မျှော်လင့်ခြင်း ညနေခင်းလေး

            မမျှော်လင့်သော နေ့တစ်နေ့ဖြစ်သော်လည်း မျှော်လင့်ခဲ့ဖူးသော ကိစ္စတစ်ခုသည် ကျွန်တော့်ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာချေပြီ။ သို့အတွက်ကြောင့် ဤ မနက်ခင်းသည် ကျက်သရေမင်္ဂလာအပေါင်းနှင့် ခညောင်းစွာရောက်ရှိလာသော နံနက်ခင်းဟု ကျွန်တော် သတ်မှတ်လိုက်သည်။ ထင်မှတ်မထားသော နေ့ပေါင်းများစွာသည် ယခုလိုပဲ ကျွန်တော့် ဘဝတစ်ခုလုံးကို ရုတ်ချည်း ပြောင်းလဲစေခဲ့တတ်သောကြောင့် ဤနေ့သည်လည်း ပြောင်းလဲမှုတစ်စုံတစ်ရာကို ပေးနိုင်မှာလား။

ဘာပဲဖြစ်ဖြစ် ဤမနက်ခင်းတွင် လောလောလတ်လတ် ဝင်သွားခဲ့သော Incoming Call တစ်ခုကတော့ ကျွန်တော့်ကို ရင်ခုန်စေခဲ့မိပြီ။

ထို့ကြောင့် ယနေ့သည် ကျက်သရေမင်္ဂလာအပေါင်း ခညောင်းစွာ ရောက်ရှိလာသော နေ့တစ်နေ့ဖြစ်နေတော့သည်။

(၁)

အတော်အသင့်ကျယ်ဝန်းသော အခန်းထဲတွင် လေးထောင့်စားပွဲတစ်လုံးရှိ၏။ ထိုစားပွဲတွင် လူ သုံးယောက် ထိုင်နေသည်။ တိတ်ဆိတ်စွာ ကျွန်တော် လျှောက်လာသော ခြေလှမ်းတွေ ရပ်တန့်လိုက်သည်နှင့် အမျိုးသမီးတစ်ယောက်၏ ချိုမြိန် သာယာသော နုတ်ဆက်စကားသံကို စတင်ကြားလိုက်ရသည်။

“ထိုင်ပါ မောင်လေး“

“ဟုတ်ကဲ့ မင်္ဂလာပါ ခင်ဗျ“

ကျွန်တော့် နုတ်ဆက်စကားသံကိုကြားတော့ မျက်ခုံးလေးတွေ ပင့်သွားကြပြီး ပြုံးပြကြသည်။ ဤလောက်ဆို ကျွန်တော့်ကို အနည်းငယ်လောက်ဖြစ်ဖြစ် သဘောကျသွားနိုင်ပါပြီ။

“မောင်လေး ကိုယ့်ကိုကိုယ့် မိတ်ဆက်ပေးပါဦး“

စားပွဲ၏ ဘယ်ဘက်ထောင့်ရှိ အမျိုးသမီးတစ်ယောက်က ပြောလာသဖြင့် ကျွန်တော် စကားစလိုက်ပါသည်။

“ကျွန်တော့် နာမည် မောင်စံဝင်းပါ ခင်ဗျား။ တွေ့ရတာ ဝမ်းသာပါတယ် ခင်ဗျာ“

ကျွန်တော့်၏ မိတ်ဆက်စကားသံသည် ထိုမျှသာ။ ဘယ်မှာနေပါသည်။ ဘာညာသရကာတွေတော့ ထည့်မပြောတော့။ မလိုအပ်ဘူး ဟု ကျွန်တော်ထင်သောကြောင့်လည်း ဖြစ်သည်။

“ဒါဆိုရင် မောင်လေးက ဗမာ လူမျိုးတစ်ယောက်ပေါ့“

ညာဘက်ထောင့်ရှိ အရွယ်အားဖြင့် လေးဆယ်ကျော်ရှိနေနိုင်သော်လည်း လှပပျိုမျစ်သော အမျိုးသမီးက ဝင်မေးသည်။

“ဟုတ်ကဲ့ ကျွန်တော် ဗမာ(မြန်မာ)လူမျိုးတစ်ယောက်ပါ“

“ပညာအရည်အချင်းက “

“B.A( History)ပါ“

“မောင်လေး တိုင်းရင်းသား ဘာသာစကားတစ်ခုခုကို ပြောဆိုတတ်သလား၊ ဥပမာ ကယား စကားပေါ့“

“ဟုတ်ကဲ့ မတတ်ပါဘူး“

ထိုအမျိုးသမီး ခေတ္တငြိမ်နေသည်။ ပြီးတော့

“ဇာတိက“

“ဟုတ်ကဲ့ ဒီမြို့ဇာတိပါပဲခင်ဗျ။ “

“ဘယ်မှာနေလဲ“

“မိုင်းလုံးရပ်ကွက်မှာပါ“

“ဟုတ်ပြီ မောင်လေး ကိုခင်မောင်ငြိမ်း ဆက်မေးပါလိမ့်မယ်“

ကျွန်တော်နှင့် မျက်နှာချင်းဆိုင် အလယ်တည့်တည့်တွင် ထိုင်နေသော ဥပဓိရုပ် တည်ကြည့်ခန့်ညားသော အမျိုးသားတစ်ယောက်က နှစ်လိုဖွယ် ပြုံးပြသည်။ ထို လူမေးချလိုက်သော မေးခွန်းက

