ကော်မန့်များကိုပြန်လည်ဖြေကြားမည်မဟုတ်ပါ…
အဖေဆုံးပြီ… 9 ရက် မတ်လ 2013 စနေနေ့
စနေနေ့မှာမွေးပြီး အသက် ၇၁ နှစ်တင်းတင်းပြည့်တဲ့ စနေနေ့မှာပဲ ဘုရားသခင်ကပြန်ခေါ်သွားပြီ သမီးရယ်တဲ့…..
အဖေ့မိန်းမက သုသာန်မှာပြောတဲ့စကား…
လာရာလမ်းတစ်လမ်းလုံး ပူလောင်လာသမျှ သုသာန်ထဲဝင်လိုက်တော့ အေးချမ်းသွားသလိုခံစားလိုက်ရသည်။ ကံ့ကော်ပင်တွေ ရေတမာပင်တွေ ထင်းရှူးပင်တွေ… အုတ်ဂူဖြူလေးတွေ အစီအရီနှင့် အေးချမ်းစွာ လှဲလျောင်းနေကြသူများ…
အဖေ့ကိုမြေမမြုတ်ခင် တစ်ခေါက်လောက်တော့ ကြည့်ချင်သည်။ အိပ်ပျော်နေသလိုပါပဲ။ မျက်နှာမှာ ခံစားပူလောင်ရမှုတွေမတွေ့ရ။ လက်ကိုကိုင်ကြည့်လိုက်တော့ အေးစက်နေပေမဲ့ အဖေ့အငွေ့အသက်တွေ ခံစားလိုက်ရသလို….
အဖေ့ကိုယ်အောက်ကစောင်ကို ဆွဲဖယ်တော့ မောင်လေးနှင့် ကျမ အဖေနာသွားမှာစိုးသလို တစ်ယောက်က လက်ကိုမ တစ်ယောက်က ခေါင်းကိုပြေးမသည်…
မနက် ၈နာရိလောက်မှာသမီးရယ် မနက်စာစားပြီးပြန်အိပ်နေတာထင်ပါတယ်… သွားစမ်းကြည့်လိုက်တော့မှ အေးစက်ပြီးနေလို့ ဆရာဝန်ပြေးခေါ်ရတယ်….
ဒါဆိုအဖေ ဝေဒနာမခံစားလိုက်ရဘူးပေါ့…
သမီးရယ် အမေတို့သမီးအဖေကို ကောင်းကောင်းပြုစုပါတယ် မသေခင်သူစိတ်ချမ်းသာသွားပါတယ်… သမီးဘယ်လိုမှစိတ်မကောင်းမဖြစ်နဲ့နော်…..
ကျေးဇူးတင်ပါတယ် အန်တီလေးရယ်… အဖေ့မိန်းမကို ငယ်ငယ်ထဲက သူမ အန်တီလေးဟုသာ နှုတ်ကျိုးခေါ်တတ်ခဲ့သည်…
အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်.. ကျေးဇူးတင်သင့်တာရော.. ကျေးဇူးမတင်သင့်တာတွေ အတွက်ရော အားလုံးပါ….
အဖေ့ကို အေးအေးချမ်းချမ်းထွက်ခွာရအောင် စောင့်ရှောက်ခဲ့တဲ့အတွက်ပါ…
အဖေ့ကိုမြေမြုတ်ဖို့ သယ်ဆောင်သွားကြပြီ….
စိတ်ညစ်စရာ စိတ်ရှုတ်စရာကောင်းအောင် အော်ဟစ်ငိုယိုသူများ အဖေ့မိန်းမ၊ သူ့သားသမီးတွေနှင့် အမျိုးတွေကြားမှာ မတွေ့တာ စိတ်သက်သာရသည်…
အဖေ့ကို မြေမြုတ်ပြီး ထားခဲ့ရတော့မည်။ အဖေ အေးချမ်းသောနေရာလေးမှာ နေခဲ့ရတော့မည်ပေါ့…
သင်ချိုင်းလေးက အမှန်ပင်အေးချမ်းပါသည်…
အဖေသူယုံကြည်သလို ဘုရားသခင်ရဲ့ထံပါး ကောင်းကင်ဘုံမှာအေးချမ်းနေပြီလား….
