ရင်နွေနွမ်း (အဖျားကောက်ပိုဒ်စုံရတု)

koyinMarch 26, 20131min1706

ရင်နွေနွမ်း
(အဖျားကောက်ပိုဒ်စုံရတု)

ရင်နွေနွမ်း …
ဖွေတမ်းပိုဆွေး၊ဆိုတေးအော်ဟစ်၊
ဖော်လှစ်မောပြေ၊တောနွေပြင်းပူ၊
ဝင်းဖြူစိတ်ပန်း၊ ထိတ်နွမ်းရင်ဖို၊
မြင်လိုပန်းမွှေး၊ လွမ်းတွေးကြုံခက်၊
စုံဖက်ရည်စူး၊ သည်ရူးငေးမှိုင်၊
ဆွေးငိုင်လရက်၊ တလျှက်ပုန်းရှောင်၊
ဖုန်းမောင်ဖယ်ခွာ၊ တွယ်ရာပြေးထွက်၊
ထွေးဖက်ပိုဇော၊ ငိုမောပျက်သုဉ်း၊
ရှက်ပြုံးကွယ်ပျောက်၊ နွယ်ဖျောက်ပိတ်ပိတ်၊
ဆိတ်ဆိတ်ပျံ့ဟုန်၊ နံ့ထုံဝေသင်း၊
ငွေနှင်းဖြူဖွေး၊ ကြူမွှေးတမ်းတ၊
နွမ်းလျတုဖက်၊ နုရွက်သစ်ဖူး၊
ယစ်မူးလျှံဝေ၊ ကန်ရေတင့်ကြာ၊
ဆင့်မှာနွေသို့၊မြေမို့ဝါဆိုင်း၊
ပြာမှိုင်းမှုန်ရီ၊ တုန်ဟီညို့ခင်း၊­
ချို့ယွင်းဖန်သွေ၊ ကံစေမြင်မှန်း၊
ရင်နွမ်းနွေ…။

နွေနွမ်းရင် …
မှန်းမြင်စေကံ၊ သွေဖန်ယွင်းချို့၊
ခင်းညို့ဟီတုန်၊ရီမှုန်မှိုင်းပြာ၊
ဆိုင်းဝါမို့မြေ၊ သို့နွေမှာဆင့်၊­
ကြာတင့်ရေကန်၊ ဝေလျှံမူးယစ်၊
ဖူးသစ်ရွက်နု၊ ဖက်တုလျနွမ်း၊
တတမ်းမွှေးကြူ၊ ဖွေးဖြူနှင်းငွေ၊
သင်းဝေထုံနံ့၊ ဟုန်ပျံ့ဆိတ်ဆိတ်၊
ပိတ်ပိတ်ဖျောက်နွယ်၊ ပျောက်ကွယ်ပြုံးရှက်၊
သုဉ်းပျက်မောငို၊ ဇောပိုဖက်ထွေး၊
ထွက်ပြေးရာတွယ်၊ခွာဖယ်မောင်ဖုန်း၊
ရှောင်ပုန်းလျှက် တ၊ ရက်လငိုင်ဆွေး၊
မှိုင်ငေးရူးသည်၊စူးရည်ဖက်စုံ၊
ခက်ကြုံတွေးလွမ်း၊ မွေးပန်းလိုမြင်၊
ဖိုရင်နွမ်းထိတ်၊ ပန်းစိတ်ဖြူဝင်း၊
ပူပြင်းနွေတော၊ ပြေမောလှစ်ဖော်၊­
ဟစ်အော်တေးဆို၊ ဆွေးပိုတမ်းဖွေ၊
နွမ်းနွေရင်…။

နွမ်းနွေရင်…
မြင်မှန်းစေကံ၊ ဖန်သွေယွင်းချို့၊
ညို့ခင်းဟီတုန်၊မှုန်ရီမှိုင်းပြာ၊
ဝါဆိုင်းမို့မြေ၊ နွေသို့မှာဆင့်၊
တင့်ကြာရေကန်၊ လျှံဝေမူးယစ်၊
သစ်ဖူးရွက်နု၊ တုဖက်လျနွမ်း၊
တမ်းတမွှေးကြူ၊ ဖြူဖွေးနှင်းငွေ၊
ဝေသင်းထုံနံ့၊ ပျံ့ဟုန်ဆိတ်ဆိတ်၊
ပိတ်ပိတ်ဖျောက်နွယ်၊ ကွယ်ပျောက်ပြုံးရှက်၊
ပျက်သုဉ်းမောငို၊ ပိုဇောဖက်ထွေး၊
ပြေးထွက်ရာတွယ်၊ဖယ်ခွာမောင်ဖုန်း၊
ပုန်းရှောင်လျှက် တ၊ လရက်ငိုင်ဆွေး၊
ငေးမှိုင်ရူးသည်၊ရည်စူးဖက်စုံ၊
ကြုံခက်တွေးလွမ်း၊ ပန်းမွှေးလိုမြင်၊
ရင်ဖိုနွမ်းထိတ်၊ စိတ်ပန်းဖြူဝင်း၊
ပြင်းပူနွေတော၊ မောပြေလှစ်ဖော်၊
အော်ဟစ်တေးဆို၊ ပိုဆွေးတမ်းဖွေ၊­
နွေနွမ်းရင်…။