“ညီလေး ပရဟိတ လုပ်ငန်းကို ဘယ်လို နားလည်ထားသလဲ“

ထိုခဏ၌ အခန်းလေးသည် တိတ်ဆိတ်သွားသည် ဟု ထင်လိုက်မိသည်။

(၂)

“ကျွန်တော် က ပရဟိတ လုပ်ငန်းဆိုတာ အများအကျိုးကိုဆောင်ရွက်ခြင်းလို့ နားလည်ထားပါတယ်။“

“ဟုတ်ပါပြီ။ ညီလေး။ ညီလေး ကိုယ်တိုင်လုပ်ခဲ့ဖူးတဲ့ ပရဟိတ ဆောင်ရွက်မှုတစ်ခုလောက် အစ်ကိုတို့ကိုပြောပြလို့ရမလား“

ကျွန်တော် ချက်ချင်းမဖြေဖြစ်။ ကျွန်တော့်ကိုကြည့်နေကြသော မျက်လုံး သုံးစုံသည် ဆုံမှတ်တစ်နေရာတည်းမှာ စုဝေးသည်။

“ဟုတ်ကဲ့ ကျွန်တော်လုပ်ခဲ့ဖူးတဲ့ ပရိဟတ ဆောင်ရွက်မှုတစ်ခု ရှိပါတယ်။ ကျွန်တော်အရင်လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီမှာ စိတ်တူ ကိုယ်တူ သူငယ်ချင်းတွေ စုဝေးပြီး မိဘမဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းက ကလေး သူငယ်တွေအတွက် လှူဒါန်းမှုတစ်ခု နှစ်နှစ်ဆက်တိုက် ပြုလုပ်ပေးခဲ့ဖူးပါတယ်။“

“ ထိရောက်တယ်လို့ရော ထင်ရဲ့လား“

ထိုမေးခွန်းသည် ရုတ်တရက် ကျွန်တော့်နားထဲတွင် ထော်လော်ကန့်လန့်နိုင်သွားပါသည်။ အဘယ့်ကြောင့်ဆိုသော မိမိလုပ်ခဲ့သော လုပ်ငန်းတစ်ခု မထိရောက်ပဲနှင့် အချိန်ကုန်လူပမ်း မည်သူက ပြုလုပ်ခဲ့ပါမည်လဲ။ သို့သော် ရုတ်ချည်း ကျွန်တော် ရှုထောင့်တစ်မျိုးစဉ်းစားကြည့်သည့်အခါတွင် လက်ခံသူ ဘက်မှ အမှန်တကယ်လိုအပ်ချက်တစ်ခုကို ရခဲ့သလားဟု ဆိုလိုခြင်းဖြစ်မည်ဟု သဘောပေါက်လိုက်သည်။

“ဟုတ်ကဲ့ ထင်ပါတယ်“

“ဘာကြောင့်လဲ“

“ကျွန်တော်တို့ အဖွဲ့လေးက မလှူဒါန်းခင် အရင် Data တွေကောက်ပါတယ်။ ဒီမိဘမဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ အမှန်တကယ် ဘာတွေလိုအပ်နေသလဲ။ ကျောင်းသား/ကျောင်းသူ ဘယ်နှစ်ယောက်ရှိသလဲပေါ့။ အဲဒီ့ကျောင်းသားတွေရဲ့ လိုအပ်ချက်က ဘာဖြစ်မလဲ။ ကျန်းမာရေးလား။ ဒါမှမဟုတ် သင်ထောက်ကူပြု ပစ္စည်းတွေလား။ စဉ်းစားရပါတယ်။ ကျွန်တော်တို့က လတ်တလောလိုအပ်နေတဲ့ ကိစ္စတွေကိုဖြေရှင်းပေးချင်တာ။ ဒါကြောင့် ငွေကြေးသက်သက်ကို စာအိတ်နဲ့ပိတ်မပေးဘူး။ လိုအပ်ချက်တွေကို စာရင်းပြုစုပြီး ကျွန်တော်တို့ကိုယ်တိုင် ကိုယ်ထိလက်ရောက်လှူဒါန်းတယ်။ ကျောင်းသားတစ်ယောက် လိုအပ်နေတာဟာ စာအုပ်ဆိုရင် စာအုပ်ဝယ်လိုက်တယ်ပေါ့။ တကယ်လို့ ငွေကြေးသက်သက်ချည်း လှူဒါန်းလိုက်မယ်ဆိုရင် အကြောင်းပြချက်တစ်ခုခုကြောင့် ဒီကလေးတွေရဲ့ လိုအပ်ချက်တွေက နောက်ဆုတ်သွားနိုင်တဲ့အတွက်ပါ။ ဆိုတော့ ကလေးတွေရဲ့အမှန်တကယ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့အတွက် ထိရောက်တယ်လို့ ထင်ပါတယ်။“

ကျွန်တော့်အဖြေအဆုံးတွင် ထို လူပြုံးသည်။ ပြီးတော့

“မခင်သန္တာ ဆက်မေးပါလိမ့်မယ်“

(၃)