ဒါမှမဟုတ် သူမယုံကြည်သလို စပါးပင်ကမျိုးစေ့က နောက်တစ်ပင်သီးသလို.. မသေခင်ပြုခဲ့တဲ့ အာရုံ ပြုခဲ့သမျှကံ၊ ဘဝတဏှာများအတိုင်း ပဋ္ဋိသဒေ ယူပြီလား….
ဘယ်ဟာမှ မသေချာ…
နံရံ၏အခြားတစ်ဘက်မှာ ဘာရှိလဲသူမ မသိပါ….
ယုံကြည်ရာ.. မယုံကြည်ရာတွေ ဖယ်ထားပြီး သူမကရော အဖေ့ကိုဘာဖြစ်စေချင်သလဲ…
ဇာတိ၊ ဇရာ၊ ဗျာတိ၊ မရဏတို့ နှိပ်စက်ရာ ခန္ဒာကိုယ် အသစ်တစ်ခု အဖေ့ကိုမရစေချင်တော့ပါ…
သူယုံကြည်ရာဘုရားသခင်ခြေတော်ရင်းမှာ အဖေငြိမ်းချမ်းစွာပျော်ပါစေတော့…
သူမအလှဲ့ကျရင်ကော…
မသိချင်းက ဘုရားပေးတဲ့လက်ဆောင်ဆိုရင်တော့… လိုချင်မှန်း မလိုချင်မှန်းမသေချာသော လက်ဆောင်တစ်ခုနှင့် အတူ ဘာမှန်းမသိသော တစ်နေရာသို့ ဦးတည်လျှက် ဆက်သွားရတော့မှာပေါ့… (နောက်ဆုတ်လို့မှလဲ မရဘဲလေ….)
ရွေးချယ်ခွင့်မရှိတဲ့ဘဝက နဲနဲရက်စက်တာလား… ညှာတာတာလား…..
ဘယ်သူမှလဲသိမယ်မထင်…
36 comments
ခိုင်ဇာ
March 10, 2013 at 11:26 am
ဝါး ရယ်။ စိတ်မကောင်းလိုက်တာကွယ်။
တကယ်ပါ။
ပျောက်နေလို့ ဘာများဖြစ်လို့လဲ စိတ်ပူနေတာ။
ဘယ်လို နှစ်သိမ့်ရမလဲ မသိတော့ဘူးကွယ်။
🙁 🙁
ဦးကြောင်ကြီး
March 10, 2013 at 11:44 am
ပျော်စေသော် ပျော်စေသော် ဘုရားသခင်ထံပါး ပျော်စေသော် ………
ရောက်စေသော် ရောက်စေသော် ဘုရားသခင်ထံပါး ရောက်စေသော် …..
ရစေသော် ရစေသော် ကောင်းချီးမင်္ဂလာ ရစေသော် …………..
ပြုစေသော် ပြုစေသော် ကုသိုလ်အမှု ပြုစေသော် ………..
ဝေစေသော် ဝေစေသော် ရေစက်အမျှရေ ဝေစေသော် ……….
ခေါ်စေသော် ခေါ်စေသော် သာဓုသုံးကြိမ် ခေါ်စေသော် ……
amatmin
March 10, 2013 at 11:49 am
စိတ်မကောင်းပါဘူး Wow ရေ..
ကိုယ်တိုင်မခံစားရသေးပေမဲ့
အတွေးတခုရပါတယ်..
ြိငိမ်းချမ်းတဲ့ တနေရာ ရောက်ပါစေလို့.. 🙁
Crystalline
March 10, 2013 at 11:50 am
Eternal light grant him O’ Lord, and let the perpetual light shine upon him.
May he rest in peace. Amen.
ခင်ခ
March 10, 2013 at 11:51 am
May God bless you.
ကြောင်ဝတုတ်
March 10, 2013 at 12:01 pm
အော် အဖေဆုံးတာ အခုမှပြောရလားဝေါင်းရယ်
လုပ်ထားဦးပေါ့ဟာ
ငါ့အဖေလဲဆေးရုံပေါ်မှာပါဟ
အဲ. ဒီလောပ်ဖြစ်နေတာတောင်
နောက်ချင်စိတ်မပျောက်သေးဘူး
ခင်မင်လျက်
ဖက်ဖက်ကက်
လုံမလေးမွန်မွန်
March 10, 2013 at 12:14 pm
မန့်တာ မတက်သွားဝူး..
