“ချစ်သူပေါင်ကို မွမွလေးထောင်းခြင်း၊မယ်ဘော်တို့၏လုပ်ပွဲနှင့်ကယ်ရီကေးချား”
“ချစ်သူပေါင်ကို မွမွလေးထောင်းခြင်း၊မယ်ဘော်တို့၏လုပ်ပွဲနှင့်ကယ်ရီကေးချား”
(ကယ်ရီကေးချား)
ကျနော်တွင်ငယ်သူငယ်ချင်းတစ်ယောက်ရှိပါသည်။
ငယ်သူချင်းဟုဆိုရခြင်းမှာလဲ ပထမတန်းကျောင်းသားဘဝကပင် ခုံတန်းလျားတစ်ခုထဲမှာ
အတူထိုင်ခဲ့ကြသည်မှာ ဆယ်တန်းရောက်သည်အထိအတူထိုင်ခဲ့သောကြောင့်ဖြစ်ပါသည်။
သူ့ဝါသနာကား ပန်းချီဆွဲခြင်းပေတည်း။
ပန်းချီဆွဲခြင်း အမျိုးမျိုး ထဲမှလူပုံတူ ဆွဲခြင်းကို ပိုမိုနှစ်သက်သူလဲဖြစ်ပေသည်.။
ထိုလူပုံဆွဲခြင်းအမျိုးမျိုးထဲမှာပင် အချိုးအစားမကျနသောလူပုံဆွဲခြင်းကို သာ အထူးပြုသူတည်း။
သူကားအချိန်အားသည်နှင့်ခဲတံတစ်ချောင်းဖြင့်ပုံဆွဲ၍သာနေပေသည်။
ကျနော်ကလည်း ကိုယ်တိုင်သာမျဉ်းတစ်ကြောင်းဖြောင့်အောင်မဆွဲနို်င်သော်လည်း
သူ့ပန်းချီဆွဲသည်ကို အားကျနှစ်သက်မိပေသည်။
သို့သော်သူဆွဲလိုက်သောပုံတူများသည် လှတပတပုံများမဟုတ်ခြေ။
ခေါင်းကြီးကိုယ်သေး ဖြင့်အချိုးအစားမကျန။
သို့သော် သူဆွဲသောပုံကိုကြည့်ရုံဖြင့် ဘယ်သူ့ပုံဆိုတာအတတ်ပြောနိုင်အောင်တူလေသည်။
(နောင်ကြီးမှသိရသည်မှာ ထိုသို့ပုံမကျပန်းမကျ ဆွဲနည်းကို ကယ်ရီကေးချား ဟု ခေါ်ဆိုသတ်မှတ်ကြောင်း)
သူဆွဲပေးထားသော ပုံတူများကို ကျနော်က သိမ်းထားလေ့ရှိပါ၏။
ကျနော်တို့အတန်းသူအတန်းသားများ ဆရာ ဆရာများ၏ပုံတူသာမက
ကျောင်းဈေးသည် ပွတ်စပါးတို့မိသားစု၏ ပုံတူပင်သူ့မှာရှိလေ၏။
ကျနော်က ထိုပုံများကို သက်ဆိုင်သူများအား ပြသောအခါ
အချို့ကလွန်စွာစိတ်ဆိုးကုန်၏။
အချို့ကားရီမောကုန်၏။
အချို့ကား သူများကိုထပ်မပြနိုင်အောင်ဇွတ်လု၍ယူသွားကုန်၏။
အချို့ကားအချင်းချင်း ပွစိကွစိလုပ်ကြလေကုန်၏။
အချို့ကားအတန်းပိုင်ဆရာမကိုတိုင်လေ၏။
ထိုအခါ ဆရာမ၏ကြိမ်စင်္ကြာနှင့်အတူ နောင်ပုံတူမဆွဲရန်ဟူသောဝန်ခံကတိကိုပါ
ပေးလိုက်ရလေပေ၏။
သို့သော်ထိုဆရာမလည်း သူ့အတွက်ဆွဲထားသောပုံကိုမြင်သောအခါ ပြုံးစေ့စေ့ ဖြစ်သွားလေ၏။
သို့သော်လည်း မနှစ်သက်သောအမူအယာဖြင့် မျက်မှန်ကြီးကိုကျော်၍မျက်မှောင်ကုတ်ကာကြည့်လေ၏။
ဆယ်တန်းဟူသောလူ့ဘဝတစ်ဆစ်ချိုးတွင် သူနှင့်ကျနော်ကွဲကွာသွားခဲ့ပေသည်။
တက္ကသိုလ်ကျောင်းသားဘဝတွင်လည်းအခန်းဖော်သူငယ်ချင်းတစ်ယောက်သည်
စာပေဝါသနာပါသူဖြစ်နေပြန်ပေသည်။
ကျနော်ကလည်း သူနှင့်ရောယောင်၍ စာပေဝါသနာဝင်ပါလိုက်လေသည်။
သူကား လူတို့၏စိတ်ကို သရုပ်ဖော်ရန် ဝါသနာကြီးသောသူဖြစ်လေပြန်၏။
စိတ်ကိုသရုပ်ဖော်နိုင်သူဖြစ်သောကြောင့် နာမယ်ပြောင်ပေးရာတွင်တော်ပြန်လေ၏။
သူပေးလိုက်သောနာမယ်ပြောင်များကလဲ လွန်စွာမှပြောင်မြောက်လေ၏။
နာမည်ပြောင်ကြားလို်က်ရုံဖြင့် ဘယ်သူဘယ်ဝါတန်းသိအောင်ပေးနိုင်ပြန်လေသည်။
ထိုကြောင့်တက္ကသိုလ်ကျောင်းသားဘဝတွင် မြင်မြင်သမျှကို နာမယ်ပြောင်လိုက်၍
ပေးကြလေ၏။
တစ်ရက်သောအခါသမယတွင် လွန်စွာမှဂိုက်ပေးကြမ်းသော သူဌေးသား ဖြစ်ပြီး
လှလှ မလှလှ မိန်းမမှန်လျှင် ဇွတ်ဝင်၍ဖွန်ကြောင်တတ်သော၊
အဖေ့မျက်နှာထောက်၍အားလုံးက တသားသားထဲသား၍ ဖင်မနေကြသော
ကျောင်းသားတစ်ယောက်ကို နာမယ်ပြောင်
ပေးလိုက်မိလိုက်သောအခါ ၎င်း၏မိဘဂုဏ်ဆွေမျိုးဂုဏ် ဘာဂုဏ်ညာဂုဏ်အစရှိသည်
