ဖေဖေ့ သို့…….။

ဇီဇီMarch 26, 20131min43421

ဒီ နေ့ တပေါင်းလပြည့်နေ့။

အဖေနေ့ဆိုပဲ။

အဖေကချစ်သော၊ အဖေ့ကိုချစ်သော သမီးတစ်ယောက်အနေနဲ့ သူ့ ကို သတိရရင်း သူ့ အမှတ်တရလေးတွေ ရေးချင်စိတ်ပေါက်လာပါတယ်။

အရင်ကကိုယ့်သဘောကိုဆောင်ခဲ့တဲ့ ကိုယ့်အတွက် ကံကြမ္မာက ခြင်္သေကျွန်းကို ပို့ပြီးဒါဏ်ခတ်ထားတယ်လေ ။ ကိုယ့်ကိုယ်ကို မပိုင်တဲ့ဘဝမို့ ကိုယ့်ကို လိုအပ်တဲ့ လူတွေနားမှာ မနေနိုင်ပြန်ဘူး။ 

သမီးကို သူ့ အနားမှာပဲ ထားချင်တဲ့ ဒီ အဖေနားမှာ မနေနိုင်ခဲ့တာ ဘယ်နှစ်နှစ်ရှိပြီတုန်းမသိ။  🙁

ကိုးတန်းကတည်းက ခွဲခဲ့ရတာ။ သူတာဝန်ကျတဲ့ နယ်တိုင်းကို သွားလိုက်ပြန်လိုက်နဲ့။ ပြန်တိုင်း တစ်လမပြည့်အောင်နေခဲ့ရတာ။

သူ့ ရဲ့ နည်းပါးလှတဲ့ စကားထဲက သူ့အတွင်းစိတ်ကို မြင်နိုင်တာလည်း ကိုယ်ပဲရှိတယ်။

ဒါပေမဲ့ ငိုတတ်တဲ့ ကလေးမှ မုန့်ပိုရတယ်ဆိုသလို အဖေကို ဘယ်လောက် ပိုချစ်ချစ် တစ်ခုခုဆို အမေ့ကိုပဲ ဦးစားပေး စဉ်းစားတတ်ကြတာ ကိုယ့်တို့ မောင်နှမ အကျင့်။

အမှန်အတိုင်းပြောရရင် ကိုယ်က အဖေချစ်သမား။ အဖေကလည်း ကိုယ့်ကို ဘာချစ်သလည်းမမေးနဲ့။ ဘာမှကို အပြစ်မမြင်တာ။ အမေက သူကိုယ်တိုင်သာ မောင်လေးကို ပိုချစ်တာ……….၊ ကိုယ်တွေအဲလိုပြောရင် မကြိုက်တတ်လွန်းလို့သာ သားအဖ နှစ်ယောက် စည်းဝါးရိုက်ပြီးဘယ်တော့မှ အမှန်မပြောတော့ဘူး။

ကိုယ့်မေမေက နည်းနည်းကလေးဆန်တယ်ရယ်။ သူတို့ချင်းက ၈နှစ်ကွာတာကိုး။ ကိုယ်တို့ ၃ယောက်ရှိတဲ့ အချိန်တိုင်း မေးလေ့ရှိတဲ့ စကားက “အစ်ကို၊ နီနဲ့ သမီး ဘယ်သူပိုချစ်တုန်း” တဲ့ဗျာ။ မေးစရာလား။ မတူတာကို။ ကိုယ့် ဖေဖေကလည်း ပြန်ဖြေပါတယ် “ဪ နီရယ်၊ မ ကိုခင်လို့ ဥ ကို ခင်တယ်” ဆိုလားဗျာ၊ ဖြေတာက။

နီးရင်တော့ ကိုယ့်ကို လက်လှမ်းတို့တယ်။ ဝေးရင်လည်း မျက်ရိပ်ပြတယ်။

သဘောပေါက်ပေါ့လေ။  :mrgreen:

အမေက မေးလည်း မေးစရာပဲ။ သာမန်အားဖြင့် စကား အတော်နည်းတဲ့ အဖေက ကိုယ်လာရင် စကားအတော်ပြောဖြစ်တယ်။ ဒါမှမဟုတ်လည်း သူ့နားခေါ်ပြီး ကျောင်းက၊ အလုပ်က အတွေ့အကြုံတွေ ပြောခိုင်းတယ်။ လိုလိုလားလားစကားပြောတယ်လေ။

ကိုယ့်ဖေဖေတို့များ မပြောဘူး၊ မပြောဘူးနဲ့ သူတစ်ခါပြောလိုက်ရင် ကိုယ့်ဘဝ တစ်ဆစ်ချိုးဖို့ဖြစ်ဖြစ်သွားတယ်။

၁၉၉၈ ဆယ်တန်းအောင်တော့ ကိုယ့်အမှတ်ပေါင်းက အရင်နှစ်က အတိုင်းဆို ဆေးကျောင်းအမှတ်မှီတယ်။ ဆရာဝန်လည်း ဖြစ်ချင်လွန်းလို့ဟုတ်ပေါင်။ ဘေးကလူတွေက ပိုဖြစ်ချင်နေကြတာ။ အဲ့တုန်းကများ ကိုယ့်ဘဝကြီး ဆွေမျိုးအစုံရဲ့ ဆန္ဒတောထဲ ပစ်ထည့်ထားတာ။

ကိုယ်တိုင်က အေးအေးပဲ။ ဘဝအတွက် ဘာမှ မပူတာ။ တီချယ်နု သင်တန်းတွေ ကို စိတ်ပါလက်ပါ တက်နေတုန်းပဲ။ ဒီလိုပဲ ဟိုမေးဒီမေးလာမေးကြတာပေါ့။ သမီးလေးကို ဘာဖြစ်စေချင်တုန်း ဘာတုန်းပေါ့လေ။ ကိုယ့်ဖေဖေက ဖြေပါတယ်။

သူနဲ့တူတဲ့ သမီးမို့ ဆရာဝန်လည်းဖြစ်စေချင်တယ် တဲ့။ ဒါပေမဲ့ မဖြစ်လည်း ကိစ္စရှိဘူး တဲ့။ သူ့သမီးတော်မှန်းသူသိတယ် တဲ့။

ကဲ…. ဘယ်လောက်ချစ်ဖို့ကောင်းတုန်း။ ကိုယ့်မှာ ဆရာဝန်မကြီးကို ကောက်ခါငင်ကာ ဖြစ်သွားချင်မိတာ။   😀

ဒါနဲ့ ကိုယ့်ဖေဖေ ဆေးခန်းမှာ လိုက်ထိုင်ပါတယ်။

ကူတာပေါ့လေ။

ဆရာဝန်ဖြစ်မဲ့သူကြီးပေါ့။    :mrgreen:

ကံဆိုးချက်ကဗျာ။ အဲဒီ နှစ်က အမှတ်ပေါင်းမြင့်သွားချက်ကတော့ ဆေးကျောင်းမမှီဘူးရယ်။ ဆရာဝန်မပြောနဲ့ ဆရာဝန်ကတော်ကို မဖြစ်လိုက်နိုင်တာကြည့်။   

ကံကောင်းတာလေးကတော့ သူ့ဆေးခန်းလေးလိုက်ကူမှပဲ သူ ဆေးရုံတစ်ဘက်၊ ဆေးခန်းတစ်ဘက် ဘယ်လောက်ပင်ပန်းလည်း ကိုယ်သိသွားတယ်။ လူနာတွေနဲ့ ပတ်သက်ပြီးရှာရတဲ့ ပိုက်ဆံဟာ တကယ်ခက်ခဲပါတယ်။

သူ  မညည်းတော့ ကိုယ်တွေမသိခဲ့၊ သတိမထားမိခဲ့ဘူး။ သိတော့မှ ကိုယ့်ဖေဖေကိုသနားလိုက်တာလေ။ အဲဒီနောက်ပိုင်း ကိုယ်တို့သားအမိတွေ ပိုက်ဆံသုံးတာ အတော်ဆင်ခြင်လာခဲ့တယ်။