ကိုယ်ချင်းစာမိပါတယ် အစ်မရယ်… တကယ် စိတ်မကောင်းပါဘူး… ကိုယ့်ဘဝထဲမှာ..လောကကြီးမှာ မရှိတော့ဘူးဆိုတာ တစ်ခါတစ်လေတော့လည်း လက်ခံရခက်သားလားနော်…. ကောင်းရာမွန်ရာဘဝ ရောက်ပါစေလို့ ဆုတောင်းပေးပါတယ်နော်…
ကိုပေါက်(မန္တလေး)
March 10, 2013 at 12:45 pm
သွားသူကတော့ အချိန်တန်သည်ဖြစ်စေ မတန်သည်ဖြစ်စေ သွားခဲ့ပြီ။
ကျန်နေခဲ့သူ ကျနော်တို့ကတော့ အလှည့်ကို စောင်းဆိုင်းရင်းအချိန်များကို ကုန်လွန်စေခဲ့ကြ။
ယုံကြည်ရာစိတ်အတိုင်း ကောင်းမြတ်ခြင်းတွေခံစားရပါစေဟု
ငြိမ်းချမ်းသောလမ်းကိုသွားနှင့်သူအတွက်
ဒုက္ခတောမှာကျန်ရစ်သူက ဆုတောင်းပေးလိုက်ပါ၏။
ကထူးဆန်း
March 10, 2013 at 12:51 pm
Sorry to hear that . May he rest in peace.
Take care yourself.
မောင် ပေ
March 10, 2013 at 1:06 pm
ကိုယ်ချင်းစာစွာဖြင့်
ကွန်မန် ့ရေးသွားပါသည်
ညလေး
March 10, 2013 at 1:07 pm
မလွန်ဆန်နိုင်သော သဘာဝတရားးး
မိသားစုနှင့်ထပ်တူ ဝမ်းနည်းမိပါတယ် ့
kai
March 10, 2013 at 2:00 pm
၇၁နှစ်မို့.. သာမန်သူတွေထက်ပိုနေရတယ်မှတ်ပြီး.. ဖြေပါနော..
ဝေဒနာခံစားရပုံမရ.. အေးချမ်းစွာ သွားတာမို့.. သာမန်သူတွေထက် ပိုသာတယ် ..ဖြေပါနော…
အားလုံးသွားကြရမယ့်လမ်းပါပဲ.. ကိုယ်လည်းတနေ့သွားရမယ့်လမ်းလို့.. ဖြေပါနော..။
သွားသူ.. မသွားခင်လုပ်ခဲ့..ဖြစ်ခဲ့တာတွေ.. အသိတရားယူ.. သံဝေဂယူ.. ယူစရာတွေယူပြီး.. ကိုယ်တိုင်က.. ရှေ့သို့.. ဆက်လက်သွားပါနော..