တို့ကိုအကြောင်းပြ၍သကာလတိုင်ချက်ဖွင့်လေသောကြောင့်
ရှိရှိသမျှ သော ဆရာကြီးဆရာလတ်ဆရာငယ် ဆရာမကြီး ဆရာမလတ် ဆရာမငယ်အပေါင်းမှ
တူညီစွာအမျက်တော်ရှလေသောကြောင့် ကျောင်းထုတ်မခံရအောင်
ဒူးတုပ်ကန့်တော့၍ဒူးထောက်ကာ တောင်းပန်ခဲ့ရလေသည်။
နောင်တွင်မည့်သူ့မျှ နာမည်ပြောင်မပေးပါဟူသော ဝန်ခံကတိကိုလည်း
လက်မှတ်ထိုး၍ထားခဲ့ရပေ၏။
ထိုရက်မှစ၍ ကျနော်တို့နှစ်ယောက်သည်လည်း “ဒူးတုပ်နှင့်ဒူးထောက်” ဆိုသောအမည်ကိုခံယူလိုက်ရပေသည်။
တက္ကသိုလ်ကျောင်းပြီးသွားသောအခါတွင် သူနဲ့ကျနော်လမ်းခွဲခဲ့ရပြန်လေသည်။
နောင်အနှစ်နှစ်ဆယ်ခန့်ကြာသောအခါ ပန်းချီဆရာ စာရေးဆရာနှင့်ကျနော်တို့သုံးယောက်
မြောင်းနံဘေးတွင်ဖွင့်ထားသော ခပ်စုတ်စုတ်အရက်ပုန်းဆိုင်လေးတွင်အမှတ်မထင်ဆုံမိကြလေသည်။
ကျနော်က ဟိုယောင်ဒီယား ပွဲစားတစ်ယောက်ဖြစ်ပြီး ပန်းချီဆရာကမူ သူ့ဝါသနာအတိုင်း
ကယ်ရီကေးချားရုပ်ပြောင်ရေးသောသူဘဝရောက်၍နာမယ်အပေးကောင်းသူက
သရော်စာအရေးကောင်းသူဖြစ်နေပေတော့သည်။
“ကယ်ရီကေးချားဆိုတာ က သူရဲ့ကိုယ်ခန္ဓာက အထူးခြားဆုံးအစိတ်အပိုင်းကိုယူပြီး
ပုံဖော်ရတာကွ၊
အဲ သူ့စိတ်က သူ့မျက်နှာမှာလာပေါ်တယ်လေ။
အဲဒါကို အမိဖမ်းနို်င်လေလေ သူ့ပုံတူက တန်းပေါ်လေလေဘဲကွ”
“လူတွေ့ရဲ့ စိတ်ကိုက ဖုံးကွယ်တတ်တဲ့ ဟန်ဆောင်တတ်တဲ့သဘောရှိတယ်ဗျာ။
အဲဒါလေးကို ဖျပ်ကနဲမိအောင်ဖော်နိုင် ပေါ်လွင်အောင်ရေးနိုင်တတ်ရင် စတိုင်ယားဆိုတာ
ဖြစ်လာတာပါဘဲ။
တစ်ခါတစ်ခါ အဲလိုရေးလိုက်တဲ့အခါ သူ့မျက်နှာဖုံးကိုခွာချသလိုဖြတ်တတ်တယ်။
သိပ်တိုက်ရိုက်ကျလွန်းလို့ကာယကံရှင်သိသွားရင် ရှော့တော့နည်းနည်းရှိတာပေါ့”
လို့ သဘောတရားရေးရာတွေကိုပြောပြကြသောအခါ့ “အနာပေါ် တုတ်ကျ “
ဆိုသောစကားပုံလေးကိုပြေးမြင်လိုက်မိပါသည်.
အနာပေါ်တုတ်ကျသောအခါ သာမန်ထက်ပိုနာပါသည်။
နာသောအခါ အော်ပါသည်။
လူသိအောင်အော်ခြင်းနှင့်မသိအောင်အော်ခြင်းသာကွာမည်ထင်ပါသည်။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
(မယ်ဘော်…………..)
ကျုပ်တို့ဆွေမျိုးတစ်တွေထဲမှာ အကဲဆုံးဘယ်သူလဲလို့မေးရင် မိစိန်မြကိုလက်ညှိုးထိုးပြကြမှာ
အသေအချာဘဲ။
အထူးသဖြင့်သူ့သားငတွတ်နဲ့ပါတ်သက်ရင်ပိုကဲတယ်ထင်ပ။
ကလေးချင်းရန်မဖြစ်နဲ့ဖြစ်လိုက်ရင် ငတွတ်ပါတယ်။
ငတွတ်ပါတယ်ဆိုရင် မိစိန်မြ ဝင်ပါတော့တာဘဲ။
သူ့သားနဲ့ကစားတဲ့ကလေးတွေကို အော်တော့ငေါက်တော့တာဘဲ။
ကိုယ့်ကလေးထိပြီဆိုတော့ ဟိုဘက်က မိဘကလဲ ဘယ်ခံမလဲ ဝင်ပါတော့တာပေါ့။
အဲတော့ ကိစ္စုကပိုကြီးကုန်ရော။
ရက်လည်းနည်းနည်းကြာရော လူချင်းခြင်းကသာ မခေါ်နိုင်မပြောနိုင်ဖြစ်နေတယ်
သူ့သားငတွတ်နဲ့ကလေးတွက အတူူတူပြန်ကစားနေကြပြီလေ။
ကလေးချင်းရန်ဖြစ်ပြီဆိုတာနဲ့ ဘယ်လိုဖြစ်သလဲမမေးဘဲ
“ငါ့သားကို ဘယ်သူလုပ်လိုက်လဲ” ဆိုတာကြီးကသူ့ပါးစပ်ကအရင်ထွက်တော့တာဘဲ။
ငတွတ်ဆိုတဲ့ကောင်ကလဲ လူလည်။
ကစားကြလို့သူရုှံးရင်လဲ ငိုပြီးသူ့အမေဆီပြေးတာဘဲ။
သူပါရင်ပြဿနာများလွန်းလို့သူ့ကိုအပါမခံရင်လဲ သူ့အမေဆီပြေးတာဘဲ။
သူကသူများကို လုပ်ခဲ့ပြီးရင်လဲ သူ့အမေဆီပြေးတာဘဲ။
လိုက်လဲလိုက်ဖက်တဲ့သားအမိ သူ့သား ငိုလာပြီဆိုတာနဲ့ထွက်လာပါပြီ
မျက်ထောင့်နီကြီးနဲ့
“ငါ့သားကို ဘယ်သူလုပ်လိုက်လဲ”။
ခက်ပြန်တာက ရွာထဲကလူတွေက လဲမိစိန်မြနဲ့ကင်းချင်ပေမယ့်