တောက ကိုရင်
(၀၉.၀၁.၂၀၁၂)

(ကိုဟယ်ရီ၏ မိုးကြယ်စင် အဖျားကောက်ပိုဒ်စုံရတုကို နည်းယူ၍ အတတ်နိုင်ဆုံးကြိုးစားရေးဖွဲ့ထားခြင်းဖြစ်ပါသည်။
အပြစ်တစ်စုံတရာ သင့်ခဲ့ပါက တောကကိုရင်၏ ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်း။
ဤကဲ့သို့သော ကဗျာမျိုးရေးဖြစ­်စေတဲ့ ကိုဟယ်ရီနှင့် မိုးကြယ်စင် ကိုအထူးကျေူးဇူးတင်ပါသည်။)

ကျနော် မြန်မာပြည် ခဏပြန်နေလို့ မရောက်ဖြစ်တာပါ …

ဦးနှောက်စားလို့ ဝ,သွားပြီဆိုတော့ ပြောပြပါတော့မယ်… 😀

ဘာတွေကများထူးခြားသလဲ ဆိုရင် … အဓိက ကတော့ သုံးပိုဒ်လုံးမှာ စကားလုံးတွေအတူတူ ရှေ့နောက်ပြောင်း (ပတ်လည်ရိုက်) ထားတာပါ။ (အဖျားကောက်ရတုတ­ိုင်းကတော့ ဒီလိုရေးစရာမလိုပါဘူး။)

ပထမအပိုဒ်ကတော့ ထိပ်ချင်းချွတ် (၄-၂)ကာရန်နဲ့ ရေးလိုက်ပါတယ်။ ပါဒတခုရဲ့အဆုံး(၂)လုံးနဲ့ နောက်ကပ်လျက်ပါဒရဲ့ အစ (၂)လုံး ကို နဘေထပ်ယူလိုက်ပါတယ်။ ကြယ်စင်-သွယ်လွင် မြမွှေး-လှသွေး ကြွယ်ညီ-ရွယ်သီ … အစရှိသဖြင့် ယူလိုက်တာပါ …

ပြီးတော့ ဒုတိယအပိုဒ်ကိုေ­သချာဖတ်ကြည့်လိုက်ပါ။ ပထမ အပိုဒ်ကို အဆုံးကနေ တလုံးချင်း ပြောင်းပြန် ပြန်ရေးလိုက်တာပါပဲ။ ကာရန်ရော၊ နဘေရော မပြောင်းပါဘူး။ ၄-၂ ကာရန်ပါပဲ …. နဘေလည်း ဒီလိုပါပဲ … ကြယ်စင်မိုး – သွင်ဖြိုး မောတင့် = မျောလွင့် ပြောင်းနွမ်း = ဆောင်းချမ်း … အစရှိသဖြင့် ဖြစ်သွားပါတယ် …

တတိယအပိုဒ်က ဒုတိယအပိုဒ်မှာရ­ှိတဲ့ ပါဒတခုချင်းရဲ့ ရှေ့ဆုံးစာလုံး၂-လုံးကို ပြောင်းပြန်ပြန်­ရေးလိုက်တာပါပဲ။အဲဒီတော့ တပိုဒ်လုံးက ပါဒအားလုံးဟာ ဦးတိုက် (၄-၁) ကာရန်တွေချည်းပဲ­ဖြစ်သွားပါတယ်။ နဘေ မပါတော့ပါဘူး။

အဓိက စဉ်းစားရတာက ကာရန်အပြင် ရှေ့နောက် ပြောင်းပြန်ရေးလိုက်ပေမဲ့ အဓိပ္ပာယ်ရှိနေတဲ့ စကားလုံးမျိုးကို စဉ်းစားရတာပါ … ဥပမာ ဆောင်းချမ်း = ချမ်းဆောင်း၊ မျောလွင့် = လွင့်မျော … အစရှိသဖြင့်ပေါ့နော် …
(ကောင်းတာတခုက တပိုဒ်ပဲရေးပြီး­နောက်နှစ်ပိုဒ်အတွက် စကားလုံးတွေ စဉ်းစားစရာမလိုတော့ဘူးပေါ့နော် … ရှေ့နောက် ပတ်လည်ရိုက်လိုက်ရုံပါပဲ … ဟဲဟဲ)

အခုဆိုရင်တော့ မြင်သာပြီ ထင်ပါရဲ့ … 😀

အရမ်းကောင်းပါတယ် … ဘာမှ မမှားပါဘူး … ဒီလိုရေးရတာ တကယ့်ကို မလွယ်ပါဘူး … ဒါကိုရအောင် ကြိုးစားပြီး ရေးနိုင်တာ ချီးကျူးပါတယ် ကိုရင် …