ဂန္ဓာရီ ဆြာအုပ်
March 10, 2013 at 2:25 pm
စိတ်မကောင်းပါဘူး ကိုယ်တိုင်လဲခံစားဖူးပါတယ်
တနေ့နေ့ကျရင် အားလုံးလဲ ခံစားကြရမှာပါပဲ
ဖြေနိုင်ပါစေ
ဦးဦးပါလေရာ
March 10, 2013 at 2:43 pm
ကိုယ်တိုင်ကြုံဖူးပြီးသားမို့ စာနာမိပါတယ်..။
လောက ဓမ္မ သဘာဝအတိုင်း အချိန်တန်လို့ အေးအေးချမ်းချမ်း ထွက်ခွာသွားတာလို့ မှတ်ယူဖြေဆည်နိုင်ပါစေကွယ်။
padonmar
March 10, 2013 at 2:44 pm
အန်တီလည်း ဒီသောကကို ခံစားဖူးတာမို့ ကိုယ်ချင်းစာပါတယ်။
ဒီသံသရာက မလွတ်သေးသမျှ ကြုံနေရမယ့် ဒုက္ခတွေပါပဲ။
ကွန်မန့်တွေပြန်စရာလည်းမလိုပါ။
အနည်းဆုံး ဖတ်မိတဲ့အခါ ရွာသူားတွေ သမီးလက်ကို ဆုပ်ကိုင်အားပေးနေကြတယ်လို့ ခံစားနိုင်ပါစေ။
garuda
March 10, 2013 at 2:44 pm
ကြားရတာ…ဝမ်းနည်းပါတယ်ဗျာ..တွေ့ဆုံကြုံကွဲ ဆိုတာ လူ့ဘဝကြီး ပါပဲဗျာ။
အင်း…ကျွန်တော်လည်း…အဖေ့ကို..ပြန်သွားတွေ့..အုံးမှပဲ။
TheWinner
March 10, 2013 at 2:57 pm
wow နဲ့ ထပ်တူ ခံစားမိပါတယ်။ သွားလေသူ အဖေအတွက်လည်း ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးနေမယ်နော်။
koaung
March 10, 2013 at 2:58 pm
ထပ်တူထပ်မျှ ဝမ်းနဲကြေကွဲရပါတယ် ကိုယ်တိုင် မူကြိုစတက်ကထဲက အဖေနဲ့အတူမနေခဲ့ရဘဲ ကြီးပြင်းခဲ့ပေမဲ့ အသက်၃ဝမှာအဖေနဲ့ခွဲခွါစဉ် ရင်ထဲမှာတကယ်ကို ခံစားခဲ့ရပါတယ် (ဒါ့ကြောင့် မိဘမဲ့ကလေးတွေမြင်တိုင်း ငယ်ဘဝကိုသတိရမိပါတယ်)
MAUNG
March 10, 2013 at 5:53 pm
ကောင်းရာ သုဂတိ လားပါစေဗျာ
R.I.P
ရဲစည်
March 10, 2013 at 5:59 pm
စိတ်မကောင်းရာဘဲဗျို့
ကျုပ်အဖေလဲ စနေသား စနေမှာဘဲ မာလကီးယားသွားတာ ၄နှစ်ရှိပြီပေါ့
လူတိုင်းသွားရမဲ့ လမ်းကို အေးအေးငြိမ်းငြိမ်း ထွက်သွားတာ ကောင်းပါတယ်။
အဝေးရောက်နေလို့ …. အနားနီးရင်တော့ … သင်္ကန်းလေးတစ်စုံလောက်ဖြင့်
ကုသိုလ်ပါဝင်ချင်ပါတယ်ဗျာ … လက်ခံမယ်ဆိုရင်တော့ နီးစပ်ရာကတဆင့် လှူပါရစေ …
လေးစားလျှက်
ကိုရင်စည်သူ
March 10, 2013 at 6:03 pm
မဝါးရေ.. ကြားရတာစိတ်မကောင်းပါဘူး.. အဖေက ခရစ်ယာန်ဖြစ်မယ်ထင်ပါတယ်။
ကောင်းကင်ဘုံရဲ့ စောင့်ရှောက်မှုကို ရယူ၍ အေးချမ်းပါစေသတည်း…။
ခုတလော ၇ဝ ဝန်းကျင်နဲ့ ဒိုင်းသွားတာများတဲ့..