နေ့တိုင်းမြင်တွေ့နေကြရတာရယ်သားချင်းလဲမကင်းဆိုတော့ အောင့်အီးနေကြရတာပါဘဲ။
သူ့သားငတွတ်ကလဲ သူ့နဲ့ဘယ်သူမှမကစားချင်မှန်းသိပေမယ့် ဇွတ်ဝင်ရောတာပါဘဲ။
မခေါ်ပြန်ရင်လဲ ခက် ခေါ်ပြန်ရင်လဲ ပြဿနာတက်ဆိုတော့ ခေါ်ရတာပါဘဲ။
ခက်တာက မိစိန်မြရယ်။
တစ်ခါတစ်ခါ ကလေးချင်းသင့်သင့်မြတ်မြတ်ကစားနေရင်တောင်မှ
“ငတွတ်ကို ဝိုင်းအနိုင်ကျင့်ရင်တော့ငါနဲ့အတွေ့ဘဲဟေ့”လို့အာကျယ်ပါကျယ်နဲ့
အသားလွတ်ဝင်ပြီးအော်ချင်အော်သွားတာ။
ကြာတော့လည်းသူဒီလိုလုပ်မှန်းသိနေတော့ မသိဟန်ဆောင်ပြီးနေလိုက်ကြတာပါဘဲ။
အင်း အားလုံးစိတ်ထဲတော့ ကြက်တူရွေးကတော်တော် မယ်ဘော်က ကဲနေတယ်လို့ဘဲ သတ်မှတ်ထားလိုက်တာပေါ့။
ကျုပ်ကလဲမိစိန်မြ ကို ကြုံတိုင်းပြောပါတယ်။
ဒီရွာထဲမှာနေကြတာ မကင်းရာမကင်းကြောင်းတွေချည်းဘဲ။
အဲတော့ ကလေးချင်းရန်ဖြစ်ရင်ပစ်ထားလိုက် အချိန်တန်သူတို့ချင်းကပြန်တည့်သွားမှာ။
လူကြီချင်းသာရန်စောင်ပြီးကျန်ခဲ့ကြတာလို့ပြောလဲ မောတာသာအဖတ်တင်တာပါဘဲ။
သွယ်ဝိုက်ပြောလို့ကတော့ ဝေလောဝေး တည့်တည့်ပြောလဲနားထောင်တဲ့မိန်းမ မှမဟုတ်တာ။
ကြာတော့လဲ သိခေါက်ခက်နဲ့ အဝင်နက်တဲ့သူမျိုးကို စိတ်ကုန်တော့ ဖြစ်ချင်ရာဖြစ်ပစ်ထားလိုက်ရော။
တစ်ခါတော့ ထန်းရေမူးလာတဲ့ကောင်နဲ့တွေ့တော့ မိစိန်မြခံလိုက်ရတော့တာပါဘဲ။
ထန်းရေမူးလာတဲ့ ကောင်တွေကလမ်းပေါ်မှာသူ့တို့ဘာသူတို့ပြောဆိုလာကြတာ။
အဲဒိချိန် သူ့သားငတွတ်က လဲ ဘယ်သူနဲ့ဖြစ်လာတယ်မသိပါဘူး
“အမေရေ”ဆိုအော်ဝင်လာတော့ မိစိန်မြ ရွတ်နေကြအတိုင်း
“ငါ့သားကိုဘယ်သူလုပ်လိုက်တာလဲဟေ့” အော်တဲ့ပြီး လမး်းပေါ်ကကောင်ကိုလှမ်းဆဲတော့တာကိုး။
ဟိုကောင်တွေကလဲ မိစိန်မြကိုဘယ်ချိန်ထဲကအမြင်ကပ်နေတယ်မသိပေါင်ဗျာ။
“ခင်ဗျားကြီးရူးနေလား”လို့ပြန်အော်သွားတော့ မှ မိစိန်မြတစ်ယောက်ဆွေ့ဆွေ့ခုန်ကျစ်ရစ်ခဲ့တာပေါ့။
အဲဒီနောက်ခဏတော့ငြိမ်သွားပေမယ့် နောက်တော့လဲအရင်အတိုင်းပါဘဲ။
သူ့သား ငိုသံကြားတာနဲ့ မှားမှား မှန်မှန် ရန်တွေ့မြဲ။
သူ့သားက “အမေရေ “ လို့အော်လိုက်တာနဲ့ အာကျယ်ပါကျယ်လုပ်စမြဲပါဘဲ။
အကျင့်ဆိုတာဖျောက်နိုင်ခဲတာမှ မဟုတ်တာကိုး။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
(လုပ်ပွဲ)
အခုတလောအားကစားဂျာနယ်ကောက်ကိုင်ပြီးမောင်းထုဘို့ရွေးစရာခွင်လေးများ
တွေ့မလားရှာလိုက်ပါတယ် လုပ်ပွဲသတင်းတွေဘဲဖတ်နေရပြန်ပါတယ်။
ကွန်မြူနစ်အကြီးစားလို့ဆိုတဲ့ တရုပ်ပြည်လိုနိုင်ငံမှာတောင်လုပ်ပွဲကန်တယ်ဆိုပြန်တော့
ကမ်းကိုကုန်ရောလို့ တွေးမိပြန်ပါတယ်။
ဟိုမှာလဲ လုပ်ပွဲ ဒီမှာလဲလုပ်ပွဲဆိုတဲ့ ပြဿနာတွေကိုဘဲဖတ်နေရပါတယ်။
ပြီးခဲတဲ့လေးငါးနှစ်လောက်တုန်းကလဲ စီးရီးအေမှာလုပ်ပွဲတွေမိတော့
အတန်းတွေဆင်းအမှတ်တွေဖြတ်လူတွေကိုအပြစ်ပေးခဲ့ရတာတွေတောင်ပြန်သတိရမိပါတယ်။
မှတ်မှတ်ရရ အဲလိုပြဿနာတက်တဲ့နှစ်က အီတလီတောင်ကမ္ဘာ့ဖလားရသွားပါသေးတယ်။
ကျုပ်တို့ဗမာပြည်က နေ ဘာမဆိုင်ဘဲချစ်နေရတဲ့ ဘောလုံးသင်းလဲရှိ အားကစားသမားလဲရှိပါ့။
မိုဟာမက်အလီလုို့နာမယ်ပြောင်းလိုက်တဲ့ ကပ်စီးယပ်ကလေးဆိုတဲ့လက်ဝှေ့သမား
ဘာမဆိုင်ညာမဆိုင်နဲ့ချစ်လိုက်ကြရတာ။
အဲဒီတုံးကများ မြန်မာပြည်လက်ဝှေ့ချန်ပီယံဘယ်သူလဲမမေးနဲ့ မသိဘူး။
ဟဲဗီးဝိတ်ချန်ပီယံတော့သိတယ် အလီ ဘဲ။
