ့ပက်ကစားရတာ သူမပျော်တယ်။ ပြီးရင် သူက ပြန်ပက်တာကို သူမ ပျော်ပြန်တယ်။သူမနဲ့ စကားကတောက်ကဆဖြစ်ပြီးနောက်တစ်ရက် သူက ကားလက်မှတ်လေးနှစ်စောင် သူမကိုပေးတယ်….။
သူမ တော်တော်လေးပျော်သွားတယ်။ သူက ပြုံးနေတယ်။ သူရဲ့လည်ပင်းကိုဖက်ပြီး သူမ နမ်းတော့..။
“ဘေးလူတွေမြင်သွားပါဦးမယ်ကွာ“
ဆိုပြီး သူမရဲ့ မျက်နှာပြင်တစ်ခုလုံးကို အနမ်းမိုးတွေ တရစပ် ရွာသွန်းရင်း သူမကိုပွေ့ယူလို့……..အဲဒီနေ့ မိုးတွေရွာသွားခဲ့တယ်လေ။
“ဟေ့ဟေ့ သွယ် ဝေးဝေးမသွားနဲ့လေ…..“
“မောင်ကလဲ ဘယ်မှာ ဝေးဝေးသွားလို့လဲ“
သူမက သူ့ကိုစချင်တာနဲ့ နေရာရွှေ့သွားရင်း သူကလိုက်ရင်းနဲ့ လှိုင်းတွေ ကြီးလာတာကို သူမ မသိလိုက်ဘူး။ တစ်ချို့က ကမ်းစပ်ကိုပြန်တက်ကုန်ပြီ။ သူက သူမနောက်ကိုလိုက်ရင်း သူမက ပြေးရင်းနဲ့ တစ်ချက်မှာ…။
“မောင်“
လှိုင်းတစ်ချက်ပုတ်သွားလိုက်ပြီး သူ့ကိုမမြင်ရတော့ဘူး။ သူမ လှိုင်းတွေကြားထဲမှာ သူ့ကိုရှာတယ်။
“မောင်“
“မောင်“
“မောင်“
မတွေ့တော့ပါဘူး။ ညက မှောင်သွားခဲ့ပြီ။ ကမ်းစပ်မှာ ဟော်တယ်ကဝန်ထမ်းတွေ။ နောက် လုံခြုံရေးတွေ ပိုက်စိပ်တိုက်ရှာကြတယ်။ သူ ဘယ်ရောက်သွားခဲ့သလဲ…။ သူမ ဘောကျွတ်ကိုကိုင်ပြီး ကမ်းစပ်မှာ မပဋာမြေလူး တစ်ညလုံးပြေးလွှားရင်း ပင်လယ်ပြင်ထဲကို အော်ခေါ်ကြည့်တယ်…..။
“မောင်…..ရေ ပြန်လာခဲ့ပါကွယ်“
~~~~~~~~~~~~~~~~~~~~~~~~~~~~~
(ဇာတ်သိမ်း)
သူမ အိပ်မရခဲ့တဲ့ ညတွေ များပြီ ပင်လယ်။ အိပ်စက်ခြင်းတွေ မင်းများ ယူငင်သွားခဲ့သလား။ ဒါမှမဟုတ် မင်းရော မအိပ်ဘူးမလား။ သူမ သိတာပေါ့။ ညတိုင်း တဝုန်းဝုန်းနဲ့ မင်း မအိပ်ခဲ့ဘူးဆိုတာ။ သူမ အိပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ညစဉ်ညတိုင်း အိပ်မက်ထဲမှာ သူနဲ့တွေ့ရလေမလားလို့ပေါ့။
ဒါပေမဲ့လည်း ကြောင်တောင်တောင်မျက်ဝန်းတွေနဲ့ သူမ မနက်မနက်တွေကို ကြိုနေရတုန်းပါပဲ။
ညနေစောင်းပြီ။ ပုဇွန်ဆီရောင်ကောင်းကင်ကြီးက တောက်ပနေတယ်။လေညှင်းကလေးတွေ တိုးဝှေ့နေပြန်ပြီ။ ပင်လယ်ပြင်ထက်ဆီကနေ သူရဲ့ ခေါ်သံကို ကြားရမလားလို့ သူမ စောင့်နားထောင်နေတာ။ ဟိုကြည့် ဒီကြည့် ကြည့်မိတော့သူမဘေးက ဖြတ်ကျော်သွားတဲ့ စုံတွဲတစ်တွဲရဲ့ လက်ထဲမှာ ဘောကွင်းတစ်စုံ ပါသွားတယ်….။ သူမ ဆတ်ခနဲ ထရပ်လိုက်ပြီး
“ဒီမှာ ဒီမှာ“
စုံတွဲက လှည့်ကြည့်တယ်။
“ဟိုလေ ဘောသွားစီးမလို့လား ဟင်“
“ဟုတ်တယ်“လို့ ဒုံးတိတိ ဖြေတယ်။
“ဒါဆိုရင်လေ ကိုမင်းကျော်ကို ပြန်ခေါ်တက်လာပေးပါနော်“
နားမလည်တဲ့အကြည့်တွေနဲ့ သူမကို ကြည့်နေကြတယ်….။
“သွယ် ရေမကစားချင်တော့လို့ ကမ်းစပ်မှာ စောင့်နေတယ်လို့“
သော်ဇင်(လွိုင်ကော်)
Date-6th-March-2013
` Time-03:33PM
မှတ်ချက်။ ။ အိပ်မရတဲ့ ပင်လယ်အမည်ဖြင့် အွန်လိုင်းလင်းရောင်ခြည်စာပေဝိုင်းတွင် တင်ထားပါသည်။
http://www.facebook.com/groups/onlinelinnyaungkyi/doc/566641660020541/
2 comments
ခိုင်ဇာ
March 7, 2013 at 9:34 am
အာ။
ဒုက္ခပဲဗျာ။ ဖတ်ရင်း ကြည်နူးနေရာက
ငို ချင်သွားပြီ။
အတော်ဆိုးတဲ့ လူ။
:byae:
ကြည်ဆောင်း
March 7, 2013 at 10:26 am
အခုမှရွာထဲကောင်းကောင်းဝင်ရလို့ပျော်မယ်ကြံသေး..
အလွမ်းတွေနဲ့တိုးနေပြီ…