“မောင်လေး စကားတော်တော်ပြောဖူးလိမ့်မယ်ထင်တယ်“

“ဟုတ်ကဲ့ နည်းနည်းပါးပါးပါ “

“မောင်လေး စကားပြောတာကိုကြည့်ပြီး အစ်မခန့်မှန်းလိုက်တာပါ“

အာလုံး တစ်ပြိုင်နက်တည်း ပြုံးမိသွားကြသည်။

“အစ်မမေးချင်တာက မောင်လေး ကျန်းမာရေးကောင်းမွန်ရဲ့လား“

“ဟုတ်ကဲ့ ကောင်းပါတယ်“

“တစ်ချို့ပ ပြင်ကလက္ခဏာတွေကိုကြည့်ရင် ဒေါင်ဒေါင်မြည်ပဲ ပြီးတော့မှ ဥပမာ နှလုံးရောဂါ တို့ဘာတို့ပေါ့ ရှိနေတတ်လို့မေးရတာပါ“

“ဟုတ်ကဲ့။“

“CV Form ထဲမှာ ဖားကန့်ဘက်က ကျောက်မျက်ကုမ္ပဏီတစ်ခုမှာ လုပ်ခဲ့ဖူးတယ်လို့တွေ့ရတယ်တယ်။ ငှက်ဖျားရောဂါရော မောင်လေးမှာရှိသလား“

စေ့စေ့စပ်စပ်နိုင်သော အမျိုးသမီးဟု စိတ်ထဲတွင် မှတ်ချက်ပြုမိသည်။

“မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က မသွားခင်ကတည်းက ကြိုတင်ပြင်ဆင်မှုပြုလုပ်သွားခဲ့တာရယ်။ အနေအထိုင် အစားအသောက် ဆင်ခြင်ခဲ့တာရယ်ကြောင့် ငှက်ဖျားရောဂါ မဖြစ်ခဲ့ပါဘူး။ “

“ကြိုတင်ပြင်ဆင်မှုဆိုတာက ဘာတွေလုပ်သွားခဲ့တာလဲ“

“လိုအပ်တဲ့ ဆေးဝါးတွေပါ။ ဥပမာ- အာတီဆောနစ်လို ဆေးဝါးမျိုး“

အားလုံး ထပ်ပြုံးကြပြန်သည်။ မျက်လုံးတွေ ကျွန်တော့်ထံတွင် စုဝေးလာကြပြန်သည်။ မေးခွန်းတွေ ကျန်နေသေးသလား။ ကျွန်တော်မသိ။ ခေါင်းတွေငုံ့ကာ ခပ်သွက်သွက်လက်ရေးများဖြင့် မှတ်လိုက်ကြပြန်သည်။ ကျွန်တော့်မျက်လုံးက ညာ ဘက်ထောင့်ရှိ အမျိုးသမီး၏ Note Book လေးပေါ်ကို ရောက်ရှိသွားသည်။ ခပ်ရေးရေးလှမ်းမြင်လိုက်ရသည်က ကျွန်တော့်နာမည်အောက်က ကျွန်တော်ဖြေခဲ့သော အဖြေများကို ရေးမှတ်ထား ဟန်တူသည်။ ထိုစဉ်

“ဘယ်လိုဆေးဝါးတွေကို မောင်လေး ဆောင်ထားတတ်သလဲ ပြောပြပါလား“

“ဟုတ်ကဲ့ ပါရာစီတမောလ်လို အကိုင်အခဲပျောက်ဆေးအပါအဝင်၊ ရံဖန်ရံခါဖြစ်တတ်တဲ့ နှာစေး ချောင်းဆိုးရောဂါတွေ အတွက်ပါ စီထွင်းစ်လိုမျိုး၊ ပြီးတော့ ဆောလ်မြူစ်၊ အမောက်ဆလင် စတဲ့ဆေးတွေပါ။“

ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်သည်ကို တွေ့ရသည်။ တစ်ချက်ရေးလိုက်ကြပြန်သည်။

“အဲဒီဆေးဝါးတွေကို ကြားဖူးနာဝနဲ့ ဆောင်ထားတာလား။ ဒါမှမဟုတ် ဆရာဝန်/သို့မဟုတ်/ကျန်းမာရေးဆေး လက်မှတ်ရရှိသူ တစ်ဦးဦးရဲ့ ညွှန်ကြားချက်တွေနဲ့ ဆောင်ထားတာလား။ သိချင်ပါတယ်“

“ဟုတ်ကဲ့ ကျွန်တော်ကိုယ်တိုင်လည်း ကျန်းမာရေးစာစောင်၊ ဂျာနယ်တွေကနေ ဖတ်မှတ်ထားတာတွေရယ်၊ ပြီးတော့ အရင် ကုမ္ပဏီမှာ ကျန်းမာရေး ဆေးပေးခန်းရှိတဲ့အတွက်  အဲဒီဆေးခန်းက ကျန်းမာရေးမှူးတွေရယ်၊ Nursတွေရဲ့ ညွှန်ကြားမှုနဲ့ အချို့ဆေးဝါးတွေကို ဆောင်ထားတတ်တာပါ။ “