ဘော့လုံးဆိုပြန်ရင်လဲ အားပေးလိုက်ရတဲ့ ဘရာဇီး ။
အဲဒီအသင်များရှုံးရင် ကိုယ်အသင်းရှုံးတဲ့အတိုင်းဘဲ စိတ်မကောင်းဖြစ်ကြရတာ.။
ကျုပ်တို့လူမျုးိက သိပ်တော့လဲ လွယ်တဲ့လူမျိုးမဟုတ်ဘူးရယ်။
ပြောလိုက်ရင် ဇာတိပုည ဂုဏ်မာနက ပါးစပ်ဖျားကမချ။
ပြောလိုက်ရင်ကမ္ဘာမကျေ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ရဲ့ မိုက်ရိုင်းထွားကြိုင်းပုံကဘာဖြစ်ညာဖြစ်။
ချစ်ပြလိုက်ရတာ အဲဒီကအင်္ဂလန် ဘောသင်းနဲ့ဘောသမား။
ချစ်လုိုက်ကြရတဲ့ မန်ယူချစ်လို်က်ကြရတဲ့ အာကြီး
ချစ်လိုက်ရတဲ့ ဘက်ခမ်း ချစ်လိုက်ရတဲ့ အိုဝင်
ချစ်လိုက်ရတဲ့ ရူနီ ကျုပ်တို့ဆီကလူတွေအချစ်သဲကြတာများပြောပါတယ်.။
ကျုပ်တို့ဗမာတွေက ချစ်ပြန်ရင်လိုက် သူများလိုက်မမှီ။
အဲ မုန်းချင်ပြန်ပြီဆိုရင်လဲ ခါးခါးသီးသီး။
တကယ့်ကိုအစွန်းရောက်လွန်းပါတယ်။
ဒါကကြုံလို့ပြောတာပါ။
မှတ်မှတ်ရရ ကမ္ဘာဖလားပွဲဘရာဇီးနဲ့ အင်္ဂလန်ရှုံး ထွက်မှာတွေ့ကြတာ။ ကြာတောင်ကြာပြီနှစ်သုံးဆယ်လောက်တောင်ရှိပြီထင်ပါရဲ့။
သိပ်တော့လဲ မမှတ်မိတော့ပါဘူး။
မှတ်မိတာကတော့ အဲဒီပွဲက လုပ်ပွဲကြီးဆိုတာကိုဘဲ။
ဘရာဇီးဆိုတော့ကျုပ်တို့ကလဲအားပေးကြတာပေါ့။
အဲဒီတုန်းကကြည့်ရတာအခုလိုတို်က်ရို်က်မဟုတ်ဘူး။
ဟိုမှာကန်ပြိးလို့တစ်ပါတ်လောက်ကြာမှ ခွေရောက်လာမှကြည့်ရတာလေ။
ဘရာဇီးပွဲဆိုတော့ ဗွီဒီယိုရုံမှာလူတိုးမပေါက်ဘူး။
ပွဲစလို့တစ်ဝက်လောက်လဲရောက်ရော ဆဲကြတော့တာဘဲ။
အဝါဝတ်ထားတဲ့ကောင်က အင်္ဂလန်ဂိုးရှေ့ရောက်နေရင်ရှေ့မကန်ဘူးနောက်ပြန်ပေးရော။
ဂိုးသမားနဲ့နှစ်ယောက်ထဲတွေ့တော့ ဘေးကန်ဘန်ကေး။
သူတို့ကတော့ မသိဘူး ကျုပ်တို့ကြည့်ရတဲ့ကောင်ကကြာလေ လုပ်ပွဲကြီးမှန်းသိလေဘဲ။
အဲတော့ကျုပ်တို့ကဘာလုပ်လဲသိလား။
ထုံးစံအတိုင်း ရုံထဲမှာ ပွက်ပွက်ညံနေအောင်ဆဲကြတာပေါ့။
လုပ်ပွဲဆိုတာ သူတို့ဆီမှာမှ မဟုတ်ဘူး။.
ကျုပ်တို့ဆီလဲရှိတာဘဲ။
အဲလိုလုပ်ပွဲကစားတာကို ကျုပ်တို့ဆီမှာတော့ ခေါက်ဆွဲစားတယ်လို့ခေါ်သဗျ။
လိမ်လိုက်ခေါက်လိုက် ဆွဲပြေးလိုက်လုပ်နေတာကို ပြောတာ။
လုပ်ပွဲကစားရင် သိပ်သိသာတာ။
ကစားနေတဲ့ကောင်က ဘောလုံးနောက်မလိုက်ဘဲလမ်းလျောက်။
ကိုယ့်နား ဘောလုံးရောက်လာရင်ဘေးကန်ထုတ်။
သူများဂုိုးပေါက်ဆီမကန်ဘဲ ဂိုးတိုင်နဲ့တလွဲကန်။
ကိုယ့်လူမလိုက်နိုင်တဲ့နေရာကိုလှမ်းကန်လို့ကန်နဲ့ ထင်တိုင်းကျဲကြတာ။
တစ်ခါတစ်လေ ဒီနှစ်ဘယ်အသင်းကိုအနိုင်ပေးလိုက်ပါဆိုတဲ့ညွန်ကြားချက်
တွေက အထက်ကလာတတ်တော့ လုပ်ပွဲတွေဖြစ်ကုန်တာမဆန်းဘူးဆိုနိုင်ပါတယ်။
အထူးသဖြင့် ဗမာ့လက်ဝှေ့ပွဲတွေမှာ ဒီလိုလုပ်ပွဲတွေပိုတွေ့ရတယ်။
အချို့လက်ဝှေ့သမားကြီးနဲ့ နောက်တက်တွေနဲ့ကလက်ရည်ခြင်းကကွာနေရော။
အဲတော့ ထိုးဘက်မရှိတော့ လက်မညီမှန်းသိရဲ့သားနဲ့ပွဲတွေစဉ်ကြတော့တာပေါ့။
အကြီးသမားလဲလျော့ထိုး အငယ်သမားလဲ မနာစေရပါဘူးလို့မထိုးခင်ကတည်းကညှိထားတာပေါ့။
ပွဲအစ ဟန်တန်ပန်တန်လက်သီးစမ်းရင်းနဲ့တစ်ချက်နှစ်ချက်တော့ထုးိတာပေါ့။
နောက်သုံးချီလောက်လဲရောက်ရော နောင်ထိုးဘက်မရှိမှာစိုးတော့
အကြီးသမားကလဲ မထိအောင်ဘေးချော်ထိုး။
အငယ်ကလဲ နာမှာစိုးတော့ အနားကပ်တာနဲ့ကြမ်းပြင်ပေါ်လှဲချ။
ကြာတော့ ပရိသတ်က မခံနိုင်တော့ ဖိနပ်တွေရေသန့်ဘူးတွေပြောင်းဖူးရိုးတွေ