၂၀၀ရ လောက်က ကိုယ် စင်ကာပူလာဖို့ ကိစ္စမှာ မေမေက လွှတ်ချင်တဲ့တစ်ဘက်၊ ကျန်တဲ့ အဒေါ်တွေ၊ အဖိုးတွေ မလွှတ်ချင်တာတစ်ဘက်ဖြစ်တော့ ကိုယ့်မေမေက သူ့ချစ်ချစ်ကြီးကို အကူအညီတောင်းပါတယ်။

သူပြောတာ “အင်း” လိုက်သူကြီးကိုးဗျ။

“အစ်ကို၊ သမီးကိစ္စ ဘယ်လိုလုပ်မှာလဲ။ ဒီမှာ ဆက်နေရင် ဒီအတိုင်း အလုပ်လက်မဲ့ထားမှာလား။”

လွှတ်လိုက်လို့ ဖြေစေချင်တဲ့စိတ်နဲ့ မေးတာပါ။

မေမေက ကိုယ့်ကို သူ့လို အိမ်ရှင်မ မဖြစ်စေချင်ပါဘူး။

အဲဒါကို ကိုယ့်ဖေဖေတို့များ ဘာဖြေတယ်မှတ်တုန်း။

“မိန်းကလေးကို နိုင်ငံခြားမလွှတ်ချင်တာ အမှန်ပဲ။ အလုပ်မရှိလည်း အစ်ကို ရှာကျွေးနိုင်တဲ့ အထိ၊ သမီး အိမ်ထောင်ကျ တဲ့ အချိန်ထိ ကျွေးထားနိုင်ပါတယ်” တဲ့။

မေမေကတော့ ဒေါသဖြစ်သွားမယ်ထင်ပါတယ်။ ကိုယ်ကတော့ စိတ်ထိခိုက်သွားတယ်။

သူမသွားချင်မှန်း သေချာသိသွားပေမဲ့လည်း ကိုယ်က သွားမယ် ဆိုတဲ့ ဆုံးဖြတ်ချက်လည်း ကျသွားတယ်။ အဲဒီ အချိန်က ကိုယ့်ဖေဖေ ပင်စင်ယူဖို့ ၃ နှစ် အလိုပါ။ 

မောင်လေးကလည်း ဆေးကျောင်းပြီးလုပြီးခင် ခါးမပြတ်ခင် ကိုယ်က အကြီးဆိုတော့ သွားဖို့လမ်းကိုပဲ ရွေးပါတယ်။

ခုထိလည်း ပြန်လာရင် ကိုယ့် အတွေ့အကြုံတွေ စိတ်ပါလက်ပါ နားထောင်တုန်းပဲ။ ပြုံးပြုံး၊ ပြုံးပြုံး နဲ့။

သူ့ အကြောင်းသိ လူနာတွေဆို သူ့မျက်နှာ ကြည်နေမှန်းသိရင် ကိုယ်ပြန်လာသလား မှန်းနိုင်ကြတဲ့ အထိပါ။

ပြောရင်းနဲ့ လွမ်းလာလို့ ဒီနားမှာပဲ ရပ်ပါရစေ။

ခု တစ်လော စိတ်ရော၊ အသည်းနှလုံးရော ဝမ်းနည်းမှုကို ခံနိုင်ရည်နည်းပါးနေလို့ပါ။     🙁

 

21 comments

  • kai

    March 26, 2013 at 4:06 pm

    အင်းပေါ့လေ..
    ယူအက်စ်မှာကလေးမွေးထားသူတွေများ..
    သားသမီးအရွယ်ရောက်ရင်.. အိမ်ပြန်ကပ်ပါ့မလား.. သိပ်တောင်အပင်ပန်းခံတွေးဖို့မလို..
    ရှိကိုမရှိမှာ.. သေချာ.. :buu:

    • KZ

      March 26, 2013 at 4:11 pm

      ကျနော့မောင်လေးက မိဘနားမှာ စိတ်အေးရပါသေးတယ်လို့ ဖြေနိုင်တယ်။

      ကျနော် ကိုယ်တိုင်လည်း ကိုယ့် နောက် ဂျင်နရေးရှင်းအတွက်မတွေးရဲဘူး။
      :eee:
      ကိုယ်ကမှ စိတ်ရောက်နိုင်သေး၊ အနားနေချင်စိတ်ရှိသေး။။
      သူတို့ အချိန်/ခေတ်/စိတ်/နေရာ အနေအထားအရဆိုရင်တော့ ကိုယ်တစ်ယောက်တည်း (သို့) နှစ်ယောက်တည်း နေခဲ့ဖို့သာပြင်ရတော့မယ်။
      :byae:

  • မောင် ပေ

    March 26, 2013 at 7:02 pm

    မဇာရေ
    မောင်လေးပေ လဲ
    လွမ်းစွတ်စွာနဲ ့ဖတ်သွားပါတယ်ခင်ဗျ

    • KZ

      March 26, 2013 at 7:06 pm

      ကျေးဇူးတင်ပါတယ် မောင်လေး ပေ။

  • အရီးခင်လတ်

    March 26, 2013 at 8:15 pm

    အရီးလဲ အဖေ့ သမီး မို့ ခံစားချက်ချင်း ထပ်ပြီး ဖတ်သွားပါတယ်။
    အရီး အဖေ ကတော့ အရီး ကို မိန်းကလေးနွဲ့နွဲ့ လေး ဖြစ်နေတာထက် ကျားကျားယားယား ဖြစ်ဖို့ ထရိန်း လုပ်ပေးခဲ့သလားဘဲ။
    ဒီတော့ ငယ်တုန်းက အပျိုကြီးလုပ်ပြီး မိဘ ကို လုပ်ကျွေးမှာလို့ အပြောကြီးခဲ့တဲ့ သမီး က သူ့ အနားမှာ မရှိတော့တာကို ဗွေမယူပါဘူး။
    ကိုယ့်မှာသာ ကိုယ့်စကားနဲ့ ကို ပြန်ရှက် နေရတာ။
    ရီတော့ရီရသား။
    အိမ်ထောင်ကျတော့ တဖက် ယောက္ခမတွေက အလုပ်မလုပ်ဘဲ အိမ်ရှင်မ ပီပီသသ နေဖို့ မသိမသာ စကားခေါ်နေသလို အရီး အဖေကလဲ သူ့သမီးကို ယောကျာင်္းကို မှီခို ပြီး နေရတဲ့ မိန်းမ ဖြစ်သွားမှာ စိုးခဲ့တာ။
    😆

    • KZ

      March 26, 2013 at 8:29 pm

      ခံစားချက်ခြင်းထပ်ပြီး ဖတ်သွားလို့ ကျေးဇူးတင်ပါတယ် အရီးရေ။
      ကျနော့ အဖေကတော့ ကျနော့တို့ကို ဘာဖြစ်စေချင်တယ်လို့ ထရိန်းခဲ့တာမရှိပါဘူး။
      ကျနော့ကိုတော့ ယောင်္ကျားလေး တစ်ယောက်မွေးထားသလိုလည်း အားကိုးတဲ့စိတ်နဲ့ သမီးလေးမို့မစွန့်စားစေချင်တဲ့ စိတ် သူ့မှာ စိတ်၂ ခုရှိမှန်း ကျနော်သိခဲ့ရလို့ပါ။
      အမြဲပြောနေကြ စကားရှိတယ်။
      “တလောကလုံးနဲ့ အဆင်မပြေခဲ့ရင်တောင် သမီးဘက်က တစ်ယောက်တည်းရှိမယ်ဆို အဲဒါ အဖေပါ” တဲ့။
      အဲဒီစကားနဲ့ပဲ ကျနော်မှန်တယ်ထင်တာတွေလုပ်ခဲ့တာပါ၊။
      ကျနော်မှားလို့လည်း အပြစ်မတင်ခဲ့ပါဘူး။
      ကိုယ့်ကို မျက်စိမှိတ်ယုံတဲ့ အဖေပါ အရီးရယ်။