ဒါမျိုးကို သုံးလွန်းတင် လို့လည်း ခေါ်ပါတယ် … တပိုဒ်ပဲရေးပြီးသုံးပိုဒ် ရလို့ပါ … အဲဒါကို ပတ်လည်ထပ်ရိုက်နိုင်ရင် ရိုက်နိုင်သလို အများဆုံး ၁၈-လွန်းတင်အထိ ရနိုင်တယ်လို့ ဆိုပါတယ် …

အဲဒါမျိုးဆိုရင်တော့ မန်လည်ဆရာတော်ကြီး ရေးခဲ့တဲ့ မင်္ဂလာရတုတွေလို သဘောမျိုး ဖြစ်သွားပါလိမ့်မယ် … ဘာလို့လဲဆိုတော့ပုံမှန်အားဖြင့်­ရတုက သုံးပိုဒ်ထက်ပိုရေးလေ့ မရှိလို့ပါ …(မင်္ဂလာရတု တွေကတော့ ဒီနည်းနဲ့ရေးထား­တာတော့ မဟုတ်ပါဘူး … ဒါပေမဲ့ အပိုဒ်အများကြီးရေးထားတာမို့ပါ … ပျို့လို့ ပိုပြီးခေါ်သင့်ပေမဲ့ ဆရာတော်ကြီးက မင်္ဂလာရတု လို့ပဲ အမည်တပ်ခဲ့ပါတယ်၊ သျှိုးလိုက်ရတု လို့လည်း ခေါ်ပါတယ်)

ဟယ်ရီ

6 comments

  • မောင် ပေ

    March 26, 2013 at 7:07 pm

    ရင်နွေနွမ်း
    ဆင်မြွေဖမ်း
    ကြင်မေသမ်း
    တင်ဖေငမ်း
    ဖင်ရွေ ့စမ်း

    • koyin

      March 29, 2013 at 10:27 pm

      ဗုဒ္ဓေါ
      ဖင်တော့မရွေ့ပါရစေနဲ့
      ဟီးးးး
      သေချာမနည်းဖြစ်ညှစ်ပြီးတော့ ထုတ်ထားရတာဗျို့
      တော်တော်ကြီးကိုမှ တော်တော်တော်တော် ခက်ပါတယ်

  • kai

    March 30, 2013 at 4:32 am

    အိမ်သာထဲ.. မဃဒေဝကြီးထားပြီး… ဖတ်ဖတ်နေတော့.. စာလုံးလှတွေ..သိပ်မဆန်းမိဘူး..
    ဒါပေမယ့်..
    စာလုံးလှတွေ.. စည်းကမ်းအတိုင်းရေးတဲ့.. တောသားကိုရင့်ကို ချီးကျူးပါကြောင်း.. :harr:

  • MaMa

    March 30, 2013 at 6:13 am

    တန်ဖိုးရှိပေမယ့် တန်ဖိုးသိသူအတွက်သာ တန်ဖိုးရှိတယ်ဆိုသလိုပါပဲ…..
    စာရေးသူပြောမှပဲ ထူးခြားခက်ခဲမှန်းသိတော့တယ်။

    ပြာမှိုင်းမှုန်ရီ၊
    ရီမှိုင်းမှုန်ပြာ၊
    မှုန်ရီမှိုင်းပြာ၊
    စာလုံးလေးတွေ သဘောကျသွားတယ်။။။။။
    မှိုင်းမှုန်ပြာရီ လို့ ရသေးတယ်နော်။ :hee:

    • koyin

      March 31, 2013 at 8:13 am

      ကြိုက်သလိုလှည့်ပတ်ယူလို့ရသေးတယ်
      ုပြာမှုန်
      ပြာရီ
      ပြာမှိုင်း
      လေးလုံးစလုံး လှည့်ယူလို့ရတယ်လေ
      အတွဲတိုင်းတော့ဟုတ်ဘူးပေါ့

  • KZ

    March 31, 2013 at 8:55 am

    ကျနော် ၁ဝ တန်းတုန်းက မြန်မာစာ ဆရာမ က ကဗျာ ဆရာမဗျ။
    သူ ဆို ဘယ်စာလုံးက နောက်တစ်ပုဒ်က ဘယ်စာလုံးလေးနဲ့ ချိတ်သွားတာ။
    ဘယ်ဟာနဲ့ ဘာက ကာရန်ချိတ်တယ် ဆိုတာ အသေးစိတ်သင်တာ။

    ပါရမီ မပါ/ ဉာဏ်မမှီချက်ကတော့ ကျနော် ငိုက်နေခဲ့တာ။ 🙁

    ခု ပြန်တွေးကြည့်မှ နှမြောစရာ။ နည်းနည်းလေးမှမရလိုက်တဲ့ တန်ဖိုးရှိ အရာလေး ပါဗျာ။

    ဘာပဲပြောပြော လေးစားပါတယ် ကိုရင်။ စကားလုံးလေးတွေ သိပ်လှတယ်။
    :hee:

Leave a Reply