ဆုတ်ကပ်ထဲရောက်နေတော့… ကိုရင်တို့အလှည့်က ၆ဝ ထိတောင်နေရပါ့မလား။
တနေ့တနေ့.. ကုသိုလ်၊ပညာ၊ ဥစ္စာ ငါဘာများ ပိုရလာပီလဲလို့ မေးမိပါတယ်ဗျာ..။ 🙄
ဗုံဗုံ
March 10, 2013 at 6:32 pm
စိတ်မကောင်းပါဘူး မမဝါးရယ် ဘာပြောရမှန်းမသိတော့ပါဘူးရှင်
ဦး ကျောက်ခဲ
March 10, 2013 at 6:43 pm
စိတ်မကောင်းစရာပဲ Wow ရေ…
ဦးကျောက်လည်း ကောင်းကင်ပြိုခဲ့ရသူမို့ ကိုယ်ချင်းစာပါတယ်။ ပြုခဲ့ချင်း မပြုခဲ့ချင်းအပေါ် စိတ်ထဲဘာမှ မထားပါနဲ့… ဖခင်ဖြစ်ခဲ့ချင်းအပေါ်ကိုသာ ကျေနပ်စိတ်ထားလိုက်ပါ။ မြေမှုန်ကလာတဲ့သူ… ကောင်းကင်ကိုသွားဖို့ ကိုယ်တော်က အလိုရှိတယ်ဆိုရင် နှစ်သိမ့်နိုင်မယ်ထင်ပါရဲ့။ သူယုံကြည်တဲ့ ကိုယ်တော်ရဲ့မေတ္တာရိပ်မှာ အေးငြိမ်းပါစေ ကောင်းချီးမင်္ဂလာနဲ့ပြည့်စုံပါစေလို့….. အာမင်
pooch
March 10, 2013 at 7:26 pm
” As you comprehend this profound loss,
let yourself cry
knowing each tear is a note of love rising to the heavens “
nicolus agral
March 10, 2013 at 7:54 pm
ထပ်တူထပ်မျှကို ဝမ်းနဲပါတယ်
ကျွန်တော့်အဖေလည်း အသည်းကင်ဆာနဲ့ ဘယ်နေ့လဲလို့စောင့်နေရတာ
ကိုယ်ချင်းစာနိုင်ပါတယ်ဗျာ
ဦးဖွတ်ကျား
March 10, 2013 at 8:16 pm
မသူဇာ ခင်ဗျားအဖေ ကံကောင်းတယ်.
အနည်းဆုံး ခင်ဗျားလ်ညးကံကောင်းတယ်.
မထင်မှတ်ဘဲ ရုပ်ရှင်တကားကြည့်ဖြစ်တယ်
အဲ့သည့်က ဒိုင်ယာလောဂ့်ပါ
မိဘတွေရဲ့ဇာပန ကို သားသမီးတွေ လိုက်ပို့ကြတယ်ဆိုတာ ထုံးစံသဖွယ်ပါဗျာ.
အင်း.
သို့သော် သားသမီးရဲ့ ဇာပန ကို မိဘက ဦးစီးပြီး လုပ်ရတယ်ဆိုတာတော့
မိဘမေတ္တာ စုန်ရေ သဘောတရားအရလည်းကောင်း.
သီးမှည့်တဝင်းဝင်းသီးကင်းတဖြုတ်ဖြုတ် စကားပုံအရလည်းကောင်း.
အလွန်ရင်နာရတဲ့ အဖြစ်မျိုးလို့ တွေးမိပါရဲ့ဗျာ.
အခု မသူဇာ အဖေ သည်လိုပိုရင်နာမယ့်လမ်းကို အနိုင်ပိုင်းကျောခိုင်းနိုင်ခဲ့ပြီ
မသူဇာသည်လည်း သည်လို မိဘထက်အသက်ပိုရှည်အောင်နေနေခြသ်းအားဖြင့် မိဘ ရင်နာမယ့်
ဇာပနတခု. ( ကိုယ်သေတာမဟုတ်ဘဲ ကိုယ့်ရင်သွေးသေတာကို ကိုယိ့လက်ကိုယ့်ခြေနဲ့ စီမံရတဲ့ ဇာပနတခု )
ကို ရှောင်လွှဲ ကျော်ဖြတ်နိုင်ခဲ့တာ တခုနဲ့တင် ေျကနပ်နှစ်သိမ့်ပါစေလိုကြောင်းဗျာ.
P.S. ကျနော် မသူဇာ ကို အမြဲတမ်း စနေ နောက်ပြောင်နေခဲ့ပေမယ့် ဒီတခါတော့ အတည် မန့်တာဖြစ်ပါတယ်
သူ့ကို ခညားအရင်သေရမှာ သေသင့်နေပြီ ဆိုတဲ့သဘောနဲ့မန့်တာမဟုတ်ပါဘူးးး
(ကျနော်က အမြဲ နောက်ပြောင်နေတော့ ကြိုပြောပြထားတာပါ)
ဘာလို့လဲ ဆိုတော့ အိုမင်းမစွမ်းဖြစ်နေတဲ့ သက်ကြားရွယ်အိုကြီးတွေ လျှမ်းလျှမ်းတောက် ကျော်ကြားတဲ့ သက်တမ်းမစေ့ဘဲ
ကြွေလွင့်ရရှာတဲ့ သူတို့ သားသမီး ဆယ်လစိဗရစ်တီ တွေရဲ့ အသုဘတွေ မှာ ငိုနေတဲ့ပုံ ယူကျုံးမရဖြစ်နေပုံ အားတင်းပြီး
နှုတ်ဆက်စကားတွေ ပြောနေ အင်တာဗျူးတွေ ဖြေနေရပုံတွေကိုကြည့်မိလေလေ. ကစတဲ့အတွေးပါဗျာ.
