“ခွင့်“
ကျွန်မမှာ ခွင့် ဆိုတဲ့ ပိုင်ဆိုင်ချင်တဲ့ စကားလုံးကလေးတစ်လုံးရှိတယ်။ ကျွန်မရဲ့ဘဝမှာ အလိုချင်ဆုံး၊ ရယူပိုင်ဆိုင်ချင်ဆုံး စကားလုံးလေးတစ်ခု။ မြန်မာအဘိဓာန်ထဲမှာ ခွင့်ကို အခွင့်အလမ်း၊ အခွင့်အရေး လို့ဖွင့်ဆိုထားတယ်။ ဒါဆိုရင် ကျွန်မ လိုချင်တဲ့ ခွင့်က ဘာလဲ..။
အဲဒီ ကျွန်မသိချင်တဲ့ ခွင့် ဆိုတဲ့ ဝေါဟာရကြားမှာ လွတ်မြောက်ခွင့်ကို ကျွန်မလိုချင်ခဲ့တာလား။ ဒါမှမဟုတ် ကျွန်မရဲ့ လုပ်ပိုင်ခွင့်တစ်စုံတစ်ရာကို တပ်မက်မောခဲ့တာလားဆိုတာ…..။
သေချာတာကတော့ ကျွန်မမှာ ခွင့်ဆိုတဲ့ စကားလေးတစ်လုံးကို အသုံးပြုခွင့်ကလေးတောင်မရှိသေးဘူးဆိုတာပဲ..။
×××××××××××××××
(၁)
သူ ကွန်ပျူတာ စားပွဲကနေ မထသေးဘူး။ ညနေစောင်းကတည်း ကွန်ပျူတာရှေ့မှာ မော်နီတာနဲ့ မျက်နှာကို အပ်ပြီး ကီးဘုတ်ပေါ် တဂျောင်းဂျောင်းရိုက်နေတဲ့ လက်တွေ ဘာကြောင့် ခုထက်ထိ မနားသေးရတာလဲ။ တကယ်ဆို ရုံးကနေ ပြန်ရောက်လာတဲ့ ကျွန်မကို တစ်ချက်ကလေး လှည့်ကြည့်ပြီး
“ပြန်လာပြီလား ချို“ ဆိုတဲ့ စကားလေးတစ်လုံးဖြစ်ဖြစ် သူပြောသင့်တာပေါ့။ ထားပေါ့။ ခုချိန်မှာ သူ့ကို အနှောင့်အယှက်ပေးသလိုဖြစ်မှာစိုးလို့ ကျွန်မ တီဗွီရှေ့မှာ ငြိမ်ငြိမ်ကလေး ထိုင်နေလိုက်တယ်။ ရီမုဒ်ကိုကိုင်ပြီး ဟိုလိုင်းရွှေ့ ဒီလိုင်းရွှေ့လုပ်နေပေမယ့် တီဗွီအပေါ်မှာ ကျွန်မစိတ်တွေ ရှိမနေဘူး။ ကျွန်မ သိပ်ကြိုက်တဲ့ ကိုရီးယား ဇာတ်လမ်းတွဲကိုတောင် စိတ်မဝင်စားတဲ့အထိ အတွေးထဲမှာ သူနေရာယူနေတယ်။
သူ ဘာတွေများ ဈာန်ဝင်နေတာလဲ။ ဘာအတွေးတွေရထားလို့လဲ။ ဒီလောက်ထိ သည်းကြီးမည်းကြီး အာရုံတွေ ဝင်စားနေရအောင်။ အရင်နေ့တွေတုန်းကလို
“ချိုရေ စာမူကြမ်းလေးဖတ်ပေးပါဦး။ “
ဒါမှမဟုတ်
“ကို တွေးတာကတော့ ဒီလိုရှိတယ်ကွာ..။ ချိုကရော။ ချိုတို့ မိန်းမတွေက တွေးလိုက်ရင်း ထောင့်စေ့တတ်တယ်။ ကူတွေးပေးဦး“ ဆိုတဲ့ စကားတွေတောင် မပြောအားတဲ့သူ။
ကျွန်မ မအောင့်အီးနိုင်တော့တဲ့အဆုံး
“ကို ထမင်းမစားသေးဘူးလား“
သူ မထူးဘူး။ သူ့လက်တွေ မနေမနား ကီးဘုတ်ပေါ် ပြေးလွှားနေတုန်း။
“ကို ထမင်းမစားသေးဘူးလားလို့ ချိုမေးနေတယ်“
“စားနှင့်ကွာ……အရေးထဲ မင်းက တမှောင့်“