“ကောင်းပါပြီ မောင်လေး“

ဒုတိယမ္ပိ တိတ်ဆိတ်သွားသော အခန်းလေး ဖြစ်သွားပြန်ပါသည်။

(၄)

“ဒီတစ်ခါ ဆိုင်ကယ်နဲ့ပတ်သက်တာကို ကိုခင်မောင်ငြိမ်းမေးပါလိမ့်မယ်“

စကားသံဆုံးသည်နှင့် တပြိုင်နက်

“ညီလေး ဆိုင်ကယ် ကောင်းကောင်းမွန်မွန် စီးတတ်သလား“

“ဟုတ်ကဲ့ စီးတတ်ပါတယ်“

“လုပ်ငန်းအတွက် ညီလေးရဲ့ ဆိုင်ကယ်ကို အသုံးပြုနိုင်မလား၊ ချွင်းချက်အနေနဲ့ အစ်ကိုတို့ဘက်က လိုအပ်တဲ့ ဆီတို့၊ ပြင်ဆင်မှုအတွက် ထောက်ပံ့စရိတ်တွေပေးမှာပါ“

“ဟုတ်ကဲ့ အသုံးပြုပေးနိုင်ပါတယ်“

“ဆိုင်ကယ်ရော ပြင်တတ်သလား“

“ဟုတ်ကဲ့   မပြင်တတ်ပါဘူး“

အားလုံး ရယ်ကြပါသည်။ ကျွန်တော်ပြောသော စကားသံတွင် ဟုတ်ကဲ့က အရင်လာပြီး မပြင်တတ်ပါဘူး ဆိုသည့် အပြောသည် တော်တော်လေး ခြားနားပြီးမှ ထွက်သွားသောကြောင့်ဖြစ်သည်။ ဆိုင်ကယ်စီးသူတစ်ယောက်အနေနှင့် ဆိုင်ကယ်ပြင်တတ်ရန် လိုအပ်သည်ဆိုသော်လည်း ကျွန်တော် မပြင်တတ်ပါ။ စက်ကရိယာများကို နှိုက်နှိုက်ချွတ်ချွတ်လည်း မသိသလို ဆီကြွင်း ဆီကျန်တွေ ပေရေမှာလည်း ကျွန်တော် ဆိုးသောကြောင့်ဖြစ်သည်။

“ဘီးပေါက်ရင်တော့ ဖာတတ်မှာပေါ့“

“ဟုတ်ကဲ့ အဲဒါလောက်တော့ လုပ်တတ်လိမ့်မယ်လို့ ထင်ပါတယ်“

ရယ်ကြပြန်သည်။ ထိုမျှလောက်တော့ ကျွန်တော် စွမ်းဆောင်နိုင်ပါလိမ့်မည်။

“ထားပါ..။ တစ်ခု သိချင်ပါတယ် ကယားပြည်နယ်ရဲ့ အဓိက ထွက်ကုန်နဲ့ ထုတ်ကုန်ဟာ ဘာဖြစ်မလဲ“

ခေါင်းထဲတွင် အလုပ်တွေ တော်တော်ရှုပ်သွားသည်။ ထွက်ကုန်နှင့်ထုတ်ကုန်။ ထွက်ကုန်က ဆန်စပါးလား၊ ထုတ်ကုန်က ခဲမဖြူ ၊ အဖြိုက်နက်လား၊ ။ မရေရာ။

“ဟုတ်ကဲ့ ထုတ်ကုန်ကတော့ ခဲမဖြူ၊ အဖြိုက်နက်ပါ။ ထွက်ကုန်ကတော့ ဆန်စပါးလို့ထင်မိပါတယ်။ ကျန်တာတော့မသိပါဘူး။ “

လက်ကလေးတွေ လှုပ်ရှားသွားကြပြန်သည်။

“ညီလေးကို တစ်ခုမေးချင်ပါတယ်။ ကယားပြည်နယ်ရဲ့ စာတတ်မြှောက်မှုပမာဏဟာ အားရစရာကောင်းတယ်လို့ ထင်မြင်မိပါသလား“

မေးခွန်းက အမြင့်ကြီးဖြစ်လာသည်။ ဘယ်လိုဖြေရမလဲ။ ကျွန်တော်တွေ့ကြုံခဲ့ရသော အတွေ့အကြုံးကိုယူပြီး ကျွန်တော့်အမြင် သက်သက်ကို တင်ပြရတော့မည်။ ထို့ကြောင့်

“ကျွန်တော့်အနေနဲ့ဆို အားရစရာမကောင်းပါဘူး“

“ဒါဆို ဘာကြောင့်လဲ“

ထို့သို့အကြောင်းပြချက်မေးလာတော့မည်ဟု တွေးထင်ထားသူပီပီ အဖြေကိုချက်ချင်းပြောလိုက်သည်။