      • အရီးခင်လတ်

        March 26, 2013 at 8:35 pm

        {{ ကျနော်မှားလို့လည်း အပြစ်မတင်ခဲ့ပါဘူး။ }}
        အဲဒါ ကလေးကို အကောင်းဆုံးပျိုးထောင်နည်းတစ်ခုပါဘဲ။
        အပြစ်ပြောတာထက် အမှားကို နောက်မဖြစ်ဖို့ နည်းလမ်းပေးဖို့ လိုရင်းဘဲ။
        ခိုင်ဇာ့ အဖေက တကဲ့ဖခင်ကောင်း လို့ ဆိုရမှာပါ။

  • ရာမည

    March 26, 2013 at 10:07 pm

    အဖေဖြစ်နေပြီဖြစ်လို ့ ဖခင်နေရာကခံစားသွားပါတယ်။
    ကျွန်တော်ကသာ ခရီးတွေထွက်ပြီးခွဲခဲ ့ရပေမဲ ့
    တနေ ့သူတို ့ခွဲသွားမှာ မတွေးချင်ဘူးဗျာ ။

    • KZ

      March 26, 2013 at 10:58 pm

      ဟုတ်တယ်။
      စဉ်းစားမိတာ ရှိတဲ့ မိသားစုလေး ၄ ယောက်က အတူပြန်နေရဖို့မလွယ်ဘူးလို့။
      တွေးလိုက်တိုင်း ရင်နာရလို့ ဆက်မတွေးတော့ဘူး။
      :byae:

  • ဗုံဗုံ

    March 27, 2013 at 10:59 am

    မိဗုံလည်း အဖေကိုချစ်တဲ့ သမီးမို့ အတူတူခံစားရပါတယ် မမခိုင်ဇာရယ် :byae:

    • KZ

      March 27, 2013 at 11:08 am

      ငိုပါနဲ့ ဗုံကလေးရယ် :byae:

  • GaviaGirl

    March 27, 2013 at 2:11 pm

    အဟင့်.
    အနော်လည်း ဒီရက်ပိုင်းတွေ ခံစားချက်တွေ ပြင်းထန်ပါတယ်ဆို.. မျက်ရည်ကျအောင်လုပ်တယ်… လူဇိုး…
    အစ်မရယ်..အစ်မကမှ အဖေနဲ့ ခွဲနေရပေမယ့် လောကကြီးရဲ့ တစ်နေရာမှာ အဖေလို့ ခေါ်ရမယ့် အဖေ ရှိနေပါသေးတယ်… သမီးကတော့ မခေါ်ခဲ့ရတာ 4 နှစ်ပြည့်တော့မယ်….

    ဟင့်..
    အနော်ငိုရင်ချော့ရမှာနော်.. ဒါဗျဲ…. :byae:

    • KZ

      March 27, 2013 at 2:16 pm

      လူဇိုးချင်း တူတူပဲကို။
      နာ့ ကို စိတ်မကောင်းဖြစ်အောင် ဘယ်သူတွေ အရင် လာလာ ပြောတာတုန်း။ 🙁
      ဟွန့်။
      ခုတလော ခံစားချက်သံစဉ်တွေသိပ်မမှန်ကန်ဘူးကွယ်။

      :byae:

  • Mr. MarGa

    March 27, 2013 at 8:06 pm

    ဖခင်မေတ္တာ ဘာမှန်းမသိ
    ဆယ်စုနှစ်တောင် ကျော်ခဲ့မိ
    အဖမဲ့သား ရေနည်းငါး ဆိုရိုး မရှိပေမင့်
    မိမိအတွက် သီးသန့်တောင် တီထွင်မိ
    သားတွေက အမေပိုချစ်
    သမီးတွေက အဖေ ပိုချစ်ကြတော့
    အမေကိုပဲ ပို ချစ်နေ သလိုလို
    တကယ်လဲ နေခဲ့ရတာက အမေနဲ့သာကိုး………….
    ဘယ်လိုတွေ ရှိခဲ့ရှိခဲ့
    အမိအဖ ထိုနှစ်ဝကို
    ညီတူညီမျှ ချစ်နေဆဲ ချစ်နေမြဲ
    အထင်……………………………………………