ဘာစကားမှ ဆက်မပြောချင်တာနဲ့ ကျွန်မ သူ့အနားက ဖယ်ခွာလာခဲ့တယ်။ ထမင်းစားပွဲမှာ ကျွန်မတစ်ယောက်တည်း ထိုင်ရင်း အဲဒီနေ့က သူ့ကို ထမင်းခေါ်စား “ခွင့်“ကလေး ကျွန်မ မရခဲ့ဘူး..။
×××××××××××××××
(၂)
“ကို ဒီနေ့ အားလား ဟင်“
“ ဒီနေ့.. “
သူ အဲလို စဉ်းစားဟန်ပြုရင် ကျွန်မအတွက်ဆိုတဲ့ သူ့စိတ်ကလေး သူနဲ့ကင်းကွာနေတယ်ဆိုတာ ကျွန်မ သိလိုက်ပြီ။
“ဘာလဲ မအားဘူးလား“
“ဟုတ်တယ် ချိုရဲ့ ဒီနေ့ ကို့ ဧည့်သည်တစ်ယောက်ကို သွားတွေ့စရာရှိနေတယ်“
သေချာတယ်။ သူ ဒီနေ့ တနင်္ဂနွေနေ့ဆိုတာ သူ့အတွေးထဲမှာ ရှိမနေတော့ဘူး။ ရုံးပိတ်ရက်ကလေးမှာ သူနဲ့အချိန်ဖြုန်းခွင့်။ အရင်တုန်းက ကျွန်မအတွက်ဆိုရင် သူ့ရဲ့ရှိသမျှအချိန်တွေအကုန်လုံးကို အသုံးပြုခွင့်ပြုထားခဲ့တဲ့ သူ ဟာ ကျွန်မနဲ့ တဖြည်းဖြည်း ကင်းကွာခဲ့သလိုဖြစ်နေတယ်။
ကျွန်မ ဘာတွေဖြစ်နေတယ်။ ကျွန်မ ဘာတွေကိုခံစားနေတယ်ဆိုတာ သူ စိတ်မဝင်စားဘူး။ သူ့ရဲ့ စာမှ စာ။ ကျွန်မ မြတ်နိုးခဲ့တဲ့ သူ့ရဲ့ အနုပညာဟာ ခုချိန်မှာ ရန်သူသဖွယ်ဖြစ်လာနေတယ်။
ကျွန်မဖတ်ခဲ့တဲ့ သူ့ရဲ့ ကဗျာတွေ၊ သူ့ရဲ့ ဝတ္ထုတွေ။ ခုချိန်မှာ ဘာရသကိုမှ ကျွန်မ မခံစားချင်တော့ဘူး။
“ ဒီနေ့ ဘာနေ့လဲဆိုတာ ကို မသိဘူးလား“
“ ဘာနေ့လဲ ချိုရဲ့ ထူးထူးဆန်းဆန်း“
“ကျွတ်“
ကျွန်မ စုတ်တချက် သပ်မိတာကို သူက မျက်လုံးပြူးကြည့်တယ်။ အဲဒီ နဝေတိမ်တောင် ဟန်တွေနဲ့ ကျွန်မကို ဖမ်းစားမလို့လုပ်တုန်းလား။ ဟိုတုန်းက တနင်္ဂနွေဆိုတာ ကျွန်မဖြစ်ချင်သမျှ ဆန္ဒတွေအားလုံး အကောင်အထည်ဖော်လို့ရတယ်။ ရုပ်ရှင်ကြည့်မလား။ မုန့်သွားစားမလား။ ဒါမှမဟုတ် ကျွန်မရဲ့အမေ အိမ်မှာ တမေ့တမော အချိန်ဖြုန်းမလား။ ရတယ်။ ဘာမဆို ကျွန်မက ဖြစ်ချင်တာဆို
“ချို့သဘောလေ“ ဆိုတဲ့ စကားလုံးကလေးတွေနဲ့ နှစ်သိမ့်ပေးခဲ့တာ။ ဒါတွေဟာ ခုချိန်မှာ ကျွန်မက ပြန်ပြောရင်တောင် ယုံတမ်းပုံပြင်တွေအလား ဖြစ်သွားခဲ့တာ။ သူ ပြောင်းလဲခဲ့တယ်။ ပြောင်းလဲတာမှ အစစအရာရာ အကုန်လုံး။
အခုချိန်မှာ သူ့ရဲ့ မိန်းမဖြစ်တဲ့ ကျွန်မဟာ ဘယ်နေရာမှာ အရေးပါနေသလဲဆိုတာ သူ့ကို မေးချင်နေခဲ့တယ်။
ယောကျာ်းတွေရဲ့ ပါရမီဖြည့်ဖက်ဆိုတာ ဖြည့်ဆည်းပေးရုံသက်သက်ပဲလား။