“ကျွန်တော်အရင်လုပ်ခဲ့တဲ့ ကုမ္ပဏီမှာ တိုင်းရင်းသားများပါတယ်။ တော်တော်များများက ကယားပြည်နယ်ကပါ။ အဲဒီမှာ ဘာကိုတွေ့ရသလဲဆိုတော့ တိုင်းရင်းသားတော်တော်များများဟာ မူလတန်းကိုကျော်ပြီး စာမသင်ခဲ့ကြဘူး။ မူလတန်းကိုလွန်ပြီး အလယ်တန်းအဆင့်ကို တက်ရောက်ခဲ့ကြသူတွေကလည်း လက်ချိုးရေလို့ရတယ်။ တော်တော်များများက ရွာတွေက။ တစ်ချို့က အသက် ဆယ့်သုံးလောက်ပဲရှိသေးတယ်။ အလုပ်ကြမ်းလာလုပ်တယ်။ သတ္တုတွင်းကုမ္ပဏီမှာ အလုပ်ကြမ်းသမားတစ်ယောက်ဟာ အသက် ဆယ့်သုံးနှစ်ရှိတယ်ဆိုရင် ဘယ်သူ ယုံမလဲ .။ တကယ်ရှိတယ်။ ဒါနဲ့ ကျောင်းဘာကြောင့် မတက်ခဲ့ကြသလဲဆိုတာ မေးကြည့်တယ်။ တစ်ချို့ ကျောင်းစာကို လုံးဝ စိတ်မဝင်စားတော့လို့၊ တစ်ချို့က မိသားစု စီးပွားရေးချို့တဲ့လို့၊ အလုပ်လုပ်မယ့်လူမရှိလို့ စတဲ့အကြောင်းပြချက်တွေကိုကြားရတယ်။ နောက်တစ်ခုက မြန်မာစကားနားမလည်းတဲ့ သူ၊ လုံးလုံးမပြောတတ်တဲ့သူဆိုပြီး တွေ့ရတယ်။ ဆိုတော့ စာတတ်မြှောက်မှုပမာဏကိုကြည့်ရင် မြို့ပေါ်မှာဆိုတာထက် ရွာတွေမှာ အားရစရာ သိပ်မတွေ့ရဘူး။ ဒါကြောင့်ပါ“

ကျွန်တော့်အဖြေ  ထိရောက်သွားသလားမပြောတတ်တယ်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတာကို တွေ့မြင်လိုက်ရပြန်သည်။

“နောက်တစ်ခု ထပ်မေးချင်ပါတယ်။ ကျန်းမာရေးအသိအနေနဲ့ရော အားရစရာတွေ့မိသလား“

“ဘယ်လိုပြောရမလဲဆိုတော့ ဒါလည်း အားမရပါဘူးဆိုတာပါပဲ“

ရယ်လိုက်ကြပြန်သည်။ ဘယ်ဘက်ကအမျိုးသမီးက ပြုံးပြုံးကြီးကြည့်ပြီး

“ဆိုပါဦး ဘယ်လိုကြောင့်လဲဆိုတာ“

“ဒီလိုပါ အစ်မ ကျွန်တော်တို့ မြန်မာလူမျိုးတွေအနေနဲ့ ဆေးရုံးဆေးခန်းဆိုတာကို နဂိုကတည်း ရှိန်ကြတယ်။ ကြောက်ကြတယ်။

ဆရာဝန် ဆရာမ Nursဆိုတာ ကြောက်စရာကောင်းတဲ့ လူတွေလို့ ကျွန်တော် ငယ်ငယ်ကတောင် ထင်ခဲ့ကြတာ။ တော်ရုံတန်ရုံဖျားနာတာလောက်နဲ့တော့ ဆေးရုံးဆေးခန်း မသွားတတ်ကြပါဘူး။ မြန်မာ ဆေးမြီးတိုတွေလောက်နဲ့ ကုသကြတတ်တာ။

မဖြစ်သာတဲ့အခြေအနေလောက်မှသာ ဆေးရုံးဆေးခန်းကိုသွားကြတာ။ နောက်တစ်ခုက မြန်မာနိုင်ငံရဲ့ ဆေးကုသမှုစရိတ်က မြင့်ပါတယ်။ စီးပွားရေးအဆင်မပြေရင် မကုနိုင်ပါဘူး။ ဆိုတော့ တစ်ချို့ဆုံးရှုံးသွားတဲ့အသက်တွေဟာ ကျန်းမာရေးအသိနည်းတာရယ်၊ ငွေကြေးမဖူလုံတာရယ်ကြောင့်ဖြစ်ရပါတယ်။ တကိုယ်ရည်တကာယအနေနဲ့ ကျန်းမာရေး လိုက်စားမှုကလည်း နည်းပါတယ်။

တစ်ချို့တိုင်းရင်းသားတွေက လူထဲမတိုးတာရယ်။ လူရှိန်နေတာရယ်၊ ကြောက်တတ်တာရယ်ပေါင်းပြီး ဆေးရုံးဆေးခန်းဆို ဝေးဝေးကရှောင်ကြပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းကျန်းမာရေးဟောပြောပွဲတွေလာရင် တစ်ချို့က သိသိသာသာ လစ်ထွက်ကြတာတောင် မြင်ဖူးပါတယ်။ ပညာပေးဟောပြောချက်တွေ နားမထောင်မှတော့ ကျန်းမာရေးအသိဆိုတာ ဝေးပါတယ်။ နောက်တစ်ခုက ဘာကြောင့်အားမရပါဘူးလို့ပြောရတဲ့ အကြောင်းရင်းက ကျွန်တော့်အရင်အလုပ်မှာ ကုမ္ပဏီက ရေလောင်းအိမ်သာတွေကို ကြွေခွက်ကောင်းကောင်းနဲ့ သေသေချာချာဆောက်လုပ်ပေးပါတယ်။