ထပ်ပြောမယ် မသူဇာ. ခင်ဗျားက.
ခင်ဗျားအဖေ စိတ်ချလက်ချ ထားခဲ့နိုင်လောက်တဲ့ အသက်အရွယ် ပညာအရည်အချင်းနဲ့ ဘဝ ဖြတ်သန်းမှုအတွေ့အကြုံ
စိတ်ဓာတ်ခွန်အား ဒါတွေ ပိုင်ဆိုင်တဲ့ အမျိုးသမီးတယောက်လို့ ယုံတယ်ဗျာ.
ကျနော်မယုံတာတော့ ဒီအားပေးစာက ခင်ဗျားအတွက် အသုံးဝင် မဝင်ဆိုတာကိုပေါ့
ခင်တဲ့.
Yours,
ဆိုး-မိုက်-ဗူးးး
MaMa
March 10, 2013 at 8:22 pm
ကြားရတာ စိတ်မကောင်းဖြစ်မိပါတယ် Wow ရယ်။
လူတိုင်းသွားရမှာ ဖြစ်ပေပမယ့် ဖခင်ဆိုတာကတော့ ဘဝမှာ တစ်ယောက်ပဲ ရှိတာမို့ အစားထိုးမရလို့ ပူပန်သောကဖြစ်နေမယ်ဆိုတာကိုလည်း ခံစားမိပါတယ်။
ဒါပေမယ့်လည်း အေးချမ်းသက်သာစွာ ဘဝကူးပြောင်းသွားတယ် ဆိုတာက စိတ်၏ဖြေရာတစ်ခုပါပဲ။
ကောင်းမွန်မြင့်မြတ်ရာ ဘုံဘဝသို့ ရရှိ ရောက်ရှိနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
အရီးခင်လတ်
March 10, 2013 at 8:34 pm
သမီး နဲ့တစ်ကွ ကျန်ရစ်သူတွေအားလုံး နဲ့ အတူ စိတ်မကောင်းဖြစ်မိပါတယ်။
ရောဂါသည်ဘဝ နဲ့ ဝေဒနာ တွေခံပြီး သေမိန့် ကို အကြာကြီး စောင့်နေရတာထက် စာရင် သမီး အဖေလို ဘဝငြိမ်းသွားတာဟာ ကုသိုလ်ကံကောင်းလို့လို့ အရီး တွေးမိပါတယ်။
တကယ်တော့ အရီးတို့ အားလုံးဟာ မွေးပြီး ဘဝ ဖြစ်ကထဲ က သေမိန့် ကျပြီးသားသူတွေပါဘဲ။
အရှေ့က သွားတာနဲ့ နောက်က လိုက်ရတာ အချိန်ဘဲကွာပါတယ်။
ဒီတော့ ရတဲ့အချိန်လေး မှာ ဖြစ်နိုင်သ၍ လောဘ၊ ဒေါသ၊မောဟ နဲနိုင်သမျှ နဲအောင်ထားရင်း အများကောင်းကျိုး လုပ်သွားနိုင်မယ် ဆိုရင်တော့ တန်ဖိုးရှိတဲ့ အချိန်လေးတွေ ကို ပြန်နှမြောနေစရာ မလိုလောက်ပါဘူး။
သမီးပြောသလို နံရံရဲ့ တစ်ခြားတစ်ဖက်မှာ ဘာရှိရှိ ကိုယ်က စိတ်ရှင်းရှင်း နဲ့ လောကကြီးကနေ ထွက်သွားရဲတာပေါ့။
သမီး အဖေလဲ ကောင်းရာသုဂတိ ဖြစ်တဲ့ ဘုရားသခင်ဆီ မှာ အေးချမ်းစွာ နေနေမှာပါ။
koyinmaung
March 11, 2013 at 9:24 am
စိတ်မကောင်းပါဘူး Wow …..