ဒါဆိုရင် ဒီနေ့လည်း ကျွန်မ အခွင့်အရေးတစ်ခု ဆုံးရှုံးခဲ့ပြန်ပြီ။ အဲဒါဟာ သူနဲ့ လျှောက်လည် “ခွင့်“ ပဲဖြစ်တယ်။
×××××××××××××××
(၃)
ဒီနေ့ ကျွန်မတကယ်အလုပ်များနေတယ်။ လစဉ်ထုတ်ရမယ့် လချုပ်စာရင်းတွေအပြင် မပြီးပြတ်သေးတဲ့ လပတ်အစီရင်ခံစာတွေကို မနက်ကတည်းက တောက်လျှောက် ပရင့်ထုတ်နေရတယ်။ မနက်ကတည်းနေ ခုချိန်ထိ ကျွန်မရဲ့ ဝမ်းထဲမှာ ဘာဆိုဘာမှ မဖြည့်ရသေးဘူး။ ကိုယ်တိုင်ဖျော်သောက်ခဲ့ရတဲ့ ကော်ဖီတစ်ခွက်ကလွဲလို့ပေါ့။ သူ့ကိုကြည့်လိုက်တော့ အေးအေးလူလူ မဂ္ဂဇင်းတစ်အုပ်ကိုဖတ်နေတယ်။ ကျွန်မက မနက်တုန်းက
“ကို ကွန်ပျူတာ သုံးဦးမှာလား ချို လုပ်စရာလေးရှိလို့ “ ဆိုတော့
“လုပ်လေ ချို..။ ကို လည်း စာဖတ်မလို့။ ချို လုပ်စရာရှိတာ တမနက်လုံးလုပ်လို့ရတယ်။ “ တဲ့။
ဟိုတုန်းက ရုံးသွားရုံးပြန် အကြိုအပို့တာဝန်တွေအပြင် ၊ ကျွန်မရဲ့ ရုံးကနေ ရိုက်စရာရှိတဲ့ စာတွေ၊ သွင်းစရာရှိတဲ့ စာရင်းတွေအကုန်လုံး သူပဲ ဒိုင်ခံလုပ်ပေးခဲ့တာတွေ ။ ဒါတွေဟာ ယောကျာ်းတစ်ယောက်အတွက် မိန်းမတစ်ယောက်ရဲ့အချစ်ကိုရဖို့ ပေးဆပ်မှုသက်သက်တွေပဲလား။
ကြည့်လိုက်ရင် မမောမပန်းတဲ့ ဟန်မျိုးတွေနဲ့ ကျွန်မက အားနာစကားဆိုမိရင်
“ချိုကလည်းကွာ ဒီလောက်တော့ အသေးအမွှားပါ။ ကို မပင်ပန်းပါဘူး။ ကိုက ချိုပင်ပန်းမှာကိုပဲ စိုးတာ “ ဆိုတဲ့ စကားလေးတစ်ခွန်းတဲ့နဲ့ ကျွန်မက သူ့ရဲ့ စကားတွေမှာ နစ်မြောသွားခဲ့ရတာပဲ။
ခု ကျွန်မ သိပ်မကျွမ်းကျင်တဲ့ ကွန်ပျူတာတစ်လုံးနဲ့ အလုပ်တွေဇယ်ဇက်သလို ဖြစ်နေတာတော့ ခုတော့ သက်တောင့် သက်သာအနေအထားနဲ့ သူ စာတွေ ဖိုင်ဖတ်နေနိုင်ပြီ။ ဘာကူရဦးမလဲ ချို ဆိုတဲ့ စကားလေး ဒါမှမဟုတ်ရင် နေနေ ကိုလုပ်လိုက်မယ်လေ ချိုက ဘေးကနေ ကူပေါ့ ဆိုတဲ့ စကားလေးတစ်ခွန်းတစ်လေတောင် သူ မဟ။
မျက်စောင်းတစ်ချက် မထိုးနိုင်လောက်အောင် အေးစက်သွားတဲ့ သူ့ရဲ့ အမူအကျင့်တွေဟာ ဟန်ဆောင်မှုတွေနဲ့ ဟိုတုန်းကတည်းက တည်ဆောက်ထားခဲ့လေ သလားလို့ ကျွန်မ ထင်မိနေတယ်။
အဲဒီနေ့ကလည်း ကျွန်မမှာ သူများ လာရောက်ကူညီလေမလားဆိုတဲ့ မျှော်လင့် “ခွင့် “ကလေး ဆုံးရှူံးခဲ့ပြန်တယ်..။
×××××××××××××××
(၄)