ဒါပေမယ့် တိုင်းရင်းသားတွေ ရေလောင်းရမှန်းမသိပါဘူး အများသုံးအိမ်သာဖြစ်တဲ့အတွက် သွားရင်မြင်နေရပါတယ်။ သန့်ရှင်းရေးလုပ်ဖို့ ရေသုံးရကောင်းမှန်းမသိကြဘူး။ ကြုံရ ကတ်ထူ စက္ကူ၊ တုတ်(ဒုတ်)ချောင်းတွေကို ထည်လဲ သုံးစွဲကြတာတွေ့ရတယ်။ ပြီးတော့ တစ်ချို့ ရေကိုလုံးဝမလောင်းကြပါဘူး။ ဒါဟာ ကိုယ်စွန့်ပစ်တဲ့ပစ္စည်းကို စနစ်တကျ မစွန့်တတ်တာကို ဖော်ပြတာလို့ ကျွန်တော်မြင်မိပါတယ်။

ဒီတော့ ပြောရရင် ကျန်းမာရေးအနေနဲ့ရော တကိုယ်ရေတကာယ သန့်ရှင်းမှုအတွက်ပါ အားမရဘူးလို့ ကျွန်တော် ဆိုချင်ပါတယ်။“

“ကောင်းပါပြီ ညီလေး“

(၅)

ခေတ္တမျှတိတ်ဆိတ်နေကြပါသည်။ ဘာမေးခွန်းများထွက်လာမလဲဆိုပြီး ကျွန်တော်က မျှော်တလင့်လင့်နိုးနှင့်စောင့်နေ ရသည်။ ယခုလို အင်တာဗျူးရမည်ဟု ကျွန်တော် တွေးမထင်ခဲ့။ သူငယ်ချင်းတစ်ယောက်ထံမှ နေ၍ CV တင်ခဲ့ခြင်းဖြစ်သည်။ ဘယ်အတွက်လျှောက်ထားသည်ကို မသိရဘဲ Project ငယ်တစ်ခုလောက်သာသိထားသည်။ လျှောက်ထားသော အဖွဲ့အစည်းသည် NGO အဖွဲ့အစည်းတစ်ခုဆိုတာလောက်တော့ အကြမ်းဖျင်းသိထားသည်။ အကယ်၍ အင်တာဗျူးဖြေရမည်ဆိုလျှင် မေးမြန်းနိုင်မည့် မေးခွန်းများကိုလည်း ကြိုတင် စဉ်းစားထားခြင်းမရှိခဲ့။ ထို့ကြောင့် ခပ်အေးအေးနေထားခဲ့သည်။ ယုတ်စွအဆုံး အဖွဲ့အစည်း၏ လုပ်ငန်းဆောင်တာများကိုတောင် ကျွန်တော် မသိခဲ့ပါ။သို့သော်လည်း ယခုပင် ကျွန်တော်သည် အင်တာဗျူးအခန်းထဲမှာ…။

“လွန်ခဲ့တဲ့ခြောက်နှစ်က အနေအထားနဲ့ ခု မြို့ရဲ့အနေအထားက တိုးတက်လာတယ်လို့ထင်မြင်မိသလား။ပြီးတော့ အရင်တုန်းက အမည်းရောင်နယ်မြေအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ အစ်မတို့ ပြည်နယ်ဟာ အေးချမ်းလာပြီလို့မြင်မိသလား။ လုံခြုံတယ်လို့ရော ခံစားရသလား။ ဘာကြောင့်လဲ“

“တိုးတက်လာတယ်လို့ မြင်မိပါတယ်။နောက်တစ်ခုက အေးချမ်းလာတယ်လို့လဲ ခံစားရပါတယ်။ လုံလည်း လုံခြုံလာတယ်လို့ ခံစားရတယ်။ ဘာကြောင့်လဲဆိုတော့ ခု ပွင့်လင်းမြင်သာလာတဲ့အနေအထားမှာ ကျွန်တော့်တို့မြို့ကလေးရဲ့ အနေအထားက အားရစရာကောင်းလာတယ်။ အရင်တုန်းက မြို့လည်ခေါင်ရပ်ကွက်တွေရဲ့လမ်းတွေဟာ ကျင်း၊ ချိုင့်တွေနဲ့ သွားရလာရ မကောင်းလှပါဘူး။ ခုတော့ တဖြေးဖြေး ကောင်းမွန်လာတာကိုတွေ့ရတဲ့အပြင် ပြင်ဆင်နေကြတဲ့ လမ်းပိုင်းတွေဟာ အားရစရာကောင်းလာပါတယ်။ နောက်တစ်ခုက မငြိမ်းချမ်းခဲ့တဲ့ ကျွန်တော်တော့ပြည်နယ်မှာ ခု ငြိမ်းချမ်းရေးဆွေးနွေးပွဲရလဒ်က အကောင်းဘက်ကို တောင်လွန်ခဲ့ပြီလို့ ခံစားရတဲ့အတွက်ကြောင့် လုံခြုံတယ်လို့  ကျွန်တော်ပြောခြင်းဖြစ်ပါတယ်“