နဲ့ အားပေးကြတော့တာပေါ့။
အခုခေတ်မှာလဲ ရှိသေးတာဘဲ။
အနာမခံဘဲ ညှိထိုး ထိထိုးလုပ်ကြတာ။
တစ်ချက်လောက်ဟန်ပြထိုးလိုက် ပြိးရင်ဖက်လိုက်။
ခြေထောက်နဲ့ထိလဲ ကြမ်းပြင်ပေါ်လှဲချ။
လက်သီးနဲ့လေဟပ်သွားရင်လဲ ကြမ်းပြင်ပေါ်လှဲချ။
ဆိုင်ပေးလိုက်ပြန်ရင် တစ်ယောက်နဲ့တစ်ယောက်ဖက်ပြီးညှစ်နေ။
တစ်ခါတစ်လေများ
ချိန်နေတာက တစ်မိနစ်
ဖက်နေတာက တစ်မိနစ်
လဲတာက တစ်မိနစ်
ဒါနဲ့ဘဲထိုးချိန် သုံးမိနစ်ပြည်ရော။
တစ်ခုတော့ရှိပါတယ် အခုအချိန်မှာတော့
အဲလိုလုပ်ပွဲမှန်းသိရင် ပွဲရပ်ပြီးစင်ပေါ်က ဆင်းခိုင်းလိုက်တာပါဘဲ။
ကျုပ်ပြောချင်တာက ဘောပွဲဖြစ်ဖြစ် လက်ဝှေ့ပွဲဖြစ်ဖြစ် လုပ်ပွဲကစားရင်
သူတို့ကာယကံရှင်တွေကတော့ သူတို့ကိုယ်သူတို့ စိတ်ထဲမှာထင်နေတာပွဲကြည့်ပရိတ်သတ်က မသိဘူးပေါ့လေ။
ဒါပေမယ့် ပွဲကြည့်ပရိတ်သတ်ကတော့ သူတို့ မူမမှန်တာကိုသိနေတာဘဲဗျ။
လောကကြီးရဲ့နေ့စဉ်ဖြတ်သန်းမူ့တွေထဲမှာလဲ အတူတူပါဘဲ။
ကိစ္စတစ်ခုရယ်လို့ဖြစ်လာရင် သူ့ဘာသာသူ အလိုအလျောက်ဖြစ်တာလား
ကြိုတင်ညှိနိူင်းထားတဲ့ လုပ်ပွဲကြီးလားဆိုတာကို ဘေးက နေတဲ့သူတွေက ပိုမြင်ပိုသိနေတယ်ဆိုတာပါဘဲ။
အဲတော့ လုပ်ပွဲ လုပ်မယ်ကြံရင် သတိထားပေါ့ဗျာ။
ပြောချင်တာကတော့ အခုခေတ်ကလူတွေက မအတော့ဘူးဆိုတာလေးကိုပါ။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
(ချစ်သူ့ပေါင်ကို မွမွလေးထောင်းပေးခြင်း)
လွန်ခဲ့သောနှစ်ပေါင်းများစွာက ကာတွန်းတစ်ခုက စာသားလေးက အခုချိန်ထိခေတ်မီနေသေးတယ်ဆိုတာ
ကိုအံ့ဩစရာတွေ့မြင်နေရပါတယ်။
“ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာ သူများထောင်းတာလောက်မနာဘူး”ဆိုတဲ့စကားလုံးလေးပါ။
ဆရာကြီး ကာတွန်း ဦးဗကလေးထင်ပါတယ်။
(မှားသွားရင်ပြင်ပေးကြပါ)။
အဲဒီဟာလေးကို အသုံးချသွားတာလေးတစ်ခုတော့ ဖောက်သည်ချချင်ပါသေးသဗျာ။
ကျနော်တို့ကိုပညာပေးသွားတာလေးကို ခံလိုက်ရတာလေးပေါ့။
အမှတ်ရစရာလေးဆိုရင်လဲမမှားပါဘူး။
ကျနော်လူပျိုဘဝ အစိုးရအလုပ်ထဲမှာရှိနေစဉ်တုံးကပေါ့။
အတော်လေးကိုတင်းကျပ်ပြီးဝန်ထမ်းတိုင်းရှောင်တဲ့ သင်တန်းလေးကို ကျနော်တက်ဘို့အတွက်
အလှည့်ကျပါတယ်။
မသွားချင်လဲသွား သွားချင်လဲသွား မသွားလို့လဲမရဘူးဆိုတဲ့ခေတ်ပေါ့။
သင်တန်းကာလကတော့ သုံးလကျော်ကျော်တက်ရပါတယ်။
တိုတိုပြောရရင် အဲဒီမှာတက်လို့ တစ်လပြည့်တဲ့အခါ အပြင်ကိုညအိပ်ထွက်ခွင့်ရတာပေါ့။
လာတက်ကြတဲ့လူတိုင်းကလဲ အပြင်ထွက်ခွင့်ရပြီဆိုတာနဲ့ အကုန်ထွက်ပြီးကဲကြတာပါဘဲ။
အဲဒီအချိန်တုံးကအခုလိုဘီယာစတေရှင်တေဘာတွေခေတ်မစားသေးဘူး။
ဘီးအီးလောက် ရမ်လောက်အုပ်ကြရတဲ့ခေတ်ကိုးဗျ။
ကျနော်တို့ ကတော့ သင်တန်းသားချင်းဘဲသွားကြတာပါ။
သင်တန်းဆရာတွေနဲ့ ပလဲနံပ သင့်သူတွေကတော့သူတို့နဲ့သွားပေါ့။
သင်တန်းမှာတော့ခပ်တည်တည် အရက်ဝင်သွားပြီဆိုရင်တော့
တစ်စိတ်တစ်ဝမ်းထဲ တစ်ညီတစ်ညာတည်းဖြစ်ကုန်ကြတာပေါ့။
နောက်တော့လဲဒီဆရာတွေက ဘာလုပ်လုပ် သူနဲ့တွဲတဲ့သူတွေကိုဘဲခေါင်းစဉ်တပ်ခိုင်းတော့တာပါဘဲ။
ဒါနဲ့ဘဲ ကျောင်းဆင်းခါနီးတဲ့အချိန်ရောက်ရော။
သင်တန်းများထုံးစံအတိုင်း အော်တို အော်တက် စာအုပ်တွေလုပ်ကြတာပေါ့။
ဒီစာအုပ်ကို ဆရာတွေနဲ့ အရက်သောက်ဖော်သောက်ဖက် သင်တန်းသားတစ်ယောက်က
တာဝန်ယူပြီးလုပ်ပါတယ်။.