ဒီည အိမ်မှာ ကျွန်မတစ်ယောက်တည်း ပျင်းပျင်းရိရိ အထီးကျန်နေတယ်။ တီဗွီကြည့်တော့လည်း စိတ်တွေက အဝေးမှာသာ ပျံ့လွှင့်နေတာလည်း သိတယ်။ ဒီအချိန်ဆိုတာ ပြန်လာဖို့သင့်တဲ့အချိန်ပဲ။ မိန်းမတစ်ယောက်အတွက် တိတ်ဆိတ်ခြောက်သွေ့တဲ့ ညတွေဟာ အန္တရယ်ညတွေနဲ့ တူတယ်လို့ ပြောခဲ့တဲ့ သူက ခုတော့ စိတ်ချလက်ချ ထားသွားရက်တယ်ပေါ့။ ကျွန်မ သူ့ရဲ့ လူပျိုဘဝကို သိမ်းပိုက်လိုက်နိုင်ပေမယ့် သူ့ရဲ့ အသိနဲ့ စိတ်သဏ္ဍာန်တွေကိုတော့ မပိုင်ဆိုင်လိုက်ဘူးလို့ ထင်နေတယ်။ တစ်ချို့ကပြောကြတယ်။
ယောကျာ်းတွေ အိမ်ထောင်ကျသွားရင် သူတို့ရဲ့လွတ်လပ်ခွင့်တွေဟာ အနည်းနဲ့အများတော့ တို့တွေ လက်ထဲရောက်လာခဲ့တာပဲတဲ့။ အဲဒီစကားဟာ ကျွန်မအတွက်တော့ လုံးလုံးမမှန်ဘူး။ ခုပဲကြည့်လေ ကျွန်မက မသွားလို့ရရင် မသွားပါနဲ့လား ကို လို့ တားမြစ်ခဲ့တာတောင်
“ လူမှုရေးကို လစ်လျှူရှုလို့ မရဘူး ချို။ ကို့အပေါင်းအသင်း ကို့ ပတ်ဝန်းကျင်မှာ ကို့ကို လူမှုရေးအားနည်းတယ်လို့ ချိုက အထင်ခံချင်လို့လား “ ဆိုတဲ့ စကားလေးတစ်ခွန်းတည်းနဲ့ ကျွန်မ ကျန်ရစ်ခဲ့ရတယ်။
ဟုတ်တာပေါ့။ ဘာမဆို အလုပ်မှအလုပ် လို့ ခေါင်းထဲသွင်းထားတဲ့ မိန်းမတစ်ယောက်မှာ တစ်ခါတစ်လေ လူမှုရေးတွေကို ပစ်ပယ်ထားမိခဲ့တယ်။ အလုပ်နဲ့အိမ် အပြင် အိမ်ထောင်မှုတာဝန်တွေဟာ ကျွန်မရဲ့ခေါင်းပေါ်မှာ ရွက်ထားတဲ့ ကြီးမားတဲ့ ဝန်ထုပ် ဝန်ပိုးကြီးတွေပေါ့။ နဂိုက အပေါင်းအသင်းနည်းပြီး တစ်ကိုယ်တည်းနေတတ်တဲ့ ကျွန်မမှာ လူမှုရေးဟာ အဓိက ကျမနေဘူး။ သာရေး ၊ နာရေးတွေမှာတောင် မျက်နှာအင်မတန်သိနေတဲ့ အသိအကျွမ်းဆိုမှ ကျွန်မက လူလုံးပြတတ်တာ။ ကျန်တဲ့ လူမှုရေးကိစ္စ အဝဝရဲ့ ဖိတ်စာတွေဆိုတာ သူနဲ့သာ သက်ဆိုင်သွားခဲ့တာ။
သူက တစ်ခါတစ်ခါပြောသေးတယ်။
“လူမှုရေးဆိုတာ အပြန်အလှန် လေးစားမှုနဲ့တူတယ် ချို။ ပတ်ဝန်းကျင်နဲ့နေတယ်ဆိုရင် အဲဒီ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ နေတတ်ရတယ်။ ကိုယ့်အသိုင်းအဝန်းနဲ့ ကိုယ် တစ်ကမာ္ဘဆိုပြီး နေလို့မရဘူး ချို။ စောင့်သိရိုသေခြင်းလို့မမည်ရင်တောင် သိတတ်လိမ္မာခြင်းဆိုတာတော့ လိုအပ်တယ် “ တဲ့။
ဒါဆိုရင် ကျွန်မက လူမှုရေးခေါင်းပါးခဲ့တယ်ပေါ့..။