နောက်မေးခွန်းတစ်ခု ဖြေဆိုရန် အဆင်သင့် အနေအထားနှင့် ကျွန်တော် စောင့်နေလိုက်သည်။

“မောင်လေးကို Leader တစ်ယောက်အနေနဲ့ခန့်လိုက်မယ်ဆိုရင် အဲဒီ ကိုယ် Leaderလုပ်ရမယ့် အဖွဲ့ကလေးကို ဘယ်လို အောင်မြင်အောင်လုပ်မလဲ“

“အဖွဲ့တစ်ဖွဲ့ချင်းစီးမှာ စည်းလုံးမှုက အဓိကကျပါတယ်။ နောက်အချက်အနေနဲ့ စည်းကမ်းရှိဖို့ကလည်း လိုအပ်ပါတယ်။ တစ်ဦးတစ်ယောက်ကောင်းရုံနဲ့ အဖွဲ့အစည်းတစ်ခု မအောင်မြင်ပါဘူး။ တစ်ယောက်တစ်လှမ်းလျှောက်၊ တစ်ယောက် တစ်ပေါက်လုပ်နေရင်လည်း အဖွဲ့ဟာ နှီးပြေနေတဲ့ ဝါးစီးကြီးလို ဖရိုဖရဲနိုင်နေပါလိမ့်မယ်။ ဒီတော့ ဒီအဖွဲ့အပေါ် ဘယ်လို ထိန်းနိုင်မလဲဆိုတာကို အရင်ဆုံးစဉ်းစာရပါမယ်။ နောက် ဆွေးနွေးဝေဖန်ပေးခြင်းနဲ့အဖွဲ့ရဲ့နွေးထွေးမှုကိုရယူပြီး စုပေါင်းလုပ်ဆောင်အားနဲ့ တိုးတက်အောင်လုပ်ယူရပါမယ့်။ ငါ့ Leaderပဲဆိုတဲ့ စိတ်နဲ့ တကိုယ်ကောင်းသွားနေရင် မအောင်မမြင်ပါဘူး။ ကျွန်တော့်အနေနဲ့ဆိုရင် အဖွဲ့ရဲ့ ရင်းနှီးမှုကိုရယူပြီး အပြန်အလှန် ဆွေးနွေးလုပ်ဆောင်ခြင်းနဲ့အဖွဲ့ကို အောင်မြင်အောင် လုပ်ပါမယ်“

“ကောင်းပါပြီ မောင်လေး ကျေးဇူးပါ“

(၆)

မေးခွန်းကတော့ ဆုံးသွားခဲ့ပြီ။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျှက် ကျွန်တော့်ကို ပြုံးပြကြပြန်သည်။ ကျွန်တော်လည်း ပြုံးရလွန်းသဖြင့် မျက်နှာကြောတွေ တောင် သေချင်နေပြန်သည်။

“ညီလေးက အချိန်မရွေး ဒီက ခေါ်ရင် လုပ်နိုင်ပါ့မလား“

ဒါကျွန်တော့်အတွက် နောက်ဆုံးမေးခွန်း။

“ဟုတ်ကဲ့ ပြောရရင် ကျွန်တော် တော်တော်လေးကို အားနေတာ ခင်ဗျ“

“ညီလေးရဲ့ ဖုန်းနံပါတ်ကလေး တစ်စိတ်လောက်“

“ဟုတ်ကဲ့ ဝ၉- – – – – – – – -“

ပြီးသွားခဲပါပြီ။ ကျွန်တော့်ရဲ့ အင်တာဗျူး တစ်ခု။ စုစုပေါင်း ကြာချိန် မိနစ်သုံးဆယ်..။ ရိုကျိုးစွာ နုတ်ဆက်ပြီးအပြန် ကျွန်တော့်နောက်ကျောဆီတွင် မည်သည့်အရာမျှ သယ်ပိုးထားခြင်းမရှိတော့။ ကျန်ခဲ့ပြီ အတွေးများ။ ထိုအခန်းထဲတွင် ခုန်ပေါက်နေပါလိမ့်မည်။ သို့သော် ကျွန်တော် ့မျှော်လင့်ချက်ကလေး ထိုအခန်းထဲမှာ ကျန်မနေခဲ့ဘူး ဟု မပြောနိုင်ပါ။

ညနေခင်းသည် တရွေ့ရွေ့ မဟူရာရောင်အခန်းထဲ တိုးဝင်နေသည်။ အင်တာဗျူးအခန်းထဲက မထွက်ခင် စကားတစ်ခွန်းကို ပြန်လည်ကြားယောင်မိသည်။

“ဒီနေ့ ညနေ ၅နာရီလောက် အစ်မတို့ဘက်က အကြောင်းပြန်ပါ့မယ် မောင်လေး“ ဟူသည့်စကား။

နားထဲတွင် တဝဲလည်လည်နှင့်။ လက်ကိုင်ဖုန်းကလေးကို အရိပ်တကြည့်ကြည့်ဖြင့် မြတ်နိုးစွာကြည့်ဖြစ်နေသည်။ ဘာကိုမျှမလုပ်ပဲ အခန်းထဲတွင် မျှော်လင့်ခြင်းတွေနှင့် နပမ်းလုံးလျှက် ညနေခင်းကို ဖြတ်ကျော်နေမိသည်။