ဘဝမှာ မဖြစ်မနေကြုံတွေ့ရမဲ့ အဖြစ်ဘဲမို့လား…
တို့တွေက ဒီလို့အဖြစ်မျို့ကြုံခဲ့ရပြီးပြီ Wow ရေ…
ကိုယ်ချင်စာ ခံစားသွားပါတယ်….
Wow ဖခင်ကြီး ကောင်းကင်ဘုံမှာ ဘုရားသခင်ရဲ့
ကောင်းချီး ခံစာစံစားနိုင်ပါစေ…..
မဟာရာဇာ အံစာတုံး
March 11, 2013 at 9:29 am
အမဝိုးရေ ..
စိတ်မကောင်းစရာပါပဲဗျာ ..
ဒါမယ့် .. ဒါဟာလည်း
လောကဓမ္မတာ တစ်ရပ်ဖို့ ဖြေသိမ့်ရမှာပါ …
ကောင်းရာသုဂတိ လားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ …
YUYA MON
March 11, 2013 at 9:40 am
REST IN PEACE!
kyeemite
March 11, 2013 at 9:52 am
စိတ်မကောင်းပါဘူး Wow ရေ.. ကိုယ်ချင်းစာပါတယ်
ကျနော့ အဖေလည်း ဒီနှစ်ဇန္နဝါရီလဆန်းကမှ ဆုံးသွားတာ…
အဓိကကတော့ မသေခင် အနီးနားကနေ ပြုစုပေးလိုက်နိုင်ဖို့ရယ်
သွားလေသူမှာ ဝေဒနာပြင်းပြင်းမခံစားရပဲ ညင်ညင်သာသာသွားနိုင်ဖို့ပါ
Wow အဖေ ကံကောင်းတယ်ပြောလို့ရပါတယ်….
ဘုရားသခင်စောင့်ရှောက်ပါစေ…..
Ma Ei
March 11, 2013 at 12:03 pm
စိတ်မကောင်းဖြစ်ရပါတယ် wow ရေ…
အန်တီအိရဲ့အဖေက ၅၁ နှစ်မှာ ဆုံးသွားခဲ့တာ…
ယုံကြည်ရာ ဘဝကူးကောင်းဘို့ ဆုတောင်းပေးပါတယ်…
Moe Z
March 11, 2013 at 1:01 pm
စိတ်မကောင်းပါဘူး မမ Wow ရယ်
ဒါပေမယ့် ဖြေသာအောင်ဖြေပါနော်
ဘဝမှာ နေသင့်သလောက်နေခဲ့ပြီး ဝေဒနာမခံစားရဘူးဆိုရင်
ကံကောင်းပါတယ်လေ .. ကောင်းရာသုဂတိလားပါစေရှင်..
Mon Kit
March 11, 2013 at 1:26 pm
ထပ်တူ ထပ်မျှပါဘဲ Wow ရယ်…
မ လဲ မိဘနှစ်ပါးလုံး မဲ့နေတဲ့သူ ဆိုတော့ ကိုယ်ချင်းစာနာမိပါတယ်…
Wow ဖေဖေ က ကောင်းကင်ဘုံမှာ ငြိမ်းချမ်းစွာ အနားယူနေပါပီ..
ယုံကြည်ထားလိုုက်တော့နော်…….
etone
March 11, 2013 at 3:48 pm
ကြားရတာ စိတ်မကောင်းပါဘူး မမWow ရေ ။
လူတိုင်း တစ်နေ့ သေရမယ်ဆိုတာ သိနေပေမယ့် နှဖူးတွေ့ ဒူးတွေ့ ကြုံတဲ့အခါ ၊ အတော်လေး ဖြေရခက်တဲ့ ရင်ထဲက ဝေဒနာမျိုးပါ အစားထိုး မရတဲ့ ဆုံးရှုံးမှုပါပဲ ။ ဘယ်လို ဘယ်ဝါ မနှစ်သိမ့်တတ်ပေမယ့် ၊ အခုလို ထိခိုက် ကြေကွဲနေတဲ့အ ချိန်မျိုးမှာတောင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိလွန်းတဲ့ စိတ်စွမ်းအားတွေကို အားကျမိပါတယ် ။