ဒီည သူ့ သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာဦး ဒင်နာ မှာ သူက ပျော်ပျော်ရွှင်ရွှင်နဲ့ ဆင်နွှဲပျော်ရွှင်နေချိန်မှာ ကျွန်မရဲ့ ရင်ထဲမှာတော့ ခိုးလု ခုလို ခံစားမှုတွေနဲ့ နေမထိထိုင်မတာဖြစ်နေခဲ့ရတယ်။
ဒါနဲ့ပဲ ကျွန်မမှာ တားမြစ် “ခွင့် “ ကလေး လက်လွှတ်လိုက်ရပြန်တယ်လေ.။
×××××××××××××××
(၅)
သူ ရယ်မောနေတာကို ကျွန်မတွေ့နေရတယ်။ ပြုံးရွှင်နေတဲ့ သူ့ရဲ့ဟန်က လူပျိုတုန်းကအတိုင်း လွတ်လွတ်လပ်လပ် ရှိနေတယ်။ ကျွန်မရင်ထဲမှာ ဖြစ်တည်လာတဲ့ ခံစားချက်က ခုချိန်မှာ ဘာဖြစ်နေလဲ။ ဆန့်ကျင်ဘက် မိန်းမသားတစ်ဦးနဲ့ စကားပြောနေတဲ့ သူ့ဟန်က ဘာလို့ တက်ကြွနေရတာလဲ။ ဒါဟာ ကျွန်မတို့နှစ်ယောက်ရဲ့ ဂေဟာပြင်ပမှာ သူ့ရဲ့ စိတ်လွှတ်ထွက်မှုလား။
ကျွန်မအတွေးထဲ မှာ လတ်တလော ဝင်ရောက်လာတဲ့ စိတ်က ဘာစိတ်ဖြစ်နေမလဲ။ မိန်းမတစ်ယောက်ရဲ့ ကိုယ်သိပ်ချစ်တဲ့ ယောကျာ်းတစ်ယောက်အပေါ်မှာ ကျွန်မမဟုတ်တဲ့ မိန်းမတစ်ယောက်အပေါ် တက်ကြွစွာရယ်မောရင်း စကားပြောခွင့်ရနေတဲ့ သူစိမ်းမိန်းမအပေါ် မနာလိုမှုလား။ သဝန်တိုမှုလား။
ကျွန်မရဲ့ ချက်ချင်း မျက်နှာလွဲဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို အတူပါလာတဲ့ သူငယ်ချင်းက သတိထားမိသွားတယ်။ ပြီးတော့ ပြုံးစိစိနဲ့..။ ဒါ လှောင်ရယ်စရာ အဖြစ်အပျက်လား၊ မြင်ကွင်းလား။
“နင်ဘာဖြစ်နေတာလဲ ချို။ နင့်မျက်နှာကြီး မည်းသည်းသွားလိုက်တာဟာ။ “
“ငါ…ငါ ..ဘာဖြစ်နေလို့လဲ “
မလုံမလဲနဲ့ ထစ် ထစ်အအ စကားလုံးတွေက အဆီအငေါ်မတည့်စွာ ထွက်သွားတယ်။
“မိန်းမရယ် ..။ အဲလောက်လဲဖြစ်သွားစရာမလိုဘူးလေ။ နင်မြင်နေတဲ့ မြင်ကွင်းကို ငါလည်း မြင်လိုက်ရတာပဲ။ “
“ဒါဆို ငါက ဘာမှ ခံစားခွင့်မရှိဘူးပေါ့။ ဟုတ်လား အေးမူ “
ကျွန်မရဲ့ မေးခွန်းကို အေးမူက ချက်ချင်းမဖြေဘူး။ ပြီးတော့
“လာပါ ချိုရီရယ် အအေးဆိုင်ခဏထိုင်ရအောင်။ နင့်ရင်ထဲက အပူတစ်ခုကို အအေးတစ်ခွက်ကတော့ တစ်နည်းတစ်ဖုံ ငြိမ်သက်နိုင်မှာပါ။ ပြီးတော့ ငါပြောမယ့် စကားကို ဆက်နားထောင်ပေးပေါ့ “
ကျွန်မ စိတ်နဲ့လူမကပ်တော့ပဲ စောစောတုန်းက သူနဲ့ရယ်မောပျော်ရွှင်စွာ စကားပြောခွင့်ရနေတဲ့ မိန်းမဆီမှာ အတွေးတွေ လိုက်ပါသွားနေတယ်။ သူတို့ ဘယ်သွားကြတာလဲ။ သူတို့ ဘာတွေလဲ။