ပိုက်ပိုက်ကတော့ကျနော်တို့သင်တန်းသားတွေ အချုးိကျခံရတာပေါ့။
ဒါလဲကိစ္စမရှိဘူးငွေရေးကြေးရေးကအေးဆေး။
အဲဒီမှာဘာပြဿနာပေါ်လာလဲဆိုတော့ စာအုပ်အဖွင့်မှာသင်တန်းကဆရာတွေက
အမှာစာရေးပြီး စာအုပ်အဆုံးမှာ အဲဒီသင်တန်းသားက နုတ်ဆက်ဆုတောင်းတွေဘာတွေလဲရေးရော
သင်တန်းကလူတွေပွစိပွစိ ဖြစ်ကုန်တာပါဘဲ။
“သူကဘာမို့လို့ရေးရမှာလဲ” တို့
“ ပိုက်ဆံထည့်တာ ငါတို့လဲထည့်ရတာဘဲ” ဘာတို့ဖြစ်တော့
နောက်သံယောင်လိုက်သူတွေကလဲ ဝိုင်းထောက်ခံပေးကြတာပေါ့။
ဒီတော့ လဲ ဇာတ်ရှိန်ကပိုမြင့်သွားတာပေ့ါဗျာ။
ဒါနဲ့ဘဲ လာမယ့် ည ဒင်နာမှာ ဒီအကြောင်းဆွေးနွေးမယ်။
ဘယ်သူက စပြောမယ် ဘယ်သူက ထောက်ခံမယ်။
ဘယ်သူက ထပ်ဆင့်ထောက်ခံမယ်ဆိုပြီးအကြိုညှိုနိုင်းပွဲတွေလုပ်။
စာတန်းတွေရေးပေါ့။
အဲဒီခေတ်က အဲလိုရေးပြီးသားစာကိုပြန်ဖတ်တဲ့ခေတ်ကိုးဗျ။
ဒင်နာနေ့မှာ ထပြီးပြောကြမယ့်သူတွေမှာလဲ
စာရွက်ကိုင်ပြီးအစမ်းလေ့ကျင့်တာတွေလုပ်ထားတာပေါ့။
အားလုံးကလဲ အဲဒီနေ့ရောက်ရင်တော့ ပွဲကြီးပွဲကောင်းကြည့်ရပြီပေါ့။
အားလုံးကလဲ အဲဒီလူကို အမြင်ကပ်နေတော့ ဆော်ပေါ့ လက်ခုပ်တီးမယ်ပေါ့။
အဲဒီလူနဲ့အဖွဲ့ ကလဲ ဆရာတွေကိုပိုင်တော့ နည်းနည်းတော့ ခပ်ကြွကြွလေးကိုးဗျ။
အဲဒီည ဒင်နာခန်းထဲလဲဝင်ရော ခါတိုင်းနဲ့မတူဘဲ နည်းနည်းတော့ တိတ်ဆိတ်နေပါတယ်။
ညနေခြောက် နာရီထိုးလို့သင်တန်းဆရာလဲဝင်လာရော
မကျေနပ်တဲ့အကြောင်းကို တင်ပြမယ်ဆိုတဲ့ကျောင်းသားက မတ်တတ်အရပ်
သင်တန်း ဆရာက လက်ကာပြပြီး
“ဒီနေ့အထူးကိစ္စတစ်ရပ်ရှိတယ်ဗျာ။
ကျနော်အရင်ဆုံးပြောချင်တာကတော့ ရဲဘော်တို့အားလုံးကို ကျနော်က တောင်းပန်ပါတယ်။
ဒီကိစ္စကိုလုပ်ဘို့ ညွန်ကြားတာက ကျနော်ကိုယ်တိုင်ဖြစ်နေတာကိုးဗျ။
အပြင်းထန်ဆုံးပြောရရင်တော့ ပြစ်တင်ရှုံ့ချပွဲလုပ်တယ်လို့ပြောရင်လဲရတယ်ဗျာ။
အကြောင်းရင်းကတော့ ပေးအပ်ထားတဲ့ တာဝန်ကိုအကြောင်းပြပြီး အခွင့်အရေးယူတဲ့ ကိစ္စပါဘဲ။
ခင်ဗျားတို့လဲသိမှာပါ သင်တန်းဆင်းအမှတ်တရစာအုပ်ကို ကသ……..တာဝန်ပေးပြီး
လုပ်ခိုင်းတယ်ဗျာ။
အဲဒါကို သူကအခွင့်အရေးယူတယ် ။
ပေးအပ်ထားတဲ့ လုပ်ပိုင့်ခွင့်ကိုလိုတာထက်ပိုပြီးအသုံးချတယ်ဗျာ။
ကသ……….က စာအုပ်ထဲမှာသူ့နာမည်ထည့်ပြီး နုတ်ဆက်ဆုတောင်းရေးတယ်ဗျာ။
ဒါဘောင်ကျော်တာဘဲ။
သူနဲ့ကျုပ်ရင်းနှီးပါတယ်။
ဒါပေမယ့် မူက မူဘဲ။
ဒီလိုဘောင်ကျော်တာကို ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။
စာအုပ်ကချုပ်ပြိးသားလဲဖြစ်နေတော့ မပြင်တော့ပါဘူး။
ကဲ ကသ…………………အပြင်ထွက်။
အားလုံးကို ခင်ဗျားလုပ်ရပ်မှားယွင်းကြောင်းဝန်ခံပြီးတောင်းပန်ုလိုက်ပါ။
ကဲ ကျနော်ဒီလိုဆုံးဖြတ်တာကို ကျေနပ်ကြပါသလား”လို့မိန့်ခွန်းတွေချွေတာပေါ့။
အဲဒီမှာဗျာ သင်တန်းသား တစ်စု “မကျေနပ်ဘူး”လို့အသံထွက်လာပါတယ်။
ဒီလိုဘောင်ကျော်တာကို ဒီလောက်လေးနဲ့ပြီးသွားရင် နောင်အစဉ်အလာဖြစ်သွားမှာပေါ့တို့။
ဒီလိုလုံးဝမဖြစ်သင့်ဘူးတို့ ဘာညာကွိကွတွေဖြစ်ကုန်တာပေါ့။
ဟိုလူကလဲခန်းမရှေ့ထွက်ပြီးသူမှားတဲ့အကြောင်း
အပြစ်ကိုချေတဲ့အနေနဲ့ ဒီစာအုပ်လုပ်တဲ့ကုန်ကျစားရိတ်အားလုံးသူကဘဲခံမယ်ဆိုတဲ့အကြောင်း
သနားစဖွယ်မျက်နှာလေးနဲ့ပြောပါရော။
အဲဒီမှာဇာတ်လမ်းရဲ့လမ်းကြောင်းက ပြောင်းသွားပါတယ်။
အရင်က သူ့ကိုဖြဲမယ်လို့ လုပ်ထားတဲ့အုပ်စုကတောင်မှ
“အချင်းချင်းတွေဗျာဒီလောက်ထိအနစ်နာမခံပါနဲ့
ခွင့်လွတ်ပါတယ်။
နားလည်မူ့လွဲသွားကြတယ်လို့ဘဲခံယူပါတယ်ဘာတယ်နဲ့ပွဲကပြီးသွားပါတယ်။
သင်တန်းဆရာကတော့ ကျနော်တို့ကို ပြုံးပြုံးကြီးနဲ့ကြည့်နေပါတယ်။
“မကျေနပ်ဘူး ဒီလောက်နဲ့ ပြီးလို့ မရဘူး”လို့