ဘဝတွက် ဆိုခြင်းထက် လတ်တလော ကျွန်တော့်၏ ပထမဆုံး အင်တာဗျူးတစ်ခု ပြီးဆုံးခဲ့သော်လည်း မပြီးသေးသော ကျွန်တော့် မျှော်လင့်ချက် ခရီးသည် နွမ်းလျှစွာ လျှောက်နေရတုန်းဖြစ်သည်။

ဖုန်းသည် ခုချိန်ထိ မည်သို့မျှ မနေ။ တုပ်တုပ်ပင်မလှုပ်။ အချိန်သည် မျှော်လင်းခြင်း ညနေခင်းလေးတွင် လက်တံတို လက်တံရှည်လေးများ အပေါ်တွင် လေးလံစွာရပ်နေသည်။

ညနေ လေးနာရီ လေးဆယ်ငါး။

လေးနာရီ ငါးဆယ်။

လေးနာရီ ငါးဆယ် ့ရှစ်….။

ပြီးတော့ ငါးနာရီ………။

ဖုန်းကလေးမမြည်ပါ…။

ငါးနာရီ ဆယ့်ငါးမိနစ်…..။နောက်တော့ ခြောက်နာရီ။ ခုနှစ်နာရီ………………..။

ကျွန်တော့် မျှော်လင့်ချက်ကလေး ကျရှုံးသွားခဲ့သည်ဆိုလျှင် ယနေ့သည် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ခညောင်းစွာရောက်ရှိလာသော နေ့တစ်နေ့ ဖြစ်ပါဦးတော့မည်လား…..။

ထိုစဉ်……။

ဖုန်းမြည်လာပါသည်………..။

 

သော်ဇင်(လွိုင်ကော်)

          Date-22th-March-2013

Time-10:39AM

         

         

6 comments

  • GaviaGirl

    March 22, 2013 at 2:06 pm

    ကိုယ်တိုင်တောင် အင်တာဗျူးအခန်းထဲရောက်သွားသလို ခံစားလိုက်ရတယ်… မေးခွန်းတွေကို လိုက်ဖြေကြည့်တယ်… မဖြေတတ်ဝူး.. 🙂 ဒီကွန်မန့်ကိုရေးနေချိန်မှာ ဂျူးရဲ့ ”သူမင်းကိုဘယ်တော့မှ” ကို သွားသတိရတယ်… 🙂

  • ကြည်ဆောင်း

    March 22, 2013 at 2:07 pm

    အင်တာဗျူးဖြေခဲ့တဲ့ဆီက ဖုန်းမြည်သံဖြစ်ပါစေဟယ်..
    အလုပ်ရချင်ရ မရချင်နေ အဖြေတစ်ခုခုတော့ သိချင်တာဘဲ

  • MaMa

    March 22, 2013 at 9:21 pm

    အင်တာဗျူးမေးဖို့အတွက် သေသေချာချာ မေးခွန်းတွေ စီစဉ်ထားတဲ့ပုံပဲ။
    ကိုယ်တိုင် အလုပ်လျှောက်မယ့် သူတွေအတွက်ရော
    ကိုယ်က အလုပ်ခေါ်မယ့်သူတွေအတွက်ပါ ဗဟုသုတရပါတယ်။
    ညနေ ၅နာရီလောက်မှာ အကြောင်းပြန်မယ်ပြောထားတော့…
    ည ရနာရီမှာ လာတဲ့ ဖုန်းက….
    စာရေးသူချန်ထားတဲ့ အကွက်ကို ကိုယ်လိုချင်သလို ဖြည့်တွေးရရင်ဖြင့်…
    ကျက်သရေ မင်္ဂလာအပေါင်းနှင့် ခညောင်းစွာရောက်ရှိလာသော နေ့တစ်နေ့ ဖြစ်ပါစေ…..။ :hee:

  • padonmar

    March 23, 2013 at 11:35 pm

    ၅နာရီ ဆက်မယ်ဆိုပြီး မလာဘူးဆိုတော့ မောသွားတာဘဲ။
    ရနာရီမှာလာတဲ့ ဖုန်းက သတင်းကောင်းဖြစ်ပါစေ။
    အမေးလေးတွေ ကောင်းသလို အဖြေလေးတွေလည်းကောင်းပါတယ်။
    ကျက်မှတ်ပြီးဖြေရတဲ့ အင်တာဗျူးမျိုးတော့ မဖြေချင် မမေးချင်ပါဘူး။
    သူမင်းကို ဘယ်တော့မှ ကို ကျမလည်း သတိရမိပါတယ်။

  • သူကလေး

    April 5, 2013 at 9:47 am

    ဖုန်းလေးမြည်လာတော့ကျက်သရေမင်္ဂလာအပေါင်းနဲ့ခညောင်းတဲ့နေ့လေးဆက်ဖြစ်သွားပြီပေါ့နော်
    ဗဟုသုတအများကြီးရပါတယ်
    အားပေးနေတယ်နော်

Leave a Reply