ဆိတ်ငြိမ်တဲ့ အအေးဆိုင်ကလေးအတွင်းမှာ မျက်နှာသေနဲ့ ငိုင်ကျနေတဲ့ ကျွန်မ ကို အေးမူက စကားဆက်တယ်။
“နင်က နင့်ယောကျာ်းနဲ့ အဲဒီ မိန်းမကို ဘယ်လို ထင်နေတာလဲ “
“ငါမပြောတတ်ဘူး “
“ဒီ မယ် မယ်မင်းကြီးမ..။ ခု မြင်လိုက်ရတာ နင့်ယောကျာ်းရဲ့ သူငယ်ချင်းလည်းဖြစ်နေနိုင်တယ်လေ။ ဆန့်ကျင်ဘက်လိင်နှစ်ဦး စကားရပ်ပြောတိုင်း နင်ထင်ချင်သလို ထင်နေမယ်ဆိုရင် ဟောဒီကမာ္ဘမှာ ရန်ပွဲတွေဆိုတာ ကမာ္ဘစစ်တွေထက်တောင် ဆိုးရွားကုန်မှာပေါ့။ ခု ဖြစ်နေတာ နင် သူတို့ကို သဝန်တိုနေတာ။ နောက် ငါ သိလိုက်တာက လတ်တလောမှာ နင်နဲ့ နင်ယောကျာ်း အနေအေးစက်နေလိမ့်မယ်။ ဟုတ်တယ်မလား “
ကျွန်မ ဝန်မခံခဲ့ပါ။ မီးစတစ်စကို အိမ်အပြင်မထုတ်ချင်သလို..။ အိမ်ပြင်က မီးစ တစ်စကိုလည်း ကျွန်မ အတွင်းကို ယူမသွားချင်တော့ဘူး။
အဲဒီနေ့ နေပူပူမှာ အအေးတစ်ခွက်သောက်ရင်း ပူလောင်စပ်ဖျင်းနေတဲ့ ကျွန်မမှာ မနာလို ဝန်သို “ခွင့် “ကလေး အငွေ့ပျံသွားခဲ့ပြန်တယ်..။
×××××××××××××××
(၆)
မီးရောင် မှိန်ပျပျအောက်မှာ သူ ကျွန်မအနားတိုးကပ်လာတယ်။ အနံ့စူးစူးတစ်ချက်က သူ ဘာဖြစ်နေတယ်ဆိုတာ ကျွန်မကို သိသွားစေတယ်..။ ပိရိသေသပ်နေတဲ့ နှုတ်ခမ်းတစ်စုံမှာ ဒီည ပီသ နေတဲ့ သူ့ရဲ့ စကားချိုချိုတွေ ခိုဝင်မှီတွဲနေပြီထင်တယ်။
“ချို ကို့ကို စိတ်ဆိုးနေတာလား “
“ ဘာကိုလဲ ကို ချိုက ဘာကို စိတ်ဆိုးနေရမှာလဲ “
ကျွန်မရဲ့ မျက်နာ၊ ပြီးတော့ ကျွန်မရဲ့အသံတွေမှာ သူရိပ်မိစေလောက်တဲ့ အပြုအမှုတစ်ချို့ ဖြစ်ပေါ်နေစေခဲ့သလား။ ခုနောက်ပိုင်း သူနဲ့ ကျွန်မပြောဖြစ်ခဲ့တဲ့ စကားတွေဟာ အလုပ်ကိစ္စတွေရယ်၊ နှစ်ဖက်မိသားစုရဲ့ အတွင်းရေးတွေရယ်ပဲ ရှိနေခဲ့တယ်။ သာယာငြိမ့်ညောင်းမှုဆိုတဲ့ အိမ်ထောင်ရေး ရသတွေ ပျောက်ဆုံးသလိုဖြစ်နေတာ ကျွန်မ ဝမ်းနည်းစွာရိပ်မိနေခဲ့တာ ကြာပြီ။ ဒါဆိုရင် သူကရောတဲ့…။
သူ ညတိုင်းစာရေးတယ်..။ သူ့အနုပညာမှာ ၊ သူ ကဗျာမှာ၊ သူ့ ဝတ္ထုတွေမှာ သူက ခံစားမှုတွေအပြည့်။ နောက် ဇာတ်ကောင် တွေရဲ့ နောက်ကို သူက လိုက်ပါစီးမျောနေရုံသာ။
“ချို့အသံကို နားထောင်ရတာ တစ်ခုခုလိုနေသလားလို့။ “