    • KZ

      March 27, 2013 at 8:16 pm

      တူတူညီညီပဲချစ်ကြရတာပါပဲ သကြားရယ်။
      ယေဘူယျ သမီးက အဖေချစ်၊ သားက အမေချစ် စသည်ဖြင့်ပြောနေကြလည်း…..
      မိဘဆိုတာလည်း သားသမီးကို တူတူချစ်ရိုးပါပဲ။
      သားသမီးကလည်း အဖေမှ အမေမှ ချစ်မယ်လို့ မရွေးချယ်ကြရင် အကောင်းဆုံးပေါ့ကွယ်။

  • Ma Ei

    March 28, 2013 at 11:53 am

    အဖေ့ကိုတိုင်တည်လို့စာတွေရေးချင်၊ပြောပြချင်ခဲ့ပေမယ့်…
    သမီးအစွမ်းနဲ့သာ နေပေတော့ဆိုပြီးထားခဲ့တာ ၂ရ နှစ်ရှိခဲ့ပေမယ့်…
    တစ်ခါတစ်ခါ တ လို့ ပြောချင်တာတွေ ငိုပြောမိတုန်းပါဘဲ…

    • KZ

      March 28, 2013 at 11:59 am

      စိတ်မကောင်းပါဘူး မွအိရယ်။
      🙁 🙁 🙁
      ဒါကြောင့် ကျနောလဲ မိသားစုနဲ့ …
      ဒီလောက်လေးပဲ ခွဲခွါနေရတာလေးကို ဖြေနိုင်အောင် ဖြေပါတယ်လေ။
      🙁 🙁

  • ကိုရင်စည်သူ

    March 28, 2013 at 2:29 pm

    ဒေါ်ဆွိစ်ရေ.. အဖေကို ပိုချစ်တဲ့ သမီးတွေဟာ.. မိခင်စိတ်ပိုများတတ်လို့..
    ယောက်ျားရရင်လည်း မိမိလင်အပေါ်ကို ပိုပြီးကြင်နာ
    မျက်စိဒေါက်ထောက် ကြည့်တတ်ပါတယ်..။ :mrgreen:
    လောကမှာ ဖြစ်ပျက်နေတာ သေချာ တွေးလေ ယင်ယန်သဘောတရားတွေချည်းပဲ..
    အမေက သားကိုချစ်၊ အဖေက သမီးကိုချစ်… ၅၂၈..
    ကောင်းပေစွ.. ၅၂၈ မှာလည်း ကိလေသာအစွဲပါနေသေးလို့..
    ဖြူစင်တယ်လို့တော့ မဆိုနိုင်သေးပါဘူး.. 😳

    • KZ

      March 28, 2013 at 2:34 pm

      ပဂိုးဒါး။
      ကရင်စည်။
      ကျုပ် ကိုရင်နဲ့တောင် စကားမပြောရဲသလိုပါပဲလား။ :mrgreen:

      ဟုတ်ပါ့။ ကျုပ် အမေပြောဖူးတယ်။
      ကျုပ်က ချစ်မဲ့ လူကို သနားသတဲ့။ကျုပ်က မျက်စိဒေါက်ထောက်၊ မျက်ခြေပြတ်မခံ ကြည့်တတ်လို့တဲ့။ :mrgreen:

      ဒီတိုင်းဆို နဲနဲတော့ ဆင်ခြင်ဦးမှ။ 🙄

      :harr: :harr: :harr:

  • ဦးကြောင်ကြီး

    March 29, 2013 at 9:53 am

    အဲလိုဆိုဒေါ့ နင့်မွေးစားဖေဖေ ကြောင်ကြီးက လူမဟုတ်လို့လားကွ…ဟေ..။ ငါ့မှာတော့ သူမသိအောင် စောင်မကြည့်ရှုလိုက်ရတာ… မျက်လုံးကိုညောင်းရော…. :byae:

    • KZ

      March 29, 2013 at 10:20 am

      အဲလို စောင်မ ကြည့်ရှုတတ်တဲ့ မွေးစားဖေဖေ ကြောင် ကိုတော့ အမွေဖြတ် စွန့်လွှတ်ထားတယ်လေ။
      :byae:

Leave a Reply