လက်သီးလက်မောင်းတန်းပြီး မကျေအေးနိုင်သူတွေတွေကတော့
အပြင်ထွက်ခွင့်ရတိုင်း အဲဒီသင်တန်းသားနဲ့ အရက်အတူသောက်နေကြတဲ့သူတွေပါဘဲ။
အဲဒီတုန်းကသာ ကျနော်တို့လိုသင်တန်းသာတွေက သာ ထပြီးဝေဖန်မယ်
ကန့်ကွက်မယ်ဆိုရင် ဒီထက် ပိုပြီး ဇာတ်လမ်းကရှည်သွားနိုင်ပါတယ်။
သင်တန်းဆရာက ကြိုတင်အကွက်ချပြီး သူ့လူနဲ့သူပြန်ထောင်းခိုင်းတော့
သူမနာ ကိုယ်နာ ဖြစ်သွားတာပါဘဲ။
အဲဒီသင်တန်းသားက သင်တန်းပြီးတဲ့အခါ စံပြကျောင်းသားဆုတောင်ရသွားပါသေးတယ်။
ပြဿနာပေါင်းများစွာ အဖြစ်အပျက်ပေါင်းများစွာနဲ့ နေ့စဉ်ဖြတ်သန်းနေရာတဲ့အချိန်တိုင်းမှာလည်း
ဒါမျိုးတွေရှိနေမှာအမှန်မုချပါဘဲ။
မှားသွားတဲ့အမှားတစ်ခုကို ရိုးသားစွာတောင်းပန်ုဘို့မကြိုးစားဘဲ ဖြေရှင်းတဲ့နည်းလမ်းလို့ဆိုချင်ပါတယ်။
ဒါပေမယ့်လည်း နေရာအတော်များများမှာ ကိုယ်ချစ်တဲ့သူမနာအောင် ပေါင်လှန်ပြီး မွမွလေး
ထောင်းပေးတဲ့ အဖြစ်အပျက်တွေက တစ်ပုံကြီးပါဘဲ။
ကိုယ်ကသာ လူတွင်ကျယ်လုပ်ပြီးပြောနေပါတယ် ကိုယ်ကိုယ်တိုင်ရော
*ကယ်ရီကေးချား ဘယ်နှစ်ကြိမ်အဆွဲခံရ ပြီးပြီလဲ
*မယ်ဘော် ဘယ်နှစ်ခါလုပ်ဘူးသလဲ
*လုပ်ပွဲရော ဖန်တီးခဲ့ဘူးသလား
*ချစ်သူ့ပေါင်ကိုလှန်ပြီး မွမွလေး ဘယ်နှစ်ခါထောင်းဘူးသလဲလို့ မှန်ကြည့်ပြီးပြန်မေးကြည့်လိုက်တော့
မှန်ထဲက အကောင်ကြီးက ပြန်ဖြေပါတယ်။
“သတ်ချင်သတ်ပစ်လိုက်မပြောဘူး”ပါတဲ့ခင်ဗျား။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
14-3-2013
20 comments
မောင် ပေ
March 16, 2013 at 9:55 am
သည်ပို ့စ်ထဲမှာ အကြိုက်ဆုံး စကားကတော့
“““
“လူတွေ့ရဲ့ စိတ်ကိုက ဖုံးကွယ်တတ်တဲ့ ဟန်ဆောင်တတ်တဲ့သဘောရှိတယ်ဗျာ။
အဲဒါလေးကို ဖျပ်ကနဲမိအောင်ဖော်နိုင် ပေါ်လွင်အောင်ရေးနိုင်တတ်ရင် စတိုင်ယားဆိုတာ
ဖြစ်လာတာပါဘဲ။
တစ်ခါတစ်ခါ အဲလိုရေးလိုက်တဲ့အခါ သူ့မျက်နှာဖုံးကိုခွာချသလိုဖြတ်တတ်တယ်။
သိပ်တိုက်ရိုက်ကျလွန်းလို့ကာယကံရှင်သိသွားရင် ရှော့တော့နည်းနည်းရှိတာပေါ့”
လို့ သဘောတရားရေးရာတွေကိုပြောပြကြသောအခါ့ “အနာပေါ် တုတ်ကျ “
ဆိုသောစကားပုံလေးကိုပြေးမြင်လိုက်မိပါသည်. ”””
မောင် ပေ
March 16, 2013 at 10:00 am
အပြင်မှာ စိန်မြ လို လူနဲ ့တွေ ့ရင်
ကျုပ်လဲ မဆဲပဲ နေနိုင်မှာ မဟုတ်လောက်ဘူးဗျို ့
ဟီဟိ
ဦး ကျောက်ခဲ
March 16, 2013 at 10:16 am
ဟိုက်ရှားဘားလို့ပဲအော်ရမလို… ဗရာဗိုလို့ပဲ မြှောက်ပေးရမလား… ခေတ်နဲ့ စံနစ်ကို ခပ်ပါးပါးလေးလှော်သွားတာ ဆလိုက်ရှိုးနဲ့ တစ်ကွက်ချင်းလှန်သွားသလိုပါပဲ…
ကြည့်သောသူမြင်၏လို့ ပြောရမလိုပါပဲဗျာ…
အဲ… လုပ်ပွဲဆိုလည်း ရသ မြောက်ကြပါစေပေါ့ဗျာ… တစ်ခါတခါ ဒဲ့ ထိုးလို့လည်းဖြစ်တာမှ မဟုတ်တာ…
:kwi:
Mr. MarGa
March 16, 2013 at 11:11 am
တွေးစရာလေးတွေ အများကြီး ပေးသွားပါလားဗျာ
ကိုယ်တိုင် ပြန်မေးလိုက်ပါဦးမယ်
အဲဒီ မေးခွန်းတွေကို
ဦးကြောင်ကြီး
March 16, 2013 at 11:13 am
ခြစ်သူပေါင် မွမွလေး…. သိပ်ကောင်းသဗျ…. ပြောရင်းနဲ မြင်ယောင်လာတယ် ပေါက်မုန့်ကြီး.. ဟင်း.. အိကနဲ ကိုက်လိုက်ရ… :kwi:
စိုင်းထင်ရာ
March 16, 2013 at 11:34 am
ကောင်တော့ ကောင်းတယ်
ရေးထားတာ ဘဝအတွေ့ကြုံတွေနဲ့တူတယ်
တော်တော် ပြည့်စုံသိတာပဲ
ဒါကြောင့် မန်းဓလေ့ ဂဇက်ကသူတွေ နာမယ်ကြီးတာ …
ကိုပေါက်(မန္တလေး)
March 16, 2013 at 1:10 pm
အပြင်လက်တွေ့ဖြစ်နေတာနဲ့ စိတ်ထဲကပေါ်လာတဲ့အတွေးကိုပေါင်းစပ်ပြီးရေးထားတာပါ။
ကိုယ့်အတွေ့အကြုံချည်းဘဲလဲမဟုတ်သလို သူများအကြောင်းသက်သက်လဲမဟုတ်။
ဒါပေမယ့် နေ့စဉ်ဖြတ်သန်းမှူ့မှာကြုံတွေ့နေရတာတွေနဲ့တော့ ထပ်တူ ထပ်မျှပါဘဲ.