လိုနေတယ်။ ကျွန်မမှာ လိုအပ်ချက်တွေရှိနေသေးတာလား။ ကျွန်မကိုယ် ကျွန်မ ပြုပြင်ပြောင်းလဲခဲ့ရတာတွေ သူနဲ့ပတ်သက်ခဲ့ပြီးမှာ တော်တော်များနေခဲ့ပြီ။ ခွင့်လွှတ်တတ်တဲ့ စိတ်တွေ။ နားလည်ပေးခဲ့တဲ့ စိတ်တွေ။ ကိုယ်ချင်းစားနာတတ်တဲ့ စိတ်တွေ။ ဒေါသကြီးတတ်တဲ့ စိတ်တွေ…။ အို အားလုံး အားလုံး။ ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်စီးဆင်းနေတဲ့ သွေးတွေကိုတောင် ဖောက်ထုတ်ပြောင်းလဲချင်တဲ့အထိ..။
“ကို ဘယ်လို ထင်လို့လဲ။ ချို မှာ ကို့ကို စိတ်ဆိုးခွင့်ရောရှိနေသေးလို့လား “
ကျွန်မရဲ့ စကားအဆုံးမှာ သူ့ ဆတ်ခနဲ ပွေ့ဖက်နမ်းရှုံ့တယ်။ ပြီးတော့…. သူပြောတယ်..။
“ ဆော်ရီး ချိုရေ..။ အိမ်ထောင်ရေးမှာ အချစ်က အဓိကလို့ ကို ထင်နေတာ ။ ချစ်နေဖို့ပဲလိုတယ်ထင်တာ။ ခုတော့ သိပြီ။ အိမ်ထောင်ရေးမှာ အချစ်က အဓိကကျသလိုပဲ အနှောင်အဖွဲ့တွေ၊ အခွင့်အရေးတွေလည်း အရေးပါနေခဲ့တယ်ဆိုတာ။ ချို့မှာ အခွင့်အရေးတွေ ရှိသင့်တယ်ဆိုတာ ချို ဖြစ်နေတဲ့ စိတ်တွေကို ကိုက ဖျတ်ခနဲ ဖတ်မိလိုက်လို့ပဲ။ “
ဘုရားရေ သူ ဘာကို ကျွန်မထံက တွေ့သွားခဲ့သလဲ။ အရင်လို သူဘယ်သွားသွား မစစ်မမေးတော့တာကိုလား။ သူ ဘယ်မိန်းမနဲ့ စကားပြောပြော မျက်နှာသေနဲ့ ကြည့်တတ်ခဲ့တာကိုလား။ သူ ဘာတွေလုပ်လုပ် ဆိတ်ငြိမ်ပေးခဲ့တာကိုလား။
ကျွန်မ ပြန်လည်ရရှိမဲ့ အခွင့်အရေးတွေက ဘာတွေလဲ။
ကျွန်မမရခဲ့တဲ့ ထမင်းခေါ်စား “ခွင့်“ ကိုလား။
ကျွန်မဆုံးရှုံးခဲ့တဲ့ သူနဲ့အတူ လျှောက်လည် “ခွင့် “ကိုလား။
ပြီးတော့ မျှော်လင့် “ခွင့် “
ပြီးတော့ တားမြစ် “ခွင့်“
ပြီးတော့ ဝန်သို“ ခွင့်“
ပြီးတော့ ကျွန်မရဲ့ လုပ်ပိုင်ခွင့်တစ်စုံတစ်ရာဆိုတဲ့ အခွင့်အလမ်းတွေ၊ အခွင့်အရေးတွေကို ရောလား…။
ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ သူ့အတွက်
ပေးဆပ် “ခွင့် “ ကလေးကိုတော့ သေတပန် သက်တဆုံး ပေးဆပ်ချင်နေတော့တာကတော့ အသေအချာပါပဲ…။
သော်ဇင်(လွိုင်ကော်)
Date-11th-March-2013
Time-11:13AM
မှတ်ချက်။ အွန်လိုင်းလင်းရောင်ခြည်စာပေဝိုင်းတွင် တင်ထားပြီးဖြစ်ပါကြောင်း
http://www.facebook.com/groups/onlinelinnyaungkyi/doc/568795229805184/
6 comments
မဟာရာဇာ အံစာတုံး
March 11, 2013 at 8:35 pm
တစ်ခါတစ်ခါ ညီမျှခြင်း မကျတဲ့ ဘဝတွေမှာ ….
“ခွင့်” ဆိုတဲ့ အရာဟာ …
ရင်ထဲမှာပဲ သီးသန့် ဖြစ်တည်တတ်တဲ့ အရာပါ …..။
ဒါနဲ့ … ဟိုနားလေးမှာ ဒီလိုလေး သုံးသွားတာ ခိုက်မိသဗျာ ….
” အဲဒီနေ့ နေပူပူမှာ အအေးတစ်ခွက်သောက်ရင်း ပူလောင်စပ်ဖျင်းနေတဲ့ ကျွန်မမှာ မနာလို ဝန်သို “ခွင့်” ကလေး အငွေ့ပျံသွားခဲ့ပြန်တယ်..။ ”
MaMa
March 12, 2013 at 8:16 am
Before and After တွေနဲ့ `ခွင့်´ ကို သရုပ်ဖော်သွားတာ သဘောကျတယ်။
ခွင့် ဆိုတဲ့ စကားလုံးလေးတစ်လုံးနဲ့ စာကို အလှဆင်သွားတာ အားကျမိပါရဲ့။ :hee:
kyeemite
March 12, 2013 at 10:24 am
`ခွင့်´တဲ့…ဟုတ်တယ်ဗျာ…ခင်ဗျားပို့စ်လေးဖတ်လိုက်ရမှ
ကျနော်လည်း..ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိတော့တယ်..
ငါ မဒမ်မိုက် ကို ဘာ“ခွင့်” တွေ ပေးဖို့ ယုတ်လျော့ နေမိသလဲလို့….
ကျေးဇူးနော…
ခင်တဲ့.. :hee:
လုံမလေးမွန်မွန်
March 12, 2013 at 10:46 am
ကျွန်မကတော့ ရမယ်ဆိုရင် တောင်းဆို “ခွင့်” ဆိုတာလေးကို လိုချင်မိပါတယ်…
ခိုင်ဇာ
March 12, 2013 at 11:41 am
ထမင်းခေါ်စား “ခွင့်“
လျှောက်လည် “ခွင့် “
မျှော်လင့် “ခွင့် “
တားမြစ် “ခွင့်“
ဝန်သို“ ခွင့်“
ပေးဆပ် “ခွင့် “
အဲ ဂလာဒွေ ဘာမှ တောင်းချင်ဘူးရယ်။
တစ်ခုပဲ တောင်း ဆိုရင် ချစ် “ခွင့်” ပဲ တောင်းမယ်။
(အဟမ်း၊ နာ အတော် ဂေါက်နေပါ့လား) :kwi:
နောက်တာပါဗျာ။ ခု ဧပလယ်ပြန်ဖို့ “ခွင့်” မရလို့ ပြန် “ခွင့်” လေးပဲ တောင်းချင်ပါတယ်။
:harr: :harr:
awra-cho
March 12, 2013 at 1:02 pm
မီးဖွားခွင့်လားလို့ပါ၊ နောက်တာဗျို့ စာရေးကောင်းသားပဲ (ကိုယ့်ထက်လုူတိုင်းကောင်းတာပဲ)။ ဆက်ရေးပါဗျို့ အားပေးနေပါတယ်ဗျ