ခင်ခ
March 16, 2013 at 3:21 pm
ရေးထားတာလဲ စုံပလုံစိနေတာဘဲ ကိုပေါက်ရယ်။
ဘာလိုမန့်ရင်ကောင်းမလဲ ဆိုပြီး နှစ်ခေါက်လောက်ကိုပြန်ဖတ်လိုက်တော့မှ မန့်စရာအတွေးပေါ်လာတယ်၊
ဒါပေမယ့် မန့်လိုက်ရင်ဖြင့်… ဆိုပြီးတွေးမိပြန်တော့ မန့်တော့ဘူးဗျာ။ လာတော့မမေးနဲ့နော်
“သတ်ချင်သတ်ပစ်လိုက်မပြောဘူး”ပါတဲ့ ခင်ဗျား။
surmi
March 16, 2013 at 3:47 pm
me2
သတ်ချင်သတ်ပလိုက် မပြောဘူး 🙂
သုံးခေါက်ဖတ်ပြီးပြီ
နောက်လူတွေကိုစောင် ့ဦးမယ်
:hee:
ရွှေ ကြည်
March 16, 2013 at 4:05 pm
လေးပေါက် ဘယ်လိုပြောရမလဲမသိတော့ပါဘူး။
တွေးရဦးမယ် အများကြီးတွေးရဦးမယ်ဗျို့ တွေးစရာတွေးပေးတဲ့ပို့စ်ကိုဖတ်မိလေတော့တွေးရပေတော့မယ်။ လုပ်ပွဲတွေကိုတော့ အကြောက်ဆုံးပါပဲဒါပေမယ့်လဲ အမြဲတမ်းရှိနေမှာကတော့လုပ်ပွဲတွေပဲလို့ထင်ပါတယ်လေ 😆 လေးပေါက်မေးသလို ကိုယ့်ဘာသာကိုယ်မေးကြည့်တော့ အဖြေကိုမထွက်သေးတာ
Fall Guy
March 16, 2013 at 6:22 pm
ကိုပေါက်ရေ
အတွေးပါးပါးတော့မဟုတ်တော့ဘူး….။ တစ်ခါတစ်လေတော့လည်း……အင်း……။
အရီးခင်လတ်
March 16, 2013 at 6:46 pm
ပြုံးပြီးဖတ်သွားပါတယ် ကပေါက်ကြီးရေ့။
ဒါနဲ့
လုပ်ပွဲမှာတောင် ဟန်လုပ်ပြီး မထိုးဘဲ တကယ်အသေထိုးမဲ့ သူတွေရှိရင်တော့ အံ့ဩမိမှာ အမှန်ဘဲ။
:kwi:
ကိုပေါက်(မန္တလေး)
March 16, 2013 at 10:01 pm
ကိုလတ်ကြီးရေ
ကျုနော်ပိုစ်တစ်ပုဒ်ရေးတိုင်း ဆိုရှယ်ဝက်ဆိုဒ် လေးငါးခုမှာတစ်ပြိုင်တည်းတင်ပါတယ်။
အချို့ကိုပုံနှိပ်ဘို့ဂျာနယ်တိုက်ကိုပေးပါတယ်။
အဲတော့ မတူညီသောနေရာကလူတွေက ဖတ်ပြီး မတူညီတဲ့ အတွေးတွေနဲ့ကော်မင်းတွေပြန်ပေးကြပါတယ်။
ဝေဖန်မူ့တွေကိုလက်ခံရလေ့ရှိပါတယ်။
လောကကြီးရဲ့ အဖြစ်အပျက်တွေအားလုံးက စိတ်ခံစားမူ့ကိုအခြေခံထားတဲ့ လူသားတွေရဲ့ခဏလေးအတွင်းမှာဖြစ်ပေါ်လာတဲ့စိတ်တွေနဲ့ တုန့်ပြန်တတ်ကြတော့ အကြောင်းတရားခြင်းတူရင်တောင်မှ အကျုးိတရားခြင်းတူချင်မှတူနိုင်ပါလိမ့်မယ်။
ဘာလို့လဲဆိုတော့ ကိုယ့်သဘော ကိုယ်ဆောင် ကိုယ့်သမိုင်းကိုယ်ရေးမို့လို့ပါဘဲ။
ဖြတ်သန်းမူ့ဘဝတစ်လျောက်မှာ ကောင်းခြင်းဆိုးခြင်း (ကိုယ်တို်င်မကောင်းတာခပ်များများ)တွေနဲ့ကြုံဘူးသူတစ်ယောက်အနေနဲ့ အသက်ကြီးလာလေလေ
လောကကြီးမှာ အံ့ဩစရာ နည်းလာလေလေ လို့ဘဲ ခံစားရပါတယ်။
ကိုလတ်ကျနော့်ပိုစ်တွေမှာ ကော်မင်းမပေးတာကြာပေါ့။
ဝင်ဖတ်တယ်ဆိုတာကတော့ သိပါ၏
ကျေးကျေးပါ
aye.kk
March 16, 2013 at 10:21 pm
စိတ်ပြတင်းပေါက်တွေကို..
“ဖွင့်ဟ”…
လှစ်ပြထားလိုက်သလိုပါဘဲ…..။
အရောင်အသွေးတွေစုံနေတဲ့လူ ့စိတ်မနော…
ဖြူဘို ့ဆိုတာက…
မလွယ်လှတာအမှန်ပါ။။
ကိုပေါက်(မန္တလေး)
March 17, 2013 at 11:32 am
မမအေးရေ ဒါကြောင့် စိတ်ရောင်စုံလို့ ဆိုထားပါသဗျာ
မဟာရာဇာ အံစာတုံး
March 17, 2013 at 9:55 am
“ချစ်သူပေါင်ကို မွမွန်လေး ထောင်းခြင်း” ဆိုလို့ …
တအားဂျီး ဆိတ်ဝင်စားတွားဘီး ဝင်ဖတ်ကျိဒါ ….
လူဇိုးဂျီးးး
ဟိုလိုဒွေလားလို့ .. ဟုတ်မှ ဟုတ်ဘဲနဲ့ ….
ချကားမစပ် …
တဂယ့် ချစ်သူပေါင်ကို မွမွထောင်း ထောင်းရင် ဘိုဖစ်မဲ သိဝူးးးနော် ..
စမ်းထောင်းကျိဂျင်လိုက်ဒါ …..
ဘူ အထောင်းခံမဒုန်းဟင်င်င်င် …. 🙄
ကြောင်ဝတုတ်
March 18, 2013 at 1:40 pm
မောင်မောင်ဇာ…
ပါးချခံရတာမမှတ်သေးဘူးလား… ခိခိ
ခင်မင်လျက်-
ဖက်ဖက်ကက်
ကိုပေါက်(မန္တလေး)
March 17, 2013 at 11:33 am
မောင်မောင်ဇာ နံမယ်လေးနဲ့ဆွဲဆောင်လိုက်တာလေ။
padonmar
March 17, 2013 at 5:03 pm
ကျမကတော့ ကယ်ရီကေးချား အဆွဲခံချင်မိတယ်။
နဂို အရပ်ပုပု မျက်စိမှေးမှေး ရုပ်ဆိုးဆိုး ပုံကို ကယ်ရီကေးချားများဆွဲလိုက်ရင်
ဘီလူးမ နေပူမိတဲ့ ရုပ်ထွက်လာမယ်လို့ မှန်းမိပေမယ့်
ကိုယ့်ကို သူများဘယ်လိုမြင်တယ်ဆိုတာလေး အကဲခတ်နိုင်တာမို့လို့
စိတ်မဆိုးတမ်း အဆွဲခံပါမယ်။
နေဝန်းနီ
March 17, 2013 at 8:17 pm
ကျွန်တော်ကတော့ ချစ်သူ့ပေါင် မွမွ လေးထောင်းတာမကြိုက်ဘူး …..။ ဆန်ရင်းနာနာဖွတ်ဆိုတဲ့စကားအတိုင်း အားမနာပါးမနာ စိတ်ထဲကဖြစ်လာတဲ့အတိုင်း ထောင်းချင်နေတာ
အဲသဟာကြောင့်များ ချစ်သူမရှိတာများ ဖြစ်နေလေရော့လား သိပါဘူးဗျာ
လူမုန်းများတဲ့သူ